အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
Chapter 637 ခေါင်းပြောင် ငှက်နတ်ဘုရား
*ချီးတဲ့မှပဲ*
အဖြူနှင့်အမည်းရောင် ရှိသည့် ငှက်ချီးတုံးများက ခေါင်းပြောင်ငှက်၏ ဖင်ဝမှ ထွက်ကျလာပြီး ယဲ့ဖန်၏ ခေါင်းတည့်တည့်ပေါ်သို့ ကျလာလေသည်။ ငှက်ချေးသည် အလွန် အချိန်ကိုက် တိကျလှပြီး အထူးဆန်းဆုံးမှာ ချိန်ဆမှုက အလွန် တိကျနေခြင်းပင်။
မိမိက ရှောင်တိမ်းချင်လျင်တောင်မှ ၎င်းက ရှောင်မည့် လမ်းကြောင်းကို ပိတ်ဆို့နိုင်ပုံရသည်။ ဤအဖြစ်ကြောင့် ယဲ့ဖန် မျက်နှာ မည်းမှောင်သွားသည်။ မဟူရာ တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် ငှက်ချေး ပါချခံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိချေ။
လက်ရှိအချိန်တွင် ယဲ့ဖန်သည် လှစ်ခနဲ လှုပ်ရှား၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်နေသည်။ ထိုအခါ ငှက်ချေး သည် လေထဲ၌ ဝဲပျံ၍ သက်ရှိအရာကဲ့သို့ ယဲ့ဖန် ရှောင်မည့် နေရာတည့်တည့်သို့ ကျလာ၏။
*ီးပဲ*
ယဲ့ဖန် နှာခေါင်းရှုံ့မိလုနီးပါး ဖြစ်သွားရသည်။ မြင့်မြတ်သော နတ်ဆိုးဧကရာဇ်တစ်ပါးအနေဖြင့် သူသည် စိတ်ဝိညာဉ် ရှိပုံရသည့် ငှက်ချေးကဲ့သို့သော ထူးဆန်းသည့်အရာအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထို့နောက် အတွေးတစ်ခု ဝင်ရောက်လာပြီး ယဲ့ဖန်သည် နှုတ်ခမ်း တွန့်ရုံပြုံးကာ အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။
“နတ်ဆိုးနဂါး”
ထိုအသံအဆုံး၌ ယဲ့ဖန်၏ အင်္ကျီလက်မှနေ၍ ငါးရှဉ့် တစ်ကောင် အရွယ်အစားရှိသည့် အနက်ရောင် နဂါး တစ်ကောင် ထွက်လာသည်။ ထိုနတ်ဆိုးနဂါးသည် ထွက်ပေါ် လာသည်နှင့် တစ်ကိုယ်လုံး ရုတ်တရက် ကြီးထွားလာ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မီတာများစွာခန့် ရှည်လျား လာသည်။ ၎င်း၏ သွေးစွန်းသော ပါးစပ်အား ဟ၍ နဂါးဟိန်းသံဖြင့် ကြွေးကြော်လာသည်။
ဂါး!
လက်ရှိအချိန်၌ နတ်ဆိုးနဂါးသည် အလွန် မြင့်မြတ် ထည်ဝါနေပြီး သူ၏ဟိန်းသံက မိုးကောင်းကင်အား တုန်လှုပ် သွားစေသည်။
အု!
ထိုစဉ် ငှက်ချေးက သူ့ပါးစပ်ထဲသို့ တိကျစွာ ဆိုက်ဆိုက် မြိုက်မြိုက် ဝင်သွားလေသည်။
“အ …”
နဂါးဟိန်းသံ ပျောက်ကွယ်သွားပြီး နတ်ဆိုးနဂါး ချက်ချင်း တောင့်တင်းသလို ဖြစ်သွားသည်။ ထို့နောက် ပါးစပ် အဟောင်းသားနှင့် ယဲ့ဖန်အား ဇဝေဇဝါဟန်ဖြင့် လှမ်းကြည့် လာသည်။
“ငယဲ့ကြီး၊ ငါ့ပါးစပ်ထဲ တစ်ခုခု ဝင်သွားသလိုပဲ”
“ကျစ် … ကျစ်၊ အနံ့လေးက သင်းသလိုပဲ၊ သင်းပျံတဲ့ မြက်ပင်နံ့လိုလို၊ နတ်ဆေးပင်လိုလို အနံ့မျိုး ရနေတယ်”
“ကောင်းကင်က နှင်းစက်လိုမျိုး ကြည်လင်ပြီး မြေကမ္ဘာ စွမ်းအင်တွေ ပါနေသလိုပဲ”
ယဲ့ဖန် : “…”
ယဲ့ဖန်သည် မဲ့ရွဲ့ကာ နတ်ဆိုးနဂါးအား အထူးတဆန်း ကြည့်နေသည်။
“အခု မင်း ဘာကို စားလိုက်မိတာလဲ မင်း သိလား”
ယဲ့ဖန် ရယ်မိလုနီးပါး ဖြစ်နေသည်။ သူ့အပြုံးက ထူးဆန်းလွန်းနေ၏။
“ဘာကြီးလဲ”
နတ်ဆိုးနဂါးသည် နားဝေတိမ်တောင်ဖြစ်ကာ သိချင်စိတ် ပြင်းပြနေလေသည်။ သူ့အမူအရာကြောင့် ယဲ့ဖန် အပြုံး ဖြင့်သာ ပြောလိုက်သည်။
“အဲ့ဒါ ငှက်ချေး”
“လက်စသတ်တော့ ငှက်ချေးကိုး၊ အံ့ဩစရာမရှိ … ဘာ …”
စကားပြောနေရင်းနှင့် နတ်ဆိုးနဂါး မျက်လုံးပြူးသွားသည်။ သူ၏ကြီးမားသော ကိုယ်ပေါ်မှ နဂါးကြေးခွံများ သည်လည်း ထောင်မတ်လာပြီး ကြက်သီးမွေးညင်း ထလာသည်။
နတ်ဆိုးနဂါး၏ နှုတ်ခမ်းက တွန့်ခါလာပြီးနောက် အော့အန် လေတော့သည်။
ဝေါ့!
ယခုအချိန်၌ နတ်ဆိုးနဂါးသည် ပြီးခဲ့သည့်ရက်ပိုင်းက စားသောက် ထားသမျှကိုပါ အန်ထုတ်နေလေသည်။ မြေကြီး ပေါ်၌ ရှုပ်ပွနေပြီး ကြည့်မကောင်းလှပေ။
“သောက်ကျိုးနည်း၊ နေကိုဝါးမျိုနိုင်ပြီးတော့ လကိုပါ စားသောက် လိုက်နိုင်တဲ့၊ ရှေးခေတ်က သန်မာတဲ့ ထိပ်တန်း ပုဂ္ဂိုလ်တွေကို ဝါးမျိုနိုင်တဲ့ ငါ့လို နဂါးဧကရာဇ်နေရာမှာ ဝင်စဉ်းစားကြည့်စမ်းကွာ”
“ငှက်ချေးကြောင့် ငါ့သိက္ခာကျရလိမ့်မယ်လို့ ထင်မထား မိဘူး”
နတ်ဆိုးနဂါးသည် အော့အန်ရင်း ပြောဆိုနေလေသည်။ သူသည် လူသားများကို စားခဲ့ချိန်က ကြုံခဲ့ရသည့်အဖြစ်ကို မေ့လျော့နေ၏။
“ဘယ်ကောင်က ငါ့ကို သိက္ခာကျအောင် ဒီလိုလုပ်တာလဲကွ၊ ငါ ဒင်းကို ပညာပြပစ်မယ်”
နတ်ဆိုးနဂါး ထိုသို့ကြုံးဝါးနေချိန်တွင် ငှက်ချေးပုံက သူ့ခေါင်းပေါ်သို့ တန်း၍ကျလာသည်။ ဤသည်မှာ အစာသာ ရှိသေးသည်။ ထို့နောက်တွင် ကောင်းကင်ထက်ရှိ ခေါင်းပြောင်ငှက်သည် ဗိုက်ကိုညှစ်၍ သူ့စအိုဝက စက်သေနတ်ကဲ့သို့ အောက်ဘက်ရှိ နဂါးပေါ် ဆက်တိုက် ပါချလေသည်။
ဘွတ်!
များလှသည့် ငှက်ချေးများက မိုးစက်များကဲ့သို့ ကောင်းကင် ပေါ်မှ ပြုတ်ကျလာကာ နဂါးကိုယ်ပေါ်သို့ တဖွဲဖွဲ ထိမှန် သွားလေသည်။
ဤအဖြစ်ကြောင့် နတ်ဆိုးနဂါး နားဝေတိမ်တောင် ဖြစ်သွားရုံ သာမက ယဲ့ဖန်တောင်မှ အလွန် ထိတ်လန့်သွားရသည်။ ဤသို့သော ငှက်မျိုးအား သူ ပထမဆုံးအကြိမ် မြင်ဖူး ခြင်းပင်။
“အား….”
“လက်စသက်တော့ ခေါင်းမွေးမရှိတဲ့ငှက်ကိုး၊ ဒီနတ်ဆိုးနဂါး ဧကရာဇ်က မင်းကို အရှင်လတ်လတ် ဝါးစားပစ်မယ်ကွ”
နတ်ဆိုးနဂါးသည် ရှက်ရွံ့ကာ ဒေါသလည်း ထွက်နေ၏။ ထို့နောက် သူသည် ပါးစပ်ကို ခပ်ကျယ်ကျယ် ဟ၍ ကောင်းကင်ထက်ရှိ ခေါင်းပြောင်ငှက်ထံသို့ ပျံသန်း သွားသည်။
ခေါင်းပြောင်ငှက်သည် နဂါး၏ မိမိစွမ်းအားကို အထင် ကြီးပုံနှင့် ပတ်သက်၍ လှောင်ချင်နေပုံရသည်။ သူသည် တောင်ပံကို တဖျပ်ဖျပ်ခတ်၍ လေပေါ် ပျံဝဲနေသည်။
ဂါး!
ထိုအချိန်တွင် နဂါးသည် ဖျတ်ခနဲလှုပ်ရှား၍ လေပေါ် ပျံတက်ရန် ပြင်လိုက်သည်။ ထိုစဉ် သူ ပျံဝဲတော့မည်အချိန်၌ အဆုံးအစမဲ့သော ဖိအားတစ်ခု ထွက်ပေါ်လာကာ ကောင်းကင် အနှံ့ ပျံ့နှံ့သွားသည်။
နဂါးခန္ဓာကိုယ်က ထိုဖိအားကို မခံနိုင်ဘဲ မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြန်ကျလာသည်။
“ချီးပဲ”
နတ်ဆိုးနဂါးသည် အံကိုကြိတ်၍ ထိတ်လန့်နေ၏။ သူ၏ခန္ဓာကိုယ်က ပို၍ကြီးမား ရှည်လျားလာသည်။ သူသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား မဟူရာ တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားအောင်လုပ်ပြီးမှ ခေါင်းပြောင်ငှက်ကို ဝါးမျိုရန် ကြံစည်ထားလေသည်။
သို့သော် ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်က တောင်ကုန်းငယ်တစ်ခု၏ အရွယ်အစားသို့ ရောက်လာချိန်တွင် သူ ထပ်၍ မပြောင်းနိုင်တော့ပေ။ ဘေးပတ်လည်မှ ဖိအားတစ်ခုက သူ၏ခန္ဓာကိုယ်အား အချိန်မရွေး ဖျစ်ညှစ်လိုက်နိုင်သည်ဟု ထင်မှတ်ရလေသည်။
ဤသည်ကိုမြင်ပြီးနောက် ကောင်းကင်ထက်မှ ခေါင်းပြောင် ငှက်သည် စိတ်လှုပ်ရှားနေသော ကလေးကဲ့သို့ ပျံဝဲ ကခုန် နေ၏။ တကျီကျီမြည်တမ်း၍ နတ်ဆိုးနဂါးအား နောက်ပြောင် နေပုံ ရသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် အမူအရာ ပြောင်းလဲသွားသည်။ ထို့နောက် သူသည် မဟူရာ တောအုပ်တစ်ခုလုံး၌ ငှက်မရှိရုံ သာမက အဖြူရောင်ဂြိုဟ်၏ ကောင်းကင်ထက်တွင် တောင်မှ ငှက်တစ်ကောင်မှ မရှိသည်ကို သတိထား လိုက်မိသည်။
မကောင်းဆိုးဝါးမျိုးနွယ်မှ ငှက်မျိုးနွယ်များပင် ပျံသန်းရန် မဖြစ်နိုင်ပေ။ သို့သော် ဤငှက်သည် ကောင်းကင်၌ ပျံသန်းနေရုံ သာမက အခြားစွမ်းရည်များပင် ရှိပုံရသည်။
*ဒါက …*
ယဲ့ဖန် မျက်ခုံးလှုပ်သွားပြီး ကောင်းကင်ထက်မှ ခေါင်းပြောင် ငှက်အား တအံ့တဩ ကြည့်နေမိသည်။
ဂါး!
ထိုအချိန်တွင် နတ်ဆိုးနဂါးသည် ကောင်းကင်ထက်မှ ခေါင်း ပြောင်ငှက်ကို စိုက်ကြည့်၍ ဒေါသတကြီး ဟိန်းဟောက် နေ၏။ ထိုအသံသည် ခြောက်ခြားဖွယ် ကောင်း လှသည်။ ကောင်းကင်ထက်ရှိ ခေါင်းပြောင်ငှက်တောင်မှ ကြောက် လန့်ကာ တုန်ယင်သွားသည်။
ခေါင်းပြောင်ငှက်သည် တောင့်ခနဲ ဖြစ်သွားပြီးနောက် ဒေါသထွက် လာလေသည်။ သူ၏ ရွှတ်နောက်နောက် ပင်ကိုစရိုက်က ချက်ချင်း ပျောက်ကွယ်သွားကာ သူ၏ ပြောင်နေသော ခေါင်း၌ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာကား သရဖူ သင်္ကေပင်။ ထိုသင်္ကေတ ပေါ်လာ သည်နှင့် ခေါင်းပြောင်ငှက်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဘုရင်တစ်ပါး၏ ထည်ဝါသောအရှိန်အဝါက ထိုပိန်သေးသေး ငှက်ကိုယ်ထံမှ ထွက်ပေါ်လာပြီး မိုးကောင်းကင်နှင့် မြေကြီး အနှံ့သို့ ပျံ့လွင့်သွားလေသည်။
စီခနဲ အော်သံက ရုတ်တရက် စူးရှကျယ်လောင်စွာ ထွက်ပေါ် လာသည်။ ထိုအသံသည် နဂါးဟိန်းသံကိုတောင်မှ ဖုံးလွှမ်း သွားလေ၏။ မဟူရာ တောအုပ်ထဲရှိ သက်တမ်းရင့် သစ်ပင်အိုကြီးများတောင်မှ ကြွပ်ဆတ်ဆတ်အသံ ထွက်ပေါ် လာသည်။
သက်တမ်းရင့် သစ်ပင်အိုကြီးများသည် ထိုအသံလှိုင်းကို တောင့်မခံ နိုင်တော့ဘဲ ဟာရီကိန်း မုန်တိုင်း တိုက်ခတ်ခံ ရသကဲ့သို့ ပင်စည်ထက်ဝက် ကျိုးကျ သွားလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဘေးပတ်လည်မှ များပြားလှသည့် သက်တမ်းရင့် သစ်ပင်ကြီးများသည် ကမ္ဘာ့ အဆုံးသတ်သို့ ရောက်လာသကဲ့သို့ ထက်ပိုင်းကျိုး သွားလေ၏။
ထိုသည်သာမကချေ၊ ခေါင်းပြောင်ငှက်၏ ခေါင်းပေါ်မှ သရဖူ သင်္ကေတကို မြင်ပြီး နတ်ဆိုးနဂါးက သရဲသဘက်ကို တွေ့လိုက် ရသကဲ့သို့ မျက်လုံးပြူးသွားသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
ဘုန်း!
နဂါးကြီး၏ ခန္ဓာကိုယ်ကြီးသည် မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေသည်။
“မင်း … မင်းက”
နတ်ဆိုးနဂါး၏ အသံက တုန်ခါနေပြီး အံ့ဩမှင်တက်နေ၏။
Chapter 638 နတ်ဆိုးနှင့် ထိုက်တန်သောလုပ်ရပ်
“တကယ်ပဲကိုး၊ ဒါ တကယ်ပဲကိုး”
နတ်ဆိုးနဂါး၏ မျက်လုံးထဲတွင် အလွန်တရာ ထိတ်လန့် ကြောက်ရွံ့နေဟန်များ ထင်ဟပ်နေသည်။ သူသည် ကောင်းကင်ပေါ်ရှိ ခေါင်းပြောင်ငှက်ကို မော့ကြည့်ပြီး အလွန်ကြောက်စရာကောင်းသော အရာကို တွေ့လိုက်ရ သကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်နေသည်။
“အဲ့ဒီပုဂ္ဂိုလ် ကျဆုံးချိန်မှာ အဲ့ဒါက ပါမသွားခဲ့ဘူးပဲ။ ဒါပေမဲ့ ဘာလို့ အဲ့ဒါက ဒီလောက်ဝေးတဲ့ နေရာကို ကျလာရတာလဲ”
ယခုအချိန်၌ နဂါးသည် အလွန်ပဟေဠိ ဖြစ်နေပုံရသည်။ ကောင်းကင်ထက်မှ ခေါင်းပြောင်ငှက်ကို မော့ကြည့်ရင်း ဒေါသပျောက်ကာ ဂျူနီယာက သူ၏အကြီးအကဲကို တွေ့ရသကဲ့သို့ ခေါင်းကိုငုံ့၍ အပိုးကျိုးနေ၏။ အမှား လုပ်ထားသည့် ကလေးကဲ့သို့ ထိတ်ထိတ်ပျာပျာဖြစ်ပြီး ကြောက်လန့်ကာ တုန်ယင်နေလေသည်။ ဤမြင်ကွင်း ကြောင့် ယဲ့ဖန် အံ့ဩသွားသည်။
“နတ်ဆိုးနဂါး၊ မင်း ဒီခေါင်းပြောင်ငှက်ရဲ့ ဇာစ်မြစ်ကို သိတာလား”
ဤခေါင်းပြောင်ငှက်က အခြေအမြစ်မရှိသောငှက် မဟုတ် ကြောင်း ယဲ့ဖန် မတွေးလည်း သိနေသည်။ အဖြူရောင် ဂြိုဟ်၏ အဆုံးအစမဲ့သော ဖိအားကို ချိုးဖောက်၍ ကောင်းကင်၌ ပျံဝဲနေကတည်းက ဤငှက်၏ အစွမ်းအစကို သက်သေပြနေသည်။
ပြောရမည်ဆိုလျင် အစောပိုင်းက ထိပ်ပြောင်ငှက်၏ ထိတ်လန့် ကြောက်ရွံ့ဖွယ်ကြောင့် ယဲ့ဖန်တောင်မှ ခေါင်းမွေး ထောင် သွားရသည်။ ဤခေါင်းပြောင်ငှက်သည် သာမန်လူ များ ထင်ထားသည်ထက် ကျော်လွန်နေသည့် အလွန်တရာ ကြောက်လန့်ဖွယ်ကောင်းသော ဘုရင်တစ်ပါးနှင့် အသွင်တူ နေ၏။
ဂလု!
ထိုစဉ် နတ်ဆိုးနဂါးသည် တံတွေးကို မနည်းမျိုချ၍ ခေါင်းကုတ် နေသည်။
“သိတာပေါ့၊ ဒီအရာက ရှိနေခဲ့တာ တော်တော်ကြာပြီ။ မင်း တွေးတောင်တွေးကြည့်နိုင်မှာ မဟုတ်ဘူး”
“အခု သူက ဒီလို အဆင့်ကျသွားပင်မယ့် မင်းရော၊ ငါရော ဒါမှမဟုတ် စကြဝဠာတစ်ခုလုံးက သက်ရှိတွေ အားလုံး တောင်မှ ရန်စလို့ မရနိုင်တဲ့သူပဲ။ မဟုတ်လို့ကတော့ နောင်အနာဂတ်မှာ ကြောက်စရာကောင်းတဲ့ ကပ်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်”
ထိုသို့ပြောနေစဉ်တွင် နတ်ဆိုးနဂါး၏ မျက်လုံး၌ ကြောက်စိတ်များ စိုးမိုးနေ၏။
*ဟမ်*
ထိုစကားကြောင့် ယဲ့ဖန် သူ့ကို ကြောင်ကြည့်မိသွားသည်။ ထိုအချိန်တွင် ကောင်းကင်ထက်မှ ခေါင်းပြောင်ငှက်သည် နဂါးက အလွန် ထိတ်လန့်သွားသည်ကိုမြင်ပြီး ရုတ်တရက် အလွန်အမင်း ဒေါသထွက်လာသည်။
သူ၏ တောင်ပံခတ်ရာမှ ထွက်ပေါ်လာသော လေသည် ထိတ်လန့်ဖွယ်ကောင်းလှပြီး အလင်းတန်းကဲ့သို့ ရုတ်တရက် အောက်သို့ ကျဆင်းလာကာ ယဲ့ဖန်နှင့် နဂါးတို့၏ ခေါင်းထက်သို့ ရောက်သည့်အခါမှသာ ရပ်တန့်သွားသည်။
သူသည် တစ်ဖက်လှည့်ကာ ဖင်ပေးနေပြီး သူ့ကိုယ်သူ အထင်ကြီးဟန်ရကာ ယဲ့ဖန်ကို အထင်သေးနေပုံရသည်။ ယဲ့ဖန်ကို စိတ်ဆိုးသွားစေခဲ့သည့် အချက်မှာ ထိုခေါင်းပြောင်ငှက်က ချေးထပ်ချခြင်းပင်။
ဘွတ်! ဘွတ်!
ထိုငှက်၏ သားကောင် ထပ်ဖြစ်သွားပြီး ငှက်ချေးများက လူတစ်ယောက်နှင့် နဂါးတစ်ကောင်ပေါ်သို့ ကျလာလေသည်။ ယဲ့ဖန်နှင့် နတ်ဆိုးနဂါးတို့သည် ငှက်ချေးများဖြင့် ရေချိုးရလုနီးပါး ဖြစ်နေ၏။
“ချီးတဲ့မှပဲ”
ယဲ့ဖန်သည် ဖျတ်ခနဲ လှုပ်ရှား၍ အဝေးသို့ ထွက်ပြေးလေ သည်။ သို့သော် နတ်ဆိုးနဂါးသည် မြေကြီးပေါ်၌ တုန်ယင်စွာ လှဲနေသောကြောင့် ငှက်ချေးများက နဂါးကိုယ်မှ ကျလာလေတော့သည်။ ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏ မျက်လုံးများ အေးစက်သွားသည်။ သူသည် နတ်ဆိုးနဂါးကို စိုက်ကြည့်၍ မာထန်သော လေသံဖြင့် လှမ်းပြောလိုက်သည်။
“နတ်ဆိုးနဂါး၊ မင်းလုပ်ရပ်က ငါ့နတ်ဆိုးတွေနဲ့ ထိုက်တန်တဲ့ လုပ်ရပ် ဖြစ်မယ်လို့ ငါ မျှော်လင့်တယ်”
သူ့အသံက အေးစက်၍ ရက်စက်ဟန်ပေါ်နေသည်။ နတ်ဆိုး နဂါး၏ ခုခံခြင်းမရှိဘဲ ပြုသမျှနုနေသည့် ပုံစံက ယဲ့ဖန်အား အလွန် ဒေါသထွက်သွားစေသည်။
ထိုစကားကြောင့် နတ်ဆိုးနဂါး တုန်ယင်သွားပြီး မချိပြုံး ပြုံးလာသည်။
“ငယဲ့ကြီး၊ ငါဆိုတဲ့ နတ်ဆိုးနဂါး ဧကရာဇ်က တစ်ချိန်က လွှမ်းမိုးနိုင်တဲ့ အုပ်ချုပ်သူတစ်ယောက်ပေါ့၊ ငါလို နဂါး အိုကြီးက မခုခံနိုင်တာ မဟုတ်ဘူး၊ ဒီငှက်က တကယ့်ကို ရန်စလို့ မရတဲ့အရာ ဖြစ်နေလို့ပဲ”
“အဲ့ကောင်က ကြောက်ဖို့ကောင်းတယ်၊ မင်း … မင်း ထင်တောင် ထင်ထားမိမှာ မဟုတ်ဘူး”
သူ့စကားကြောင့် ယဲ့ဖန်၏မျက်လုံးများက ပို၍အေးစက် လာသည်။ ကောင်းကင်ပေါ်မှ ခေါင်းပြောင်ငှက်သည် နတ်ဆိုး နဂါး၏ စကားကို နားလည်ပုံရသည်။ သူသည် ဘုရင် တစ်ပါးသဖွယ် ပြုမူ၍ သူတို့၏ခေါင်းပေါ် ချေးတက်ပါချင် ပါမည်။ သူတို့ခေါင်းပေါ် ပျံဝဲချင်ဝဲမည်။ သူတို့ရှောင် လို့ကတော့ အပြစ်ပင်။ သူတို့ ပြန်လည်ခုခံပါက အပြစ်သာ ဖြစ်သည်ဟု ခံယူထားသည့်ပုံပင်။
“သောက်သုံးမကျလိုက်တာ”
သို့သော် ထိုအချိန်တွင် ယဲ့ဖန်သည် နဂါးအား သုန်မှုန်စွာ လှမ်းကြည့်၍ ဒေါသကြောင့် မျက်လုံးက မီးဝင်းဝင်းတောက် နေ၏။
“ငါက အားနည်းရာကနေ သန်မာတဲ့သူအဖြစ် ကြီးပြင်း လာခဲ့တာ။ ရန်စလို့မဖြစ်တဲ့ လူတွေမျိုးကို မရေတွက် နိုင်အောင် တွေ့ခဲ့ပြီးပြီ”
“သူတို့က ရန်မစနိုင်တဲ့သူတွေ ဖြစ်နေမှတော့ သူတို့ … သေကိုသေရမယ်”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် နတ်ဆိုးနဂါး အကြီးအကျယ် မျက်နှာပျက်သွားသည်။ ယဲ့ဖန်၏ဆိုလိုရင်းကို သူ ချက်ချင်း နားလည်လိုက်သည်။
*ဒီအရူးကောင်ကတော့ ခေါင်းပြောင်ငှက်ကို သတ်ပြီး ရက်စက်ခြင်းနဲ့ မြင့်မြတ်ထည်ဝါခြင်းက ဘာလဲဆိုတာကို သက်သေပြတော့မယ့်ပုံပဲ*
“ငယဲ့ကြီး မလုပ်နဲ့ …”
နတ်ဆိုးနဂါး မျက်နှာပျက်သွားသည်။ ကောင်းကင်ရှိ ခေါင်းပြောင်ငှက်သည်လည်း ယဲ့ဖန်၏ စကားကို ရှင်းလင်းစွာ နားလည်လေသည်။ ၎င်း၏မျက်လုံးတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ ၎င်း၏သိက္ခာကို အစော်ကား မခံလိုသည့်ပုံပင်။ စော်ကားမည်ဆိုပါက သတ်ဖြတ်ချင်ပုံရသည်။
လေပြင်းများ တိုက်ခတ်လာပြီး ထိတ်လန့်ဖွယ် အရှိန်အဝါက ခေါင်းပြောင်ငှက်နား၌ ရစ်ဝဲနေသည်။ ထို့နောက် ၎င်း၏ ခေါင်းပေါ်မှ သရဖူသင်္ကေတမှနေ၍ အလင်းတန်းတစ်ခု ဖြတ်ပြေးလာသည်။
လေတိုးသံက အလွန် ကျယ်လောင်စူးရှလာပြီး ထိတ်လန့်ဖွယ် လေလှိုင်းသည်လည်း လေဆင်နှာမောင်းကဲ့သို့ ဖြစ်ပေါ် လာပြီး ယဲ့ဖန်အား အရူးအမူး ရှင်းလင်းပစ်ချင်ပုံရသည်။
မဟူရာ တောအုပ်တစ်ခုလုံးသည် ကမ္ဘာပျက်ကပ်အတွင်း ရောက်ရှိနေသကဲ့သို့ ရှေးဟောင်းသစ်ပင်ကြီးများက ရုတ်တရက် တစ်ပင်ပြီးတစ်ပင် ကျိုးကျလေသည်။ ဧရာမ ကျောက်တုံးကြီးသည်လည်း ချက်ချင်း ကွဲကြေ သွားသည်။ မရဏ အငွေ့အသက်များက ယဲ့ဖန်နားသို့ ဝေ့ဝဲလာသည်။
“သတိထား”
နတ်ဆိုးနဂါး ထိတ်လန့်သွားသည်။ လက်ရှိချိန်၌ သူသည် ခန္ဓာကိုယ်ကို လူးလွန့်၍ ချဉ်းကပ်သွားသည်။ သို့သော် ပြင်းထန်သော လေဆင်နှာမောင်းက သူ့အား ထိမှန် သွားလေသည်။
ရုတ်တရက် နဂါးခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွား၏။ ထိုမျှနှင့် မပြီးသေးချေ။ မရဏ လေဆင်နှာမောင်းက ယဲ့ဖန်ပေါ် ချက်ချင်း ကျရောက်လာသည်။
ထိုစဉ် နဂါး၏ မျက်နှာက စက္ကူစကဲ့သို့ ဖြူရော်သွားသည်။ ကောင်းကင်ထက်မှ ခေါင်းပြောင်ငှက်သည် ခေါင်းကိုမော့၍ သရော်ပြုံး ပြုံးနေ၏။ သူသည် ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို မြင်ယောင်နေပုံ ရသည်။
“ဆင်းလာခဲ့စမ်း”
သို့သော် ထိုအချိန်၌ ယဲ့ဖန်က ရုတ်တရက် ကြွေးကြော် လာသည်။ သူ၏ အော်သံနှင့်အတူ ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာ၏။
ဒေါင်!
နီးကပ်လာသည့် မရဏ လေဆင်နှာမောင်းသည် ရုတ်ချည်း ဆိုသလို ပြိုကွဲသွားသည်။ ကောင်းကင်ပေါ်ရှိ ခေါင်းပြောင် ငှက်သည်လည်း စိတ်ဝိညာဉ် အေးခဲသွား သကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းကာ ပြုတ်ကျလာသည်။
ထိုသို့လေထဲမှ ပြုတ်ကျလာစဉ်တွင် ငှက်မျက်လုံးများက ရုတ်တရက် ဇဝေဇဝါဟန်ဖြင့် ပြန်နိုးလာလေသည်။ ၎င်းသည် ထိတ်လန့်တကြားဖြင့် တောင်ပံတဖျပ်ဖျပ်ခတ်ကာ ကောင်းကင်ပေါ် ပြန်တက်ချင်နေသည့်ပုံပင်။
“ငါ မင်းကို သေစေချင်ရင် မင်း ဘယ်လိုလုပ် အသက်ရှင် နိုင်မှာလဲ”
ထိုအသံနှင့်အတူ ခေါင်းလောင်းထိုးသံ ထပ်ပေါ်လာသည်။ ခေါင်းပြောင်ငှက်က ရုန်းကန်လေသည်။ သို့သော် အချည်းနှီး ဖြစ်ကာ ထပ်မံ၍ ကြက်သေ သေသွားပြန်သည်။
ခေါင်းပြောင်ငှက် ပြန်ပြုတ်ကျလာသည်။ မီတာ သုံးဆယ်၊ နှစ်ဆယ်၊ တစ်ဆယ်၊ ငါးမီတာ။ ခေါင်းပြောင်ငှက်သည် ယဲ့ဖန်နှင့် သုံးမီတာမျှ ဝေးသော အကွာအဝေးသို့ ရောက်လာချိန်တွင် ရုတ်တရက် ထပျံလာသည်။
ခေါင်းပြောင်ငှက် ပြန်သတိဝင်လာသော်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် ခြောက်ခြားသွားသည်။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန် လက်ထဲ၌ ဓားတစ်ချောင်း ရှိနေသော ကြောင့်ပင်။ ထိုဓားသည်ကား ရွှေအိုရောင် ဓားကျိုးပင်။
ခေါင်းပြောင်ငှက်သည် အလန့်တကြား တကျွီကျွီ အသံ မြည်တမ်း၍ တစ်ကိုယ်လုံးမှ ငှက်မွေးများ ထောင်လာ လေ၏။
ရွှစ်!
ထိုစဉ် ရွှေအိုရောင် အလင်းတန်းက ငှက်ပေါ် ကျလာသည်။ ထိုငှက်ကိုယ်မှနေ၍ သွေးစက်များ ပန်းထွက်လာ၏။ နတ်ဆိုးနဂါး၏ သွေးပျက်နေသော အကြည့်အောက်၌ ခေါင်းပြောင်ငှက်သည် ယဲ့ဖန်ကြောင့် ကိုယ်နှစ်ခြမ်း ပြတ်ကာ သွေးများ ပန်းထွက်လာလေတော့သည်။
Chapter 639 မတတ်နိုင်ဘူး
*ရွှစ်*
ရဲရဲနီသော သွေးစက်များက ကောင်းကင်ထက်မှ ဆက်တိုက် ကျဆင်းလာသည်။ ခေါင်းပြောင်ငှက်၏ မျက်လုံးတွင် ထိတ်လန့်ကြောက်ရွံ့နေဟန်များ ထင်ဟပ်နေ၏။ တစ်နေ့၌ သူ ကိုယ်နှစ်ခြမ်းကွဲ၍ အသတ်ခံရလိမ့်မည်ဟု သူ ထင်မထား မိသဖြင့် ကြောက်လန့်နေသည်။
ငှက်၏ ကိုယ်နှစ်ခြမ်းလုံး မြေကြီးပေါ် ပြုတ်ကျသွားချိန်အထိ နတ်ဆိုးနဂါးက မှင်တက်နေသေးသည်။
ဂလု!
သူသည် တံတွေးမျိုချလိုက်ပြီး သူ၏ကြီးမားသော မျက်လုံး များက ကျွတ်ထွက်လုနီးပါး ဖြစ်နေ၏။
*နှစ်ခြမ်းခုတ်ခံလိုက်ရတယ်တဲ့လား*
နတ်ဆိုးနဂါး၏ ဗဟုသုတအရ ဤထိပ်တန်း ကြောက်မက် ဖွယ်ကောင်းသည့်အရာသည် ဘယ်သောအခါကမှ ဤသို့ သော အဖြစ်မျိုးနှင့် မကြုံခဲ့ဖူးချေ။
မရေတွက်နိုင်လောက်သည့် နှစ်ပေါင်းများစွာအချိန်တုန်းက တစ်ဖက်သူသည် ထိုပုဂ္ဂိုလ်နောက် လိုက်ပါခဲ့ပြီး ရှေးဦး အချိန်များက ခေတ်ပြိုင်တည်ရှိခဲ့သည့်အရာများကို ဖိနှိပ် ခဲ့ကာ မိုးကောင်းကင်ကို လွှမ်းမိုးခဲ့လေသည်။ ယခုအခါ တွင်မူ ၎င်းသည် အရှင်လတ်လတ် အသတ်ခံလိုက်ရလေပြီ။
*ဒါက …*
နတ်ဆိုးနဂါးသည် တစ်လောကလုံး မှောင်မိုက်လာသကဲ့သို့ ခံစားမိပြီး သတိမေ့လုနီးပါး ဖြစ်နေသည်။ ယဲ့ဖန်ကို ကြည့်လိုက်ချိန်တွင် ယဲ့ဖန်သည် မိစ္ဆာနှင့် ပိုတူနေသည်ဟု ထင်မှတ်မိလာသည်။
“အရူးကောင်”
“ငယဲ့ကြီး၊ မင်း … မင်းက တော်တော့်ကို ရက်စက် ကြမ်းကြုတ်တဲ့ ထိပ်တန်းအရူးပဲ။ မင်း ဘယ်သူ့ကို စော်ကား လိုက်တာလဲဆိုတာကိုရော သိရဲ့လား”
“အဲ့ … အဲ့ဒါ ရှေးဦးခေတ်တုန်းက အရာကွ …”
ထိုသို့ပြောနေချိန်တွင် နတ်ဆိုးနဂါး၏ အသံက အထစ်အထစ် ဖြစ်သွားပြီး ထိုနာမည်ကို မပြောရဲပုံပေါ်နေသည်။ ထိုသို့သော အချိန်၌ ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဒီဘိုးဘေးကြီး နာတယ်ကွ၊ ဒီခွေးမသားက တော်တော် ကြမ်းတာပဲ …”
*ဟမ်*
ထိုအသံကို ကြားလိုက်ရချိန်တွင် ယဲ့ဖန်နှင့် နတ်ဆိုးနဂါးတို့ အနည်းငယ် မှင်တက်သွားလေသည်။ သူတို့ တစ်ဖက်လှည့် ကြည့်လိုက်သောအခါ မြေကြီးပေါ်၌ ရှိနေသော ခေါင်းပြောင် ငှက်၏ ကိုယ်နှစ်ခြမ်းက တဖြည်းဖြည်း လှုပ်ရှားနေပြီး မျက်စိ တစ်မှိတ်အတွင်းမှာပင် ပြန်ဆက်သွားလေ၏။
ပျံ့ကြဲနေသော သွေးစက်များသည်လည်း ကိုယ်တွင်းသို့ ပြန်ဝင် သွားသည်။ ထို့နောက် တောင်ပံကို တဖျပ်ဖျပ်ခတ်၍ တစ်ဖန်ပြန်၍ ပျံဝဲလေတော့သည်။
“ကောင်လေး၊ မင်းလက်ထဲက ဓားက ဘာဓားလဲ”
ထိုခက်ထန်သော အသံသည် ခေါင်းပြောင်ငှက်ထံမှ ထွက်ပေါ် လာခြင်း ဖြစ်သည်။ သူ၏မျက်လုံးများက ယဲ့ဖန်လက်ထဲမှ ရွှေအိုရောင် ဓားကျိုးကိုသာ စူးစိုက် ကြည့်နေ၏။
ထိုဓားပေါ်၌ “ကောင်းကင်ဘုံ” ဟူသည့် စကားလုံး ထွင်းထုထားသည်ကိုမြင်ပြီးနောက် ခေါင်းပြောင်ငှက်သည် သေချာစဉ်းစားနေပုံ ရသည်။
ရွှစ်!
သို့သော် ထိုသို့သောအချိန်၌ အံ့ဩနေသော နတ်ဆိုးနဂါး၏ အကြည့်အောက်မှာပင် ရွှေအိုရောင် အလင်းတန်းက လေထဲ ဖြတ်ပြေးသွားသည်။ ယခုလေးတင် ပျံဝဲနေသည့် ခေါင်းပြောင်ငှက်သည်လည်း ထပ်၍ ကိုယ်နှစ်ခြမ်းကွဲ သွားလေသည်။
ခေါင်းပြောင်ငှက်သည် မှင်တက်၍ ဒေါသထွက်သွားသည်။ ၎င်း၏ကိုယ်နှစ်ခြမ်းက မြေကြီးပေါ် ထပ်၍ ပြုတ်ကျ သွားလေသည်။ တစ်ဖန်ပြန်၍ ဆက်လာသောအခါ ထိုငှက်၏ မျက်နှာ၌ အလွန်တရာ ဒေါသထွက်နေဟန် ထင်ဟပ်နေ၏။
၎င်းကဲ့သို့သော ထိတ်လန့်ဖွယ်ကောင်းသည့်အရာက အချိန် တိုလေး အတွင်း၌ နှစ်ကြိမ်တိတ် အသတ်ခံ လိုက်ရသည်။ ဤအခြင်းအရာအား သူ သည်းမခံနိုင်ပေ။
ထိုအချိန်တွင် ယဲ့ဖန်၏မျက်လုံးများကလည်း အေးစက်၍ မာထန်လာသည်။ သူသည် ခေါင်းပြောင်ငှက်အား သေခါနီး ငှက်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။
ထို့နောက် လက်ထဲမှ ရွှေအိုရောင် ဓားကျိုးကိုဝင့်၍ ခေါင်းပြောင်ငှက်အား ထပ်၍ ခုတ်ပိုင်းရန် ပြင်လိုက်သည်။ ဤမြင်ကွင်းကြောင့် နတ်ဆိုးနဂါး ငိုယိုမိမတတ် ထိတ်လန့် သွားသည်။
သူသည် ခန္ဓာကိုယ်အား ဖျတ်ခနဲ လှုပ်ရှား၍ မြွေတစ်ကောင် အရွယ်အစားသို့ ပြန်ကျုံ့လိုက်ပြီး ယဲ့ဖန်ရှေ့ ပိတ်ရပ်ကာ အော်ပြောလိုက်သည်။
“အစ်ကိုကြီးယဲ့၊ ယဲ့ယဲ့လေး၊ ငါတို့ ဒီလောက် မကြိုးစားဘဲ နေလို့မရဘူးလား၊ ငါတို့ တကယ်သေသွားလိမ့်မယ်”
ယဲ့ဖန် ဤမျှရက်စက်လိမ့်မည်ဟု နတ်ဆိုးနဂါး တစ်ခါမှ ထင်မထားမိပေ။
သူသည်သာမက ကောင်းကင်ထက်သို့ ပျံတက်လာသည့် ခေါင်းပြောင်ငှက်သည်လည်း ကြောက်လန့်နေသည်။ ထိုငှက်၏ မျက်လုံး၌ ကြောက်စိတ်များ စိုးမိုး၍နေသည်။
“ကောင် … ကောင်လေး၊ မင်း … မင်း ပြဿနာ မရှာနဲ့နော်။ ငါလို ဘိုးဘေးကြီးမှာ မသေမျိုး ခန္ဓာကိုယ် ရှိတယ်ကွ။ မင်း ငါ့ကို အကြိမ်တစ်သောင်းလောက် ခုတ်နေရင်တောင်မှ ငါ့ကို သတ်နိုင်လိမ့်မယ်လို့ ထင်မနေနဲ့”
“အထူးသဖြင့် ငါ့ကို ဘိုးဘေးက ပြန်အသက်သွင်းလိုက်တဲ့ အချိန်ကျရင် မင်းနဲ့ မင်းမျိုးနွယ်တစ်ခုလုံး ကံဆိုးမိုးမှောင် ကျ …”
ရွှစ်!
ထိပ်ပြောင်ငှက် ပြော၍မပြီးသေးချိန်တွင် ရွှေရောင် အလင်းတန်း က တတိယအကြိမ် ဖြတ်ပြေးသွားပြီး သွေးများ ဆက်တိုက် ပန်းထွက်လာသည်။ ၎င်း၏ခြိမ်းခြောက် စကားများ သည်လည်း တစ်ဝက်တစ်ပြတ်နှင့် ရပ်သွား လေ၏။ ခေါင်းပြောင်ငှက်၏ ကိုယ်နှစ်ခြမ်းက မြေကြီးပေါ်သို့ တန်း၍ ပြုတ်ကျလာသည်။
နတ်ဆိုးနဂါးသည် ယခုအချိန်၌ ယဲ့ဖန်အား ရိုက်နှက် ပစ်ချင်နေသည်။ ခေါင်းပြောင်ငှက်၏ ဒေါသစိတ်ကို သူ တွေးကြည့်မိသည်။
လက်ရှိအချိန်၌ ထိုငှက်သည် သုံးကြိမ်တိတိ ရန်စခံ လိုက်ရသဖြင့် ၎င်း၏ ဒေါသက မတွေးဝံ့စရာပင်။ ခေါင်းပြောင်ငှက်သည် အမှန်ပင် အလွန် ဒေါသထွက်နေ၏။ ၎င်း၏ခန္ဓာကိုယ် ပြန်ဆက်သွားသည်နှင့် ၎င်းသည် ချက်ချင်း ဆိုသလို အမြင့် မီတာတစ်ရာထိ ပျံတက်သွားသည်။
ယဲ့ဖန်နှင့် ဝေးဝေးနေခြင်းပင်။ ၎င်း၏မျက်နှာထားသည် အလွန်မာထန်နေသည်။
“ကောင်လေး၊ မင်း ဒီဘိုးဘေးကို လုံးဝ ဒေါသထွက် သွားအောင် လုပ်လိုက်တာပဲ၊ မင်း တကယ်ပဲ အသက်မရှင် ချင် တော့ဘူးလား”
*အသက်မရှင်ချင်တော့ဘူးတဲ့လား*
ယဲ့ဖန် ရယ်လေသည်။ သူ၏ရယ်သံက ခြောက်ခြားဖွယ် ကောင်းလှသည်။
“မင်းရဲ့ အဆင့်အတန်းနဲ့ ဇာစ်မြစ်ကို ငါ ဂရုမစိုက်ဘူး”
“မင်း ခြိမ်းခြောက်စကားမျိုး ပြောပြီး မလေးမစား တစ်ခုခု လုပ်ရဲလို့ကတော့ မင်း မသာပေါ်သွားစေရမယ်လို့ ငါ အာမခံတယ်”
*ဘာ*
*မောက်မာလိုက်တာ*
*အထင်ကြီးလွန်းတယ်*
ခေါင်းပြောင်ငှက်သည် ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်နေသည်။ ရှေးဦးခေတ်အချိန်မှ ၎င်းမွေးဖွားလာချိန်မှစ၍ နှစ်ပေါင်း များစွာ စကြဝဠာကို ကြီးစိုးခဲ့သည်။ ၎င်းဘ ဝတစ်လျှောက်လုံး ဤမျှမောက်မာသော လူကို မတွေ့ခဲ့ ဖူးသလို ဤသို့မောက်မာသည့် စကားမျိုးလည်း တစ်ခါမှ မကြားဖူးချေ။
ယခင်က အလွန်ကြောက်စရာကောင်းသည့် လူတောင်မှ သူ့အား ဤသို့ မပြောရဲချေ။ ယခုအခါတွင် နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ရှိသည့် ကောင်လေးက ဤသို့ ပြောလာလေ၏။ ဤသည်က ခေါင်းပြောင်ငှက်အား ဒေါသထွက်သွားစေသည်။
“ကောင်းပြီလေ၊ တော်တော် မောက်မာတဲ့ကောင်လေးပဲ”
“မင်း ငါ့ကို သုံးကြိမ် သတ်ခဲ့တာနဲ့ ငါ့လိုဘိုးဘေးကို နှိမ်နင်း နိုင်မယ်လို့ ထင်နေလား”
“ဆုတောင်းနေလိုက်၊ ငါက ဒီစကြဝဠာကြီးထဲမှ ဘိုးဘေးပဲကွ။ မင်း ငါ့ကို ရင်ဆိုင်ဖို့ စိတ်ကူးနဲ့တောင် မဖြစ်နိုင်ဘူး”
ထိုသို့ပြောနေချိန်တွင် ခေါင်းပြောင်ငှက်၏ မျက်နှာထား၌ ဂုဏ်ယူဝင့်ကြွားနေဟန်များ ထင်ဟပ်နေသည်။ ထို့နောက် ၎င်းသည် ဖင်ကိုလှုပ်၍ ပျံသန်းရန် ပြင်လိုက်သည်။
နတ်ဆိုးနဂါး : “…”
ထိုအခါ ယဲ့ဖန်က ထရယ်လေသည်။
“စကြဝဠာ ဟုတ်လား၊ မင်းတစ်ယောက်ပဲ မိုးကောင်းကင်ကို တက်လှမ်းနိုင်မယ်လို့ ထင်နေလား”
*ဘာ*
ယဲ့ဖန်၏စကားများက ခေါင်းပြောင်ငှက်အား မသိမသာ မှင်တက်သွားစေသည်။ သို့သော် ရှေ့ဆက်ဖြစ်ပေါ် လာသည့် မြင်ကွင်းကြောင့် ခေါင်းပြောင်ငှက် ကြက်သီးမွေးညင်းထကာ ကြက်သေ သေသွားသောကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျ လုနီးပါး ဖြစ်သွားလေသည်။
ဝီ! ဝီ! ဝီ!
ယဲ့ဖန်၏အင်္ကျီလက်ထဲမှနေ၍ မှင်ကဲ့သို့ မည်းနက်နေသည့် ပုရွက်ဆိတ်များ ပျံသန်းထွက်ပေါ်လာသည်။ ကောင်းကင်၌ ရုတ်ချည်းဆိုသလို ဝီခေါ်သံများက ပဲ့တင်ထပ်သွားသည်။ ကောင်းကင်တစ်ခုလုံး၌ အနက်ရောင် ပုရွက်ဆိတ်များနှင့် ပြည့်နှက်ကာ မဲမှောင်သွားလေသည်။
ပို၍ထိတ်လန့်ဖွယ် ကောင်းသည့်အချက်မှာ ဝိညာဉ်စား ပုရွက်ဆိတ်များအပေါ် ဂြိုဟ်၏ဖိအားက သက်ရောက်ခြင်း ရှိပုံမပေါ်ဘဲ ကောင်းကင်၌ ဆက်လက် ပျံသန်းနေကြခြင်းပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းပြောင်ငှက်အား ဝိုင်းသွားကြလေ၏။ ယဲ့ဖန် အမိန့်ပေးလိုက်သည်နှင့် ခေါင်းပြောင်ငှက် အဖို့ အရိုးပင်မကျန်အောင် ဝါးစားခံ ရမည့်ကိန်းသို့ ရောက်နေသည်။
“ခြစားပုရွက်ဆိတ်တွေ”
“မင်း … ဘယ်လိုလုပ် မင်းမှာ ခြစားပုရွက်ဆိတ်တွေ ရှိနေတာလဲ၊ ပြီးတော့ ဒီလောက်အများကြီး ဘယ်လိုလုပ် ရှိတာလဲ။ ဒါ … လုံးဝ မဖြစ်နိုင်ဘူး …”
ခေါင်းပြောင်ငှက်၏ မျက်လုံး၌ အံ့ဩမှင်တက်မှုများနှင့် ပြည့်နှက်နေ၏။ ယခုအချိန်၌ သူ ထင်ယောင်ထင်မှား ဖြစ်နေ သည်ဟုသာ ထင်ချင်နေသည်။
သို့သော် ၎င်းတို့၏ အစွယ်များ၊ ချွန်ထက်သော လက်သည်း ချွန်များနှင့် သွေးဆာနေသော အငွေ့အသက်များ အားလုံး သည် ကောလဟလထဲက ပုရွက်ဆိတ်များ အတိုင်းပင်။
*ခြစား ပုရွက်ဆိတ်တဲ့လား*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ဝိညာဉ်စား ပုရွက်ဆိတ်ကို တစ်ချက်ကြည့်၍ မျက်လုံး လက်ခနဲ ဖြစ်သွားလေသည်။
“ဒီဝိညာဉ်စား ပုရွက်ဆိတ်များ အခြားဇာစ်မြစ် ရှိနေတာလား”
ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်သည် အသာပြုံး၍ လက်ကို လှုပ်ယမ်းလိုက်သည်။ ထိုအခါ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် တောင်ပံကို တဖျပ်ဖျပ် ခတ်ကာ လေဟုန်ခွင်း၍ ပြေးဝင်ရန် အသင့်ဖြစ်နေပုံပင်။
“ကျွိ … ကျွိ … ကျလိ … ကျလိ”
လက်ရှိအချိန်၌ ခေါင်းပြောင်ငှက်သည် ထိတ်လန့်ကာ ငှက်အော်သံများဖြင့် အော်ဟစ်နေ၏။ ထို့နောက် အလန့် တကြား ထအော်လေသည်။
“ရပ် … ရပ်၊ သူတို့ကို ရပ်ခိုင်းလိုက်”
“မတတ်နိုင်ဘူး၊ ငါလို ဘိုးဘေးကြီးက … ငါ ဒါကို လုပ်နိုင်မယ်လို့ မထင်ဘူး”
လက်ရှိ၌ ခေါင်းပြောင်ငှက်၏ မျက်လုံး၌ မျက်ရည်များ ရစ်ဝဲကာ ငိုကြွေးမိမတတ် ဖြစ်နေ၏။ ၎င်းသည် ဤမျှ ရက်စက်၍ လူမဆန်သော သူအား တစ်ခါမှ မမြင်ခဲ့ဖူးချေ။