← Chapters

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

Chapter 643 မကောင်းသော အဆင့်သတ်မှတ်ချက်

အရိုးစု သဲကန္တာရ၊ ဤနေရာသည် အဖြူရောင်ဂြိုဟ်ပေါ်၌ အဆုံးမသတ်နိုင်သော မရဏနယ်မြေကြီး ဖြစ်လေသည်။ နှစ်ပေါင်းများစွာအတွင်း ဤသဲကန္တာရ၌ အင်မော်တယ် များနှင့် မကောင်းဆိုးဝါးမျိုးနွယ်များ မည်မျှသေဆုံးခဲ့သလဲ မသိနိုင်ပေ။

နေ့တိုင်းနေ့တိုင်း အဖြူရောင် အရိုးစုများက တောင်လို ပုံနေ၏။ ခြေချလိုက်သည်နှင့် အရိုးများ ပျံ့ကြဲနေသဖြင့် တဂျွတ်ဂျွတ်မြည်ကာ ကျိုးပဲ့သွားလေသည်။

ထိုသည်သာမကပေ၊ သေဆုံးသွားသော အင်မော်တယ် များနှင့် မကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင်များသည် ၎င်းတို့၏ စိတ်ဝိညာဉ်ပါ သုတ်သင်ခြင်း ခံလိုက်ရပြီး ကန္တာရ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရလေသည်။ အရိုးစု များအား အရိုးစုစစ်သည်တော်များအဖြစ် အသွင်ပြောင်း လိုက်ပြီး ကျူးကျော်လာသူများကို အမဲလိုက် စေကာ အရိုးစု သဲကန္တာရအား စောင့်ကြပ်စေခဲ့သည်။

သိုင်းပညာရှင်များ အဖွဲ့ဖွဲ့၍ သဲကန္တာရကို မဖြတ်သန်းပါက တစ်ယောက်တည်း သေသွားရန် ဖြစ်နိုင်ချေ များလေသည်။

အဖြူရောင်ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များအတွက်မူ ဤနေရာသည် သိုင်းပညာရှင် ကန့်သတ်နယ်မြေသာ ဖြစ်သည်။ သို့သော် ယနေ့တွင် အရိုးစု သဲန္တာရ၌ လေပြင်း တိုက်ခတ်လျက် ရှိလေသည်။ ထိုလေသည် အလွန်အမင်း ထူးဆန်းလှသည်။ လျှပ်စီးကဲ့သို့ အရိုးစု သဲကန္တာရထဲ၌ လှည့်လည်လျက် ရှိနေသည်။

သဲမှုန်များသည် လေထဲသို့ လွင့်မျောလာပြီး သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ နဂါးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းလာပြီး အရိုးစု သဲကန္တာရအတွင်း၌ လှည့်လည်နေသည်။

ဒေါက်! ဒေါက်! ဒေါက်!

အရိုးစုစစ်သည်တစ်ဖွဲ့သည် သဲတန္တရာအတွင်း၌ ဖြည်း ညှင်းစွာ လမ်းလျှောက်လျက် ရှိသည်။ သူတို့သည် ကျူးကျော် သူများကို လိုက်ရှာနေပြီး သတ်ပစ်နေကြသည်။

ဝုန်း!

သို့သော် ထိုသို့သောအချိန်၌ မနီးမဝေးမှနေ၍ ခပ်ကျယ်ကျယ် အသံတစ်ခု ထွက်ပေါ်လာသောကြောင့် အရိုးစု စစ်သည် တော်များက ခေါင်းကိုမော့၍ လှမ်းကြည့်လာသည်။ သူတို့သည် သဲမုန်တိုင်းအား မယုံသင်္ကာဖြင့် လှမ်းကြည့် နေကြသည်။ ထိုအရာက ဘာလဲဆိုတာကို သူတို့ မသိကြချေ။

သို့သော် ထိုသဲမုန်တိုင်းက အနီးသို့ ရောက်ရှိလာချိန်တွင် အရိုးစု စစ်သည်တော်များအားလုံး ခြောက်ခြား သွားကြ သည်။ ထိုသဲမုန်တိုင်းထံမှနေ၍ ထိတ်လန့်ဖွယ် အရှိန်အဝါများ လွင့်ပျံ့လျက် ရှိသည်။ ဤပြင်းထန်သော ဖိအားကို ထိုအရိုးစု စစ်သည်တော်များ တောင့်မခံနိုင်ဘဲ ၎င်းတို့၏ အရိုးများပေါ်၌ အက်ရာများ ထင်ဟပ်လာသည်။

ထို့နောက် အရိုးစု စစ်သည်တော်များ တစ်ယောက်ပြီး တစ်ယောက် တဂျွတ်ဂျွတ်မြည်ကာ ကျိုးပဲ့ပျက်စီး သွားလေ တော့သည်။

ငါးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ရာ၊ အယောက်တစ်ထောင်၊ ထို့နောက် ထောင်ချီသော အရိုးစုစစ်သည်တော်များ အားလုံးသည် သဲမုန်တိုင်းကြောင့် ပျက်စီးသွားလေ၏။

သဲမုန်တိုင်းသည်လည်း အရှိန်လျော့လာပြီး တဖြည်းဖြည်း လွင့်ပြယ်သွားကာ အထဲမှ အနက်ရောင် ပုံရိပ်တစ်ခု ထွက်ပေါ် လာသည်။ ထိုသူကား ယဲ့ဖန်ပင်။

“လေနိယာမက တကယ်ကို တမူထူးခြားတာပဲ”

ယဲ့ဖန်၏ မျက်လုံးများသည် အလွန်တရာ စိတ်လှုပ်ရှား မှုကြောင့် တောက်ပ၍နေသည်။

ဤလေနိယာမသည် ခေါင်းပြောင်ငှက်ထံမှ ယဲ့ဖန် ရလိုက်သည့် မဟာနတ္ထိ ရှေးဧကရာဇ်၏ နိယာမ ကျင့်စဉ် တစ်ခု ဖြစ်လေသည်။ လေကို အရှိန်မြင့်စေပြီး လေအား စစ်သည်တော် တစ်ယောက်ကဲ့သို့ အသုံးပြုသည်။ လူသတ်သမားအား မည်သူမျှ မမြင်နိုင်ပေ။

ယဲ့ဖန်တစ်ယောက် လေနိယာမကို ဉာဏ်အလင်းပွင့်၍ သိနားလည်လာချိန်တွင် နတ်ဆိုးနဂါးနှင့် ခေါင်းပြောင် ငှက်တို့က နောက်မှ ခပ်သုတ်သုတ် လိုက်လာကြသည်။ များပြားလှသည့် အရိုးအပိုင်းအစများနှင့် အရိုးစုများကို ကြည့်ပြီး ခေါင်းပြောင်ငှက် မျက်ခုံးပင့်မိကာ ထိတ်လန့် သွားရသည်။

ယဲ့ဖန်အား သူ ဤသင်ပြပေးခဲ့သည်မှာ တစ်နာရီပင် မရှိသေးပေ။ သို့သော် တစ်ဖက်လူက လေနိယာမ၏ တစ်ဝက်နီးပါးကို သိနားလည်သွားလေသည်။ ဤသို့ ကြောက်ခမန်းလိလိ ထိုးထွင်းသိမြင်နိုင်စွမ်းသည် ခေါင်း ပြောင်ငှက် ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

သို့သော် ယဲ့ဖန်၏ အပြုံးကိုမြင်ပြီး ခေါင်းပြောင်ငှက် မျက်မှောင်ကြုတ်သွားပြီး အထင်သေးစွာ ပြောလိုက်သည်။

“ကောင်လေး၊ ဘဝင်မြင့်မနေနဲ့၊ မင်းက နည်းနည်းလေးကိုပဲ သိနားလည်သေးတာ လုံးဝ ဂုဏ်ယူနေစရာ အကြောင်း မရှိဘူး”

ထိုသို့ပြောနေစဉ်တွင် ခေါင်းပြောင်ငှက်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရသည်။ သူ့မျက်နှာ၌ အမှတ်တရများကို ပြန်မြင်ယောင်နေပုံရသည်။

“အဲ့အချိန်တုန်းက ဒီလောကရဲ့ တစ်ဖက်မှာ မဟာနတ္ထိ ရှေးဧကရာဇ်ကို အသရေပျက်အောင် လုပ်ကြံပြောဆိုခဲ့တဲ့ သန်မာတဲ့ ရှေးဦးသိုင်းပညာရှင် တစ်ယောက်ရှိခဲ့တယ်”

“သူက ဂြိုဟ်ပေါင်း ဘီလီယံနဲ့ချီပြီး ကွာဝေးတဲ့နေရာမှာ ရှိနေတာမို့ မဟာနတ္ထိ ရှေးဧကရာဇ် လုံးဝ မသိနိုင်သလို၊ လာနိုင်ဖို့လည်း မဖြစ်နိုင်ဘူးလို့ ထင်မှတ်ခဲ့တယ်”

“ဒါပေမဲ့ ဘယ်သူမှ မထင်မှတ်ထားတာ ဖြစ်လာခဲ့တယ်၊ လေက အဲဒီ့ရှေးဦးသိုင်းပညာရှင် ပြောခဲ့ရဲ့ သမုတ်တဲ့ စကားတွေကို မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ နားထဲရောက်အောင် သယ်ဆောင်လာခဲ့တယ်။ လေကပဲ မဟာနတ္ထိ ရှေးဧကရာဇ် ကို တစ်ဖက်လောကကို ခေါ်ဆောင်သွားခဲ့တာ”

“ဘာပဲဖြစ်ဖြစ် သူလည်း တစ်ချက်တည်းနဲ့ ပွဲချင်းပြီး အသတ်ခံလိုက်ရတာပါပဲ”

*ဘာ*

ထိုစကားက ယဲ့ဖန်ကို အံ့အားသင့်သွားစေသည်။

*မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ လေနိယာမက အမြင့်ဆုံး အဆင့်ကို ရောက်သွားတာနဲ့ ဂြိုဟ်တွေကို ချက်ချင်း ဖြတ်ကျော်နိုင်တယ်တဲ့လား*

ယဲ့ဖန် ထိတ်လန့်သွားသည်ကိုမြင်ပြီး ခေါင်းပြောင်ငှက် ပြုံးလိုက်မိသည်။

“ဘယ်လိုလဲ ကောင်လေး၊ မင်း ကြောက်သွားပြီမလား၊ ဟုတ်တယ်မလား”

လက်ရှိအချိန်ထိ ယဲ့ဖန်ကို သိနားလည်ခဲ့သမျှအရ ခေါင်းပြောင်ငှက်သည် ယဲ့ဖန်၏ ထူးဆန်းမှုနှင့် ကြောက်လန့် ဖွယ် ကောင်းမှုတို့ကြောင့် ထိတ်လန့်ခဲ့ရသည်။ သို့သော် ယခု ယဲ့ဖန် ထိတ်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် သူ အလွန် ကျေနပ်သွားရလေသည်။

ခေါင်းပြောင်ငှက်၏ အမူအရာကိုကြည့်ပြီး ယဲဖ့န်က ပခုံးသာ တွန့်ပြလိုက်သည်။ သူသည် အဓိပ္ပာယ်မရှိသော ငြင်းခုန်မှု များကို မပြုလုပ်ဘဲ လက်ဖြန့်လိုက်သည်။

“ငါ့ကို ဥပဒေသ အပိုင်းအစပေး”

ဂုဏ်ယူနေသော ခေါင်းပြောင်ငှက်၏ မျက်နှာထားက ချက်ချင်း အေးခဲသွားသည်။ နောက်ဆုံးတွင် နာကျင်နေသော မျက်နှာထားနှင့် တောင်ပံအောက်မှနေ၍ ဥပဒေသ အပိုင်း အစကို ယဲ့ဖန်အား ထုတ်ပေးလိုက်သည်။

“ရော့၊ ဒါက မြေကမ္ဘာ ဥပဒေသရဲ့ အစိတ်အပိုင်းပဲ၊ ဟိုအရင် ဒီဘိုးဘေးကြီး အထွတ်အထိပ်ကို ရောက်နေတုန်းက ဒါကို သိနားလည်ဖို့ နှစ်ထောင်ချီပြီး အချိန်ယူခဲ့ရတာ”

“အခုတော့ မင်းက ဒါကို ပေါပေါပဲပဲ ရသွားတာပေါ့”

ထိုသို့ပြောနေချိန်တွင် ခေါင်းပြောင်ငှက်၏ နှလုံးသား၌ သွေးစိမ်းရှင်ရှင် ယိုနေလေ၏။

*မကောင်းဆိုးဝါးမျိုးနွယ်က လူနှစ်ဆယ်ကျော်ကို သတ် လိုက်ရုံနဲ့ သည်မျိုးမစစ်လေးက လေနိယာမနှင့် မြေကမ္ဘာ ဥပဒေသ အပိုင်းအစကိုပါ ရသွားပြီ*

*ငါ ဒါကို တွေးမိတိုင်း သွေးအန်ချင်တော့တာပဲ*

*မြေကမ္ဘာ ဥပဒေသ အပိုင်းအစတဲ့လား*

ယဲ့ဖန်၏ မျက်လုံးများက တော်တော်လေး လင်းလက် သွားသည်။ ထိုဥပဒေသ အပိုင်းအစအား သူ သေချာယူ၍ ဂရုတစိုက် ကြည့်လိုက်သည်။

“ဟမ့်၊ ကောင်လေး ငါ မင်းကို ပြောလိုက်မယ်၊ ဒီမြေကမ္ဘာ ဥပဒေသ အပိုင်းအစက နားလည်ဖို့ သိပ်ခက်တာ၊ နှစ်တစ် ထောင်လောက် အချိန်ယူပြီး မလေ့လာရင် မင်း ဘယ်တော့မှ သိနားလည်လာမှာ မဟုတ်ဘူး”

ထိုသို့ပြောနေချိန်တွင် ခေါင်းပြောင်ငှက်၏ မျက်နှာ၌ အလွန်ဂုဏ်ယူနေဟန်များ ထင်ဟပ်နေ၏။

“ငါလို ဘိုးဘေးတောင်မှ ဉာဏ်အလင်းပွင့်ဖို့ နှစ်တစ်ထောင် တောင် အချိန်ယူခဲ့ရတာ”

*နှစ်တစ်ထောင် အချိန်ယူခဲ့ရတယ်တဲ့လား*

ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး ပြုံးကာ ခေါင်းခါ လိုက်သည်။

“ငါ နောက်ဆုတ်မယ်လို့ ဘယ်သူပြောလဲ”

*ဟမ်*

ခေါင်းပြောင်ငှက် အံ့ဩသွားသည်။

“မင်းက မြေကမ္ဘာ ဥပဒေသကို နားလည်အောင် မလုပ်ချင် ဘူးလား၊ ဘာလဲ၊ မင်းက မြေကမ္ဘာ ဥပဒေသ အပိုင်းအစကို ဝါးစားလိုက်တာနဲ့ နားလည်သွားလိမ့်မယ်လို့ ထင်နေ တာလား”

“မင်းက တကယ်ကို ရေတွင်းထဲက ဖားလိုပဲ”

ထိုသို့ပြောပြီး ခေါင်းပြောင်ငှက်က အထင်သေးသလို ကြည့်နေသည်။ သို့သော် ယဲ့ဖန်က ခပ်တည်တည်ဖြင့် ခေါင်းညိတ်ပြလေသည်။

“ဟုတ်တယ်၊ စားလိုက်မှာ”

ထို့နောက် ယဲ့ဖန်က မြေကမ္ဘာ ဥပဒေသ အပိုင်းအစကို ပါးစပ်ထဲ ပစ်ထည့်ကာ ဝါးစားပစ်လိုက်သည်။ နောက်ဆုံးတွင် ဂလုဟူသော အသံနှင့်အတူ မျိုချလိုက်လေတော့သည်။

ထိုအချိန်၌ ခေါင်းပြောင်ငှက်သည် သွေးအန်လုနီးပါး ဖြစ်သွား ရသည်။

*ီးပဲ၊ တစ်ယောက်ယောက်က ဥပဒေသ အပိုင်းအစကို နည်းနည်းလေးတောင် မကြည့်ဘဲ ဝါးစားပစ်လိုက်တာကို အခုမှ ငါ မြင်ဖူးတာပဲ၊ သဘာဝ စွမ်းအင်အရင်းအမြစ်တွေကို ဖြုန်းပစ်တာပဲ၊ သွေးအဆီအနှစ်ကိုပဲ ဖြုန်းပစ်လိုက်ပြီ*

စက္ကန့်ပိုင်းအတွင်း၌ ခေါင်းပြောင်ငှက်သည် အမွေးထောင် လာပြီး ယဲ့ဖန်ထံ ပြေးဝင်၍ အသည်းအသန် တိုက်ခိုက်ရန် ပြင်လာသည်။ သို့သော် ယဲ့ဖန်က လျစ်လျူရှုကာ ပြုံးနေလေသည်။

“နည်းနည်းခါးပြီးတော့ နည်းနည်းငံသလိုပဲ၊ အရသာက အစုံသုပ်လိုပဲ၊ ပေါ့ချင်ချင်တောင် ဖြစ်နေလာပြီ၊ တော်တော် အရည်အသွေး ညံ့တာပဲ”

ခေါင်းပြောင်ငှက် ကောင်းကင်ပေါ်မှ ပြုတ်ကျမလို ဖြစ်လာသည်။ သူသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်မိသည်။

*ဒါက ထူးခြားတဲ့ ဥပဒေသ အပိုင်းအစလေ*

*နှစ်ပေါင်းများစွာ အချိန်ယူပြီး နားလည်အောင် လုပ်ခဲ့ရတဲ့ ထိပ်တန်းရတနာကွ*

*မင်းက ပီကေကို ဝါးသလို စားလိုက်တယ်တဲ့လား၊ စားလိုက် တာတောင်မှ မင်းက အရသာမကောင်းဘူးလို့ ထင်နေ တယ်ပေါ့လေ*

*ဒီကောင် တော်တော်လွန်နေပြီ*

ယခုအချိန်၌ ခေါင်းပြောင်ငှက်သည် ဒေါသထွက်လွန်းသဖြင့် အသက်ပင် ပြင်းပြင်းရှူနေမိသည်။ ဝိညာဉ်စား ပုရွက်ဆိတ် များကြောင့်သာ မဟုတ်ပါက သူ ယဲ့ဖန်နှင့် သူသေကိုယ်သေ တိုက်ခိုက်မိလောက်သည်။

ထိုစဉ် ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းမှ ထိတ်လန့်ဖွယ် အရှိန်အဝါ တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ခေါင်းပြောင်ငှက်၏ အံ့အားသင့်နေသည့် အကြည့်အောက်၌ သဲကန္တာရသည် ရုတ်တရက် အသွင်ပြောင်းလဲ လာလေသည်။

Chapter 644 သဲနဂါး

ဝုန်း! ဝုန်း! ဝုန်း!

ထိုသို့သောအချိန်၌ ခေါင်းပြောင်ငှက်၏ အံ့အားသင့်နေသော အကြည့်အောက်၌ အရိုးစု သဲကန္တာရတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်။ သဲမှုန်များသည် လျင်မြန်စွာ ရွေ့လျားလာပြီး မြစ်တစ်စင်းကဲ့သို့ ကွေ့ကောက် စီးဆင်း လာသည်။

ပထမ၌ သဲကန္တာရ၏ ဆယ်စတုရန်း မီတာမျှသာ ပြောင်းလဲ သွားသည်။ ထို့နောက် စတုရန်းမီတာ တစ်ရာ၊ စတုရန်းမီတာ တစ်ထောင်။ သဲကန္တာရ၏ ပြောင်းလဲမှုသည် တဖြည်းဖြည်း မြန်သမြန်မြန်ကာ ကျယ်ပြန့်လာလေသည်။

ဤမြင်ကွင်းကြောင့် ခေါင်းပြောင်ငှက်နှင့် နတ်ဆိုးနဂါးတို့ အလွန်ခြောက်ခြားသွားကြသည်။ သူတို့၏ မျက်စိရှေ့မှာပင် ဘေးပတ်လည်ရှိ သဲကန္တရကြီးသည် သဲပင်လယ်အသွင်သို့ ပြောင်းလဲသွား၏။ များပြားလှသည့် သဲမှုန်များသည်လည်း ရေစက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

လက်ရှိအချိန်၌ နတ်ဆိုးနဂါးနှင့် ခေါင်းပြောင်ငှက်တို့သည် ပင်လယ်ပြင်၌ မျောပါ၍ ပြိုလဲပျက်စီးတော့မတတ် ခံစား လိုက်ရသည်။

“ဘယ်လိုလုပ်၊ ဒါ ... ဒါ မြေကမ္ဘာ ဥပဒေသပဲ”

ခေါင်းပြောင်ငှက် အလွန်တရာ ထိတ်လန့်သွားလေသည်။ မြေကမ္ဘာ ဥပဒေသ၏ အစိတ်အပိုင်းကို စုပေါင်းခဲ့သူ တစ်ယောက်အနေဖြင့် ခေါင်းပြောင်ငှက်သည် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် မြေကမ္ဘာ ဥပဒေသ၏ စွမ်းအင်များ ထွက်ပေါ်နေသည်ကို ရှင်းလင်းစွာ ခံစားမိ နေသည်။

နောက်ဆုံးတွင် ဥပဒေသ၏ ထိတ်လန့်ဖွယ် စွမ်းအင်သည် ယဲ့ဖန်၏ ခြေဖဝါးထိ ပျံ့နှံ့သွားသည်။ ယဲ့ဖန်၏ ခြေဖဝါး အောက်မှ သဲကန္တာရတစ်ခုလုံးသည် သူ စေလိုရာအတိုင်း အဆင့်ဆင့် ပျံ့နှံ့လျက် ရှိသည်။

“မကောင်းဆိုးဝါးပဲ၊ ဒီကောင်က ဘယ်လိုကောင်လဲဟ”

ခေါင်းပြောင်ငှက် မျက်ခုံးလှုပ်ကာ သူ၏ငှက်မွေးများသည် ဇောချွေးကြောင့် စိုရွှဲလာသည်။ သူ့ဘဝ တစ်လျောက်လုံး၌ မရေတွက်နိုင်သော ပါရမီရှင် နတ်ဆိုးများကို တွေ့မြင်ခဲ့ ဖူးသည်။ သူတို့သည် အဆင့်တက် မြန်လျင်မြန်သည်၊ သို့မဟုတ် သူတို့၏ တိုက်ပွဲဝင်ခွန်အားများက အံ့ဩဖွယ် ကောင်းလှသည်။

သို့သော် လေနိယာမနှင့် မြေကမ္ဘာ ဥပဒေသတို့ကို အချိန်တို အတွင်း ထိုးထွင်းသိမြင်နားလည်သည့် လူတစ်ယောက်အား တစ်ခါမှ မမြင်ခဲ့ဖူးပေ။

သိုင်းပညာရှင်တစ်ယောက်အတွက် လေနိယာမဖြစ်စေ၊ မြေကမ္ဘာ ဥပဒေသဖြစ်စေကို သိနားလည်အောင် လုပ်ရန် နှစ်ပေါင်းများစွာ လိုအပ်လေသည်။ သို့သော် ယခုအခါတွင် ယဲ့ဖန်အတွက် ထိုပုံမှန်နည်းလမ်းများက မမှန်သလိုပင်။ သူသည် အလွန် အစာခြေဖျက်နိုင်သော စက်တစ်လုံးလိုပင်။ သူ စားသမျှကို ခြေဖျက်လိုက်သည်နှင့် လျင်မြန်စွာ သိနားလည်နိုင်သွားလေသည်။

ခေါင်းပြောင်ငှက် တုန်လှုပ်နေစဉ်တွင် အရိုးစု သဲကန္တာရ တစ်ခုလုံး အခြေအနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ သည်။ သဲလှိုင်းလုံးများသည် ကန္တရာအတွင်း၌ ဆူနာမီ လှိုင်းလုံး များကဲ့သို့ ရိုက်ပုတ်ရွေ့လျားလာသည်။ အချိန်တို အတွင်း မှာပင် သဲကန္တာရတစ်ခုလုံးအား လှိုင်းလုံးများဖြင့် လွှမ်းမိုး သွားသည်။

“ရပ်၊ မြန်မြန် ... ရပ်လိုက်”

ခေါင်းပြောင်ငှက်နှင့် နတ်ဆိုးနဂါးတို့ ထိတ်လန့်ကာ မျက်နှာဖြူရော်သွားကြသည်။ နှစ်ယောက်စလုံးသည် သဲလှိုင်းလုံးများကြောင့် နစ်မြုပ်လုနီးပါး ဖြစ်သွားကြသဖြင့် ခေါင်းပြောင်ငှက်နှင့် နတ်ဆိုးနဂါးတို့ ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားလေသည်။

သို့သော် ယဲ့ဖန်သည် မြေကမ္ဘာ ဥပဒေသ၏ အသိပင်လယ်ထဲ နစ်မြုပ်နေသကဲ့သို့ မျက်လုံးကို မှိတ်ထားပြီး အော်ဟစ် သံများကို မကြားချေ။

“မြေကမ္ဘာက အရာအားလုံးကို ဖွဲ့စည်းနိုင်တယ်”

“မြေကမ္ဘာက စိတ်ဝိညာဉ် အားလုံးကို စိတ်စွမ်းအင် ပေးစွမ်း နိုင်သလို အရာအားလုံးကို ဖျက်ဆီးနိုင်တယ်”

သူ့စိတ်ထဲတွင် မြေကမ္ဘာ ဥပဒေသများ ထင်ဟပ် လျက်ရှိသည်။ ထို့နောက် သူသည် ခြေတစ်ဖက်ကိုမြှောက်၍ သဲကန္တာရ အတွင်းသို့ ခြေလှမ်းလိုက်သည်။ အရိုးစု သဲကန္တာရ အတွင်းသို့ ခြေချလိုက်သည်နှင့် ရုတ်တရက် အရိုးစု သဲကန္တရ အတွင်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံသည် စကြဝဠာအတွင်းမှ သားရဲကောင်ကြီး တစ်ကောင် ဒေါသထွက်ရာမှ ထွက်ပေါ်လာသည့်အသံနှင့် ဆင်တူလေသည်။ ထိုအသံလှိုင်းကို ကြားရုံနှင့် ခေါင်းပြောင် ငှက်နှင့် နတ်ဆိုးနဂါးတို့ တုန်ယင်သွားကြသည်။

ထို့နောက် သူတို့နှစ်ယောက်၏ ထိတ်လန့်နေသော အကြည့် အောက်မှာပင် အရိုးစု သဲကန္တရတစ်ခုလုံး အုံကြွ လာကာ သဲမှုန်များက ကောင်းကင်ယံသို့ လွင့်မျောသွားပြီး ဧရာမ မြွေတစ်ကောင်အဖြစ် အသွင်ပြောင်း လာ၏။

ထို့နောက် ပိုပိုများလှသည့် သဲမှုန်များက မြေ၏ကိုယ်ထံသို့ စုဝေးရောက်ရှိလာကာ မြွေ၏ အရွယ်အစားက ပို၍ ကြီးမားလာပြီး လုံးပတ်၊ အလျားသည်လည်း ကြီးသထက် ကြီးလာသည်။

ဆယ်မီတာ၊ မီတာတစ်ရာ၊ မီတာတစ်ထောင်၊ မီတာ တစ်သောင်း။

ဤမြင်ကွင်းကြောင့် ခေါင်းပြောင်ငှက်နှင့် နတ်ဆိုးနဂါးတို့ အလွန်အမင်း ကြောက်လန့်သွားကြသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ဧရာမ မြွေတစ်ကောင်မှ မီတာပေါင်းများစွာ ရှည်လျားသည့် နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းလာလေသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ၎င်းသည် ဆက်လက်၍ လျင်မြန်စွာ ကြီးထွားနေခြင်းပင်။

“ဘာက … ဘယ်လို၊ ဒီမြေကမ္ဘာ စွမ်းအင်က အဖြူရောင် ဂြိုဟ်က လေဟာနယ်ဖိအားကို လုံးဝ ဥပေက္ခာ ပြုထား နိုင်ပါလား”

နတ်ဆိုးနဂါး တုန်လှုပ်သွားသည်။ ယခင်က သူသည် သူ၏ ခန္ဓာကိုယ်အား ဧရာမ နဂါးကိုယ်အဖြစ်သို့ ပြောင်း၍ ပျံသန်းရန် ကြိုးစားခဲ့သည်။ သို့သော် ထိုပြင်းထန်လှသည့် ဖိအားကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလုနီး ဖြစ်သွားလေသည်။ နောက်ဆုံးတွင် မီတာဒါဇင်မျှသာရှိသည့် အရွယ်အစားသို့ ပြောင်းလိုက်ရသည်။

သို့သော် ယခုအခါတွင် ထိုဧရာမ သဲနဂါးသည် ယဲ့ဖန်ကြောင့် မီတာထောင်သောင်းချီ ရှည်လျားသော နဂါးအဖြစ်သို့ ဖွဲ့စည်းနေသည်။ သဲကန္တာရတစ်ခုလုံးမှ သဲမှုန်များအားလုံး လုံးဝပျောက်ကွယ်သွားပြီး ဧရာမ နဂါးအဖြစ်သို့ ဖွဲ့စည်း ပြောင်းလဲသွား၏။

ဤသည်မှာ အစသာ ရှိသေးသည်။ သဲကန္တာရအတွင်းရှိ အရိုးများသည်လည်း ဧရာမသဲနဂါးထံသို့ ရောက်ရှိသွားပြီး အရိုးကြေးခွံများအဖြစ်သို့ ပြောင်းလဲသွားသည်။ နောက်ဆုံး တွင်မူ အရိုးစု သဲကန္တာရတစ်ခုလုံး လုံး ဝပျောက်ကွယ် သွားလေတော့သည်။

ယင်းနေရာ၌ ဧရာမနဂါးတစ်ကောင်က တောင်တစ်လုံးကဲ့သို့ တည်ရှိနေ၏။ ၎င်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုနဂါး၏အကြည့်အောက်၌ နတ်ဆိုးနဂါးသာမက ခေါင်း ပြောင်ငှက်ပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်း သလို ခံစားလိုက်ရသည်။ ထိုနဂါးက ပါးစပ်ဟလိုက်ရုံနှင့် သူတို့ နှစ်ယောက်လုံးကို ဝါးမျိုနိုင်လေ၏။

ထိုစဉ် ရုတ်တရက် ယဲ့ဖန် မျက်လုံးဖွင့်လိုက်သည်။ အေးတိ အေးစက် အသံကလည်း ရုတ်တရက် ထွက်ပေါ် လာ လေသည်။

“ကျုံ့လိုက်စမ်း”

ထိုစဉ် ယဲ့ဖန်၏စကားအဆုံး၌ ဧရာမ နဂါးကြီးသည် ရုတ်တရက် ခန္ဓာကိုယ် ကျုံ့လာသည်။ သဲများ၏ ပွတ်တိုက် သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။ ထို့နောက် မီတာတစ်သောင်းကျော်မှ တစ်ထောင်ကျော်၊ ထို့နောက် တစ်ရာကျော်။ နောက်ဆုံးတွင် မီတာသောင်းချီ ရှည်လျားသည့် ဧရာမ သဲနဂါးကြီးသည် ယဲ့ဖန်၏ အမိန့် အောက်၌ တကယ်ပဲ ကျုံ့ဝင်သွားပြီး တစ်မီတာမျှသာ ရှည်လျားသည့် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းသွား လေသည်။

၎င်း၏ကိုယ်ပေါ်မှ အရိုးစု ကြေးခွံများသည် အလွန် ထက်ရှလှ၏။ အသာလေး ဝှေ့လိုက်ရုံနှင့်တင် အရာ အားလုံးကို ထိုးဖောက်နိုင်နေသည်။ ဤမြင်ကွင်းကြောင့် ခေါင်းပြောင်ငှက် မှင်တက်ကာ တုန်လှုပ်လာလေသည်။

“ငါ သိလိုက်ပြီ၊ ဒီကောင်က မြေကမ္ဘာ ဥပဒေသ အပိုင်းအစ တစ်ခုလုံးကို ပြီးပြည့်စုံတဲ့အထိ လေ့လာပြီးပြီပဲ။ သဲကန္တာရ တစ်ခုလုံးကို နတ်ဘုရားလက်နက်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပစ်လိုက်တာပဲ၊ သူ … ဘယ်လိုလုပ် သူ ဒီလို လုပ်တတ် သွားတာလဲ”

ခေါင်းပြောင်ငှက်သည် ထိုနဂါးသည် ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသဖြင့် ဇောချွေးပြန်လာသည်။ ထိုနဂါးသည် အရိုးစု သဲကန္တာရတစ်ခုလုံးကို သန့်စင်၍ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ၎င်း၏ အရိုးကြေးခွံ သည်လည်း များစွာသော သိုင်းပညာရှင်များ၏ အလောင်းကို သန့်စင် ထားခြင်း ဖြစ်လေသည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းသည့် အရာအား မျက်ဝါးထင်ထင် မြင်နေရခြင်း ဖြစ်သည်။

ထိုအခါတွင် ယဲ့ဖန်သည် အနည်းငယ် ကျေနပ်သလို ပြုံးသွားသည်။ ယခုတစ်ခေါက်တွင် သူ အတော်လေး သင်ယူလေ့လာခဲ့ရသည်။ လေနိယာမ၏ တစ်ဝက်ခန့်ကို သိနားလည်ခဲ့ရုံသာမက မြေကမ္ဘာ ဥပဒေသ၏ အပိုင်းအစကိုလည်း ထိုးထွင်းသိမြင်ခဲ့ကာ နဂါးတစ်ကောင်ကိုပါ ဖန်တီးနိုင်ခဲ့သည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ ယဲ့ဖန်သည် သူ့ကိုယ်သူ အဆင့်ချိုးဖောက်နိုင်တော့မည့် အနေအထားသို့ ရောက် နေပြီဟု ခံစားမိနေသည်။ သူ ဆန္ဒရှိသည့် အချိန်တိုင်း နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ အချိန်မရွေး အဆင့် တက်နိုင်ပြီ ဖြစ်သည်။

“ပါရမီရှင် သုံးယောက်၊ မိစ္ဆာမျှော်စင်၊ အဖြူရော င်နတ်ဘုရား”

“မင်းတို့ အဆင်သင့်ပဲလား”

ယဲ့ဖန် အသာပြုံး၍ မြေကြီးကို ခြေတစ်ဖက်ဆောင့် လိုက်သည်။

ဝှစ်!

မြေဆီလွှာတစ်ခုလုံး တွန့်လိမ်လှုပ်ရှားလာသည်။ ယဲ့ဖန်၊ နတ်ဆုးနဂါးနှင့် လေထဲရှိ ခေါင်းပြောင်ငှက်တို့သည် တစ်ချက်လေးပင် လှုပ်စရာ မလိုလိုက်ပေ။ သူတို့ ခြေဖဝါးအောက်မှ မြေဆီလွှာက သူတို့အား မိစ္ဆာ မျှော်စင်ထံသို့ လျင်မြန်စွာ ခေါ်ဆောင်သွားသည်။ အရှိန်ကား အလွန်အမင်း လျင်မြန်လွန်းလှသည်။

…

ထိုသို့သောအချိန်၌ နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ် မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်တို့မှ ထိပ်တန်းပါရမီရှင် တို့သည် ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်က သူတို့ကို ပစ်မှတ်ထားနေမှန်း မသိကြချေ။

Chapter 645 ပါရမီရှင် သုံးယောက်

မိစ္ဆာမျှော်စင်၏ တစ်မိုင်ပတ်လည်အတွင်း၌ လူရိပ်များစွာ ဖြတ်သန်းနေကြသည်။ ထိုသူများသည် မျိုးနွယ်စု သုံးခုလုံးမှ ထိပ်တန်းပါရမီရှင်များ ဖြစ်လေသည်။ သူတို့ထဲမှ အားအနည်းဆုံးသူပင် ဘုရင်တစ်ပိုင်းအဆင့် ရှိသည်။

အင်မော်တယ်ဘုရင်၊ နတ်ဘုရားဘုရင်၊ မကောင်းဆိုးဝါး ဘုရင်အဆင့်များနှင့် ပြည့်နှက်နေ၏။ ထိုသူထဲမှ မည်သူမဆို ဂြိုဟ်နယ်မြေတစ်ခုတွင်း၌ လွှမ်းမိုးနိုင်ကြလေသည်။

သို့သော် ယခုအချိန်၌ မျိုးနွယ်စုသုံးခုလုံး၏ ဘုရင် အဆင့်များသည် ကြောက်လန့်ဟန်များ ပြနေပြီး မိစ္ဆာ မျှော်စင်နှင့် အနီးဆုံးဖြစ်နေသည့် ခပ်လှမ်းလှမ်းမှ လူငယ် လေးကို လှမ်းကြည့်နေကြသည်။

ထိုလူငယ်လေး၏ မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်၍ မျက်လုံးများက တောက်ပနေသည်။ ထိုလူငယ် လေးသည် အလွန်ချောမောသည့် သက်ရှိ လူသား အရုပ်လိုပင်။

အထူးသဖြင့် သူ၏မျက်ခုံးကြား၌ စိတ်နှလုံး တုန်လှုပ် စေလောက်သည့် အလင်းတန်းတစ်ခု ဖြာထွက် နေသည်။ ထိုအလင်းတန်းသည် ကောင်းကင်ဘုံ၏ ဂုဏ်ယူစရာ တစ်ခုလိုပင်။

သူသည် နတ်ဘုရားမျိုးနွယ်မှ နံပါတ်တစ် ပါရမီရှင် လောဝူကျိ ဖြစ်လေသည်။ အရှင် ဖူရုန်၏ သားလည်း ဖြစ်လေသည်။ သူ၏ တိုက်ပွဲဝင်ခွန်အားသည် နတ်ဘုရား အလယ် အလတ် အဆင့်ကို ယှဉ်နိုင်သည်။ လက်ရှိအချိန်၌ နတ်ဘုရားမျိုးနွယ်မှ ပါရမီရှင်များသည် လောဝူကျိနောက်မှ လိုက်ပါလာ ကြလေသည်။

လောဝူကျိ ဦးဆောင်လာသော နတ်ဘုရားမျိုးနွယ် ပါရမီရှင် အဖွဲ့၌ လူပေါင်းရာချီ၍ ပါရှိသည်။ ထိုရာချီသော ပါရမီရှင် များသည် မျိုးနွယ်စုမှ ဩဇာကြီးသောသူများ၏ သားသမီး များ ဖြစ်လေသည်။ ယခုအချိန်၌ သူတို့သည် လောဝူကျိ၏ ညီငယ် ဖြစ်ချင်နေကြလေသည်။

“ကြည့်စမ်း၊ သခင်လေး ရွှမ်ယွမ်လည်း ဒီရောက်လာပြီ”

တအံ့တဩ ပြောလိုက်သည့်အသံကြောင်း အားလုံး နောက်လှည့် ကြည့်လိုက်ကြသည်။ လောဝူကျိတောင်မှ မျက်မှောင်ကြုတ် သွားလေသည်။ ရွှမ်ယွမ်သခင်လေးက သူ့ကို အလွန် ထိတ်လန့်အောင် လုပ်နိုင်မှန်း သိသာလှသည်။

အားလုံး၏ အကြည့်အောက်၌ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က ကောင်းကင်ဘုံမှ အင်မော်တယ် တစ်ပါးကဲ့သို့ ရောက်ရှိလာသည်။

“ဟားဟားဟား … အစ်ကိုလော မတွေ့ရတာ ကြာပြီနော်၊ ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကတည်းက ခင်ဗျား ကျန်းမာမယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

ကျယ်လောင်သော ရယ်မောသံနှင့်အတူ အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် အနားသို့ ရောက်ရှိလာသည်။ သူသည် ပန်းချီကားထဲမှ ထွက်လာသော ပညာရှင် တစ်ယောက်လိုပင်။

သို့သော် ထိုအဖြူရောင်ဝတ်စုံနှင့် လူငယ်လေးကို မြင် သည်နှင့် လူတိုင်း ရင်တုန်လာကြသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်း၌ ကြောက်မက်ဖွယ် သားရဲတစ်ကောင် ဝင်နေသည်ဟု ထင်မှတ်မှားရသည်။

“သခင်လေး ရွှမ်ယွမ်၊ ကျန်းရှီရှန်းရဲ့ အကြီးဆုံးတပည့်။ ဟိုအရင်နှစ်တွေတုန်းက သူ နာမည်ကျော်ကြားလာပြီတော့ ပုန်ကန်တဲ့ အဓိက အင်မော်တယ်သုံးပါးနဲ့ အဓိက အင်မော် တယ် ဘုရင် အထွတ်အထိပ် ရှစ်ယောက်ကို အနိုင်ယူခဲ့ တယ်လေ။ အဲ့အချိန်ကတည်းက သူ့နာမည်က အင်မော်တယ် နယ်မြေတစ်ခုလုံးမှာ ကျော်ကြား လာခဲ့တာပဲ”

“အခု အဲ့လောက်အချိန်တွေ ကြာပြီးနောက်ပိုင်း သခင်လေး ရွှမ်ယွမ်က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလာလဲ ငါ မသိတော့ဘူး”

ယခုအချိန်၌ အင်မော်တယ်မျိုးနွယ်မှ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးကို မြင်ပြီး ဘေးပတ်လည်မှ လူများအားလုံး ကြက်သီးမွေးညင်း ထနေကြသည်။ သူသည် လောဝူကျိနှင့် ယှဉ်နိုင်သည့် ထိပ်တန်းပါရမီရှင် တစ်ယောက်ပင် မဟုတ်ပါ တကား။

သို့သော် လောဝူကျိသည် ဉာဏ်ထက်၍ အရည်အသွေးကို ထုတ်ပြတတ်ခြင်းက သားရဲတို့၏ ဘုရင်နှင့် သဏ္ဌာန် တူသည်။ ရွှမ်ယွမ် သခင်လေးကမူ ထက်မြက်၍ သည်းခံ ချုပ်တည်းနိုင်ပုံက ကြောက်စရာကောင်းသည့် အဆိပ်ပြင်း သောမြွေတစ်ကောင်နှင့် တူလေသည်။

ရွှမ်ယွမ်သခင်လေး၏ အပြောကြောင့် လောဝူကျိ မျက်မှောင် ကြုတ်သွားသည်။

“ရွှမ်ယွမ်၊ မင်းက တစ်ခြားသူကို လှောင်ပြောင်သရော်ဖို့ လာတာလား”

ရန်သူ၏ ဤသို့သော မျက်နှာပေးမျိုးကြောင့် လောဝူကျိ အသာတကြည် လွှတ်မပေးလိုက်နိုင်ပါ။ သူ့စကားကြောင့် ရွှမ်ယွမ်သခင်လေးက အသာပြုံး၍ ခေါက်ယပ် တောင်ကို ဖြန့်ကာ ပြန်ပြောလေသည်။

“ငါ နတ်ဘုရားမျိုးနွယ်က နံပါတ်တစ် ပါရမီရှင် သက်ရှိ ထင်ရှား ရှိသေးလားလို့ လာကြည့်ရုံ သက်သက်ပါပဲ”

“အခု မင်း အသက်ရှင်နေသေးတာကို တွေ့ရတော့ ငါ စိတ်ချသွားပြီ၊ တကယ်တမ်းကျတော့ မင်းအသက်ကို နုတ်ယူ နိုင်တာ ငါပဲ ရှိတယ်လေ”

*ဟာ*

*တစ်ယောက်နဲ့တစ်ယောက် ချကြတော့မလို့လား*

ထိုသို့သောအချိန်၌ လောဝူကျိနှင့် ရွှမ်ယွမ် သခင်လေး တို့ကြား၌ မုန်တိုင်းထန်လာလေသည်။ မျိုးနွယ်စု သုံးခုသည် အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြလေသည်။ အထူး သဖြင့် မျိုးနွယ်စု သုံးခုမှ နံပါတ်တစ် ပါရမီရှင်များ အတွက်မူ သူသေကိုယ်သေ တိုက်ပွဲပင်။ တစ်ဖက်ပြိုင်ဘက်ကို သတ်နိုင်မှသာလျင် မျိုးနွယ်စု အားလုံးမှ အရှင်သခင်များ၏ အာရုံစိုက်မှုကို ရရှိမည် ဖြစ်သည်။

လက်ရှိအချိန်၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များသည် လောဝူကျိနှင့် ရွှမ်ယွမ်သခင်လေးတို့၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး ကြက်သီးမွေးညင်း ထလာကြသည်။

သို့သော် ထိုသို့သောအချိန်၌ မိစ္ဆာမျှော်စင်နားလောက်မှ ဆည်းလည်းသံကဲ့သို့ ညုတုတုရယ်သံထွက်ပေါ်လာပြီး မိစ္ဆာ လေပြင်း တိုက်ခတ်လာသည်။

“ခစ်ခစ် … နံပါတ်တစ် နတ်ဘုရားသားတော်နဲ့၊ အင်မော်တယ် မျိုးနွယ်က နံပါတ်တစ် သခင်လေး၊ ပါရမီရှင် နှစ်ယောက်က ကြက်တိုက်ပွဲက ကြက်ဖကြီးတွေလို အချင်းချင်း စိုက်ပဲ ကြည့်နေကြတယ်၊ ချလည်းမချကြဘူး၊ ရယ်ချင်စရာ ကောင်း လိုက်တာ”

ထိုအသံကြောင့် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး လည်ကိုဆန့်၍ လိုက်ရှာကြသည်။ အသံပိုင်ရှင်ကို ရှာရခက် နေကြလေသည်။

လောဝူကျိနှင့် သခင်လေး ရွှမ်ယွမ်တို့တောင်မှ မသိမသာ မျက်နှာပျက် သွားသည်။ လောဝူကျိက ရုတ်တရက် မြေကြီးကို ငုံ့ကြည့်လိုက်သည်။ မြေဆီလွှာတစ်ခုလုံး အက်ကွဲ သွားပြီး နီးကပ်လာသည့်မိစ္ဆာလေပြင်းသည်လည်း ချက်ချင်း လွင့်ပြယ်သွားသည်။

သခင်လေး ရွှမ်ယွမ်ကိုယ်ပေါ်မှ အင်မော်တယ် အလင်း တန်းများ ထွက်ပေါ်လာသည်။ နီးကပ်လာသည့် မိစ္ဆာလေ ပြင်းသည်လည်း ထိုအလင်းတန်းအောက်၌ ပျောက်ကွယ် သွားလေ၏။

ထိုမိစ္ဆာလေပြင်း ပျောက်ကွယ်သွားချိန်၌ အလွန်တရာ ညှို့ငင် နိုင်သည့် မကောင်းဆိုးဝါး အမျိုးသမီးများနှင့် ဒါဇင် ကျော်သော မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်များ ထွက် ပေါ်လာသည်။

အရှေ့ဆုံးမှ အလွန်တရာ နှစ်လိုဖွယ်ကောင်းသော မြေခွေး အမျိုးသမီး၏ အမြီးကိုးချောင်းလုံးသည် သွေးရောင်ကဲ့သို့ ရဲရဲနီနေ၏။ သူမသည် မကောင်းဆိုးဝါးမျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင် ကိုးမြီးမြေခွေးမလေး ဖြစ်လေသည်။

သူမ ထွက်ပေါ်လာသည်နှင့် သူမကိုယ်မှနေ၍ ညှို့ဓာတ် ရနံ့များ ပျံ့လွင့်လာသည်။ ထိုရနံ့ကို ရှူရှိုက်မိသည့် ဘေးပတ် လည်မှ ပါရမီရှင်တိုင်း အသက်ရှူသံ ပြင်းလာပြီး မျက်နှာနှင့် နားရွက်တို့ နီမြန်းလာလေသည်။

လူတိုင်းသည် အမျိုးသမီးများက နှစ်လိုဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန်ဖြင့် သူတို့ထံသို့ လှမ်းလာနေသည်ကို မြင်ယောင်နေကြသည်။ ပါရမီရှင်တိုင်း သွေးပွက်ပွက်ဆူကာ မျက်လုံးများ ဝင်းလက်လာသည်။

သူတို့ကိုယ်တွင်းမှ နတ်ဘုရားစွမ်းအင်နှင့် အင်မော်တယ် စွမ်းအင်တို့သည် ဆက်တိုက် ဖရိုဖရဲဖြစ်ကာ အရေပြားမှာ ဆုတ်ပြဲ၍ သွေးထွက်စ ပြုလာသည်။ သူတို့အားလုံး အချိန် မရွေး ပေါက်ကွဲတော့မည်ဟု ထင်မှတ်မှား ရသည်။

“ကိုးမြီးမြေခွေးမလေး”

ဤမြင်ကွင်းကိုကြည့်ပြီး လောဝူကျိသာမက သခင်လေး ရွှမ်ယွမ်ပါ မျက်နှာပျက်ယွင်းသွားသည်။ ပါရမီရှင် နှစ် ယောက်လုံး ထိတ်လန့်နေကြသည်။

ဝုန်း!

ရုတ်တရက် သူတို့နှစ်ယောက်ထံမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ဘေးပတ်လည်မှ ပုံရိပ်ယောင်များကို ဖျက်စီးပစ်လိုက်သည်။

ထိုအခါတွင်မှ ပါရမီရှင်တိုင်း ပုံရိပ်ယောင်ကမ္ဘာထဲမှ လွတ် မြောက်ကာ အသက်ရှူနှုန်း မမှန်ဖြစ်ကာ ဇောချွေးပျံ လာကြ သည်။ သူတို့မျက်နှာ၌ အလွန် ထိတ်လန့် ကြောက်ရွံ့ နေဟန်များ ထင်ဟပ်နေသည်။

လောဝူကျိနှင့် သခင်လေး ရွှမ်ယွမ်တို့ကြောင့်သာ မဟုတ် ပါက သူတို့အားလုံး ပုံရိပ်ယောင်ထဲ နစ်မြော၍ အမှန် တကယ် သေသွားလောက်သည်။

“ကိုးမြီးမြေခွေးမလေး၊ မင်း တော်တော်လွန်သွားပြီ”

လောဝူကျိ မျက်နှာမကောင်းပေ။ သခင်လေး ရွှမ်ယွမ်က ကိုးမြီးမြေခွေးမလေး၏ အနောက်သို့ တစ်ချက်လှမ်းကြည့်၍ ပြန်ပြောလိုက်သည်။

“ဟာ … ကိုးမြီးမြေခွေးမလေး၊ မင်း ဘာလို့ လူနည်း နည်းလေးပဲ ခေါ်လာတာပဲ၊ မင်းရဲ့ကြံ့ကြီးရော ဘယ်မလဲ။ သူက မင်း သဘောအကျဆုံး နောက်လိုက်ပဲကို”

သခင်လေး ရွှမ်ယွမ်၏ စကားကြောင့် ဘေးနားမှ လော ဝူကျိနှင့် ကျန်ပါရမီရှင်များ မှင်တက်သွားကြသည်။

*ဟုတ်သားပဲ*

ထိုအခါတွင်မှ ဤမကောင်းဆိုးဝါးမျိုးနွယ်မှ မြေခွေးမလေး ခေါ်လာခဲ့သည့်လူများထဲ၌ လူနှစ်ဆယ်မျှ လျော့နေသည်ကို သတိထားမိသွားကြသည်။

ထိုစကားကိုကြားသည်နှင့် ကိုးမြီးမြေခွေးမလေးသည် မသိ မသာ မျက်မှောင်ကြုတ်သွားပြီး သခင်လေး ရွှမ်ယွမ်အား မကြည်မလင်ဖြင့် လှမ်းကြည့်လိုက်သည်။

“နင်တို့နှစ်ယောက်က အဲ့လိုပြောရဲတဲ့အထိ မျက်နှာပြောင် တိုက်ရဲသေးတယ်ပေါ့လေ”

“ငါ့လူနှစ်ဆယ်ကျော်လောက် မဟူရာ တောအုပ်ထဲမှာ အသတ်ခံလိုက်ရတယ်။ ပြောစမ်း၊ နင်တို့နှစ်ယောက်ထဲက ဘယ်သူလုပ်တာလဲ”

ထိုစကားကြောင့် အားလုံး မျက်နှာပျက်သွားသည်။

*လူနှစ်ဆယ်ကျော်တဲ့လား*

ဤသို့ခရီးထွက်လာသည့် မျိုးနွယ်စုသုံးခုလုံးမှ ပါရမီရှင် တိုင်းသည် စဦး ဘုရင်အဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် မကောင်းဆိုးဝါးမျိုးနွယ်မှ လူနှစ်ဆယ်ကျော် အသတ်ခံ လိုက်ရခြင်းက တကယ်ပင် ခြောက်ခြားဖွယ် ကောင်း လှသည်။

ဤနေရာ၌ မည့်သည့် ထိခိုက်ဒဏ်ရာမှ မရဘဲ မကောင်းဆိုး ဝါးမျိုးနွယ်မှ ဘုရင်အဆင့် နှစ်ဆယ်ကျော်ကို သတ်နိုင် သည့်သူသည် လောဝူကျိနှင့် သခင်လေး ရွှမ်ယွမ်မှလွဲ၍ အခြားမရှိပေ။

*ဒီလိုဆို…*

ထိုစဉ် အားလုံး၏ အကြည့်များက လောဝူကျိနှင့် သခင်လေး ရွှမ်ယွမ်ထံ ကျရောက်လာသည်။ သို့သော် ထိုနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်၍ မျက်မှောင်ကြုတ် နေကြ၏။

“ဒါ ငါနဲ့မဆိုင်ဘူး”

လောဝူကျိ၏ စကားသံက အေးစက်လွန်းလှသည်။ သခင်လေး ရွှမ်ယွမ်သည်လည်း ပခုံးတွန့်၍ ပြောလိုက်သည်။

“ငါ မသတ်ဘူး”

*ဘာ*

သူတို့နှစ်ယောက်၏ အငြင်းစကားကြောင့် ကိုးမြီး မြေခွေး မလေးနှင့် ကျန်လူများအားလုံး သုန်မှုန်သွားကြသည်။ သူတို့ နှစ်ယောက်သည် နံပါတ်တစ် ပါရမီရှင်များ ဖြစ်သောကြောင့် အမှန်တကယ် သတ်ခဲ့ပါက ငြင်းစရာ အကြောင်းမရှိပေ။

ယခုအခါတွင် ယတိပြတ် ပြောနိုင်သည့်အရာမှာ တစ်ခု တည်းသာ ရှိတော့သည်။ ဤသည်မှာ အဖြူရောင်ဂြိုဟ်ပေါ်၌ ပါရမီရှင်သုံးယောက်အပြင် အခြားနတ်ဆိုးတစ်ကောင်လည်း ရှိနေပြီဟူသည့် အချက်ပင်။

စာစဉ် (၄၃) ဤတွင် ပြီးပါပြီ။

All Chapters