← Chapters

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

Chapter 649 လတ်စသက်တော့ … သူ ဖြစ်နေတာကိုး

မိစ္ဆာမျှော်စင်အတွင်း၌ နံပါတ်တစ် ပါရမီရှင် သုံးယောက် ဖြစ်သော လောဝူကျိ၊ သခင်လေးရွှမ်ယွမ်နှင့် ကိုးမြီး မြေခွေးမလေးတို့ ဦးဆောင်သည့် အဖွဲ့များသည် အရိုးစုများနှင့် တိုက်ခိုက် နေကြသည်။

ရွှစ်! ရွှစ်! ရွှစ်!

ထိုအရိုးစုများသည် အားလုံး ရွှေအိုရောင်တောက်နေ၏။ ခြေ၊လက်၊ ဦးခေါင်းခွံနှင့် နံရိုးများသည် ရွှေရောင် တောက်ပ နေ၏။ ထိုအရိုးစုများထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လျက် ရှိသည်။ ၎င်းတို့သည် အသက်ရှိနေသကဲ့သို့ မိစ္ဆာမျှော်စင်အတွင်း၌ လှုပ်ရှားသွားလာနေကြသည်။

၎င်းတို့၏ တိုက်ကွက်တိုင်းက ပါရမီရှင်တိုင်းကို ထိခိုက် ဒဏ်ရာ ရစေသည်။

“သေစမ်း မိစ္ဆာမျှော်စင်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့လို့ သူ့အရိုးတွေက ဒီလောက် ကြောက်စရာ ကောင်းနေ လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

လောဝူကျိနှင့် အခြားသူများ အံ့ဩနေကြသည်။ သူတို့လူများ အပြင်းအထန် ဒဏ်ရာရသွားကြသည်ကိုမြင်ပြီး ပါရမီရှင် သုံးယောက်လုံး မျက်နှာ ပျက်ယွင်းနေလေသည်။

“နတ်ဘုရားမျိုးနွယ်က ၉၈ယောက်၊ အင်မော်တယ် မျိုးနွယ်က ၈၇ယောက်နဲ့ မကောင်းဆိုးဝါးမျိုးနွယ်က ၆၅ ယောက် ဝင်လာနိုင်တယ်”

“ဒီလူတွေကပဲ မိစ္ဆာမျှော်စင်ထဲ ဝင်နိုင်တဲ့ အရည်အချင်း ရှိပုံရတယ်”

လောဝူကျိက လူဦးရေကို ရေတွက်ကြည့်ကာ ခေါင်းမခါဘဲ မနေနိုင်ဖြစ်ကာ သက်ပြင်းချလိုက်မိသည်။ ယခုအကြိမ်၌ ပါရမီရှင် သုံးယောက်နှင့်အတူ အားလုံး အတူလာကြ သော်လည်း ငါးလွှာ၌ လူနှစ်ရာကျော်သာ ရှိလေသည်။ ဤမိစ္ဆာမျှော်စင်က ခက်ခဲလှကြောင်း မြင်နိုင်ပေသည်။

ဝုန်း!

ထိုစဉ် မိစ္ဆာမျှော်စင်၏ သုံးလွှာမှ နတ်ဆိုးနတ်ဘုရားများ၏ နံရိုးချောင်း ၁၂၅ ချောင်းသည် ရုတ်တရက် အသက်ဝင်ကာ ပေါင်းစပ်လာကြပြီး တဂျွတ်ဂျွတ် အသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခန္ဓာကိုယ် အောက်ပိုင်း သုံးပုံတစ်ပုံသာရှိသော အရိုးစုတစ်ခု ဖြစ်လာလေသည်။ ထိုအရိုးစုထံမှ ထိတ်လန့်ဖွယ် အရှိန် အဝါများ ပျံ့နှံ့ထွက်ပေါ်လျက် ရှိသည်။

“အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေ သေပေတော့”

ထိုသုံးပုံတစ်ပုံသာ ရှိသည့် နတ်ဆိုးခန္ဓာကိုယ်မှ ခြောက်ခြား ဖွယ်အသံ ထွက်ပေါ်လာသည်။ ထို့နောက် ရှေ့သို့လှမ်းလာပြီး လောဝူကျိအပါအဝင် ပါရမီရှင် နှစ်ရာကျော်အား အပြင်း အထန် တိုက်ခိုက်လေသည်။

လက်ရှိအချိန်၌ သုံးပုံတစ်ပုံသာ ရှိသည့် နတ်ဆိုးခန္ဓာကိုယ်မှ အရိုးများသည် သိုးအုပ်ထဲ ဝင်ဆွဲသည့် ကျားတစ် ကောင်လိုပင်။ အရိုးတစ်ခုချင်းစီတိုင်းက ပျံဝဲ၍ ပါရမီရှင် တိုင်းကို တိုက်ခိုက်နေကြသည်။ အရိုးကျိုးသံများနှင့် သွေးများ ပန်းထွက်လာသည့် အသံများက သုံးလွှာ၌ ပြည့်နှက် နေ၏။

သုံးပုံတစ်ပုံသာ ရှိသည့် နတ်ဆိုးခန္ဓာကိုယ်၏ အရိုးများပေါ်မှ သံကြိုးများကြောင့်သာမဟုတ်ပါက မျိုးနွယ်စုသုံးခုမှ ပါရမီရှင်များ သေသွားလောက်သည်။

“တကယ် သန်မာတာပဲ”

သခင်လေး ရွှမ်ယွမ် မျက်ခုံးလှုပ်နေ၏။ ထိုစဉ် ခြေထောက်ရိုး တစ်ချောင်းက သူ့ထံသို့ ပြင်းထန်စွာ ဝင်ရောက် လာသော ကြောင့် သခင်လေး ရွှမ်ယွမ် မှင်တက်သွားသည်။

“မိုးကောင်းကင် အပြစ်ပေးခြင်း ဓားချက်”

သခင်လေး ရွှမ်ယွမ်သည် ပေါ့ပေါ့တန်တန် မပြုမူရဲဘဲ အင်မော်တယ်ဓားကိုထုတ်ကာ သူ့ထံ ပျံဝဲ ဝင်ရောက် လာသည့် ခြေထောက်ရိုးကို အားဖြင့် ခုတ်ပိုင်း လိုက်သည်။

ချွင်!

ထိုစဉ် ချွင်ကနဲမြည်သံ ထွက်ပေါ်လာပြီး သခင်လေး ရွှမ်ယွမ် သည် ရုတ်တရက် လွင့်ထွက်သွားသည်။ ကြမ်းပြင် ပေါ် ပြန်ပြုတ်ကျလာသည်နှင့် သူသည် သွေးတစ်လုပ် အန်မိ သွားလေသည်။

“ချီးပဲ၊ ဒီနတ်ဆိုးအိုကြီးရဲ့ အရိုးတွေက ငါတို့ ခုခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူးပဲ”

“မြန်မြန်လုပ်၊ သုံးလွှာကို မြန်မြန်တက်ကြ၊ သူ့ဦးခေါင်းခွံနဲ့ ပေါင်းစပ်သွားတာနဲ့ သက်ရှိနတ်ဆိုးလို ဖြစ်နေတဲ့ အရိုး အားလုံးက ဖျက်ဆီးလို့ ရတော့မှာ မဟုတ်ဘူး”

သခင်လေးရွှမ်ယွမ်က လူတိုင်းကို ကျယ်လောင်စွာ အော်ပြော လိုက်သည်။ လက်ရှိအချိန်တွင် လောဝူကျိနှင့် ကိုးမြီး မြေခွေး မလေးသာမက လူအားလုံး မိစ္ဆာမျှော်စင်၏ အပေါ်သို့ အပြေး အလွှား တက်နေကြသည်။

ထိုစဉ် ဝုန်းဟူသော အသံကို ကြားလိုက်ရပြီးနောက် မိစ္ဆာ မျှော်စင်တစ်ခုလုံး ရုတ်ချည်းဆိုသလို တောက် ပလာသည်။

မိစ္ဆာမျှော်စင်၏ အတွင်းဘက်နှင့် အပြင်ဘက်တို့မှနေ၍ အလင်းတန်းများက ကိုးလွှာအထိ ထိုးတက်သွားသည်ကို လောဝူကျိနှင့် အခြားသူများအားလုံး မြင်တွေ့လိုက်ရသည်။

*အံ့ဩစရာကောင်းလိုက်တာ*

တောက်ပလွန်းသည့် အလင်းတန်းများကို ကြည့်ပြီး မိစ္ဆာမျှော်စင်ထဲရှိ မျိုးနွယ်သုံးခုမှ ပါရမီရှင်များအားလုံး ငေးငိုင်သွားကြသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ကျောက်တံခါးဝမှ စမ်းသပ်မှုကို ခံယူလိုက်ခြင်းမှန်း သူတို့ သိကြသည်။ တစ်စုံတစ်ယောက်က ကိုးလွှာအထိ အလင်း တန်းများ မြင့်တက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြချေ။

“ဘာက … ဘယ်လို … အဲ့လူက ဘယ်သူလဲ”

လောဝူကျိ ခြောက်ခြားသွားသည်။ ကိုးလွှာအထိ တစ်ဟုန်ထိုး လင်းလက်သွားအောင် သူတောင်မှ မလုပ်နိုင်ခဲ့ပေ။ သူသည်သာမက သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီး မြေခွေး မလေး တို့သည်လည်း ကြက်သီးထနေကြသည်။

“မိစ္ဆာလိုလူမျိုးပဲ၊ လတ်စသက်တော့ ငါတို့သုံးယောက်အပြင် အပြင်ဘက်မှာ ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာလိုလူမျိုး ရှိနေ တာပါလား”

ထိုသို့သောအချိန်၌ သုံးယောက်သား အချင်းချင်း ထိတ်လန့် တကြား ပြန်ကြည့်နေမိကြသည်။ ကိုးလွှာအထိ တစ်ဟုန်ထိုး လင်းလက်သွားအောင် ပြုလုပ်နိုင်ခြင်းသည် လောဝူကျိ မျှော်စင်ထဲသို့ ဝင်ရောက်ခဲ့သည့် စံချိန်နှင့် တူညီနေပြီ ဖြစ်လေသည်။

*မျှော်စင်၏ အရှင်သခင် ဖြစ်လာတော့မှလား*

“သေစမ်း၊ ဒီလူက အဲ့ထက်ပိုမြင့်အောင် လုပ်နိုင်နေတာလား”

လောဝူကျိ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် နေ့အလင်းရောင်ကဲ့သို့သော အလင်းတန်းများက ကိုးလွှာအထိ တောက်ပလာပြီးနောက် မရပ်တန့်သေးသည်ကို သူ တွေ့လိုက် ရသောကြောင့်ပင်။

အလင်းတန်းများက အပေါ်သို့ ဆက်လက်၍ မြင့်တက် နေသည်။ ထို့နောက် ကိုးလွှာ၏ အောက်ခြေ၊ အလယ်၊ အထွတ်အထိပ်။

*ဟာ*

မျက်စိကျိန်းလောက်သည့် အလင်းတန်းများက ကိုးလွှာ၏ ထိပ်ဆုံးသို့ ရောက်သွားချိန်တွင် နံပါတ်တစ် ပါရမီရှင် သုံးယောက်သာမက မျိုးနွယ်စုသုံးခုမှ လူနှစ်ရာကျော်တို့ပါ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*မျှော်စင်ကို လွှမ်းမိုးနိုင်တဲ့ အသန်မာဆုံးသောသူပါလား*

အပြင်ဘက်မှ စမ်းသပ်ခံနေသည့်သူ၏ အရည်အချင်းသည် လောကသခင် သုံးပါးထက်ပင် ကျော်လွန်၍ အသန်မာ ဆုံးသော လောကသခင် ဖြစ်လာတော့မည်ဟု သူတို့ တပ်အပ် ပြောနိုင်သွားလေသည်။

သို့သော် ထပ်မံ၍ ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် သူတို့ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။

ထိုအလင်းတန်းများထံမှနေ၍ အက်ကွဲသံများ ပေါ်ထွက် လာကာ ကိုးလွှာရှိ အလင်းတန်းများပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထင်ဟပ်လာကာ ထိုအလင်းတန်းများအားလုံး ပျက်စီးသွားလေသည်။

*သူ့အရည်အချင်းက မိစ္ဆာမျှော်စင်ရဲ့ စမ်းသပ်တဲ့အရာထက် ကျော်လွန်နေပါလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လောဝူကျိ၊ သခင်လေးရွှမ်ယွမ်၊ ကိုးမြီးမြေခွေးမလေးနှင့် မျိုးနွယ်စုသုံးခုမှ ပါရမီရှင်များအားလုံး၏ မျက်နှာထက်တွင် အံ့ဩမှင်တက်နေဟန်များ ထွက်ပေါ်လာသည်။

မိစ္ဆာမျှော်စင်၏ အရည်အချင်း စမ်းသပ်သည့်အရာမှ အလင်း တန်းများ ပျက်စီးသွားခြင်းသည် သူတို့ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသောအရာ ဖြစ်သည်။ သို့သော် ယခုအခါတွင် သူတို့မျက်စိရှေ့၌ မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် ပါရမီရှင် သုံးယောက်လုံး ကြက်သီးထသွားကြသည်။

ထိုစဉ် မိစ္ဆာမျှော်စင်ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံ ဖြိုခွင်းသူ”

တိတ်ဆိတ်သွားလေသည်။ ထိုအသံသည် မိစ္ဆာမျှော်စင်၏ စိတ်ဝိညာဉ်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထိုအသံကို ကြားသည်နှင့် လောဝူကျိ အလွန်အမင်း အံ့အားသင့် သွားသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲ့လူက ဘယ်သူလဲ ပြီးတော့ သူ့မှာ ဘယ်လိုလုပ် မျှော်စင်ကိုပါ ဖျက်စီးနိုင်တဲ့ အစွမ်း ရှိရတာလဲ”

ဤအဖြစ်က လောဝူကျိအား အလွန်အမင်း ပေါက်ကွဲ သွားစေသည်။

စကြဝဠာတစ်ခုလုံးရှိ နတ်ဘုရားမျိုးနွယ်မှ လူငယ် မျိုးဆက်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး မွေးရာပါ ပါရမီကလည်း သာမန်ထက် ထူးကဲသူဖြစ်သည့် လောဝူကျိ သည် ရုတ်တရက် သူ့ထက် ပို၍သာလွန်သော အရည်အချင်း ရှိသူကို တွေ့လိုက်ရသဖြင့် ထိတ်လန့်ခြောက်ခြားနေ၏။ ဤသည်က လောဝူကျိအား မကျေမချမ်းဖြစ်ကာ မနာလို ဝန်တိုစိတ် ဖြစ်ပေါ်လာစေသည်။

ဂလု!

သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေးမလေးတို့ တံတွေး မျိုချလိုက်မိကြသည်။ သူတို့နှစ်ယောက်လုံးသည် ရှစ်လွှာ၏ ထိပ်ဆုံးထိသာ ရောက်အောင် လုပ်နိုင်ခဲ့သော်လည်း ထိုထူး ဆန်းလှသည့်သူက စမ်းသပ်သည့် အလင်းတန်း များကိုပါ ဖျက်စီးခဲ့သဖြင့် သာလွန်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထို့ကြောင့် သူတို့ မချိပြုံး ပြုံးလိုက် မိကြသည်။

ကျွီ!

ထိုစဉ် အားလုံး ထိတ်လန့်နေစဉ်၌ မိစ္ဆာမျှော်စင်၏ ပထမ ထပ်ရှိ ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာကာ ခြေသံ တစ်သံ ထွက်ပေါ်လာသည်။

ဒေါက်! ဒေါက်! ဒေါက်!

ခြေသံတစ်သံချင်းစီက အားလုံး၏ နှလုံးသားကို နင်းချေ သကဲ့သို့ ခံစားနေရပြီး လူတိုင်း ရင်တဒိတ်ဒိတ်ခုန်ကာ နှလုံး ပေါက်ထွက်လုနီးပါး ဖြစ်နေကြလေသည်။

လူတိုင်း၏အကြည့်များက ထိုဝင်ပေါက်သို့သာ ရောက်ရှိ နေကြသည်။ မိုးကောင်းကင်ကိုပါ ဖြိုခွင်းနိုင်သည့်သူက ဘယ်သူလဲ ဆိုသည်ကို သိချင်နေကြလေသည်။

သို့သော် အားလုံး၏ စိတ်ဝင်တစား ကြည့်နေသော အကြည့် အောက်၌ အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင် ရှိသော လူငယ်တစ်ယောက်က မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

*ဟမ်*

ထိုလူကိုမြင်ပြီးနောက် လောဝူကျိနှင့် အခြားသူများ နားဝေ တိမ်တောင် ဖြစ်ကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွား ကြသည်။

“သူ … သူလား၊ နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်လေးကလေ”

“မဟုတ်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ စမ်းသပ်တာနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်”

လောဝူကျိ မျက်ခုံးတဆတ်ဆတ်လှုပ်ကာ မယုံသင်္ကာ ဖြစ်နေသည်။ ကျန်လူများသည်လည်း ကိုယ့်ကိုယ်ကိုယ် ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မှတ်နေကြသည်။

Chapter 650 တွေ့ရတာ ဝမ်းသာပါတယ်၊ ငါရဲ့ အကျဉ်းသားလေးတွေ

*ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ*

လောဝူကျိ မျက်ခုံးလှုပ်သွားသည်။ မကြာသေးခင်ကပင် ယဲ့ဖန်အား ဘာမဟုတ်သောကောင်ဟု သူ ပျက်ရယ် ပြုခဲ့သည်။ သို့သော် ယခုအခါတွင် တစ်ဖက်လူ၏ အရည် အချင်းက သူ့ထက်ပင် ပို၍မြင့်မားနေ၏။

ဤသို့သော အရှက်ကွဲခြင်းသည် သူ့စိတ်ထဲ၌ ဒေါသမုန်တိုင်း ထန်လာစေတော့သည်။

“သောက်ခွေးမသား၊ ငါ သူ့ကို နောက်တစ်ခါတွေ့ရင် သတ်ပစ်မယ်လို့ သတိပေးခဲ့တာတောင်မှ သူက ပေါ်လာရဲ သေးတာလား”

လောဝူကျိ၏ မျက်လုံး၌ အလွန်တရာ လူသတ်လိုဟန်များ ထင်ဟပ်နေသည်။ သူသည် နံပါတ်တစ် ပါရမီရှင် ဖြစ်သောကြောင့် သူ့ထက် မည်သူမျှ ပို၍သာလွန်ခွင့် မပြုနိုင်ပေ။

*ငါ့ထက် သာတဲ့လူတိုင်း သေစေရမယ်ကွ*

“သခင်လေး၊ အဲ့ကောင်လေးကို သခင်လေး သေစေ ချင်သလား”

နတ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်သည်လည်း ထပ်တူညီသည့် မနာလိုဝန်တိုစိတ်များဖြင့် ခက်ထန် ကြမ်းကြုတ်သော အကြည့်များဖြင့် ပြောလိုက်သည်။

“သူ့အရည်အချင်းက မှင်တက်စရာကောင်းပင်မယ့် သူ့ခွန်အားကတော့ နိမ့်တယ်၊ အခု သူ့ကို သတ်လိုက်ရင် ခက်ခဲမှာ မဟုတ်ဘူး”

*သတ်ဖို့လား*

လက်ရှိအချိန်၌ နတ်ဘုရားမျိုးနွယ်မှ ပါရမီရှင်များသာမက မကောင်းဆိုးဝါးမျိုးနွယ်နှင့် အင်မော်တယ် မျိုးနွယ်များမှ ပါရမီရှင်များကပါ ယဲ့ဖန်အား သတ်ဖြတ်ချင်သည့် အကြည့် များဖြင့် စူးစူးဝါးဝါး ကြည့်နေကြသည်။

ထိုစဉ် လောဝူကျိက ခေါင်းခါပြသည်။

“မလုပ်နဲ့”

သူသည် သုံးပုံတစ်ပုံသာရှိသည့် နတ်ဆိုးခန္ဓာကိုယ်ကို အေးတိ အေးစက် လှမ်းကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။

“ငါတို့ မသတ်လည်း သူ သေမှာပဲ”

*ဟမ်*

သူ့စကားကြောင့် လူအုပ်ကြီးသည် တစ်ခဏမျှ ငြိမ်ကျကာ တွေဝေနေပြီးနောက်မှ လောဝူကျိ၏ ဆိုလိုရင်းကို နားလည် သွားလေသည်။

သူသည် နတ်ဆိုးအရိုးများကို အသုံးချ၍ ဤတစ်မူထူး ကဲနေသည့်လူကို သတ်ချင်နေခြင်းပင်။ ထိုသို့ သဘောပေါက် သွားပြီးနောက် သခင်လေးရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေးမလေး အပါအဝင် ကျန်လူများအားလုံးက လှောင်ရယ်ကြလေသည်။

ထို့နောက် လူတိုင်းသည် ခေါင်းခါ၍ ယဲ့ဖန်ကို လျစ်လျူရှုကာ မိစ္ဆာမျှော်စင်၏ အပေါ်ထပ်များကို ထပ်တက်ကြလေသည်။ တစ်ချိန်တည်းမှာပင် ကိုးလွှာ၏ အပေါ်ထပ်ခိုးလွှာမှ တဂျစ် ဂျစ် အသံ ထွက်လာပြီး အဖြူရောင် နတ်ဘုရား၏ တစ်လုံး တည်း ကျန်ရှိတော့သည် မျက်လုံးသည် တစ်ခဏမျှ တုံ့ဆိုင်း နေပြီးနောက် ဖြည်းဖြည်းချင်း ပွင့်လာသည်။

“ဘယ်လိုဖြစ်ရတာလဲ”

သူ မျက်ခုံးလှုပ်သွားသည်။ မိစ္ဆာမျှော်စင်တစ်ခုလုံး ဖျက်ဆီးခံ ရတော့မတတ် လှုပ်ခါသွားသည်ကို သူ သေချာ ခံစား လိုက်မိသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် အဖြူရောင် နတ်ဘုရား၏ ပထမဆုံးဘိုးဘေးထံမှ မိစ္ဆာမျှော်စင်ကို ရရှိပြီးနောက် စကြဝဠာထဲရှိ မရေတွက်နိုင်သော ပါရမီရှင်များနှင့် နတ်ဆိုး များကို စမ်းသပ်ခဲ့သည်။

ထိုသူများထဲမှ တစ်မူထူးကဲလွန်းသည့်လူများသာ ကိုးလွှာ၏ အောက်ခြေသို့ ရောက်ရှိခဲ့သည်။ ထိုသူများထဲမှ လောက သခင် သုံးပါး မွေးဖွားပေါ်ပေါက်လာခဲ့သည်။ သို့သော် ကိုးလွှာ အထိ ဖျက်ဆီးနိုင်သည့်သူမျိုး မရှိခဲ့ဖူးချေ။ ဤသည် မှာ မဖြစ်နိုင်သော်လည်း အမှန်တကယ် ဖြစ်ပေါ်လာလေပြီ။

“အဲ့ဒီလူက ဘယ်သူလဲဆိုတာ ငါ မြင်ဖူးချင်သား”

အဖြူရောင် နတ်ဘုရား၏ မျက်လုံးတွင် အလွန် ဝမ်းသာ နေဟန်များ ထင်ဟပ်နေသည်။ သူ၏ နတ်ဘုရား ခန္ဓာကိုယ် သည် နတ်ဆိုးချီမျှင်စုများကြောင့် ပျက်စီးနေ ခဲ့သည်။ အပြီးတိုင် ပျက်စီးသွားရန် သိပ်မကြာတော့ဟု သူ ခံစားမိ နေ၏။

ယနေ့၌ သူသည် ဝင်ရောက်ပူးကပ်ရမည့် ခန္ဓာကိုယ်တစ်ခု အသည်းအသန် လိုအပ်နေသည်။ မျှော်စင်ကို ဖျက်ဆီး နိုင်စွမ်းရှိသည့် လူ၏ခန္ဓာကိုယ်ကိုသာ ပူးကပ်နိုင်ပါက သူ တစ်ဖန်ပြန်၍ ဩဇာလွှမ်းမိုးနိုင်ပေမည်။

ထိုသို့တွေးတောပြီးနောက် အဖြူရောင် နတ်ဘုရားသည် တက်ကြွ ပျော်ရွှင်လာလေသည်။ ထို့နောက် သူသည် မျက်လုံး ပြန်မှိတ်၍ အရှိန်အဝါတစ်ခုကို အနည်းငယ် ခံစား လိုက်မိသည်။ ထိုအခါ သူ့မျက်နှာပေါ်မှ အပြုံးက တဖြည်း ဖြည်း ပျောက်ကွယ်သွားပြီး သုန်မှုန်၍ ထိတ်လန့် သွား ဟန်များ ဖြစ်ပေါ်လာသည်။

“ခွေးမသား၊ လတ်စသက်တော့ သူကိုး”

အဖြူရောင် နတ်ဘုရား၏ စိတ်အာရုံထဲတွင် ထိုဖျက်ဆီး နိုင်စွမ်းရှိသည့် လူ၏ခန္ဓာကိုယ်တွင်းမှနေ၍ သူ၏ ကိုယ်ပွား ဖြစ်သူထံမှ နတ်ဘုရား အမြုတေ အရိပ်အငွေ့ကို ခံစားလိုက် ရသည်။ ထိုသူသည် သူ့ကိုယ်ပွားကို သတ်ခဲ့သည့်သူ ဖြစ်နေလေသည်။

“ချီးတဲ့မှပဲ”

ရုတ်တရက် အဖြူရောင် နတ်ဘုရားသည် ထိတ်လန့် ဒေါသထွက်စွာ ထရပ်လိုက်မိသည်။ သို့သော် ဤမျှနှင့် မရပ် သွားသေးချေ။

ဝုန်း! ဝုန်း! ဝုန်း!

ထိုစဉ် မိစ္ဆာမျှော်စင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါ လာသည်။

“ဘာဖြစ်သွားတာလဲ”

အဖြူရောင် နတ်ဘုရား၏ မျက်နှာထားက ဖြူရော်သွားပြီး မိစ္ဆာမျှော်စင်အား အာရုံစိုက်၍ ကြည့်လိုက်သည်။ ထိုအခါ နတ်ဆိုးများ၏ အရိုးများက တုန်ခါနေသည်ကို ထိတ်လန့် တကြား တွေ့လိုက်ရသည်။

သုံးလွှာရှိ ခန္ဓာကိုယ် အောက်ပိုင်းအရိုး ၁၂၅ ချောင်း၊ ၅၁ ချောင်းနှင့် ဦးခေါင်းခွံ ၂၉ ခုတို့ လှုပ်ခါနေကြသည်။

ရွှေအိုရောင် အရိုးပေါင်း ၂၀၅ ချောင်းလုံးက အလွန် စိတ်လှုပ်ရှား၍ မထိန်းချုပ်နိုင်သကဲ့သို့ တုန်ခါနေကြသည်။ ထိုကဲ့သို့ ပြင်းထန်လှသည့် စွမ်းအင်က မိစ္ဆာမျှော်စင် တစ်ခုလုံးကို တုန်ယင်သွားစေခဲ့လေသည်။

“နတ်ဆိုး၊ အဲ့ကောင်က နတ်ဆိုးမျိုးနွယ်ကပဲ”

အဖြူရောင် နတ်ဘုရား ခြောက်ခြားသွားကာ သူ့မျက်လုံး၌ လူသတ်လိုဟန်များ ဖြတ်ပြေးသွားလေသည်။ ယခုအ ခါတွင်မှ မျှော်စင်ကို ဖျက်ဆီးနိုင်သည့် အစွမ်းရှိသောသူက သူ၏ကိုယ်ပွားကို အဘယ်ကြောင့် သတ်ခဲ့သလဲ ဆိုသည်နှင့် ဘာကြောင့် မိစ္ဆာမျှော်စင်ကို လာခဲ့သလဲဆိုသည်ကို အဖြူ ရောင် နတ်ဘုရား နားလည်သွားသည်။

*လတ်စသက်တော့ သူက နတ်ဆိုးမို့ အရင်နတ်ဆိုးတွေကို ကယ်ချင်လို့ ရောက်လာတာပဲ*

“ရတယ်လေ၊ နတ်ဆိုးမျိုးနွယ်က နယ်ရုပ်ကလေးဆိုမှတော့ ဒီပွဲကို စလိုက်ကြတာပေါ့”

စိတ်ထဲ၌ အကြံတစ်ခု ပေါ်လာသဖြင့် အဖြူရောင် နတ်ဘုရားက ရက်စက်စွာ ပြုံးလိုက်လေသည်။ ထိုသို့သော အချိန်၌ အပေါ်သို့ တက်လာသည့် လောဝူကျိနှင့် အခြား သူများ အားလုံး ထိတ်လန့်နေကြသည်။

မိစ္ဆာသံကြိုးများဖြင့် ချုပ်နှောင်ထားသည့် သေဆုံးသွားသော နတ်ဆိုးများ၏ အရိုးများက တုန်ခါနေသည်ကို သူတို့လည်း တွေ့နေရသည်။ မျှော်စင်ထဲရှိ အလွှာများ၌ ဝဲပျံနေပုံအရ ထိုနတ်ဆိုးအရိုးများသည် စိတ်လှုပ်ရှား ပျော်ရွှင်နေပုံရသည်။

“ဒါက …”

လောဝူကျိနှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်နေ ကြသည်။ ထိုစဉ် အပေါ်ဆုံးမှနေ၍ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“မျိုးနွယ်သုံးခုက ပါရမီရှင်တို့၊ စည်းကမ်းတွေ ပြောင်းလဲ သွားပြီ၊ ကောင်းကင်ဘုံ ဖြိုခွင်းသူကို သတ်နိုင်တဲ့ ဘယ်သူ မဆို ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်မယ်”

“အနိုင်ရသူက အမွေအနှစ်၊ နတ်ဆိုးအရိုးနဲ့ နတ်ဆိုး အမြုတေ ကိုပါ ရရှိလိမ့်မယ်”

*ဘာ*

ထိုစကားသံက မိစ္ဆာမျှော်စင်တစ်ခုလုံးသို့ ပျံ့လွင့်သွားပြီး လောဝူကျိနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

“ဒါ … ဒါက အဖြူရောင် နတ်ဘုရားရဲ့ အသံလား”

“သူက ကောင်းကင်ဘုံ ဖြိုခွင်းသူကို သတ်စေချင်နေတာပဲ”

ချက်ချင်းဆိုသလိုပင် ပါရမီရှင်များကြား၌ ဆူညံပွက်လော ရိုက်လာသည်။

*ကောင်းကင်ဘုံ ဖြိုခွင်းသူသည် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်ပဲ ရှိတာလေ*

*အဲ့လိုလူကို သတ်လိုက်နိုင်တာနဲ့ ချန်ပီယံ ဖြစ်ပြီလား*

ထို့နောက် ပါရမီရှင်များအားလုံး၏ မျက်လုံးက နီရဲလာကာ နောက်လှည့်၍ အောက်ထပ်သို့ တစ်ဟုန်ထိုး ပြေးဆင်း ကြသည်။

“အဲ့လူကို သတ်မယ့်သူက ငါပဲ”

“ဟားဟားဟား … နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်လေးကို သတ်နိုင်တာနဲ့ ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး၊ ငါ သူ့ကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်လို့ တပ်အပ် ပြောနိုင်တယ်ကွာ”

“…”

လက်ရှိအချိန်၌ မျိုးနွယ်သုံးခုမှ ပါရမီရှင်များအားလုံး ရူးမတတ် ဖြစ်နေကြသည်။ သူတို့သည် နံပါတ်တစ် ပါရမီရှင် သုံးယောက်အား မလေးစားနိုင်တော့ဘဲ ယဲ့ဖန်ကိုသာ အရင်ရအောင် သတ်ရန် ရူးမတတ် ဖြစ်နေကြပြီး အမြန်ဆုံးနှုန်းဖြင့် ချန်ပီယံဖြစ်ချင်နေကြလေသည်။

ဤအဖြစ်ကိုမြင်ပြီး လောဝူကျိတို့ သုံးယောက်လုံး အလွန် အမင်း မျက်နှာ သုန်မှုန်သွားကြသည်။ သို့သော် အင်တင်တင် ဖြစ်နေပြီးနောက် လူတိုင်းသည် လျှပ်စီးကဲ့သို့သော အလျင် ဖြင့် ပြေးဆင်းသွားကြလေသည်။

သို့သော် သူတို့ မမြင်လိုက်ကြသည့် အရာတစ်ခု ရှိလေသည်။ ထိုအရာမှာ မိစ္ဆာမျှော်စင်၏ နံရံ၌ ကပ်နေသည့် ပုရွက်ဆိတ် များအားလုံးပါ ပြေးဆင်းလာခြင်းပင်။ ထိုပုရွက်ဆိတ် များသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မျှော်စင်၏ အထပ်များအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို့နောက် နတ်ဘုရား သံကြိုးများပေါ် နားခို၍ ထိုသံကြိုးများကို သည်းကြီးမည်းကြီး ဝါးမျိုလေတော့သည်။

ထိုသံကြိုးများ ပျက်စီးသွားသည်နှင့် နတ်ဆိုးအရိုးများ တစ်ချောင်းပြီးတစ်ချောင်း လွတ်မြောက်သွားကြသည်။ တစ်ခဏ အတွင်းမှာပင် နတ်ဆိုးစွမ်းအင်များက မိစ္ဆာမျှော်စင် အတွင်း ပိုပို၍ ပျံ့နှံ့လာ၏။

ရွှစ်!

ထိုစဉ် လောဝူကျိ အပါအဝင် မျိုးနွယ်သုံးခု၏ ပါရမီရှင် နှစ်ရာကျော်တို့သည် ပထမထပ်သို့ ရောက်ရှိသွား ကြ လေသည်။

ယဲ့ဖန်က ငြိမ်သက်စွာ ရပ်မြဲရပ်၍ မျက်လုံးတစ်စုံက နတ်ဆိုးအရိုးများကိုသာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ သဖြင့် သူတို့ အံ့အားသင့်သွားကြသည်။ ထို့အပြင် ပို၍ အံ့ဩစရာ ကောင်းသည့်အချက်မှာ ထိုသေဆုံးသွားသည့် နတ်ဆိုးများ၏ အရိုးများက ယဲ့ဖန်ကို တိုက်ခိုက်ခြင်း မပြုဘဲ ချစ်ခင်ရသော လူတစ်ယောက်ကို ပြန်တွေ့လိုက်ရသည့် ကလေး တစ်ယောက်ကဲ့သို့ တုန်ယင်နေကြသည်။

ဤမြင်ကွင်းကြောင့် ပါရမီရှင်များအားလုံး စိတ်အေး သွားကြသည်။

“ဒီကောင် အသတ်မခံရသေးလို့ တော်သေးတယ်၊ မဟုတ်လို့ ကတော့ ဘာဆုကြေးမှ ရလိုက်မှာ မဟုတ်ဘူး”

လက်ရှိအချိန်၌ မျက်လုံးနှစ်ရာကျော်ကာ ယဲ့ဖန်အား အလွန် အမင်း သတ်ဖြတ်ချင်စိတ်များဖြင့် စူးစိုက်ကြည့် နေသည်။

ထိုစဉ် ယဲ့ဖန်က နတ်ဆိုးနတ်ဘုရားများ၏ အရိုးများကို ကြည့်နေရာမှ အကြည့်ပြန်လွှဲလာသည်။ သူသည် လော ဝူကျိနှင့် အခြားသူများကို စိုက်ကြည့်၍ သွေးဆာ နေသော အပြုံးမျိုးဖြင့် ပြောလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ ငါရဲ့ အကျဉ်းသားလေးတွေ”

Chapter 651 ဟင်းသီးဟင်းရွက်များကို လှီးဖြတ်သကဲ့သို့

“တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့ရဲ့အကျဉ်းသားလေးတွေ”

ယဲ့ဖန် ပြောလိုက်သည့်စကားကြောင့် လောဝူကျိနှင့် အခြား သူများ မှင်တက်သွားကြသည်။

“ဟားဟားဟား …”

ရုတ်ချည်းဆိုသလိုပင် မျိုးနွယ်သုံးခုမှ ပါရမီရှင်များက ဟားတိုက်ရယ်မောကြလေသည်။ သူတို့သည် တစ်လောက လုံး၌ အရယ်ရဆုံးသော ဟာသကို ကြားလိုက်ရသကဲ့သို့ ခွက်ထိုးခွက်လန် ရယ်နေကြသည်။

“အောင်မလေး၊ ဒါ ငါ ကြားဖူးသမျှထဲမှာ အရယ်ရဆုံး ဟာသပဲကွ၊ ဒီလူက ငါတို့ကို အကျဉ်းသားတွေလို့ ခေါ်လိုက်တာလား”

“ဟဲဟဲ … သူက မိုးကောင်းကင်ကို ဖြိုခွင်းနိုင်ပြီးတော့ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတဲပုံပဲ”

“ဟမ့်၊ နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်ပဲရှိတဲ့ ပုရွက်ဆိတ်လိုကောင်ကများ၊ သူ့အသက်ကို ငါ ပိုင်တယ်၊ ချန်ပီယံက ငါပဲ ဖြစ်ရမယ်ကွ”

မျိုးနွယ်သုံးခုမှ ပါရမီရှင်များအားလုံး အလွန်အမင်း ရုန့်ရင်းကြမ်းတမ်းလာကြသည်။ တစ်ခဏအတွင်းမှာပင် ယဲ့ဖန်အား ဝိုင်းထားကြလေသည်။ လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေးမလေးတို့က ရှေ့သို့ စတိုးလာပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

“ဟေ့ကောင်၊ မင်း သေရတော့မှာကွ၊ မင်းကို စိတ်ဝိညာဉ်အထိ သေဆုံးသွားရအောင် ငါတိုက လုပ်မှာကွ၊ ဘယ်လိုလဲ ကျေနပ်လား”

လောဝူကျိက လှောင်ရယ်လိုက်သည်။ သူ၏ ပင်ကိုယ် ပါရမီထက် ပို၍မြင့်မားသောလူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပါ သုတ်သင်ခံရမည့် အဖြစ်ကို မြင်ရရန် သူ အလွန် စိတ်အားထက်သန်နေ၏။

*သေရမယ်တဲ့လား*

သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံးလိုက်ပြီး ခေါင်းခါ လိုက်သည်။

“ဗီလိန်တွေက စကားများလွန်းလို့ သေရတာတဲ့”

“မင်းလည်း … စကားများလွန်းတယ်”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ပါရမီရှင်များအားလုံး အံ့အားသင့် သွားကြသည်။

*ရူးနေပြီပဲ*

သူတို့စိတ်ထဲတွင် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်သာ ရှိသောသူက သူတို့ကို ဤသို့ပြောရဲနေခြင်းမှာ ရူးနေ၍သာ ဖြစ်လိမ့်မည်ဟု ထင်နေကြလေသည်။

“သေပေတော့”

ထိုစဉ် နတ်ဘုရားမျိုးနွယ် ပါရမီရှင်တစ်ယောက်က ရုတ် တရက် ညာသံပေး၍ သူ့လက်ထဲမှ နတ်ဘုရား ဓားရှည် ကိုမြှောက်ကာ ယဲ့ဖန်၏ ကျောပြင်ကို ခုတ်ပိုင်းလာသည်။

ထိုဓားချက်သည် အလွန်မြန်ဆန်လှပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ယဲ့ဖန်၏ကျောနှင့် လက်မအနည်းငယ်မျှသာ ကွာဝေးတော့သည်။

“ချန်ပီယံဆုက ငါ့အပိုင်ပဲကွ၊ ဟားဟားဟား …”

ထိုနတ်ဘုရားမျိုးနွယ် ပါရမီရှင်သည် သရော်ပြုံး ပြုံးနေ လေသည်။ သူ၏ဓားက ယဲ့ဖန်၏ နောက်ကျောမှနေ၍ နှလုံးသားအား ထိုးဖောက်သွားမည်ကို မြင်ယောင်ပြီး သူ့လက်ထဲသို့ ချန်ပီယံဆု ရောက်လာတော့မည်ဟု တွေးတောနေသည်။ သူ၏အပြုံးက ပိုပို၍ ပီပြင်လာ လေသည်။

ချွင်!

သို့သော် နတ်ဘုရား ဓားရှည်က ယဲ့ဖန်၏ကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် သတ္တုချင်း ထိခိုက်မိသည့်အသံမျိုး ထွက်လာသဖြင့် ထိုနတ်ဘုရားမျိုးနွယ် ပါရမီရှင်၏ အပြုံးက ချက်ချင်း အေးခဲသွားသည်။

ထို့အတူ သူသည် လူ့ခန္ဓာကိုယ်ကို ဓားဖြင့်ခုတ်လိုက်သည်ဟု မခံစားရဘဲ နှစ်တစ်သောင်း သတ်တမ်းရှိသည့် သတ္တုခဲကိုသာ ခုတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

*သူ့ကိုယ်ကို ခုတ်ရခက်နေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုနတ်ဘုရားမျိုးနွယ် ပါရမီရှင် ပျာယာခတ်နေစဉ်တွင် လောဝူကျိ၏ ထိတ်လန့်တကြား ပြောလိုက်သည့်အသံ ထွက် လာသည်။

“သတိထား”

ဝှစ်!

ရွှေရောင်အလင်းတန်းတစ်ခုက ထိုနတ်ဘုရားမျိုးနွယ် ပါရ မီရှင်၏ ခါးနားမှ ဖြတ်ပြေးသွားသည်။ လက်ရှိအချိန်၌ မိစ္ဆာမျှော်စင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ထိုနတ် ဘုရား မျိုးနွယ် ပါရမီရှင်၏ ခန္ဓာကိုယ်က အေးခဲ တောင့်တင်း သွားသည်ကို လူတိုင်း မြင်လိုက်ရသည်။

သူ၏ခါးမှနေ၍ သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး ခါးမှတိခနဲ ပြတ် ကျသွားသည်။

*နတ်ဘုရားမျိုးနွယ်ရဲ့ ခန္ဓာကိုယ်က ထက်ပိုင်းပိုင်း ခံလိုက်ရတယ်တဲ့လား*

“အား….”

ထိုနတ်ဘုရားမျိုးနွယ် ပါရမီရှင်၏ အော်သံ ထွက်ပေါ် လာလေသည်။ သူ၏ခန္ဓာကိုယ်က ထက်ပိုင်းပိုင်း ခံလိုက်ရ သော်လည်း သူ မသေသေးပေ။ ပြင်းထန်လှသည့် နာကျင်မှု က သူ့အား ဝါးမျိုနေသည်။ မသေမရှင် ဖြစ်နေသော နာကျင်မှုက ပို၍ ခံစားရခက်လှသည်။

ဤမြင်ကွင်းကြောင့် ကျန်လူများအားလုံး မှင်တက် သွားကြသည်။ ထိုနတ်ဘုရားမျိုးနွယ် ပါရမီရှင်သည် နတ်ဘုရင်အဆင့် ခွန်အားရှိသူ ဖြစ်သည်။ သို့သော် ယခုအခါတွင် တစ်ချက်တည်းဖြင့် ထက်ပိုင်းပိုင်း ခံလိုက် ရသည်။

လူတိုင်း ထိတ်လန့်ခြောက်ခြားနေကြကာ မယုံသင်္ကာ ဖြစ်နေ သည်။

“သောက်မိစ္ဆာကောင်၊ မင်းက နတ်ဘုရင်အဆင့်ကိုတောင်မှ ခုတ်ဖြတ်တယ်ပေါ့လေ၊ သေပေတော့”

ကြိမ်းမောင်းသံများနှင့်အတူ လူအုပ်ထဲမှ နတ်ဘုရားမျိုးနွယ် ပါရမီရှင် ခြောက်ယောက်က ခုန်ဝင်သွားကာ နတ်ဘုရား ဓားရှည်များကို ဝင့်၍ ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်း ကြလေသည်။

ထိုဓားရောင်များက လူတိုင်းကို ကြက်သီးမွေးညင်း ထ စေသည်။

*နတ်ဘုရင်အဆင့် ခြောက်ယောက်ပါလား*

*သူတို့အားလုံး အတူတူ တိုက်ခိုက်လို့ကတော့ အရှိန်အဟုန် က မတွေးဝံ့စရာပဲ*

ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်၏ သွေးဆာသောအပြုံးက ပို၍ပီပြင်လာသည်။

“ခြောက်ယောက်ပဲလား၊ မလုံလောက်သေးဘူး”

ထိုအသံအဆုံး၌ လေတိုးသံ ထွက်ပေါ်လာကာ ယဲ့ဖန်၏ ခန္ဓာကိုယ်က လေနှင့်အတူ ပျောက်ကွယ် သွားလေသည်။ အဆိုပါမြင်ကွင်းကြောင့် နတ်ဘုရင်အဆင့် ခြောက် ယောက်လုံး မှင်တက်သွားကြသည်။ ထို့နောက် မရဏ အငွေ့အသက်များက သူတို့အပေါ် လွှမ်းခြုံ လာသည်ဟု ခံစားလိုက်မိသည်။

“မကောင်းတော့ဘူး”

ခြောက်ယောက်လုံး မျက်နှာပျက်ကာ ချက်ချင်း ဓားများကို ပြန်ရုတ်၍ သူတို့ရှေ့၌ ခုခံလိုက်မိကြသည်။ ထိုစဉ် နတ်ဘုရင်အဆင့် ခြောက်ယောက်ရှေ့၌ ရွှေရောင် အလင်းတန်း တစ်ခု ကျဆင်းလာသည်။

ဝှစ်!

ထိုရွှေရောင် အလင်းတန်းသည် နတ်ဘုရင်အဆင့်‌ ခြောက် ယောက်၏ လက်ထဲမှ နတ်ဘုရားဓားများအား တို့ဟူးကို ဖြတ်တောက်သကဲ့သို့ ဖြတ်တောက် သွားလေသည်။

နတ်ဘုရားဓားရှည် ခြောက်လက်လုံး ပြတ်တောက် သွားပြီးနောက် ရွှေရောင် အလင်းတန်းက နတ်ဘုရင်အဆင့် ခြောက်ယောက်ပေါ်သို့ ကျဆင်းလာသည်။

ယခုအချိန်၌ အချိန်သည် ရပ်တန့်နေသည်ဟု ထင်မှတ်မိကာ မျိုးနွယ်သုံးခုမှ ပါရမီရှင်နှစ်ရာကျော်လုံးသည် နတ်ဘုရင် အဆင့် ခြောက်ယောက်ကိုသာ စိုက်ကြည့်နေမိကြသည်။

ရွှစ်!

နတ်ဘုရင်အဆင့် ခြောက်ယောက်၏ ခန္ဓာကိုယ်အပေါ်ပိုင်း ပြတ်တောက်သွားကာ မြေကြီးပေါ် ပြုတ်ကျ သွားလေသည်။ ကြမ်းပြင်ပေါ်၌ ခန္ဓာကိုယ် အပိုင်းအပြတ်များ ဒါဇင်ကျော်၍ ရှိနေသည်။ ထိုသူများအားလုံး အဖြစ်ဆိုးများဖြင့် ကြုံတွေ့ လိုက်ရသည်။

နတ်ဘုရင်အဆင့် ခြောက်ယောက်သည် ငယ်သံပါအောင် အော်ဟစ်ရင်း ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။

*ထပ်ရှုံးပြန်ပြီလား*

မျိုးနွယ်သုံးခုမှ ပါရမီရှင်များအားလုံး ထိတ်လန့် သွားကြ သည်။ ယဲ့ဖန်က နတ်ဘုရင်အဆင့်တစ်ယောက်ကို တစ်ချက် တည်းဖြင့် ခုတ်ပိုင်းခဲ့စဉ်က ပါရမီရှင်များ ထိတ်လန့်ခဲ့ရသည်။ ထို့ကြောင့် ယခု နတ်ဘုရင်အဆင့် ခြောက်ယောက်ကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သဖြင့် ကြောက်ရွံ့ လာကြသည်။

နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်လေး၏ တိုက်ပွဲ ဝင် ခွန်အားက ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု မည် သူမျှ ထင်မထားမိပေ။

“တော်တော် သန်မာတာပဲ”

သခင်လေး ရွှမ်ယွမ်၏ မျက်နှာထားက အလွန် မည်းမှောင် နေသည်။ အစောပိုင်းက သူကိုယ်တိုင် ထိုဓားချက်အောက် ရောက်နေသကဲ့သို့ ခံစားမိကာ ရင်တုန်နေခဲ့မိသည်။ ထိုဓားချက်က သူ့အား အလွန်အမင်း ခြိမ်းခြောက်နိုင်သည့် ခံစားချက်မျိုး ပေးနေသည်ဟု ထင်မှတ်ရလေသည်။

“သိပ်တော်နေတယ်ပေါ့၊ ကောင်းပြလေ”

လောဝူကျိ၏ မျက်လုံးများက ခက်ထန်နေပြီး လက်ကိုဝင့်၍ အချက်ပြလိုက်သည်။

“အားလုံးတက်ကြ၊ သူ့ကို အရင်သတ်နိုင်တဲ့ ဘယ်သူမဆို ချန်ပီယံဖြစ်မယ်”

လောဝူကျိ၏ စကားအဆုံး၌ မျိုးနွယ်သုံးခုလုံးမှ ပါရမီရှင် နှစ်ရာကျော်လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။ များစွာသော လူရိပ်များက ယဲ့ဖန်ထံသို့ သည်းကြီးမည်းကြီး ပြေးဝင်သွားလေသည်။

လက်ရှိအချိန်၌ မိစ္ဆာမျှော်စင်၏ ပထမထပ်၌ ဓား တစ်လက်သည် ဘယ်ညာဝှေ့ယမ်း၍ သတ်ဖြတ် သုတ်သင် နေလေသည်။ ထို့အတူ ယဲ့ဖန်က လက်တစ်ဖက်၌ ဓားကိုကိုင်၍ တစ်လှမ်းချင်း လှမ်းလာသည်။ သူ ခြေလှမ်း လှမ်း လိုက်သည့်နေရာတိုင်း၌ သူ၏ရွှေရောင်ဓားကျိုးက သွေးမြူခိုးများကို ဖန်တီးလေတော့သည်။

သူ ဖြတ်သွားသည့် နေရာတိုင်းတွင် ကိုယ်တစ်ပိုင်း ပြတ်သွားသည့် အလောင်းများ ပုံနေလေသည်။ ပါရမီရှင် တိုင်း၏ ကြောက်လန့်တကြား အော်ဟစ်နေသံ များကြောင့် မိစ္ဆာမျှော်စင်၏ ပထမထပ်တစ်ခုလုံးသည် ငရဲဘုံလေအလား ထင်မှတ်မှားရသည်။

လူတစ်ယောက်က လူနှစ်ရာကျော်ကို သုတ်သင် နေလေသည်။ သူသည် ခုခံမှုတစ်ခုမှ မပြုလုပ်ဘဲ ဆက်တိုက် တိုက်ခိုက်နေသည်။ သူ့ပေါ် ကျရောက်လာသည့် ဓားချက် တိုင်းက နှစ်တစ်သောင်း သက်တမ်းရှိသော သတ္တုခဲကို ဖြတ်တောက်လိုက်ရသကဲ့သို့ ချွင်ခနဲ မြည်သွားပြီး မည်သည့်ဒဏ်ရာမှ မရရှိပေ။

ထိုအစား သူသည် ဟင်းသီးဟင်းရွက်များကို လှီးဖြတ် သကဲ့သို့ ရွှေအိုရောင် ဓားကျိုးကိုဝင့်၍ ပါရမီရှင်များကို ကိုယ် ထက်ပိုင်း ကွဲသွားအောင် ခုတ်ပိုင်းလေတော့သည်။

ယခုအချိန်၌ လောဝူကျိတို့ သုံးယောက်လုံး တုန်လှုပ် နေကြလေသည်။ သူတို့ သုံးယောက်လုံး မျက်ခုံးလှုပ်ကာ ထိတ်လန့်နေကြသည်။ သူတို့ မယုံနိုင်လောက်အောင် ဖြစ်နေ ကြလေသည်။

“ဘယ်လိုလုပ်၊ သူ … သူက နတ်ဘုရားဂိုဏ်းချုပ်အဆင့်ပဲ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် သူက ဒီလောက် သန်မာနေရတာလဲ”

သူတို့သုံးယောက်လုံး၏ နဖူးမှနေ၍ ချွေးစေးများ စီးကျ လာသည်။ ယဲ့ဖန်သည် သူတို့တွေ့ဖူးသမျှ နတ်ဘုရား ဂိုဏ်းချုပ် အဆင့်သိုင်းပညာရှင်များထဲ၌ ထိတ်လန့်စရာ အကောင်းဆုံးသူ ဖြစ်လေသည်။ သူသည် ကြောက်မက် ဖွယ်ကောင်းလောက်အောင် သန်မာလွန်းနေသည်။

ထိုစဉ် ယဲ့ဖန်၏ ဓားချက်က နတ်ဘုရင်အဆင့်တစ်ယောက်ကို ထက်ပိုင်းပိုင်းသွားသဖြင့် လောဝူကျိ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

“သူ့ကို အသက်ဆက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး၊ မဟုတ်ရင် ငါတို့ ပါရမီရှင်သုံးယောက်လုံး အရှင်းခံရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် လောဝူကျိတို့သည် အချင်းချင်း ပူးပေါင်း၍ အားကုန်ထုတ်သုံးပြီး ယဲ့ဖန်ကို တိုက်ခိုက်ကြ လေသည်။ ယခုအခါတွင်မှ သူတို့သုံးယောက်၏ အိပ်မက်ဆိုး စတင်လာလေတော့သည်။

All Chapters