← Chapters

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

Chapter 652 ပါရမီရှင်သုံးယောက်လုံး သုံးစားမရဘူး

ဝုန်း! ဝုန်း! ဝုန်း!

လက်ရှိအချိန်၌ မိစ္ဆာမျှော်စင်၏ ပထမထပ်၌ လူလေးယောက် တို့သည် အပြင်းအထန် တိုက်ခိုက်နေ ကြသည်။ မျိုးနွယ် သုံးခုမှ နံပါတ်တစ် ပါရမီရှင်များ ဖြစ်ကြသည့် လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီး မြေခွေး မလေးတို့သည် ယဲ့ဖန်ကို သတ်ရန် အချင်းချင်း ပူးပေါင်းလိုက်ကြလေသည်။

ဤသည်ကိုသာ မျိုးနွယ်သုံးခု၏ အကြီးအကဲများ သိသွား ပါက ပါးစပ်အဟောင်းသား ဖြစ်ကာ အံ့ဩသွား လောက်သည်။ နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်လေးကို သတ်ရန် မျိုးနွယ်သုံးခုက နံပါတ်တစ် ပါရမီရှင်များ ပူးပေါင်းရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤသည်မှာ အလွန် အံ့ဩစရာ ကောင်း လှသည်။

သို့သော် တိုက်ခိုက်ချိန် ကြာလေလေ လောဝူကျိတို့ သုံးယောက်လုံး ပို၍ထိတ်လန့်လေ ဖြစ်လာသည်။ ယဲ့ဖန်၏ ပုံရိပ်က လေသဖွယ် ပထမထပ်အတွင်း ဟိုဟိုဒီဒီ ကူးသန်း နေသည်ကို သူတို့ တွေ့လိုက်ရသည်။

လေတိုးသံ တစ်ခါကြားလိုက်ရသည်နှင့် ယဲ့ဖန်၏ ပုံရိပ်က မီတာတစ်ရာ အကွာအဝေးသို့ ရောက်ပြီးနေလေသည်။ ယဲ့ဖန်၏ အလျင်သည် လျှပ်စီးကဲ့သို့ မြန်ဆန်လှပြီး ရွေ့လျားစက်တစ်လုံးလေအလား ထင်မှတ်မှားရသည်။

တစ်ကွက်၊ ငါးကွက်၊ ဆယ်ကွက်၊ အကွက်တစ်ရာ။

တဖြည်းဖြည်းနှင့် အချိန်တွေ ကုန်လွန်လာကာ နံပါတ်တစ် ပါရမီရှင်သုံးယောက်လုံးသည် ယဲ့ဖန်နှင့် သိုင်းကွက် တစ်ရာ အထိ တိုက်ခိုက်ခဲ့ပြီးလေသည်။

သို့သော် သူတို့ကို သွေးအန်မတတ် ဖြစ်စေသည်က သူတို့ သုံးယောက်လုံး ယဲ့ဖန်၏ အင်္ကျီစပင် ထိအောင် မလုပ်နိုင် ခဲ့ခြင်းပင်။ ထိုအစား ယဲ့ဖန်၏ တန်ပြန် တိုက်ခိုက်မှု များကြောင့် ချုံးချုံးကျ၍ အမောဖောက်နေကြသည်။

“ချီးတဲ့မှပဲ၊ ဒီကောင်က ဘယ်လိုကောင်လဲကွာ”

သခင်လေး ရွှမ်ယွမ်၏ ပါးစပ်ထောင့်၌ သွေးစများ ကပ်ညိ နေသည်။ သူသည် ယခုလေးတင် ယဲ့ဖန်၏ လက်သီးချက် မိသွားသဖြင့် အနည်းငယ် ဒဏ်ရာရ သွားခဲ့သည်။ ဤသည် ကြောင့်ပင် သူ ပို၍ ထိတ်လန့်မိသည်။

သူတို့တစ်ဦးချင်းစီ၏ နတ်ဘုရား အလယ်အလတ်အဆင့်နှင့် ယှဉ်နိုင်နေလေသည်။ ထို့အတူ နတ်ဘုရား အလယ် အလတ်အဆင့်သည် ယဲ့ဖန်၏ အဆင့်ထက် ဆယ့်ရှစ်ဆင့် ပိုမြင့်သည်။ ဤသို့သော ကြီးမားသည့် အဆင့်ကွာဟမှု အောက်၌ ယဲ့ဖန်သည် အေးအေးလူလူ လှုပ်ရှားနိုင်နေ၏။ ထို့ကြောင့်ပင် သခင်လေး ရွှမ်ယွမ် ကြက်သီးမွေးညင်း ထမိသည်။

“ဝိုင်းထားတဲ့ နေရာအကျယ်အဝန်းကို ကျဉ်းအောင် လုပ်ကြမယ်၊ သူ့ကို လှုပ်ရခက်အောင်လုပ်ပြီးမှ အသေ သတ်ကြမယ်”

လောဝူကျိသည် အလွန်သိသာလှစွာ မျက်နှာ မည်းမှောင် နေသည်။ နံပါတ်တစ် ပါရမီရှင် သုံးယောက်က နတ်ဘုရား ဂိုဏ်းချုပ်အဆင့်လေးကို ဝိုင်းတိုက်နေရပြီး တစ်ဖက်လူ၏ တိုက်ကွက်တစ်ရာကို မနည်းခုခံနေရသည်မှာ အလွန် ရှက်စရာ ကောင်းလှသည်။

ဤသည်မှာ မျိုးနွယ်စု သုံးခုလုံးအတွက် အလွန် ရှက်ဖွယ် အတိပင် ဖြစ်သည်။ ဤသည်ကို တွေးမိပြီး နံပါတ်တစ် ပါရမီရှင် သုံးယောက်လုံးသည် အချင်းချင်း ပြန်ကြည့်၍ ဟန်ပြန်ကိုယ့်ကာ လှုပ်ရှားလာသည်။

သူတို့သည် ဝိုင်းထားသည့် နေရာကို ကျဉ်းအောင် ပြုလုပ် လာသည်။ ထိုအခါ ယဲ့ဖန် လှုပ်ရှားနိုင်သည့် နေရာ အကျယ် အဝန်း သည်လည်း ကျဉ်းမြောင်းလာကာ လေနိယာမ နှင့်တောင်မှ လှုပ်ရှားရ ခက်လာလေသည်။ သို့သော် သူသည် ခပ်ယဲ့ယဲ့ ပြုံးနေပြီး လုံးဝ စိတ်မပူသည့်ပုံပေါ်နေ၏။

“တိုက်ကြဟေ့”

ထိုစဉ် လောဝူကျိက ကျယ်လောင်စွာ အော်ပြောလေသည်။ နံပါတ်တစ် ပါရမီရှင် သုံးယောက်လုံး ယဲ့ဖန်ထံသို့ သည်းကြီးမည်းကြီး ပြေးဝင်သွားကြသည်။

“ဓားပျော့ တိုက်ကွက်”

“ကိုးမြီးလူသတ် ကျာပွတ်တိုက်ကွက်”

“ရွှမ်ယွမ် ဓားချက် သုံးချက်”

ယခုအချိန်၌ လောဝူကျိတို့ သုံးယောက်လုံးသည် သူတို့၏ အပြင်းထန်ဆုံး လူသတ်သိုင်းကွက်များကို ထုတ်သုံး လာကြသည်။ ဓားနှစ်လက်နှင့် ကျာပွတ်တစ်ချောင်းတို့က မရဏဓားများကဲ့သို့ ယဲ့ဖန်ထံသို့ ပြင်းထန်စွာ ကျရောက် လာသည်။

ထိုအချိန်တွင် ယဲ့ဖန်၏ လှုပ်ရှားနိုင်သော အကွာအဝေးသည် ဖိနှိပ်ခံထားရပြီး နောက်ဆုတ်နိုင်ခြင်းလည်း မရှိသလို ရှောင်တိမ်းနိုင်ခြင်းလည်း မရှိပေ။ ထိုဓားချက်များအောက်၌ သူ ခြေချုပ်မိနေလေသည်။

“အောင်မြင်တော့မှာလား”

ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်ကြောင့် ကိုယ်ထက်ပိုင်း ပိုင်းခံရပြီး လဲကျနေသည့် ပါရမီရှင် များအားလုံး ဝမ်းသာ လာကြသည်။

“သေလိုက်တော့၊ အဲ့ကောင်ကို ရှစ်ပိုင်းပိုင်းပြီး အမုန်းတရား တွေကို ချေဖျက်ပေးပါ”

“တော်တော် ကြာနေပြီ၊ ဒီတိရစ္ဆာန်ကောင်က ငါတို့လူတွေ အများကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တာ၊ သူ့ကို ဓားချက် တစ်သောင်းနဲ့ အကြိမ်တစ်သောင်းမက ခုတ်ပိုင်းသင့်တယ်”

“…”

မကျေမနပ် ပြောဆိုသံများ ထွက်ပေါ်လာသည်။ ကိုယ် ထက်ပိုင်း ပိုင်းခံလိုက်ရသည့် ပါရမီရှင်များသည် ယဲ့ဖန်အား မုန်းတီးနေကြလေသည်။ ယဲ့ဖန် သေရ တော့မည်ကို မြင်သောအခါ သူတို့စိတ်ထဲ၌ အလွန် ပျော်ရွှင်လာကြသည်။

သူတို့သာမက ပါရမီရှင်သုံးယောက်တို့သည်လည်း စိတ်သက် သာရာ ရနေကြသည်။ ယဲ့ဖန်၏ ကြောက်မက်ဖွယ် တိုက်ပွဲဝင် ခွန်အားက သူတို့အား အမှန်တကယ် အံ့အားသင့်စေခဲ့သည်။ သို့သော် သူ မည်မျှ သန်မာနေပါစေ၊ သူ မုချသေရမည်ပင်။

“သေပေတော့”

ပါရမီရှင် သုံးယောက်၏ ဓားနှစ်လက်နှင့် ကျာပွတ်တို့က ယဲ့ဖန်၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ရွှစ်!

သွေးများ ပန်းထါက်လာသည်။ ဓားနှစ်လက်နှင့် ကျာပွတ် တို့က ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲသို့ အရှိန်ဖြင့် ထိုးစိုက် ဝင်ရောက် သွားသည်။

“ဟားဟားဟား …”

ဤအဖြစ်ကိုကြည့်ပြီး လောဝူကျိသည် ကျေနပ်အားရစွာ အော်ရယ်လေသည်။

*အောင်မြင်ပြီကွ*

အလွန် ခြိမ်းခြောက်နိုင်သည့် ယဲ့ဖန်ကို သတ်နိုင်ရုံသာမက တစ်သက်စာ အမွေအနှစ်နှင့် နတ်ဆိုးအရိုးများကိုပါ ရရှိပေ တော့မည်။ လောဝူကျိနှင့် အခြားသူများ၏ မျက်နှာ၌ တက်ကြွပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။ ဘေးပတ် လည်ရှိ ကြမ်းပြင်ပေါ် လဲနေသည့် ကိုယ်ထက်ပိုင်း ပြတ်နေသည့် ပါရမီရှင်များသည်လည်း ဝမ်းသာလွန်း၍ ငိုကြွေးလုနီးပါး ဖြစ်နေ၏။

“နောက်ဆုံးတော့ အဲ့မျိုးမစစ်ကောင် ဇာတ်သိမ်းသွားပြီပဲ၊ ဝမ်းသာ လိုက်တာ”

“လတ်စသက်တော့ သူလည်း ဒီနေ့ သေရမှာပဲကိုး၊ ကောင်း ကောင်း သတ်ပစ်လိုက်”

“…”

ထိုအသံများတွင် အလွန်တရာ ကျေနပ်အားရ၍ ဝမ်းသာ နေဟန်များ ပျော်ဝင်နေသည်။ ထိုစဉ် အေးတိအေးစက် စကားသံ ထွက်ပေါ်လာ၏။

“ပါရမီရှင် သုံးယောက်လုံး သုံးစားမရပါလား”

*ဘာ*

ထိုစကားသံကြောင့် အားလုံး မျက်နှာပျက်သွားကြသည်။ လူတိုင်း တစ်ဖက်လှည့်ကြည့်လိုက်သောအခါ ထိုသို့ ပြောသူက ယဲ့ဖန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန်၏ ကိုယ်၌ နတ်ဘုရား ဓားနှစ်လက်က စိုက်ဝင် နေသော်လည်း သူက ထီမထင်သလို ပြုံးနေသည်။

“သေရမယ့်ကောင်က မသေသေးဘဲ ရူးကြောင်ကြောင် စကားတွေကို ပြောရဲသေးတယ်လား”

လောဝူကျိက သရော်ပြုံး ပြုံးလိုက်သည်။ သခင်လေး ရွှမ်ယွမ်နှင့် အခြားသူများကလည်း ယဲ့ဖန်အား အရူး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

သူ၏အရည်အချင်းက ကောင်းကင်ဘုံကို ဆန့်ကျင်နေသည် ဆိုလျင်တောင်မှ ယခုအချိန်တွင် သူသည် ဓားနှစ်လက်နှင့် ကျာပွတ်တို့ဖြင့် ထိုးနှက်ခြင်း ခံထားရပြီ ဖြစ်သည်။

“သေရမယ့်သူတဲ့လား”

ယဲ့ဖန်၏ မျက်နှာထက်၌ ထိတ်လန့်နေဟန် မရှိသလို ကြောက်ရွံ့နေဟန်လည်း မရှိပေ။ ထိုသို့ဖြစ်မည့်အစား သူသည် မထိတထိ ပြုံးကာ သွေးစက်ကို လက်ဖြင့်သုတ်၍ ပါးစပ်ထဲ ထည့်ကာ လျက်ကြည့်လိုက်လေသည်။

“မင်းက ဒါကို ပြောချင်တာလား”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏ ခန္ဓာကိုယ်က တုန်ခါလာသည်။ ထို့နောက် သူသည် ဓားနှစ်လက်နှင့် ကျာပွတ် ရိုက်ချက် တို့ကြောင့် အစိတ်စိတ် အမြွှာမြွှာ ဆုတ်ပြဲသွားလေသည်။ ပထမထပ်၌ သွေးစက်များ လွင့်စဉ်လာပြီး ယဲ့ဖန်၏ အသား စများက မြေကြီးပေါ် ပျံ့ကြဲနေ၏။

*ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာလား *

*ဒါက …*

လောဝူကျိနှင့် ကျန်လူများအားလုံး မှင်တက်သွားကြသည်။

*ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေတယ်တဲ့လား*

ယဲ့ဖန်က ဤသို့သော သေလမ်းကို ရွေးသွားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ထို့အပြင် သေရမည့်အချိန်၌ အဘယ် ကြောင့် သူက အလွန် တည်ငြိမ်နေရသနည်း။

ယဲ့ဖန်၏ အလောင်းကို ကြည့်ပြီး လူတိုင်း စိတ်အေး သွားရသော်လည်း ခေါင်းမွေးထောင်လာသလို ခံစား လာရသည်။

*ဟမ်*

အားလုံး၏ အံ့ဩနေသော အကြည့်အောက်၌ ကြမ်းပြင် ပေါ်ရှိ ယဲ့ဖန်၏ အသားစများက တဖြည်းဖြည်း အရည် ပျော်ကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲ သွား လေသည်။ ထို့နောက် ထိုသွေးစက်များမှနေ၍ တစ်စုံတစ်ရာကို ဖန်တီး လာလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသွေးစက်များမှနေ၍ လူလေးယောက်ပုံ ဖွဲ့စည်းကာ အားလုံး၏ မျက်စိရှေ့ ထွက်ပေါ်လာသည်။ ထိုလူလေးယောက်လုံးက တစ်ယောက် တည်းပင်။ ထိုလူလေးယောက်လုံးသည် ယဲ့ဖန်ပင် ဖြစ်လေတော့သည်။

လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ လောဝူကျိ တို့တောင်မှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။

*လူတစ်ယောက်က ပေါက်ကွဲသွားပြီးတော့ ဘယ်လိုလုပ် ပြန်အသက်ဝင်လာတာလဲ*

*ပြီးတော့ လူတစ်ယောက်တည်းကနေ လေးကိုယ်ခွဲ ထွက်လာသေးတယ်*

*မယုံနိုင်စရာ ကောင်းလိုက်တာ*

“ဒါ … ဒါက မသေမျိုး ခန္ဓာကိုယ်ပဲ”

လောဝူကျိ ထအော်လိုက်သည့်နောက်ပိုင်းတွင် ကျန်လူများ အားလုံး ရေခဲကန်ထဲ ပြုတ်ကျသွားသကဲ့သို့‌ အေးစိမ့် သွားကြသည်။

*မသေမျိုး ခန္ဓာကိုယ်တဲ့လား*

*အဲ့ဒါက စကြဝဠာထဲက ထိပ်တန်းခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုလေ*

*မသေဆုံးနိုင်သလို ဖျက်ဆီးလို့လည်း မရဘူး၊ တော်တော် ကြောက်ဖို့ကောင်းတဲ့အရာပဲ*

ယဲ့ဖန်ကဲ့သို့ ကောင်းကင်ဘုံ ဖြိုခွင်းသူ၌ မသေမျိုး ခန္ဓာကိုယ် ရှိနေလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။ အားလုံး မှင်တက် နေစဉ်တွင် ယဲ့ဖန် ကိုယ်ပွားလေးယောက် တစ်ပြိုင်တည်း လှုပ်ရှားလာကြပြီး ထိုမြင်ကွင်းကြောင့် အားလုံး ကြောက်ရွံ့ သွားကြလေသည်။

Chapter 653 ငါ ဒီမှာ စောင့်နေတယ်

လူတိုင်း မှင်တက်အံ့ဩနေချိန်တွင် ယဲ့ဖန် ကိုယ်ပွား လေးယောက်ထဲမှ တစ်ယောက်က လောဝူကျိထံသို့ လက်ကို အသာဝှေ့ယမ်းလိုက်သည်။ ထိုအခါ များစွာသော အနက်ရောင် မြူခိုးများက လေပြင်းမုန်တိုင်းသဖွယ် လောဝူကျိ ထံသို့ တိုက်ခတ်လာသည်။

ထိုအနက်ရောင် မြူခိုးတွင် သေစေနိုင်သည့် အဆိပ်ငွေ့များ ပါဝင်နေပုံရသည်။ ထိုလေပြင်း တိုက်ခတ်လာသည့် ပထမထပ်၏ ကြမ်းပြင်တောင်မှ ချက်ချင်း ပျက်စီးကာ ပျော့ပျောင်းသွားပြီး အနက်ရောင် အရည်များအဖြစ်သို့ ပြောင်းလဲ သွားသည်။

အနက်ရောင် မြူခိုးနှင့် ထိတွေ့ခံလိုက်ရသည့် နတ်ဘုရား မျိုးနွယ် ပါရမီရှင်တစ်ယောက်၏ စူးစူးဝါးဝါး အော်ဟစ် လိုက်သည့် အသံလည်း ထွက်ပေါ်လာ၏။

“မလုပ်နဲ့”

ထိုနတ်ဘုရားမျိုးနွယ် ပါရမီရှင်၏ အသားနှင့် သွေးများ အားလုံး ချက်ချင်း ပုပ်ပွသွားသည်။ ရဲရဲနီနေသော အသားစများသည်လည်း အနက်ရောင် အရည်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ နောက်ဆုံးတွင် လူတစ်ကိုယ်လုံး ပုပ်ပွပျက်စီး၍ အနက်ရောင် အဆိပ်ရည်များအဖြစ်သို့ ဘဝ ပြောင်းသွားလေတော့သည်။

ဤမြင်ကွင်းမှာ အလွန်ကြောက်စရာ ကောင်းလှသည်။

“သေစမ်း၊ ဒါ … ဒါ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ပဲ၊ သူ့မှာ ထိပ်တန်း အဆိပ်ခန္ဓာကိုယ် ရှိနေတယ်”

လောဝူကျိ ကြက်သီးထလာသည်။ သူသည် ကြောက် လန့်နေသော ယုန်တစ်ကောင်သဖွယ် တုန်တုန်ယင်ယင်ဖြင့် အသည်းအသန် နောက်ဆုတ်လေသည်။

ထိုမျှနှင့် မပြီးသေးဘဲ ဒုတိယမြောက် ယဲ့ဖန်ကိုယ်ပွားက ကြမ်းပြင်အား‌ ခြေဖြင့်ဆောင့်ချလိုက်သည်။

ဝှစ်!

ဆန်းကြယ်ရေခဲချီဓာတ်များက သခင်လေး ရွှမ်ယွမ်ထံသို့ အလျင်အမြန် ဝင်ရောက်လာသည်။ ကြမ်းပြင်ပေါ်၌ များပြား လှသည့် နှင်းပေါက်ခဲဖြူများဖြင့် ဖုံးလွှမ်းသွားသည်။ အင်မော်တယ်မျိုးနွယ်မှ များစွာသော သိုင်းပညာရှင်များ ချက်ချင်း အေးခဲသွားကြလေသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များ အက်ကွဲလာပြီး ပေါက်ကွဲကာ ရေခဲရိုက် ထားသည့် အလောင်း အပိုင်းအစများ ဖြစ်သွားလေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါ … ဒါ ဆန်းကြယ်ရေခဲ ချီဓာတ်တွေ၊ သူ့မှာ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် ရှိနေတယ်”

သခင်လေး ရွှမ်ယွမ်သည် သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားလေသည်။ ဆန်းကြယ်ရေခဲ၏ အေးခဲမှု ဒဏ်ကို မခံနိုင်သဖြင့် သူ အသည်းအသန် ဆုတ်ခွာ လိုက်ရသည်။

တတိယမြောက် ယဲ့ဖန်၏ကိုယ်ပွားကမူ လက်ချောင်းများကို အသာလှုပ်လာသည်။ သူ၏လက်ချောင်းများမှနေ၍ အသက် ဓာတ် စွမ်းအင်များ ထွက်ပေါ်လာသည်။

ယခုအချိန် အရာအားလုံး အသက်ပြန်ဝင်လာသည်ဟု ထင်မှတ် ရသည်။ နွယ်ပင်များသည် ရုတ်တရက် အသက်ဝင် လာပြီး မိစ္ဆာမျှော်စင်အောက်ရှိ မြေကြီးထဲမှနေ၍ ပထမ ထပ်၏ ကြမ်းပြင်သို့ ထိုးထွက်လာလေသည်။

ချွန်ထက်သည့် နွယ်ပင်အမြစ်များက သက်ရှိသတ္တဝါ များကဲ့သို့ ကိုးမြီးမြေခွေးမလေးအား ဝိုင်းတိုက်ခိုက် လာကြ သည်။ ဤသည်ကိုမြင်ပြီး ကိုးမြီးမြေခွေးမလေး မျက်နှာ ဖြူရော် သွားသည်။

သူမသည် လက်ကိုလှုပ်၍ မကောင်းဆိုးဝါးစွမ်းအင်ကို ထုတ်ဖော်၍ သူမတစ်ကိုယ်လုံးကို အုပ်မိုး ကာကွယ်နိုင်သည့် မကောင်းဆိုးဝါးအကာအရံကို ဖန်တီးလိုက်သည်။ ထိုစဉ် များစွာသော နွယ်ပင်အမြစ်များက မကောင်းဆိုးဝါး အကာအရံကို ထိုးနှက်တိုက်ခိုက်လာသည်။

ဂျွတ်! ဂျွတ်!

အက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ကိုးမြီးမြေခွေးမလေး၏ မကောင်းဆိုးဝါး အကာအရံသည် ချက်ချင်း အက်ကွဲကာ ပျက်စီးသွားလေတော့သည်။ ထိုအခါ ကိုးမြီး မြေခွေးမ လေးသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ထိတ်လန့်၍ ဖြူဖပ် ဖြူရော် မျက်နှာဖြင့် အနောက်သို့ ခြေလှမ်းတစ်ရာမက ဆုတ်လိုက်လေသည်။

“မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်၊ သူက မိစ္ဆာကောင်ပဲ”

ကိုးမြီးမြေခွေးမလေး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေ သည်။ ဘေးပတ်လည်မှ လူများအားလုံးသည် မိုးကြိုးပစ်ချ ခံရသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေကြသည်။

ယဲ့ဖန်၏ ကိုယ်ပွားလေးယောက်၌ မသေမျိုး ခန္ဓာကိုယ်၊ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်၊ မွေးရာပါ စိတ်ဝိညာဉ် စိတ် ဝိညာဉ်နှင့် ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်တို့ ရှိနေလိမ့် မည်ဟု မည်သူမျှ ထင်မထားမိပေ။

စကြဝဠာထဲရှိ ထိပ်တန်း ခန္ဓာကိုယ်ဆယ်ခုထဲမှ လေးခုအား လူတစ်ယောက်ထဲ၌ တွေ့မြင်နေရသည်။ ဤသို့သော ထိတ်လန့်မှုမျိုးကြောင့် လောဝူကျိနှင့် အခြားသူများအားလုံး မျက်နှာ ပြာနှမ်းသွားကြသည်။

တောက်! တောက်!

လောဝူကျိ အပါအဝင် ပါရမီရှင်များအားလုံး၏ နဖူးမှနေ၍ ချွေးစေးများ တတောက်တောက် စီးကျလာသည်။ အားလုံး သည် သရဲသဘက်နှင့် ကြုံတွေ့နေရသကဲ့သို့ မျက်လုံးများ ပြူးကျယ်နေကြလေသည်။

“ကောင်းကင်ဘုံ ဖြိုခွင်းသူ၊ ထိပ်တန်း ခန္ဓာကိုယ်လေးမျိုး”

“ဒီလူ၊ ဒီလူ ဘယ်ကနေ ရောက်လာတာလဲ”

အားလုံး၏ စိတ်ထဲတွင် အလွန် ထိတ်လန့် အံ့ဩနေ ဟန်များဖြင့် ပြည့်နှက်နေသည်။ ယဲ့ဖန်ရှေ့၌ နံပါတ်တစ် ပါရမီရှင်ဟု ခေါ်ဝေါ်နေကြသည့် လောဝူကျိတို့ သုံးယောက် တို့တောင်မှ အမှိုက်နှင့် အတူတူပင်။

ထိုစဉ် ယဲ့ဖန်က အားလုံး၏ ထိတ်လန့်နေမှုကို အရေး မလုပ်ချေ။ ယဲ့ဖန် ကိုယ်ပွားသုံးယောက်က လောဝူကျိတို့ သုံးယောက်ထံ ပြေးဝင်၍ တိုက်ခိုက်လာသည်။

တိုက်ခိုက်သံများနှင့်အတူ လောဝူကျိတို့ သုံးယောက်သား နောက်ဆုတ်နေရလေသည်။ ယဲ့ဖန်ကိုယ်ပွား သုံးယောက်က ပါရမီရှင် သုံးယောက်အား အပြင်းအထန် တိုက်ခိုက်နေသည်။ လောဝူကျိတို့ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများစွာ ဖြစ်ပေါ်လာပြီး သွေးများ ဆက်တိုက် စီးကျလာသည်။

ထိပ်တန်းအဆိပ်ခန္ဓာကိုယ်ဖြစ်စေ၊ ဆန်းကြယ်ရေခဲ ခန္ဓာ ကိုယ် ဖြစ်စေ၊ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ဖြစ်စေ တစ်ဦး ချင်းစီ၌ ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားကို တူညီစွာ ပိုင်ဆိုင် ထားကြသည်။

ထို့အပြင် အချိန်နိယာမ၊ လေနိယာမနှင့် မြေကမ္ဘာ ဥပဒေသ တို့ကို သိနားလည်ထားသဖြင့် ယဲ့ဖန်၏ စွမ်းရည်က အတိုင်းအဆ မဲ့လောက်စွာ ပြိုင်ဘက်ကင်းနေသည်။

“မလုပ်နဲ့”

ထိုစဉ် သခင်လေး ရွှမ်ယွမ်က မလိုလားဟန်ဖြင့် ဟစ်အော် လာပြီး သူ၏ခန္ဓာကိုယ်အား ဆန်းကြယ်ရေခဲချီဓာတ်များက ဖြတ်တောက်သွားလေသည်။

ရွှစ်!

သွေးများ ပန်းထွက်လာပြီး သခင်လေး ရွှမ်ယွမ်သည် ခါးလယ်မှနေ၍ ကိုယ်ထက်ပိုင်း ပိုင်းခံလိုက်ရလေသည်။

“ရွှမ်ယွမ်”

လောဝူကျိနှင့် ကိုးမြီးမြေခွေးမလေးတို့ ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားသည်။ သူတို့ သတိမထားမိချိန်တွင် ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ယဲ့ဖန်၏ ကိုယ်ပွားက လောဝူကျိအား နောက်ကျောမှနေ၍ ထိုးနှက်လာသည်။

ဝုန်း!

သွေးစများနှင့် အသားစများ လွင့်စဉ်ထွက်လာပြီး ထိုလက်သီးချက်ကြောင့် လောဝူကျိ၏ နံရိုးများ ကျိုးကြေ သွားသည်။ သူ၏ ခါးနှင့် ဝမ်းဗိုက်တစ်ခုလုံးသည်လည်း ပြတ်တောက်သွားသည်။ ပြတ်ထွက်သွားသော ခန္ဓာကိုယ် နှစ်ပိုင်းမှနေ၍ သွေးများက ကြမ်းပြင်အနှံ့ စီးဆင်းနေသည်။

တစ်ဖက်တွင်မူ ကိုးမြီးမြေခွေးမလေးသည် အလွန် ကြောက်လန့်နေ၏။ သူမသည် ကိုယ်တစ်ပတ်လှည့်၍ ထွက်ပြေးရန် ပြင်လေသည်။ သို့သော် သူမ၏ လျင်မြန်သော အရှိန်ထက် အသက်ဝင်နေသော နွယ်ပင်များက ပို၍ မြန်ဆန် လေသည်။

ထိုနွယ်ပင်များသည် လူ့လက်မောင်းခန့် တုတ်ခိုင်၍ ကိုးမြီး မြေခွေးမလေး၏ ခြေထောက်နှင့် လက်များကို ချက်ချင်း ရစ်ပတ်ချုပ်နှောင်လာသည်။ ထို့နောက် ထိုနွယ်ပင်များက အပေါ်၊ အောက် ဆွဲဖြဲလေတော့သည်။

“အား …”

ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ကိုးမြီး မြေခွေးမလေး၏ မကောင်းဆိုးဝါး ခန္ဓာကိုယ်တစ်ခုလုံးသည် နွယ်ပင်များ၏ စုတ်ဖြဲခြင်း ခံလိုက်ရလေသည်။

နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးသည် ယခုအချိန်၌ ငယ်သံပါအောင် ရုပ်ပြတ်ဆင်းပျက် အော်ဟစ်နေရသည်။ သူမ၏ ခန္ဓာကိုယ် အပိုင်းအစနှစ်ခုသည်လည်း ပျက်စီး သွားသော သဲအိတ်များကဲ့သို့ ကြမ်းပြင်ပေါ် ၌ ရှိနေသည်။

ယခုအချိန်၌ မျိုးနွယ်သုံးခု၏ နံပါတ်တစ် ပါရမီရှင် သုံးယောက်လုံး ရှုံးနိမ့်၍ ကိုယ်နှစ်ခြမ်း ပိုင်းခံရပြီး သေလုမျောပါး ဖြစ်နေလေသည်။ ဤသည်ကိုကြည့်ပြီး ဘေးပတ်လည်ရှိ မျိုးနွယ်သုံးခုလုံးမှ ပါရမီရှင်များ အားလုံး မှင်တက်နေကြသည်။

“ရှုံးသွားတာလား၊ ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ၊ အဖြစ်ဆိုးလိုက်တာ”

နတ်ဘုရားမျိုးနွယ်တစ်ယောက်သည် သူ မြင်ခဲ့ရသမျှ အရာ အားလုံးကို မယုံကြည်နိုင် ဖြစ်နေသည်။ လောဝူကျိ သည် ငယ်ရွယ်၍ နတ်ဘုရားအဆင့်သို့ ရောက်နေ သောသူဖြစ်ပြီး နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံးသော ပါရမီရှင် လည်း ဖြစ်သည်။ သို့သော် ယခုအခါတွင် ယဲ့ဖန်ရှေ့၌ သုံးစား မရသော ပုရွက်ဆိတ်လေးသာ ဖြစ်နေလေသည်။

ထို့အတူ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီး မြေခွေးမလေး တို့သည်လည်း အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါး မျိုးနွယ်တို့၏ နံပါတ်တစ် ပါရမီရှင်များ ဖြစ်သော်ငြားလည်း ကိုယ်နှစ်ပိုင်း ပိုင်းခံရပြီး သေရမည့်အချိန်ကိုသာ စောင့်နေ ရသည်။

ဤသတင်းအား မျိုးနွယ်သုံးခုမှ လူများအားလုံး ကြား သွားပါက လောကတစ်ခုလုံး သေချာပေါက် တုန်လှုပ် သွား လောက်သည်။

အားလုံး ထိတ်လန့်နေချိန်တွင် ယဲ့ဖန်ကိုယ်ပွား လေးယောက် က ဖျတ်ခနဲ စုပေါင်းသွားပြီး တစ်ယောက်တည်း ပြန်ဖြစ် သွားသည်။ ဤသည်ကိုကြည့်ပြီး လောဝူကျိက ထအော် ဟစ်လေသည်။

“ဟေ့ကောင်၊ မင်းတော့ ကပ်ဆိုးကြီးတစ်ခု ဖြစ်အောင် လုပ်လိုက်တာပဲ။ အခု မင်းက မျိုးနွယ်သုံးခုက ပါရမီရှင် အားလုံးကို ထက်ပိုင်းပိုင်းခဲ့တယ်၊ ဒါပေမဲ့ မင်း ဒီကနေ ပြန်ထွက်သွားတာနဲ့ မင်းကို မျိုးနွယ်သုံးခုလုံးက အမဲလိုက် သလို လိုက်မှာပဲ”

“မင်း မသေမချင်း မကျေအေးနိုင်ဘူး၊ မင်းမိသားစုဝ င်အားလုံးလည်း သေရမယ်”

သူ့အသံ၌ အလွန် မကျေမချမ်းဖြစ်၍ မုန်းတီးနေဟန်များ ပါဝင်နေသည်။ လောဝူကျိသည် ဤမျှကြောက်စရာ ကောင်းသော မိစ္ဆာတစ်ကောင်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ မျိုးနွယ်သုံးခုလုံးမှ ပါရမီရှင် နှစ်ရာကျော်တို့သည်လည်း ယဲ့ဖန်ကြောင့် ကိုယ်နှစ်ပိုင်း ပိုင်းခံလိုက်ရသောကြောင့် မယုံ နိုင်စရာ ကောင်းလှသည်။

လောဝူကျိ၏ စကားကြောင့် ယဲ့ဖန်က အသာပြုံးလာသည်။

“အမဲလိုက်မယ် ဟုတ်လား”

“အခု ငါ မင်းကို အခွင့်အရေး ပေးလိုက်မယ်၊ ဒီနေရာက သတင်းကို မျိုးနွယ်သုံးခုဆီ ပြန်ပို့လိုက်၊ မင်းတို့ အကြီး အကဲတွေကို လာခိုင်းလိုက်လေ”

“ငါ ဒီနေရာကနေ စောင့်နေမယ်”

Chapter 654 စိတ်ဝင်စားစရာတစ်ချို့ ပေးလိုက်ရုံပါပဲ

“ငါ ဒီနေရာကနေ စောင့်နေမယ်”

ယဲ့ဖန်၏စကားအဆုံး၌ ဤနေရာရှိ မျိုးနွယ်သုံးခုမှ ပါရမီရှင် များ အားလုံး အံ့အားသင့်သွားကြသည်။

*မျိုးနွယ်သုံးခုလုံးကို ပြန်ပြောခိုင်းမယ်ဟုတ်လား*

*ဒီ … ဒီလူ တကယ် ပြောနေတာလား*

ပါရမီရှင်တိုင်း ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်နေကြသည်။ အထူး သဖြင့် လောဝူကျိပင်၊ သူသည် ယဲ့ဖန်အား အရူး တစ် ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။

“မင်း … မင်း ငါတို့ အကြီးအကဲတွေကို သတင်းပို့ပြီး လာကယ်ခိုင်းမယ်ဆိုတာ တကယ်လား”

ယခုအချိန်၌ မျိုးနွယ်သုံးခုမှ ပါရမီရှင် အယောက် နှစ်ရာကျော်သည် ယဲ့ဖန်အား သူ ပြောလိုက်သည့်စကားက အမှန်ပဲလားဆိုသည်ကို သိချင်သည့်အကြည့်များဖြင့် ဝိုင်း ကြည့် နေကြသည်။

ဤအဖြစ်ကိုကြည့်ပြီး ယဲ့ဖန်က အပြုံးကြီးပြုံးလိုက်သည်။

“ဟုတ်တယ်၊ မင်းတို့မျိုးနွယ်ကို သတင်းပို့ပြီးတော့ အကြီး အကဲတွေကို လာကယ်ပါလို့ တောင်းဆိုလို့ရတယ်”

“ဟုတ်တာပေါ့၊ များလေကောင်းလေပဲ၊ ပိုသန်မာလေ ပိုကောင်းလေ”

*ဟာ*

အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ပြီးနောက် ပါရမီရှင်များ အားလုံး ပွက်လောရိုက်သွားသည်။

*စောက်ရူး*

အားလုံး၏ စိတ်ထဲတွင် ယဲ့ဖန်သည် ပထမတန်းစား အရူး ဖြစ်သည်ဟု ထင်နေကြသည်။ သူသည် မျိုးနွယ်စု သုံးစုမှ ပါရမီရှင် နှစ်ရာကျော်ကို သုတ်သင်ရန် ပြုလုပ်ခဲ့သည်။ ဤသို့သော ကိစ္စကို သာမန်လူများ လုပ်ခဲ့ပါက သူတို့၏ ပထမဆုံး ရွေးချယ်မှုသည် သတင်းပို့ခြင်းကို လုံးဝပိတ်ဆို့၍ ထွက်ပြေးခြင်းသာ ဖြစ်ပေသည်။

သို့သော် ယခုအခါတွင် ယဲ့ဖန်က သတင်းပို့ရန် ပို၍ မျှော်လင့် နေပုံ ရသည်။ မျိုးနွယ်သုံးခုမှ အကြီးအကဲများ လက်စား လာချေမည်ကို မျှော်လင့်နေသည့်ပုံပင်။

*ဒီလူက ကိုယ့်သေတွင်းကိုယ် တူးနေတာလား*

ပါရမီရှင်တိုင်း၏ မျက်နှာပေါ်တွင် မကျေမချမ်းဖြစ်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ကျေနပ်ဟန်နှင့် ရက်စက်လိုဟန်များ ဖြတ်ပြေးသွားသည်။ အထူးသဖြင့် လောဝူကျိပင်။ သူသည် စိတ်ထဲ၌ ကျိတ်၍ ဝမ်းသာလုံးဆို့နေသည်။

“ကောင်းပြီလေ၊ လူကြီးလူကောင်းတစ်ယောက်ဆိုတာ စကားကို ဗလောင်းဗလဲ မပြောသင့်ဘူး”

“မင်းကတိ မင်းတည်မယ်လို့ ငါ မျှော်လင့်တယ်”

ထိုသို့ပြောပြီးနောက် လောဝူကျိသည် အသံ ဆက်သွယ်ရေး ကိရိယာကို ထုတ်ယူပြီး ယဲ့ဖန်အား သတိထား၍ စိုက်ကြည့် နေလေသည်။

သူသည်သာမက ဘေးနားမှ သခင်လေး ရွှမ်ယွမ်၊ ကိုးမြီး မြေခွေးမလေးနှင့် မျိုးနွယ်သုံးခုမှ ကျန်ပါရမီရှင်များ အားလုံး တို့သည်လည်း အသံ ဆက်သွယ်ရေး ကိရိယာကို ထုတ်လာ ကြသည်။

သူတို့သည် မျိုးနွယ်သုံးခု၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် အားလုံး၏ နောက်ကွယ်၌ အင်အား ကြီးသူတစ်ယောက် ရှိစမြဲပင်။

ဥပမာအားဖြင့်ဆိုလျင် လောဝူကျိ၏ နောက်ကွယ်၌ သူ၏ မိခင် သခင်မ ဖုရုံ ရှိသည်။ သခင်လေး ရွှမ်ယွမ်၏ နောက် ကွယ်၌ အင်မော်တယ်မျိုးနွယ်၏ ဓားသခင် ကျန်းရီရှန်း ရှိသည်။ ထိုပုဂ္ဂိုလ်များသည် စကြဝဠာကြီးထဲ၌ ဩဇာကြီး၍ ထိတ်လန့်စေနိုင်သည့် အင်အားကြီး ပုဂ္ဂိုလ်များပင် ဖြစ်လေသည်။

အကယ်၍ သူတို့သာ အတူတူ ရောက်ရှိလာပါက စကြ ဝဠာကြီး၌ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်လာပေမည်။ သူတို့ လက်များကြားထဲ၌ အဖြူရောင်ဂြိုဟ်ပင် ဖျက်ဆီးခံ ရလောက်သည်။

ထိုစဉ် ယဲ့ဖန်၏ အင်္ကျီလက်အတွင်းမှ ခေါင်းပြောင် ငှက်တစ်ကောင် ပျံထွက်လာသည်။ ၎င်းသည် အပြင်သို့ ထွက်လာသည်နှင့် ယဲ့ဖန်အား အသည်းအသန် အော်လေ တော့သည်။

“ကောင်လေးယဲ့၊ မင်း တကယ် ရူးနေတာလား”

“မင်း ဒီကောင်တွေကို မျိုးနွယ်စုဆီ ပြန်သတင်း မပို့ခိုင်းသင့်ဘူးလေ၊ မဟုတ်ရင် မျိုးနွယ်သုံးခုလုံး အတူတူ ရောက်လာလိမ့်မယ်။ မင်းက မိစ္ဆာကောင်လို သန်မာနေ ရင်တောင်မှ သေသွားလိမ့်မယ်ကွ”

ခေါင်းပြောင်ငှက်သည် စိုးရိမ်ကြောင့်ကြလုနီးပါး ဖြစ်နေ၏။ ယဲ့ဖန်၏ ရူးသွပ်မှုက မထင်မှတ်ထား လောက်အောင်ပင်။

ပြောရမည်ဆိုလျင် ယဲ့ဖန်သည် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ရှိသေးသည်။ သူသည် ဉာဏ် ထက်၍ တိုက်ပွဲဝင်ခွန်အားက ထိတ်လန့်ဖွယ်ကောင်း သော်လည်း အရေးမသာနိုင်ပေ။

အကယ်၍ သူသာ မျိုးနွယ်သုံးခုမှ ထိပ်တန်း သိုင်းပညာ ရှင်များနှင့် ရင်ဆိုင်ရပါက သေပွဲဝင်ရရုံသာ ရှိပေမည်။

“ဒါ ဟိုငှက်ပဲ”

ခေါင်းပြောင်ငှက် ပျံဝဲ၍ ထွက်ပေါ်လာချိန်တွင် ကိုးမြီး မြေခွေးမလေးနှင့် မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များ အားလုံး အလန့်တကြား ဖြစ်သွားကြသည်။

ကိုးမြီးမြေခွေးမလေး ချက်ချင်း နားလည်သွားသည်။ ကြံကြီးနှင့် အခြားသူများသည် ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဤခေါင်းပြောင်ငှက်ကို ယဲ့ဖန် ကယ်လိုက်ခြင်း ဖြစ်ပေသည်။ နတ်ဘုရားပိုက်ကွန်သည်လည်း ယဲ့ဖန် လက် ထဲသို့ ရောက်သွားလေပြီ။

ထိုသို့တွေးမိပြီးနောက် ကိုးမြီးမြေခွေးမလေးသည် ယဲ့ဖန်အား ပို၍မကျေမနပ်ဖြစ်ကာ မုန်းတီး လာလေသည်။ ထိုစဉ် သူမသည် အသံ ဆက်သွယ်ရေး ကိရိယာကိုနှိပ်၍ ခပ်မြန်မြန် သတင်းပို့လိုက်သည်။

“ဆရာ၊ ကျွန်မ ကိုးမြီးမြေခွေးမလေးပါ၊ ဒီတပည့် အသုံးမ ကျခဲ့ပါဘူး၊ ပြီးတော့ ဘာမဟုတ်တဲ့ကောင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။ ကျေးဇူးပြုပြီး ဆရာ အဖြူရောင် ဂြိုဟ်ကို မြန်မြန်လာပြီး ကယ်ပေးပါဦး”

“ပြီးတော့ ငှက်နဲ့ နတ်ဘုရားပိုက်ကွန်ကလည်း အဲ့လူလက်ထဲ ရောက်သွားပါတယ်”

ကိုးမြီးမြေခွေးမလေး၏ အသံ ဆက်သွယ်ရေး ကိရိယာမှ တစ်ဆင့် ပြောလိုက်သည့် စကားကြောင့် ခေါင်းပြောင် ငှက်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ဖြစ်ကာ အလွန် မျက်နှာပျက် သွားလေသည်။ သူ တားလိုက်ချင်သော်လည်း မမီတော့ပေ။

“ပွဲသိမ်းပြီ”

ခေါင်းပြောင်ငှက်၏ မျက်လုံးတွင် အလွန်တရာ ကြောက် လန့်၍ စိတ်ကြီးဝင်ဟန်များ ပေါ်လွင်နေပြီး ယဲ့ဖန်အား ဒေါသ တကြီး ပြောလိုက်သည်။

“ဟာ … ကောင်လေးယဲ့ မြန်မြန်လုပ်၊ ဒီနေရာကနေ ထွက်သွား ကြမယ်၊ မဟုတ်ရင် မကောင်းဆိုးဝါးမျိုးနွယ် ရောက်လာရင် ငါတို့တစ်ယောက်မှ ပြေးလို့လွတ်မှာ မဟုတ်ဘူး”

ခေါင်းပြောင်ငှက်သည် အလွန်အမင်း စိုးရိမ်ကြောင့်ကြနေ၏။ သို့သော် သူ ထိုသို့ပြောလိုက်သော်လည်း ယဲ့ဖန်သည် စိတ် အေးလက်အေးနှင့် စိတ်ပူပုံ မပေါ်ချေ။

ယဲ့ဖန်၏အမူအရာကိုကြည့်ပြီး လောဝူကျိနှင့် အခြားသူများ အပျော်လွန်သွားကြသည်။ သူတို့အားလုံးသည်လည်း အသံ ဆက်သွယ်ရေး ကိရိယာကို ထုတ်လာကြသည်။

“အမေ ကျွန်တော် လောဝူကျိပါ၊ သား တော်တော်လေး ဒဏ်ရာရသွားလို့ အမေ မြန်မြန်လာခဲ့ပေးပါ”

“ဆရာ၊ ကျွန်တော် ရွှမ်ယွမ်ပါ၊ ဒီတပည့် ဒဏ်ရာရပြီး အသက်အန္တရာယ် ရှိနေလို့၊ ဆရာ မြန်မြန်လာခဲ့ပေးပါ”

“…”

ထိုသို့သောအချိန်၌ မျိုးနွယ်သုံးခုမှ ပါရမီရှင် နှစ်ရာကျော်လုံး အသံ ဆက်သွယ်ရေး ကိရိယာကို ထုတ်သုံး လာကြသည်။

လူတိုင်း ဒဏ်ရာအပြင်းအထန် ရထားသည့် သတင်းက အသံ ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် မျိုးနွယ်များထံသို့ ရောက် ရှိသွားသည်။

ဤသည်ကိုကြည့်ပြီး ခေါင်းပြောင်ငှက်သည် သတိလစ် မတတ်ဖြစ်ကာ ပျံဝဲနေရာမှ ပြုတ်ကျ၍ ယဲ့ဖန်၏ ပခုံးပေါ် ကျလာသည်။ ငှက်၏ မျက်နှာထားသည် သေရတော့ မည့်အလား မျက်နှာပျက်ယွင်းနေ၏။ မျိုးနွယ်သုံးခုမှ မရေတွက်နိုင်သော သိုင်းပညာရှင်များ အဖြူရောင်ဂြိုဟ်သို့ ရောက်လာသဖြင့် သူတို့ မပြေးနိုင်တော့ဟု ထင်မှတ်နေ လေသည်။

“ကောင်လေး၊ မင်း … မင်းက တကယ့်ကို ကပ်ဆိုးပဲ၊ မျိုးနွယ် သုံးခုက ပါရမီရှင်တွေကိုလည်း သတ်သေးတယ်၊ လက်စား ပြန်ချေဖို့ မျိုးနွယ်သုံးခုက လူတွေကိုလည်း ခေါ်ခိုင်း လိုက်သေးတယ်။ မင်းတစ်ယောက်တည်းအားနဲ့ မျိုးနွယ် သုံးခုကို ယှဉ်ချင်နေတာလား၊ ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ”

ခေါင်းပြောင်ငှက်၏ စကားထဲတွင် အလွန် ကြောက်လန့် နေဟန်များ ထင်ဟပ်နေ၏။ သူ့စကားကြောင့် ယဲ့ဖန်က အသာ ပြုံးလိုက်သည်။

“ဒီတစ်ခေါက်က ငါ မျိုးနွယ်သုံးခုကို စိတ်ဝင်စားစရာတစ်ချို့ သတင်းပေးလိုက်ရုံလေးပါပဲ”

*စိတ်ဝင်စားစရာ ဟုတ်လား*

ခေါင်းပြောင်ငှက် ပို၍စိတ်တိုလာသည်။ လောဝူကျိနှင် အခြားပါရမီရှင်များသည် သူ့စကားကိုကြားပြီး ယဲ့ဖန်အား ပို၍ ခက်ထန်စွာ ကြည့်လာကြသည်။

သူတို့၏ အကြီးအကဲများ ရောက်လာပြီး ယဲ့ဖန်အား သွေးအိုင် ဖြစ်သွားသည်အထိ သတ်ဖြတ်လိုက်သည်ဟု မြင်ယောင် နေကြလေသည်။

ထိုစဉ် ပထမထပ်တွင်း၌ လေပြင်း တိုက်ခတ်လာသည်။ အားလုံး၏ ထိတ်လန့်နေသောအကြည့်အောက်၌ ရွှေအို ရောင် အရိုးများက မိစ္ဆာမျှော်စင်၏ အပေါ်ထပ်များ မှနေ၍ ပျံဝဲလာသည်။

“ဒါ … ဒါ မရဏနတ်ဆိုးရဲ့ အရိုးတွေပဲ၊ ဒီနတ်ဆိုးအိုကြီးရဲ့ အရိုးတွေက နတ်ဘုရားသံကြိုးတွေနဲ့ ချုပ်နှောင်ထားလို့ ကျိုးပဲ့ ကုန်တာမလား”

လောဝူကျိနှင့် အခြားသူများ ကြောက်လန့်ကာ ဖြူရော် သွားကြသည်။ ထိုစဉ် ရွှေရောင် အရိုးများက အောက်သို့ ဆင်းလာ လေသည်။ ပထမထပ်၌ ရွှေရောင် အလင်းတန်း များနှင့် ပြည့်နှက်နေ၏။

ထိုအရိုးများသည် မရဏနတ်ဆိုး၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းခွံအရိုးများ ဖြစ်လေသည်။ အောက်သို့ ရောက်လာ ပြီးသည်နှင့် အရိုးများက ချက်ချင်း ပေါင်းစပ် သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေရောင် အရိုးစု ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားသည်။

“ကျိုးပဲ့စမ်း”

ထိုရွှေရောင် အရိုးစုသည် ခန္ဓာကိုယ်ဖွဲ့စည်းပြီးသည်နှင့် အသံ ဩဩဖြင့် စကားဆိုလာသည်။ ထို့နောက် အားလုံး၏ အကြည့် အောက်၌ နတ်ဆိုးအရိုးများကို ချုပ်နှောင်ထားသည့် သံကြိုးများ အားလုံး ကျိုးပဲ့သွားလေသည်။ များပြားလှသည့် နတ်ဆိုးစွမ်းအင်များ ပျံ့နှံ့လာသည်။

“လမ်းဖယ်ကြ၊ ဒီနတ်ဆိုးအိုကြီး အိပ်ပျော်ရာက နိုးလာပြီ ထင်တယ်၊ ဟိုကောင်လည်း သေနိုင်သလို ငါတို့လည်း သေနိုင်တယ်”

ထိုသို့တွေးမိပြီးနောက် လောဝူကျိနှင့် အခြားသူများအားလုံး ကြောက်လန့်တကြား ရှောင်တိမ်းကြလေသည်။ နိုးထလာ ပြီးနောက် ရွှေရောင် အရိုးစုသည် ယဲ့ဖန်ထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။ ပထမထပ်တွင်း၌ နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက် လာ၏။ ထိုအရိုးစု၏ ခြေလှမ်းတိုင်း၌ လောဝူကျိတို့ ရင်တုန်လာသည်။

“ကြည့်ရတာ ငါတို့မျိုးနွယ်က အကြီးအကဲတွေ မပါလည်း ဒီကောင် မရဏနတ်ဆိုးရဲ့ အရိုးစုလက်ချက်နဲ့ သေရမယ် ထင်တယ်”

လောဝူကျိနှင့် အခြားသူများသည် ထိုရွှေရောင် အရိုးစုကြောင့် ယဲ့ဖန် တစ်စစီ ဖြစ်တော့မည်ဟု ထင်နေကြသည်။

မီတာနှစ်ဆယ်၊ တစ်ဆယ်၊ ငါးမီတာ။ မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဆိုးအရိုးစုက ယဲ့ဖန်ရှေ့သို့ ရောက် လာသည်။

လောဝူကျိနှင့် အခြားသူများကို ထိတ်လန့်သွားစေသည်က ယဲ့ဖန်သည် ထွက်ပြေးခြင်း မပြုဘဲ ထိုရွှေရောင် အရိုးစုအား ငြိမ်သက်စွာ ကြည့်နေခြင်းပင်။

*အရူး*

*ဒီကောင် ရူးနေပြီ*

*သူ မရဏနတ်ဆိုးရဲ့ အရိုးစုခန္ဓာကိုယ်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား*

လောဝူကျိနှင့် အခြားသူများ မယုံကြည်နိုင် ဖြစ်သွားကြသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ အရိုးစု ခန္ဓာကိုယ်သည် ယဲ့ဖန်ရှေ့ ရောက်သည်နှင့် ဒူးတစ်ဖက် ထောက်လိုက်သောကြောင့် အားလုံး ခေါင်းနပမ်းကြီးကာ အံ့ဩတကြီး ဖြစ်သွားကြသည်။

All Chapters