← Chapters

အခန်း (၆၅၅-၆၅၇)

Vol. 44 Ch. 655-657

အခန်း (၆၅၅-၆၅၇)

Vol. 44 Ch. 655-657

Chapter 655 မင်းခေါင်းကို ထားခဲ့ရမှတော့ ဘယ်ကိုသွားချင်နေသေးတာလဲ

ယဲ့ဖန်တစ်ယောက်တော့ မရဏ နတ်ဆိုးအရိုးစု၏ သတ်ဖြတ်ခြင်း ခံရတော့မည်ဟု လူတိုင်း ထင်နေကြစဉ်တွင် ထိုအရိုးစုက ယဲ့ဖန်ရှေ့ ဒူးတစ်ဖက်ထောက်၍ စိတ်လှုပ်ရှား နေသောအသံဖြင့် ပြောလာသည်။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက် တော်ရာကျော် ရှည်ပါစေ”

“ဒီလက်အောက်ငယ်သား အသုံးမကျခဲ့လို့ ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ကို မစောင့်ရှောက်နိုင်ခဲ့ပါဘူး။ သခင်ကြီး ကျွန်တော့်ကို အပြစ်ပေးပါ”

ထိုသို့ပြောပြီးနောက် မရဏနတ်ဆိုး၏ အရိုးစုသည် ယဲ့ဖန် ရှေ့၌ ခေါင်းကိုငုံ့ကာ ဝပ်တွား၍ အရိုအသေ ပေး လေသည်။

သူ၏အသံက ကြည်လင်ပြတ်သားလှသောကြောင့် မျှော်စင် တစ်ခုလုံး၌ မကြားသည့်သူ မရှိပေ။ လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်နှင့် အခြားသူများအားလုံး မှင်တက်သွားကြသည်။

*သ … သခင်ကြီးတဲ့လား*

လက်ရှိအချိန်၌ လူတိုင်းသည် ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။

“သခင်ကြီးဆိုတော့၊ သူ … သူက ကျဆုံးသွားတဲ့ ဟိုပုဂ္ဂိုလ်လား”

“မဟုတ်ဘူး … မဖြစ်နိုင်ဘူးလေ၊ အဲ့ပုဂ္ဂိုလ်က ကမ္ဘာဦး ချောက်နက်ထဲ ကျသွားခဲ့တာ၊ ပြီးတော့ ကမ္ဘာဦး ချောက်နက် ထဲ ကျသွားတဲ့သူက ပြန်လည်မွေးဖွားနိုင်တယ်လို့ တစ်ခါမှ မကြားခဲ့ဖူးပါဘူး”

“ဒါပေမဲ့ မရဏနတ်ဆိုးက ဘာလို့ သူ့ကို သခင်ကြီးလို့ ခေါ်နေတာလဲ”

လက်ရှိအချိန်၌ မျိုးနွယ်သုံးခုမှ ပါရမီရှင် နှစ်ရာကျော်လုံး ထိတ်လန့်နေကြသည်။ အားလုံး၏ အကြည့်များက ယဲ့ဖန်ထံသို့သာ ကျရောက်နေသည်။

အထူးသဖြင့် လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီး မြေခွေးမလေးတို့ပင်၊ သုံးယောက်သား တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ သူတို့သည် မျိုးနွယ်စု သုံးခု၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည့်အားလျော်စွာ လျှို့ဝှက်ချက် အချို့နှင့် မှတ်တမ်းအချို့ကို ကြားဖူးမြ င်ဖူးကြသည်။

ထိုထဲမှ အများစုမှာ နတ်ဆိုးမျိုးနွယ်နှင့် ပတ်သက်သော မှတ်တမ်းများပင်။ ယခုအချိန်၌ လောဝူကျိတို့ သုံးယောက် သား ယဲ့ဖန်၏ မျက်နှာကို စူးစိုက်ကြည့်နေကြသည်။

သူတို့စိတ်ထဲတွင် ယဲ့ဖန်၏ မျက်နှာက မှတ်တမ်းများထဲမှ သူတို့ မြင်ဖူးထားသည့် မျက်နှာနှင့် တဖြည်းဖြည်း တစ်ထပ်တည်း ဖြစ်လာသည်။ ထိုအခါ သုံးယောက်လုံး ပိုပို၍ ခြောက်ခြားလာကြသည်။

“သူပဲ၊ သေစမ်းကွာ … သူ့မျက်နှာက အရင်ဘဝကမျက်နှာနဲ့ တစ်ပုံစံတည်းပဲ။ ဒါပေမဲ့ သူ့ပင်ကိုစရိုက်က ပြောင်းသွား ပြီးတော့ သူ့ဆံပင်ကလည်း အဖြူရောင်ကို ပြောင်း သွားတယ်”

“သူ ဒီလောက် သန်မာနေတာကို ငါ မအံ့ဩတော့ဘူး၊ သူ့မှာ ထိပ်တန်းခန္ဓာကိုယ် လေးမျိုး ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါလား၊ သူက … လတ်စသက်တော့ သူက နတ်ဆိုးဧကရာဇ် ဖြစ်နေတာကိုး”

“…”

လောဝူကျိတို့၏ ထိတ်လန့်တကြား ပြောလိုက်သည့် စကားအဆုံး၌ မိစ္ဆာမျှော်စင်၏ ပထမထပ် တစ်ထပ်လုံး အုတ်အော် သောင်းနင်း ဖြစ်သွားလေသည်။

ပါရမီရှင် အယောက်နှစ်ရာကျော်လုံး ကြောက်လန့်တကြား ဖြစ်လာကြသည်။ ထိုပုဂ္ဂိုလ်၏ နာမည်ဂုဏ်သတင်း မည်မျှ ကျော်ကြားသလဲဆိုလျင် သူတို့၏ အကြီးအကဲများနှင့် ဆရာများပင်ကြားပါက မျက်နှာပြာနှမ်း သွားလောက် သည့်အထိ ကျော်ကြားလှသည်ပင်။

ထိုပုဂ္ဂိုလ် ကျဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း သူ၏ ကြောက်စရာကောင်းသော ဒဏ္ဍာရီ လာများက မျိုးနွယ်သုံးခုမှ မျိုးဆက်တိုင်းကို ကြောက်လန့် စေခဲ့လေသည်။

“မကောင်းတော့ဘူး”

လူတိုင်း ခြောက်ခြားနေချိန်တွင် လောဝူကျိက ရုတ်တရက် ထပြောလာသည်။ သူ၏မျက်နှာထားက စက္ကူစကဲ့သို့ ဖြူရော် နေပြီး သူ့နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျနေသည်။

“သူက နတ်ဆိုးဧကရာဇ်ဖြစ်နေတယ်ဆိုတော့ သူ ငါတို့ အကြီးအကဲတွေကို လာခိုင်းလိုက်တာက လက်စားချေဖို့ပဲ။ သူ့မှာ ရှင်းဖို့နည်းလမ်းရှိနေမှာ သေချာတယ်”

“သူ့ဝှက်ဖဲက ငါတို့အကြီးအကဲတွေကို အသက်အန္တရာယ် ဖြစ်အောင် လုပ်ချင်နေတာ ဖြစ်မယ်”

ထိုအခါတွင်မှ လူတိုင်း နားလည်သဘောပေါက်သွားကြပြီး ဘေးပတ်ဝန်းကျင်မှ ပါရမီရှင်များအားလုံး ခြောက်ခြား သွားကြသည်။ သူတို့အားလုံး ထိတ်လန့် ဒေါသထွက် နေကြသည်။ သူတို့ အသံဆက်သွယ်ရေး ကိရိယာဖြင့် ထပ်၍သတင်းပို့ချင်သော်လည်း အချိန်နှောင်းသွားလေပြီ။

“ရပ်လိုက်”

ယဲ့ဖန်၏ ရေခဲတမျှ အေးစက်သော အသံနှင့်အတူ သူ၏ ကိုယ်တွင်းမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာသည်။ ထိုနတ်ဆိုးချီမျှင်စုများက ပါရမီရှင်များ၏ အသံ ဆက်သွယ်ရေး ကိရိယာတိုင်းကို ချက်ချင်း လုယူ၍ အဝေးသို့ လွှင့်ပစ်လာသည်။

*ဟာ*

ဤမြင်ကွင်းက ပါရမီရှင်တိုင်း၏ နှလုံးသားအား ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

“စိတ်မပူပါနဲ့၊ ငါ မင်းတို့အကြီးအကဲတွေနဲ့ တွေ့ပြီး ရှေးဟောင်းနှောင်းဖြစ်လေး ပြောချင်ရုံလေးပါ”

ယဲ့ဖန်က မျက်နှာဖြူရော်နေသော ပါရမီရှင်များကိုကြည့်၍ မခိုးမခန့် ပြုံးလိုက်သည်။

“ပြီးတော့ သတ်ပစ်တာလည်း ပါတာပေါ့”

ဤမျှရိုးစင်းသော စကားတစ်ခွန်းက လောဝူကျိတို့ အားလုံး အား သေမတတ် ကြောက်လန့်သွားစေသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာမျှော်စင်၏ ထပ်ခိုးထပ်၌ အဖြူ ရောင် နတ်ဘုရားသည် အံ့အားသင့်စရာကောင်းသော တစ်စုံ တစ်ရာကို ခံစားမိသွားသကဲ့သို့ တစ်ကိုယ်လုံး အေးစိမ့် သွားလေသည်။

“ပြန်ရှင်လာပြီ၊ အဲ့ဒီလူ ပြန်လည်မွေးဖွားလာပြီပဲ”

ထိုသူသည် အဖြူရောင် နတ်ဘုရား တစ်ဘဝလုံး မဖျောက် ဖျက်နိုင်သည့် အိပ်မက်ဆိုးကြီး ဖြစ်လေသည်။ ထိုစဉ်အခါက သူ၏ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းလှပြီး ကျယ် ပြောလှသည့် စကြဝဠာတွင်း၌ နတ်ဆိုးများ၏ သွေးအား မြစ်တစ်စင်းသဖွယ် စီးဆင်းအောင် ပြုလုပ်ခဲ့သည်။

သို့သော် သူ အထွတ်အထိပ်နေရာသို့ ရောက်နေချိန်တွင် ထိုလူ ပေါ်လာခဲ့ပြီး သူ့အား လက်ချောင်း တစ်ချောင်းတည်းဖြင့် အနိုင်ယူခဲ့လေသည်။

လက်ချောင်းတစ်ချောင်းက သူ့မျက်လုံးကို ထိုးဖောက် သွားခဲ့သည်။ ထိုအချိန်တုန်းက ယဲ့ဖန်၏ အဓိကရန်သူများက လောကသခင်သုံးပါး ဖြစ်မနေခဲ့ပါက အဖြူရောင် နတ်ဘုရားသည် တစ်ချက်တည်းဖြင့် အပြီးတိုင် သုတ်သင်ခံ ခဲ့ရလောက်၏။

တောက်! တောက်!

အဖြူရောင်နတ်ဘုရား၏ နဖူးမှ ချွေးစေးများ စီးကျ လာသည်။ သူ၏ခန္ဓာကိုယ်တွင်းမှ အဖျက် စွမ်းအင် များက ပို၍ အားပြင်းလာသည်ကို သူ ခံစားလိုက်မိသည်။ ထို့ကြောင့် သူ နာကျင်ကာ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။

“သူက ပြန်လည်မွေးဖွားလာပြီးပြီဆိုတော့ မျိုးနွယ်သုံးခုက အကြီးအကဲတွေကို ခေါ်ထုတ်ဖို့ လုပ်နေတာပဲ။ သူ့မှာ သူတို့ကို သတ်ဖို့ ဝှက်ဖဲရှိနေတာ သေချာတယ်”

“ဒီလိုဆို ငါ … ငါ ထွက်ပြေးဖို့ပဲ ရှိတော့တယ်”

အဖြူရောင် နတ်ဘုရားသည် တုံးအသူ မဟုတ်ပေ။ သူသည် နှစ်ဖက်လုံး၏ ခွန်အားများကို ချက်ချင်း ယှဉ်ကြည့် လိုက်သည်။ လက်ရှိအချိန်၌ သူသည် မိစ္ဆာမျှော်စင်အား လုံးဝ တာဝန်မယူရဲတော့ဘဲ ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ရှား လိုက်သည်။ ထိုအခါ ထပ်ခိုးထက်မှနေ၍ သူ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ တစ်ဖန် ပြန်ပေါ်လာချိန်တွင် မိစ္ဆာမျှော်စင်၏ အပြင်ဘက် မီတာတစ်ထောင် အဝေးသို့ ရောက်ရှိနေလေသည်။

*ထွက်ပြေးရမယ်၊ ထွက်ပြေးရမယ်၊ ထွက်ပြေးမှဖြစ်မယ်*

ဆွေးမြည့်ပျက်စီးနေသည့် အဖြူရောင် နတ်ဘုရား၏ ခန္ဓာကိုယ်သည် ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ အသည်းအသန် ထွက်ပြေးနေ၏။

“ဟင်းလင်းပြင် ပို့ဆောင်ရေး”

ထိုစဉ် မျက်စိရှေ့မှ လေဟာနယ်သည် ရုတ်တရက် ဆုတ်ပြဲလာသည်။ ယခုအချိန်၌ သူသည် လေဟာနယ် အက်ကွဲရာမှ ဖြတ်သန်း၍ အဝေးသို့ ထွက်ပြေးချင်နေသည်။

မီတာနှစ်ဆယ်၊ ဆယ်မီတာ၊ ငါးမီတာ။

ယခုအချိန်၌ အဖြူရောင် နတ်ဘုရားသည် လေဟာနယ် အက်ကွဲရာနှင့် တဖြည်းဖြည်း နီးကပ်လာနေသည်။ သူ၏ ဝမ်းသာနေသည့် အပြုံးကလည်း ပို၍ပီပြင်လာသည်။

သူ အသက်ရှင်လျက် ထွက်ပြေးနိုင်သရွေ့ နတ်ဆိုးဧကရာဇ် အသက်ပြန်ရှင်လာသည့် သတင်းအား မျိုးနွယ်သုံးခုလုံးသို့ ဖြန့်နိုင်ပေမည်။ လောကသခင်သုံးပါးလုံး ရောက်လာချိန်တွင် ယဲ့ဖန်သည် ကောင်းကင်ဘုံ ဖြိုခွင်းသူ ဖြစ်နေလျင်တောင်မှ သေရပေလိမ့်မည်။

ဤသို့တွေးမိပြီးနောက် အဖြူရောင် နတ်ဘုရား၏ အပြုံးက ပီပြင်သထက် ပီပြင်လာလေသည်။ လေဟာနယ် အက်ကွဲရာသို့ သွားနေသည့် အရှိန်ကလည်း ပိုမြန်လာ၏။

ထိုသို့သောအချိန်၌ မြေကမ္ဘာက သက်ဝင်လှုပ်ရှားလာသည်။ ငါးမီတာသာ ရှိသည့် အကွာအဝေးက ရုတ်တရက် ဆယ်မီတာ၊ မီတာနှစ်ဆယ်၊ မီတာငါးဆယ်အထိ ရှည်လျားသွားသည်။

“ဒါ … ဒါ မြေကမ္ဘာ ဥပဒေသပဲ”

“မလုပ်နဲ့”

လေဟာနယ် အက်ကွဲရာ ရှိသော အကွာအဝေးက ပိုပိုဝေးသွားသဖြင့် အဖြူရောင် နတ်ဘုရား ပို၍ထိတ်လန့် တုန်လှုပ်သွားရသည်။

သူ ပျံဝဲ၍ သွားချင်နေသည်။ သို့သော် အဖြူရောင်ဂြိုဟ်၏ ဖိအားက သူ့အား လေပေါ်ပျံဝဲခြင်းမှ တားဆီးထားလေသည်။

“မြေကမ္ဘာ ဥပဒေသလား၊ အဲ့လူက မြေကမ္ဘာ ဥပဒေသကို ထိန်းချုပ်နိုင်သေးတာလား”

အဖြူရောင် နတ်ဘုရား၏ မျက်လုံး၌ ထိတ်လန့် တုန်လှုပ် နေဟန်များ ထင်ဟပ်နေ၏။ ဤသို့သော ဖြစ်နိုင်ခြေကို တွေးမိပြီးနောက် အဖြူရောင် နတ်ဘုရား ခေါင်းမွေး ထောင်လာသည်။

ယခုအချိန်၌ သူသည် ထိုလေဟာနယ် အက်ကွဲရာသို့ မသွားတော့ဘဲ လေဟာနယ်အား ထပ်မံ၍ ဆုတ်ဖြဲ လိုက်သည်။

ထိုစဉ် အဖြူရောင်ဂြိုဟ်၏ မြေဆီလွှာ ပေါက်ကွဲလာပြီး အလွန် ထူထပ်လှသည့် မြေသားများက ကြီးမားသော လှောင်အိမ်တစ်ခုအသွင် ဖွဲ့စည်းလာ၏။

ဤမြေကမ္ဘာ လှောင်အိမ်ကြောင့် အဖြူရောင် နတ်ဘုရား အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ပိတ်မိ သွားလေသည်။

“သေစမ်း”

အဖြူရောင် နတ်ဘုရား ဝိညာဉ်လွင့်မတတ် ကြောက်လန့် လာသည်။ နတ်ဘုရားစွမ်းအင်များကို အစွမ်းကုန် လည်ပတ်၍ ဘေးပတ်လည်မှ မြေကမ္ဘာ လှောင်အိမ်အား သည်းကြီးမည်းကြီး တိုက်ခိုက်လိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

သူသည် အဖြူရောင် နတ်ဘုရား လက်သီးကို ထုတ်သုံး၍ မြေကမ္ဘာ လှောင်အိမ်ကို အပြင်းအထန် ထိုးနှက်လိုက်သည်။ မြေမှုန်များ တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲသွားသည်။ သို့သော် ပထမတစ်လွှာ ပျက်စီးသွားသည်နှင့် ဒုတိယ တစ်လွှာက ချက်ချင်းဆိုသလို ပိတ်လှောင်လာပြန်သည်။

လက်သီးချက် တစ်ချက်၊ ဆယ်ချက်၊ အချက်တစ်ရာ။

အဖြူရောင် နတ်ဘုရား အချက်တစ်ရာကျော် ထိုးနှက်လိုက် ပြီးနောက် မြေကမ္ဘာ လှောင်အိမ်တစ်ခုလုံး ပျက်စီးသွား လေသည်။ သို့သော် လှောင်အိမ်ထဲမှ လွတ်မြောက် လာပြီးနောက် အဖြူရောင် နတ်ဘုရားသည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားသည်။

*ဒါ တည်နေရာရွှေ့ပြောင်းလိုက်တာပဲ*

သူ၏မျက်စိရှေ့၌ ပါရမီရှင် နှစ်ရာကျော်သည် ကြမ်းပြင်ပေါ် လဲကျနေပြီး သူတို့အားလုံး ခန္ဓာကိုယ် ထက်ပိုင်းပိုင်း ခံထားရသည်။ ရဲရဲနီနေသော သွေးများကြောင့် ကြမ်းပြင် တစ်ခုလုံး သွေးရောင်လွှမ်းနေ၏။

အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသောသူက ရွှေအို ရောင် တောက်နေသည့် နတ်ဆိုးအရိုးစုနှင့်အတူ သူ့အား အေးစက်စွာ စူးစိုက်ကြည့်နေသည်။ သူသည် သတ်ဖြတ် ခံရတော့မည့် သိုးပေါက်တစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်နေလေသည်။

“အဖြူရောင် နတ်ဘုရား၊ မင်း ခေါင်းကို ထားခဲ့ရမှတော့ ဘယ်သွားချင်နေသေးတာလဲ”

Chapter 656 သူတို့ မင်းကို သတ်လိမ့်မယ်

“မင်း ခေါင်းကို ထားခဲ့ရမှတော့ ဘယ်သွားချင်နေသေးတာလဲ”

ထိုစကားကို ကြားလိုက်ရချိန်တွင် အဖြူရောင် နတ်ဘုရား သည် ယဲ့ဖန်အား ပြန်ကြည့်နေမိသည်။ သူ၏နဖူးမှနေ၍ ချွေးစေးများ စီးကျလာလေသည်။ သူ၏ကျောပြင်တစ်ခုလုံး ချက်ချင်း စိုရွှဲသွားသည်။

ယဲ့ဖန်ကို ပြန်မြင်လိုက်ရချိန်တွင် အတိတ်က ဖြစ်ရပ်က အိပ်မက်ဆိုးကဲ့သို့ သူ့အတွေးထဲ ပြန်ပေါ်လာသည်။ ထိုစဉ်အခါက သူသည် မျက်လုံးတစ်ဖက် ကန်းသွား သောကြောင့် သေရတော့မည့် ခွေးတစ်ကောင်ကဲ့သို့ မြေကြီး ပေါ် လူးလိမ့်၍ အော်ဟစ်ခဲ့ရသည်။ ထို့အပြင် ယဲ့ဖန်က သူ့ဦးခေါင်းကိုနင်းကာ လက်ကိုနောက်ပစ်၍ လောကသခင် သုံးပါးကို စိုက်ကြည့်နေခဲ့သည်။

မည်မျှ အံ့ဩဖွယ် ကောင်းလိုက်သနည်း။ လွှမ်းမိုးနိုင်စွမ်း ရှိလှပါဘိ။

သူသည် ယဲ့ဖန်၏ဒဏ္ဍာရီထဲမှ အောင်မြင်မှု ရည်မှန်းချက် ပန်းတိုင်ကို တက်လှမ်းရာထဲတွင် ပါဝင်ခဲ့သော လှေကားထစ် လေးတစ်ခုသာ ဖြစ်လေသည်။ ယဲ့ဖန်သည် သူ၏ ထာဝရ အိပ်မက်ဆိုးသာ ဖြစ်သည်။

“မင်း ... မင်း ပြန်ရှင်လာမယ်လို့ ငါ ထင်မထားခဲ့မိဘူး။ ပြီးတော့ မင်းက ကောင်းကင်ဘုံကို ဖြိုခွင်းနိုင်တဲ့ အစွမ်းမျိုးနဲ့ ပြန်လည်မွေးဖွားလာတာပဲ”

အဖြူရောင်နတ်ဘုရား၏ တစ်ဖက်တည်းသော မျက်လုံးတွင် ထိတ်လန့်ခြောက်ခြားနေဟန်များ ထင်ဟပ်နေသည်။ သူ့ စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ကွေး၍ လှောင်ပြုံး ပြုံးလိုက်သည်။

“မင်း တော်တော်ချွေးပြန်နေတာပဲ”

“မင်း အသံကလည်း တုန်နေတယ်”

“မင်း ကြောက်နေတာကိုး”

ထိုစကားသည် ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ အဖြူရောင် နတ်ဘုရား၏ ရင်ကို ထိုးဆွလာသဖြင့် သူ ကြက်သီးထကာ တုန်ယင်လာသည်။ ယဲ့ဖန်ကို ရင်ဆိုင်ရ မည့်အစား သူ သေမင်းကိုသာ ရင်ဆိုင်လိုက်ချင်သည်။

*ကြောက်နေတာလား*

ထိုသို့သောအချိန်၌ လောဝူကျိနှင့် အခြားသူများ ထိတ်လန့်သွားကြလေသည်။ အဖြူရောင် နတ်ဘုရားသည် ပထမဆုံးသော နတ်ဘုရားဟု လူသိများပြီး အင်အား ကြီးသော သိုင်းပညာရှင်များ ကြောက်လန့်ကြသည့်သူ ဖြစ်လေသည်။

သူသည် နှစ်ပေါင်းများစွာ အပြင်းအထန် ဒဏ်ရာမရ ခဲ့သော်လည်း သူ၏ခွန်အားက မှင်တက်စရာ ကောင်းနေ ပါသေးသည်။ သို့သော် ယခုအခါ၌ သူသည် ယဲ့ဖန်ကို ရင်ဆိုင်ရဲသည့် သတ္တိမရှိသည့်ပုံပင်။

*ဒါ ...*

လောဝူကျိနှင့် အခြားသူများ၏ မျက်လုံးတွင် သွေးပျက် နေဟန်များ ထင်ဟပ်နေ၏။ ပြောရမည်ဆိုလျင် ယဲ့ဖန် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အဖြူရောင် နတ်ဘုရား တစ်ကိုယ်လုံး တုန်ယင်၍ ကင်းမြီးကောက်ကို ရှောင်သကဲ့သို့‌ နောက်ဆုတ်ဆုတ်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ယဲ့ဖန်၏ အသံကသာလျင် ပို၍အေးစက်လာသည်။

“မင်း နတ်ဆိုးတစ်ယောက်နဲ့ တွေ့တဲ့အချိန် ကြောက်နေရလိမ့်မယ်လို့ မတွေးခဲ့ဖူးလား”

“မင်း နတ်ဆိုးတွေကို အကျဉ်းချခဲ့တုန်းက ဒီလိုကြောက် လာရလိမ့်မယ်လို့ မတွေးခဲ့ဖူးလား”

“မင်းက ကြောက်နေတယ်ဆိုတာ အားနည်းလို့ပဲ”

“အားနည်းတယ်ဆိုမှတော့ သေလိုက်တော့”

*ဘာ*

ယဲ့ဖန်၏ အသံသည် ငရဲမှထွက်ပေါ်လာသကဲ့သို့ အဖြူရောင် နတ်ဘုရားအား ချက်ချင်း ကြက်သီးတဖြန်းဖြန်း ထသွား စေသည်။

မရဏ အငွေ့အသက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းမိုး လာသည်ဟု ထင်မှတ်ရပြီး ခလုတ်တိုက်ကာ အသည်းအသန် ထွက်ပြေးလေသည်။

သူ၏အရှိန်သည် အလွန် လျင်မြန်လှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် မိစ္ဆာမျှော်စင်၏ ပထမထပ်မှ ထွက်လာနိုင်သည်။ ထိုအခါ ယဲ့ဖန်က ရယ်မောလေသည်။ ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော အကြည့် အောက်တွင် ယဲ့ဖန်၏ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။

*ဒါ ... ပုံရိပ်ယောင်ပဲ*

“မကောင်းတော့ဘူး”

ယဲ့ဖန်၏ပုံရိပ်က ပုံရိပ်ယောင်သာ ဖြစ်သည်ကို သိလိုက်ရ ချိန်တွင် အဖြူရောင် နတ်ဘုရားသည် လေပြင်း တိုက်ခတ် လာသည်ဟု ခံစားလိုက်မိသည်။ ထို့အတူ ရွှေရောင် အလင်းတန်းတစ်ခုက သူ့ရင်ဘတ်ထံသို့ ဝင်‌ရောက် လာသည်။

ရွှစ်!

ထိုဓားသည် မိုးကောင်းကင်ကို ဖြိုခွင်းနိုင်သည်ဟု ထင်မှတ် ရသည်။ ထိုဓား၏အရှိန်က အနီးအနားမှ လေဟာနယ်ကို ကွဲအက်သွားစေသည်။ ဤသည်ကိုမြင်ပြီး အဖြူရောင် နတ်ဘုရား မျက်နှာပျက်ကာ လက်နှစ်ဖက်ဖြင့် ခုခံ လိုက်သည်။

သူ၏လက်များက ရွှေအိုရောင် ဓားကျိုးကို ချက်ချင်း မြဲမြဲချုပ်နှောင်ထားနိုင်သည်။ ထိုအခါ ရွှေရောင်ဓားကျိုးက ရှေ့သို့ဆက်မတိုးလာနိုင်တော့ပေ။ အဖြူရောင် နတ်ဘုရား အနည်းငယ် အံ့အားသင့်သွားရသည်။

“အားနည်းလှချည်လား”

သူ မယုံသင်္ကာ ဖြစ်သွားရသည်။ ထိုစဉ် အဖြူရောင် နတ်ဘုရား၏ ခန္ဓာကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များသည် တစ်ဟုန်ထိုး မြင့်တက်လာသည်။

*ဘယ်လို*

ထိုနတ်ဆိုးစွမ်းအင်ကို ယဲ့ဖန်က ထိန်းချုပ်ထားခြင်း ဖြစ်ပြီး အဖြူရောင် နတ်ဘုရား၏ အရေပြားနှင့် အရိုးတို့ကို အရူးအမူး ဆွေးမြည့်သွားစေသည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် အဖြူရောင် နတ်ဘုရား အော်ဟစ် လိုက်မိသည်။

သို့သော် ဓားချက်သည် အယောင်ပြချက်သာ ဖြစ်သည်။ အာရုံပျက်သွားချိန်တွင် ရုတ်တရက် လေဟာနယ်ထဲမှနေ၍ နတ်ဆိုး လက်ချောင်းနှစ်ချောင်း ငေါထွက်လာပြီး အဖြူရောင် နတ်ဘုရား၏ မျက်လုံးတစ်ဖက်ထဲသို့ ထိုးစိုက်သွားသည်။

သွေးများ ပန်းထွက်လာပြီးနောက် အဖြူရောင် နတ်ဘုရားသည် စူးစူးဝါးဝါး အော်ဟစ်ကာ နောက်ဆုတ် သွားလေသည်။ သူ၏မျက်လုံးတစ်ဖက်မှနေ၍ သွေးများ စီးကျလာသည်။ သူ၏မျက်လုံးသည် ဟောက်ပက်ဖြစ်ကာ သူငယ်အိမ် မရှိတော့ပေ။

“ငါ့မျက်လုံး၊ ငါ့မျက်လုံး”

အဖြူရောင် နတ်ဘုရား ခြောက်ခြားသွားသည်။ ယနေ့ တွင်တော့ သူသည် အပြီးတိုင် မျက်လုံးကန်း သွားလေသည်။

“မင်းမျက်လုံးက ဒီမှာ”

ထိုစဉ် ယဲ့ဖန်၏ အေးတိအေးစက်သံ ထွက်ပေါ်လာသည်။ သူ၏လက်နှစ်ချောင်းကြား၌ သွေးသံရဲရဲနှင့် မျက်လုံးတစ်လုံး ရှိနေ၏။ ယဲ့ဖန်သည် နှုတ်ခမ်းတွန့်ရုံပြုံး၍ ရုတ်တရက် ထိုလက်နှစ်ချောင်းကို ဖိချေလိုက်သည်။

ထိုမျက်လုံးသူငယ်အိမ်တစ်ခုလုံး ပေါက်ထွက်သွားသည်။ ဤမြင်ကွင်းကြောင့် လောဝူကျိနှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြသည်။

လှုပ်ရှားမှုတစ်ခုတည်းအတွင်း၌ အဖြူရောင် နတ်ဘုရား၏ မျက်လုံး ဖောက်ထုတ်ခံလိုက်ရလေသည်။ သူ၏ ကြောက် မက်ဖွယ် တိုက်ပွဲဝင်ခွန်အားက မထင်မှတ် ထားနိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်နေလေပြီ။

သို့သော် သူတို့ မသိလိုက်သည့်ကိစ္စတစ်ခု ရှိနေသည်။ တကယ်တမ်းတွင် အဖြူရောင် နတ်ဘုရားသည် ထိုမျှ အားမနည်းပေ။ သူသည် ကြောက်ရွံ့နေသလို သူ့စိတ်ထဲ၌ ယဲ့ဖန်၏ မျက်နှာက အရိပ်ဆိုးသဖွယ် စိုးမိုးနေခဲ့သည်။

သူ၏ကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များကြောင့် သူ၏ တိုက်ပွဲဝင် ခွန်အားက အလွန် ကျဆင်းသွားခြင်း ဖြစ် လေသည်။ ဤသည်ကပင် ယဲ့ဖန်အား အခွင့်အရေး တစ်ရပ် ဖြစ်စေခဲ့သည်။

ပေါက်ထွက်သွားသော မျက်လုံးတစ်ဖက်အား ကြမ်းပြင်ပေါ် ပစ်ချလိုက်ချိန်တွင် အဖြူရောင် နတ်ဘုရား ပြင်းထန်စွာ တုန်လှုပ်သွားသည်။

“နတ်ဆိုး … နတ်ဆိုးဧကရာဇ်၊ မင်းက အရင်ကလောက် မသန်မာပင်မယ့် ငါ့မျက်လုံးကို ဖောက်ထုတ်ခဲ့တယ်”

“ငါ အဲ့ဒါကို မုန်းတယ်ကွ”

အဖြူရောင် နတ်ဘုရား ရူးမတတ် ဖြစ်နေသည်။ အစောပိုင်းက သူ မျက်လုံး ဖောက်ထုတ်ခံလိုက်ရသော်လည်း ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အား အစစ်အမှန်ကို ခံစား လိုက်မိသည်။

သူ၏တိုက်ပွဲဝင် ခွန်အားသည် ပုံမှန်မဟုတ်ဟု ဆိုနိုင် ပေသည်။ သူသည် အဆင့်ငယ် ဆယ့်ကိုးခုကို ကျော်ဖြတ်၍ နတ်ဘုရား နောက်ဆုံးအဆင့် သိုင်းပညာရှင်ကို တိုက်ခိုက် နိုင်နေ၏။ သို့သော် သူကိုယ်တိုင်ကမူ နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်မျှသာ ရှိလေသည်။

သူ သတိလက်လွတ် မဖြစ်သွားခဲ့ပါ၊ သူ၏ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်များကြောင့်သာ မဟုတ်ပါက သူ အဖြူရောင် နတ်ဘုရားကို ဤသို့ ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပါ။

“မင်း သောက်ချီးတဲ့မှ”

အဖြူရောင် နတ်ဘုရားသည် အရူးတစ်ယောက်သဖွယ် ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။

“အဖြူရောင် နတ်ဘုရား လက်သီး”

“အရိုးကြေ လက်သီး”

“သုတ်သင်ခြင်း လက်သီး”

“…”

လက်ရှိအချိန်၌ အဖြူရောင် နတ်ဘုရားသည် သိုင်းကွက်တစ်ခုပြီးတစ်ခု ထုတ်၍ ယဲ့ဖန်အား တိုက်ခိုက်လေသည်။ တိုက်ကွက်တိုင်းက အသေသတ်သော သိုင်းကွက်များပင်။

မိစ္ဆာမျှော်စင်၏ ပထမထပ်သည် ပျက်စီးတော့မည်ဟု ထင်မှတ်ရလေသည်။ ယဲ့ဖန်သည် လေကဲ့သို့ ဟိုဟိုဒီဒီ ရွေ့လျားနေ၏။ သူသည် လေနိယာမနှင့် အချိန်နိယာမတို့ကို ပို၍ သိနားလည်လာသည်။

လောဝူကျိနှင့် အခြားသူများ၏ အမြင်တွင် ယဲ့ဖန်သည် ပုံရိပ်ယောင်သဖွယ် နေရာတိုင်း၌ ရှိနေသည်။ သူသည် တစ်ခါ လှုပ်ရှားလိုက်တိုင်း တည်နေရာ ရွှေ့ပြောင်းသကဲ့သို့ မီတာပေါင်းများစွာအဝေးသို့ ကူးပြောင်းနိုင်သည်။

သူ့အား ရှာရခက်နေလေသည်။ ယဲ့ဖန်က အဖြူရောင် နတ်ဘုရား၏ ပြင်းထန်သော တိုက်ခိုက်မှုများကို အသုံးချ၍ သူ၏ခန္ဓာကိုယ် စွမ်းရည်ကို သွေးနေမှန်း သတိထားလိုက်မိသဖြင့် လောဝူကျိနှင့် အခြားသူများ ထိတ်လန့်သွားကြသည်။ သူ၏ခန္ဓာကိုယ်က ပို၍ထူးဆန်းလာသည်။

အဖြူရောင် နတ်ဘုရားတောင်မှ သူ၏အင်္ကျီစကို ထိမိရန် အခက်တွေ့နေ၏။

“ဘယ်လိုဖြစ်တာလဲ၊ နတ်ဘုရားဂိုဏ်းချုပ်က နတ်ဘုရားအဆင့်ကို လုံးဝဖိနှိပ်နိုင်နေရတာလဲ”

လောဝူကျိနှင့် ကျန်လူများအားလုံး ကြက်သီးမွေးညင်း ထလာကြသည်။ အကယ်၍ သူတို့သာ ယဲ့ဖန်နှင့် ထပ်၍တိုက်ခိုက်ပါက သူ၏ ထူးဆန်းသော ခန္ဓာကိုယ်နှင့်ပင် သူတို့အားလုံးကို ချက်ချင်း သတ်နိုင်သည်ဟု ခံစားလိုက်မိသည်။

ထိုစဉ် အဖြူရောင် နတ်ဘုရားနှင့် ယဲ့ဖန်တို့၏ လက်သီးချင်း ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားကြသည်။ အဖြူရောင် နတ်ဘုရား မသိမသာ တုန်လှုပ်သွားပြီး ယဲ့ဖန်က ခြေလှမ်း ဒါဇင်ခန့်မျှ နောက်ဆုတ်လိုက်ရသည်။

“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ မင်း ပြန်ပြီးနတ်ဆိုးအဖြစ် မွေးလာရင်တောင်မှ မင်းက နတ်ဘုရားဂိုဏ်းချုပ် အဆင့်ပဲ ရှိသေးတယ်”

“ငါ မင်းကို မသတ်နိုင်လောက်ဘူး၊ ဒါပေမဲ့ မင်းက ငါ့ကို ဘယ်လိုသတ်မှာလဲ”

အဖြူရောင် နတ်ဘုရားက တိုက်ခိုက်ခြင်း၌ ယုံကြည်မှုရှိနေသည်။ ယဲ့ဖန်က အဆင့်ငယ် နှစ်ဆယ်မျှ ကျော်ဖြတ်၍ သူနှင့် တိုက်နိုင်သော်လည်း သူ့အား မသတ်နိုင်လောက်ဟု သေချာပြောနိုင်နေ၏။

ထိုစဉ် ယဲ့ဖန်က ထီမထင်သလို ပြုံး၍ ပြောလိုက်သည်။

“မင်းကို ငါ သတ်မယ်လို့ ဘယ်သူ ပြောလို့လဲ”

သူ့စကားက အဖြူရောင် နတ်ဘုရားနှင့် လောဝူကျိတို့ လူတစ်စုအား အံ့အားသင့်သွားစေသည်။ ယဲ့ဖန်က ပြုံးမြဲပြုံး၍ အပေါ်ကို လက်ညှိုးထိုးပြသည်။

“သူတို့ မင်းကို သတ်လိမ့်မယ်”

Chapter 657 နတ်ဘုရားမ ဖုရုံ

“သူတို့ မင်းကို သတ်လိမ့်မယ်”

ထိုစကားအဆုံး၌ အဖြူရောင် နတ်ဘုရားသည် တစ်ဒင်္ဂမျှ အံ့ဩသွားပြီး ယဲ့ဖန်၏စကားကို နားမလည်ပေ။ ထိုစဉ် အပေါ်မှနေ၍ အင်းစက်များ၏ တဝီဝီခေါ်သံကို ကြားလိုက်ရသည်။

“ဒါက …”

ထိုအသံကို ကြားလိုက်ရသောကြောင့် အပေါ်မော့ကြည့်လိုက်သောအခါ တစ်ဟုန်ထိုး ထိုးဆင်းလာသည့် ပုရွက်ဆိတ်များကို တွေ့လိုက်ရလေသည်။ လောဝူကျိနှင့် အခြားသူများ သတိလစ်မတတ် ဖြစ်သွားကြသည်။

“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ဘယ်လိုလုပ် ဝိညာဉ်စား ပုရွက်ဆိတ်တွေ အများကြီး ရှိနေတာလဲ”

လောဝူကျိနှင့် အခြားသူများ၏ တအံ့တဩ ပြောဆိုသံများ ထွက်ပေါ်လာသလို အားလုံး၏ မျက်နှာသည်လည်း သရဲတစ္ဆေကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြူရော်သွားလေသည်။ ထိုစကားသည် အဖြူရောင် နတ်ဘုရား၏ နားဝ၌ ဗုံးပေါက်သကဲ့သို့ ဖြစ်သွားသည်။

*ဝိညာဉ်စား ပုရွက်ဆိတ်တဲ့လား*

*အဲ့ဒါက မျိုးနွယ်စုသုံးခုရဲ့ ဘုံရန်သူလေ*

*ဂြိုဟ်အားလုံးအတွက် အဆုံးမသတ်နိုင်တဲ့ ကပ်ဆိုး*

*ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အဲ့ဒီကြောက်စရာကောင်းတဲ့ သတ္တဝါတွေ ပျောက်ကွယ်သွားတာ မဟုတ်ဘူးလား*

*ဘယ်လိုလုပ် အဲ့ကောင်တွေက မျိုးပွားနိုင်မှာလဲ*

ယခုအချိန်၌ အဖြူရောင် နတ်ဘုရား၏ နဖူးမှနေ၍ ချွေးစေးများ တဒီးဒီး စီးကျနေသည်။ ထိုစဉ် သူ လိပ်ပြာလွင့်မတတ် ခြောက်ခြားသွားရသည်။ ထို့အတူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းနက် နေသည့် ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်မှနေ၍ ဆင်းသက်လာလေသည်။ ၎င်း၏ချွန်ထက်သော လက်သည်းနှင့် အစွယ်များက ကျောချမ်းဖွယ် ကောင်းလှသည်။

“သေစမ်း”

ဤမြင်ကွင်းကြောင့် အဖြူရောင် နတ်ဘုရား အလွန်တုန်လှုပ်သွားသည်။ ယခုအချိန်၌ သူသည် တွေဝေမနေဘဲ ချက်ချင်း ထွက်ပြေးလေသည်။

ဝုန်း! ဝုန်း! ဝုန်း!

ကြမ်းပြင်တစ်ခုလုံး ချက်ချင်း အက်ကွဲလာသည်။ မြေကမ္ဘာ ဥပဒေအောက်၌ မြေဆီလွှာများ အက်ကွဲလာပြီး ထိတ်လန့်ဖွယ်ကောင်းသော မြေကမ္ဘာ အကျဉ်းထောင်လှောင်အိမ်ကြီး တစ်ခု ဖွဲ့စည်းလာပြီး ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် အဖြူရောင် နတ်ဘုရားအား ချုပ်နှောင်လာသည်။

“မလုပ်နဲ့”

အဖြူရောင် နတ်ဘုရား လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။ ဤသို့သော ကျဉ်းမြောင်းလှသည့် နေရာတွင်း၌ သူ ထွက်မပြေးနိုင်သလို ပြန်လည်း မတိုက်ခိုက်နိုင်သဖြင့် သေရရုံသာ ရှိတော့ပေမည်။

အော်သံက တဖြည်းဖြည်း ကျယ်လောင်လာပြီး အဖြူရောင် နတ်ဘုရားအား ဝိညာဉ်စား ပုရွက်ဆိတ်များက လွှမ်းခြုံသွားသည်။

“အား….”

လက်ရှိအချိန်၌ မြေကမ္ဘာ လှောင်အိမ်တွင်းမှနေ၍ ငယ်သံပါအောင် စူးစူးဝါးဝါး အော်ဟစ်နေသံများသာ ထွက်ပေါ်နေသည်။

ထိုအသံနှင့် လောဝူကျိ အပါအဝင် ပါရမီရှင်များအားလုံးကို ကြက်သီးမွေးညင်း ထသွားစေသည်။ သူတို့သည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။

“ထိပ်တန်း ခန္ဓာကိုယ်လေးမျိုးနဲ့ အဆင့်ငယ် နှစ်ဆယ်လောက် ပိုသာနဲ့ နတ်ဘုရား အထွတ်အထိပ်အဆင့်ကို တိုက်ခိုက်နိုင်တယ်တဲ့လား”

“မြေကမ္ဘာ ဥပဒေသ၊ လေနိယာမ”

“ပြီးတော့ ထောင်သောင်းချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ဒီလူက တကယ့်ကို မိစ္ဆာကောင်ပဲ”

လောဝူကျိနှင့် ကျန်လူများအားလုံး ထိတ်လန့်နေကြသည်။ ယဲ့ဖန်၏ ကြောက်စရာကောင်းပုံက သူတို့ ထင်ထားသည်ထက် ကျော်လွန်နေ၏။

ယခုပြန်လည် ရှင်သန်လာသည့် ယဲ့ဖန်သည် ယခင် နတ်ဆိုးဧကရာဇ်ဘဝကထက် ပို၍သန်မာနေသည်။ သူသာ အသက်ဆက်ရှင်နေပါက လောကသခင်နှင့် မျိုးနွယ်သုံးခုလုံးကို နတ်ဆိုးများက ဖျက်ဆီးနိုင်လောက်သည်။

ဂလု!

ပါရမီရှင်များအားလုံး မနည်း တံတွေးမျိုချနေရသည်။ ထူးခြားဆန်းကြယ်လှသည်ဟု ပြောစမှတ် ပြောကြသည့် ခေါင်းပြောင်ငှက်တောင်မှ ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ပြူးကြည့်နေသည်။ သူသည်လည်း ချမ်းအေးလာသလို ခံစားမိလိုက်သည်။

“ဒီကောင့်ကို ရန်စမယ့်အစား ယမမင်းကို ရန်သွားစတာကမှ ကောင်းဦးမယ်”

“သူက ဒီလိုမိစ္ဆာကောင်မျိုးကိုး”

ခေါင်းပြောင်ငှက်သည် သူ ယခင်ကဲ့သို့ အစွမ်းပြန်ရလာလျင်တောင်မှ ယဲ့ဖန်ကို ယှဉ်နိုင်မည်မဟုတ်မှန်း သတိထားလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ အလားအလာက သူ ထင်ထားသည်ထက် သာလွန်နေသောကြောင့်ပင်။

ဂျွတ်! ဂျွတ်!

ထိုစဉ် ဤမျှအချိန်တိုလေးအတွင်း၌ မြေကမ္ဘာ လှောင်အိမ်ပေါ်တွင် အက်ရာများ ထင်လာသည်။ အက်ရာများက ပို၍များလာပြီး ပင့်ကူမျှင်ကဲ့သို့ လှောင်အိမ်တစ်ခုလုံး ပျံ့နှံ့သွားသည်။ ထို့နောက် အက်ကွဲသံ ပေါ်လာပြီး မြေကမ္ဘာ လှောင်အိမ်တစ်ခုလုံး ပြိုပျက်သွားလေသည်။

မိစ္ဆာမျှော်စင်၏ ပထမထပ်တွင်း၌ သွေးနံ့များ လှိုင်လှိုင်ထလာသည်။ မြေကမ္ဘာ လှောင်အိမ်တွင်းမှ အဖြူရောင် နတ်ဘုရား၏ ပုံရိပ်က အပြီးတိုင် ပျောက်ကွယ်သွားသည်ကို လောဝူကျိတို့ တွေ့လိုက်ရသည်။ ကြမ်းပြင်ပေါ်၌ သွေးအိုင်တစ်ခုနှင့် အသားစများသာ ရှိနေသည်။

*သေသွားပြီ*

*အင်အားကြီးပြီး မြင့်မြတ်တဲ့ အဖြူရောင် နတ်ဘုရားက နောက်ဆုံးတော့ တကယ် သေသွားပြီး ထာဝရ ပျောက်ကွယ်သွားပြီလား*

ဤမြင်ကွင်းက လောဝူကျိနှင့် ကျန်လူများအားလုံးကို အလွန် သွေးပျက်သွားစေသည်။

“မျိုးနွယ်သုံးခုက နတ်ဘုရားမ ဖုရုံ၊ အရှင် ကျန်းရီရှန်းနဲ့ အရှင် ကျူးယွီတို့ ဒီကို အချိန်မီ လာမယ်လို့ပဲ မျှော်လင့်ကြတာပေါ့၊ ဒီနည်းနဲ့မှပဲ ငါတို့ ဒီလူကို သေချာပေါက် သတ်နိုင်လိမ့်မယ်”

“တကယ်လို့ ဒီတစ်ခါသာ မအောင်မြင်ရင် မျိုးနွယ်အားလုံး … ဒုက္ခရောက်ပြီ”

ပါရမီရှင် နှစ်ရာကျော်လုံး အလွန်ကြောက်လန့်၍ ခြောက်ခြားနေကြသည်။ သူတို့သည် စိတ်ထဲမှနေ၍ ကျိတ်ဆုတောင်းနေရုံသာ တတ်နိုင်လေသည်။

….

တစ်ချိန်တည်းမှာပင် မျိုးနွယ်သုံးခုတွင်း၌ မုန်တိုင်းထန်နေလေသည်။

နတ်ဘုရားမျိုးနွယ်၊ ဖုရုံနန်းတော်။ ဤနန်းတော်သည် နတ်ဘုရားမျိုးနွယ်၏ နာမည်ကြီး ကောင်းကင်ဘုံ နန်းတော်ထဲမှ တစ်ခု ဖြစ်လေသည်။ ထိုနန်းတော်တွင်း၌ နတ်ဘုရားမဖုရုံ ရှိသည်။ သူမသည် နတ်ဘုရားမျိုးနွယ်၏ အခက်ထန်ဆုံးနှင့် ကောက်ကျစ်စဉ်းလဲဆုံး အမျိုးသမီးတစ်ဦး ဖြစ်လေသည်။

သူမသည် နတ်ဘုရား အရှင်သခင် တစ်ပိုင်းအဆင့် ရှိပြီး ဂြိုဟ်နယ်မြေကြီး ဆယ့်သုံးခုနှင့် နဂါးငွေ့တန်း ၃၂၈ ခုကို အုပ်စိုးထားသည်။ သူမသည် စကြဝဠာ၏ ထိပ်တန်းပုဂ္ဂိုလ် တစ်ယောက် ဖြစ်လေသည်။

ယခုအချိန်၌ ဖုရုံနန်းတော်တွင်း၌ လေထုသည် အလွန် ဖိအားပြင်းထန်လျက် ရှိသည်။ ဖုရုံနန်းတော်တွင်း၌ ဆီရန်ဘန် ဂြိုဟ်စုနယ်မြေတွင်းရှိ သိုင်းပညာရှင်များစွာတို့ စုဝေးရောက်ရှိနေကြသည်။

တောက်! တောက်!

များစွာသော သိုင်းပညာရှင်များ ဇောချွေးပြန်နေကြပြီး မျက်နှာပျက်ယွင်းနေကြလေသည်။ ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်လာတော့မည့်ပုံ ပေါ်သည်။

ပုလ္လင်ပေါ်၌ ဝတ်ရုံရှည်နှင့် အမျိုးသမီးတစ်ယောက်က ငြိမ်သက်စွာ ထိုင်နေသည်။ ထိုအမျိုးသမီး၏ အရှိန်အဝါက လောကတစ်ခုလုံးသို့ ဖြန့်ကျက်နေပြီး နန်းတော်တွင်းရှိ လူများအားလုံးကို ရင်တုန်သွားစေသည်။

“အားလုံး ဒီရောက်ပြီလား”

အသံ မတိုးမကျယ်ဖြင့် ပြောလိုက်သော်လည်း ထိုလေသံမှ လူသတ်လိုစိတ်များကို သိုင်းပညာရှင်များအားလုံး ခံစားလိုက်မိသည်။

ထိုသို့သောအချိန်၌ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တစ်ယောက်က ရှေ့သို့တိုးလာပြီး အားတင်း၍ ပြောလိုက်သည်။

“အရှင်မ နတ်ဘုရား ရှစ်ပါး၊ နတ်ဘုရား တစ်ပိုင်းအဆင့် ဆယ့်ရှစ်ယောက်နဲ့ နတ်ဘုရင်အဆင့် တစ်ရာ့တစ်ယောက်တို့ ဒီရောက်နေပါပြီ”

ထိုစကားကြောင့် နတ်ဘုရားမ ဖုရုံက အသာခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူမလက်ထဲမှ အသံ ဆက်သွယ်ရေး ကိရိယာကို လက်ဖြင့်ဖိလိုက်သည်။ ရုတ်တရက် သူမ၏ ပထမသားတော် လောဝူကျိအသံ ထွက်ပေါ်လာသည်။

“အမေ၊ ကျွန်တော် လောဝူကျိပါ၊ ကျွန်တော် အပြင်းအထန် ဒဏ်ရာရထားလို့၊ အမေ မြန်မြန်လာကယ်ပေးပါ”

အသံ ဆက်သွယ်ရေး ကိရိယာမှ ထွက်လာသော အသံက နန်းတော်တွင်းရှိ သိုင်းပညာရှင်အားလုံးအား မျက်နှာ ပြာနှမ်းသွားစေသည်။

*လောဝူကျိကလား*

*နတ်ဘုရားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်လေးဖြစ်ပြီးတော့ သိုင်းပညာရှင်အားလုံးရဲ့ သခင်လေးကလေ*

*အပြင်းအထန် ဒဏ်ရာရထားတယ်တဲ့လား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုစဉ် နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်က နတ်ဘုရားမ မုရုံအား ခပ်သွက်သွက် စကားဆို လိုက်သည်။

“အရှင်မ သခင်လေးကို ဘယ်သူက ဒဏ်ရာရအောင် လုပ်တာလဲဆိုတာကို ကျွန်တော် အတင့်ရဲပြီး သိခွင့်ရမလား”

“ငါ မသိဘူး”

သခင်မဖုံရုံ၏ အသံက အေးစက်နေ၏။

“အဖြူရောင်ဂြိုဟ်ပေါ်က အဖြူရောင် နတ်ဘုရားက ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ်ကပဲ၊ သူကတော့ သခင်လေးကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဒီလိုဆို သခင်လေး ရွှမ်ယွမ်နဲ့ ကိုးမြီးမြေခွေးမလေးကပဲ သခင်လေးကို ထိခိုက်အောင် လုပ်နိုင်မှာ”

ထိုသို့ပြောပြီး ထိုနတ်ဘုရားအဆင့် သိုင်းပညာရှင်က နတ်ဘုရားမဖုရုံအား ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။

“သခင်မ အင်မော်တယ်မျိုးနွယ်နဲ့ မကောင်းဆိုးဝါးမျိုးနွယ်က နံပါတ်တစ် ပါရမီရှ်ငတွေ ဘာဖြစ်သွားသေးလဲ”

“ငါ မသိဘူး”

ထိုအသံက အေးစိမ့်နေဆဲပင်။ နှစ်ခါတိတိ “ငါ မသိဘူး” ဟု ပြောလိုက်သည်ကြောင့် နန်းတော်တွင်းရှိ သိုင်းပညာရှင်များအားလုံး ပို၍မျက်နှာပျက်လာကြသည်။ နောက်ဆုံးတွင် ထိုသိုင်းပညာရှင်က အားတင်း၍ ဆက်မေးလိုက်သည်။

“အရှင်မ၊ နတ်ဘုရားမျိုးနွယ်က ကျန်အကြီးအကဲတွေနဲ့ ဆက်သွယ်ပြီးပြီလား၊ သူတို့ ဘာတွေများ အတိအကျ သိထားသေးလဲ”

“ငါ မသိဘူး”

တတိယအကြိမ် “ငါ မသိဘူး” ဟူသည့် စကားအဆုံး၌ နတ်ဘုရားမဖုရုံက ထရပ်လာသည်။ သူမ၏ ဖီးနစ်မျက်လုံးကဲ့သို့ မျက်လုံး၌ ရက်စက်၍ သွေးဆာနေဟန်များ ထင်ဟပ်နေသည်။

“အဲ့လူ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကလေးကို ထိခိုက်အောင် လုပ်တာနဲ့ သူ သေရမယ်ဆိုတာပဲ ငါ သိတယ်၊ သူ့ရဲ့မျိုးနွယ်အားလုံး သေစေရမယ်”

ထိုသို့ပြောပြီးနောက် သူမက ကျောက်စိမ်းကဲ့သို့ ဝင်းပသည့် လက်ကိုမြှောက်၍ အမိန့်ပေးလိုက်သည်။

“ဆီရန်ဘန် နယ်မြေထဲက ထိပ်တန်းသိုင်းပညာရှင်တိုင်းကို စုဝေးလိုက်၊ ပြီးတော့ ငါနဲ့အတူ အဖြူရောင်ဂြိုဟ်ကို လိုက်ခဲ့ကြ”

All Chapters