အခန်း (၆၅၈-၆၆၀)
Vol. 44 Ch. 658-660
Chapter 658 မကောင်းဆိုးဝါးဘုရင်
အဆုံးမရှိသော စကြဝဠာတွင်း၌ အာကာသတွင်းနက်ကြီးတစ်ခု ရှိသည်။ ထိုအာကာသတွင်းနက် ဝန်းကျင်၌ ထောင်သောင်းချီသော ဂြိုဟ်များ ရှိသည်။ ထိုဂြိုဟ်များပေါ်၌ မည်သည့် နတ်ဘုရားမှ မရှိသလို မည်သည့် အင်မော်တယ်မှလည်း မရှိပေ။
ထိုနယ်မြေသည် နတ်ဘုရားမျိုးနွယ်၏ ကန့်သတ်နယ်မြေဖြစ်ပြီး အင်မော်တယ်များ၏ မရဏနယ်မြေလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ ဝမ်ရှို့ဟုခေါ်သည့် ဂူတစ်ခု ရှိနေသောကြောင့်ပင်။ ယခုအခါ၌ ထိုဂြိုဟ်များကြားထဲတွင် မကောင်းဆိုးဝါးတစ်ကောင် ရှိနေလေသည်။
မကောင်းဆိုးဝါး သူတော်စင်အဆင့်၊ မကောင်းဆိုးဝါးဘုရင်အဆင့်၊ မကောင်းဆိုးဝါး ဧကရာဇ်အဆင့်များ ရှိနေကြသည်။ မကောင်းဆိုးမျိုးနွယ်များသည် ခြောက်ခြားဖွယ်ကောင်းပြီး သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းသည်။
တစ်ချို့၌ ခြေထောက်တစ်ဖက်သာ ရှိသည်၊ တစ်ချို့၌ မျက်လုံးသုံးလုံးနှင့် နှာခေါင်းတစ်ဖက်၊ အခြားသောသူများ၌ ဓားကဲ့သို့ ချွန်ထက်သော လက်သည်းများ ရှိပြီး တစ်ချို့သောသူများမှာမူ ကျော၌ တောင်ပံများ ရှိကြသည်။
မကောင်းဆိုးဝါးမျိုးနွယ် တော်တော်များများသည် သန်မာ၍ ကြောက်မက်ဖွယ်ကောင်းသည်။ ထိုသူထဲမှ မည်သူမဆို စကြဝဠာကြီး၌ လွှမ်းမိုးနိုင်စွမ်း ရှိကြလေသည်။
သို့သော် ယခုအချိန်၌ မကောင်းဆိုးဝါးမျိုးနွယ်များ အားလုံးသည် အသက်အောင့်၍ အကြည့်များက အရှေ့တည့်တည့်မှ လူကိုသာ စိုက်ကြည့်နေသည်။
အရှေ့တည့်တည့်၌ အရိုးများဖြင့် ပြုလုပ်ထားသော ပုလ္လင်တစ်ခု ရှိသည်။ ထိုပုလ္လင်အား နတ်ဘုရားများ၊ အင်မော်တယ်များနှင့် နတ်ဆိုးများ၏ အရိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အရိုးစုပုလ္လင်မှ အရိုးစုများမှနေ၍ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်ဟု ထင်မှတ်ရသည်။
လက်ရှိအချိန်၌ ထိုအရိုးစုပုလ္လင်ပေါ်၌ အမျိုးသားတစ်ယောက် ထိုင်နေ၏။ သူ့၌ ရွှေရောင်တောင်ပံတစ်စုံ ရှိပြီး ရင်သက်ရှုမောဖွယ် အရှိန်အဝါဖြင့် စကြဝဠာကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်ပုံရသည်။
ထိုသူသည် မကောင်းဆိုးဝါး တောင်ပံမျိုးနွယ်၏ အရှင်သခင်ဖြစ်ပြီး မကောင်းဆိုးဝါးမျိုးနွယ်၏ အရှင်သခင်ပင်။ မကောင်းဆိုးဝါး အရှင်သခင်သည် နှစ်ပေါင်း သုံးပေါင်းကြာအောင် ကျင့်ကြံခဲ့ပြီးမှ ဤအဆင့်သို့ ရောက်ခဲ့ခြင်း ဖြစ်သည်။
သူ၏သိုင်းအဆင့်က နက်နဲ၍ ခန့်မှန်းမရနိုင်ပေ။ သူသည် မကောင်းဆိုးဝါးမျိုးနွယ်၏ ထိပ်သီးပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။
ထို့အပြင် ကိုးမြီးမြေခွေးမလေးသည် သူ ဂုဏ်အယူရဆုံး တပည့်ဖြစ်သည်။ သို့သော် ယခုအချိန်၌ မကောင်းဆိုးဝါး အရှင်သခင်သည် အလွန် မျက်နှာသုန်မှုန်နေပြီး မျက်လုံးများက အေးစက်နေသည်။
“အခုလေးတင် ကိုးမြီးမြေခွေးမလေး မအောင်မြင်တဲ့ သတင်းကို ရလိုက်တယ်”
“ခေါင်းပြောင်ငှက် ထွက်ပြေးသွားပြီးတော့ ကိုးမြီးမြေခွေးမလေး ဒဏ်ရာရထားတယ်”
မကောင်းဆိုးဝါး အရှင်သခင်၏ စကားအဆုံး၌ ဝမ်ရှို့ဂူတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
*ဒဏ်ရာ အပြင်းအထန် ရထားတယ်တဲ့လား*
မကောင်းဆိုးဝါးမျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သော ကိုးမြီးမြေခွေးမလေးသည် မကောင်းဆိုးဝါး အရှင်သခင်၏ အချစ်ဆုံး တပည့်ဖြစ်သောကြောင့် မကောင်းဆိုးဝါးမျိုးနွယ်၏ မရေတွက်နိုင်သော အရင်းအမြစ်များကို ရရှိ၍ ကျင့်ကြံနိုင်ခဲ့သည်။
မကောင်းဆိုးဝါး အရှင်သခင်နှင့် မကောင်းဆိုးဝါးမျိုးနွယ်တို့၏ စိတ်ထဲတွင် ကိုးမြီးမြေခွေးမလေးသည် မကောင်းဆိုးဝါးမျိုးနွယ်၏ နောင်လာမည့်အရှင်သခင် ဖြစ်လာမည့် အလားအလာရှိသည်ဟု သေချာပေါက် မှတ်ယူထားကြသည်။
“အရှင်၊ ကိုးမြီးမြေခွေးမလေးကို ထိခိုက်အောင်လုပ်တာ လောဝူကျိ ဒါမှမဟုတ် သခင်လေးရွှမ်ယွမ် များလား”
ထိုမကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင်က အန္တရာယ်ပေးလိုသော အငွေ့အသက်ဖြင့် မေးလိုက်သည်။ သူ့စကားကြောင့် မကောင်းဆိုးဝါး အရှင်သခင်က ခေါင်းခါလေသည်။
“မဟုတ်ဘူး၊ နတ်ဘုရားမျိုးနွယ်နဲ့ အင်မော်တယ်မျိုးနွယ်က ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်နဲ့ မဟာမိတ်ဖြစ်လာတာ နှစ်ထောင်သောင်းချီနေပြီ။ သဘောထား ကွဲလွဲတာက လွဲရင် ဘယ်သူကမှ ကိုးမြီးမြေခွေးမလေးကို ထိခိုက်အောင် မလုပ်ရဲကြဘူး”
“ဒါ တစ်ခြားသူတွေက လုပ်တာဖြစ်လိမ့်မယ်”
ထိုသို့ပြောပြီးနောက် မကောင်းဆိုးဝါး အရှင်သခင်၏ မျက်လုံးတွင် ရက်စက်ကြမ်းကြုတ်ဟန်များ ထင်ဟပ်လာသည်။
“ငါက ကိုးမြီးမြေခွေးမလေးကို စိတ်ပူတာ မဟုတ်ဘူး၊ ခေါင်းပြောင်ငှက်ကို စိတ်ပူတာ”
*ခေါင်းပြောင်ငှက်*
ထိုစကားလုံးကြောင့် မကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင် မျက်နှာပျက်သွားသည်။
“အရှင်၊ အဲ့ခေါင်းပြောင်ငှက်က ကျွန်တော်တို့ မကောင်းဆိုးဝါးမျိုးနွယ်က မာနကြီးတဲ့ သိုင်းပညာရှင် ဖြစ်ခဲ့ပင်မယ့် ဒီလောက်နှစ်တွေ ကြာနေတာ သူ့အဆင့်က နိမ့်ကျသွားပါပြီ”
“ဘာလို့ အရှင်က အဲ့ငှက်ကို စိုးရိမ်နေရတာလဲ”
ထိုမကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင်၏ စကား၌ မယုံသင်္ကာဟန်များ ပါဝင်နေသည်။ မကောင်းဆိုးဝါး အရှင်သခင်က ထိုခေါင်းပြောင်ငှက်ကို နှစ်ထောင်ချီ ရှာဖွေနေမှန်း သူ သိပါသည်။ ထို့အပြင် ခေါင်းပြောင်ငှက်ကို ဖမ်းရန်အတွက် အလွန် အဖိုးတန်သော နတ်ဘုရားပိုက်ကွန်ကိုပါ ထုတ်သုံးထားလေသည်။
သို့သော် ထိုငှက်က အတောလေး အဆင့်ကျသွားပြီး မည်သည့်နေရာက မကောင်းဆိုးဝါး အရှင်သခင်အား အရူးအမူး လိုချင်အောင် ပြုလုပ်နေမှန်း သူ မသိချေ။
“ဟားဟား …”
ထိုမကောင်းဆိုးဝါး၏ သံသယစကားကြောင့် မကောင်းဆိုးဝါး အရှင်သခင်က ပြုံးလိုက်သည်။
“တကယ့်ကို ရေရှည်မမြင်တတ်တဲ့ကောင်တွေပဲ”
“ဒီငှက်ရဲ့ မူလဇစ်မြစ်ကို မင်းတို့ မသိသေးဘူးထင်တယ်”
သူ့စကားကြောင့် ထိုမကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင် မှင်တက်သွားသည်။ ထိုခေါင်းပြောင်ငှက်သည် ရှေးဦး မကောင်းဆိုးဝါးမျိုးနွယ် ပြန်လည်ဝင်စားထားခြင်း ဖြစ်သည်ဟုသာ ထိုမကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင် သိထားသည်။
သို့သော် မူလဇာစ်မြစ်ကို အတိအကျ မသိချေ။ သူ၏အမူအရာကိုကြည့်ပြီး မကောင်းဆိုးဝါး အရှင်သခင်က ပြုံးလိုက်သည်။
“မင်း မှတ်မိသေးလား၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်တုန်းက စကြဝဠာထဲမှာ ဟေးဒီးစ်လို့ ခေါ်ကျတဲ့ ကြောက်စရာကောင်းတဲ့ မျိုးနွယ်တစ်ခု ပေါ်လာဖူးတယ်”
*ဟေးဒီးစ်လား*
ထိုနာမည်ကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ ထိုစဉ်အချိန်က အင်မော်တယ်၊ နတ်ဆိုးနှင့် မကောင်းဆိုးဝါး မျိုးနွယ်များပင် သေချာ အင်အားမကြီးသေးပေ။ ထိုသို့သောအချိန်တွင် ကြောက်စရာ ကောင်းသော မျိုးနွယ် တစ်ခုက စကြဝဠာကြီးထဲ၌ မွေးဖွားလာလေသည်။ ထိုမျိုးနွယ်၏ နာမည်က ဟေးဒီးစ်ပင်။
ထိုစဉ်အခါက ဟေးဒီးစ်သည် စကြဝဠာကြီးထဲမှ ဂြိုဟ်များကို လွှမ်းမိုးခဲ့ပြီး နတ်ဘုရား၊ အင်မော်တယ်၊ နတ်ဆိုး၊ မကောင်းဆိုးဝါးနှင့် တစ္ဆေမျိုးနွယ်များပင် ဖြစ်ပါစေ အားလုံး ဟေးဒီးစ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
ဟေးဒီးစ်မျိုးနွယ် ဖြတ်သွားသည့်နေရာတိုင်း၌ မည်သည့်သက်ရှိမှ မရှင်သန်နိုင်ချေ။ သူတို့သည် မြေအောက်ကမ္ဘာဟူသည့် ဂြိုဟ်နယ်မြေကို ထူထောင်ခဲ့ကြသည်။
တစ်နေ့တွင် ထူးဆန်းသော လူတစ်ယောက်က “တိုက်ပွဲ” ဟူသောစကားကို ဟစ်အော်၍ မြေအောက်ကမ္ဘာ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးခဲ့သည်။ ထိုအချိန်မှစ၍ မြေအောက်ကမ္ဘာ ဂြိုဟ်နယ်မြေကြီး ပျက်စီးသွားခဲ့သည်။
သို့သော် ယခု နှစ်ပေါင်းများစွာ ကြာပြီးချိန်မှ မကောင်းဆိုးဝါး အရှင်သခင်က ဟေးဒီးစ်အကြောင်း ထုတ်ပြောရသနည်း။
ဟိုခေါင်းပြောင်ငှက်က ဟေးဒီးစ်နှင့် ဆက်စပ်နေသလား။
ယခုအချိန်အထိ မကောင်းဆိုးဝါး အရှင်သခင်သည် သူ့လူများ ထိတ်လန့်နေဟန်ကို မမြင်တွေ့ရသေးချေ။ သူသည် ဝမ်ရှို့ဂူမှနေ၍ အဆုံးအစမဲ့သော စကြဝဠာကြီးကို မြင်နိုင်ပုံရသည်။ သူသည် နှုတ်ခမ်းကို တွန့်ကွေး၍ ထပ်ပြုံးနေလိုက်သည်။
“အဲ့နှစ်တွေတုန်းက နတ်ဆိုးဧကရာဇ်က နတ်ဆိုးမျိုးနွယ်ကို မစုစည်းရသေးဘူး။ နတ်ဘုရား၊ အင်မော်တယ်တွေနဲ့ နတ်ဆိုးတွေက လွှမ်းမိုးခံနေခဲ့ရတာ။ သူတို့က စကြဝဠာကြီးကို မလွှမ်းမိုးနိုင်ဘဲ အားနည်းနေခဲ့တယ်”
“အဲ့အချိန်တုန်းက မြေအောက်ကမ္ဘာကိုပဲ ဦးညွှတ်ခဲ့ရတယ်”
“အခု စကြဝဠာထဲက လူတိုင်းက မသေမျိုး ခန္ဓာကိုယ်က စကြဝဠာထဲက ထိပ်တန်းခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခုလို့ သိထားကြတယ်။ ဒါပေမဲ့ အဲ့ခန္ဓာကိုယ်ရဲ့ အရင်းအမြစ်ကို မသိကြဘူး”
“အဲ့ခန္ဓာကိုယ်က ဟေးဒီးမျိုးနွယ်က မသေမျိုး ဟေးဒီးစ်ရဲ့ ခန္ဓာကိုယ်ပဲ”
*ဘယ်လို*
မသေမျိုးခန္ဓာကိုယ်က မြေအောက်ကမ္ဘာ အရှင်သခင် ဟေးဒီးစ်ရဲ့ ခန္ဓာကိုယ်လား”
*ဒါက …*
လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြသည်။
*အဲ့ခေတ်အခါကို မြေအောက်ကမ္ဘာရဲ့ အရှင်သခင် ဟေးဒီးစ်ရဲ့ ခေတ်လို့ ခေါ်ကြတာကို မအံ့ဩတော့ဘူး၊ လတ်စသက်တော့ သူက မသေမျိုး ခန္ဓာကိုယ်ရဲ့ မူလဇာစ်မြစ် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေတာကိုး*
“အဲ့အချိန်တုန်းက ဟေးဒီးစ်မျိုးနွယ်တွေက တိုက်ပွဲဆိုတဲ့ စကားလုံးကြောင့် သုတ်သင်ခံလိုက်ရတယ်။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်တောင် မသိလိုက်တာက မြေအောက်ကမ္ဘာ အရှင်သခင် ဟေးဒီးစ်က တကယ် မသေဘူးဆိုတာပဲ”
“သူက မသေမျိုး ခန္ဓာကိုယ်ရဲ့ မူလဇာစ်မြစ် ဖြစ်ပြီးတော့ တစ်ခြားနေရာမှာ ပြန်ဝင်စားခဲ့တာ”
မကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင်များ၏ မျက်နှာထက်၌ ထိုအချိန်အခါကို ပြန်မြင်ယောင်သကဲ့သို့ ထိတ်လန့်နေဟန်များ ထင်ဟပ်နေသည်။
“မသေမျိုး ဟေးဒီးစ်က ပြန်လည်ဝင်စားခဲ့ပင်မယ့် တိုက်ပွဲဆိုတဲ့ စကားလုံးကြောင့် အပြင်းအထန် ထိခိုက်ခဲ့ပြီးတော့ သူ့ခွန်အားကလည်း ကျဆင်းခဲ့တယ်။ နောက်ဆုံး သူက မသေမျိုး ခန္ဓာကိုယ်မျိုးစေ့တွေကို ဖြန့်ကျက်ပြီးတော့ တစ်ဖန် ပြန်အင်အားကြီးလာဖို့ စီစဉ်ခဲ့တာပဲ။ ငါ လောကသခင် သုံးပါးနောက်ကို လိုက်ခဲ့တုန်းက သူတို့က ပြန်လည်ရှင်သန်လာတဲ့ မသေမျိုး ဟေးဒီးကို ဖိနှိပ်ပြီး ချိပ်ပိတ်ခဲ့တယ်”
ထိုစကားကို ကြားလိုက်သည့်အခါမှ မသေမျိုး ခန္ဓာကိုယ်၏ မူလဇာစ်မြစ် ပိုင်ရှင်ဖြစ်သည့် မသေမျိုး ဟေးဒီးစ် ပြန်လည်ပေါ်ထွက်မလာရတော့သည့် အကြောင်းရင်းကို နားလည်သွားကြလေသည်။
*လတ်စသက်တော့ သူက လောကသခင် သုံးပါးရဲ့ ဖိနှိပ်တာကို ခံခဲ့ရတာကိုး*
ထိုစဉ် မကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင်တစ်ယောက်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လာသည်။
“အရှင်၊ ဒီခေါင်းပြောင်ငှက်နဲ့ မသေမျိုးဟေးဒီးစ်က ဘယ်လိုပတ်သက်နေလို့လဲ”
*ဘယ်လိုပတ်သက်တာလဲ ဟုတ်လား*
မကောင်းဆိုးဝါး အရှင်သခင်၏ မျက်လုံးတွင် ကြောက်လန့်စိတ်များ စွန်းထင်လာသည်။
“ငါ့အထင်အရဆို မသေမျိုး ဟေးဒီးစ်က ဒီခေါင်းပြောင်ငှက်ရဲ့ … မျိုးဆက်ပဲ”
*ဟာ*
မကောင်းဆိုးဝါး အရှင်သခင်၏ စကားအဆုံး၌ ဝမ်ရှို့ဂူတစ်ခုလုံး ပွက်လောရိုက်သွားသည်။
*မျိုးဆက်လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*အဲ့ဒီ ကြောက်စရာကောင်းတဲ့ မသေမျိုး ဟေးဒီးစ်က ခေါင်းပြောင်ငှက်ရဲ့ မျိုးဆက်ဖြစ်နေတာလား*
*မယုံနိုင်စရာပဲ*
“ဒီနေ့ လောကသခင် သုံးပါးက ထာဝရ အသက်ရှည်ခြင်းကို လေ့လာလိုက်စားနေရလို့ မအားလပ်ဘူးလို့ ကြားနေတယ်။ ဒါပေမဲ့ မသေမျိုး ဟေးဒီးက စည်းဆယ့်ရှစ်ထပ် ချိပ်ပိတ်ထားတာကနေ စည်းကို ချိုးဖောက်နေပြီးတော့ လွတ်မြောက်တော့မယ်လို့ သတင်းရလိုက်တယ်”
ထိုသို့ပြောနေချိန်တွင် မကောင်းဆိုးဝါး အရှင်သခင်၏ မျက်လုံးသည် လောဘရိပ်ကြောင့် တောက်ပနေ၏။
“မသေမျိုး ဟေးဒီး လွတ်လာတာနဲ့ ခေါင်းပြောင်ငှက်ကို ဖမ်းနိုင်တဲ့ ဘယ်သူမဆို သူ့ကို သတ်နိုင်တဲ့ အခွင့်အလမ်းကို ရမှာပဲ၊ ဒီလိုဆိုရင် ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်တဲ့သူ ဖြစ်လာမှာ”
ယခုအခါတွင်မှ မကောင်းဆိုးဝါး အရှင်သခင်က အားကုန်သုံး၍ နတ်ဘုရားပိုက်ကွန်ကိုပါ ထုတ်ပြီး ခေါင်းပြောင်ငှက်ကို ဖမ်းချင်ရသည့် အကြောင်းရင်းကို အားလုံး နားလည်သွားလေသည်။ သူက ခေါင်းပြောင်ငှက်ကို အသုံးချပြီး မသေမျိုး ဟေးဒီးစ်ကို အနိုင်ယူချင်နေသည်ပဲ။
Chapter 659 မျိုးနွယ်သုံးခုလုံး ရောက်လာကြပြီ
“အရှင်က အမျှော်အမြင် ကြီးလှပါပေတယ်၊ ခေါင်းပြောင် ငှက်ကို ဖမ်းမိဖို့က ပိုအရေးကြီးပါတယ်”
“အဲ့ငှက်ကို သိမ်းပိုက်လိုက်နိုင်တာက မသေမျိုး ဟေးဒီးစ်ကို သိမ်းပိုက်နိုင်လိုက်တာနဲ့ အတူတူလောက်ပါပဲ၊ ဒီအစီအစဉ် အောင်မြင်သွားတာနဲ့ ကျွန်တော်တို့ မကောင်းဆိုးဝါး မျိုးနွယ်မှာ ထိပ်တန်းအင်အားရပ်တစ်ခု ပိုင်ဆိုင်လာ တော့မှာပဲ”
“သိပ်ကောင်းတာပဲ၊ ဒီလိုဆိုရင် ကျွန်တော်တို့ မကောင်း ဆိုးဝါးမျိုးနွယ်ရဲ့ တိုက်ပွဲဝင်ခွန်အားက နတ်ဘုရားမျိုးနွယ်နဲ့ အင်မော်တယ် မျိုးနွယ်ကို ကျော်တက်ပြီး စကြဝဠာရဲ့ စစ်မှန်တဲ့ အရှင်သခင် ဖြစ်လာတော့မှာပဲ”
“…”
ယခုအချိန်၌ မကောင်းဆိုးဝါး အရှင်သခင်၏ ပြောစကားကို နားထောင်ပြီး မကောင်းဆိုးဝါးမျိုးနွယ်များ အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။
မကောင်းဆိုးဝါး အရှင်သခင်က ကိုးမြီးမြေခွေးမလေး၏ သေရေးရှင်ရေးအား ပထမဆုံးအကြိမ်အဖြစ် အရေး မလုပ်ဘဲ ခေါင်းပြောင်ငှက် ဖမ်းမိနိုင်လား၊ မမိဘူးလား ဆိုသည်ကို အရေးစိုက်နေရသည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြလေသည်။
ဤသည်က မကောင်းဆိုးဝါးမျိုးနွယ်၏ ပထမ ဦးစားပေး ကိစ္စကြီး တစ်ခု ဖြစ်နေသည်ကိုး။
အားလုံး၏ စိတ်လှုပ်ရှားနေဟန်ကို ကြည့်ပြီး မကောင်းဆိုးဝါး အရှင်သခင်က ပြုံးလိုက်သည်။
“ငါလည်း ခေါင်းပြောင်ငှက်နဲ့ မသေမျိုး ဟေးဒီးစ်ရဲ့ ပတ်သက် မှုကို ရှေးဟောင်းစာအုပ်တစ်အုပ်ကနေ သိလိုက်ရတာပဲ။ ဒါကြောင့် ငါ ကိုးမြီးမြေခွေးမလေးကို လူမသိအောင် တိတ်တဆိတ် စုံစမ်းဖို့ တာဝန်ပေး လိုက်တာပဲ”
“ဒါပေမဲ့ အခု ကိုးမြီးမြေခွေးမလေးက ဒဏ်ရာအပြင်းအထန် ရထားတော့ ခေါင်းပြောင်ငှက် ဘယ်ရောက်နေသလဲ ဆိုတာကို မသိရဘူး။ ကြည့်ရတာ ငါတို့ ဝမ်ရှို့ဂူထဲကနေ ထွက်ပြီး လှုပ်ရှားဖို့ အချိန်တန်ပြီ ထင်တယ်”
ထိုစကားကြောင့် အာကာသတွင်းနက်တွင်းရှိ ဝမ်ရှို့ဂူထဲမှ များစွာသော မကောင်းဆိုးဝါးမျိုးနွယ်က မြေကြီးပေါ် ဒူးထောက်၍ ဟစ်ကြွေးလာကြလေသည်။
“အရှင့်အမိန့်ကို နာခံလျက်ပါ”
….
တစ်ချိန်တည်းမှာပင် နတ်ဘုရားမ ဖုရုံနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့သာမက အင်မော်တယ်မျိုးနွယ်၏ ဓားသခင် ကျန်းရီရှန်းသည် အင်မော်တယ်မျိုးနွယ်မှ အကြီးအကဲများနှင့် အင်မော်တယ်ဂိုဏ်းမှ လူများအားလုံးကို ခေါ်၍ ခရီးနှင် လာလေသည်။ သူတို့သည် မြန်နိုင်သမျှ မြန်မြန် ခရီးထွက် လာကြသည်။
ထိတ်လန့်ဖွယ် ကမ္ဘာခြား စစ်သင်္ဘောများ စုစည်းနေ ကြလေသည်။ မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များစွာတို့က အဖြူရောင်ဂြိုဟ်သို့ ဦးတည်လာနေကြလေသည်။ မျိုးနွယ် သုံးခုလုံးသည် သတင်းများ ရပြီးနောက် ထိတ်လန့် တုန်လှုပ်သွားကြသည်။
နတ်ဘုရားမ၏ ပထမသားတော် လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်၊ ကိုးမြီးမြေခွေးမလေးနှင့် မျိုးနွယ်သုံးခုမှ ပါရမီရှင် နှစ်ရာကျော်လုံးတို့က အဖြူရောင်ဂြိုဟ်၌ အပြင်းအထန် ဒဏ်ရာရထားကြသည်တဲ့လား။
ဤသတင်းက တောင်ပံပေါက်နေသကဲ့သို့ နတ်ဘုရား၊ အင်မော်တယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်များ ရှိရာဂြိုဟ် အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ သိုင်းပညာရှင် များ အားလုံး ထိုသတင်းကြောင့် ထိတ်လန့်သွားကြသည်။
မည်သို့သောပုဂ္ဂိုလ်မျိုးက ဤမျှအတင့်ရဲပြီး မျိုးနွယ်စုသုံးခုမှ ပါရမီရှင်များကို ရန်စရဲသလဲဆိုသည်ကို သူတို့ မတွေး နိုင်ကြပေ။
….
နေ့တစ်ဝက်ကြာပြီးနောက် အဖြူရောင်ဂြိုဟ် ပတ်လည်ရှိ လေဟာနယ် ပေါက်ပြဲလာပြီး စက်သံများ ထွက်ပေါ်လာကာ ကမ္ဘာခြား စစ်သင်္ဘောများ တစ်စီးပြီးတစ်စီး ဝင်ရောက် လာသည်။
ဆယ်စီး၊ အစီးတစ်ရာ၊ အစီးတစ်ထောင်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကမ္ဘာခြား စစ်သင်္ဘော အစီးငါးထောင် ရောက် လာလေသည်။
စစ်သင်္ဘောတိုင်း၌ အလံတစ်ခုစီ လွှင့်ထူထားကြသည်။ ထိုအလံများကား ဆီရန်ဘန်၊ ကျန်းရီရှင်း၊ မကောင်းဆိုးဝါး စသည်တို့ပင် ဖြစ်လေသည်။
ထိုအလံကြီးများ ပါရှိသည့် စစ်သင်္ဘောတိုင်း၌ မျိုးနွယ် သုံးခု၏ အဓိက သိုင်းပညာရှင် သုံးယောက်၊ အကြီးအကဲ ငါးဆယ်ကျော်၊ နတ်ဘုရား တစ်ပိုင်းအဆင့် အယောက် နှစ်ရာကျော်နှင့် နတ်ဘုရင်အဆင့် ထောင်ကျော်၍ ပါရှိလေသည်။
ထို့အပြင် များပြားလှသည့် နတ်ဘုရားစစ်တပ်၊ အင်မော်တယ် စစ်တပ်နှင့် မကောင်းဆိုးဝါး စစ်တပ်များလည်း လိုက်ပါ လာသည်။
ဤကဲ့သို့ ထောင်သောင်းချီသည့် လူများကြောင့် အဝေးမှ လှမ်းကြည့်လျင်ပင် ကောင်းကင်၌ တိမ်မည်းများ ဖုံးအုပ် နေသည် ထင်မှတ်ရသည်။
ထို့နောက် စစ်သင်္ဘောများမှ လူသုံးယောက်နှင့် နောက်လိုက် ငယ်သားများ ထွက်လာကြသည်။ ထိုလူသုံးယောက်သည် နတ်ဘုရားမဖုံရုံ၊ ဓားသခင် ကျန်းရီရှန်းနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့ပင်။ မျိုးနွယ်စု သုံးခုအား ထိတ်လန့် တုန်လှုပ်စေသည့် သိုင်းပညာရှင် သုံးယောက်လုံး အတူတူ ရောက်လာကြလေသည်။
“မျိုးနွယ်သုံးခုလုံးက ငါတို့အားလုံး အတူတူရောက် လာတယ် ဆိုတော့ ငါတို့အားလုံး သတင်းရလိုက်ကြတဲ့ပုံပဲ”
ကျန်းရီရှန်းသည် မုတ်ဆိတ်မွေး ရိတ်ထားပြီး ဖြူဝင်းသော မျက်နှာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် ဖြစ်သည်။ သူသည် တည်တံ့၍ ပညာရှိပုံပေါ်သည်။ သူ လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် အရာအားလုံးကို အနိုင် ယူနိုင်သည်ဟု ထင်မှတ်ရသည်။
သူသည် အောက်ရှိ အဖြူရောင်ဂြိုဟ်ကို မကျေမချမ်း ဖြစ်နေသည့် အကြည့်များဖြင့် ငုံ့ကြည့်လာသည်။
“နံပါတ်တစ် ပါရမီရှင်သုံးယောက်လုံးက တစ်ပြိုင်တည်း အကူအညီတောင်းခဲ့တယ်ဆိုတော့ ဒီလောကကြီးထဲမှာ အခြားမိစ္ဆာကောင်တစ်ကောင် ရှိနေပြီထင်တယ်”
*မိစ္ဆာကောင်တဲ့လား*
နတ်ဘုရားမဖုရုံ၏ မျက်လုံးများက အေးစက်လာပြီး သူမက အန္တရာယ်ပေးနိုင်သည့် အပြုံးမျိုး ပြုံးလိုက်လေသည်။
“အဲ့ကောင်က ဘယ်လိုပဲ စဉ်းလဲပါစေ၊ ငါ့သားကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူမဆို အလောင်းတစ်စစီ ဖြစ်အောင်လုပ်ပြီး တစ်သက်လုံး ပြန်လည်မွေးဖွားခြင်း မလုပ်နိုင်အောင် လုပ်ပစ်မယ်”
ကျန်းရီရှန်းနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့သည်လည်း သူမစကားကြောင့် ကြက်သီးထသွားကြသည်။ ဤရက် စက်သော နတ်ဘုရားမဖုရုံက အမှန်ပင် ကြောက်စရာ ကောင်းလှသည်။
“လွန်ခဲ့တဲ့ နှစ်ရာကျော်တုန်းက နတ်ဆိုးတွေနဲ့ တိုက်ခိုက်ဖို့ အတွက် ငါတို့မျိုးနွယ်သုံးခု လက်တွဲပြီး တိုက်ခိုက် ခဲ့ကြတယ်။ ဒီလောက်နှစ်တွေ ကြာပြီးတဲ့အချိန်ကျမှ ငါတို့ အတူတူ ပြန်ဆုံရလိမ့်မယ်လို့ ထင်မထားမိဘူး”
လွန်ခဲ့သည့် နှစ်ရာကျော်အချိန်သည် နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ စတင်ခဲ့ချိန်ဖြစ်ပြီး မျိုးနွယ်သုံးခု လက်တွဲခဲ့ကြသည့် အချိန်ပင်။ နတ်ဘုရားမ ဖုရုံနှင့် ကျန်းရီရှန်းတို့သည်လည်း သူ၏ မိတ်ဟောင်းများ ဖြစ်လေသည်။
“ရီရှင်း၊ ငါတို့မျိုးနွယ်က ပါရမီရှင်အားလုံးကို ထိခိုက်အောင် လုပ်ရဲတဲ့ကောင်က ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ”
ဤဓားသခင်က အလွန် စဉ်းစားဆင်ခြင်နိုင်၍ ဉာဏ်များသော မြေခွေးအိုကြီး ဖြစ်မှန်း သူ သိနေသည်။
*ဘယ်သူလို့ထင်လဲတဲ့လား*
ကျန်းရီရှင်းက ရယ်လိုက်သည်။ သူ့မျက်လုံး၌ ရက်စက် ဟန်များ ထင်ဟပ်နေသလို နှုတ်ခမ်းကိုတွန့်၍ သရော်ပြုံး ပြုံးနေသည်။
“ဒီနှစ်သုံးသောင်းအတွင်း စကြဝဠာကြီးထဲမှာ မျိုးနွယ်ငါးခုက လက်ဝါးကြီးအုပ် စိုးမိုးနိုင်ဖို့ တိုက်ခိုက်ခဲ့ကြတယ်”
“ဒီမျိုးနွယ်ငါးခုမှာမှ တစ္ဆေမျိုးနွယ်က နတ်ဆိုးဧကရာဇ် ကြောင့် ကျဆုံးသွားခဲ့တယ်၊ အဲ့ကတည်းက သူတို့ ပျောက် ကွယ် သွားကြတာပဲ”
“အခု ကျန်ခဲ့တဲ့မျိုးနွယ်ဆိုလို့ … နတ်ဆိုးတွေပဲ ရှိတော့တယ်”
ထိုရိုးရှင်းသောစကားက နတ်ဘုရားမ ဖုရုံနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့အား မျက်နှာပျက် သွားစေသည်။
*နတ်ဆိုးတဲ့လား*
ဤစကြဝဠာကြီးထဲ၌ နတ်ဆိုးများသည် အားလုံး၏ အိပ်မက်ဆိုး ဖြစ်ခဲ့ဖူးသည်။ လက်ရှိ အရှင်သခင် သုံးယောက် တောင်မှ တစ်ချိန်က နတ်ဆိုးများ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရဖူး လေသည်။
ဤနှစ်သုံးသောင်းအတွင်း နတ်ဘုရား၊ အင်မော်တယ်နှင့် မကောင်းဆိုးဝါး မျိုးနွယ်သုံးခုပေါင်း၍ နတ်ဆိုးမျိုးနွယ်အား အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။
မျိုးနွယ်ဝင်များစွာကို ဆုံးရှုံးခဲ့ရပြီး အလောင်းများ တောင်လို ပုံ၍ သွေးချောင်းစီးခံခဲ့ရပြီးမှ နတ်ဆိုးဧကရာဇ်ကို ဝိုင်းချုပ် ထားနိုင်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်အား ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ် လေသည်။
သို့သော် ယခုအခါ၌ နတ်ဆိုးမျိုးနွယ်က တစ်ဖန်ပြန် ဦးမော့လာသည်တဲ့လား။
နတ်ဆိုး သုတ်သင်ခြင်းစစ်ပွဲ ပြီးသွားသော်လည်း သူတို့သည် နှစ်ရာချီ၍ နတ်ဆိုးများကို လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။
ယခုလက်ရှိအချိန်ထိ နတ်ဆိုးဟူသည့် စကားလုံးက မျိုးနွယ်သုံးခုလုံး အကြောက်ရွံ့ဆုံး စကားလုံး ဖြစ်နေ သေးသည်ဟု ဆိုနိုင်ပေသည်။
“ဟမ့်၊ ကြည့်ရတာ နတ်ဆိုးအိုကြီးတွေထဲက တစ်ယောက် ယောက် ပြန်ပေါ်လာပြီထင်တယ်”
နတ်ဘုရားမဖုရုံက သရော်၍ ပြောလိုက်သည်။
“ဒီလိုဆိုတော့လည်း ငါ သူ့နတ်ဆိုးအရိုးကို ဆွဲထုတ်ပြီး ပြာ ဖြစ်အောင် လုပ်ရသေးတာပေါ့”
“သူ့ကို သေသွားတဲ့ နတ်ဆိုးဧကရာဇ်ရှိတဲ့ ငရဲကို ပို့ပေး လိုက်မယ်”
နတ်ဘုရားမဖုရုံ၏ စကားကို ကြားပြီး ဓားသခင် ကျန်းရီ ရှန်းနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့က အပြုံးကြီး ပြုံးလိုက်သည်။
“သွားကြမယ်၊ ငါတို့သုံးယောက်ရဲ့ အင်အားအပြင် သုံးသောင်းကျော်တဲ့ စစ်တပ်အင်အားကိုပါ ပေါင်းလိုက်ရင် နတ်ဆိုး အိုကြီးတွေ ပြန်ပေါ်လာရင်တောင်မှ ငါတို့ သူတို့ကို သတ်နိုင်မှာပဲ”
နတ်ဘုရားမဖုရုံက ဖျတ်ခနဲ လှုပ်ရှား၍ အဖြူရောင် ဂြိုဟ်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် ဓားသခင် ကျန်းရီရှန်းနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့က နောက်မှ အမီလိုက်သွားကြသည်။။ သူတို့သုံးယောက်၏ နောက်မှနေ၍ သောင်းချီသော စစ်တပ်က လိုက်ပါလာသည်။
သူတို့ထံမှ ထွက်ပေါ်လာသည့် ဖိအားကြောင့် အဖြူရောင် ဂြိုဟ်ပေါ်ရှိ ကျောက်ဆောင်များ အက်ကွဲ၍ တောများ ပြိုလဲကုန်သည်။
မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံး အဖြူရောင် ဂြိုဟ်နှင့် နီးကပ်လာချိန်တွင် ဂြိုဟ်ပေါ်၌ အနက်ရောင် မြူခိုးတစ်ခု ပျံ့လွင့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအနက်ရောင်မြူခိုးက စိတ်ဝိညာဉ် ထောက်လှမ်းခြင်းကို တားဆီးထားသည်။ မျိုးနွယ်သုံးခုမှ မည်သူမဆို မြေပြင်ရှိ အခြေအနေကို မထောက်လှမ်းနိုင်ပေ။
သို့ရာတွင် သုံးသောင်းသော သိုင်းပညာရှင်များက ထိုအခြင်း အရာကို အရေးမစိုက်ကြပေ။ သူတို့စိတ်ထဲတွင် ဤသုံး သောင်းသော လူများနှင့်ဆိုလျင် အရာအားလုံးကို ဖျက်ဆီးရန် လုံလောက်နေပြီဟု ထင်နေကြသည်။
သို့သော်ငြားလည်း သုံးသောင်းသော သိုင်းပညာရှင်များသည် အဖြူရောင်ဂြိုဟ်နှင့် မီတာ တစ်သောင်းခန့် ရှိသော အကွာအဝေးသို့ ရောက်လာချိန်တွင် ဂြိုဟ်ပေါ်မှ ပြင်းထန် သည့်ဖိအားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
Chapter 660 လူတစ်ယောက်နဲ့ တူနေသလိုပဲ
ဘုတ်! ဘုတ်! ဘုတ်!
ထိုဖိအားသည် အလွန် ပြိုင်ဘက်ကင်းလှသည်။ နတ်ဘုရင် အဆင့်များသည် သူတို့၏ ခန္ဓာကိုယ်ကို မထိန်းချုပ် နိုင်တော့ဘဲ ကောင်းကင်မှနေ၍ တစ်ရှိန်ထိုး ပြုတ်ကျ လေသည်။
မျိုးနွယ်သုံးခုမှ ပါရမီရှင်များသည် အိုးထဲပစ်ချလိုက်သည့် ဖက်ထုပ်များကဲ့သို့ ဆက်တိုက် ပြုတ်ကျနေကြသည်။ အဖြူရောင်ဂြိုဟ်တစ်ခုလုံးသည် အလွန်ကြီးမားသော သံလိုက်သဖွယ် ဖြစ်နေပြီး သိုင်းပညာရှင်များအားလုံးက သံတိုသံစများလိုပင်။
“သေစမ်း၊ ဒါ မိစ္ဆာမျှော်စင်ရဲ့ ဖိအားပဲ”
မျိုးနွယ်သုံးခု၏ အရှင်သခင်သုံးယောက်သည် ဤအဖြ စ်ကြောင့် မျက်နှာပျက်သွားကြသည်။ သို့သော် သူတို့သည် အလွန် စိုးရိမ်ခြင်း မရှိကြချေ။ မျိုးနွယ်သုံးခု၏ စစ်တပ်များသည် ပျံသန်းနိုင်သည့် စွမ်းရည်ကိုသာ ဖိနှိပ်ခံ ရခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲဝင်ခွန်အားက လျော့ ကျသွားခြင်း မရှိပေ။
လက်ရှိအချိန်၌ အဖြူရောင်ဂြိုဟ်ပေါ်သို့ သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြလေသည်။ ထိုအ ရှိန်ကြောင့် အဖြူရောင်ဂြိုဟ်၏ မြေမျက်နှာ ပြင်ပေါ်တွင် တွင်းချိုင့်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကျောက်တုံးကျောက်ဆောင်များ လွင့်ပျံ၍ သဲမှုန်များ မျောလွင့်နေသည်။ အချိန်တိုအတွင်းမှာပင် အဖြူရောင် ဂြိုဟ်ပေါ်၌ မျိုးနွယ်သုံးခု၏ စစ်တပ်များဖြင့် ပြည့်နှက် သွားသည်။ အဝေးမှလှမ်းကြည့်လျင်တောင်မှ အဖြူရောင် ဂြိုဟ်ပေါ်ရှိ လူပင်လယ်ကြီးအား လှမ်းတွေ့ရမည် ဖြစ်လေ သည်။
ထိုစစ်တပ်များ ဆင်းသက်လာပြီးမှ မျိုးနွယ်သုံးခု၏ အရှင် သခင်သုံးယောက် ဆင်းလာသည်။ ထိုသူ သုံးယောက်သည် မိစ္ဆာမျှော်စင်၏ ဖိအားမှ လွတ်မြောက်နိုင်သေးပြီး ကောင်း ကင်မှ ဖြည်းဖြည်းချင်း ဆင်းလာကြသည်။
နတ်ဘုရားမဖုရုံ၊ အင်မော်တယ် ဓားသခင် ကျန်းရီရှန်းနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့ မြေကြီးပေါ် ရောက်လာပြီးမှ ဖုန်မှုန့်များ လွင့်စဉ်သွားသည်။
ထိုအခါတွင်မှ အဖြူရောင်ဂြိုဟ်၏ မြင်ကွင်းကို အားလုံး တွေ့လိုက်ရသည်။ ယခုအချိန်၌ အဖြူရောင်ဂြိုဟ်ပေါ်တွင် အရိုးစု သဲကန္တာရ မရှိတော့ပေ။ မဟူရာ တောအုပ် သည်လည်း ပြိုလဲသွားလေသည်။ ခပ်လှမ်းလှမ်း၌ ရှိနေသည့် မိစ္ဆာမျှော်စင်တောင်မှ ပျောက်ကွယ်နေ၏။
*ဒါ …*
မျိုးနွယ်သုံးခု၏ အရှင်သခင်သုံးယောက်လုံး မျက်မှောင် ကြုတ်သွားသည်။ မဟူရာတောအုပ်သည် ထောင်သောင်း ချီသော စစ်တပ်ကြောင့် အပင်များ ကျိုးကြေ ပျက်စီး သွားခြင်း ဖြစ်သည်။ သို့သော် အဘယ်ကြောင့် အရိုးစု သဲကန္တာရနှင့် မိစ္ဆာမျှော်စင်တို့ ပျောက်ကွယ်သွားရသနည်း။
မျိုးနွယ်သုံးခု၏ အရှင်သခင်သုံးယောက်၏ စိတ်ထဲတွင် ခံစားချက် မကောင်းသလို ဖြစ်လာသည်။
“ကြည့်ရတာ အဖြူရောင် နတ်ဘုရား သေသွားပြီထင်တယ်”
ကျန်းရီရှန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့စကားကြောင့် ကျန်နှစ်ယောက်လုံး မှင်တက်သွားသည်။ အဖြူရောင် နတ်ဘုရား၏ ခွန်အားကို သူတို့သုံးယောက်လုံး ရှင်းရှင်းလင်းလင်း သိထားကြသည်။ သူသည် အပြင်းအထန် ဒဏ်ရာရထားသော်လည်း သူ၏တိုက်ပွဲဝင်ခွန်အားက ကြောက်စရာ ကောင်းနေသေးသည်။ ထို့အပြင် သူနှင့် အဆင့်တူသည့် သိုင်းပညာရှင်အားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
ထိုသို့သောသူမျိုးက သေသွားသည်ဆိုလျင် အဖြူရောင် ဂြိုဟ်ပေါ်၌ အလွန် ထိတ်လန့်စရာကောင်းသည့် တစ်စုံတစ်ရာ ရှိနေသည့်ပုံပင်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် မနီးမဝေးမှနေ၍ ခြေသံတစ်သံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုခြေသံကိုကြားပြီး အားလုံး ရင်တုန် သွားကြသည်။
“ကြည့်ကြဦး၊ ဟိုမှာ တစ်ယောက်ယောက် ရှိနေတယ်”
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်၏ အော်သံကြောင့် အရှင်သခင် သုံးယောက်နှင့် ထောင်သောင်းချီသော စစ်တပ် များက လှမ်းကြည့်လိုက်ကြသည်။
အားလုံး၏ အကြည့်အောက်၌ ယခင်က အရိုးစု သဲကန္တာရ ရှိခဲ့သည့်နေရာတွင် ဖုန်မှုန့်နှင့် ကျောက်တုံးများကိုသာ တွေ့လိုက်ရသည်။ ထို့အပြင် အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင် ရှိသော လူတစ်ယောက်က တစ်လှမ်းချင်း လျှောက်လာနေ၏။
သူ၏ဝတ်စုံသည် မှင်ကဲ့သို့ မည်းနက်နေပြီး ဆံပင်များက နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသည်။ ဤအဖြူနှင့် ရောစပ် ထားသည့် ပုံရိပ်က အလွန် ကျောချမ်းစေသည်။
ထိုသည်သာမကချေ။ လူတိုင်း၏မြင်ကွင်းထဲသို့ ထိုသူ ပေါ်လာချိန်တွင် အဖြူရောင်ဂြိုဟ်၏ အပူချိန်က ရုတ်တရက် ထိုးကျသွားပြီး ရေခဲမှတ်အထိ ရောက်သွားသည်ကို လူတိုင်း ခံစားမိသည်။
ဤအဖြစ်က ထောင်သောင်းချီသော စစ်သည်တော်များအား တုန်လှုပ်သွားစေသည်။ အရှင်သခင် သုံးယောက်တောင်မှ တစ်ခဏမျှ အေးသလို ခံစားလိုက်ရသည်။
ထိုအနက်ရောင်ဝတ်စုံနှင့် အဖြူရောင်ဆံပင်ရှိသည့် လူတစ်ယောက်သည် ငရဲမှ ပြန်လည်ထွက်ပေါ်လာသည်ဟု လူတိုင်း ထင်မှတ်နေကြသည်။
“သူ ဘယ်သူလဲ”
ဘာရယ်ကြောင့်မှန်းမသိသော်လည်း နတ်ဘုရားမဖုရုံနှင့် အခြားသူများသည် ထိုသူကို မြင်သည်နှင့် အလွန် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။
သို့သော် ချက်ချင်းဆိုသလိုပင် သူတို့သည် ယဲ့ဖန်၏ နောက်ခံကို အရေးတယူ မစဉ်းစားတော့ချေ။ အဘယ် ကြောင့်ဆိုသော် ယဲ့ဖန်၏ လက်ထဲမှ ကျာပွတ်ရှည် တစ်ချောင်းကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ကိုယ်နှစ်ခြမ်း ကွဲနေသည့် လူပေါင်းများစွာကို တွေ့လိုက်ရသည်။
“ဒါ … ဒါ လောဝူကျိပဲ၊ သေစမ်း၊ သူ့ကိုယ်က နှစ်ပိုင်းပိုင်း ခံထားရတာပဲ”
“ဟိုမှာ ရွှမ်ယွမ်၊ ဘယ်လိုကောင်လဲကွာ၊ တော်တော် ရက်စက်တာပဲ”
“ကိုးမြီးမြေခွေးမလေး၊ ငါ ဒီလောက် တန်ဖိုးထားရတဲ့ တပည့် မလေး၊ အဲ့ကောင် ဆယ်ခါပြန် သေသင့်တယ်”
“…”
မျက်စိရှေ့မှမြင်ကွင်းကြောင့် လူတိုင်း ပွက်လောရိုက် သွားသည်။ လူတိုင်း မျက်စိများ ပြာဝေသွားကြသည်။
လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေး မလေး တို့သည် မျိုးနွယ်သုံးခု၏ နံပါတ်တစ် ပါရမီရှင်များ ဖြစ် လေသည်။ ယခုအချိန်၌ လူပေါင်းနှစ်ရာကျော်တို့သည် နှစ်ပိုင်းပိုင်း ခံထားရသဖြင့် ကိုယ်ပေါင်း လေးရာကျော် ဖြစ်နေ၏။
အားလုံးအား ကျာပွတ်ဖြင့် ဖြတ်တောက်ထားခြင်း ဖြစ်သည်။ သူတို့၏ ကိုယ်အစိတ်အပိုင်းများမှ သွေးများ ဆက်တိုက် စီးကျနေသည်။ ထို့အတူ အော်သံများကလည်း အတော မသတ်ပေ။
“အမေ ကျွန်တော့်ကို ကယ်ပါဦး၊ သူ … သူက အဲ့ဒီနတ်ဆိုးပဲ၊ ဟိုသောက်နတ်ဆိုးကောင်”
“ဆရာ၊ တပည့် ထိခိုက်ထားပါတယ်၊ သူ့ကို သတ်လိုက်ပါ၊ သူ့ကို တစ်စစီ ပိုင်းပစ်လိုက်ပါ”
“နာတယ်၊ ဆရာ သတိထားပါ၊ အဲ့လူက နတ်ဆိုးပဲ။ အဖြူရောင် နတ်ဘုရားကို သူပဲ သတ်လိုက်တာ။ ပြီးတော့ ဟိုငှက်ကို သူ ကယ်ထားတာ”
“…”
လောဝူကျိနှင့် အခြားသူများ၏ ကြောက်လန့်တကြား အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူတို့အားလုံး ထိတ်လန့်၍ သွေးပျက်နေကြသည်။ သူတို့သည် အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို ကြုံတွေ့ ခဲ့ရသည့်ပုံပင်။
ထိုအခါတွင်မှ ယဲ့ဖန်နောက်၌ လိုက်ပါလာသော ရွှေအိုရောင် အရိုးစု ခန္ဓာကိုယ်နှင့် ပခုံးပေါ်မှ ခေါင်းပြောင်ငှက်တို့ကို တွေ့လိုက် ရသည်။
“အဲ့ငှက်”
မကောင်းဆိုးဝါး အရှင်သခင်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။ ခေါင်းပြောင်ငှက်ကို အခြားသူက ကျွန်ပြု လိုက်မည်ဟု သူ ထင်မထားမိပေ။ ထို့အပြင် အနိုင်ယူ လိုက်သည့်သူ … နတ်ဘုရားဂိုဏ်းချုပ်အဆင့်သာ ရှိသည့်သူ ဖြစ်နေပါလား။
ယဲ့ဖန်၏ အရှိန်အဝါကို ခံစားမိပြီးနောက် အရှင်သခင် သုံးယောက်နှင့် စစ်သည်တော်များအားလုံး အုတ်အော် သောင်းတင်း ဖြစ်သွားကြသည်။
မျိုးနွယ်သုံးခုမှ ပါရမီရှင်နှစ်ရာကျော်ကို သတ်ခဲ့သည့် ကြောက်စရာ ကောင်းသည့် ပုဂ္ဂိုလ်က နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ရှိသည့် သိုင်းပညာရှင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ငါ့သားက ဒီလောက် ပြိုင်ဘက်ကင်းတာ၊ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်လေးရဲ့ လက်ထဲမှာ ရှုံးမှာ မဟုတ်ဘူး”
“ယုတ်မာတဲ့ လှည့်ကွက်သုံးတာပဲ ဖြစ်မယ်၊ အဲ့လူမှာ လှည့်ကွက် ရှိကိုရှိလိမ့်မယ်”
နတ်ဘုရားမ ဖုရုံသည် မိုးကြိးပစ်ချခံရသကဲ့သို့ ထိတ်လန့် နေ၏။ သူမအမြင်တွင် လောဝူကျိသည် အသန်မာဆုံး ဖြစ်ပြီး နောက် သူမနေရာကို တက်လာမည့် အရှင်သခင်လည်း ဖြစ်လေသည်။
သူမ၏ မာနကြီး၍ ထူးချွန်သောသားဖြစ်သူက ဘယ်လိုလုပ် နတ်ဘုရားဂိုဏ်းချုပ်အဆင့်လေး၏ လက်ထဲ၌ ရှုံးနိမ့်သွား ရမည်နည်း။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထိုစဉ် ဓားသခင် ကျန်းရီရှန်းသည် အလွန် တည်ငြိမ်နေ၏။ သူသည် တပည့်ဖြစ်သူ သခင်လေး ရွှမ်ယွမ်ကို ထပ်မကြည့် တော့ဘဲ ယဲ့ဖန်၏မျက်နှာကိုသာ သေချာ စူးစိုက် ကြည့်နေသည်။
ထို့နောက် ကျန်းရီရှန်းသည် တစ်ကိုယ်လုံး တုန်ယင်လာပြီး ထိတ်လန့်ကြောက်ရွံ့ဟန် ပေါ်နေသည်။
ဂလု!
ဓားသခင် ကျန်းရီရှန်းသည် တံတွေးကို မနည်းမျိုချပြီးနောက် ဇောချွေးပြန်လာပြီး နတ်ဘုရားမဖုရုံနှင့် မကောင်းဆိုးဝါး အရှင်သခင်ကို လှမ်းကြည့်၍ ကတုန်ကယင်ဖြင့် ပြောလိုက် သည်။
“မင်းတို့နှစ်ယောက် … အဲ့လူက လူတစ်ယောက်နဲ့ တူနေ တာကို သတိမထားမိဘူးလား”
*ဘယ်လို*
ထိုစကားကြောင့် နတ်ဘုရားမဖုရုံနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့ အံ့ဩသွားလေသည်။ သူတို့သည် အစောပိုင်းက လောဝူကျိနှင့် ခေါင်းပြောင်ငှက်ကိုသာ အာရုံရောက်နေသောကြောင့် ယဲ့ဖန်ကို လုံးဝ လှမ်းမကြည့် ဖြစ်ပေ။
ယခု နှစ်ယောက်သား ယဲ့ဖန်၏မျက်နှာကို လှမ်းကြည့် လိုက်မိသည်။ ထိုအခါတွင်မှ သူတို့စိတ်ထဲတွင် နွေခေါင် ခေါင်၌ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်ကာ ကြက်သေ သေသွားကြလေသည်။
စာစဉ် (၄၄) ဤတွင် ပြီးပါပြီ။