← Chapters

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

Chapter 664 လျင်မြန်စွာ အဆင့်တက်ခြင်း

“ဟားဟားဟား … ကောင်းကင်ဘုံက သူခိုးအိုကြီး၊ ကျုပ်ကို လာချဦးလေ”

“ပစ်တာလည်း မတိကျလိုက်တာ၊ ခင်ဗျား မျက်စိစွေ နေပြီလား”

“မိုးကြိုးလျှပ်စီးရဲ့ ခွန်အားကလည်း နည်းလိုက်တာ၊ သုံးစားမရဘူး”

“မြန်မြန်လုပ်စမ်းပါ၊ မိုးကြိုးထဲမှာ အားနည်းနည်း ထပ်ထည့်ပါဦးလား၊ ခင်ဗျား ထမင်းမစားရသေးဘူးလား”

ထိုစဉ် အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ဖန်၏ပုံရိပ်က စစ်သည်တော်များကြား၌ လျင်မြန်စွာ ခေါက်တုံ့ခေါက်ပြန် သွားလာနေသည်ကို လူတိုင်း တွေ့နေရသည်။ သူသည် ထိုသို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေချိန်တိုင်း ကောင်းကင်ဘုံအား ရယ်သွေးသွမ်း၍ လှောင်ပြောင်လေသည်။

သူ့စကားသံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံသည် ရန်စခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မိုးကြိုး မုန်တိုင်းများက သမုဒ္ဒရာထဲမျ လှိုင်းလုံးအား ပိုမို၍ ပြင်းထန်လာလေသည်။

“မလုပ်နဲ့၊ ငါ မသေချင်သေးဘူး”

နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တစ်ယောက်သည် ငယ်သံ ပါအောင် အော်ဟစ်နေစဉ်မှာပင် ကိုးရောင်ခြယ် နတ်ဘုရား မိုးကြိုး ထိမှန်သွားလေတော့သည်။

ဂျိမ်း!

သူ၏ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲသွားသည်။ အသားစ များနှင့် သွေးစက်များက လေထဲသို့ လွင့်စဉ် ပျံ့နှံ့သွား၏။ ဤသည်မှာ အစသာရှိသေးသည်။ အခြားသော သိုင်းပညာရှင် များသည်လည်း မိုးကြိုးမုန်တိုင်းအောက်၌ ရှောင်တိမ်း၍ ထွက်ပြေးနေကြသည်။ သူတို့သည် မိုးကြိုးကို ရှောင်တိမ်းရန် ယဲ့ဖန်၏နည်းလမ်းအတိုင်း အသုံးချချင်ခဲ့သည်။

သို့ရာတွင် သူတို့၏အရှိန်က ယဲ့ဖန်နှင့်ယှဉ်လျင် အလွန် နှေးလွန်းနေ၏။ ခပ်လှမ်းလှမ်းတို့ မရှောင်နိုင်ခင်မှာတင် မိုးကြိုးထိမှန်၍ ပေါက်ကွဲကာ သေဆုံးသွားကြလေသည်။

စစ်သည်တော်များ၏ အရေအတွက်သည် ငါးသောင်းမှနေ၍ လေးသောင်း၊ သုံးသောင်းသို့ ကျဆင်းလာသည်။ အဖြူရောင်ဂြိုဟ်၏ မြေမျက်နှာပြင်အနှံ့၌ အလောင်း အပိုင်းအစများဖြင့် ပြည့်နှက်နေသည်။ အလောင်းများက အရပ်မျက်နှာအနှံ့၌ ရှိနေလေသည်။

ယခုအချိန်၌ အကြီးအကဲ သုံးယောက်တောင်မှ ကိုယ့်ကိုယ် ကိုယ် အားတင်း၍ ပြန်ခုခံနေရသည်။

ဂျိမ်း!

အင်မော်တယ် ဓားသခင် ကျန်းရီရှန်းသည် ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းကြောင့် လွင့်ထွက်သွားလေသည်။ ရုတ်တ ရက် ကောင်းကင်ထက်မှနေ၍ မိုးကြိုးနှစ်စင်းက သူ့ကျောပေါ် ထပ်မံကျရောက်လာပြန်သည်။

*ဘယ်လို*

ကျန်းရီရှန်း ထိတ်လန့်ကြောက်ရွံ့သွားသည်။ နတ်ဘုရား မိုးကြိုးတစ်စင်းချင်းစီတိုင်း၌ ပျက်သုဉ်းခြင်း စွမ်းအင်များစွာ ပါဝင်နေသည်။ ထိုစွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး အရိုးများအား လောင်ကျွမ်းစေသည်။ ပြင်းထန် လှသည့် နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာပြီး ဓားသခင် ကျန်းရီရှန်း တုန်ယင်လာရသည်။

ထို့အပြင် လူတိုင်းအား ပိုမို၍ ထိတ်လန့်တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သောင်းချီသော စစ်သည် တော်များ သေဆုံးသွားပြီးနောက် ယဲ့ဖန်သည် မိုးကြိုးကို ရှောင်တိမ်းနေရာမှ ရပ်တန့်လိုက်သည်။ သူသည် အချိန် နိယာမနှင့် လေနိယာမတို့ကို အသုံးပြုနေခြင်းမှ ရပ်တန့် လိုက်သည်။

ထို့နောက် သူသည် မတ်မတ်ရပ်၍ လက်နောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်လာသည်။

ဂျိမ်း! ဂျိမ်း! ဂျိမ်း!

ကိုးရောင်ခြယ် မိုးကြိုးလျှပ်စီးက ယဲ့ဖန်၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည်။ သူ၏မျက်ခုံးနှစ်ခု ကြားမှနေရာသည် အက်ကွဲသွားသည်ဟု ထင်မှတ်ရပြီး သွေးစင်းကြောင်းတစ်ခု ပေါ်လာကာ ထိုနေရာမှ သွေးများ စီးကျလာလေသည်။ သို့သော် ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ပြုံးလိုက်သည်။

“မလုံလောက်ဘူး၊ မလုံလောက်ဘူး၊ မလုံလောက်သေးဘူး”

*ဘာ*

နတ်ဘုရားမဖုရုံနှင့် အခြားသူများ အလွန် ထိတ်လန့် သွားကြသည်။ လူတစ်ယောက်က သူ၏ခန္ဓာကိုယ်ကိုရင်း၍ ကိုးရောင်ခြယ် မိုးကြိုးကို အံတုရန် ဖြစ်နိုင်လိမ့်မည်ဟု မထင် ထားကြပေ။

သို့သော် ထိုမျှနှင့် မပြီးသေးဘဲ ယဲ့ဖန်က ပါးစပ်ဟလိုက်သည်။ နတ်ဘုရားမိုးကြုးသည် ကောင်းကင်မှနေ၍ သူ၏ပါးစပ် ထဲသို့ ကျဆင်းသွားသည်။

*ဝါးမျိုလိုက်တာလား*

*နတ်ဘုရားမိုးကြိုးကို ဝါးမျိုလိုက်တာလား*

*အရူးကောင်*

ဤသည်ကိုမြင်ပြီး အကြီးအကဲသုံးယောက်နှင့် အသက်ရှင် နေသေးသော သိုင်းပညာရှင်များအားလုံး တုန်လှုပ် သွား ကြသည်။

ရှေးခေတ်အချိန်အခါကတည်းမှစ၍ တစ်စုံတစ်ယောက်က နတ်ဘုရားမိုးကြိုးကို ဝါးမျိုနိုင်သည်ဟု မည်သူမျှ မကြားဖူး ခဲ့ချေ။

သို့သော် မည်သူမျှ မသိလိုက်သည့်အချက်မှာ ယဲ့ဖန် တစ်ယောက် နတ်ဘုရားမိုးကြိုးကို ဝါးမျိုလိုက်သည်နှင့် ထိုမိုးကြိုးလျှပ်စီးစွမ်းအင်က သူ့ခန္ဓာကိုယ်ကို လောင်မြှိုက် နေသည့်အချက်ပင်။

သို့သော် လောင်မြှိုက်ခံလိုက်ရသည့် ကြွက်သားများသည် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်စွမ်းအင်ကြောင့် ချက်ချင်း ပြန်လည်ကောင်းမွန်လာသည်။ ထို့အပြင် သတ်ဖြတ်လိုသည့် စိတ်ဝိညာဉ်စွမ်းအင်က ယဲ့ဖန်၏ခန္ဓာကိုယ်တွင်း လည်ပတ် နေသည်။

မိုးကြိုးလျှပ်စီး၏ စွမ်းအင်တိုင်းကို သေမင်းနတ်ဆိုးဆုဒြာက စုပ်ယူသွားပြီး မိုးကြိုးလျှပ်စီး မူလစွမ်းအင်အဖြစ် ပြောင်းလဲ၍ ယဲ့ဖန်၏ စွမ်းအင်ဖြင့် ပေါင်းစပ်သွားလေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။

ယဲ့ဖန်၏ အရှိန်အဝါက ပိုပို၍ သန်မာလာသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ သေမင်းနတ်ဆိုး ဆုဒြာသည် ယဲ့ဖန်၏ကိုယ်တွင်းမှ မိုးကြိုးလျှပ်စီးကို ဆက်၍ မစုပ်ယူတော့ဘဲ နတ်ဆိုးစွမ်းအင်များကိုသာ ထုတ်လွှတ်၍ ယဲ့ဖန်၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိုးကြိုးလျှပ်စီး၏ စွမ်းအင် ကိုသာ အရူးအမူး စုပ်ယူ လေတော့သည်။

နတ်ဆိုးစွမ်းအင်များသည် မြွေတစ်ကောင်ကဲ့သို့ ပြောင်းလဲ သွားပြီး တိုက်ပွဲမြေပြင်အနှံ့ လှည့်ပတ် သွားလာနေသည်။ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲ၍ သေဆုံးသွားသော မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များ၏ အလောင်းများကို ဝါးမျို လေတော့သည်။

နတ်ဆိုးစွမ်းအင်က အလောင်းမှ အသွေးအသားများကို စုပ်ယူဝါးမျိုလေတော့သည်။ ထို့နောက် အလောင်း တစ် လောင်းမှနေ၍ ရာကျော်၊ ထောင်ကျော်လာပြီး အလောင်း အားလုံးကို ဝါးမျိုသွားလေသည်။ သိုင်းပညာရှင် များ၏ အလောင်းများသည် သန့်စင်သော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ယဲ့ဖန်၏ ကိုယ်တွင်းသို့ ဝင်ရောက် သွားသည်။

ယဲ့ဖန်၏အရှိန်အဝါက ပို၍သန်မာလာပြီး နတ်ဧကရာဇ် တစ်ပိုင်းအဆင့်မှနေ၍ နတ်ဧကရာဇ် စဦးအဆင့်သို့ ရောက်ရှိ သွားသည်။ ထိုမျှနှင့်မရပ်သေးဘဲ သူ၏ အရှိန်အဝါက ပို၍ မြင့်တက်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ဆက်လက် ရောက်ရှိသွားသည်။

ဤအဖြစ်ကြောင့် အကြီးအကဲ သုံးယောက်လုံး အံ့အားသင့် သွားကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်အား မဝါးမျိုနိုင်သော အရာမရှိသည့် မိစ္ဆာကောင်ဟု ထင်မိသွားသည်။

*မိုးကြိုးကိုလည်း သူ ဝါးမျိုတယ်*

*အလောင်းတွေကိုလည်း စုပ်ယူပစ်တယ်*

မိုးကြိုးလျှပ်စီး စွမ်းအင်နှင့် အလောင်းများကို နတ်ဆိုးစွမ်းအင်များက စုပ်ယူ၍ သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲကာ ယဲ့ဖန်၏ကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။

လက်ရှိအချိန်၌ မိုးကြိုးလျှပ်စီးများက ဆက်လက် ကျဆင်း နေသည်။ မျိုးနွယ်သုံးခုမှ စစ်သည်တော်များ သည်လည်း ဆက်လက်၍ သေဆုံးနေ၏။ အယောက်တစ်သောင်းမှ ရှစ်ထောင်၊ ငါးထောင်။ တစ်ခဏအကြာ၌ နောက်ဆုံး တစ်ယောက်၏ အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် အားလုံး တိတ်ဆိတ်သွားလေသည်။

နောက်ဆုံးသော သိုင်းပညာရှင်သည် ကိုးရောင်ခြယ် မိုးကြိုး လျှပ်စီးကြောင့် အသတ်ခံလိုက်ရသည်။ သို့သော် သူ သေသွား သည်နှင့် နတ်ဆိုးစွမ်းအင်များက သူ့ကိုယ်ထဲသို့ ဝင်ရောက် သွားသည်။

သူ၏ကိုယ်တွင်းမှ အသွေးအသားများအားလုံး ပြာအဖြစ် ပြောင်းလဲ သွားပြီး လေနှင့်အတူ မျောလွင့်သွားသည်။

ဒေါက်!

အလောင်းက ပြာဖြစ်သွားသည်နှင့် ထိုသိုင်းပညာရှင်၏ နတ်ဘုရားအမြုတေသည် နတ်ဆိုးစွမ်းအင်များကြားမှ ပြုတ်ကျ လာသည်။

လက်ရှိအချိန်တွင် တိုက်ပွဲမြေပြင်၌ မည်သည့်အလောင်းကိုမှ မတွေ့ရတော့ပေ။ ကျန်ရှိခဲ့သည့်အရာဟူ၍ တောင်လိုပုံ နေသည့် အမြုတေများသာ ဖြစ်လေသည်။ နတ်ဘုရား အမြု တေ၊ အင်မော်တယ် အမြုတေနှင့် မကောင်းဆိုးဝါး အမြုတေ များက တောင်လိုရာလို ပုံနေ၏။

ဂျိမ်း!

နောက်ဆုံးသော ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးက ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ထိမှန်ပြီးသွားသည်နှင့် မိုးကြိုးမုန်တိုင်း သည်လည်း ပျက်ပြယ်သွားကာ တိမ်မည်းများလည်း ပျောက် ကွယ် သွားလေသည်။

ထိုအခါတွင်မှ ယဲ့ဖန်က အသက်ပြင်းပြင်းရှူလိုက်ပြီး တိုက်ပွဲ မြေပြင်တစ်ခုလုံးမှ နတ်ဆိုးစွမ်းအင်များကို စုပ်ယူ လိုက်သည်။

အကြီးအကဲသုံးယောက်လုံး မြေကြီးပေါ် ဘုန်းခနဲ လဲကျ သွားသည်။ သူတို့၏ ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ သွေးအလိမ်းလိမ်း ဖြစ်နေသည်။

မကြာသေးခင်ကမှ ထည်ဝါ၍ မာနကြီးဟန် ပြသနေသော အကြီးအကဲ သုံးယောက်သည် ယခုအခါ၌ ခွေးသေများကဲ့သို့ မြေကြီးပေါ် လဲကျကာ အသက်ကို မနည်းရှူနေရသည်။

“အသက်ရှင်နေတယ်၊ ငါ အသက်ရှင်နေတယ်”

သုံးယောက်လုံးသည် မိုးကြိုးမုန်တိုင်းထဲမှ အသက်ရှင် ကျန်ရစ်လိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေသည်။ သို့သော် သုံးယောက်သား ဘေးဘီကို ဝေ့ကြည့်လိုက်မိပြီးနောက် မှင်တက်အံ့ဩသွားကြသည်။

လက်ရှိတွင် အဖြူရောင်ဂြိုဟ်၌ မိုးကြိုးမုန်တိုင်းကြောင့် သုံးပုံတစ်ပုံ အရွယ်အစားသာ ရှိတော့သည်။ ထို့အပြင် ပြာများနှင့် အမြုတေများကသာ တောင်လိုပုံနေလေသည်။

“သေပြီ … အားလုံး သေသွားပြီ”

သုံးယောက်လုံး တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူတို့ မျက်လုံးထဲ၌ အလွန် ခြောက်ခြားတုန်လှုပ်နေဟန်များ ထင်ဟပ်နေသည်။

သူတို့သုံးယောက်သည် လွန်ခဲ့သည့် တစ်နာရီကမှ မျိုးနွယ် သုံးခု၏ စစ်သည်တော်များကို ဦးဆောင်၍ အဖြူရောင် ဂြိုဟ်ပေါ်သို့ နောက်ဘယ်သောအခါမှ ပြန်လာစရာ မလိုတော့သကဲ့သို့ ပြုမူခဲ့သည်။

သို့သော် ဤတစ်နာရီအတွင်း၌ သောင်းချီသော စစ်သည် တော် များက အမြုတေတောင်ပုံကြီး အဖြစ်သို့သာ ပြောင်းလဲ သွားသည်။ ဤသို့သော ထိတ်လန့်ကြောက်ရွံ့ဖွယ်ကြောင့် သုံးယောက်လုံး အေးစိမ့်သွားလေသည်။

သူတို့သာမက မိစ္ဆာမျှော်စင်တွင်းရှိ လောဝူကျိနှင့် ပါရမီရှင် နှစ်ရာကျော်လုံး မျက်နှာပြာနှမ်း သွားကြသည်။ အားလုံးသည် ယဲ့ဖန်အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။

*ဒီလူက ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းကို အသုံးပြု ပြီးတော့ အကြီးအကဲ သုံးယောက်နှင့် သောင်းချီတဲ့ စစ်သည် တော်တွေကို ဖျက်ဆီးခဲ့တာလား*

*အရူး*

*မိစ္ဆာကောင်*

လောဝူကျိနှင့် အခြားသူများ၏ စိတ်ထဲတွင် ယဲ့ဖန်၏ ရူးသွပ်မှုကို ဖော်ပြနိုင်သည့် စကားလုံးမျိုး ရှာမတွေ့ ဖြစ်နေကြသည်။

သူတို့ ယဲ့ဖန်ကို သတ်နိုင်တော့မည်ဟု ခံစားမိသည့် အကြိမ်တိုင်း တစ်ဖက်လူက သူတို့အား အလွန် စိတ်လှုပ်ရှားလာအောင် ပြုလုပ်လာသည်။ ဤသည်က ပါရမီရှင် နှစ်ရာကျော်အား စိတ်ဓာတ် ပျက်ပြားသွားစေသည်။

Chapter 665 ရူးလိုက်သည့်လူ

လက်ရှိအချိန်၌ အဖြူရောင်ဂြိုဟ်ပေါ်ရှိ လူများအားလုံး မဖော်ပြနိုင်လောက်သည်အထိ ထိတ်လန့်နေကြသည်။ မိစ္ဆာ မျှော်စင်ထဲမှ ပါရမီရှင် နှစ်ရာကျော်တို့သည် ကျင်ငယ် ရည် ထွက်ကျမတတ် ကြောက်လန့်နေသည်။

သူတို့သည် အကြီးအကဲသုံးယောက် အလူးအလဲ ခံနေရပုံနှင့် တောင်လိုပုံနေသည့် နတ်ဘုရား အမြုတေ၊ အင်မော်တယ် အမြုတေနှင့် မကောင်းဆိုးဝါး အမြုတေများကိုကြည့်ပြီး တုန်လှုပ်ကာ နဖူးမှ ချွေးစေးများ စီးကျလာသည်။

ဝေါ့!

ထိုသို့သောအချိန်၌ နတ်ဘုရားမဖုရုံ၊ အင်မော်တယ် ဓားသခင် ကျန်းရီရှန်းနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့ သွေးအန် လာသည်။

“မိစ္ဆာကောင်၊ မင်း … မင်း တကယ် ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး ဖြစ်စေခဲ့တာပဲ”

“ကောင်းကင်ဘုံက အပြစ်ပေးတာကို ခံရမယ့်လူ၊ မင်းက မိုးကောင်းကင်ကို ဆန့်ကျင်နေတာပဲ၊ မိုးကောင်းကင်နဲ့ မြေကြီးက မင်းကို သည်းမခံနိုင်တော့ဘူးပဲ”

“….”

အကြီးအကဲ သုံးယောက်လုံးသည် အလွန် တုန်လှုပ်နေသကဲ့သို့ ထပ်ခါထပ်ခါ အော်ဟစ်နေသည်။ ခေါင်းပြောင်ငှက်တောင်မှ အလွန် ထိတ်လန့်သွားရသဖြင့် မနည်း တံတွေးမျိုချနေရသည်။

“နတ်ဘုရား ဒဏ်ခတ်ခြင်း၊ ဒီအရူးလေးက နတ်ဧကရာဇ် အဆင့်ကို အဆင့်တက်တာတောင်မှ ကောင်းကင်ဘုံက အပြစ်ပေးတာကို ခံနေရတယ်၊ ဒါ … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ခေါင်းပြောင်ငှက် အလွန် မှင်တက်မိနေသည်။ ရှေးခေတ် အချိန်မှစ၍ ယခုအချိန်ထိ မရေတွက်နိုင်သော မျိုးနွယ်များမှ ပါရမီရှင်များကို သူ မြင်ခဲ့ဖူးသည်။ သို့သော် နတ်ဧကရာဇ် အဆင့်လောက်နှင့် ကောင်းကင်ဘုံမှ အပြစ်ပေးခြင်း ခံရသည့်သူသည် သမိုင်းတွင် ယဲ့ဖန်က ပထမဆုံး ဖြစ်မည်မှာ အသေအချာပင်။

ထိုစဉ် ခေါင်းပြောင်ငှက်သည် ကောင်းကင်ကို မော့ကြည့် လိုက်မိပြီး ရုတ်တရက် မျက်မှောင်ကြုတ် မိသွားသည်။ ယခုအချိန်၌ ကောင်းကင်ရှိ တိမ်မည်းများက ပျောက်ကွယ် သွားသော်လည်း အလွန် ထိတ်လန့်ဖွယ်ကောင်းသည့် ကိစ္စတစ်ရပ် ဖြစ်လာတော့မည့် ခံစားချက်မျိုး ရလိုက် သောကြောင့် ခေါင်းပြောင်ငှက် အမွေးထောင် လာလေသည်။

“ဒါ … ဒါ ဘာကြီးလဲ”

ခေါင်းပြောင်ငှက် ကောင်းကင်ကို မော့ကြည့်နေချိန်မှာပင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားသည်။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်ယံ၌ တိမ်မည်များ ပျောက်ကွယ် သွားချိန်တွင် ရွှေအိုရောင် သတ္တဝါတစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

ထို့နောက် ကောင်းကင်ထက်မှနေ၍ ရွှေရောင် နတ်ဘုရား မိုးကြိုး ဗြုန်းခနဲ ကျဆင်းလာသည်။

“ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့သူတိုင်း သေရမယ်”

ထိုကြိမ်းမောင်းသံသည် စကြဝဠာအနှံ့သို့ ပဲ့တင်ထပ် သွားသည်။ ထိုရွှေရောင် နတ်ဘုရားမိုးကြိုးသည် အဖြူရောင် ဂြိုဟ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

ဂျိမ်း!

ထိုသို့ပြင်းထန်လှသည့် စွမ်းအင်ကြောင့် မိစ္ဆာမျှော်စင် တစ်ခုလုံး တုန်ခါလာသည်။ အကြီးအကဲ သုံးယောက်လုံး သည် လေကြောင့် လွင့်ထွက်သွားသည့် သစ်ရွက်များသဖွယ် မီတာတစ်ထောင်မျှ လွင့်ထွက်သွားပြီးမှ ပြန်ပြုတ်ကျလာကာ သွေးအန်လေတော့သည်။

အကြီးအကဲသုံးယောက်နှင့် ခေါင်းပြောင်ငှက်တို့သည် ယဲ့ဖန် ရပ်နေသည့်နေရာသို့ လှမ်းကြည့်လိုက်မိကြသည်။ ထိုနေရာ၌ ရွှေရောင် မိုးကြိုးပစ်ချထားကြောင့် ဧရာမတွင်းချိုင့်ကြီး တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထိုတွင်းချိုင့် ထဲမှနေ၍ အသားမီးလောင်ထားသည့် အနံ့မျိုး ထွက်နေ သည်။

“ကောင်လေးယဲ့”

“သခင်ကြီး”

ခေါင်းပြောင်ငှက်နှင့် နတ်ဆိုးအရိုးစုတို့ ခြောက်ခြားသွား ကြသည်။ မူလမိုးကြိုးမုန်တိုင်း ပျောက်ကွယ် သွား သည်နှင့် ပို၍ပြင်းထန်သည့် နတ်ဘုရားမိုးကြိုး ကျရောက် လာလိ မ့်မည်ဟု သူတို့ ထင်မထားမိပေ။

အထူးသဖြင့် ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့သူတိုင်း သေရမည်ဟူသော စကားက စကြဝဠာတစ်ခုလုံးသို့ ပဲ့တင်ထပ် သွားလောက်သည်။

“ကောင်းကင်က ရွှေအိုရောင် စိတ်ဝိညာဉ်က ဘယ်သူလဲ”

ခေါင်းပြောင်ငှက် ကြက်သီးထနေသည်။ အားလုံး ခြောက်ခြား နေစဉ်တွင် တွင်းချိုင့်ထဲမှနေ၍ ချောင်းဆိုးသံ ထွက်ပေါ် လာသည်။

“အဟွတ် … အဟွတ် …”

ချောင်းဆိုးသံနှင့်အတူ တွင်းချိုင့်ထဲမှနေ၍ မီးဟပ်ထားသည့် လက်ဝါးတစ်ဖက် ထွက်လာသည်။ ထို့နောက် လူတိုင်း အံ့အားသင့်နေချိန်မှာပင် ယဲ့ဖန်က ရုတ်တရက် ခုန်ထွက် လာသည်။

ယခုအချိန်၌ ယဲ့ဖန်၏ အနက်ရောင်ဝတ်စုံက စုတ်ပြတ်နေပြီး နတ်ဘုရားမိုးကြိုးကြောင့် တစ်ကိုယ်လုံး ရစရာ မရှိတော့ပေ။ အရိုးများက အရေပြားကို ဖောက်ထွက်နေသောကြောင့် ကြည့်ရဆိုးလှသည်။ သူ၏ ပါးစပ်ထောင့်မှလည်း သွေးစများ စီးကျနေ၏။

ပို၍ဆိုးသည်မှာ သူ၏မျက်ခုံးနှစ်ခုကြား၌ တတိယမျက်လုံး ပွင့်သကဲ့သို့ အက်ရာထင်ကာ ထိုနေရာမှ သွေးများ ဆက်တိုက် စီးကျနေသောကြောင့် ထိတ်လန့်ဖွယ် ကောင်းလှသည်။

“ဟားဟားဟား ….”

သူ၏ဆံပင်ဖြူများက လွင့်ပျံနေသောကြောင့် ယဲ့ဖန်သည် အရူးတစ်ယောက်နှင့် တူနေလေသည်။

“ထပ်ပြီးတော့ ခင်ဗျားပဲကိုး၊ အရင်တစ်ခေါက်က ကျုပ် ခင်ဗျားလက်ချောင်းကို ဖြတ်ခဲ့တယ်၊ အခု ကျုပ် ခင်ဗျားလက်မောင်းကို ဖြတ်ပစ်မယ်”

*ဘာ*

ထိုစကားကြောင့် လူတိုင်း မှင်တက်သွားလေသည်။ ယဲ့ဖန်က ကောင်းကင်ထက်ရှိ နတ်ဘုရားမိုးကြိုး ပစ်ချလိုက်သည့် သတ္တဝါအား စကားပြောရဲလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။

“ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ခွေးမသား”

သို့သော် လူတိုင်း အံ့အားသင့်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်ရှိ ရွှေအိုရောင် သတ္တဝါသည် ယဲ့ဖန် မသေသေးသည်ကို မြင်သည်နှင့် အသည်းအသန် ထွက်ပြေးလေသည်။

သူသည် လျှပ်စီးအသွင်ပြောင်း၍ စကြဝဠာ၏ အဝေးတစ်နေရာသို့ အလျင်အမြန် ထွက်ပြေးရန် ပြင်လေသည်။ ထိုစဉ် ယဲ့ဖန်၏ ဟစ်အော်သံ ထွက်ပေါ်လာ၏။

“ကောင်းကင်ခွင်းခေါင်းလောင်း”

ဒေါင်!

ယဲ့ဖန်၏ကိုယ်တွင်းမှနေ၍ ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသည်။ ထိုခေါင်းလောင်းသံကို ကြားလိုက် ရသည်နှင့် အဖြူရောင်ဂြိုဟ်ပေါ်မှ အရာအားလုံး ကြက်သေ သေသွားသည်။

မိစ္ဆာမျှော်စင်ထဲက ခေါင်းပြောင်ငှက်သာမက အကြီးအကဲ သုံးယောက်လုံးသည် သူတို့၏ စိတ်ဝိညာဉ် မသိမသာ ရပ်တန့်သွားသလို ခံစားမိပြီး ချက်ချင်း သတိလွတ်သွားကြသည်။

ထို့အတူ ထွက်ပြေးနေသည့် ရွှေအိုရောင် သတ္တဝါသည်လည်း ရုတ်တရက် တောင့်ခနဲ ဖြစ်သွားသည်။

ရွှစ်!

ထိုစဉ် အဖြူရောင်ဂြိုဟ်ပေါ်မှနေ၍ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“သေစမ်း”

ထိုရွှေအိုရောင် သတ္တဝါသည် သတိပြန်ဝင်လာသည်နှင့် တုန်လှုပ်ကာ ပို၍မြန်ဆန်စွာ ထွက်ပြေးလေသည်။

ဒေါင်!

ထိုစဉ် နောက်ထပ် ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာ၏။ ထိုသတ္တဝါ ထပ်မံ၍ ကြက်သေသေကာ ရပ်တန့်သွားသည်။

ရွှစ်!

ထိုစဉ် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ကောင်းကင်ယံမှနေ၍ ရွှေရောင်ကဲ့သို့သော သွေးစက်များ ကျဆင်းလာကာ လက်မောင်းတစ်ဖက် ပြတ်ကျလာသည်။

“ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ခွေးမသား၊ မင်းကများ ငါ့လက်မောင်းကို ဖြတ်ရဲတယ်ပေါ့လေ”

“နောက်တစ်ခါ မိုးကြိုးကပ်ဘေး ဖြစ်လာရင် ဒီနတ်ဘုရားက မင်းကို အမှုန့်ဖြစ်အောင် လုပ်ပစ်မယ်ကွ”

ကောင်းကင်ယံမှနေ၍ မကျေမနပ်နှင့် ကြုံးဝါးသည့်အသံ ထွက်ပေါ်လာသည်။ ထိုရွှေအိုရောင် သတ္တဝါသည် လျှပ်စီးအသွင်ဖြင့် စကြဝဠာ၏ အဝေးတစ်နေရာသို့ ပို၍လျင်မြန်စွာ ထွက်ပြေးသွားလေသည်။

ယခုအချိန်၌ ခေါင်းပြောင်ငှက်နှင့် အကြီးအကဲသုံးယောက်သာမက ပါရမီရှင်နှစ်ရာကျော်တို့အားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

မိုးကြိုးကို စေခိုင်းထိန်းချုပ်နိုင်သည့် ထိုရွှေအိုရောင် သတ္တဝါက ဘယ်သူလဲဆိုသည်ကို အရူးပင် သိလေသည်။ သို့သော် ထိုသို့သောပုဂ္ဂိုလ်မျိုးအား ယဲ့ဖန်က လက်တစ်ဖက် ဖြတ်လိုက်သည်တဲ့လား။

*ဒါ … ဒါ မယုံနိုင်စရာကောင်းလိုက်တာ*

အဖြူရောင်ဂြိုဟ်ပေါ်သို့ ရွှေအိုရောင် လက်မောင်းတစ်ဖက် ပြုတ်ကျလာသည်နှင့် အားလုံး ကြက်သီးတဖြန်းဖြန်း ထကာ အေးစိမ့်စိမ့် ဖြစ်လာကြသည်။

*ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးမုန်တိုင်း*

*ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့လူ*

*ရွှေအိုရောင်သတ္တဝါ*

ထိုအကြောင်းအရာတစ်ခုချင်းစီက လူတိုင်း ထင်ထားသည့်အရာထက် ကျော်လွန်နေသောကြောင့် အားလုံး အိပ်မက်မက်နေသည်ဟု ထင်မှတ်မှားမိနေသည်။ သို့ရာတွင် ပြတ်သွားသည့် ရွှေအိုရောင် လက်မောင်းတစ်ဖက်မှ အရှိန်အဝါကို ခံစားမိပြီးနောက် အားလုံး ယုံကြည်သွား လေတော့သည်။

“ရွှေအိုရောင် သတ္တဝါက မိုးကြိုးကို ထိန်းချုပ်နေတာလား”

မိစ္ဆာမျှော်စင်ထဲရှိ ခေါင်းပြောင်ငှက်တစ်ကောင် မျက်ခုံးလှုပ်နေသည်။ သူသည် တစ်စုံတစ်ရာကို တွေးမိသွားဟန် ပေါ်နေ၏။

“ဒါ တော်တော် အရေးကြီးတဲ့ အဖြစ်အပျက်ပဲ၊ ငါ ထင်တာသာ မှန်မယ်ဆို အဲ့ရွှေအိုရောင် သတ္တဝါက ဒဏ္ဍာရီလာ မိုးကြိုးနတ်ဘုရားပဲ ဖြစ်လိမ့်မယ်”

“ဒါဆို သူကလည်း အဲ့နေရာကပဲ ဖြစ်လောက်တယ်”

ထိုသို့တွေးတောရင်း ခေါင်းပြောင်ငှက်သည် ယဲ့ဖန်အား ထိတ်လန့်ခြောက်ခြားစွာ လှမ်းကြည့်လိုက်သည်။

“ဒီကောင်လေး တော်တော် ရူးသွပ်တာပဲ”

Chapter 666 အသက်ပြန်သွင်းခြင်း

လက်ရှိအချိန်၌ လက်မောင်းပြတ်ထံမှ ထွက်ပေါ်လာသည့် မိုးကြိုးလျှပ်စီး စွမ်းအင်သည် အဖြူရောင်ဂြိုဟ် တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။

ခေါင်းပြောင်ငှက်သာမက လောဝူကျိနှင့် ကျန်ပါရမီရှင်တို့သည် ထိုအငွေ့အသက်ကို ခံစားမိပြီး ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားကြသည်။

အကြီးအကဲ သုံးယောက်တောင်မှ သွေးပျက်ကာ မြေကြီးပေါ် လဲကျသွားသည်။ သူတို့၏ကျောပြင်၌ ချွေးများဖြင့် ရွှဲနစ်နေ၏။

ယဲ့ဖန်၏ အပြုအမူများက သူတို့၏ အသိအမြင် ဗဟုသုတအား ကပြောင်းကပြန် ဖြစ်သွားစေသည်ဟု သူတို့ ခံစားမိနေကြသည်။

နတ်ဘုရားမိုးကြိုး ကျရောက်ခြင်းသည် ထိပ်တန်း သိုင်းပညာရှင်တိုင်း၏ ကပ်ဘေး ဖြစ်လေသည်။ သို့သော် ယဲ့ဖန်က ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးကို မျိုချခဲ့ရုံသာမက ရွှေအိုရောင် စိတ်ဝိညာဉ်၏ လက်မောင်း တစ်ဖက်ကိုပါ ဖြတ်တောက်ခဲ့သည်။ ဤသည်မှာ မိုးကောင်းကင်ကို မထီမဲ့မြင် ပြုခြင်းပင်။ ထို့ကြောင့် ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ပေးခြင်း ခံကိုခံရပေမည်။

“နတ်ဆိုး … နတ်ဆိုးဧကရာဇ်၊ မင်း ဘာလုပ်လိုက်လဲဆိုတာ မင်း သိလား”

နတ်ဘုရားမမုရုံ ခြောက်ခြားသွားသည်။ သူမသည် ထိုလက်မောင်းပြတ်ကို ကြည့်ပြီး မယုံကြည်နိုင် လောက်အောင် ဖြစ်နေသည်။

“အဲ့ရွှေအိုရောင် စိတ်ဝိညာဉ်က မိုးကြိုးမုန်တိုင်းကို ထိန်းချုပ်နိုင်တယ်၊ နင် သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့တော့ သူက နင့်ကို သတ်ရုံတင်မကဘဲ ငါတို့ စကြဝဠာကြီးတစ်ခုလုံးကို ဒေါသပုံချလောက်တယ်”

“အဲ့အချိန်ကျရင် ဂြိုဟ်ပေါင်းများစွာက ငါတို့မျိုးနွယ် သိုင်းပညာရှင်တွေ မိုးကြိုးဒဏ်က အသက်ရှင်ဖို့ ခက်ခဲသွားပြီ”

“နင် …”

နတ်ဘုရားမဖုရုံ ဘာမှထပ်မပြောနိုင်တော့ချေ။ သူမ အလွန် စိတ်ဓာတ်ကျနေလေသည်။ ထိုအချိန်၌ ယဲ့ဖန်သည် နတ်ဘုရားမဖုရုံ၏ စကားကို နားထောင်နေပြီး လက်ကိုလှုပ်၍ သူ၏ရွှေရောင်ဓားကျိုးနှင့် ရွှေရောင် လက်မောင်းပြတ်ကို ပြန်သိမ်းလိုက်သည်။

သူ၏နှုတ်ခမ်းထောင့်မှ သွေးစကိုသုတ်၍ အသာပြုံးလိုက်သည်။

“မိုးကြိုးမုန်တိုင်းကို ထိန်းချုပ်နိုင်တော့ ဘာလုပ်ရမှာလဲ”

“အရင်က သူ့လက်တစ်ချောင်းကို ငါ ဖြတ်ပြီးပြီ၊ အခု သူ့လက်မောင်းကို ဖြတ်လိုက်ပြီ။ နောက်တစ်ခါဆို ငါ သူ့ကို သတ်နိုင်နေပြီ”

ထိုစကားသည် လူတိုင်းအား မိုးခြိမ်းသံထက်ပို၍ ထိတ်လန့်တုန်လှုပ်သွားစေသည်။ ထိုအခါတွင်မှ ယဲ့ဖန် ဤသို့လုပ်ခြင်းက ပထမဆုံးအကြိမ် မဟုတ်သည်ကို သိလိုက်ရသည်။ ယဲ့ဖန်သည် ယခင်ကတည်းက မိုးကြိုးမုန်တိုင်းနှင့် ကြုံတွေ့ခဲ့ရပြီး ရွှေအိုရောင် စိတ်ဝိညာဉ်၏ လက်ချောင်းတစ်ချောင်းပင် ဖြတ်ခဲ့ပြီးသည်ကိုပါ သိလိုက်ရလေသည်။

*ဒါ ဘယ်လိုတောင် …*

ယခုအချိန်၌ ခေါင်းပြောင်ငှက်တောင်မှ ပြောစရာစကားမဲ့နေသည်။ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည့် လောကသခင် သုံးပါးတောင်မှ မိုးကောင်းကင်အား ဒေါသထွက်မိအောင် လုပ်မိသွားမည်ကို စိုးရိမ်ခဲ့သလို ကောင်းကင်ဘုံမှ အပြစ်ပေးခြင်းက ပို၍ပြင်းထန်လာမည်ကို ကြောက်ရွံ့ခဲ့သည်။ သို့သော် ယခုအခါတွင် ယဲ့ဖန်သည် သေလုနီးပါး ပြစ်ဒဏ်ခံခဲ့ရသည်။ ဤသည်မှာ အလွန် ရက်စက်လွန်း၏။

တောက်! တောက်!

အကြီးအကဲသုံးယောက်၏ နဖူးမှနေ၍ ချွေးစေးများ စီးကျလာသည်။ သူတို့သုံးယောက်လုံး ကြောက်လန့် နေကြလေသည်။ ယဲ့ဖန်သည် လက်ရှိဘဝတွင် ယခင် နတ်ဆိုးဧကရာဇ် ဘဝတုန်းကထက် ပို၍ ရက်စက်လွန်းသည်ဟု သူတို့ ထင်နေမိသည်။

ယဲ့ဖန်သည် သူတို့သုံးယောက်၏ သွေးပျက်ကြောက်ရွံ့နေခြင်းကို အရေးမလုပ်ချေ။ သူသည် အကြီးအကဲ သုံးယောက်အား ရက်စက်သွေးဆာဟန် အပြုံးမျိုးပြုံး၍ လှည့်ကြည့်လိုက်သည်။

“ငါ ဘာလို့ မင်းတို့သုံးယောက်နဲ့ ဝေးရာမှာနေပြီးတော့ မင်းတို့ရဲ့ မျိုးနွယ်ဝင် စစ်သည်တော်တွေကိုပဲ သတ်ခဲ့တာလဲဆိုတာကို သိလား”

*ဘာ*

အကြီးအကဲ သုံးယောက်လုံး တစ်ခဏမျှ မှင်တက်သွားသည်။ ထိုအခါတွင်မှ သူတို့ သတိရသွားကြသည်။ မိုးကြိုးမုန်တိုင်း ကျရောက်စဉ်က ယဲ့ဖန်သည် သောင်းချီသော စစ်သည်တော်များအတွင်းသာ ခေါက်တုံ့ခေါက်ပြန် သွားလာခဲ့သည်။

ဤသည်ကြောင့်ပင် စစ်သည်တော်များအားလုံး ပျက်ဆီးသေဆုံးသွားကြလေသည်။ သို့သော် သူသည် အကြီးအကဲ သုံးယောက်အား တမင်သက်သက် ရှောင်ခွင်းခဲ့သည်။ ထို့ကြောင့်သာ သူတို့သုံးယောက် အသက်ရှင်နေကြခြင်း ဖြစ်လေသည်။ ဤသည်ကိုတွေးမိပြီးနောက် အကြီးအကဲ သုံးယောက်သည် လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားကြသည်။

“မင်း … မင်း ဘာတွေလုပ်ချင်တာလဲ”

နတ်ဘုရားမဖုရုံနှင့် ကျန်အကြီးအကဲနှစ်ယောက်တို့သည် ယဲ့ဖန်ကြောင့် အလွန်အမင်း ထိတ်လန့်နေသည်။ ယခု အသက်ရှင်နေခြင်းက မိုးကြိုးအောက်၌ သေဆုံးသွားသည်ထက် ပို၍နာကျင်စရာ ကောင်းလိမ့်မည်ဟူသည့် ခံစားချက်မျိုး ရနေသည်။

ယဲ့ဖန် ရယ်မောလေသည်။ ရယ်သံက ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။

“မရဏနတ်ဆိုး”

ယဲ့ဖန် ကျယ်လောင်စွာ ဟစ်ခေါ်လိုက်သောကြောင့် မိစ္ဆာမျှော်စင်မှနေ၍ နတ်ဆိုးအရိုးစု ခန္ဓာကိုယ် ခုန်ထွက်လာသည်။ သူသည် ယဲ့ဖန် ဘာဆက်လုပ်မည်ဆိုတာကို ရိပ်မိနေပုံရကာ အရိုးစု ခန္ဓာကိုယ် တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။

မရဏနတ်ဆိုး၏ အရိုးစု ခန္ဓာကိုယ်သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ ဂါဝရပြုလာသည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး”

*ဘာ*

အကြီးအကဲ သုံးယောက်လုံး တအံ့တဩနှင့် ဘာကိုဆိုလိုချင်မှန်း နားမလည်ကြချေ။

*မရဏနတ်ဆိုး အရိုးစုခန္ဓာကိုယ်က ယဲ့ဖန်ကို ကျေးဇူးတင်နေတာလား*

ဤမြင်ကွင်းက သူတို့အား လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။ ထိုစဉ် ယဲ့ဖန်၏လက်ထဲ၌ ရွှေအိုရောင် ဓားကျိုး ပြန်ပေါ်လာသည်။

ယဲ့ဖန်သည် အကြီးအကဲ သုံးယောက်အား သတ်ဖြတ်ခံရတော့မည့် သိုးပေါက်သုံးကောင်ကို ကြည့်သကဲ့သို့ လှမ်းကြည့်လိုက်သည်။

“မရဏနတ်ဆိုးမှာ စိတ်ဝိညာဉ် အကြွင်းအကျန်လည်း ရှိတယ်၊ နတ်ဆိုးအရိုးစုလည်း ရှိတယ်၊ သူ့မှာ မရှိတာဆိုလို့ အရေပြားနဲ့ သွေးတွေပဲ မရှိတာ”

ထိုစကားကြောင့် အကြီးအကဲသုံးယောက်လုံး သေလုနီးပါး တုန်လှုပ်သွားကြသည်။

*အရေပြားနဲ့ သွေးတွေတဲ့လား*

အကြီးအကဲ သုံးယောက်လုံးသည် ယဲ့ဖန်၏ လက်ထဲမှ ရွှေရောင်ဓားကျိုးကို ကြည့်ပြီးနောက် ယဲ့ဖန်၏ စကားများကို ပြန်တွေးကာ ကြက်သီးထလာပြီး ထွက်ပြေးရန် ပြင်လာကြသည်။

“မလုပ်နဲ့”

သုံးယောက်လုံး ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ထွက်ပြေးနေကြသည်။ ထိုစဉ် ရွှေရောင် အလင်းတန်းက သူတို့၏ကိုယ်ပေါ်သို့ လျှပ်စီးသဖွယ် ကျရောက်လာသည်။

ရွှစ်! ရွှစ်! ရွှစ်!

သွေးများပန်းထွက်လာပြီးနောက် ငယ်သံပါအောင် အော်ဟစ်လိုက်သံ ထွက်ပေါ်လာလေသည်။ လောဝူကျိနှင့် ပါရမီရှင် နှစ်ရာကျော်လုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

ယဲ့ဖန်၏ ဓားကျိုးက အကြီးအကဲ သုံးယောက်၏ အရေပြားအား ဖြတ်တောက်နေသည်ကို သူတို့မျက်လုံးဖြင့် တပ်အပ် မြင်နေရသည်။

သွေးသံတရဲရဲဖြင့် ခြောက်ခြားဖွယ်ကောင်းလှသည်။ သုံးယောက်လုံးထံမှ ဖြတ်ထုတ်လိုက်သည့် အရေပြားများကို နတ်ဆိုးစွမ်းအင်က သွေးအဖြစ် ချက်ချင်း ပြောင်းလဲသန့်စင်လိုက်သည်။

လက်ရှိအချိန်တွင် သွေးစက်များ ပိုပို၍ များပြားလာသည်။ အကြီးအကဲ သုံးယောက်လုံး၏ ခန္ဓာကိုယ်က စုတ်ပြတ်၍ အဖြစ်ဆိုးဖြင့် ကြုံနေရလေသည်။

“အား…”

နာကျင်စွာ အော်ဟစ်လိုက်သံက လူတိုင်းကို ကြက်သီးထ၍ အေးစိမ့်သွားသည်။ အားလုံး ကြည့်နေစဉ်မှာပင် သန့်စင်လိုက်သည့် သွေးစက်များက ပိုပို၍ များလာသည်။ ဆယ်စက်မှနေ၍ အစက်တစ်ရာ၊ ထို့နောက် အစက်တစ်ထောင် ဖြစ်လာသည်။

“စုစည်းစမ်း”

ယဲ့ဖန်၏ အော်သံအဆုံး၌ များစွာသော သွေးစက်များသည် အသက်ရှိနေသကဲ့သို့ မရဏနတ်ဆိုး၏ အရိုးစုပေါ်သို့ ရွေ့လျားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အရိုးစုတွင် အရေပြားလွှာများနှင့် သွေးစက်များဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသည်။ တစ်ဖက်တွင်မူ အကြီးအကဲ သုံးယောက်သည် အရှင်လတ်လတ် အရေခွံ နွှာခံနေရလေသည်။

“အမေ”

“ဆရာ”

“….”

မိစ္ဆာမျှော်စင်ထဲမှ အော်ခေါ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ယခုအချိန်၌ လောဝူကျိနှင့် ကျန်ပါရမီရှင်များသည် သူတို့၏လုပ်ရပ်များအတွက် နောင်တရနေကြသည်။

ယဲ့ဖန်က ဤမျှ ရက်စက်လွန်းသည်ကို သူတို့ ကြိုသိခဲ့ပါက သူတို့ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်လျင်တောင်မှ သူတို့ အဖြူရောင်ဂြိုဟ်သို့ လာရဲမည် မဟုတ်သလို မရဏနတ်ဆိုး အရိုးစုခန္ဓာကိုယ်ဖြင့်လည်း တိုက်ခိုက်မည် မဟုတ်ပါ။

“အား…”

ထိုစဉ် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ မကောင်းဆိုးဝါး အရှင်သခင်က စ၍ တောင့်မခံနိုင်တော့ချေ။ သူ၏ မကောင်းဆိုးဝါး ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားများအားလုံး ဖြတ်တောက်ခံလိုက်ရသဖြင့် သွေးသံရဲရဲနှင့် အရိုးစုသာ ကျန်ရစ်ခဲ့လေသည်။

နောက်ဆုံးတွင် ရွှေရောင် အလင်းတန်းက သူ၏မျက်ခုံးကြားသို့ ထိုးဖောက်သွားပြီး မကောင်းဆိုးဝါး အမြုတေတစ်ခု ထွက်လာသည်။

များစွာသော နတ်ဆိုးစွမ်းအင်များက မကောင်းဆိုးဝါး အရှင်သခင်၏ ကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် အော်သံများ ရပ်တန့်သွားပြီး မကောင်းဆိုးဝါး အရှင်သခင်၏ အရိုးပေါ်၌ အက်ရာများ ထင်လာလေသည်။

ထို့နောက် မသဲမကွဲအသံ ထွက်ပေါ်လာပြီးနောက် မကောင်းဆိုးဝါး အရှင်သခင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြာဖြစ်ကာ ပျောက်ကွယ်သွားသည်။

ဤသည်မှာ အစသာရှိသေးသည်။ ဆက်လက်၍ အင်မော်တယ် ဓားသခင် ကျန်းရီရှန်း၏အော်သံသည်လည်း ပျောက်ကွယ်သွားကာ ပြာဖြစ်သွားလေသည်။ နတ်ဘုရားမဖုရုံသည်လည်း တောင့်ခနဲ ဖြစ်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်း၌ အကြီးအကဲ သုံးယောက်လုံး သေဆုံးသွားပြီး မရဏနတ်ဆိုးသာ ပြန်လည် အသက်ဝင်လာလေသည်။

All Chapters