← Chapters

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

Chapter 667 ထူးဆန်းသော ခေါင်းပြောင်ငှက်

မရဏနတ်ဆိုးသည် အဘိုးအိုတစ်ယောက်သာ ဖြစ်လေသည်။ သူသည် ပါးရေနားရေများ တွန့်နေပြီး ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သည်။ သို့သော် သူ၏မျက်လုံးသည် ရီဝေမနေဘဲ တောက်ပ၍နေသည်။

ယခုအချိန်၌ သူသည် သူ၏ခြေလက်နှင့် တစ်ကိုယ်လုံးကို ငုံ့ကြည့်ပြီး စိတ်လှုပ်ရှားမှုကြောင့် ပျော်ရွှင်တက်ကြွ နေသည်။

“နှစ်ရာချီပြီး စောင့်ခဲ့ရတာ၊ နှစ်ရာချီပြီး နှိပ်စက်တာတွေကို တောင့်ခံခဲ့ရတာတွေ”

“အခုတော့ ဒီကျွန်အိုကြီး စောင့်ခဲ့ရသမျှက တကယ် ဖြစ်လာခဲ့ပြီ”

မရဏနတ်ဆိုး၏မျက်လုံးမှ မျက်ရည်များ ဒလဟော စီးကျလာသည်။ ယခင်အချိန်တုန်းက သူ၏ဇနီးသည် အသတ်ခံရပြီး တစ်မိသားစုလုံး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူသည် နတ်ဆိုးဧကရာဇ်နောက်သို့ လိုက်ပါခဲ့ပြီး ဂြိုဟ်ပေါင်းများစွာ၌ တိုက်ပွဲဆင်နွှဲ၍ လောကကြီးကို သွေးချောင်းစီးစေခဲ့သည်။

သူသည် မရေတွက်နိုင်သော နတ်ဆိုးများနှင့် တွေ့ဆုံခဲ့ပြီး နတ်ဆိုးများအတွက်သာ သေဆုံး၍ နတ်ဆိုးများအတွက်သာ ဖျက်ဆီးခဲ့သည်။ ထိုသူများသည် သူ့အတွက် သေမတူ ရှင်မကွာ မိတ်ဆွေများဖြစ်သလို သားသမီးနှင့် ညီအစ်ကို မောင်နှမများကဲ့သို့ ချစ်ခင်ရသူများသာ ဖြစ်လေသည်။

ထိုစဉ်အချိန်က သူသည် ဘီလီယံနှင့်ချီသည့် ဂြိုဟ်များကို လှည့်လည်သွားလာပြီးနောက် မရဏကျင့်စဉ်ကို တီထွင်ခဲ့သည်။ မရဏကျင့်စဉ်ဖြင့် သန်းပေါင်းများစွာသော နတ်ဆိုးများကို သူ အသက်ပြန်သွင်းခဲ့သည်။

နောက်ဆုံးသော နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ၌ သူ ဒေါသူပုန်ထကာ ရူးမတတ် ဖြစ်ခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် အရေအတွက် နည်းပါးသောကြောင့် ရှုံးနိမ့်ခဲ့ရသည်။

သူ၏အရိုးများကိုတောင်မှ အဖြူရောင် နတ်ဘုရားက မိစ္ဆာမျှော်စင်သို့ ယူလာပြီး နှစ်ရာချီ၍ အကျဉ်းချ ချုပ်နှောင်ခဲ့သည်။

သူ ဘယ်သောအခါမှ ပြန်အသက်မရှင်နိုင်တော့ဟု သူ အကြိမ်ပေါင်းများစွာ တွေးခဲ့မိသည်။ သို့သော် သူ စောင့်မြဲစောင့်နေခဲ့သည်။ လူတစ်ယောက်ကို သူ စောင့်နေခဲ့သည်။

ထိုသူ ပြန်လာပြီး သူ့ကိုခေါ်၍ နတ်ဆိုးမျိုးနွယ် ပြန်လည်ထူထောင်ပြီး လောကအား စိုးမိုးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ယခုအခါတွင်မူ သူ စောင့်ဆိုင်းခဲ့သမျှအားလုံး အရာထင်လာလေပြီ။

လက်ရှိအချိန်၌ မရဏနတ်ဆိုးသည် ယဲ့ဖန်အား ဝမ်းသာအားရ ကြည့်၍ သုံးကြိမ်တိတိ ဦးညွှတ်ဂါဝရ ပြုလေသည်။

“မရဏနတ်ဆိုးက သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးမျိုးနွယ်တွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”

ထိုနှုတ်ဆက်သံအဆုံး၌ မိစ္ဆာမျှော်စင်တွင်းရှိ လောဝူကျိနှင့် အခြားသူများအားလုံး မျက်နှာပြာနှမ်းသွားသည်။

*သေကုန်ပြီ*

*အားလုံး သေသွားပြီ*

မျိုးနွယ်သုံးခုမှ ပါရမီရှင်နှစ်ရာကျော်လုံးသည် လေနှင့်အတူ မျောလွင့်သွားသည့် ပြာမှုန်များကိုကြည့်ပြီး အားလုံး ခေါင်းနပမ်းကြီးနေကြသည်။

မျိုးနွယ်သုံးခု၏ အကြီးအကဲသုံးယောက်က သောင်းချီသော စစ်သည်တော်များကို ဦးဆောင်၍ ချီတက်လာခြင်းသည် စကြဝဠာကြီးထဲရှိ ဂြိုဟ်ပေါင်းများစွာကို ဖျက်ဆီးနိုင်သည့် ခွန်အားပင် ဖြစ်သည်။ သို့သော် ယခုအခါ၌ ထိုသူအားလုံးသည် နှစ်နာရီအတွင်း လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

*သူက မိစ္ဆာကောင်ပဲ*

*သူ ရူးနေတာ*

လောဝူကျိနှင့် ကျန်လူများအားလုံးသည် ဤမျှရက်စက်သော နည်းလမ်းကို တစ်ခါမှမမြင်ဖူးခဲ့ကြပေ။ လက်ရှိအချိန်၌ ပါရမီရှင်များအားလုံး စိတ်ဓာတ်ကျပြီးရင်း ကျနေကြလေသည်။

ဒေါက်! ဒေါက်! ဒေါက်!

သို့သော် အိပ်မက်ဆိုးကား မပြီးဆုံးသေးချေ။ ယဲ့ဖန်က မရဏနတ်ဆိုးကိုခေါ်၍ မိစ္ဆာမျှော်စင်ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။ သူသည် လောဝူကျိတို့လူစုကို လှမ်းမကြည့်ဘဲ ခေါင်းပြောင်ငှက်ကိုသာ လှမ်းကြည့်လေသည်။

“ငှက်အိုကြီး၊ အခု ခင်ဗျားအလှည့်ပဲ”

*ဟမ်*

ယဲ့ဖန်၏စကားကြောင့် ခေါင်းပြောင်ငှက် အံ့ဩသွားသည်။ သူသည် ယဲ့ဖန်လက်ထဲမှ အကြီးအကဲ သုံးယောက်၏ အမြုတေကို ကြည့်လိုက်ပြီး တောင်လိုပုံနေသည့် အမြုတေများကို လှမ်းကြည့်လိုက်မိသည်။ ရုတ်တရက် စိတ်လှုပ်ရှားလာပြီး သူ၏မျက်လုံးများက အရောင်တောက်လာသည်။

“ကောင်လေးယဲ့၊ မင်း … မင်း ငါ့အရင် အခြေအနေကို ပြန်ရောက်အောင် ကူညီပေးဖို့ ကြိုးစားနေတာလား”

ယခုအချိန်၌ ခေါင်းပြောင်ငှက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ အစောပိုင်းက သူသည် ယဲ့ဖန်အတွက် သူ့အသက်ကို စတေး၍ ယဲ့ဖန် ထွက်ပြေးနိုင်အောင် ကူညီပေးမည်ဟု တွေးခဲ့သည်။ အပေးအယူဟု သဘောမထားဘဲ တွေးတောခဲ့သည်။

ယဲ့ဖန်၏ အသာအယာ ပြုံးနေသောအပြုံးနှင့် သူ့စကားကို နားထောင်ပြီး မျက်လုံးများ နီရဲကာ မျက်ရည်များ ဝေ့လာသည်။

“ကျုပ်ကို အထင်မမှားနဲ့ဦး၊ ကျုပ်လို နတ်ဆိုးဧကရာဇ်က အမှိုက်တွေကို မစုဆောင်းသလို သုံးစားမရတဲ့ငှက် ကိုလည်း မခေါ်ထားဘူး”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ပြုံးကာပြောလိုက်သည်။

“ဒီတော့ ခင်ဗျား ကျုပ်နောက်ကိုလိုက်ချင်ရင် ခင်ဗျားက အမှန်တကယ် သန်မာနေရမှရမယ်”

ထိုစကားကို နားထောင်ပြီးနောက် ခေါင်းပြောင်ငှက် ချက်ချင်း မျက်ရည်ကျလာသည်။ ရှေးခေတ် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ် ကုန်ဆုံးသွားချိန်မှစ၍ သူ၏ကျင့်ကြံခြင်းအဆင့်က လျှောကျသွားပြီး လောကထဲ၌ နှစ်ပေါင်းများစွာ အရေးနိမ့်ခဲ့ရသည်။

သာမန်လူများ၏အမြင်တွင် သူသည် ဝဝဖိုင့်ဖို့င်ဖြစ်နေသော ခေါင်းပြောင်ငှက်တစ်ကောင်သာ ဖြစ်လေသည်။ သို့သော် မည်သူမျှမသိသည်က သူသည် စကြဝဠာကြီးကို စိုးမိုးခဲ့ဖူးပြီး စကြဝဠာအနှံ့၌ ပြိုင်ဘက်ကင်း ခဲ့ဖူးသည်ဟူသည့် အချက်ပင်။

*အခုတော့ မျှော်လင့်ချက် တကယ် ရှိလာပြီလား”

ခေါင်းပြောင်ငှက်က သူ၏ငှက်တောင်ပံဖြင့် မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် ယဲ့ဖန်ကို လှမ်းကြည့်၍ အလေးအနက် ပြောလိုက်လေသည်။

“ကောင်လေး ဒီနေ့ကျေးဇူးကို ငါ တစ်သက်လုံး အမှတ်ရနေမှာ”

“ကျေးဇူးတင်ပါတယ်၊ ဒီဘိုးဘေးက မင်းကျေးဇူးကို စိတ်ထဲမှာ အမြဲမှတ်ထားမှာပါ”

ခေါင်းပြောင်ငှက်၏ စကားကြောင့် ယဲ့ဖန်က အသာပြုံးလိုက်သည်။ သူ ခေါင်းပြောင်ငှက်ကို ကူညီရန် ရွေးချယ်လိုက်ရသည့် အကြောင်းရင်းမှာ ခေါင်းပြောင်ငှက်၏ အမွေအနှစ်အတွက် မဟုတ်သလို ကျေးဇူးတင်ခံချင်၍လည်း မဟုတ်ပေ။ သူ အသက်ကယ်ချင်ရုံသက်သက်သာ ဖြစ်သည်။

ယဲ့ဖန်က ခေါင်းပြောင်ငှက်ကို အလေးအနက် စိုက်ကြည့်လိုက်ပြီးနောက် မရဏနတ်ဆိုးကို ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

“စလိုက်ရအောင်”

“ဟုတ်ကဲ့ပါ သခင်ကြီး”

မရဏနတ်ဆိုးသည် ပြန်ဖြေပြီးသည်နှင့် ရုတ်တရက် သူ့လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။ ထို့နောက် မရဏနတ်ဆိုး၏ ကိုယ်တွင်းမှနေ၍ ထိတ်လန့်ဖွယ် စွမ်းအင်တစ်မျိုး ထွက်ပေါ်လာသည်။

ထို့အတူ ယဲ့ဖန်သည် လက်ထိပ်ကိုကိုက်၍ လေထဲ၌ သွေးဖြင့် တစ်စုံတစ်ရာကို ရေးသားလိုက်သည်။ ထိုအခါ ခြောက်ခြားဖွယ်ကောင်းသည့် မှော်စာလုံးတစ်လုံး ပေါ်လာလေသည်။

ထိုမှော်စာလုံး ပေါ်လာပြီးသည်နှင့် အသက်ဓာတ်စွမ်းအင်တစ်မျိုးက ထိုနေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထိုစဉ် ခေါင်းပြောင်ငှက်သည် သူ၏ကိုယ်တွင်းမှ သွေးကြောများထဲရှိ ချီစွမ်းအင်က ရုတ်တရက် လှုပ်ရှားလာသည်ကို ခံစားလိုက်မိသည်။

ထို့နောက် ယဲ့ဖန်က မှော်စာလုံးအား ရွေ့လျားအောင် ပြုလုပ်လိုက်သည်။ ထိုအခါ ထိုမှော်စာလုံးက ခေါင်းပြောင်ငှက်၏ ကိုယ်တွင်းသို့ အလင်းတန်းသဖွယ် ဝင်ရောက်သွားပြီး ခေါင်းပြောင်ငှက်၏ ချီစွမ်းအင်သည်လည်း ချက်ချင်း အသက်ဝင်လာသည်။

ခေါင်းပြောင်ငှက်၏ စိတ်ထဲတွင် အလွန်အမင်း ဆာလောင်စိတ်များ ဝင်လာလေသည်။ သူ၏သွေးကြောတိုင်းက စွမ်းအင်ဖြည့်သွင်းခြင်းကို ဆာလောင်တောင့်တနေပုံ ရသည်။

“ပြောင်းလဲစမ်း”

ယဲ့ဖန်၏ အော်သံအဆုံး၌ နတ်ဆိုးချီမျှင်စုများသည် အကြီးအကဲသုံးယောက်၏ အမြုတေများကို ရစ်ပတ်ကာ ခေါင်းပြောင်ငှက်၏ ခေါင်းထက်သို့ သယ်ဆောင်သွားသည်။ နတ်ဘုရားအမြုတေများ၊ အင်မော်တယ် အမြုတေများနှင့် မကောင်းဆိုးဝါး အမြုတေများသည်လည်း ခေါင်းပြောင်ငှက်၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်။ ထို့နောက် အမြုတေပေါ်၌ အက်ရာများ ထင်လာပြီး အက်ကွဲသွားလေသည်။

အကြီးအကဲသုံးယောက်၏ အမြုတေများ အက်ကွဲသွားသည်နှင့် ထိတ်လန့်ဖွယ်စွမ်းအင်များက ခေါင်းပြောင်ငှက်၏ ကိုယ်တွင်းသို့ ဝင်ရောက်လာသည်။ ထိုအခါ ခေါင်းပြောင်ငှက်သည် သန့်စင်သော စွမ်းအင်များက ကိုယ်တွင်း၌ ပွက်ပွက်ဆူလာသည်ဟု ခံစားလာရသည်။

သွေးကြောတိုင်းက ထိုစွမ်းအင်ကို အရူးအမူး စုပ်ယူနေသည်။ ငြိမ်သက်နေခဲ့သည့် ချီစွမ်းအင်များကလည်း အမြုတေမှ ထွက်လာသည့် စွမ်းအင်များကို ဝမ်းသာအးရ စုပ်ယူလာသည်။

ခေါင်းပြောင်ငှက်၏ ဦးခေါင်းထက်၌ အနီရောင် အလင်းစက်တစ်ခု ထွက်ပေါ်လာပြီး သရဖူတစ်ခု စတင်၍ ပုံပေါ်လာသည်။ ထိုသရဖူသည် စကြဝဠာဘုရင်တစ်ပါး၏ သရဖူလေလားဟု ထင်မှတ်မှားရသည်။ ထိုသရဖူပုံသဏ္ဌာန်မှ ဖိအားသည် ကျောချမ်းဖွယ်ကောင်းလှသည်။

“ဒါ … ဒါ ဘာကြီးလဲ”

လောဝူကျိတို့ အလွန် အံ့အားသင့်နေကြသည်။ ဤနိမ့်ကျသော ခေါင်းပြောင်ငှက်၌ ထိုမျှ ထိတ်လန့်ဖွယ် ကောင်းသည့် သဘောသဘာဝ ရှိနေလိမ့်မည်ဟု ထင်မထားမိချေ။ ငှက်ဦးခေါင်းထက်မှ သရဖူကိုကြည့်ပြီး လူတိုင်း ဒူးထောက်ချင်စိတ် ဝင်လာကြသည်။

*ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ*

လောဝူကျိတို့သာမက မရဏနတ်ဆိုးပင် မှင်တက်သွားသည်။ ခေါင်းပြောင်ငှက်၌ ဤမျှကြောက်လန့်ဖွယ် ကောင်းသည့် ခွန်အားရှိနေလိမ့်မည်ဟု ထင်မထားကြသည်မှာ သိသာလှပေ၏။

“သူက ရှေးခေတ် အင်မော်တယ် …”

မရဏနတ်ဆိုး ဆက်မပြောနိုင်တော့ချေ။ သူ့မျက်နှာထက်၌ အလွန်ကြောက်လန့်ဟန်များ ထင်ဟပ်လာသည်။ ထိုစဉ် ခေါင်းပြောင်ငှက်၏ ခန္ဓာကိုယ်တွင်းမှ ထိတ်လန့်ဖွယ် ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ခေါင်းပြောင်ငှက်၏ နဖူးထက်မှ အနီရောင်မီးတောက် သရဖူတစ်ခု ထွက်ပေါ်လာသည်ကို အားလုံး တွေ့လိုက်ရသည်။ ထိုသရဖူသင်္ကေတသည်ကား …. ဖီးနစ်သင်္ကေတပင်။

Chapter 668 ငါ့ရဲ့နတ်ဆိုးတွေ

ခေါင်းပြောင်ငှက်၏ နဖူးထက်မှ မီးတောက်အသွင် ဖီးနစ်သင်္ကေတကိုမြင်ပြီး မရဏနတ်ဆိုး တံတွေးမျိုချ လိုက်မိသည်။

“တကယ်ပဲကိုး၊ ရှေးခေတ်ရဲ့ ဒဏ္ဍာရီလာဇာတ်လမ်းက လတ်စသက်တော့ အမှန်ဖြစ်နေတာပဲ”

“လတ်စသက်တော့ သူက လောကကို စိုးမိုးခဲ့ဖူးတဲ့ မကောင်းဆိုးဝါးအိုကြီး ဖြစ်နေတာကိုး”

မရဏနတ်ဆိုး တုန်လှုပ်လာသည်။ ထို့အတူ မိစ္ဆာမျှော်စင်ထဲရှိ လောဝူကျိနှင့် အခြားသူများက ပို၍မခံမရပ် ဖြစ်နေသည်။

“အား...”

သူတို့ထံမှ ငယ်သံပါအောင် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော ဖိအားက မိစ္ဆာမျှော်စင်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် ပါရမီရှင်နှစ်ရာကျော်တို့၏ ခန္ဓာကိုယ်ထဲမှ သွေးကြောများကို ဖျစ်ညှစ်ထားသလို ခံစားရစေသည်။

လောဝူကျိနှင့် အခြားသူများသည် အနီရောင် ဖီးနစ်ငှက်က သရဖူဆောင်းထားသည့် သင်္ကေတအောက်၌ ကိုယ့်ကိုယ်ကိုယ် ပုရွက်ဆိတ်တစ်ကောင်နီးပါး အားနည်းသွားသည်ဟု ခံစားမိကြသည်။

“ဆရာ့ခန့်မှန်းချက်က မှန်နေတာပဲ၊ အဲ့ငှက်က ... အဲ့ငှက်က တကယ်ကို မသေမျိုးဟေးဒီးစ်ရဲ့ ဘိုးဘေးပဲ”

အထိတ်လန့်ဆုံးသောသူမှာ ကိုးမြီးမြေခွေးမလေးပင်။ ယခုအချိန်၌ ခေါင်းပြောင်ငှက်အား အသိဆုံးသောသူမှာ သူမ တစ်ဦးတည်းသာ ရှိလောက်သည်။

ယဲ့ဖန်၌ ဝိညာဉ်စား ပုရွက်ဆိတ်များ၊ ထိပ်တန်းခန္ဓာကိုယ်လေးမျိုးနှင့် မရဏနတ်ဆိုးလည်း ရှိနေသည့်အပြင် ယခု ဤသို့ ထိတ်လန့်ဖွယ်ကောင်းသည့် လက်အောက်ငယ်သားတစ်ယောက် ထပ်ရလာသည်ကို တွေးမိပြီး ကိုးမြီးမြေခွေးမလေး ကြက်သီးထသွားသည်။

“သွားပြီ၊ နတ်ဘုရားမျိုးနွယ်ရော၊ အင်မော်တယ်မျိုးနွယ်ရော မကောင်းဆိုးဝါးမျိုးနွယ်ပါ ဇာတ်သိမ်းရလိမ့်မယ်”

ကိုးမြီးမြေခွေးမလေးသည် မျိုးနွယ်သုံးခု၏ အနာဂတ်ကို မြင်ယောင်လာပြီး ထိတ်လန့်သွေးပျက်လာသည်။ သို့သော် ယခုအချိန်၌ မည်သူကမျှ သူမအတွေးကို ဂရုမစိုက်ကြပေ။ အားလုံးသည် အပြင်ဘက်မှ ခေါင်းပြောင်ငှက်ကိုသာ စိုက်ကြည့်နေကြလေသည်။

ဂျွတ်! ဂျွတ်!

လက်ရှိအချိန်၌ အမြုတေများ ပိုပို၍ အက်ကွဲလာသည်။ အမြုတေ တစ်သောင်း၊ လေးသောင်း၊ ရှစ်သောင်း။ များစွာသော အမြုတေများသည် တဂျွတ်ဂျွတ် အက်ကွဲ၍ ခေါင်းပြောင်ငှက်၏ ကိုယ်ထဲသို့ သန့်စင်သော စွမ်းအင်များအဖြစ် ဝင်ရောက်သွားသည်။

ဤသည်ကြောင့် ခေါင်းပြောင်ငှက်၏ အရှိန်အဝါက ပို၍ခြောက်ခြားဖွယ် ကောင်းလာလေသည်။ ယဲ့ဖန်တောင်မှ မျက်လုံးပြူးသွားရသည်။

“ဒီငှက်အိုကြီးက အခုတောင် တော်တော်လန့်ဖို့ကောင်းနေတာ၊ သူသာ အထွတ်အထိပ်နေရာကို ရောက်သွားလို့ကတော့ ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလာမလဲ မသိဘူး”

ယခုအချိန်၌ ယဲ့ဖန်သည် ဆက်လက်၍ မျှော်လင့်နေမိသည်။ အရင်းအမြစ်များစွာကိုသုံး၍ ခေါင်းပြောင်ငှက်၏ ခွန်အားအား အထွတ်အထိပ်အဆင့်သို့ ရောက်ရှိအောင် ပြုလုပ်လိုက်ပါက စကြဝဠာထဲ၌ သူနှင့်ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ကျန်ရှိလောက်သည်။

ထိုစဉ် ခေါင်းပြောင်ငှက်၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါ၏ ဖိအားအောက်၌ အဖြူရောင်ဂြိုဟ်တစ်ခုလုံးသည် မြေဆီလွှာများ အက်ကွဲ၍ အချိန်မရွေး ပျက်စီးသွားနိုင်ဟု ထင်မှတ်ရသည်။

ခေါင်းပြောင်ငှက်၏ ဘေးပတ်လည်မှ လေဟာနယ်ပင် အက်ကွဲသွားလေသည်။ သူ၏အရှိန်အဝါမှာမူ ဆက်လက်၍ တိုးမြင့်နေသေးသည်။

နောက်ထပ် သုံးနာရီ ကုန်လွန်သွားလေသည်။ ထိုအခါတွင်မှ နောက်ဆုံးသော အမြုတေတစ်ခု အက်ကွဲ၍ အမှုန့်ဖြစ်ကာ ခေါင်းပြောင်ငှက်၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားပြီး မွမ်းမံသန့်စင်ခြင်းဖြစ်စဉ်တစ်ခုလုံး ပြီးဆုံးသွားလေသည်။

ထိုစဉ် ခေါင်းပြောင်ငှက်သည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာပြီး မျက်လုံးတွင်းမှ မီးတောက်တစ်ခု ဖြတ်ပြေးသွားသည်။ ခေါင်းပြောင်ငှက်၏ နဖူးထက်မှ ဖီးနစ်သင်္ကေတသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ခေါင်းပြောင်ငှက်ထံမှ ဝမ်းသာဟန်ဖြင့် တကျီကျီသံ ထွက်လာလေသည်။

“ဘယ်လိုလဲ”

ယဲ့ဖန် သိချင်နေမိသည်။ အကြောင်းတစ်ချို့ကြောင့် ခေါင်းပြောင်ငှက် မည်သည့်အဆင့်သို့ ရောက်ရှိသွားသလဲ ဆိုသည်ကို သူ ခံစား၍မရနိုင်ပေ။ သို့သော် စိတ်ထဲ၌ အန္တရာယ် အငွေ့အသက်မျိုး ခံစားမိနေ၏။

လက်ရှိအချိန်၌ ခေါင်းပြောင်ငှက်သည် အကြီးအကဲ သုံးယောက်ထက်ပင် ပို၍အင်အားကြီးနေပုံရသည်။

“ဟဲဟဲ … ကောင်လေးယဲ့၊ ဒီတစ်ကြိမ်တော့ ငါ မင်းကို ကျေးဇူးတင်သွားပြီကွာ”

ခေါင်းပြောင်ငှက်က ပြန်မဖြေဘဲ ပြုံး၍ပြန်ပြောလိုက်သည်။

“နှစ်ထောင်ကျော်ခဲ့ပြီ၊ ဒီဘိုးဘေးကြီး အခုမှ ဒီလောက် သက်တောင့်သက်တာဖြစ်တာမျိုးကို ပထမဆုံးအကြိမ် ခံစားဖူးတာပဲ”

ထိုစကားကိုကြားသည်နှင့် ခေါင်းပြောင်ငှက်က သူ၏ခွန်အားကို ထုတ်ပြောချင်စိတ်မရှိမှန်း ယဲ့ဖန် ရိပ်မိလိုက်သည်။ ယခုအချိန်၌ သူ ထိုအကြောင်းအရာကို အရေးမလုပ်ပေ။

သူသည် လောဝူကျိနှင့် အခြားသူများကိုသာ ငဲ့ကြည့်လာသည်။ ယဲ့ဖန်၏အကြည့်က လောဝူကျိတို့ပေါ် ကျရောက်လာသည်နှင့် အားလုံး တုန်လှုပ်သွားကြသည်။

သူတို့သည် သေမင်းနတ်ဘုရား၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားမိကာ ခေါင်းမွေးထောင်လာသည်။

“အရှင် နတ်ဆိုးဧကရာဇ်၊ အသက်ချမ်းသာပေးပါ၊ ဒီငယ်သားက နတ်ဘုရားမျိုးနွယ်ကိုပါ စွန့်လွှတ်ပစ်ဖို့ ဆန္ဒရှိပါတယ်”

“အရှင် နတ်ဆိုးဧကရာဇ်၊ ကျွန်တော် မျက်စိကန်းနေခဲ့လို့ အရှင့်ကို အန္တရာယ်ပေးဖို့ လုပ်ခဲ့မိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

“အရှင် နတ်ဆိုးဧကရာဇ်၊ ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော့်လက်အောက်ငယ်သားတွေ ပြဿနာ ရှာခဲ့မိပါတယ်၊ ကျွန်တော့်ကို မသတ်ဘူးဆိုရင် ကျွန်တော် နယ်မြေတစ်ခုနဲ့ ကျေးဇူးပြန်ဆပ်ပါ့မယ်”

“…”

ယခုအချိန်၌ ပါရမီရှင်များသည် သေဘေးနှင့် ရင်ဆိုင်နေရသော်လည်း လူတစ်ချို့သည် သူတို့၏ ပါရမီရှင်ဟူသည့် မာနက ကျန်ရှိနေသေးလေသည်။

သူတို့၏ ထက်ပိုင်းပြတ်နေသော ခန္ဓာကိုယ်များသည် ကြမ်းပြင်ပေါ်၌ ကတုန်ကယင် ဖြစ်နေပြီး ယဲ့ဖန်အား ဆက်တိုက် တောင်းပန်နေကြသည်။

*ခွင့်လွှတ်ရမယ် ဟုတ်လား*

ထိုစကားကြောင့် ယဲ့ဖန် ရယ်မောလိုက်သည်။

“မင်းတို့ကို ငါ ဘာလို့မသတ်သေးတာလဲဆိုတာကို သိကြလား”

*ဟမ်*

ထိုစကားကြောင့် လောဝူကျိအပါအဝင် ပါရမီရှင်နှစ်ရာကျော်လုံး မှင်တက်သွားသည်။

*ဟုတ်သားပဲ*

ယခင်က ယဲ့ဖန်က သူတို့ကို အသုံးချ၍ နတ်ဘုရားမဖုရုံနှင့် ကျန်မျိုးနွယ်သုံးခုမှလူများကို လိုက်လာရန် ဆွဲဆောင်ခဲ့ပြီး သွေးကြွေးဆပ်ခဲ့သည်။

ထို့နောက် သောင်းချီသော မျိုးနွယ်စုများ ရောက်လာချိန်တွင် သူသည် ထိုသူများကိုသာ သတ်ခဲ့သည်။ သို့သော် ယဲ့ဖန်က သူတို့ကို ဘာမှမလုပ်ချေ။

*ဒါက …*

ပါရမီရှင်တိုင်း၏မျက်လုံး၌ သံသယ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထိုစဉ် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါ မင်းတို့ကို သတ်ဖို့စိတ်ကူး လုံးဝမရှိဘူး”

*ဘာ*

ထိုစကားကြောင့် သူတို့အားလုံး မသိမသာ အံ့အားသင့်သွားကြသည်။ ထို့နောက် အလွန် ဝမ်းသာသွား ကြလေသည်။

*သတ်ဖို့စိတ်ကူး မရှိဘူးတဲ့လား*

*တော်သေးတာပေါ့*

ထိုသို့တွေးမိပြီးနောက် လောဝူကျိနှင့် အခြားသူများသည် ထိတ်လန့်သွားပြီးနောက် ဝမ်းသာသွားကြသည်။ ထို့အတူ ကျေးဇူးတင်စကား ပြောချင်နေကြသည်။ ထိုအချိန်တွင် ယဲ့ဖန် ဆက်ပြောလိုက်သည့် စကားကြောင့် အားလုံး၏ မျက်နှာပေါ်မှ အပျော်များ ချက်ချင်း ပျောက်ကွယ်သွားသည်။

“ဘာလို့လဲဆိုတော့ ငါ မင်းတို့ကို ငါ့ရဲ့ အလောင်းကောင်ကျွန် လုပ်ဖို့ စီစဉ်ထားလို့ပဲ”

“ငါ့အမိန့်ကို နာခံပြီး အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေကို သတ်ရမယ်”

ထိုစကားကြောင့် လောဝူကျိနှင့် အခြားသူများ မှင်တက်သွားကြလေသည်။ သူတို့ ဒဏ္ဍာရီတစ်ခုကို ကြားခဲ့ဖူးသည်။ ယခင်အချိန်များက ယဲ့ဖန်သည် နေရာ၌ ထိုင်မြဲထိုင်၍ မကောင်းဆိုးဝါး ဆယ့်ရှစ်ယောက်၏ အလောင်းကို ထိန်းချုပ်ခိုင်းစေခဲ့သည်။

ထိုဆယ့်ရှစ်ယောက်ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်တို့၏ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်ကြသည်။

ထိုထိပ်တန်း သိုင်းပညာရှင်များသည် သူတို့၏ စိတ်ဝိညာဉ်များ ဆုံးရှုံး၍ နတ်ဆိုးဧကရာဇ်၏ ရုပ်သေးရုပ်များ ဖြစ်လာခဲ့သည်။ နတ်ဆိုးဧကရာဇ်က ရှင်ဆိုရှင်၍ သေဆိုလျင် သေဆုံးကြလေသည်။

သူနှင့်အခြားသူများ ရုပ်သေးရုပ်ကဲ့သို့ ဖြစ်လာတော့မည်ကို တွေးမိပြီး လောဝူကျိနှင့် အခြားသူများ ခြောက်ခြားသွားကြသည်။

“လာကြစမ်း၊ ငါ့ရဲ့နတ်ဆိုးတွေ”

ယဲ့ဖန်၏အသံသည် မှော်အသံကဲ့သို့ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားသောအခါ လောဝူကျိနှင့် အခြားသူများသည် စိတ်ဝိညာဉ်များ လောင်ကျွမ်းလုနီးပါး ဖြစ်သွားလေသည်။ အားလုံး ငေးငိုင်သွားကြသည်။

ထိုစဉ် နတ်ဆိုးချီမျှင်စုများက မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှား၍ ပါရမီရှင်နှစ်ရာကျော်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး အားလုံး စိတ်ဝိညာဉ်များ စုတ်ဖြဲခံရပြီး အချို့သော မှတ်ဉာဏ်များ အဖျက်ခံလိုက်ရသည်။

လောဝူကျိ အပါအဝင် ပါရမီရှင်နှစ်ရာကျော်တို့၏ နဖူးပေါ်၌ အနက်ရောင် အရိုးခေါင်းပုံ ပေါ်လာသည်။ ထို့နောက် ထက်ပိုင်းပိုင်းခံထားရသည့် ခန္ဓာကိုယ်များက ပြန်ဆက်လာပြီး ပြန်လည်ကုသလာသည်။

နောက်ဆုံးတွင် သူတို့အားလုံး စကားတစ်ခွန်းမှမဆိုဘဲ ထရပ်လာပြီး မိစ္ဆာမျှော်စင်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာကြသည်။

မျိုးနွယ်စုသုံးခုမှ နံပါတ်တစ် ပါရမီရှင်သုံးယောက် ဦးဆောင်သည့် ထိပ်တန်း ပါရမီရှင်နှစ်ရာကျော်တို့သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ ဂါဝရပြုလာကြသည်။

“နတ်ဆိုးအလောင်းကောင်များက သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးအလောင်းကောင်များက သခင်ကြီးကို ဂါဝရပြုပါတယ်”

“…”

သူတို့၏ ကျယ်လောင်သော နှုတ်ဆက်သံများက ကောင်းကင်တစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။ ဤမြင်ကွင်းအား မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များသာ မြင်သွားပါက သေမတတ် ထိတ်လန့်သွားလောက်သည်။

ယဲ့ဖန်ရှေ့၌ နတ်ဘုရားမျိုးနွယ်မှ နတ်ဘုရားမ၏ ပထမသားတော်၊ အင်မော်တယ်မျိုးနွယ်မှ သခင်လေးနှင့် မကောင်းဆိုးဝါး မျိုးနွယ်မှ ကိုးမြီးမြေခွေးမလေးတို့ အပါအဝင် မျိုးနွယ်သုံးခု၏ လူငယ်မျိုးဆက်မှ အင်အားအကြီးဆုံး ပါရမီရှင် နှစ်ရာကျော်တို့ ဒူးထောက်နေကြသည့် မြင်ကွင်းမှာ မယုံကြည်နိုင်စရာ ကောင်းလှပေသည်။

Chapter 669 နတ်ဆိုးမျိုးနွယ်များ ဖြန့်ကြက်လာခြင်း

မကြာခင်မှာပင် စကြဝဠာတစ်ခုလုံးကို ထိတ်လန့်သွားစေသည့် သတင်းတစ်ခု ပျံ့နှံ့လာသည်။ မျိုးနွယ်သုံးခုမှ အင်အားအကြီးဆုံးသူများ ဖြစ်ကြသည့် နတ်ဘုရားမဖုရုံ၊ အင်မော်တယ် ဓားသခင် ကျန်းရီရှန်းနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့သည် သောင်းချီသည့် စစ်သည်တော်များကို ဦးဆောင်၍ အဖြူရောင်ဂြိုဟ်သို့ ထွက်ခွာသွားကြပြီး ဘယ်သောအခါမှ ပြန်ပေါ်မလာတော့ဟူသည့် သတင်းတစ်ခု ထွက်ပေါ်လာသည်။

မျိုးနွယ်သုံးခုမှ သောင်းချီသော စစ်သည်တော်များ သုတ်သင်ခံလိုက်ရပြီဟူသည့် ကောလာဟလများ ထွက်လာလေသည်။ ဤသတင်းက မျိုးနွယ်သုံးခု၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ တုန်လှုပ်သွားစေသည်။

နတ်ဘုရားမဖုရုံသည် နတ်ဘုရားမျိုးနွယ်၏ တစ်ဦးတည်းသော နတ်ဘုရားမဖြစ်ပြီး သူမ၏ မြင့်မားသော ခွန်အား၊ ခန့်မှန်းမရနိုင်သော တိုက်ပွဲဝင်ခွန်အားတို့ကြောင့် နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲများတွင် အကြိမ်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ပြီး ဘယ်သောအခါမှ သူမ မရှုံးနိမ့်ဖူးချေ။

သို့သော် ထိုသို့ ထိတ်လန့်ဖွယ်ကောင်းသည့် နတ်ဘုရားမက အဖြူရောင်ဂြိုဟ်ပေါ်၌ သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။

ထိုသည်သာမကပေ။ ဓားသခင် ကျန်းရီရှန်းသည် အင်မော်တယ်မျိုးနွယ်၏ အင်အားတစ်ရပ်ဖြစ်ပြီး များစွာသော အင်မော်တယ်များ၏ လေးစားခြင်းခံရသူလည်း ဖြစ်သည်။ သူ၏သေဆုံးမှုက အင်မော်တယ်မျိုးနွယ်၌ ငလျင်လှုပ်သကဲ့သို့ ဖြစ်သွားစေပြီး အင်မော်တယ်မျိုးနွယ်များအားလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။

ထို့အတူ အထိတ်လန့်ဆုံးသတင်းမှာ မကောင်းဆိုးဝါး အရှင်သခင်ပင်။ သူသည် ဝမ်ရှို့ဂူ၏ ဘုရင် ဖြစ်လေသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးများသည် မကောင်းဆိုးဝါးမျိုးနွယ်၌ နှစ်ထောင်ချီ၍ နာမည်ကြီးခဲ့သူများ ဖြစ်ပြီး အလွန် ခြောက်ခြားဖွယ်ကောင်းသူများ ဖြစ်ကြသည်။

သို့သော် ယခုတိုက်ပွဲအပြီး၌ မကောင်းဆိုးဝါး အရှင်သခင် သေဆုံးသွားပြီး ဝမ်ရှို့ဂူ၏ ဂုဏ်သတင်းသည်လည်း ကျဆင်းသွားသဖြင့် အလွန် အံ့ဩဖွယ်ကောင်းလှသည်။

မည်သို့သော ပုဂ္ဂိုလ်မျိုး ပေါ်လာသဖြင့် မျိုးနွယ်သုံးခုမှ အကြီးအကဲသုံးယောက်လုံး မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များ အားလုံး သေဆုံး၍ သောင်းချီသော စစ်သည်တော်များ ပျက်ဆီးသွားရသလဲဆိုသည်ကို မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံး ငြင်းခုံဆွေးနွေးကြလေသည်။

သို့သော် ဤသည်မှာ အစသာရှိပေသေးသည်။ ထိုသတင်းများ ပျံ့နှံ့လာပြီးသည်နှင့် နတ်ဘုရားမ၏ ပထမသားတော် လောဝူကျိ ပြန်ရောက်လာသည်။ အင်မော်တယ်မျိုးနွယ်မှ သခင်လေး ရွှမ်ယွမ်လည်း ပြန်ရောက်လာသလို မကောင်းဆိုးဝါးမျိုးနွယ်မှ ကိုးမြီးမြေခွေးမလေးသည်လည်း ပြန်ရောက်လာလေသည်။

ထို့အတူ မျိုးနွယ်သုံးခုမှ ပါရမီရှင်နှစ်ရာကျော်လုံး ပြန်ရောက်လာကြသည်။ ဤသည်က မျိုးနွယ်သုံးခုမှ အင်အားစုများအားလုံးကို ရူးမတတ် ဖြစ်သွားစေသည်။ မရေတွက်နိုင်သော ထိပ်တန်းသိုင်းပညာရှင်များက ဘာဖြစ်ခဲ့သလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ လာမေးကြသည်။

လောဝူကျိနှင့် အခြားသူများအားလုံး၏ အဖြေက တစ်ထပ်တည်းပင်။

“ကျွန်တော်တို့ကို ထူးဆန်းတဲ့ လူတစ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ အကြီးအကဲသုံးယောက်နဲ့ စစ်သည်တော်တွေအားလုံး သေဆုံးသွားခဲ့ရတယ်”

*ထူးဆန်းတဲ့လူတစ်ဖွဲ့တဲ့လား*

သိုင်းပညာရှင်များစွာတို့သည် မည်သို့သော ထူးဆန်းသည့်လူတစ်ဖွဲ့က ဤမျှကြောက်စရာ ကောင်းနေရသနည်းဟု စတင်၍ ခန့်မှန်းတွေးဆလာကြသည်။

တစ်ချို့က ထိုအဖွဲ့သည် အင်အားကြီးသည့် နတ်ဆိုးမျိုးနွယ်ဟု ခန့်မှန်းကြပြီး တစ်ချို့က တစ္ဆေမျိုးနွယ် ပြန်ပေါ်လာပြီဟု ထင်ကြေးပေးနေကြသည်။ ထို့အတူ အခြားသူများကလည်း ဟေးဒီးစ်မျိုးနွယ်များ ပြန်ပေါ်လာပြီး သူတို့၏ မသေမျိုး ဟေးဒီးစ်နှင့် ပြန်တွေ့ရန် ပြင်ဆင်နေကြသည်ဟု ထင်ကြလေသည်။

မရေတွက်နိုင်သော ခန့်မှန်းချက်များနှင့် ထင်ကြေးများ ထွက်ပေါ်လာကြသော်လည်း ယခုအခါတွင် အင်အားစုများစွာတို့၏ အာရုံက ထိုကိစ္စအပေါ် အာရုံမရောက်တော့ဘဲ ပြန်ရောက်လာသော နံပါတ်တစ် ပါရမီရှင် သုံးယောက်အပေါ်သာ စိတ်ဝင်စားလာကြသည်။

သူတို့သည် မျိုးနွယ်သုံးခု၏ လူငယ်မျိုးဆက်မှ အင်အားအကြီးဆုံး ပါရမီရှင်များ ဖြစ်ကြလေသည်။ ထို့အပြင် သူတို့၏နောက်ကွယ်မှ အင်အားစုများသည် မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များကြား၌ အလုအယက် ဝင်ရောက်လိုသည့် အင်အားစုများ ဖြစ်ကြလေသည်။

နတ်ဘုရားမျိုးနွယ်၏ ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်း။

ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရှေးခေတ်စာအုပ်များမှ ဆင်းသက်လာသည့် ကောင်းကင်ဘုံတိမ်ဂိုဏ်းမှ ဆင်းသက်လာသည့် အရှင်သခင်တစ်ယောက် ဖြစ်ပြီး လောဝူကျိအား သူ၏ တပည့်ရင်းအဖြစ် လက်ခံထားသူ ဖြစ်သည်။

ထွက်ပေါ်လာသည့် သတင်းများကြောင့် ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ဂိုဏ်းမှတပည့်များအားလုံး သုံးရက်သုံးည ခရီးနှင်လာကြသည်။ ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းမှ ဂိုဏ်းသားအားလုံး၏ စိတ်ထဲတွင် လောဝူကျိ၏ အရည်အချင်းနှင့်ဆိုလျင် ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းသည် တစ်နေ့ မြင့်မားသောနေရာသို့ ရောက်လာပြီး နတ်ဘုရားမျိုးနွယ်၏ ထိပ်ဆုံး၌ ရပ်တည်နိုင်လိမ့်မည်ဟု ထင်နေကြသည်။

နောင်အနာဂတ်တွင် လောဝူကျိက လောကကိုလွှမ်းမိုးနိုင်သည်အထိ အဆင့်တက်သွားပါ ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းသည်လည်း လောကကြီးကို စိုးမိုးနိုင်ပြီး ပြိုင်ဘက်ကင်းလာလိမ့်မည်ဟု စိတ်ကူးယဉ် နေကြသည်။

ယခုအချိန်၌ နတ်ဘုရားနယ်မြေတွင်းတွင် ဂုဏ်ပြုစကားဆိုရန် ရောက်လာကြသည့် မရေတွက်နိုင်သော အင်အားကြီး အဖွဲ့အစည်းများနှင့် ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရားကျောင်းတော်အတွင်း၌ ဂိုဏ်းချုပ်ထျန်းယွင်သည် ကြမ်းပြင်၌ ဒူးထောက်နေသော လောဝူကျိကို ကြည့်၍ မုတ်ဆိတ်မွေးပွတ်ကာ ပြုံးနေသည်။

“ဟားဟားဟား … လောဝူကျိ၊ မင်းက ငါ့ကို ဂါဝရလာပြုတော့ ငါ သိပ်ကျေနပ်မိတယ်”

ဂိုဏ်းချုပ်က ပြုံး၍ သိမ်မွေ့စွာ ပြုံးလိုက်သည်။

“မင်း စိတ်ချလက်ချသာနေ၊ ဒီဂိုဏ်းချုပ်က မင်းကို နတ်ဘုရားမျိုးနွယ်ရဲ့ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာအောင် ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းက အရင်းအမြစ်အားလုံးကို သုံးပြီး မင်းကို လေ့ကျင့် ကျင့်ကြံခိုင်းမယ်”

ထိုသို့ပြောနေချိန်တွင် ဂိုဏ်းချုပ်၏ မျက်လုံးက ရုတ်တရက် အေးစက်သွားလေသည်။

“ပြီးတော့ မင်းအမေ သေသွားရတဲ့ကိစ္စအတွက် ငါ လူသတ်သမားကို လိုက်ရှာပြီး အဲ့လူကို မသေမချင် နှိပ်စက်ပြီးမှ သတ်ပစ်မယ်”

ဂိုဏ်းချုပ်၏ ရင်ထဲတွင် နတ်ဘုရားမဖုရုံ သေဆုံးသွားရသည့်အတွက် ဖုရုံကို သတ်လိုက်သည့် လူသတ်သမားကို အလွန် မုန်းတီးနေသည်။ သို့သော် ကြမ်းပြင်၌ တိတ်ဆိတ်စွာ ဒူးထောက်နေသည့် လောဝူကျိက စကားတစ်ခွန်းမှ မပြောချေ။

*ဟမ်*

ဤသည်ကို သတိထားမိသွားသဖြင့် ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်သည် မသိမသာ အံ့အားသင့် သွားလေသည်။

“လောဝူကျိ၊ မင်း တစ်ခုခု ပြောစရာရှိသလား”

လောဝူကျိက ခေါင်းညိတ်၍ အလေးအနက် ပြောလာသည်။

“ဆရာ၊ ဒီတပည့်မှာ ပြောစရာ ရှိပါတယ်”

ထိုစကားကြောင့် ဂိုဏ်းချုပ်ထျန်းယွင်၏ အပြုံးက ပိုပီပြင်လာပြီး လောဝူကျိက သူ့အပေါ် ပို၍သစ္စာရှိလာပြီဟု ထင်သွားလေသည်။ ထို့ကြောင့် သူက အသာပြုံး၍ ပြန်ပြောလိုက်သည်။

“ပြောလေ”

လောဝူကျိက ခေါင်းညိတ်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဆရာ၊ ကျွန်တော် ပြောချင်တာက လက်စား … မချေပါနဲ့”

*ဘာ*

ထိုစကားအဆုံး၌ ဂိုဏ်းချုပ်ထျန်းယွင် မသိမသာ အံ့အားသင့်သွားသည်။

“လောဝူကျိ၊ မင်း ဘာပြောနေသလဲဆိုတာကို မင်း သိရဲ့လား”

“ဆရာ၊ ဒီတပည့် သိပါတယ်”

လောဝူကျိက အေးတိအေးစက် ပြုံးလာပြီး သူ၏စကားသံကလည်း ပို၍အေးစက်လာသည်။

“ဘာလို့လဲဆိုတော့ ခင်ဗျား လုံးဝ သတင်းမပို့နိုင်လို့ပဲ”

ထိုစကားကြောင့် ဂိုဏ်းချုပ်ထျန်းယွင် မျက်နှာပျက်သွားသည်။ သူ ဘာမျှပြန်မပြောနိုင်ခင်မှာပင် အနက်ရောင် အရိုးခေါင်းပုံ မှော်စာလုံးက သူ့နဖူးတွင်းသို့ လျှပ်စီးသဖွယ် ဝင်ရောက်လာလေသည်။

သူတို့နှစ်ယောက်ကြား၌ တစ်မီတာမျှသာ ကွာဝေးလေသည်။ ထျန်းယွင်ဂိုဏ်းချုပ်သည် အင်အားကြီးသော်လည်း စိတ်ချနေသောကြောင့် ယခုအချိန်၌ ရုတ်တရက် သတိလက်လွတ် ဖြစ်သွားသည်။

“အား…”

ဂိုဏ်းချုပ်ထျန်းယွင် ထအော်မိသည်။ သူ၏စိတ်ဝိညာဉ် အက်ကွဲလာသည်ဟု ခံစားနေရသည်။ ထိုအရိုးခေါင်း သဏ္ဌာန် မှော်စာလုံးက သူ၏စိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်လာသည်။

“လောဝူကျိ၊ မင်း … မင်း ဘာလုပ်လိုက်တာလဲ”

ဂိုဏ်းချုပ် ထျန်းယွင် ထိတ်လန့်ဒေါသထွက်နေ၏။ ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းက ပါရမီရှင်တစ်ယောက်ကို ဖိတ်ခေါ်မိခြင်း မဟုတ်ဘဲ ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်မိခြင်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိချေ။

နာကျင်မှုကြောင့် ဂိုဏ်းချုပ်ထျန်းယွင် ကြမ်းပြင်ပေါ် လူးလိမ့်နေရပြီး သူ၏နတ်ဘုရားစွမ်းအင်က ဖိနှိပ်ခံထားရသဖြင့် ထုတ်သုံးရန် အခက်တွေ့နေသည်။

“ဘာမှမလုပ်ပါဘူး၊ ကျုပ်သခင်ကြီးက ခင်ဗျားကို ကျွန်အမှတ်အသား ခတ်နှိပ်ဖို့ မှာလိုက်ရုံလေးပါ”

လောဝူကျိ၏ အပြုံးက ပို၍ပီပြင်လာသည်။

“ပြီးခဲ့တဲ့ကိစ္စနောက်ပိုင်းကစပြီး ကျုပ်က နတ်ဆိုးအတွက်ပဲ ရှင်သန်သလို နတ်ဆိုးအတွက် သေဆုံးတော့မှာ။ စကြဝဠာကြီးထဲက နတ်ဘုရားတွေကို သတ်ဖြတ်ပြီး အင်မော်တယ်တွေကို ဖျက်ဆီးပစ်မယ်”

ထိုစကားကြောင့် ဂိုဏ်းချုပ်ထျန်းယွင် အံ့အားသင့်သွားလေသည်။

*သခင်ကြီး*

*ကျွန်အမှတ်အသား*

*နတ်ဆိုး*

“မင်းပြောတဲ့ သခင်ကြီးဆိုတာက … နတ် … နတ်ဆိုးဧကရာဇ်လား”

ဂိုဏ်းချုပ်ထျန်းယွင် မှင်တက်သွားရသည်။ နတ်ဆိုးမျိုးနွယ်၌ ကြောက်စရာကောင်းသော နတ်ဆိုးဧကရာဇ် တစ်ဦးတည်းသာလျင် ကျွန်အမှတ်အသား ခတ်နှိပ်နိုင်ပြီး နတ်ဆိုးအားလုံးကို ကျွန်ပြုနိုင်လေသည်။

“ဟုတ်တာပေါ့”

လောဝူကျိက ပို၍ခြောက်ခြားဖွယ်ကောင်းစွာ ရယ်မောလာသည်။

“ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းက အစပဲ ရှိသေးတယ်။ နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နဲ့ မကောင်းဆိုးဝါးမျိုးနွယ်က ဂိုဏ်းတွေကို သိမ်းပိုက်ပြီး ငါတို့နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်အောင် လုပ်ဖို့ သိပ်မကြာတော့ဘူး။ အားလုံး သခင်ကြီးရဲ့ ကျေးကျွန် ဖြစ်လာစေရမယ်”

ထိုအခါတွင်မှ အကြီးအကဲ သုံးယောက်နှင့် သောင်းချီသော စစ်သည်တော်များ သေဆုံးသွားရသော်လည်း လောဝူကျိတို့ ပါရမီရှင်နှစ်ရာကျော်လုံး ပြန်လာနိုင်ရသည့် အကြောင်းရင်းကို ဂိုဏ်းချုပ်ထျန်းယွင် နားလည်သွား လေတော့သည်။

*လတ်စသက်တော့ သူတို့က ဂြိုဟ်တွေကို ဖျက်ဆီးမယ့်အဖွဲ့အဖြစ် ပြန်လာတာပဲ*

ပါရမီရှင်နှစ်ရာကျော်လုံး ပြိုင်တူတိုက်ခိုက်မည့်အကြောင်းကို တွေးမိပြီး ဂိုဏ်းချုပ် ထျန်းယွင်၏ မျက်နှာက ဖြူရော်လာသည်။

ထိုစဉ် သူ့မျက်လုံးက အရောင်ဖျော့လာပြီး အော်သံသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် မျက်လုံးမှိတ်သွားပြီး သူ၏စိတ်ဝိညာဉ်တစ်ခုလုံး ကျွန်ပြုခံလိုက်ရလေသည်။

သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် အနက်ရောင် အရိုးခေါင်းပုံက နဖူးပေါ်၌ ထွက်ပေါ်လာ၏။ ဂိုဏ်းချုပ်ထျန်းယွင်သည် မိုးကောင်းကင်၏ အရပ်မျက်နှာတစ်ခုကို လှမ်းကြည့်၍ ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ ပြောလာသည်။

“ဒီနတ်ဆိုးအသစ်က သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးမျိုးနွယ်က မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”

All Chapters