← Chapters

အခန်း (၆၇၀-၆၇၂)

Vol. 45 Ch. 670-672

အခန်း (၆၇၀-၆၇၂)

Vol. 45 Ch. 670-672

Chapter 670 ဘုရင်တို့၏ဘုရင်

စကြဝဠာအတွင်းရှိ အင်အားစုများအားလုံးသည် လောဝူကျိကဲ့သို့သော ပါရမီရှင်မျိုးအား မည်သည့်ဂိုဏ်းများက ပိုင်ဆိုင်ထားသည်ကိုသာ အာရုံစိုက်နေကြသည်။

နတ်ဆိုး ကျွန်အမှတ်အသားက အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်အတွင်း၌ ပျံ့နှံ့နေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြချေ။

ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းမှစ၍ ရွှမ်ယင်ဂိုဏ်း၊ ခူရှာကျောင်းတော်၊ တစ္ဆေအိမ်တော်။

….

အင်မော်တယ်မျိုးနွယ်၏ အင်မော်တယ်ကလန်တွင်း၌ ကွမ်းဟန်ဂိုဏ်း၊ ထိပ်သီးဂိုဏ်းနှင့် မကောင်းဆိုးဝါး မျိုးနွယ်မှ သားရဲတစ်ရာတောင်တန်း၊ မီးတောက်ဂူ၊ ချီလင် မကောင်းဆိုးဝါးတောင်တန်း နှင့် များစွာသော နေရာများ။

ထိပ်တန်းအင်အားစုများ တစ်ခုပြီးတစ်ခု ကျွန်ပြုခံလိုက်ရပြီး နတ်ဆိုးများအဖြစ် ပြန်လည်မွေးဖွားလာကြသည်။ ပါရမီရှင် နှစ်ရာကျော်မှနေ၍ အင်အားစုနှစ်ရာကျော်ထိ ဖြစ်လာသည်။

ထိုအင်အားစုများကို သိမ်းပိုက်ပြီးသည်နှင့် ထိုသူများသည် ဘေးပတ်လည်မှ အင်အားစုများထံသို့ ဆက်လက်၍ သိမ်းပိုက်ကြလေသည်။

လက်ရှိအချိန်၌ အင်မော်တယ်နယ်မြေတွင် နတ်ဆိုးအင်အားစုများက စိုးမိုးနေပြီး မီးတောက်များ တောက်လောင်လျက် ရှိသည်။

သို့သော် ထိုအရာအားလုံးက ယဲ့ဖန်က အရေးမစိုက်ချေ။ သူသည် မရဏနတ်ဆိုးနှင့် ခေါင်းပြောင်ငှက်တို့ကိုခေါ်၍ နဂါးငွေ့တန်း အင်ပါယာဆီသို့ ခရီးနှင်နေလျက် ရှိသည်။

တစ်ရက်၊ နှစ်ရက်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်။ လဝက်ကြာပြီးနောက် အဖြူရောင် မြစ်တစ်စင်းကဲ့သို့သော နဂါးငွေ့တန်း အင်ပါယာကို လှမ်းမြင်လာရသည်။

သို့သော် ဤလဝက်အတွင်း ခေါင်းပြောင်ငှက်က နေ့တိုင်း ရတတ်မအေးဖြစ်ကာ တစ်စုံတစ်ရာအား စိုးရိမ်နေပုံရသည်ကို ယဲ့ဖန် သတိထားလိုက်မိသည်။

“ငှက်အိုကြီး သိပ်မကြာခင် နဂါးငွေ့တန်းကို ရောက်တော့မယ်၊ ခင်ဗျား ဘာလို့ ဝမ်းနည်းနေပုံ ပေါ်နေရတာလဲ”

ယဲ့ဖန်သည် ခေါင်းပြောင်ငှက်ကို စိုက်ကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူ့စကားကြောင့် ခေါင်းပြောင်ငှက်၏ အကြည့်က မသိမသာ ရှုပ်ထွေးသွားလေပြီး အတန်ကြာမှ ပြန်မေးလာသည်။

“ကောင်လေးယဲ့၊ မင်း မသေမျိုး ဘီလူးကို မြင်ဖူးလား”

*ဟမ်*

သူ့စကားကြောင့် ယဲ့ဖန် မသိမသာ မှင်တက်သွားသည်။

“ခင်ဗျား ဘာလို့မေးတာလဲ”

“ဘာလို့လဲဆိုတော့ …”

ခေါင်းပြောင်ငှက်က ယဲ့ဖန်၏ နတ်ဆိုးခန္ဓာကိုယ်ကို တစ်ချက်ကြည့်၍ ဆက်ပြောသည်။

“မင်းရဲ့ မသေမျိုးခန္ဓာကိုယ်ကြောင့်”

*မသေမျိုး ခန္ဓာကိုယ်လား*

သူ့စကားကြောင့် ယဲ့ဖန် မျက်နှာအမူအရာ ပြောင်းလဲလာသည်။ အစပိုင်း၌ သူသည် ကောင်းကင် အလင်းသခင်ထံမှ မသေမျိုး ခန္ဓာကိုယ်ကို ရရှိခဲ့သည်။ ထို့နောက် မိုနာဒိုဘုရင်၏ သားနှင့် တွေ့ခဲ့ပြီး မသေမျိုးခန္ဓာကိုယ်၏ အရင်းအမြစ်များကို ပို၍ရရှိခဲ့သည်။

သို့သော် ယခုအခါ၌ ဤသည်က မသေမျိုး ဘီလူးနှင့် ဘာပတ်သက်နေသနည်း။

ယဲ့ဖန် မဟေဠိဖြစ်နေသည်ကိုကြည့်ပြီး ခေါင်းပြောင်ငှက်က သက်ပြင်းချလိုက်သည်။

“တကယ်တော့ ဒီစကြဝဠာကြီးထဲမှာ မသေမျိုး ခန္ဓာကိုယ် ရှိမနေသင့်ဘူး၊ အခု ဒါက ပေါ်လာတယ်ဆိုတော့ ရက်စက်တော့ ကောင်ငယ်လေး ကန္တာရထဲက လွတ်လာပြီဆိုတာကို ပြနေတာပဲ”

“ပြီးတော့ မင်းမှာ မသေမျိုးခန္ဓာကိုယ် ရှိနေတာကို သူ သိသွားတာနဲ့ သွေးချောင်းစီးမယ့် တိုက်ပွဲတစ်ခု ထပ်ဖြစ်လာလိမ့်မယ်”

“အဲ့အချိန်ကျရင် မင်း သေရုံတင်မကဘဲ ငါတောင်မှ သေသွားလိမ့်မယ်”

ထိုသို့ပြောပြီး ခေါင်းပြောင်ငှက် ခါးသီးစွာ ပြုံးလိုက်သည်။ သူ အတော်လေး လန့်နေပုံရသည်။ သူ့စကားကြောင့် ယဲ့ဖန် တစ်ခဏမျှ ငြိမ်သွားသည်။ ခေါင်းပြောင်ငှက် ထပ်မပြောချင်တော့သည်ကို သူ သတိထားမိသဖြင့် ယခု ထပ်မေးရန် မသင့်တော်မှန်း သိလိုက်သည်။

“ပြဿနာတစ်ခုအတွက် အမြဲအဖြေတစ်ခုက ရှိနေမှာပဲလေ”

“တစ်ယောက်ယောက်က အဲ့ဒါကို ဖမ်းချုပ်ပြီး သတ်လိုက်ရုံပေါ့”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်ကွေး၍ ရက်စက်စွာ ပြုံးလိုက်သည်။ ထိုစကားသံမှ လူသတ်လိုသည့် အရိပ်အငွေ့ကို ခံစားမိသဖြင့် ခေါင်းပြောင်ငှက်သည် စိတ်ဝိညာဉ်အထိပါ တုန်လှုပ်သွားလေသည်။

လက်ရှိအချိန်တွင် ယဲ့ဖန်က အကြီးအကဲသုံးယောက်နှင့် သောင်းချီသော စစ်သည်တော်များအား သတ်ခဲ့ပုံနှင့် ရွှေအိုရောင် လက်မောင်းတစ်ဖက်အား ဖြတ်လိုက်ပုံကို မတွေးမိဘဲ မနေနိုင် ဖြစ်သွားသည်။ ဤသည်ကို တွေးမိပြီး ခေါင်းပြောင်ငှက် စိတ်ထဲမှ ကျိတ်၍သက်ပြင်းချမိသည်။

“အဲ့ရက်စက်တဲ့ကောင်လေး မလာပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်၊ မဟုတ်လို့ကတော့ …”

ခေါင်းပြောင်ငှက်သည် ထိုသို့ရေရွတ်ရင်း မချိပြုံး ပြုံးလိုက်မိသည်။

ထို့နောက် သူသည် ယဲ့ဖန်၏နဖူးကို လှမ်းကြည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဒါနဲ့ မင်းနဖူးက အဆင်ပြေလား၊ မင်း နေကောင်းရဲ့လား”

*နဖူးလား*

ယခင်က ယဲ့ဖန်သည် နတ်ဘုရားမိုးကြိုးကပ်ဘေး ခံရစဉ်အချိန်၌ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးကြောင့် ထိခိုက်ခဲ့သည်။ ထိုအချိန်က ရွှေအိုရောင် စိတ်ဝိညာဉ်သည် နတ်ဘုရားမိုးကြိုးအား အလစ်ချောင်း၍ တိုက်ခိုက်ခဲ့သောကြောင့် ယဲ့ဖန်၏နဖူးကို မိုးကြိုးထိမှန်ကာ အရိုးအက်ကွဲသွားခဲ့သည်။

ယခုအချိန်ထိ ယဲ့ဖန်၏နဖူး၌ အက်ရာကျန်ရှိနေသဖြင့် တတိယမျက်လုံးကဲ့သို့ ဖြစ်နေလေသည်။

“အခုတလော ကျုပ် နဖူးက ယားသလို ခံစားနေရတယ်၊ သိပ်တော့ အရေးမကြီးပါဘူး”

ယဲ့ဖန်က ခေါင်းခါ၍ ရှေ့နားမှ နဂါးငွေ့တန်းကို လှမ်းကြည့်ကာ ပြုံး၍ပြောလိုက်သည်။

“လာလေ၊ ကျုပ်နဲ့အိမ်ကို လိုက်ခဲ့”

သူသည် ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ရှား၍ ခေါင်းပြောင်ငှက်နှင့် မရဏနတ်ဆိုးတို့နှင့်အတူ နဂါးငွေ့တန်းသို့ အပြေး ခရီးနှင်လေတော့သည်။ သူ၏စိတ်ထဲ၌ အိမ်သို့အမြန်ပြန်ရောက်ချင်သည့်စိတ်သာ စိုးမိုးနေသည်။

….

သို့သော် သူတို့ မသိလိုက်သည်က အင်မော်တယ်မျိုးနွယ်တွင်း၌ သတင်းတစ်ခု ပျံ့နှံ့နေခြင်းကိုပင်။ ထိုသတင်းသည်ကား မသေမျိုး ဟေးဒီးစ် ပြန်လာတော့မည်ဟူသည့် သတင်းပင်။

ထိုသတင်းကြောင့် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများ ပွက်လောရိုက်သွားလေသည်။ ထူးဆန်းသော နေရာများ၌ တစ်ကိုယ်တည်း အသက်ရှည်ကျင့်စဉ်ကို ကျင့်ကြံနေကြသည့် နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်မှ အရှင်သခင်များအားလုံးသည် ထိုနေရာမှ ပြန်ထွက်လာကြသည်။

ယခုအချိန်၌ အင်မော်တယ်မျိုးနွယ်သည် အားအနည်းဆုံး ဖြစ်နေလေသည်။ ယခု မသေမျိုး ဟေးဒီးစ်သာ ပြန်လည် ထွက်ပေါ်လာပါက လူပေါင်းများစွာ သုတ်သင်ခံရလောက်သည်။ အားလုံး၏ ရင်ထဲ၌ အကြောက်တရားများဖြင့် ပြည့်နှက်လာသည်။

ထိုစဉ် နောက်ထပ် သတင်းတစ်ခု ထွက်ပေါ်လာသည်။ မျိုးနွယ်သုံးခုမှ မြင့်မြတ်သော အင်အားစုများ ပူးပေါင်း၍ ချိပ်ပိတ်နယ်မြေသို့သွားကာ မသေမျိုးဟေးဒီးစ်ကို ထပ်၍ ချိပ်ပိတ်မည်ဟူသည့် သတင်း ထွက်လာလေသည်။

…

စကြဝဠာ၏ နက်နဲသော တစ်နေရာ၌ အရာအားလုံး သေဆုံးနေသည်။ စကြဝဠာတွင်း၌ ဂြိုဟ်သေများ တစ်လုံးပြီးတစ်လုံး မျောလွင့်နေ၏။

ထိုနေရာသည် နှစ်ထောင်ချီ၍ အိပ်ပျော်နေသကဲ့သို့ တိတ်ဆိတ်နေပြီး အတားအဆီးတစ်ခု ရှိနေသည်။ ဂြိုဟ်တစ်လုံးစာကဲ့သို့ ကျစ်လျစ်လှသည့် သံကြိုးများက စကြဝဠာထဲ၌ မျောလွင့်နေသည်။ ထိုသံကြိုးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး စုစုပေါင်း ဆယ့်ရှစ်ခု ရှိသည်။

ထိုသံကြိုးဆယ့်ရှစ်ချောင်းက ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ကို ချုပ်နှောင် ထားသလိုပင်။ ထိုစဉ် ထိုနေရာအတွင်း၌ လေဟာနယ်က ရုတ်တရက် အက်ကွဲလာပြီး တံခါးပေါက်တစ်ခု ပွင့်လာသည်။ ထိုနေရာမှနေ၍ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

မကောင်းဆိုးဝါး တောင်တန်းအရှင်သခင်၊ ကွမ်းလင် အင်မော်တယ် အရှင်သခင်နှင့် ပိုင်ကျီး အရှင်သခင်။ ထိုသူသုံးယောက်သည် မျိုးနွယ်သုံးခု၏ ထိပ်သီး အရှင်သခင်များ ဖြစ်ကြလေသည်။

သူတို့တစ်ယောက်ချင်းစီကပင် နတ်ဘုရားမဖုရုံထက် အဆပေါင်းများစွာ ပိုသန်မာကြသည်။ သူတို့သုံးယောက် ရောက်လာသည်နှင့် လေပြင်းများ တိုက်ခတ်၍ ဖိအားတစ်ခု ပျံ့လွင့်လာသည်။

အရှင်သခင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူပေါင်း ဆယ့်ရှစ်ယောက် ထွက်ပေါ်လာသည်။ ထိုအရှင်သခင် ဆယ့်ရှစ်ယောက် စုပေါင်းထားလိုက်ပါက ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“အားလုံးပဲ၊ ကြည့်ရတာ ချိပ်ပိတ်ထားတဲ့ သံကြိုးဆယ့်ရှစ်ချောင်းလုံး ကျိုးပဲ့နေတဲ့ပုံပဲ”

ကွမ်းလင်အရှင်သခင်က ဦးဆောင်၍ စပြောလိုက်သည်။ သူ့စကားကြောင့် အားလုံး မျက်လုံးအပြူးသားဖြင့် သံကြိုးများကို လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ သံကြိုးများပေါ်၌ အက်ရာများ ထင်နေသည်ကို တွေ့လိုက်ရသည်။ သံကြိုးဆယ့်ရှစ်ချောင်းလုံး အချိန်မရွေး ကျိုးသွားမည့်ပုံပေါ်နေသည်။

“ကွမ်းလင်အရှင်သခင် အချိန်ဆွဲမနေနဲ့တော့၊ သွားကြမယ်”

နတ်ဘုရား အရှင်သခင်တစ်ယောက် အလေးအနက် ပြောလာသည်။

“တစ်မိနစ်လေး နောက်ကျသွားတာနဲ့ မသေမျိုး ဟေးဒီးစ် ပြဿနာထပ်ပေးဖို့ အခွင့်အရေး ပိုရသွားလိမ့်မယ်၊ ဒီလိုဆို ကျုပ်တို့မျိုးနွယ်သုံးခုလုံး ပိုအန္တရာယ်များလာလိမ့်မယ်”

သူ့စကားကြောင့် ကျန်အရှင်သခင်များ ခေါင်းညိတ်လာသည်။ အားလုံး၏ မျက်လုံးတွင် အလွန် ကြောက်လန့်နေဟန်များ ထင်ဩပ်နေသည်။ ဤနေရာ၌ လူတစ်ယောက်ကို ချုပ်နှောင်ထားခြင်းမဟုတ်ဘဲ မိစ္ဆာတစ်ကောင်ကို ချုပ်နှောင်ထားသည်ဟု သူတို့ ထင်မြင်နေပုံရသည်။

အားလုံး၏ ကြောက်လန့်နေသော အမူအရာကိုကြည့်ပြီး မကောင်းဆိုးဝါး တောင်တန်းအရှင်သခင်၊ ကွမ်းလင်အရှင်သခင်နှင့် ပိုင်ကျီးအရှင်သခင်တို့က အချင်းချင်း ပြန်ကြည့်၍ ပြောလိုက်သည်။

“လာကြ၊ အားလုံး ရှိသမျှအားကုန်သုံးပြီး ချိပ်ပိတ်တဲ့သံကြိုးဆယ့်ရှစ်ချောင်းလုံးကို ပြန်ပြင်ရမယ်”

“မဟုတ်လို့ကတော့ မသေမျိုး ဟေးဒီးစ် လွတ်လာရင် ကျုပ်တို့အားလုံး သေရလိမ့်မယ်”

ထိုစကားအဆုံး၌ အရှင်သခင် ဆယ့်ရှစ်ယောက်လုံး အပြေးအလွှား နေရာယူကြသည်။ တစ်ယောက်ချင်းစီက သံကြိုးတစ်ချောင်းစီရှေ့၌ ရပ်၍ ချိပ်ပိတ်ခြင်းကို ပြန်ပြုပြင်ရန် ပြင်လိုက်ကြသည်။

ထိုစဉ် အက်တက်တက် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် အရှင်သခင် ဆယ့်ရှစ်ယောက်လုံး အကြီးအကျယ် မျက်နှာပျက်သွားသည်။

“ဟားဟားဟား … ငါ့အစာလေးတွေ၊ နောက်ဆုံးတော့ မင်းတို့ရောက်လာပြီပဲ”

ထို့နောက် ဂြိုဟ်တစ်လုံးစာ အရွယ်အစားရှိသော မျက်လုံးတစ်စုံက ဖြည်းဖြည်းချင်း ပွင့်လာသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုမျက်လုံးတွင်း၌ အလောင်းတောင် သွေးပင်လယ် ရှိနေသကဲ့သို့ ရဲရဲနီနေ၏။

Chapter 671 မသေမျိုးဟေးဒီးစ် လွတ်မြောက်လာပြီ

ဂြိုဟ်တစ်လုံးအရွယ်အစားရှိသည့် သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးများ ပွင့်လာချိန်တွင် ဆယ့်ရှစ်ယောက်သော အရှင်သခင်များ မှင်တက်သွားကြသည်။ အားလုံး ကြက်သီးမွေးညင်းထကာ နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျလာသည်။

“သေစမ်း၊ မသေမျိုး ဟေးဒီးစ်က အိပ်ပျော်နေတာ မဟုတ်ဘူးပဲ၊ သူ … သူ နိုးထလာပြီးပြီကိုး”

“နောက်ဆုတ်၊ နောက်ဆုတ်၊ နောက်ဆုတ်ကြ၊ ဒါ ငါတို့ကို တိုက်ခိုက်ဖို့ ဆင်ထားတဲ့ ထောင်ချောက်ပဲ”

“....”

ယခုအချိန်၌ ဆယ့်ရှစ်ယောက်သော အရှင်သခင်များသည် သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့သည် ဖျတ်ခနဲ လှုပ်ရှား၍ မလှမ်းမကမ်းသို့ ထွက်ပြေးရန် ပြင်လာကြသည်။

*မြန်မြန်လုပ်ရမယ်*

အားလုံး၏ အရှိန်က အလွန်လျင်မြန်လှပြီး မျက်တောင်တစ်ခတ်အတွင်း၌ ကောင်းကင်ယံ၏ ခပ်ဝေးဝေးသို့ ရောက်သွားလေသည်။

ထိုစဉ် ခြောက်ခြားဖွယ်ကောင်းသောအသံက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

“ဟားဟားဟား … ငါ့စားစရာလေးတွေ၊ မင်းတို့ လွတ်နိုင်မယ်ထင်လား”

ထိုအသံအဆုံး၌ ကျိုးပဲ့သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ဂျွတ်! ဂျွတ်!

အရှင်သခင် ဆယ့်ရှစ်ယောက်၏ ထိတ်လန့်နေသော အကြည့်အောက် သံကြိုး ဆယ့်ရှစ်ချောင်းလုံး ချက်ချင်း ကျိုးပဲ့သွားသည်။ ထိုအခါ ဧရာမ လူ့ဘီလူးကြီးတစ်ကောင်က ဖြည်းဖြည်းချင်း ထရပ်လာသည်။

သူ၏ခန္ဓာကိုယ်သည် ဂြိုဟ်ပေါင်း ထောင်ချီ၍ ဖွဲ့စည်းထားသကဲ့သို့ ကြီးမားလှသည်။ သူသည် မတ်တပ်ထရပ်ပြီးနောက် မိုးကောင်းကင်ကို ဖြိုခွင်းနိုင်ပြီး မြေပြင်အား ချေမွဖျက်ဆီးနိုင်ဟု ထင်မှတ်ရသည်။

သူသည် လူ့ဘီလူးတစ်ကောင်ပင်၊ သူ၏ကိုယ်ခန္ဓာ၌ ကြွက်သားများက အမြောင်းလိုက် ထနေ၏။ သူ၏ကြွက်သားများသည် နဂါးကြေးခွံကဲ့သို့ မာကြောထူထဲလှပြီး သူ၏ခြေလှမ်းကြောင့် ကောင်းကင်ယံမှ လေဟာနယ် အက်ကွဲစပြုလာသည်။

သူ၏ ကြောက်စရာအကောင်းဆုံးအရာတစ်ခုမှာ တောင်ပံတစ်စုံပြင် ဖြစ်လေသည်။ ထိုတောင်ပံတစ်စုံသည် ကမ္ဘာခြား စစ်သင်္ဘော ဆယ်စီးစာ အရွယ်အစားရှိပြီး ငှက်တောင်များက နတ်ဘုရား ဓားကို သွန်းလုပ်ထားသကဲ့သို့ ချွန်ထက်နေ၏။

ဤတောင်ပံများကြောင့် သူသည် စကြဝဠာကြီးထဲ၌ ပျံသန်းနိုင်ပုံရသည်။ သူသည် လူနှင့်တူသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုစဉ် မသေမျိုးဟေးဒီးစ်က ထွက်ပြေးသွားသော အရှင်သခင် ဆယ့်ရှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်သောကြောင့် သူ၏အစွယ်များ ထွက်ပေါ်လာသည်။ သူ၏ပါးစပ်မှနေ၍ သွားရည်များက မြစ်ကဲ့သို့ ဆက်တိုက် စီးကျလာသည်။

“မတွေ့ရတာ တော်တော်ကြာပြီပဲ”

“အဲ့ဒီလူက တိုက်ပွဲဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ ငါ့ကို ဖျက်ဆီးခဲ့ပြီးတော့ ငါ့မြေအောက်ကမ္ဘာကို ဖျက်ဆီးခဲ့တယ်။ ဒီဘုရင်ကြီး ဝိညာဉ်လေးတစ်ခုတောင် မစားရသေးတာ နှစ်ပေါင်းအတော်ကြာနေပြီ”

“ငါ အရမ်းဗိုက်ဆာနေတာ၊ မင်းတို့ကို အရှင်လတ်လတ် တွေ့လိုက်ရတာ သိပ်ကောင်းတာပဲ”

*ဘာ*

မသေမျိုးဟေးဒီးစ်ရဲ့ စကားကြောင့် အရှင်သခင် ဆယ့်ရှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားကြသည်။

*ဒီကောင်က ငါတို့ကို စားစရာအဖြစ် သတ်မှတ်နေတာပဲ*

တစ်ဖက်လူ၏ ဆာလောင်မွတ်သိပ်မှုနေသော အမူအရာနှင့် သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားမိပြီး အရှင်သခင်များအားလုံး ကြက်သေသေသွားကြသည်။

“မြန်မြန်လုပ်ကြ”

ကွမ်းလင်အရှင်သခင်က ကျယ်လောင်စွာ အော်ဟစ်၍ လက်ဝါးကိုဖြန့်၍ လေဟာနယ်အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဂျွတ်!

လေဟာနယ်၌ အက်ကွဲရာတစ်ခု ပေါ်ပေါက်လာသည်။ ထိုအခါ အရှင်သခင် ဆယ့်ရှစ်ယောက်လုံးသည် ထိုအက်ကွဲရာထံသို့ လျင်မြန်စွာ ထွက်ပြေးကြလေသည်။

အရှင်သခင် ဆယ့်ရှစ်ယောက်လုံးသည် အက်ကွဲရာနှင့် နီးသထက် နီးလာသည်။ တစ်ခဏအတွင်းမှာပင် အက်ကွဲရာအနီးသို့ ရောက်လာလေ၏။

မကြာမီအတွင်းမှာပင် သူတို့သည် အက်ကွဲရာတွင်းသို့ ဝင်ရောက်၍ ထွက်ပြေးနိုင်ပေတော့မည်။ ယခုအချိန်၌ အရှင်သခင်အားလုံး၏ မျက်နှာထက်တွင် ဝမ်းသာရိပ်များ စွန်းထင်နေသည်။

မသေမျိုးဟေးဒီးစ်၏ လက်အောက်မှ လွတ်မြောက်နိုင်ခြင်းက သူတို့အတွက် ဂုဏ်ယူစရာပင်။ ထိုစဉ် ကြီးမားချွန်ထက်လာသည့် လက်သည်းတစ်စုံက ကောင်းကင်ယံမှ ကျဆင်းလာပြီး လေဟာနယ် အက်ကွဲရာအား ဖျက်ဆီးသွားသည်။

ဤအဖြစ်ကြောင့် အရှင်သခင်အားလုံး၏ အပျော်များ ပျက်စီးသွားပြီး အံ့ဩသွားဟန်များ ထင်ဟပ်လာသည်။

“မလုပ်နဲ့”

သူတို့၏မျက်စိရှေ့မှ လေဟာနယ် အက်ကွဲရာက ပျက်စီးသွားသောကြောင့် အရှင်သခင် ဆယ့်ရှစ်ယောက်လုံး သေမတတ် ကြောက်လန့်သွားကြသည်။ ထို့နောက် ကောင်းကင်ယံအား စွမ်းအင်တစ်မျိုးက လွှမ်းခြုံသွားပြီး ထိုအက်ကွဲရာအား ပြန်လည်ပြုပြင်လိုက်သဖြင့် ပြေးပေါက်ပိတ်သွားလေသည်။

ထိုမျှတင် မကသေးပဲ အားလုံး လိပ်ပြာလွင့်တတ် ထိတ်လန့်နေကြချိန်တွင် ကြီးမားချွန်ထက်သည့် လက်သည်းတစ်စုံက သူတို့ထံ ဝင်ရောက်သည်။

ရွှစ်! ရွှစ်! ရွှစ်!

အရှေ့၌ရှိနေသော အရှင်သခင်တစ်ချို့သည် မရှောင်တိမ်းနိုင်ခင်မှာပင် ထိုလက်သည်းများ၏ ထိုးဖောက်ခြင်း ခံလိုက်ရပြီး သွေးများ ပန်းထွက်လာလေသည်။ ထို့နောက် အဆိုပါလက်သည်းတစ်စုံသည် သေဆုံးသွားသည့် အရှင်သခင်များ၏ အလောင်းကိုယူ၍ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ဂျွတ်! ဂျွတ်!

ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်၍ ဝါးစားနေသောကြောင့် အရိုးကိုကိုက်မိသံနှင့် အသားစနှင့် သွေးများ ထွက်လာသည့်အသံများက မသေမျိုး ဟေးဒီးစ်ထံမှ ဆက်တိုက် ထွက်ပေါ်လာသည်။ ရဲရဲနီသည့် သွေးစများက သူ၏ပါးစပ်ထောင့်မှ စီးကျလာလေသည်။ ချွန်ထက်သော အစွယ်များ၌ အသားစနှင့် သွေးစများ ကပ်ညိနေသည်။

ဤမြင်ကွင်းကြောင့် ကွမ်းလင်အရှင်သခင်နှင့် ကျန်လူများ ကြောက်လန့်သွားကြသည်။

“အရသာ ရှိတယ်၊ အရသာ ရှိလိုက်တာ၊ ငါ ဒီလိုအသားမျိုး မစားရတာ အချိန်တော်တော် ကြာနေပြီ။ စားလို့ကောင်းလိုက်တာ”

မသေမျိုး ဟေးဒီးစ်သည် အရှင်သခင်များ၏ အလောင်းများကို ဝါးစားလျက်နှင့် ကွမ်းလင်အရှင်သခင်နှင့် ကျန်လူများကို အခြား စားတော်ပွဲကို ကြည့်သကဲ့သို့ အေးအေးစိုက်ကြည့်နေသည်။ ဤအဖြစ်ကြောင့် အရှင်သခင်များ ထိတ်လန့်သွားကြသည်။

သူတို့သည် မျိုးနွယ်များ၏ အရှင်သခင်များဖြစ်သော်လည်း ယခုအချိန်၌ မသေမျိုးဟေးဒီး၏ ပိုးကောင်ကို ဝါးစားသကဲ့သို့ ဝါးစားခြင်း ခံနေရသည်။

ဤသို့ ပြင်းထန်ရက်စက်လှသည့် မြင်ကွင်းကြောင့် ကျန်အရှင်သခင်များ အားနည်းသထက် နည်းသလို ခံစားလာရသည်။

ယခုအချိန်၌ တော်တော်များများသည် ဒူးများပျော့ခွေလာပြီး ကောင်းကင်ထက်၌ ဒူးထောက်ကာ မသေမျိုး ဟေးဒီးရှေ့ ဒူးထောက်၍ တောင်းပန်နေကြသည်။

“အရှင်ဟေးဒီးစ် အသက်ချမ်းသာပေးပါ၊ ဒီငယ်သား ကျေးကျွန်အဖြစ် ခစားပြီး တစ်သက်လုံး အရှင့်ကို သစ္စာခံပါ့မယ်”

“အရှင်၊ ကျွန်တော့်ကိုသာ လွှတ်ပေးရင် ကျွန်တော်နဲ့ ကျွန်တော့်လက်အောက်ငယ်သားအားလုံး အရှင့်အတွက် အသက်သေရင်သေပါစေ မမှုဘဲ တာဝန် ထမ်းဆောင်ပါ့မယ်”

“…”

ထိုအသံများက အော်ငိုမတတ် ထွက်ပေါ်လာသည်။ အရှင်သခင်များက ကြောက်လန့်၍ အော်ငိုလုနီးပါးဖြစ်ကာ မလှုပ်မယှက်နှင့် ကျင်ငယ်ရည်များ ထွက်ကျလာသည်အထိ ကြောက်လန့်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

*အသနားခံနေတာလား*

ဤမြင်ကွင်းကြောင့် မသေမျိုး ဟေးဒီးက သွေးပေနေသော နှုတ်ခမ်းကိုတွန့်၍ ပြုံးလိုက်သည်။

“မင်းတို့ ငါ့အတွက် ဘာမဆို လုပ်မှာလား”

ခြောက်ခြားဖွယ် အသံက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ဒူးထောက်နေသည့် အရှင်သခင်များက ခေါင်းကိုညိတ်၍ ပြန်ဖြေကြသည်။

“ဒီငယ်သားတွေက အရှင့်အတွက် ဘာမဆို လုပ်ပါ့မယ်၊ အဲ့ဒါကြောင့် အရှင် ကျွန်တော်တို့ကို တစ်ကြိမ်လောက် အသက်ချမ်းသာပေးဖို့ တောင်းဆိုချင်ပါတယ်”

*ဘာမဆိုတဲ့လား*

ထိုစကားကြောင့် မသေမျိုးဟေးဒီးက ရယ်မောလေသည်။

“ကောင်းပြီလေ၊ ဒီလိုဆိုရင် ငါ့အတွက် စားတော်ဆက်ပေးကြ”

*ဘယ်လို*

ထိုစကားကြောင့် အရှင်သခင်များ မှင်တက်သွားကြသည်။ သို့သော် သူတို့ ပြန်မတုံ့ပြန်နိုင်သေးခင်၌ မသေမျိုး ဟေးဒီးစ်၏ ပါးစပ်က အရှင်သခင်များပေါ်သို့ ရောက်ရှိလာသည်။

ဂျွတ်!

မသေမျိုး ဟေးဒီးစ်၏ ကိုက်သံနှင့်အတူ ငယ်သံပါအောင် အော်ဟစ်လိုက်သည့် အသံကလည်း ထွက်ပေါ် လာသည်။

“မလုပ်နဲ့၊ နာတယ်”

ထိုအရှင်သခင်များသည် အစွယ်များဖြင့် ကိုက်ဖြတ်ခံလိုက်ရသောကြောင့် ကြံရာမရ ဖြစ်သွားကြသည်။ မသေမျိုး ဟေးဒီးစ်သည် ပါးစပ်အပြည့် ကိုက်စားလိုက်နိုင်သဖြင့် သူ၏အပြုံးက ပို၍ပီပြင်လာသည်။

ကိုက်စားခံလိုက်ရသည့် အရှင်သခင်များ စူးစူးဝါးဝါး အော်ဟစ်နေစဉ်တွင် ကွမ်းလင်အရှင်သခင်နှင့် ကျန်အရှင်သခင်များက အဝေးသို့ မြန်မြန်ထွက်ပြေးကြလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် ကောင်းကင်ယံ၏ အဝေးတစ်နေရာသို့ ပျောက်ကွယ်နိုင် ပေတော့မည်။

သို့သော် ထိုအချိန်တွင် မသေမျိုး ဟေးဒီးစ်က တောင်ပံဖြန့်လာပြီး သူ့တစ်ကိုယ်လုံး လှစ်ခနဲ ပျောက်ကွယ် သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် ကွမ်းလင် အရှင်သခင်နှင့် အခြားသူများရှေ့သို့ ရောက်နေလေ၏။

“ငါ့အစာလေးတွေ မင်းတို့က ဘယ်သွားချင်နေတာလဲ”

ထိုအသံနှင့်အတူ ချွန်ထွက်သော တောင်ပံများကို ဖြန့်၍ လှုပ်ခါလိုက်သည်။ ထိုအခါ ကွမ်းလင်အရှင်သခင်နှင့် ကျန်အရှင်သခင်များအားလုံးသည် ချွန်ထက်သည့် တောင်ပံကြောင့် သေဆုံးကာ သွေးများ ပန်းထွက်လာသည်။

အားလုံး၏ ထိတ်လန့်တကြား အော်လိုက်သံနှင့်အတူ တောင်ပံတစ်စုံနှင့် ချွန်ထက်သော လက်သည်းတစ်စုံတို့က အရှင်သခင်များကို ဆွဲယူ၍ ပါးစပ်ထဲ ဆန့်သလောက် ပစ်ထည့်ကာ ဝါးစားလေတော့သည်။

“ဒီနေ့ ငါ မသေမျိုး ဟေးဒီးစ် လွတ်လာပြီ”

“မင်းတို့ရဲ့ ကျန်တဲ့နေ့ရက်တွေကို အဆုံးသတ်ပစ်မယ်”

မသေမျိုး ဟေးဒီးစ်သည် အရှင်သခင်များကို ဝါးစားလျက် စကြဝဠာ၏ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်၍ ရေရွတ်လိုက်သည်။

မသေမျိုး ဟေးဒီးစ်သည် ကြမ်းကြုတ်ခက်ထန်၍ ရက်စက်လှပေ၏။

Chapter 672 ငါ ပြန်လာပြီ

မျိုးနွယ်သုံးခု၌ ဆိုးရွားသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရလေသည်။ မသေမျိုး ဟေးဒီးစ်ကြောင့် ဂြိုဟ်များ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲပျက်ဆီးသွားကြသည်။

ထောင်သောင်းချီသော သက်ရှိသတ္တဝါများသည် မသေမျိုးဟေးဒီးစ်၏ စားတော်ပွဲများ ဖြစ်သွားကြလေသည်။ မသေမျိုး ဟေးဒီးစ်သည် သူ၏အစာအိမ်က ဘယ်သောအခါမှ မပြည့်နိုင်သကဲ့သို့ လောဘတကြီးဖြင့် သက်ရှိသတ္တဝါများအားလုံးကို အရှင်လတ်လတ် စားသောက်လေ၏။

လေပြင်းမုန်တိုင်းများ တိုက်ခတ်၍ သွေးမိုးရွာကာ မရေတွက်နိုင်သော သက်ရှိများစွာတို့ သေဆုံးကြလေသည်။ ယခုအချိန်၌ မသေမျိုး ဟေးဒီးသည် ချွန်ထက်သော လက်သည်းများကို ဘယ်ညာဝှေ့ယမ်းနေပြီး ဒါဇင်နှင့်ချီသော ဂြိုဟ်များစွာတို့ ပျက်ဆီးသွားသည်။

ဂြိုဟ်များပေါ်မှ သက်ရှိအများစုသည် ချက်ချင်းဆိုသလို သွေးအိုင်အဖြစ်သို့ ဘဝပြောင်းသွားရသည်။ မျိုးနွယ်သုံးခုထဲမှ အသန်မာဆုံးဖြစ်သော နတ်ဘုရားမျိုးနွယ်မှ သိုင်းပညာရှင်များသာလျင် သေဘေးမှ ကပ်သီးလေး ကပ်လွတ်လာသည်။

သူတို့သည် ရုတ်တရက် ရောက်လာသော လူ့ဘီလူးကြီးကို လှမ်းကြည့်ပြီး ခြောက်ခြားနေကြသည်။

“မသေမျိုး ဟေးဒီးစ် … သူ … သူ ပြန်လာပြီ”

ထိုသိုင်းပညာရှင်များသည် မသေမျိုး ဟေးဒီးစ်ရှေ့တွင် မိမိကိုယ်မိမိ ပုရွက်ဆိတ်များကဲ့သို့ အားနည်းသလို ခံစားမိကြသည်။ ယခုအချိန်၌ အားလုံးသည် ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်နေပြီး ထွက်ပြေးချင်နေကြသည်။

ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသည့် ချွန်ထက်သော လက်သည်းများ လှုပ်ရှားလာပြီး ပုစွန်များကို ဖမ်းဆုပ်သကဲ့သို့ ထောင်ချီသည့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များကို ဖမ်း၍ သူတို့အား ပါးစပ်ထဲ ပစ်ထည့်ပြီး ကောက်ဝါးလေသည်။

ရဲရဲနီသော သွေးစက်များက မသေမျိုး ဟေးဒီးစ်၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ သူ၏မျက်လုံးများက တောက်ပနေပြီး စကြဝဠာထဲမှ တစ်နေရာကို စိုက်ကြည့်၍ ရေရွတ်လေသည်။

“မသေမျိုး အငွေ့အသက်ကို ငါ ခံစားနေရတယ်”

“ဟားဟားဟား … အင်မော်တယ်မျိုးနွယ်တွေနဲ့ မကောင်းဆိုးဝါးမျိုးနွယ်တွေက ငါ့ရဲ့ မသေမျိုး အရင်းအမြစ်လောက် မကောင်းပင်မယ့် အရသာတော့ ရှိသားပဲ”

ထိုသို့ပြောပြီးနောက် သူသည် လက်သည်းများကို ထပ်၍လှုပ်လိုက်သည်။

“အား….”

ထိုအခါ ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်များကို ဖမ်းမိသွားပြီး ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ် လာသည်။ သူတို့သည် မသေမျိုး ဟေးဒီး၏ လက်ထဲ၌ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းသွားလေသည်။ လက်ဖြင့် တင်းကျပ်စွာ ဖမ်းချုပ်ခံထားရသဖြင့် သိုင်းပညာရှင်များသည် မသေမျိုး ဟေးဒီးစ်၏ စားစရာ ဖြစ်သွားလေတော့သည်။

နောက်ဆုံးသော နတ်ဘုရားမျိုးနွယ်များကို ဝါးစားပြီးနောက် မသေမျိုး ဟေးဒီးစ်သည် တောင်ပံကိုဖြန့်၍ လှုပ်ရှားလိုက်သည်။ ထိုအခါ သူ၏ ဧရာမခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။

ထို့အပြင် သူ ထွက်သွားသည့်အရပ်သည် … နဂါးငွေ့တန်း အင်ပါယာရှိရာ အရပ်ပင်။

…

ဤအဖြစ်အပျက်များကို ယဲ့ဖန် တစ်ခုမှမသိပေ။ သူသည် ယခုအချိန်၌ နဂါးငွေ့တန်း အင်ပါယာထဲသို့ ဝင်ရောက်နေ၏။

လက်ရှိ နဂါးငွေ့တန်း အင်ပါယာသည် သူ ထွက်သွားစဉ်ကထက် အဆပေါင်းများစွာ ပို၍ အင်အားကြီးနေသည်။ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် ချီယန်နတ်ဆိုးဘုရင်တို့ကိုသာ ပေါင်းလိုက်ပါက အနီးအနားရှိ နတ်ဘုရားနယ်မြေများကို စိတ်တိုင်းကျ ဖျက်ဆီးနိုင်ပေသည်။

နဂါးငွေ့တန်း အင်ပါယာ၌ သိုင်းပညာရှင်များက တိမ်လိုများပြားလှပြီး ထိတ်လန့်ဖွယ်ကောင်းလှသည်။ ကောင်းကင်၏ ထောင့်တစ်နေရာ၌ လူတစ်ယောက်က ခွန်အားကို ဆက်တိုက် တွက်ချက်လာသည်။

ယဲ့ဖန်သည် လမ်းတစ်လျှောက်သည် အေးချမ်းမှုမှလွဲ၍ အခြားအရာများကို မမြင်ခဲ့ပေ။ ဧကရီလင်းလန်၏ စီမံခန့်ခွဲမှုက သာလွန်ကောင်းမွန်လွန်းသည်ဟု သူ ဝန်ခံရပေမည်။ နဂါးငွေ့တန်း အင်ပါယာက အဆပေါင်းများစွာ နယ်မြေကြီးထွားလာသော်လည်း အစီအစဉ်တကျ ရှိနေသေးပေသည်။

ဂြိုဟ်များပေါ်၌ ယဲ့ဖန်၏ရုပ်တုက နေရာယူထားပြီး လူများက အရိုအသေပေးကြသည်။ ရုပ်တုများစွာ၌ ယုံကြည်မှု ခွန်အားများ ဖြစ်တည်နေသည်ကို ယဲ့ဖန် သတိထားလိုက်မိသည်။ တစ်နေ့တွင် ဤယုံကြည်မှု ခွန်အားက မိုးထိမြင့်တက်သွားနိုင်လောက်ပေသည်။

“ဒီနေ့ ငါ့ပုံစံက ငါ ထွက်သွားခဲ့တဲ့အချိန်က ပုံစံနဲ့ အတော်လေး ကွာသွားပြီ၊ သူတို့ ငါ့ကို ခွဲခြားနိုင်ပါ့မလားဆိုတာကို ငါ သိချင်မိတယ်”

အဆိုပါ ရုပ်တုများသည် သူ ထွက်သွားစဉ်က ပုံစံကို ထုလုပ်ထားခြင်း ဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့် အနက်ရောင် ဆံပင်ရှိသောပုံဖြစ်ပြီး နတ်ဆိုးဆန်လာသည်။

ယခုလက်ရှိ ယဲ့ဖန်၏ပုံစံမှာမူ ဆံပင်အဖြူရောင် ဖြစ်နေပြီး နဖူး၌ အက်ရာတစ်ခု ရှိနေသေးသည်။ ဤသည်က သူ့အား ယခင်ပုံစံနှင့် ယှဉ်လျင် မတူသော လူနှစ်ယောက်သဖွယ် ဖြစ်နေ၏။ သူနှင့် အရင်းနှီးဆုံးသူများဖြစ်သည့် အမှောင်သခင်တို့သာ သူ့ကို မှတ်မိနိုင်လောက်သည်။

“နေအဖွဲ့အစည်းက ရှေ့နားမှာပဲ”

“နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပြီ”

ယဲ့ဖန်သည် အသာအယာပြုံး၍ မရဏနတ်ဆိုးနှင့် ခေါင်းပြောင်ငှက်တို့နှင့်အတူ နေအဖွဲ့အစည်းထဲသို့ ခြေချလိုက်သည်။

နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုဟ်၌ ယနေ့ခေတ်တွင် အရာအားလုံးက ကြီးပွားတိုးတက်၍ စည်ပင်သာယာလျက် ရှိသည်။

ကျန်းရှီမြို့သည် ကမ္ဘာတစ်ခုလုံး၏ ပင်မမြို့တော်ကြီး ဖြစ်လာသည်။ မိုးမြင့်မျှော်စင်ပေါင်းများစွာတို့ကို ဆောက်လုပ်ထားပြီး လူအများက သန်မာသော သိုင်းပညာရှင်များ ဖြစ်လေသည်။

ဤနေရာသည် ကမ္ဘာမြေတစ်ခုလုံး၏ နှလုံးသား ဖြစ်ပုံရသည်။ သို့သော် ကျန်းရှီမြို့၏ မြို့ပြင်တစ်နေရာ၌ အိမ်တော်တစ်ခု ရှိလေသည်။ ထိုအိမ်တော်သည် စစ်နတ်ဘုရား အိမ်တော်ဖြစ်ပြီး ယဲ့ဖန် နေခဲ့သည့်အိမ် ဖြစ်သည်။

စစ်နတ်ဘုရား အိမ်တော်၏ အကျယ်အဝန်းသည် အဆပေါင်းများစွာ ကျယ်ပြန့်နေ၏။ တုံးရှန့်ရွှေများဖြင့် တည်ဆောက်ထားသည့် ခြံတံတိုင်းက အိမ်တော်တစ်ခုလုံးအား ရင်သက်ရှုမော ဖြစ်သွားစေသသည်။

အိမ်ဝန်းကျင်၌ အစောင့်အကြပ်များက ခေါက်တုံ့ခေါက်ပြန် လျှောက်၍ စောင့်ကြပ်နေ၏။ အစောင့်အရှောက် များလွန်းလှပေသည်။

စစ်နတ်ဘုရားအိမ်တော်ရှေ့မှ ဖြတ်သွားသည့် ကမ္ဘာမြေသား သိုင်းပညာရှင်တိုင်းသည် ဆက်လျှောက်မသွားဘဲ အိမ်ရှေ့၌ ရပ်၍ အရိုအသေပေးကြလေသည်။

လက်ရှိအချိန်၌ စစ်နတ်ဘုရား အိမ်တော်ရှေ့ရှိ အစောင့်တစ်ယောက်သည် လှပချောမောသည့် မိန်းမလှလေးများစွာနှင့် တက်တက်ကြွကြွ စကားပြောနေ၏။

ထိုမိန်းကလေးများသည် ကျောင်းသူများ ဖြစ်ဟန်တူပြီး ဖြူစင်၍ ချစ်စဖွယ်ကောင်းလှသည်။ လတ်တလော၌ မိန်းကလေးတိုင်းက ထိုအစောင့်အား အားကျဟန်ဖြင့် စကားပြောနေလေသည်။

“အစ်ကိုကြီး လီဖန်း၊ ရှင်က စစ်နတ်ဘုရား အိမ်တော်က အစောင့်တစ်ယောက် ဖြစ်လာတယ်ဆိုတော့ သိပ်တော်တာပဲနော်၊ ရှင် စစ်နတ်ဘုရား အရှင်သခင်နဲ့ တွေ့ဖူးလား”

ဤလှပချောမောလှသည့် မိန်းကလေးများကိုကြည့်ပြီး လီဖန်းဟူသည့် အစောင့်က နှုတ်ခမ်းကိုတွန့်၍ ကျေနပ်ပျော်ရွှင်စွာ ပြောလိုက်သည်။

“ဒါပေါ့၊ ငါ မြင်တာဖူးပေါ့၊ ငါ မြင်ဖူးရုံတင်မကဘူးကွ၊ စစ်နတ်ဘုရားကိုယ်တိုင် ငါ့ကို ဒီနေရာ ခန့်ထားတာ”

*ဘာ*

*စစ်နတ်ဘုရားကိုယ်တိုင် ခန့်ထားတာလား*

ထိုစကားကြောင့် ဘေးပတ်လည်မှ မိန်းမချောလေးတိုင်းသည် အစောင့်အား အားကျသလို ကြည့်လာကြသည်။ နဂါးငွေ့တန်း စစ်နတ်ဘုရားသည် အလွန် ထူးဆန်းလှသောသူဖြစ်မှန်း သူတို့အားလုံး သိထားကြလေသည်။ ထို့ကြောင့် သူ ခန့်ထားသည့် ပါရမီရှင်များအားလုံးသည် သာမန်ထက် ထူးကဲသောသူများသာ ဖြစ်သည်။ ယခုအခါတွင်လည်း လီဖန်းက သူ့ကို စစ်နတ်ဘုရားကိုယ်တိုင် ခန့်ထားခြင်း ဖြစ်သည်ဟု ပြောလာ၏။

“ဝိုး … အစ်ကိုကြီးလီဖန်း၊ ရှင်က သိပ်တော်တာပဲ၊ ရှင်က စစ်နတ်ဘုရား ကိုယ်တိုင်တာဝန်ပေးတာကို ခန့်ထားရတာဆိုတော့လေ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ စစ်နတ်ဘုရားကိုယ်တိုင် အစ်ကိုကြီးလီဖန်းကို ခန့်တယ်ဆိုတော့ သူက ရှင့်အရည်အချင်းကို သဘောကျနေလို့ဆိုတာ သေချာတယ်”

“စစ်နတ်ဘုရား ပြန်လာပြီးတာနဲ့ အစ်ကိုကြီးလီဖန်းက ဒီ့ထက်အဆင့်မြင့်သွားလောက်တယ်”

“…”

လက်ရှိအချိန်၌ များစွာသော မိန်းမလှလေးများသည် လီဖန်းအား အထာပေးနေကြလေသည်။ ချက်ချင်းဆိုသလိုပင် လီဖန်းသည် နှလုံးခုန်မြန်လာပြီး ပိုပို၍ စိတ်လှုပ်ရှားလာသည်။

“ဟီးဟီး … အမှန်အတိုင်းပြောရရင် ငါက စစ်နတ်ဘုရားနဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။ အတိတ်တုန်းက ငါ သူ့ကို ခဏခဏ ကူညီခဲ့ဖူးတာလေ”

“အခု သူက ငါ့ကို အစောင့်အဖြစ် ခန့်ထားတာဆိုတော့ ငါ ဂုဏ်ယူရတာပေါ့၊ စစ်နတ်ဘုရား ပြန်လာတာကို စောင့်နေလိုက်၊ ပြီးရင်တော့ ငါ့အဆင့်အတန်းက မိုးအထိ မြင့်တက်သွားပြီးတော့ အားလုံးကို လွှမ်းမိုးသွားလိမ့်မယ်”

လီဖန်း၏ အလေးအနက်ပြောနေပုံရသော စကားများကို နားထောင်ပြီး ဖြူစင်၍ လှပသော မိန်းကလေးများ အံ့အားသင့်သွားပြီး လီဖန်းအား ပို၍လေးစားအားကျဟန်ဖြင့် ကြည့်လာကြသည်။

ဒေါက်! ဒေါက်!

ထိုစဉ် ခြေသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် လီဖန်းနှင့် မိန်းမလှလေးများ အနည်းငယ် အံ့အားသင့်သွားသည်။

*ဟမ်*

အားလုံး လှည့်ကြည့်လိုက်သောအခါ ဆံပင်အဖြူရောင်နှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသား တစ်ယောက်က ဤနေရာသို့ ဖြည်းဖြည်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူ့နဖူး၌ သွေးစွန်းနေသည့် အက်ရာတစ်ခုလည်း ရှိနေသည်။ သူ၏ပုံစံက ထူးဆန်း၍ မိစ္ဆာဆန်လှသည်။

“ဟေ့ကောင်၊ ဒါ စစ်နတ်ဘုရားရဲ့ အိမ်ပဲ၊ အခြေအမြစ်မရှိတဲ့လူတွေက အဲ့မှာနေနေ၊ အနားကပ်မလာနဲ့”

လီဖန်းက မိန်းမလှလေးများစွာ၏ အရှေ့၌ အစောင့်ဟူသည့်ဂုဏ်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြခြင်း ဖြစ်လေသည်။ ယခုအချိန်၌ သူသည် ဂုဏ်ယူဟန်အပြည့်ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“စစ်နတ်ဘုရားအိမ်တော်နား မြန်မြန်လာ အရိုအသေပေးပြီးတာနဲ့ ထွက်သွားတော့”

လီဖန်းသည် အလွန် ဂုဏ်ယူ၍ ဝင့်ကြွားသော မျက်နှာထားမျိုး လုပ််နေသောကြောင့် မိန်းမလှလေးများက တစ်ဒင်္ဂမျှ လေးစားသွားရသည်။

ထိုစဉ် ယဲ့ဖန်က သူ့စကားများကို မကြားသကဲ့သို့ ဆက်လျှောက်လာနေသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်ကို ဖြန့်ကြက်၍ ကြည့်လိုက်သောအခါ စစ်နတ်ဘုရား အိမ်တော်ထဲရှိ ဧကရီလင်းလန်း၊ အမှောင်သခင်နှင့် ချီယန်တို့အပြင် အခြားသူများအားလုံး အဝေးသို့ရောက်နေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူက တစ်ဖက်လှည့်၍ လီဖန်းအား အရေးမစိုက်သလို ကြည့်လိုက်သည်။

“ငါက ယဲ့ဖန်ပဲ”

“ဧကရီနဲ့ နတ်ဆိုးဘုရင်တွေကို ငါ ပြန်လာပြီလို့ သတင်းပို့လိုက်”

*ဘာ*

သူ့စကားကြောင့် လီဖန်းနှင့် မိန်းမလှလေးများ မသိမသာ အံ့အားသင့်သွားသည်။

*ယဲ့ဖန်တဲ့လား*

ထိုနာမည်က ထူးဆန်းသည်ဟု အားလုံး တွေးနေမိကြပြီးနောက် နဂါးငွေ့တန်း စစ်နတ်ဘုရား၏ အမည်က ယဲ့ဖန် ဖြစ်သည်ကို ပြန်မှတ်မိသွားကာ ရုတ်တရက် ဒေါသူပုန်ထသွားကြသည်။

“ခွေးမသား၊ မင်း … မင်းကများ အရှင်စစ်နတ်ဘုရားယောင် ဆောင်ရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ”

ချွင်!

လီဖန်းက ချက်ချင်းဆိုသလို ခါး၌ချိတ်ဆွဲထားသည့် ဓားကို ဆွဲထုတ်လိုက်သည်။

All Chapters