အခန်း (၆၇၃-၆၇၅)
Vol. 45 Ch. 673-675
Chapter 673 သခင်ကြီး ပြန်လာနေတဲ့အချိန် နတ်ဆိုးတွေက ဘယ်ရောက်နေတာလဲ
လီဖန်းသည် မောက်မာသော အမူအရာဖြင့် ဓားကိုဆွဲထုတ်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်ကို ထုတ်ဖော်လာသည်။
ယဲ့ဖန်ကို ကြည့်နေသည့် လီဖန်း၏အကြည့်များက ယဲ့ဖန်သာ ရှေ့တစ်လှမ်း တိုးလာပါက ဓားဖြင့် ခုတ်သတ်ခံရမည် ဟူသည့် အကြည့်ပင်။
*ဟန်ဆောင်တယ်တဲ့လား*
ထိုစကားကြောင့် အနီးအနားမှ မိန်းကလေးများ သွားလာနေရာမှ ရပ်သွားသည်။ သူတို့သည် ယဲ့ဖန်၏ အသွင်အပြင်ကို စိုက်ကြည့်လိုက်ပြီး စစ်နတ်ဘုရားရုပ်တုကို ပြန်မြင်ယောင်လာပြီးနောက် ရုတ်တရက် သူတို့မျက်စိရှေ့မှလူက စစ်နတ်ဘုရားနှင့် အနည်းငယ် တူနေသည်ဟု ခံစားမိသွားသည်။
ထို့နောက် သူတို့က လီဖန်းအား အလျင်အမြန် တိုက်တွန်းလိုက်သည်။
“အစ်ကိုကြီးလီဖန်း၊ ဒီလူက စစ်နတ်ဘုရားနဲ့ တကယ် ရုပ်တူတယ်နော်”
“ဟုတ်တယ်၊ ကျွန်မ စစ်နတ်ဘုရားရုပ်တုကို နေ့တိုင်း အရိုအသေသွားပေးတာ။ သူ့ဆံပင်နဲ့ နဖူးပုံစံကလွဲရင် ဒီလူက စစ်နတ်ဘုရားနဲ့ တော်တော်လေး တူတာ”
“အစ်ကိုကြီးလီဖန်း ရှင် စစ်ဆေးဖို့ရှိသေးတာမို့ အထင်မမှားနဲ့ဦးနော်”
“…”
လက်ရှိအချိန်၌ မိန်းမချောလေးများက လီဖန်းအား ဖျောင်းဖျနေကြလေသည်။ သို့သော် လီဖန်းသည် ဖျောင်းဖျခံရလေ ပိုမယုံလေ ဖြစ်သည်။
အစောပိုင်းက သူသည် မိန်းမချောလေးများရှေ့၌ သူ့အား စစ်နတ်ဘုရားကိုယ်တိုင် ခန့်အပ်ထားခြင်းဖြစ်ပြီး သူသည် စစ်နတ်ဘုရား၏ သူငယ်ချင်းလည်း ဖြစ်သည်ဟု ပြောခဲ့သည်။ အကယ်၍ သူ တွေဝေနေပါက တစ်ဖက်လူထံ၌ အလိမ်ပေါ်သွားပေလိမ့်မည်။
အထူးသဖြင့် စစ်နတ်ဘုရားယဲ့ဖန်နှင့် ရုပ်ချင်းဆင်သူ အလွန်များလှသည်။ အချို့သောသူများသည် ယဲ့ဖန်ကဲ့သို့ ဝတ်စား၍ မကြာခဏ လာရောက်လှည့်စားလေ့ ရှိသည်။
လက်ရှိအချိန်၌ ဤလူသည် ဆံပင်အဖြူရောင် ရှိနေသည်။ ထို့ကြောင့် ဤလူက ယဲ့ဖန် လုံးဝမဖြစ်နိုင်ဟု သေချာပေါက် ဆုံးဖြတ်ချက် ချလိုက်သည်။
*သူက အတုပဲ*
“အေးပါ၊ ငါ့ကို လာမပြောကြနဲ့၊ စစ်နတ်ဘုရားနဲ့ ငါက သူငယ်ချင်းတွေပဲကို၊ သူ့ဆံပင်နဲ့ မျက်နှာကို ငါ သိတာပေါ့၊ ငါ ဘယ်လိုလုပ် မှားနိုင်မှာလဲ”
ထိုသို့ပြောပြီးနောက် လီဖန်းက အထင်သေးသလိုပြုံး၍ ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။
“ကောင်လေး၊ မင်းအကွက်တွေကို ငါ ကြိုမြင်ပြီးသား”
“ငါ့အထင် စစ်နတ်ဘုရား ပြန်မလာသေးသလို ဧကရီနဲ့ အကြီးအကဲတွေလည်း ဒီမှာမရှိလို့ မင်းက စစ်နတ်ဘုရားဟန် ဆောင်ပြီး စစ်နတ်ဘုရားအိမ်တော်ထဲက အရင်းအမြစ်တစ်ချို့ကို ခိုးယူပြီး ထွက်ပြေး ချင်နေတာပဲ”
“မင်းလှည့်ကွက်တွေကို ငါ ရိုးနေပြီ”
လီဖန်း၏စကားကြောင့် ယဲ့ဖန် ဒေါသူပုန်ထလုနီးပါး ဖြစ်နေသည်။ ဤအစောင့်က မိန်းမချောလေးများ ရှေ့၌ ဟိတ်ဟန်ထုတ်ချင်၍ သူ့စကားက အမှန်လား၊ အမှားလား မစစ်ဆေးပဲ အတုဖြစ်သည်ဟု ပိတ်ပြောနေခြင်းကို သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
“အခု မင်းမှာ အခွင့်အရေးရှိတုန်း ဧကရီနဲ့ နတ်ဆိုးဘုရင်ကို သွားပြောလိုက်”
ယဲ့ဖန်က လီဖန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏စကားများက အထက်စီးဆန်၍ ခြယ်လှယ် လွန်းသည်။ သို့သော် သူ့စကားကြောင့် လီဖန်း၏မျက်နှာထားက ပို၍မည်းမှောင်သွားသည်။
“ကောင်းပြီလေ၊ တော်တော် မဆင်မခြင်လုပ်တဲ့ကောင်ပဲ၊ သူကများ စစ်နတ်ဘုရားအိမ်တော်ရဲ့ ခေါင်းဆောင်ကို လှည့်စားချင်သေးတယ်”
“အခု မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးလိုက်မယ်”
“မင်းက အတုဆိုတာကို ဝန်ခံပြီးတော့ ဒူးထောက်ပြီး ကိုယ့်ပါးကိုယ် ရိုက်လိုက်၊ ပြီးရင် ငါနဲ့ စစ်နတ်ဘုရားဆီမှာ အပြစ်ရှိပါတယ်ဆိုပြီး အသနားခံ၊ အဲ့လိုလုပ်ပြီးရင် ကျန်းရှီမြို့က ထွက်သွားလိုက်တော့”
သူ့စကားကြောင့် ဘေးနားမှ မိန်းမချောလေးများ အံ့အားသင့်သွားသည်။
*ဒူးထောက်ပြီး ကိုယ့်ပါးကိုယ်ပြန်ချတဲ့လား*
ဤသည်မှာ သိုင်းပညာရှင်တစ်ယောက်ကို အကြီးအကျယ် စော်ကားလိုက်ခြင်းပင်။ ပြောရမည်ဆိုလျင် ယဲ့ဖန်က နတ်ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်ပြီး လီဖန်းနှင့် သိုင်းအဆင့် အတူတူနီးပါးပင်။
*လီဖန်းက ဒီလောက် အထက်စီးဆန်နေတာ၊ မတော်လို့ …*
ဤသို့တွေးမိပြီးနောက် မိန်းမချောလေးများက ထပ်၍ဖျောင်းဖျရန် ပြင်လိုက်သည်။ သို့သော် လီဖန်းက လက်ကာပြပြီး ပို၍သရော်ဟန်ဖြင့် ပြုံးလာသည်။
သူ ယဲ့ဖန်ကို စစ်ဆေးကြည့်ပြီးပြီ ဖြစ်သည်။ ယဲ့ဖန်သည် နတ်ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်သော်လည်း သူ့လောက် အရည်အချင်း ရှိရန် မဖြစ်နိုင်သလို နောက်ထပ် အစောင့်များ ရောက်လာအောင် သူ အော်ခေါ်ရန်လည်း မလိုအပ်ဟု တွေးမိသည်။
“ဘယ်လိုလဲ၊ မင်း အသက်ရှင်ချင်လား ဒါမှမဟုတ် သေချင်နေပြီလား”
လီဖန်းက ယဲ့ဖန်အား ပို၍အေးစက်စွာ စိုက်ကြည့်လာသည်။ ဤမြင်ကွင်းကြောင့် ယဲ့ဖန် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။ သူ ကမ္ဘာဂြိုဟ်သို့ ပြန်လာချိန်တွင် ဤသို့ အမြင်ကျဉ်းသောကောင်မျိုးနှင့် ကြုံရလိမ့်မည်ဟု ထင်မထားမိချေ။
“ကောင်းပြီလေ၊ ဒီလိုကောင်မျိုးက မဆင်မခြင် လာပြုမူနေတယ်ပေါ့လေ”
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ထီမထင်သလို ပြုံးလိုက်ပြီး လီဖန်းထံသို့ လျှောက်သွားလိုက်သည်။ ဤအဖြစ်ကြောင့် လီဖန်း၏ မျက်နှာက မည်းမှောင်သွားသည်။
သူသည် မိန်းမချောလေးများရှေ့၌ ဟိတ်ဟန်ထုတ်၍ ဆံပင်အဖြူနှင့် ကောင်လေးကို အရှက်ကွဲအောင် လုပ်ပြီး သူ၏အစောင့်ဟူသော ဂုဏ်ကို ထုတ်ဖော်ပြချင်ရုံသာ ဖြစ်သည်။ ယဲ့ဖန်က တကယ် ရှေ့သို့ဆက်တိုးလာမည်ဟု သူ ထင်မထားမိပေ။
“ပြီးရောလေ၊ ဒါတွေအားလုံးက မင်းကြောင့်ဖြစ်တာ”
ထိုသို့ပြောပြီး လီဖန်းက ရုတ်တရက် ထအော်လိုက်သည်။
“လာကြဟေ့၊ လူတစ်ယောက်က စစ်နတ်ဘုရားဟန်ဆောင်ပြီး လာလှည့်စားနေတယ်”
ထိုစကားအဆုံး၌ ထိတ်လန့်ဖွယ်ကောင်းသော ပုံရိပ်များက လျှပ်စီးသဖွယ် ရုတ်တရက် ရောက်ရှိလာကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဒါဇင်နှင့်ချီသော အစောင့်များ ရောက်လာပြီး အားလုံးက အန္တရာယ်ပေးလိုသော အငွေ့အသက်များဖြင့် အေးတိအေးစက် စိုက်ကြည့်နေသည်။
ဤမြင်ကွင်းကြောင့် မိန်းမချောလေးများ အလွန် ထိတ်လန့်သွားကြသည်။ လီဖန်းက ကျယ်လောင်စွာ အော်ပြောလိုက်လိမ့်မည်ဟု သူတို့ မထင်ထားသလို သိုင်းပညာရှင်များစွာတို့က တိုက်ခိုက်ရန် ရောက်လာလိမ့်မည်ဟုလည်း ထင်မထားမိကြပေ။
လက်ရှိအချိန်၌ မိန်းမချောလေးများသည် လီဖန်းအား အားကျလေးစားသထက် လေးစားလာ၏။ သူတို့၏စိတ်ထဲတွင် ယဲ့ဖန်က လူလိမ်တစ်ယောက်ဟု စတွေးစပြုလာသည်။ ထိုစဉ် လီဖန်းက စကားစလာသည်။
“သူပဲ၊ အဲ့ဆံဖြူကောင်ပဲ၊ သူကများ စစ်နတ်ဘုရားအဖြစ် ဟန်ဆောင်ရဲတယ်ကွ၊ တော်တော် စောက်ကျက်သရေတုံးတဲ့ကောင်”
လီဖန်းက ထိုသို့ပြောပြီး လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။
“သူ့ကိုဖမ်းကြ”
သူ့စကားအဆုံး၌ ဒါဇင်ကျော်သော အစောင့်များက ယဲ့ဖန်ထံ ပြေးဝင်သွားကြသည်။ သူတို့သည် လက်များဆန့်၍ ယဲ့ဖန်၏ ခြေလက်များကို ဖမ်းချုပ်လာကြသည်။
ထိုအစောင့်များသည် အလွန် သန်မာလှပြီး တစ်ယောက်ချင်းစီက နတ်ဧကရာဇ်အဆင့်၌ ရှိကြသည်။ သူတို့အတူ တိုက်ခိုက်လာပါက အတော်လေး ကြောက်စရာ ကောင်းလှသည်။ ဤမြင်ကွင်းကြောင့် လီဖန်းက ပို၍အားရစွာ ပြုံးလိုက်သည်။ သူက မိန်းမချောလေးများကို အသာပြောလိုက်သည်။
“မင်းတို့မြင်လား၊ အဲ့ကောင်လေးရဲ့ ခြေလက်တွေကို ဖမ်းချုပ်ပြီး ချိုးဖဲ့ပစ်တော့မှာ၊ သူ အသားကုန် အော်ဟစ်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်လာရတော့မယ်၊ ဒါ အယောင်ဆောင်တစ်ယောက်ရဲ့ …”
လီဖန်းတစ်ယောက် မိန်းမချောလေးများကို ဟန်ထုတ်၍ ပြောနေစဉ်တွင် အော်သံတစ်သံကြောင့် သူ့အပြုံးက ရုတ်တရက် အေးခဲသွားသည်။
“ထွက်သွားစမ်း”
ယဲ့ဖန်ထံမှ အေးစက်စက် အော်သံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံကြောင့် ဒါဇင်နှင့်ချီသော အစောင့်များ ထိခိုက်ုဏ်ရာ ရထားကြသည်။
ရွှစ်! ရွှစ်! ရွှစ်!
ဒါဇင်နှင့်ချီသော အစောင့်များ၏ကိုယ်မှ သွေးများပန်းထွက်လာသည်။ အားလုံး၏ အရေပြားများ ကွဲအက်လာပြီး သူတို့၏ လက်အရိုးများ ကျိုးကြေကာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီးမှ မြေကြီးပေါ် ပြန်ပြုတ်ကျလာသည်။
လက်ရှိအချိန်၌ အားလုံး တိတ်ဆိတ်သွားလေသည်။ လီဖန်း ပြောနေသည့်စကားများအားလုံး လည်ပင်း၌ တစ်သွားပြီး မနည်း ပြန်မျိုချလိုက်ရသည်။
သူ၏ဘေးနားမှ မိန်းမချောလေးများက ပို၍ထိတ်လန့်နေ၏။ “ထွက်သွားစမ်း” ဟူသည့် စကားတစ်ခွန်းဖြင့် ဒါဇင်ကျော်သော အစောင့်များ လွင့်ထွက်သွားလိမ့်မည်ဟု ထင်မထားမိကြချေ။ ဤသည်မှာ နတ်ဆိုးဆန် လှပေ၏။
သို့သော် သူတို့ မသိလိုက်သည်မှာ ဤသည်က ယဲ့ဖန် ညှာတာသောအားဖြင့် အားအနည်းငယ်သာ စိုက်ထုတ်ထားသည့် အချက်ပင်။
အကယ်၍ သူသာ အားကုန်သုံး၍ အော်လိုက်ပါက ဒါဇင်ကျော်သော အစောင့်များအားလုံး အမှုန့်ဖြစ်သွားပြီး ကျန်းရှီမြို့တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
“မင်း … မင်းကများ စစ်နတ်ဘုရားအိမ်က အစောင့်တွေကို ထိခိုက်အောင် လုပ်ရဲတယ်လား”
လီဖန်း မျက်ခုံးလှုပ်ထားပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။
“ချီးတဲ့မှ၊ စစ်နတ်ဘုရားအိမ်တော်က အစောင့်ကို ထိခိုက်အောင် လုပ်ရင် မင်း သေရမယ်ကွ၊ ပြီးတော့ မင်းနောက်က လူအားလုံးလည်း သေရမယ်”
လီဖန်း၏မျက်နှာ၌ ထိတ်လန့်သွေးပျက်ဟန်များ ပေါ်လာသည်။
“ငါ အရှင်ဝူနဲ့တွေ့ပြီး မင်းကို အရေးယူခိုင်းမယ်၊ ငါ ဧကရီနဲ့တွေ့ပြီး မင်းကို အရေးယူခိုင်းမယ်၊ မင်းတော့ သေပြီသာမှတ်”
လီဖန်း၏အသံ၌ ကြောက်လန့်နေဟန်များ ပျော်ဝင်နေသည်။ သူ့စကားကြောင့် ယဲ့ဖန်က ရယ်မောလိုက်သည်။
“ဒီလိုဆိုမှတော့ ငါ မင်းကို ကူညီပြီးတော့ သူတို့ကို ရှာပေးရမှာပေါ့”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က မရဏနတ်ဆိုးကို ခေါင်းညိတ်၍ အချက်ပြလိုက်သည်။ ထိုအခါ မရဏနတ်ဆိုးက ရှေ့သို့ တက်လာသည်။ သူ့၌ တည်ငြိမ်သော အနေအထားရှိပြီး သာမန်အဘိုးအိုနှင့် တူနေပြီး သူ့ထံမှ မည်သည့် နတ်ဘုရားစွမ်းအင်ကိုမှ ခံစား၍မရပေ။
သို့သော် ယခုအချိန်၌ သူက ရင်ကိုကော့၍ ဟစ်ကြွေးလိုက်သည်။
“သခင်ကြီး ပြန်လာနေတဲ့အချိန် နတ်ဆိုးတွေအားလုံးက ဘယ်ရောက်နေတာလဲ”
ထိုအသံသည် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု အသွင်ပြောင်းသွားပြီး ကမ္ဘာဂြိုဟ်အနှံ့သို့ ပဲ့တင်ထပ်သွားလေသည်။
Chapter 674 ထောင်ချီသော နတ်ဆိုးများ ထွက်လာကြပြီ
ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဒေသသည် အလွန်တရာ အေးစက်သောဒေသဖြစ်သည်။ ထိုဒေသ၌ နှင်းမှုန်များ အဆက်မပြတ် ကျဆင်းနေပြီး နေရာတိုင်း၌ ရေခဲထုများက လွှမ်းခြုံထားသည်။ နှစ်ထောင်ပေါင်းများစွာ တည်ရှိနေသော ရေခဲမြစ်က အရာအားလုံးကို အေးခဲနိုင်ပုံရသည်။
သို့သော် ထိုနေရာ၌ လောင်ကျွမ်းနေသည့် မီးတောက်တစ်ခု ရှိသည်။ ထိုမီးတောက်သည် သွေးကဲ့သို့ ရဲရဲနီနေ၏။ ထိုသည်မသာပေ။ ထိုမီးတောက်အောက်၌ ဘေးပတ်လည်မှ နှစ်ထောင်ပေါင်းများစွာ တည်ရှိနေသော ရေခဲမြစ်သည် ဆက်တိုက် အရည်ပျော်ကျနေ၏။ အဆိုပါ ရဲရဲနီနေသည့် မီးတောက်သည် မိုးကောင်းကင်နှင့် မြေကြီးတို့အား မီးလောင်တိုက် သွင်းနိုင်သည့်ပုံပင်။
ထိုတမြည့်မြည့် တောက်လောက်နေသော မီးတောက်ထဲ၌ အဝတ်ဗလာနှင့် အမျိုးသားတစ်ယောက်က တင်ပုလ္လင်ခွေ၍ ထိုင်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။
သူ၏ခန္ဓာကိုယ်များနှင့် မီးနှင့်ရေခဲတို့၏ အရောင်ကို ထုတ်ဖော်ပြသနေ၏။ ခန္ဓာကိုယ်တစ်ခြမ်းက ဖြူ၍ တစ်ခြမ်းက နီရဲနေသည်။ သူ၏ဆံပင်တစ်ချောင်းချင်းစီကပင် အဖြူတစ်ဝက် အနီတစ်ဝက် ဖြစ်နေသောကြောင့် ရေခဲမီးနတ်ဘုရားဟု ထင်မှတ်မှားရပြီး ရင်သက်ရှုမောဖွယ် ကောင်းလှသည်။
ထိုသူသည်ကား ချီယန်နတ်ဆိုးဘုရင်ပင် ဖြစ်လေသည်။
အစောပိုင်းအချိန်များက ယဲ့ဖန် သူ့ကို ပြန်အသက်သွင်းချိန်၌ တိမ်ပျံဘိုးဘေး၏ အသက်စွမ်းအင်ထဲမှ ရေခဲမီး စွမ်းအင်ရင်းမြစ်က သူ၏နတ်ဆိုးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ယခုအခါတွင် သူသည် ထိုစွမ်းအင်အား အပြီးသတ် သန့်စင်ပြီးသွားလေသည်။
“ပေါင်းစပ်စမ်း”
ထိုသို့ရုတ်တရက် အော်လိုက်ပြီးနောက် ချီယန်နတ်ဆိုးဘုရင်သည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးအောက်မှနေ၍ ရဲရဲနီနေသည့် မီးတောက်များနှင့် နှင်းစက်များ ထွက်ပေါ်လာသည်။ ထို့နောက် သူ့ဘေးပတ်လည်မှ မီးတောက်များက ပွက်ပွက်ဆူလာလေသည်။
ထိုမီးတောက်များက ဘေးပတ်လည်ရှိ ရေခဲမြစ်ထဲသို့ စီးဝင်သွားသည်။ ထိုအခါ ထိုရေခဲမြစ်ပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ပေါ်လာပြီး ရေခဲမြစ်က အရည်ပျော်သွားလေသည်။ ရုတ်တရက် ရေခဲမြစ်တွင်းမှ ရေခဲများအားလုံး ပင်လယ်ရေအဖြစ်သို့ အရည်ပျော်ကျ၍ စီးဆင်းသွားသည်။
ထိုသည်သာမကပေ၊ နှစ်ထောင်သောင်းများစွာ တည်ရှိနေသည့် ရေခဲထုကြီးသည်လည်း ချက်ချင်း အရည်ပျော် ကျသွားသည်။
များစွာသော ပင်လယ်ရေများက ရုတ်ချည်းဆိုသလို မြင့်တက်လာပြီး ကမ္ဘာမြေ၏ သမုဒ္ဒရာထဲသို့ ဝင်ရောက်သွားသည်။ ပင်လယ်ရေများ တိုးဝှေ့စီးဆင်းသံများက အတောမသတ်ပေ။
ပင်လယ်ရေထဲမှ လှိုင်းသံများ ထွက်ပေါ်လာပြီး ရေမျက်နှာပြင် မြင့်တက်လာသည်။ ထိုလှိုင်းလုံးများသည် တစ်ခဏအတွင်း၌ ဆူနာမီလှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရေစုန်အတိုင်း စီးဆင်းတော့မလို ဖြစ်လာသည်။
ထိုစဉ် ချီယန် နတ်ဆိုးဘုရင်က နှုတ်ခမ်းကိုတွန့်၍ ပြုံးလိုက်သည်။
“ချိပ်ပိတ်စမ်း”
ထိုစကားသံအောက်၌ ရဲရဲနီနေသော မီးတောက်သည် အဖြူရောင်မီးတောက်အဖြစ် ပြောင်းလဲသွားသည်။ ထိုမီးတောက်သည် အနည်းငယ်မျှ အပူဓာတ်မရှိဘဲ ရေခဲမြစ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။ ထိုမီးတောက်အောက်၌ လှိုင်းထန်နေသော ပင်လယ်ရေက ချက်ချင်း အေးခဲသွားသည်။ တရိပ်ရိပ် မြင့်တက်လာသည့် လှိုင်းလှုံးများကလည်း လုံးဝ အေးခဲသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အာတိတ်သမုဒ္ဒရာထဲမှ ရေခဲမြစ်သည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ယခင်ကထက်တောင်မှ ပိုပို၍ အေးခဲလာ၏။
“အောင်မြင်ပြီ၊ နောက်ဆုံးတော့ ငါ့အနီရောင်မီးတောက်က ဆင့်ကဲပြောင်းလဲသွားပြီးတော့ ရေခဲမီး ဖြစ်သွားပြီပဲ”
ချီယန် နတ်ဆိုးဘုရင်၏ အမူအရာက အလွန်အမင်း စိတ်လှုပ်ရှားဟန် ပေါ်နေသည်။ သူသည် မတ်တပ်ထ ရပ်လိုက်သည်။ ထိုအခါ ပြင်းထန်သည့် အရှိန်အဝါက ဘေးပတ်လည်သို့ ပျံ့နှံ့သွားသည်။
ထိုအရှိန်အဝါသည် မိုးပြိုမတတ် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ယခုလက်ရှိအချိန်၌ ချီယန်နတ်ဆိုးဘုရင်သည် ယခင်ဘဝကထက် အဆဆယ်ဆမက ပို၍အင်အားကြီးလာပြီ ဖြစ်သည်။
သူသည် လက်သီးတစ်ချက် ထိုးကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် ဤလက်သီးချက် တစ်ချက်တည်းဖြင့် သာမန် နတ်ဘုရား အရှင်သခင်များ၊ အင်မော်တယ် အရှင်သခင်များနှင့် မကောင်းဆိုးဝါး အရှင်သခင်များကို သတ်ပစ်နိုင်သည်ဟု ခံစားမိလာသည်။
ထို့အပြင် နတ်ဘုရား အရှင်သခင်၊ အင်မော်တယ် အရှင်သခင်နှင့် မကောင်းဆိုးဝါး အရှင်သခင်များနှင့် သူ တိုက်ခိုက်ရုံမက ဖိနှိပ်နိုင်သည်ဟုပင် ခံစားမိလာသည်။ ချီယန် နတ်ဆိုးဘုရင်သည် ခေါင်းကိုမော့၍ မိုးကောင်းကင်အား လှမ်းကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။
“သခင်ကြီး၊ စကြဝဠာကြီးကို စိုးမိုးပြီး သွေးချောင်းစီးအောင် လုပ်ဖို့အတွက် ချီယန် အဆင်သင့် ဖြစ်နေပါပြီ”
သူ ကောင်းကင်ကိုမော့ကြည့်၍ ကြွေးကြော်နေချိန်၍ ခပ်ဝေးဝေးမှ ထိတ်လန့်ဖွယ် အသံတစ်သံ ထွက်ပေါ်လာသည်။
“သခင်ကြီး ပြန်ရောက်လာတဲ့အချိန် နတ်ဆိုးအားလုံးက ဘယ်ရောက်နေတာလဲ”
ထိုအသံကြောင့် ချီယန်နတ်ဆိုးဘုရင် အလွန် အံ့အားသင့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်ရည်များ ရစ်ဝဲလာသည်။
“ဒီ … ဒီအသံက အစ်ကိုတော် မရဏရဲ့ အသံပဲ၊ သူ … သူ ပြန်လာပြီ၊ သခင်ကြီး ပြန်လာပြီ”
ချီယန် နတ်ဆိုးဘုရင်သည် သွေးပွက်ပွက်ဆူလာသလို ခံစားမိပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။ သူသည် လေကဲ့သို့ လှစ်ခနဲ လှုပ်ရှားလာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
…
တစ်ချိန်တည်းမှာပင် မဟေဠိဆန်သော ဘာမြူဒါ တြိဂံနယ်မြေတွင်း၌ အရပ်ရှည်ရှည်နှင့် အသားနက်မှောင်နေသော လူတစ်ယောက် ကျွန်းထိပ်၌ ရပ်နေလေသည်။ သူသည် လက်နောက်ပစ်၍ ဘုရင်တစ်ပါးကဲ့သို့ ငုံ့ကြည့်နေသည်။
“ချ”
ကျွန်းဆွယ်၏ တောင်ကုန်းပေါ်၌ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးများက တောင်ထိပ်ပေါ်သို့ အလျင်အမြန် ပြေးတက်လာသည်။ တစ်ယောက်ချင်းစီတိုင်းက အလွန် ကြံခိုင်သန်မာပေသည်။
တစ်ခဏအတွင်းမှာပင် တောင်ထိပ်ပေါ်ရှိ ကျောက်ဆောင်များ ပျက်စီးသွားလေသည်။ လူငယ်လေးများထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများက တောင်ထိပ်ပေါ်ရှိ လူကြီးပေါ်သို့ ရောက်ရှိလာသည်။
ထိုလူငယ်လေးများသည် ဆယ်ကျော်သက် အရွယ်လေးများ ဖြစ်ပုံရပြီး သူတို့၏မျက်နှာထား ရင့်ကျက်ပုံ မရသေးပေ။ သို့သော် ထိုဆယ်ကျော်သက် လူငယ်လေးများ၏ မျက်လုံးများသည် သိမ်းငှက်မျက်လုံးကဲ့သို့ စူးရှလာသည်။
ယခုအချိန်၌ သူတို့၏ တိုက်ခိုက်မှုအောက်တွင် တောင်ထိပ်တစ်ခုလုံး ပြိုလဲမတတ် ဖြစ်လာသည်။ ပြင်းထန်လှသည့် တိုက်ခိုက်မှုက တောင်ထိပ်ပေါ်ရှိ လူကြီးပေါ်သို့ အရှိန်ဖြင့် ကျရောက်လာသည်။
ချက်ချင်းဆိုသလိုပင် ထိုလူကြီးသည် နတ်ဆိုးချီမျှင်စုအသွင် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ ထိုနေရာမှနေ၍ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံသာ ထွက်ပေါ်လာသည်။
“မင်းတို့ရဲ့ တိုက်ခိုက်မှုထောင့်ချိုးက လုံလောက်အောင် ပရိယာယ် မများသေးဘူး၊ သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်ကလည်း မပြည့်စုံသေးဘူး”
“မင်းတို့ အသေသတ်ရမယ်ဆိုတဲ့ စိတ်ကို မှတ်ထားပါ”
“ဓားကိုယူပြီး ပြန်ဆင်းတော့”
ထိုအသံအဆုံး၌ နတ်ဆိုးချီမျှင်စုမှနေ၍ ယခင် လူအသွင်သို့ ပြန်ပြောင်းလာသည်။ ထိုစကားကြောင့် အနက်ရောင် ဝတ်စုံနှင့် ဆယ်ကျော်သက် လူငယ်လေးများက ဦးညွှတ်အရိုအသေ ပေးလာကြသည်။
“ဟုတ်ကဲ့ပါ ဆရာ”
သူတို့ ဆရာဟု ခေါ်နေသည့်သူသည် အမှောင်သခင် နတ်ဆိုးဘုရင်ပင် ဖြစ်လေသည်။ ထို့အပြင် အနက်ရောင်ဝတ်စုံနှင့် ဆယ်ကျော်သက် လူငယ်လေးများသည် ဟိုအရင်တစ်ချိန်က ကျန်းရှီမြို့၌ ယဲ့ဖန် လက်ခံမွေးစားခဲ့သည့် မိဘမဲ့ ကလေးများ ဖြစ်ကြပေသည်။
ယနေ့တွင်မူ ထိုကလေးများအားလုံးသည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ကြီးပြင်းလာလေသည်။ အားလုံးသည် ဆယ်ကျော်သက် အရွယ်လေးများ ဖြစ်သော်လည်း စက္ကန့်ပိုင်းအတွင်း၌ နတ်ဧကရာဇ်အဆင့်ကိုပင် သတ်နိုင်နေသည်။
သူတို့အား နတ်ဆိုးအစောင့်အရှောက်များဟု ခေါ်ဝေါ်ကြသည်။ အမှောင်သခင် နတ်ဆိုးဘုရင်၏ သင်ကြားပြသသော စကားအဆုံး၌ ထိုအနက်ရောင်ဝတ်စုံနှင့် ဆယ်ကျော်သက် လူငယ်လေးများက ခေါင်းပြန်မော့လာသည်။
“ဆရာ၊ သခင်ကြီး ဘယ်တော့ပြန်လာမှာလဲ၊ ကျွန်တော်တို့ သူ့ကို သတိရတယ်”
ထိုသို့ပြောနေချိန်တွင် ထိုဆယ်ကျော်သက် လူငယ်လေးများ၏ မျက်နှာများက မှုန်ရီလာသည်။ ပြီးခဲ့သည့် နှစ်များက ရှန့်ကျန်းမြို့မှ ဆရာသခင် လီကျိုးယောင်က ကျန်းနန်နှင့် ကျန်းရှီမြို့တို့ရှိ မရေတွက်နိုင်သော အင်အားစုများကို သတ်ဖြတ်ခဲ့သည်။ ထိုစဉ်အခါက ဤကလေးငယ်များသာ အသက်ရှင်ခဲ့ပြီး သူတို့ကို ယဲ့ဖန်က ခေါ်၍ စောင့်ရှောက်ထားခဲ့လေသည်။
ထို့ကြောင့် ယဲ့ဖန်သည်သာ သူတို့ လေးစားရသည့် ပုဂ္ဂိုလ်ဖြစ်ပြီး သူတို့၏ သခင်ကြီး ဖြစ်လေသည်။ အားလုံး၏ ယဲ့ဖန်အပေါ် တွယ်တာမှုက လွန်စွာ နက်ရှိုင်းလှသည်။
“သခင်ကြီးလား”
အမှောင်သခင် နတ်ဆိုးဘုရင်သည် ကောင်းကင်ကိုမော့ကြည့်၍ စဉ်းစားနေသည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်သည့်အချိန်၌ ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်လာသည်။
“သခင်ကြီး ပြန်ရောက်လာတဲ့အချိန် နတ်ဆိုးအားလုံးက ဘယ်ရောက်နေတာလဲ”
ထိုစကားသံသည် မိုးကောင်းကင်အား တုန်လှုပ်သွားအောင် ပြုလုပ်နိုင်သလို အမှောင်သခင် နတ်ဆိုးဘုရင်သည်လည်း တစ်ကိုယ်လုံး အပြင်းအထန် တုန်လှုပ်သွားသည်။ ထို့နောက် သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။
“ဒါ … အစ်ကိုတော် မရဏမဟုတ်လား”
အရိုးထဲထိ ရင်းနှီးနေသော အသံကြောင့် အမှောင်သခင် နတ်ဆိုးဘုရင် ဝမ်းသာသွားသည်။
“ကလေးတို့ သွားကြမယ်၊ သခင်ကြီးကို သွားတွေ့ကြမယ်”
ထိုသို့ပြောပြီးနောက် သူသည် ခန္ဓာကိုယ်ကို ဖျတ်ခနဲလှုပ်ရှား၍ နတ်ဆိုးချီမျှင်စု အသွင်ပြောင်းကာ အနက်ရောင် ဝတ်စုံနှင့် ဆယ်ကျော်သက် လူငယ်လေးများအားလုံးကို ခေါ်၍ ကောင်းကင်ယံသို့ ခရီးနှင်လေသည်။
…
သူတို့နှစ်ယောက်သာမက မရဏနတ်ဆိုး၏ အော်သံသည် ပဲ့တင်ထပ်သွားသည်နှင့် ကမ္ဘာမြေပေါ်ရှိ အန္တရာယ်များသော တားမြစ်နယ်မြေများစွာတို့မှ လူရိပ်များ တစ်ခုပြီးတစ်ခု ထွက်လာကြသည်။ သူတို့၏ အရှိန်က အလွန် လျင်မြန်လှသည်။ သူတို့ ချစ်ရသောသူနှင့် ပြန်ဆုံရန် မစောင့်နိုင်တော့သကဲ့သို့ စိုးရိမ်ပူပန်၍ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြလေသည်။
Chapter 675 ကျွန်တော်တို့ သခင်ကြီး ပြန်လာတာကို ကြိုဆိုပါတယ်
ဧကရီခန်းမအတွင်း၌ လင်းလန်သည် စားပွဲခုံ၌ ထိုင်နေသည်။ သူမစားပွဲ၌ မှော်စာလုံးများစွာတို့ဖြင့် ပြည့်နှက်နေသည်။
နဂါးငွေ့တန်း အင်ပါယာ၏ ကြောက်ခမန်းလိလိ အင်ပါယာနယ်မြေ တိုးပွားလာမှုနှင့်အတူ သိုင်းပညာရှင်များ ပိုများလာပြီး ဂြိုဟ်နယ်မြေများစွာတို့ကိုပါ ပိုင်ဆိုင်လာရသည်။ ထို့အတူ ဧကရီလင်းလန်သည်လည်း ပို၍အလုပ်များလာသည်။
သူမသည် ယခုအထိ လှပ၍ ကျက်သရေရှိနေသေးသည်။ သူမ၏ လှပသော မျက်လုံးလေးများက အရောင်ဖျော့၍ ချစ်စဖွယ် မျက်နှာလေးက ပင်ပန်းပုံ ပေါ်နေသည်။ သူမ၏ တောက်ပသော အနက်ရောင် ဆံကေသာများတောင်မှ အဖြူရောင် ပြောင်းလာသည်။
လင်းလန်သည် ကြီးထွားလာသော နဂါးငွေ့တန်း အင်ပါယာကို ဂရုစိုက်ရန် အလွန် အလုပ်ကြိုးစားနေရသည်။ သူမ ပင်ပန်းလွန်း၍ အကြိမ်ပေါင်းများစွာ အိပ်ချင်သော်လည်း မအိပ်နိုင်ပေ။ အကြောင်းရင်းမှာ ထိုသူကြောင့်ပင်။
သူမသည် သူ၏နောက်ခံ တည်ငြိမ်အောင် ကူညီပေးချင်ပြီး သူ့အတွက် တောင့်တင်းခိုင်မာသော နောက်ခံအင်အားစု ဖြစ်လာအောင် ကူညီပေးချင်သည်။ နောက်ဆုံးသော တာဝန်ပြီးသွားချိန်မှာ သူမ စိတ်အေးသွားရသည်။
လင်းလန်သည် တစ်ကိုယ်လုံး စိတ်သက်သာရရသွားပြီးနောက် တစ်ကိုယ်လုံး ချွေးပြန်နေသည်ကို သတိထားလိုက်မိသည်။ သူမသည် စားပွဲပေါ်မှ ဓာတ်ပုံလေးတစ်ခုကို လှမ်းကြည့်ပြီး အချိုမြိန်ဆုံး အပြုံးကို ပြုံးလိုက်သည်။
ထိုပုံသည် ယဲ့ဖန်၏ပုံပင် ဖြစ်သည်။ ပုံထဲ၌ သူသည် အနက်ရောင်ဆံပင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ရက်စက်ကြမ်းကြုတ်၍ နတ်ဆိုးဆန်ပုံ ပေါ်လေသည်။
“ယဲ့ဖန်၊ ရှင် ဘယ်မှာလဲ၊ ရှင် အခု နေများကောင်းရဲ့လား”
လင်းလန်၏ မျက်ဝန်းမှ သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်များ စီးကျလာသည်။ အခြားသူများ၏ အမြင်တွင် သူမသည် သံမဏိကဲ့သို့ မာကျောသည့် ဧကရီတစ်ပါး ဖြစ်သည်။ ထို့အပြင် သူမသည် ပထမဆုံးသော ဧကရီဖြစ်ပြီး အကျော်ကြားဆုံး အမျိုးသမီး တစ်ယောက်ဖြစ်သည်။ သို့သော် သူမသည အချိန်တိုင်း၊ မိနစ်တိုင်းနှင့် စက္ကန့်တိုင်းတွင် သူ့ကိုသာ လွမ်းဆွတ်၍ သူ့အတွက်သာ စိတ်ပူလေသည်။
သူ ထိခိုက်ဒဏ်ရာရမည်ကို သူမ စိုးရိမ်သည်။ သူ သွေးထွက်သံယို ဖြစ်မည်ကို သူမ စိတ်ပူမိသည်။ ညပေါင်းများစွာ မအိပ်နိုင်ဘဲ သူ့ကိုသာ တမ်းတသတိရမြဲ ရနေမိသည်။
….
လင်းလန် တစ်ယောက်တည်း ထိုသို့ဖြစ်နေသည် မဟုတ်ပေ။ ဧကရီခန်းမ၏ အနောက်ဘက်ရှိ ကျယ်ဝန်းသော ခြံဝန်းထဲ၌ မိုးထိမတတ် မြင့်မားသည့် ရုပ်တုတစ်ခု ရှိသည်။ ထိုရုပ်တုသည် ယဲ့ဖန်၏ ရုပ်တုဖြစ်လေသည်။ ထိုဧရာမ ရုပ်တုကြီးအောက်၌ မိန်းမပျိုလေးတစ်ယောက် ရပ်နေ၏။ သူမသည်ကား အန်းရှီပင်။
“အစ်ကိုကြီးယဲ့ဖန်၊ ရှင် ဘယ်တော့မှ ပြန်လာမှာလဲ”
“ကျွန်မတို့အားလုံး ရှင့်ကို သတိရနေတာ”
အန်းရှီ၏ လှပသော မျက်နှာလေး၌ မျက်ရည်များ ထင်ကျန်နေသည်။ သူမ ဤနေရာသို့ နေ့တိုင်းလာရောက်၍ ယဲ့ဖန်၏ ရုပ်တုကို မော့ကြည့်ကာ သတိရလျက် ရှိလေသည်။ သူမ တစ်နေ့ပြီးတစ်နေ့ သူ ပြန်လာသည်ကိုသာ စောင့်မျှော်နေမိသည်။
…
အခန်းလေးတစ်ခန်းအတွင်း၌ မိန်းမပျိုလေးတစ်ယောက်က ပုံတူပန်းချီကားချပ်တစ်ခုကို ရေးဆွဲနေ၏။ ထိုအခန်းနံရံ၌ ပုံတူပန်းချီကားချပ်များဖြင့် ပြည့်နှက်နေ၏။ ထိုပန်းချီကားချပ်များအားလုံးမှာ လူတစ်ယောက်တည်းအား ဆွဲထားခြင်း ဖြစ်သည်။
ထိုမိန်းမပျိုလေးသည် ပိုင်ယီပင် ဖြစ်လေသည်။ ပုံတူပန်းချီသည် ယဲ့ဖန်၏ပုံသာ ဖြစ်သည်။ သူ ရယ်နေသောပုံ၊ သူ တည်ကြည်နေသော၊ သူ၏ ရေခဲတမျှ အေးစက်ဟန်၊ သူ၏ သွေးဆာနေသကဲ့သို့ ခက်ထန်ဟန်၊ ယဲ့ဖန်၏ ပုံအသေးစိတ်ကို ပိုင်ယီ သေချာ ရေးဆွဲထားလေသည်။
ပိုင်ယီသည် လက်ထဲမှ ယဲ့ဖန်၏ပုံတူပန်းချီကားတစ်ချပ်ကို ကြည့်ပြီး ချိုသာစွာ ပြုံးလိုက်သည်။ ပြုံးနေရင်းနှင့် သူမ ရယ်မောလေသည်။ ထို့နောက် ငိုကြွေးလေတော့သည်။
….
လူတိုင်းနီးပါး ယဲ့ဖန်ကို တမ်းတလွမ်းဆွတ်နေချိန်တွင် မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။
“သခင်ကြီး ပြန်လာတဲ့အချိန် နတ်ဆိုးအားလုံးက ဘယ်ရောက်နေတာလဲ”
ထိုအသံက ကမ္ဘာမြေအား လှုပ်ခါသွားစေသလို ဧကရီခန်းမကိုလည်း ပို၍ လှုပ်ခတ်သွားစေသည်။
“ယဲ့ဖန်”
လင်းလန်၊ အန်းရှီ၊ ပိုင်ယီနှင့် အခြားသူများ၏ ခန္ဓာကိုယ်လေးများ တုန်ယင်သွားပြီး ဇဝေဇဝါ ဖြစ်သော မျက်လုံးများဖြင့် ခေါင်းမော့ကြည့်လာကြသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့အားလုံး ပျော်ရွှင်သွားပြီး ဖျတ်ခနဲ လှုပ်ရှားလိုက်ကာ နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားကြသည်။
သူတို့ စောင့်နေခဲ့ရသော အမျိုးသား၊ သူတို့ သတိရနေခဲ့သည့် ချစ်ရသူတစ်ယောက် ပြန်လာလေပြီ။
….
တစ်ချိန်တည်းမှာပင် စစ်နတ်ဘုရား အိမ်တော်ရှေ့ရှိ အပြင်းအထန် ဒဏ်ရာရသွားသော ဒါဇင်ကျော်သည့် အစောင့်အရှောက်များအားလုံး ကြောက်လန့်နေကြသည်။
ပထမဆုံးသောသူပင်။ သူတို့ရှေ့မှ ဆံပင်အဖြူရောင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲမှု ဖြစ်ပွားပြီးနောက် စစ်နတ်ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်ရဲသည့် ပထမဆုံးလူပင် ဖြစ်သည်။
“ရန်သူ လာတိုက်တယ်၊ ရန်သူ လာတိုက်တယ်”
လီဖန်းသည် ဖြူဖပ်ဖြူရော်နှင့် ခြောက်ခြားနေ၏။ လက်ရှိအချိန်၌ သူသည် အာခေါင်ချစ်၍ ဘေးပတ်လည်အား အော်ဟစ်နေသည်။
ဘေးပတ်လည်မှ လူပေါင်းများစွာ ပျံသန်း၍ ရောက်ရှိလာသည်။ ထိုသူများထဲတွင် စစ်နတ်ဘုရား အိမ်တော်၏ အစောင့်များနှင့် ဖြတ်သွားဖြတ်လာ သိုင်းပညာရှင်များလည်း ပါဝင်လေသည်။
တစ်စုံတစ်ယောက်က စစ်နတ်ဘုရား၏ အိမ်တော်ထဲသို့ အတင်းဝင်လာရဲလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။ ဤသည်မှာ ခွင့်မလွှတ်နိုင်စရာ အချက်ပင်။
ထိုလူများစွာတို့က ယဲ့ဖန်နှင့် မရဏနတ်ဆိုးတို့ကို ဝိုင်းလာကြသည်။ အားလုံးက အံ့ဩ၍ ဒေါသထွက်နေကြကာ သတ်ဖြတ်ချင်နေကြလေသည်။ ဤသည်ကိုမြင်ပြီး လီဖန်း အားတက်သွားသည်။ သူသည် သရော်ပြုံးပြုံး၍ ယဲ့ဖန်အား မထီမဲ့မြင် ပြန်အော်ပြောလိုက်သည်။
“ဟေ့ကောင် မင်း မြင်လား။ စစ်နတ်ဘုရား အိမ်တော်ထဲကို အတင်းဝင်ရဲတဲ့လူတွေက ကမ္ဘာကြီးရဲ့ ရန်သူတွေ ဖြစ်သွားတာကွ”
“အခု မင်း သနားညှာတာဖို့ တောင်းပန်မယ်ဆိုရင်တောင်မှ အရမ်းနောက်ကျသွားပြီ”
သူ အလွန် စိတ်လှုပ်ရှားနေ၏။ ယခုအချိန်၌ မိန်းမချောလေးများက သူ့ကို လေးစားအားကျဟန်ဖြင့် ကြည့်နေကြသောကြောင့် လီဖန်း အလွန် စိတ်လှုပ်ရှားကာ ပါးစပ်က နားရွတ်တက်ချိတ်မတတ် ပြုံးနေ၏။
*သနားညှာတာဖို့ တောင်းပန်ရမယ် ဟုတ်လား*
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ပြုံးလိုက်သည်။
“အရူး၊ ကောင်းကင်မှာ ဘာဖြစ်နေလဲဆိုတာကိုလည်း မော့ကြည့်လိုက်ဦး”
*ဟမ်*
ထိုစကားကြောင့် လီဖန်းနှင့် အခြားသူများအားလုံး မသိမသာ အံ့အားသင့်သွားသည်။ ထိုစဉ် အားလုံး လေတိုးသံကို ကြားလိုက်ရသည်။ ထို့ကြောင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ထိုအခါ လူတိုင်း ထိတ်လန့်သွားကြလေ၏။
များစွာသော လူရိပ်များက တစ်ဟုန်ထိုး ဆင်းသက်လာကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်တစ်ခွင်လုံး ကြောက်မက်ဖွယ်ကောင်းသည့် လူရိပ်များဖြင့် ပြည့်နှက်လာပြီး ကောင်းကင်၌ လူပေါင်း တစ်သောင်းကျော်မျှ ရှိနေသည်။ ထိုစဉ် ထိုလူများအားလုံး ကောင်းကင်မှနေ၍ စစ်နတ်ဘုရား အိမ်တော်ပတ်လည်သို့ အရှိန်ဖြင့် ဆင်းသက်လာကြသည်။
လီဖန်းနှင့် အခြားသူများသည် ထိုသူများကို သေချာမြင်လိုက်ရချိန်တွင် မှင်တက်သွားကြလေတော့သည်။ ထို့နောက်တွင်မူ လီဖန်းနှင့် အစောင့်များအားလုံးက လူနှစ်ယောက်အား ကပျာကယာ အရိုအသေ ပေးလာကြသည်။
“ဒီငယ်သားက အမှောင်သခင် နတ်ဆိုးဘုရင်ကို ဂါဝရပြုပါတယ်”
“ဒီငယ်သားက ချီယန် နတ်ဆိုးဘုရင်ကို ဂါဝရပြုပါတယ်”
ထိုနှုတ်ဆက်သံက ဖြတ်သွားဖြတ်လာများနှင့် မိန်းမလှလေးများကို ကြောက်လန့်သွားစေသည်။
အမှောင်သခင်နှင့် ချီယန်။ ကမ္ဘာဂြိုဟ်၏ ထိပ်တန်း နတ်ဆိုးဘုရင်နှစ်ပါး။
*သူတို့နှစ်ယောက်လုံး အတူတူ ရောက်လာတာလား*
ယခုအချိန်၌ ဝမ်းအသာဆုံးသူမှာ လီဖန်းပင်။ သူသည် ဝမ်းသာအားရပြုံး၍ အမှောင်သခင်နှင့် ချီယန် နတ်ဆိုးဘုရင်တို့အား နှုတ်ဆက်လိုက်သည်။
“အရှင်တို့ ဒီငယ်သားက စစ်နတ်ဘုရား အယောင်ဆောင်တစ်ယော်ကို တွေ့ထားပါတယ်”
“ကျေးဇူးပြုပြီး အရှင်တို့ သူ့ကို အပြစ်ပေးပါ”
ထိုစကားအဆုံး၌ မိန်းမချောလေးများနှင့် ဖြတ်သွားဖြတ်လာများ ရင်လေးသွားကြသည်။ ကြီးမြတ်သော နတ်ဆိုးဘုရင်နှစ်ပါး၏ စိတ်ထဲတွင် စစ်နတ်ဘုရားက သူတို့၏ နတ်ဘုရားသာ ဖြစ်ကြောင်း အားလုံး သိထားကြလေသည်။
ထို့ကြောင့် တစ်စုံတစ်ယောက် အယောင်ဆောင်လာပါက ထိုသူသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။
ချက်ချင်းဆိုသလိုပင် အမှောင်သခင်နှင့် ချီယန်တို့က ယဲ့ဖန်ရှေ့သို့ လျှောက်သွားကြသည်။ သူတို့နောက်မှ နတ်ဆိုးအစောင့်အကြပ်များနှင့် နတ်ဆိုးမျိုးနွယ်များ လိုက်ပါလာကြလေသည်။ သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် လူတိုင်း ကြက်သီးထသွားကြသည်။
အားလုံး၏ စိတ်ဝင်တစား ကြည့်နေသော အကြည့်အောက်၌ နတ်ဆိုးဘုရင်နှစ်ပါးက ယဲ့ဖန်နှင့် နီးကပ်လာသည်။ ထိုအခါ လီဖန်း၏ အပြုံးက ပိုပို၍ ပီပြင်လာသည်။ နတ်ဆိုးဘုရင်နှစ်ပါး ဒေါသထွက်ပြီး ယဲ့ဖန်အား ဆွဲစုတ်ပစ်လိုက်သည့်ဟန်ကို သူ မြင်ယောင်နေပုံရသည်။
ထိုစဉ် အားလုံး၏ အကြည့်အောက်၌ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် ချီယန် နတ်ဆိုးဘုရင်တို့က ယဲ့ဖန်ရှေ့၌ ရုတ်တရက် ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်လာသည်။
“အမှောင်သခင် နတ်ဆိုးဘုရင်က သခင်ကြီးကို ကြိုဆို ပါတယ်”
“ချီယန် နတ်ဆိုးဘုရင်က သခင်ကြီးကို ကြိုဆိုပါတယ်”
“နတ်ဆိုးအစောင့်အကြပ်များက သခင်ကြီးကို ကြိုဆို ပါတယ်”
“…”
ကမ္ဘာတုန်လောက်သည့် နှုတ်ဆက်သံများက ဆက်တိုက် ကြွေးကြော်လာသည်။
“နတ်ဆိုးမျိုးနွယ်တွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“ကျွန်တော်တို့ သခင်ကြီး ပြန်လာတာကို ကြိုဆိုပါတယ်”
စာစဉ် (၄၅) ဤတွင် ပြီးပါပြီ။