← Chapters

အခန်း (၁၂၈၅-၁၂၈၆)

Vol. 74 Ch. 1285-1286

အခန်း (၁၂၈၅-၁၂၈၆)

Vol. 74 Ch. 1285-1286

အပိုင်း (၁၂၈၅)

“ဟား ဟား ဟား...”

ကျူးဟုန်ကျူးက ရယ်မောလိုက်သည်။ “တော်ဝင်ရန်အင်ပါယာက ကျုပ်တို့ကို တိုက်ခိုက်နေပြီပဲ။ တော်ဝင်ချန် အင်ပါယာ ဆိုတာကြီးက ပျက်စီးလုနီးပါး ဖြစ်နေပြီ။ ရွှဲ့ပြည်နယ်လည်း ကျဆုံးတော့မယ်။ ဒါကြောင့် သူတို့ ကျုပ်ကို ကွပ်မျက်ဖို့ ဒီလောက် လောနေကြတာ။ ရှမ့်လန်သာ နိုင်ခဲ့ရင် ရန်အီက ကျုပ်ကို ကြွားလုံးထုတ်ဖို့ ဘယ်လိုမှစောင့်နေနိုင်မှာ မဟုတ်ဘူး။ နေအုံး... ကျုပ်ရဲ့ နောက်ဆုံးလေ့ကျင့်ခန်းလေး ပြီးအောင် လုပ်ပါရစေအုံး။”

ထို့နောက် ကျူးဟုန်ကျူးသည် တိရိစ္ဆာန်ခြောက်မျိုး လေ့ကျင့်ခန်း၏ နောက်ဆုံးလေ့ကျင့်ခန်းအကွက်များကို စေ့စပ်သေချာစွာ ပြီးမြောက်အောင် ပြုလုပ်လိုက်၏။

ကျူးဟုန်ကျူးက ရယ်မောကာ ပြောလိုက်သည်။ “သွားကြစို့... ကျုပ်ကို ပို့ပေးကြတော့။ ပိုးသားဖြူ တစ်စလား။ အဆိပ်ခွက်လား။ ဒါမှမဟုတ် ခေါင်းဖြတ်စက်လား။ ကျုပ် ဒီနှစ် ကိုးဆယ့်သုံးနှစ် ရှိနေပြီ၊ သေရမှာ မကြောက်ပါဘူး။ မသေခင် တော်ဝင်ရန်အင်ပါယာ အနိုင်ရပြီး တော်ဝင်ချန်အင်ပါယာ ပြိုလဲသွားတာကို မြင်ရရင်ပဲ တန်ပါပြီ။”

ရေနက်တပ်ဖွဲ့ ထောင်မှူး လူငယ်၏ မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေခဲ့သည်။ ဤလူက ရွှဲ့ပြည်နယ်၏ ဝန်ကြီးချုပ်ဟောင်းလား။ စိတ်ပျက်စရာ ကောင်းလိုက်လေခြင်း။ ရေနက်တပ်ဖွဲ့ ခေါင်းဆောင်များ ကိုယ်တိုင် မလာချင်ကြသည်မှာ မဆန်းပေ။ အမှန်တကယ် ပျင်းစရာ ကောင်းလှ၏။ ဤလူကြီးက ခေတ်ကုန် သွားခဲ့ပြီ။

ရေနက်တပ်ဖွဲ့ စစ်သည်များသည် ကျူးဟုန်ကျူးကို ရေနက်တပ်ဖွဲ့ အဆောက်အဦး အပြင်ဘက်သို့ ခေါ်ဆောင်သွား ကြ၏။ ခုနစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ကျူးဟုန်ကျူး ရေနက်တပ်ဖွဲ့မှ ပထမဆုံးအကြိမ် ထွက်ခွာလာခြင်း ဖြစ်၏။

သူ မမြင်တွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သော နေမင်းကြီးကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရသည်။ အလင်းရောင်မှာ တောက်ပလွန်းသဖြင့် မျက်လုံးများကိုပင် မဖွင့်နိုင်တော့ပေ။ လေထုမှာ လတ်ဆတ်လွန်းပြီး သက်ရှိစွမ်းအားများ ပြည့်ဝနေသောကြောင့် မွန်းကြပ်ကာ ချောင်းဆိုးလုမတတ် ဖြစ်သွားခဲ့ရသည်။

ရေနက်တပ်ဖွဲ့ ရဲတိုက်ကြီးထဲမှ ထွက်လာပြီးနောက် သူ့ရှေ့တွင် နှင်းလင်းယုန်ကြီး သုံးကောင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့၏ ကျောပေါ်တွင် ထိုင်ခုံများ တပ်ဆင်ထားသည်။ ရေနက်တပ်ဖွဲ့ စစ်သည်အချို့က ကျူးဟုန်ကျူးကို နှင်းလင်းယုန် ကျောပေါ်သို့ တင်ပေးလိုက်ကြသည်။ ထို့နောက် ရေနက်တပ်ဖွဲ့ စစ်သည်နှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် ကောင်းကင်ယံသို့ ပျံတက်ကာ မြောက်ဘက်အရပ်ဆီသို့ ဦးတည်သွားကြ၏။

ကျူးဟုန်ကျူးက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ “ဘယ်... ဘယ်ကို သွားကြမှာလဲ။”

ရေနက်တပ်ဖွဲ့ စစ်သည်က ဖြေဆို၏။ “တော်ဝင်ချန်အင်ပါယာရဲ့ သန်းချီတဲ့ စစ်တပ်ကြီးက ရန်မြို့တော်ကို ဝိုင်းထားတယ်။ အရှင်က တော်ဝင်ရန် အင်ပါယာနဲ့ တိုက်ခိုက်တော့မယ်။ ရွဲ့ဘုရင်က ရုတ်တရက် ခင်ဗျားကို သတိရသွားလို့လေ။ ဒါကြောင့် ဒီမြင့်မြတ်တဲ့ အချိန်အခိုက်အတန့်ကို မြင်တွေ့ရအောင် ခင်ဗျားကို ရန်မြို့တော်ဆီ ခေါ်သွားခိုင်းလိုက်တာ။ ဘာပဲပြောပြော ခင်ဗျားက ဒါမျိုးစိတ်ဝင်စားတယ် မဟုတ်လား။”

… …

ရန်မြို့တော် အတွင်းပိုင်း၊ ကျူးမိသားစု စံအိမ်တော်

ရန်မြို့တော် ကျူးမိသားစုသည် နှစ်ပေါင်း ရာချီ တည်ရှိခဲ့သော ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာကြီးမားသည့် မိသားစုကြီး ဖြစ်သည်။ ကျူးဟုန်ကျူးသည် ရန်မြို့တော်သို့ ပြန်လာရန် အိပ်မက်မက်ခဲ့ဖူး၏။ သူသည် မိသားစုခွဲ တစ်ခု ဖြစ်ရသည်အား ကျေနပ်အားရခြင်း မရှိခဲ့ပေ။ ပင်မ ကျူးမိသားစုထဲသို့ ပြန်လည်ဝင်ရောက် နိုင်ရန် တစ်ဘဝလုံး ကြိုးပမ်းခဲ့သည်။

ယခုအခါတွင်မူ ကျူးမိသားစု ခေါင်းဆောင်သည် မလှုပ်မယှက် ထိုင်နေခဲ့၏။ သူသည် ယခုအခါ တော်ဝင်ရန် အင်ပါယာ၏ ဝန်ကြီးချုပ် ဖြစ်နေပြီ ဖြစ်သည်။ ဒုတိယဝန်ကြီးချုပ်အဖြစ် နှစ်အနည်းငယ် တာဝန် ထမ်းဆောင်ပြီးနောက် နောက်ဆုံးတွင် ရာထူးတိုးသွားခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား သူ ရာထူး မတိုးချင်ခဲ့ပေ။ သူ ဝန်ကြီးချုပ် မဖြစ်ချင်ခဲ့ပေ။

တော်ဝင်ချန်အင်ပါယာသည် ရန်မြို့တော်ကို ဝိုင်းရံထားသည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မှူးမတ်များနှင့် သူကောင်းမျိုးနွယ် အားလုံး ရန်မြို့တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထို့အပြင် အများစုသည် မြို့ထဲတွင် နေထိုင်ခြင်း မရှိကြပေ။ မြို့ပြင်တွင်သာ နေထိုင်ကြသည်။

ဤကာလအတွင်း တော်ဝင်ရန်အိမ်ရှေ့စံသည် အိမ်ရှေ့စံရှမ့်ယီနှင့် စစ်တုရင် ကစားရန် အင်ပါယာရှမ့်လန်၏ နန်းတော်သို့ ရက်ခြား လာရောက်လေ့ ရှိသည်။ လူတိုင်းသည် တော်ဝင်ရန် အင်ပါယာ ပြန်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်မျှော်နေကြ၏။ သူတို့သည် ရလဒ်ကို စောင့်မျှော်နေကြခြင်း ဖြစ်၏။

.........

“ကျူးဟုန်ကျူးကို သတ်ပစ်သင့်တယ်။ သတ်ကို ပစ်သင့်တာ။” ကျူးမိသားစု ခေါင်းဆောင်က တင်းမာစွာ ပြောသည်။

သခင်လေးကျူးက ပြောလိုက်၏။ “အဖေ... စိတ်မလောပါနဲ့။ အင်ပါယာ ပြန်ရောက်လာရင် လောကကြီး ငြိမ်းချမ်းသွားမှာပါ။ ဒီနေ့ ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျန်းလီတောင် အင်ပါယာကို ရှုံးနိမ့်ခဲ့တာပဲ။ အခု ရှမ့်လန်လည်း ဒီရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ သူ သေမယ့်အချိန်ကိုသာ စောင့်နေလိုက်ပါ။”

ကျူးမိသားစု ခေါင်းဆောင်က သက်ပြင်းချလိုက်သည်။ “ရန်မြို့တော် ကျူးမိသားစုက အမြဲတမ်း ကျိမိသားစု ဘက်ကပဲ ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ ကျူးဟုန်ကျူးက ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။ အရှင် ရှမ့်လန်က လက်ထပ်ထိမ်းမြားဖို့ ကမ်းလှမ်းခဲ့ဖူးတယ်။ ကျူးနင်ကို ကျင်းမူကုန်းနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုခဲ့တယ်။

သူက ဘာလို့ ငြင်းခဲ့ရတာလဲ။ ပြီးတော့ ကျူးနင်ကို ဘာလို့ နေမကောင်းချင်ယောင် ဆောင်ခိုင်းခဲ့ရတာလဲ။ သူက အရှင် ရှမ့်လန်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့တယ်။ တခြားမိသားစုတွေက ဘက်ပြောင်းလို့ ရနိုင်ပေမဲ့ ငါတို့ ကျူးမိသားစုကတော့ အခွင့်အရေး မရှိတော့ဘူး။”

ကျူးမိသားစု ခေါင်းဆောင်သည် နာကျင်စွာဖြင့် နဖူးကို ပွတ်သပ်လိုက်၏။ သူသည် အင်ပါယာအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိသည်။ ဤအကြိမ်တွင် ရှမ့်လန် သေချာပေါက် ရှုံးနိမ့်ပြီး သေဆုံးရလိမ့်မည်ဟုလည်း ခံစားမိ၏။ သို့သော်ငြား သူကဲ့သို့သော မှူးမတ်မျိုးနွယ် တစ်ယောက်အနေဖြင့် ကြက်ဥအိတ် တစ်လုံးတည်းကိုသာ အားကိုးနေ၍ မဖြစ်ပေ။ အတိတ်ကာလက ကျန်းလီ ကျော်ကြားခဲ့စဉ်ကလည်း သူတို့သည် ကျူးယောင်ကို ကျန်းလီ၏ ဘေးနားသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့သည် မဟုတ်ပါလား။

ကျူးဟုန်ကျူး အဖမ်းခံရပြီးနောက် ကျူးနင်ကို ကျင်းမူကုန်း၏ ကိုယ်လုပ်တော်အဖြစ် ထည့်သွင်းရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့သည်။ ထိုအရာသည် ဂုဏ်သိက္ခာ ကျဆင်းစေသော်လည်း အခွင့်ကောင်း တစ်ခုလည်း ဖြစ်ခဲ့၏။ နောက်ဆုံးတွင် ကျူးဟုန်ကျူးက ငြင်းပယ်ခဲ့ရုံသာမက ကျူးနင်ကို နေမကောင်းချင်ယောင် ဆောင်ခိုင်းခဲ့၏။

ကျူးမိသားစု၏ ဒုတိယခေါင်းဆောင်က ပြောသည်။ “ကျောက်လင်က အရင်တုန်းက ရင်ကွမ်းရဲ့ နောက်လိုက် ဖြစ်ခဲ့ပေမဲ့ အခုချိန်ထိ အရေးပါတဲ့ နေရာမှာ ရှိနေတုန်းပဲ။”

ကျူးမိသားစု ခေါင်းဆောင်က ပြန်ပြောလိုက်၏။ “ဒါက ကျောက်လင်က အရှင်ရှမ့်လန်ကို ဘယ်တုန်းကမှ အမှန်တကယ် မပြစ်မှားခဲ့ဖူးလို့လေ။ အရှင်ရှမ့်လန်က သူ့ကို မှတ်လည်း မမှတ်မိသလို ၊ မုန်းလည်း မမုန်းဘူး။ ငါတို့ ကျူးမိသားစုကိုတော့ အရှင် ရှမ့်လန်က မုန်းတီးနေပြီ။”

သခင်လေးကျူးက မေးလိုက်သည်။ “ရှမ့်လန်က တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင် ဖြစ်နေပါလျက်နဲ့ သဘောထား သေးသိမ်လွန်းနေသလား။”

ကျူးမိသားစု ခေါင်းဆောင်က ပြော၏။ “မဟုတ်ဘူး။ ပြောင်းပြန်ပဲ။ သူက သဘောထား အရမ်းကြီးပါတယ်။ ဒါပေမဲ့ ငါတို့ ကျူးမိသားစုမှာ သူ့စိတ်ကို ပြောင်းလဲနိုင်လောက်တဲ့ သြဇာအာဏာ မရှိတော့တာ။ သူ့ရဲ့ ရွံရှာမုန်းတီးမှုကို ငါတို့ ပြောင်းလဲလို့ မရတော့ဘူး။ အနာဂတ်မှာ ကျန်းမိသားစုသာ အနိုင်ရခဲ့ရင် အရှင်ရှမ့်လန်က ငါတို့ ကျူးမိသားစုကို အပြစ်ပေးဖို့ ဘာမှမပြောရင်တောင် ရန်သူတွေက ငါတို့ကို ဝိုင်းအုံပြီး ကိုက်ဖြတ် ကြလိမ့်မယ်။”

သခင်လေးကျူးက ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အဖေ... အင်ပါယာက ပြိုင်ဘက်ကင်းပါ။ သူ သေချာပေါက် နိုင်မှာပါ။”

… …

မီးတောက်မြို့တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ မည်သည့် မိသားစု၊ မည်သည့် မှူးမတ်ကမှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။ လူတိုင်းသည် တော်ဝင်ရန်အင်ပါယာ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။ ရေတွက်၍မရနိုင်သော လူများသည် တော်ဝင်ရန်အင်ပါယာ၏ နိုင်ပွဲအတွက် ဒူးထောက် ဆုတောင်းနေကြ၏။

ထိုနည်းတူစွာပင် ရေတွက်၍မရနိုင်သော လူများသည်လည်း အရှင ရှမ့်လန်၏ နိုင်ပွဲအတွက် ဒူးထောက် ဆုတောင်းနေကြသည်။

တော်ဝင်ရန်အိမ်ရှေ့စံသည် ရှမ့်ယီနှင့် စစ်တုရင် ကစားနေဆဲ ဖြစ်၏။ သူတို့သည် စကားမပြောဘဲ စစ်တုရင်သာ ကစားနေကြခြင်း ဖြစ်သည်။ အမှန်တကယ်တွင် သူတို့နှစ်ဦး စကားပြောခဲလှ၏။ စစ်တုရင် ကစားခြင်းကိုသာ ပြုလုပ်လေ့ရှိ၏။

တော်ဝင်ရန်အိမ်ရှေ့စံသည် နိုင်ပွဲထက် ရှုံးပွဲက ပိုများနေခဲ့သည်။ သူသည် ရှမ့်ယီကို တမင်သက်သက် အလျှော့ပေးနေခြင်း မဟုတ်ပေ။ ရှမ့်ယီသည် စစ်မှန်သော ဉာဏ်ကြီးရှင် တစ်ဦးဖြစ်ပြီး တော်ဝင်ရန်အိမ်ရှေ့စံမှာမူ ထိုသို့ မဟုတ်ချေ။ တော်ဝင်ရန် အိမ်ရှေ့စံသည် နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်တော့မည် ဖြစ်သည်။ သို့သော်ငြား သူသည် အခြေအနေကို ကယ်တင်ရန် နောက်ဆုံးအကြိမ် ကြိုးစားနေဆဲ ဖြစ်သည်။

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်၏။ “အရှင်မင်းသားကျန်း... ရှေးဟောင်းခေတ်မှာပဲ ဖြစ်ဖြစ်။ ဒီလောကမှာပဲ ဖြစ်ဖြစ်။ ကျုပ်တို့ကျိမိသားစုနဲ့ ကျန်းမိသားစုက အချိန်အများစုမှာ အရမ်း ရင်းနှီးခဲ့ကြပါတယ်။ ဒါတင် မကသေးဘူး။ ကျုပ်တို့ မိသားစုအချင်းချင်း မျိုးဆက်ပေါင်းများစွာ လက်ဆက်ခဲ့ကြတာပါ။”

ရှမ့်ယီက တုံ့ပြန်လိုက်သည်။ “အင်း...”

တော်ဝင်ရန် အိမ်ရှေ့စံက ဆက်ပြောလိုက်၏။ “ရှေးဟောင်းခေတ်တုန်းက အရှေ့ပိုင်းအင်ပါယာရဲ့ အိမ်ရှေ့စံ အနေနဲ့ အိမ်ရှေ့စံကျန်းရှဲ့က အရှေ့လောကတစ်ခုလုံးကို သစ္စာဖောက်ပြီး ပျောက်ဆုံးနိုင်ငံအင်ပါယာနဲ့ ပူးပေါင်းခဲ့တယ်။ သူက အရှေ့ပိုင်းအင်ပါယာကို မကြုံစဖူး ဗျူဟာမြောက် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။

ကျုပ်တို့ နိုင်ငံ တော်တော်လေး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ကျိမိသားစုက သူ့နေရာကို အစားထိုးပြီး အရှေ့ပိုင်းအင်ပါယာရဲ့ တော်ဝင်မိသားစု ဖြစ်လာခဲ့တာ။ ဒါတောင်မှ ကျုပ်တို့က အိမ်ရှေ့စံကျန်းရှဲ့ကို မကွပ်မျက်ခဲ့ပါဘူး။ သူ့ကို ဖမ်းဆီးချုပ်နှောင်ထားရုံပါပဲ။ ဒါအပြင် ကျန်းမိသားစုက လောကအောက်မှာ အကြီးမြတ်ဆုံး တော်ဝင်မိသားစုအဖြစ် ရှိနေတုန်းပါပဲ။”

ရှမ့်ယီက ပြောသည်။ “ကျုပ် သိပါတယ်။ ခမည်းတော်က ဒီအကြောင်း ပြောပြဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ က ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေက အရမ်း အရုပ်ဆိုးလွန်းတယ်။ ခင်ဗျားတို့က ရင်ကွမ်းကို အသုံးပြုပြီး ကျန်းမိသားစု တော်ဝင်မျိုးနွယ် တစ်ခုလုံးကို သုတ်သင်ရှင်းလင်းခဲ့တာ။”

တော်ဝင်ရန် အိမ်ရှေ့စံသည် တံတွေး တစ်ချက် မျိုချလိုက်၏။ သူ စကားဆက်မပြောတော့ပေ။ ထို့အစား သူက ပြော၏။ “ရှေးဟောင်းခေတ်မှာတုန်းကလည်း ကျိမိသားစုက ပထမဆုံး တော်ဝင်မိသားစု ဖြစ်လာခဲ့တာပါ။ ပရမ်းပတာဖြစ်ရပ်တွေ ဖြစ်လာပြီးနောက်မှာ ခင်ဗျားတို့ ကျန်းမိသားစုက ကျုပ်တို့နေရာကို အစားထိုး ဝင်ယူခဲ့တာပဲ။”

ရှမ့်ယီသည် စစ်တုရင်ရွှေ့ကွက်ကို ချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

“တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

ထိုအချိန်တွင် အပြင်ဘက်မှ ဆူနာမီလှိုင်းလုံးကြီးသဖွယ် ကျယ်လောင်သော အားပေးသံများ ထွက်ပေါ်လာခဲ့၏။ အနည်းငယ် ရုတ်တရက် ဆန်လှသည်။

ရှမ့်ယီက စစ်တုရင်ရွှေ့ကွက်ကို ချလိုက်သည်။ ကစားပွဲသည် ကိုးကွက်အတွင်း ပြီးဆုံးတော့မည်ဖြစ်ပြီး သူ အနိုင်ရတော့မည်။

ရှမ့်ယီက ပြောလိုက်၏။ “ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြစို့။”

တော်ဝင်ရန်အိမ်ရှေ့စံကလည်း သူ့ရွှေ့ကွက်ကို ချလိုက်သည်။ “ကောင်းပါပြီ။”

ဤစစ်တုရင်ပွဲသည် အနိုင်အရှုံး မဆုံးဖြတ်ရသေးမီမှာပင် ပြီးဆုံးသွားခဲ့သည်။ သူတို့နှစ်ဦး အပြင်ဘက်သို့ ထွက်လာကြရာ နဂါးကိုစီးနင်းလျက် ကောင်းကင်ယံသို့ ပျံတက်နေသော ရှမ့်လန်ကို ချက်ချင်း မြင်တွေ့လိုက်ရ၏။

“တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ... တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

“အရှင်ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ... တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

တော်ဝင်ရန် အိမ်ရှေ့စံ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ရသည်။ ရှမ့်လန် အဘယ့်ကြောင့် ရုတ်တရက် နဂါးစီးပြီး ကောင်းကင်ပေါ် ပျံတက်သွားရသနည်း။

‘ခမည်းတော် ပြန်ရောက်လာပြီလား။’

ချက်ချင်းပဲ သူသည် အရှေ့ဘက် ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် နေမင်းကြီး သည် ထွက်ပေါ်လာစ ဖြစ်ပြီး အထူးတလည် တောက်ပနေခဲ့သည်။ ရုတ်တရက် နေမင်းကြီး၏ အထက်တွင် အနက်ရောင် အရိပ်တစ်ခု ပေါ်လာခဲ့၏။ ထို့အပြင် ထိုအနက်ရောင်အရိပ်မှာ တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ နောက်ဆုံးတွင် ထိုအရိပ်သည် နေမင်းကြီးကို လုံးဝ ဖုံးကွယ်သွားသကဲ့သို့ ဖြစ်လာခဲ့၏။

‘ခမည်းတော် ပြန်ရောက်လာပြီ။’

တော်ဝင်ရန်အင်ပါယာ သည် နဂါးကို စီးနင်းလျက် ပြန်လည် ရောက်ရှိလာခဲ့သည်။

‘နေမင်းကြီး အရှေ့အရပ်က ထွက်ပေါ်လာပြီ။ တော်ဝင်ရန်အင်ပါယာ ပြိုင်ဘက်ကင်းပါစေ။’

ထိုအချိန်တွင် မီးတောက်မြို့တော် တစ်ခုလုံး အားပေးကြွေးကြော်သံများဖြင့် ပြည့်နှက်သွားခဲ့၏။ “တော်ဝင်ရန ်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ... တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

“အင်ပါယာမင်းမြတ် အသက်ရာကျော် ရှည်ပါစေ... တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

အင်ပါယာ ပြန်လည်ရောက်ရှိလာမှုသည် ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။ ထိုအချိန်တွင် တော်ဝင်ရန် အင်ပါယာ၏ မှူးမတ်များ၊ စစ်သည်များနှင့် ပြည်သူအားလုံးသည် စိတ်ဓာတ်များ တက်ကြွလာသကဲ့သို့ ဖြစ်သွားခဲ့ကြသည်။

အစောပိုင်းက စိတ်ဓာတ်ကျနေသော နှလုံးသားများမှာ ချက်ချင်းပဲ အသက်ဝင် လှုပ်ရှားလာခဲ့သည်။ ကျဆင်းနေသော စိတ်ဓာတ်များမှာ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်လာခဲ့၏။ သူတို့၏ ယုံကြည်မှုများ ကောင်းကင်ယံအထိ မြင့်တက်သွားခဲ့၏။

“တော်ဝင်ရန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ... အသက်ရာကျော် ရှည်ပါစေ။”

လူသန်းပေါင်းများစွာက တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။ သူတို့၏အသံများက ကောင်းကင်ယံကို တုန်ခါသွားစေခဲ့သည်။

ရန်မြို့တော်ကို ဝိုင်းရံထားသော သန်းချီသည့် စစ်တပ်ကြီးနှင့် ကျန်းမိသားစု၏ နောက်လိုက်များမှာလည်း အားကျမခံ ရှိနေကြသည်။ သူတို့သည် အသံကုန်ဟစ်၍ ကြွေးကြော်လိုက်ကြ၏။

“တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ... အရှင် ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ရန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ချန်အင်ပါယာ နိုင်ရမယ်။”

မီးတောက်မြို့တော် တစ်ခုလုံး ရူးသွပ်လုမတတ် ဖြစ်နေခဲ့သည်။ မိုင်ရာချီ ရှည်လျားသော မြေပြင်ပေါ်တွင် သန်းပေါင်းများစွာသော လူများသည် ကောင်းကင်ယံကို မော့ကြည့်နေကြသည်။

ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာ တို့သည် တစ်ဦးနှင့်တစ်ဦး ပိုမို နီးကပ်လာခဲ့ကြသည်။ နဂါးနှစ်ကောင်မှာလည်း ပိုမို နီးကပ်လာခဲ့ကြ၏။

မကြာမီ နှစ်ဖက်စလုံးသည် မီးတောက်မြို့တော်၏ ကောင်းကင်ယံတွင် တွေ့ဆုံလိုက်ကြသည်။ သူတို့သည် မီတာ အနည်းငယ်မျှသာ ကွာဝေးတော့သည်။ စတုရန်းကီလိုမီတာ သောင်းချီ ကျယ်ဝန်းသော ကုန်းမြေကြီးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သန်းပေါင်းများစွာသော လူထုကြီးမှာ တိတ်ဆိတ်သွားခဲ့သည်။

အပိုင်း (၁၂၈၆)

လောကပေါ်ရှိ နိုင်ငံအသီးသီးမှ ချမ်းသာကြွယ်ဝသော တော်ဝင်မျိုးနွယ်များ ၊ ဘုရင်များနှင့် မင်းသားအားလုံးသည် ဤမြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော အချိန်အခိုက်အတန့်ကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေကြ၏။

ဤသည်မှာ နှစ်ပေါင်း တစ်ထောင်အတွင်း ပထမဆုံးနှင့် တစ်ကြိမ်တည်းသော အခိုက်အတန့် ဖြစ်သည်။ သမိုင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်းပင်။ အရှေ့လောက၏ အစပြုခြင်း သက်သက်သာ မဟုတ်ဘဲ လောကကြီးတစ်ခုလုံး၏ သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်သည်။

… …

ဤသည်မှာ ရှမ့်လန်အတွက် အင်ပါယာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ အင်ပါယာသည် သူ စိတ်ကူးထားသည်ထက် ပိုမို ရိုးရှင်းနေခဲ့၏။ အင်ပါယာကျန်းလီကဲ့သို့ ဉာဏ်ပညာကြီးမားဟန်နှင့် အာဏာစက် ပြင်းထန်သော ပုံစံမျိုး မရှိပေ။

သို့သော်ငြား အင်ပါယာသည် ဤလောကပေါ်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ရှမ့်လန် သိရှိထားသည်။ သူသည် သိုင်းပညာတွင် အားမကြီးသော်လည်း ဉာဏ်ပညာနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတွင် အလွန် အားကောင်း၏။

သူ့ကဲ့သို့ပင် အင်ပါယာသည်လည်း နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်အောင်မြင်ထားသူ ဖြစ်သည်။ ထိုတင်သာမကသေးပေ။ လွန်ခဲ့သည့် လအနည်းငယ်က ရှမ့်လန် မီးတောက်မြို့တော်သို့ မလာရောက်မီ အင်ပါယာ သည် အခက်ခဲဆုံးနှင့် အပြတ်သားဆုံး လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သူသည် ငရဲဘုံသို့ နက်ရှိုင်းစွာ ဝင်ရောက်ခဲ့ပြီး နဂါးကို ပြန်လည်မွေးဖွားခွင့် ပေးခဲ့သည်။

ရှမ့်လန်သည် မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ရှိနေခဲ့သည်။ ပြန်လည်မွေးဖွားရန် သူသည် ကိုယ့်ကိုယ်ကိုယ် သေမင်းလမ်းဝသို့ တွန်းပို့ခဲ့ရသည်။ အင်ပါယာမှာမူ မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးသို့ မရောက်ခင်တည်းက ကိုယ့်ကိုယ်ကိုယ် တွန်းအားပေး စွန့်စားခဲ့သူဖြစ်သည်။ သူ၏ သတ္တိမှာ ပြိုင်ဘက်ကင်းလှ၏။

အင်ပါယာက နှုတ်ဆက်လိုက်သည်။ “အရှင်ရှမ့်လန်... တွေ့ရတာ ဝမ်းသာပါတယ်။”

ရှမ့်လန်က ပြန်လည်နှုတ်ဆက်လိုက်၏။ “အင်ပါယာ... တွေ့ရတာ ဝမ်းသာပါတယ်။”

ထိုအချိန်တွင် သူ အနည်းငယ် ငေးငိုင်နေမိသည်။ သူ့ရှေ့မှ အင်ပါယာသည် သူ၏အကြီးမားဆုံး ရန်သူ ဖြစ်သင့်သော်လည်း သူတို့ တစ်ခါမှ မတွေ့ဖူးခဲ့ကြပေ။ ထို့အပြင် တွေ့ဆုံသည့် အခိုက်အတန့်တွင်ပင် သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ အလွန် ထူးဆန်းလှ၏။ ဘုရင်ချင်း မတွေ့ဆုံကောင်းဟူသော ဆိုရိုးစကားကြောင့်လား။

အင်ပါယာက ပြောသည်။ “မီးတောက်မြို့တော်ကို မဖျက်ဆီးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ရှမ့်လန်။ ဒါကြောင့် မြို့ကို ပြန်လည်တည်ဆောက်ရတဲ့ ဒုက္ခ သက်သာသွားတာပေါ့။ လအနည်းငယ် စောင့်ခိုင်းမိတဲ့အတွက် စိတ်မရှိပါနဲ့။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ကိစ္စမရှိပါဘူး။ တကယ်တော့ ကျုပ်လည်း ဒီနေ့ရက်ကို ဒီလောက် မြန်မြန် ရောက်မလာစေချင်ပါဘူး။”

အင်ပါယာက ပြောလိုက်သည်။ “မင်းမှာ သားကောင်းတစ်ယောက် ရှိတယ်လို့ ကြားတယ်။ ဒီတိုက်ပွဲမှာ ကျုပ်နိုင်ရင် မင်းရဲ့ မိသားစုကို မသတ်ပါဘူး။”

ရှမ့်လန်က ပြော၏။ “အင်ပါယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။”

ထို့နောက် ရှမ့်လန်က မေးလိုက်သည်။ “ဒါနဲ့... အရှင်ကျန်းလီ ရုတ်တရက် သေဆုံးရတဲ့ တကယ့် တရားခံက ဘယ်သူလဲဆိုတာ အင်ပါယာ သိပါသလား။”

အင်ပါယာက ဖြေလိုက်၏။ “ကျုပ် မဟုတ်ဘူး။”

“……”

အင်ပါယာက ဆက်ပြောလိုက်သည်။ “ကျန်းလီ သေဆုံးတာက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ အဲတုန်းက ကျုပ်မှာ အကြွင်းမဲ့ ယုံကြည်မှု ရှိနေလို့ နောက်ဆုံးတိုက်ပွဲကို စောင့်နေခဲ့တာပါ။ ကျုပ်ရဲ့နဂါးက ပြန်လည်မွေးဖွားခြင်း မရှိသေးပေမဲ့လို့ပေါ့။”

အင်ပါယာကျန်းလီ၏ သေတမ်းစာကို ရှမ့်လန် မေ့မရနိုင် ဖြစ်နေမိသည်။ မီးတောက်မြို့တော်သို့ မြောက်ပိုင်း စစ်ဆင်ရေး မပြုလုပ်မီ ရေးသားခဲ့ခြင်း ဖြစ်သည်။ သူ၏ စာသားများထဲတွင် အဆိုးမြင်စိတ်များ ပြည့်နှက် နေခဲ့၏။

ကျန်းလီ၏ သေတမ်းစာကို ဖတ်ပြီးချိန်က ရှမ့်လန် ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ ထိုစဉ်က တစ်လောကလုံးက ကျန်းလီအပေါ် အကောင်းမြင်နေခဲ့ကြသည်။ သူက အဘယ်ကြောင့် အဆိုးမြင်နေခဲ့ရသနည်း။ အဘယ့်ကြောင့် သေတမ်းစာကို ကြိုတင် ရေးသားခဲ့ရသနည်း။

ကျန်းလီ နောင်တရနေခဲ့သည်။ သူ့နဂါးမှာ ဥမှပေါက်ခါစသာ ရှိသေးပြီး အဆုံးအဖြတ်ပေးနိုင်သော လက်နက် အဖြစ် အသုံးမပြုနိုင်ခဲ့ပေ။ သို့သော်ငြား အင်ပါယာ၏ နဂါးမှာလည်း ပြန်လည်မွေးဖွားခြင်း မရှိသေးပေ။ ထိုနဂါးကိုလည်း အဆုံးအဖြတ်ပေးနိုင်သော လက်နက်အဖြစ် အသုံးမပြုနိုင်သေးပေ။

‘မဟုတ်ဘူး။ ဒါ မမှန်ဘူး။’

တော်ဝင်ရန် နဂါးကြီး ပြန်လည်မွေးဖွားခြင်း မရှိသေးသော်လည်း အင်ပါယာ၏ နဂါးစွမ်းအားအပေါ် နားလည်သဘောပေါက်မှုမှာ အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အင်ပါယာက တိုက်ပွဲတွင် သေချာပေါက် နိုင်မည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သူ့တွင် အကြွင်းမဲ့ ယုံကြည်မှု ရှိနေခဲ့သည်။

အင်ပါယာက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ တိုက်ပွဲမစခင် ကျန်းလီ သေဆုံးသွားလိမ့်မယ်လို့ ကျုပ် မျှော်လင့် မထားခဲ့ဘူး။ သူ့ရဲ့ ရုတ်တရက် သေဆုံးမှုက ကျုပ်ကို ဆွံ့အသွားစေတယ်။”

အင်ပါယာသည် ကျန်းလီ၏ သန်းချီသော စစ်တပ်ကြီးကို ချေမှုန်းပြီး လောကကို တုန်လှုပ်စေချင်ခဲ့သည်။ သူသည် ကျိမိသားစု၏ အံ့ဖွယ်ဖြစ်ရပ်ကို ပြသချင်ခဲ့သည်။ သို့သော်ငြား အံ့ဖွယ်ဖြစ်ရပ် မဖြစ်ပေါ်လာမီမှာပဲ ကျန်းလီ သေဆုံးသွားခဲ့သည်။ ထို့ကြောင့် အင်ပါယာသည် စိတ်အပျက်ရဆုံး လူသား ဖြစ်ခဲ့ရသည်။ သူသည် ဂိမ်းကစားနေသကဲ့သို့ပင်။ သူ နိုင်တော့မည့်အချိန်တွင် ပြိုင်ဘက်က ရုတ်တရက် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

ရှမ့်လန်က မေးလိုက်၏။ “လူသတ်တရားခံက ဘယ်သူလဲ။”

အင်ပါယာက ပြောသည်။ “ဒီကိစ္စကို ခဏထားပြီး နောက်မှ ပြောလို့ ရမလား။”

ရှမ့်လန်က ပြန်ဖြေလိုက်၏။ “ရပါတယ်။”

အင်ပါယာက ပြောလိုက်သည်။ “အစတုန်းကတော့ ကျုပ်နိုင်မယ်လို့ သေချာပေါက် တွက်ထားတာ။ ဒါပေမဲ့ ကျန်းလီ ရုတ်တရက် သေဆုံးသွားတာက ကျုပ်ကို တခြား ဖြစ်နိုင်ခြေတစ်ခုအကြောင်း တွေးမိစေတယ်။ ဖြစ်နိုင်တာက ကျန်းလီရဲ့ အင်အားက ကျုပ်ထင်ထားတာနဲ့ ကွဲပြားနေတာမျိုးပေါ့။ ကျုပ်နိုင်မယ်လို့ ထင်ထားပေမဲ့ တကယ်တမ်း တိုက်ခိုက်ကြတဲ့အခါ ကျုပ် မနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျန်းလီ ရုတ်တရက် သေဆုံးသွားတာ ဖြစ်မယ်။”

အင်ပါယာ၏ လေသံမှာ တည်ငြိမ်နေသော်လည်း ရှမ့်လန်၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့ရသည်။ အင်ပါယာသည် အမှန်တကယ် အံ့သြဖွယ် ကောင်းလှပေ၏။ သူ၏ စကားများက သူ မည်မျှ သဘောထားကြီးကြောင်း ပြသနေသည်။ သူသည် ပြိုင်ဘက်၏ အင်အားကို အသိအမှတ်ပြုပြီး သူ ရှုံးနိမ့်နိုင်ကြောင်း ဝန်ခံခဲ့၏။

အင်ပါယာက ပြောသည်။ “ကျန်းလီ သေဆုံးပြီးနောက် တစ်လောကလုံးက ကျုပ်ကို တရားခံလို့ ပြောကြတယ်။ ကျိမိသားစုက ထီးနန်းကို မရိုးမသား ရယူခဲ့တယ်လို့ တစ်လောကလုံးက ပြောကြတယ်။ ကျုပ်က ကျန်းလီကို ထိပ်တိုက်ရင်ဆိုင်ပြီး မနိုင်နိုင်လို့ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ပြောကြတယ်။ တကယ့် ဟာသပါပဲ။”

အင်ပါယာသည် ဤကိစ္စကို မည်သူ့ကိုမှ ရှင်းပြခြင်း မရှိခဲ့ပေ။ အိမ်ရှေ့စံကိုပင် ရှင်းမပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လောကကြီးတွင် သူ့ရှင်းပြချက်ကို နားထောင်ရန် ထိုက်တန်သူ မရှိသောကြောင့်ပင်။ မည်သူမှ ဤကိစ္စနှင့် ပတ်သက်ပြီး အင်ပါယာ၏ ရှင်းပြချက်ကို ရယူပိုင်ခွင့် မရှိကြပေ။ ယခုအခါတွင်မူ ထိုက်တန်သူ တစ်ဦး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုသူမှာ ရှမ့်လန်ပင်။

အင်ပါယာက သက်ပြင်းချလိုက်၏။ “ဒါပေါ့ .... ကျုပ်က ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး ကျန်းလီကို သတ်ခဲ့တယ်လို့ ဘယ်သူမှ လူသိရှင်ကြား မပြောရဲကြပါဘူး။ ဒါပေမဲ့ တစ်လောကလုံးက လက်ညှိုးထိုးပြီး စာအုပ် အမျိုးမျိုး ရေးသားနေကြတယ်။ ‘အရှေ့လောကရဲ့ ဒဏ္ဍာရီ’ စာအုပ် မူကွဲပေါင်း ရာချီ ရှိနေပြီး တစ်ဝက်လောက်က ကြည့်ဖို့တောင် မကောင်းဘူး။ သူတို့က နည်းမျိုးစုံနဲ့ ကျုပ်ရဲ့ ကျိမိသားစုကို စော်ကားထားကြတာ။

ရှေးဟောင်းခေတ်မှာတုန်းက ကျုပ်ရဲ့ ကျိမိသားစုက ပြိုင်ဘက်ကင်းတဲ့ သိက္ခာသမာဓိနဲ့ ထီးနန်းတက်ခဲ့တာပါ။ လမ်းခုလတ်မှာ ထီးနန်းလက်လွတ်ခဲ့ရပြီး မင်းတို့ ကျန်းမိသားစုက အစားထိုး ဝင်ရောက်ခဲ့တာ မှန်ပါတယ်။

အဲဒီနောက် အိမ်ရှေ့စံ ကျန်းရှဲ့က အရှေ့ပိုင်းအင်ပါယာကို သစ္စာဖောက်ခဲ့လို့ ကျုပ်တို့ ကျိမိသားစုက ထီးနန်းကို ပြန်လည်ရယူခဲ့တာ။ အစကနေ အဆုံးထိ အရာအားလုံးကို ဗြောင်ကျကျ လုပ်ဆောင်ခဲ့တာပါ။ ဒီမျိုးဆက် အင်ပါယာ လက်ထက်ရောက်မှပဲ ကျိမိသားစုက ယုတ်မာပြီး အရှက်မရှိတဲ့ လူသတ်သမား ဖြစ်လာရတယ်။”

ရှမ့်လန်က ပြောသည်။ “ကျုပ် မှတ်မိသလောက်ဆိုရင် ချောင်ဘုရင် သေဆုံးမှုအတွက် ကျိမိသားစုမှာ တာဝန်မကင်းဘူး။”

အင်ပါယာက မထီမဲ့မြင် ပြုလျက် ပြော၏။ “ချောင်ဘုရင်လား။ သူ့ကို စေတီတောင်က သတ်ခဲ့တာပါ။ ကျုပ်ရဲ့ ကျိမိသားစု က လက်ပိုက်ကြည့်နေခဲ့ရုံပဲ။ ချောင်မိသားစုဆိုတာကကော ဘယ်လို ကြောင်သူတော်တွေမို့လဲ။ ရှေးဟောင်းခေတ်တုန်းက ချောင်မိသားစုမှာ ဘာအဆင့်အတန်း ရှိလို့လဲ။ ကျုပ်ရဲ့ ကျိမိသားစုက ဘယ်လိုနည်းလမ်းသုံးပြီး သတ်သတ် ကိစ္စမရှိပါဘူး။ ဘာလူသတ်မှုလဲ။ ဘာအဆိပ်ခတ်မှုလဲ။ ဘာတွေ အရေးကြီး လို့လဲ။”

အင်ပါယာ၏ စကားများမှာ အာဏာစက် ပြင်းထန်လှသည်။ ရှမ့်လန်သည် နောက်ဆုံး၌ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ကျိမိသားစု၏မျက်လုံးထဲတွင် ကျန်းမိသားစုတစ်ခုတည်းသာ ကျိမိသားစုနှင့် ယှဉ်ပြိုင်ရန် ထိုက်တန်သည်။ ကျန်သူများမှာ ကြောင်သူတော် ကြွက်သူတော်များသာ ဖြစ်ပြီး ဘာမှ အရေးမပါပေ။

အင်ပါယာက ပြောသည်။ “ထားလိုက်ပါတော့။ ဒါတွေအားလုံး အရေးမကြီးတော့ပါဘူး။ အခု အရှင်ရှမ့်လန်က ကောင်းကင်ယံက နေမင်းကြီးလို ဖြစ်နေပြီဆိုတော့ ကျုပ်တို့တိုက်ပွဲမှာ ကျုပ်က မင်းကို လုပ်ကြံဖို့ ကြိုးစားတယ်လို့ ဘယ်သူမှပြောကြမှာ မဟုတ်တော့ဘူးနော်။ ဒီတိုက်ပွဲကို လောကက အသိအမှတ်ပြု ပါလိမ့်မယ်။ ကျုပ်သာ မင်းကို သတ်လိုက်ရင် ဘယ်သူမှ ကျုပ်ရဲ့ကျိမိသားစုကို ဉာဏ်များတဲ့ လူယုတ်မာလို့ ပြောကြမှာမဟုတ်သလို ကျုပ်တို့ရဲ့ ရပ်တည်ချက် မမှန်ကန်ဘူးလို့လည်း ပြောကြမှာ မဟုတ်တော့ဘူး။”

ရှမ့်လန်က မေးလိုက်၏။ “အင်ပါယာ... အရှင်ကျန်းလီကို ဘယ်သူသတ်ခဲ့တာလဲ ဆိုတာ မပြောပြသေးဘူးနော်။”

အင်ပါယာက ပြောသည်။ “ကျုပ်တို့ တိုက်ပွဲပြီးမှ ပြောပြရင် မကောင်းဘူးလား။”

ရှမ့်လန်က ပြန်ဖြေလိုက်၏။ “ကောင်းပါတယ်။”

အင်ပါယာက မေးလိုက်သည်။ “ဒါဆို စလိုက်ကြမလား။”

ရှမ့်လန်က ပြော၏။ “အပြစ်မဲ့သူတွေကို မထိခိုက်စေဖို့ အဝေးတစ်နေရာမှာ သွားတိုက်ကြမလား။”

အင်ပါယာက သဘောတူလိုက်သည်။ “ကောင်းပြီ။”

ထို့နောက် နဂါးနှစ်ကောင်သည် ကောင်းကင်ယံသို့ ဆက်လက် ပျံတက်သွားကြ၏။ မြင့်သည်ထက် မြင့်အောင် ပျံတက်သွားကြသည်။ နောက်ဆုံးတွင် သူတို့သည် ဤလောက၏ လေထုအလွှာကို ကျော်လွန်ပြီး မြေပြင်မှ မိုင်နှစ်သောင်းကျော် အကွာသို့ ရောက်ရှိသွား၏။

အမှန်စင်စစ် မိုင်တစ်သောင်းအထက်တွင် အလွန်ပါးလွှာသော လေထု ရှိနေသေး၏။ သို့သော်ငြား ရိုးရာ အယူအဆအရ မိုင်နှစ်သောင်းအထက်ရှိ လေထုမှာ မရှိသလောက် နည်းပါးလှသည်။ အနည်းငယ် တွေဝေပြီးနောက် ရှမ့်လန်သည် မြေပြင်မှ မိုင်သုံးသောင်းအထိ ရောက်အောင် အနည်းငယ် ပိုမြင့်သော နေရာသို့ ပျံတက်လိုက်သည်။

သူတို့နှစ်ဦးစလုံးသည် နဂါးဉာဏ်အလင်း ပွင့်ထားကြသူများ ဖြစ်ပြီး ရှေးဟောင်း ဘုရင်လက်စွပ်နှင့် ရှေးဟောင်း အင်ပါယာ လက်စွပ်တို့ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူတို့သည် ဤအမြင့်တွင် အသက်ရှင် နေထိုင်နိုင်ကြသည်။ ထိုအချိန်တွင် မြေပြင်ပေါ်ရှိ သန်းပေါင်းများစွာသောလူများသည် ဘာမှ မမြင်ရတော့သော်လည်း မော့ကြည့်နေဆဲ ဖြစ်ကြ၏။

အင်ပါယာ၏အသံမှာ ရှမ့်လန်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ “ဒီအကွာအဝေးဆိုရင် လုံလောက်ပြီ မဟုတ်လား။ ရန်မြို့တော်ကို ထိခိုက်မှာ မဟုတ်ဘူး။”

ရှမ့်လန်က ပြော၏။ “လုံလောက်ပါပြီ။ အင်ပါယာ... ကတိကို မှတ်ထားပါ။ တိုက်ပွဲပြီးရင် အရှင်ကျန်းလီကို ဘယ်သူ လုပ်ကြံခဲ့သလဲ ဆိုတာ ပြောပြပါ။”

အင်ပါယာက ပြောလိုက်သည်။ “စိတ်မပူပါနဲ့... ကျန်းမိသားစုခေါင်းဆောင်ကို ပေးတဲ့ကတိ ကျုပ် သေချာပေါက် တည်ပါ့မယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆို စလိုက်ကြမလား။”

အင်ပါယာက ဖြေလိုက်သည်။ “ကောင်းပြီ။”

ရှမ့်လန်က ပြော၏။ “ကျုပ် မိုင်တစ်ထောင်လောက် နောက်ဆုတ်ချင်တယ်။”

အင်ပါယာက သဘောတူလိုက်သည်။ “ကောင်းပြီ။”

ထို့နောက် နဂါးနှစ်ကောင်သည် ကောင်းကင်ယံတွင် လူစုခွဲလိုက်ကြသည်။ သူတို့သည် တစ်ဖက်စီသို့ မိုင်တစ်ထောင်စီ နောက်ဆုတ်လိုက်ကြ၏။ သူတို့ကြားရှိ အကွာအဝေးမှာ မိုင်နှစ်ထောင် ဖြစ်သွားခဲ့သည်။ ဤတိုက်ပွဲသည် အလွန်တရာ တရားဝင်သော တိုက်ပွဲတစ်ခု ဖြစ်လာရန် ကံပါလာပြီးသား ဖြစ်၏။

ဤသည်မှာ ယခင်က နဂါးနှစ်ကောင် တိုက်ခိုက်ခဲ့သော တိုက်ပွဲနှင့် လုံးဝ ကွဲပြားခြားနားလှသည်။ ယခင်က အင်ပါယာ ရှိမနေခဲ့ပေ။ ထို့အပြင် သူသည် ရှမ့်လန်ကို တန်းတူရည်တူ ပြိုင်ဘက်အဖြစ် သဘောမထားခဲ့ပေ။ သူသည် ရှမ့်လန်အား အမြင့်ဆုံးစံချိန်မီ တိုက်ပွဲမျိုး မပေးခဲ့ပေ။

အင်ပါယာအတွက် တော်ဝင်ရန်နဂါးကြီးနှင့် တိုက်ခိုက်မှုသည် အမှန်တကယ် ကွပ်မျက်ခြင်း တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်သည်နှင့် ရန်သူက သေရမည်။

တော်ဝင်ရန် နဂါးကြီးနှင့် တော်ဝင်ချန် နဂါးကြီးတို့ နေရာယူလိုက်ကြပြီ ဖြစ်သည်။

အင်ပါယာက ပြော၏။ “ကျုပ် အဆင်သင့် ဖြစ်ပြီ။”

ရှမ့်လန်က ပြောသည်။ “ကျုပ်လည်း အဆင်သင့် ဖြစ်ပြီ။”

“တိုက်...”

“တိုက်...”

နဂါးနှစ်ကောင်သည် တစ်ဦးချင်းတိုက်ပွဲမှ သူရဲကောင်းနှစ်ဦးကဲ့သို့ပင် စတင် ထိပ်တိုက်တွေ့ဆုံကြလေတော့၏။ သူတို့သည် ကောင်းကင်ယံ မိုင်နှစ်ထောင် အကွာအဝေးမှနေ၍ တစ်ကောင်နှင့်တစ်ကောင် အရှိန်ဖြင့် ဝင်ဆောင့်ကြ၏။

နဂါးနှစ်ကောင်၏ အရှိန်မှာ ပို၍ ပို၍ မြန်ဆန်လာခဲ့သည်။

အသံထက် သုံးဆမြန်သော အရှိန် .... အသံထက် ငါးဆမြန်သော အရှိန် .... အသံထက် ဆယ်ဆမြန်သော အရှိန် ... အသံထက် အဆသုံးဆယ် မြန်သော အရှိန်။

နဂါးနှစ်ကောင်၏ ခန္ဓာကိုယ်များ ကျုံ့ဝင်သွားခဲ့သည်။ နဂါးနှစ်ကောင်သည် စွမ်းအင်များနှင့် ပြင်းထန်စွာ လောင်ကျွမ်း နေခဲ့၏။

ကျန်းမိသားစုနဂါးသည် ရှေးဟောင်းနဂါးရေကန်မှ သင်ယူခဲ့သော စွမ်းအားများ အပါအဝင် သူ၏ အင်အားရှိသမျှကို ထိန်းချုပ်မထားဘဲ ထုတ်သုံးလိုက်၏။ ရှေးဟောင်းနဂါးရေကန်၏ တုန်လှုပ်ဖွယ် ရောင်ခြည်များ နှင့် ပေါင်းစပ်သွားခဲ့သည်။ ၎င်းသည် နိဗ္ဗာန၏ စွမ်းအား ဖြစ်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ကျန်းမိသားစုနဂါး၏ ခန္ဓာကိုယ်အတွင်းတွင် ရေတွက်၍မရနိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။ သူသည် နေမင်းကြီးထက် အဆပေါင်းများစွာ ပိုမို တောက်ပသော အလင်းရောင်အဖြစ် ချက်ချင်း ပြောင်းလဲ သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူသည် နျူကလီးယား ပေါက်ကွဲမှု၏ အလင်းရောင်အဖြစ် လုံးဝ ပြောင်းလဲ သွားခဲ့၏။

တော်ဝင်ရန် နဂါးကြီး၏ ခန္ဓာကိုယ်မှာမူ စတင် ပြိုလဲကျဆင်းလာခဲ့သည်။ ၎င်းသည် ပို၍ ပို၍ မဲမှောင်လာခဲ့၏။ နောက်ဆုံးတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ ချော်ရည်ပင်လယ်အောက်ရှိ ငရဲပုံဆောင်ခဲများကို ဝါးမျိုးစားသောက်ခြင်းမှ ရရှိသော စွမ်းအား ဖြစ်သည်။ ဤသည်မှာ သူ၏ နိဗ္ဗာနဘုံ ပြန်လည်မွေးဖွားခြင်း စွမ်းအား ဖြစ်သည်။

ကျန်းမိသားစု၏ နဂါးကြီးသည် အစွန်းကုန် တောက်ပနေခဲ့သည်။ ကျိမိသားစု၏ နဂါးကြီးသည် အစွန်းကုန် မဲမှောင်နေခဲ့သည်။ ရှမ့်လန်သည် သူ့နဂါးပေါ်တွင် စီးနင်းမထားပေ။ အင်ပါယာလည်း ထိုနည်းတူပင်။ အဘယ်ကြောင့်ဆိုသော် နဂါး၏ပုံသဏ္ဍာန်သည် အဆုံးစွန်သော ပြောင်းလဲမှု ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ရှေးဟောင်းဘုရင်လက်စွပ်နှင့် ရှေးဟောင်းအင်ပါယာလက်စွပ်တို့ပင် သူတို့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

သူတို့နှစ်ဦးသည် လေထဲတွင် ရပ်တန့်နေကြသည်။ သူတို့သည် နဂါးဉာဏ်အလင်းပွင့်သော နယ်ပယ်တွင် ရှိနေကြပြီး နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲနေကြခြင်း ဖြစ်သည်။ ဤသည်မှာ နဂါးနှစ်ကောင်ကြား တိုက်ပွဲ သတ်သတ် မဟုတ်ပေ။ လူသားနှစ်ဦးကြား တိုက်ပွဲလည်း ဖြစ်သည်။

All Chapters