အခန်း (၁၂၈၇-၁၂၈၈)
Vol. 74 Ch. 1287-1288
အပိုင်း (၁၂၈၇)
နဂါးနှစ်ကောင်သည် အလင်းနှင့် အရိပ်များအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ သူတို့သည် နှိုင်းယှဉ်၍ မရနိုင်သော အရှိန်အဟုန်ဖြင့် တစ်ကောင်နှင့်တစ်ကောင် နီးကပ်လာခဲ့ကြသည်။ နောက်ဆုံး မိုင်တစ်ထောင် အကွာအဝေးကို မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့၏။
တိုက်မိခြင်းမှာ ရိုးရှင်းပြီး တိုက်ရိုက်ကျသည်။ သို့သော်ငြား ထိုနေရာတွင် စွမ်းအားအားလုံး၊ ရှမ့်လန်နှင့် တော်ဝင်ရန် အင်ပါယာတို့၏ ဉာဏ်ပညာအားလုံးနှင့် သူတို့၏ ဉာဏ်အလင်းပွင့်မှု အားလုံး ပါဝင်နေခဲ့သည်။ ဤသည်မှာ စစ်မှန်သော အမြင့်ဆုံးအဆင့် တိုက်ပွဲ ဖြစ်သည်။
ဤသည်မှာ လောကပေါ်ရှိ အမြင့်ဆုံးအဆင့် စွမ်းအားများ ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်သည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားချင်း တိုက်မိခြင်း၏ စွမ်းအင်ပမာဏထက် များစွာ ကျော်လွန်နေခဲ့သည်။
“ဝုန်း... ဝုန်း...”
မျက်စိတစ်မှိတ် အတွင်းမှာပဲ နဂါးအရိပ်နှစ်ခုသည် ပြင်းထန်စွာ ဝင်ဆောင့်မိသွားကြ၏။ မျှော်လင့်ထားသကဲ့သို့ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခြင်း မရှိပေ။ သီအိုရီအရ နဂါးနှစ်ကောင် တိုက်မိခြင်းမှ ထွက်ပေါ်လာသော အလင်းရောင်သည် နေမင်းကြီးနှင့် ညီမျှပြီး ကောင်းကင်ယံ မိုင်ထောင်ချီကို လင်းထိန် သွားစေရမည်။ သို့သော်ငြား ထိုသို့ ဖြစ်မလာခဲ့ပေ။ အလင်းရောင်သည် လုံးဝနီးပါး ထွက်ပေါ်လာခြင်း မရှိပေ။
ဤသည်မှာ အလွန် ဆိုးရွားသော အခြေအနေ ဖြစ်၏။ ဆိုလိုသည်မှာ သူတို့သည် အင်အားချင်း ညီမျှနေခြင်း ဖြစ်သည်။ ကျန်းမိသားစုနဂါးသည် အလွန်တရာ တောက်ပနေပြီး ကျိမိသားစု နဂါးသည် အလွန်တရာ မဲမှောင်နေခဲ့သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ချေဖျက်လိုက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် တိုက်မိပြီးနောက် ဧရာမနဂါးကြီး နှစ်ကောင်သည် မိုးကုတ်စက်ဝိုင်းထဲတွင် ခြေရာလက်ရာ မကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။
ခဏအကြာတွင် ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာ တို့သည် မြေပြင်ပေါ်သို့ စတင် ပြုတ်ကျလာခဲ့ကြသည်။ ဖြည်းညင်းစွာ ပြုတ်ကျနေ၏။ လေထုထဲသို့ ဝင်ရောက်ပြီးနောက် သူတို့နှစ်ဦး ပြုတ်ကျသော အရှိန်မှာ ပို၍ ပို၍ မြန်ဆန်လာခဲ့သည်။ နောက်ဆုံး၌ သူတို့သည် လောကမြေဆွဲအား အရှိန်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကြသည်။
လူတိုင်းသည် တိုက်ပွဲရလဒ်ကို စောင့်မျှော်ရင်း ကောင်းကင်ယံကို မော့ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် နဂါးနှစ်ကောင်အနက် တစ်ကောင်သာ ပြန်လာနိုင်မည်ဟု ထင်မှတ်ထားကြ၏။ အရှင်ရှမ့်လန် သို့မဟုတ် တော်ဝင်ရန်အင်ပါယာ တစ်ဦးတည်းသာ ပြန်လာနိုင်မည်ဟု ယုံကြည်ထားကြ၏။
သို့သော်ငြား ယခုအချိန်တွင် လူရိပ်နှစ်ခု ပြုတ်ကျလာသယောင် ရှိနေခဲ့သည်။ ဘာတွေ ဖြစ်ကုန်သနည်း။ နဂါးနှစ်ကောင်စလုံး ပျောက်ကွယ်သွားပြီး အရှင်ရှမ့်လန်ရော အင်ပါယာပါ ပြန်ရောက်လာကြသည်လား။ ဤတိုက်ပွဲကို မည်သူ နိုင်သွားသနည်း။
“ဘုန်း... ဘုန်း...”
ဥက္ကာခဲနှစ်ခုကဲ့သို့ပင် သူတို့နှစ်ဦးစလုံးသည် အချိန်ကိုက်နီးပါး မြေပြင်ပေါ်သို့ ပြုတ်ကျ လာခဲ့ကြသည်။ ကျယ်လောင်သော အသံကြီးနှင့်အတူ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းကြီးတစ်ခု ပေါ်လာခဲ့၏။ သူတို့နှစ်ဦးစလုံး သည် ရှေးဟောင်းဘုရင်လက်စွပ်များ၏ ကာကွယ်မှုကို ရရှိထားသဖြင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပေ။
ခဏအကြာတွင် ရှမ့်လန်နှင့် အင်ပါယာတို့ သတိပြန်ဝင်လာကြသည်။ သူတို့သည် တွင်းကြီးထဲမှ တွားသွား ထွက်လာပြီး တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် လျှောက်သွားလိုက်ကြ၏။ မီတာထောင်ချီသော အကွာအဝေးကို ရောက်ရှိရန် သူတို့ ၁၅ မိနစ်ခန့် အချိန်ယူလိုက်ရသည်။ သူတို့နှစ်ဦးစလုံး စိတ်စွမ်းအားများ ကုန်ခမ်းနေသကဲ့သို့ ရှိသည်။ သူတို့နှစ်ဦးသည် သုံးမီတာခန့် အကွာတွင် ရပ်တန့်လိုက်ကြသည်။
အင်ပါယာသည် ရှမ့်လန်ကို ကြည့်ရင်း အကြီးအကျယ် မောဟိုက်နေခဲ့သည်။ အတော်ကြာပြီးနောက် သူ သက်ပြင်းချကာ ဆိုလိုက်၏။ “ကျုပ် ရှုံးသွားပြီ။ ရှမ့်လန်... အရှေ့ပိုင်း လူသားအင်ပါယာနေရာက အခု မင်းလက်ထဲ ရောက်သွားပြီ။”
ပြောပြီးသည်နှင့် အင်ပါယာ၏ ဒူးများ ခွေယိုင်သွားခဲ့သည်။ သူ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့၏။ သွေးများသည် သူ၏ ပါးစပ်ထဲမှ ပန်းထွက်လာခဲ့သည်။
… …
တော်ဝင်ရန်အင်ပါယာသည် မူလတည်းက အရပ်မရှည်ပေ။ ဒူးထောက်လိုက်သောအခါ ပို၍ပင် ပုသွားသကဲ့သို့ ရှိ၏
ရှမ့်လန်သည် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။ “အင်ပါယာ... ပြောပါ။ ကျန်းလီကို ဘယ်သူသတ်ခဲ့တာလဲ။”
အင်ပါယာသည် ရှမ့်လန်ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ဖြေကြားလိုက်၏။ “မင်းစိတ်ထဲမှာ အဖြေကို သိပြီးသား ဖြစ်မှာပါ။”
ဤစကားကို ကြားလိုက်ရသောအခါ ရှမ့်လန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး ခန္ဓာကိုယ် တစ်ဝက်ခန့် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ကျန်းလီသည် လောကပေါ်တွင် အားအကောင်းဆုံး ဖြစ်သည်။ သူ့ကို ဘယ်သူ သတ်နိုင်မည်နည်း။ သူ၏ ရုတ်တရက် သေဆုံးမှုသည် လောကပေါ်တွင် အကြီးမားဆုံး ပဟေဠိ ဖြစ်သည်။ ဆယ်စုနှစ်ချီ ကြာမြင့်သည်အထိ မည်သူမှ အဖြေရှာမတွေ့ခဲ့ပေ။
ရှမ့်လန်သည် ရေတွက်၍မရနိုင်သော ခန့်မှန်းချက်များကို ပြုလုပ်ခဲ့သော်လည်း အကြိမ်တိုင်းတွင် ရုတ်တရက် ရပ်တန့်သွားလေ့ ရှိသည်။ အမှန်တရားတစ်ခုသာ ရှိသည်။ မှားယွင်းသော ဖြစ်နိုင်ခြေ အားလုံးကို ဖယ်ရှားပြီးနောက် ကျန်ရှိနေသော အရာသည် အမှန်တရားပင် ဖြစ်သည်။ ထိုအဖြေသည် ဘယ်လောက်ပင် ယုတ္တိမရှိ။ မဖြစ်နိုင်ပါစေ အမှန်တရားသည် အမှန်တရားသာ ဖြစ်သည်။
ကျန်းလီသည် လောကပေါ်တွင် အားအကောင်းဆုံး ဖြစ်ပြီး သူ၏မိန်းမသည် ဒုတိယ အားအကောင်းဆုံး ဖြစ်သည်။ ကျန်းလီကို ဘယ်သူ သတ်နိုင်မည်နည်း။ ဒုတိယအားအကောင်းဆုံးက ပထမအားအကောင်းဆုံးကို သတ်ခဲ့ခြင်း ဖြစ်ပြီး အကာအကွယ်မဲ့နေချိန်တွင်သာ ပြုလုပ်နိုင်မည်။ ထို့ကြောင့် ရှမ့်လန်သည် သူ့မိခင်က သူ့ဖခင် ကျန်းလီကို သတ်ခဲ့သည်ဟု မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ တွေးမိခဲ့ဖူး၏။
အင်ပါယာက ပြောသည်။ “ဟုတ်တယ်။ အဲဒါ အဖြေမှန်ပဲ။”
ရှမ့်လန်သည် နာကျင်စွာဖြင့် မျက်လုံးများကို ပြန်မှိတ်လိုက်၏။ သူ့စိတ်ထဲတွင် ပေါက်ကွဲထွက်တော့မတတ် ရှုပ်ထွေးနေခဲ့သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုသို့မဟုတ်ပါက သူ၏ အမြင်အာရုံများ မဲမှောင် သွားပေလိမ့်မည်။
ကျန်းလီသည် တစ်ချိန်က အပျော်အပါးမက်သူ တစ်ဦးဖြစ်ပြီး ရှမ့်လန်ထက်ပင် ပိုမို ဆိုးရွားခဲ့သေးသည်။ သူ၏ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးများမှာလည်း ရှုပ်ထွေးပွေလီလှသည်။သူ တော်ဝင်ချန်အိမ်ရှေ့စံ ဖြစ်စဉ်က စေ့စပ်ထားသူ ရှိပြီးသား ဖြစ်သည်။ သူမသည် တော်ဝင်ရန်အင်ပါယာ ၏ အိမ်ရှေ့စံမင်းသမီး၊ အင်ပါယာ၏ ညီမတော် ဖြစ်၏။
သူသည် အရှေ့ပိုင်းမှ အရာအားလုံးကို စွန့်လွှတ်ပြီး စွန့်စားခန်းဖွင့်ရန် အနောက်ဘက်သို့ သွားရောက်ခဲ့သည်။ သူသည် လိုကီ ဟူသော အမည်ကိုပင် အသုံးပြုခဲ့သည်။ အနောက်ပိုင်းအင်ပါယာသို့ ရောက်ရှိပြီးနောက် ရှီလွန်အင်ပါယာ၏ မင်းသမီး၊ ဘုရင်မမြို့တော်၏ သခင်မ ရှယ်လီ (မီးနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်အကြီးအကဲ မဟုတ်) ကို သွားရောက် ဖွန်ကြောင်ခဲ့သည်။ ထို့နောက် သူသည် သူမနှင့် လျှို့ဝှက်လက်ထပ်ပွဲပင် ကျင်းပခဲ့ပြီး ဟယ်လင် ဟူသော သမီးတစ်ယောက် မွေးဖွားခဲ့သည်။
ပြီးနောက် သူသည် ဟီလာ၏ မိခင်ဖြစ်သူ အိန်ဂျလာဟူသော အိမ်ထောင်သည် အမျိုးသမီးနှင့် ပတ်သက်ခဲ့ ပြန်သည်။ အိန်ဂျလာသည် ရှီလွန်အင်ပါယာ ရေတပ်ဗိုလ်ချုပ်ကြီး၏ သမီး ဖြစ်သည်။ သူမသည် ရှီလွန်အင်ပါယာ မင်းသားတစ်ပါးနှင့် လက်ထပ်ထားပြီး ဦးခေါင်းခွံဂိုဏ်းအတွက် ရှမ့်လန်နှင့် တိုက်ခိုက်နေသော မင်းသား ဒေါက်ဂလပ်စ် ကိုပင် မွေးဖွားထားခဲ့၏။
ထိုသို့သော အခြေအနေမျိုးတွင်ပင် သူမသည် ကျန်းလီ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး နောက်ပိုင်း နှစ်ယောက်သား ချစ်ကြိုက်ခဲ့သည်။ ထို့နောက် သူတို့သည် ပင်လယ်ပြင်တွင် စွန့်စားခန်းဖွင့်ကာ ဦးခေါင်းခွံဂိုဏ်း၏ ပင်လယ်ဓားပြ တပ်မတော်ကို တည်ထောင် ခဲ့ကြသည်။ ကျန်းလီသည် ယခင် အမေဇုန်ဘုရင်မကို ဖွန်ကြောင်ခဲ့သည်ဟုပင် ရှမ့်လန် သံသယ ဝင်မိသော်လည်း သက်သေအထောက်အထား မရှိခဲ့ပေ။
မှတ်တမ်း ကျန်ရစ်ခဲ့သော အမျိုးသမီးများပင် ဤမျှ များပြားနေပြီ ဖြစ်ရာ မှတ်တမ်း မကျန်ရစ်ခဲ့သော အမျိုးသမီး ဘယ်လောက်များများ ရှိနေမည်ကို မည်သူ သိနိုင်ပါမည်နည်း။
သို့သော်ငြား အနောက်လောကမှ ပြန်လာပြီးနောက် ကျန်းလီသည် လုံးဝ ပြောင်းလဲသွားသကဲ့သို့ပင်။ သူသည် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး တစ်လောကလုံး ကန့်ကွက်နေသည့်ကြားမှ သူမကို လက်ထပ်ခဲ့သည်။ သူသည် စေ့စပ်ထားသူ တော်ဝင်ရန်အင်ပါယာ အိမ်ရှေ့စံမင်းသမီးကို စွန့်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျန်းလီ သည် လောကပေါ်တွင် သစ္စာရှိဆုံး အမျိုးသား ဖြစ်လာခဲ့ပြီး အခြားအမျိုးသမီး တစ်ဦးကိုမှ ထပ်မံ ဖွန်ကြောင်ခြင်း မရှိတော့ပေ။
ရှမ့်လန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ “ဘာလို့လဲ။ ဘာလို့လဲ။”
ရှမ့်လန်၏ခန့်မှန်းချက်အရ ကျန်းလီသည် အရှေ့လောကသို့မပြန်မီ ကျောက်စိမ်းဖြူမြို့တော်သို့ သွားရောက် ခဲ့သည်။ ထိုနေရာတွင် သူသည် သူ၏ တစ်သက်တာချစ်သူ ကျောက်စိမ်းဖြူမြို့တော် မင်းသမီးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူသည် တစ်ဘဝလုံး ဇနီးသည်အပေါ် သစ္စာစောင့်သိခဲ့ပြီး လေလွင့်သူဘဝမှ ပြောင်းလဲကာ သူမအတွက် စေ့စပ်သူကိုပင် စွန့်လွှတ်ခဲ့သည်။ ကျောက်စိမ်းဖြူမြို့တော် မင်းသမီးက အဘယ်ကြောင့် သူ့ကို သတ်ချင်ရသနည်း။
ထိုအချိန်က ကျန်းလီသည် စစ်သည်အင်အားသန်းချီ ဦးဆောင်ပြီး ရန်မြို့တော်သို့ မြောက်ပိုင်းစစ်ဆင်ရေး ချီတက်နေခြင်း ဖြစ်သည်။ အရှေ့လောက၏ အဆုံးအဖြတ် တိုက်ပွဲကြီး စတင်တော့မည် ဖြစ်သော်လည်း ကျန်းလီသည် တိုက်ပွဲမစမီ ညတွင် သေဆုံးသွားခဲ့၏။
အင်ပါယာ၏ မျက်ခမ်းများသည် အနည်းငယ် တုန်ခါသွားခဲ့၏။ ထို့နောက် သူ ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။ မျက်လုံးဖွင့်ရန်ပင် အားအင် မရှိတော့ပေ။
အင်ပါယာက ပြောသည်။ “ဘာလို့လဲ ဟုတ်လား။ သူ့ကို ကိုယ်တိုင် မေးကြည့်လိုက်ပါ။ သူ အသက်ရှင်နေပါသေးတယ်။”
ထို့နောက် သူ ဖြည်းညှင်းစွာ မျက်လုံးမှိတ်လိုက်၏။
“ဘုန်း...” ထိုအချိန်တွင်တော့ သူ၏ ရင်ဘတ်ပေါ်ရှိ နဂါးနှလုံးသား ကိရိယာ ပေါက်ကွဲသွားခဲ့သည်။ သူ၏ နှလုံးရှိရာနေရာတွင် ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။။
တော်ဝင်ရန်အင်ပါယာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ထာဝရ ကွယ်လွန် သွားခဲ့ပြီ ဖြစ်၏။
ရေတွက်၍ မရနိုင်သော လူများသည် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရသည်။ ကောင်းကင်နှင့် မြေကြီးသည် သေမင်းတမန် တိတ်ဆိတ်ခြင်းဖြင့် ငြိမ်သက်သွားခဲ့၏။ အမှန်စင်စစ် သူတို့သည် သမိုင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရခြင်း ဖြစ်သည်။ ထိုအရာသည် သူတို့ စိတ်ကူးထားသည်ထက် ပိုမို ရိုးရှင်းသော်လည်း သူတို့ စိတ်ကူးထားသည်ထက် ပိုမို တုန်လှုပ်ဖွယ် ကောင်းနေသည်။
လောကကို နှစ်ပေါင်း ၅၀ကျော် အုပ်စိုးခဲ့သော အင်ပါယာသည် ဤသို့ သေဆုံးသွားခဲ့ရသည်လား။ အရှေ့လောက သည် ဤသို့ လက်ပြောင်းသွားခဲ့သည်လား။ တော်ဝင်ရန်မင်းဆက်သည် ဤသို့ပင် ကျဆုံးသွားခဲ့ရသည်လား။
တော်ဝင်ရန်အိမ်ရှေ့စံသည် ကောင်းကင်နှင့် မြေကြီးကို ငေးငိုင်စွာ ကြည့်နေမိသည်။ သူသည် ကောင်းကင်၊ မြေကြီးနှင့် သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ ဘာလုပ်ရမှန်း မသိသလို ဖြစ်နေခဲ့သည်။ မည်သည့် ဝမ်းနည်းပူဆွေးမှုကိုမှ မခံစားရပေ။ အဆုံးစွန်သော အေးစက်မှု၊ မှောင်မိုက်မှုနှင့် ထုံကျင်နေမှုများသာ ရှိနေခဲ့သည်။ သူသည် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည့်အလား ခံစားလိုက်ရ၏။
တော်ဝင်ရန်ဝန်ကြီးချုပ်က အော်လိုက်သည်။ “အိမ်ရှေ့စံ၊ အိမ်ရှေ့စံ … အင်ပါယာကို ဒီနေရာဆီ သွားခေါ်လာသင့်တယ်။”
အိမ်ရှေ့စံကလည်း သွားချင်နေသော်လည်း သူ၏ခန္ဓာကိုယ်ကို ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။
လျန်မင်းသား၊ ဝူမင်းသားနှင့် အခြားသူများက လျှောက်လာကြ၏။ သူတို့က အင်ပါယာ၏ နှလုံးခုန်သံကို နားထောင်ချင်ခဲ့ကြသော်လည်း နှလုံး ပေါက်ကွဲသွားခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
မင်းသားများသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး အော်ဟစ်လိုက်ကြ၏။ “အင်ပါယာ နတ်ရွာစံသွားပါပြီ။”
ဤစကားကို ကြားချိန်မှာတော့ …
တော်ဝင်ရန်မှ မင်းသားများ၊ မှူးမတ်များနှင့် အရာရှိများအားလုံး စနစ်တကျ ဒူးထောက်လိုက်ကြသည်။
“အင်ပါယာ … အင်ပါယာ …”
တော်ဝင်ရန်မြို့တော်ရှိ သန်းနှင့်ချီသော ပြည်သူများ အံ့အားသင့်သွားကြ၏။ မှူးမတ်များနှင့် အရာရှိများ ဒူးထောက်နေကြောင်း မြင်တွေ့ရချိန်မှာတော့ အင်ပါယာ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သူတို့ သဘောပေါက် လိုက်ကြသည်။ အင်ပါယာ တကယ် သေဆုံးသွားခဲ့၏။
ယင်းနောက် သန်းနှင့်ချီသော ပြည်သူများ စနစ်တကျ ဒူးထောက်ချလိုက်ကြသည်။
ချက်ချင်းဆိုသလို တော်ဝင်ရန်မြို့တော်တစ်ခုလုံး ငိုကြွေးသံများဖြင့် ပြည့်နှက်သွား၏။
တော်ဝင်ရန်အင်ပါယာက သူ၏ပြည်သူများကို ချစ်မြတ်နိုးသူလား။ သဘောထားပြည့်ဝသူလား။
မဟုတ်ပေ။ သို့သော်ငြား တော်ဝင်ရန်မင်းဆက်ကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့၏။ သူသည် အမှန်တကယ် အင်အားကြီးမားခဲ့သည်။ အရာအားလုံးက သူ၏ မဟာဗျူဟာအစီအစဉ်များအတိုင်း ဖြစ်မြောက်သွားခဲ့၏။
သူသည် ထီးနန်းပေါ်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့၏။ သူ ပြုလုပ်ခဲ့သော အဓိကဖြစ်ရပ် အနည်းငယ်က လောကကို တုန်ဟည်းစေပြီး နိုင်ငံ၏ အရင်းအမြစ်များကို ကုန်ခမ်းစေခဲ့သည်။ သူသည် တော်ဝင်ချန်အင်ပါယာကို အနိုင်ယူခဲ့ပြီး တော်ဝင်ရန်အင်ပါယာအတွင်း မူဝါဒသစ်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။
မမျှော်လင့်ဘဲ ရှမ့်လန်သာ ပေါ်ပေါက်မလာပါက သူသည် အရှေ့ဘက်လောကတစ်ခုလုံးကို အလုံးစုံ ပေါင်းစည်းနိုင်မှာ ဖြစ်ပြီး ဤစတုရန်းကီလိုမီတာ ဆယ်သန်းအတွင်း မူဝါဒသစ်များကို အကောင်အထည် ဖော်နိုင်ခဲ့ပေလိမ့်မည်။ သူသည် အင်ပါယာ၏ အာဏာကို အလုံးစုံ ဗဟိုချုပ်ကိုင်နိုင်မည်။
မည်သို့ပင်ဆိုစကာမူ သူသည် ထီးနန်းပေါ်တွင် အနှစ်ငါးဆယ်ကျော် နေထိုင်ခဲ့၏။ လောကကြီး၏ အရှင်သခင် ဆိုသော ဘွဲ့နာမက ပြည်သူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့၏။
အချစ်မရှိသော စုံတွဲပင်လျှင် အနှစ်ငါးဆယ်ကျော် အတူနေထိုင်ပြီးနောက် သံယောဇဉ်များ ဖြစ်ပေါ်လာတတ်သည်။ တော်ဝင်ရန်မြို့တော်မှ ပြည်သူများကလည်း အင်ပါယာအပေါ် အလားတူ ခံစားရသည်။ သူတို့သည် အင်ပါယာနှင့် မရင်းနှီးကြချေ။ သို့သော်ငြား သူတို့၌ လေးစားမှု၊ အားကျမှုတို့ ရှိနေကြသည်။
ဤသူက ခေတ်တစ်ခေတ်၏ အစစ်အမှန် သူရဲကောင်းတစ်ဦးပင်။
ယခုတော့ ခေတ်တစ်ခေတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။ သမိုင်းကာလတစ်ခု အဆုံးသတ်သွားခဲ့သည်။
တော်ဝင်ရန်မြို့တော်ရှိ သန်းနှင့်ချီသော ပြည်သူများ ဝမ်းနည်းပူဆွေးနေကြ၏။
“အင်ပါယာ …. အင်ပါယာ … ကျုပ်တို့ရဲ့ အင်ပါယာ …”
ဤအချိန်တွင် တော်ဝင်ရန်မြို့တော်အတွင်းမှ အဘိုးအိုတစ်ဦးသည် မျက်ရည်များ စီးကျနေရင်းမှ အဆိပ် ပုလင်းတစ်ပုလင်းကို ထုတ်ယူကာ တည်ငြိမ်စွာ သောက်ချလိုက်၏။ သူက ပြောသည်။ “အင်ပါယာ … ကျုပ် အရှင့်နောက်ကို လိုက်ပါရစေ။”
သူက ထူးခြားသူ မဟုတ်သလို ထင်ရှားသူတစ်ဦးလည်း မဟုတ်ပေ။ သာမန်ပြည်သူတစ်ဦးသာ ဖြစ်၏။
ဒေါင် …
ဒေါင် …
ဒေါင် …
နန်းတော်အတွင်း ဈာပနခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
မြို့တော်၏အတွင်းအပြင်တွင် မရေမတွက်နိုင်သော ခေါင်းလောင်းသံများ မြည်ဟည်းလာ၏။
သန်းနှင့်ချီသော ငိုကြွေးသံများက ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေသည်။
လူများ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေကြကာ အင်ပါယာနှင့်အတူ မြှုပ်နှံခံကြသည်။ ထိုထဲတွင် ပညာရှင်များ၊ စစ်သူကြီးများ၊ အရာရှိများနှင့် မှူးမတ်များ ပါဝင်ကြ၏။
တချို့က အဆိပ်သောက်ကြ၏၊ တချို့ ကြိုးဆွဲချကြ၏၊ တချို့က နံရံကို ခေါင်းနှင့်ဆောင့်ကြပြီး တချို့က မြစ်ထဲသို့ ခုန်ချကြသည်။ ရာနှင့်ထောင်နှင့်ချီသော လူများ အင်ပါယာနှင့်အတူ လိုက်လံသေဆုံးကြသည်။
… …
အပိုင်း (၁၂၈၈)
ရှမ့်လန်သည် အင်ပါယာ၏အလောင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်နေဆဲပင် ဖြစ်၏။ သူသည် ပိန်ချုံးနေသော မျက်နှာကို တိတ်ဆိတ်စွာ ကြည့်နေသော်လည်း မျက်လုံးများက အာရုံစူးစိုက်မှု ကင်းမဲ့နေ၏။
သူ၏မိခင်က ဖခင်ဖြစ်သူ ကျန်းလီကို သတ်ဖြတ်ခဲ့သည်။
အဘယ့်ကြောင့်နည်း။
ထို့အပြင် အင်ပါယာ မသေဆုံးမီက သူ၏မိခင် အသက်ရှင်နေသေးကြောင်း ပြောဆိုခဲ့သည်။ သို့ပေမည့် ထောက်လှမ်းရေး အစီရင်ခံစာများ၊ သမိုင်းပညာရှင်များနှင့် သမိုင်းစာအုပ်များအားလုံးက အင်ပါယာကျန်းလီနှင့် ဧကရီတို့ နှစ်ဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားကြ၏။
အင်ပါယာကျန်းလီ သေဆုံးပြီးနောက် ဧကရီက ကလေးမွေးဖွားခဲ့ပြီး သူ့နောက်သို့ လိုက်သွားခဲ့သည်။ သူမ အဘယ့်ကြောင့် မသေဆုံးသေးသနည်း။
သူမ မသေဆုံးခဲ့လျှင် အဘယ့်ကြောင့် ကလေးနှစ်ယောက်ကို သူမနှင့်အတူ မခေါ်ဆောင်သွားခဲ့သနည်း။ သူမ အဘယ့်ကြောင့် ကလေးများကို သူများထံ ပေးအပ်ခဲ့သနည်း။ သူမသည်သာ ကျန်းမိသားစုကို မုန်းတီးလျှင် အဘယ့်ကြောင့် ကလေးနှစ်ယောက်ကို မသတ်ဖြတ်ခဲ့သနည်း။ အဘယ့်ကြောင့် မျိုးပြုတ်အောင် မလုပ်ခဲ့သနည်း။
သူမ ကလေးများကို ချစ်မြတ်နိုးလျှင် အဘယ့်ကြောင့် ကျောက်စိမ်းဖြူမြို့သို့ မခေါ်ဆောင်သွားခဲ့သနည်း။ ကလေးနှစ်ယောက်အနက် တစ်ယောက်ကို တော်ဝင်ရန်အင်ပါယာက ခေါ်ဆောင်သွားပြီး အခြားတစ်ယောက် ကိုတော့ ဦးလေးဖြစ်သူက ခေါ်ဆောင်သွားခဲ့သည်။ သူတို့ကို တော်ဝင်ရန်အင်ပါယာတစ်ခုလုံးက လိုက်လံ ဖမ်းဆီးခဲ့ကြ၏။ အကယ်၍ ရှမ့်လန်၏ မွေးစားမိဘများသာ ရှမ့်လန်ကို ခေါ်မသွားခဲ့လျှင် သူသည် တော်ဝင်ရန်အင်ပါယာ၏ လက်ထဲတွင် သေဆုံးသွားခဲ့ပေမည်။
ဤသည်က အဘယ့်ကြောင့် ဖြစ်ပျက်နေရသနည်း။
ယခု သူမ ဘယ်မှာ ရှိနေသနည်း။ ကျောက်စိမ်းဖြူမြို့တော် တွင် ရှိနေသည်လား။
… …
တော်ဝင်ရန်အင်ပါယာ၏ အလောင်းကို သယ်ဆောင်သွားကြ၏။ တော်ဝင်ရန်မြို့တော်တစ်ခုလုံး ငွေရောင်များဖြင့် ဖုံးလွှမ်းသွားသည်။ အင်ပါယာအတွက် လူတိုင်းက ဝမ်းနည်းပူဆွေးသည့် အဝတ်အစားများကို ဝတ်ဆင်ထား ကြသည်။
တော်ဝင်ရန်မြို့တော်သည် အင်ပါယာအတွက် ဈာပနအခမ်းအနားကို အမြင့်မားဆုံး စံချိန်စံညွှန်းများဖြင့် ကျင်းပခဲ့ပြီး ကျီတော်ဝင်ဂူဗိမာန်တွင် မြှုပ်နှံခဲ့သည်။
နိုင်ငံအသီးသီးမှ မင်းသားများနှင့် မှူးမတ်အားလုံး တက်ရောက်ခဲ့ကြ၏။
လဝက်ခန့် ကြာပြီးနောက် တော်ဝင်ရန်အင်ပါယာ၏ ဈာပနအခမ်းအနား အဆုံးသတ်သွားသည်။
တော်ဝင်ရန်အိမ်ရှေ့စံသည် မင်းသားများ၊ မှူးမတ်များနှင့် နန်းတွင်းအရာရှိ၊ စစ်ဘက်ဆိုင်ရာ အရာရှိများကို ဦးဆောင်ကာ တော်ဝင်ရန်မြို့တော်အပြင်ဘက်သို့ ထွက်လာခဲ့၏။
သူက ပြောသည်။ “အင်ပါယာကျန်း … ဒါက တော်ဝင်ရန်အင်ပါယာရဲ့ နိုင်ငံတော်တံဆိပ်တုံးပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။ အင်ပါယာကျန်း ….ဒါက တော်ဝင်ရန်အင်ပါယာရဲ့ နဂါးအလံပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။”
ထို့နောက် တော်ဝင်ရန်အိမ်ရှေ့စံက သူ၏သရဖူနှင့် ရွှေရောင်ဝတ်ရုံများကို ချွတ်လိုက်၏။
တော်ဝင်ရန်အင်ပါယာမှ နန်းတွင်းအရာရှိနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကလည်း သူတို့၏ ဦးထုပ်များနှင့် ဝတ်ရုံများကို ချွတ်လိုက်ကြသည်။
အိမ်ရှေ့စံက တော်ဝင်ရန်အင်ပါယာမှ ပြည်သူများကို ဦးဆောင်ကာ စနစ်တကျ ဒူးထောက်ပြီး ပြော၏။ “အပြစ်ရှိသူတွေက အင်ပါယာကို တော်ဝင်ရန်မြို့တော်ထဲ ဝင်ရောက်ဖို့ ရိုသေလေးစားစွာ ဖိတ်ခေါ်ပါတယ်။”
မြို့တံခါးတစ်ဖက်တစ်ချက်တွင် လူထောင်ပေါင်းများစွာ ဒူးထောက်နေကြသည်။
တော်ဝင်ရန်အင်ပါယာ၏ စစ်သည်သောင်းနှင့်ချီသည် စနစ်တကျ ဒူးထောက်ပြီး အော်ဟစ်ကြ၏။
“အင်ပါယာ …. ကျေးဇူးပြုပြီး တော်ဝင်ရန်မြို့တော်ထဲ ဝင်ရောက်ပါ။”
“အင်ပါယာ၊ ကျေးဇူးပြုပြီး တော်ဝင်ရန်မြို့တော်ထဲ ဝင်ရောက်ပါ။”
ရှမ့်လန်သည် ရှမ့်ယီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှမ့်ယီ၏လက်ကို ကိုင်ကာ နဂါး ဝေါယာဉ်ပေါ်သို့ တက်လိုက်၏။ သူတို့သည် တော်ဝင်ရန်မြို့တော်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွား ကြသည်။
တော်ဝင်ရန်မြို့တော်ရှိ မရေမတွက်နိုင်သော ပြည်သူများက လမ်း၏ တစ်ဖက်တစ်ချက်တွင် စနစ်တကျ ဒူးထောက်နေကြ၏။
တစ်ချိန်တည်းမှာပင်။
ကောင်းကင်ယံတွင် အမည်းစက်တစ်ခု ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာသည်။ ကျန်းနဂါးကြီးပင် ဖြစ်သည်။
တော်ဝင်ရန်နဂါးကြီးနှင့် နောက်ဆုံးတိုက်ပွဲတွင် သူက အနည်းငယ်သာလွန်ကာ အနိုင်ရခဲ့သည်။ သို့ပေမည့် အနည်းငယ်သာလွန်၍ အနိုင်ရသည်ဆိုလျှင်တောင် လုံလောက်နေပေပြီ။ အပြတ်အသတ် အနိုင်ရဖို့ ဆိုသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။
ထိုအချိန်က ကျန်းနဂါးနှင့် တော်ဝင်ရန်နဂါးကြီးတို့က လေထဲသို့ ပျောက်ကွယ်သွားသည့်ပုံ ပေါ်ခဲ့၏။ သို့သော်လည်း ကျန်းနဂါးက နိဗ္ဗာန်ကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ယခင်ကဆိုလျှင် သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီးနောက် ပြန်လည်သက်သာလာရန် အနည်းဆုံး အနှစ်တစ်ရာ အချိန်ယူရပေလိမ့်မည်။
ယခုတော့ ရှမ့်လန်နှင့် နဂါးကြီးနှစ်ဦးစလုံးက နဂါး၏စွမ်းအားနှင့် ပတ်သက်၍ နားလည် သဘောပေါက်မှု အသစ်တစ်ခု ရရှိထားပြီး ဖြစ်သည်။ ပျောက်ကွယ်သွားသော စွမ်းအင်များကို လျင်မြန်စွာ ပြန်လည်စုစည်းနိုင်သည်။ လဝက်ခန့် ကြာပြီးနောက် ယင်းက သူ၏ ခမ်းနားထည်ဝါပြီး ပြိုင်ဘက်ကင်းသော အသွင်အပြင်ကို ပြန်လည်ရရှိလာခဲ့သည်။
သေချာပေ၏။ ဤအချိန်တွင် ရှမ့်လန်က သူ၏အင်အား ၃၀ ရာခိုင်နှုန်းအောက်သာ ပြန်လည်ရရှိသေး၏။ သို့တိုင်အောင် ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းသွားစေနိုင်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် အသွင်အပြင်မျိုးကို သူ အထူး လိုအပ်နေ၏။
နဂါးကြီးက အလွန် တိတ်ဆိတ်နေ၏။ သူက ရှမ့်လန်၏ ခြေလှမ်းများနောက်သို့ လိုက်ကာ ကောင်းကင်ယံတွင် ပျံသန်းနေသည်။
ထိုအရာမြင်တွေ့ရချိန်မှာတော့ သောင်း၊ သိန်း၊ သန်းနှင့်ချီသော ပြည်သူများက အဆုံးမဲ့ လေးစားမှုများဖြင့် ပြည့်နှက်သွားကြ၏။ သူတို့သည် ဒူးထောက်ကာ နဖူးများကို မြေကြီးပေါ် အပ်လိုက်ကြ၏။
ဤအချိန်တွင် လောကကြီး ပြောင်းလဲသွားပြီဖြစ်ကြောင်း သူတို့ အမှန်တကယ် ခံစားလိုက်ရသည်။
သန်းနှင့်ချီသော ပြည်သူများ၏ မျက်မှောက်နှင့် အလွန် လေးနက်သော လေထုအောက်တွင် ရှမ့်လန်နှင့် ရှမ့်ယီ တို့သည် တော်ဝင်ရန်အင်ပါယာ၏ နန်းတော်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားကြ၏။
ယခုမှစ၍ သူသည် ဤနန်းတော်နှင့် ဤမြို့တော်၏ အရှင်သခင် ဖြစ်ခဲ့လေသည်။
… …
တော်ဝင်ရန်အင်ပါယာ၏ နန်းတော်က အစစ်အမှန် နန်းတော်ကြီး ဖြစ်၏။ ထိုအရာက တော်ဝင်ချန် နန်းတော်ထက်ပင် ပိုမို ခမ်းနားထည်ဝါနေသည်။
သို့ပေမည့် ရှမ့်လန် နန်းတော်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အထူး တိတ်ဆိတ်နေသည်။ မည်သည့် အမိန့်ပြန်တမ်းများ၊ အနှောင့်အယှက်များမှ မရှိခဲ့ပေ။
ကျောက်လင်ကဲ့သို့ အခွင့်အရေးသမားပင်လျှင် သူ့ကို ဖျောင်းဖျဖို့ အသနားခံစာ တင်သွင်းရန် မရဲဝံ့ချေ။
ဤအချိန်တွင် အရာရှိအားလုံးက ရှမ့်လန်ကို အင်ပါယာအဖြစ် တရားဝင် တက်ရောက်ရန် အသနားခံစာများ တင်သွင်းထားကြပြီးဖြစ်သည်။
တော်ဝင်ရန်အင်ပါယာ ပျက်စီးသွားပြီး အင်ပါယာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။ လောကကြီးသည် အရှင်သခင် မရှိဘဲ တစ်ရက်မျှ မနေသင့်ပေ။ ထို့ကြောင့် တော်ဝင်ရန်အင်ပါယာကို တော်ဝင်ချန်အင်ပါယာအဖြစ် အမည်ပြောင်းလဲသင့်ပြီး ရှမ့်လန်က တရားဝင် အင်ပါယာ ဖြစ်လာသင့်၏။
သို့ပေမည့် … သူ ထိုသို့ မလုပ်ခဲ့ချေ။
ကျင်းမင်းသားနှင့် အခြားသူများက အသနားခံစာ တင်သွင်းလိုသူအားလုံးကို တားဆီးထားခဲ့သည်။ ကျင်းမင်းသား က ရှမ့်လန်၏ အရာရှိတစ်ဦးသာမက လူယုံတစ်ဦးလည်း ဖြစ်သည်။
… …
အဘိုးအိုတစ်ဦးက ရှမ့်လန်ရှေ့တွင် ဒူးထောက်ပြီး ပြောသည်။ “အင်ပါယာကို ဂါရဝပြုပါတယ်။ အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ဦးညွှတ်ပြီးနောက် မြေကြီးပေါ်တွင် လှဲနေကာ ထပ်မထလာတော့ချေ။
ရှမ့်လန်သည် ထိုသူ မည်သူလဲဆိုတာကို မေ့လုနီးပါး ဖြစ်သွား၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုသူမှာ ကျူးဟုန်ကျူး ဖြစ်ကြောင်း မှတ်မိသွားသည်။
ရှမ့်လန် မေ့တတ်လွန်းနေခြင်းတော့ မဟုတ်ပေ။ သူ၏ဦးနှောက်က အသုံးမဝင်သော သတင်း အချက်အလက်အချို့ကို အခါအားလျော်စွာ ဖျက်ပစ်သည့်ပုံ ပေါ်သည်။ ထို့ကြောင့် ကျူးဟုန်ကျူးမှာ သူ၏ မှတ်ဉာဏ်ထဲမှ အယာယီ ဖျက်ခံလိုက်ရခြင်း ဖြစ်၏။
ရွဲ့ဘုရင်နင်ကျန်းက ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာတို့ကြားရှိ တိုက်ပွဲကို ကိုယ်တိုင် သက်သေအဖြစ် ကြည့်ရှုရန် ကျူးဟုန်ကျူး အား အမိန့်ပေးခဲ့သည်။ ထိုအရာက ဒဏ်ရာကို ဆားသိပ်ရန် မဟုတ်ဘဲ ကျူးဟုန်ကျူးက အသက်ကိုးဆယ်ကျော်နေပြီဖြစ်ပြီး အကောင်းဆုံး သက်သေတစ်ဦး ဖြစ်သောကြောင့်ပင်။
ကျူးဟုန်ကျူးက ရန်အင်ပါယာအပေါ် အဆုံးမဲ့ လေးစားမှု၊ အားကျမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူက အင်ပါယာကို ပြိုင်ဘက်ကင်းပြီး အနိုင်ယူ၍မရနိုင်ကြောင်း ခံစားမိသည်။ ထို့ကြောင့် ရန်အင်ပါယာက ဤအဆုံးအဖြတ် တိုက်ပွဲတွင် အနိုင်ရမည်ဟု သတ်မှတ်ထားသည်။ သို့ပေမည့် သူ မြို့တော်သို့ မရောက်မီမှာပင် တိုက်ပွဲပြီးဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကျူးဟုန်ကျူး မြို့တော်သို့ ရောက်ရှိလာချိန်မှာတော့ အင်ပါယာ သေဆုံးနှင့်နေပြီဖြစ်သည်။ သူ့အတွက် ဒူးထောက်စရာ နေရာပင် မရှိတော့ပေ။
လောကကြီးတစ်ခုလုံးက ကျူးဟုန်ကျူးကို မေ့လျော့နေခဲ့ကြ၏။ မည်သည့်ဘက်တွင်မှ သူ့အတွက် နေရာ မရှိတော့သည့်အလားပင်။
“ကျုပ် သေသင့်ပါတယ်။ ကျုပ် သေသင့်ပါတယ်။”
ကျူးဟုန်ကျူး အကြိမ်ကြိမ် ဦးညွှတ်သည်။
ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျူးဟုန်ကျူး … ခင်ဗျားက ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တာပဲ။ ကျုပ်ရဲ့နှလုံးသားအနက်ရှိုင်းဆုံးမှာ ခံစားနေရတာက ခင်ဗျား ကျုပ်ရှေ့မှာဒူးထောက်ပြီး အမှားဝန်ခံတာကို မြင်ချင်တာပဲ။”
ကျူးဟုန်ကျူးက ဦးညွှတ်ကာ ပြောသည်။ “ကျုပ်က မိုက်မဲတယ်၊ အသုံးမကျဘူး၊ အရှက်မရှိဘူး၊ ယုတ်မာတယ်။ ကျုပ် သေသင့်ပါတယ်။ ကျုပ် သေသင့်ပါတယ် …”
ရှမ့်လန်က ပြောလိုက်၏။ “ထျန်းရွဲ့မြို့ တိုက်ပွဲပြီးနောက် ခင်ဗျား အကျဉ်းချခံခဲ့ရပေမဲ့ မောက်မာပြီး ခေါင်းမာနေတုန်းပဲ၊ ကျုပ် သေမယ့်အချိန်ကို စောင့်နေခဲ့တာလေ။ ခင်ဗျား ဒူးထောက်၊ တောင်းပန်၊ ငိုယိုပြီး အမှားဝန်ခံတာကို ကျုပ် တကယ် မြင်ချင်ခဲ့တာ။ ဘာလို့လဲဆိုတော့ ကျုပ်က အမြဲတမ်း သဘောထား သေးသိမ်တဲ့သူ ဖြစ်နေလို့ပဲ။ ကိုယ့်ရန်သူတွေ ကိုယ့်ရှေ့မှာ ဒူးထောက်ပြီး အသည်းအသန် တောင်းပန်တာထက် ပိုပျော်စရာ ကောင်းတဲ့အရာ ရှိသေးလို့လား။ ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက … ကျုပ် ခင်ဗျားကို တကယ် မေ့သွားခဲ့ပြီ။”
ကျူးဟုန်ကျူးသည် သူ၏ခေါင်းမှ သွေးထွက်လာသည်အထိ ထပ်မံ ဦးညွှတ်လိုက်သည်။ သူက ငိုကြွေးကာ ပြောသည်။ “ဒီအောက်တန်းစားက သေသင့်ပါတယ်။ သေသင့်ပါတယ် …”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား အသက် ကိုးဆယ့်သုံးနှစ် ရှိပြီ၊ လုံလုံလောက်လောက် အသက်ရှင်ခဲ့ပြီးပြီပဲ။ ခင်ဗျား သေချင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် လုပ်ပါ။ ကျူးဟုန်ဖျင်ကိုတော့ ကျုပ် အသုံးမပြုတော့ပေမဲ့ သူ့ကို သတ်မှာလည်း မဟုတ်ဘူး။ ကျူးနင်ကိုလည်း ကျုပ် ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ သူက စာဖတ်တာ၊ လေ့လာတာကို သဘောကျတဲ့အတွက် ဘဝတစ်လျှောက်လုံး စာပေလေ့လာနေလိမ့်မယ်။”
ကျူးဟုန်ကျူး မြေကြီးပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်သည်။ “ဒီအပြစ်ရှိသူက အင်ပါယာရဲ့ ကရုဏာတော် အတွက် ကျေးဇူးတင်ပါတယ်။ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်။”
“သွားတော့၊ သွားတော့ …”
သို့နောက် လူအနည်းငယ် ရှေ့ထွက်လာပြီး ကျူးဟုန်ကျူးကို ဆွဲထုတ်သွားကြ၏။
ကျူးဟုန်ကျူးက သူ၏ နောက်ဆုံးကျန်ရှိသော ခွန်အားကို အသုံးပြုကာ ဦးညွှတ်ပြီး အော်ဟစ်လိုက်သည်။ “အင်ပါယာ … သက်တော်ရာကျော် ရှည်ပါစေ။”
ကျူးဟုန်ကျူး၏ အော်ဟစ်သံထဲရှိ ရှုပ်ထွေးသော ခံစားချက်များကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍မရနိုင်ပေ။
သူသည် နောက်ဆုံး လောင်းကြေးတစ်ခုကို မပြုလုပ်ချင်သလို အသက်ရှင်ခွင့်ကိုလည်း မတောင်းဆိုချင်ပေ။ သူက အရှင်သခင်အပေါ် သူ၏သစ္စာစောင့်သိမှုကို အစစ်အမှန် ဖော်ပြချင်ခဲ့ခြင်း ဖြစ်၏။
ထိုညတွင် ကျူးဟုန်ကျူး သေဆုံးသွားသည်။
သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်း မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ သတ်မသေနိုင်မီ သေဆုံးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
… …
တော်ဝင်ရန်၏ အိမ်ရှေ့စံဟောင်းသည် အဝတ်ကြမ်းဝတ်ရုံကို ဝတ်ဆင်ကာ ရှမ့်လန်ရှေ့တွင် ဒူးထောက်နေ၏။
ယခုအချိန်အထိ ရှမ့်လန်က ကျီတော်ဝင်မိသားစုဟောင်းထံ မည်သည့်အမိန့်ပြန်တမ်းမှ မထုတ်ပြန်ရသေးချေ။ လွန်ခဲ့သောနှစ်သုံးဆယ်ကျော်က ရင်ကွမ်သည် ကျန်းတော်ဝင်မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့သည်။ သို့ပေမည့် ယခုတစ်ကြိမ်တွင်တော့ တော်ဝင်ရန်နှင့် တော်ဝင်ချန်အင်ပါယာတို့ကြား အာဏာလွှဲပြောင်းမှုက ငြိမ်းချမ်းပြီး၊ တရားဝင်ကာ သန့်စင်မွန်မြတ်နေခဲ့သည်။
ထို့ကြောင့် ရှေးဟောင်း စည်းမျဉ်းများအရ ကျီမိသားစုသည် ဂုဏ်သိက္ခာရှိစွာ အနားယူရမည်။
ထို့အပြင် ရှမ့်လန်က သူ့ကို အာဏာမရှိတော့သော်လည်း မြို့စား သို့မဟုတ် မင်းသားဘွဲ့ကိုပင် ချီးမြှင့်ရန် စီစဉ်နေသည်။ သို့ပေမည့် ရှမ့်လန် ထီးနန်း မတက်ရသေးချေ။ ထို့ကြောင့် ဘွဲ့ချီးမြှင့်ခြင်းကို ရွှေ့ဆိုင်းထားရ၏။
ရှမ့်လန်က မေးလိုက်သည်။ “ရန်အိမ်ရှေ့စံ၊ ကျုပ် ခင်ဗျားနာမည်ကို ပြောင်းချင်တယ်၊ ရမလား။”
တော်ဝင်ရန်အိမ်ရှေ့စံဟောင်းက ဒူးထောက်ကာ ဦးညွှတ်ရင်း ပြောသည်။ “ဒါက ကျုပ်ရဲ့ အမြင့်မားဆုံး ဂုဏ်ကျေးဇူးပါ။ အင်ပါယာ … ကျေးဇူးပြုပြီး နာမည်တစ်ခု ပေးသနားပါ။”
ရှမ့်လန် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ယခုမှစပြီး ခင်ဗျားကို ကျိရှန်းလို့ ခေါ်မယ်။”
တော်ဝင်ရန်အိမ်ရှေ့စံဟောင်း အံ့အားသင့်သွား၏။ ထို့နောက် သူ ထပ်မံ ဒူးထောက်ကာ ဦးညွှတ်သည်။ မျက်ရည်များ စီးကျနေရင်းမှ ပြောလိုက်သည်။ “အင်ပါယာရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။”