အခန်း (၁၂၈၉-၁၂၉၀)
Vol. 74 Ch. 1289-1290
အပိုင်း (၁၂၈၉)
သူ့ကို ဤနာမည်ပေးလိုက်ခြင်းအားဖြင့် ရှမ့်လန်က သူ့ကို သတ်ဖြတ်မည် မဟုတ်သလို အရှက်ခွဲမည်လည်း မဟုတ်တော့ပေ။ သူ့အား မွန်မြတ်သော မင်းသားတစ်ပါး ဖြစ်လာရန် မျှော်လင့်ထားခြင်း ဖြစ်၏။
ငိုကြွေးပြီးနောက် အိမ်ရှေ့စံဟောင်း ကျိရှန်းက ဦးညွှတ်ကာ ပြောသည်။ “အင်ပါယာ …. ကျုပ်တို့ မျိုးနွယ်စုတွေရဲ့ သမိုင်းကြောင်းအရဆိုရင် မျိုးဆက်အဆက်ဆက် အိမ်ထောင်ဘက်အဖြစ် ပေါင်းဖက် ခဲ့ကြပါတယ်။ အင်ပါယာကျန်းလီက ဒီရိုးရာအစဉ်အလာကို ချိုးဖောက်ခဲ့ပေမဲ့ အင်ပါယာအတွက်တော့ အိမ်ထောင်ဘက် စီစဉ်ပေးခဲ့ပါတယ်။ ကျိရွှမ်နဲ့ အင်ပါယာရဲ့ ထိမ်းမြားမှုက ဘယ်တုန်းကမှ မပျက်ပြယ်ခဲ့ပါဘူး။ အင်ပါယာ … ကျုပ်တို့ မျိုးနွယ်စုနှစ်ခုကြားက ထိမ်းမြားမှုက ဆက်ရှိနေအုံးမလား မေးခွင့်ပြုပါ။”
ရှမ့်လန်က မေးလိုက်၏။ “ခင်ဗျားက ကျုပ်ကို ကျိရွှမ်နဲ့ လက်ထပ်စေချင်တာလား။”
တော်ဝင်ရန်အိမ်ရှေ့စံဟောင်း ကျိရှန်းက ဖြေသည်။ “ကျုပ် မဝံရဲ့ပါဘူး။ ဒါပေမဲ့ အင်ပါယာက ကျုပ်ညီမကို လက်ထပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒါက ကျိမိသားစုရဲ့ အကြီးမားဆုံး ဂုဏ်ကျေးဇူး ဖြစ်လာမှာပါ။”
ရှမ့်လန်က ကျိရှန်းကို တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားမှာ ဒီလိုသဘောထားမျိုး ရှိတာ ကောင်းပါတယ် …”
ထိုသို့ပြောရင်း ရှမ့်လန် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏။ တကယ်ပင် ဤရန်အိမ်ရှေ့စံက သူရဲကောင်းတစ်ဦး မဟုတ်ပေ။ သူ့တွင် အင်ပါယာ၏ စိတ်ပိုင်းဖြတ်မှုနှင့် ဇွဲလုံ့လမျိုး မရှိချေ။
တော်ဝင်ရန်အင်ပါယာက လောကစစ်ပွဲတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ချိန်၌ ဤရန်အိမ်ရှေ့စံသည် အလွန်အမင်း စိုးရိမ်ပူပန်ခဲ့ပြီး ပြိုလဲလုနီးပါး ဖြစ်ခဲ့သည်။ သို့ပေမည့် ယခုတော့ သူက လွယ်လွယ်ကူကူပင် အညံ့ခံသည့်ပုံ ပေါ်၏။ တာဝန်အသစ်တစ်ခုကို ရှာတွေ့သွားသည့်အလား သူ၏အခန်းကဏ္ဍသစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် အကောင်းဆုံး ကြိုးစားနေပုံရသည်။
သူက ကျိမိသားစု၏ အမွေအနှစ်နှင့် အဆင့်အတန်းကို ကာကွယ်ချင်နေ၏။ ကျန်းမိသားစုက လောကကြီးကို သိမ်းပိုက်လိုက်လျှင်တောင် သူက ကျိမိသားစုကို ကျန်းမိသားစုပြီးလျှင် အမြင့်မြတ်ဆုံး ဖြစ်နေရန် မျှော်လင့်နေဆဲပင်။
တစ်နည်းအားဖြင့် သူက ရှေးဟောင်း ရိုးရာအစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်နေဆဲ ဖြစ်သည်။ ကျိမိသားစုက သူတို့၏ ဂုဏ်သိက္ခာ ဆုံးရှုံးသွားချိန်တွင် ကျန်းမိသားစုက အစားထိုးလိမ့်မည်။ ကျန်းမိသားစုက ထီးနန်းကို ဆုံးရှုံးသွားချိန်တွင် ကျိမိသားစုက ထီးနန်းကို ပြန်လည်ရယူမည်။
အတိုချုပ်ပြောရလျှင် သူက လောကကြီးအတွက် စည်းမျဉ်းတစ်ခုကို သတ်မှတ်ချင်နေသည်။ ဘာပဲဖြစ်ဖြစ် လောကကြီး၏ အရှင်သခင်များက ကျန်းမိသားစုနှင့် ကျိမိသားစုတို့သာ ဖြစ်၏။ သံသရာလည်နေသော အချိန်စက်ဝန်းထဲတွင် အခြား မျိုးရိုးအမည်များအတွက် နေရာမရှိချေ။
ကျိမိသားစု ထီးနန်း ဆုံးရှုံးသွားလျှင်တောင်မှ သူတို့က လက်လှမ်းမမီနိုင်သော နေရာတွင် ရှိနေဦးမည်သာ။ သူတို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားချင်လျှင် ကျိမိသားစုက ကျန်းမိသားစုကို ထောက်ခံအားပေးရမည် ဖြစ်၏။
တရုတ်ပြည်တွင် မင်းဆက်တစ်ခုနှင့် တစ်ခု ပေါင်းစပ်ခြင်းက ယုတ္တိမတန်သော အရာတစ်ခု ဖြစ်သည်။ မင်းဆက်တစ်ခုကို တည်ထောင်လိုက်ချိန်တွင် ယခင်မင်းဆက်၏ တော်ဝင်မိသားစုက ဇာတ်သိမ်းလှမည် မဟုတ်ချေ။ သဘာဝကျစွာပင် မင်းဆက်သစ်ကို တည်ထောင်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအကြာတွင် ယခင်မင်းဆက်၏ တော်ဝင်မိသားစုမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးကို မှူးမတ်ဘွဲ့ ချီးမြှင့်ရန် ရွေးချယ်ကောင်း ရွေးချယ်နိုင်သော်လည်း ထိုသူတွင် မည်သည့်လွှမ်းမိုးမှု ၊ အာဏာမှ ရှိတော့မည် မဟုတ်ပေ။
ဤလောကတွင် ကျန်းနှင့် ကျိမိသားစုတို့က လောကကြီးကို အလှည့်ကျ အုပ်ချုပ်သည့် ရိုးရာအစဉ်အလာသည် ယခင်က တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးချေ။
သေချာပေ၏။ ဤအချိန်တွင် ရှမ့်လန်က ရိုးရာအစဉ်အလာကို ချိုးဖျက်ပြီး ကျိမိသားစုကို သုတ်သင် ရှင်းလင်းလိုက်ရန်သာ လိုအပ်သည်။
အချိန်အတော်ကြာပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ကျိရှန်း၊ ခင်ဗျားရဲ့ညီမ မင်းသမီးကျိရွှမ်နဲ့ ထိမ်းမြားမယ့်ကိစ္စကို မေ့လိုက်ပါ။ သူက လက်မထပ်ချင်သလို ကျုပ်ကလည်း လက်မထပ်ချင်ဘူး။ ဒါပေမဲ့ ကျန်းမိသားစုနဲ့ ကျိမိသားစုကြားက ထိမ်းမြားမှုကတော့ ဆက်ရှိနေနိုင်ပါတယ်။ ကျုပ်ရဲ့သားက အနာဂတ်မှာ ကျိမိသားစုရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်လိမ့်မယ်။ မိန်းကလေးက အင်ပါယာကတော် ဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ သူ ကျိန်းသေပေါက် လက်ထပ်လိမ့်မယ်။”
တော်ဝင်ရန်အိမ်ရှေ့စံဟောင်း ကျိရှန်းက ဒူးထောက်ကာ ဦးညွှတ်သည်။ “အင်ပါယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “တော်ဝင်ရန်ရဲ့ အင်ပါယာဟောင်းက ကျုပ်တို့အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖွင့်လှစ်ပေးခဲ့တယ်။ မင်းဆက်တစ်ခု ဆက်ခံခြင်းကြောင့် သေဆုံးသူ အများကြီး မဖြစ်စေချင်သလို တောင်တန်းနဲ့ မြစ်ချောင်းတွေကိုလည်း မပျက်စီးစေချင်ဘူး။ ငြိမ်းချမ်းစွာနဲ့ပဲ အာဏာလွှဲပြောင်း ယူချင်တယ်။ ဒါက လောကကြီးနဲ့ ပြည်သူတွေရဲ့ ကံကောင်းမှုပဲ။ အခုကစပြီး ခင်ဗျား ကြိုးစား အားထုတ်ရလိမ့်မယ်။”
ကျိရှန်းက ဖြေသည်။ “ကျုပ် အကောင်းဆုံး ကြိုးစားပါ့မယ်။ တော်ဝင်ချန်အင်ပါယာရဲ့ အာဏာလွှဲပြောင်းမှုမှာ ကူညီပေးဖို့ ပြည်နယ်နဲ့ ခရိုင်တိုင်းကို ကိုယ်တိုင် သွားရောက်ပါ့မယ်။ တော်ဝင်ချန်အင်ပါယာရဲ့ အရာရှိတွေဆီ အရင်ရန်နိုင်ငံက ခရိုင်အားလုံးကို ချောချောမွေ့မွေ့ လွှဲပြောင်းပေးအပ်နိုင်ဖို့ ကျုပ် ကူညီပေးပါ့မယ်။”
ထိုအရာသည် မင်းဆက်တစ်ခု၏ ဆက်ခံမှုဖြစ်သောကြောင့် ငြိမ်းချမ်းရမှာ ဖြစ်သလို ပြည့်စုံရမည်။
တော်ဝင်ချန်အင်ပါယာ၏ အစိုးရအဖွဲ့မှ သတ်မှတ်ထားသော စည်းမျဉ်းများအရ တော်ဝင်ရန်အင်ပါယာရှိ အဆင့်ခုနစ်နှင့် အထက် အရာရှိအားလုံးကို ရာထူးမှ ဖယ်ရှားပြီး တော်ဝင်ချန်အင်ပါယာ၏ အရာရှိများနှင့် အစားထိုးမည်။
သေချာပေသည်။ ရာထူးမှ ဖယ်ရှားခံရသော တော်ဝင်ရန်အင်ပါယာ၏ အရာရှိဟောင်းများက အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။ သူတို့ အကျဉ်းချခံရမည်လည်း မဟုတ်ပေ။ ထိုအစား ထိုသူတို့ကို နာမည်စာရင်း ရယူထားမည်ဖြစ်ပြီး နေရာပြန်လည်ချထားပေးမည့်အချိန်ကို ပြန်လည် စောင့်ဆိုင်းရပေမည်။
လုပ်ငန်းစဉ်က ရှုပ်ထွေးပြီး ကြာရှည်ပေလိမ့်မည်။ အကြမ်းဖက်ပဋိပက္ခများပင် ဖြစ်ပေါ်လာနိုင်၏။ သို့ပေမည့် တော်ဝင်ရန်အင်ပါယာ အိမ်ရှေ့စံဟောင်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် များစွာ ပိုမို ချောမွေ့သွားပေလိမ့်မည်။
ခဏမျှ စကားစမြည်ပြောပြီးနောက် ကျိရှန်း ထွက်ခွာသွားသည်။
ထို့နောက် တော်ဝင်ရန်အင်ပါယာ၏ လျန်မင်းသားဟောင်း ဝင်ရောက်လာ၏။ သူက ဒူးထောက်ကာ ဦးညွှတ်၏။ “အရပ်သားတစ်ဦးက အင်ပါယာကို ဂါရဝပြုပါတယ်။ အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ရှမ့်လန်က မေးလိုက်သည်။ “ကျုပ် ကူညီပေးနိုင်တာ တစ်ခုခု ရှိလား။”
လျန်မင်းသားဟောင်းက ပြော၏။ “အင်ပါယာ … ကျုပ်က တော်ဝင်ရန်အင်ပါယာရဲ့ နိုင်ငံခြားရေးကိစ္စတွေကို တာဝန်ယူခဲ့တာပါ။ ကျောက်စိမ်းဖြူမြို့တော်နဲ့ သီးခြား လွတ်လပ်တဲ့ သံတမန်ဆက်ဆံရေး စနစ်တစ်ခု ရှိပါတယ်။ စည်းမျဉ်းတွေအရဆိုရင် အင်ပါယာက အရှေ့ဘက်ကမ္ဘာရဲ့ အရှင်သခင်သစ် ဖြစ်လာချိန်မှာ ကျောက်စိမ်းဖြူမြို့တော် က အင်ပါယာကို ကြိုဆိုဖို့ သံတမန်တစ်ယောက် စေလွှတ်ရမှာပါ။ ဒါပေမဲ့ သံတမန်က မရောက်လာသေးပါဘူး။ ထို့အပြင် ကျောက်စိမ်းဖြူမြို့တော်ရဲ့ သံတမန်က တော်ဝင်ရန်မြို့တော်ကနေ ထွက်သွားပြီးတည်းက ပေါ်မလာတော့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ကျောက်စိမ်းဖြူမြို့တော်ဆီ သံတမန် တစ်ယောက် စေလွှတ်သင့်ပါသလား။”
ရှမ့်လန်က ခေါင်းခါကာ ပြောလိုက်သည်။ “ဒီအတွက် မလိုအပ်ပါဘူး။ ကျောက်စိမ်းဖြူမြို့တော်ရဲ့ ကိစ္စတွေကို ကျုပ်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပါ့မယ်။”
လျန်မင်းသားဟောင်းက ဦးညွှတ်ကာ ပြော၏။ “ကောင်းပါပြီ အင်ပါယာ။ ဒါဆိုရင်လည်း ကျုပ်ကို ခွင့်ပြုပါအုံး။”
ကျိမိသားစုဝင်များက သူတို့၏ အခန်းကဏ္ဍသစ်များကို လျင်မြန်စွာ အသားကျသွားကြ၏။ သူတို့သည် ကျဆုံးသွားသော တော်ဝင်မိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းကို သတိမထားမိသည့်ပုံ ပေါ်သည်။ သူတို့က စိုးရိမ်ပူပန်နေသည့် အခြေအနေတွင် ရှိမနေဘဲ မင်းဆက်သစ်တွင် သူတို့၏နေရာကို တောင်းဆိုရန် မစောင့်နိုင်တော့သည့်အလားပင်။
သူတို့သည် အလွန် ယုံကြည်မှု ရှိနေကြသည်။ သံသယဝင်ခံရမှာကို မကြောက်ကြပေဘူးလား။ ဖမ်းဆီးသတ်ဖြတ်ခံရမည်ကို မကြောက်ကြပေဘူးလား။
သို့သော်လည်း အိမ်ရှေ့စံရန်နှင့် မင်းသားလျန်တို့သည် အသက်ကို ပဓာနမထားဘဲ စွန့်စားနေကြမှန်း ရှမ့်လန် သိရှိနေ၏။ ရှမ့်လန်သည် ရှေးထုံးတမ်းစဉ်လာအတိုင်း လိုက်နာမည်လား၊ ဖောက်ဖျက်မည်လား ဆိုသည်ကို ထိုနှစ်ဦးက စမ်းသပ်လိုခြင်း ဖြစ်သည်။
ရှမ့်လန်သာ ရှေးထုံးတမ်းစဉ်လာကို လိုက်နာခဲ့ပါက ကျိမိသားစုသည် အရှေ့လောကတွင် ဆက်လက် ရပ်တည်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ထိုနှစ်ဦး သေဆုံးရမည်ဖြစ်ပြီး ကျိမိသားစုမှာလည်း ထွက်ပြေး တိမ်းရှောင်ရန် ပြင်ဆင်ရပေတော့မည်။
… …
နန်းဆောင်အတွင်း၌ အခြားတစ်ဦးကလည်း ရှမ့်လန်၏ ရှေ့မှောက်တွင် ဒူးထောက်နေသည်။ ထိုသူမှာ တော်ဝင်ရန်အင်ပါယာ၏ မင်းသမီးဟောင်း ကျိရွှမ် ဖြစ်သည်။ သူမ၏ လှပသော မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းအကြည့်တို့မှာမူ ရှုပ်ထွေးနေခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့အစ်ကိုတော်နဲ့ မင်းသားလျန်တို့က သိပ်သတ္တိကောင်းကြတယ်။ ကျုပ်က ရှေးထုံးတမ်းစဉ်လာအတိုင်း လိုက်နာမလား၊ ကျိမိသားစုကို ဒီလောကမှာ ဆက်နေခွင့်ပေးမလား ဒါမှမဟုတ် ကျိမိသားစုတစ်ခုလုံးကို မျိုးဖြုတ်ပစ်မလား ဆိုတာကို အစွမ်းကုန် စမ်းသပ်နေကြတာပဲ။”
မင်းသမီး ကျိရွှမ်သည် တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလောကကြီး ပြောင်းလဲသွားပြီဆိုတာ သူတို့ မသိကြဘူး။ မနက်ဖြန်မှာ လောကကြီး ပျက်သုဉ်းတော့မယ်ဆိုတာ မမြင်နိုင်ကြဘူး။ ဒါပေမဲ့ ကျိရွှမ်… ခင်ဗျားကတော့ မတူဘူး။ ခင်ဗျားက လျှို့ဝှက်ချက်တွေ အများကြီး သိထားပြီး အမှန်တရားနဲ့လည်း ထိတွေ့ဖူးသူပဲ။”
မင်းသမီး ကျိရွှမ်သည် ဆက်လက် ဒူးထောက်နေဆဲ ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ရည်မှန်းချက်က ကောင်းကင်အောက်မှာ ရန်သူမရှိစေရ ဆိုတာပဲ။ တော်ဝင်ရန်အင်ပါယာက ကျုပ်ရဲ့ ရန်သူစာရင်းမှာ နောက်ဆုံးကျန်တဲ့သူပဲ။ အတိုင်းအတာတစ်ခုအထိ ပြောရရင် ကောင်းကင်အောက် ရန်သူမရှိစေရဆိုတဲ့ ကျုပ်ရည်မှန်းချက် ပြည့်မြောက်သွားပြီ။”
မင်းသမီး ကျိရွှမ်က မေးလိုက်၏။ “အရှင်… ကျွန်မကကော အရှင့်ရန်သူစာရင်းထဲမှာ မပါဘူးလား။”
ရှမ့်လန်က ပြန်မေးလိုက်သည်။ “ခင်ဗျားက ပါချင်လို့လား။”
မင်းသမီး ကျိရွှမ်က တိုးညင်းစွာ ဆိုသည်။ “ကျွန်မ ပါချင်ပါတယ်။ ဒါမှ အရှင်က ကျွန်မကို အပိုင်း တစ်ထောင်လောက် ဖြစ်အောင် မွှန်းနိုင်မှာလေ။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် နင်ဟန်ကိုတောင် သတ်ခဲ့တာပဲ။ ခင်ဗျားကိုသတ်ဖို့ဆိုတာ ဘာမှ မခက်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကဆိုရင်တော့ ကျုပ် နည်းနည်း နှာဘူးထခဲ့မိကောင်း ထမိနိုင်တယ်။ ခင်ဗျားက ပြိုင်ဘက်ကင်း အလှပဂေးတစ်ယောက်ကိုး။ ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့အလှအပအပေါ် ကျုပ် ဘာစိတ်မှ မရှိတော့ဘူး။”
မင်းသမီး ကျိရွှမ်က ဆွေးမြေ့စွာ ပြောလိုက်သည်။ “အရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ အမုန်းတရားတွေကတော့ တောက်လောင်နေဆဲပါပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “နင်ဟန်က ကျုပ်ကို မေးဖူးတယ်။ ကျုပ်ကိုယ်ကျုပ် သိပ်တရားမျှတပြီး မှန်ကန်တယ်လို့ ထင်နေလားတဲ့။ ကျုပ်လျှောက်တဲ့လမ်းကို ဘယ်တော့မှ သံသယမဝင်ဖူးဘူးလားတဲ့။”
မင်းသမီး ကျိရွှမ်က မေးလိုက်သည်။ “အရှင် အခု ဘယ်လိုထင်လဲ။ အရှင်က လောကကြီးရဲ့ အရှင်သခင် ဖြစ်နေပြီပဲ။”
ရှမ့်လန်က ဖြေလိုက်၏။ “ကျုပ်လျှောက်တဲ့လမ်းက မှန်ကန်နေတုန်းပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျုပ်သဘောနဲ့ကျုပ် မှန်တာ မဟုတ်တော့ဘူး။ တကယ်ကို စစ်မှန်စွာ မှန်ကန်နေတာ။”
မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “အရှင်ပြောတဲ့ မှန်ကန်တဲ့လမ်းဆိုတာ ကျွန်မလျှောက်တဲ့လမ်းနဲ့ တူပါ့မလား။”
ရှမ့်လန်က သူမကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
မင်းသမီး ကျိရွှမ်က မေးလိုက်သည်။ “အရှင်… ကျောက်စိမ်းဖြူမြို့ကို ဘယ်တော့ သွားမလဲ။”
ရှမ့်လန်က ပြန်မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”
မင်းသမီး ကျိရွှမ်က ပြောသည်။ “ကျွန်မ အရှင်နဲ့အတူ လိုက်ခဲ့ချင်လို့ပါ။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ကျောက်စိမ်းဖြူမြို့ကို မကြာခင် သွားတော့မှာ၊ အဆင်သင့်ဖြစ်တာနဲ့ သွားမယ်။ အဲဒါက အဆုံးသတ်တစ်ခု ဖြစ်သလို အခန်းကဏ္ဍသစ်တစ်ခုရဲ့ အစပဲ။”
မင်းသမီးကျိရွှမ်က ထပ်ပြောလိုက်သည်။ “ကျွန်မ အရှင်နဲ့ လိုက်ခဲ့မယ်။”
ရှမ့်လန်က ငြင်းပယ်လိုက်၏။ “မဟုတ်ဘူး ... ကျုပ်တစ်ယောက်တည်း သွားမှာ။ ခင်ဗျား ကျောက်စိမ်းဖြူမြို့မှာရှိတုန်းက ကျုပ်အမေနဲ့ တွေ့ဖူးလား။”
မင်းသမီးကျိရွှမ်က ခေါင်းခါရင်း ဖြေလိုက်သည်။ “မတွေ့ဖူးပါဘူး။ အရှင်... အရှင်နဲ့အတူ ကျောက်စိမ်းဖြူမြို့ ကို လိုက်ခွင့်မပြုတာ သေချာလား။ အဲဒီနေရာက အရှင် ထင်ထားတာနဲ့ လုံးဝ ကွဲပြားခြားနားနေမှာနော်။”
ရှမ့်လန်က ပြောလိုက်၏။ “မလိုပါဘူး။”
ထို့နောက် ရှမ့်လန်သည် အောက်သို့ဆင်းလာကာ မင်းသမီး ကျိရွှမ်၏ လှပသော မျက်နှာကို ကြည့်လိုက်၏။ သူက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို သတ်ခဲ့သင့်တယ်။ ခဏတာ သာယာမှုအတွက်ပဲ ဖြစ်ဖြစ် ခင်ဗျားကို သတ်ပစ်ခဲ့သင့်တာ။”
ကျိရွှမ်က ပြောလိုက်၏။ “အရှင့်လက်ချက်နဲ့ပဲ အသေခံချင်ပါတယ်။”
သူမသည် ဓားကို ဆွဲထုတ်ကာ ဓားလက်ကိုင်ရိုးကို ရှမ့်လန်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ဓားသွားကမူ သူမ၏ နှလုံးသားတည့်တည့်သို့ ချိန်ရွယ်ထားသည်။
“အခု လုပ်လိုက်ပါ။ အရှင် အားစိုက်စရာတောင် မလိုပါဘူး။ တိုက်ခိုက်လိုစိတ် နည်းနည်းလေး ရှိရုံနဲ့တင် ကျွန်မ ကိုယ့်နှလုံးသားကို ထိုးစိုက်လိုက်မှာပါ။”
မင်းသမီး ကျိရွှမ်က ဆက်ပြောလိုက်၏။ “အရှင်က မျက်ရိပ်ပြလိုက်ရင်တောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်မှာပါ။”
ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျား မရှင်သန်ချင်တော့ဘူးလား။”
မင်းသမီး ကျိရွှမ်က ဖြေလိုက်၏။ “မျှော်လင့်ချက်မှ မမြင်တော့တာ။ သေခြင်းတရားက လွတ်မြောက်မှုပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျိရွှမ်... သွားတော့။ ခင်ဗျား သွားနိုင်သလောက် ဝေးဝေးကို သွား။ လူခေါ်သွား နိုင်သလောက် ခေါ်သွား။ ဘယ်သူမှ မသိတဲ့နေရာမျိုးကို သွားတာ အကောင်းဆုံးပဲ။”
မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “ဒီလောကကြီးက သိပ်ကျဉ်းတယ်။ ဘယ်ကို သွားရမှာလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “လျှို့ဝှက်ထားတဲ့နေရာတွေ၊ လူတွေ ချက်ချင်း ရှာမတွေ့နိုင်တဲ့ နေရာတွေ အမြဲရှိပါတယ်။ ခင်ဗျားရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေကို အသုံးပြုပြီး အဲဒီနေရာတွေကို ရှာဖွေပါ။ တွေ့ပြီ ဆိုရင်တော့ နောင်တစ်ချိန်ကျ ကျုပ် ခင်ဗျားကို လာရှာကောင်း ရှာနိုင်ပါလိမ့်မယ်။”
အပိုင်း (၁၂၉၀)
မင်းသမီး ကျိရွှမ် တုန်ယင်သွားခဲ့၏။ “အရှင် ကျောက်စိမ်းဖြူမြို့ကို ဘယ်တော့ သွားမှာလဲ။”
ရှမ့်လန်က ဖြေလိုက်သည်။ “မကြာခင်... မကြာခင်ပါပဲ။”
မင်းသမီး ကျိရွှမ်က ထပ်မံ ပြောလိုက်ပြန်သည်။ “ကျွန်မ အရှင်နဲ့ လိုက်ခဲ့မယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “သွား... သွားတော့။ မိုင်တစ်သောင်း သဲကန္တာရကြီးဆီ မသွားနဲ့။ ကန်ဝမ်က ရှေးဟောင်း မဟာကပ်ဘေးဘုရားကျောင်း အပျက်အစီးတွေကို ရှာဖွေလိမ့်မယ်။ နန်းဆောင်သခင် ကျိုးရှီက မိုင်တစ်သောင်း သဲကန္တာရကြီးကို စောင့်ကြပ်လိမ့်မယ်။ ခင်ဗျားက လျှို့ဝှက်နေရာ တစ်ခုကို ရှာမှဖြစ်မယ်။”
မင်းသမီး ကျိရွှမ်က ရှမ့်လန်ကို ကြည့်ရင်း တုန်ယင်နေခဲ့သည်။ “အရှင် ဘာတွေ သိထားလို့လဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ထုတ်ပြောလို့မရတဲ့ ထင်ကြေးတချို့ ရှိတယ်။ ထုတ်ပြောလိုက်ရင် လောကကြီးက ကြိုပြီး ပျက်စီးသွားလိမ့်မယ်။ မြန်မြန်သွားပါ။ ခင်ဗျားတို့အားလုံး ဝေးလံတဲ့နေရာ ရောက်ပြီး ပျောက်ကွယ်သွားတဲ့အချိန်ကျမှ ကျုပ် ကျောက်စိမ်းဖြူမြို့ကို သွားမယ်။”
… …
မင်းသမီး ကျိရွှမ် ထွက်ခွာသွားခဲ့သည်။ သူမသည် လူအင်အား ထောင်ဂဏန်းအနည်းငယ်ကို ခေါ်ဆောင် သွားခဲ့၏။ သူမသည် တွေဝေငေးမောနေဆဲ ဖြစ်သည်။ နှင်းလင်းယုန်တစ်သုတ်ကိုလည်း ခေါ်ဆောင်သွားခဲ့၏။ သို့သော်ငြား အသံလှိုင်းပျံသန်းရေး သားရဲများကိုမူ ခေါ်ဆောင်သွားခြင်း မရှိချေ။ အိပ်မက်ဆိုးကျောက်တုံး မရှိသောကြောင့် ဖြစ်သည်။
ကန်ဝမ်သည် လူအင်အား သောင်းချီ ခေါ်ဆောင်သွားခဲ့သည်။ သူသည် မည်သည့်နေရာသို့ သွားရမည်ကို မသိသော်လည်း အနည်းဆုံး ထိုနေရာသည် မည်သည့်နေရာဖြစ်ကြောင်းကိုတော့ သိရှိထားခဲ့၏။ ၎င်းမှာ ရှေးဟောင်း တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ အပျက်အစီးပင် ဖြစ်၏။
မင်းသမီးကျိရွှမ်သည် လူထောင်ပေါင်းများစွာကို ခေါ်ဆောင်လျက် ပင်လယ်ပြင်သို့ ထွက်ခွာလာချိန်တွင် မည်သည့်အရပ်သို့ သွားရမည်ဖြစ်ကြောင်း မသိခဲ့ချေ။ ရှမ့်လန်သည် သူမကို သင်္ဘောဆယ်စင်း ပေးအပ်ခဲ့၏။ အားလုံးမှာ ရွက်သင်္ဘောကြီးများ ဖြစ်ကြသည်။ ထိုသင်္ဘောများတွင်လည်း ရှေးဟောင်းစွမ်းအင်ဗဟိုချက် သို့မဟုတ် အိပ်မက်ဆိုးကျောက်တုံးများ ပါရှိခြင်း မရှိချေ။
မူလက ရှမ့်လန်သည် သူမအား အထူးစစ်သင်္ဘောတစ်စင်း ပေးအပ်နိုင်သော်လည်း နောက်ဆုံးတွင် ထိုအကြံကို လက်လျှော့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ခရီးလမ်းမှာ အလွန်ဝေးကွာလွန်းပြီး မြေပုံပေါ်တွင် ရှာမတွေ့နိုင်လောက်အောင် ဝေးကွာသောကြောင့် ဖြစ်၏။ အကယ်၍ အထူစစ်သင်္ဘောသာ ဖြစ်ပါက သူမအနေဖြင့် လောင်စာဆီကို မည်သည့်နေရာတွင် ဖြည့်တင်းရမည်နည်း။
“နှုတ်ဆက်ပါတယ်။ နောက်တစ်ကြိမ် ပြန်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။” ရှမ့်လန်က လက်ပြလိုက်သည်။
မင်းသမီးကျိရွှမ်၏ ရေတပ်သင်္ဘောအုပ်စုသည် ဆိပ်ကမ်းမှ ထွက်ခွာကာ အရှေ့ဘက်အရပ်၊ ကျယ်ပြောလှသော ပင်လယ်ပြင်ဆီသို့ ဦးတည်သွားကြသည်။ သူမသည် ကုန်းမြေရှိရာအရပ်၊ သူမ၏ ဇာတိမြေရှိရာ အရပ်ကို လှမ်းမျှော်ကြည့်နေခဲ့မိ၏။ မိုင်တစ်ရာခန့်အကွာသို့ ရောက်ရှိသောအခါ ကုန်းမြေကို မမြင်ရတော့ချေ။ သူမ မြင်တွေ့နေရသည်မှာ အဆုံးအစမဲ့သော သမုဒ္ဒရာကြီးသာ ဖြစ်၏။
မင်းသမီးကျိရွှမ်သည် မထိန်းနိုင်တော့ဘဲ ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာခဲ့ရသည်။ သူမသည် တစ်ခါမှ မငိုကြွေးခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်တော့ ငိုကြွေးမိသည်။ အရှေ့လောကသည် သူမ၏ ဇာတိမြေ ဖြစ်၏။ တော်ဝင်ရန်အင်ပါယာသည် သူမ၏ဇာတိမြေ ဖြစ်၏။ သူမသည် အချိန်အများစုကို ရန်မြို့တော်တွင် မနေထိုင်ခဲ့သော်လည်း သူမ၏ နေအိမ် ဘယ်မှာရှိသည်ကို ကောင်းကောင်းသိရှိသည်။
အမျိုးသမီး တပ်မှုးတစ်ဦးက ပြောလိုက်၏။ “မင်းသမီး... ဝမ်းနည်းမနေပါနဲ့။ အင်ပါယာ နတ်ရွာစံသွားပေမဲ့ မယ်တော်ကြီး ရှိနေပါသေးတယ်။ အိမ်ရှေ့စံ... အဲ... မင်းသားကျိရှန်းလည်း ရှိနေသေးတယ်။ ဒါကြောင့် မင်းသမီးရဲ့မိသားစုက မီးတောက်မြို့တော်မှာ ရှိနေတုန်းပါပဲ။ အင်ပါယာရှမ့်လန်က ရှေးထုံးတမ်းစဉ်လာ ကို လိုက်နာပြီး ကျိမိသားစုကို မျိုးဖြုတ်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။”
မင်းသမီးကျိရွှမ် ခေါင်းခါလိုက်၏။ သူမ၏ ဘေးနားရှိ လူများသည် မည်သည့်အရာကိုမှ မသိရှိကြချေ။ အမှန်စင်စစ် သူမလည်း ဘာမှမသိပေ။ သို့ပေမည့် မကြာခင် ကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မည်ဟု သူမ အလိုလို ခံစားမိနေသည်။
ကျိမိသားစုမှ အခြားစစ်သည်တစ်ဦးက မေးလိုက်၏။ “မင်းသမီး... ကျုပ်တို့ ပြည်နှင်ဒဏ် ပေးခံရတာလား။”
မင်းသမီး ကျိရွှမ်က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ကျွန်မတို့ လွတ်မြောက်လာတာ။”
ထို့နောက် သူမသည် သင်္ဘောဦးပိုင်းသို့ လျှောက်သွားကာ အရှေ့ဘက်ရှိ အဆုံးအစမဲ့သော သမုဒ္ဒရာကြီးကို ငေးကြည့်လိုက်သည်။ ဝမ်းနည်းပူဆွေးမှုတို့က နှလုံးသားထဲတွင် ပြည့်လျှံလာခဲ့ရ၏။
‘ရှမ့်လန် သေချင်းဆိုး... ကျွန်မ ဘယ်အရပ်ကို သွားရမှာလဲ။ မိုင်တစ်သောင်း သဲကန္တာရဆီ သွားလို့မရဘူး။ ဘယ်သူမှ မသိတဲ့ နေရာတစ်ခုကို သွားရမယ်။ အဲဒီလိုနေရာမျိုးကို ကျွန်မ ဘယ်မှာ သွားရမှာလဲ’
ဘေးနားမှ ကျိမိသားစု၏ တပ်မှုးတစ်ဦးက မေးလိုက်သည်။ “မင်းသမီး... ကျုပ်တို့ရဲ့ ပန်းတိုင်က ဘယ်မှာလဲ။”
ကျိရွှမ်က ဖြေလိုက်၏။ “အရှေ့ဘက်... အရှေ့ဘက်တည့်တည့်သာမောင်း...”
လောကကြီးက လုံးဝန်းသောကြောင့် အရှေ့ဘက်သို့ ဆက်သွားပါက ရှီလွန်အင်ပါယာသို့ ရောက်ရှိမည် ဖြစ်၏။ သို့သော်ငြား သူမ၏ပန်းတိုင်မှာ ရှီလွန်အင်ပါယာ မဟုတ်ဘဲ အရှေ့ဘက်သို့ ဆက်လက် သွားရောက်ရန်သာ ဖြစ်သည်။ အရှေ့ဘက်သို့ ဆက်သွားပါက မည်သည့်နေရာသို့ ရောက်ရှိမည်နည်း။ သူမ တကယ်ပင် မသိရှိချေ။
လောကကြီးသည် လုံးဝန်းသော်လည်း ပိုင်းခြားမှုများ ရှိနေခဲ့သည်။ အနည်းဆုံး ယခုအချိန်ထိ လောကပတ် ကာ ခရီးသွားနိုင်သူ မရှိသေးချေ။
အခြားလူတစ်ယောက်က မေးလိုက်သည်။ “မင်းသမီး... ကျုပ်တို့ ပြန်လာနိုင်ပါအုံးမလား။”
မင်းသမီး ကျိရွှမ်က ဖြေ၏။ “ပြန်လာမှာပါ။ သေချာပေါက် ပြန်လာမှာပါ။”
သူမ၏ လေသံမှာ ပြတ်သားသော်လည်း ကိုယ့်စကားကို ကိုယ်တိုင်ပင် မယုံကြည်ပေ။ သူမ ပြန်လာရန် အခွင့်အရေး မရှိတော့ချေ။ ဤဘဝတွင် ဇာတိမြေသို့ ခြေချခွင့်ရရန် အခွင့်အရေး မရှိတော့ပေ။
..........
ရန်မြို့တော်အတွင်း အာဏာလွှဲပြောင်းမှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်နေခဲ့သည်။ ခမ်းနားထည်ဝါသော်လည်း အလွန်တရာ ငြိမ်းချမ်းနေခဲ့၏။ ဧရာမနဂါးကြီး၏ ခြိမ်းခြောက်မှုနှင့် ကျိမိသားစု၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် လုပ်ငန်းစဉ် တစ်ခုလုံးတွင် ခုခံမှုများ မရှိသလောက်ပင်။
တော်ဝင်ချန်အင်ပါယာ၏ အစိုးရအဖွဲ့နှင့် စစ်ဖက်ဆိုင်ရာ အတိုင်ပင်ခံကောင်စီတို့သည် ရန်မြို့တော်တစ်ခုလုံးကို အောင်မြင်စွာ လွှဲပြောင်းရယူနိုင်ခဲ့သည်။ တော်ဝင်ချန်အင်ပါယာသည် အသံလှိုင်းသားရဲများနှင့် နှင်းလင်းယုန် တပ်တော် တစ်ခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့၏။
တော်ဝင်ရန်အင်ပါယာ၏ အထူးတပ်ဖွဲ့များနှင့် လျှို့ဝှက်တပ်ဖွဲ့များပင် ခြွင်းချက်မရှိ လက်နက်ချ အညံ့ခံခဲ့ကြသည်။ သူ့ကို အံ့အားသင့်စေခဲ့သည့် အခြားကိစ္စတစ်ခုမှာ ယင်ယွမ်အဖွဲ့အစည်းကပါ လက်နက်ချခဲ့ခြင်း ဖြစ်သည်။ ရှုတင်းယုနှင့် ယင်ယွမ်အဖွဲ့အစည်းမှ အကြီးအကဲများအားလုံး ရှမ့်လန်၏ ရှေ့မှောက်တွင် ဒူးထောက်လာချိန်မှာတော့ သူ အမှန်တကယ် အနည်းငယ် အံ့အားသင့်သွားမိသည်။
‘ရှုတင်းယု မသေသေးဘူးလား။’
သူ ဤလူ့အကြောင်းကို တကယ်ပင် မေ့လျော့နေခဲ့သည်။ သို့သော်ငြား ထိုသူ၏ဖခင် ရှုပိုတောက်မှာမူ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရှမ့်လန်သည် နောက်ဆုံးတွင် ကောင်းကင်တာအိုအဖွဲ့အစည်းမှ ဟွမ်တုံနှင့် တွေ့ဆုံခဲ့ရ၏။ မိတ်ဆွေဟောင်းချင်း ဆုံတွေ့ကြရာတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ပေ၏။
အမှန်စင်စစ် ဟွမ်တုံသည် အလွန် စိတ်လှုပ်ရှားနေခဲ့၏။ သူသည် နှစ်အနည်းငယ်ကြာအောင် အကျဉ်းချခံထားရပြီး ယခုအခါတွင်မှ နေ့အလင်းရောင်ကို ပြန်လည် မြင်တွေ့ခွင့် ရရှိခဲ့သည်။ ထို့အပြင် သူ၏ ရည်မှန်းချက်များကို တစ်ဖန်ပြန်လည် အကောင်အထည်ဖော်နိုင်တော့မည်။
……
ရန်မြို့တော် နန်းဆောင်အတွင်း၌ ရှမ့်လန်သည် အမိန့်ပြန်တမ်း တစ်စောင်ကိုသာ ထုတ်ပြန်ခဲ့သည်။ ယခုမှစ၍ အိမ်ရှေ့စံကို ကျန်းယီအမည်ဖြင့် ခေါ်ဆိုရမည် ဖြစ်သည်။ ဤနေ့ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တရားဝင် ဘွဲ့နာမည်များစွာတွင် ရှမ့်လန်သည် အမှန်တကယ်အားဖြင့် ကျန်းလန် ဖြစ်နေခဲ့သော်လည်း သူ၏ မျိုးရိုးနာမည် ပြောင်းလဲရန် တရားဝင် အမိန့်ပြန်တမ်း တစ်စုံတစ်ရာကို ထုတ်ပြန်ခဲ့ခြင်း မရှိချေ။
ယခုအခါတွင်မူ ကျန်းမျိုးရိုးကို ပြန်လည်ခံယူမည်ဖြစ်ကြောင်း လောကကို ကြေညာလိုက်၏။ သို့သော်ငြား ကျန်းယီသာ ပြန်လာခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်သည် သူ၏မျိုးရိုးကို ကျန်းမျိုးရိုးအဖြစ် တရားဝင် ပြောင်းလဲခြင်း မရှိသေးပေ။
လောကမှ လူများသည် အံ့အားသင့်ရုံမှတစ်ပါး မတတ်နိုင်ကြပေ။ ယခင်က ကျိမိသားစုကို အနိုင်မယူသေးသောကြောင့် ကျန်းမျိုးရိုးအဖြစ် မပြောင်းလဲသေးခြင်းဖြစ်မည်ဟု အားလုံးက ထင်မှတ်ထားကြသည်။ သို့သော်ငြား အရှင်ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီးသည့်တိုင်အောင် ကျန်းမျိုးရိုးအဖြစ် ပြန်လည် မပြောင်းလဲသေးပေ။ အကယ်၍ ကျန်းမျိုးရိုးမဟုတ်ပါက ထီးနန်းဆက်ခံနိုင်မည် မဟုတ်ပေ။
ရှမ့်လန်၏ အမည်သည် သူ၏ မွေးစားဖခင် ရှမ့်ဝမ်ဆီမှ ရောက်ရှိလာခြင်းဖြစ်သောကြောင့် ထီးနန်းစိုးစံနိုင်မည် မဟုတ်ပေ။ လောကကြီးကို ရှမ့်မျိုးရိုး မပိုင်ဆိုင်ပေ။
သို့သော်ငြား တော်ဝင်ချန်အင်ပါယာ၏ စစ်ဘက်ဆိုင်ရာ အတိုင်ပင်ခံကောင်စီမှ မည်သူမှ ဝင်ရောက် မပြောဆိုကြသဖြင့် အောက်ခြေမှ အရာရှိများမှာလည်း ဝင်ရောက်ပြောဆိုရဲခြင်း မရှိကြချေ။
… …
နန်းတော်၏ ဥယျာဉ်တော်အတွင်း၌ မင်းသားကျင်းနှင့် ရှမ့်လန်တို့ လမ်းလျှောက်နေကြသည်။
မင်းသားကျင်းက ပြော၏။ “အရှင်… အခု ကျုပ်တို့အရှေ့လောကတစ်ခုလုံးကို ပေါင်းစည်းလိုက်နိုင်ပြီ။ မြောက်ပိုင်းစစ်သည်တော်နိုင်ငံ အပါအဝင် ကျုပ်တို့ ပိုင်နက်က စတုရန်းကီလိုမီတာ ၁၆ သန်းကျော် ရှိပါတယ်။”
ရှမ့်လန် ပြုံးလိုက်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ခေတ်နောက်ကျနေသော အခြေအနေတွင် မြေနေရာ စတုရန်းကီလိုမီတာ ခုနစ်သန်း၊ ရှစ်သန်းခန့်ကို အုပ်ချုပ်ခြင်းသည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထန်မင်းဆက် ကျဆင်းပြီးနောက်ပိုင်းတွင် သူတို့သည် အန်းရှီးဒေသ အုပ်ချုပ်မှုကို လက်လွှတ်ခဲ့ရသည်။ ယွမ်မင်းဆက်သည် စတုရန်းကီလိုမီတာ ၁၀ သန်းကျော် ပိုင်ဆိုင်ကြောင်း ကြွေးကြော်ခဲ့သော်လည်း လွတ်လပ်သော နယ်မြေများစွာ ရှိနေခဲ့၏။
ယခုအခါ သူ၏ တော်ဝင်ချန်မင်းဆက်သည် အမှန်တကယ်ပင် စတုရန်းကီလိုမီတာ ၁၆ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့တွင် နှင်းလင်းယုန် သောင်းချီ၊ အသံလှိုင်းပျံသန်းသားရဲ ထောင်ချီ ရှိနေပြီး လက်အောက်ခံ နိုင်ငံအဖြစ် အုပ်ချုပ်သောကြောင့်သာ ထိန်းသိမ်းနိုင်ခြင်း ဖြစ်သည်။ သို့သော်ငြား ဤနယ်မြေပိုင်နက်သည် တော်ဝင်ရန်မင်းဆက်၏ အထွတ်အထိပ် ကာလထက်ပင် ကျော်လွန်နေခဲ့သည်။
မင်းသားကျင်းက အံ့အားတသင့်ဖြင့် ပြော၏။ “အရှင်… စစ်ပွဲ သုံးခုတည်းနဲ့ အရှေ့လောကကို သိမ်းပိုက်နိုင်ခဲ့ သလို လောကသူ၊ လောကသားတွေလည်း စစ်မီးဒဏ် မခံစားခဲ့ရပါဘူး။ ဒါက မကြုံစဖူး ကြီးမားတဲ့ အောင်မြင်မှုပါပဲ။”
ထို့နောက် သူက အဓိက အကြောင်းအရာသို့ ပြောင်းလဲ ပြောလိုက်သည်။ “လောလောဆယ် အယူအဆ နှစ်မျိုး ရှိနေပါတယ်။ ပထမတစ်ခုက တော်ဝင်ချန်မင်းဆက်ဟာ ချန်မြို့တော်မှာပဲ မြို့တော် တည်သင့်တယ် ဆိုပေမဲ့ ရန်မြို့တော် က ချန်မြို့တော်ထက် ပိုကြီးမားနေတယ်။ ဒါကြောင့် ချန်မြို့တော်ကို ပြန်လည် တည်ဆောက်ပြီး ရန်မြို့တော် နန်းဆောင်ထဲက တရားမဝင် အဆောက်အအုံတွေကို မြေလှန်ပစ်ရမယ် ဆိုတာပါ။
ဒုတိယ အယူအဆကတော့ ရန်မြို့တော်ဆီ မြို့တော် ရွှေ့ပြောင်းသင့်တယ်လို့ ယူဆတဲ့ လူတစ်စုလည်း ရှိနေပါတယ်။ ဒါက အင်ပါယာရဲ့ နေရာ၊ ကောင်းကင်သားတော်ရဲ့ နယ်မြေ ဖြစ်နေတာကိုး။ ဒါပေမဲ့ ရန်မြို့တော်ရဲ့ နာမည်ကို ချန်မြို့တော်လို့ ပြောင်းရမယ်။ မူလ ချန်မြို့တော်ကိုတော့ ကျန်းမြို့တော်လို့ ပြောင်းရမယ်။
ဒါပေမဲ့ အရာရှိအများစုက စိုးရိမ်နေကြတယ်။ ဒီနေရာက ကျိမိသားစု နှစ်ရာပေါင်းများစွာ စီမံလာခဲ့တဲ့ မြို့တော် ဖြစ်ပြီး သူတို့ရဲ့အာဏာက အမြစ်တွယ်နေလို့ပါ။ မြို့တော်ကို ရန်မြို့တော်ဆီ ရွှေ့မယ်ဆိုရင် ကျိမိသားစု တစ်ခုလုံးကို အမြစ်ပါမကျန် လှန်ပစ်ရမယ်။ ထောင်ချတာပဲဖြစ်ဖြစ်၊ နယ်နှင်ဒဏ်ပေးတာပဲ ဖြစ်ဖြစ် လုပ်ရပါလိမ့်မယ်။”
ရှမ့်လန်က မေး၏။ “အစ်ကိုကျင်း… ခင်ဗျား ဘယ်လိုထင်လဲ။”
မင်းသားကျင်းက ဖြေသည်။ “ကျုပ်ကတော့ ဒုတိယအစီအစဉ်ကို တစ်စိတ်တစ်ပိုင်း သဘောတူပါတယ်။ ချန်မြို့တော်က သိပ်ခေါင်လွန်းတယ်။ ရန်မြို့တော်က လောကရဲ့ ဗဟိုချက် ဖြစ်နေတယ်။ ဒါကြောင့် ရန်မြို့တော် ကို ချန်မြို့တော်၊ မူလ ချန်မြို့တော်ကို ကျန်းမြို့တော်လို့ နာမည်ပြောင်းသင့်ပါတယ်။ ဒါပေမဲ့ ချန်မြို့တော်မှာ ကျန်ခဲ့တဲ့ နောက်ဆုံး လူသိန်းဂဏန်းလောက်နဲ့ တော်ဝင်ချန်အင်ပါယာရဲ့ သစ္စာအရှိဆုံး နိုင်ငံသားတွေကို မြို့တော်ဆီ ရွှေ့ပြောင်းပေးသင့်တယ်လို့ ကျုပ် ထင်ပါတယ်။”
ရှမ့်လန်က ပြော၏။ “ကောင်းပြီ။ အဲဒီအတိုင်း လုပ်ကြတာပေါ့။”
မင်းသားကျင်းက ဆက်ပြောလိုက်သည်။ “ကျိမိသားစုကို ဘယ်လို စီမံရမလဲဆိုတာတော့ ကျုပ် မပြောရဲပါဘူး။”
ရှမ့်လန်က ရုတ်တရက် ပြောလိုက်၏။ “အစ်ကိုကျင်း... တော်ဝင်ချန်အင်ပါယာ တည်ငြိမ်သွားရင် ခင်ဗျားကို သဲကန္တာရလူရိုင်းမျိုးနွယ်ဆီ ပြန်လွှတ်ပြီး ခင်ဗျားရဲ့ တာ့နန်နိုင်ငံကို ပြန်လည် တည်ထောင်ခွင့်ပေးမယ်လို့ ကျုပ် ကတိပေးခဲ့ဖူးတယ်။ အခုကြည့်ရတာ နောက်ထပ်အချိန်အကြာကြီးအထိ အဲဒါ ဖြစ်လာနိုင်တော့မယ့်ပုံ မပေါ်ဘူး။”
“အမိန့်အတိုင်းပါ အရှင်...” မင်းသားကျင်းက ပြောလိုက်သည်။
ရှမ့်လန်က မေးလိုက်၏။ “အစ်ကိုကျင်း... လုပ်ရအခက်ခဲဆုံး အလုပ်ကဘာလဲ ခင်ဗျား သိလား။”
မင်းသားကျင်းက ပြန်ဖြေလိုက်သည်။ “ကျေးဇူးပြုပြီး ရှင်းပြပေးပါ အရှင်...”
ရှမ့်လန်က ပြောလိုက်၏။ “ခက်ခဲပင်ပန်းမှုတွေကို သည်းခံပြီး အရှက်တကွဲ အကျိုးနည်းမှုကိုခံစားရရင်တောင် တာဝန် ပြီးမြောက်အောင် ထမ်းဆောင်ခြင်းပဲ။”
မင်းသားကျင်း တစ်ကိုယ်လုံး တုန်ယင်သွားမတတ် ဖြစ်သွားရ၏။ သို့သော်ငြား သူ ရှမ့်လန်၏ စကားကို နားမလည်ခဲ့ပေ။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “အစ်ကိုကျင်း... နောက်ထပ် ဘာတွေပဲ ဖြစ်လာပါစေ။ အစ်ကို့ကို တော်ဝင်ချန် အင်ပါယာရဲ့ အစိုးရအဖွဲ့ထဲမှာ အမြဲ ရှိနေစေချင်တယ်။ ဘယ်ရာထူးပဲ ဖြစ်နေပါစေ သပ်တစ်ချောင်းလို စွဲမြဲနေရမယ်။ လောကကြီး ပြောင်းပြန်လှန်သွားရင်တောင် အစ်ကိုက အင်ပါယာရဲ့ ဗဟိုချက်မှာ ရှိနေပေးရမယ်။”
မင်းသားကျင်း၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူသည် တုန်ယင်စွာဖြင့် မေးလိုက်၏။ “အရှင်... ဘာတွေ ဖြစ်ကုန်တာလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ပြောတာကိုသာ မှတ်ထားပါ။”
မင်းသားကျင်းက မေးလိုက်၏။ “ဒါဆို အိမ်ရှေ့စံကကော...”
ရှမ့်လန်က ဖြေလိုက်သည်။ “အိမ်ရှေ့စံကို အစွမ်းကုန် ကူညီပေးပါ။ သူ့ဘေးနားမှာ အမြဲ ရပ်တည်ပေးပါ။ အနာဂတ်မှာ သူက ခင်ဗျားကို ကာကွယ်ပေးနိုင်လိမ့်မယ်။”