← Chapters

အခန်း (၁၂၉၁-၁၂၉၂)

Vol. 74 Ch. 1291-1292

အခန်း (၁၂၉၁-၁၂၉၂)

Vol. 74 Ch. 1291-1292

အပိုင်း (၁၂၉၁)

မင်းသားကျင်း၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။ သူသည် တစ်ခါမှ မငိုကြွေးခဲ့ဖူးသော်လည်း ယခုအခါ မျက်ရည်များ ဒလဟော စီးကျလာခဲ့သည်။

“အရှင်... ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”

မင်းသားကျင်းသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် တုန်ယင်စွာဖြင့် ပြောလိုက်မိ၏။ “အရှင်နဲ့ မတွေ့ခင်တုန်းက ကျုပ်မှာ အောင်မြင်မှုတချို့ ရှိခဲ့ပေမဲ့ ထည့်ပြောလောက်စရာ မရှိပါဘူး။ အရှင်နဲ့တွေ့ပြီးမှ ကျုပ်ဘဝက အဓိပ္ပာယ် ရှိလာခဲ့တာပါ။ အခုမှ ကျုပ်အိပ်မက်တွေ ပွင့်လန်းလာခဲ့တာ။

ကျုပ် တော်ဝင်ချန်အင်ပါယာအပေါ် သစ္စာစောင့်သိပါ့မယ်။ အရှင့်အပေါ် ပိုလို့တောင် သစ္စာစောင့်သိပါ့မယ်။ အရှင့်အတွက်ဆိုရင် မီးပင်ယ်ထဲ ဆင်းရ၊ ဆင်းရပါ။ လောကတစ်ခုလုံးနဲ့ ရန်သူဖြစ်ရမယ်ဆိုရင်တောင် ဖြစ်ရဲပါတယ်။”

“မဟုတ်ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က လောကတစ်ခုလုံးကို ကာကွယ်ချင်တာ။ အထူးသဖြင့် ခင်ဗျားကိုပေါ့။ ကျုပ်ပြောတာ မှတ်မိတယ် မဟုတ်လား။”

မင်းသားကျင်းက ပြန်ပြောလိုက်၏။ “အိမ်ရှေ့စံကို အစွမ်းကုန် ကူညီရမယ်။ ဘာပဲဖြစ်ဖြစ် အင်ပါယာရဲ့ ဗဟိုချက်မှာ နေရမယ်။ ခက်ခဲပင်ပန်းမှုနဲ့ အရှက်တကွဲ အကျိုးနည်းမှုကို ခံစားရရင်တောင် တာဝန် ပြီးမြောက်အောင် ထမ်းဆောင်ရမယ်။”

“ကောင်းပါပြီ။”

မင်းသားကျင်းက ဦးတိုက်ပြီး ပြောလိုက်သည်။ “အရှင့်အမိန့်ကို ကျုပ် ဘယ်တော့မှ မမေ့ပါဘူး။ တစ်သက်လုံး မှတ်သားထားပါ့မယ်။ အရှင့်ဆန္ဒကို ဖြည့်ဆည်းဖို့ ဂုဏ်သိက္ခာအားလုံးကို စွန့်လွှတ်ဖို့ ဝန်မလေးပါဘူး။”

ရှမ့်လန်က ဦးညွှတ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အစ်ကိုကျင်း...”

ထို့နောက် ရှမ့်လန်သည် တော်ဝင်ချန်အင်ပါယာ၏ အိမ်ရှေ့စံကျိရှန်းအား တော်ဝင်ချန်အင်ပါယာ၏ ရန်မင်းသား အဖြစ်လည်းကောင်း၊ မင်းသားလျန်အား လျန်နယ်စား အဖြစ်လည်းကောင်း ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်လိုက်သည်။ ၎င်းတို့နှစ်ဦးသာမက ကျိမိသားစုမှ အခြားလူတစ်ဒါဇင်ခန့်ကိုလည်း နယ်စားဘွဲ့များ ချီးမြှင့်လိုက်သည်။

ရုတ်တရက်ဆိုသလို ကျိမိသားစုမှ လူတိုင်းသည် ကျေးဇူးတင်စကားဆိုရန်နှင့် ဂုဏ်ပြုရန် နန်းတော်သို့ ရောက်ရှိလာကြ၏။

ရှမ့်လန်၏ အမိန့်ပြန်တမ်းသည် အခြေအနေကို တည်ငြိမ်သွားစေခဲ့သည့်ပုံ ပေါ်၏။ ရှမ့်လန်သည် ရှေးထုံးတမ်းစဉ်လာအတိုင်း လိုက်နာပြီး ကျိမိသားစုကို ချောမွေ့စွာ နန်းဆင်းစေခဲ့သည်။

အတိုင်းအတာတစ်ခုအထိ ကျိမိသားစုသည် စိတ်လှုပ်ရှားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် ထီးနန်း မတက်ရသေးသောကြောင့်ပင်။ ထိုအစား တော်ဝင်ချန်အင်ပါယာ၏နာမည်ဖြင့် သူတို့ကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ရှမ့်လန်သည် လူတိုင်း နားမလည်နိုင် ဖြစ်နေကြစဉ် ချန်မြို့တော်သစ် (မီးတောက်မြို့တော်) မှ ထွက်ခွာပြီး နုရှောင့်မြို့သို့ ပြန်သွားခဲ့၏။

‘ဘာလဲ။ ဒါက ဘာသဘောလဲ။ အရှင်က အင်ပါယာ မလုပ်တော့ဘူးလား။ အိမ်ရှေ့စံ အရွယ်ရောက်လာပြီး ထီးနန်း ဆက်ခံမယ့်အချိန်ကို စောင့်နေတာများလား။’

ရှမ့်လန်သည် ချန်မြို့တော်သစ်မှ ထွက်ခွာသွားသောအခါ မည်သူ့ကိုမှ နှုတ်ဆက်ခဲ့ခြင်း မရှိခဲ့ပေ။ တော်ဝင်ရန်အင်ပါယာ၏ အိမ်ရှေ့စံဟောင်းသည် ဤသတင်းကို ကြားချိန်မှာတော့ ကြောင်အသွားပြီး ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။

“အရှင်... ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”

မင်းသားလျန်ဟောင်းသည် ယခုအခါ လျန်နယ်စား ဖြစ်နေ၏။ လျန်နယ်စားသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ သူသည် ကျိရှန်း၏ နေအိမ်သို့ ရောက်လာခဲ့၏။

ပုံမှန်အားဖြင့် အိမ်ရှေ့စံ၏စံအိမ်သည် တားမြစ်နယ်မြေ ဖြစ်သည်။ ကျိရှန်းသည် ထိုနေရာမှ ပြောင်းရွှေ့ ပေးရမှာဖြစ်ပြီး ကျန်းယီအား လွှဲပြောင်းပေးရမည်။ သို့သော်ငြား ရှမ့်လန်သည် အမိန့်ပြန်တမ်း တိုက်ရိုက် ထုတ်ပြန်ကာ အိမ်ရှေ့စံ စံအိမ်ကို ရန်မင်းသား၏ စံအိမ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့၏။ ကျိရှန်းသည် ထိုနေရာတွင် ဆက်လက် နေထိုင်နိုင်ပြီး ပြောင်းရွှေ့ပေးစရာပင် မလိုတော့ချေ။ သဘောထားကြီးသည်ဟု ပြောရမည်ဆိုလျှင် ဤသည်မှာ လွန်လွန်းနေလေသည်။

“အရှင်က ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာလို့လဲ။”

လျန်နယ်စားမှာ တုန်ယင်နေခဲ့သည်။ “သူက ကျန်းမျိုးရိုး ပြန်မပြောင်းဘူး။ ကိုယ့်ကိုယ်ကိုယ် အင်ပါယာလို့ မကြေညာဘူး။ အခု ထွက်သွားပြန်ပြီ။ တစ်ခုခု ဖြစ်နေတာ သေချာတယ်။ တစ်ခုခုဖြစ်ရင် ကျိမိသားစုက ဘာလုပ်ရမလဲ။ အရှင်ထွက်သွားပြီးရင် အိမ်ရှေ့စံနဲ့ တော်ဝင်ချန်အင်ပါယာရဲ့ လူတွေက ကျုပ်တို့ ကျိမိသားစုကို သည်းခံပါ့မလား။”

တော်ဝင်ရန်၏ အိမ်ရှေ့စံဟောင်းကျိရှန်းသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော်လည်း အတင်းအကျပ် စိတ်ကို ငြိမ်အောင် ထိန်းထားလိုက်သည်။ သူ၏ဖခင်မှာ သေဆုံးသွားပြီဖြစ်ပြီး သူသည် ကျိမိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထို့အပြင် သူသည် အင်ပါယာတစ်ခု၏ တာဝန်ကို မထမ်းဆောင်နိုင်သော်လည်း မိသားစုတစ်ခု၏ တာဝန်ကိုမူ ထမ်းဆောင်သင့်၏။

“ကျုပ်တို့ အရှင်၊ အိမ်ရှေ့စံနဲ့ ဝန်ကြီးချုပ်တို့ကို ယုံကြည်ရမယ်။”

ကျိရှန်းက ပြောလိုက်သည်။ “အရှင်က ကျိရွှမ်ကို လူတွေခေါ်ပြီး ထွက်သွားခွင့် ပြုခဲ့ပေမဲ့ ကျုပ်တို့ကိုတော့ ဆက်နေခိုင်းခဲ့တယ်။ သူ့မှာ ဒီလိုလုပ်ရတဲ့ အကြောင်းရင်း ရှိမှာပါ။ သူ့ရည်ရွယ်ချက်ကို လိုက်မမှန်းဆကြနဲ့။”

လျန်နယ်စားက ပြောလိုက်၏။ “စိတ်အေးရအောင် နုရှောင့်မြို့ကို သွားပြီး အရှင်နဲ့ သွားတွေ့ပါလား။”

“မလိုပါဘူး။ မလိုပါဘူး။”

ရှမ့်လန် မီးတောက်မြို့တော်တွင် ရှိနေစဉ်က ကျိမိသားစုမှာ အတော်အတန် တည်ငြိမ်နေခဲ့သေးသည်။ ယခု သူ ထွက်ခွာသွားသောအခါ ကျိမိသားစုတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

“အိမ်ရှေ့စံ မင်းသား ကြွလာနေပါပြီ။” အပြင်ဘက်မှ တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။

ကျိရှန်းသည် ချက်ချင်းပဲ လူများကို ဦးဆောင်ကာ အိမ်ရှေ့စံအား ကြို၏။ သူသည် မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ အရှင် ကြွလာတဲ့အတွက် ဂုဏ်ယူမိပါတယ်။”

ကျန်းယီက ပြောလိုက်၏။ “ထပါ ရန်မင်းသား... ခင်ဗျားကို ပြောစရာ စကားနည်းနည်း ရှိလို့ပါ။”

“အမိန့်အတိုင်းပါ။” ကျိရှန်းက ပြောလိုက်သည်။

… …

စာကြည့်ဆောင်ထဲတွင် ကျိရှန်းနှင့် ကျန်းယီတို့ နှစ်ဦးတည်းသာ ရှိနေခဲ့သည်။

“ရန်မင်းသားလည်း ဒီထူးခြားတဲ့ အငွေ့အသက်ကို ခံစားမိမယ်လို့ ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မုန်တိုင်းတစ်ခု လာနေသလိုမျိုးလေ။”

ကျန်းယီက ပြောလိုက်၏။ “ခမည်းတော်က နုရှောင့်မြို့ကို ပြန်သွားပြီ။ ကျုပ်က ခင်ဗျားတို့ကို ရန်သူလို သဘောထားပြီး ရှင်းထုတ်ပစ်လိုက်မှာကို ကျိမိသားစုက စိုးရိမ်နေကြတယ်။”

ကျိရှန်းက ဦးတိုက်ပြီး ပြောလိုက်သည်။ “ကျုပ်မှာ အဲဒီလို အတွေးမျိုး မရှိပါဘူး။”

ကျန်းယီက ပြောလိုက်သည်။ “ခမည်းတော်က မင်းသမီးကျိရွှမ်ကို ကာကွယ်ဖို့ ပင်လယ်ရပ်ခြားကို ပို့လိုက်တာပါ။ ကျိမိသားစုအများစုကို အရှေ့လောကမှာ ထားရစ်ခဲ့တာ အကြောင်းရင်း ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ နုရှောင့်မြို့ကို မပြန်ခင်မှာ ခမည်းတော်က ကျုပ်ကို ပြောခဲ့တယ်။ သူက တော်ဝင်ရန် အင်ပါယာဟောင်းအပေါ် အကြွေးတစ်ခု တင်ကောင်းတင်နေနိုင်တယ်တဲ့။ ဒါကြောင့် ခင်ဗျားတို့အားလုံးကို အစွမ်းကုန် ကာကွယ်ပေးစေချင်တယ်တဲ့။

ရန်မင်းသား... ကျုပ်က ငယ်ပါသေးတယ်။ ခမည်းတော်ရဲ့ စကားတချို့ကို နားမလည်ပေမယ့် သေချာပေါက် နားထောင်မှာပါ။ နားလည်ရင်လည်း လုပ်မယ်။ နားမလည်ရင်လည်း လုပ်ပါမယ်။”

ကျိရှန်းက လေးလေးနက်နက် ဦးတိုက်သည်။ “ကျေးဇူးကြီးမားလှပါတယ် အရှင်...”

… …

ရှမ့်လန်သည် နုရှောင့်မြို့သို့ တစ်ယောက်တည်း ပြန်ရောက်လာခဲ့၏။ ထို့အပြင် တချောင်ဖြင့် ပြန်လာခဲ့ခြင်း ဖြစ်၏။

“ပျောက်ဆုံးမိစ္ဆာမယ်တော်... ကျုပ်ကို ခင်ဗျားရဲ့ ရုပ်သွင်အမှန် မပြသေးဘူးလား။” ရှမ့်လန်က ပြုံးရင်း ပြောလိုက်သည်။

ပင်လယ်ရေပြင်ထက်၌ ပင်လယ်ရေများသည် ကျက်သရေရှိသော ခန္ဓာကိုယ်တစ်ခုအဖြစ် တစ်ဖန် စုစည်းသွားပြန်သည်။ ပျောက်ဆုံးမိစ္ဆာမယ်တော်သည် ရှမ့်လန်အား ဤပုံစံဖြင့် တွေ့ဆုံလိုက်ခြင်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကြည့်ရတာ ခင်ဗျားက တကယ် အရုပ်ဆိုးပုံရတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “အရှင်... ကျွန်မကို လှောင်ပြောင်ဖို့ ခေါ်လိုက်တာလား။”

ရှမ့်လန်က ခေါင်းခါပြီး ပြောလိုက်သည်။ “မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ပါဘူး။”

ပြီးနောက် သူက ပြုံးကာ ဆက်ပြောလိုက်သည်။ “ပျောက်ဆုံးမိစ္ဆာမယ်တော်... ကျုပ်တို့က တိုက်ခိုက်ပြီးမှ မိတ်ဆွေ ဖြစ်လာကြတာ။ အတိတ်တုန်းက ခင်ဗျားရဲ့ ကူညီပံ့ပိုးမှုတွေအတွက် သိပ်ကျေးဇူးတင်ပါတယ်။ ဒါကြောင့် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူနိုင်ခဲ့ပြီး ကောင်းကင်အောက် ရန်သူမရှိစေရဆိုတဲ့ ကျုပ် ရည်မှန်းချက် ပြည့်မြောက်ခဲ့တာပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က မေးလိုက်၏။ “ကောင်းကင်အောက် ရန်သူမရှိတော့တဲ့ ခံစားချက်က ဘယ်လိုလဲ။”

ရှမ့်လန်က ဖြေလိုက်သည်။ “အဆုံးမရှိသလို ခံစားရတယ်။”

“ကျွတ်... ကျွတ်...”

ပျောက်ဆုံးမိစ္ဆာမယ်တော်က စုတ်သပ်လိုက်သည်။ “ရှင်က သိပ်ဟန်ဆောင်ကောင်းတာပဲ။ သူတော်စင်အဆင့် ရောက်သွားတဲ့ လူတစ်ယောက်လိုမျိုးလေ။”

ရှမ့်လန်က ပြုံးရင်း ပြောလိုက်၏။ “ကြည့်ရတာ ခင်ဗျား အများကြီး သိပုံရတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောသည်။ “ကျွန်မက ညစ်ညမ်းတဲ့ စိတ်ပညာစာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ ဒါကြောင့် အကုန်သိတယ်။”

ရှမ့်လန် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ စက္ကန့်ဝက်ခန့် ကြာသောအခါ သူက ပြောလိုက်၏။ “ပျောက်ဆုံးမိစ္ဆာမယ်တော်... ခင်ဗျားလူတွေကို ခေါ်ပြီး ထွက်သွားတော့။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “အို... လူသားနိုင်ငံရဲ့ အင်ပါယာ ပီသပါပေတယ်။ အခု လူသားနိုင်ငံကို ပေါင်းစည်းပြီးသွားပြီဆိုတော့ ကျွန်မကို မင်းသမီးရာထူး ဘာညာ ပေးမှာ မဟုတ်ဘူးလား။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ခင်ဗျား ဘာလိုချင်လဲ။ ကျုပ် ပေးသနားမယ်။”

“ထားလိုက်ပါတော့။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “ကျွန်မက ပျောက်ဆုံးအင်ပါယာက လူပါ။ အရှေ့တိုင်းအင်ပါယာ ဆီက ဘွဲ့ထူးဂုဏ်ထူး လက်ခံစရာ ဘာအကြောင်းမှ မရှိဘူး။ ရှင် မမောင်းထုတ်ရင်တောင် ကျွန်မ ထွက်သွားမှာပါ။

အခု ရှင်က အကြီးအကျယ် နိုင်ပွဲရသွားပြီဆိုတော့ ကျွန်မတို့ အရှေ့တိုင်းအင်ပါယာရဲ့ နယ်မြေမှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူး။ ကျွန်မတို့ရဲ့နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။ ရှင် ပြန်လာပြီး နှုတ်ဆက်စကား ပြောမယ့်အချိန်ကို စောင့်နေတာပါ။ ပြီးရင် ကျွန်မတို့ မိစ္ဆာတြိဂံနယ်မြေကို ပြန်ကြတော့မယ်။”

ရှမ့်လန်က အက်ကွဲသောအသံဖြင့် ပြောလိုက်၏။ “မပြန်နဲ့။ မိစ္ဆာတြိဂံနယ်မြေကို ပြန်မသွားနဲ့။ အဲဒီရောက်ရင် ပျောက်ဆုံးအင်ပါယာရဲ့ မျိုးဆက်တွေ အားလုံးကို ခေါ်ပြီး ဝေးဝေးကို ထွက်သွားပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်၏ မျက်နှာထား ပြောင်းလဲသွားခဲ့သည်။ သူမသည် တုန်ယင်သော အသံဖြင့် မေးလိုက်သည်။ “ရှင် ဘာကို ဆိုလိုတာလဲ။ အရှင်ရှမ့်လန်က ကျွန်မတို့ကို ဒီလို ကျောခိုင်းလိမ့်မယ် မထင်ဘူး။ အစကနေအဆုံးထိ မိစ္ဆာတြိဂံနယ်မြေက အရှေ့တိုင်းအင်ပါယာပိုင် မဟုတ်ခဲ့ပါဘူး။ ရှင်တို့နဲ့ အတော်လေး နီးကပ်နေပေမဲ့ ကျွန်မတို့ ပျောက်ဆုံးအင်ပါယာက တည်ထောင်ခဲ့တာပါ။ ရှင်က ရန်သူလို သဘောထားပြီး ကျွန်မတို့ကို အနောက်ပိုင်း ပင်လယ်ရေပြင်ဆီ လုံးဝ မောင်းထုတ်ချင်နေတာလား။”

ရှမ့်လန် ဘာမှမပြောပေ။ သူသည် ပျောက်ဆုံးမိစ္ဆာမယ်တော်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။

“တောင်းပန်ပါတယ်။ ကျွန်မ မှားသွားတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “ရှင်က အဲဒီလိုလူမျိုး မဟုတ်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း ဒီလိုပဲ စကားပြော ကြမ်းတမ်းတတ်လို့ပါ။”

ရှမ့်လန်က ပြောလိုက်၏။ “မိစ္ဆာတြိဂံနယ်မြေက မလုံခြုံတော့ဘူး။ ကျုပ်တို့ သိထားတဲ့ လောကကြီးရဲ့ နေရာအားလုံး မလုံခြုံတော့ဘူး။ ပျောက်ဆုံးအင်ပါယာရဲ့ မျိုးဆက်တွေကို ခေါ်ပြီး ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ အဝေးဆုံး၊ အလျှို့ဝှက်ဆုံး နေရာကို သွားပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော် တုန်ယင်သွားခဲ့သည်။ “ဘာတွေ ဖြစ်ကုန်တာလဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းကင်ကို မော့ကြည့်လိုက်။”

ပျောက်ဆုံးမိစ္ဆာမယ်တော် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ နှင်းများ ကျဆင်းလာနေသည်။

“နှင်းတွေ ကျပြန်ပြီ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “ဒီနှစ် နုရှောင့်မြို့က ထူးထူးခြားခြား အေးနေတယ်နော်။”

ရှမ့်လန်က မေးလိုက်၏။ “ကျုပ်ကို ယုံလား။ ပျောက်ဆုံးမိစ္ဆာမယ်တော်...”

ပျောက်ဆုံးမိစ္ဆာမယ်တော်သည် ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “ရှင်က လူယုတ်မာပဲ။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ယုံတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံတာထက် ရှင့်ကို ပိုယုံတယ်။ ပျောက်ဆုံးအင်ပါယာရဲ့ အပျက်အစီးတွေကြားမှာတုန်းက ရှင်က အရူးဆန်တဲ့ စရိုက်ကို ပြသခဲ့တာကိုး။”

“အင်း... ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို ယုံတယ်ဆိုရင် ထွက်သွားတော့။ ခင်ဗျားတို့အားလုံးအတွက် ကျုပ် အချိန်နည်းနည်း ဆွဲထားပေးနိုင်တုန်း ဝေးလေ၊ ကောင်းလေပဲ။ ပျောက်ဆုံးအင်ပါယာရဲ့ မျိုးဆက် အားလုံးကို ခေါ်သွားပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်သည် တုန်ယင်နေခဲ့သည်။ “ဘယ်... ဘယ်ကို သွားရမှာလဲ။ ဒီလောကကြီးက သိပ်ကျဉ်းတယ်။ ဘယ်ကို သွားလို့ ရအုံးမှာလဲ။”

ဤလောကကြီးသည် ကြီးမားသော်လည်း ကျဉ်းမြောင်းလှ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ ဘယ်သွားရမယ်ဆိုတာ ကျုပ် မသိဘူး။ ခင်ဗျားရဲ့ ရှေးဟောင်း မှတ်ဉာဏ်တွေနဲ့ သွားနိုင်သလောက် ဝေးဝေးကို သွားပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဒေါသတကြီး ပြောလိုက်သည်။ “ကောင်းကင်ပေါ် ပျံတက်ရမှာလား။ ပျံတက်နိုင်ရင်တောင် အလကားပဲ။ တစ်ယောက်ယောက်က ရှာရင် တွေ့မှာပဲ။ သတ်ချင်ရင် သတ်မှာပဲ။”

ရှမ့်လန် တိတ်ဆိတ်စွာဖြင့် သူမကို ကြည့်နေလိုက်၏။

ပျောက်ဆုံးမိစ္ဆာမယ်တော်သည် အကြာကြီး တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။ “အရှင်... ဒါက ထာဝရ နှုတ်ဆက်ခြင်းလား။”

ရှမ့်လန်က ဖြေလိုက်၏။ “မဟုတ်ဘူး။ အနာဂတ်မှာ ခင်ဗျားကို ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။ ခင်ဗျား ရှင်သန် ကျန်ရစ်ဖို့ မျှော်လင့်တယ်။ ဒါမှ ကျုပ်အနာဂတ်မှာ ပိုစွမ်းအားကြီးလာမှာ။ ကြက်ဥတွေကို ခြင်းတောင်း တစ်ခုတည်းမှာ စုမထည့်ထားသင့်ဘူးလေ။ ကျုပ်တို့အားလုံး မသေဆုံးသရွေ့ မျှော်လင့်ချက် ရှိနေအုံးမှာပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော် တုန်ယင်သွားခဲ့သည်။ “သေဆုံးရမယ်။ ဒါဆို ရှင်က ရှင့်ရဲ့နုရှောင့်မြို့၊ ရှင့်ရဲ့ သားတော်၊ ရှင့်ရဲ့တော်ဝင်ချန်အင်ပါယာနဲ့ ရှင့်ရဲ့ လူသားအင်ပါယာအတွက် စိတ်ပူသင့်တယ်။ သူတို့က ကျွန်မတို့ထက် ပိုအားနည်းတယ်။”

ရှမ့်လန်က ပြောလိုက်၏။ “သူတို့ သေမှာ မဟုတ်ဘူး။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က မေးလိုက်သည်။ “ဒါဆို ရှင်ကကော...”

ရှမ့်လန်က ဖြေ၏။ “အနာဂတ်မှာ ခင်ဗျားကို ပြန်တွေ့ပြီး အတူတူ ပခုံးချင်းယှဉ် တိုက်ခိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်သည် ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ပင်လယ်ရေဖြင့် ပြုလုပ်ထားသော သူမ၏ ခန္ဓာကိုယ်သည် ရှမ့်လန်ကို လုံးဝ လွှမ်းခြုံသွားခဲ့သည်။

“ရှင့်စကားကို မှတ်ထားနော်... ရှင့်ကတိကို တည်ရမယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “ကျွန်မ လူတိုင်းကို ခေါ်သွားမယ်။ ရှေးဟောင်း မှတ်ဉာဏ်တွေအတိုင်း ပုန်းခိုဖို့ အလျှို့ဝှက်ဆုံးနေရာကို ရှာဖွေမယ်။ ဒါပေမဲ့ ရှင့်ကတိကို မှတ်ထားပါ။ ကျွန်မတို့ဆီ မဖြစ်မနေ လာခဲ့ရမယ်။ လာကို လာရမယ်။ မဟုတ်ရင် ကျွန်မသရဲဖြစ်သွားရင်တောင် ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ နှုတ်ဆက်ပါတယ်။”

အပိုင်း (၁၂၉၂)

ပျောက်ဆုံးမိစ္ဆာမယ်တော်သည် မရေမတွက်နိုင်သော ရေခူတပ်ဖွဲ့၊ လျှပ်စီးမြွေတပ်ဖွဲ့တို့နှင့်အတူ ကောင်းကင်သို့ ပျံတက်သွားပြီး ရှမ့်လန်ကို နှုတ်ဆက်လိုက်သည်။

“နှုတ်ဆက်ပါတယ် အရှင်... ကတိကို မှတ်ထားပါ။”

ထို့နောက် ပျောက်ဆုံးမိစ္ဆာမယ်တော်သည် ပျောက်ဆုံးအင်ပါယာတပ်တော်ကို ဦးဆောင်ကာ နုရှောင့်မြို့နှင့် အရှေ့တိုင်းအင်ပါယာကို စွန့်ခွာပြီး တောင်ဘက်သို့ ဦးတည်သွားကြသည်။ မိစ္ဆာတြိဂံနယ်မြေသို့ ပြန်ရောက်ပြီးနောက် သူမသည် ပင်လယ်မွန်းစတားတပ်တော်အားလုံးကို ခေါ်ဆောင်ကာ ထွက်ခွာ သွားပေလိမ့်မည်။

… …

နုရှောင့်မြို့နှင့် မဝေးလှသော ကျွန်းတစ်ကျွန်းပေါ်တွင် ဖြစ်၏။ ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမ ရှယ်လီကို ပေးထားသော ကတိအား နှစ်အနည်းငယ်နောက်ကျပြီးမှ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

“အရှင်... ကျွန်မ ဒီအရာကို စောင့်နေတာ နှစ်ပေါင်းတစ်ထောင်လောက် ရှိပြီလား။”

ရှယ်လီသည် သူမ၏ ဝမ်းဗိုက်ကိုအုပ်ကိုင်ရင်း ပြောလိုက်၏။ “အတွင်းထဲမှာ အသက်လေးတစ်ခု ရှင်သန်နေတာကို ခံစားမိနေတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ရှယ်လီ .. မင်းက ပိုလွန်းနေပြီ။ အဲလောက်ကြီး မြန်မြန်ဆန်ဆန်တော့ ဗိုက်မကြီးနိုင်ပါဘူး။”

ရှယ်လီက ရှမ့်လန်ကို နမ်းလိုက်၏။ “ရှင် နားမလည်ပါဘူး။ ဒါက မိန်းမသားရဲ့ အာရုံခံစားမှုပါ။”

ရှမ့်လန်သည် သူမ၏ မျက်ဝန်းများကို ကြည့်လိုက်ပြီး ပြုံးကာ ပြောသည်။ “သွားတော့။ အနောက်လောကကို ပြန်။ မီးနတ်ဘုရားကျောင်းကို ပြန်။ မင်းရဲ့ဂိုဏ်းချုပ်ကို ပြော။ မီးနတ်ဘုရားကျောင်းက လူတွေအားလုံးကို ခေါ်ပြီး ဝေးဝေးကို ထွက်ပြေးကြလို့။ ဝေးလေ ကောင်းလေပဲ။ ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ နေရာမျိုးကို သွားတာ အကောင်းဆုံးပဲ။”

ရှယ်လီ၏ အကြည့်တို့သည် ချက်ချင်းပင် ဆွေးမြေ့သွားခဲ့ရသည်။ သူမသည် ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပြော၏။ “ကောင်းပြီ။ ကျွန်မ နာခံပါ့မယ် အရှင်...”

ရှမ့်လန်က မေးလိုက်သည်။ “ဘာကြောင့်လဲလို့ မမေးဘူးလား။”

“မမေးတော့ပါဘူး။”

ရှယ်လီက ဖြေ၏။ “ကျွန်မတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုပါ။ ဒါကြောင့် အချို့ကိစ္စတွေမှာ သာမန်လူတွေထက် ပိုစောပြီး နားလည်သဘောပေါက်နိုင်စွမ်း ရှိပါတယ်။ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မတို့က ပိုပြီး အာရုံခံစားလွယ်ပါတယ်။ ကျွန်မ တစ်ခုပဲ မေးချင်ပါတယ်။ အရှင်... မီးနတ်ဘုရားဂိုဏ်းက ပြဿနာတက်မှာလား။ ကျွန်မတို့ ဒုက္ခရောက်တော့မှာလား။”

“မဟုတ်ပါဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီကိစ္စအားလုံးက ရှောင်လွှဲလို့မရတဲ့ အရာတွေ ဖြစ်နိုင်တယ်။ တချို့အရာတွေက ဖြစ်ကိုဖြစ်လာရမယ်ဆိုရင် နောက်ကျတာထက် စောတာက ပိုကောင်းတယ်။ သွားတော့ ... သွားတော့။ မင်းအတွက် နှင်းလင်းယုန် ရှစ်ထောင် ပြင်ဆင်ပေးထားတယ်။ ငါ လုပ်ပေးနိုင်တာ ဒါအကုန်ပါပဲ။”

ရှယ်လီသည် ရှမ့်လန်ကို ဖက်တွယ်ထားရင်း တုန်ယင်နေခဲ့သည်။ “ကျွန်မ ဒီနှစ်တွေတစ်လျှောက်လုံး ဒီအချိန်လေးအတွက်ပဲ ကြိုးစားခဲ့ရတာပါ။ နောက်ထပ် နှစ်ဘယ်လောက်ကြာအောင် ကြိုးစားရအုံးမှာလဲ။ နောက်တစ်ကြိမ် ပြန်ရဖို့၊ ရှင့်ကို နောက်တစ်ကြိမ် ဖက်တွယ်ခွင့်ရဖို့ ဘယ်လောက် စောင့်ရအုံးမှာလဲ။”

ရှမ့်လန်က ပြောလိုက်၏။ “အဲဒီလို မလုပ်ပါနဲ့။ ငါက အိမ်ထောင်သည်ယောက်ျားပါ။ အပြင်မှာ လုံးဝ ဖောက်ပြန်မှာ မဟုတ်ပါဘူး။”

“ဟွန့်...”

ရှယ်လီ မရယ်ဘဲ မနေနိုင်တော့ပေ။ သူမသည် ရှမ့်လန်၏နှုတ်ခမ်းကို နမ်းရင်း မျက်ရည်များ စီးကျ လာခဲ့ရသည်။

“အရှင်... မီးနတ်ဘုရားဂိုဏ်းက အစွမ်းကုန် ပုန်းအောင်းနေပါ့မယ်။ ဘယ်သူမှ မသိနိုင်တဲ့ နေရာကို ရှာပြီး ပုန်းနေပါ့မယ်။ ပြီးရင် အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီး ပိုသန်မာလာအောင် ကြိုးစားပါ့မယ်။”

ရှယ်လီ တုန်ယင်နေခဲ့၏။ “ဒါပေမဲ့ အရှင် ကျွန်မကို ကတိတစ်ခု ပေးရမယ်။ အနာဂတ်မှာ အရှင် ကျွန်မတို့ကို မဖြစ်မနေ လာရှာရမယ်။ ကျွန်မတို့ တကယ် အစွမ်းကုန် ကြိုးစားပြီး သန်မာလာအောင် လုပ်ထားပါ့မယ်။ အနာဂတ်မှာ အရှင့်အတွက် သေချာပေါက် အကူအညီ ဖြစ်စေရပါမယ်။”

“ကောင်းပြီ။”

ရှမ့်လန်က ပြောလိုက်သည်။ “ငါ မှတ်ထားပါ့မယ်။ နောက်ထပ် လူတစ်စု ရှိသေးတယ်။ သူတို့ကိုပါ ခေါ်သွားပါ။”

“ကျုပ် မသွားဘူး။ ကျုပ် မသွားဘူး။ ကျုပ် မသွားဘူး။”

ရုတ်တရက် အပြင်ဘက်မှ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုသူမှာ ရှမ့်လန်၏လက်အောက်မှ အရည်အချင်းအရှိဆုံး မဟာပညာရှင်တွိုင်းပင် ဖြစ်သည်။ သူသည် သိပ္ပံပညာကို ရူးသွပ်သူတစ်ဦး ဖြစ်၏။

ရှယ်လီသည် အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်ပြီး ရှမ့်လန်ကိုလည်း ဝတ်ဆင်ပေးလိုက်သည်။ သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာခဲ့ကြသည်။

မဟာပညာရှင် တွိုင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးတိုက်လိုက်၏။ “အရှင်ရှမ့်လန်... ဘာလို့ ကျုပ်တို့ကို ထွက်သွားခိုင်းရတာလဲ။ အရှင်က လောကကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူမရှိတော့ပေမဲ့ ကျုပ်တို့က ရှေးဟောင်းယဉ်ကျေးမှုနဲ့ နည်းပညာယဉ်ကျေးမှု လမ်းကြောင်းကို အခုမှ စတင်လျှောက်လှမ်းရုံ ရှိပါသေးတယ်။ အောင်မြင်မှု နည်းနည်းလေးပဲ ရပါသေးတယ်။ ကျုပ်တို့ကို စောင့်ကြိုနေတဲ့ မသိ နားမလည်သေးတဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ ပိုကြီးမားတဲ့ အောင်မြင်မှုတွေ စောင့်ကြိုနေပါ သေးတယ်။ ဘာလို့ ကျုပ်တို့ကို မောင်းထုတ်ချင်ရတာလဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို မောင်းထုတ်တာ မဟုတ်ဘူး။ ကျုပ် ခင်ဗျားတို့ကို ကာကွယ်ပေးနေတာ။ အနာဂတ်မှာ ခင်ဗျားတို့ရဲ့အင်အားကို ကျုပ် လိုအပ်တယ်။ ကျုပ် ခင်ဗျားတို့ကို အရှေ့ဘက်မှာ ဆက်ထားလို့ မရတော့ဘူး။ မဟုတ်ရင် ကပ်ဘေးသင့်လိမ့်မယ်။

ခင်ဗျားတို့ မီးနတ်ဘုရားဂိုဏ်းနဲ့အတူ လိုက်ပါ ထွက်ပြေးရမယ်။ ဒါပေမဲ့ နည်းပညာယဉ်ကျေးမှုနဲ့ အိပ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှုလမ်းကြောင်းကို စူးစမ်းရှာဖွေတာ မရပ်လိုက်ပါနဲ့။ ကျုပ်တို့ရဲ့ လောကပျက်ကပ် စီမံကိန်းကို မှတ်ထားပါ။ ကျုပ်တို့ရဲ့ အိပ်မက်ကို မှတ်ထားပါ။ ကြယ်တာရာကို သိမ်းပိုက်ကြမယ်။ ဒီလောကကြီးရဲ့ အမြင့်ဆုံးစွမ်းအားကို ခင်ဗျားတို့ တကယ် ပိုင်ဆိုင်ထားတဲ့အခါမှ ဒီလောကကြီးကို ကျုပ်တို့ အမှန်တကယ် ပိုင်ဆိုင်သွားလိမ့်မယ်။”

ခဏအကြာတွင် နှင်းလင်းယုန် အကောင်ရေ ရှစ်ထောင်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အနောက်ဘက်ရှိ မီးနတ်ဘုရားဂိုဏ်းဆီသို့ ဦးတည်သွားကြသည်။ သူတို့သည် ပညာရှင် အားလုံးနှင့် ယူရေနီယမ် အားလုံးကို သယ်ဆောင်သွားကြ၏။ ဤဝေဟင်တပ်တော်ကြီးသည် နေရောင်ခြည်ကို ဖုံးလွှမ်းသွားသည်အထိ ကောင်းကင်ယံ၌ ပြည့်နှက်နေခဲ့သော်လည်း ခဏအကြာတွင်မူ မြင်ကွင်းမှ ပျောက်ကွယ် သွားကြသည်။

… …

စေလွှတ်ရမည့်သူများ အားလုံးကို စေလွှတ်လိုက်ပြီဖြစ်သည်။ ကြက်ဥများကို ခြင်းတောင်းတစ်ခုတည်းတွင် စုထည့်ထား၍ မရပေ။ မျှော်လင့်ချက်မီးလျှံကို ငြိမ်းသတ်ခံ၍ မဖြစ်ချေ။ ကန်ဝမ်၏ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၊ ကျိုးရှီ၏ ကောင်းကင်ပင်လယ်နန်းဆောင်၊ မီးနတ်ဘုရားဂိုဏ်း၊ ကျိရွှမ်နှင့် ပျောက်ဆုံးမိစ္ဆာ မယ်တော်၏ ပင်လယ်မွန်းစတားတပ်တော်၊ အင်အားစု ငါးခုစလုံးကို စေလွှတ်လိုက်ပြီ ဖြစ်၏။

ရှမ့်လန်၏ မျက်လုံးထဲတွင် ဤအရာများသည် အနာဂတ်အတွက် မျှော်လင့်ချက် မီးပွားများ ဖြစ်ကြသည်။ နင်ယွမ်ရှန်းနှင့် မိသားစုကို နှုတ်ဆက်ပြီးနောက် ရှမ့်လန်သည် မြောက်ဘက်ရှိ ကျောက်စိမ်းဖြူမြို့တော်သို့ သွားရောက်ကာ မိခင်ဖြစ်သူနှင့် တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။

… …

နုရှောင့်မြို့၏ လေ့ကျိုးကျွန်းစံအိမ်တွင် ဖြစ်၏။ ရွှဲ့ပြည်နယ်၏ မဟာအကြီးအကဲ နင်ယွမ်ရှန်းသည် ဘီးတပ် ကုလားထိုင်ပေါ်တွင် တစ်မှေးအိပ်နေပြီး အောက်ဘက်တွင် ကလေးတစ်သိုက် ဆော့ကစားနေကြသည်။ ယခုအခါ သူသည် အသက် ၇၀ နီးပါး ရှိနေပြီဖြစ်ပြီး အိပ်ပျော်ရန် အလွန် ခဲယဉ်းနေခဲ့၏။ သူသည် နေ့စဉ် အိပ်စက်ချိန် အလွန်နည်းပါးပြီး ကလေးများ ဆော့ကစားသံကို ကြားရသောအချိန်ကသာ သူ့အတွက် အိပ်ပျော်ရန် အလွယ်ကူဆုံးအချိန် ဖြစ်၏။

ထိုကလေးတစ်သိုက်ထဲတွင် လူတစ်ယောက် လျော့နည်းသွားခဲ့ပြီဖြစ်ပြီး ၎င်းမှာ ကလေးငယ် ယောင်ယောင် ဖြစ်သည်။ သူမကိုလည်း ရှမ့်လန်က စေလွှတ်လိုက်ပြီ ဖြစ်သည်။ သို့သော်ငြား သူမ၏မောင်နှမများကိုမူ ရှီလွန်အင်ပါယာမှ အဒေါ်ဟယ်လင်က လွမ်းဆွတ်နေသောကြောင့် ယောင်ယောင်ကို ရှီလွန်အင်ပါယာသို့ ခေတ္တ အလည်လွှတ်လိုက်ခြင်း ဖြစ်ကြောင်းသာ အသိပေးထား၏။ သို့သော်ငြား ထိုအရာမှာ အမှန်တရား မဟုတ်ပေ။ ယောင်ယောင်ကို ရှာမတွေ့နိုင်သော ဝေးလံသည့် နေရာတစ်ခုသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ရှမ့်လန်သည် သတိထား၍ ရှေ့သို့တိုးလိုက်ပြီး နင်ယွမ်ရှန်းကို ဝတ်ရုံဖြင့် လွှမ်းခြုံပေးလိုက်၏။

အိုမင်းနေသော နင်ယွမ်ရှန်းသည် မကြာမီ နိုးလာခဲ့၏။ သူက ပွက်စိပွက်စိဖြင့် ပြောလိုက်သည်။ “ပုံမှန်ဆို ဒီအချိန်က ၁၀ ဒီဂရီ စင်တီဂရိတ်ကျော်လောက်ပဲ ရှိတာ။ ဒါပေမဲ့ အခု နှင်းတွေ ကျနေပြီ။”

ရှမ့်လန် ရောက်ရှိလာခြင်းကြောင့် ဤလောကတွင် ဒီဂရီ စင်တီဂရိတ်ဟူသော သဘောတရား ရှိလာခဲ့ခြင်း ဖြစ်၏။

“ဟုတ်တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “လေ့ကျိုးကျွန်းစံအိမ်က လေ့ကျိုးကျွန်းနဲ့ မတူတော့ဘူး။”

ထို့နောက် ရှမ့်လန်သည် ဘီးတပ်ကုလားထိုင်ကို တွန်းကာ လမ်းပေါ်သို့ လျှောက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ရာသီဥတု အေးလာပြီး လေ့ကျိုးကျွန်းစံအိမ်ရှိ အရာအားလုံး ဒုက္ခရောက်နေကြသည်။ စိမ်းလန်းစိုပြည်သော သစ်ပင်များစွာ ရေခဲရိုက်၍ သေဆုံးကုန်ကြပြီး မူလက စိမ်းလန်းစိုပြည်နေသော သဘာဝ အလှတရားများသည် ဖြူဖွေးသော နှင်းပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“ရှေးဟောင်းအဆောင်လက်စွပ် ပေးတာကို အဖေက မလိုချင်ဘူး။ အဲဒါလေးရှိရင် အနည်းဆုံးတော့ အေးမှာ မဟုတ်ဘူး။” ရှမ့်လန်က ပြောလိုက်သည်။

“ငါက အဲဒါကို ဘာလုပ်ရမှာလဲ။ အလကားပဲ။” နင်ယွမ်ရှန်းက ပြောလိုက်၏။

ရှမ့်လန်က ပြောသည်။ “အခု ပြန်စဉ်းစားကြည့်တော့ မလိုချင်တာလည်း မှန်ပါတယ်လေ။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒီတစ်ခါ အဲဒီလောက်တောင် အခြေအနေ ဆိုးတာလား။ မင်းက ပညာရှင်တွေ အကုန်လုံးကို လွှတ်လိုက်ရုံမက ယောင်ယောင်ကိုပါ ပို့လိုက်ရတယ်ဆိုတော့။”

ရှမ့်လန်က ဖြေသည်။ “တခြားကလေးတွေက ကိစ္စမရှိဘူး။ ဒါပေမဲ့ ယောင်ယောင် ဒီမှာဆက်နေဖို့က မလုံခြုံတော့ဘူး။ သူက မီဒူဆာရဲ့ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ပျောက်ဆုံးအင်ပါယာရဲ့ တော်ဝင် မိသားစုဝင် ဖြစ်နေတာမလို့ပဲ။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ကလေး... ငါ မင်းနဲ့ စတွေ့ကတည်းက မင်းက အမြဲတမ်း ယုံကြည်မှု ရှိပြီး အမြဲတမ်း ရှေ့ခြေသုံးလှမ်း ကြိုတွေးတတ်တဲ့လူပါ။ ရန်သူ ဘယ်လောက် အစွမ်းထက်ထက် မင်းက လုံးဝ မကြောက်တတ်ပါဘူး။ ဒီတစ်ခါကျမှ ဘာလို့ အဲလောက်တောင် အဆိုးမြင်နေရတာလဲ။”

နင်ယွမ်ရှန်းနှင့် ရှမ့်လန်သည် ဆယ်နှစ်ကျော်ကြာ ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒီတစ်ခါတော့ ကျုပ်မှာ တကယ် ယုံကြည်မှု မရှိဘူး။ ကျုပ်ကံကြမ္မာကို ကောင်းကင်ဘုံဆီ အပ်နှင်းလိုက်ရသလိုတောင် ခံစားနေရတယ်။”

နင်ယွမ်ရှန်းက ဘာမှမပြောပေ။ သူ့ကို နှစ်သိမ့်စကားလည်း မဆိုချေ။

ရှမ့်လန်က မေးလိုက်သည်။ “အဖေ... လူတစ်ယောက်ရဲ့ဘဝမှာ ယုံကြည်ချက်ဆိုတာ အရမ်းအရေးကြီးလား။”

နင်ယွမ်ရှန်းက ဖြေ၏။ “ဒါပေါ့။ ယုံကြည်ချက်သာ မရှိရင် လူတွေက လမ်းလျှောက်အလောင်းကောင်တွေလို ဖြစ်ကုန်မှာပေါ့။ စိတ်ဓာတ်၊ ခွန်အားနဲ့ စိတ်ဝိညာဉ် ရှိမှာ မဟုတ်တော့ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ အဖေ့မှာလည်း အဲဒီလို ယုံကြည်ချက်မျိုး ရှိပါတယ်။ ဒါကြောင့် မှတ်ထားပါ။ အဖေ့ရဲ့သစ္စာတရားက လူတစ်ယောက်ပေါ်မှာ မဟုတ်ဘဲ အဲဒီယုံကြည်မှုပေါ်မှာ ရှိရမယ်။ လူတွေရဲ့ စိတ်သဘောထားက ပြောင်းလဲတတ်ပေမဲ့ ယုံကြည်ချက်ဆိုတာကတော့ ထာဝရ တည်ရှိတဲ့အရာပဲ။ ဘာတွေပဲ ဖြစ်လာပါစေ ကိုယ့်ကိုယ်ကိုယ် သံသယမဝင်ပါနဲ့။ ကိုယ့်ရဲ့ ဘဝအမြင် ကိုလည်း ပြောင်းပြန်မလှန်လိုက်နဲ့။”

ထိုစကားကို ကြားချိန်မှာတော့ နင်ယွမ်ရှန်း အနည်းငယ် တုန်ယင်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူက ပြောလိုက်၏။ “ငါ အခုထိ ဒီစိတ်ဓာတ်၊ ခွန်အား၊ စိတ်ဝိညာဉ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာခဲ့တာ။ မင်းက... အဲဒါတွေကို ယူသွားတော့မလို့လား။”

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ ... အဖေ့ရဲ့ ယုံကြည်ချက်ကို လူတစ်ယောက်တည်းအပေါ်မှာပဲ ပုံအပ် ထားမှာလား။”

“ဒါပေါ့။ ထားမှာပေါ့။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ငါ့သား... ဒီလောကပေါ်က လူအများစုက နောက်လိုက်တွေပဲ။ ခေါင်းဆောင်ဆိုတာ အင်မတန် ရှားပါးတယ်။ အပေါ်ယံမှာ သူတို့က လွတ်လပ်တဲ့ ကိုယ်ပိုင်ဟန်ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ရိုးအီနေတဲ့နောက်လိုက်တွေပါပဲ။ စစ်မှန်တဲ့ မီးရှူးတန်ဆောင်တွေ၊ စစ်မှန်တဲ့ ခေါင်းဆောင်တွေ ဆိုတာ သိပ်ရှားပါးတယ်။”

အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ရှမ့်လန်က မေး၏။ “ဒါဆို... အဖေ့ရဲ့ ယုံကြည်ချက်ကို အခြားတစ်ယောက်ဆီ မှီခိုထားရှိဖို့ ပြောင်းလဲမယ်ဆိုရင် ပြောင်းလဲနိုင်သေးလား။”

နင်ယွမ်ရှန်း၏ ပိန်လှီသော ခန္ဓာကိုယ်သည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။ မျက်ရည်များသည် ပါးပြင်ထက်သို့ စီးကျလာပြီး သူ၏ ရှင်သန်လိုစိတ်များ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။

သူသည် ဤနှစ်များအတွင်း အလွန် ပျော်ရွှင်စွာ နေထိုင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က ဒူးထောက်ခဲ့ရဖူးပြီး ယခုအခါ ပြန်လည် မတ်တတ်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခင်က ကျိုးပဲ့ခဲ့ဖူးသော သူ၏ ခါးသည် ပြန်လည် ဆက်စပ်သွားခဲ့သည်။ သူ စွဲကိုင်ထားသော ယုံကြည်ချက်သည် လက်တွေ့ ဖြစ်လာခဲ့ပြီး သူ၏ မျက်စိရှေ့မှောက်တွင် ဝေဆာပွင့်လန်းနေခဲ့၏။

နင်ယွမ်ရှန်းသည် ရှမ့်လန် လှမ်းလိုက်သော ခြေလှမ်းတိုင်းအတွက် အတိုင်းထက်အလွန် ဝမ်းမြောက်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူ၏ ကိုယ်ပိုင်အောင်မြင်မှုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

သူသည် သူ၏ခေါင်းကို ဝတ်ရုံထဲ မြှုပ်ကာ အချိန်အကြာကြီး ငိုကြွေးနေခဲ့သည်။ ထို့နောက် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ကာ ခေါင်းပြန်မော့လာခဲ့သည်။

“ကောင်းပြီ။ တော်ပြီ။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ငါ့ရဲ့ ယုံကြည်ချက်ကို ပြန်ရှာတွေ့ပါပြီ။ ဆက်လက် ရှင်သန်ဖို့ ပန်းတိုင် တစ်ခုလည်း ရှာတွေ့ပါပြီ။ မင်း လုပ်စရာ ရှိတာသာ လုပ်ပါ။ ငါ့အတွက် စိတ်မပူပါနဲ့။”

ရှမ့်လန်သည် နင်ယွမ်ရှန်းကို ညင်သာစွာ ထွေးဖက်လိုက်သည်။

“အဖေ... ကျုပ် သွားတော့မယ်။” ရှမ့်လန်က ပြောလိုက်သည်။ ပြီးနောက် လှည့်ထွက်သွားခဲ့၏။

ရုတ်တရက် နင်ယွမ်ရှန်းက တိုးညင်းသော အသံဖြင့် မေးလိုက်သည်။ “လန်အာ... သိပ်ပြီး ပြီးပြည့်စုံလွန်းတဲ့ အရာအားလုံးက အတုအယောင်တွေလား။”

အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ရှမ့်လန်က ပြန်ဖြေ၏။ “အဖေ... ယေဘုယျအားဖြင့် လိမ်ညာမှု နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက အကျိုးစီးပွားအတွက် လူတွေကို လိမ်ညာတာ။ နောက်တစ်မျိုးက လူတွေရဲ့ ခံစားချက်ကို လှည့်စားတာ။ လူတွေရဲ့ခံစားချက်ကို လှည့်စားတဲ့ အမြင့်ဆုံးအဆင့် လိမ်ညာမှုကတော့ အဆိုးဆုံးပဲ။

လူတွေက သူတို့ရဲ့ယုံကြည်ချက်နဲ့ စံပြစိတ်ကူးတွေအတွက်ဆိုရင် အရာအားလုံးကို စွန့်လွှတ်ရဲကြတယ်။ ကိုယ့်အသက်ကိုတောင် စွန့်လွှတ်ကြတယ်။

ဒါပေမဲ့ ကျုပ်တို့ရဲ့ အချိန်တွေက အလဟဿ မဖြစ်ပါဘူး။ ကျုပ်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက အချည်းနှီး မဖြစ်ပါဘူး။ ကျုပ်တို့ရဲ့ ဘဝတွေက တန်ဖိုးရှိနေတုန်းပါပဲ။ အမှန်တရားဆိုတာ ဘယ်သူပဲပြောပြော အမှန်တရားပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ပဲ ပြောပြော၊ လှည့်စားသူပဲ ပြောပြောပေါ့။”

နင်ယွမ်ရှန်းက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ “သွား... သွားတော့... မင်း အလုပ် မင်းသွားလုပ်တော့... ငါကတော့ ပုံမှန်အတိုင်း မင်းပြန်လာမယ့်အချိန်ကို စောင့်နေမယ်။”

“နှုတ်ဆက်ပါတယ် အဖေ” ရှမ့်လန်က ပြောလိုက်သည်။ ထို့နောက် သူသည် တချောင်ပေါ်သို့ တက်ကာ ကောင်းကင်ယံသို့ ပျံတက်သွား၏။

နင်ယွမ်ရှန်းသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ကိုင်းညွတ်လျက် ထိုင်နေပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရှမ့်လန်၏ ပုံရိပ်ကို လှမ်းကြည့်ရန် ခေါင်းကို အားယူ၍ မော့ထားရ၏။ သူ၏ ခန္ဓာကိုယ်မှာ မရပ်မနား တုန်ယင်နေခဲ့သည်။

All Chapters