အခန်း (၁၂၉၃-၁၂၉၄)
Vol. 74 Ch. 1293-1294
အပိုင်း (၁၂၉၃)
လွန်ခဲ့သော ဆယ်နှစ်ခန့်က သူသည် နေ့စဉ် အရူးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ဒုက္ခများစွာ ခံစားခဲ့ရသည်။ သူသည် ရှမ့်လန် အနောက်လောကမှ ပြန်လာမည့်အချိန်ကို ရွှဲ့ပြည်နယ်နန်းတော်၌ စောင့်မျှော်နေခဲ့၏။
ရှမ့်လန် ပြန်ရောက်လာပြီးနောက် နင်ယွမ်ရှန်းသည် လေ့ကျိုးကျွန်းစံအိမ်သို့ ရောက်ရှိလာကာ ပျော်ရွှင်သော ဘဝကို ဖြတ်သန်းခဲ့ရသည်။ အမှန်စင်စစ် သူသည် ရှမ့်လန်နှင့် တွေ့ဆုံရန် အချိန်နှင့် အခွင့်အရေး သိပ်မရရှိခဲ့ပေ။ သို့သော် စစ်ပွဲဖြစ်တိုင်း၊ အကျပ်အတည်းကြုံတိုင်း သူသည် ဤနေရာ၌ တိတ်ဆိတ်စွာထိုင်လျက် ရှမ့်လန် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
အတိုင်းအတာတစ်ခုအထိ ပြောရလျှင် ရှမ့်လန်သည် အခြားသူများထက် သူ၏ သားအရင်းနှင့် ပိုတူနေခဲ့သည်။ ခုဏက ခဏတာ ငိုကြွေးခဲ့သော်လည်း ဆက်လက် ရှင်သန်ရန် ယုံကြည်ချက်ကို လျင်မြန်စွာ ပြန်ရှာတွေ့ခဲ့သည်။ ဤယုံကြည်ချက်မှာ ရှမ့်လန် ပြန်လာမည့်အချိန်ကို စောင့်မျှော်ခြင်းပင် ဖြစ်၏။
ဤတစ်ကြိမ်တွင် မသိနားမလည်နိုင်သော အရာများ ပြည့်နှက်နေသော်လည်း ရှမ့်လန် ပြန်လာနိုင်လျှင်ပင် မည်မျှကြာအောင် စောင့်ဆိုင်းရမည်ကို မသိလျှင်တောင် စောင့်ရပေမည်။ ရှမ့်လန် ပြန်လာမည့်နေ့အထိ သူ၏ အသက်အရွယ်နှင့် ကျန်းမာရေးက စောင့်ဆိုင်းနိုင်ပါ့မည်လား မသေချာပေ။
…
နင်ယွမ်ရှန်းကို နှုတ်ဆက်ပြီးနောက် ရှမ့်လန်သည် အခြားမည်သူ့ကိုမှ နှုတ်ဆက်ခြင်း မပြုတော့ပေ။ သူသည် တချောင်ကို စီးနင်းလျက် မြောက်ဘက်သို့ ပျံသန်းသွားသည်။
မိုင်သောင်းချီ ပျံသန်းပြီးနောက် လမ်းတစ်လျှောက်တွင် နှင်းများ သည်းထန်စွာ ကျဆင်းနေခဲ့၏။ ထာဝရရေခဲပြင် ပင်လယ်သည် တောင်ဘက်သို့ မိုင်ထောင်ချီအထိ တစ်ဖန် ပြန့်နှံ့လာခဲ့ပြန်သည်။ မြောက်ဘက်သို့ ရောက်လေ ရာသီဥတု ပိုအေးလေ ဖြစ်၏။
ရှမ့်လန်က တချောင်၏လည်ပင်းကို ပုတ်ကာ ပြောသည်။ “တချောင် … ရပြီ။ ဒီနေရာထိပဲ လိုက်ပို့တော့။”
မြောက်ဘက်သို့ ဆက်သွားပါက ရာသီဥတုမှာ တချောင် ခံနိုင်ရည်ရှိသည်ထက် ပိုမို အေးခဲလွန်း၏။
တချောင်သည် ခေါင်းကို ငုံ့လျက် ဆက်လက် ပျံသန်းနေခဲ့၏။ သူသည် ရှမ့်လန်နှင့် အတူ နေနိုင်သမျှ ကြာကြာ နေချင်သည်။
ရှမ့်လန်က ထပ်မံကာ ပြောလိုက်သည်။ “တော်ပါတော့။ ဒီမှာပဲ ရပ်ကြစို့။”
နောက်ထပ် မိုင်ရာချီ ပျံသန်းပြီးနောက် တချောင်သည် တုန်ယင်နေခဲ့ပြီ ဖြစ်သည်။ သူ၏ အတောင်ပံများပင် အေးခဲလုမတတ် ဖြစ်နေခဲ့၏။ တချောင်သည် နားမထောင်ဘဲ အစွမ်းကုန် အားထုတ်လျက် မြောက်ဘက်သို့ ဆက်လက် ပျံသန်းနေခဲ့သည်။ သူသည် ရှမ့်လန်နှင့် မခွဲခွာလိုသေးပေ။ နောက်ထပ် မိုင်ရာချီ ပျံသန်းပြီးနောက် တချောင်၏ ခန္ဓာကိုယ်မှာ တောင့်တင်းလုနီးပါး ဖြစ်နေခဲ့၏။
ရှမ့်လန်က ပြတ်သားစွာ ပြောလိုက်သည်။ “တော်ပြီ။ ဒီမှာ ရပ်တော့။ ဒီမှာပဲ ရပ်တော့။”
တချောင်သည် ရေခဲပြင် ပင်လယ်ပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။
ရှမ့်လန်က တချောင်၏ ခေါင်းကို ပုတ်ကာ ပြုံးလျက် ပြောသည်။ “ကောင်းပြီ။ မင်း ပြန်လို့ရပြီ။ ရန်မြို့တော်ကို ပြန်ပြီး ယီလေးနဲ့အတူ သွားနေ။ ဒါမှမဟုတ် နုရှောင့်မြို့ကို သွားချင်လည်း ရတယ်။ မင်း သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် ပျံသန်းသွားလို့ ရတယ်။”
ရှမ့်လန် စကားဆုံးအောင် မပြောနိုင်ပေ။ ဤအရာသည် တချောင်၏ နောက်ဆုံး လွတ်လပ်ခွင့် အခိုက်အတန့် လည်း ဖြစ်၏။
တချောင်သည် ရှမ့်လန်၏ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ ကလေးငယ်တစ်ဦးကဲ့သို့ တိုးညင်းစွာ အော်မြည်နေ ခဲ့သည်။
ရှမ့်လန်က ပြုံးလျက် ပြောလိုက်၏။ “ကဲပါ။ ကဲပါ။ သွားတော့… အနာဂတ်မှာ ငါတို့ အတူတူ ပြန်နေရအုံးမှာပါ။”
တချောင်သည် ကျောကို လှုပ်ခါလိုက်ပြီး အမဲသားကင် တစ်တုံးကို ထုတ်ယူလိုက်သည်။ သူသည် ထက်မြက်သော ခြေသည်းများကို အသုံးပြုကာ သူ့အတွက် အတုံးကြီးကြီး တစ်တုံးနှင့် ရှမ့်လန်အတွက် အတုံးသေးသေး တစ်တုံးကို လှီးဖြတ်လိုက်သည်။ ဤသည်မှာ သူတို့ စတွေ့ပြီး မကြာမီ ရှမ့်လန်နှင့် အတူ စားသောက်ခဲ့သော ပထမဆုံး အစားအစာ ဖြစ်သည်။ ချင်နိုင်ငံ၏ မြက်ခင်းပြင်ပေါ်တွင် ဖြစ်၏။ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်သော်လည်း မနေ့ကလိုပင် ခံစားနေရသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က အမဲသားကင်မှာ အလွန် လတ်ဆတ်ပြီး နူးညံ့ခဲ့သည်။ သို့သော် ယနေ့ အမဲသားကင်မှာမူ ကျောက်တုံးထက်ပင် ပိုမို မာကျောနေခဲ့၏။ စား၍ပင် မရနိုင်လောက်အောင်ပင်။ တချောင်သည် ထိုမြင်ကွင်းကို ပြန်လည် ဖန်တီးချင်သော်လည်း ဖြစ်နိုင်တော့မည့်ပုံ မပေါ်ချေ။ ဝမ်းနည်းစရာ ကောင်းလှ၏။
ထိုအချိန်တွင် ကျန်းမျိုးရိုးနဂါးကြီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး ညင်သာစွာ မီးမှုတ်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြီးမားသော အမဲသားကင်သည် ရေခဲအရည်ပျော်သွားပြီး အနေတော် ကျက်သွားခဲ့သည်။
တချောင်သည် ခြေသည်းများကို သပ်ရပ်စွာ အသုံးပြု၍ အမဲသားကင် အတုံးများကို လှီးဖြတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ရှမ့်လန်လည်း ဓားနှင့် ခက်ရင်းကို ထုတ်ယူကာ အနေတော် ကျက်နေသော အမဲသားကင်ကို လှီးဖြတ်ပြီး တစ်တုံးချင်း စားသုံးသည်။ သပ်ရပ်သော စားသောက်မှုသည် ပြီးဆုံးရန် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့၏။
ထို့နောက် သွားတိုက်သည့် မြင်ကွင်းကို ပြန်လည် ဖန်တီးရန် အချိန်ကျရောက်လြီ ဖြစ်သည်။ ကံဆိုးစွာဖြင့် ရေမရှိပေ။ တချောင်သည် နဂါးကြီးကို လှမ်းကြည့်လိုက်ပြန်သည်။ နဂါးကြီးသည် မတတ်သာဘဲ မီးမှုတ်ထုတ်လိုက်ရပြန်သည်။
ရုတ်တရက် ပင်လယ်ပြင်ပေါ်တွင် ရေကန်ငယ်လေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအထဲမှ ရေများသည် အလွန် ကြည်လင်ပြီး လတ်ဆတ်နေခဲ့၏။ နှင်းများ အချိန်အကြာကြီး ကျဆင်းနေသောကြောင့် ရေခဲပြင် မျက်နှာပြင်သည် ရေချိုများဖြင့် ပြည့်နှက်နေခဲ့သည်။
တချောင်သည် ရေတစ်ငုံ သောက်လိုက်ပြီး အသံလှိုင်း သွားသန့်ရှင်းရေး နည်းလမ်းကို တစ်ဖန် ပြုလုပ် လိုက်ပြန်သည်။ ရှမ့်လန်ကမူ သွားပွတ်တံနှင့် သွားတိုက်ဆေးကို အသုံးပြု၍ သွားတိုက်သည်။ သွားသန့်ရှင်းပြီးနောက် တချောင်သည် ပါးစပ်ဖြဲကာ သူ၏ ဖြူဖွေးသော သွားများကို ရှမ့်လန်အား ပြသလိုက်၏။
ဟိူအချိန်က မြင်ကွင်းကို ပြီးပြည့်စုံစွာ ပြန်လည် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
မှန်ပေသည်။ နှုတ်ဆက်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ နဂါးကြီးသည် တချောင်ကို နွေးထွေးစေရန်နှင့် အေးခဲပြီး မပျံသန်းနိုင်တော့မည့် အခြေအနေ မရောက်စေရန် မီးအနည်းငယ် မှုတ်ထုတ်ပေးလိုက်ပြန်၏။
တချောင်သည် အတောင်ပံများကို ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ သူသည် စက်ဝိုင်းပုံစံဖြင့် အကြိမ်အနည်းငယ် ဝဲပျံပြီးနောက် တောင်ဘက်သို့ ပျံသန်းသွားသည်။ သူ မည်သည့်နေရာသို့ သွားမည်ဖြစ်ကြောင်း မည်သူမှ မသိရှိကြချေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ နှုတ်ဆက်ခြင်းသာ ဖြစ်သည်။ မကြာမီ သူ၏ ပုံရိပ်သည် အဆုံးအစမဲ့သော နှင်းမုန်တိုင်းကြားတွင် ပျောက်ကွယ်သွားခဲ့သည်။
ရှမ့်လန်သည် ညင်သာစွာ ခုန်တက်လိုက်ပြီး နဂါးကြီး၏ခေါင်းပေါ်သို့ ရောက်ရှိသွားသည်။ သူသည် နဂါးကြီး၏ လည်ပင်းကို ပုတ်ကာ ပြောလိုက်၏။ “သွားကြစို့။ ဖြည်းဖြည်းပဲ။ ဖြစ်နိုင်သမျှ ဖြည်းဖြည်းချင်း ပျံ။”
နဂါးကြီးက ပြန်ပြောသည်။ “ကောင်းပါပြီ သခင်…”
ယခင်က နဂါးသည် သူ့ကို သခင်ဟူ တစ်ခါမှ မခေါ်ခဲ့ဖူးပေ။ အလွန်ဆုံး အရှင်အဖြစ်သာ ခေါ်ဆိုခဲ့သည်။ သို့သော်ငြား ယခုအခါ သခင်ဆိုသည့် အသုံးအနှုန်းကို သုံးနှုန်းလိုက်ပြီ ဖြစ်သည်။
သို့နှင့် နဂါးကြီးသည် ရှမ့်လန်ကို တင်ဆောင်လျက် ကျောက်စိမ်းဖြူမြို့တော်ရှိရာ မြောက်ဘက်သို့ ဦးတည် ပျံသန်း သွား၏။
ထိုအချိန်၌ မိစ္ဆာတြိဂံနယ်မြေတွင် ပျောက်ဆုံးမိစ္ဆာမယ်တော်နှင့် သန်းပေါင်းများစွာသော ပင်လယ်မွန်းစတားများ သည် တြိဂံနယ်မြေကို နှမြောတသ ကြည့်နေကြသည်။ သူမ၏ မျက်ရည်များသည် ခန်းခြောက်လုနီးပါး ဖြစ်နေခဲ့သည်။
ရှေးဟောင်း မဟာနိဗ္ဗာန ပျက်သုဉ်းပြီးနောက် ပျောက်ဆုံးအင်ပါယာသည် အမှန်တကယ် ပျက်စီးသွားခဲ့သည်။ မရေမတွက်နိုင်သော နှစ်ကာလများ ကြာပြီးနောက် ပျောက်ဆုံးအင်ပါယာ၏ မျိုးဆက်များသည် ယိုယွင်း ပျက်စီးကာ ဉာဏ်ရည်မရှိသော အရိုင်းစိုင်း သားရဲများ ဖြစ်လာခဲ့ကြ၏။
ပင်လယ်မွန်းစတား အများစုသည် ဉာဏ်ရည် မရှိကြသေးသော်လည်း ပိုင်ဆိုင်မှုအသိနှင့် သဘာဝဗီဇများ ရှိနေကြသည်။ ပိုမို အစွမ်းထက်သော ပင်လယ်မွန်းစတား အချို့သည် ထပ်မံ ဆင့်ကဲပြောင်းလဲလာပြီး ဉာဏ်ရည် အဆင့်အတန်း တစ်ခုကို ရရှိလာကာ ခေါင်းဆောင်သစ်များ ဖြစ်လာကြသည်။ ဤသို့ဖြင့် ဤမရေမတွက်နိုင်သော ပင်လယ်မွန်းစတားများသည် ပျောက်ဆုံးအင်ပါယာ၏ ဇာတိမြေသို့ ပြန်လာခဲ့ကြသည်။ သန်းပေါင်းများစွာသော ပင်လယ်မွန်းစတားများသည် ပျောက်ဆုံးအင်ပါယာ တစ်ဖန် ဖြစ်လာကြပြန်သည်။
ဤအင်ပါယာတွင် ဧကရီ သို့မဟုတ် ဘုရင်မ မရှိဘဲ ရည်မှန်းချက်မဲ့ ရှင်သန်ခြင်းသက်သက်သာ ရှိနေခဲ့၏။ သို့သော်ငြား အနည်းဆုံးတော့ ပျောက်ဆုံးအင်ပါယာသည် လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ခဲ့၏။
နှစ်ပေါင်းထောင်ချီ ကြာပြီးနောက် ပင်လယ်မွန်းစတားများသည် ပိုမို ပေါက်ပွားများပြားလာသည်။ ဘုရင်မ မီဒူဆာ၏ ဝိညာဉ်မှတ်ဉာဏ်များ လက်ဆင့်ကမ်းမှုကြောင့် ၎င်းတို့သည် ပိုမို ဉာဏ်ရည်ထက်မြက် လာကြသည်။ ပျောက်ဆုံးအင်ပါယာသည် တဖြည်းဖြည်း ရင့်ကျက်လာခဲ့သည်။
ဤနေရာသည် နှစ်ပေါင်းထောင်ချီ သူတို့၏ နေအိမ် ဖြစ်ခဲ့သည်။ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော သူတို့၏ ဇာတိမြေ ဖြစ်သည်။ သို့သော်ငြား ယခုအခါ သူတို့ ထွက်ခွာရန် ဖိအားပေးခံနေရ၏။ အဘယ်ကြောင့် မိစ္ဆာတြိဂံနယ်မြေနှင့် ပျောက်ဆုံးအင်ပါယာ အပျက်အစီးများတွင်သာ ဤမျှ ကြီးမားသော ပင်လယ်မွန်းစတား အုပ်စု ရှိနေရသနည်း။ အကြောင်းမှာ ဘုရင်မ မီဒူဆာ၏ ရုပ်ထုသည် မိစ္ဆာတြိဂံနယ်မြေတွင် ရှိနေပြီး ပျောက်ဆုံးအင်ပါယာ အပျက်အစီးများပေါ်တွင် တံလျှပ်ပုံစံဖြင့် ပုံရိပ် ထင်ဟပ်နေသောကြောင့်ပင်။ သန်းပေါင်းများစွာသော ပင်လယ်မွန်းစတားများသည် မိစ္ဆာတြိဂံနယ်မြေ ဘက်သို့ လှမ်းကြည့်ကာ တိတ်တဆိတ် ငိုကြွေးနေကြ၏။
ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောသည်။ “သွားကြစို့။ သွားကြစို့။ ပျောက်ဆုံးအင်ပါယာရဲ့ အမွေအနှစ်အတွက် ငါတို့ ထွက်ခွာရမယ်။”
ထို့နောက် သူမသည် သန်းပေါင်းများစွာသော ပင်လယ်မွန်းစတားများနှင့်အတူ မိစ္ဆာတြိဂံနယ်မြေမှ ထွက်ခွာကာ နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့သော နေအိမ်ကို စွန့်လွှတ်ပြီး မသိနားမလည်သော တောင်ဘက်အရပ်သို့ ဦးတည် သွားလိုက်၏။
ပျောက်ဆုံးမိစ္ဆာမယ်တော်သည် မည်သည့်နေရာသို့ သွားရမည်ကို မသိရှိချေ။ သူမ၏ ရှေးဟောင်း မှတ်ဉာဏ် ထဲမှ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသော နေရာများသို့သာ သွားနိုင်သည်။
… …
ထိုအချိန်၌ မီးနတ်ဘုရားဂိုဏ်း ဌာနချုပ်ရှိ တောင်ထိပ်ပေါ်တွင် မရေမတွက်နိုင်သော နှင်းလင်းယုန်များသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဝမ်းနည်းကြေကွဲဖွယ် ကောင်းသော အငွေ့အသက်ဖြင့် မသိနားမလည်သော အရှေ့တောင်ဘက်သို့ ပျံသန်း ထွက်ခွာသွားကြသည်။ သူတို့သည် ယဇ်ပလ္လင်ကို လုံးဝ စွန့်လွှတ်လိုက်ပြီး မီးနတ်ဘုရားတောင်ကို စွန့်ခွာလိုက်ကြ၏။
မီးနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်သည် မြေပြင်ပေါ် ဒူးထောက်ကာ ဦးတိုက်လျက် ပြောသည်။ “ကျုပ်တို့ရဲ့ မီးနတ်ဘုရား… အကယ်၍ အရှင် တကယ်ရှိနေတယ်ဆိုရင် ကျုပ်တို့ကို ကောင်းချီးပေးပါ။ တစ်နေ့ကျရင် ကျုပ်တို့ ပြန်လာပါရစေ။”
ထို့နောက် လုံးဝ ထွက်ခွာသွားခဲ့၏။
သယ်ဆောင်ရမည့် အဖိုးတန် အရင်းအမြစ်များ အလွန်များပြားသောကြောင့် သူသည် လူတိုင်းကို ခေါ်ဆောင် သွားနိုင်ခြင်း မရှိချေ။ လူများစွာသည် ယဇ်ပလ္လင်တွင် ဆက်လက် နေရစ်ခဲ့ရသည်။ သို့သော်ငြား ဤနေရာတွင် နေရစ်ခြင်းသည် အနာဂတ်၌ သေဆုံးခြင်းကို ဆိုလိုနိုင်သည်။
အမှန်စင်စစ် ထွက်ခွာသွားသူများလည်း ရှင်သန်နိုင်မည်ဆိုသော အာမခံချက် မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤလောကတွင် လုံးဝ ပုန်းအောင်းနိုင်ပြီး ဘယ်လိုမှ ရှာမတွေ့နိုင်သော နေရာမျိုး အမှန်တကယ် ရှိရဲ့လား။ မည်သူမှ မသိချေ။
… …
ရှမ့်လန်သည် နဂါးကို စီးနင်းလျက် ရှိသော်လည်း သာမန်ရထားထက်ပင် နှေးကွေးစွာ ပျံသန်းလာခဲ့သည်။ သူသည် ရှုခင်းများကို ဤမျှ အေးအေးလူလူ တစ်ခါမှ ကြည့်ရှု မခံစားဖူးချေ။
ရှမ့်လန်က ရုတ်တရက် ပြောလိုက်သည်။ “နဂါးကြီး… ငါ ဒီလောကကို ရောက်လာတုန်းက မိန်းမတစ်ယောက်ကို မှီခိုပြီး နေဖို့ ရောက်လာခဲ့တာပဲ။ ဘုန်းကျက်သရေ၊ စည်းစိမ်ဥစ္စာတွေကို ခံစားဖို့ ရောက်လာခဲ့တာ။ အေးအေးလူလူ ဘဝနဲ့ နေထိုင်ဖို့ ရောက်လာခဲ့တာ။ အခု ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။”
ရှမ့်လန်လည်း မည်သည့်အတွက်ကြောင့် ဤသို့ ဖြစ်သွားကြောင်း မသိရှိချေ။ သူ ဤလောကသို့ ရောက်လာစဉ်က အစပိုင်းတွင် ဇနီးဟောင်း၏ မျက်နှာကို ဖြတ်ရိုက်လိုရုံ၊ ချမ်းသာသည့် မိသားစုထဲ ဝင်ပြီး ကောင်းကောင်းမွန်မွန် နေလိုရုံသာ ဖြစ်သည်။ သူသည် အေးအေးလူလူ ဘဝဖြင့် နေထိုင်ခဲ့ဖူးသော်လည်း မည်သည့်အချိန်က စတင်ပြီး ဤအေးအေးလူလူ ဘဝသည် အလုပ်များလာခဲ့ကြောင်း သတိမထားမိခဲ့ပေ။
သူသည် လောကတွင် ရန်သူမရှိစေရန်သာ ဆန္ဒရှိခဲ့သော်လည်း နောက်ဆုံးတွင် လောကကြီးကို ကျောပိုးထားရသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့၏။
နဂါးကြီးက ပြန်ပြောသည်။ “သခင်… စစ်မှန်တဲ့ အေးအေးလူလူ ဘဝက ပုံပြင်တစ်ပုဒ် မဖြစ်နိုင်ပါဘူး။ မွေးဖွားခြင်းက အစမှတ် ဖြစ်ပြီး သေဆုံးခြင်းက အဆုံးသတ်ပါ။ ဒါပေမဲ့ သိပ်ပြီး အေးအေးလူလူ ဖြစ်လွန်းရင်၊ သာမန်ဆန်လွန်းရင် အစမှတ်နဲ့ အဆုံးမှတ်က ကွဲပြားမှု မရှိတော့ဘဲ ဖြောင့်တန်းနေတဲ့ မျဉ်းတစ်ကြောင်းလို ပျင်းစရာ ကောင်းနေမှာပါ။”
ရှမ့်လန်က ပြော၏။ “မင်းက ဘယ်လိုလုပ် နဂါး ဖြစ်နေရတာလဲ။ မင်းက ဒဿနပညာရှင် ဖြစ်ရမှာ။”
နဂါးကြီးက ပြောသည်။ “မမေ့ပါနဲ့ သခင်… ကျုပ်တို့က ဉာဏ်ပညာကို မျှဝေထားတာလေ။ ကျုပ်ရဲ့ အတွေးတွေက အတိုင်းအတာတစ်ခုအထိ သခင့်ရဲ့ ရောင်ပြန်ဟပ်မှုတွေပါပဲ။ အလုပ်ရှုပ်နေမှ စစ်မှန်တဲ့ အားလပ်မှု ရှိနိုင်မှာ၊ တောင်ထိပ်ရှိမှ စစ်မှန်တဲ့ တောင်ကြား ရှိနိုင်မှာ၊ ပြန့်ပြူးဖြောင့်တန်းတဲ့ မျဉ်းတစ်ကြောင်းသာဆိုရင် ဘဝက အဓိပ္ပာယ်မဲ့သွားမှာပေါ့။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ဒီတစ်ခါ အတက်အကျက နည်းနည်း များလွန်းနေတယ် မဟုတ်ဘူးလား။”
နဂါးကြီးသည် တစ်နေ့လျှင် မိုင်တစ်ထောင်နှုန်းဖြင့်သာ ဖြည်းညင်းစွာ ပျံသန်းနေခဲ့သည်။ မြောက်ဘက်သို့ ရောက်လေ ရာသီဥတု ပိုအေးလေ ဖြစ်သည်။ တစ်လကြာပြီးနောက် သူတို့သည် မိုင်ပေါင်း သုံးသောင်းခန့် ပျံသန်းပြီးခဲ့ပြီ ဖြစ်သည်။ ဤနေရာရှိ အပူချိန်သည် အနှုတ် နှစ်ရာဒီဂရီ စင်တီဂရိတ်ခန့်အထိ ကျဆင်းနေခဲ့သည်။
ရှမ့်လန်က ပြော၏။ “ကြည့်စမ်း… ကောင်းကင်မှာ အပြာရောင် နှင်းတွေ ဝဲကျနေတယ်။”
အပြာရောင် နှင်းပွင့်များသည် အလွန် သေးငယ်ပြီး အလွန် လှပနေခဲ့သည်။ မြေပြင်သည်လည်း နှင်းလွှာပါးပါးဖြင့် ဖုံးလွှမ်းနေခဲ့၏။ ဤနေရာသည် ထာဝရရေခဲပြင် ပင်လယ် ဖြစ်နေဆဲ ဖြစ်သော်လည်း နေရာတိုင်းတွင် အဆုံးအစမဲ့သော အပြာရောင် နှင်းများကိုသာ မြင်တွေ့နေရသည်။ တကယ်ကို အိပ်မက်ဆန်ပြီး လှပနေခဲ့သည်။
သို့သော်ငြား ဤကဲ့သို့သော အလှတရားသည် ပျက်သုဉ်းခြင်းနှင့် ထာဝရ သေဆုံးခြင်းကို ဆိုလိုသည်။ အကြောင်းမှာ အပူချိန်သည် အစွန်းဆုံးအထိ ကျဆင်းသွားပြီဖြစ်ရာ လေထုသည် စတင်၍ ခဲလာပြီ ဖြစ်၏။
နောက်ပိုင်းတွင် လောကတစ်ခုလုံး၏ လေထုသည် မြောက်ဘက်သို့ မပြတ်တမ်း စီးဝင်လာပြီး ရေခဲအဖြစ် ခဲသွားပေလိမ့်မည်။ လောကတစ်ခုလုံး၏ လေထုသည် ပိုမိုပါးလွှာလာပြီး တလောကလုံးသည် ပိုမို အေးခဲလာပေလိမ့်မည်။
မြောက်ဘက်စွန်းတိုက်ကြီးသည် ယခင်က အေးခဲခဲ့သော်လည်း လေထု အေးခဲသွားသည့်အဆင့်ထိ မရောက်ခဲ့ပေ။ အကြောင်းမှာ ကျောက်စိမ်းဖြူမြို့တော်တွင် အစွန်းရောက် မြောက်ဘက်စွန်းတိုက်ကြီး၏ ဗဟိုချက်ကို ဖုံးလွှမ်းထားသော ကြီးမားသည့် အမိုးခုံးကြီး ရှိနေသောကြောင့်ပင်။
---
အပိုင်း (၁၂၉၄)
ကြောက်မက်ဖွယ် စွမ်းအင်အတားအဆီးသည် လုံးဝ ကာရံထားပြီး ဤလောကကို တတ်နိုင်သမျှ ကာကွယ်ပေးထားသည်။ ယခုအခါ ဤအမိုးခုံးကြီး၏ ပြင်ပ လေထုသည်လည်း စတင် အေးခဲလာပြီ ဖြစ်သည်။
ရှမ့်လန် မြောက်ဘက်သို့ ဆက်သွားခဲ့၏။ ထို့နောက် သူသည် ဝင်ရိုးစွန်းအလင်းတန်းကို တစ်ဖန် မြင်တွေ့လိုက်ရသည်။ သို့သော်ငြား ယခင်တစ်ခေါက် မြင်တွေ့ခဲ့ရသည်ထက် များစွာ ပါးလွှာနေခဲ့သည်။ ဤသည်မှာ အလွန် ဆိုးရွားသော လက္ခဏာဖြစ်ပြီး ကြောက်စရာပင် ကောင်းလှသည်။
အချိန်များသည် အမြဲတမ်း ညအချိန်တွင်သာ ရှိနေခဲ့သည်။ နေ့အချိန်ဟူ၍ မရှိတော့ချေ။ အကြောင်းမှာ ဤနေရာသည် လောက၏ မြောက်ဘက် ဝင်ရိုးစွန်း ဖြစ်ပြီး ထာဝရ ညဉ့်နက်ချိန်၌ ရှိနေသောကြောင့် ဖြစ်သည်။ နေရောင်ခြည်သည် အချိန်အကြာကြီးအထိ ဤနေရာ၌ ထွန်းလင်းနိုင်မည် မဟုတ်ချေ။
နေသည် ပုံမှန်အတိုင်း ထွက်ပေါ်လာမည်ဟု ပြောစမှတ်ပြုကြသော်လည်း မြောက်ဘက် ဝင်ရိုးစွန်းတွင်မူ ထိုသို့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ ရှမ့်လန်သည် ကျောက်စိမ်းဖြူမြို့တော်ကို မြင်တွေ့လိုက်ရ၏။ ၎င်းသည် သုခဘုံ တစ်ခုနှင့် တူသော်လည်း သူ စိတ်ကူးထားသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ခြင်း မရှိပေ။
ထိုအရာသည် မြေပြင်နှင့် တွဲဆက်နေသော ရေခဲပိရမစ်တစ်ခု ဖြစ်သည်။ ကြည်လင်တောက်ပနေပြီး လော့ဗ်ပြတိုက် (Louvre ပြတိုက်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ရှိသည်။) အပြင်ဘက်ရှိ မှန်ပိရမစ်နှင့် အနည်းငယ် တူညီနေခဲ့သည်။ သို့သော်ငြား ၎င်းသည် များစွာ ပိုကြီးမားသည်။ ဤအရာက ရိုးရှင်းလွန်းလှသည်။ သုခဘုံနှင့် လုံးဝ မတူညီချေ။
ရှမ့်လန်သည် ပိရမစ်၏ တံခါးပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် လူတစ်ယောက် စောင့်ဆိုင်းနေခဲ့၏။ ၎င်းမှာ ကျောက်စိမ်းဖြူမြို့တော်၏ တမန်တော် ဖြစ်သည်။ သူမသည် သဘာဝလွန် အဖွဲ့အစည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ဖူးပြီး စေတီတောင်၏ မြေအောက်စခန်းသို့ သွားရောက်ကာ ရှမ့်လန်နှင့် သဘောတူညီမှု ရယူခဲ့ဖူးသူ ဖြစ်သည်။
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က မေး၏။ “ရောက်လာပြီလား။”
ရှမ့်လန်က ပြန်ဖြေသည်။ “ရောက်ပါပြီ။”
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က မေး၏။ “လမ်းခရီး အဆင်ပြေရဲ့လား။”
ရှမ့်လန်က ဖြေသည်။ “ပြေပါတယ်။ လမ်းတစ်လျှောက် ရှုခင်းတွေကို ကြည့်ရှု ခံစားခဲ့ရတယ်။ ကျုပ်အတွက် စိတ်လက်အကြည်ဆုံး အချိန်ပါပဲ။”
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က ပြော၏။ “ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။”
မှန်ပိရမစ်ကြီး၏ တံခါးပွင့်သွားခဲ့သည်။ ရှမ့်လန်နှင့် ကျောက်စိမ်းဖြူမြို့တော် တမန်တော်တို့သည် အတွင်းသို့ ဝင်ရောက်သွားကြပြီး နဂါးကြီးမှာမူ အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။
အပြင်ဘက်တွင် အနှုတ်နှစ်ရာဒီဂရီ စင်တီဂရိတ် ရှိသော်လည်း ပိရမစ်အတွင်း၌မူ သုညအောက် ဒီဂရီ အနည်းငယ်သာ ရှိတော့သည်။ နွေဦးရာသီကဲ့သို့ နွေးထွေးနေခဲ့၏။ သို့သော်ငြား ပိရမစ်အတွင်း၌ ဟာလာဟင်းလင်း ဖြစ်နေသည်။ ပရိဘောဂ သို့မဟုတ် အခြားမည်သည့်အရာမှ မရှိချေ။
ရှမ့်လန်က မေးသည်။ “ကျုပ်မိန်းမ နေကောင်းရဲ့လား။”
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က ဖြေ၏။ “ကောင်းပါတယ်။ သူ့ကို တွေ့ချင်လား။ သူက အမိုးခုံးရဲ့ တစ်ဖက်ခြမ်းမှာ ရှိနေတာ။”
ရှမ့်လန် အံ့သြသွားသော်လည်း ချက်ချင်း ပြုံးလိုက်မိသည်။ ယခုအခါ သူသည် မြို့တော်ဖြူနှင့် ကျောက်စိမ်းဖြူမြို့တော်ကို ခွဲခြားနိုင်ပြီဟု ထင်ရသည်။ အမိုးခုံးသည် ဤလောက၏ မြောက်ဘက် ဝင်ရိုးစွန်းကို ဖုံးလွှမ်းထားသည်။ အမိုးခုံး၏ ဘယ်ဘက်ခြမ်းကို ကျောက်စိမ်းဖြူမြို့တော်ဟု ခေါ်ဆိုပြီး ညာဘက်ခြမ်းကို မြို့တော်ဖြူဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ရှမ့်လန်က ပြော၏။ “ရပါတယ်။ မလိုပါဘူး။”
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က ပြောသည်။ “ရှင် အရင်က အဒေါ့ဖ်အကြောင်း ပြောဖူးတယ်နော်။ သူ့ကို တွေ့ချင်လား။ ဒီနှစ်တွေအတွင်း သူက ပါရမီရှင်တစ်ယောက် ဖြစ်လာတယ်။”
ရှမ့်လန် ခေတ္တမျှ စဉ်းစားပြီးနောက် ပြော၏။ “ကြည့်ရတာပေါ့။”
ထို့နောက် ရှမ့်လန်က မေးလိုက်သည်။ “ကျုပ်အမေ ဒီမှာ ရှိလား။”
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က ဖြေ၏။ “ဆရာမ ဒီမှာ ရှိပါတယ်။”
ရှမ့်လန် အံ့အားသင့်သွားသည်။ “ဆရာမ…”
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က ပြန်ဖြေ၏။ “ဟုတ်ပါတယ် … ဆရာမပါ။”
သူမသည် ကျောက်စိမ်းဖြူမြို့တော် မင်းသမီး သို့မဟုတ် ပိုမို ဂုဏ်ရှိသော ရာထူးတစ်ခုခု မဟုတ်ပေဘူးလား။
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က ပြောသည်။ “ဒါပေါ့။ ရှင် သူ့ကို ကျောက်စိမ်းဖြူမြို့တော် မင်းသမီး ဒါမှမဟုတ် ကျောက်စိမ်းဖြူမြို့တော် ဧကရီလို့ ခေါ်နိုင်ပါတယ်။”
ရှမ့်လန်က ပြော၏။ “ဒါဆို ကျုပ် သူ့ကို သွားတွေ့လိုက်ပါအုံးမယ်။”
ကျောက်စိမ်းဖြူမြို့တော် တမန်တော်က ပြောသည်။ “ကောင်းပါပြီ။ ကျွန်မနဲ့ လိုက်ခဲ့ပါ။”
ထို့နောက် သူမသည် ရှမ့်လန်အား အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားသည်။ သူမသည် ဖြူဖွေးသော လက်ဝါးကို ဖြန့်ကာ နံရံပေါ်သို့ ဖိလိုက်သည်။ ထို့နောက် အခန်းငယ်လေးသည် ဓာတ်လှေကားကဲ့သို့ အမြင့်ဆုံး အရှိန်ဖြင့် လျင်မြန်စွာ နိမ့်ဆင်းသွားခဲ့၏။
အမှန်စင်စစ် ဤအရာသည် ဓာတ်လှေကား မဟုတ်ပေ။ အိပ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှု၏ မူများကို အသုံးပြုထားခြင်း ဖြစ်သည်။ ၎င်းသည် ဆက်လက် နိမ့်ဆင်းသွားသည်။ အနည်းဆုံး မြေအောက် မီတာ တစ်သိန်းခန့် ရှိပေလိမ့်မည်။
ဤနေရာသည် ရှမ့်လန် ရောက်ဖူးသမျှ အနက်ရှိုင်းဆုံး နေရာ ဖြစ်သည်။ လောကဗဟိုချက်အထိ ရောက်ရှိသွားတော့မည့်သကဲ့သို့ အဆုံးအစမရှိ ထင်မှတ်ရသည်။
“ဝှစ်…”
တံခါးပွင့်သွားပြီး ရှည်လျားသော မှန်စင်္ကြံလမ်းတစ်ခု ရှေ့တွင် ပေါ်လာခဲ့သည်။ ဤသည်မှာ ကြီးမား ကျယ်ပြန့်သော တွင်းနက်ကြီးတစ်ခု ဖြစ်သည်။ အမှောင်ထု လွှမ်းမိုးနေသော လေဟာနယ်ကြီးတစ်ခု ဝန်းရံထားသကဲ့သို့ပင်။ မှန်စင်္ကြံလမ်းက မှိန်ဖျဖျ အလင်းရောင် ထုတ်လွှတ်နေခဲ့သည်။ မှန်စင်္ကြံလမ်း၏ အဆုံးတွင် ခမ်းနားထည်ဝါသော ပလ္လင်တော်တစ်ခု ရှိနေ၏။
ရှမ့်လန်သည် ရှီလွန်အင်ပါယာ ပလ္လင်၊ တော်ဝင်ချန်အင်ပါယာ ပလ္လင်၊ တော်ဝင်ရန်အင်ပါယာ ပလ္လင် စသည်ဖြင့် ပလ္လင်အမျိုးမျိုးကို မြင်ဖူးခဲ့သည်။ ရုပ်ရှင်ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များထဲမှ ပလ္လင်များကိုပင် မြင်ဖူးခဲ့သည်။
သူ့ရှေ့မှောက်ရှိ ပလ္လင်တော်သည် မကြုံစဖူး တောက်ပ၊ ခမ်းနား၊ ကျက်သရေရှိပြီး ကြီးမားလှသည်။ ပလ္လင်တော်တစ်ခုလုံးကို စိန်များဖြင့် ထွင်းထုထားသကဲ့သို့ပင်။ ကြီးမားသော စိန်တုံးကြီးကို ကာရက်ဖြင့် ဖော်ပြ၍ မရနိုင်လောက်ချေ။ ၎င်းသည် တန်ချိန် ဒါဇင်ပေါင်းများစွာ အလေးချိန်ရှိသော စိန်တုံးကြီးများဖြင့် ထွင်းထုထားသည့် ပလ္လင်တော်ကြီး ဖြစ်၏။
ပလ္လင်တော်ပေါ်တွင် သလင်းကျောက် အမျိုးမျိုးနှင့် မရေမတွက်နိုင်သော လျှို့ဝှက်ရွှေသားများ စီခြယ်ထားသည်။ ပလ္လင်တော်ပေါ်တွင် ခမ်းနားဆန်းကြယ်သော ရှေးဟောင်းအင်းကွက်များ ရှိနေသည်။ အင်းကွက်ပေါ်ရှိ စာလုံးများကို ရှမ့်လန် ကောင်းစွာ ရင်းနှီးနေခဲ့သည်။ ၎င်းမှာ နဂါးကြီး နားလည် သဘောပေါက်ထားသော အခြားလောကမှ ဘာသာစကား ဖြစ်သည်။
ထိုပလ္လင်တော်ပေါ်တွင် အမျိုးသမီးတစ်ဦး တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။ သူမ၏ အလှအပနှင့် ကျက်သရေကို ဖော်ပြရန် သူ မည်သည့် နာမဝိသေသနကို သုံးရမှန်းပင်မသိပေ။ ဤလောကတွင် သူမ၏အလှအပနှင့် နှိုင်းယှဉ်နိုင်သော အမျိုးသမီးတစ်ဦးသာ ရှိပေလိမ့်မည်။ ထိုသူမှာ ဘုရင်မ မီဒူဆာ ဖြစ်၏။
ဤကဲ့သို့သော အလှအပသည် ရုပ်ရည်သွင်ပြင် သို့မဟုတ် စိတ်နေသဘောထား အားဖြင့် မဟုတ်တော့ချေ။ စွမ်းအင်အဆင့်အတန်း တစ်ခု ဖြစ်သည်။ သာမန်လူများ၏ အလှအပဆိုင်ရာ အသိပညာထက် ကျော်လွန်နေခဲ့သည်။
ကျန်းလီသည် တခြားမိန်းကလေးနှင့် စေ့စပ်ထားခြင်းကို ဖျက်သိမ်းပြီး ဤအမျိုးသမီးအတွက် နှလုံးသားတစ်ခုလုံးကို မြှုပ်နှံခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ချေ။ သူမသည် ရှမ့်လန်၏ မိခင် ဖြစ်သည်။ သူမကို ကျောက်စိမ်းဖြူမြို့တော် မင်းသမီးဟု ခေါ်ဆိုမည်လား။ ကျောက်စိမ်းဖြူမြို့တော် ဧကရီလား။
ကျောက်စိမ်းဖြူမြို့တော် တမန်တော်သည် ခြေလှမ်းရပ်တန့်လိုက်၏။
ရှမ့်လန်သည် ထိုအမျိုးသမီးကို အဝေးမှ လှမ်းကြည့်ပြီးနောက် သူမထံသို့ လျှောက်သွားလိုက်သည်။ သူသည် မှန်စင်္ကြံလမ်းအတိုင်း မီတာသောင်းချီ လျှောက်သွားခဲ့သည်။
ရှမ့်လန်သည် ပလ္လင်တော်၏ အလယ်ဗဟိုသို့ လျှောက်သွားပြီး ထိုအမျိုးသမီးကို အနီးကပ် ကြည့်လိုက်သည်။ ရှမ့်လန်နှင့် သူ၏မိခင်သည် တကယ် တူညီကြပေသည်။ သူသည် သူ့ကိုယ်သူ လုံလောက်အောင် ချောမောသည်ဟု ထင်မှတ်ခဲ့ပြီး မိဘများ၏ ကောင်းမွန်သော အရည်အချင်းများကို အမွေဆက်ခံထားသည်ဟု ယူဆခဲ့သည်။ လောကပေါ်တွင် အချောဆုံး အမျိုးသားဟုပင် ထင်မှတ်ခဲ့ဖူးသည်။ ယခု သူ့မိခင်၏ မျက်နှာကို မြင်လိုက်ရချိန်မှာတော့ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ပေါ်လာခဲ့၏။
‘ဟူး… ငါ သိပ်အရုပ်ဆိုးတာပဲ။’
အချိန်အကြာကြီး ကြာပြီးနောက် ရှမ့်လန်က နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ အမေ…”
ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “မင်္ဂလာပါ ငါ့သား…”
ထို့နောက် သူတို့နှစ်ဦး တိတ်ဆိတ်သွားပြန်သည်။ သားအမိနှစ်ဦး တွေ့ဆုံမှုသည် စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့၏။ အရမ်း တည်ငြိမ်လွန်းနေသည်။ ရင်ထဲမှ လှိုက်လှဲသော ခံစားချက်၊ ရင်ခုန် စိတ်လှုပ်ရှားမှုနှင့် ကောင်းကင်ထိ ထိုးတက်နေသော အမုန်းတရားများ မရှိချေ။ ရိုးရှင်းစွာ တည်ငြိမ်နေသည်။
ရှမ့်လန် စိတ်ထဲတွင် စဉ်းစားလိုက်သည်။ စကားတစ်ခွန်းကို တွေးလိုက်ပြီးမှ ထုတ်မပြောရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် သူက တည့်တိုးပင် မေးလိုက်၏။ “အမေက ကိုယ့်ယောက်ျားဖြစ်တဲ့ အရှင် ကျန်းလီကို ကိုယ်တိုင် သတ်ခဲ့တာလား။”
ကျောက်စိမ်းဖြူမြို့တော် ဧကရီက ဖြေသည်။ “ဟုတ်တယ်။ အမေ သတ်ခဲ့တာ။”
… …
ထိုအချိန်တွင် ရှမ့်လန်သည် ဤစကားကို ထပ်မံ ကြားလိုက်ရသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိတော့ပေ။ ထိုအစား သူသည် အလွန် တည်ငြိမ်နေခဲ့၏။ အမှန်စင်စစ် သူ့မိခင်သည် ပို၍ပင် တည်ငြိမ်နေခဲ့သည်။ သူမ၏ လှပသော မျက်နှာထားသည် ထာဝရ ခံစားချက်မဲ့နေသကဲ့သို့ပင်။
သူမက မေး၏။ “သား… မင်းအဖေကို သိလား။ သူ့ကို နားလည်လား။”
ရှမ့်လန်က ဖြေသည်။ “သိတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တော့ မသိခဲ့ပါဘူး။ အခုတော့ ကောင်းကောင်း သိသွားပါပြီ။”
ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “သား… မင်းက လောကမှာ ဉာဏ်အကောင်းဆုံး လူပဲ။”
ရှမ့်လန်က ပြောသည်။ “ဉာဏ်ကောင်းဖို့ နည်းနည်းတော့ နောက်ကျသွားပါတယ်။”
ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “မဟုတ်ပါဘူး။ ဒါ ပုံမှန်ပါပဲ။ ဘာလို့လဲဆိုတော့ လူအများစုက ခံစားချက်တွေနဲ့ ပြည့်နှက်နေတတ်ကြတယ်။ အထူးသဖြင့် မင်းလို ကလေးမျိုးပေါ့။ မင်းက ပုံမှန်ဆို သိပ်ဉာဏ်ကောင်းပေမဲ့ မိသားစုကိစ္စဆီ ရောက်သွားရင် အလိမ်ခံရတတ်တယ်။ မင်း အကုန်သိနေပေမဲ့ အဲကိစ္စဆိုရင် ဆက်မတွေးတော့ဘဲ ရပ်လိုက်တယ်။”
ဤစကားသည် အလွန် မှန်ကန်လှသည်။ ရှမ့်လန်သည် ကျန်းလီကို သတ်ဖြတ်သူ မည်သူဖြစ်ကြောင်း အမြဲ သိရှိနေခဲ့သော်လည်း ဝန်ခံရန် သို့မဟုတ် စဉ်းစားရန် ဝန်လေးနေခဲ့သည်။ နောက်ဆုံးတွင် တော်ဝင်ရန် အင်ပါယာ ထောက်ပြလိုက်မှသာ ရက်စက်သော အမှန်တရားကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “မင်းအဖေရဲ့ အတိတ်ကို မင်း သိပါတယ်။ သူ ဘယ်လောက် ပြောင်းလဲသွားတယ် ဆိုတာလည်း သိသင့်တယ်။ မင်းက ဉာဏ်ကောင်းတဲ့ ကလေးပဲ။ နောက်ကွယ်က အကြောင်းရင်းကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။”
ကျန်းလီသည် တစ်ချိန်က လမ်းသရဲတစ်ဦး ဖြစ်ခဲ့ပြီး သူနှင့် ပတ်သက်ခဲ့ဖူးသော အမျိုးသမီး အရေအတွက်မှာ ရှမ့်လန်ထက် များစွာ ပိုမိုခဲ့သည်။ အနောက်လောကသို့ ရောက်ရှိသွားချိန်တွင် သူသည် အပျော်အပါး အလွန် မက်မောခဲ့သည်။ သူ့ကိုယ်သူ လိုကီ ဟူသော နာမည်ပင် ပေးခဲ့သေးသည်။ အနောက်တိုင်း ရှေးဟောင်း ဒဏ္ဍာရီများတွင် လိုကီသည် လှည့်စားခြင်း နတ်ဘုရား ဖြစ်သည်။
သို့သော်ငြား အနောက်လောကမှ ပြန်လာချိန်မှာတော့ လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်လာခဲ့သည်။ လမ်းသရဲဘဝမှ ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ လောကကို အလင်းပေးသော သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့၏။
သူသည် ကြီးမြတ်ပြီး တရားမျှတသော ဘုရင်တစ်ပါး ဖြစ်သည်။ သို့သော်ငြား အခြားတစ်ဖက်တွင်မူ သူ့ဘေးနားရှိ လူများသည် တစ်ယောက်ပြီးတစ်ယောက် သစ္စာဖောက်ခဲ့ကြသည်။ ဤအရာသည် အမှန်တကယ် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ကျန်းလီက တစ်ချိန်တုန်းက လမ်းသရဲတစ်ယောက်ပါ။ သူက ထီးနန်းကို စိတ်မဝင်စားဘူး။ စွန့်စားခန်းတွေနဲ့ မိန်းမတွေကိုပဲ နှစ်သက်တယ်။ သူ့မှာ တာဝန်သိစိတ်တော့ ရှိတယ်။ သူက သိုင်းပညာ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တယ်။ သူက မိန်းမတွေအတွက် အဆိပ်အတောက်ပဲ။ မင်းလိုမျိုးပေါ့။”
ဤအချက်များ၏ ထက်ဝက်ခန့်သည် ရှမ့်လန်နှင့် တူညီနေခဲ့သည်။ သူသည် ထီးနန်းကို စိတ်မဝင်စားသော်လည်း တာဝန်သိစိတ်က သူ့ကို ချည်နှောင်ထားသည်။ ထို့ကြောင့် ကျန်းလီသည် ထွက်ပြေးပြီး အနောက်လောကသို့ တစ်ယောက်တည်း သွားရောက် စွန့်စားခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန်၊ ဟီလာနှင့် ဟယ်လင်တို့၏ စရိုက်များကို ပေါင်းစပ်လိုက်လျှင် ကျန်းလီ ဖြစ်လာပေလိမ့်မည်။
“သား... မင်းအဖေနဲ့ အမေ ဘယ်မှာ တွေ့ခဲ့ကြလဲ သိလား။” ကျောက်စိမ်းဖြူမြို့တော် ဧကရီက မေးလိုက်၏။
“မသိပါဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “မီးနဂါးကြယ်တံခွန် ကျဆင်းတဲ့ နေရာတစ်ခုခုမှာ ဖြစ်မယ်ထင်တယ်။”
“ငါ့သားက တကယ် ဉာဏ်ကောင်းတာပဲ။”
ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “မီးနဂါးကြယ်တံခွန်က ဒီလောကပေါ်ကို နှစ် ၁၀၀ တစ်ကြိမ်လောက် ဖြတ်သန်းသွားတယ်ဆိုတာ မင်း သိတယ်။ သူက အစိတ်အပိုင်း သေးသေးလေး ကွဲထွက်ပြီး ဒီလောကကို ဝင်တိုက်တတ်တယ်။ တစ်ခါတလေ ရိုက်ခတ်မှုက ပုံစံတကျ ရှိပေမဲ့ တစ်ခါတလေ ပုံစံတကျ မရှိဘူး။ စုစုပေါင်း ၁၁ ကြိမ် ဝင်တိုက်ခဲ့ပေမဲ့ ၇ ကြိမ်ပဲ ရှာတွေ့ခဲ့တယ်။ ကျန်တဲ့ ၄ ကြိမ်က လုံးဝ မသိရဘူး။ ဘာကြောင့်လဲ ဆိုတာ သိလား။”
ရှမ့်လန်က ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ အစိုင်အခဲတစ်ခု ပြုတ်ကျလာတဲ့အခါ လေထုထဲ ဝင်ရောက်ချိန်မှာ မျက်နှာပြင်က လောင်ကျွမ်းတတ်တယ်၊ ဒါကြောင့် ကြယ်တံခွန်ရဲ့ လက္ခဏာတွေ ထင်ရှားလာလို့ပါ။ ဒါပေမဲ့ စွမ်းအင် အရာဝတ္ထုတစ်ခု ပြုတ်ကျလာရင်တော့ လောင်ကျွမ်းမှာ မဟုတ်ဘူး။ ရှာတွေ့မှာလည်း မဟုတ်ဘူး။”
ကျောက်စိမ်းဖြူမြို့တော်ဧကရီ၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း မျက်ဝန်းများကမူ သူမ၏ ခံစားချက်ကို ထင်ဟပ်နေ၏။ ‘ငါ့သား... မင်းက မယ်တော် ထင်ထားတာထက် ပိုထူးချွန်ပြီး ဉာဏ်ကောင်းတာပဲ။’