← Chapters

အခန်း (၁၂၉၅-၁၂၉၆)

Vol. 74 Ch. 1295-1296

အခန်း (၁၂၉၅-၁၂၉၆)

Vol. 74 Ch. 1295-1296

အပိုင်း (၁၂၉၅)

ကျောက်စိမ်းဖြူမြို့တော် ဧကရီ တုန်ယင်သွားခဲ့သည်။ “မင်း ပြောတာ မှန်တယ်။ မင်း ပြောတာ မှန်တယ်။ မီးနဂါးကြယ်တံခွန်က ဒီလောကကို ၁၀ ကြိမ်ပဲ ဝင်တိုက်တယ်လို့ မီးနတ်ဘုရားဂိုဏ်းနဲ့ တော်ဝင်ရန်အင်ပါယာအပါအဝင် လူတိုင်း ထင်ကြတယ်။ တကယ်တော့ ၁၁ ကြိမ် ဝင်တိုက်ခဲ့တာ။ ပထမဆုံးအကြိမ် ဝင်တိုက်တုန်းက ကြီးမားတဲ့ စွမ်းအင်ဘောလုံးကြီးတစ်ခုပဲ။ သူ့မှာ အလင်းရောင် မရှိဘူး။ ဒီလောကရဲ့ မြောက်ဘက်ဝင်ရိုးစွန်းကို တိတ်တဆိတ် ဝင်ရောက်လာခဲ့တာ။”

“အဲဒါက ငရဲသလင်းကျောက်လား။” ရှမ့်လန်က မေးလိုက်၏။

“အဲလို နာမည်ပေးထားတာလား။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ကောင်းပြီ... ကောင်းပြီလေ။ အဲဒီလိုပဲ ခေါ်ကြတာပေါ့။ ငရဲသလင်းကျောက် ဒီလောကကို ဝင်တိုက်ပြီးနောက် ဘာဖြစ်ခဲ့လဲဆိုတာ မင်း သိတယ်မလား။”

“မြောက်ဘက်စွန်းတိုက်ကြီးကပိုပိုပြီး အေးခဲလာတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “နှစ်ပေါင်းရာချီ ကြာပြီးနောက် ရှီလွန်အင်ပါယာက တောင်ဘက်ကို ရွှေ့ပြောင်းခဲ့ရပြီး မြောက်ဘက်စွန်းတိုက်ကြီးတစ်ခုလုံး လုံးဝ စွန့်ပစ်ခံလိုက်ရတယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “ဟုတ်တယ်။ အဲဒါပဲ။ ငရဲသလင်းကျောက်က ဘာလဲဆိုတာ မင်း သိလား။”

“သိပ်ထူးဆန်းတဲ့ စွမ်းအင်တစ်ခုပါ။”

ရှမ့်လန်က ပြောလိုက်သည်။ “သိပ်ရှုပ်ထွေးပေမဲ့ အရေးကြီးတဲ့ ဂုဏ်သတ္တိတစ်ခု ရှိတယ်။ သူက ဝိညာဉ်တွေကို စုပ်ယူပြီး ဝါးမျိုနိုင်တယ်။ ပိုတိကျအောင်ပြောရရင် ဝိညာဉ်တွေကို မပျောက်စီးအောင် ထိန်းသိမ်း ထားနိုင်တယ်။”

ဤအချက်ကို မီးတောက်မြို့အောက်ရှိ ချော်ရည်ပင်လယ်တွင် ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။ နဂါးဓားတွင်ပင် ငရဲသလင်းကျောက် တစ်ခု မြှုပ်နှံထား၏။

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “အဓိက အကြောင်းအရာကို ပြန်သွားကြစို့။ မီးနဂါး ကြယ်တံခွန် ဝင်တိုက်တိုင်း သိပ်အရေးကြီးတဲ့အရာတစ်ခု ဖြစ်လာတတ်တယ်။ ဝင်တိုက်တိုင်း သူ့မှာ ကြီးမားတဲ့ တာဝန်တစ်ခု ရှိတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာက ဝင်တိုက်မှုမှာ ကြယ်တံခွန်လမ်းကြောင်း မရှိခဲ့ဘူး။ ကျောက်စိမ်းဖြူ မြို့တော်က နည်းလမ်းမျိုးစုံနဲ့ လောကအနှံ့ ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ အမေ့ရဲ့ တာဝန်က ဒီလောကပေါ်က နေရာတိုင်းကို ရှာဖွေဖို့ပဲ။

ဆယ်နှစ်ကျော် ရှာဖွေပြီးနောက် နောက်ဆုံးမှာ အားနည်းတဲ့ အချက်ပြမှုတစ်ခု တွေ့ခဲ့ရတယ်။ ပင်လယ်ကြမ်းပြင်ကို ဝင်တိုက်ခဲ့တာ။ ဒါပေမဲ့ အမေ ရောက်သွားတဲ့အချိန်မှာ ငရဲသလင်းကျောက်က ပျောက်ကွယ်သွားပြီ။ ကျန်းလီကိုပဲ တွေ့ခဲ့ရတယ်။ အဲဒါက လွန်ခဲ့တဲ့ ၄၃ နှစ်လောက်ကပေါ့။”

ရှမ့်လန်က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “အဲဒီ ငရဲသလင်းကျောက်ထဲမှာ ဝိညာဉ်တစ်ခု ပါလာပြီး ကျန်းလီရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့တာ။ အဲဒီအချိန်ကစပြီး ကျန်းလီဟာ လုံးဝ ကွဲပြားခြားနားတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့တယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ဟုတ်တယ်။ အဲဒီအချိန်ကစပြီး သူက အခြား လူတစ်ယောက် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ မင်းနဲ့ လောကတစ်ခုလုံးအတွက်တော့ နောက်ပိုင်း ကျန်းလီကမှ စစ်မှန်တဲ့ ကျန်းလီ ဖြစ်လာတာပါ။ အရင်က ကျန်းလီက လမ်းသရဲတစ်ယောက်ပဲ။ သား... မင်း ဒါကို မှတ်ထားရမယ်။ နောက်ပိုင်းကျန်းလီကမှ စစ်မှန်တဲ့ကျန်းလီ ဖြစ်ပြီး မင်းအဖေကလည်း အဲဒီကျန်းလီပဲ။ ရှုထောင့်တစ်ခုက ကြည့်ရင် မင်းတစ်ယောက်တည်းကသာ အင်ပါယာကျန်းလီရဲ့ သားဖြစ်တယ်။”

ရှမ့်လန် နားလည်လိုက်သည်။ ဟယ်လင်နှင့် ဟီလာ နှစ်ဦးစလုံးသည် လမ်းသရဲ ကျန်းလီ၏ သွေးသားများ ဖြစ်ကြသည်။ ရှမ့်လန် တစ်ဦးတည်းသာ အင်ပါယာ ကျန်းလီ၏ သားဖြစ်သည်။ တောက်ပပြီး ပြီးပြည့်စုံသော ဤအင်ပါယာကျန်းလီသည် အဓိပ္ပာယ်တစ်မျိုးအားဖြင့် စစ်မှန်သော ကျန်းလီ ဖြစ်၏။

ဤစကားက သိပ်မရှင်းလင်းသေးချေ။ ဥပမာတစ်ခု ပေးရမည်ဆိုလျှင် လောကတစ်ခုလုံးအတွက် စစ်မှန်သော ရှမ့်လန်သည် မည်သူနည်း။ ဉာဏ်ရည်မမီသော၊ ငတုံး ရှမ့်လန်သည် ရှမ့်လန် ဖြစ်သည်လား။ ဘဝကူးပြောင်းလာသော ရှမ့်လန်သည် စစ်မှန်သော ရှမ့်လန် ဖြစ်သည်လား။ မူလန်၊ ချောင်ယောင်းအာ၊ ရှမ့်ယီနှင့် အခြားလူတိုင်းအတွက် ဘဝကူးပြောင်းလာသော ရှမ့်လန်သည် စစ်မှန်သော ရှမ့်လန် ဖြစ်သည်။

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “ဒီငရဲသလင်းကျောက်ရဲ့ အငွေ့အသက်ကို အမေ ဘာလို့ အာရုံခံနိုင်ခဲ့လဲဆိုတာ သိလိုက်တယ်။ သူက ကျန်းလီကို ခေါ်နေတာ။ ကျန်းလီက တိုက်ဆိုင်လို့ တွေ့သွားတာ မဟုတ်ဘူး။ သူခေါ်လို့ လမ်းသရဲကျန်းလီက ရောက်လာတာ။ အဲဒီနောက် လမ်းသရဲ ကျန်းလီနဲ့ ငရဲသလင်းကျောက်ထဲက ဝိညာဉ်တို့ ပေါင်းစည်းသွားပြီး တောက်ပတဲ့ အင်ပါယာ ကျန်းလီ ဖြစ်လာခဲ့တယ်။”

ရှမ့်လန်က မေးလိုက်သည်။ “အဲဒီအချိန်တုန်းက အမေ့မှာ ရပ်တည်ချက် မရှိခဲ့ဘူးလား။”

“မဟုတ်ဘူး ... အမေ့မှာ ရပ်တည်ချက် ရှိခဲ့တယ်။”

ကျောက်စိမ်းဖြူမြို့တော်ဧကရီက ပြောလိုက်၏။ “သား... မင်းနဲ့ တော်ဝင်ရန်အင်ပါယာအပေါ် ကျောက်စိမ်းဖြူမြို့တော် ရဲ့ ရပ်တည်ချက်ကို မင်း ရှင်းရှင်းလင်းလင်း ခံစားမိသင့်တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ခံစားမိပါတယ်။ နီးလည်းမနီး၊ ဝေးလည်းမဝေး... ဝင်လည်းမစွက်၊ နှောင့်လည်းမယှက်... ဒါပေမဲ့ ကာကွယ်ပေးတဲ့ဘက်ကို တိမ်းညွတ်နေပါတယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ငါတို့က မင်းအပေါ် မျှော်လင့်ချက်ကြီးကြီး ထားလို့ပါ။ ဆက်ပြောရရင် ဝိညာဉ်နဲ့ ပေါင်းစည်းသွားတဲ့ ကျန်းလီကို တွေ့လိုက်ရတဲ့အချိန်မှာ အမေ ဘာလုပ်နိုင်မှာလဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “နားလည်ဖို့နဲ့ လမ်းပြဖို့ ကြိုးစားခဲ့မှာပါ။”

“ဟုတ်တယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “အမေက သူ့ကို နားလည်ဖို့နဲ့ လမ်းပြဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ငါတို့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ကြတယ်။”

ရှမ့်လန် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့၏။

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “သား... မင်းအဖေရဲ့ အိပ်မက်ကို သိလား။”

“သူက လောကယဉ်ကျေးမှုကို လွတ်မြောက်စေချင်တယ်။ လောကယဉ်ကျေးမှု အဆင့်အတန်းကို မြှင့်တင်ချင်တယ်။ တော်ဝင်ရန်အင်ပါယာနဲ့ သဘာဝလွန်အင်အားစုတွေက ရှေးဟောင်းယဉ်ကျေးမှု အပေါ် ချမှတ်ထားတဲ့ တံဆိပ်ခတ်ပိတ်ဆို့မှုကို ချိုးဖျက်ချင်တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “သူ့အိပ်မက်က သိပ်တောက်ပတယ်။ လောကပေါ်က သူကောင်းမျိုးအားလုံး စိတ်ဝင်စားသွားကြတယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “သူ အဲဒီအတိုင်း လုပ်ခဲ့တာ။ သူက ရှေးဟောင်းယဉ်ကျေးမှုကို ထိန်းချုပ်ပြီး ရှေးဟောင်းအမွေအနှစ်တွေ အများကြီးကို တူးဖော်ခဲ့တယ်။ ရှေးဟောင်းယဉ်ကျေးမှုအတိုင်း အစွမ်းထက်လာဖို့နဲ့ ရှေးဟောင်းမှတ်တမ်းတွေကို တလောကလုံးသိအောင် လုပ်ဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “တော်ဝင်ရန်အင်ပါယာနဲ့ သဘာဝလွန်အင်အားစုတွေက အထက်တန်းစား ရှေးဟောင်းယဉ်ကျေးမှုကို တံဆိပ်ခတ်ပိတ်ဆို့ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ကိုယ်တိုင်ကျတော့ လောဘတကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ကြတယ်။ ဒါကြောင့် သူတို့က ယုတ်မာတဲ့လူဆိုးတွေနဲ့ တူနေတာ။ အဖေ ကျန်းလီကျတော့ သိပ်ကြီးမြတ်ပြီး ဂုဏ်သရေ ရှိတယ်။”

“ဟုတ်တယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “သား... အမေ သူ့ကို လက်ထပ်ခဲ့တာ ကျောက်စိမ်းဖြူမြို့တော် ရဲ့ ရပ်တည်ချက်ကြောင့်ပဲ။ အမေမှာ ရည်မှန်းချက်တစ်ခုလည်း ရှိခဲ့တယ်။ သူ့ကို လမ်းပြပြီး ကျောက်စိမ်းဖြူမြို့တော်အတွက် အလုပ်လုပ်ပေးစေချင်ခဲ့တာ။

ဒါပေမဲ့ သူ့အပေါ်ထားတဲ့ အမေရဲ့အချစ်က စစ်မှန်တယ်။ သူ့ရဲ့ဆွဲဆောင်မှုက မိန်းမတွေအတွက် ဘယ်လောက် အသက်အန္တရာယ်ရှိလဲဆိုတာ မင်း စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး။ သူက နေမင်းကြီးလိုပဲ။ လူတိုင်းက သူ့ကို အလိုလို ကိုးကွယ်လေးစားကြတယ်။ အမေလည်း ခြွင်းချက် မဟုတ်ခဲ့ဘူး။”

ကျန်းလီကို နှစ်သက်သော အမျိုးသမီးများစွာ ရှိခဲ့ပြီး ထိုသူတို့အားလုံးသည် လောကပေါ်တွင် အလှပဆုံး အမျိုးသမီးများ ဖြစ်ကြသည်။ ထိုအမျိုးသမီးတို့သည် ကျန်းလီမှလွဲ၍ တခြားသူနှင့် လက်ထပ်လိမ့်မည် မဟုတ်ပေ။ ထိုမျှလောက် စွဲလမ်းကြသည်။

“ဒါကြောင့် အချိန်အတော်ကြာတဲ့အထိ အမေက ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “အမေ ကိုယ့်တာဝန်ကို မေ့လုနီးပါး ဖြစ်ခဲ့တယ်။ သူ့ကို ချစ်ဖို့ ခွန်အားနဲ့ စွမ်းအင်အားလုံးကို အသုံးပြုခဲ့တယ်။ တခြားလူတွေလိုပဲ အမေ သူ့ကို လေးစားပြီး ယုံကြည်ခဲ့တယ်။ သူပြောသမျှ အားလုံးကို ယုံကြည်ခဲ့တယ်။ သူ့ရဲ့စံပြစိတ်ကူးတွေ အားလုံးကို ယုံကြည်ခဲ့တယ်။

သူ့ကို ကျောက်စိမ်းဖြူမြို့တော်အတွက် အလုပ်လုပ်ပေးစေချင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အမေက သူ့လွှမ်းမိုးမှုအောက် ရောက်သွားပြီး သူ့နောက်လိုက် ဖြစ်သွားခဲ့တယ်။ အဲဒါကြောင့် အမေ ကိုယ်ဝန်ရခဲ့တာပဲ။ သူ့ကို ကလေးတစ်ယောက် မွေးပေးချင်ခဲ့တယ်။ သူ့ရဲ့လုပ်ငန်းအတွက် ဆက်ခံသူ တစ်ယောက် ရှိစေချင်ခဲ့တယ်။”

ကျန်းလီ လက်ထပ်ပြီးနောက် အချိန်အတော်ကြာသည်အထိ ကလေးမရခဲ့ပေ။ ထိုအချိန်က တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးတွင် ဤကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုများစွာ ရှိခဲ့သည်။ ကျန်းလီ၏စွဲလမ်းမှုနှင့် တစ်ဖက်သတ် ချစ်ခင်မှုသည် ထိုအချိန်တည်းက လူတိုင်းလေးစားရသည့် အရာ ဖြစ်ခဲ့သည်။

တော်ဝင်ချန်အင်ပါယာ၏ဧကရီ ကိုယ်ဝန်မရနိုင်သည့်တိုင် ကျန်းလီသည် စွဲလမ်းနေဆဲ ဖြစ်သည်။ သူသည် အခြားကိုယ်လုပ်တော် ယူရန် စိတ်ကူးမရှိခဲ့ပေ။

ရှမ့်လန်က မေးလိုက်၏။ “အမေရဲ့ စိတ်ကို ဘာကပြောင်းလဲသွားစေတာလဲ။ သူ့အကြောင်း အမှန်တရားကို တွေ့ရှိသွားလို့လား။”

“မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ဘူး။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “သား... အမေ ပြောပြမယ်။ သူလိုလူမျိုးက အမှန်တရား ပေါ်ပေါက်လာမှာ မဟုတ်ဘူး။ သူက ဘက်ပေါင်းစုံမှာ ပြီးပြည့်စုံတယ်။ အမေက သူ့မိန်းမ ဖြစ်နေရင်တောင် သူ့မှာ အပြစ်အနာအဆာ ဘာတစ်ခုမှ မရှိဘူး။”

ရှမ့်လန်က မေးလိုက်၏။ “ဘာဖြစ်ခဲ့တာလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “သူ အမေ့ကို အသုံးချခဲ့တာ။ အမေရဲ့ စိတ်စွမ်းအား လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တယ်။ နဂါးဥကို ခိုးယူပြီး သားဖောက်လိုက်တယ်။ ပြီးတော့ နဂါးနဲ့ စာချုပ် ချုပ်လိုက်တယ်။”

ဤသတင်းသည် ရှမ့်လန်၏စိတ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ သူ ဤအရာကို မမျှော်လင့်ထားခဲ့ပေ။ နဂါးသည် ကျန်းမိသားစု၏ တရားဝင်နဂါးဖြစ်သည်ဟု သူ အမြဲ ထင်မှတ်ခဲ့သည်။ ကျန်းလီသည် နဂါးဥကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟုလည်း သူ ထင်မှတ်ခဲ့သည်။ ကျောက်စိမ်းဖြူမြို့တော်က နဂါးဥကို ရှာတွေ့ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကျန်းလီက သူ့မိခင်ထံမှ ခိုးယူခဲ့ခြင်း ဖြစ်၏။

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “နဂါးတစ်ကောင်က စာချုပ်ချုပ်ပြီးပြီဆိုရင် ပြောင်းလဲလို့ မရတော့ဘူးဆိုတာ မင်း သိပါတယ်။ ငါတို့ သူ့ကို သတ်လို့လည်း မရတော့ဘူး။ ကျောက်စိမ်းဖြူမြို့တော်ရဲ့ စွမ်းအင်အဆင့်အတန်းနဲ့ နဂါးစွမ်းအင် သက်ရှိတစ်ခုကို သတ်ပစ်လို့ မရနိုင်ဘူး။”

ရှမ့်လန်က မေးလိုက်၏။ “အဲဒီအချိန်မှာ ကျောက်စိမ်းဖြူမြို့တော်နဲ့ ကျန်းလီတို့ ရန်သူတွေ ဖြစ်သွားတာလား။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ဖြေလိုက်သည်။ “ဟုတ်တယ်။”

ရှမ့်လန်က မေး၏။ “ဒါကြောင့် အမေက အခွင့်ကောင်းယူပြီး သူ့ကို သတ်လိုက်တာလား။ ဒါပေမဲ့ ထူးဆန်းတယ်။ သူက သိပ်ဉာဏ်ကောင်းတာပဲ။ သတိထားသင့်တာပေါ့။ အမေ တစ်ယောက်တည်းနဲ့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “အမေ တစ်ယောက်တည်း သတ်ခဲ့တာ မဟုတ်ဘူး။ အမေရဲ့ဆရာလည်း ဝိုင်းသတ်ခဲ့တာ။ အဲဒီနောက် အမေရဲ့ဆရာ သေဆုံးသွားတယ်။ ဒါကြောင့် အမေ ကျောက်စိမ်းဖြူမြို့တော်ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာ။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆို သူ နဂါးဥကို ခိုး၊ သားဖောက်ပြီး စာချုပ်ချုပ်လိုက်ကတည်းက သေရမယ်ဆိုတာ သိနေတာပေါ့။ ကျောက်စိမ်းဖြူမြို့တော်တစ်ခုလုံးက သူ့ကို သတ်ပြီး ဧရာမနဂါးကြီးနဲ့ စာချုပ် ဖြတ်တောက်ဖို့ အစွမ်းကုန် ကြိုးစားကြမယ်ဆိုတာ သူ သိနေတာပေါ့။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ဟုတ်တယ်။”

ကျန်းလီသည် ကွေ့ဝူကို နဂါးအား အနောက်ဘက်သို့ ခေါ်သွားခိုင်းပြီး အဆိုးမြင်ကာ မျှော်လင့်ချက်မဲ့သော သေတမ်းစာမျိုး ထားရစ်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ရှမ့်လန်က မေးလိုက်၏။ “အဲဒီနောက်တော့ကော...”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “မီးတောက်မြို့တော်နန်းဆောင်က တားမြစ်မျှော်စင် အောက်မှာ နဂါးကန်တစ်ခု ရှိတယ်ဆိုတာ မင်း သိတယ်မလား။”

ရှမ့်လန်က ပြော၏ “ကျုပ် သိပါတယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ရှေးဟောင်း မဟာနိဗ္ဗာနက လူဖန်တီးထားတဲ့ နဂါးတွေ အားလုံးကို သတ်ပစ်ခဲ့တယ်။ တစ်ကောင်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ အဲဒါက ကျိမိသားစုရဲ့ နဂါးကန်ထဲက နဂါးပဲ။ ဒါပေမဲ့ သူက လုံးဝ သေဆုံးလုနီးပါး ဖြစ်နေပြီ။ သူ့ဝိညာဉ်ထဲမှာ အသက်ငွေ့ငွေ့လေးပဲ ကျန်တော့တယ်။

ကျိမိသားစုက မျိုးဆက်အနည်းငယ်လောက် အချိန်ယူပြီး ဒီနဂါးကန်ကို ပြန်လည်ပြုပြင်ဖို့နဲ့ အဲဒီဧရာမ နဂါးကြီးကို ပြန်လည် ရှင်သန်လာအောင် ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ ကျန်းလီရဲ့ နဂါးက သားပေါက်ပြီး စာချုပ်ချုပ်ပြီးပြီ။ နဂါးချင်းမှပဲ တိုက်ခိုက်လို့ ရမှာ။

ဒါကြောင့် ကျောက်စိမ်းဖြူမြို့တော်က တော်ဝင်ရန်အင်ပါယာနဲ့ ပူးပေါင်းပြီး အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်စေခဲ့တာ။ ငါတို့က နဂါးကန်ကို ပြန်လည် ပြုပြင်ဖို့ ကြီးမားတဲ့ တန်ဖိုး ပေးဆပ်ခဲ့ရတယ်။ ဆယ်စုနှစ်များစွာကြာပြီးနောက် နောက်ဆုံးမှာ ကျိမိသားစုရဲ့နဂါးကို ပြန်လည် ရှင်သန်စေနိုင်ခဲ့တယ်။”

ရှမ့်လန် ရုတ်တရက် ယိုင်နဲ့သွားပြီး မတ်တတ်ပင် မရပ်နိုင်လုနီးပါး ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် သူ့မိခင်၏ စကားများတွင် ပါဝင်သော သတင်းအချက်အလက်များမှာ လွန်စွာ များပြားလွန်း သောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “အမေ... ဘာလို့ အဲဒီတုန်းက ကျုပ်ကို မသတ်ခဲ့တာလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “အမေ ဘယ်လိုလုပ် လုပ်ရက်မှာလဲ။ အမေက မင်းကို မွေးခဲ့တာလေ။ မင်းက အမေရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ အမေ ဘယ်လိုလုပ် လုပ်ရက်မှာလဲ။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို... ဒါဆို... ဘာလို့ ကျုပ်ကို ကျောက်စိမ်းဖြူမြို့တော်ဆီ မခေါ်လာခဲ့တာလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “ကျန်းလီကို သတ်ပြီးနောက် အမေ သတိရတာ စက္ကန့်ဝက်တောင် မပြည့်ဘူး။ မင်းကို မသတ်ဖို့ တွေးတောနိုင်ခဲ့ပေမဲ့ မင်းကို ခေါ်သွားဖို့ အချိန်မရခဲ့ဘူး။

ဒါ့အပြင် အဖြစ်အပျက် ပြီးသွားတဲ့နောက် အရေးကြီးတဲ့ပစ်မှတ်က မင်းမဟုတ်ဘဲ မင်းညီမလေး ကျန်းနင်လို့ အမေ အမြဲထင်ခဲ့တာ။ သူက သိပ်ဉာဏ်ကောင်းပြီး သူ့မျက်လုံးတွေက သိပ်တက်ကြွနေတာကိုး။ မင်း မွေးလာတုန်းက မင်းမျက်လုံးတွေက မှေးမှိန်နေတယ်။ အဲဒါက...”

“ငတုံးလိုမျိုး...” ရှမ့်လန်က ပြောလိုက်သည်။

သူတို့နှစ်ဦး တိတ်ဆိတ်သွားပြန်၏။

အပိုင်း (၁၂၉၆)

ကျောက်စိမ်းဖြူမြို့တော် ဧကရီက မေးလိုက်သည်။ “သား... ကျန်းလီရဲ့ စစ်မှန်တဲ့ တာဝန်ကို အခု သိပြီလား။”

ရှမ့်လန်က ပြောလိုက်၏။ “သိပါပြီ။ သူ မလိမ်ခဲ့ပါဘူး။ ရှေးဟောင်းယဉ်ကျေးမှုကို ဒီလောကမှာ ပြန်လည် ပေါ်ပေါက်လာစေချင်ခဲ့တာ။ ဒါပေမဲ့ ပေးဆပ်ရမဲ့တန်ဖိုးက ဒီလောကရဲ့ လက်ရှိ ယဉ်ကျေးမှုကို ဖျက်ဆီး ပစ်ရမှာ၊ သူက ဒီလောကပေါ်က လူသားအားလုံးကို ပုရွက်ဆိတ်တွေလို သဘောထားခဲ့တာ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “မြေအောက်မှာ မြှုပ်နှံထားတဲ့ ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မင်း တွေ့ခဲ့လား။”

ရှမ့်လန်က ပြောလိုက်၏။ “တွေ့ခဲ့ပါတယ်။ သူတို့ ခန္ဓာကိုယ်တွေက အထူးပစ္စည်းတစ်ခုနဲ့ ထုပ်ပိုးထား သလိုပဲ။ ဖျက်ဆီးလို့ မရနိုင်ဘူး။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ရှေးဟောင်းလောက မဟာနိဗ္ဗာနခေတ်က မရေမတွက်နိုင်တဲ့ လူတွေက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြပေမဲ့ မဟာနိဗ္ဗာနကို ကယ်တင်လို့လည်း မရ၊ တားဆီးလို့လည်း မရခဲ့ဘူး။

ဒါကြောင့် အရမ်း ဉာဏ်ကောင်းတဲ့ လူတစ်ယောက်က ငရဲသလင်းကျောက်ကို ဆယ်စုနှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ခဲ့တယ်။ လူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ခွဲခြားခြင်းကို သုတေသန ပြုလုပ်ခဲ့တယ်။ မရေမတွက်နိုင်တဲ့ ရှေးဟောင်းလူသားတွေရဲ့ ဝိညာဉ်တွေကို ထုတ်ယူပြီး ငရဲသလင်းကျောက်ထဲ ထည့်သွင်း ခဲ့တယ်။

မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေနဲ့ နဂါးဥတွေကို အာကာသယာဉ်တစ်စင်းထဲ ထည့်ပြီး ဝေးလံတဲ့ အာကာသထဲ လွှတ်တင်လိုက်တယ်။ အဲလိုနဲ့ ရှေးဟောင်းခေတ် မဟာနိဗ္ဗာနကို ရှောင်ရှားနိုင်ခဲ့တယ်။ အဲဒီ အာကာသယာဉ်က မီးနဂါးကြယ်တံခွန်ပဲ။

မီးနဂါးကြယ်တံခွန်က ဒီလောကကောင်းကင်ကို ဖြတ်သန်းသွားတိုင်း ကွဲထွက်ပြီး အစိတ်အပိုင်းတွေ ပြုတ်ကျတတ်တယ်။ အရေးကြီးတဲ့အရာတွေကို အသုတ်လိုက် ဒီလောကဆီ ပို့ဆောင်ပေးနေတာပဲ။ အရေးအကြီးဆုံးအရာကတော့ ဧရာမ ငရဲသလင်းကျောက်ကြီးပဲ။ သူ့ထဲမှာ မရေမတွက်နိုင်တဲ့ ရှေးဟောင်းလူသားတွေ ရဲ့ ဝိညာဉ်တွေ ပါဝင်ပြီး တိုက်ကြီးရဲ့ မြောက်ဘက်စွန်းကို ဝင်တိုက်ခဲ့တာပဲ။

ဒါပေမဲ့ ဝိညာဉ်သက်သက်နဲ့ မလုံလောက်ဘူး။ ခန္ဓာကိုယ်လည်း လိုအပ်တယ်။ အစွမ်းထက်တဲ့ စွမ်းအင် ခန္ဓာကိုယ်ပေါ့။ သား... မင်း အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက် ခဲ့တယ်နော်။ မင်း ဘာတွေ သင်ယူခဲ့ရလဲ။” ကျောက်စိမ်းဖြူမြို့တော် ဧကရီက မေးလိုက်သည်။

ရှမ့်လန်က ဖြေ၏။ “ဒြပ်နဲ့ စွမ်းအင် ပြောင်းလဲခြင်းပါ။ ဝိညာဉ်ရှိနေသရွေ့ ခန္ဓာကိုယ်ကို စွမ်းအင်၊ ဒြပ်ပစ္စည်းတွေနဲ့ ပြန်လည် တည်ဆောက်လို့ ရပါတယ်။ ကျုပ် အလယ်အလတ်အဆင့် နဂါးဉာဏ် အလင်းပွင့်ခြင်း ပြီးမြောက်ပြီးနောက် ဧရာမနဂါးတွေက ဒါကို အသုံးပြုပြီး သူတို့ ခန္ဓာကိုယ်တွေကို ပြန်လည် တည်ဆောက်ခဲ့ကြတယ်။ စွမ်းအင်နဲ့ ဒြပ်ပစ္စည်း လုံလောက်ရင် သူတို့က နှစ်ဝက်အတွင်းမှာပဲ သိပ်အစွမ်းထက်လာကြတယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ဒါဆို... ဒီလောကမှာ ဒြပ်နဲ့ စွမ်းအင် အများဆုံး ဘယ်နေရာမှာ ရှိလဲ။”

ရှမ့်လန်က ဖြေ၏။ “ကမ္ဘာ့မြေလွှာထဲမှာ မရေမတွက်နိုင်တဲ့ ဒြပ်စင်တွေ ရှိတယ်။ ပြီးတော့ ပွက်ပွက်ဆူနေတဲ့ ချော်ရည်တွေ ရှိတယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ဒါကြောင့် ငရဲသလင်းကျောက်က တိုက်ကြီးရဲ့ မြောက်ဘက်စွန်းက စွမ်းအင်နဲ့ ဒြပ်ပစ္စည်းတွေကို မပြတ်တမ်း ဝါးမျိုပြီး အေးခဲစေခဲ့တာပဲ။ အပူချိန်ကို လျော့ကျစေပြီး ရေခဲတွေ ဖြစ်ပေါ်စေတာ။ ဒါကို တားဆီးဖို့ ငါတို့က စွမ်းအင်အတားအဆီးတစ်ခု တည်ဆောက်ခဲ့တယ်။ ဒီစွမ်းအင်အတားအဆီးက မြေပြင်ပေါ်မှာ တစ်ဝက်ပဲ ရှိတယ်လို့ မင်း မြင်ရလိမ့်မယ်။ တကယ်တော့ သူက အရာအားလုံးကို ကာရံထားတဲ့ စက်ဝိုင်းအပြည့်ပါပဲ။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ဒီအမိုးခုံးရဲ့ ထောက်တိုင်က ဘာလဲ။ ဘာနဲ့ ထိန်းသိမ်းထားတာလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ငါတို့ရဲ့ စွမ်းအင်နဲ့ အသက်တွေ အားလုံးပဲ။”

ရှမ့်လန်က မေးလိုက်မိ၏။ “ဒါဆို... အမေတို့က ဘယ်သူတွေလဲ။ ဘယ်လိုလုပ် ဒါကို လုပ်နိုင်တာလဲ။ ဘာလို့ ဒီရာထူးကို ထိန်းသိမ်းထားတာလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ဖြေသည်။ “ဒါက သိပ်ဝေးကွာပြီး သိပ်ရှုပ်ထွေးလွန်းပါတယ်။ ပြီးတော့ ဒါက အရေးအကြီးဆုံး အကြောင်းရင်း မဟုတ်ပါဘူး။ နောက်ဆုံးအကြောင်းရင်းကို အခု အမေ မင်းကို ပြောပြလို့ မရသေးဘူး။ ပြောပြလိုက်ရင် ကပ်ဘေးသင့်ပြီး မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး။”

ဤစကားများသည် ရှမ့်လန်ကို တစ်ဖန် ပြင်းထန်စွာ တုန်လှုပ်သွားရပြန်၏။

ရှမ့်လန်က မေးလိုက်သည်။ “နောက်ထပ် ကပ်ဘေးက ဘယ်လို ဖြစ်လာမှာလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “အပြင်ဘက်က နှင်းတွေကို မင်း မြင်လား။”

ရှမ့်လန်က ဖြေလိုက်သည်။ “မြင်ပါတယ်။ လေထုက ရေခဲနဲ့ နှင်းအဖြစ် အေးခဲသွားပြီ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “အမိုးခုံးမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီ။ ငါတို့ ဆက် မထိန်းထားနိုင်တော့ဘူး။ ဒါကြောင့် သူတို့က ငါတို့ကို ဆက်လက် ဝါးမျိုနေတယ်။ ငါတို့ သူတို့ကို မတားဆီးနိုင်ဘူး။”

ရှမ့်လန်က မေးလိုက်သည်။ “အက်ကွဲကြောင်း ပေါ်လာတာက နဂါးနှစ်ကောင်ရဲ့ ပြင်းထန်တဲ့ တိုက်မိမှုကြောင့်လား။ နဂါးနှစ်ကောင်ရဲ့ နောက်ဆုံးတိုက်ပွဲကြောင့်လား။ အဲဒီအခိုက်အတန့်က စွမ်းအင် အမိုးခုံးကို ဆုတ်ဖြဲလိုက်တာလား။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “ငါ့သား... ကျေးဇူးပြုပြီး အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဒီအရာအားလုံးက မင်းကြောင့်ဖြစ်ရတာလို့ မတွေးပါနဲ့။ ဘာလို့လဲဆိုတော့ နဂါးနှစ်ကောင် မတိုက်မိရင်တောင် ဒီနေ့ရက်က နောက်ကျတာနဲ့ စောတာပဲ ရှိမယ်။ ရောက်ကို ရောက်လာမှာပါ။ ငါတို့ရဲ့ စွမ်းအင်က အကန့်အသတ် ရှိတယ်။ တစ်နေ့ကျရင် ကုန်ခမ်းသွားမှာပဲ။ အဲဒီအချိန်ကျရင် ငါတို့ သူတို့ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “အမေမှာ ဒီအရာအားလုံးကို တားဆီးဖို့ အခွင့်အရေး ရှိခဲ့တယ် မဟုတ်လား။ ကျုပ်ကို သတ်လိုက်ရင် တားဆီးနိုင်ခဲ့မှာပဲ။ ကျုပ်ကို သတ်လိုက်ရင် ဒီအရာတွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “အမေ ဘယ်လို ပြောရမလဲ မသိဘူး။ တကယ် မသိဘူး။ ဒါကြောင့် တော်ဝင်ရန်အင်ပါယာ မင်းကို သတ်ဖို့ ကြိုးစားတုန်းက ကျောက်စိမ်းဖြူမြို့တော်အနေနဲ့ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ တားဆီးသင့်သလား။ ဒါမှမဟုတ် ကျိမိသားစု မင်းကိုသတ်တာ ဝင်ကူညီပေးသင့်လား။

ဒါပေမဲ့ အခုတော့ အမေ စဉ်းစားပြီးပါပြီ။ မင်း ပြောတာ မှန်တယ်။ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ ထားလိုက်မှ ပြန်လည်မွေးဖွားလာမှာ၊ ပျက်စီးခြင်းက မျှော်လင့်ချက်ပဲ။ မရေမတွက်နိုင်တဲ့ လူတွေရဲ့ မျက်လုံးထဲမှာ မင်းက ပျက်စီးခြင်းရဲ့ သင်္ကေတ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ အမေကတော့ အခု မျှော်လင့်ချက်ကို မြင်နေရပြီ။”

ရှမ့်လန်က ပြောလိုက်၏။ “အမေက ပြိုလဲလုနီးပါး ဖြစ်နေလို့လား။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ဟုတ်တယ်။ အမိုးခုံး မပြိုကျအောင် အမေ အစွမ်းကုန် ကြိုးစားနေရတယ်။ စွမ်းအင်အားလုံးကို အသုံးပြုထားရလို့ ဘာတုံ့ပြန်မှုမှ မပြရဲဘူး။”

မူလန် မိစ္ဆာတြိဂံနယ်မြေထဲသို့ ဝင်ရောက်စကဲ့သို့ပင်။ သူမသည် ဝိညာဉ်စွမ်းအား အားလုံးကို ကုန်ခမ်းအောင် အသုံးပြုခဲ့ရသည်။

ရှမ့်လန်က မေးလိုက်၏။ “နောက်ဆက်တွဲ ဘာဖြစ်လာမလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “နောက်ဆက်တွဲ သူတို့က လောကစွမ်းအင် တစ်ဝက်ကို ဝါးမျိုလိမ့်မယ်။ ပြီးရင် ပေါက်ကွဲထွက်လာမယ်။ မရေမတွက်နိုင်တဲ့ ရှေးဟောင်းလူသားတွေက သိပ်ထူးဆန်းတဲ့အခြေအနေနဲ့ ပြန်လည် ရှင်သန်လာလိမ့်မယ်။ သူတို့က မိစ္ဆာတွေနဲ့တောင် တူနေပြီ။ ဒီလောကရဲ့ လက်ရှိ ယဉ်ကျေးမှုက ပျက်စီးသွားလိမ့်မယ်။”

ကျန်းလီ၏ လွှမ်းမိုးမှုအောက်တွင် လူတိုင်းက ရှေးဟောင်းအင်ပါယာသည် အစွမ်းထက်ပြီး လှပသည်ဟု ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ရှေးဟောင်းယဉ်ကျေးမှုကို ရယူပြီး ဤလောက၏ ယဉ်ကျေးမှု အဆင့်အတန်းကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်ငြား ရှေးဟောင်းယဉ်ကျေးမှု ပြန်လည် ရောက်ရှိလာချိန်တွင် သူတို့အားလုံး သေဆုံးလုနီးပါး ဖြစ်ကြပေလိမ့်မည်။

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ရှေးဟောင်း အပျက်အစီးတွေထဲက မရေမတွက်နိုင်တဲ့ ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မင်း မြင်လိမ့်မယ်။ သူတို့အားလုံး နိုးထလာပြီး သိပ်အစွမ်းထက်တဲ့ ရုပ်သေးစစ်သည်တွေ ဖြစ်လာကြလိမ့်မယ်။

ဒါကြောင့် သူတို့ ပြန်ရောက်လာတဲ့အခါ မှတ်တမ်းတွေထဲက ရှေးဟောင်းယဉ်ကျေးမှု မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ပျက်စီးသွားသင့်ပေမဲ့ မပျက်စီးခဲ့လို့ပဲ။ ဒါက ငရဲကနေ ပြန်လည် မွေးဖွားလာခြင်း တစ်မျိုးပဲ။ သူတို့ ပြန်လာတဲ့အခါ ဘယ်လို အခြေအနေ ရှိနေမလဲ။ သူတို့မှာ ပုံမှန် လူသားခန္ဓာကိုယ် ရှိမှာ မဟုတ်ဘူး။ အားလုံးက စွမ်းအင်ခန္ဓာကိုယ်တွေ ဖြစ်လာကြလိမ့်မယ်။ သူတို့က မကြုံစဖူး အစွမ်းထက် လာပေမဲ့ မကြုံစဖူး အေးစက်နေလိမ့်မယ်။”

သူတို့သည် အသားနှင့် သွေး ခန္ဓာကိုယ်များကို ဆုံးရှုံးပြီး စွမ်းအင်ခန္ဓာကိုယ်များ ဖြစ်လာကြပေလိမ့်မည်။ ဤအရာကို တစ်ချိန်က ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းတစ်ခု အဖြစ် ရှုမြင်ခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် လူသားဝိညာဉ်သည် အလွန် ရှည်ကြာနိုင်သော်လည်း ခန္ဓာကိုယ်ကမူ မရှည်ကြာနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် လက်ရှိ လောကမြေတွင်ပင် ဤကဲ့သို့သော အယူအဆ ရှိနေခဲ့သည်။ လူသား ဦးနှောက်နှင့် စက်ရုပ် ခန္ဓာကိုယ် ၊ ဝိညာဉ်သည် ထာဝရ တည်မြဲနေမည် ဖြစ်သော်လည်း ခန္ဓာကိုယ်ကိုမူ မပြတ်တမ်း ပြောင်းလဲ နိုင်သည်။ စွမ်းအင်ခန္ဓာကိုယ်သည် စက်ရုပ်ထက် ပိုမို မြင့်မားသောအခြေအနေ ဖြစ်သည်။ ဤသည်မှာ နဂါး၏ စွမ်းအင် အခြေအနေလည်း ဖြစ်သည်။

“ဒါက မင်းအဖေ ကျန်းလီရဲ့ အိပ်မက်ပဲ။ သူက ရှေးဟောင်းယဉ်ကျေးမှု ပြန်လည်မွေးဖွားဖို့အတွက် လောကတစ်ဝက်ကို ဝါးမျိုပြီး ယဉ်ကျေးမှုအားလုံးကို ဖျက်ဆီးချင်ခဲ့တာ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ငါ့သား... ကျန်းလီရဲ့ခန္ဓာကိုယ်ထဲက ဝိညာဉ်က ဘယ်သူလဲဆိုတာ မင်း သိလား။”

ရှမ့်လန် တုန်ယင်သွားခဲ့သည်။ “အိမ်ရှေ့စံကျန်းရှဲ့... ရှေးဟောင်း အရှေ့တိုင်းအင်ပါယာရဲ့ အိမ်ရှေ့စံ၊ အရှေ့ အင်ပါယာကို သစ္စာဖောက်ပြီး ပျောက်ဆုံးအင်ပါယာနဲ့ ပူးပေါင်းခဲ့သူ၊ သူက ရှေးဟောင်းကျန်းမိသားစုရဲ့ နောက်ဆုံး အိမ်ရှေ့စံနဲ့ ရှေးဟောင်း အရှေ့တိုင်းအင်ပါယာရဲ့ ဉာဏ်အကောင်းဆုံး လူပဲ။”

“ဟုတ်တယ်။ သူပဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “သား... မင်းက အမေ့ထက် အများကြီး ပို ဉာဏ်ကောင်းတာပဲ။ အမေက မကြာသေးခင်ကမှ ဒါကို သိခဲ့တာ။ ဒါပေမဲ့ မင်းက အခု သိနေပြီ။ ငါတို့ ဘာလို့ အရှေ့တိုင်းအင်ပါယာကို သစ္စာဖောက်ခဲ့လဲ သိလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ရှေးဟောင်းအရှေ့တိုင်းအင်ပါယာရဲ့ မဟာဗျူဟာ လျှို့ဝှက်ချက်တွေကို မီဒူဆာ ဧကရီဆီ ရောင်းစားခဲ့တယ်။ ပြီးတော့ ရှေးဟောင်းနဂါးကန်ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း မီဒူဆာ ဧကရီဆီ ရောင်းစားခဲ့တယ်။ ဒါအပြင် ယူရေနီယမ် လက်နက်တွေအကြောင်း ရှာဖွေတွေ့ရှိအောင် ကူညီပေးပြီး မြေပြင်ပေါ်က ရှေးဟောင်း နဂါးကန်ကို ဖျက်ဆီးခဲ့တယ်။

နောက်ဆုံးကျတော့ သူ့မှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ အဲဒါက ဘုရင်မ မီဒူဆာရဲ့ စိတ်စွမ်းအားကို ခိုးယူဖို့ပဲ။ ဘာလို့လဲဆိုတော့ ဘုရင်မမီဒူဆာရဲ့ စိတ်စွမ်းအားက လူသားတွေကြားမှာ ပြိုင်ဘက်ကင်း ဖြစ်နေလို့ပဲ။ သူက တစ်ချက်ကြည့်ရုံနဲ့ လူတစ်ယောက်ကို ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားအောင် လုပ်နိုင်တယ်။ အိမ်ရှေ့စံကျန်းရှဲ့က မဟာနိဗ္ဗာနပျက်စီးခြင်းကြီးကို ရှောင်လွှဲဖို့ လူသားအင်ပါယာ ပြန်လာနိုင်ဖို့ အစွမ်းထက်တဲ့ စိတ်စွမ်းအား လိုအပ်တယ်လို့ ခံစားခဲ့ရမယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “အမေ မမှားဘူးဆိုရင် ငရဲသလင်းကျောက်နဲ့ ဝိညာဉ်ထုတ်ယူခြင်း နည်းလမ်းတွေအားလုံးက ဘုရင်မ မီဒူဆာဆီက လာတာပဲ။ ရှေးဟောင်း အရှေ့ အင်ပါယာက အိပ်မက်ဆိုးကျောက်တုံးယဉ်ကျေးမှုမှာ သိပ်တိုးတက်ခဲ့ပေမဲ့ စိတ်စွမ်းအားပိုင်းမှာတော့ အများကြီး နောက်ကျကျန်နေခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက် အောင်မြင်ပြီးနောက် သူ့နည်းသူ့ဟန်နဲ့ လက်တုံ့ပြန်ပြီး ဘုရင်မ မီဒူဆာကို ကြီးမားတဲ့ ကျောက်တုံးကြီး ဖြစ်အောင် လုပ်ပစ်ခဲ့တယ်။”

သစ္စာဖောက်ခြင်း... ဤသည်မှာ အကြီးမားဆုံး သစ္စာဖောက်ခြင်း ဖြစ်သည်။

အိမ်ရှေ့စံ ကျန်းရှဲ့သည် ဘုရင်မမီဒူဆာ၏ အချစ်ကို သစ္စာဖောက်ပြီး သူမ၏ ပျောက်ဆုံးအင်ပါယာကို ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ထိုဧရာမရုပ်တုကြီးသည် ရုပ်ထုအစစ် မဟုတ်ပေ။ ဘုရင်မ မီဒူဆာ၏ စစ်မှန်သော ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်၏။

ထို့ကြောင့် သူမ၏ မျက်လုံးများက သိပ်အသက်ဝင်နေပြီး မရေမတွက်နိုင်သော မှတ်ဉာဏ်များကို မပြတ်တမ်း ထုတ်လွှတ်နေခြင်း ဖြစ်ပေမည်။

ရှမ့်လန် အမြဲတမ်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ အိမ်ရှေ့စံ ကျန်းရှဲ့ ဘာကြောင့် ဤသို့ ပြုလုပ်ခဲ့သနည်း။

အဘယ့်ကြောင့် ရှေးဟောင်း အရှေ့တိုင်းအင်ပါယာကို သစ္စာဖောက်ခဲ့သနည်း။ ဤအကြောင်းကြောင့် ကျန်းမိသားစု သည် တော်ဝင်မိသားစုကို ဆုံးရှုံးခဲ့ရသည်။ သို့သော်ငြား သူသည် အမှန်တကယ် အကျဉ်းချခံရခြင်း မရှိကြောင်း ထင်ရှားသည်။

ထိုသို့ဆိုလျှင် ရှေးဟောင်းထောင်ထဲမှ အိမ်ရှေ့စံ ကျန်းရှဲ့သည် မည်သူနည်း။ သူ့ကိုယ်ပွား ဖြစ်နေသည်လား။

အိမ်ရှေ့စံကျန်းရှဲ့... ထိုသူ့ကို ဘယ်လို ခေါ်သင့်သနည်း။ စစ်မှန်သော မျိုးချစ်ပုဂ္ဂိုဟ်လား။ ရှေးဟောင်းအင်ပါယာ၏ ကယ်တင်ရှင်လား။ ရှေးဟောင်း လူသားယဉ်ကျေးမှု၏ ကယ်တင်ရှင်လား။

သို့မဟုတ် လုံးဝ ပြီးပြည့်စုံသော မိစ္ဆာတစ်ကောင်လား။

ရှမ့်လန် တုန်ယင်သွားခဲ့သည်။ “အမေ... ဒါကို ကယ်တင်ဖို့ နည်းလမ်း ရှိသေးလား။ ဒီအခြေအနေကို ကယ်တင်လို့ ရနိုင်သေးလား။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြော၏။ “ငါ့သား... မရတော့ဘူး။ မဖြစ်နိုင်တော့ဘူး။”

ရှမ့်လန်က ပြောသည်။ “ဘာလို့လဲ... သူ တကယ် မသေခဲ့လို့လား။ အဲဒီတုန်းက အမေ သူ့ကို သတ်ခဲ့ပေမဲ့ သူ့ဝိညာဉ်ကို လုံးဝ မဖျက်ဆီးနိုင်ခဲ့ဘူး မဟုတ်လား။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ဖြေ၏။ “ဟုတ်တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီတုန်းက... သူ့ဝိညာဉ်က ကျုပ် ဦးနှောက်ထဲမှာ ပုန်းအောင်းနေခဲ့တာ။ ဒါကြောင့် ကျုပ် မွေးလာတုန်းက ငတုံးတစ်ယောက်လို ဖြစ်နေခဲ့တာက ကျုပ်ဦးနှောက်ကို သူ့ဝိညာဉ်က တိုက်ခိုက်ခဲ့လို့ မဟုတ်လား။”

“ငါ့သား... မင်း သိပ်ဉာဏ်ကောင်းလွန်းလို့ အမေ လန့်တောင် လန့်သွားတယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီသည် မျက်ရည်များ စီးကျလာခဲ့သည်။ “ဟုတ်တယ်။ သူ့ဝိညာဉ်က သိပ်သန်မာတာ မင်း သိပါတယ်။ ငါတို့ သူ့ကို သတ်လိုက်တဲ့အခိုက်အတန့်မှာ သူက အမေ ဗိုက်ထဲက ကလေး ... မင်းရဲ့ ဦးနှောက်ထဲကို ဝင်သွားခဲ့တယ်။

ဒါပေမဲ့ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေလို့ ဘယ်သူမှ မသိခဲ့ကြဘူး။ သူက ထောင့်ကျဉ်းလေး တစ်နေရာမှာ ပုန်းအောင်းပြီး လုံးဝ ပိတ်လှောင်ထားလို့ ဘာမှ မခံစားရဘူး။ ဒါပေမဲ့ ငါတို့ သူ့ကို ဖျက်ဆီးလို့ မရဘူး။ မကြာသေးခင်ကမှ ငါ့တို့ သူ့ကို တွေ့ခဲ့တာ။”

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေအနှစ်သည် ရှမ့်လန်၏ ဦးနှောက် တစ်ဝက်ကို သိမ်းပိုက် ထားသော်လည်း လုံးဝ ပိတ်ဆို့ခံထားရခြင်းမှာ အဘယ်ကြောင့်ဖြစ်ကြောင်း ယခု ရှမ့်လန် နားလည်လိုက်ပြီ ဖြစ်သည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် ရှမ့်လန်ကို မမြင်စေချင်၍ မဟုတ်ဘဲ သူ့ဦးနှောက်ထဲမှ အခြားဝိညာဉ်ကို မမြင်စေချင်သောကြောင့် ဖြစ်သည်။

ရှမ့်လန်က မေးလိုက်၏။ “ဒါဆို... ဒါဆို သူက ကျုပ် ကြုံတွေ့ခဲ့သမျှ အရာအားလုံးကို မြင်နိုင်လား။”

“မမြင်နိုင်ပါဘူး။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “ဒါကြောင့် အတိတ်က မင်းဟာ ပြီးပြည့်စုံတဲ့ မင်းပါပဲ။ သူက ပိတ်လှောင်ထားပြီး ဖွင့်မထားဘူး။ ဘာလို့လဲဆိုတော့ သူ့ဝိညာဉ် နိုးထလာတာနဲ့ မင်း ချက်ချင်း သိသွားမှာကိုး... အနည်းဆုံးတော့ အခုချိန်ထိ သူ မဖွင့်ရသေးဘူး။”

ထိုအချိန်မှာပဲ ရှမ့်လန်သည် ရုတ်တရက် ခေါင်းထဲတွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားခဲ့သည်။ ထို့နောက် သူ့ခေါင်းသည် ထက်ပိုင်း ကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။

ထို့နောက် ကြီးမားသော အရိပ်မည်းကြီးတစ်ခုသည် ရှမ့်လန်၏ ဦးနှောက်ထဲမှ ရုတ်တရက် ကြီးထွားလာပြီး ရှမ့်လန် ဦးနှောက်ထဲရှိ အခြားနေရာများကို သိမ်းပိုက်လုနီးပါး ဖြစ်လ,သည်။ ကြောက်မက်ဖွယ် ဝိညာဉ်တစ်ခု နိုးထလာခဲ့၏။

“ရှမ့်လန်... ငါ့သား... ငါ့သား...”

အလွန် နက်ရှိုင်းသော အသံတစ်သံသည် ရှမ့်လန်၏ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်သွားသည်။

… …

All Chapters