← Chapters

အခန်း (၁၂၉၇-၁၂၉၈)

Vol. 74 Ch. 1297-1298

အခန်း (၁၂၉၇-၁၂၉၈)

Vol. 74 Ch. 1297-1298

အပိုင်း (၁၂၉၇)

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို ကျုပ် ခင်ဗျားကို အင်ပါယာကျန်းလီလို့ ခေါ်ရမလား။ ကျန်းရှဲ့လို့ ခေါ်ရမလား။”

တစ်ဖက်လူက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ပြန်ဖြေ၏။ “ကျန်းလီလို့ ခေါ်ပါ။ ‘လီ’ ဆိုတာ ‘စွန့်ပစ်ခြင်း’ လို့ အဓိပ္ပာယ်ရတယ်။”

ထိုစကားကို ကြားချိန်မှာတော့ ရှမ့်လန် ဆက်လက် စကားပြောဆိုလိုစိတ် မရှိတော့ချေ။ အဘယ်ကြောင့် ဆိုသော် မိမိကိုယ်မိမိ ဤကဲ့သို့ လှောင်ပြောင်ရဲသူ တစ်ယောက်သည် နှလုံးသားကို အတိုင်းအတာတစ်ခုအထိ မာကျောအောင် တည်ဆောက်ထားပြီးဖြစ်၍ပင်။ ရင်ကွမ်း၏ သစ္စာဖောက်မှုနှင့် ကွေ့ဝူ၏ သစ္စာဖောက်မှုတို့ကို ဘာမှမခံစားရဘဲ ပြဇာတ်တစ်ပုဒ် ကြည့်နေရသကဲ့သို့ သဘောထားခဲ့သည်ဟု ဆိုနိုင်သည်။

ရှမ့်လန်က မေးလိုက်၏။ “ရင်ကွမ်းက ကျန်းမိသားစုတစ်ခုလုံးကို သတ်ဖြတ်တုန်းက ခင်ဗျား ဘာမှ မခံစားရဘူးလား။”

ကျန်းလီက ဖြေသည်။ “အကယ်၍ ကောင်းကင်ဘုံမှာသာ ခံစားချက်ရှိခဲ့ရင် ကောင်းကင်ဘုံလည်း အိုမင်းသွားမှာပေါ့။”

ရှမ့်လန် တိတ်ဆိတ်သွားပြန်သည်။ သူ၏ ဖခင်ကျန်းလီနှင့် ဤကဲ့သို့သော အခြေအနေမျိုး၊ ဤကဲ့သို့သော အေးစက်သည့် ပုံစံမျိုးဖြင့် တွေ့ဆုံရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

နောက်တစ်ခဏတွင် ရှမ့်လန်က ထပ်မံ မေးလိုက်၏။ “ခင်ဗျားက ကျုပ်ဦးနှောက်ထဲမှာ ပုန်းအောင်းနေတာ ကြာပြီဆိုရင် ဘာလို့ စောစောစီးစီး ကိုယ်ထင်မပြတာလဲ၊ ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ခင်ဗျားရဲ့ ကြီးကျယ်တဲ့ အလုပ်ကို ဘာလို့ မလုပ်ခဲ့တာလဲ။”

ကျန်းလီက ရယ်မောလိုက်သည်။ “ဟား ဟား...”

သူ၏ တုံ့ပြန်မှုမှာ အေးစက်ပြီး ဂရုမစိုက်သည့် ပုံစံအတိုင်းပင်။

သို့သော်ငြား ရှမ့်လန်သည် အကြောင်းရင်းကို အကြမ်းဖျင်း သိရှိနေခဲ့သည်။ ကျောက်စိမ်းဖြူမြို့တော်က ကျန်းလီကို သတ်ဖြတ်လိုက်ချိန်တွင် ကျန်းလီသည် ပြန်လည်တိုက်ခိုက်ရုံသာမက မသေဆုံးမီ သူ၏ ဝိညာဉ်ကို ရှမ့်လန်၏ ဦးနှောက်ထဲသို့ ဝင်ရောက် ခိုလှုံစေခဲ့သည်။ သို့သော်ငြား ထိုအချိန်က ရှမ့်လန်သည် မိခင်ဝမ်းထဲ၌ ရှိနေဆဲ ဖြစ်သည်။

ထိုနေရာသည် သာမန်လောကဖြစ်ပြီး သရဲမြို့တော် မဟုတ်သလို ဝိညာဉ်ကို ကာကွယ်ပေးမည့် ငရဲသလင်းကျောက်လည်း မရှိချေ။ ထို့ကြောင့် ဝိညာဉ် ထွက်ပြေးလာသည့် ခဏတွင် အများစုမှာ ပျောက်ကွယ်သွားခဲ့ရသည်။ ကျန်ရစ်သော ဝိညာဉ်မှာ အလွန် အားနည်းနေသော်လည်း အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းရန် လုံလောက်နေခဲ့၏။

ကျန်းလီ၏ဝိညာဉ်သည် ရှမ့်လန်ဦးနှောက်၏ ထောင့်တစ်နေရာတွင် အချိန်အကြာကြီး ကွေးကွေးလေး ပုန်းအောင်းနေခဲ့သည်။ အလွန်အားနည်းသော အနေအထားတွင်သာ ရှိနေခဲ့သည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေအနှစ်ကို လက်ခံရရှိချိန်မှသာ အခြေအနေ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ရှမ့်လန်၏ဦးနှောက်သည် လုံးဝ ဗလာဖြစ်နေပြီး စိတ်စွမ်းအား အမြောက်အမြား စီးဝင်လာခဲ့သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ကျန်းလီ၏ ဝိညာဉ်သည် ပထမဆုံးအကြိမ် စိတ်စွမ်းအား ဖြည့်တင်းမှုကို ရရှိခဲ့သည်။ ထိုအချိန်တွင် သူ နိုးထလာပြီး ရှမ့်လန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့ပေသည်။ သို့သော်ငြား ရှမ့်လန်၏ ဦးနှောက်ထဲတွင် အခြားအစွမ်းထက်သော ဝိညာဉ်တစ်ခု ရှိနေသောကြောင့် သူ မလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုဝိညာဉ်မှာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဖြစ်သည်။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ ရှမ့်လန်က သူ ထင်ထားသည်ထက် များစွာ ပိုမို ထူးချွန်ကြောင်း ကျန်းလီ တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။ တစ်ချို့ကိစ္စများကို ရှမ့်လန်သာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့လျှင် ပိုမို ပြီးပြည့်စုံသွားနိုင်၏။

သေချာသည်မှာ နောက်ဆုံးတွင် သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်ကို သတိထားနေဆဲ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုဝိညာဉ်ကို သူ လုံးဝ စိုးရွံ့မိသည်။

ထို့နောက် ရှမ့်လန်သည် ဧရာမနဂါးကြီးနှင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီး အလယ်အလတ်အဆင့် နဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ကာ ပိရမစ်မှ မဟာပညာရှင် ၁၃ ဦး၏ ဝိညာဉ်အမွေအနှစ်ကို လက်ခံ ရရှိခဲ့၏။

ထိုမျှမကသေးချေ။ ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေသို့ သွားရောက်ကာ ဘုရင်မမီဒူဆာ၏ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကိုလည်း လက်ခံရရှိခဲ့သည်။ ဤကာလအတွင်း ရှမ့်လန်၏ ဝိညာဉ်သည် မပြတ်တမ်း ပြောင်းလဲ တိုးတက်နေပြီး ပြိုင်ဘက်ကင်း အစွမ်းထက်လာခဲ့သည်။

ထို့ကြောင့် ကျန်းလီသည် လုံးဝ မလှုပ်ရှားခဲ့ပေ။ သူသည် ရှမ့်လန်၏ ဦးနှောက် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေဆဲ ဖြစ်သည်။ သူသည် အလွန် သတိကြီးသော လူတစ်ယောက် ဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်း မသေချာသရွေ့ သူ၏ ဝိညာဉ်ကို လုံးဝ ထုတ်ပြမည် မဟုတ်ချေ။

ယခုမူ သူ ကိုယ်ထင်ပြလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် သူ၏ အိမ်ကွင်း ဖြစ်နေသောကြောင့်ပင်။ မြောက်ဘက်စွန်းတိုက်ကြီးကို မရေမတွက်နိုင်သော ရှေးဟောင်းဝိညာဉ်များက သိမ်းပိုက် ဝါးမျိုထားကြပြီး ဖြစ်၏။

ဤနေရာတွင် ကျန်းလီက အမြင့်မြတ်ဆုံး အထွတ်အထိပ် ဘုရင်တစ်ပါးနှင့် တူလှသည်။

မူလက ရှမ့်လန်တွင် ပြောစရာ စကားများစွာ ရှိနေခဲ့သည်။ ဥပမာ - ‘ခင်ဗျား လောကသူ လောကသားတွေနဲ့ ထိုက်တန်ရဲ့လား။ နင်ယွမ်ရှန်းနဲ့ ထိုက်တန်ရဲ့လား။ မင်းသားကျင်းတို့နဲ့ကော ထိုက်တန်ရဲ့လား။ ခင်ဗျားအတွက် လူဘယ်နှစ်ယောက် သွေးမြေကျပြီး အသက်ပေးခဲ့ရသလဲ။ လူဘယ်နှစ်ယောက် စတေးခံခဲ့ရသလဲ။ လူဘယ်နှစ်ယောက် ငိုကြွေးခဲ့ရသလဲ။ နောက်ဆုံးကျတော့ ခင်ဗျားက လိမ်ညာ လှည့်ဖြားသူ သတ်သတ်ပဲ။ ခင်ဗျားက စစ်မှန်တဲ့ လူလိမ်တစ်ယောက်။ ခင်ဗျား လောကကြီးတစ်ခုလုံးကို လိမ်ညာခဲ့တာ။’

“ကျုပ်နာမည်က ကျန်းလီ... ‘လီ’ ဆိုတာ စွန့်ပစ်ခြင်း လို့ အဓိပ္ပာယ်ရတယ်။” ကျန်းလီက ထပ်ပြောလိုက်သည်။ သူ၏ လေသံမှာ ပိုမို လှောင်ပြောင်သရော်သည့် ပုံစံ ပေါက်နေခဲ့၏။

သို့သော်ငြား ဤတစ်ကြိမ်တွင် ရှမ့်လန် နားလည်လိုက်သည်။ လူများစွာက သူ့ကို သစ္စာဖောက်ခဲ့ခြင်းကို ဆိုလိုသည် မဟုတ်ဘဲ သူက လောကကြီးတစ်ခုလုံးကို သစ္စာဖောက်ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ရှမ့်လန်က မေးလိုက်၏။ “ကျန်းလီ... ခင်ဗျား ဘာလို့ တော်ဝင်ရန်အင်ပါယာကို စစ်ချီခဲ့တာ ဘာကြောင့်လဲ။”

ကျန်းလီက တည်ငြိမ်စွာ ပြန်မေးလိုက်သည်။ “ဘာကြောင့်လို့ မင်း ထင်လဲ။”

သူ၏ လေသံထဲတွင် ပါဝင်သော မထီမဲ့မြင်ပြုမှုသည် ပြိုင်ဘက်ကင်းပင် ဖြစ်သည်။ အမှန်စင်စစ် ကျန်းလီသည် မဘယ့်ကြောင့် တော်ဝင်ရန်အင်ပါယာကို စစ်ချီခဲ့သနည်း။ တော်ဝင်ရန်အင်ပါယာကို ဖျက်ဆီးပြီး တော်ဝင်ချန်အင်ပါယာဖြင့် အစားထိုးရန်လား။

သေချာပေါက် မဟုတ်ပေ။ ထိုမျှလောက် မကပေ။ ဤအချိန်တွင် ကျန်းလီ၌ ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ရှေးဟောင်းယဉ်ကျေးမှုကို ပြန်လည် ယူဆောင်လာရန် ဖြစ်သည်။ သူ့ရင်ထဲတွင် ကျန်းမိသားစု နှင့် ကျိမိသားစုတို့ မရှိတော့ဘဲ လောကကြီးတစ်ခုလုံးသည် သူ …. ကျန်းလီ ပိုင်ဆိုင်သော အရာသာ ဖြစ်သည်။

သူ၏ ရည်မှန်းချက်မှာ ကြီးမားလွန်းပြီး သူ ပိုင်ဆိုင်ထားသော အာဏာမှာလည်း ကြီးမားလွန်းလှသည်။ ထို့ကြောင့် တော်ဝင်ရန်အင်ပါယာ သို့မဟုတ် တော်ဝင်ချန်အင်ပါယာကို သူ အထင်မကြီးပေ။ ကြောင်တစ်ကောင်က ခွေးကို ဖားယားနေသလိုမျိုး သာမန်သာဖြစ်၏။

ရှမ့်လန်က မေးလိုက်သည်။ “နဂါးကန်အတွက် မဟုတ်လား။ ကျိမိသားစုရဲ့ နဂါးကန်အတွက်နဲ့ ကျိမိသားစုရဲ့ လက်ကျန် ဧရာမနဂါးကြီးကို သတ်ပစ်ဖို့အတွက် မဟုတ်လား။”

ကျန်းလီ ပြန်မဖြေပေ။ ထိုအစား သူသည် ကျောက်စိမ်းဖြူမြို့တော် ဧကရီကို စိုက်ကြည့်နေ၏။

ဤသည်မှာ ထူးခြားသော တွေ့ဆုံမှုမျိုး ဖြစ်သည်။ သူ စိတ်ကူးထားသည်နှင့် ကွဲပြားခြားနားနေသည်။ ကျန်းလီသည် အပြစ်ရှိစိတ် လုံးဝ မခံစားရပေ။ ဘာပဲဖြစ်ဖြစ် ရှမ့်လန်သည် သူ၏သား ဖြစ်သည်။ ထို့အပြင် သူ၏ဝိညာဉ်သည် ရှမ့်လန်၏ ဦးနှောက်ထဲတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည်။ သို့သော်ငြား သူ့၌ မည်သည့် ခံစားချက်မှ မရှိ။ အဆုံးအစမဲ့သော အေးစက်မှုသာ ရှိသည်။

ဤအရာက ဘာသဘောနည်း။ မာနထောင်လွှားမှု တစ်မျိုးလား။ ရှေးဟောင်းခေတ်မှ အထက်တန်းစား ပညာရှင်တစ်ဦး၏ မာနလား။ လက်စားချေမှု တစ်မျိုးလား။

ဟုတ်ပေသည်။ လက်စားချေမှုပင်။ ကျန်းလီသည် အနောက်လောကမှ ပြန်လာပြီးနောက် ပြီးပြည့်စုံသော ဘုရင်တစ်ပါးအဖြစ် ဟန်ဆောင်ကာ နေရာအနှံ့တောက်ပပြခဲ့သည်။ သူသည် အာဏာရှင်ဆန်သည်၊ ပွင့်လင်းသည်၊ ပြင်းပြသော စိတ်ဆန္ဒ ရှိသည်၊ အချိန်တိုင်း၌ တရားမျှတမှုဖြင့် ပြည့်နှက်နေ၏။

ဤသို့သော လူစားမျိုးသည် သူ အမုန်းဆုံး လူစားမျိုး ဖြစ်သင့်သည်။ သို့သော်ငြား သူ၏ ရည်မှန်းချက် အောင်မြင်ရန် ဤအခန်းကဏ္ဍကို သရုပ်ဆောင်ခဲ့ရသည်။ သူသည် အနောက်ပိုင်းလောကမှ နိမ့်ကျသော လူသားများကို ပြုံးပြခဲ့ပြီး လူတိုင်းရှေ့တွင် အစွမ်းကုန် ဟန်ဆောင်ခဲ့သည်။

သို့ပေမည့် ယခုမူ ဟန်ဆောင်ရန် မလိုအပ်တော့ချေ။ ထို့ကြောင့် ယခင်က ပြင်းပြသော စိတ်ဆန္ဒရှိပြီး တရားမျှတသလောက် ယခုအခါ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်နေပေလိမ့်မည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ကျုပ် အမြဲသိချင်နေတဲ့ အချက်တစ်ချက် ရှိတယ်။ မှတ်တမ်းတွေ အားလုံးမှာ တော်ဝင်ကပ်ဘေးဘုရားကျောင်းက သိပ်ယုတ်မာတယ်။ ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ခဲ့ပြီး မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျုပ် သေချာ လေ့လာကြည့်လိုက်တော့ ယင်ယန်ဝါးမျိုခြင်း မိစ္ဆာနည်းလမ်းတွေနဲ့ လူမဆန်တဲ့ မိစ္ဆာနည်းလမ်းတွေက သူတို့ရဲ့ မူလ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ လုံးဝ ကွဲပြားခြားနားနေတာ တွေ့ရတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက တော်ဝင်ကပ်ဘေးဘုရားကျောင်းက သူကောင်းမျိုးတွေကို ဆွဲဆောင်ပြီး သူကောင်းမျိုးတွေဆီက ထောက်ပံ့မှုကို ရယူဖို့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ အသက်ရှည် နည်းလမ်းတွေကို အသုံးပြုခဲ့ပေမဲ့ နာမည်က အဲဒီလောက် မဆိုးခဲ့ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကစပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်းက ရုတ်တရက် သိပ်ယုတ်မာလာခဲ့တယ်။ အင်ပါယာ ကျန်းလီ... ဘာလို့ ဒီလို ဖြစ်ရတာလဲဆိုတာ ပြောပြနိုင်မလား။”

ကျန်းလီက စကားတစ်လုံးတည်းသာ တုံ့ပြန်သည်။ “ဟမ့်...”

သို့သော်ငြား ရှမ့်လန်သည် အဖြေကို အတော်အတန် သိရှိပြီး ဖြစ်သည်။ အဖွဲ့အစည်းတစ်ခု ကျဆုံးသွားအောင် ဆွဲဆောင်ရန်မှာ အလွန် လွယ်ကူလှသည်။ ယုတ်မာပြီး အစွမ်းထက်သော နည်းလမ်းတစ်ခု ထွက်ပေါ်လာမည်ဆိုလျှင် .... တစ်နှစ်ကျင့်ကြံခြင်းသည် ငါးနှစ်ကျင့်ကြံခြင်းနှင့် ညီမျှနေလျှင်၊ ထို့အပြင် နုပျိုမှုကို ထိန်းသိမ်းထားနိုင်လျှင် မည်သူ တားဆီးနိုင်ပါမည်နည်း။ မည်သူမှ မတားဆီးနိုင်ပေ။

ထို့အပြင် ကျန်းလီ၏ အရည်အချင်းဖြင့်ဆိုလျှင် ဤမိစ္ဆာနည်းလမ်းများကို သူတို့ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ ပိုင်ဆိုင်သည်ဟု တော်ဝင်ကပ်ဘေးဘုရားကျောင်း ထင်မြင်ယူဆသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။

သေချာသည်မှာ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် ယခင်က နာမည်ဆိုး ရှိခဲ့ပြီး လူများကို ပြုစားသည်ဟု သံသယ ဝင်ခံခဲ့ရသည်။ သူတို့သည် မကောင်းမှုဘက်သို့ လျှောကျသွားချိန်မှာတော့ လူထုအမြင်နှင့်အတူ လောကပေါ်ရှိ လူတိုင်းက သူတို့ကို ဝိုင်းဝန်း တိုက်ခိုက်ချင်လာကြ၏။

ကျန်းလီသည် သဘာဝလွန် အင်အားစုများ၏ သိုင်းပညာတပ်တော်ကို ဦးဆောင်ကာ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို သုတ်သင်ရှင်းလင်းခဲ့သည်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းတစ်ခုလုံး အပျက်အစီး ဘဝရောက်သွားခဲ့သည်။

“အတိုင်းအတာတစ်ခုအထိပြောရရင် တော်ဝင်ကပ်ဘေးဘုရားကျောင်းက အပြစ်ကင်းတယ်လို့ မဆိုလိုပါဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ အင်ပါယာကျန်းလီ... ခင်ဗျား သူတို့ကို သုတ်သင်ပစ်ရတဲ့ အဓိက အကြောင်းရင်းက သူတို့ အများကြီး သိနေလို့ မဟုတ်လား။ ပြီးတော့ သူတို့က ခင်ဗျားရဲ့ အတားအဆီးတွေ ဖြစ်နေလို့ မဟုတ်လား။

အထူးသဖြင့် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ ဝိညာဉ်အမွေအနှစ်ပေါ့။ သူက စွမ်းအင်ယဉ်ကျေးမှု တစ်ခုလုံးကို လက်ဆင့်ကမ်းချင်နေတာ။ ဘယ်ဖြစ်မလဲ။ အဲဒီလို စွမ်းအားမျိုးကို ခင်ဗျားတစ်ယောက်တည်းပဲ ပိုင်ဆိုင်ရမယ်လေ။ ဒါကြောင့် ခင်ဗျားနဲ့ လမ်းကြောင်းမတူတဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေ အားလုံး သေဆုံးရမယ်။

ကန်ဝမ်က ကျုပ်ကို ပြောဖူးတယ်။ ရှေးဟောင်းခေတ်တုန်းက တော်ဝင်ကပ်ဘေးဘုရားကျောင်း ရှိခဲ့တယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းလို့ ခေါ်ရတဲ့ အကြောင်းရင်းက မဟာနိဗ္ဗာနပျက်စီးမှုကို တားဆီးချင်လို့တဲ့။ ဒါပေမဲ့ ဘယ်သူထင်မှာလဲ။ မဟာနိဗ္ဗာနပျက်စီးမှုမရောက်ခင်မှာပဲ တော်ဝင်ကပ်ဘေးဘုရားကျောင်း သုတ်သင်ခံလိုက်ရတယ်။

အဲဒီတုန်းက သူတို့ သိပ်အားနည်းတယ်ဆိုပြီး ကျုပ် လှောင်ပြောင်ခဲ့သေးတယ်။ အခုကြည့်ရတာ သူတို့ အားနည်းလို့မဟုတ်ဘဲ ခင်ဗျားက သိပ်အစွမ်းထက်လွန်းလို့ ဖြစ်မယ်။ ရှေးဟောင်းခေတ်တုန်းက မဟာနိဗ္ဗာနပျက်စီးမှု မလာခင် ခင်ဗျား တော်ဝင်ကပ်ဘေးဘုရားကျောင်းကို သုတ်သင်ပစ်ခဲ့တယ်။ ဒီဘက်ခေတ်မှာလည်း မဟာနိဗ္ဗာနပျက်စီးမှု မရောက်ခင် ခင်ဗျားက တော်ဝင်ကပ်ဘေးဘုရားကျောင်းကို သုတ်သင်ပစ် ခဲ့ပြန်တယ်။”

“ပိုးစုန်းကြူးရဲ့ အလင်းရောင်က လမင်းကြီးရဲ့တောက်ပမှုကို ဘယ်လို ယှဉ်နိုင်မှာလဲ။” ကျန်းလီက တည်ငြိမ်စွာ ပြောလိုက်သည်။

ရှမ့်လန် လက်မထောင်ပြလိုက်၏။ “ခင်ဗျားက အံ့မခန်းပါပဲ။ လောကပြိုင်ဘက်ကင်းပါ။ လောကပြိုင်ဘက်ကင်းပါပဲ။”

ကျန်းရှဲ့ ဖြစ်စေ၊ ကျန်းလီ ဖြစ်စေ သူတို့သည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းကြသည်။

ရှမ့်လန်က မေးလိုက်၏။ “အင်ပါယာကျန်းလီ... ကျုပ် ခင်ဗျားကို တစ်ခုလောက် မေးချင်တယ်။ ခင်ဗျားရဲ့ မရေမတွက်နိုင်တဲ့ ရှေးဟောင်းဝိညာဉ်တွေ ပြန်လည် ရှင်သန်လာဖို့ စွမ်းအင်ခန္ဓာကိုယ်တွေ လိုအပ်တယ်။ ဒီလောကစွမ်းအင်ရဲ့ တစ်ဝက်ကို ဝါးမျိုဖို့ လိုအပ်တဉ်လား။ လောကမြေလွှာထဲက မရေမတွက်နိုင်တဲ့ ဒြပ်စင်တွေနဲ့ ချော်ရည်တွေ အားလုံး ဝါးမျိုခံလိုက်ရမယ်။ လောကကြီးရဲ့ ဘယ်လောက်များများ အေးခဲသွားမလဲ။ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးရမလဲ။

လောကမြေလွှာအောက်က ပွက်ပွက်ဆူနေတဲ့ သတ္တုချော်ရည်တွေ အေးခဲသွားတာနဲ့ လောက သံလိုက်စက်ကွင်း အားနည်းသွားပြီး နေမုန်တိုင်းကို ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး။ လောကလေထု တစ်ခုလုံး လွင့်ပါသွားပြီး တလောကလုံး သေဆုံးသွားလိမ့်မယ်။”

“မှားတယ်။”

ကျန်းလီက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းတို့ သာမန်လူသားတွေပဲ သေမှာ၊ ငါတို့ မသေဘူး။ ဘာလို့လဲဆိုတော့ မင်းတို့က ခေတ်နောက်ကျတဲ့ သက်ရှိပုံစံတွေလေ။ ဒါက သဘာဝတရားရဲ့ ဖယ်ရှားမှုပဲ။ အစွမ်းထက်သူက ရှင်သန်ပြီး အားနည်းသူ ပျက်စီးရတာ ရှင်သန်ရပ်တည်ရေးရဲ့ နိယာမပဲ။ မင်းတို့ လူသားတွေက သိပ်ပျော့ညံ့တယ်။

မင်းက ကမ္ဘာမြေက လာတာ မဟုတ်လား။ မင်းရဲ့ဦးနှောက် မှတ်ဉာဏ်တုထဲက သက်ဆိုင်ရာ အချက်အလက်တွေကို ကျုပ် ဖတ်ကြည့်ပြီးပြီ။ အင်္ဂါဂြိုဟ်ရဲ့ ပတ်ဝန်းကျင်က လုံလောက်အောင် ကောင်းမွန်ပေမဲ့ မင်းတို့ လူသားတွေ အဲဒီမှာ မရှင်သန်နိုင်ကြဘူး။ အကယ်၍ ငါတို့ ရှေးဟောင်း လူသားတွေသာ ဆိုရင်တော့ တခြားဇာတ်လမ်း တစ်ပုဒ် ဖြစ်သွားမှာပေါ့။”

ကျန်းလီသည် ရှမ့်လန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပြီး ကျောက်စိမ်းဖြူမြို့တော် ဧကရီကို ကြည့်လိုက်သည်။

“မင်းတို့ရဲ့ အယူအဆတွေက အလုပ်မဖြစ်ဘူး။ ဆင့်ကဲပြောင်းလဲမှုဆိုတာ ပိုသန်မာလာဖို့ပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ် ပိုအားနည်းသွားအောင် ပြောင်းလဲရမှာလဲ။”

ကျန်းလီက တည်ငြိမ်စွာ ပြောလိုက်၏။ “ရှေးဟောင်းလူသားတွေက လုံလောက်အောင် သန်မာခဲ့ပေမဲ့ ကပ်ဘေးကို မရှောင်ရှားနိုင်ခဲ့ဘူး။ ဒါကြောင့် တစ်ခုတည်းသော နည်းလမ်းက ဆက်လက် ပြောင်းလဲပြီး ပိုသန်မာလာဖို့ပဲ။ မင်းတို့ကျတော့ကော၊ မင်းတို့က ယဉ်ကျေးမှု လမ်းကြောင်းကို ပြောင်းလဲဖို့ ကြိုးစားပြီး ဒီလောကပေါ်မှာ အသုံးမကျတဲ့ လူသားတစ်သိုက်ကို ဖန်တီးခဲ့တယ်။ ပြီးတော့ သူတို့ကို ကာကွယ်ဖို့တောင် ကြိုးစားသေးတယ်။ သူတော်စင် စိတ်ထားမျိုးက လက်ခံနိုင်စရာ မရှိဘူး။ ဖန်လည်း ဖန်တီးပေးရသေးတယ်။ ကာလည်း ကာကွယ်ပေးရသေးတယ်။ ဒါက ဘာမှ အဓိပ္ပာယ်မရှိဘူး။”

အပိုင်း (၁၂၉၈)

(ကျောက်စိမ်းဖြူ - ယွီကျင်း = ရှမ့်လန်အမေ၏ နာမည်)

“ယွီကျင်း... စဉ်းစားကြည့်စမ်း... လူသားရဲ့ဝိညာဉ်နဲ့ ခန္ဓာကိုယ် လုံးဝ ကွဲသွားရင် ဝိညာဉ်က ထာဝရ တည်တံနေတယ်။ သူတို့က ရေခဲမှတ် သုညအထက် ဒီဂရီထောင်ချီနဲ့ သုညအောက် ဒီဂရီ ၂၀၀ မှာ ရှင်သန်နိုင်တယ်။ ဒါမျိုးကမှ ကျုပ်လိုချင်တဲ့ လူသားမျိုး၊ ဒါကမှ ပိုမြင့်မားတဲ့ ယဉ်ကျေးမှု၊ ဒါကမှ မဟာနိဗ္ဗာန ပျက်စီးခြင်းကပ်ဘေးကို ရှောင်ရှားပြီး ထာဝရ ရှင်သန်နိုင်မဲ့ လူသားမျိုးပဲ။”

ကျန်းလီက မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ “သာမန်လူသားတွေ ဘယ်လောက်ကြာကြာ အသက်ရှင်သလဲ။ ဒီလောကမှာ နှစ် ၁၀၀ ဆိုတာ ရှေးဟောင်းခေတ်ရဲ့ နှစ် ၂၀၀ နဲ့ ညီမျှတယ်။ ဒီနှစ် ၁၀၀ အတွင်းမှာ ၁၀ နှစ်၊ ၂၀ လောက်က ဘာမှန်းမသိဘဲ သင်ယူနေရတယ်။ နည်းနည်း ပိုသိလာပြန်တော့ အချစ်တွေ၊ အမုန်းတွေ၊ ခံစားချက်တွေနဲ့ တပ်မက်မှုတွေအပေါ် အချိန်ဖြုန်းကြပြန်ရော။

ဉာဏ်ပညာကို ပိုင်ဆိုင်လာတဲ့အခါကျတော့ ခန္ဓာကိုယ်က အိုမင်းလာပြီး ဝိညာဉ်ကြီးထွားမှုကို မထောက်ပံ့နိုင် တော့ပြန်ဘူး။ မှတ်ဉာဏ်တွေက ပိုပိုဆိုးလာပြီး စွမ်းအင်တွေက ပိုပိုနည်းလာတယ်။ တဖြည်းဖြည်း သေဆုံးသွားကြတယ်။”

ကျန်းလီ သက်ပြင်းချကာ ပြောလိုက်၏။ “လူတစ်ယောက်ရဲ့ တစ်သက်တာဆိုတာ နှစ်တစ်ရာလောက်ပဲ ရှိပြီး အများစုက အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေမှာ အချိန်ကုန်ဆုံးကြတယ်။ ယဉ်ကျေးမှုကို တကယ်တမ်း ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့ အချိန်က ဘယ်လောက်တောင် ရှိလို့လဲ။ စစ်မှန်တဲ့ ဉာဏ်ပညာတွေ အစွမ်းထက်လာချိန်အထိတောင် မစောင့်နိုင်ဘဲ သေဆုံးသွားကြတယ်။ သဘာဝအတိုင်း မျိုးပွားများမှုနဲ့ အနောက်ကျဆုံး ပညာရေးစနစ်ကို မှီခိုပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းကြတယ်။ တစ်နှစ်လောက်နဲ့ သွားနိုင်တဲ့ ယဉ်ကျေးမှုလမ်းကြောင်းကို သူတို့က အနှစ်တစ်ရာ၊ အနှစ်တစ်ထောင်လောက် အချိန်ယူနေကြရတယ်။

ဒါကြောင့် လူသားတွေက သူတို့ရဲ့ ရုပ်ဆိုးပြီး ယုတ်ညံ့တဲ့ ခန္ဓာကိုယ်တွေကို စွန့်ပစ်လိုက်မှ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း သံသရာကနေ လွတ်မြောက်မှ၊ ရိုင်းစိုင်းမှုနဲ့ နိမ့်ကျတဲ့ ဆန္ဒတွေကနေ လွတ်မြောက်မှ အမှန်တကယ် စွမ်းအားကြီးပြီး ဉာဏ်ပညာ ထက်မြက်လာနိုင်မှာ၊ ယဉ်ကျေးမှုတစ်ခုလုံးကို ရှေ့ဆီ တွန်းပို့နိုင်ပြီး မြန်မြန် ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ၊ အဲဒီကျမှ ကြယ်တာရာပင်လယ်ပြင်ဆီ အမှန်တကယ် လျှောက်လှမ်းနိုင်ကြမှာ။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စွန့်လွှတ်၊ အဆင့်နိမ့်ဆန္ဒတွေကို စွန့်လွှတ်ပြီး ဝိညာဉ်ကို ထာဝရရှင်သန်စေမယ်။ သန့်စင်စွာနဲ့ အစွမ်းထက်လာခြင်းက အဆင့်မြင့် ယဉ်ကျေးမှုပဲ။ ဒါက ငါသွားရမယ့် လမ်းကြောင်းဖြစ်ပြီး ငါ့ရဲ့ ကောင်းကင်ဘုံ နိယာမလမ်းစဉ်လည်း ဖြစ်တယ်။”

ကျန်းလီသည် ကျောက်စိမ်းဖြူမြို့တော် ဧကရီနှင့်သာ စကားပြောလိုပြီး ရှမ့်လန်နှင့် မပြောလိုပေ။ ရှမ့်လန်သည် နိမ့်ကျလွန်းသည်ဟု သူ ထင်နေသည်လား။

“ယွီကျင်း .. ကျုပ် မှားလား။”

ကျန်းလီ ကျယ်လောင်စွာ မေးလိုက်သည်။ “ငါက လူသားတွေကို ပိုမြင့်မားတဲ့ ယဉ်ကျေးမှု ဆီရောက်အောင် ကူညီပေးနေတာ။ ငါ မှားလား။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက အေးစက်စွာ ပြောလိုက်၏။ “ပေးဆပ်ရမဲ့တန်ဖိုးက ဘာလဲ။ ရှင်က ထာဝရ ဝိညာဉ်ကို လိုချင်ရင် ပြိုင်ဘက်ကင်း စိတ်စွမ်းအား လိုအပ်တယ်။ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့ အစွမ်းထက်တဲ့ စွမ်းအင်ခန္ဓာကိုယ် လိုအပ်တယ်။ အဆုံးအစမဲ့တဲ့ စွမ်းအင် ပမာဏကို သုံးစွဲရလိမ့်မယ်။

ဒီလောကရဲ့ ဒြပ်နဲ့ စွမ်းအင်က ရှင့်ကို ဘယ်နှစ်နှစ် ထောက်ပံ့ပေးနိုင်မှာလဲ။ နှစ် ၅၀ လား။ နှစ် ၁၀၀ လား။ ရှင်က ဒီလောကကြီးကို လုံးဝ ဝါးမျိုပစ်ပြီး ရုပ်ဆိုးအကျည်းတန်တဲ့ ၊ တိတ်ဆိတ်ငြိမ်သက်တဲ့ ကျောက်တုံးကြီး ဖြစ်အောင် လုပ်ပစ်လိမ့်မယ်။ လုံးဝ သေဆုံးသွားစေလိမ့်မယ်။”

ကျန်းလီက အေးစက်စွာ ပြောလိုက်သည်။ “ဒါဆို ဘာဖြစ်လဲ။ အရေးမပါတဲ့ ၊ အသုံးမကျတဲ့ လူသားတွေတောင် လောက အရင်းအမြစ်တွေကို သုံးစွဲနေကြတာပဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “အနည်းဆုံးတော့ စွမ်းအင် လည်ပတ်မှု စနစ်တစ်ခုလုံးရဲ့ ကန့်သတ်ချက် အတွင်းမှာ ရှိနေသေးတယ်။ လောကကြီးတစ်ခုလုံးရဲ့ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာ ကန့်သတ်ချက် အတွင်းမှာ ရှိနေသေးတယ်။ ဒါပေမဲ့ ရှင်ကတော့ လောကကြီးတစ်ခုလုံးကို အချိန်တိုအတွင်း ဝါးမျိုပစ်ပြီး ရက်ရက်စက်စက် စွန့်ပစ်ချင်နေတာ။”

“ကြည့်စမ်း... ဒါက မလိုအပ်တဲ့ ခံစားချက်ပဲ။ ဒါက ယုတ်ညံ့တဲ့ ခံစားချက်နဲ့ တပ်မက်မှုတွေပဲ။”

ကျန်းလီက ပြောလိုက်သည်။ “မှားတယ်၊ လုံးဝမှားတယ်။ ကလေးတွေက သူတို့ရဲ့အနှီးထုတ်ကို စွန့်ခွာရစမြဲပဲ။ ကြီးပြင်းလာပြီးရင် သူတို့ရဲ့အနှီးထုတ်နဲ့ ပုခက်ကို လွမ်းဆွတ် နေကြတဲ့ ကလေးဘယ်နှစ်ယောက် ရှိလို့လဲ။ လွှင့်ပစ်လိုက်ကြတာပဲ မဟုတ်လား။”

“မှားယွင်းတဲ့ အတွေးအခေါ်... မှားယွင်းတဲ့ အတွေးအခေါ်ပဲ။”

ရှမ့်လန် ဒေါသတကြီး အော်ပြောလိုက်၏။ “လောကကြီးက လူသားရဲ့ အနှီးထုတ် မဟုတ်ဘူး။ မိခင်ပဲ။ သန္ဓေသားက မိခင်ဝမ်းထဲမှာ အာဟာရတွေကို စုပ်ယူပြီး ဖြည်းဖြည်းချင်း ဖြစ်တည်လာတယ်။ ပြီးတော့ ဖရဲသီးမှည့်ရင် ကြွေကျသလို မွေးဖွားလာကြတယ်။ ခင်ဗျား လုပ်နေတာက မိခင်ဝမ်းထဲ ရှိနေတုန်း မိခင်ကို သေအောင် စုပ်ယူနေတာ။ ပြီးရင် ဝမ်းထဲက ထွက်လာမယ်။ မွေးလာတာနဲ့ ခင်ဗျားက အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်နေမှာ။”

“ပြောတာ ကောင်းတယ်။ ပြောတာ သိပ်ကောင်းတယ်။”

ကျန်းလီက ပြောလိုက်သည်။ “သိပ်ရက်စက်ပေမဲ့ အကယ်၍ ယဉ်ကျေးမှုသာ ဒီခေတ်နောက်ကျတဲ့ သဘာဝ မွေးဖွားခြင်းကနေ လွတ်မြောက်နိုင်ရင် ဒါက နောက်ဆုံး မွေးဖွားခြင်း ဖြစ်လာလိမ့်မယ်။ အဲဒီနောက်ပိုင်း ဝိညာဉ်က ထာဝရ ရှင်သန်နေပြီး စွမ်းအင်ခန္ဓာကိုယ်က ဆက်လက် ပြောင်းလဲကာ ပိုသန်မာလာလိမ့်မယ်။ အဲဒါ မဖြစ်နိုင်တာ မဟုတ်ဘူး။

ရှမ့်လန်... ငါ မင်းနဲ့ ဘာလို့ စကားမပြောချင်လဲ သိလား။ မင်းရဲ့ ဉာဏ်ရည် နဲ့ စိတ်ခံစားချက်ပိုင်းက သိပ်မြင့်မားပြီး သိပ်ဉာဏ်ကောင်းပေမဲ့... မင်းက အမြင့်ကို မမြင်နိင်ဘူး။ အမြဲတမ်း အားနည်းပြီး ရိုးအလွန်းတယ်။ အဲဒါကို ဂုဏ်ယူနေသေးတယ်လား။ မင်း ဘယ်လိုလုပ် ငါ့သားဖြစ်လာတာလဲ။

ရှမ့်လန်... မင်းက ရည်မှန်းချက် မရှိဘူး။ အာဏာမက်မောမှု မရှိဘူး။ အင်ပါယာ မဖြစ်ချင်ဘူး။ ကိုယ့်သဘောအတိုင်း နေချင်တယ်လို့ တဖွဖွ ပြောနေတယ်။ မင်းက သိပ်မာနကြီးတယ်။ သိပ်အံ့သြစရာ ကောင်းတယ်။ ငါ အန်ချင်လောက်အောင်ကို နိမ့်ကျလွန်းတယ်။

မင်းမှာ သိပ်ထက်မြက်တဲ့ ဦးနှောက် ရှိပေမဲ့ ပိုနက်နဲတဲ့ ပြဿနာတွေကို ဘယ်တော့မှ မစဉ်းစားဘူး။ ယဉ်ကျေးမှုရဲ့ ဦးတည်ချက်ကို မစဉ်းစားဘူး။ လောကကြီးရဲ့ အနာဂတ်ကို မစဉ်းစားဘူး။ အငြိုးအတေး မရှိစေရဘူး ဆိုတာ ဘာသဘောလဲ။

မင်းစိတ်ထဲမှာ ငါ့ကို သတ်ခဲ့တာ မင်းအမေဆိုတာ သိနေပြီးသား။ ဒါပေမဲ့ မင်းအမေ ဖြစ်နေလို့ မင်း မတွေးရဲဘူး။ မင်းစိတ်ထဲမှာ ငါ မင်းဦးနှောက်ထဲ နေနေတယ်ဆိုတာ အချိန်ကြာတည်းက ရိပ်မိပြီးသား၊ ဒါပေမဲ့ ငါက မင်းအဖေ ဖြစ်နေလို့ မင်း မတွေးရဲဘူး။

မင်းက မင်းအမေကို သိပ်ချစ်တယ်။ မင်းအဖေကို သိပ်ချစ်တယ်။ ဒီပေါချာတဲ့ လူသား ကိုယ်ကျင့်တရားတွေက မင်းရဲ့ ဉာဏ်ပညာကို ချည်နှောင်ထားပြီး မင်းရဲ့ ဝိညာဉ်ကို အကျဉ်းချထားတယ်။ ပြောမပြနိုင်လောက်အောင် မိုက်မဲတယ်။ နိမ့်ကျတဲ့ ခံစားချက်တွေပဲ။

နွေရာသီ ပိုးကောင်လေးတွေက ရေခဲအကြောင်း ပြောလို့မရဘူး။ ငါ မင်းကို ပြောစရာ စကားမရှိတော့ဘူး။”

ကျန်းလီ၏ နောက်ဆုံး စကားအနည်းငယ်ကို တည်ငြိမ်စွာဖြင့် ရက်ရက်စက်စက် ပြောလိုက်သည်။ သူသည် လူသားတစ်ဦးနှင့် မတူတော့ချေ။ ထိုအစား သူသည် မိစ္ဆာတစ်ဝက် ၊ နတ်ဘုရားတစ်ဝက် ဖြစ်နေသော သတ္တဝါဆန်း တစ်ကောင်နှင့် တူနေ၏။

“သား... အဲဒီအချိန်တုန်းက အမေ ခံစားခဲ့ရတဲ့ မျှော်လင့်ချက်မဲ့မှုကို နားလည်ပြီလား။”

ကျောက်စိမ်းဖြူ မြို့တော် ဧကရီက ပြောလိုက်သည်။ “အမေက သူ့ကို ပြောင်းလဲဖို့အတွက် အမေရဲ့ အချစ်နဲ့ ရှိသမျှအရာအားလုံးကို အသုံးပြုခဲ့တယ်။ သူ့ရဲ့ ခံစားချက် နည်းနည်းလေးလောက်ပဲဖြစ်ဖြစ် ပြန်ရချင်ခဲ့ပေမဲ့ အမေ ကျရှုံးခဲ့တယ်။”

ဤစကားသည် ထိုအချိန်က အမှန်တရား၏ အစိတ်အပိုင်း သေးသေးလေး တစ်ခုကို ဖော်ပြနေခြင်း ဖြစ်သည်။

ကျန်းလီသည် ကျောက်စိမ်းဖြူမြို့တော်ဧကရီကို လှည့်စားပြီး နဂါးဥ တောင်းယူခဲ့ကာ သားဖောက်ပြီး နဂါးစာချုပ် ချုပ်ဆိုခဲ့သည်။ သူမသည် ကျန်းလီကို လက်မလျှော့ခဲ့သေးပေ။ ကျန်းလီအပေါ်ထားရှိသော သူမ၏ အချစ်အားလုံးကို ယခင်ကလို အစွမ်းကုန် ပေးဆပ်ခဲ့သေး၏။

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်သည်။ “သား... ငါတို့က သူ့ကို သတ်ဖို့ ထောင်ချောက်ဆင်ခဲ့တာ မဟုတ်ဘူး။ သူက ငါတို့ကို သတ်ဖို့နဲ့ ကျောက်စိမ်းဖြူမြို့တော်ကို ဖျက်ဆီးဖို့ ထောင်ချောက်ဆင်ခဲ့တာ။ အမေ မီးဖွားခါနီးအချိန်ပေါ့။ အဲဒီအချိန်က အမေ အားအနည်းဆုံးနဲ့ အသတ်ခံရဖို့ အလွယ်ကူဆုံး အချိန်ပဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီသည် ရှမ့်လန် ရင်ကွဲမည်စိုး၍ ဤလျှို့ဝှက်ချက်ကို မပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ကျန်းလီ၏ရက်စက်မှုက ပိုမို ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကို ဖော်ထုတ်လိုက်ပြီ ဖြစ်သောကြောင့် လျှို့ဝှက်ချက်သည် လျှို့ဝှက်ချက် မဟုတ်တော့ချေ။

“သား... ကျောက်စိမ်းဖြူမြို့တော်မှာ လူဘယ်နစ်ယောက် တွေ့ခဲ့လဲ။” မိခင်ဖြစ်သူက မေးလိုက်၏။

“သုံးယောက်ပဲ တွေ့ပါတယ်။” ရှမ့်လန်က ဖြေလိုက်သည်။

မိခင်ဖြစ်သူက ပြောလိုက်၏။ “ဟုတ်တယ်။ ကျောက်စိမ်းဖြူမြို့တော်မှာ ငါတို့ သုံးယောက်ပဲ ရှိတော့တယ်။”

ကျောက်စိမ်းဖြူမြို့တော်မှ အမျိုးသမီး၊ ကျောက်စိမ်းဖြူမြို့တော် တမန်တော်နှင့် ကျောက်စိမ်းဖြူမြို့တော် ဧကရီတို့ပင်။ ဤသဘာဝလွန် အဖွဲ့အစည်း ခြောက်ခု၏ ခေါင်းဆောင်၊ လောကကို နှစ်ပေါင်းတစ်ထောင်နီးပါး ကာကွယ်ပေးခဲ့သော စူပါအဖွဲ့အစည်းကြီးတွင် လူသုံးယောက်သာ ကျန်ရှိတော့သည်။

သူ စိတ်ကူးယဉ်ခဲ့သော မရေမတွက်နိုင်သည့် ကျောက်စိမ်းဖြူမြို့တော် တပ်တော်၊ ဝေဟင်တပ်တော်၊ စွမ်းအင်တပ်တော် စသည်တို့ မရှိခဲ့ပေ။ လောကကံကြမ္မာနှင့် သက်ဆိုင်နေချိန်မှာပင် ကျောက်စိမ်းဖြူမြို့တော် မပေါ်ထွက်လာခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လူသုံးယောက်သာ ကျန်ရှိတော့သောကြောင့် ဖြစ်သည်။ မည်သို့ ပေါ်ထွက်လာနိုင်ပါတော့မည်နည်း။

ရှမ့်လန်က ပြောလိုက်၏။ “အရှင် ကျန်းလီ... ဒါမှမဟုတ် အရှင်ကျန်းရှဲ့... ရှေးဟောင်းခေတ်တုန်းက ခင်ဗျား ဘုရင်မမီဒူဆာကို သိမ်းပိုက်ပြီး သူပိုင်ဆိုင်သမျှအားလုံး ရယူပြီးတဲ့နောက် သူ့ကို ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်အောင် လုပ်ပစ်ခဲ့တာ မဟုတ်လား။”

ကျန်းလီက ပြောလိုက်သည်။ “ဟုတ်တယ်။ မင်း မြင်ဖူးတယ်မလား။ သိပ်လှပတဲ့ လက်ရာတစ်ခုပဲ မဟုတ်လား။ မင်းရဲ့ ညံ့ဖျင်းပြီး ပေါချာတဲ့ ခံစားချက်တွေကို ထပ်ပြအုံးမလို့လား။”

ရှမ့်လန် စကားမပြောနိုင် ဖြစ်သွားပြန်၏။

“ကဲပါ။”

ကျန်းလီက ပြောလိုက်သည်။ “ငါတို့ မိသားစု သုံးယောက် အတိတ်အကြောင်း ပြောနေတာ ရပ်လိုက်ကြစို့။ ယွီကျင်း .. မင်းမှာ နောက်ဆုံး အခွင့်အရေး တစ်ခု ရှိကောင်း ရှိနိုင်သေးတယ်။ မင်းရှေ့က လူကို သတ်လိုက်၊ မင်းသားကို သတ်လိုက်၊ ဒါဆိုရင် အရာအားလုံးကို ပြန်လည် ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။ ငါက သူ့ဦးနှောက်ထဲမှာ ရှိနေတာ။ သူ့ကို သတ်လိုက်တာက ငါ့ကို သတ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ကောင်း ဖြစ်နိုင်တယ်။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီက ပြောလိုက်၏။ “ကျွန်မက ရှင် မဟုတ်ဘူး။ ကျွန်မမှာ ခံစားချက် ရှိသေးတယ်။ ကျွန်မက စက်ရုပ် မဟုတ်ဘူး။”

“ထင်တဲ့အတိုင်းပဲ။ မင်းက စိတ်ပျက်စရာ ကောင်းနေတုန်းပဲ။”

ကျန်းလီက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်း အကန့်အသတ် ရောက်နေပြီ မဟုတ်လား။ ဆက်မထိန်းထား နိုင်တော့ဘူးမလား။ ဒါဆို မထိန်းနဲ့တော့။ မင်းရဲ့ အမိုးခုံးက အက်ကွဲနေပြီ။ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်း ကျောက်စိမ်းဖြူမြို့တော်က ဒီအမိုးခုံးကို ကာကွယ်ဖို့နဲ့ ငါတို့ကို ထိန်းချုပ်ဖို့အတွက် အသက်ပေါင်း သောင်းချီ စတေးခဲ့တယ်။ တန်ရဲ့လား။”

ယခု နောက်ထပ် မေးခွန်းတစ်ခု ရှိလာပြန်သည်။ ဧရာမ ငရဲသလင်းကျောက်ကြီး မြောက်ဘက်စွန်းသို့ ကျရောက်ချိန်တွင် ကျောက်စိမ်းဖြူမြို့တော်သည် အလွန် အစွမ်းထက်နေဆဲ ဖြစ်သည်။ ထိုနေရာတွင် ထူးချွန်သူများစွာ ရှိနေသည်။ သူတို့ အဘယ့်ကြောင့် ငရဲသလင်းကျောက်ကို ဖျက်ဆီး မပစ်ခဲ့သနည်း။

သူတို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မအောင်မြင်ရုံသာမက ငရဲသလင်းကျောက်အပေါ် သူတို့ ပြုလုပ်သော တိုက်ခိုက်မှုတိုင်းသည် ၎င်းကို စွမ်းအင် ဖြည့်တင်းပေးသကဲ့သို့ ဖြစ်နေခဲ့သည်။ စိတ်စွမ်းအား တိုက်ခိုက်မှု ဖြစ်စေ၊ စွမ်းအင် တိုက်ခိုက်မှု ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဖြစ်စေ ငရဲသလင်းကျောက်က အားလုံးကို ဝါးမျိုပစ်လိုက်၏။

ထိုအချိန်က မြင်ကွင်းသည် ရိုးရှင်းစွာ မျှော်လင့်ချက်မဲ့နေခဲ့သည်။ ကျောက်စိမ်းဖြူမြို့တော်သည် ဤကဲ့သို့သော အရာတစ်ခု ရှိနေသည်ကို စိတ်ကူးပင် မယဉ်နိုင်ခဲ့ချေ။ အန္တရာယ်ကင်းမည့်ပုံ ပေါက်သော်လည်း မပြတ်တမ်း ဝါးမျိုနေခဲ့သည်။

နောက်ဆုံးတွင် ကျောက်စိမ်းဖြူမြို့တော်သည် သူတို့၏ ဉာဏ်ပညာအားလုံးနှင့် နှစ်ပေါင်း ၃၀၀ အချိန်ကို အသုံးပြု၍ ဒြပ်ဝတ္ထုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤဒြပ်ဝတ္ထုသည် ငရဲသလင်းကျောက်က မဝါးမျိုဘဲ ငြင်းပယ်သော တစ်ခုတည်းသော ဒြပ်ဝတ္ထု ဖြစ်သည်။ ၎င်းသည် ဖျက်ဆီး၍ မရနိုင်သော အရာလည်း ဖြစ်သည်။

ထို့နောက် ကျောက်စိမ်းဖြူမြို့တော်သည် ဤပစ္စည်းများကို အသုံးပြု၍ ကြီးမားသော အမိုးခုံးကြီး တည်ဆောက်ကာ ငရဲသလင်းကျောက်ကို လုံးဝ သီးခြားခွဲထုတ်ထားလိုက်သည်။ သို့သော်ငြား မကြာသေးမီက နဂါးနှစ်ကောင် တိုက်ခိုက်ခဲ့ကြသည်။ တိုက်မိမှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်သည် အမိုးခုံးတွင် အက်ကွဲကြောင်း ဖြစ်ပေါ်စေခဲ့၏။

သေချာသည်မှာ နဂါးနှစ်ကောင် မတိုက်ခိုက်ခဲ့လျှင်ပင် ကျောက်စိမ်းဖြူမြို့တော်သည် ငရဲသလင်းကျောက်ကို စည်းခတ်ထားနိုင်တော့မည် မဟုတ်ချေ။ ကျောက်စိမ်းဖြူမြို့တော်တွင် လူမကျန်တော့ပေ။ လူတိုင်း၏ အသက်ကို အမိုးခုံး ထိန်းသိမ်းရန် အသုံးပြုခဲ့ရသည်။ သုံးယောက်သာ ကျန်ရှိတော့သည်။

သူတို့ရှေ့မှ ပလ္လင်တော်သည် ပလ္လင်တော် မဟုတ်ပေ။ ထိန်းချုပ်ရေး ဗဟိုချက်တစ်ခုသာ ဖြစ်သည်။ ကျောက်စိမ်းဖြူမြို့တော် ဧကရီသည် ထိုအရာပေါ်တွင် ထိုင်ကာ သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ ငရဲသလင်းကျောက်ကို စည်းခတ်သည့် အမိုးခုံး၏ စွမ်းအားကို ထိန်းချုပ်ထားရ၏။

ကျောက်စိမ်းဖြူမြို့တော် ဧကရီ၏ အသက်စွမ်းအား ကုန်ခမ်းသွားချိန်မှာတော့ သူမနေရာ၌ ဆက်ခံသူ ရှိတော့မည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာချိန်မှာတော့ အမိုးခုံးတစ်ခုလုံး ပျက်စီးသွားပြီး မဟာပျက်သုဉ်းခြင်း ရောက်ရှိလာပေလိမ့်မည်။

“ရှမ့်လန်... မင်းရဲ့ အံ့ဖွယ်လုပ်ရပ်တွေသာ မရှိရင် ဒီအမိုးခုံးကို ဖျက်ဆီးဖို့ ငါတို့ နောက်ထပ် နှစ် ၃၀ လောက် လိုအုံးမှာ၊ မရေမတွက်နိုင်တဲ့ ရှေးဟောင်းဝိညာဉ်တွေက လောကစွမ်းအင်နဲ့ ဒြပ်ပစ္စည်းတွေကို ဆက်လက် ဝါးမျိုနိုင်အုံးမှာ။ ဒါပေမဲ့ မင်းရဲ့ အံ့ဖွယ်လုပ်ရပ်တွေကြောင့် ငါတို့က ရှေးဟောင်းယဉ်ကျေးမှုကို နှစ် ၃၀ စောပြီး ပြန်လည် ရှင်သန်စေနိုင်ခဲ့တယ်။ ကျေးဇူးပါပဲ။” ကျန်းလီက ပြုံးရင်း ပြောလိုက်သည်။

“ယွီကျင်း .... မင်း ဒုက္ခရောက်နေပြီ။ လက်လျှော့လိုက်ပါ။”

ကျန်းလီက ပြုံးကာ ပြောလိုက်၏။ “ဒီအမိုးခုံးက တစ်ချိန်တုန်းက ဖျက်ဆီးလို့ မရနိုင်ခဲ့ဘူး။ ငါတို့ရဲ့ ဝိညာဉ်ပေါင်းများစွာက အစွမ်းကုန် ကြိုးစားတာတောင် မဖျက်ဆီးနိုင်ခဲ့ဘူး။ မင်း ဒီပစ္စည်းကို ဘယ်ကရလဲဆိုတာ ငါ့ကို မပြောပြသေးဘူး။ ဘယ်မှာ ရှာတွေ့ခဲ့တာလဲ။ ဘာဒြပ်ဝတ္ထုလဲ။”

ကျောက်စိမ်းဖြူမြို့တော် ဧကရီ ပြန်မဖြေပေ။

“ကိစ္စမရှိပါဘူး။”

ကျန်းလီက ပြောလိုက်သည်။ “အရင်တုန်းက ဒါကို ဖျက်ဆီးလို့ မရနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အလွယ်တကူ ပြာကျသွားအောင် ငါ လုပ်နိုင်ပြီ။ ငါ့မှာ နည်းလမ်းနှစ်ခု ရှိတယ်။”

All Chapters