အခန်း (၁၅၄၉-၁၅၅၁)
Vol. 104 Ch. 1549-1551
အခန်း (၁၅၄၉ )
ထူးဆန်းသော ကြိုးမျှင်များ
ပထမအဆင့် နည်းဗျူဟာပုံစံ ပျက်စီးသွားသည်ကို မြင်လျှင်ပင် ချင်းယွဲ့နယ်မြေသခင် ထိတ်လန့်ခြင်း လုံးဝမရှိပေ။ထိုအစား သူ၏မျက်နှာပေါ်၌ အလွန် စိတ်လှုပ်ရှားနေပုံ ပေါ်နေ၏။ သူ၏ နောက်ဆုံးအကွက်သည် အောင်မြင်တော့မည်ဟု ချင်းယွဲ့နယ်မြေသခင် ယုံကြည်နေ၏။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်အဆင့်များ၏ ပင်မခန္ဓာဖြင့် ဖွဲ့စည်းထားသော သတ္တဝါကြီးသည် လုချန်း၏ အနောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ နောက်ကွယ်ရှိ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို တိုက်ခိုက်နေသောကြောင့် ဖြစ်၏။
ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို ဖျက်ဆီးနိုင်ပါက လုချန်း၏ ကောင်းကင်ဧကရာဇ် အင်အားသည်လည်း တည်ရှိနေတော့မည် မဟုတ်ပေ။ ထိုအခါ လုချန်းသည် သာမန် ဧကရာဇ်တစ်ပါးသာ ဖြစ်သွားမည်ဖြစ်ပြီး သူ့အတွက် ခြိမ်းခြောက်မှု မရှိတော့ပေ။
ထိုစဉ် ချင်းယွဲ့နယ်မြေသခင်က ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ် နည်းဗျူဟာပုံစံ၏ အင်အားကို ထပ်မံ အရှိန်မြှင့်လိုက်သဖြင့် ဧကရာဇ်များ၏ ပင်မခန္ဓာမှ ဖန်တီးထားသော သတ္တဝါကြီးသည် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို ထောက်ပံ့နေကြသော ထိုဧကရာဇ်အဆင့်များကို ရူးသွပ်စွာ တိုက်ခိုက်တော့၏။ ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ရှိ ဦးခေါင်းများသည် တစ်ပြိုင်နက်တည်း ပါးစပ်များကို ဟလိုက်ပြီး အနက်ရောင် စွမ်းအင်များကို မှုတ်ထုတ်ကာ အကာအကွယ်ကို ဖျက်ဆီးရန် ကြိုးပမ်းနေကြသည်။
သို့သော်လည်း ရှနိုင်ငံတော်မှ ဧကရာဇ်အဆင့်များသည် ထိုနေရာ၌ပင် အထိအခိုက်မရှိ ရပ်နေမြဲ ဖြစ်၏။ ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ် နည်းဗျူဟာပုံစံ၏ အင်အားအားလုံးကို အသုံးပြုထားပါလျက်နှင့် ထိုဧကရာဇ်များကို အနည်းငယ်မျှပင် မထိခိုက်နိုင်ကြောင်း ချင်းယွဲ့နယ်မြေသခင် မကြာမီ သိလိုက်ရတော့၏။ သူ၏ အကောင်းဆုံး လက်နက် လုံးဝ အလုပ်မဖြစ်သည်ကို တွေ့ရသောအခါ ချင်းယွဲ့နယ်မြေသခင်၏ ယုံကြည်မှုများ တဖြည်းဖြည်း ပြိုလဲလာသည်။
ထိုအရာကို မြင်လျှင် ချင်းယွဲ့နယ်မြေသခင်၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာတော့၏။
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူ၏အသံသည် တုန်ရီနေပြီး မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုတို့ ရောနှောနေသည်။
ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံအကြောင်းကို သူကောင်းစွာသိထား၏။ အကျိုးအကြောင်းအရဆိုလျှင် ဧကရာဇ်အဆင့်များ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုသည့်အခါ အင်အားအားလုံးသည် နည်းဗျူဟာ၏ အချက်အချာဗဟိုချက်ဆီသို့ စုဆုံသွားရမည် ဖြစ်သည်။
ထိုအချိန်အတွင်း၌ သူတို့၏ ကိုယ်ပိုင် မှော်ရတနာများဖြင့် ကာကွယ်ခြင်းမှအပ ခုခံရန်အတွက် အင်အားများကို တက်ကြွစွာ အသုံးပြုနိုင်သည့် နည်းလမ်းမရှိပေ။ ထိုအချိန်သည် သူတို့ အားနည်းဆုံး အချိန်လည်း ဖြစ်၏။
သို့သော်လည်း ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ် နည်းဗျူဟာပုံစံ၏ အင်အားအားလုံးကို အသုံးပြုထားပါလျက်နှင့် ထိုဧကရာဇ်များကို အဘယ်ကြောင့် မထိခိုက်နိုင်ရသနည်း။ ထိုအကာအကွယ်သည် ဤစကြဝဠာတွင် မရှိသင့်သော စွမ်းအားမျိုးဖြစ်ကြောင်း သူ သဘောပေါက်လာသည်။
ထိုဧကရာဇ်များ၏ အပေါ်ရှိ မီးခိုးရောင် အကာအကွယ်ကို ဖန်တီးထားသော အင်အားက အဘယ်အရာ ဖြစ်သနည်း။
အဘယ်ကြောင့် ဖျက်ဆီး၍ မရနိုင်ရသနည်း။
လုချန်းလည်း ချင်းယွဲ့နယ်မြေသခင်နှင့် အချိန်ဆက်ဖြုန်းရန် ရည်ရွယ်ချက် မရှိသဖြင့် အာကာသ ရွှေ့ပြောင်းခြင်းကို တိုက်ရိုက် လုပ်ဆောင်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ချင်းယွဲ့နယ်မြေသခင်၏ နောက်ကျောဘက်တွင် ပြန်လည် ပေါ်လာသည်။
သူ၏ နောက်ကျောဘက်ရှိ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်လျှင် ချင်းယွဲ့နယ်မြေသခင် ချက်ချင်းပင် သတိပြန်ဝင်လာပြီး
“မကောင်းတော့ဘူး”
ဟု ရေရွတ်လိုက်၏။
ချင်းယွဲ့နယ်မြေသခင်သည် ရှောင်တိမ်းရန် အသည်းအသန် ကြိုးစားသော်လည်း ထိုအချိန်တွင် လုချန်းက ဓားကို ဝှေ့ယမ်းပြီး ဖြစ်နေ၏။ ချင်းယွဲ့နယ်မြေသခင်သည် အာကာသ ရွှေ့ပြောင်းခြင်းဖြင့် ထွက်ပြေးရန် အလိုလျောကအရ ကြိုးစားမိလိုက်သော်လည်း အာကာသသည် အစောကတည်းက ပိတ်ဆို့ခံထားရသဖြင့် တည်နေရာရွှေ့ပြောင်း၍ မရနိုင်ကြောင်း သိလိုက်ရသည်။
ဤသို့ဖြင့် ချင်းယွဲ့နယ်မြေသခင်လည်း လုချန်း၏ ဓားအောက်ရှိ ဝိညာဉ်တစ်ကောင်ဘဝ ချက်ချင်း ရောက်သွားတော့သည်။ သူ၏ စိတ်ဝိညာဉ် ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်နဲ့ မြေကြီး နည်းဗျူဟာပုံစံသည်လည်း လူသား၏ ထိန်းချုပ်မှု ကင်းမဲ့သွားသဖြင့် လုံးဝ ပြိုကျပျက်စီးသွားတော့သည်။ ထိုနည်းဗျူဟာပုံစံ ပျက်စီးသွားခြင်းနှင့်အတူ ၎င်းအတွင်း ပိတ်မိနေသော စိတ်ဝိညာဉ်များလည်း လွတ်မြောက်သွားပြီး ကောင်းကင်သို့ ပျံတက်သွားကြသည်။
ထိုဧကရာဇ်အဆင့်များ၏ ပင်မခန္ဓာများသည်လည်း ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကာ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ မြေပြင်ပေါ်သို့ ကျဆင်းသွား၏။
ထိုဧကရာဇ် အလောင်းများကို မြင်လျှင် ထိုက်ခန်းဧကရာဇ် မသက်ပြင်းမချပဲ မနေနိုင်တော့ပေ။ သူက ချင်းယွဲ့မြင့်မြတ်နယ်မြေမှ အခြားဧကရာဇ်များကို
“သူတို့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်ကြပါ”
ဟု ပြောလိုက်၏။
စကားအဆုံးတွင် ထိုက်ခန်းဧကရာဇ် လုချန်းထံသို့ လာကာ ဦးညွှတ်လိုက်ပြီး
“ကျုပ်တို့အတွက် ချင်းယွဲ့မြင့်မြတ်နယ်မြေရဲ့ အကြီးမားဆုံးသော ဘေးအန္တရာယ်ကို ဖယ်ရှားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းကြီး။”
လုချန်း ချက်ချင်း တုံ့ပြန်မပြောခဲ့ပေ။ သူသည် သူ၏ စိတ်အာရုံကို အသုံးပြုကာ ချင်းယွဲ့မြင့်မြတ်နယ်မြေ တစ်ခုလုံးကို စူးစမ်းကြည့်လိုက်ရာ ၎င်း၏ အောက်ခြေတွင် ရှေးဟောင်း နည်းဗျူဟာပုံစံများစွာ ရှိနေသည်ကို ရှာဖွေတွေ့ရှိလိုက်၏။
ထို့နောက် ထိုရှေးဟောင်း နည်းဗျူဟာပုံစံအားလုံးကို ဖျက်ဆီးရန် သူ၏ ရောင်ခြည်ခုနစ်ခုစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
သို့သော်လည်း ထိုနည်းဗျူဟာပုံစံများ ပျက်စီးသွားသည်နှင့် ချင်းယွဲ့မြင့်မြတ်နယ်မြေ တစ်ခုလုံး စတင်တုန်ခါလာပြီး ပြိုကျတော့မည့်ပုံ ပေါ်နေ၏။ ထိုအရာကို မြင်လျှင် လုချန်း ခဏခန့် မှင်တက်သွားကာ
“ချင်းယွဲ့မြင့်မြတ်နယ်မြေက တကယ်ပဲ ဒီအတိုင်း ပြိုကျသွားတော့မှာလား”
ဟု တွေးလိုက်၏။
ဤနေရာတွင် သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု တည်ဆောက်ရန် လုချန်း စဉ်စားထားခဲ့ခြင်း ဖြစ်၏။
ချင်းယွဲ့မြင့်မြတ်နယ်မြေကို မူလအစအင်အားဖြင့် တည်ငြိမ်အောင် ပြုလုပ်ရန်မျှော်လင့်ချက်ဖြင့် လုချန်း အလျင်အမြန် လုပ်ဆောင်လိုက်သော်လည်း မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။ လုချန်းက ပြုံးလိုက်ပြီး ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများကို
“ခင်ဗျားတို့ရဲ့ ချင်းယွဲ့မြင့်မြတ်နယ်မြေကတော့ လုံးဝကို ကံဆိုးသွားပြီ ထင်တယ်။”
စကားပြောပြီးနောက် ဟင်းလင်းပြင်ထဲသို့ လုချန်း ချက်ချင်း ပျံတက်သွားသည်။ ထိုက်ခန်းဧကရာဇ်သည်လည်း ပြိုကွဲနေသော ချင်းယွဲ့မြင့်မြတ်နယ်မြေကို ကြည့်ကာ အားကိုးရာမဲ့နေပုံ ပေါ်နေ၏။
လုချန်း တမင်တကာ လုပ်ဆောင်ခြင်း မဟုတ်ကြောင်းကိုလည်း သူ နားလည်ထားသည်။
ထင်ရှားသည်မှာ ချင်းယွဲ့နယ်မြေသခင်သည် ချင်းယွဲ့မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့စဉ်ကပင် မြင့်မြတ်နယ်မြေကို သူ၏ ကိုယ်ပိုင်အသက်နှင့် လုံးဝ ဆက်စပ်ပတ်သက်အောင် လုပ်ဆောင်ထားခဲ့ခြင်း ဖြစ်၏။ ချင်းယွဲ့နယ်မြေသခင် သေဆုံးသွားသည်နှင့် မြင့်မြတ်နယ်မြေသည်လည်း သဘာဝအလျောက် ပြိုကွဲသွားခြင်း ဖြစ်သည်။
လွတ်မြောက်ရန် ရုန်းကန်နေကြသော ချင်းယွဲ့မြင့်မြတ်နယ်မြေမှ တပည့်များကို ကြည့်ရင်း ချင်းယွဲ့မြင့်မြတ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားသော ဧကရာဇ်အဆင့်၏ အင်အားများကို ထိုက်ခန်းဧကရာဇ် ထုတ်လွှတ်ကာ တက်ကြွစွာ လုပ်ဆောင်လိုက်၏။ နောက်တစ်ခဏတွင် အတွင်းရှိ တပည့်အားလုံးကို ရွှေရောင် အကာအကွယ် တစ်ခုအတွင်း ပိတ်လှောင်လိုက်၏။
ယခုအခါ ချင်းယွဲ့မြင့်မြတ်နယ်မြေရှိ လူတိုင်း ဖြစ်ပျက်ခဲ့အရာကို သိသွားကြပြီ ဖြစ်၏။ သူတို့အားလုံးသည် ဟင်းလင်းပြင်ရှိ လုချန်းထံသို့ ညီညီညာညာ ဒူးထောက်လိုက်ကြပြီး
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
လုချန်းက ထိုက်ခန်းဧကရာဇ်ကို
“ဒီလူတွေကို သေချာ ဂရုစိုက်ပေးလိုက်ပါ။ ခင်ဗျားတို့ ရှနိုင်ငံတော်မှာရှိတဲ့ ကြယ်နယ်မြေ တစ်ခုကို ရွေးချယ်နိုင်ပါတယ်”
ဟု တည်ငြိမ်စွာ ပြောလိုက်၏။
ထိုက်ခန်းဧကရာဇ်က ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ဟု ကျေးဇူးတင်စကား ဆိုလိုက်၏။
လုချန်း ဆက်ပြောရန် ပြင်နေစဉ်မှာပင် မိုးကြိုး ဧကရာဇ်ထံမှ သတင်းစကား ရောက်လာသည်။
“မင်းကြီး... အမြန်ကြည့်ပါဦး
ချင်းယွဲ့မြင့်မြတ်နယ်မြေရဲ့ အောက်မှာ တစ်ခုခု ရှိနေပုံရတယ်။”
မိုးကြိုး ဧကရာဇ်၏ သတင်းစကားကို ကြားလျှင် လုချန်းလည်း သူ၏ အကြည့်ကို ချင်းယွဲ့မြင့်မြတ်နယ်မြေဆီသို့ ချက်ချင်း ပြန်လှည့်လိုက်၏။ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ မြေပြင်အပိုင်းအစတစ်ခု ပြိုကျသွားသည့်အခါ ၎င်း၏အောက်တွင် အနီရောင် ကြိုးမျှင်အချို့ ပေါ်လာခဲ့သည်။ ထိုကြိုးမျှင်များသည် တိတ်တဆိတ် ရစ်ပတ်နေကြကာ အလွန် ထူးဆန်းနေပုံ ပေါ်၏။
ထိုကြိုးမျှင်များကို မြင်လျှင် ရှေးခေတ် မှတ်တမ်းများတွင် ဖော်ပြထားသော ထိုကဲ့သို့သော အနီရောင် ကြိုးမျှင်များအကြောင်းကို လုချန်း တွေးမိသွား၏။ ခေတ်ကူးကပ်ဘေး စတင်သည်နှင့် ထိုအနီရောင် ကြိုးမျှင်များသည် ကောင်းကင်နတ်ဆိုးဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ သတ္တဝါအားလုံးကို ခွဲခြားမှုမရှိပဲ သတ်ဖြတ်လိမ့်မည်။
ထိုအနီရောင် ကြိုးမျှင်များကို ထိတွေ့ရုံမျှဖြင့် မလွဲမသွေ သေဆုံးရမည် ဖြစ်သည်။
လုချန်း ခဏခန့် မှင်တက်သွားကာ ထိုအနီရောင် ကြိုးမျှင်များထံမှ ဖိနှိပ်မှုများကို ခံစားလိုက်ရ၏။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သက်စောင့်အင်အားများ လှုပ်ခတ်သွားပြီး ဤနေရာမှ ထွက်ပြေးလိုစိတ်များ အလိုလို ဖြစ်ပေါ်လာ၏။
လုချန်းက
“မဖြစ်နိုင်တာ။ ခေတ်ကူးကပ်ဘေးက အခုပဲ စတင်နေပြီလား”
ဟု စိတ်ထဲတွင် တွေးလိုက်၏။
သူက လူတိုင်းထံသို့
“ဘယ်သူမှ မဆင်မခြင် မလုပ်ကြနဲ့”
ဟု အလျင်အမြန် သတင်းစကား ပေးပို့လိုက်သည်။
လုချန်း၏ သတင်းစကားကို ကြားလျှင် ရောက်ရှိနေကြသော ဧကရာဇ်အဆင့်များလည်း အခြေအနေ၏ ပြင်းထန်မှုကို ချက်ချင်း သိလိုက်ကြ၏။
သူတို့ထဲမှ အများစုက ခေတ်ကူးကပ်ဘေးနှင့် ပတ်သက်သော ရှေးခေတ် မှတ်တမ်းအချို့ကို ဖတ်ဖူးကြသည်။ ထိုခေတ်မှ ထူးဆန်းသော အနီရောင် ကြိုးမျှင်များအကြောင်းကိုလည်း ကြားဖူးထားကြ၏။
ယခု ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ အောက်ခြေတွင် ထိုအနီရောင် ကြိုးမျှင်များသည် ဝိုင်းရံနေကြပြီး သူတို့အား ကြောက်ရွံ့စေသော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ဤအနီရောင် ကြိုးမျှင်များသည် ရှေးခေတ် မှတ်တမ်းများတွင် ဖော်ပြထားသော ခေတ်ကူးကပ်ဘေး၏ လက်သည်တရားခံများ ဖြစ်နိုင်ခြေ အလွန်များလှ၏။ ခဏအတွင်းပင် ရှိနေသူ အားလုံးသည် ထိတ်လန့်သွားကြပြီး သူတို့၏ မျက်နှာများလည်း ဖြူဖျော့သွားကာ ချွေးများ စီးကျလာတော့၏။
အကယ်၍ ဤအရာများသည် ခေတ်ကူးကပ်ဘေး၏ လက်သည်များ တကယ် ဖြစ်နေပြီး ထိုအနီရောင် ကြိုးမျှင်များသာ အသက်ဝင်လာခဲ့လျှင် ရောက်ရှိနေသူ မည်သူမှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ အောက်တွင် အဘယ်ကြောင့် ဤထူးဆန်းသော အနီရောင် ကြိုးမျှင်များ ပေါ်လာရသနည်းဆိုတာကို သူတို့ အတော်လေး ဇဝေဇဝါ ဖြစ်နေကြ၏။
ခဏခန့်အတွင်း ချင်းယွဲ့မြင့်မြတ်နယ်မြေ တည်ရှိရာ အာကာသ ဟင်းလင်းပြင်သည် လုံးဝ တိတ်ဆိတ်သွားပြီး မည်သည့်အသံမှ မထွက်ပေါ်တော့ပေ။ ဧကရာဇ်အဆင့်များသည် အချိန်မရွေး ထွက်ပြေးရန် အသင့်ပြင်လျက် ဟင်းလင်းပြင်ထဲတွင် ပျံဝဲနေကြ၏။
သတ္တဝါတစ်ကောင်၏ ဆံပင်များကဲ့သို့ ရစ်ပတ်နေသော ထိုအနီရောင် ကြိုးမျှင်များကို လုချန်း သေသေချာချာ စောင့်ကြည့်နေ၏။ ၎င်းတို့သည် ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသော်လည်း မည်သည့် လှုပ်ရှားမှုမှ မရှိသေးပေ။
အချိန်မကျသေးသဖြင့် ဤအနီရောင် ကြိုးမျှင်များ အသက်မဝင်သေးခြင်း ဖြစ်နိုင်သည်။
သတ်မှတ်ထားသော အချိန်တစ်ခု ရောက်လာသည့်အခါ ဤအနီရောင် ကြိုးမျှင်များ လုံးဝ အသက်ဝင်လာပေလိမ့်မည်။ ဥပမာ ကောင်းကင်နတ်ဆိုး အရေအတွက် သတ်မှတ်ထားသော အဆင့်ထက် ကျော်လွန်သွားသည့် အခါမျိုးဖြစ်သည်။
ထိုဖြစ်နိုင်ခြေကို တွေးမိရင်း ရောက်ရှိနေသော ဧကရာဇ်အဆင့်များထံသို့ လုချန်း
သတင်းစကား ပေးပို့လိုက်၏။
“အားလုံးပဲ ဗဟိုကြယ်နယ်မြေကနေ ဖြည်းဖြည်းချင်း ဆုတ်ခွာကြပါ”
ဗဟိုကြယ်နယ်မြေတွင် ထိုအနီရောင် ကြိုးမျှင်များ ရှိနေပြီဖြစ်သည်။ ခေတ်ကူးကပ်ဘေး စတင်လာသည်နှင့် ဗဟိုကြယ်နယ်မြေသည် အများထင်သလို အလုံခြုံဆုံး နေရာတစ်ခု မဟုတ်တော့မှာ သေချာလှ၏။
ဗဟိုကြယ်နယ်မြေတွင် ခေတ်ကူးနယ်မြေအချို့ ရှိနေသဖြင့် ၎င်းသည် အလုံခြုံဆုံး ဖြစ်လိမ့်မည်ဟု အစပိုင်းက သူတို့ ထင်မှတ်ထားခဲ့ကြ၏။ သို့သော်လည်း ယခုအခါတာ့ ယခင်ခေတ်က အတွေ့အကြုံများသည် ဤခေတ်အတွက် အကျုံးဝင်တော့ပုံ မရပေ။
…………
အခန်း( ၁၅၅၀ )
ဗဟိုကြယ်နယ်မြေမှာ ဆက်ရှိနေခွင့်မပြုနိုင်
လုချန်း၏ စကားများ ဆုံးသွားသည်နှင့် ရှနိုင်ငံတော်၏ နတ်လှေအုပ်စု အလွန်နှေးကွေးသော အရှိန်ဖြင့် ဖြည်းညှင်းစွာ စနစ်တကျ စွန့်ခွာသွား၏။ နတ်လှေတစင်းစီးသည် တစ်ခုနှင့်တစ်ခု အကွာအဝေးကို ဂရုတစိုက် ထိန်းသိမ်းထားပြီး စနစ်တကျ ဆုတ်ခွာခဲ့ရ၏။
ထိုထူးဆန်းသည့် အနီရောင်ကြိုးမျှင်များကို ထိမိသွားမည် စိုးရိမ်သဖြင့် သူတို့ အလွန်သတိထားနေကြခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာပင် ရှနိုင်ငံတော်၏ နတ်လှေအုပ်စု ဤကြယ်နယ်မြေမှ ထွက်ခွာသွားသည်အထိ ထိုထူးဆန်းသည့် အနီရောင်ကြိုးမျှင်များကို ထိမိခြင်း မရှိခဲ့ပေ။
မကြာမီသည်ပင် အနီရောင်မိုးစက်ကမ္ဘာ၏ အစွန်အဖျားသို့ ရှနိုင်ငံတော်၏ နတ်လှေအုပ်စု ရောက်ရှိလာ၏။
အနီရောင်မိုးစက်ကမ္ဘာ အနီးသို့ ချဉ်းကပ်လာသည့် ဧကရာဇ်အဆင့် အငွေ့အသက် အမြောက်အမြားကို ခံစားမိလိုက်သည်နှင့် ဤအရာသည် ပြန်လည်ရောက်ရှိလာသည့် ရှနိုင်ငံတော်၏ နတ်လှေအုပ်စုဖြစ်ကြောင်း ယွမ်ချင်းရှု ချက်ချင်း သိလိုက်သည်။
သို့သော် ရှနိုင်ငံတော်၏ ကြယ်ဖျက်ယဉ်များ အနီရောင်မိုးစက်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသည့်တိုင်အောင် သူမ၏ မျက်လုံးများကိုပင် မဖွင့်ပဲ ဘာမှမသိသကဲ့သို့ တရားမှတ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေ၏။ လုချန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် ပညာမဲ့ရာရောက်မည်ဖြစ်ပြီး သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားခြင်းကသာ အကောင်းဆုံးဟု သူမ ယူဆထားသည်။
သူမသည် လုချန်း၏ ပြိုင်ဘက် မဟုတ်တော့ကြောင်း ယွမ်ချင်းရှု ကောင်းစွာသိထားသည်။ လုချန်းကို ကန့်ကွက်လျှင်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်လာမည် မဟုတ်သောကြောင့် သူမ လျစ်လျူရှုထားရန်သာ ရွေးချယ်လိုက်သည်။
သို့သော် ယွမ်ချင်းရှု လျစ်လျူရှုထားခြင်းက လုချန်း သူမထံ လာရှာမည် မဟုတ်ဟု မဆိုလိုပေ။ အထူးသဖြင့် ဗဟိုကြယ်နယ်မြေအတွင်း၌ ထိုထူးဆန်းသည့် အနီရောင်ကြိုးမျှင်များကို တွေ့ရှိပြီးနောက်တွင် ဖြစ်၏။
ယွမ်ချင်းရှုကို ထိုနေရာတွင် ဆက်ရှိနေရန် လုချန်း ခွင့်ပြုမည်မဟုတ်ပေ။
လက်ရှိတွင် ဗဟိုကြယ်နယ်မြေသည် စကြဝဠာအတွင်းရှိ အခြားမည်သည့်နေရာထက်မဆို ပို၍ အန္တရာယ်များနေသည်။
သူမ၏ အာရုံများကို ပိတ်ဆို့ပြီး ကျင့်စဉ်အပေါ် အာရုံစိုက်ရန် ယွမ်ချင်းရှု ပြင်ဆင်နေစဉ်ပင် သူမ၏ အခန်းအတွင်း၌ ရင်းနှီးသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။
ဤသူသည် သူမကို အလိုရှိနေသည့် အမျိုးသားဖြစ်ကြောင်း ယွမ်ချင်းရှု သိလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ သူမ၏ ပတ်ဝန်းကျင်တွင် အကာအကွယ်တစ်ခုကို တည်ဆောက်လိုက်ကာ လုချန်းကို မတွေ့ဆုံလိုကြောင်း အချက်ပြလိုက်၏။
သို့သော် လုချန်း ထွက်မသွားခဲ့ပေ။ ယွမ်ချင်းရှု တည်ဆောက်ထားသည့် အသံလုံအကာအကွယ်အား မူလအစစွမ်းအားကို အသုံးပြု၍ လုချန်း အလွယ်တကူ ဖျက်ဆီးလိုက်၏။ ထိုအကာအကွယ်သည် လုချန်း၏ မူလအစစွမ်းအားရှေ့မှောက်တွင် စက္ကူချပ်ကဲ့သို့ အားနည်းသွားခဲ့သည်။
ယွမ်ချင်းရှုသည် မျက်လုံးများကို ဆက်လက်မှိတ်ထားဆဲဖြစ်သော်လည်း သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့၏။
လုချန်းက
“ကိုယ် မင်းနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်။”
ထိုအရာကို ကြားလျှင် သူမအား ရှနိုင်ငံတော်သို့ လိုက်ပါရန် တိုက်တွန်းခြင်းမှလွဲ၍ အခြား အရေးကြီးကိစ္စ မရှိနိုင်ဟု တွေးကာ ယွမ်ချင်းရှု စိတ်ထဲ အတော်ပင် အထင်သေးသွား၏။
ယွမ်ချင်းရှုက စကားမပြောသလို မျက်လုံးကိုလည်း မဖွင့်သည်ကို မြင်လျှင် လုချန်းက
“မင်းက ပြီးခဲ့တဲ့ခေတ်ရဲ့ ခေတ်ကပ်ဘေးကို ဖြတ်သန်းခဲ့ဖူးတာဆိုတော့ ဒီလိုအရာမျိုးတွေနဲ့ အတော်လေး ရင်းနှီးမှာပါ။”
လုချန်း၏လေသံက အနည်းငယ် လေးနက်လာသည်။
ထိုသို့ ပြောပြီးနောက် သူ၏ မှတ်ဉာဏ်အချို့ကို လုချန်း ထုတ်ယူလိုက်ပြီး အခန်းအတွင်းသို့ တိုက်ရိုက် ထုတ်လွှင့်ပြသလိုက်သည်။
ထိုပုံရိပ်ယောင်တွင် အနီရောင်ကြိုးမျှင်များ၏ မြင်ကွင်းများကို ပြသထား၏။
အခန်းအတွင်း ပြသနေသည့် ပုံရိပ်ယောင်ကို ယွမ်ချင်းရှု၏ စိတ်အာရုံဖြင့် ခံစားမိလိုက်လျှင် ရုတ်တရက် သူမ၏ မျက်လုံးများ ပွင့်သည်။
ပုံရိပ်ယောင်အတွင်းရှိ ထူးဆန်းသော ချည်မျှင်များကို မြင်လိုက်ရလျှင် ယွမ်ချင်းရှု၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမ၏ အေးစက်သော မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။
သူမသည် ယခင်က ခေတ်ကပ်ဘေးကို ဖြတ်သန်းဖူးသဖြင့် ဤထူးဆန်းသည့် အနီရောင်ကြိုးမျှင်များနှင့် အလွန်ရင်းနှီးနေ၏။ ပုံရိပ်ယောင်အတွင်းရှိ ကြိုးမျှင်များသည် လှုပ်ရှားမှုမရှိပဲ ငြိမ်သက်စွာ ရစ်ခွေနေကြသော်လည်း ၎င်းတို့သည် ပြီးခဲ့သည့် ခေတ်ကပ်ဘေးအတွင်း သက်ရှိအားလုံးကို သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ်ရာ ကြိုးမျှင်များဖြစ်ကြောင်း သူမ မှတ်မိလိုက်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အနီရောင်ကြိုးမျှင်များ ပေါ်လာခြင်းက ခေတ်ကပ်ဘေး စတင်နေပြီဟု ဆိုလိုခြင်းလား။
သတိပြန်ဝင်လာပြီးနောက် ယွမ်ချင်းရှု၏ အကြည့် လုချန်းထံသို့ လှည့်လိုက်ကာ
“ရှင် ဒါကို ဘယ်မှာ တွေ့ခဲ့တာလဲ”
အကယ်၍ ခေတ်ကပ်ဘေးသာ တကယ် စတင်ခဲ့လျှင် ရှနိုင်ငံတော်မှ နတ်လှေအုပ်စု အထိအခိုက်မရှိ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။ ခေတ်ကပ်ဘေး၏ ကြောက်မက်ဖွယ်ရာကောင်းမူကို ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးအနေနှင့် ထိုကြိုးမျှင်များ၏ ရှေ့မှောက်တွင် လွတ်မြောက်ရန် မည်မျှခက်ခဲကြောင်း သူမ ကောင်းစွာသိသည်။
နတ်လှေအုပ်စုသည် မည်သည့်ဆုံးရှုံးမှုမှ မရှိခဲ့ကြောင်း ယွမ်ချင်းရှု ရှင်းလင်းစွာ ခံစားမိပြီးဖြစ်သည်။ ထိုအချက်က လုချန်းနှင့် သူ၏ မဟာမိတ်များအပေါ် ခေတ်ကပ်ဘေး သက်ရောက်မှု မရှိသေးကြောင်း သက်သေပြနေ၏။
“ချင်းယွဲ့ မြင့်မြတ်နယ်မြေရဲ့ အောက်မှာလေ”
ဟု လုချန်းက တုံ့ပြန်လိုက်သည်။
“ချင်းယွဲ့ မြင့်မြတ်နယ်မြေ ပျက်စီးသွားပြီးနောက် ဒီအနီရောင်ကြိုးမျှင်တွေ ပေါ်လာတာ။ ဒါပေမဲ့ သူတို့က ငြိမ်နေတုန်းပဲ။ အချိန်မတန်သေးတဲ့ ပုံပဲ။”
လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ချင်းရှု နောက်တစ်ကြိမ် မှင်တက်သွားပြန်၏။
ချင်းယွဲ့ မြင့်မြတ်နယ်မြေ၏ အောက်မှာလား။
ထိုသို့ဆိုလျှင် ဗဟိုကြယ်နယ်မြေက...
ဤခေတ်မှာ အနီရောင်ကြိုးမျှင်တွေက ဗဟိုကြယ်နယ်မြေမှာ အရင်ဆုံး ပေါ်လာတာလား။
ယခင်ဘဝက အတွေ့အကြုံများနှင့် လုံးဝကွဲပြားနေသော ဤအခြေအနေက သူမ၏ စိတ်ကို အတော်လေး ရှုပ်ထွေးသွားစေခဲ့သည်။
ခေတ်ကူးနယ်မြေကို စောင့်ဆိုင်းရန် ဗဟိုကြယ်နယ်မြေသို့ စောစောရောက်နှင့်နေလျှင် အနီရောင်ကြိုးမျှင်များက တိုက်ခိုက်မည် မဟုတ်ဟု ပြောကြ၏။
သို့သော် ကြိုးမျှင်များ ဗဟိုကြယ်နယ်မြေတွင် အရင်ဆုံး ပေါ်လာပါက ထိုနေရာတွင် ပုန်းအောင်းနေသူများ သေဘေးနှင့် ရင်ဆိုင်ရမည် မဟုတ်ပါလား။
ထိုအရာကို တွေးမိရင်း ယွမ်ချင်းရှု မျက်ခုံးတွန့်လိုက်၏။
ဤကဲ့သို့ ထူးဆန်းသော အနီရောင်ကြိုးမျှင်များ ရှိနေသဖြင့် ဗဟိုကြယ်နယ်မြေသည် ယခုအခါ အန္တရာယ်အရှိဆုံး နေရာဖြစ်နေပြီဖြစ်သည်။ ခေတ်ကူးနယ်မြေ ပေါ်မလာမီပင် ဗဟိုကြယ်နယ်မြေရှိ သူများကို ဤကြောက်မက်ဖွယ်ရာ ကြိုးမျှင်များက ရှင်းလင်းပစ်နိုင်ချေ ရှိ၏။
ထိုသို့ဆိုလျှင် နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။
အရင်ဘဝက အတွေ့အကြုံများ မရှိပဲနှင့် ခေတ်ကပ်ဘေးမှ သူတို့ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
ယွမ်ချင်းရှု အလေးအနက် စဉ်းစားနေ၏။
ယွမ်ချင်းရှု တိတ်ဆိတ်နေသည်ကို မြင်လျှင်
“အခု ဗဟိုကြယ်နယ်မြေက မလုံခြုံတော့ဘူး။ ကိုယ်နဲ့အတူ ရှနိုင်ငံတော်ကို လိုက်ခဲ့ဖို့ မင်း စဉ်းစားမလား”
ဟု လုချန်းက မေးလိုက်၏။
ထိုအရာကို ကြားလျှင် ယခု သူမအတွက် တကယ် သွားစရာ နေရာမရှိတော့ကြောင်း ယွမ်ချင်းရှု သတိရသွားသည်။
သို့သော် တစ်ဖက်က ပြန်တွေးကြည့်လျှင် ခေတ်ကူးနယ်မြေ အစောဆုံး ပေါ်ထွက်လာမည့် ဗဟိုကြယ်နယ်မြေပင် မလုံခြုံပါက ဤစကြဝဠာအတွင်း မည်သည့်နေရာက လုံခြုံနိုင်ဦးမည်နည်း။
ရှနိုင်ငံတော်ကရော လုံခြုံရဲ့လား။
ယခု ကောင်းကင်ဧကရာဇ် ပေါ်ထွန်းလာပြီဖြစ်ပြီး ထိုသူသည် လုချန်း မဟုတ်သည်တာ ထင်ရှားလှ၏။ လုချန်းသည် မည်သည့်အခါမှ ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်မည် မဟုတ်ပေ။
လုချန်း ကောင်းကင်ဧကရာဇ် ဖြစ်လာလျှင်ပင် အခြားသူများကို ခေတ်ကပ်ဘေးမှ အကာအကွယ် ပေးနိုင်ရန် နည်းလမ်းမရှိပေ။ ကောင်းကင်ဧကရာဇ် မဟုတ်သည့် အခြေအနေတွင် ဆိုပါက ပို၍ပင် မဖြစ်နိုင်တော့ချေ။
ယွမ်ချင်းရှု ကြာရှည်စွာ တိတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းက
“အရင်က မင်း ရှနိုင်ငံတော်ကို မသွားချင်တုန်းက ကိုယ် ဘာမှမပြောခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဗဟိုကြယ်နယ်မြေမှာ ခေတ်ကူးနယ်မြေ ရှိနိုင်တာကိုး။”
“ဒါပေမဲ့ အခုတော့ ဗဟိုကြယ်နယ်မြေမှာ ကောင်းကင်ဧကရာဇ်အဆင့်ရှိတဲ့ ကောင်းကင်နတ်ဆိုး ပေါ်လာတာတင်မကဘူး ကပ်ဘေးကြီးအတွင်းမှာ ပေါ်လာတတ်တဲ့ ကြောက်မက်ဖွယ် ကြိုးမျှင်တွေလည်း ရှိနေပြီ။ မင်းကို ဗဟိုကြယ်နယ်မြေမှာ ဆက်ရှိနေဖို့ ကိုယ် ခွင့်မပြုနိုင်ဘူး။”
ထိုစကားများကို ကြားလျှင် ယွမ်ချင်းရှု သူမ၏ မျက်ခုံးများကို မျက်ခုံးတွန့်လိုက်ပြီး လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ
“အကယ်၍ ကျွန်မ ရှင်နဲ့အတူ ရှနိုင်ငံတော်ကို မလိုက်ချင်ဘူးဆိုရင် ရှင် ဘာလုပ်မလဲ”
ဟု အေးစက်စွာ မေးလိုက်သည်။
လုချန်းက ခပ်ဖွဖွရယ်မောလိုက်ပြီး
“ဒါဆိုရင်တော့ ကိုယ် အတင်းအကျပ် လုပ်ရမှာပေါ့။”
ထိုစကားများကို ပြောဆိုရင်း လုချန်း၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခု ချပြီးပုံရသည့် အရိပ်အယောင် တစ်ခု ပေါ်လာသည်။
လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ချင်းရှုထံမှ အေးစက်သော အငွေ့အသက်တစ်ခု ထိန်းချုပ်၍မရစွာ ထွက်ပေါ်လာ၏။ ရှနိုင်ငံတော်သို့ သွားလိုက်သည်နှင့် သူမအတွက် ရလဒ်တစ်ခုသာ ရှိကြောင်း သူမ သိထားသည်။
ထိုအရာက လုချန်း၏ မိဖုရားဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်လာရခြင်းပင်။
နှစ်များရေတွက်၍မရနိုင်အောင် သက်တမ်းကြာရှည်စွာ နေထိုင်ခဲ့သူတစ်ဦး ပီပီ ယောက်ျားနှင့် မိန်းမကြား ဆက်ဆံရေးကို ယွမ်ချင်းရှု အစောကတည်းက အလေးမထားတော့ပေ။
သို့သော် သူမ၏ စိတ်နှလုံးထဲ ကိုယ်ကျင့်တရားဆိုင်ရာ အတားအဆီးများ မရှိတော့လျှင်ပင် ဧကရာဇ်အဆင့် တစ်ဦး၏ သိက္ခာကိုတော့ သူမ ဆက်လက် ဆုပ်ကိုင်ထားဆဲပင်။
ရှနိုင်ငံတော်သို့ သွားရောက်ကာ လုချန်း၏ မိန်းမ ဖြစ်လာရခြင်း၊ အခြားသူများစွာနှင့်အတူ သူ့ကို ပြုစုရခြင်း၊ နည်းမျိုးစုံသုံး၍ လုချန်းကို စိတ်ကျေနပ်အောင် လုပ်ပေးရခြင်းနှင့် နောက်ဆုံးတွင် သူ၏ အပျော်အပါးအတွက် အသုံးချခံ အရာဝတ္ထုတစ်ခု ဖြစ်လာရခြင်းတို့ကို သူမ လုံးဝ လက်မခံနိုင်ပေ။
ယွမ်ချင်းရှုထံမှ ထွက်ပေါ်လာသည့် အေးစက်မှုကို မြင်လျှင် သူမ သူနှင့်အတူ ရှနိုင်ငံတော်သို့ လိုက်ပါရန် တကယ် ဆန္ဒမရှိကြောင်း လုချန်း သဘောပေါက်လိုက်၏။
ထိုစဉ် မိုးကြိုး ဧကရာဇ်တို့ထံသို့ လုချန်း ချက်ချင်း အသံလွှင့်လိုက်၏။
“အခုချက်ချင်း ပြန်ဖို့ မလောကြနဲ့ဦး။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို ချက်ချင်း တည်ဆောက်ပါ။”
ရှနိုင်ငံတော်သို့ ပြန်ရန် သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးပြုရန် ပြင်ဆင်နေကြသည့် မိုးကြိုး ဧကရာဇ်တို့လည်း လုချန်း၏ အသံလွှင့်ချက်ကို ကြားလျှင် ဇဝေဇဝါ ဖြစ်သွားကြသည်။
ဤနေရာတွင် ရန်သူလည်းမရှိပဲ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို အသုံးပြုရခြင်းက မည်သည့်အတွက်ကြောင့်နည်း။
လုချန်း၏ ရည်ရွယ်ချက်ကို မသေချာသော်လည်း ဧကရာဇ်များ လျင်မြန်စွာ စုရုံးလိုက်ကြပြီး နောက်တစ်ခဏတွင် လမ်းစဉ်စွမ်းအား အားလုံး လုချန်းထံသို့ စီးဝင်သွားကာ သူ၏ ဖိအားကို ကောင်းကင်ဧကရာဇ် နယ်ပယ်အဆင့်အထိ ချက်ချင်း မြှင့်တင်ပေးလိုက်၏။
လုချန်းထံမှ ထွက်ပေါ်လာသည့် ဖိအားကို ခံစားမိလိုက်လျှင် ယွမ်ချင်းရှု ခဏခန့် မှင်တက်သွား၏၊ ထိုအခါ လုချန်းက
“နူးနူးညံ့ညံ့ ပြောလို့မရမှတော့ ကျင့်စဉ်လောကရဲ့ ဥပဒေတွေအတိုင်းပဲ ကိုယ် ပြောပြရတော့မှာပေါ့။”
…………
အခန်း (၁၅၅၁)
ရှန်ယွဲ့နိုင်ငံကို တပ်ဖွဲ့များ စေလွှတ်မည်
ယွမ်ချင်းရှု၏ မျက်လုံးများကို လုချန်း စိုက်ကြည့်ကာ
“ကျင့်ကြံသူတွေဆိုတာ အင်အားကြီးသူက အနိုင်ယူစတမ်းဆိုတဲ့ တောရိုင်းနိယာမကို လိုက်နာကြတာပါ။ အင်အားကြီးတဲ့သူကိုပဲ အားလုံးက ရိုသေကြတယ်။”
ဤသည်ကား လုချန်း နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော ဤကျင့်စဉ်လောက၏ မပြောင်းလဲနိုင်သော အမှန်တရားဖြစ်သည်။
“အခု ကိုယ်က မင်းထက် ပိုအားကြီးတယ်။ အကယ်၍ မင်းက ကိုယ်နဲ့အတူ လိုက်ဖို့ စိတ်မပါဘူးဆိုရင်တော့ မင်းအပေါ် အတင်းအကျပ် လုပ်ဆောင်ဖို့ကလွဲလို့ ကိုယ့်မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။”
ထိုအခိုက်အတန့်တွင် ယွမ်ချင်းရှု စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သော်လည်း သူမ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေဆဲဖြစ်၏။
“ရှင် ကျွန်မကို သတ်ချင်တယ်ဆိုရင်လည်း သတ်လိုက်ပါတော့။”
ယွမ်ချင်းရှုတွင် အသက်ရှင်လိုစိတ် အနည်းငယ် ရှိနေသေးသော်လည်း သူမ ခံစားရမည့် အရှက်တကွဲ ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ပါက သေခြင်းတရားသည် သူမအတွက် ထိုမျှလောက် မကြောက်စရာ မဟုတ်တော့ပေ။ အနည်းဆုံးတော့ သေခြင်းတရားက သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးနိုင်မည် ဖြစ်သည်။
ထို့ပြင် ယခု ဗဟိုကြယ်နယ်မြေတွင် ထိုထူးဆန်းသည့် အနီရောင်ကြိုးမျှင်များ ရှိနေပြီ ဖြစ်၏။ ပြီးခဲ့သည့် ခေတ်၏ ကပ်ဘေးမှ ရှောင်ရှားခဲ့သည့် နည်းလမ်းကိုလည်း ဆက်လက်အသုံးမပြုနိုင်တော့သဖြင့် ဤခေတ်တွင် သူမ သေဆုံးသွားနိုင်ခြေ အလွန်မြင့်မားနေသည်။
သေခြင်းတရားသည် အနှေးနှင့်အမြန် ရောက်လာမည်သာ ဖြစ်၏။
သူမအား သတ်ရန် လုချန်း ဆန္ဒရှိလျှင်လည်း သတ်ခွင့်ပြုလိုက်ရန်သာ ရှိတော့သည်။
ဒါက...
သေဘေးကို မကြောက်မရွံ့ ရင်ဆိုင်နေသည့် ယွမ်ချင်းရှု၏ ပုံစံကို မြင်လျှင် လုချန်းက
“တကယ်တော့ မင်း သေစရာ မလိုပါဘူး။ ကိုယ်နဲ့အတူ ရှနိုင်ငံတော်ကို လိုက်ခဲ့ဖို့ပဲ လိုတာပါ။”
သို့သော် ယွမ်ချင်းရှုကတော့ တိတ်ဆိတ်နေဆဲ ဖြစ်ပြီး လုချန်းနှင့်အတူ လိုက်မသွားရန် ဆုံးဖြတ်ချက် ခိုင်မာနေပုံရ၏။
လုချန်းက
“မင်း ကိုယ်နဲ့အတူ ရှနိုင်ငံတော်ကို မလိုက်ချင်တဲ့ အဓိက အကြောင်းရင်းက ရှန်ရှန်ကို ကိုယ်ဆက်ဆံသလိုမျိုး မင်းကိုလည်း ဆက်ဆံသည် စိုးရိမ်လို့ မဟုတ်လား။ ဒီအချက်ကိုတော့ မင်း စိတ်ချနိုင်ပါတယ်။ မင်းအပေါ် ကိုယ် အဲဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး။”
လုချန်း၏ မျက်လုံးများတွင် ရိုးသားအချို့ ရှိပြီး လိမ်ညာနေခြင်းမျိုး မဟုတ်ကြောင်း ယွမ်ချင်းရှု ခံစားလိုက်ရသည်။
“မင်းနဲ့ ရှန်ရှန်က တစ်ပုံစံတည်းပဲလေ။ မင်းနဲ့ စုံတွဲကျင့်စဉ် ကျင့်တာက သူနဲ့ ကျင့်တာနဲ့ ဘာမှမထူးခြားပါဘူး။ မင်းကို ရှနိုင်ငံတော်ကို ခေါ်သွားချင်ရတဲ့ အဓိက အကြောင်းရင်းက မင်း တစ်ခုခု ဖြစ်သွားရင် ကိုယ်ပွားဖြစ်တဲ့ ရှန်ရှန်ကို ထိခိုက်မှာ စိုးလို့ပါ။”
“မင်းတို့နှစ်ယောက်ကြားက ဆက်နွှယ်မှုကို ဖြတ်တောက်ထားတယ် ဆိုပေမဲ့ ဒါက အပေါ်ယံပဲ ရှိသေးတာ။ အကယ်၍ ပင်မခန္ဓာ ပျက်စီးသွားရင် ကိုယ်ပွားကိုလည်း အတိုင်းအတာ တစ်ခုအထိ ထိခိုက်လာမှာပဲ။”
လုချန်း၏ စကားများကို ကြားလျှင် ယွမ်ချင်းရှု၏ မျက်ခုံးများ အနည်းငယ်တွန့်သွား၏။ သူမ ခဏခန့် စဉ်းစားလိုက်ရာ လုချန်း၏ စကားများက အကြောင်းပြချက် မရှိသည်တော့ မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ယွမ်ချင်းရှု အတွေးထဲ နစ်မြောနေစဉ် လုချန်းက
“ရှန်ရှန်အတွက်ပဲ ဖြစ်ဖြစ် မင်းက ကိုယ်နဲ့အတူ ရှနိုင်ငံတော်ကို မလိုက်ချင်ဘူး ဆိုရင်တောင် အတင်းအကျပ် ခေါ်သွားရမှာပဲ”
ဟု ဆက်ပြောလိုက်သည်။
ယွမ်ချင်းရှုက အေးစက်စွာဖြင့်
“ရှင် တကယ်ပဲ သူ့အတွက် လုပ်နေတာလား”
လုချန်းက
“ဒါပေါ့။ ကိုယ့်မှာ မိန်းမတွေ အလုံအလောက် ရှိပြီးသားပါ။ တစ်ယောက် ပိုတာ လျော့တာက ကိုယ့်အတွက် ဘာမှ မကွာခြားပါဘူး။ မင်းကို ရှနိုင်ငံတော်ကို ခေါ်သွားချင်တာက မင်းကို ကြိုက်လို့လို့ မင်း ထင်နေတာတော့ မဟုတ်ပါဘူးနော်။”
လုချန်း၏ စကားများကို ကြားလျှင်
သူ၏စကားများထဲ အမှန်တရား အချို့ ရှိသည်ဟု ယွမ်ချင်းရှု စိတ်ထဲ ခံစားလိုက်ရ၏။ လုချန်းတွင် မိန်းမများစွာ ရှိနေပြီဖြစ်ရာ တစ်ယောက် ပိုခြင်း၊ လျော့ခြင်းက ဘာမှ မထူးခြားပေ။
ထို့ပြင် လုချန်းတွင် သူမနှင့် တစ်ပုံစံတည်း တူသည့် ကိုယ်ပွားတစ်ဦး ရှိနေပြီးသား ဖြစ်ရာ မည်သူနှင့် အတူရှိနေသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။
လုချန်း တကယ်ပင် ယွမ်ရှန်ရှန်အတွက် လုပ်နေခြင်းလည်း ဖြစ်နိုင်၏။ ထိုဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရင်း ယွမ်ချင်းရှု၏ စိတ်လည်း နောက်ဆုံးတွင် အနည်းငယ် ယိမ်းယိုင်သွားတော့သည်။
“ကောင်းပါပြီ။ ရှင်နဲ့အတူ ရှနိုင်ငံတော်ကို ကျွန်မ လိုက်ခဲ့ပါ့မယ်။”
လက်ရှိတွင် သူမ၏ အင်အားက လုချန်းနှင့် မယှဉ်နိုင်ပေ။ သူမ ငြင်းဆန်လျှင်ပင် လုချန်းက ရှနိုင်ငံတော်သို့ အတင်းအကျပ် ခေါ်ဆောင်သွားနိုင်၏။ အတင်းအကျပ် ခေါ်ဆောင်ခြင်းခံရခြင်းထက် ကိုယ်တိုင်သဘောတူလိုက်ခြင်းက ပို၍ ဂုဏ်သိက္ခာရှိသည်ဟု သူမ ယူဆသည်။
ကောင်းကင်ဧကရာဇ်အင်းအားရှိသည့် လုချန်းကဲ့သို့ သူတစ်ဦးကို ရင်ဆိုင်ရာတွင် သူမ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီး၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် ခက်ခဲလှသည်။
သူမအား ရှနိုင်ငံတော်သို့ ခေါ်ဆောင်ခြင်းသည် ယွမ်ရှန်ရှန်အတွက်သာ ဖြစ်ပြီး သူမအပေါ် ထိုကဲ့သို့ ကိစ္စများ လုပ်ဆောင်မည် မဟုတ်ဟု လုချန်းက ပြောထားပြီးဖြစ်ရာ သူမအနေနှင့် လိုက်ပါသွားခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။
စကြဝဠာ၏ မည်သည့်နေရာမှ မလုံခြုံတော့ပေ။ ရှနိုင်ငံတော်၏ အကာအကွယ်က အန္တရာယ်အချို့ကို တားဆီးပေးနိုင်မလား ဆိုတာကလည်း တကယ်တော့ မသေချာပေ။
ယွမ်ချင်းရှု သဘောတူသည်ကို မြင်လျှင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီး
“ဒါဆိုရင် သွားကြတာပေါ့”
ယွမ်ချင်းရှု ချက်ချင်း ထရပ်လိုက်ပြီး လျှို့ဝှက်လဝန်းနန်းတော်ရှိ လူအားလုံးထံသို့ အထုပ်အပိုးများ ပြင်ဆင်ကာ ရှနိုင်ငံတော်၏ နတ်လှေနောက်သို့ လိုက်ပါပြီး ရှနိုင်ငံတော်သို့ ရွှေ့ပြောင်းကြရန် အကြောင်းကြားလိုက်၏။
ယွမ်ချင်းရှု၏ ဆုံးဖြတ်ချက်ကို ကြားလျှင် လျှို့ဝှက်လဝန်းနန်းတော်မှ လူများ မှင်တက်သွားကြ၏။
ဗဟိုကြယ်နယ်မြေသို့ ရောက်ရှိတာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ယခု ထပ်ပြီး နေရာရွှေ့ပြောင်းရပြန်ဦးမှာလား။
အချို့စိတ်ရှုပ်ထွေးသွားကြသော်လည်း နန်းတော်သခင်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲခြင်း မရှိကြပေ။
ထို့ပြင် ရှနိုင်ငံတော်သို့ ရွှေ့ပြောင်းရမည် ဖြစ်သည်။ အချို့သူများ သံသယဖြစ်မိသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ရှိ လူအများစုသည် အင်အားနည်းပါးသူများ ဖြစ်ကြသဖြင့် ဘာမှမပြောရဲပဲ နာခံမှုရှိစွာဖြင့်သာ လိုက်နာကြရ၏။
ဤသို့ဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ လူအားလုံးကို ယွမ်ချင်းရှု ခေါ်ဆောင်လာကာ လုချန်းတို့ အဖွဲ့နှင့်အတူ ရှနိုင်ငံတော်သို့ ပြောင်းရွှေ့ခဲ့၏။ လျှို့ဝှက်လဝန်းနန်းတော်အတွက် ကြယ်နယ်မြေတစ်ခုကို လုချန်းက အထူး သတ်မှတ်ပေးလိုက်၏။ ထိုကြယ်နယ်မြေသည် ရှနိုင်ငံတော်၏ ဗဟိုချက်နှင့် နီးကပ်ပြီး သယံဇာတများ ပေါကြွယ်ဝကာ လုံခြုံရေးအရှိဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။
ယွမ်ချင်းရှု ရှနိုင်ငံတော်သို့ ရောက်ရှိပြီးနောက်တွင် လုချန်း သူမအပေါ် ဂရုမစိုက်တော့ပေ။ ယွမ်ချင်းရှုတွင် သူအပေါ် ခုခံလိုစိတ် ရှိနေသေးကြောင်း သူ သိထားသဖြင့် အလျင်မလိုခဲ့ပေ။ အကြောင်းမှာ လက်ရှိတွင် သူ့ထံ၌ မိန်းမများစွာ ရှိနေပြီး ဖြစ်သောကြောင့်ပင်။
ရှနိုင်ငံတော်၏ နတ်လှေအုပ်စု ဗဟိုကြယ်နယ်မြေမှ ထွက်ခွာခဲ့သော်လည်း ဗဟိုကြယ်နယ်မြေကို စောင့်ကြည့်ခြင်းကိုတော့ လုချန်း မရပ်တန့်ခဲ့ပေ။ အနီရောင်မိုးစက်ကမ္ဘာသည် ရှနိုင်ငံတော်၏ လက်အောက်တွင်သာ ရှိနေဆဲဖြစ်ပြီး ထိုနေရာတွင် ဧကရာဇ်အဆင့် အမြောက်အမြားကို အစောင့်အရှောက် ချထားခဲ့သည်။ အနီရောင်မိုးစက်ကမ္ဘာတွင် သူ၏ ကိုယ်ပွားတစ်ခုကိုလည်း လုချန်း ထားရှိခဲ့၏။
ဤသို့ဖြင့် ဗဟိုကြယ်နယ်မြေအတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ဖြစ်စေ သူ ချက်ချင်း သိနိုင်လိမ့်မည်။
…….
နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာ၏။ ရှနိုင်ငံတော်၏ နယ်မြေချဲ့ထွင်မှု ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ ဗဟိုကြယ်နယ်မြေရှိ ရှန်ယွဲ့နိုင်ငံ၏ နယ်မြေချဲ့ထွင်မှုသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။
ဗဟိုကြယ်နယ်မြေရှိ ထိပ်တန်း အင်အားစုများအားလုံးနီးပါးသည် ရှန်ယွဲ့နိုင်ငံကို ရင်ဆိုင်ရန်အတွက် စုစည်းခဲ့ကြပြီး နတ်ဝိညာဉ်မဟာမိတ်ဟု အမည်ရသည့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။ သို့သော် ထိုမဟာမိတ်အဖွဲ့သည် ကောင်းကင်နတ်ဆိုးများ၏ ရှေ့မှောက်တွင် အားနည်းလွန်းနေခဲ့ပြီး အချိန်တိုအတွင်း မြင့်မြတ်နယ်မြေများစွာ ပျက်စီးခဲ့ရသည်။
ကောင်းကင်နတ်ဆိုးများ၏ ခြိမ်းခြောက်မှုကို လုချန်း သိထားသော်လည်း ရှန်ယွဲ့နိုင်ငံကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ လက်ရှိတွင် မည်သည့်နေရာသို့ ရောက်ရှိနေသည်မသိရသော ရွှမ်ထျန်းကိုသာ သူ အဓိက အာရုံစိုက်နေ၏။
သို့သော် ဆယ်နှစ်တာကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ရွှမ်ထျန်း ပေါ်မလာသေးသော်လည်း ဗဟိုကြယ်နယ်မြေ၏ အခြေအနေသည် ပို၍ဆိုးရွားလာကာ ကောင်းကင်နတ်ဆိုးများ၏ အရေအတွက်သည်လည်း အဆက်မပြတ် တိုးပွားလာသည်။
ဤအတိုင်းသာ ဆက်သွားနေပါက စကြဝဠာကပ်ဘေးကြီး တကယ် ဆိုက်ရောက်လာတော့မည်ဟု လုချန်း ခံစားမိလိုက်၏။ ထို့ကြောင့် ရှန်ယွဲ့နိုင်ငံကို တိုက်ခိုက်ရန် တပ်ဖွဲ့များ စေလွှတ်ဖို့ စီစဉ်ရင်း ကောင်းကင်ဧကရာဇ် အစည်းအဝေးကို ခေါ်ယူလိုက်သည်။
…….
ကောင်းကင်ဧကရာဇ် ခန်းမ။
ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များကို လုချန်း တစ်ချက်ကြည့်လိုက်၏။ နယ်မြေချဲ့ထွင်ခဲ့သည့် နှစ်များအတွင်း ဧကရာဇ်များ တိုးပွားလာခဲ့ရာ ရှနိုင်ငံတော်တွင် ယခုအခါ ဧကရာဇ် တစ်ထောင်ကျော်အထိ ရှိနေပြီ ဖြစ်သည်။
အများစုသည် လက်နက်ချခဲ့သည့် အခြားနိုင်ငံများမှ ဖြစ်ကြသော်လည်း ရှနိုင်ငံတော်၏ ပေါကြွယ်ဝလှသော ကံစွမ်းအားကြောင့် အဆင့်တက်လှမ်းနိုင်ခဲ့သူများက ပို၍ များ၏။ ထိုဧကရာဇ်အသစ်များသည် ရှနိုင်ငံတော်အပေါ် သစ္စာစောင့်သိကြပြီး စစ်ပွဲတွင် စွမ်းဆောင်ပြသရန် စိတ်အားထက်သန်နေကြသည်။
လုချန်း ပေါ်လာပြီးနောက် ကောင်းကင်ဧကရာဇ် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များက
“ကောင်းကင်ဧကရာဇ်မင်းကြီးကို ဂါရဝပြုပါတယ်”
ဟု တညီတညွတ်တည်း ဂါရဝပြုကြ၏။
လုချန်းက တည်ငြိမ်စွာဖြင့်
“ထုံးစံတွေ ထားလိုက်ကြပါ”
ဤအကြိမ် လုချန်း ခေါ်ယူသည့် ဧကရာဇ်အဆင့် အစည်းအဝေး၏ ရည်ရွယ်ချက်ကို လူတိုင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။ အကြောင်းမှာ အနီရောင်မိုးစက်ကမ္ဘာတွင် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု ရှိနေပြီး ဗဟိုကြယ်နယ်မြေ၏ သတင်းအချက်အလက်များသည် ထိုတည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံမှတစ်ဆင့် ရှနိုင်ငံတော်သို့ နေ့စဉ် ရောက်ရှိနေသောကြောင့်ပင်။
“နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ရဲ့ အခြေအနေက အတော်လေး ဆိုးရွားနေပြီ။ ဗဟိုကြယ်နယ်မြေထဲက ထိပ်တန်း မြင့်မြတ်နယ်မြေ အမြောက်အမြားလည်း ပျက်စီးသွားကြပြီ” ဟု လုချန်းက ဆက်ပြောလိုက်၏။
လုချန်း၏ စကားများကို ကြားလျှင် သူတို့၏ ကောင်းကင်ဧကရာဇ်သည် ရှန်ယွဲ့နိုင်ငံကို တကယ်ပင် စစ်ကြေညာရန် ရည်ရွယ်နေကြောင်း လူတိုင်း သဘောပေါက်သွားကြသည်။
စွမ်းဆောင်ရည် ပြသနိုင်မည့် အခွင့်အရေးသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ရောက်ရှိနေသည့် ဧကရာဇ်အဆင့် အားလုံးသည် ကောင်းကင်နတ်ဆိုးများကို လုံးဝ နှိမ်နင်းနိုင်သည့် အစွမ်းရှိသော နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံထားကြသူများ ဖြစ်ကြသည်။
ဤကာလအတွင်း စကြဝဠာ၏ ပြင်ပတွင် လှည့်လည်သွားလာနေသည့် ကောင်းကင်နတ်ဆိုးများသည် ရှနိုင်ငံတော်မှ ဧကရာဇ်အဆင့်များ၏ လက်ချက်ဖြင့် များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
ဧကရာဇ်အဆင့် အမြောက်အမြားသည် ထို ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရန် ဗဟိုကြယ်နယ်မြေသို့ သွားချင်နေကြတာလည်း ကြာပြီ ဖြစ်၏။
အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် လူအုပ်ကို ကြည့်ကာ လုချန်းက
“ဒီဧကရာဇ်အဆင့် အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို ခင်ဗျားတို့အားလုံး ခန့်မှန်းမိကြတဲ့ပုံပဲ”
“ဟုတ်ပါတယ်။ ရှန်ယွဲ့နိုင်ငံကို စစ်ချီပြီး ဒီနတ်ဆိုးတွင်းကြီးကို အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ ရည်ရွယ်ထားတယ်။”
လုချန်း၏ စကားဆုံးသည်နှင့် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များက
“ကျုပ်တို့ ကောင်းကင်ဧကရာဇ်မင်းကြီးကို အပြည့်အဝ ထောက်ခံပါတယ်”
ဟု တညီတညွတ်တည်း ပြောဆိုလိုက်ကြ၏။
လုချန်းက
“နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံထားတာကြောင့် ကောင်းကင်နတ်ဆိုးတွေကို နှိမ်နင်းနိုင်မယ်လို့ ခင်ဗျားတို့ ယုံကြည်နေကြတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ နားလည်ထားရမှာက ရှန်ယွဲ့နိုင်ငံရဲ့ ကောင်းကင်နတ်ဆိုးတွေက စကြဝဠာရဲ့ တခြားနေရာတွေမှာ ရှိတဲ့ နတ်ဆိုးတွေနဲ့ မတူဘူးဆိုတာပဲ။”