အခန်း (၁၅၅၂-၁၅၅၄)
Vol. 104 Ch. 1552-1554
အခန်း (၁၅၅၂)
ဆုတ်ခွာလာသော နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့
လုချန်း၏ သတိပေးချက်ကို ကြားလျှင် ဧကရာဇ်များ၏ လှုပ်ရှားနေသော စိတ်နှလုံးများ အနည်းငယ် တည်ငြိမ်သွားသည်။ သူတို့သည် စစ်ပွဲ၏ ဆွဲဆောင်မှုကို ခံရသော်လည်း ရှန်ယွဲ့နိုင်ငံ၏ အန္တရာယ်ကိုတော့ မေ့လျော့သွား၍ မရပေ။
သူတို့၏ ကောင်းကင်ဧကရာဇ် ပြောကြားချက်က မှန်ကန်၏။
ရှန်ယွဲ့နိုင်ငံမှ ကောင်းကင်နတ်ဆိုးများသည် အလွန်အစွမ်းထက်ကြပြီး ဧကရာဇ်အဆင့် အရေအတွက်ကလည်း ရှနိုင်ငံထက် မနည်းလှပေ။
ကောင်းကင်နတ်ဆိုးများ၏ အင်အားက အချက်တစ်ချက် ဖြစ်၏။ ထို့ပြင် ရှန်ယွဲ့နိုင်ငံမှ ကောင်းကင်နတ်ဆိုးများသည် သူတို့ ယခင်က ကြုံတွေ့ဖူးသည့် လူသားများကို ဝါးမြိုရန်သာ သိသော နတ်ဆိုးများနှင့် ကွာခြားနေသည်။
ရှန်ယွဲ့နိုင်ငံမှ ကောင်းကင်နတ်ဆိုး အများစုသည် အသွင်ပြောင်း ကျင့်ကြံသူများ ဖြစ်ကြပြီး သာမန်နတ်ဆိုးများထက် ပိုမိုထက်မြက်ကာ လူသားတို့၏ နည်းဗျူဟာများကိုလည်း နားလည်ကြ၏။
ထို့ကြောင့် သူတို့၏ စွမ်းအားသည် ကောင်းကင်နတ်ဆိုးများအပေါ် ဖိနှိပ်နိုင်စွမ်း ရှိသော်လည်း ထိုနတ်ဆိုးများသည် ထောင်ချောက်များ သို့မဟုတ် နည်းဗျူဟာပုံစံများဖြင့် ထိုဖိနှိပ်မှုကို လျှော့ချရန် နည်းလမ်းများကို ဧကန်မုချ စဉ်းစားကြလိမ့်မည်။
အကယ်၍ ရှနိုင်ငံမှ ဧကရာဇ်များက ထိုကောင်းကင်နတ်ဆိုးများကို လူသားများကိုဝါးမြိုတတ်သည့် ပုံမှန်ကောင်းကင်နတ်ဆိုးများအဖြစ်သာ သဘောထားပါက သူတို့ အရှုံးနှင့် ရင်ဆိုင်ရနိုင်ပေသည်။
ခန်းမအတွင်းရှိ ဧကရာဇ်များ ပိုတည်ငြိမ်လာသည်ကို လုချန်း မြင်လျှင်
“ဒါပေမဲ့ အရမ်းကြီး စိုးရိမ်ဖို့တော့ မလိုပါဘူး။”
ထိုအခိုက်အတန့်တွင် ဧကရာဇ် တစ်ဦးက မေးမြန်းလိုက်၏။
“မင်းကြီး... ဒီတစ်ခါတော့ စစ်တပ်တစ်ခုလုံးကို ချီတက်ခိုင်းမှာလား။”
ရှန်ယွဲ့နိုင်ငံသည် ဗဟိုကြယ်နယ်မြေ တစ်ဝက်နီးပါးကို သိမ်းပိုက်ထားသဖြင့် ရှနိုင်ငံအနေနှင့် ရှန်ယွဲ့နိုင်ငံကို အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် ကြိုးစားရမည်ဟု သူတို့ ထင်မြင်နေကြ၏။
လုချန်းက
“အခုလောလောဆယ်တော့ မဟုတ်သေးဘူး။ ဧကရာဇ်အဆင့် ငါးရာနဲ့ ကြယ်ဖျက်ယဉ် နှစ်ထောင်ပဲ စေလွှတ်ဖို့ ကျုပ် စီစဉ်ထားတယ်။”
ရိုးရိုးသားသား ပြောရလျှင် ရွှမ်ထျန်း ထိုအချိန်တွင် ရုတ်တရက် ပေါ်လာမည်ကို လုချန်း အနည်းငယ် စိုးရိမ်နေမိ၏။
ကျန်ရှိနေသော ဧကရာဇ်အဆင့် ငါးရာသည် စိတ်ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြု၍ သူ့ကို ကောင်းကင်ဧကရာဇ်၏ စွမ်းအား ချက်ချင်း ရရှိစေနိုင်သည်။
ဧကရာဇ်အဆင့် ငါးရာကို ချန်ထားခဲ့ပါက ရွှမ်ထျန်း ရောက်လာလျှင်ပင် သူ့တွင် ပြန်လည် တိုက်ခိုက်နိုင်သည့် အင်အား ရှိလိမ့်မည်။
အကယ်၍ ဧကရာဇ်အဆင့် အားလုံးကို စေလွှတ်လိုက်ပြီး ရွှမ်ထျန်းက အခွင့်ကောင်းယူကာ ရှနိုင်ငံကို တိုက်ခိုက်လာပါက ဒုက္ခရောက်သွားပေလိမ့်မည်။
ထူးဆန်းသည်က ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့သော်လည်း ရွှမ်ထျန်းသည် သူ့ကို လာရောက် ပြဿနာရှာခြင်း မရှိသေးချေ။ ဤအချက်သည် လုချန်းအတွက် ကြီးမားသော စိတ်ရှုပ်ထွေးမှုကို ဖြစ်စေခဲ့ပြီး ရွှမ်ထျန်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် ခက်ခဲစေခဲ့သည်။
သူ အဆက်မပြတ် နယ်မြေချဲ့ထွင်နေသည်ကို ရွှမ်ထျန်း ဧကန်မုချ သိပေလိမ့်မည်။
ရှနိုင်ငံ၏ ကံစွမ်းအား ပိုမိုအားကောင်းလာသည်နှင့်အမျှ ဧကရာဇ်အဆင့် အရေအတွက်သည်လည်း တိုးပွားလာပြီး လုချန်း၏ အင်အားသည်လည်း ပို၍ ကြီးမားလာ၏။
ထိုအချိန်တွင် ရွှမ်ထျန်းအတွက် သူ့ကို သတ်ဖြတ်ရန် မလွယ်ကူတော့ချေ။
အဘယ်ကြောင့် ရွှမ်ထျန်းက ယခုအချိန်အထိ အရေးယူဆောင်ရွက်ခြင်း မရှိသနည်း။
ထျန်းကျိရဲတိုက် ပျက်စီးခြင်းကိုပင် လျစ်လျူရှုထားခဲ့သဖြင့် ရွှမ်ထျန်းတွင် ပို၍ကြီးမားသော ရည်ရွယ်ချက်တစ်ခု ရှိနေသည်ဟု လုချန်း သံသယဖြစ်မိသည်။
သူ ဘာကို စောင့်ဆိုင်းနေသနည်း။
ဤအချက်သည် လုချန်း စဉ်းစား၍ မရနိုင်သော အချက် ဖြစ်၏။
ကံကောင်းသည်က ရှနိုင်ငံကို ရွှမ်ထျန်း ချက်ချင်း တိုက်ခိုက်ခြင်း မရှိသဖြင့် သူ့အတွက် ကြီးထွားလာရန် အခွင့်အရေး ရရှိခဲ့သည်။
ယခုအချိန်တွင် ရှနိုင်ငံ၏ ကံစွမ်းအားနှင့်အတူ ဧကရာဇ်အဆင့် ငါးရာက စိတ်ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုမည်ဆိုပါက ရွှမ်ထျန်းအတွက် သူ့ကို သတ်ရန် မလွယ်ကူတော့ဟု လုချန်း ယုံကြည်၏။
ရွှမ်ထျန်းက ရှနိုင်ငံကို တိုက်ခိုက်ရန် ဆုံးဖြတ်သည်ဖြစ်စေ၊ မဆုံးဖြတ်သည်ဖြစ်စေ ရှန်ယွဲ့နိုင်ငံ၏ ခြိမ်းခြောက်မှုကိုတော့ ဖြေရှင်းရမည် ဖြစ်သည်။
ရှန်ယွဲ့နိုင်ငံ၏ နယ်မြေချဲ့ထွင်မှုသည် အလွန် လျင်မြန်လှပြီး ကောင်းကင်နတ်ဆိုးများ၏ တိုးပွားနှုန်းကလည်း မြင့်တက်နေသည်။
လုချန်း၏ ခန့်မှန်းချက်အရ ကောင်းကင်နတ်ဆိုး အရေအတွက် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပါက ခေတ်ကူးကပ်ဘေးသည် ကျရောက်လာပေလိမ့်မည်။ အနီရောင်ကြိုးမျှင်များ ပေါ်ထွက်လာခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ထိုအချိန် သိပ်မဝေးတော့ကြောင်း လုချန်း ခံစားမိသည်။
ထိုအရာကို ကာကွယ်ရန်အတွက် ရှန်ယွဲ့နိုင်ငံ၏ နတ်ဆိုးလိုဏ်ဂူကို အမြစ်ပြတ် ချေမှုန်းရမည်။
အစပိုင်းတွင် ရွှမ်ထျန်း၏ တိုက်ခိုက်မှုကို စိုးရိမ်သဖြင့် ရှန်ယွဲ့နိုင်ငံကို စစ်မတိုက်ပဲ ရှောင်ကြဉ်ခဲ့သည်။ ထိုအချက်ကလည်း ရှနိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေခဲ့၏။
ရောက်ရှိနေသော ဧကရာဇ်အဆင့်များထဲတွင် များစွာသောသူတို့သည် ရှန်ယွဲ့နိုင်ငံကို ကြောက်ရွံ့သောကြောင့် ရှနိုင်ငံသို့ ဝင်ရောက်လာကြသူများ ဖြစ်ကြသည်။ ရှန်ယွဲ့နိုင်ငံ၏ ခြိမ်းခြောက်မှုသည် ရှနိုင်ငံအတွက် အကောင်းဆုံး ကြော်ငြာတစ်ခု ဖြစ်ခဲ့ပြီး အင်အားကြီးမားသော ကျင့်ကြံသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုသို့ဖြင့် ရှနိုင်ငံ၏ နယ်မြေချဲ့ထွင်မှုကို ယခင်ကထက် ပိုမို မြန်ဆန်လာစေခဲ့၏။
လုချန်း၏ လုပ်ရပ်များသည် ဓားပြများကို မွေးမြူ၍ သူကိုယ်သူ အင်အားတောင့်တင်းအောင် ပြုလုပ်ခြင်းနှင့် တူသော်လည်း ထိုနည်းလမ်းသည် တကယ်ပင် ထိရောက်မှု ရှိခဲ့သည်။
ယခု ရှနိုင်ငံတွင် လုံလောက်သော ဧကရာဇ်အဆင့်များ ရှိနေပြီဖြစ်ရာ စကြဝဠာအတွင်း ထိပ်တန်း အင်အားစုကြီး တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ရှန်ယွဲ့နိုင်ငံ မရှိလျှင်ပင် ရှနိုင်ငံက စစ်စတင်တိုက်ခိုက်သည်နှင့် ထိုထိပ်တန်း အင်အားစုများ၌ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။
လက်ရှိ နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ပင်လျှင် ရှစစ်တပ်နှင့် တွေ့ဆုံပါက အဝေးမှ ရှောင်ရှားသွားကြပေလိမ့်မည်။
ယခု လုံလောက်အောင် အင်အားကြီးထွားလာပြီဖြစ်သဖြင့် ရှန်ယွဲ့နိုင်ငံသည် ရှနိုင်ငံအတွက် အသုံးမဝင်တော့ပေ။ ၎င်းကို ရှင်းလင်းရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်၏။
ဧကရာဇ်အဆင့်များနှင့်အတူ ချီတက်မည့်အကြောင်း ဆွေးနွေးပြီးနောက် စစ်ဆင်ရေးတွင် မည်သည့် ဧကရာဇ်အဆင့်များ လိုက်ပါမည်နှင့် မည်သူတို့ ရှနိုင်ငံတွင် ကျန်ရှိခဲ့မည်ကို လုချန်း စီမံလိုက်သည်။
လူရွေးချယ်မှု ပြီးဆုံးသည်နှင့် စစ်တပ်များ စုစည်းရန် ရှနိုင်ငံသည် ခြောက်လခန့် အချိန်ယူခဲ့ရသည်။
……
အနီရောင် မိုးစက်ကမ္ဘာ၏ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံမှတစ်ဆင့် ဗဟိုကြယ်နယ်မြေသို့ ရှစစ်တပ် တိုက်ရိုက် ရောက်ရှိလာ၏။
ရှစစ်တပ် ဗဟိုကြယ်နယ်မြေသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အနီရောင် မိုးစက်ကမ္ဘာ၏ဘက်သို့ ဆုတ်ခွာလာနေသော နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့၏ နတ်လှေများကို တွေ့ရှိလိုက်ရသည်။
နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့၏ နတ်လှေများသည် ပျက်စီးယိုယွင်းနေပြီး ဆုတ်ခွာလာသော ဧကရာဇ်အဆင့်များလည်း အမျိုးမျိုးသော ဒဏ်ရာများ ရရှိထားကြ၏။
ရုတ်တရက် ပေါ်လာသော ကြယ်ဖျက်ယဉ် နှစ်ထောင်ကျော်ကို မြင်လျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ မှင်တက်သွားကြသည်။
သူတို့သည် အန္တရာယ်တစ်ခုမှ လွတ်မြောက်ခဲ့ပြီးမှ အခြားအန္တရာယ်တစ်ခုထဲသို့ ပြန်လည် ကျရောက်သွားခြင်းလား။
နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်နေသော အဆင့်ကိုး ဧကရာဇ်က ရှစစ်တပ်ကို မြင်သောအခါ ၎င်း၏နတ်လှေများနှင့် ဧကရာဇ်အဆင့် အားလုံးကို ဆုတ်ခွာခြင်း မပြုပဲ ရပ်တန့်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
သူတို့သည် ဟင်းလင်းပြင်ထဲတွင် ရပ်တန့်ကာ ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
ထိုအခိုက်အတန့်တွင် ဧကရာဇ်အဆင့် တစ်ဦးက မဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်သူ ဧကရာဇ်အား
“ဒါတွေက ရှနိုင်ငံရဲ့ နတ်လှေတွေ ဖြစ်ရမယ်။ ကျုပ် အရင်က မြင်ဖူးတယ်။ အခုမြင်ရတာနဲ့ အတူတူပဲ။”
ထိုစကားကို ကြားသောအခါမှ ယွမ်ကျင်းဧကရာဇ် အနည်းငယ် သက်ပြင်းချနိုင်သွားသည်။
ရှနိုင်ငံ၏ နတ်လှေများသာ ဖြစ်ပါက သူတို့ လွတ်မြောက်ရန် အခွင့်အရေး ရှိသေး၏။ ရှန်ယွဲ့နိုင်ငံမှ ဖြစ်ပါက ပြေးစရာ နေရာ ရှိတော့မည် မဟုတ်ချေ။
ယွမ်ကျင်း ဧကရာဇ်က အလင်းနှစ်များစွာ အကွာအဝေးမှနေ၍ သူ့အသံကို တိုက်ရိုက် ပေးပို့ကာ မေးမြန်းလိုက်၏။
“ခင်ဗျားတို့က နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ကို ကူညီဖို့ ဗဟိုကြယ်နယ်မြေကို လာကြတာလား။”
သူ၏လေသံတွင် မျှော်လင့်ချက်နှင့် သံသယတို့ ရောထွေးနေပြီး ဤစစ်တပ်ကြီး၏ ရည်ရွယ်ချက်ကို သိလိုစိတ် ပြင်းပြနေသည်။
ယခုအချိန်တွင် ဗဟိုကြယ်နယ်မြေ၏ တစ်ဝက်နီးပါးကို ရှန်ယွဲ့နိုင်ငံက သိမ်းပိုက်ထားပြီး ဖြစ်၏။
ဗဟိုကြယ်နယ်မြေတွင် ရှနိုင်ငံ၏ နတ်လှေများ ပေါ်လာခြင်းက ရှန်ယွဲ့နိုင်ငံကို ဦးတည်ခြင်း ဖြစ်နိုင်သဖြင့် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့အတွက် သတင်းကောင်း ဖြစ်နိုင်သည်။
နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့၏ အခြေအနေကို စစ်ဆေးရန် စိတ်အာရုံကို လုချန်း လွှတ်လိုက်သောအခါ လွတ်မြောက်လာသော ဧကရာဇ်အဆင့် အားလုံး ဒဏ်ရာအပြင်းအထန် ရရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရာတွင် သူတို့ကဲ့သို့ စွမ်းအားမျိုး ရှိသူများ လိုအပ်နေသေးသည်ကို သဘောပေါက်မိသဖြင့် လုချန်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။
ထို့နောက် လုချန်းက အသံလွှင့်လိုက်သည်။
“ကျုပ်က ရှနိုင်ငံရဲ့ ဧကရာဇ်ပဲ။ ခင်ဗျားတို့ မဟာမိတ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပါလာရင် ကျုပ်ဆီ လာခဲ့ပါ။”
ယခင်ကဆိုပါက ထိုစကားကို ကြားလျှင် ယွမ်ကျင်းဧကရာဇ် အလွန်ဒေါသထွက်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံ၏ ဧကရာဇ် ဖြစ်နေသောကြောင့်ဖြစ်သည်။
သူက တစ်စုံတစ်ယောက် ခေါ်တာနဲ့ သွားတွေ့ရမည့်သူလား။
သို့သော် ယခုတော့ ကောင်းကင်နတ်ဆိုး စစ်တပ်၏ ထိုးနှက်မှုကို ခံထားရသဖြင့် ယွမ်ကျင်းဧကရာဇ်ထံ၌ မည်သည့် ဒေါသမာန်မှ ရှိမနေတော့ချေ။
လုချန်း၏ အသံကို ကြားလျှင် သူ ခဏမျှပင် တွေဝေခြင်း မရှိပဲ ရှေ့သို့ လှမ်းတက်လိုက်ရာ လုချန်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားသည်။
လုချန်း၏ ရှေ့သို့ ရောက်ရှိပြီးနောက် လုချန်းသည် ဧကရာဇ် အဆင့်ရှစ်၌သာ ရှိသေးသည်ကို တွေ့လိုက်ရသဖြင့် ယွမ်ကျင်းဧကရာဇ် ခဏခန့် တုံ့ဆိုင်းသွားပြီးမှ စမ်းသပ်မေးမြန်းလိုက်၏။
“ခင်ဗျားက ကောလာဟလတွေထဲက ပြန်လည်ဝင်စားလာတဲ့ ကောင်းကင်ဧကရာဇ် လုချန်းလား။”
လုချန်းသည် အနည်းဆုံး အဆင့်ကိုးသို့ ရောက်ရှိနေလိမ့်မည်ဟု ယွမ်ကျင်းဧကရာဇ်ထင်မှတ်ထားခဲ့သည်။ ယခု လုချန်းက အဆင့်ရှစ်တွင်သာ ရှိနေသဖြင့် သူအလွန်အံ့အားသင့်သွားသည်။
ကောင်းကင်နတ်ဆိုး စစ်တပ်ကို တိုက်ခိုက်ရန်အတွက် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ အဆင့်ကိုး ဧကရာဇ် အများအပြား ကျဆုံးခဲ့ရသည်။
အဆင့်ရှစ် ဧကရာဇ် တစ်ဦးက ဘာများ လုပ်နိုင်မည်နည်း။
သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ယွမ်ကျင်းဧကရာဇ်က
“ကျုပ်စကားကို နားထောင်ပြီး ခင်ဗျားရဲ့ ရှနိုင်ငံကို အမြန်ဆုံး ပြန်သွားပါ။ ဒါက ခင်ဗျား ဝင်ပါလို့ရမယ့် ကိစ္စ မဟုတ်ဘူး။”
“နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ကတော့ အရှုံးကြီး ရှုံးနိမ့်သွားပြီ။ ဘယ်သူမှ ကောင်းကင်နတ်ဆိုး စစ်တပ်ကို မတားဆီးနိုင်တော့ဘူး။ ခင်ဗျား အဲ့ဒီကို သွားတာက အဲ့ဒီနတ်ဆိုးတွေဆီ အစာ သွားကျွေးသလိုပဲ ဖြစ်လိမ့်မယ်။”
အခန်း (၁၅၅၃)
နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့၏ လက်ကျန်အင်အားစုများကို သိမ်းသွင်းခြင်း
ယွမ်ကျင်း ဧကရာဇ်၏ စကားကို ကြားလျှင် လုချန်းက ခပ်ပြုံးပြုံးဖြင့်
“မစမ်းကြည့်ဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ။”
လုချန်း၏ လေသံက ပေါ့ပါးနေသော်လည်း ခိုင်မာသော ယုံကြည်မှုတစ်ခု ရှိနေ၏။
ယွမ်ကျင်း ဧကရာဇ် နှာခေါင်းရှုံ့လိုက်သည်။ သူ လုချန်းကို ထပ်မံ၍ ဖျောင်းဖျခြင်း မပြုတော့ချေ။ သေရမည့် ဝိညာဉ်တစ်ခုကို ကောင်းသောစကား ပြောရန် ခက်ခဲလှပေ၏။ လုချန်းက သေလမ်းကိုသာ ဇွတ်ရွေးချယ်ပါက သူ့ကို အပြစ်ဆို၍ မရနိုင်တော့ချေ။ သူ့စိတ်ထဲတွင် လုချန်းသည် ကိုယ့်ကိုယ်ကို ကြီးပြီး လက်တွေ့ကျကျ မတွေးတတ်သော လူငယ်တစ်ဦးဟုသာ ထင်မှတ်လိုက်သည်။
ယွမ်ကျင်း ဧကရာဇ် ထွက်ခွာတော့မည့် ဆဲဆဲတွင် လက်ကို လုချန်း ရုတ်တရက် မြှောက်လိုက်ရာ စင်ကြယ်သော ဖန်တီးခြင်း စွမ်းအားများ ယွမ်ကျင်း ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွား၏။ ခဏအတွင်းမှာပင် ဒဏ်ရာအားလုံး ပျောက်ကွယ်သွားသည်ကို ယွမ်ကျင်း ဧကရာဇ် တွေ့လိုက်ရပြီး သူ၏ တစ်ကိုယ်လုံး မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။
လုချန်းကို မယုံနိုင်သော မျက်လုံးများဖြင့် ယွမ်ကျင်း ဧကရာဇ် ကြည့်လိုက်ကာ ခဏခန့် မှင်တက်သွား၏။
သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးသော သတ်ဖြတ်ခြင်း ဧကရာဇ်ဖြစ်သည့် လုချန်းက အဘယ်ကြောင့် ဖန်တီးခြင်းစွမ်းအားကိုပါ အသုံးပြုနိုင်ရသနည်း။ လမ်းစဉ်နှစ်ခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းက မဖြစ်နိုင်သလောက် ခက်ခဲကြောင်း သူ ကောင်းစွာ သိထားသည်။
ထို့ပြင် အခြားသော ဖန်တီးခြင်းလမ်းစဉ် ဧကရာဇ်များထက်ပင် ပိုစင်ကြယ်သော လုချန်း၏ ဖန်တီးခြင်းစွမ်းအားသည် အကျိုးသက်ရောက်မှု အလွန်ကောင်းမွန်လှ၏။
နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့တွင် သူ့ကို ကုသပေးခဲ့သော ဖန်တီးခြင်းလမ်းစဉ် ဧကရာဇ်များ ရှိခဲ့သဖြင့် လုချန်း၏ စွမ်းအား အခြားသူများနှင့် ကွာခြားကြောင်း ယွမ်ကျင်း ဧကရာဇ် ခံစားမိသည်။
သို့သော် လုချန်းကို ယွမ်ကျင်း ဧကရာဇ် သတိထားလျက် ကြည့်ကာ ချက်ချင်းပင် မေးမြန်းလိုက်၏။
“ခင်ဗျား ဒါဘာကို ဆိုလိုတာလဲ။”
လုချန်းက အကြောင်းပြချက်မရှိပဲ သူကို ကုသပေးလိမ့်မည်ဟု ယွမ်ကျင်း ဧကရာဇ် မယုံကြည်နိုင်ချေ။ လောကတွင် အလကားရသည့်အရာဟူ၍ မရှိ။
လုချန်းက
“အခု နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့က ရှုံးသွားပြီဆိုတော့ ဗဟိုကြယ်နယ်မြေတစ်ခုလုံး မကြာခင် ကျရှုံးတော့မှာ။ ခင်ဗျားတို့မှာလည်း သွားစရာ နေရာမရှိတော့ဘူး မဟုတ်လား။ ရှနိုင်ငံထဲကို ဘာလို့ မဝင်လာတာလဲ။”
လုချန်း၏ စကားများက ယခုအခြေအနေတွင် သူတို့အတွက် လက်တွေ့ကျသည့် တစ်ခုတည်းသော ရွေးချယ်စရာကို ထောက်ပြနေသည်။
ယွမ်ကျင်း ဧကရာဇ် ငြင်းဆန်ရန် ပြင်ဆင်စဉ်မှာပင် လုချန်းက ရုတ်တရက်
“လက်ရှိ ရှနိုင်ငံဟာ ဧကရာဇ်အဆင့် တစ်ထောင်ကျော်ရှိတဲ့ စကြဝဠာရဲ့ အကြီးဆုံး အင်အားစုပဲ။ မင်းဆက်ကံစွမ်းအားရဲ့ သိပ်သည်းမှုကလည်း ခင်ဗျားတို့ စိတ်ကူးထားတာထက်တောင် ကျော်လွန်တယ်။ နောက်ပြီး ရှနိုင်ငံရဲ့ ကာကွယ်ရေး အတားအဆီးက ဘယ်လောက် ခိုင်မာလဲဆိုတာ ခင်ဗျား သိသင့်ပါတယ်။”
ဤအချက်များသည် စည်းရုံးရေးအတွက်သာ ပြောနေခြင်းမဟုတ်ပဲ လက်ရှိ ရှနိုင်ငံ၏ တကယ့် အခြေအနေကိုပါ ဖော်ပြနေခြင်းဖြစ်သည်။
“ရှနိုင်ငံထဲကို ဝင်လာရင် ခင်ဗျားတို့ ခေတ်ကူးကပ်ဘေးကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ်။”
ဒါက...
လုချန်း၏ စကားကို ကြားလျှင် ယွမ်ကျင်း ဧကရာဇ် နှုတ်ဆိတ်သွား၏။ အသေအချာ စဉ်းစားကြည့်ပြီးနောက် လုချန်း၏ စကား အကျိုးအကြောင်းဆီလျော်မှု ရှိသည်ဟု သူ ခံစားလိုက်ရသည်။
လက်ရှိတွင် သူတို့၌ သွားစရာ နေရာ တကယ် မရှိတော့ချေ။ ဗဟိုကြယ်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီးပါက ရှန်ယွဲ့နိုင်ငံ၏ ကောင်းကင်နတ်ဆိုး စစ်တပ်သည် စကြဝဠာ၏ အခြားအစိတ်အပိုင်းများသို့ ဧကန်မုချ ချဲ့ထွင်လာမည်ဖြစ်သည်။ ထိုအခါ စကြဝဠာတစ်ခုလုံး ကောင်းကင်နတ်ဆိုး စစ်တပ်၏ လက်အောက်သို့ ကျရောက်သွားပေလိမ့်မည်။
ကောင်းကင်နတ်ဆိုးများ၏ အန္တရာယ်သည် ဒုတိယအချက်သာ ဖြစ်၏။ ရှေးဟောင်းခေတ် မှတ်တမ်းများအရ ကောင်းကင်နတ်ဆိုး အမြောက်အမြား ပေါ်လာပါက တကယ့် ခေတ်ကူးကပ်ဘေး နီးကပ်လာပြီဟု ဆိုလိုသည်။ ထိုအချက်သည် လက်ရှိ အရေးကြီးဆုံးပင်။
ယခုအခါ ကောင်းကင်နတ်ဆိုး အရေအတွက်သည် မရေမတွက်နိုင်အောင် များပြားနေပြီဖြစ်ရာ ခေတ်ကူးကပ်ဘေး စတင်ရန် အချိန်အများကြီး လိုတော့မည် မဟုတ်ချေ။
ဗဟိုကြယ်နယ်မြေသည် ကောင်းကင်နတ်ဆိုးများ၏ လက်အောက်သို့ ကျရောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ သူတို့ မျှော်လင့်နေသော ခေတ်ကူးနယ်မြေလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ ခေတ်ကူးကပ်ဘေးကို ရှောင်လွှဲရန် အခြားနည်းလမ်းများကိုသာ စဉ်းစားနိုင်သော်လည်း ယခုအချိန်အထိ မည်သည့် နည်းလမ်းမှ မရှိသေးချေ။ ရှေးဟောင်း မှတ်တမ်းများတွင် ခေတ်ကူးကပ်ဘေးကို ရှောင်လွှဲခဲ့သူ အနည်းငယ်သာ ရှိပြီး ၎င်းတို့မှာလည်း ကောင်းကင်နတ်ဆိုးများ မဟုတ်ခဲ့ကြပေ။
အကယ်၍ လုချန်းသည် ကောင်းကင်ဧကရာဇ် ပြန်လည်ဝင်စားသူ အမှန်ဖြစ်ပါက ခေတ်ကူးကပ်ဘေးကို ရှောင်လွှဲရန် နည်းလမ်း သူ့တွင် ရှိကောင်းရှိနိုင်သည်။
ထိုသို့ စဉ်းစားမိပြီးနောက် ယွမ်ကျင်း ဧကရာဇ်က
“ကောင်းပြီ။ ကျုပ်တို့ ရှနိုင်ငံထဲကို ဝင်ပါမယ်။ ဒါပေမဲ့ ခင်ဗျားနောက်လိုက်ပြီးတော့တော့ အသေမခံနိုင်ဘူး။”
သူတို့သည် ရှေ့တန်းမှ ယခုလေးတင် ဆုတ်ခွာလာသူများ ဖြစ်ကြ၏။ ထိုသူများအား ကောင်းကင်နတ်ဆိုး စစ်တပ်နှင့် ထပ်မံရင်ဆိုင်ရန် တောင်းဆိုပါက သူတို့ ဧကန်မုချ လက်ခံလိမ့်မည် မဟုတ်ချေ။
လုချန်းက ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်၏။
“ခင်ဗျားတို့ ဘာမှလုပ်ဖို့ မလိုပါဘူး။ ရှစစ်တပ်နောက်ကနေ လိုက်ကြည့်နေရုံပါပဲ။”
ထိုအရာက ယွမ်ကျင်းဧကရာဇ် မျှော်လင့်မထားသော ကမ်းလှမ်းချက်ဖြစ်သည်။
ထိုစကားကို ကြားလျှင် ယွမ်ကျင်း ဧကရာဇ်၏ မျက်နှာပေါ်သည် သံသယများ ပေါ်လာ၏။
ကြည့်နေရုံသက်သက်ပဲလား။
ကောင်းကင်နတ်ဆိုး စစ်တပ်က ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာကို လုချန်းက အခုထိ မသိသေးတာလား။
ထိုကောင်းကင်နတ်ဆိုး စစ်တပ်များသည် လူသားများကို မြင်သည်နှင့် ဝါးမြိုကြပြီး ကောင်းကင်နတ်ဆိုး စွမ်းအားသည်လည်း ကျင့်ကြံသူများအပေါ် လုံးဝ ဖိနှိပ်နိုင်စွမ်း ရှိ၏။ နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ပင်လျှင် သူတို့ကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။
ရှနိုင်ငံမှ ဧကရာဇ်အဆင့် အနည်းငယ်နှင့် နတ်လှေများသည် ကောင်းကင်နတ်ဆိုး စစ်တပ်၏ သွားကြားထဲ ညပ်ရန်ပင် မလောက်လောက်ပေ။
ခဏခန့် စဉ်းစားပြီးနောက် ယွမ်ကျင်း ဧကရာဇ် နောက်ဆုံးတွင် သဘောတူလိုက်၏။
“ကောင်းပြီ။ ကျုပ်တို့ ခင်ဗျားနောက်က လိုက်မယ်။ ဒါပေမဲ့ ကြိုပြောထားမယ်နော်။ ကျုပ်တို့ ဝင်မတိုက်ဘူး။”
ယွမ်ကျင်း ဧကရာဇ်ကို လုချန်း ဂရုမစိုက်တော့ပဲ မိုးကြိုးဧကရာဇ်ကို တိုက်ရိုက် အမိန့်ပေးလိုက်၏။
“ချီတက်မယ်။”
သူ၏ အသံဆုံးသည်နှင့် ရှနိုင်ငံ၏ စစ်တပ်သည် ရှန်ယွဲ့နိုင်ငံဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
တစ်ချိန်တည်းမှာပင် သူဦးဆောင်သော နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ထံသို့ ယွမ်ကျင်း ဧကရာဇ် ချက်ချင်း ပြန်သွား၏။ ယွမ်ကျင်း ဧကရာဇ် ပြန်ရောက်လာသည်ကို မြင်လျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ သူ့ထံသို့ လျင်မြန်စွာ စုရုံးလာကြသည်။
“ယွမ်ကျင်း ဧကရာဇ်။ ရှနိုင်ငံရဲ့ ကိုယ်စားလှယ်က ဘာပြောလဲ။”
ယွမ်ကျင်း ဧကရာဇ်က တည်ငြိမ်စွာပင်
“ကျုပ်ကတော့ ရှနိုင်ငံထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မဝင်ချင်တဲ့သူ ရှိရင် အခု ထွက်သွားလို့ ရပါတယ်။”
နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ကို အင်အားစု အမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ယွမ်ကျင်း ဧကရာဇ် ဦးဆောင်သော စစ်တပ်ထဲ၌ အင်အားစု ဆယ်ခုကျော်မှ ဧကရာဇ်အဆင့်များ ပါဝင်နေ၏။
သူတို့ကို ရှနိုင်ငံထဲသို့ ဝင်ရန် သူ အတင်းအကျပ် မလုပ်နိုင်ပေ။ ထိုဆုံးဖြတ်ချက်က သူတို့၏ စိတ်ဆန္ဒအလျောက်သာ ဖြစ်ရပေမည်။
ယွမ်ကျင်း ဧကရာဇ်၏ စကားကို ကြားလျှင် ရောက်ရှိနေသော ဧကရာဇ်များ မှင်တက်သွားကြ၏။
ယွမ်ကျင်း ဧကရာဇ်က ရှနိုင်ငံထဲကို တကယ်ပဲ ဝင်ဖို့ ရွေးချယ်လိုက်တာလား။
ထိုအခိုက်အတန့်တွင် ဧကရာဇ်အဆင့် တစ်ဦးက သက်ပြင်းချကာ
“အခုတော့ ရှနိုင်ငံထဲ ဝင်တာကလွဲလို့ တခြား သွားစရာ နေရာလည်း မရှိတော့ဘူး ထင်တယ်။”
“နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့က လုံးဝ ရှုံးနိမ့်သွားပြီ။ မကြာခင်မှာ ကောင်းကင်နတ်ဆိုး စစ်တပ်က ဗဟိုကြယ်နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ပြီး အပြင်ဘက်ကို နယ်မြေချဲ့လာတော့မယ်။ အဲ့ဒီကျရင် ကျုပ်တို့ နေရာအနှံ့ ပုန်းနေရုံပဲ ရှိတော့မှာ။”
ထိုဧကရာဇ်အဆင့်၏ စကားဆုံးလျှင် သူတို့၏ လက်ရှိအခြေအနေကို သိသွားကြသဖြင့် ရောက်ရှိနေသော ဧကရာဇ်အဆင့် အားလုံး နှုတ်ဆိတ်သွားကြ၏။
သို့သော် ရှနိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက် သူတို့၏ စိတ်ထဲ အတားအဆီးအချို့ ရှိနေဆဲ ဖြစ်သည်။
ထိုအခိုက်တွင် စပ်စုလိုသော ဧကရာဇ် တစ်ဦးက
“ရှနိုင်ငံရဲ့ နတ်လှေတွေက ဘာလို့ ဗဟိုကြယ်နယ်မြေရဲ့ အလယ်ဗဟိုကို ဦးတည်နေရတာလဲ။”
ယွမ်ကျင်း ဧကရာဇ်က
“ရှနိုင်ငံက ကောင်းကင်နတ်ဆိုး စစ်တပ်နဲ့ အဆုံးအဖြတ် တိုက်ပွဲဝင်ဖို့ စီစဉ်နေတာ။”
ဒါက...
ဧကရာဇ်အဆင့် အမြောက်အမြားရှိသော သူတို့၏ နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ပင် ရှုံးနိမ့်ခဲ့သော်လည်း ရှနိုင်ငံကတော့ ကောင်းကင်နတ်ဆိုး စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဝံ့ရဲနေဆဲ ဖြစ်သည်။
ထိုအခိုက်တွင် စိုးရိမ်နေသော ဧကရာဇ်အဆင့် တစ်ဦးက
“ရှနိုင်ငံက ကျုပ်တို့ကို ရှေ့တန်းကနေ လမ်းဖောက်ခိုင်းဖို့ စီစဉ်နေတာများလား။”
ယွမ်ကျင်း ဧကရာဇ်က
“ရှနိုင်ငံရဲ့ ကိုယ်စားလှယ်က ကျုပ်တို့ကို နောက်ကနေ လိုက်ကြည့်နေရုံပဲလို့ ပြောတယ်။ ဒီတိုက်ပွဲမှာ ပါဝင်ဖို့ မလိုဘူးတဲ့။”
ဧကရာဇ်များ ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
တိုက်ပွဲဝင်စရာ မလိုပဲ ရှနိုင်ငံထဲ ဝင်နိုင်မှာတဲ့လား။
ထိုမျှ ရက်ရောသော ကမ်းလှမ်းချက်မျိုး တကယ် ရှိနိုင်ပါ့မလား။
ရှနိုင်ငံက တကယ်ပဲ စေတနာ ကောင်းနေတာလား။
ဧကရာဇ်အဆင့် တစ်ဦးက
“ဒီထဲမှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိနေမလား။”
ထို့နောက် ဒဏ်ရာရထားသော ဧကရာဇ် တစ်ဦးက ထရပ်ကာ
“ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ဘယ်သူ ဂရုစိုက်မှာလဲ။ ရှနိုင်ငံကသာ ကောင်းကင်နတ်ဆိုး စစ်တပ်ကို ခုခံပေးမယ်ဆိုရင် ကျုပ် ရှနိုင်ငံထဲ ဝင်ဖို့ အဆင်သင့်ပဲ။”
ထိုဧကရာဇ်၏ အင်အားစုသည် ကောင်းကင်နတ်ဆိုး စစ်တပ်ကြောင့် ပျက်စီးသွားခဲ့ရပြီး သူကိုယ်တိုင်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့၏။ ယခုအခါ သူ၏စိတ်ထဲ ကောင်းကင်နတ်ဆိုးများကို နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ထိုဧကရာဇ် တစ်ဦးတည်း မဟုတ်ပဲ ရောက်ရှိနေသော သူများစွာ၌လည်း ကောင်းကင်နတ်ဆိုးများအပေါ် နက်ရှိုင်းသော နာကျည်းမှုများ ရှိနေကြ၏။
ထိုဧကရာဇ်၏ စကားကြောင့် ဧကရာဇ် အမြောက်အမြားလည်း ရှနိုင်ငံသို့ တိုက်ရိုက်ဝင်ရန် ရွေးချယ်လိုက်ကြသည်။ အချို့က ရှနိုင်ငံ၏ စစ်တပ်နောက်မှလိုက်ကာ ပြန်လည် တိုက်ခိုက်ချင်စိတ်ပင် ပေါ်နေကြ၏။
သူတို့ထဲ၌ မပြတ်မသား ဖြစ်နေသူများ ရှိသော်လည်း အခြားဧကရာဇ်များ ရှနိုင်ငံထဲသို့ ဝင်ရောက်ရန် ရွေးချယ်သည်ကို မြင်လျှင် အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။
ရှနိုင်ငံ၏ အင်အားသည် ကောင်းကင်နတ်ဆိုး စစ်တပ်ကို ယှဉ်ပြိုင်နိုင်လောက်အောင် အစွမ်းထက်ပါက သူတို့ ရှနိုင်ငံသို့ ဝင်ရောက်ရန် စဉ်းစားကြလိမ့်မည်။
အကယ်၍ ရှနိုင်ငံ၏ စစ်တပ်သည် ကောင်းကင်နတ်ဆိုး စစ်တပ်နှင့် တွေ့ဆုံသည်နှင့် ပြိုကွဲသွားပါက သူတို့ ထွက်ခွာသွားရန် အချိန်မီသေး၏။ မည်သို့ပင်ဆိုစေ သူတို့သည် ရှနိုင်ငံ စစ်တပ်၏ နောက်၌သာ ပုန်းကွယ်၍ အခြေအနေကို စောင့်ကြည့်နိုင်သည်။
………….
အခန်း (၁၅၅၄)
ရှနှင့် ရှန်ယွဲ့တို့၏ စစ်ပွဲကြီး
ရှန်ယွဲ့နိုင်ငံဆီသို့ တည့်တည့်ဦးတည်ကာ ရှနိုင်ငံ၏ စစ်နတ်လှေအုပ်စု လျင်မြန်စွာ ချီတက်လာသည်။ ထိုအရာကို မြင်လျှင် ယွမ်ကျင်း ဧကရာဇ် ဦးဆောင်သည့် နတ်ဝိညာဉ်မဟာမိတ်အဖွဲ့မှ ကျန်ရစ်သူများစိတ်ထဲ ရှန်ဝူ ဧကရာဇ်ကို လုချန်း အလွန်အထင်သေးနေသလားဟုသာ တွေးတောမိကြတော့၏။
နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ခံစစ်ကိုသာ အဓိကထားခဲ့ပြီး ရှန်ယွဲ့နိုင်ငံကို တစ်ခါမှ မတိုက်ရိုက်တိုက်ခိုက်ရဲခဲ့ချေ။ အမှန်စင်စစ် သာမန် ဧကရာဇ်အဆင့် ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရန်ကပင် သူတို့အတွက် အလွန်ခက်ခဲလှ၏။
ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည့် ကောင်းကင်နတ်ဆိုးဟု သံသယရှိရသော ရှန်ဝူ ဧကရာဇ်ကိုသာ ရန်စမိပါက သူတို့၏ ကျရှုံးမှု ဧကန်မုချ လျင်မြန်ခဲ့ပေလိမ့်မည်။ ထို့ကြောင့် ရှန်ယွဲ့နိုင်ငံကို တိုက်ရိုက်ချီတက်မည့် လုချန်း၏ ဆုံးဖြတ်ချက်က သူတို့အတွက် နားမလည်နိုင်စရာ ဖြစ်ခဲ့သည်။
ယခုအချိန်အထိ ရှန်ဝူ ဧကရာဇ်သည် ထျန်းကျိရဲတိုက်ကို ဖျက်ဆီးစဉ်က တစ်ကြိမ်သာ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ချေ။ ရှန်ဝူ ဧကရာဇ်သာ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါက ဗဟိုကြယ်နယ်မြေကို ရှန်ယွဲ့နိုင်ငံက သိမ်းပိုက်ထားခဲ့တာ ကြာလှပြီ ဖြစ်သည်။
ခဏခန့်အတွင်း နတ်ဝိညာဉ်မဟာမိတ်အဖွဲ့မှ ကျန်ရစ်သော ဧကရာဇ်အဆင့်များ၏ စိတ်ထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွား၏။ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက ထွက်ပြေးရန် အသင့်ပြင်ကာ ရှနိုင်ငံ၏ နောက်မှ လိုက်ပါလာကြသော်လည်း ရှန်ဝူ ဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို မည်သူမှ အတိအကျ မသိကြချေ။
အချိန်တန်လျှင် ထွက်ပြေးရန် အခွင့်အရေးပင် ရနိုင်ပါ့မလားဟု သူတို့ စိုးရိမ်နေကြသည်။
ယွမ်ကျင်း ဧကရာဇ်နှင့် အခြားသူများ၏ အတွေးများကို လုချန်း ဂရုမစိုက်ပေ။
ရှနိုင်ငံ၏ စစ်တပ်သည် ရှန်ယွဲ့နိုင်ငံဆီသို့ တည့်တည့်မတ်မတ် ဆက်လက် ချီတက်သွား၏။ ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်ဧကရာဇ် တစ်ပါး ဖြစ်နေလျှင်ပင် သူ့ကို ခြိမ်းခြောက်မှုကြီးတစ်ခုအဖြစ် လုချန်း မမြင်ပေ။ သူ၏ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံသည် တကယ့်ကောင်းကင်ဧကရာဇ်အဆင့်ကိုပင် ယှဉ်နိုင်သော စွမ်းအားကို ပေးစွမ်းနိုင်သည်ဟု လုချန်း ယုံကြည်သည်။
……
တစ်ချိန်တည်းမှာပင်။
ရှန်ယွဲ့နိုင်ငံ၏ ရှန်ဝူခန်းမအတွင်း၌။
တောက်ပလှသော နဂါးပလ္လင်ပေါ်တွင် ရှန်ဝူ ဧကရာဇ် ထိုင်နေရင်း ရှန်ယွဲ့နိုင်ငံဆီသို့ ချီတက်လာသော ရှနိုင်ငံ၏ စစ်နတ်လှေအုပ်စုကို ခန်းမအတွင်းရှိ ပုံရိပ်ယောင်မှတစ်ဆင့် ကြည့်နေ၏။
ထိုအရာကို မြင်လျှင် ရှန်ဝူ ဧကရာဇ် နှာခေါင်းရှုံ့လိုက်သည်။ ယခု သူ့အား တော်လှန်ရန် မည်သည့်အရာက ထိုပုန်ကန်သူကို သတ္တိပေးလိုက်သလဲဟု သိချင်သွားမိ၏။ ထိုစဉ် ပြင်ပနယ်မြေမှာတုန်းက လုချန်း၏လက်ချက်ဖြင့် အရှက်ရခဲ့ရသည်ကို သူ သတိရသွား၏။
အစက လုချန်းကို အာရုံစိုက်ရန် သူမရည်ရွယ်ခဲ့ပေ။ ရှနိုင်ငံသည် နှစ်အတော်ကြာ နယ်မြေချဲ့ထွင်နေသော်လည်း ဤစကြဝဠာအတွင်း အကြီးမားဆုံး ခြိမ်းခြောက်မှုက ရွှမ်ထျန်းသာ ဖြစ်သည်ဟု သူ ယုံကြည်သဖြင့် ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကို စေလွှတ်ကာ နှိမ်နင်းခြင်း မပြုခဲ့ပေ။ ရွှမ်ထျန်း တိတ်ဆိတ်နေခြင်းက မုန်တိုင်းမတိုက်မီ ငြိမ်သက်ခြင်းနှင့် တူသည်ဟု သူ ခံစားမိသော ကြောင့်လည်းဖြစ်သည်။
ရွှမ်ထျန်း မည်သည့်နေရာသို့ ပျောက်ကွယ်သွားမှန်း မသိရသော်လည်း ရှန်ဝူ ဧကရာဇ်သည် အမြဲတမ်း သတိဝီရိယရှိနေပြီး ရွှမ်ထျန်း ရိုးရိုးတန်းတန်း ပျောက်ကွယ်သွားသည်ဟု လုံးဝမယုံကြည်ပေ။ ရွှမ်ထျန်း တစ်စုံတစ်ခုကို ကြံစည်နေမှာ မလွဲဧကန်ပင်။
ထိုအခါတွင် နဂါးပလ္လင်ပေါ်မှ ရှန်ဝူ ဧကရာဇ် ထလိုက်ပြီး
“မင်းက သေတွင်းထဲကို ဇွတ်တိုးဝင်ချင်နေမှတော့ ငါကပဲ ဖြည့်ဆည်းပေးရတာပေါ့”
ဟု အေးစက်စွာ ပြောလိုက်၏။
ပြင်ပနယ်မြေတွင် ကြုံတွေ့ခဲ့ရသော အရှက်ရမှုအတွက် ရှန်ဝူ ဧကရာဇ်စိတ်ထဲ လက်စားချေလိုစိတ် ဖြစ်ပေါ်လာ၏။ လုချန်း၏ လက်ချက်ဖြင့် သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ပြင်ပနယ်မြေသို့ ခေါ်ဆောင်သွားသော ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ်အဆင့်အားလုံးကိုလည်း လုချန်းက ရှင်းလင်းခဲ့သည်။
တစ်ခါမျှ စစ်မရှုံးဖူးသော ရှန်ဝူ ဧကရာဇ်အတွက် ဤအရာသည် အလွန်ကြီးမားသော အရှက်ရမှု ဖြစ်သည်။
ယခု လုချန်း သူ၏တံခါးဝသို့ ရောက်ရှိလာခြင်းက ထိုအရှက်ကို ဆေးကြောရန် အခွင့်အရေး တစ်ရပ်ပင်။
သူ ကောင်းကင်ဧကရာဇ် ဖြစ်လာပြီးမှတော့ လုချန်းက သူ့ကို ယှဉ်နိုင်ဦးမည်ဟု ရှန်ဝူဧကရာဇ် မယုံကြည်နိုင်ပေ။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာကို သုံးပြီးနောက် ကောင်းကင်ဧကရာဇ်နှင့် နီးစပ်သော အစွမ်းကို လုချန်းပိုင်ဆိုင်နိုင်သော်လည်း အတုသည် အတုသာ ဖြစ်၏။ ကောင်းကင်ဧကရာဇ်၏ စစ်မှန်သော စွမ်းအားနှင့် နှိုင်းယှဉ်ပါက လုချန်း၏ စွမ်းအားသည် ကလေးသာသာ အဆင့်သာ ရှိသည်ဟု သူ ယူဆသည်။
ထို့နောက် ပြင်ပတွင် တိုက်ပွဲဝင်နေသော ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကို ရှန်ဝူ ဧကရာဇ် ပြန်လည် ဆင့်ခေါ်လိုက်သည်။ လုချန်းက ကြီးမားသော ခြိမ်းခြောက်မှု ပေးနိုင်မည်ဟု မယုံကြည်သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် သူ့အင်အားအားလုံးကို စုစည်းလိုက်သည်။
လုချန်း၏ ဇစ်မြစ်သည် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ပြီး နောက်ထပ် မည်သည့် ထူးဆန်းသော နည်းလမ်းများကို သုံးဦးမလဲဆိုတာကို ရှန်ဝူ ဧကရာဇ် မခန့်မှန်းနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းက ပညာရှိရာ ရောက်၏။
ရှန်ဝူ ဧကရာဇ်၏ အမိန့်အရ ဗဟိုကြယ်နယ်မြေရှိ ကောင်းကင်နတ်ဆိုးတပ်ဖွဲ့လည်း ရှန်ယွဲ့နိုင်ငံဆီသို့ ချက်ချင်း ဆုတ်ခွာသွားသဖြင့် နောက်မှလိုက်ပါလာသော နတ်ဝိညာဉ်မဟာမိတ်အဖွဲ့မှ ကျန်ရစ်သူများ အသက်ရှူချောင်သွားကြသည်။
ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ ဆုတ်ခွာသွားသည်ကို သတိပြုမိလျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်အဆင့်များ နားမလည်နိုင် ဖြစ်သွားကြသည်။
ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ အဘယ်ကြောင့် ရုတ်တရက် ဆုတ်ခွာသွားသနည်း။
မည်သည့်အရာတွေ ဖြစ်ပျက်နေသနည်း။
……
ခြောက်လဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး ရှနိုင်ငံ၏ စစ်နတ်လှေအုပ်စုသည် အပြည့်အဝ ပြင်ဆင်ထားသည့် အနေအထားနှင့် ရှန်ယွဲ့နိုင်ငံ ပြင်ပရှိ ဟင်းလင်းပြင်သို့ နောက်ဆုံးတွင် ရောက်ရှိလာ၏။
ရှနိုင်ငံ စစ်နတ်လှေအုပ်စု၏ ရှေ့တွင် အနက်ရောင် မြူများ ဖုံးလွှမ်းနေပြီး ထိုအထဲ၌ ရေတွက်၍ မရနိုင်သော ကောင်းကင်နတ်ဆိုးများ ပုန်းအောင်းနေကြရာ ရှန်ယွဲ့နိုင်ငံ တစ်နိုင်ငံလုံးသည် နတ်ဆိုးဂူကြီးသဖွယ် ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် ပြင်းထန်သော ဖိအားတစ်ခု ကျဆင်းလာပြီး ရှိနေသော ဧကရာဇ်အဆင့်အားလုံးကို အသက်ရှူကျပ်သွားစေသည်။ အနောက်တွင် ပုန်းကွယ်နေသော ယွမ်ကျင်း ဧကရာဇ်နှင့် အခြားသူများပင် ထိုဖိအားဒဏ်ကို ခံစားကြရသည်။
နတ်ဝိညာဉ်မဟာမိတ်အဖွဲ့မှ ဧကရာဇ်တစ်ပါးက
“ဒီလောက် နောက်မှာ ပုန်းနေတာတောင် ဒီဖိအားက လိုက်မိနေတုန်းပဲ။ ကောင်းကင်ဧကရာဇ်ရဲ့ အစွမ်းသည် တကယ် ကြောက်ဖို့ကောင်းတာပဲ။ ကြိုသိခဲ့ရင် ကျုပ်တို့ မလာခဲ့ပါဘူး။ အခုတော့ အားလုံး သွားပြီ”
ဟု နောင်တရစွာ ပြောလိုက်သည်။
ယွမ်ကျင်း ဧကရာဇ်သည်လည်း နောင်တအနည်းငယ် ရနေသော်လည်း ဘာမှမပြောပဲ အံကြိတ်ထား၏။ သို့သော် လုချန်း၏ ဖေးဟုန်နတ်လှေကို သူ၏ မျက်လုံးများက စိတ်ဝင်တစား စိုက်ကြည့် နေဆဲဖြစ်သည်။
လုချန်းသည် ဆန္ဒအလျောက် သေတွင်းထဲသို့ လာလိမ့်မည်ဟု သူ မယုံကြည်ပေ။ ရှနိုင်ငံအနေနှင့် ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကို မအနိုင်ယူနိုင်လျှင်ပင် သူတို့ကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခုခု ရှိရမည် ဖြစ်၏။
မဟုတ်ပါက နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့၏ အရှုံးကြီးရှုံးနိမ့်မှုကို မြင်တွေ့ပြီးနောက်တွင်ပင် အဘယ်ကြောင့် ရှန်ယွဲ့နိုင်ငံကို တိုက်ခိုက်မည်နည်း။
ရှနိုင်ငံသည် စကြဝဠာ၏ အင်အားအကြီးဆုံးအဆင့်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခြင်းကို ကြည့်ခြင်းဖြင့် လုချန်းတွင် စွမ်းဆောင်ရည် တစ်ခုခု ရှိရမည် ဖြစ်သည်။ သူသည် သေတွင်းကို ရှာရလောက်အောင် မိုက်မဲသူ မဟုတ်မှာ အသေအချာပင်။
ယွမ်ကျင်း ဧကရာဇ် သူကိုယ်သူ နှစ်သိမ့်နေစဉ် လုချန်းက ရှနိုင်ငံ၏ စစ်နတ်လှေအုပ်စုဆီသို့ အသံလှိုင်း လွှင့်လိုက်သည်။
“တိုက်ခိုက်ကြ”
လုချန်း၏ အသံသည် ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားသည်။ ချက်ချင်းပင် သေမင်းအလင်းတန်း နှစ်ထောင်ကို ရှန်ယွဲ့နိုင်ငံ၏ အနက်ရောင် မြူထုအတွင်းသို့ ပစ်လွှတ်လိုက်၏။
မကြာမီ အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်ထွက်လာတော့သည်။ ကောင်းကင်နတ်ဆိုးများ၏ အော်ဟစ်သံကို ကြားလျှင် ယွမ်ကျင်း ဧကရာဇ်နှင့် အပေါင်းအပါများ မှင်တက်သွားကြကုန်၏။
အကြောင်းမှာ နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်မှစ၍ ကောင်းကင်နတ်ဆိုးများထံမှ ထိုကဲ့သို့ နာကျင်စွာ အော်ဟစ်သံကို ပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သောကြောင့်ပင်။
ရှနိုင်ငံက မည်သို့သော နည်းဗျူဟာ ပုံစံကို သုံးနေသနည်း။
ထိုအခိုက်အတန့်တွင် ရှန်ဝူ ဧကရာဇ်သည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်များမှ ပစ်လွှတ်လိုက်သော သေမင်းအလင်းတန်းများတွင် ကောင်းကင်နတ်ဆိုး စွမ်းအားကို နှိမ်နင်းနိုင်သည့် အရာတစ်ခုခု ပါဝင်နေပုံရ၏။
ပုံမှန်အားဖြင့် ကောင်းကင်နတ်ဆိုးများ၏ ပြန်လည်နာလန်ထူနိုင်နှုန်းက အလွန်လျင်မြန်လှ၏။ ကျင့်ကြံသူများက ဒဏ်ရာစေလျှင်ပင် အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်လာနိုင်သည်။
သို့သော် ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်များမှ အနက်ရောင်အလင်းတန်း ထိမှန်သွားသော ကောင်းကင်နတ်ဆိုးများ၏ ခန္ဓာကိုယ်သည် ပြန်လည် ကောင်းမွန်မလာသည့်အပြင် ပို၍ပင် ပုပ်သိုးဆွေးမြည့်လာသည့် လက္ခဏာများ ပြသနေသည်။
ရှန်ဝူ ဧကရာဇ် အေးစက်စွာ အော်ဟစ်လိုက်၏။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ စကြဝဠာတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
“လုချန်း... မင်း အားကိုးနေတာ ဒါလား။ မင်းရဲ့ နည်းလမ်းက ဒီလောက်ပဲဆိုရင်တော့ အခုပဲ သေလိုက်တော့။”
ထိုစကားများအဆုံးတွင် ရှန်ဝူ ဧကရာဇ်ထံမှ ပိုမိုပြင်းထန်သော ဖိအားများ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်တစ်ခုလုံး ချိပ်ပိတ်သွားသည်။ ယခု ရှစစ်တပ် ထွက်ပြေးနိုင်ခြင်း မရှိတော့ပေ။
လုချန်းကတော့ တုန်လှုပ်ခြင်း မရှိပေ။ သူသည် ဖေးဟုန်နတ်လှေအတွင်းမှ ထွက်လာပြီး ဟင်းလင်းပြင်အတွင်းသို့ ပျံသန်းကာ ဧကရာဇ်အဆင့်များဆီသို့ နောက်တစ်ကြိမ် အသံလွှင့်လိုက်၏။
“နည်းဗျူဟာပုံစံ ဖော်ထုတ်ကြ။”
ရှနိုင်ငံမှ ခေါ်ဆောင်လာသော ဧကရာဇ်အဆင့် လေးရာလည်း ချက်ချင်းပင် နည်းဗျူဟာပုံစံ ဖော်လိုက်ရာ ကောင်းကင်ဧကရာဇ်အဆင့်ထက်ပင် သာလွန်သော အစွမ်းကို လုချန်း ချက်ချင်း ပိုင်ဆိုင်သွား၏။
သို့သော် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာတွင် ဧကရာဇ်အဆင့် အားလုံးကို မပါဝင်စေခဲ့ပေ။ ဧကရာဇ်အဆင့် တစ်ရာကျော်ကို ရှနိုင်ငံ၏ ဧကရာဇ်အဆင့် ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရန် တာဝန်ပေးထားသည်။ ယခု ဧကရာဇ်အဆင့် လေးရာ၏ အစွမ်းသည် ရှန်ဝူ ဧကရာဇ်ကို ရင်ဆိုင်ရန် လုံလောက်သည်။
လုချန်းထံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားမိလျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ မှင်တက်သွားကြ၏။
နောက်ထပ် ကောင်းကင်ဧကရာဇ် တစ်ပါးလား။
စကြဝဠာ တစ်ခု၌ ကောင်းကင်ဧကရာဇ် တစ်ပါးသာ ရှိရမည် မဟုတ်ပါလား။ ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားသော်လည်း ကောင်းကင်ဧကရာဇ် တစ်ပါးအဖြစ် သတ်မှတ်၍ ရသည် မဟုတ်ပါလား။
အဘယ်ကြောင့် နောက်ထပ် ကောင်းကင်ဧကရာဇ် တစ်ပါး ရှိနေနိုင်သနည်း။
သို့သော် ဧကရာဇ်အဆင့် လေးရာကို မြင်လျှင် ဖြစ်ပျက်နေသည့် အရာကို ယွမ်ကျင်း ဧကရာဇ် ချက်ချင်း နားလည်သွား၏။