← Chapters

အခန်း (၁၅၅၅-၁၅၅၇)

Vol. 104 Ch. 1555-1557

အခန်း (၁၅၅၅-၁၅၅၇)

Vol. 104 Ch. 1555-1557

အခန်း (၁၅၅၅)

အပြည့်အဝ နှိမ်နင်းခြင်း

ယွမ်ကျင်း ဧကရာဇ်က သူ့အနားရှိ ဧကရာဇ်များအား

“လုချန်းက ကောင်းကင်ဧကရာဇ် မဟုတ်ပါဘူး။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာက သူ့ကို ကောင်းကင်ဧကရာဇ်ရဲ့ အစွမ်း ခဏရစေတာပါ။”

ယွမ်ကျင်း ဧကရာဇ်၏ စကားကို ကြားလျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ ချက်ချင်းပင် စိတ်ပျက်သွားကြကုန်၏။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ၏ အကျိုးသက်ရောက်မှုကို သူတို့ ကောင်းစွာ သိကြသည်။ ထိုနည်းဗျူဟာကို သူတို့ကိုယ်တိုင်လည်း ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် ယခင်က အသုံးပြုခဲ့ဖူးကြသည်။

သို့သော် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာကို ခံစစ်အတွက်သာ အဓိက အသုံးပြုကြ၏။ လမ်းစဉ် စွမ်းအား အသီးသီး စုစည်းမိသောအခါ ၎င်းတို့သည် အလွန်ပြင်းထန်လာပြီး ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပေါ်လာ စေသည်။ ထိုပဋိပက္ခများသည် နည်းဗျူဟာပုံစံကို ထိန်းချုပ်သူ၏ ခန္ဓာကိုယ်ကိုပင် ပျက်စီးစေနိုင်လောက်အောင် ပြင်းထန်လှသည်။

ထိုအစွမ်းကို မည်သည့် ဧကရာဇ်မှ မထိန်းချုပ်နိုင်ပေ။ ပုံမှန်အားဖြင့် ဧကရာဇ် ဆယ်ဂဏန်းကျော်ဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံသည်ပင် ထိန်းချုပ်ရန် ခက်ခဲလှသည်။ ထို့ကြောင့် ဧကရာဇ်လေးရာဖြင့် ဖွဲ့စည်းထားသော နည်းဗျူဟာပုံစံကို လုချန်း မည်သို့ ထိန်းချုပ်မည်ကို သူတို့ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြသည်။

သို့သော် ဧကရာဇ် လေးရာဖြင့် ဖွဲ့စည်းထားသော နည်းဗျူဟာပုံစံကို လုချန်းက ဖော်ဆောင်ခဲ့သည်။

လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ လမ်းစဉ်စွမ်းအားများ တစ်ပြိုင်နက်တည်း ဖရိုဖရဲ စီးဝင်လာပါက သူ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားမည် မဟုတ်ပါလား။ ဤသည်ကား သာမန် ကျင့်ကြံသူတိုင်း ကြောက်ရွံ့သော ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံ၏ အကြီးမားဆုံး အန္တရာယ်ပင် ဖြစ်သည်။

ဤအခြေအနေတွင် အစွမ်းကို အနည်းငယ် ထုတ်သုံးလိုက်ရုံမျှဖြင့် ထိုဖရိုဖရဲ စွမ်းအားများကို တိုက်ရိုက် ပေါက်ကွဲသွားစေနိုင်၏။ လက်တွေ့တွင်တော့ လုချန်းသည် သေတွင်းကို ရှာနေခြင်းပင် ဖြစ်သည်။

သို့သော် ရှနိုင်ငံ ဧကန်မုချ ရှုံးနိမ့်တော့မည်ဟု နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ ယုံကြည်နေစဉ် လုချန်း၏ အနောက်၌ သူ၏ နိယာမ ကိုယ်ထည် ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ တစ်ဆက်တည်း ဆိုသလိုပင် လုချန်းထံမှ လမ်းစဉ် စွမ်းအားများ၏ ရောင်ခြည်ခုနစ်ခု စွမ်းအားများ ဖြာထွက်လာသည်။ ထိုရောင်ခြည်များသည် ကောင်းကင်ယံတွင် သက်တံ့တစ်ခုလို ဖြန့်ကျက်သွားပြီး လုချန်း၏ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားစေသည်။

ပြင်းထန်လှသော ရောင်ခြည်ခုနစ်ခု စွမ်းအားကို ခံစားမိလျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ နောက်တစ်ကြိမ် မှင်တက်သွားကြပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။

ယွမ်ကျင်း ဧကရာဇ်က

“ဒီလောက် ပြင်းထန်တဲ့ ရောင်ခြည်ခုနစ်ခု စွမ်းအားက လမ်းစဉ် စွမ်းအားအားလုံးကို ပေါင်းစပ်ထားတာ ဖြစ်ပုံရတယ်...”

ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ထိုသို့ လမ်းစဉ်စွမ်းအားများ ပြီးပြည့်စုံစွာ ပေါင်းစပ်ခြင်းသည် ဒဏ္ဍာရီများထဲတွင်သာ ရှိသင့်သည့် အရာဖြစ်သည်။

သူတို့ မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်ကြသော်လည်း ဤအဖြစ်အပျက်သည် ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်၏။ လုချန်း ရှန်ယွဲ့နိုင်ငံကို အဘယ်ကြောင့် တိုက်ရိုက် တိုက်ခိုက်ရဲသနည်းဆိုတာကို နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ ယခုနားလည်သွားကြပြီ ဖြစ်သည်။ (၉) လုချန်း၏ ယုံကြည်မှုသည် အခြေအမြစ်မရှိသော မာန်မာနမဟုတ်ပဲ ဤကြောက်မက်ဖွယ်ရာ စွမ်းအားအပေါ် အခြေခံထားခြင်းဖြစ်သည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာကို သုံးပြီးနောက် လုချန်းသည် ထိုအရာကြောင့် ထိခိုက်မှု မရှိသည့်အပြင် နည်းဗျူဟာအတွင်းရှိ အစွမ်းကိုပင် ထိန်းချုပ်နိုင်ခဲ့သည်။ လုချန်းသည် ယခု ကောင်းကင်ဧကရာဇ်အဆင့် အစွမ်းကို ပိုင်ဆိုင်ထားသဖြင့် ကောင်းကင်ဧကရာဇ်အစစ်ဖြစ်သည့် ရှန်ဝူ ဧကရာဇ်ကို ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သို့သော် ယွမ်ကျင်း ဧကရာဇ်သည် မကြာမီ သတိပြန်ဝင်လာသည်။ လုချန်းသည် ကောင်းကင်ဧကရာဇ်၏ အစွမ်းကို ရရှိထားသော်လည်း သူသည် ကောင်းကင်ဧကရာဇ် အစစ်မဟုတ်ပေ။ ရှန်ဝူ ဧကရာဇ် ကောင်းကင်ဧကရာဇ် အစစ် ဖြစ်တာကတော့ သံသယဖြစ်ဖွယ် မရှိပေ။ အစစ်နှင့်အတုအကြား ခြားနားချက် ကြီးကြီးမားမားတစ်ခုတော့ ဧကန်မုချ ရှိနေပေလိမ့်မည်။

ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်ဧကရာဇ် တစ်ပါး ဖြစ်သည်သာမက ကောင်းကင်နတ်ဆိုး ကောင်းကင်ဧကရာဇ် တစ်ပါးလည်း ဖြစ်သည်။ သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားသည် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ် စွမ်းအားကို အကြီးအကျယ် နှိမ်နင်းနိုင်၏။

လုချန်းက ရှန်ဝူ ဧကရာဇ်ကို ယှဉ်နိုင်ပါ့မလား။

လုချန်းကလည်း ကောင်းကင်ဧကရာဇ်အဆင့် ဖိအားများကို ထုတ်လွှတ်နေသည်ကို မြင်လျှင် ရှန်ဝူ ဧကရာဇ် မျက်နာ‌ပေါ်၌ အထင်သေးသော အမူအရာတစ်ခု ပြသလိုက်သည်။

သူနှင့် ယွမ်ကျင်း ဧကရာဇ်နှင့် အတွေးတူနေ၏။ နှစ်ဦးစလုံးသည် ကောင်းကင်ဧကရာဇ်အဆင့် အစွမ်းကို ပိုင်ဆိုင်ထားသော်လည်း တစ်ဦးသည် အစစ်ဖြစ်ပြီး ကျန်တစ်ဦးသည် အတုသာ ဖြစ်သည်။ အတုသည် အစစ်ကို မည်သည့်အခါမှ ယှဉ်နိုင်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ရှန်ဝူ ဧကရာဇ်၏ အနောက်၌ ဧရာမ သွေးနီရောင် အရိုးစုကြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားများလည်း ပိုမိုအားကောင်းလာသည်။ ထိုအရိုးစုကြီး၏ မျက်တွင်းများတွင် အနက်ရောင်မီးတောက်များ တောက်လောင်နေပြီး မြင်ရသူတိုင်းကို ထိတ်လန့်စေသည်။

ထို့နောက် ရှန်ဝူဧကရာဇ်က လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ ဝိညာဉ်ဝါးမျိုတောင်ဝှေး သူ၏ လက်ထဲတွင် ပေါ်လာ၏။ စကားများများ မပြောတော့ပဲ

လုချန်းကို လျင်မြန်စွာ သုတ်သင်ရန်သာ ရှန်ဝူ ဧကရာဇ် ရည်ရွယ်လိုက်သည်။

ထို့နောက် ရှန်ဝူ ဧကရာဇ်သည် သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားအားလုံးကို စုစည်းလိုက်ပြီး လုချန်းထံသို့ လှိုင်းလုံးကြီးများကဲ့သို့ ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအားလှိုင်းများ ဖြတ်သန်းရာလမ်းကြောင်းရှိ အာကာသသည်လည်း ပုံပျက်ပန်းပျက်ဖြစ်ကာ အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

ဤတိုက်ကွက်သည် အလွန်ရိုးရှင်း၏။ ကျင့်ကြံသူများအပေါ် ကောင်းကင်နတ်ဆိုး စွမ်းအား၏ နှိမ်နင်းနိုင်သော အာနိသင်ကို သုံးကာ လုချန်း၏ အစွမ်းကို နှိမ်နင်းရန်နှင့် တိုက်ခိုက်ရန် အခွင့်အရေး ဖန်တီးရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ထင်ရှား၏။

တိုးဝင်လာသော ကောင်းကင်နတ်ဆိုး စွမ်းအားလှိုင်းများကို မြင်လျှင် နတ်ဘုရား‌ချေမှုန်းဓားကို လုချန်း မြှောက်လိုက်ပြီး လမ်းစဉ် အစွမ်းမျိုးစုံဖြင့် ဖွဲ့စည်းထားသော ရောင်ခြည်ခုနစ်ခု စွမ်းအားကို ဆင့်ခေါ်ကာ ဓားချက်တစ်ချက် လွှဲလိုက်၏။

သွေးဝိညာဉ်ဓားသိုင်း...

ဓားစွမ်းအားများ ရှေ့သို့ တိုးဝင်သွားသောအခါ စကြဝဠာ ဟင်းလင်းပြင်အလွှာများပင် ကွဲအက်သွား၏။ သို့သော် ကောင်းကင်နတ်ဆိုး စွမ်းအားလှိုင်းများ ရောင်ခြည်ခုနစ်ခု စွမ်းအားနှင့် နီးကပ်သွားချိန်၌ ၎င်းတို့ ပြိုကွဲပျက်စီးကာ ပျောက်ကွယ်သွားသည့် လက္ခဏာများ ထွက်ပေါ်လာ၏။

ထိုသိမ်မွေ့သော ဖြစ်စဉ်ကို နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ လျင်မြန်စွာ သတိပြုမိလိုက်ကြ၏။ သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်မှုနှင့် မျှော်လင့်ချက်တို့ ရောနှောနေသော အရောင်များ တောက်ပလာခဲ့သည်။

“မြန်မြန်ကြည့်ကြဦး။ ကောင်းကင်နတ်ဆိုး စွမ်းအားက တကယ်ပဲ ပျောက်ကွယ်သွားနေတာ။”

“နောက်နေတာလား။ သူထုတ်လိုက်တဲ့ ဓားစွမ်းအားက ကောင်းကင်နတ်ဆိုး စွမ်းအားကို တကယ်ပဲ ဖြတ်တောက်နိုင်တာလား။”

“ထူးဆန်းတယ်။ ကောင်းကင်နတ်ဆိုး စွမ်းအားက ကျင့်ကြံသူတွေရဲ့ စွမ်းအားကို နှိမ်နင်းနိုင်ရမှာ မဟုတ်ဘူးလား။ ဘာလို့ ပြောင်းပြန်ဖြစ်နေရတာလဲ။ အခုက ကောင်းကင်နတ်ဆိုး စွမ်းအားကို ပြန်နှိမ်နင်းနေတာပဲ။”

သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်လျှင် ရှန်ဝူ ဧကရာဇ်၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွား၏။ လုချန်း၏ အစွမ်းသည် သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားအပေါ် ဤမျှ အားကောင်းသော သက်ရောက်မှု ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် တွန့်ဆုတ်ခြင်း မရှိပဲ ကောင်းကင်နတ်ဆိုး စွမ်းအားကို ရှန်ဝူ ဧကရာဇ် နောက်တစ်ကြိမ် စုစည်းလိုက်၏။ များပြားလှသော ကောင်းကင်နတ်ဆိုး စွမ်းအားများသည် သူ၏ နိယာမ ကိုယ်ထည်ကို ဖုံးလွှမ်းသွားပြီး ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကာ လုချန်း၏ သွေးဝိညာဉ်ဓားသိုင်းကို တားဆီးရန် ပစ်လွှတ်လိုက်သည်။

သို့သော် ထိုလက်ဖဝါးကြီး သွေးဝိညာဉ်ဓားသိုင်းနှင့် ထိတွေ့မိသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသည်။

လုချန်း၏ ဓားစွမ်းအားအပေါ် သူ၏ ကောင်းကင်နတ်ဆိုးအစွမ်း လုံးဝ အရာမထင်သည်ကို မြင်လျှင် ရှန်ဝူ ဧကရာဇ် မှင်တက်သွား၏။

လုချန်း၏ အစွမ်းသည် ကောင်းကင်နတ်ဆိုး စွမ်းအားအပေါ် ကန့်သတ်ချက် တစ်ခုခု ရှိနေလျှင်ပင် ဤမျှအထိ သက်ရောက်မှုအား ကောင်းနေစရာ မလိုဘူး မဟုတ်ပါလား။

သူ၏ ကောင်းကင်နတ်ဆိုးအစွမ်းသည် လုချန်းအပေါ် လုံးဝ အသုံးမဝင်ခဲ့ပေ။

ရှန်ဝူ ဧကရာဇ်၏ ကောင်းကင်နတ်ဆိုးစွမ်းအား နောက်တစ်ကြိမ် ကျရှုံးသွားသည်ကို မြင်လျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ အလွန် စိတ်လှုပ်ရှားသွားကြသည်။

“လုချန်းရဲ့ စွမ်းအားက ကောင်းကင်နတ်ဆိုး စွမ်းအားကို အပြည့်အဝ နှိမ်နင်းနိုင်လိမ့်မယ်လို့ ကျုပ် တစ်ခါမှ မတွေးမိဘူး။”

“ဒါကို သူ ဘယ်လိုလုပ်လိုက်တာလဲ”

“တကယ်ကောင်းတယ်။ နတ်ဝိညာဉ်မဟာမိတ်အဖွဲ့ကတော့ လွတ်မြောက်ပြီ။ ဗဟိုကြယ်နယ်မြေလည်း လွတ်မြောက်ပြီ။ စကြဝဠာကြီးလည်း လွတ်မြောက်ပြီ။”

ထိုအခိုက်အတန့်၌ နတ်ဝိညာဉ်မဟာမိတ်အဖွဲ့ဝင်များ၏ ကာလရှည်ကြာ ဖိနှိပ်ခံထားရသော ခံစားချက်များ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာသည်။ ရှန်ယွဲ့နိုင်ငံမှ ကောင်းကင်နတ်ဆိုးများ နယ်မြေချဲ့ထွင်လာကတည်းက နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့သည် ကောင်းကင်နတ်ဆိုးတပ်ဖွဲ့၏ လွှမ်းမိုးခြင်းကို ခံခဲ့ရပြီး ခုခံနိုင်စွမ်း လုံးဝ မရှိသလောက် ဖြစ်ခဲ့သည်။

မကြာသေးမီကပင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့၏ အကြီးမားဆုံး ပူးပေါင်းစစ်ဆင်ရေးလည်း ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကြောင့် ပျက်စီးသွားခဲ့ပြီး ဗဟိုကြယ်နယ်မြေမှ ထွက်ပြေးခဲ့ရ၏။

သူတို့သည် ဗဟိုကြယ်နယ်မြေသို့ မည်သည့်အခါမှ ပြန်မလာနိုင်တော့ပဲ ပုန်းအောင်းနေထိုင်ရတော့မည်ဟု အစက ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။ ရှနိုင်ငံက ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကို ယခုလို ပြတ်ပြတ်သားသား နှိမ်နင်းနိုင်လိမ့်မည်ဟု သူတို့ နည်းနည်းမှ မမျှော်လင့်ထားခဲ့ကြချေ။

နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ ဝမ်းသာနေကြစဉ် ယွမ်ကျင်း ဧကရာဇ် သက်ပြင်းတိုးတိုး ချလိုက်သည်။ လုချန်းက ရှန်ဝူ ဧကရာဇ်ကို နှိမ်နင်းနေသည့် မြင်ကွင်းကိုကြည့်ရင်း ယွမ်ကျင်း ဧကရာဇ်၏ စိတ်ထဲ သံသယတစ်ခု ဖြစ်ပေါ်လာ၏။

လုချန်းသည် နတ်ဝိညာဉ်မဟာမိတ်အဖွဲ့နှင့် မဟာမိတ်ဖွဲ့ခြင်းကို တမင်တကာ အချိန်ဆွဲခဲ့ပြီး ရှန်ယွဲ့နိုင်ငံ၏ ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကို နေရာအနှံ့ တိုက်ခိုက်ခွင့် ပြုခဲ့တာလား။

ဗဟိုကြယ်နယ်မြေရှိ အဓိက အင်အားစုများအားလုံးကို ကောင်းကင်နတ်ဆိုးတပ်ဖွဲ့က ချေမှုန်းပြီးသည်အထိ စောင့်ဆိုင်းပြီးကာမှ ရှနိုင်ငံ စစ်တပ်ကို ဦးဆောင်၍ ရှင်းလင်းရေး လာလုပ်ခြင်းလားဟု သူ တွေးမိ၏။

ဤဖြစ်နိုင်ခြေကို သူ စဉ်းစားမိသော်လည်း လုချန်းကို သူတို့ အပြစ်တင်၍မရကြောင်း ယွမ်ကျင်း ဧကရာဇ် သတိပြုမိသည်။

နောက်ဆုံးတွင် ဤလောကသည် အင်အားကို တန်ဖိုးထားသော လောကဖြစ်၏။ ယခု ရှနိုင်ငံသည် အလွန်အင်အားကြီးမားနေပြီး ကောင်းကင်ဧကရာဇ်ဖြစ်သည့် ရှန်ဝူ ဧကရာဇ်ကိုပင် နှိမ်နင်းထားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် အစက ရှန်ယွဲ့နိုင်ငံ နယ်မြေချဲ့ထွင်မှုကို လုချန်း ခွင့်ပြုခဲ့သည်ဟု သိနေလျှင်လည်း သူတို့ ဘာလုပ်နိုင်ပါမည်နည်း။

ယွမ်ကျင်း ဧကရာဇ်လည်း ထိုအတွေးများကို ဖျောက်လိုက်ပြီး

“တစ်လောကလုံး တစ်သားတည်း ဖြစ်ဖို့က သိပ်မကြာတော့ဘူး ထင်တယ်”

ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

လုချန်း လွှဲလိုက်သော ဓားစွမ်းအားများ နီးကပ်လာသည်ကို မြင်လျှင် ရွှမ်ထျန်း တစ်ချိန်က လက်ဆောင်ပေးခဲ့သော နတ်ဆိုးလှံကို ရှန်ဝူ ဧကရာဇ် ထုတ်ယူလိုက်၏။ ထိုအခိုက်အတန့်၌ နတ်ဆိုးလှံ၏ လှံတံမှ ထူထပ်သော အနက်ရောင် စွမ်းအားများ ထွက်ပေါ်လာပြီး အတွင်း၌ ရေတွက်၍မရသော ဝိညာဉ်များ ငိုကြွေးနေပုံရ၏။

ထို့နောက် ရှန်ဝူ ဧကရာဇ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“လျှို့ဝှက်နက်နဲသော ပျက်စီးခြင်းလှံချက်”

ထို့နောက် လှံချက်တစ်ချက် ထိုးသွင်းလိုက်ရာ ကောင်းကင်နတ်ဆိုး စွမ်းအားများ ဖုံးလွှမ်းနေသော လှံထိပ်သည် လွန်ပူတစ်ခုကဲ့သို့ ဖြစ်သွားပြီး ဓားစွမ်းအားများဆီသို့ တည့်တည့် တိုးဝင်သွား၏။

…………….

အခန်း (၁၅၅၆)

စကြဝဠာ မူလအစ အသိစိတ် ပေါ်ထွက်လာခြင်း

ရှန်ဝူ ဧကရာဇ်၏ မျက်လုံးများသည် သူ ထိုးလိုက်သော လှံပေါ်သို့ အာရုံစိုက်နေပြီး ယခုတစ်ကြိမ်တွင်လည်း ထိုဓားစွမ်းအားကို မတားဆီးနိုင်သေးသည်ကို သူ မယုံကြည်နိုင်ဖြစ်နေ၏။

သို့သော် သူ ပစ်လွှတ်လိုက်သော လှံစွမ်းအားသည် သွေးဝိညာဉ်ဓားသိုင်း၏ ဓားစွမ်းအားနှင့် ထိတွေ့သွားလျှင် ယခင်တိုက်ကွက်များကဲ့သို့ပင် ခဏချင်းအတွင်း ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်၌ ရှန်ဝူ ဧကရာဇ်၏ စိတ်နှလုံး အလွန် တုန်လှုပ်ချောက်ချားသွား၏။ လုချန်း၏ အစွမ်းက သူ့အပေါ် အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နှိမ်နင်းမှုမျိုး ရှိနေရသနည်းဆိုသည်ကို သူ နားမလည်နိုင်ဖြစ်နေသည်။ သူ ကောင်းကင်ဧကရာဇ်ဖြစ်ကတည်းက ဤမျှ အရှက်ရဖူးခြင်း မရှိခဲ့ပေ။

ယုတ္တိဗေဒအရဆိုလျှင် ကောင်းကင်နတ်ဆိုး စွမ်းအားသည် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ် စွမ်းအားကို နှိမ်နင်းရမည် မဟုတ်ပါလား။ ဤအရာက ကောင်းကင်နတ်ဆိုးများ ဖြစ်ပေါ်လာချိန်မှစ၍ မပြောင်းလဲသော သဘာဝနိယာမ ဖြစ်သည်။

သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားသည် လုချန်း၏ စွမ်းအားအောက်တွင် အဘယ်ကြောင့် ဤမျှအထိ နှိမ်နင်းခံနေရသနည်း။

ပြဿနာက ဘယ်နေရာမှဖြစ်နေရတာလဲ။

မကြာမီ ရှန်ဝူ ဧကရာဇ်၏ အကြည့်သည် လုချန်း၏ အနောက်ရှိ ဧကရာဇ်အဆင့် လေးရာထံသို့ ကျရောက်သွား၏။ လုချန်း၏ စွမ်းအားသည် ဧကရာဇ်အဆင့် လေးရာ၏ အစွမ်းကို စုစည်းကာ လမ်းစဉ် စွမ်းအားအမျိုးမျိုးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်ဟု ရုတ်တရက် သူ သတိပြုမိသွားသည်။

ဤလမ်းစဉ် စွမ်းအားများ ရောနှောသွားသည်နှင့် တစ်ပြိုင်နက် သာမန် စိတ်ဝိညာဉ် စွမ်းအားနှင့် မတူညီသော အစွမ်းကို ထွက်ပေါ်စေကာ ကောင်းကင်နတ်ဆိုး စွမ်းအားအပေါ် ထိရောက်စွာ နှိမ်နင်းနိုင်သော အာနိသင်ကို ဖြစ်ပေါ်စေခြင်း ဖြစ်နိုင်၏။ ဤဖြစ်နိုင်ခြေကို သိသွားသည်နှင့် လုချန်း၏ စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာကို တိုက်ခိုက်ရန် ကောင်းကင်နတ်ဆိုး ဧကရာဇ်များအားလုံးကို ရှန်ဝူ ဧကရာဇ် ချက်ချင်း ညွှန်ကြားလိုက်သည်။

ခဏချင်းအတွင်း ကောင်းကင်နတ်ဆိုးများသည် လုချန်း၏ အနောက်ဘက်သို့ ဒီရေလှိုင်းကဲ့သို့ တိုးဝင်သွားကြ၏။ ထောင်နှင့်ချီသော ကောင်းကင်နတ်ဆိုးများ၏ စုပေါင်းတိုက်ခိုက်မှုသည် စကြဝဠာကိုပင် တုန်လှုပ်စေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် ထိုကောင်းကင်နတ်ဆိုးများ သွေးဝိညာဉ်ဓားသိုင်း၏ ဓားစွမ်းအားအတွင်းသို့ တိုးဝင်သွားသည်နှင့် သူတို့ တစ်ဦးချင်းစီသည် ဖုန်မှုန့်များအဖြစ် ချက်ချင်းပြောင်းလဲသွားကြတော့သည်။ ထိုမြင်ကွင်းသည် ပိုးဖလံများ မီးလျှံထဲသို့ ခုန်ဆင်းသကဲ့သို့ ကြောက်မက်ဖွယ်ရာ လှပနေခဲ့သည်။

သို့သော်လည်း ထိုကောင်းကင်နတ်ဆိုးများက အဆက်မပြတ် ရှေ့တိုးလာသောကြောင့် သွေးဝိညာဉ်ဓားစွမ်းအား၏ ပြင်းထန်မှု သိသိသာသာ အားနည်းလာသည်။

သို့သော် သွေးဝိညာဉ်ဓားစွမ်းအား ရှန်ဝူ ဧကရာဇ်ထံသို့ ထိတွေ့တော့မည့် အချိန်သည် သူ၏ ခန္ဓာကိုယ် အပေါ်၌ သွေးနီရောင် အလင်းလွှာတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထို့နောက် ချက်ချင်းပင် သူ၏ အပေါ်၌ ဧရာမ သွေးနီရောင် ချပ်ဝတ်တန်ဆာ ပုံရိပ်တစ်ခု ပေါ်လာ၏။

ထို့နောက်မှ ဓားစွမ်းအားသည် ထိုချပ်ဝတ်တန်ဆာပေါ်သို့ ကျရောက်သွားခဲ့သည်။

ဓားစွမ်းအား သွေးနီရောင် ချပ်ဝတ်တန်ဆာနှင့် တိုက်မိလျှင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ရှန်ဝူ ဧကရာဇ်လည်း အလင်းနှစ် ဆယ်ဂဏန်းခန့် အထိ လွင့်ထွက်သွားသည်။ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးအားလုံးနှင့် ကမ္ဘာအသီးသီးကို ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။

ခဏချင်းအတွင်း ထိုကြယ်နယ်မြေသည် သဲမုန်တိုင်းတစ်ခု ကျရောက်လာသကဲ့သို့ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ပေါက်ကွဲမှု၏ အရှိန်က ကြီးမားလှသော်လည်း ရှန်ဝူ ဧကရာဇ်အား ထိခိုက်မှု မရှိကြောင်း လုချန်း သတိပြုမိလိုက်၏။ သူ၏ အပေါ်ရှိ သွေးနီရောင် ချပ်ဝတ်တန်ဆာ၌ အက်ကွဲကြောင်း တစ်ခုသာ ရှိနေပြီး သူကိုယ်တိုင်ကတော့ ဘာမှမဖြစ်ပဲ ရှိနေ သေးသည်။

ဒါက...

လုချန်း အနည်းငယ် မှင်တက်သွား၏။ သူ၏ အစွမ်းအကုန် အသုံးမပြုရသေးသော်လည်း သူ၏ အစွမ်းသည် ကောင်းကင်နတ်ဆိုးအပေါ် အလွန် ကြောက်မက်ဖွယ်ကောင်းသော နှိမ်နင်းမှု ရှိနေပါလျက် ရှန်ဝူ ဧကရာဇ်ကို အပြတ်မဖြတ်နိုင်သေးပေ။ ကောင်းကင်ဧကရာဇ်တစ်ပါး၏ ခုခံနိုင်စွမ်းသည် သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။

ရှန်ဝူ ဧကရာဇ် ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာက မည်သည့်အဆင့်ရှိသော စိတ်ဝိညာဉ် လက်နက် ဖြစ်နေသနည်း။

ပြင်ပနယ်မြေတွင် ရှိနေစဉ်က အဘယ်ကြောင့် ဤချပ်ဝတ်တန်ဆာကို ရှန်ဝူ ဧကရာဇ် ထုတ်မသုံးခဲ့ရသနည်း။

လုချန်း၏ တိုက်ကွက်ကြောင့် သူ၏ ကောင်းကင်အထွတ်အထိပ် ချပ်ဝတ်တန်ဆာပေါ်၌ အက်ကွဲကြောင်း တစ်ခုသာ ကျန်ရစ်ခဲ့သည်ကို မြင်လျှင်တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ရှန်ဝူ ဧကရာဇ် ကျယ်လောင်စွာ ရယ်မောလိုက်၏။

လုချန်း၏ အစွမ်းက သူ့အပေါ် ကြောက်မက်ဖွယ်ကောင်းသော နှိမ်နင်းမှု ရှိနေသော်လည်း ထိုအစွမ်းသည် သူ သန့်စင်မွမ်းမံထားသော ဧကရာဇ်အဆင့် လက်နက်အပေါ်တွင်တော့ များစွာ သက်ရောက်မှု မရှိနိုင်ပေ။ ဧကရာဇ်အဆင့် လက်နက်တစ်ခု၏ ခုခံနိုင်စွမ်းသည် သာမန် လက်နက်များနှင့် နှိုင်းယှဉ်၍ မရလောက်အောင် ကွာခြားလှသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ဆယ်နှစ်ကျော်ကြာ တံခါးပိတ် ကျင့်စဉ်အတွင်း ကျင့်စဉ်သက်သက်ကိုသာ အာရုံမစိုက်ပဲ ဧကရာဇ်အဆင့် လက်နက်ကို သန့်စင်မွမ်းမံရန်အတွက်လည်း အချိန်အချို့ အသုံးပြုခဲ့သည်။ မဟုတ်ပါက ယနေ့ သူ တကယ် ကျဆုံးသွားနိုင်သည်။

ထို့နောက် ရှန်ဝူ ဧကရာဇ်က

“လုချန်း။ ငါ သန့်စင်ထားတဲ့ ဧကရာဇ်အဆင့် လက်နက်က ဘယ်လိုလဲ။”

ရှန်ဝူ ဧကရာဇ်၏ စကားကို ကြားလျှင် လုချန်း ခပ်တိုးတိုး ရယ်လိုက်သည်။ ရှန်ဝူ ဧကရာဇ်ကိုယ်တိုင် သန့်စင်ထားသော ဧကရာဇ်အဆင့် လက်နက် ဖြစ်နေသဖြင့် သူ၏ တိုက်ကွက်ကို ခံနိုင်ရည်ရှိနေသည်က အံ့သြစရာ မဟုတ်ပေ။

သို့သော် တကယ်တန်း ပြောရလျှင် ထိုတိုက်ကွက်၌ သူ၏ အစွမ်းကုန်ကို အသုံးမပြုရသေးသလို နတ်ဘုရား‌ချေမှုန်းဓား၏ အစွမ်းကိုလည်း အပြည့်အဝ မနှိုးဆော်ရသေးပေ။

နတ်ဘုရား‌ချေမှုန်းဓားသည် နတ်ဝိညာဉ်အဆင့် လက်နက်တစ်ခု ဖြစ်၏။ ၎င်း၏ အစွမ်းကုန်ကိုသာ နှိုးဆော်လိုက်ပါက ဧကရာဇ်အဆင့် လက်နက်တစ်ခုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

လုချန်း ထိုအစွမ်းကို အပြည့်အဝ မထုတ်သုံးရခြင်း၏ အဓိက အကြောင်းရင်းက အစွမ်းသည် ကြီးမားလွန်းသဖြင့် စကြဝဠာ ချောက်နက်ကြီး တစ်ခုကို တိုက်ရိုက် ခုတ်ထွင်းမိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထိုစကြဝဠာ ချောက်နက်အတွင်း၌ ထူးဆန်းသော အနက်ရောင် ဓာတ်ငွေ့များ ပါရှိနေပြီး ရှနိုင်ငံမှ ဧကရာဇ်အဆင့်များ ထိုအနက်ရောင် ဓာတ်ငွေ့နှင့် ထိတွေ့မိပါက ကောင်းကင်နတ်ဆိုးဘဝ ပြောင်းလဲသွားမှာကို သူ စိုးရိမ်နေခြင်းဖြစ်သည်။

သို့သော် ယခုအခါ ရှန်ဝူ ဧကရာဇ်၌ ဧကရာဇ်အဆင့် ချပ်ဝတ်တန်ဆာ ရှိနေသဖြင့် သူ၏ အစွမ်းကုန်ကို အသုံးမပြု၍ မရတော့ဟု ထင်ရသည်။

လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး

“နောက်တစ်ချက်ကို ခင်ဗျား တောင့်ခံနိုင်မလား ကြည့်ကြတာပေါ့။”

စကားပြောနေစဉ်ပင် ရောင်ခြည်ခုနစ်ခု စွမ်းအားအပြင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလအစစွမ်းအားကို လုချန်း စုစည်းလိုက်၏။ ထို့ပြင် သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအားများကို နတ်ဘုရား‌ချေမှုန်းဓားအတွင်းသို့ ထည့်သွင်းလိုက်သည်။

ထိုစွမ်းအား သုံးမျိုးစလုံး နတ်ဘုရား‌ချေမှုန်းဓားအတွင်းသို့ စုစည်းသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် ဓားထံမှ စူးရှသော အဖြူရောင် အလင်းတန်းများ ထွက်‌ပေါ်လာခဲ့သည်။

နတ်ဘုရား‌ချေမှုန်းဓားမှ ထွက်ပေါ်လာသော ဖိအားကို ခံစားမိလျှင် ရှန်ဝူ ဧကရာဇ် လုံးဝ တုန်လှုပ်သွားသည်။ ဤဓားမှ ထွက်လာသော ဖိအားသက်သက်မျှဖြင့်ပင် အသက်အန္တရာယ် ရှိနေသည်ဟု သူ ခံစားလိုက်ရ၏။ နောက်တစ်ကြိမ် တိုက်ခိုက်မှုကို သူ တောင့်ခံနိုင်မည် မဟုတ်ဟုလည်း ခံစားနေရသည်။

မဖြစ်ပေ။

ဤအတိုင်း ဆက်သွားပါက ဒုက္ခရောက်သွားနိုင်သည်။

ထို့နောက် ရှန်ဝူ ဧကရာဇ်ကလည်း မူလအစစွမ်းအားကို စုစည်းလိုက်၏။ မည်သို့ပင်ဆိုစေ သူသည် ကောင်းကင်ဧကရာဇ် ဖြစ်နေပြီဖြစ်သဖြင့် သူ စုစည်းနိုင်သော မူလအစစွမ်းအား ပမာဏက လုချန်းထက်တော့ သိသိသာသာ ပိုများသည်။

သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် မူလအစစွမ်းအားကို စုစည်းနေစဉ်အတွင်း ဤစကြဝဠာကြီးက သူ့ကို အပြင်းအထန် ငြင်းပယ်နေပြီး သူ့ကို မူလအစစွမ်းအား အသုံးပြုခွင့် မပေးလိုသကဲ့သို့ ဖြစ်နေသည်ကို ရှန်ဝူဧကရာဇ် တွေ့ရှိလိုက်ရ၏။

ရှန်ဝူ ဧကရာဇ်က

“ငါက ကောင်းကင်ဧကရာဇ်ကွ”

ဟု အော်ဟစ်လိုက်၏။

သို့သော် ထိုစကားများ ပြောအပြီးတွင် မူလအစစွမ်းအားများကို ပိုမိုရူးသွပ်စွာ ဆွဲယူခဲ့သော်လည်း ငြင်းပယ်ခံရသည့် ခံစားချက်က ပို၍သိသာလာရုံသာ ရှိ၏။

ရှန်ဝူ ဧကရာဇ် အလွန် မကျေမနပ် ဖြစ်သွားသည်။ သူသည် ကောင်းကင်ဧကရာဇ် ဖြစ်နေပြီဖြစ်သော်လည်း ဤစကြဝဠာ၏ အသိအမှတ်ပြုခြင်းကို မခံရသေးပေ။

ဘာကြောင့်လဲ။

ကောင်းကင်ဧကရာဇ်ပင် မဟုတ်သေးသော လုချန်းကတောင် မူလအစစွမ်းအားကို စုစည်းနိုင်ပါလျက် သူ့ကျမှ စကြဝဠာကကန့်သတ်နေသည်။

ဤအရာကို တွေးမိသည်နှင့် ရှန်ဝူ ဧကရာဇ်၏ အတွင်းစိတ်ထဲမှ ဒေါသများ အပြည့်အဝ ပေါက်ကွဲထွက်လာ၏။ အကယ်၍ ဤစကြဝဠာက သူ့ကို မူလအစစွမ်းအား မပေးလိုလျှင် ဤစကြဝဠာသည်လည်း ဆက်လက် တည်ရှိမနေသင့်တော့ပေ။

ထိုအခိုက်အတန့်တွင် လူသားတစ်ဦး၏ မျက်လုံးများကဲ့သို့ သူ့ကို စူးစိုက်ကြည့်နေသည့် စကြဝဠာ အသိစိတ်တစ်ခုကို ရှန်ဝူ ဧကရာဇ် မပီမသ အာရုံခံမိလိုက်၏။

ရှန်ဝူ ဧကရာဇ်က လှောင်ပြုံးပြုံးလိုက်ပြီး

“မင်းက ငါ့ကို မူလအစစွမ်းအား မပေးချင်ဘူးဆိုရင်တော့ ငါကလည်း မင်းနေရာကို လုံးဝ အစားထိုးပစ်မယ်။”

သူ၏ စကားများအပြီးတွင် ထိုစကြဝဠာ အသိစိတ်ကို ဆန့်ကျင်ရန် ရှန်ဝူ ဧကရာဇ် ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် လုချန်းတစ်ယောက်ကတော့ ဟင်းလင်းပြင်ထဲ၌ မှင်တက်နေ၏။

သူ၏ အမြင်အာရုံ၌ ရှန်ဝူ ဧကရာဇ်၏ အထက်၌ ဧရာမ အနက်ရောင် အပေါက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုအနက်ရောင် အပေါက်အတွင်း၌ အနီရောင် ကြိုးမျှင်များ ဝန်းရံထားသည့် သွေးနီရောင် မျက်လုံးတစ်စုံ ရှိနေပုံရ၏။

ထိုမြင်ကွင်းကို မြင်လျှင် လုချန်း၏ ပထမဆုံးအတွေးက ခေတ်ပြောင်းကပ်ဘေးဖြစ်သည်။

ထိုအရာက ပြဿနာကြီးလာနိုင်ပုံပေါ်၏။

ထိုအရာကို တွေးမိသည်နှင့် ရှနိုင်ငံ၏ နတ်လှေအုပ်စုကို ဆုတ်ခွာစေရန် လုချန်း တွေးလိုက်သည်။

သို့သော်လည်း ရှန်ယွဲ့နိုင်ငံမှ ကောင်းကင်နတ်ဆိုးများသည် ထိုအချိန်အထိ ရှန်ဝူ ဧကရာဇ်၏ ထူးဆန်းသော အခြေအနေကို သတိမထားမိသေးပဲ ရှနိုင်ငံ၏ နတ်လှေအုပ်စုထံသို့ ရူးသွပ်စွာ တိုးဝင်နေဆဲ ဖြစ်သည်ကို သူ သတိပြုမိလိုက်၏။

ထို့အတူ စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာကို ကာကွယ်ရန် တာဝန်ယူထားသော ဧကရာဇ်အဆင့် တစ်ရာကျော်သည်လည်း တက်ကြွစွာ ပါဝင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်။

လုချန်း တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး မိုးကြိုး ဧကရာဇ်ထံသို့ အသံလွှင့်လိုက်၏။

“မိုးကြိုး ဧကရာဇ်... ရှန်ဝူ ဧကရာဇ်ရဲ့ အထက်မှာ ရှိနေတဲ့ အနက်ရောင် အပေါက်ကို ခင်ဗျား မြင်ရလား။”

မိုးကြိုး ဧကရာဇ် အံ့သြသွားပြီး

“အနက်ရောင် အပေါက်... ဘယ်အနက်ရောင် အပေါက်လဲ”

ထို့နောက် မိုးကြိုး ဧကရာဇ် သေချာ အာရုံခံကြည့်သော်လည်း ဘာမှမမြင်ရပေ။ သူ မြင်ရသည်က ဟင်းလင်းပြင်ထဲတွင် ဆိုင်းငံ့နေပြီး ကောင်းကင်နတ်ဆိုး စွမ်းအားများ ပိုမို သိပ်သည်းလာကာ မျက်နှာ အလွန် ရှုံ့မဲ့နေပြီး အလွန် နေမထိထိုင်မသာ ဖြစ်နေပုံရသော ရှန်ဝူ ဧကရာဇ်ဖြစ်၏။

ဘယ်ဖက်ကမှ ထွက်ပြေးဖို့ အစီအစဉ် မရှိကြတာ မဆန်းပေ။

ထိုအရာကို မည်သူမှ မမြင်နိုင်ကြခြင်းဖြစ်သည်။

………….

အခန်း (၁၅၅၇ )

ရှနိုင်ငံတော် ဆုတ်ခွာခြင်း

ခေတ်ကူးကပ်ဘေး၏ ထူးဆန်းသော အနီရောင်ကြိုးမျှင်များအကြောင်းကို ဧကရာဇ်များအားလုံး သိထားကြသည်။ ရှန်ဝူဧကရာဇ်၏ ဦးခေါင်းထက်မှ အနီရောင်ကြိုးမျှင်များကိုသာ သူတို့ မြင်တွေ့ခဲ့လျှင် ခေတ်ကူးကပ်ဘေး စတင်ပြီဟု ဧကန်မုချ ထင်မှတ်ကြမည်ဖြစ်ပြီး ကြောက်လန့်တကြား ထွက်ပြေးကြပေလိမ့်မည်။

ရောက်ရှိနေသော ဧကရာဇ်များအားလုံး တိုက်ပွဲကိုသာ အာရုံစိုက်နေကြပြီး နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များပင် ထွက်မပြေးကြသည်ကို ကြည့်ခြင်းဖြင့် ရှန်ဝူဧကရာဇ်၏ ဦးခေါင်းထက်ရှိ အနက်ရောင် အ‌ပေါက်နှင့် ထိုအနီရောင်မျက်လုံးများကို သူနှင့် ရှန်ဝူဧကရာဇ်တို့ နှစ်ဦးတည်းသာ မြင်နိုင်ကြောင်း လုချန်း သတိပြုမိလိုက်သည်။

ထိုအရာက ခေတ်ကူးကပ်ဘေး စတင်ခြင်း၏ နိမိတ်လက္ခဏာ အစစ်အမှန် ဟုတ်မဟုတ် လုချန်းအား ဇဝေဇဝါ ဖြစ်စေသည်။

လုချန်း ခဏခန့် အတွေးထဲ နစ်မြောသွား၏။ လောလောဆယ်တွင် ရှန်ဝူဧကရာဇ်သည် ထိုမျက်လုံးများကြောင့် အာရုံပျံ့လွင့်နေသဖြင့် ဗဟိုကြယ်နယ်မြေမှ ဝေးရာသို့ ဆုတ်ခွာရန် အခွင့်အရေး ရှိနေသေးသည်။

ထိုမျက်လုံးများ အလွန် အန္တရာယ်ရှိသည်ဟု လုချန်း ခံစားရနေရသည်။ ခေတ်ကူးကပ်ဘေး စတင်ခြင်း၏ နိမိတ်လက္ခဏာ မဟုတ်ခဲ့လျှင်ပင် ထိုအရာနှင့် ဝေးဝေးနေခြင်းက ဧကန်မုချ မှန်ကန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

ထိုအတွေးနှင့်အတူ

“အားလုံးပဲ။ ဗဟိုကြယ်နယ်မြေကနေ ဆုတ်ခွာဖို့ ပြင်ကြတော့”

ဟု ရှနိုင်ငံ၏ ဧကရာဇ်များအားလုံးထံသို့ လုချန်း ချက်ချင်း အသိပေးလိုက်၏။

ထိုအရာကို ကြားလျှင် ကောင်းကင်နတ်ဆိုးတပ်နှင့် တိုက်ခိုက်တော့မည့် ဧကရာဇ်များ မှင်တက်သွားကြသည်။

ဗဟိုကြယ်နယ်မြေကနေ ဆုတ်ခွာရမှာလား။

ဒီလိုအချိန်မှာ ဘာလို့ ဗဟိုကြယ်နယ်မြေကနေ ဆုတ်ခွာရတာလဲ။

ရှန်ဝူဧကရာဇ်က လှုပ်ရှားလို့မရ ဖြစ်နေတာ မဟုတ်ဘူးလား။ ဗဟိုကြယ်နယ်မြေကနေ ဆုတ်ခွာမည့်အစား ဒီအခွင့်အရေးကို သုံးပြီး သူ့ကို တိုက်ရိုက် ဘာလို့ မရှင်းပစ်တာလဲ။

အခု ဆုတ်ခွာလိုက်မည်ဆိုလျှင် ဒီခရီးက အလကား ဖြစ်သွားမှာ မဟုတ်ဘူးလား။

လုချန်း အမြောက်အမြား ရှင်းပြမနေတော့ပေ။ ရှန်ဝူဧကရာဇ် မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို သူ မသိနိုင်ပေ။ ရှန်ဝူဧကရာဇ်သာ မတောင့်ခံနိုင်တော့သည့်နောက် ထိုမျက်လုံးများ သူတို့ဆီသို့ လှည့်ကြည့်လာလျှင် ဒုက္ခရောက်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် မိုးကြိုးဧကရာဇ်က

“မင်းကြီး။ ဒါက ရှန်ဝူဧကရာဇ်ကို ရှင်းပစ်ဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် ဆုတ်ခွာခိုင်းရတာလဲ။”

“ဗဟိုကြယ်နယ်မြေကနေ ဆုတ်ခွာပြီးတာနှင့် အကြောင်းရင်းကို ကျုပ် ရှင်းပြမယ်”

ဟု လုချန်းက ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။

လုချန်းက ထိုသို့ပြောလိုက်သဖြင့် ဧကရာဇ်များလည်း ဆက်မမေးတော့ပေ။ မည်သို့ပင်ဖြစ်စေ လုချန်းသည် ရှနိုင်ငံ၏ ဧကရာဇ်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်၌ ခိုင်လုံသော အကြောင်းပြချက် ရှိရပေမည်။

ရှနိုင်ငံတပ် ဆုတ်ခွာနိုင်ရန် ကူညီသည့်အနေနှင့် ရောင်ခြည်ခုနစ်ခု စွမ်းအားကို သူ၏ ဓားဖြင့် လုချန်း ချက်ချင်း ထုတ်ဖော်လိုက်ရာ နောက်တစ်ခဏတွင် မ‌ရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများ ပျက်စီးသွားကြ၏။

ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေသော ယွမ်ကျင်း ဧကရာဇ်နှင့် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များလည်း မချိတင်ကဲ ဖြစ်သွားကြသည်။ သူတို့သာ ရှနိုင်ငံနှင့် စောစောစီးစီး ပူးပေါင်းခဲ့လျှင် သို့မဟုတ် ရှနိုင်ငံကို နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့ထဲသို့ ခေါ်ယူနိုင်ခဲ့လျှင် ပိုကောင်းပေလိမ့်မည်။

လုချန်းသာ ရှိနေခဲ့လျှင် သူတို့ ဤမျှ အထိအခိုက် အကျအဆုံး များမည်မဟုတ်ပေ။ ဧကရာဇ်များ သက်ပြင်းချနေစဉ်မှာပင် ရှနိုင်ငံ၏ နတ်လှေအုပ်စု ဆုတ်ခွာနေသည်ကို ရုတ်တရက် သတိပြုမိသွားကြသည်။

ထိုအရာကို မြင်တွေ့ရလျှင် အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။

ရှနိုင်ငံက အသာစီးရနေတာ မဟုတ်ဘူးလား။

ဘာလို့ ရုတ်တရက် ဆုတ်ခွာသွားတာလဲ။

ရှနိုင်ငံ နတ်လှေအုပ်စု အတိုင်းအတာတစ်ခုအထိ ဆုတ်ခွာသွားပြီးနောက် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံတွင် မပါဝင်သော ရှနိုင်ငံ၏ ဧကရာဇ်တစ်ရာလည်း တဖြည်းဖြည်း ဆုတ်ခွာလာကြ၏။

ထိုအခါ ယွမ်ကျင်း ဧကရာဇ်နှင့် အခြားသူများ ဆွေးနွေးလာကြသည်။

“ဘာဖြစ်တာလဲ”

“ဘာလို့ ရှနိုင်ငံက ဆုတ်ခွာနေတာလဲ”

“လုချန်းက တစ်ခုခု လုပ်တော့တာမို့လို့ တခြားသူတွေကို ထိခိုက်မှာစိုးလို့ ဆုတ်ခွာခိုင်းတာလား မသိဘူး။”

“အဲ့ဒါဆိုရင် ရှနိုင်ငံရဲ့ နတ်လှေတွေကို အစကတည်းက ဝေးဝေးမှာ ထားမှာပေါ့။”

“တစ်ခုခုတော့ မှားနေပြီ”

ယွမ်ကျင်း ဧကရာဇ်က

“ကျုပ် သွားမေးကြည့်မယ်”

ထိုသို့ပြောပြီးနောက် ယွမ်ကျင်း ဧကရာဇ် နတ်လှေပေါ်မှ ဆင်းသက်ကာ ဆုတ်ခွာနေသော ရှနိုင်ငံ ဧကရာဇ်တစ်ပါးထံသို့ ပျံသန်းသွားပြီး

“ဘာလို့ ဆုတ်ခွာနေတာလဲ။ ခင်ဗျားတို့ရဲ့ စွမ်းအားက ကောင်းကင်နတ်ဆိုးတွေကို နှိမ်နင်းနိုင်တယ် မဟုတ်ဘူးလား”

ဟု မေးမြန်းလိုက်သည်။

“ဒါက မင်းကြီးရဲ့ အမိန့်ပါ။ ကျုပ် တို့လည်း အကြောင်းရင်းကို မသိဘူး။ မင်းကြီး တစ်ခုခုကို သတိပြုမိလို့ ဖြစ်နိုင်တယ်”

ဟု ထိုဧကရာဇ်က တုံ့ပြန်၏။

“ခင်ဗျားတို့လည်း မြန်မြန်ဆုတ်ခွာကြပါ။ ဗဟိုကြယ်နယ်မြေ အပြင်ဘက်ရောက်လျှင် မင်းကြီးက အကြောင်းရင်းကို ရှင်းပြပါလိမ့်မယ်။”

ထိုဧကရာဇ်၏ စကားကို ကြားလျှင် ယွမ်ကျင်း ဧကရာဇ်လည်း အချိန်မဆွဲတော့ပဲ နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့၏ နတ်လှေထံသို့ ချက်ချင်း ပြန်လာခဲ့သည်။ သူ ပြန်လာသည်ကို မြင်လျှင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များ သူ၏အနားသို့ ချက်ချင်း စုဝေးလာကြသည်။

“ယွမ်ကျင်း ဧကရာဇ်။ တစ်ခုခု သိလာခဲ့လား။ ဘာလို့ ရှနိုင်ငံက ရုတ်တရက် ဆုတ်ခွာသွားတာလဲ”

ဟု ဧကရာဇ်တစ်ပါးက စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။

“အဲဒီဧကရာဇ်တွေလည်း အကြောင်းရင်းကို မသိကြဘူး။ လုချန်းက တစ်ခုခုကို သတိထားမိလို့ ဆုတ်ခွာခိုင်းတာ ဖြစ်နိုင်တယ်”

ဟု ယွမ်ကျင်း ဧကရာဇ်က တုံ့ပြန်၏။

“ကျုပ် တို့လည်း ချက်ချင်း ဆုတ်ခွာသင့်တယ်”

ထိုအရာကို ကြားလျှင် ဧကရာဇ်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“ဗဟိုကြယ်နယ်မြေ အပြင်ဘက်ရောက်ရင် လုချန်းက အကြောင်းရင်းကို ရှင်းပြလိမ့်မယ်။ အခုတော့ အရင်ဆုတ်ရအောင်”

ဟု ယွမ်ကျင်း ဧကရာဇ်က ထပ်ပြောလိုက်သည်။

ထိုစကားများနှင့်အတူ ယွမ်ကျင်း ဧကရာဇ်သည် ဆုတ်ခွာရန် သူနတ်လှေကို ချက်ချင်း မောင်းနှင်လိုက်၏။ သူ ဆုတ်ခွာသည်ကို မြင်သောအခါ အခြားသော ဧကရာဇ်များလည်း လိုက်ပါလာကြသည်။

ရှနိုင်ငံနှင့် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့တို့၏ နတ်လှေအုပ်စုများ အတိုင်းအတာတစ်ခုအထိ ဆုတ်ခွာသွားပြီးနောက် မူလအစစွမ်းအားကို လုချန်း တိုက်ရိုက် အသုံးချလိုက်ကာ နတ်ဘုရားချေမှုန်းဓားအတွင်းသို့ စွမ်းအားသုံးမျိုးကို ထပ်မံ ထည့်သွင်းလိုက်၏။

ထို့နောက် သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုသို့ ဝှေ့ယမ်းလိုက်ခြင်းဖြင့် တိုးဝင်လာသော နတ်ဆိုးဒီရေကို အမှုန့်အဖြစ်သို့ လုံးဝ ပြောင်းလဲပစ်လိုက်၏။

ထိုအခွင့်အရေးကို ယူ၍ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို လုချန်း ချက်ချင်း ဖြုတ်သိမ်းလိုက်ပြီး ထိုနည်းဗျူဟာတွင် ပါဝင်ခဲ့သော ဧကရာဇ်များနှင့်အတူ ရှန်ယွဲ့နိုင်ငံမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

လုချန်း ထွက်ပြေးလွတ်မြောက်သွားသည်ကို ထိုအချိန်အထိ ရှန်ဝူဧကရာဇ် သတိမထားမိသေးပေ။ သူသည် စကြဝဠာတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ရန် ကြိုးစားရင်း စကြဝဠာ မူလအစစွမ်းအားကို အပြင်းအထန် စုပ်ယူနေ၏။

သို့သော် စကြဝဠာ၏ အသိစိတ်ကို ထိတွေ့တော့မည်ဟု ခံစားရသော အခိုက်အတန့်၌ သူ၏ ရှေ့မှောက်၌ ရေတွက်မရနိုင်သော အနီရောင်ကြိုးမျှင်များ ပေါ်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ရှန်ဝူဧကရာဇ် တုံ့ပြန်ခြင်း မပြုနိုင်မီပင် ထိုအနီရောင်ကြိုးမျှင်များက သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားကြတော့သည်။

အနီရောင်ကြိုးမျှင်များကြောင့် သူ၏ ခန္ဓာကိုယ် အရည်ပျော်လာသည်ကို ခံစားရလျှင် ရှန်ဝူဧကရာဇ်၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။ ခေတ်ကူးကပ်ဘေးအတွင်း ပေါ်လာတတ်သည့် ထူးဆန်းသော အနီရောင်ကြိုးမျှင်များအကြောင်းကိုလည်း သူ ချက်ချင်း သတိရသွား၏။

ရှန်ဝူဧကရာဇ် မကျေမနပ် ကျိန်ဆဲလိုက်သည်။

“မဖြစ်နိုင်ဘူး။ ငါ ဒီလိုမျိုး မကျရှုံးနိုင်ဘူး။ သေချင်းဆိုးနဲ့ သေစမ်း အဲ့ဒီ ခေတ်ကူးကပ်ဘေး။”

“ငါသာ ဒီစကြဝဠာကို အပြည့်အဝ ထိန်းချုပ်နိုင်ရင် ခေတ်ကူးကပ်ဘေးက ငါ့အမိန့်အောက်မှာ ရှိနေရမယ်။”

ထိုစကားများနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများအားလုံးကို ရှန်ဝူဧကရာဇ် ထုတ်ဖော်လိုက်၏။

ခဏအတွင်းမှာပင် ရှန်ယွဲ့နိုင်ငံတစ်နိုင်လုံး ကောင်းကင်နတ်ဆိုးစွမ်းအား ဝဲကတော့ အတွင်းသို့ နစ်မြုပ်သွားပြီး ရှန်ယွဲ့နိုင်ငံရှိ ကောင်းကင်နတ်ဆိုးများသည်လည်း သတိပင် မထားမိခင်မှာပင် ထိုဝဲကတော့အတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

ကောင်းကင်နတ်ဆိုးစွမ်းအား ဝဲကတော့ လည်ပတ်မှု ပိုမြန်လာသည်နှင့်အမျှ ရှန်ယွဲ့နိုင်ငံမှ ကောင်းကင်နတ်ဆိုးများ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများလည်း တဖြည်းဖြည်း စုပ်ထုတ်ခြင်း ခံရပြီး ထို‌နတ်ဆိုးများအား အမှုန့်အဖြစ်သို့ ပြောင်းလဲလိုက်၏။ သူတို့၏ စွမ်းအားများကို ရှန်ဝူဧကရာဇ် စုပ်ယူနေကြောင်း သိသွားလျှင် ကောင်းကင်နတ်ဆိုးများအားလုံး ထိတ်လန့်သွားကြသည်။

သူတို့လည်း အပြင်းအထန် ရုန်းကန်၍ ရူးသွပ်စွာ အော်ဟစ်လိုက်ကြရာ သူတို့၏ အော်ဟစ်သံများ ဗဟိုကြယ်နယ်မြေ တစ်ခုလုံး ပဲ့တင်ထပ်သွား၏။

ဗဟိုကြယ်နယ်မြေမှ ဆုတ်ခွာနေစဉ် ကောင်းကင်နတ်ဆိုးများ၏ အော်ဟစ်သံများကို လုချန်း ကြားလိုက်ရသဖြင့် ရှန်ယွဲ့နိုင်ငံ၏ အခြေအနေကို လှည့်ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် ထိုအနီရောင်ကြိုးမျှင်များသည် ရှန်ဝူဧကရာဇ်ကို တိုက်ခိုက်နေပြီး ချည်နှောင်ထားသည်ကို တွေ့လိုက်ရ၏။

ထိုအခိုက်အတန့်တွင် ရှနိုင်ငံနှင့် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်များလည်း ရှန်ယွဲ့နိုင်ငံ၏ အခြေအနေကို သတိပြုမိသွားကြသည်။ နိုင်ငံတစ်နိုင်ငံလုံး ကောင်းကင်နတ်ဆိုးစွမ်းအား ဝဲကတော့အတွင်း ကျရောက်နေသည်ကို မြင်လျှင် ဧကရာဇ်များအားလုံး ကျောချမ်းသွားကြ၏။

သူတို့သာ ခုနက မဆုတ်ခွာခဲ့လျှင် ဤကြောက်မက်ဖွယ်ကောင်းသော ဝဲကတော့အတွင်း ပိတ်မိသွားမည် မဟုတ်ပါလား။

ဒါက ရှန်ဝူဧကရာဇ်၏ အစွမ်းအစစ်လား။

တကယ့်ကို ကြောက်စရာကောင်းလှသည်။

လုချန်းမှလွဲ၍ ရှန်ဝူဧကရာဇ်၏ အခြေအနေကို အခြားသော ဧကရာဇ်များ မသိကြပေ။ ထိုဝဲကတော့ကြီးသည် လုချန်းအား တိုက်ခိုက်ရန် ရှန်ဝူဧကရာဇ် ပြင်ဆင်နေခြင်းဟု သူတို့ အထင်မှားနေကြ၏။

All Chapters