အခန်း (၁၅၅၈-၁၅၆၀)
Vol. 104 Ch. 1558-1560
အခန်း (၁၅၅၈ )
ရွှမ်ထျန်းသည် ကောင်းကင်ဘုံ လမ်းစဉ်
ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ်သည် ထိုအနီရောင်ကြိုးမျှင်များဖြင့် အဆက်မပြတ် ထိုးဖောက်ခံရကာ လျင်မြန်စွာ အရည်ပျော်နေသည်ကို မြင်လျှင် လုချန်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
လွန်ခဲ့သည့်ဘဝကလည်း ခေတ်ကူးကပ်ဘေးကို သူ ကြုံတွေ့ခဲ့ဖူးသည်။ သူ ကောင်းကင်ဧကရာဇ်ဖြစ်စဉ်က မှတ်ဉာဏ်များ အပြည့်အစုံ မရှိသေးသဖြင့် ထိုထူးဆန်းသော အနီရောင်ကြိုးမျှင်များကို လုချန်း အပြည့်အဝ နားမလည်ပေ။
သို့သော် ကောင်းကင်ဧကရာဇ်ဘဝ မှတ်ဉာဏ် အပိုင်းအစများမှတစ်ဆင့် ခေတ်ကူးကပ်ဘေးမှ ကောင်းကင်ဧကရာဇ်တစ်ယောက် လွတ်မြောက်နိုင်စွမ်း ရှိသည်ကို သိထား၏။
ကောင်းကင်ဧကရာဇ်၏ မူလအစစွမ်းအားသည် စကြဝဠာ၏ စွမ်းအားပင်ဖြစ်သည်။ ထိုထူးဆန်းသော အနီရောင်ကြိုးမျှင်များက ကောင်းကင်ဧကရာဇ်ကို မတိုက်ခိုက်သင့်သလို တိုက်ခိုက်ခဲ့လျှင်ပင် ၎င်းကို မထိခိုက်စေသင့်ပေ။
ထိုသို့ဆိုလျှင် ရှန်ဝူဧကရာဇ်က ဘာကြောင့် ကျရှုံးတော့မည့် အသွင် ပေါ်နေရသနည်း။
၎င်းကို ကောင်းကင်ဧကရာဇ် ဖြစ်လာစေသည့် ကောင်းကင်နတ်ဆိုးစွမ်းအားက စကြဝဠာကပ်ဘေးကို မတောင့်ခံနိုင်လို့လား။
ဒါမှမဟုတ် ယခုခေတ်၏ အနီရောင်ကြိုးမျှင်များက လွန်ခဲ့သည့်ခေတ်မှ အနီရောင်ကြိုးမျှင်များနှင့် တစ်နည်းတစ်ဖုံ ကွာခြားနေလို့လား။
နတ်လှေ၏ ကုန်းပတ်ထက်တွင် ရပ်လျက် ရှန်ယွဲ့နိုင်ငံဘက်သို့ အဆက်မပြတ် စိုက်ကြည့်နေသော လုချန်းထံသို့ မိုးကြိုးဧကရာဇ် ချဉ်းကပ်လာကာ
“ရှန်ဝူဧကရာဇ်ရဲ့ အကြံအစည်ကို အချိန်မီ သတိပြုမိတဲ့အတွက် မင်းကြီးကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျုပ် တို့အားလုံး အဲဒီဝဲထဲမှာ ပိတ်မိသွားနိုင်တယ်။”
ထိုအရာကို ကြားလျှင်
“ခင်ဗျား တကယ်ပဲ ဘာမှ မမြင်ရဘူးလား”
ဟု လုချန်းက မေးလိုက်သည်။
“ဘာကို မြင်ရမှာလဲ”
ဟု မိုးကြိုးဧကရာဇ် ပြန်မေး၏။
လုချန်း ဆက်လက် ဖုံးကွယ်မထားတော့ပေ။
“ဟိုအနီရောင်ကြိုးမျှင်တွေကိုလေ”
ဟုတိုက်ရိုက် ပြောလိုက်သည်။
ထိုအရာကို ကြားလျှင် မိုးကြိုးဧကရာဇ်နှင့် လုချန်း၏ အနားရှိ ဧကရာဇ်အဆင့်များ၏ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားကြကုန်၏။
“မင်းကြီး ပြောတာက ခေတ်ကူးကပ်ဘေးမှာပဲ ပေါ်လာတတ်တဲ့ ထူးဆန်းတဲ့ အနီရောင်ကြိုးမျှင်တွေလား”
ဟု ဧကရာဇ် တစ်ပါးက ဝင်မေးလိုက်သည်။
လုချန်း က
“ခင်ဗျားတို့ တကယ် မမြင်ရဘူး ထင်တယ်။ အဲဒါတွေကို ကျုပ်နဲ့ ရှန်ဝူဧကရာဇ်ပဲ မြင်နိုင်တာ ထင်တယ်။”
“ခုနက အာကာသထဲမှာ အနီရောင်မျက်လုံးတစ်စုံ ပေါ်လာပြီး အဲဒီကနေ ရေတွက်မရနိုင် လောက်အောင်များတဲ့ အနီရောင်ကြိုးမျှင်တွေ ထွက်လာခဲ့တယ်။”
“ရှန်ဝူဧကရာဇ်က အခု အဲဒီထူးဆန်းတဲ့ အနီရောင်ကြိုးမျှင်တွေကို ခုခံနေရလို့ ရှန်ယွဲ့နိုင်ငံရဲ့ ကောင်းကင်နတ်ဆိုးစွမ်းအားတွေကို စုပ်ယူနေတာ။”
လုချန်း၏ ပြောကြားချက်ကို နားထောင်ပြီးနောက် ဧကရာဇ်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် တုန်လှုပ်သော အရိပ်အယောင်များ ထင်ရှားစွာ ပြသနေ၏။
ရှန်ယွဲ့နိုင်ငံ၏ ကောင်းကင်နတ်ဆိုးစွမ်းအား ဝဲကတော့သည် ရှန်ဝူဧကရာဇ်က လုချန်းကို တိုက်ခိုက်ရန် ဖန်တီးထားခြင်းဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ မမျှော်လင့်ပဲ ရှန်ဝူဧကရာဇ်သည် ခေတ်ကူးကပ်ဘေးကို တိုက်ခိုက်နေခြင်း ဖြစ်နေ၏။
မိုးကြိုးဧကရာဇ်က
“ဒါဆို ခေတ်ကူးကပ်ဘေးက စနေပြီပေါ့”
လုချန်းက
“ခင်ဗျားတို့ မမြင်ရတော့လည်း မစသေးတာ ဖြစ်နိုင်ပါတယ်။”
“ရှန်ဝူဧကရာဇ်က တစ်ခုခုကို ကျူးလွန်လိုက်လို့ အဲဒီထူးဆန်းတဲ့ ကြိုးမျှင်တွေရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရတာ ဖြစ်မယ်။”
လက်ရှိတွင် အနီရောင်ကြိုးမျှင်များကို မူလအစစွမ်းအားကို ထိန်းချုပ်နိုင်သူများသာ မြင်နိုင်သည်ဟု လုချန် စဉ်းစားမိသည်။ သူ့၌ မူလအစစွမ်းအား ရှိသလို ရှန်ဝူဧကရာဇ်သည်လည်း ကောင်းကင်ဧကရာဇ် ဖြစ်လာပြီးနောက် မူလအစစွမ်းအားကို ရရှိထား၏။ ထို့ကြောင့် သူတို့နှစ်ဦးစလုံး စကြဝဠာ အသိစိတ်မှ ပြောင်းလဲလာသော ထိုအနီရောင် မျက်လုံးများကို မြင်နိုင်ခြင်း ဖြစ်မည်။
ဟုတ်ပါသည်။ ဤအရာသည် သူ၏ ထင်မြင်ချက်မျှသာ ဖြစ်၏။ တိကျသော အကြောင်းရင်းကိုတော့ လုချန်း မသိပေ။
ယခု လုချန်း အစိုးရိမ်ဆုံး အရာက ထိုအနီရောင်ကြိုးမျှင်များ ဖြစ်သည်။ ၎င်းတို့က ရှန်ဝူဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် ဆက်လက် ပျံ့နှံ့လာမည်ဆိုလျှင် ခေတ်ကူးကပ်ဘေး တကယ် စတင်ပြီဟု အဓိပ္ပာယ်ရလိမ့်မည်။
ထိုအချိန်တွင် အခြား ကိစ္စတစ်ခုကို လုချန်း စဉ်းစားမိလိုက်သည်။ ဘဝသံသရာ ကျောက်တုံး၏ အခြားတစ်ဝက်သည် ရှန်ဝူဧကရာဇ်ထံတွင် ရှိနေဆဲ ဖြစ်၏။ လက်ရှိ အခြေအနေအရ ထိုထူးဆန်းသော အနီရောင်ကြိုးမျှင်များကြောင့် ရှန်ဝူဧကရာဇ် အသတ်ခံရလျှင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို သူ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ စဉ်းစားရင်း နောက်ပိုင်းတွင် ရှန်ယွဲ့နိုင်ငံသို့ သွားရန် အခွင့်အရေး ရနိုင်မရနိုင် သိနိုင်ဖို့အတွက် ကိုယ်ပွားတစ်ခု ချန်ထားခဲ့ရန် လုချန်း စီစဉ်လိုက်၏။ ထို့နောက် အာကာသအတွင်း၌ အဆင့်ခြောက်နယ်ပယ် ကိုယ်ပွားတစ်ခုကို လုချန်း ချန်ထားခဲ့လိုက်သည်။
ရှနိုင်ငံတော်၏ နတ်လှေအုပ်စုသည် အနီရောင်မိုးစက်ကမ္ဘာသို့ အမြန်ဆုံး အရှိန်ဖြင့် ပြန်လာခဲ့ပြီးနောက် ရှနိုင်ငံတော်သို့ သွားရန် အနီရောင်မိုးစက်ကမ္ဘာ၏ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို တိုက်ရိုက် အသုံးပြုခဲ့သည်။
အနီရောင်မိုးစက်ကမ္ဘာ၏ အပြင်ဘက်တွင် နတ်ဝိညာဉ်မဟာမိတ်တပ်ဖွဲ့မှ ဧကရာဇ်အချို့ ဝေခွဲမရ ဖြစ်နေကြဆဲ ဖြစ်၏။ ဧကရာဇ် အများစု၌ ကိုယ်ပိုင် အဖွဲ့အစည်းများ ရှိကြသည်။
သို့သော် သူတို့၏ ထိုအဖွဲ့အစည်းများ တည်ရှိနေဆဲ လားဆိုတာကိုတော့ မသေချာနိုင်ကြ တော့ပေ။ အချို့သော ဧကရာဇ်များသည် သူတို့၏ အဖွဲ့အစည်းများအပေါ် သံယောဇဉ် ကြီးမားကြသဖြင့် သူတို့ အဖွဲ့အစည်းများ တကယ်မရှိတော့တာ မသေချာပဲ အခြားနိုင်ငံတစ်နိုင်ငံသို့ ဝင်ရောက်ဖို့ ဆုံးဖြတ်ရန် ခက်ခဲနေကြသည်။
ထိုဧကရာဇ်အဆင့်များကို လုချန်း အကျပ်ကိုင်ခြင်း မပြုပေ။ ခေတ်ကူးကပ်ဘေး အချိန်မရွေး ရောက်လာနိုင်သည့် လက်ရှိ အခြေအနေတွင် ခေတ်ကူးကပ်ဘေးကို မည်သို့ ခုခံရမည်ကိုသာ စဉ်းစားရန် လိုအပ်၏။ ထိုဧကရာဇ်များ ရှနိုင်ငံတော်သို့ ဝင်မဝင်က အဓိက အလေးထားစရာ မဟုတ် တော့ပေ။
ထိုအနီရောင်ကြိုးမျှင်များ ပေါ်လာပြီဖြစ်၏။
လောလောဆယ်တွင် သူနှင့် ရှန်ဝူဧကရာဇ်တို့သာ ထိုကြိုးမျှင်များကို မြင်နိုင်သော်လည်း ရှနိုင်ငံတော်၏ ကံစွမ်းအားကို တိုးမြှင့်ရန်နှင့် နယ်မြေချဲ့ထွင်ရန် စဉ်းစားခြင်းက နောက်ကျသွားပြီး ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထို့ကြောင့် ရှနိုင်ငံတော်သို့ ဝင်လိုသော ဧကရာဇ်အဆင့်များကို ခေါ်ဆောင်လာခဲ့ပြီး ဝေခွဲမရ ဖြစ်နေသူများကိုမူ အနီရောင်မိုးစက်ကမ္ဘာတွင် နေခဲ့ရန် ခွင့်ပြုလိုက်၏။ သူတို့ ဆုံးဖြတ်ပြီးသော အခါမှ အနီရောင်မိုးစက်ကမ္ဘာ၏ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံမှတစ်ဆင့် ရှနိုင်ငံတော်သို့ လာရောက်နိုင်သည်။
……
တစ်ချိန်တည်းတွင်။
ရှန်ယွဲ့နိုင်ငံ။
ရှန်ဝူဧကရာဇ်သည် ထိုအနီရောင်ကြိုးမျှင်များကို တိုက်ခိုက်နေဆဲ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်၌ အပေါက်များစွာ ဖြစ်နေကာ သေလုမြောပါး ဖြစ်နေပုံရသည်။ သို့သော် သူ၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများကတော့ ပျောက်ကွယ်မသွားသေးပေ။
ရှန်ယွဲ့နိုင်ငံ၏ ပြင်ပရှိ ကမ္ဘာတစ်ခုတွင် ပုန်းကွယ်နေသော လုချန်း၏ ကိုယ်ပွားက ထိုအရာအားလုံးကို ကြည့်နေ၏။
ရှန်ဝူဧကရာဇ်ကို ကျေးဇူးတင်သင့်သည်ဟု လုချန်း ခံစားလိုက်ရသည်။ ရှန်ဝူဧကရာဇ်သာ ဤမျှကြာအောင် တောင့်မခံထားလျှင် ထိုအနီရောင်ကြိုးမျှင်များက သူတို့ကို တိုက်ခိုက်လာနိုင်သည်။
ကံကောင်း ထောက်မစွာဖြင့် ရှနိုင်ငံတော်၏ နတ်လှေအုပ်စုသည် ရှနိုင်ငံတော်သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်၏။ နတ်ဝိညာဉ်ထီး၏ အကာအကွယ်က ထိုထူးဆန်းသော အနီရောင်ကြိုးမျှင်များကို ခုခံနိုင်မလားဆိုတာကတော့ မသေချာသေးပေ။
ရှန်ဝူဧကရာဇ်သည် ကောင်းကင်ဧကရာဇ် တစ်ပါးဖြစ်ဟ။ သူတောင် ထိုအနီရောင်ကြိုးမျှင်များအောက်တွင် ဤမျှကြာအောင် တောင့်ခံနိုင်ခဲ့လျှင် ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်မှုကို ခုခံနိုင်သော နတ်ဝိညာဉ်ထီးသည်လည်း ခေတ်ကူးကပ်ဘေးကို ခုခံနိုင်ခြေ ရှိမလား။
ခေတ်ကူးကပ်ဘေးကို ခုခံရန် နတ်ဝိညာဉ်ထီးကို အသုံးပြုနိုင်စွမ်း ရှိမရှိ လုချန်း စဉ်းစားနေစဉ်မှာပင် အမျိုးသားတစ်ဦး၏ အသံက အာကာသထဲတွင် ပဲ့တင်ထပ်သွား၏။
“ရှန်ဝူဧကရာဇ်။ ခင်ဗျားကတော့ ကျုပ်ကို တကယ့်ကို အံ့အားသင့်စေတာပဲ။”
ထိုအသံကို ကြားလျှင် လုချန်း မျက်မှောင်ကြုတ်လိုက်မိပြီး နောက်တစ်ခဏတွင် ကောင်းကင်ဧကရာဇ်အဆင့်သို့ သိသိသာသာ ရောက်ရှိနေသည့် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစဉ် ပျောက်ကွယ်နေတာ ကြာပြီဖြစ်သော လူတစ်ဦးကို လျင်မြန်စွာ သတိရသွားသဖြင့် လုချန်း၏ မျက်နှာ ချက်ချင်း တည်သွား၏။
ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင် ရွှမ်ထျန်း...
သူ မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်ခဏ၌ ရှန်ယွဲ့နိုင်ငံတွင် ရွှမ်ထျန်း၏ ပုံရိပ် ပေါ်လာသည်။ သူသည် ရှန်ဝူဧကရာဇ်၏ ရှေ့တွင် ရပ်လျက် မှုန်မှိုင်းသော မျက်နှာဖြင့် ကြည့်နေ၏။
ရွှမ်ထျန်း ပေါ်လာသောအခါ ထိုစွမ်းအား၏ တိုက်စားမှုကို ခံနေရသဖြင့် ထိုစွမ်းအားအပေါ် အလွန် အာရုံခံနိုင်စွမ်းကြီးနေသော ရှန်ဝူဧကရာဇ်လည်း အနီရောင်ကြိုးမျှင်များနှင့် ဆင်တူသော စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။
ရှန်ဝူဧကရာဇ် တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားကာ
“နားလည်ပြီ။ ကျုပ် နားလည်ပြီ”
ဟုအော်ဟစ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ရွှမ်ထျန်း။ ခင်ဗျားက စကြဝဠာ ကောင်းကင်ဘုံ လမ်းစဉ်ပဲ။”
ရှန်ဝူဧကရာဇ်၏ စကားကို ကြားလျှင် လုချန်း မှင်တက်သွား၏။
ရွှမ်ထျန်းက ကောင်းကင်ဘုံ လမ်းစဉ်လား။
အဲ့ဒါက ဘာကို ဆိုလိုတာလဲ။
လုချန်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
နေပါဦး...
ရွှမ်ထျန်းက ကောင်းကင်ဘုံ လမ်းစဉ်ဆိုလျှင်၊ ပြီးတော့ သူတို့က ကစဉ့်ကလျား သားရဲရဲ့ ဝမ်းဗိုက်ထဲသည် ရှိနေတာဆိုလျှင် ရွှမ်ထျန်းက ကစဉ့်ကလျား သားရဲလို့ ဆိုလိုတာလား။
သို့မဟုတ် ရွှမ်ထျန်းက ကစဉ့်ကလျား သားရဲမှ ပြောင်းလဲလာသော အသိစိတ်တစ်ခုလား။
ထိုစဉ် ရွှမ်ထျန်းက ရှန်ဝူဧကရာဇ်အား
“နယ်ရုပ်လေး တစ်ခုက ကျုပ်ကို ဒီလောက်အထိ အကျပ်ရိုက်အောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“ခင်ဗျားကို စောစောစီးစီး ရှင်းပစ်ခဲ့သင့်တာ။”
…………..
အခန်း (၁၅၅၉ )
ကောင်းကင်ဘုံကို ဆန့်ကျင်ပြမယ်
အစက ရှန်ဝူဧကရာဇ်နှင့် သူ၏အပေါင်းအပါများကို အသုံးချ၍ လုချန်းကို ရှင်းပစ်ရန်သာ ရွှမ်ထျန်း လိုလားခဲ့သော်လည်း ၎င်းတို့ ဤမျှအသုံးမကျ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် ရှန်ဝူဧကရာဇ်သည် ထိရောက်သော နယ်ရုပ်တစ်ရုပ် မဖြစ်လာခဲ့သည့်အပြင် ကောင်းကင်ဧကရာဇ်အဆင့်သို့ပင် တက်လှမ်းသွားခဲ့ရာ သူအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ရှန်ဝူဧကရာဇ်က အားရပါးရ ရယ်မောလိုက်ပြီး
“ကျုပ်ကို အမြစ်ပြတ်အောင် မချေမှုန်းခဲ့တာက ခင်ဗျားရဲ့ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ။”
“ဒီနေ့တော့ ကျုပ်က ကောင်းကင်ဘုံကို ဆန့်ကျင်ပြမယ်။”
သူ၏ စကားအဆုံးတွင် ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ သိသိသာသာ တိုးလာခဲ့၏။
ထို့ပြင် သူ့ပြင် လက်ထဲရှိ နတ်ဆိုးလှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ရွှမ်ထျန်းထံသို့ ထိုးနှက်လိုက်သည်။
ထိုအခိုက်အတန့်၌ ရွှမ်ထျန်းသည် လုံးဝရှောင်တိမ်းခြင်း မရှိဘဲ အာကာသဟင်းလင်းပြင်ထဲ၌ ပေါလောပေါ်လျက် ရှန်ဝူဧကရာဇ်၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေ၏။
နောက်တစ်ခဏ၌ ကောင်းကင်နတ်ဆိုးစွမ်းအားများဖြင့် ရစ်ပတ်ထားသည့် နတ်ဆိုးလှံသည် ရွှမ်ထျန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော်လည်း ရွှမ်ထျန်း၏ ခန္ဓာကိုယ်သည် ပြောင်းလဲမှုမရှိပဲ ကျန်ရှိနေသည်ကို ရှန်ဝူဧကရာဇ်နှင့် လုချန်းတို့ အံ့အားသင့်ဖွယ် သတိထားမိလိုက်ကြသည်။
နတ်ဆိုးလှံသည် ရွှမ်ထျန်း၏ ခန္ဓာကိုယ်ကို တကယ်ပင် ထိုးဖောက်သွားခြင်း ဖြစ်သော်လည်း ရွှမ်ထျန်းကတော့ ထိုနေရာ၌ပင် ရှိနေဆဲ ဖြစ်သည်။ လှံက ခန္ဓာကိုယ်အစစ်ကို ထိုးမိခြင်းမဟုတ်ပဲ ပုံရိပ်ယောင်တစ်ခုကိုသာ ထိုးမိခြင်းဖြစ်သည်ဟု ရှန်ဝူဧကရာဇ်အား ခံစားရစေသည်။
ထို့ပြင် ရွှမ်ထျန်းက တည်ငြိမ်စွာနှင့်
“ကြီးထွားဖို့ အချိန်ပိုပေးမယ်ဆိုရင် ခင်ဗျားက လုချန်းလိုမျိုး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်ပေမဲ့ ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ထဲက ပိုးကောင်လေး တစ်ကောင်ဖြစ်နေတာကတော့ ကံဆိုးတာပဲ။”
ထိုအချိန်သည် ရွှမ်ထျန်းက သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ အာကာသအတွင်းရှိ အနီရောင် မျက်လုံးများမှ ရေတွက်မရနိုင်သော အနီရောင်ကြိုးမျှင်များ ထွက်ပေါ်လာပြီး ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အလွန်လျင်မြန်သော အရှိန်နှင့် ထိုးဖောက်ဝင်ရောက်သွား၏။
ရှန်ဝူဧကရာဇ် အလွန်မကျေမနပ်ဖြစ်လျက် ခုခံရန် မူလအစစွမ်းအားကို အသုံးပြုရန် ကြိုးစားသော်လည်း မူလအစစွမ်းအားနှင့် ချိတ်ဆက်မှု လုံးဝပြတ်တောက်သွားပြီဖြစ်ပြီး ၎င်းကို အသုံးမပြုနိုင်တော့ကြောင်း သိလိုက်ရသည်။
ရှန်ဝူဧကရာဇ်၏ မျက်နှာပေါ်၌ ထိတ်လန့်ဟန် အနည်းငယ် ပေါ်လာပြီး
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဟု မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ရှန်ဝူဧကရာဇ်က မူလအစစွမ်းအားကို အသုံးပြုရန် ကြိုးစားနေသည်ကို ရွှမ်ထျန်း မြင်လျှင် ခပ်ဖွဖွပြုံးပြုံးလျက်
“ငါ့ဝမ်းဗိုက်ထဲက ပိုးကောင်တစ်ကောင်အနေနှင့် ငါ့ကိုပြန်တိုက်ဖို့ ငါ့ဆီကစွမ်းအားကို ဆွဲထုတ်ဖို့ ကြိုးစားနေတာက တကယ့်ကို ရယ်စရာကောင်းတာပဲ”
ဟုရေရွတ်လိုက်သည်။
ရွှမ်ထျန်း၏ စကားကို ကြားလျှင် ရှန်ဝူဧကရာဇ်နှင့် လုချန်းတို့ နှစ်ဦးစလုံး မှင်တက်သွားကြ၏။
ချူးကျန့်ယွီက သူ၏ကို သားရဲစောင့်ရှောက်သူတစ်ဦးဟု ဘာကြောင့် သတ်မှတ်ခဲ့သလဲ ဆိုသည်ကို လုချန်း ယခု နားလည်သွားပြီ ဖြစ်သည်။ သူအသုံးပြုသော စွမ်းအားသည် ဤစကြဝဠာမှ သို့မဟုတ် ပို၍တိကျစွာဆိုရလျှင် ကစဉ့်ကလျား သားရဲထံမှ လာခြင်းပင် ဖြစ်၏။
ထိုသို့သာဆိုပါက ရှန်ဝူဧကရာဇ်ကို လုပ်သကဲ့သို့ပင် သူ၏ စွမ်းအားအရင်းအမြစ်ကို ဖြတ်တောက်ရန် ကစဉ့်ကလျား သားရဲအတွက် အလွန်လွယ်ကူလိမ့်မည် မဟုတ်ပါလား။
သူ၏ စွမ်းအားအားလုံးသည် ရွှမ်ထျန်းထံမှ မြစ်ဖျားခံနေခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး လုချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှမ်ထျန်းသာ သူနှင့် ရှနိုင်ငံတော်ကို ရန်မူလာလျှင် သူ မည်သို့ ခုခံနိုင်မည်နည်း။
အကယ်၍ ရွှမ်ထျန်းသာ သူ၏ စွမ်းအားကို ရိုးရိုးရှင်းရှင်း ပြန်လည်သိမ်းဆည်းလိုက်မည်ဆိုပါက သူအနေနှင့် ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့ တွေးမိလျှင် လုချန်း၏ စိတ်နှလုံးထဲ အလွန်စိုးရိမ်ပူပန်လာခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ ငြိမ်သက်နေတာကြာပြီဖြစ်သော သားများစွာ ကောင်းချီးများစွာ စနစ်ထံမှ သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
“သခင်၏ အင်အားသည် စနစ်ထံမှ လာခြင်းဖြစ်သည်။ သခင်၏ မူလအစစွမ်းအားသည် သခင်၏ ဇနီးများ၏ ကမ္ဘာငယ်များမှ မြစ်ဖျားခံခြင်း ဖြစ်သည်။ ထို့ကြောင့် ကစဉ့်ကလျား သားရဲက သခင်၏ စွမ်းအားကို ပိတ်ပင်ထားနိုင်ခြင်း မရှိပါ။”
စနစ်၏ သတိပေးချက်ကို ကြားလျှင် လုချန်း အနည်းငယ် မှင်တက်သွား၏။
သူ၏ စွမ်းအားက ကစဉ့်ကလျား သားရဲနှင့် မသက်ဆိုင်ဘူးလား။
သေချာစဉ်းစားကြည့်လျှင် သူရရှိခဲ့သော မူလအစစွမ်းအားသည် အစောကတည်းက သူ၏ ဇနီးများ၏ ကမ္ဘာငယ်များမှ လာသည်ဟူသည့် အချက်ကို ထည့်သွင်းစဉ်းစားပါက ကစဉ့်ကလျား သားရဲနှင့် တကယ်ပင် မသက်ဆိုင်သလို ရှိသည်။
ဤစကြဝဠာ၏ မူလအးစွမ်းအားကို သူခံစားနိုင်သော်လည်း ၎င်းကို အသုံးချခြင်း မရှိသလောက်ပင်။
ဤစကြဝဠာ၏ မူလအစနှင့် သူ၏အင်အားတို့အကြား ကွာခြားမှုရှိသည်ကို အစကတည်းက သူခံစားမိခဲ့သည်။
ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ် ပျောက်ကွယ်လုနီးပါး ဖြစ်နေစဉ်မှာပင် ရုတ်တရက် အဝေးမှ အမှောင်စွမ်းအားတစ်ခု ပျံ့နှံ့လာ၏။
ထိုအမှောင်စွမ်းအား လုချန်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသောအခါ အလွန်နေရခက်သော ခံစားမှုကို သူ ရရှိခဲ့သော်လည်း အဝေးရှိ ရွှမ်ထျန်းက သတိထားမိသွားမည်ကို စိုးရိမ်သဖြင့် ခုခံရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုပဲ ခက်ခဲစွာ သည်းခံထားလိုက်သည်။
သို့သော် သေချာစဉ်းစားကြည့်လျှင်
သူရှိနေသည်သည်ကို ရွှမ်ထျန်း သိပြီးဖြစ်နိုင်သည်ဟု လုချန်း ခံစားမိသည်။ ရွှမ်ထျန်းသည် ကစဉ့်ကလျား သားရဲမှ ဖြစ်တည်လာသော အသိစိတ်တစ်ခုဖြစ်သဖြင့် သူ၏အတွင်း၌ရှိစဉ် လုချန်း၏ တည်နေရာနှင့် လုပ်ဆောင်ချက်များကို အမြဲတစေ သိရှိနိုင်စရာ ရှိသည်။
သို့သော် ရွှမ်ထျန်းက သူ့ကို ဘာကြောင့် ရန်မမူပဲ ကြီးထွားလာရန် ခွင့်ပြုထားခဲ့သည်ကိုတော့ သူ နားမလည်နိုင်ပေ။
ရွှမ်ထျန်း ယခင်က ပြင်ပနယ်မြေ၌ ပြောခဲ့သော စကားများအရ သူတို့သည် ရန်ဘက်များဖြစ်ကြပုံရ၏။
ကောင်းကင်ဧကရာဇ်အဆင့်ကို ကျော်လွန်သော ရွှမ်ထျန်း၏ အင်အားအရ သူ့ကို ရှင်းပစ်ရန်သည် လွယ်ကူသော်လည်း ရွှမ်ထျန်းက ထိုသို့မလုပ်ပဲ သူ့ကို ကြီးထွားလာရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ရွှမ်ထျန်း၏ အကြောင်းပြချက်ကို လုချန်း စဉ်းစားနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော အမှောင်စွမ်းအားအားလုံးသည် ရှန်ဝူဧကရာဇ်ထံသို့ စုစည်းသွားပြီး သူ၏ ကောင်းကင်နတ်ဆိုးစွမ်းအားများကို တစ်ဖန်ပြန်၍ တိုးလာစေသည်ကို သတိထားမိလိုက်သည်။
“မကျေနပ်ဘူး။ ကျုပ် မကျေနပ်နိုင်ဘူး။”
ရှန်ဝူဧကရာဇ်၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ သူ၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ ပို၍ပြင်းထန်လာပြီး သူ၏ ခန္ဓာကိုယ်သည် လူသားပုံသဏ္ဌာန် ပျောက်ကွယ်ကာ မြူခိုးများကဲ့သို့ စတင်ပြောင်းလဲလာ၏။
ရှန်ဝူဧကရာဇ်၏ ပြောင်းလဲမှုကို ကြည့်ရင်း ရွှမ်ထျန်း၏ မျက်နှာ ပို၍ပင် မှုန်မှိုင်းလာခဲ့သည်။
သူက စကြဝဠာတစ်ခွင်သို့ အသံလွှင့်ကာ
“ရွှမ်ချင်းယွမ်။ ခင်ဗျားက ကျုပ်ကို တကယ်ပဲ ဆန့်ကျင်ချင်တာလား”
ရွှမ်ထျန်း၏ အသံကို ကြားလျှင် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ အမည်က ရွှမ်ချင်းယွမ် ဖြစ်ကြောင်း သိထားသောကြောင့် လုချန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အမှောင်စွမ်းအားက ရွှမ်ချင်းယွမ်ဆီက လာတာလား။
ရွှမ်ထျန်း၏ စကားအဆုံး၌ ရွှမ်ချင်းယွမ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ မကြာခင်မှာပင် ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ်သည် အနက်ရောင်မြူထုကြီးတစ်ခု အဖြစ်သို့ လုံးဝပြောင်းလဲသွား၏။
အနက်ရောင်မြူထုအတွင်းသည် အနီရောင် မျက်လုံးတစ်စုံ ရှိနေပြီး အဝေးရှိ ရွှမ်ထျန်းကို စိုက်ကြည့်လျက်
“ရွှမ်ထျန်း။ ကျုပ် အသက်ရှင်နေဦးမယ်လို့ ခင်ဗျား ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးမလား”
ဟု ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
ရှန်ဝူဧကရာဇ် ကောင်းကင်နတ်ဆိုးဘဝသို့ လုံးဝပြောင်းလဲသွားသည်ကို မြင်လျှင် ရွှမ်ထျန်းက နှာခေါင်းရှုံ့လိုက်ပြီး အာကာသဟင်းလင်းပြင်ကိုကြည့်ရင်း
“ရွှမ်ချင်းယွမ်...ကောင်းကင်ဧကရာဇ်အဆင့်ရှိတဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို အားကိုးပြီး ဒီစကြဝဠာကို ဖျက်ဆီးနိုင်မယ်လို့ ခင်ဗျား ထင်နေတာလား။”
သူ စကားပြောနေစဉ်မှာပင် အာကာသဟင်းလင်းပြင်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြီး ထိုအထဲမှ ရေတွက်မရနိုင်သော အနီရောင်ကြိုးမျှင်များ စတင်ထွက်ပေါ်လာ၏။
ဤမြင်ကွင်းကို မြင်တွေ့ရလျှင် လုချန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အခြေအနေ မကောင်းတော့ပေ။
ခေတ်ကူးကပ်ဘေး စတင်ပြီဖြစ်၏။
သူ၏ ကိုယ်ပွားကို ဗဟိုကြယ်နယ်မြေမှ ဝေးရာသို့ ရွှေ့ပြောင်းရန် လုချန်း ချက်ချင်း ပြင်ဆင်လိုက်၏။
ထိုကိုယ်ပွားကို သူ အချိန်မရွေး စွန့်လွှတ်နိုင်သော်လည်း ထိုထူးဆန်းသော အနီရောင်ကြိုးမျှင်များကို စောင့်ကြည့်ရန် ရည်ရွယ်ထားသောကြောင့် ကိုယ်ပွားကို အဖျက်ဆီးမခံနိုင်သေးပေ။
သို့သော်လည်း လုချန်း သူ၏ ကိုယ်ပွားကို ရွှေ့ပြောင်းရန် ကြိုးစားနေစဉ်မှာပင် ရှန်ဝူဧကရာဇ်မှ ပြောင်းလဲသွားသော အနက်ရောင်မြူထုထဲမှ မရေမတွက်နိုင်သော အနက်ရောင်ကြိုးမျှင်များ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။ ထိုကြိုးမျှင်များ၌ ပြင်းထန်သော ကောင်းကင်နတ်ဆိုးစွမ်းအားများ ကိန်းဝပ်နေပြီး အနီရောင်ကြိုးမျှင်များကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရေတွက်မရနိုင်သော အနီရောင်နှင့် အနက်ရောင်ကြိုးမျှင်များသည် ရစ်ပတ်မိသွားကြသည်။ ကြိုးများ ရစ်ပတ်မိသွားလျှင် ဖြည်းဖြည်းချင်း အဖြူရောင်အရည်များအဖြစ် ပျော်ကျသွားကြကုန်၏။
ရှန်ဝူဧကရာဇ်က သူ၏ အင်အားကို ခုခံနိုင်သည်ကို မြင်လျှင် ရွှမ်ထျန်း၏ မျက်နှာသည် ပို၍မှုန်မှိုင်းလာခဲ့သည်။
အခြေအနေက ဤသို့သာ ဆက်ဖြစ်နေလျှင် လုချန်းကို မကိုင်တွယ်နိုင်မီ ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။
ရွှမ်ထျန်းက အေးစက်စွာ ခပ်ဖွဖွပြုံးပြုံးလျက်
“ရွှမ်ချင်းယွမ်။ ခင်ဗျားက ကျုပ်ကို ဒီလိုလုပ်အောင် အတင်းအကျပ် ဖိအားပေးခဲ့တာပဲ။”
“ဝိညာဉ်ဝါးမျိုခြင်း စွမ်းအား”
ရွှမ်ထျန်း၏ စကားအဆုံး၌ ရုတ်တရက် စကြဝဠာတစ်ခွင်၌ အက်ကွဲကြောင်းများ ပိုပေါ်လာပြီး ထိုအထဲမှ အဖြူရောင်မီးခိုးများ ထွက်ပေါ်နေသော များပြားလှသည့် အစိမ်းရောင်အရည်များ စတင်စီးကျလာ၏။
ထိုအရည်များသည် ပင်လယ်တစ်ခုကဲ့သို့ စုစည်းသွားပြီး ဒီရေလှိုင်းများကဲ့သို့ ရှန်ဝူဧကရာဇ်ထံသို့ တိုးဝင်လာခဲ့သည်။
….............
အခန်း (၁၅၆၀ )
ဘဝသံသရာကျောက်တုံးများ တစ်သားတည်း ပေါင်းစည်းခြင်း
အဖြူရောင်မြူခိုးများ ထွက်ပေါ်နေသည့် ထိုအစိမ်းရောင်အရည်ကို မြင်လျှင် လုချန်း ရုတ်တရက် မှင်တက်သွား၏။
ဒါက ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားလား။
ဘာလို့ ဟိုက်ဒရိုကလိုရစ် အက်ဆစ်နဲ့ တူနေတာလဲ။
၎င်းကို ဟိုက်ဒရိုကလိုရစ် အက်ဆစ်ဟု စိတ်ထဲတွင် ထင်မှတ်မိသော်လည်း သူ၏ စိတ်အာရုံ နက်ရှိုင်းရာ၌ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဝိညာဉ်ဝါးမြိုခြင်းစွမ်းအားဟု ဆိုသော ထိုအရာသည် သူ၏အသက်ကို ခြိမ်းခြောက်နိုင်ကြောင်း ထင်ရှားလှသည်။
ထိုမြင်ကွင်းက လုချန်းကို အလွန် အံ့ဩ ဘနန်း ဖြစ်သွားစေသည်။ ပြင်ပနယ်မြေတွင် ရှိစဉ်က သူတို့သည် ကစဉ့်ကလျား သားရဲတစ်ကောင်၏ ဝမ်းဗိုက်အတွင်း ရောက်ရှိနေခြင်း ဖြစ်ကြောင်း ချူးကျန့်ယွီ ပြောဆိုခဲ့စဉ်က လုချန်း၌ ထူးခြားသော ခံစားချက် မရှိခဲ့ပေ။
အကြောင်းက ဤစကြဝဠာကို သာမန်စကြဝဠာတစ်ခုကဲ့သို့ပင် မြင်တွေ့ရသောကြောင့် ဖြစ်၏။
ယခုတော့ သူတို့ ကစဉ့်ကလျား သားရဲတစ်ကောင်၏ ဝမ်းဗိုက်အတွင်း ရောက်ရှိနေတာ တကယ်ပင် ဖြစ်ပုံရသည်။
ယခုဆိုလျှင် အစာအိမ်အက်ဆစ်များပင် ထွက်လာပြီဖြစ်သည်။
ဝိညာဉ်ဝါးမြိုခြင်း စွမ်းအား၏ တိုက်စားမှုအောက်တွင် ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အရည်ပျော်သွားပြီး သူ၏ စိတ်အာရုံသည်လည်း သေးငယ်သော ကြယ်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“မဖြစ်နိုင်ဘူး”
ဟု မကျေမနပ်ဖြင့် ရှန်ဝူဧကရာဇ် ဟိန်းဟောက်လိုက်သည်။
တဖြည်းဖြည်းနှင့် ရှန်ဝူဧကရာဇ်၏ အသံသည် တိုးသထက် တိုးသွားပြီး မကြာမီ သူ၏ စိတ်အာရုံသည်လည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
ရှန်ဝူဧကရာဇ် ကျရှုံးသွားသည်ကို မြင်လျှင် ထိုဝိညာဉ်ဝါးမြိုခြင်း စွမ်းအားကို ရွှမ်ထျန်း ပြန်လည် ရုပ်သိမ်းလိမ့်မည်ဟု လုချန်း ထင်မှတ်ခဲ့သော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ထိုစွမ်းအားသည် ရပ်တန့်သွားမည့် အရိပ်အယောင် မရှိပဲ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ စကြဝဠာ၏ နေရာအနှံ့သို့ ပျံ့နှံ့သွား၏။
ယခု လုချန်း၏ နဖူးပြင်ပေါ်၌ အေးစက်သော ချွေးစက်များ ချက်ချင်း ထွက်ပေါ်လာပြီဖြစ်သည်။ ရှန်ဝူဧကရာဇ်ကို ထိုဝိညာဉ်ဝါးမြိုခြင်း စွမ်းအားက မည်သို့ တိုက်စားဖျက်ဆီးသွားသည်ကို သူကိုယ်တိုင် မျက်စိနှင့် တပ်အပ် မြင်တွေ့ခဲ့ရသဖြင့် ၎င်း၏ အင်အားသည် ထိုအနီရောင်ကြိုးမျှင်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုကြောက်မက်ဖွယ်ကောင်းကြောင်း လုချန်း သိသွားသည်။
မည်သည့် တုံ့ဆိုင်းမှုမှ မရှိပဲ ဤကမ္ဘာတွင် သူတည်ဆောက်ထားသော သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံကို အသုံးပြု၍ ထိုကြယ်နယ်မြေမှ လုချန်း တိုက်ရိုက် ထွက်ပြေးခဲ့သည်။
ထိုကြယ်နယ်မြေမှ လွတ်မြောက်ခဲ့သော်လည်း ဗဟိုကြယ်နယ်မြေ၏ အစွန်းပိုင်းတွင်ပင် စူနာမီလှိုင်းလုံးကြီးများအလား စကြဝဠာ၏ အခြားအစိတ်အပိုင်းများဆီသို့ ထိုအစိမ်းရောင်အရည်များ လျှံတက်လာသည်ကို မြင်နေရဆဲ ဖြစ်သည်။
လုချန်း မျက်မှောင်ကို တင်းတင်း ကြုတ်လိုက်၏။ ယခု အခြေအနေသည် ခေတ်ကူးကပ်ဘေးထက်ပင် ပို၍အန္တရာယ်ကြီးမားနိုင်ခြေ ရှိသည်။
ဤအရာက တကယ့် ပြဿနာပင်။
နတ်ဝိညာဉ်ထီးက ထိုအစိမ်းရောင်အရည်များကို တောင့်ခံနိုင်မလား ဆိုတာကိုလည်း သူ သေချာ မသိပေ။
မတောင့်ခံနိုင်ဖို့သာ ပို၍ ဖြစ်နိုင်ခြေရှိသည်။
ကောင်းကင်ဧကရာဇ် အဆင့်ရှိသော ရှန်ဝူဧကရာဇ်ပင်လျှင် ထိုအစိမ်းရောင်အရည်နှင့် ထိတွေ့မိရုံဖြင့် ခဏချင်းအတွင်း အရည်ပျော်သွားခဲ့သည် မဟုတ်ပါလား။
နတ်ဝိညာဉ်ထီးသည် ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်မှုများကို ခုခံနိုင်သည် ဆိုသော်လည်း ခုခံနိုင်စွမ်းက အကန့်အသတ် ရှိ၏။
ဤအန္တရာယ်ကို မည်သို့ တုံ့ပြန်ရမည်နည်းဟု လုချန်း စဉ်းစားနေစဉ် ဝေးလံသော နေရာမှ အနီရောင် ရထားတစ်စီး ရုတ်တရက် ပေါ်ပေါက်လာသည်။
“ဟင်... ပန်းနီရထားလား။”
ပန်းနီရထား ပေါ်လာတိုင်း သူ့ထံသို့ အမျိုးသမီးတစ်ယောက် ခေါ်ဆောင်လာတတ်ပုံရ၏။
ဒီတစ်ခါလည်း အမျိုးသမီးတစ်ယောက် ခေါ်လာဦးမှာလား။
သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် လှပသော အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာလျှင်ပင် ပျော်ပါးရန် သူ စိတ်ကူးရှိမည် မဟုတ်ချေ။
မကြာမီပင် ပန်းနီရထားသည် လုချန်းနှင့် မနီးမဝေးသို့ ရောက်ရှိလာပြီး နောက်တစ်ခဏတွင် ကျောက်တုံးတစ်တုံး ရထားအတွင်းမှ လုချန်း၏ ရှေ့တည့်တည့်သို့ လွင့်ထွက်လာသည်။
ဒါက...
ထိုကျောက်တုံးကို လှမ်းယူရန် လုချန်း လက်မကမ်းမီမှာပင် သူ၏ စနစ်အတွင်းရှိ ဘဝသံသရာ ကျောက်တုံး အလိုအလျောက် ရုတ်တရက် ထွက်ပေါ်လာ၏။ နောက်တစ်ခဏ၌ ဘဝသံသရာ ကျောက်တုံးနှင့် ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးတို့ တစ်သားတည်း ပေါင်းစည်းသွားကာ စူးရှတောက်ပသော ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်။
လုချန်း အာရုံလွင့်နေစဉ်မှာပင် ပေါင်းစည်းသွားသော ဘဝသံသရာ ကျောက်တုံးသည် သူ၏ နဖူးထက်တွင် ဝဲပျံနေပြီး ရောင်စုံအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ရှောင်တိမ်းရန် အချိန်မရလိုက်သဖြင့် ထိုအလင်းတန်းသည် လုချန်း၏ ကိုယ်ပွားမှတစ်ဆင့် သူ၏ စိတ်အာရုံအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွား၏။
နောက်တစ်ခဏတွင် မြောက်မြားလှသော မှတ်ဉာဏ်များ သူ၏ စိတ်အာရုံအတွင်းသို့ စီးဝင်လာသည်ကို လုချန်း ခံစားလိုက်ရသည်။ သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များ အားလုံးကို ပြန်မရရှိသေးသော်လည်း အလွန်အရေးကြီးသော သတင်းအချက်အလက် တစ်ခုကိုတော့ သူ သိသွား၏။
ထိုအချက်က သူနှင့် သူ၏ ဇနီးများ အားလုံး အတူတကွ စုံတွဲကျင့်စဉ် ကျင့်ကြံကြစဉ် သူတို့နှင့် စိတ်ဝိညာဉ်ချင်း ထပ်တူကျမှုကို ရရှိနိုင်ပါက သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များအားလုံးကို ပြန်လည် ဖော်ထုတ်နိုင်မည်ဟူ၍ ဖြစ်သည်။ ထိုအချက်က ဘဝတိုင်းတွင် သူ၏ ချစ်သူများကို အစွမ်းကုန် ရှာဖွေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်၏။
“ဩော်... ဒါကြောင့်ကိုး”
“ငါ မြန်မြန် လုပ်မှ ဖြစ်တော့မယ်။”
ဟု လုချန်း တိုးတိုးလေး ရေရွတ်လိုက်သည်။
နောက်တစ်ခဏ၌ လုချန်းသည် သူ၏ ကိုယ်ပွားများကို စတင် ထိန်းချုပ်ကာ အရေးယူ ဆောင်ရွက်လိုက်တော့သည်။ သူ၏ ဇနီးများ ထိုအချိန်တွင် မည့်သည့်အရာ လုပ်နေကြသည်ဖြစ်စေ သူတို့အားလုံးကို ကုတင်ပေါ်သို့ သူ ခေါ်ဆောင်လာခဲ့၏။
လုချန်း၏ ဇနီး အများစုသည် သူတို့အပေါ် လုချန်း၏ ပြုမူပုံများကို ယဉ်ပါးနေကြပြီ ဖြစ်သဖြင့် သူနှင့်အတူ ကျင့်ကြံရန် ငြင်းဆန်ကြမည် မဟုတ်သော်လည်း ယွမ်ချင်းရှုကတော့ ထိုသို့ မဟုတ်ပေ။ ယွမ်ချင်းရှုသည် ရှနိုင်ငံတော်သို့ ရောက်ရှိလာကတည်းက လုချန်းအပေါ် သတိထား ဆက်ဆံခဲ့သည်။
ယွမ်ရှန်ရှန်ကြောင့်သာ သူမကို ရှနိုင်ငံတော်သို့ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း လုချန်းက ပြောခဲ့သော်လည်း လုချန်း၏ ဗီဇကို သိထားသဖြင့် ယွမ်ချင်းရှုစိတ်ထဲ သူ့အပေါ် သံသယ ရှိနေဆဲ ဖြစ်၏။
…….
ဝမ်မင်ကမ္ဘာ။
မြူခိုးများ ဖုံးလွှမ်းနေသည့် တောင်ထိပ်တစ်ခုပေါ်တွင်။
ဗျိုင်းဖြူများ လှပစွာ ပျံသန်းသွားလာနေကြသော သာယာလှသည့် ထိုနေရာသည် နတ်ပြည်တစ်ခုအလား ထင်မှတ်ရပေသည်။ ထိုတောင်ထိပ်ရှိ ဝါးအိမ်လေးအတွင်း၌ ယွမ်ချင်းရှု တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေ၏။
ရုတ်တရက် ယွမ်ချင်းရှု၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ မျက်လုံးများက လူသူကင်းမဲ့နေသည့် ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်တည်ငြိမ်စေရန် စိတ်ဝိညာဉ် စွမ်းအားများကို စုစည်းလိုက်၏။
ယွမ်ချင်းရှု ဇဝေဇဝါ ဖြစ်သွားသည်။
ခုနက ဘာဖြစ်သွားတာလဲ...
ဒီနေ့ပဲ ကပ်ဘေးတစ်ခုခုနဲ့ ကြုံရတော့မလိုမျိုး ဘာလို့ ရုတ်တရက်ကြီး အန္တရာယ်အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတာလဲ...
ဧကရာဇ်အဆင့် ကျင့်ကြံသူများသည် အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သော စွမ်းရည်အချို့ ရှိကြသဖြင့် အန္တရာယ်အငွေ့အသက်ကို ခံစားမိလျှင် အလေးအနက် ထားတတ်ကြ၏။ ခေတ်ကူးကပ်ဘေး စတင်နေပြီလားဟု မျက်မှောင်ကြုတ်ကာ ယွမ်ချင်းရှု တွေးတောနေမိသည်။
ထိုဖြစ်နိုင်ခြေကို စဉ်းစားမိပြီး အပြင်သို့ ထွက်၍ စစ်ဆေးရန် ယွမ်ချင်းရှု ပြင်ဆင်လိုက်၏။ သို့သော် သူမ ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ အကြောက်ဆုံးသော ပုဂ္ဂိုလ် အခန်းအတွင်း၌ ပေါ်ပေါက်လာသည်။
လုချန်း ပေါ်လာသည်ကို မြင်လျှင် ယွမ်ချင်းရှု မျက်ခုံးများ တွန့်သွားပြီး
“ရှင် ဒီကို ဘာလာလုပ်တာလဲ”
ဟု အေးစက်စွာ မေးလိုက်၏။
လုချန်း ဤနေရာသို့ ရုတ်တရက် ရောက်လာခြင်းက ယွမ်ချင်းရှု အစိုးရိမ်ဆုံးသော အရာ ဖြစ်သည်။ လုချန်း ဤနေရာသို့ မလာပါက သူမကို သူ မေ့လျော့သွားပြီဟု အဓိပ္ပာယ်ရ၏။ လုချန်း ရောက်လာသည် ဆိုပါက သူမအပေါ် စိတ်ဝင်စားမှု ရှိနေဆဲဟု ဆိုလိုရာ ရောက်သည်။
ထို့ပြင် လုချန်း၏ လက်ရှိ အင်အားသည် သူမထက် များစွာ သာလွန်နေပြီ ဖြစ်၏။
လုချန်းသာ သူမအပေါ် တစ်ခုခု ပြုလုပ်လိုပါက သူမ အနေနှင့် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
ယွမ်ချင်းရှု၏ မေးခွန်းကို လုချန်း ချက်ချင်း အဖြေမပေးပဲ သူမကို သေချာစွာ စူးစိုက်ကြည့်နေသည်။ ယွမ်ချင်းရှုသည် သူမ၏ လှပသော အစိမ်းနုရောင် ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်အချိုးအစားသည်လည်း အပိုအလိုမရှိစွာ ပြည့်စုံနေသည်။
လုချန်း၏ မျက်လုံးများက သူမအပေါ် ဝေ့ဝဲကြည့်နေသည်ကို မြင်လျှင် ယွမ်ချင်းရှု ထိတ်လန့်သွား၏။ လုချန်း စကားမပြောသေးသော်လည်း သူ၏ မျက်ဝန်းများက သူ ဘာလုပ်ချင်သည်ကို ဖော်ပြနေသည်။ လုချန်း နောက်ထပ် ဘာလုပ်တော့မည် ဆိုတာကလည်း ထင်ရှားလှပေသည်။
လုချန်း စကားမပြောမီမှာပင် ယွမ်ချင်းရှု၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အိမ်လေးအတွင်းမှ အလျင်အမြန် ပြေးထွက်သွား၏။ လုချန်း၏ ရည်ရွယ်ချက်ကို သူမ သိထားသဖြင့် ဆက်ရှိနေပါက တစ်ခုတည်းသာ ရလဒ်သာ ရှိမည် ဖြစ်သည်။
ယွမ်ချင်းရှု ထွက်ပြေးသွားသည်ကို မြင်လျှင် လုချန်း အနည်းငယ်သာ ပြုံးလိုက်၏။ သူမ ရှနိုင်ငံတော်အတွင်း ရှိနေပါက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူမ၏ တည်နေရာကို သူ သိနိုင်သည်။ သူမ၏ ရုန်းကန်မှုက အချည်းနှီးသာ ဖြစ်၏။
ယွမ်ချင်းရှု၏ အရှိန်က အလွန်မြန်ဆန်လှရာ ခဏချင်းအတွင်းမှာပင် နတ်ဝိညာဉ်ထီး၏ အကာအကွယ် အတားအဆီး အစွန်းသို့ ရောက်ရှိသွားသည်။
၎င်းကို ဖြတ်ကျော်နိုင်သည်နှင့် သူမ ရှနိုင်ငံတော်မှ လွတ်မြောက်သွားမည် ဖြစ်၏။
သို့သော် သူမ ဖြတ်ကျော်တော့မည့် အချိန်မှာပင် သူမ၏ ဘေးနား၌ လုချန်း ပေါ်လာပြီး
“ခေတ်ကူးကပ်ဘေး စနေပြီ။”
ထိုစကားကို ကြားလျှင် ထွက်ပြေးရန် ပြင်နေသော ယွမ်ချင်းရှုလည်း ထိုနေရာ၌ပင် မှင်တက်သွားတော့သည်။