← Chapters

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အပိုင်း ၄၉၆ : ကျွန်မကို မြန်မြန်လာကယ်ပါဦး

ယဲ့ချန်းက သီချင်းရှစ်ပုဒ်စလုံးနှင့် မူကြမ်းများကို ပို့ပေးလိုက်သည်။

သုန်းရှောင်ယာမှာမူ ခဏမျှကြောင်သွားသည်။

"ခဏလေးအတွင်း အကုန်ပြီးသွားတာလား"

"ဒါပေါ့။ သီချင်းရေးရတာ တော်တော်လွယ်ပါတယ်"

သုန်းရှောင်ယာ : "ရှင် ကျွန်မကို ပြီးစလွယ်လုပ်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်"

အဆိုတော်တစ်ယောက်အနေနှင့် သီချင်းတစ်ပုဒ်ရေးရန် မည်မျှခက်ခဲသလဲဆိုသည်ကို သုန်းရှောင်ယာ ကောင်းကောင်းသိသည်။

အထူးသဖြင့် လူကြိုက်များမည့် သီချင်းမျိုးကိုရေးရန်မှာ ပို၍ပင်ခက်ခဲသေးသည်။

ယဲ့ချန်းလို အချိန်တိုအတွင်း သီချင်းရှစ်ပုဒ်အထိ ရေးနိုင်ရန်မှာ ပါရမီရှင်တေးရေးဆရာတစ်ယောက်အတွက်ပင် အလွန်စိန်ခေါ်မှုကြီးမားသော ကိစ္စတစ်ရပ်ပင်။

သုန်းရှောင်ယာလည်း သိချင်စိတ်ဖြင့် ကွန်ပျူတာကိုဖွင့်ပြီး ပထမဆုံးသီချင်းကို နားထောင်ကြည့်လိုက်သည်။

သီချင်းနာမည်ကို "ပူဖောင်း"ဟု ပေးထားလေသည်။

ထိုသီချင်းကို နားထောင်လိုက်ရသောအခါ သုန်းရှောင်ယာခမျာ ချက်ချင်းဆိုသလို အံ့ဩမှင်တက်သွားသည်။

နေရောင်အောက်က ပူဖောင်းလေးတွေဟာ အရောင်အသွေးစုံလင်လေရဲ့။

လှည့်စားခံရတာကိုပဲ ပျော်ရွှင်နေမိတဲ့ ငါ့လိုပေါ့။

မင်းရဲ့လိမ်ညာမှုတွေကို အမှားအမှန်လိုက်ရှာနေမိတယ်

မင်း ငါ့ကို ချစ်နေသေးတယ်ဆိုတဲ့

အသိလေးနဲ့ပေါ့လေ

လှပတဲ့ပူဖောင်းလေးတွေက ခဏလေးနဲ့ ပေါက်ကွဲပျောက်ကွယ်သွားပေမယ့်

မင်းရဲ့ကတိစကားတိုင်းက ပျက်စီးလွယ်ပေမယ့်

ပူဖောင်းလိုမျိုး ချစ်ခြင်းမေတ္တာကိုသာ အမှန်အတိုင်း ဖောက်ထွင်းမြင်နိုင်ခဲ့မယ်ဆိုရင်

...

ဘုရားရေ.. ဒီသီချင်းက အရမ်းကောင်းတာပဲ။

ဤသည်မှာ မိန်းကလေးအသံနှင့်ဆိုရမည့် သီချင်းဖြစ်သော်ငြား အဆိုကျွမ်းကျင်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသော ယဲ့ချန်းကတော့ အကောင်းဆုံး သီဆိုနိုင်သည်။

သီချင်းရှစ်ပုဒ်စလုံးကို တစ်ထိုင်တည်း နားထောင်ပြီးသွားသောအခါ သုန်းရှောင်ယာ လုံးဝအံ့အားသင့်သွားခဲ့သည်။

သီချင်းတိုင်းက ဂန္ထဝင်မြောက်သည်ဟုပင် ဆိုနိုင်ပြီး တစ်ပုဒ်နှင့်တစ်ပုဒ် ပုံစံချင်းလည်း မတူကြပေ။

သုန်းရှောင်ယာလည်း စိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်းကို ဖုန်းဆက်လိုက်သည်။

"ချန်းချန်း.. ရှင်က ပါရမီရှင်တေးရေးဆရာပဲနော်"

"ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"

"အရမ်းမိုက်တယ်။ ဒီအယ်လ်ဘမ်ထွက်လာတာနဲ့ ပေါက်သွားမယ်လို့ ကျွန်မ ခံစားမိတယ်"

"ဟုတ်တယ်။ အချိန်ခုနစ်ရက်တော့ လိုသေးတယ်။ အောက်တိုဘာ၁၈ရက်နေ့ကျရင် ထုတ်ဝေနိုင်အောင် ကုမ္ပဏီဘက်ကလည်း ပရိုမိုးရှင်းကိစ္စတွေကို အပြည့်အဝပူးပေါင်းကူညီပေးဖို့ အကြောင်းကြားလိုက်မယ်"

ယဲ့ချန်း၏ စကားများကို ကြားသောအခါ သုန်းရှောင်ယာ၏ ရင်ထဲတွင် နွေးထွေးသွားသည်။

အောက်တိုဘာလ ၁၈ရက်နေ့ဆိုသည်မှာ ဝူမေ့မေ့၏ "နုပျိုမှုမုန်တိုင်း"ကို ထုတ်လွှင့်မည့်နေ့ပင်တည်း။

နောက်တစ်နေ့တွင်မူ ယဲ့ချန်း တက္ကစီဆက်မောင်းနေခဲ့သည်။

ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာခဲ့သည်။

ဖုန်းနံပါတ်ကို ကြည့်လိုက်သောအခါ လီယန်ယန်ဖြစ်နေချေသည်။

"ယန်ယန်.. ဘာကိစ္စရှိလို့လဲ"

"ယဲ့ချန်း.. အခု အားလားဟင်။ ကျွန်မကို လာကယ်ပါဦး"

ထိုစကားကိုကြားသော် ယဲ့ချန်း ခဏမျှကြောင်အသွားသည်။

"ဘာဖြစ်လို့လဲ"

လီယန်ယန်၏ စိုးရိမ်တကြီးလေသံကို ကြားလိုက်ရချိန်ဝယ် ကိစ္စက မရိုးရှင်းလှကြောင်း ယဲ့ချန်း သိလိုက်သည်။

တစ်ဖက်က ဆူညံနေသောအသံများကိုလည်း ယဲ့ချန်း ကြားနေရပြီး မိန်းကလေးတစ်ယောက်၏ ငိုသံကိုပါ ကြားနေရသလိုပင်။

လီယန်ယန် အမှန်တကယ် အန္တရာယ်ကြုံနေရဟန်ပင်။

ယဲ့ချန်းလည်း မျက်လုံးမှေးကျဉ်းပြီး အလောတကြီးမေးလိုက်သည်။

"မင်း အခုဘယ်မှာလဲ"

"လိပ်စာ ပို့လိုက်မယ်။ မြန်မြန်လာခဲ့ပေးပါ"

လီယန်ယန်၏အသံက ငိုတော့မတတ်ပင်။

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"ကိုယ် အခုချက်ချင်း လာခဲ့မယ်"

လီယန်ယန်ပို့လိုက်သည့် လိပ်စာမှာ မိုတုမြို့ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်ခု ဖြစ်နေချေသည်။

ယဲ့ချန်း လီဗာနင်းလိုက်သောအခါ ကျီလိကားလေးက စံအိမ်တော်ကြီးဆီသို့ မောင်းထွက်သွားလေသည်။

အဝေးပြေးလမ်းမပေါ်တွင် ဖယ်ရာရီပြိုင်ကားတစ်စီးက တစ်နာရီလျှင် မိုင်တစ်ရာ့ရှစ်ဆယ်နှုန်းဖြင့် မောင်းနှင်နေသည်။

ကားထဲရှိ အမျိုးသားက ဂုဏ်ယူဝင့်ကြွားနေဟန်ပင်။

"ငါ့ပြိုင်ကားကို မြို့ထဲက ပရော်ဖက်ရှင်နယ် ပြိုင်ကားတွေကလွဲရင် ဘယ်ကားမှ ယှဉ်နိုင်မှာမဟုတ်ဘူး"

သို့သော် ထိုအချိန်မှာပင် ကားတစ်စီး၏အရိပ်က ရုတ်ခြည်းဖြတ်ပြေးသွားသည်။

ထိုလူ့ခမျာ ကြွား၍မဆုံးသေးခင်မှာပင် ကျီလိကားတစ်စီးက သူ့ကို ဝှီးခနဲကျော်တက်သွားကြောင်း မြင်လိုက်ရ၏။

ကားထဲရှိ မိန်းကလေးကလည်း ကျီလိကားကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ကျီလိကားတစ်စီးက ရှင့်ကို ကျော်တက်သွားသလိုပဲနော်"

ထိုအမျိုးသား : "..."

ကြွားလုံးထုတ်ပြီးသည်နှင့် ချက်ချင်းဆိုသလို အမှန်တရားက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

ယနေ့ခေတ် ပြည်တွင်းဖြစ်ကားများက ဤမျှအထိ မြန်နေလေပြီလား။

ယဲ့ချန်းမှာမူ စတီယာရင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာထားကမူ အလွန်တင်းမာနေချေသည်။

လီယန်ယန်သာ တစ်ခုခုဖြစ်သွားမည်ဆိုလျှင် ယဲ့ချန်းက သူတို့ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမည်ဖြစ်၏။

ကံကောင်းသည်မှာ မိုးလ်စံအိ​မ်တော်က မိုတုမြို့နှင့် သိပ်မဝေးလှချေ။ ပုံမှန်ဆိုလျှင် တစ်နာရီခန့် မောင်းရသော်ငြား ယဲ့ချန်းကတော့ မိနစ်နှစ်ဆယ်နှင့်ရောက်အောင် မောင်းလာခဲ့သည်။

ထိုအချိန်တွင် စံအိမ်တော်ထဲဝယ် လီယန်ယန်နှင့် အခြားမိန်းကလေးတစ်ယောက်မှာမူ မျက်နှာပျက်နေကြသည်။

အထူးသဖြင့် လီယန်ယန်ခမျာ တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။

သူ(မ)၏ဘေးနားရှိ အရပ်ခပ်ရှည်ရှည်မိန်းကလေး၏ မျက်နှာထက်တွင်လည်း အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

"ငါ အစကတည်းက ပြန်ချင်တာ။ ဒါပေမယ့် သူတို့က ပြန်ခွင့်မပေးဘူး။ ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"ရဲခေါ်လိုက်ရမလား"

ထိုမိန်းကလေးက ဆို၏။

သို့သော် ထိုမိန်းကလေး ဖုန်းကောက်ကိုင်လိုက်သည်နှင့် အမျိုးသားတစ်ယောက်က ရောက်ချလာပြီး လုယူသွားသည်။

"ငါတို့ရဲ့ ရိုက်ကူးရေးလျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့အတွက် ရိုက်ကူးရေးမပြီးမချင်း ဖုန်းတွေကို ဆက်သိမ်းထားရလိမ့်မယ်"

လီယန်ယန်၏ ဖုန်းကိုလည်း သူတို့က သိမ်းသွားခဲ့ချေပြီ။

ယခုမူ လီယန်ယန်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယဲ့ချန်းပင်တည်း။

အတွင်းဘက်က ထွက်ပေါ်လာသော စိတ်မချမ်းမြေ့ဖွယ် အသံများကို နားထောင်ရင်း လီယန်ယန်၏ရင်ထဲ နောင်တရနေမိသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က လီယန်ယန်သည် အွန်လိုင်းပေါ်တွင် မော်ဒယ်အင်တာဗျူးခေါ်သည့် ကြော်ငြာကို တွေ့မိသဖြင့် အလုပ်လာလျှောက်ခြင်းဖြစ်၏။

ယဲ့ချန်းက ကားကိုရောင်းပေးသဖြင့် ပိုက်ဆံအမြောက်အများ ရထားသော်ငြား လီယန်ယန်ကတော့ ထိုပိုက်ဆံများမှာ သူ(မ)၏ပိုက်ဆံ မဟုတ်ဘူးဟု အမြဲခံစားခဲ့ရသည်။

ထိုကြောင့် သူ(မ)အနေနှင့် အိမ်ကို ကူညီနိုင်ရန်အတွက် ပိုက်ဆံပိုရှာချင်ဆဲသာ။

အစကတော့ အချိန်ပိုင်းအလုပ်တစ်ခုသာ လုပ်မည်ဟု ရည်ရွယ်ထားခဲ့သော်ငြား ရောက်လာမှသာ ထောင်ချောက်ထဲသို့ ဝင်လာမိပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဤသည်မှာ စတူဒီယိုတစ်ခု မဟုတ်ပါချေ။ လူမိုက်ရုပ်ရည်ရှိသူများနှင့် ဓာတ်ပုံဆရာတချို့ ပြည့်နေသော သားရဲတွင်းတစ်ခုပင်။

အစောကပင် မိန်းကလေးတချို့ကို ဓာတ်ပုံစတူဒီယိုထဲသို့ ဆွဲခေါ်သွားပြီးနောက် သိပ်မကြာခင်မှာပင် အထဲက ငိုသံများနှင့် ရုန်းကန်သံများ ထွက်ပေါ်လာသည်။

ထိုအချိန်မှသာ လီယန်ယန်နှင့် သူ(မ)၏သူငယ်ချင်းလည်း သူတို့ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် သူတို့၏ဖုန်းများလည်း အသိမ်းခံလိုက်ရသလို တံခါးဝတွင်လည်း လူသန်ကြီးတချို့က စောင့်ကြပ်နေကြသဖြင့် ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

အစောပိုင်းက မိန်းကလေးတစ်ယောက်မှာ ထွက်ပြေးရန် ကြိုးစားပါသော်ငြား အဖမ်းခံလိုက်ရပြီးနောက် ရိုက်နှက်ခံခဲ့ရသည်။

ယခုမူ လီယန်ယန်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယဲ့ချန်းပင်။

သို့သော် လီယန်ယန်၏ ရင်ထဲတွင် စိုးရိမ်နေမိသည့် အချက်ကား ဤလူတစ်သိုက်က အလွန်ကြမ်းတမ်းကြသည်ဖြစ်ရာ ယဲ့ချန်းအနေနှင့် သူတို့ကို ရင်ဆိုင်နိုင်ပါ့မလားဟုပင်။

ယခုလည်း နောက်ထပ်မိန်းကလေးတစ်ယောက်ကို အခန်းထဲသို့ ခေါ်သွားလေပြီ။ သိပ်မကြာခင် လီယန်ယန်၏အလှည့်ကို ရောက်လာပေတော့မည်။

လီယန်ယန်မှာမူ တိတ်တဆိတ်ဆုတောင်းနေမိတော့သည်။

"ယဲ့ချန်း.. ရှင် ဘယ်မှာလဲ။ ကျေးဇူးပြုပြီး ကျွန်မကို လာကယ်ပါဦး"

အခန်းငယ်လေးထဲမှ နောက်ထပ်မိန်းကလေးတစ်ယောက်၏ စိတ်မချမ်းမြေ့ဖွယ်ရာ ငိုကြွေးသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

ခဏအကြာတွင်မူ ကြမ်းတမ်းခက်ထန်သော လူတစ်ယောက် ထွက်လာလေသည်။

"မင်းအလှည့်ရောက်ပြီ"

ထိုလူ၏မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ပေါ်လာချေသည်။

သူသည် လီယန်ယန်ကို ယုတ်မာရက်စက်လိုဟန် အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤတစ်ခေါက် စုဆောင်းလာသည့် မိန်းကလေးများထဲတွင် လီယန်ယန်က ရုပ်အချောဆုံးပင်။

သူ(မ)သည် ထိပ်တန်းအလှမယ်တစ်ယောက်ဟုပင် တင်စားနိုင်သည်။

ဤသည်ကိုသာ ရိုက်ကူးလိုက်မည်ဆိုလျှင် ရလဒ်ကတော့ သေချာပေါက်...

ပုံမှန်အားဖြင့် သူတို့ ငါးစာမိခဲ့ဖူးသည့် မိန်းကလေးများက သာမန်ရုပ်ရည်လောက်သာ ရှိကြသည်။

လီယန်ယန်နှင့် သူ(မ)၏သူငယ်ချင်းက ရုပ်ရည်ရမှတ်ကိုးဆယ်နှင့်အထက် ရှိ၏။

ဤမျှချောမောလှပသော မိန်းကလေးများနှင့် တွေ့ရခြင်းမှာ ဤလူတစ်သိုက်အတွက် ထီပေါက်လိုက်သလိုပင်။ သို့ဖြစ်လေရာ သူတို့ကို မည်သို့နှယ် အလွတ်ပေးနိုင်မည်နည်း။

ဤလူတစ်သိုက်မှာ သူတို့နှစ်ယောက်၏ အရသာကို မြည်းစမ်းကြည့်ရန် မစောင့်နိုင်တော့ပေ။

လီယန်ယန်၏မျက်နှာထားမှာ အနည်းငယ်ပြောင်းလဲသွားသည်။

"ဆောရီး... ကျွန်မ ဒီနေ့ နေသိပ်မကောင်းလို့ မရိုက်တော့ဘူး"

"ကျွန်မလည်း အတူတူပဲ။ ရာသီလာနေလို့ မရိုက်ချင်တော့ဘူး"

သူတို့နှစ်ယောက်၏ စကားကို ကြားလိုက်ရသောအခါ ထိုလူ့မျက်နှာကား မှုန်ကုပ်သွားလေသည်။

"မရိုက်ချင်ဘူး ဟုတ်လား။ အဲဒါက မင်းတို့ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး။ ဒီနေ့ မင်းတို့ ရိုက်ချင်ချင် မရိုက်ချင်ချင် ရိုက်ရမယ်။ မနာခံဘူးဆိုရင်တော့ အကြမ်းဖက်ရလိမ့်မယ်"

ထိုလူက ထိုသို့ပြောပြီးနောက် လီယန်ယန်ဆီသို့ လက်လှမ်းလိုက်၏။

လီယန်ယန်၏အသားအရောင်လည်း အနည်းငယ် ပြောင်းလဲသွားသည်။

"သွားပြီ။ ဒီနေ့ သူတို့လက်ထဲကလွတ်ဖို့ လမ်းမမြင်တော့ဘူး"

ထိုအချိန်မှာပင် "ဒိုင်း"ခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ချန်းက ဂိုဒေါင်တံခါးကို ကန်ဖွင့်ပြီးနောက် ဝင်လာချေသည်။

လူသန်ကြီးက သူ့အကြံအစည် အထမြောက်တော့မည့်ဆဲဆဲ လူငယ်တစ်ယောက် အတင်းဖောက်ဝင်လာသည်ကို ရုတ်တရက်မြင်လိုက်ရသဖြင့် မျက်နှာထား အနည်းငယ်တင်းမာသွားသည်။

"မင်းက ဘယ်သူလဲ"

ဤသည်မှာ သူတို့၏နယ်မြေပင်။ ယခုလို ရဲရဲတင်းတင်းဝင်လာခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာ။

လူတိုင်း၏အကြည့်က တံခါးဝဆီသို့ ရောက်သွားကြသည်။

အပေါက်ဝတွင် အေးစက်ခက်ထန်သော မျက်နှာထားနှင့် မတ်တတ်ရပ်နေသော လူငယ်တစ်ယောက် ရှိနေချေသည်။

အရပ်ရှည်ပြီး ပိန်သွယ်လေသည်။ အနည်းငယ်ပိန်ပါးသည်ဆိုသော်ငြား သူ့ရုပ်ရည်ကတော့ အလွန်ချောမောခန့်ညားပေသည်။

ထိုလူငယ်လေးကို မြင်လိုက်ရသောအခါ လီယန်ယန်ခမျာ ကယ်တင်ရှင်ကို တွေ့လိုက်ရသလို ဝမ်းသာအားရဖြင့် လှမ်းခေါ်လိုက်၏။

"ယဲ့ချန်း"

•••••••••••••••••

အပိုင်း ၄၉၇ - အညံ့ခံစမ်း

ယဲ့ချန်း အချိန်မီ ရောက်လာနိုင်မည်မဟုတ်ဟု လီယန်ယန် ထင်ထားခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် ယဲ့ချန်းက အလွန်လျင်မြန်စွာ ရောက်ချလာခဲ့သည်။

ထိုလူများ အငိုက်မိသွားသည့် အချိန်ကို အခွင့်ကောင်းယူ၍ လီယန်ယန်လည်း သူ(မ)၏သူငယ်ချင်းကို ဆွဲခေါ်ပြီး ယဲ့ချန်း၏အနောက်သို့ ပြေးသွားလိုက်သည်။

ဘာကြောင့်မှန်းမသိသော်လည်း ယဲ့ချန်းကို မြင်လိုက်ရချိန်တွင် လီယန်ယန် အတိုင်းမသိ စိတ်အေးသွားသည်။

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ဆို၏။

"ယန်ယန်.. ကိုယ်ရောက်လာပြီ။ ဘယ်သူမှ မင်းကို အန္တရာယ်မပေးနိုင်စေရဘူး"

လီယန်ယန်က ခေါင်းညိတ်ပြလိုက်သည်။ သူ(မ)​၏မျက်နှာလှလှလေးမှာ အနည်းငယ် ရဲတက်သွားလေသည်။

မိန်းကလေးဆိုသည်မှာ အန္တရာယ်ကြုံချိန်တွင် သူရဲကောင်းမင်းသားလေး ပေါ်ပေါက်လာပြီး ကယ်တင်ပေးလိမ့်မည်ဟု အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။

ယဲ့ချန်းက သူ(မ)၏ သူရဲကောင်းမင်းသားလေးပင်။

ဘေးနားရှိ လီယန်ယန်၏ သူငယ်ချင်းကလည်း ယဲ့ချန်းကို မြင်သောအခါ အံ့ဩမှင်တက်သွားသည်။

ချောမောလှပသော ဤကောင်လေးက အလွန်ကြည့်ကောင်းလှသည်။

ယဲ့ချန်း၏ ဆွဲဆောင်မှုမှာ အခြားလူချောလေးများထက် အဆပေါင်းများစွာ သာလွန်ပေသည်။

သို့သော် ယဲ့ချန်းရှိနေသည့်တိုင် သူတို့နှစ်ယောက်စလုံး၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်းက တစ်ယောက်တည်း ရောက်လာခြင်းဖြစ်ပြီး ဤဂိုဒေါင်ထဲတွင် တုတ်ခိုင်သန်မာသောလူမိုက် ခုနစ်ယောက်ရှစ်ယောက်ခန့်နှင့် ဓာတ်ပုံဆရာတစ်ယောက်ပါ ရှိနေချေသည်။ ယဲ့ချန်းတစ်ယောက်တည်းနှင့် သူတို့အားလုံးကို ရင်ဆိုင်နိုင်မည်လော။

ဗလတောင့်တင်းသော အမျိုးသားက ယဲ့ချန်းကို အေးစက်စက် စိုက်ကြည့်လိုက်၏။

"ကောင်လေး.. ငါဆိုတဲ့ ချန်းဝူရဲ့ပိုင်နက်ကိုတောင် ကျူးကျော်ရဲတယ်ဆိုတော့ မင်း သေချင်နေတာပဲ"

ထိုစဉ် ဗလခပ်တောင့်တောင့် အမျိုးသား၏ ဘေးနားရှိ မိန်းမတစ်ယောက်က မျက်ဝန်းအစုံ အရောင်လက်သွားပြီး ရယ်မောလိုက်သည်။

"အစ်ကိုဝူ... ဒီကောင်လေးက ရုပ်သန့်တယ်နော်။ သူ့ကို ကျွန်မနဲ့အတူ ဇာတ်ကားရိုက်ခိုင်းရင် သေချာပေါက် အရောင်းသွက်မှာ"

ထိုမိန်းမ၏စကားကို ကြားသောအခါ ဗလခပ်တောင့်တောင့်အမျိုးသား၏ မျက်နှာပေါ်တွင် ကျေနပ်သွားလေဟန် အရိပ်အယောင်တစ်ခု ပေါ်လာပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ ပြောလိုက်၏။

"အင်း.. မင်းအကြံက အရမ်းကောင်းတယ်"

ယဲ့ချန်းမှာ ဂိုဒေါင်ထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် ဤလူတစ်သိုက် ဘာလုပ်နေကြသလဲဆိုသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

အထဲသို့မဝင်ခင် လီယန်ယန်က သူ့ကို ဖုန်းဆက်၍သာ တော်တော့သည်။ သို့မဟုတ်ပါက အကျိုးဆက်များမှာ တွေးကြည့်ဝံ့စရာပင် မရှိပေ။

ယဲ့ချန်း၏ အမူအရာကား အေးစက်သွားသည်။

"မင်းတို့ဘာသာမင်းတို့ အဖမ်းခံမလား။ ဒါမှမဟုတ် ငါ မင်းတို့ကိုရိုက်နှက်ပြီး ရဲလာဖမ်းတဲ့အထိ စောင့်နေပေးရမလား"

ဤလူများမှာ လူမှုအသိုင်းအဝိုင်း၏ ဆန်ကုန်မြေလေးများ ဖြစ်ကြလေရာ ယဲ့ချန်းအနေနှင့် ဤကဲ့သို့သောလူစားမျိုးကို ညှာတာနေမည် မဟုတ်ပေ။

ယဲ့ချန်း၏စကားကို ကြားသောအခါ ဗလခပ်တောင့်တောင့်အမျိုးသားက ရုတ်တရက် ရယ်မောလိုက်သည်။

အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည့် ပိန်သွယ်သွယ်ခန္ဓာကိုယ်ပိုင်ရှင်လူငယ်က စကားပြောရာတွင်မူ အလွန်မောက်မာလှသည်။

ထို့နောက် ဗလခပ်တောင့်တောင့် အမျိုးသားက လှောင်ပြုံးပြုံးလိုက်၏။

"မင်းရဲ့ဦးနှောက်ထဲ ရေဝင်နေတာလား။ ငါတို့ကို အဖမ်းခံခိုင်းပြီး ဆုံးမမယ်လို့ ခြိမ်းခြောက်နေရအောင် မင်းက မင်းကိုယ်မင်း သိုင်းမင်းသားများ ထင်နေလား"

အခြားလူများ၏ မျက်နှာထက်တွင်လည်း လှောင်ပြောင်လေဟန် အမူအရာများ ရှိနေကြသည်။

သူတို့အားလုံးက ရိုက်နှက်ရမ်းကားနေကျ သမ္ဘာရင့်လူမိုက်များဖြစ်ကြလေရာ သူတို့အတွက်တော့ တစ်ကိုယ်တည်းရောက်လာသော ယဲ့ချန်းမှာ စဉ့်တီတုံးပေါ်က ငါးတစ်ကောင်နှယ်။

ယဲ့ချန်း၏မျက်နှာထက်တွင် အေးစက်စက်အမူအရာတစ်ခု ပေါ်လာလေသည်။

"ရယ်လို့ဝပြီလား"

ဗလခပ်တောင့်တောင့်အမျိုးသားက ဟားတိုက်ရယ်မောလိုက်သည်။

"ကောင်လေး... မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ အစ်မယွီနဲ့အတူ ဇာတ်ကားကောင်းကောင်းရိုက်ပေးမယ်ဆိုရင် ငါ မင်းကို ချမ်းသာပေးမယ်"

အစ်မယွီမှာ ဝဝတုတ်တုတ်နှင့် ဆွဲဆောင်မှုမရှိလှပေ။

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ယဲ့ချန်းခမျာ အန်ချင်စိတ်ပေါက်သွားသည်။

"လာပါ ကောင်လေးရယ်... အစ်မက မင်းကို ကောင်းကောင်းပြုစုပေးမှာပါ"

ယဲ့ချန်း၏ မျက်နှာထားမှာ အေးစက်သွားပြီး ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ဗလခပ်တောင့်တောင့်အမျိုးသား၏ အရှေ့သို့ ရောက်သွားချေသည်။

ထိုလူကလည်း ယဲ့ချန်း ဤမျှမြန်ဆန်လိမ့်မည်ဟု ထင်မှတ်မထားသဖြင့် မျက်နှာပျက်သွားသည်။

သို့သော် သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ယဲ့ချန်းက လှုပ်ရှားလိုက်ချေပြီ။

ဘုန်း!

ယဲ့ချန်းသည် ထိုလူ၏ဗိုက်ကို တည့်တည့်မတ်မတ် ကန်ချလိုက်၏။

ထိုလူ၏ ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျကာ သွေးအန်ရင်း ဝက်တစ်ကောင် အသတ်ခံရသည့်အလား အော်ဟစ်နေတော့သည်။

ယဲ့ချန်း၏မျက်နှာထက်တွင် ရက်စက်လေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

"မင်းတို့ဘာသာမင်းတို့ မရွေးချယ်မှတော့ မင်းတို့ကိုယ်စား ငါပဲ ရွေးပေးလိုက်မယ်"

ထိုအချိန်တွင် ဆံပင်ရွှေရောင်နှင့် လူမိုက်တစ်ယောက်က ယဲ့ချန်း၏အနောက်မှ ပြေးဝင်လာပြီး ဖမ်းချုပ်ရန် ကြိုးစားလေသည်။

သို့သော် ယဲ့ချန်းက နောက်စေ့တွင် မျက်လုံးပါနေသည့်အလား တစ်ဖက်လူ၏ မျက်နှာကို ထိုးချလိုက်သည်။

ထိုလူလည်း လက်သီးတစ်ချက်တည်းနှင့် လွင့်ထွက်သွားပြီး မြေပြင်နှင့် အပြင်းအထန်ဝင်ဆောင့်ကာ ချက်ချင်းသတိလစ်သွားလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူမိုက်နှစ်ယောက် ယဲ့ချန်း၏လက်ချက်ဖြင့် လဲကျသွားခဲ့လေပြီ။

ယဲ့ချန်း၏မျက်နှာမှာ ရေခဲတမျှ အေးစက်နေဆဲပင်။

"မင်းတို့ထဲက ဘယ်သူ ခုခံချင်သေးလဲ"

ထိုအခိုက်တွင် အစ်မယွီလည်း အနည်းငယ်မျက်နှာပျက်ယွင်းသွားသည်။

"ဒီကောင်က ကြမ်းသားပဲ။ အားလုံး ဝိုင်းချကြစမ်း။ မျက်နှာကိုတော့ မရိုက်ကြနဲ့။ ဒီလူချောလေးက ငါ့အပိုင်နော်"

အစ်မယွီသည် ဤမျှချောမောခန့်ညားသော ယောက်ျားတစ်ယောက်ကို မတွေ့ရသည်မှာ ကြာလှချေပြီ။ ထို့ကြောင့် ယဲ့ချန်းကို လွှတ်ပေးရန် စိတ်ကူးလုံးဝမရှိပေ။

ထိုအခိုက်ဝယ် လူမိုက်များက သံပိုက်လုံးများကို ဆွဲထုတ်ပြီး ယဲ့ချန်းဆီသို့ ပြေးဝင်လာကြသည်။

ယဲ့ချန်း၏အကြည့်များကား အေးစက်သွားသည်။

"မိုက်မဲတဲ့ ငတုံးတွေ"

ထို့နောက် သူ့ခန္ဓာကိုယ်က အရှေ့သို့ ပြေးတက်လာပြန်သည်။

လူမိုက်တစ်ယောက်က ယဲ့ချန်း၏ခေါင်းကို သံတုတ်ဖြင့် ရိုက်ချလိုက်၏။

သို့သော် ထိုသံတုတ်မှာ လေထဲသို့ ရောက်ချိန်မှာပင် ရပ်တန့်သွားသည်။

ယဲ့ချန်းက ထိုသံတုတ်ကို လှမ်းဖမ်းလိုက်ပြီး လက်ကောက်ဝတ်ကို တစ်ချက်လိမ်လိုက်သည်နှင့် ထိုသံတုတ်လည်း သူ့လက်ထဲသို့ ရောက်လာသည်။

ခွပ်!

ယဲ့ချန်းက ထိုသံတုတ်ဖြင့် လူမိုက်၏ ခြေသလုံးကို တည့်တည့်မတ်မတ် ရိုက်ချလိုက်သည်။

ထိုလူမိုက်ခမျာ မတ်တတ်မရပ်နိုင်တော့ဘဲ ဒူးထောက်လျက်သား လဲကျသွားချေသည်။

ရေခဲတမျှ အေးစက်နေသော ယဲ့ချန်း၏အသံက ဂိုဒေါင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

"ငါ့အပိုင်အမျိုးသမီးကိုတောင် ထိရဲတယ်ဆိုတော့ ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်ရက် ပြန်ထွက်သွားရမယ်လို့ မထင်နဲ့"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူမိုက်များ မျက်နှာပျက်သွားကြသည်။

ဒိုင်း.. ဒိုင်း.. ခွပ်!

ဂိုဒေါင်ထဲတွင် အော်ဟစ်ညည်းတွားသံများဖြင့် ပြည့်နှက်သွားပြီး တစ်မိနစ်အတွင်းမှာပင် အစ်မယွီကလွဲ၍ လူမိုက်များအားလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

ယဲ့ချန်းလည်း သွေးစွန်းနေသော သံတုတ်ကို ကိုင်၍ အစ်မယွီရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

သူ(မ)၏ လက်ပါးစေများအားလုံး ယဲ့ချန်းထံတွင် ရိုက်နှက်ခံရပြီး လဲကျနေသည်ကို မြင်သောအခါ အစ်မယွီ၏မျက်နှာမှာ ဖြူရော်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

"မင်းက ဘယ်သူလဲ"

ယဲ့ချန်းကမူ လှောင်ပြုံးပြုံးလိုက်၏။

"ငါဘယ်သူလဲဆိုတာ မင်း သိခွင့်မရှိဘူး"

အစ်မယွီက မြူဆွယ်ဖြားယောင်းလေဟန်လေသံဖြင့် ယဲ့ချန်းကို တောင်းပန်လိုက်သည်။

"ကောင်လေး.. အစ်မလည်း သူတို့အတင်းခိုင်းလို့ လုပ်ရတာပါ။ အစ်မကို လွှတ်ပေးပါနော်"

ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ အစ်မယွီမှာ နောက်ကွယ်က ကြိုးကိုင်သူဖြစ်ကြောင်း သူ အစကတည်းက သိထားပြီးဖြစ်၏။

"အဲဒီစကားတွေ ရဲတွေရှေ့ကိုရောက်မှပဲ ပြောလိုက်တော့"

ထိုအချိန်တွင် အင်တာဗျူးလာဖြေသည့် အခြားမိန်းကလေးများကလည်း ကယ်တင်ရှင်ကို မြင်လိုက်ရသည့်အလား ပြေးထွက်လာကြသည်။

သူတို့၏ အဝတ်အစားများမှာ ကပိုကရိုဖြစ်နေပြီး ဆံပင်များလည်း ဖရိုဖရဲဖြစ်နေကာ မပြောဝံ့စရာကိစ္စများကို ကြုံတွေ့ခဲ့ရကြောင်း သိသာထင်ရှားလှသည်။

ယဲ့ချန်းလည်း ဓာတ်ပုံများကို ကောက်ယူကြည့်လိုက်သည်။ ရှက်ဖွယ်လိလိ ဓာတ်ပုံများကို မြင်လိုက်ရသဖြင့် ပို၍ပင် ဒေါသထွက်သွားရသည်။

"ကောင်လေး.. ငါ့ကို လွှတ်ပေးပါ။ မင်းကို ပိုက်ဆံပေးပါ့မယ်"

ယဲ့ချန်းကမူ အစ်မယွီနားသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။

အစ်မယွီလည်း ဝမ်းသာသွားပြီး သူ(မ)၏အိတ်ထဲမှ ငွေစက္ကူတစ်ထပ်ကို ဆွဲထုတ်လိုက်သည်။

"ဒီမှာ ယွမ်တစ်သောင်း။ ငါ့ကိုသာ လွှတ်ပေးပါ..."

သို့သော် သူ(မ) စကားမဆုံးလိုက်ခင်မှာပင် ယဲ့ချန်းက သူ(မ)၏ပါးကို ရိုက်ချလိုက်သည်။

ဖြန်း!

အစ်မယွီခမျာ ယဲ့ချန်း၏ရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ ဖရိုဖရဲလဲကျသွားသည်။

ယဲ့ချန်းက ထိုမိန်းကလေးများကို လက်ညှိုးထိုးပြရင်း အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"တိရစ္ဆာန်မ... မင်းကိုယ်တိုင်လည်း မိန်းမတစ်ယောက်ဖြစ်နေပါရက်နဲ့ မိန်းကလေးတွေကို ဒီလိုကိစ္စတွေလုပ်ဖို့ အတင်းအကျပ် ဖိအားပေးရက်တယ်ပေါ့လေ"

သူ အချိန်မီရောက်လာခဲ့၍သာ တော်တော့သည်။ မဟုတ်ပါက လီယန်ယန်လည်း ကံဆိုးလှရှာသော ဤမိန်းကလေးများထဲက တစ်ယောက် ဖြစ်သွားနိုင်ချေရှိသည်။

ယဲ့ချန်းလည်း ချက်ချင်းဖုန်းထုတ်ကာ ရဲစခန်းသို့ ဆက်လိုက်သည်။

ကျိုးစုစုက ရဲတပ်ဖွဲ့ကို ဂိုဒေါင်သို့ ခေါ်လာခဲ့ပြီး မိန်းကလေးများ၏ ဓာတ်ပုံပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။

လူမိုက်များအားလုံးလည်း အဖမ်းခံလိုက်ရပြီး ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတော့မည်ဖြစ်၏။

ယဲ့ချန်းလည်း လီယန်ယန်နှင့်အတူ ဂိုဒေါင်ထဲက ထွက်လာခဲ့သည်။

လီယန်ယန်ခမျာ သက်ပြင်းမောချလိုက်သော်လည်း အနည်းငယ် ကြောက်လန့်နေဆဲပင်။

ယဲ့ချန်း အချိန်မီရောက်လာ၍သာ တော်တော့သည်။ မဟုတ်လျှင် သူတို့တော့ ဘဝပျက်ချေပြီ။

"ကျေးဇူးတင်ပါတယ် အစ်ကို... အစ်ကိုက ယန်ယန်ရဲ့ချစ်သူလား"

မိန်းကလေးတစ်ယောက်က တီးတိုးမေးလိုက်သည်။

လီယန်ယန်ခမျာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ဘေးနားက ဝင်ပြောလာလေသည်။

"မဟုတ်ပါဘူး.. အဲဒီလိုကောလာဟလတွေကို မယုံပါနဲ့"

"ဟားဟား.. ငါ့ကို လျှို့ဝှက်ထားတုန်းပဲလား။ ယန်ယန်.. နင်က သိပ်ကံကောင်းတာပဲ။ နင့်ကောင်လေးက ရုပ်ချောပြီး ချမ်းသာရုံတင်မကဘူး။ လူတွေကိုလည်း စိတ်လုံခြုံသလို ခံစားရစေတယ်။ သူသာ နင့်ကောင်လေး မဟုတ်ဘူးဆိုရင် ငါ သူ့ကို လိုက်တော့မှာနော်"

"လုပ်ရဲရင် လုပ်ကြည့်လေ"

လီယန်ယန်က သူ(မ)၏ပိုင်ဆိုင်မှုကို ကာကွယ်နေသည့် ကြောင်ပေါက်လေးတစ်ကောင်အလား ယဲ့ချန်း၏အရှေ့က ကာရပ်လိုက်သည်။

လီယန်ယန်ကို ကြည့်ရင်း ထိုမိန်းကလေးက ရယ်မောလိုက်၏။

"အခုတော့ ပေါ်ပြီနော်"

ထိုမိန်းကလေးက ယဲ့ချန်းဆီသို့ ယုံကြည်မှုရှိရှိဖြင့် ချဉ်းကပ်လာပြီး ပြုံးလိုက်သည်။

"မင်္ဂလာပါရှင်.. ကျွန်မတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မနာမည်က ဝူသုန်းသုန်းပါ။ ယန်ယန်ရဲ့ အခန်းဖော်ပေါ့။ ဒီနေ့ကိစ္စတွေက ကျွန်မအမှားလည်း ပါပါတယ်။ ကျွန်မသာ သူ့ကို ဒီကိုလာဖို့ မတိုက်တွန်းခဲ့ဘူးဆိုရင် အခုလိုတွေဖြစ်လာမှာ မဟုတ်ဘူး"

ယဲ့ချန်းမှာမူ ဤမိန်းကလေးကို မြင်ဖူးသလို ခံစားနေရသည်။ ယခင်ဘဝတုန်းက ယင်းပေါင်ကို သွားသတိရမိသည်။

•••••••••••••••••

အပိုင်း ၄၉၈ : အလှလေးနှင့် အရက်ပြိုင်သောက်ခြင်း

ထိုအခိုက်ဝယ် ကျိုးစုစု အနားသို့ လျှောက်လာလေသည်။

"ယဲ့ချန်း.. ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ဒီအမှုကို လိုက်နေတာ တော်တော်ကြာပြီ။ ဒါပေမဲ့ ဒီကောင်တွေကို မဖမ်းနိုင်ခဲ့ဘူး။ ရှင့်ဆီက အကူအညီတွေအများကြီး ရလိုက်တာပါ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"ဒါက ကိုယ်လုပ်ပေးနိုင်တဲ့ အသေးအမွှားကိစ္စလေးပါ။ ပြည်သူတွေအတွက် အန္တရာယ်ကင်းအောင် ရှင်းလင်းပေးရတာပေါ့"

"ရှင် ကျွန်မကိုကူညီခဲ့တာ အကြိမ်ပေါင်းမနည်းတော့ဘူး။ ဒီညတော့ ရှင့်ကို သေချာပေါက် ညစာ​ဝယ်ကျွေးရမယ်"

ယဲ့ချန်းကလည်း ထိုစကားကို ကြားသော် ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ"

ကျိုးစုစုက အမြဲအလုပ်များနေသောကြောင့် သူတို့နှစ်ယောက် မကြာခဏ အဆက်အသွယ်မလုပ်ဖြစ်ကြပေ။

သို့သော် မကြာသေးမီက ယဲ့ချန်းသည် ကျိုးစုစုအား အမှုပေါင်းများစွာ ဖြေရှင်းရာတွင် ကူညီပေးခဲ့သည်။

ဤအမှုမှာ မြို့တော်ရဲစခန်းရှိ ခေါင်းဆောင်များအတွက် အလွန်အရေးကြီးသော အမှုတစ်ခုပင်။

ကျိုးစုစုအနေနှင့် ကြီးမားလှသော စွမ်းဆောင်မှုတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်လေရာ ယဲ့ချန်းကို ကျေးဇူးတင်ရမည်မှာ သဘာဝပင်။

ယဲ့ချန်းလည်း လီယန်ယန်နှင့် ဝူသုန်းသုန်းတို့ကို ကျောင်းသို့ ကားမောင်း၍ ပြန်ပို့ပေးခဲ့သည်။

လီယန်ယန်က ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်တစ်ခု ချက်ချင်းပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွက် ဝမ်ပေါ်ပြတိုက်ရဲ့ရှယ်ယာ ၅၈ရာခိုင်နှုန်းကို ရရှိပါတယ်]

ပြတိုက်ရှယ်ယာတွေလား။

ယဲ့ချန်း ခဏမျှမှင်တက်သွားသည်။

ဝမ်ပေါ်ပြတိုက်အကြောင်း သူ ကြားဖူးသည်။ ရှေးဟောင်းပစ္စည်းမြောက်မြားစွာကို သိမ်းဆည်းပြသထားသည်ဟု နာမည်ကြီးပြီး အလွန်ခမ်းနားကြီးကျယ်ပုံရသည်။

ယဲ့ချန်းလည်း အခြားကိစ္စတချို့ကို ဆက်လုပ်ပြီးနောက် ကျိုးစုစုနှင့် ချိန်းထားသည့်အချိန် ရောက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ကျိုးစုစုနှင့် ယဲ့ချန်းတို့ တွေ့ဆုံမည့်နေရာမှာ အကင်ဆိုင်တစ်ဆိုင်ပင်။

အခြားမိန်းကလေးများနှင့်မတူပါဘဲ ကျိုးစုစုမှာ အမျိုးသားရဲအရာရှိများနှင့် မကြာခဏ သွားလာနေကျဖြစ်သောကြောင့် သူ(မ)၏ စရိုက်မှာ အလွန်ပွင့်လင်းရိုးသားလှသည်။

ကျိုးစုစုသည် ရောက်ရောက်ချင်းပင် ဘီယာတစ်ကတ်ကို မှာလိုက်သည်။

ယဲ့ချန်းကမူ ဘီယာများကို ကြည့်၍ ပြောလိုက်သည်။

"မင်း တကယ်သောက်နိုင်တာပဲနော်"

ကျိုးစုစုလည်း ခပ်ဖွဖွပြုံးလိုက်သည်။

"သေချာတာပေါ့။ ဘာလဲ ကြောက်သွားပြီလား"

ယဲ့ချန်းကမူ ပြုံးစစဖြင့် ပြောလိုက်သည်။

"ကြောက်ရမယ် ဟုတ်လား။ ဘယ်ကလာ"

ကျိုးစုစုသည် ဖန်ခွက်ကိုပင် ဂရုမစိုက်တော့ဘဲ ဘီယာနှစ်ပုလင်းကိုဖောက်ပြီး ပုလင်းလိုက် မော့သောက်လိုက်သည်။

သူ(မ)ထံတွင် ယဲ့ချန်းနှင့်ပတ်သက်၍ မေးစရာမေးခွန်းများစွာ ရှိနေချေသည်။

အရေးအကြီးဆုံးမှာ သူ(မ)သည် ယဲ့ချန်း၏ နောက်ခံအကြောင်း ဘာအချက်အလက်ကိုမှ စုံစမ်း၍မရခဲ့ပေ။

ထို့ကြောင့် ယနေ့ ယဲ့ချန်းကို မူးအောင်တိုက်ပြီး သူ့အကြောင်း ပိုသိနိုင်ရန် သတင်းနှိုက်ချင်နေခြင်းသာ။

ကျိုးစုစု၏ အရက်ခံနိုင်ရည်မှာ အံ့မခန်းဖွယ်ကောင်းလှသည်။ ရဲတပ်ဖွဲ့ထဲမှာပင် သူ(မ)ကိုယှဉ်နိုင်သည့် အမျိုးသားအရာရှိ အနည်းငယ်သာ ရှိသည်။

တစ်ပုလင်း ကုန်သွားသော်လည်း ယဲ့ချန်းမှာ ဘာမှမဖြစ်သေးပေ။

သို့သော် ကျိုးစုစုကလည်း မလောပါချေ။ သူ့ကို မူးအောင် မတိုက်နိုင်ဘူးဆိုသည်ကို သူ(မ) မယုံကြည်နိုင်ချေ။

နှစ်ပုလင်း ကုန်ပြီးနောက်တွင်မူ ယဲ့ချန်း၏မျက်နှာမှာ အနည်းငယ်နီလာလေဟန်ပင်။

မျှော်လင့်ချက် ရှိလာဟန်တူသည်။

အချိန်တိုအတွင်းမှာပင် သူတို့နှစ်ယောက် ဘီယာတစ်ကတ်လုံးကို အပြတ်ရှင်းလိုက်ကြသည်။

ကျိုးစုစုခမျာ အနည်းငယ် ခေါင်းမူးလာသော်ငြား ယဲ့ချန်းမှာမူ မျက်နှာအနည်းငယ် နီရုံကလွဲ၍ ယခင်ကနှင့် ဘာမှကွာခြားသွားဟန်မတူပေ။

ဒါ ဘယ်လိုဖြစ်ရတာလဲ။

ယဲ့ချန်းက ပြုံးလိုက်၏။

"ကဲ.. တစ်ကတ်လုံးလည်း ကုန်သွားပြီ။ ဒီလောက်ဆိုရင် လုံလောက်ပြီမလား"

ကျိုးစုစုက ခေါင်းခါပြလိုက်၏။

"ဘယ်ရမလဲ.. ဆက်သောက်မှာပေါ့"

သူ(မ)က ဆိုင်ရှင်ကို ဘီယာထပ်မှာပြီး ဆက်သောက်ရန် တိုက်တွန်းလေသည်။

ကျိုးစုစု အနည်းငယ် မူးနေပြီဖြစ်ကြောင်း ယဲ့ချန်း ရိပ်မိသည်။ သူ(မ)၏လေသံကား အနည်းငယ်လေးလာချေပြီ။

သို့သော် ဤမိန်းကလေးမှာ ခေါင်းမာနေဆဲပင်။

ချစ်စရာကောင်းလောက်အောင် ခေါင်းမာနေသည့် ကျိုးစုစု၏ပုံစံကို ကြည့်ရင်း ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။

ထို့နောက် သူတို့နှစ်ယောက်သား နောက်ထပ်ဘီယာတစ်ပုလင်းစီ ဆက်သောက်လိုက်ကြသည်။

ဤတစ်ပုလင်းကုန်သွားချိန်တွင်မူ ယဲ့ချန်းတစ်ယောက် စားပွဲပေါ်သို့ မှောက်ကျသွားလေတော့သည်။

မတတ်နိုင်ပေ။ ယနေ့ သူ မူးချင်ယောင်မဆောင်ပါက ဤနေရာက ထွက်သွားနိုင်မည်မဟုတ်ကြောင်း ယဲ့ချန်း သဘောပေါက်သွားခဲ့သည်။

အစောကပင် ကျိုးစုစုမှာ ယဲ့ချန်း မမူးမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုလိုမှောက်ကျသွားသည်ကို မြင်သောအခါ ချက်ချင်းကျေနပ်သွားသည်။

"ဟားဟား.. နောက်ဆုံးတော့ ရှင် မူးသွားပြီပဲ။ ဒီဝိုင်နတ်ဘုရားမနဲ့ အရက်ပြိုင်သောက်ချင်သေးတယ်ပေါ့။ ဒါက သက်သက် ကိုယ့်ဒုက္ခကိုယ်ရှာတာ။ ရှင် ကျွန်မကို ယှဉ်နိုင်မယ်လို့ ကျွန်မတော့ မယုံပါဘူး"

သို့သော် ကျိုးစုစုခမျာ ခေါင်းလေးလံလာသလို ခံစားလိုက်ရပြီး တစ်ပြိုင်တည်းမှာပင် စားပွဲပေါ်သို့ သူ(မ)ပါ မှောက်ကျသွားတော့သည်။

ယဲ့ချန်းက မူးချင်ယောင်ဆောင်နေခြင်းသာဖြစ်ပြီး ကျိုးစုစုကမူ တကယ်မူးသွားခဲ့ခြင်းပင်။

ဘာမှမတတ်နိုင်သည့်အဆုံး ယဲ့ချန်းလည်း ကျိုးစုစုကိုပွေ့ချီကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

အိမ်ပြန်ရန်မှာ မဖြစ်နိုင်ပေ။ မရင်းနှီးသော မိန်းကလေးတစ်ယောက်ကို ယဲ့ချန်း ပွေ့ချီလာသည်ကိုသာ လင်းဝမ်ယိုမြင်ပါက မည်သို့တုံ့ပြန်မည်နည်း။

ထို့ကြောင့် ယဲ့ချန်းလည်း ကျိုးစုစုကို ဟိုတယ်တစ်ခုတွင် အရင်သွားပို့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ကျိုးစုစုကို အိပ်ရာပေါ် ချပေးလိုက်ချိန်မှာပင် သူ(မ)က ယဲ့ချန်းကို အနောက်မှ ရုတ်တရက် ပွေ့ဖက်ထားလိုက်သည်။

"မသွားပါနဲ့ဦး။ ဆက်သောက်ရအောင်"

ယဲ့ချန်းခမျာ ဆွံ့အသွားသည်။

"ဒီမိန်းမက မူးလာရင် ယောက်ျားတွေထက်တောင် ကိုင်တွယ်ရခက်သေးတယ်"

ကံကောင်းသည်မှာ ကျိုးစုစုက အိပ်မက်ယောင်ပြီး ပြောနေခြင်းသာ။

ယဲ့ချန်းလည်း သက်ပြင်းချပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် သူ တံခါးဖွင့်လိုက်ချိန်မှာပင် ကျိုးစုစု၏ နာနာကျင်ကျင် ညည်းတွားသံကိုရုတ်တရက် ကြားလိုက်ရသည်။

"နေရတာ သိပ်မကောင်းဘူး။ ရေသောက်ချင်တယ်"

ယဲ့ချန်း : "..."

ကဲပါလေ.. ဒီအထိရောက်မှတော့လည်း အဆုံးထိ ဆက်ကူညီလိုက်ပါတော့မယ်။

ယဲ့ချန်းမှာ နောက်ပြန်လှည့်လာပြီး ရေနွေးတစ်အိုး တည်လိုက်သည်။

ကျိုးစုစုမှာမူ အန်ချင်လာသဖြင့် မတ်တတ်ထရပ်လိုက်သည်။

ယဲ့ချန်း၏အမူအရာလည်း ပြောင်းလဲသွားသည်။

"ဒုက္ခပဲ.. ဒီကောင်မလေး အန်တော့မယ်"

သူ့မှာ ကျိုးစုစုကို ရေချိုးခန်းထဲသို့ အမြန် တွဲခေါ်သွားလိုက်ရသည်။

ကျိုးစုစုမှာမူ ဘိုထိုင်အိမ်သာကို ဖက်ထားရင်း အပြင်းအထန် အန်ချလေတော့သည်။

ယဲ့ချန်းကတော့ ဗီဒီယိုရိုက်ပြီး သူ့လူမှုကွန်ရက်ပေါ်မှာ တင်ပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။

သို့သော် သူသာ ထိုသို့လုပ်ရဲပါက နောက်တစ်နေ့တွင် ဤကောင်မလေးက သေနတ်ဆွဲပြီး သူ့ကိုလာရှာမည်မှာ သေချာလှသည်။

နောက်ဆုံးတော့ ကျိုးစုစု အန်ပြီးသွားလေပြီ။

ယဲ့ချန်းလည်း ကျိုးစုစုကို အိပ်ရာပေါ်သို့ ပြန်တွဲပို့ပေးလိုက်သည်။

ကျိုးစုစု အိပ်ပျော်သွားချိန်တွင် ယဲ့ချန်းလည်း ရေချိုးခန်းထဲရှိ အရှုပ်အထွေးများကို မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် ကြည့်နေမိသည်။

ထို့နောက် ကြမ်းပြင်ပေါ်ရှိ ညစ်ပတ်နေသော နေရာများကို သန့်ရှင်းရေးလုပ်လိုက်သည်။ နောက်နေ့ အန်ဖတ်များ နေရာအနှံ့ပေကျံနေသည်ကို တစ်ယောက်ယောက် တွေ့သွားလျှင် မကောင်းပေ။

အဆုံးတွင်မူ အားလုံးပြီးစီးသွားပြီဖြစ်ရာ ယဲ့ချန်းတစ်ယောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

အချိန်ကို ကြည့်လိုက်သောအခါ မိုးသောက်ချိန်ရောက်နေပြီဖြစ်၏။

ယဲ့ချန်းလည်း ရေတစ်ခွက်ငှဲ့၍ ခုတင်ဘေးတွင် ချပေးထားခဲ့ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ကျိုးစုစုက ရုတ်တရက် လှမ်းပြောလာလေသည်။

"ရေ.. ရေသောက်ချင်တယ်"

သေလိုက်ပါတော့.. ငါ ဒီကောင်မလေးကို အတိတ်ဘဝက အကြွေးတင်ခဲ့တာများလား။

ယဲ့ချန်းခမျာ ရေခွက်ကို ကျိုးစုစုထံသို့ ချက်ချင်း ယူသွားပေးလိုက်သည်။

ကျိုးစုစုမှာ အလွန်နေရခက်နေပုံရသည်။ သူ(မ)၏ခန္ဓာကိုယ်က ယဲ့ချန်းပေါ်သို့ ညွတ်ကျလာသည်။

မိန်းကလေးတစ်ယောက်၏ မွှေးပျံ့သောရနံ့လေးက သူ့ထံသို့ ရိုက်ခတ်လာချိန်ဝယ် ယဲ့ချန်း၏ရင်ထဲတွင် ရုတ်ခြည်းလှိုင်းထန်သွားသလို ခံစားလိုက်ရသည်။

ကျိုးစုစုကို ရေတိုက်ပြီးသောအခါမှသာ ယဲ့ချန်းလည်း သက်ပြင်းချလိုက်မိသည်။

အချိန်က မနက်နှစ်နာရီပင် ကျော်နေပြီဖြစ်ရာ သူ သွားစရာနေရာ မရှိတော့ပေ။

ထားလိုက်ပါတော့.. ဒီညတော့ ဆိုဖာပေါ်မှာပဲ အိပ်လိုက်ပါတော့မယ်

ယဲ့ချန်းမှာ အပြင်ဘက်ရှိ ဆိုဖာဆီကိုသွားပြီး အပေါ်ဝတ်အင်္ကျီကိုချွတ်၍ သူ့ကိုယ်သူခြုံပြီး အိပ်လိုက်လေသည်။

ဘယ်လောက်ကြာသွားမှန်း မသိလိုက်ပေ။ သာယာသော ဖုန်းမြည်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

ယဲ့ချန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ဖုန်းက မြည်နေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။

ဒါဆို ဘယ်သူ့ဖုန်းလဲ။

ယဲ့ချန်း ရုတ်တရက် ကျိုးစုစုကိုသတိရလိုက်သည်။

သူ မျက်လုံးဖွင့်လိုက်ချိန်ဝယ် ကျိုးစုစုက တင်းမာခက်ထန်နေသော မျက်နှာထားဖြင့် သူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရသည်။

"မနေ့ညက..."

ယဲ့ချန်းက နေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ မနေ့ညက ဘာမှမဖြစ်ခဲ့ပါဘူး"

ကျိုးစုစုခမျာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"ဟူး.. ဘာမှမဖြစ်ခဲ့လို့ တော်သေးတာပေါ့။ ဖြစ်သာဖြစ်ခဲ့ရင် ရှင်တော့ သေပြီပဲ"

ယဲ့ချန်း : "အစ်မကြီး.. မနေ့ညက ခင်ဗျား အရက်တွေ အများကြီးသောက်ထားလို့ ကျွန်တော် တစ်ညလုံးပြုစုပေးခဲ့ရတာနော်။ အဲဒါတောင် ဒီလိုဆက်ဆံတယ်ပေါ့လေ"

သူ(မ)​​၏မျက်နှာကား ရဲတက်သွားပြီး ပြန်ဖြေလိုက်သည်။

သူ(မ) အရက်အများကြီးသောက်ထားမိသော်လည်း အသိစိတ်နည်းနည်းတော့ ကျန်နေသေးသည်။

တကယ်တမ်းတွင်လည်း ယဲ့ချန်းက သူ(မ)ကို တစ်ညလုံး ပြုစုပေးခဲ့ခြင်းပင်။

"ဟွန်း.. ကောင်းပြီလေ။ ရှင်က ဆင်ဆင်ခြင်ခြင်နေခဲ့တာဆိုတော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်"

"ဘာ.. မင်းက ကိုယ့်ကို ခွင့်လွှတ်ပေးမယ် ဟုတ်လား"

ယဲ့ချန်း အံ့ဩမှင်တက်သွားရသည်။

ဒီစကားက တစ်ခုခုတော့ မှားနေပြီ။

ကျိုးစုစုက နှာခေါင်းရှုံ့လိုက်၏။

"မနေ့ညက ရှင်လည်း မူးနေတာ အသိသာကြီးကို.. ဒါတောင် ကျွန်မကို ဟိုတယ်အထိ ခေါ်လာနိုင်သေးတယ်ဆိုတော့ ဒါက အဓိပ္ပာယ်တစ်မျိုးပဲ ထွက်တယ်။ ရှင် မူးချင်ယောင်ဆောင်နေခဲ့တာ"

ယဲ့ချန်း : "..."

သူ(မ) ရဲအရာရှိဖြစ်နေသည်မှာ မဆန်းပေ။ ဤကဲ့သို့သော ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမျိုးနှင့်ဆိုလျှင် စင်စစ်တော်ပေသည်။

သူတို့နှစ်ယောက် ဟိုတယ်မှ လမ်းခွဲခဲ့ကြပြီးနောက် ကျိုးစုစုက ရဲစခန်းသို့ ထွက်သွားကာ ယဲ့ချန်းကတော့ သူ မကြာသေးခင်ကမှ ရှယ်ယာရထားသည့် ပြတိုက်မှာ အနီးအနားတွင် ရှိနေကြောင်း သတိရလိုက်သည်။

ပြတိုက်က ဘယ်လိုပုံစံမျိုးလဲဆိုသည်ကို သွားကြည့်ရန် စိတ်ကူးလိုက်သည်။

ယဲ့ချန်း ပြတိုက်ထဲသို့ ဝင်သွားလိုက်သည်နှင့် ချက်ချင်းဆိုသလို အံ့ဩမှင်တက်သွားရသည်။

ဤပြတိုက်က ရှေးဟောင်းစံအိမ်ကြီးတစ်ခုနှင့် တူနေပေသည်။

အထဲတွင် ပန်းချီကားတစ်ချပ်နှယ် လှပသည့် တံတားများနှင့် စမ်းချောင်းများရှိပြီး အလွန်လှပတင့်တယ်ပေသည်။

အဆုံးဘက်တွင် ရှေးဟောင်းအငွေ့အသက်များသမ်းနေသော လေးထပ်အဆောက်အအုံတစ်ခုရှိ၏။ ထိုအရာက ပြတိုက်ပင်။

ဤနေရာမှာ မိုတုမြို့၏ ဗဟိုချက်ပင်။ အခြားအရာများကို ထည့်မပြောလျှင်ပင် ဤမြေကွက်က အလွန်တန်ဖိုးကြီးမားလှသည်။

ယဲ့ချန်း ဝင်ပေါက်သို့ ရောက်သွားချိန်ဝယ် လူတစ်စုက သူ့ဆီသို့ စိတ်အားထက်သန်စွာ ချဉ်းကပ်ပြီး နှုတ်ဆက်ကြလေသည်။

All Chapters