← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အပိုင်း ၄၉၉ : ဝမ်ပေါ်ပြတိုက်

တံခါးနားတွင် မတ်တတ်ရပ်နေသော အကြီးအကဲကို မြင်လိုက်ရချိန်တွင် ယဲ့ချန်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။

ဤအကြီးအကဲကို ယဲ့ချန်း သတင်းထဲတွင် မြင်ဖူးသည်။ ဟွားနိုင်ငံတွင် သူသည် ရှေးဟောင်းသုတေသနပညာရှင်အဖြစ် နာမည်ကြီးသော အကြီးအကဲလုပင်။

ယဲ့ချန်းကို မြင်သောအခါ အကြီးအကဲလုက ပြုံးစစဖြင့် ဆိုလေသည်။

"မစ္စတာယဲ့… ဝမ်ပေါ်ပြတိုက်က ကြိုဆိုပါတယ်"

"မင်္ဂလာပါ အကြီးအကဲလု"

ယဲ့ချန်းမှာ အကြီးအကဲလုကို အလွန်တရာ ရိုသေလေးစားသည်။

ဤအကြီးအကဲမှာ ယခင်က ဟွားနိုင်ငံတွင် နာမည်ကြီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားရှိ ဟွားနိုင်ငံ၏ ရတနာများကို ဈေးကြီးကြီးပေးဝယ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။

ဤနေရာတွင် ပြသထားသော ပစ္စည်းများမှာ အကြီးအကဲလုတစ်ယောက် နိုင်ငံခြားမှ ခဲရာခဲဆစ်ဝယ်ယူထားရသော ရှေးဟောင်းရတနာများပင်။

သူသည် ဤပြတိုက်ကို နောင်လာနောက်သားများကို ပညာပေးရန်အတွက် တည်ထောင်ခဲ့ခြင်းပင်။

ဤနေရာတွင် စုစည်းထားသော ပစ္စည်းများတွင် အမျိုးအမည်များစွာရှိသည်။ ကြွေထည်၊ စတုရန်းပုံဒယ်စောက်၊ ရှေးဟောင်းပန်းချီများနှင့် ကျောက်စိမ်းအသုံးအဆောင်များပင်။

အကြီးအကဲလုက တအံ့တဩဆိုလာလေသည်။

"မစ္စတာယဲ့.. ခင်ဗျားက တကယ်ချီးကျူးထိုက်ပါပေတယ်။ ကျုပ်တို့ပြခန်းရဲ့ရှယ်ယာ၅၈ရာခိုင်နှုန်းကို တစ်ချီတည်းနဲ့ ဝယ်သွားတာ။ အခုဆိုရင် ခင်ဗျားက ဒီပြတိုက်ရဲ့ ပင်မရှယ်ယာရှင်ဆိုလည်း ဟုတ်တယ်။ ပိုင်ရှင်ဆိုလည်းဟုတ်တယ်"

ယဲ့ချန်းကလည်း ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"အကြီးအကဲလု… ဒီပြတိုက်က ခင်ဗျားရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ပဲလေ။ ခင်ဗျား ပြတိုက်မှူးအနေနဲ့ ဆက်တာဝန်ထမ်းဆောင်ရဦးမှာပါ"

ဤစကားကိုကြားသော် အကြီးအကဲလုလည်း အနည်းငယ်စိတ်ကျေနပ်သွားသည်။

အမှန်တကယ်တွင် အကြီးအကဲလုမှာ ဤပြတိုက်နှင့် ခွဲခွာရန် အင်တင်တင်ဖြစ်နေခဲ့သည်။ ဤနေရာကား သူတစ်သက်လုံး အင်အားစိုက်ထုတ်လာခဲ့ရသည့် အလုပ်ပင်။

သို့သော် နှစ်ပေါင်းများစွာကြာလာသောအခါ ရှေးဟောင်းပစ္စည်းများကိုဝယ်ရန် သူ့ငွေကြေးအားလုံးကို ထုတ်သုံးခဲ့ရသည်။ ယခုမူ ထိန်းသိမ်းစောင့်ရှောက်ခနှင့် ပြတိုက်ထဲရှိ ဝန်ထမ်းများအတွက် ရန်ပုံငွေလိုအပ်လာသည်။

အကြီးအကဲလုသည် ယခင်က ချမ်းသာကြွယ်ဝခဲ့ဖူးသည်။ သို့သော် သူ့ပိုက်ဆံများမှာ တစ်စထက်တစ်စ လျော့ပါးလာသည်။ ဤရှေးဟောင်းပစ္စည်းများကိုလည်း ထုတ်မရောင်းချင်သဖြင့် ပြတိုက်က ပိတ်ပစ်ရလုနီးပါးဖြစ်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်းက ပြတိုက်၏ရှယ်ယာ၅၈ရာခိုင်နှုန်းကို ဝယ်ယူခဲ့သဖြင့် ပြတိုက်ဆက်ဖွင့်ရန် အဆင်ပြေသွားခဲ့သည်။

အကြီးအကဲလုမှာ ယဲ့ချန်းအပေါ် စိတ်မခုပါဘဲ ကျေးဇူးပင်တင်မိသည်။

ထို့နောက် အကြီးအကဲလုသည် ယဲ့ချန်းကို ပြတိုက်တစ်ခွင် ကိုယ်တိုင်ကိုယ်ကျလိုက်လံပြသခဲ့သည်။

ယဲ့ချန်းကလည်း စနစ်က သူ့ကို ရုတ်တရက်လက်ဆောင်ပေးထားသော ဤပြတိုက်၏ခမ်းနားကြီးကျယ်မှုကို မြင်ချင်နေပေသည်။

ပြတိုက်ထဲသို့ ဝင်လာလိုက်ချိန်မှာပင် ယဲ့ချန်း အံ့အားသင့်သွားရသည်။

ဤနေရာတွင် ပြသထားသော ပစ္စည်းများမှာ သူထင်ထားသည်ထက် ပိုသာလွန်နေခဲ့သည်။

ကြွေထည်တစ်ခုကို လက်ညှိုးထိုးပြရင်း အကြီးအကဲလုက ဆိုလာချေသည်။

"ဒီကြွေထည်က Yနိုင်ငံကနေ လေလံပွဲတစ်ခုမှာ ၁.၂ဘီလျံနဲ့ဝယ်လာတာ။ ကျိုတိုရဲ့ ရီယွမ်ဒေသကနေ ဆင်းသက်လာတဲ့ တော်ဝင်ကြွေထည်တစ်ခုပေါ့။ ဒါပေမဲ့ ဒီကြွေထည်က နောက်ပိုင်းမှာ နိုင်ငံခြားကို ပါသွားခဲ့တယ်"

လက်ရာမြောက်လှသော ကြွေထည်ကို ငေးကြည့်ရင်း ယဲ့ချန်း ပင့်သက်ရှိုက်မိသည်။

၁.၂ဘီလျံပင်။

အကြီးအကဲလုသည် ဤကြွေထည်များကို အမိမြေသို့ ပြန်ယူလာရန်အတွက် အင်တိုက်အားတိုက်ကြိုးစားခဲ့ခြင်းပင်။

ထို့နောက် အကြီးအကဲလုက ပန်းချီကားတစ်ချပ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"နွေဦးမြစ်ပန်းချီကားလို့ခေါ်တဲ့ ဒီပန်းချီကို ကြည့်လိုက်။ ကျုပ်တို့ဟွားနိုင်ငံရဲ့ နာမည်ကြီးပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ထန်ဟူရဲ့လက်ရာပေါ့။ ဒါကိုလည်း ရီယွမ်ကနေပဲ ပြန်ယူလာရတာ။ လေလံပွဲတစ်ခုကနေ ဈေးကြီးပေးဝယ်ခဲ့ရတယ်"

ထို့နောက် အကြီးအကဲလုက ယဲ့ချန်းကို လက်ရာတစ်ခုပြီးတစ်ခု ပြသလေတော့သည်။

ပြသထားသော ပစ္စည်းအများစုမှာ အကြီးအကဲလုကိုယ်တိုင် သူ့ရန်ပုံငွေဖြင့် ပြန်သယ်လာခဲ့သော အရာများပင်။

အကြီးအကဲလုတစ်ယောက် ဒေဝါလီခံရလုနီးနီးဖြစ်ခဲ့သည်မှာလည်း အဆန်းတော့မဟုတ်ပါချေ။ ဤပစ္စည်းများမှာ အလွန်တန်ဖိုးကြီးလှပေသည်။

ဤပြတိုက်တွင် ခန်းမရှစ်ခန်းရှိပြီး အဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်းများဖြင့် ပြည်နှက်နေသည်။

စနစ်၏လက်ဆောင်ဖြစ်သော ဤပြတိုက်က အခြားအရာများထက် ရှယ်ယာတစ်ခုတည်းကပင် ၃ဘီလျံကျော်ရှိကြောင်း ယဲ့ချန်း သဘောပေါက်လိုက်သည်။

အရေးအကြီးဆုံးအချက်မှာ ဤအရာများသည် တရုတ်ရှေးဟောင်းအမွေအနှစ်များပင်။

အကြီးအကဲလုက သက်ပြင်းချလိုက်သည်။

"ဝမ်းနည်းစရာတစ်ခုက ကျုပ်က အသက်ကြီးနေပြီဆိုတော့ ငွေကြေးအင်အားကလည်း ချို့တဲ့နေပြီ။ အဲဒီလိုသာမဟုတ်ရင် ကျုပ်တို့ဘိုးဘေးတွေ ချန်ပေးထားခဲ့တဲ့ရတနာတွေ အများကြီးရှိနေမှာ"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အကြီးအကဲလု… ဒီလိုလုပ်ပါလား။ ခင်ဗျားက ရတနာစုဆောင်းတဲ့နေရာမှာပဲ အာရုံစိုက်။ နိုင်ငံခြားလေလံပွဲမှာ ပစ္စည်းကောင်းတစ်ခုခုရှိရင် မိန်းကလေးလင်းဝမ်ယိုကိုသာ ဆက်သွယ်လိုက်။ သူက ကျွန်တော့်ရဲ့ဘဏ္ဌာထိန်းလေ။ အဲဒီပစ္စည်းတွေကို ဒီပြတိုက်မှာ ပြထားဖို့အတွက် ဝယ်လို့ရပါတယ်"

"တကယ်လား"

အကြီးအကဲလုခမျာ ယဲ့ချန်း၏စကားကိုကြားသော် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။

နိုင်ငံခြားလေလံပွဲများတွင် ဟွားနိုင်ငံ၏ ပစ္စည်းများကို ရံဖန်ရံခါ ထည့်သွင်းထားတတ်သည်။

သို့သော် ရန်ပုံငွေအခက်အခဲကြောင့် အကြီးအကဲလုခမျာ ဟွားနိုင်ငံရတနာများကို နိုင်ငံခြားဝယ်လက်များထံသို့ ရောင်းချလိုက်သည့်အဖြစ်ကို ကြည့်နေရုံသာတတ်နိုင်ပေသည်။

ယဲ့ချန်း၏ဂုဏ်သတင်းကို သူကြားဖူးသည်။ သူဘက်ကသာ ရန်ပုံငွေထုတ်ပေးနိုင်လျှင် အလွန်ကောင်းပေသည်။

လိုက်လံပြသပြီးနောက် အကြီးအကဲလုက ပြုံးလျက် စကားဆိုချေသည်။

"မစ္စတာယဲ့… ဒီည ဒီနေရာမှာ ပရဟိတပြပွဲတစ်ခု ကျင်းပဖို့ရှိတယ်။ ခင်ဗျားများ တက်ချင်မလားလို့"

"ပရဟိတပြပွဲလား"

ယဲ့ချန်းမှာ တဒင်္ဂမျှ အံ့အားသင့်သွားလေသည်။

အကြီးအကဲလုက ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားက ဒီပြတိုက်ရဲ့ပိုင်ရှင်အသစ်ဆိုတော့ ဒါက လူတိုင်းနဲ့တွေ့နိုင်မယ့် အခွင့်အရေးတစ်ခုပဲလေ"

သို့တိုင် ယဲ့ချန်းကတော့ ခေါင်းခါယမ်းပြလိုက်သည်။

"ကျွန်တော် မတက်တော့ပါဘူး အကြီးအကဲလု"

"ဘာလို့လဲ"

အကြီးအကဲလုမှာ ဇဝေဇဝါဖြစ်သွားရသည်။

ဤပြတိုက်၏ ပိုင်ရှင်ဟူသည်မှာ အဆင့်အတန်းနှင့် ရာထူးဂုဏ်သိမ်၏ ပြယုဂ်ပင်။ ဤအချက်ကြောင့်လည်း ယဲ့ချန်းအနေနှင့် ဤပြတိုက်ကိုဝယ်ယူရန်အတွက် ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံထားသည်မဟုတ်ပါလော။

ယဲ့ချန်းက ပြုံးလိုက်သည်။

"ကျွန်တော်က သိုသိုသိပ်သိပ်ပဲနေချင်တာ။ လူရှေ့သူရှေ့ သိပ်မထွက်ချင်ဘူး"

ယဲ့ချန်း၏စကားကြောင့် အကြီးအကဲလုလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ။ ဒါနဲ့ မစ္စတာယဲ့.. ကျုပ်သိချင်တာလေးရှိလို့။ ခင်ဗျားရဲ့မူလအလုပ်အကိုင်က ဘာများလဲ"

ယဲ့ချန်းကလည်း အသာပြန်ဖြေချေသည်။

"ကျွန်တော့်ရဲ့မူလအလုပ်အကိုင်က တက္ကစီမောင်းတာပါ"

တက္ကစီမောင်းတာတဲ့လား…

ယဲ့ချန်း၏စကားကို ကြားပြီးနောက် အကြီးအကဲလုခမျာ မှင်တက်သွားလေသည်။ ထို့နောက် သူ့မျက်နှာထက်တွင် လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။

ဩဇာအာဏာကြီးမားသူတစ်ယောက် ဖြစ်ထိုက်ပါပေသည်။ အနေအထိုင် အလွန်သိုသိပ်ပေသည်။

ယခုမူ အကြီးအကဲလုမှာ ယဲ့ချန်းကို ပို၍ပင်လေးစားသွားသည်။

လူငယ်တော်တော်များများက ငွေကြေးဥစ္စာကြွယ်ဝလာသည်နှင့် မောက်မာသွားတတ်ကြသည်။

သို့သော် ယဲ့ချန်းကတော့ ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာကို ဂရုမစိုက်လေဟန်ပင်။

ဤသည်မှာ လူကုံထံတစ်ယောက်၏ အမြင့်ဆုံးဟန်ပန်ပင်။

ထွက်ခွာသွားသော ယဲ့ချန်း၏ကျောပြင်ကို ငေးကြည့်ရင်း အကြီးအကဲလု သက်ပြင်းချလိုက်မိသည်။

"အာ.. ဒီကောင်လေးက ဒီလောက်ငယ်ငယ်လေးနဲ့ ချမ်းသာနေတာလည်း မဆန်းပါဘူး။ ဒီလိုစိတ်နေသဘောထားမျိုး ဒီလိုသတ္တိမျိုးကို ငါ မယှဉ်နိုင်ပါဘူး"

တကယ်တမ်းတွင် ယဲ့ချန်း တက္ကစီမောင်းသည်မှာလည်း မဖြစ်မနေလိုအပ်ချက်ကြောင့်ပင်။

တက္ကစီမောင်းမှသာ ယဲ့ချန်းအနေနှင့် အဆင့်သတ်မှတ်ချက်များ ရမည်ဖြစ်ပြီး ထိုအခါမှသာ ဆုလာဘ်များ ရမည်သာ။

….

မိုတုမြို့တွင် စုဝမ်ယိသည် မိန်းမလှလေးတစ်ယောက်နှင့်အတူ ကော်ဖီသောက်နေချေသည်။

"ဝမ်ယိ… နင် ဒီည ပရဟိတလေလံပွဲကို ငါနဲ့အတူ လိုက်ခဲ့နော်။ နင် ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတယ်မလား"

"မသွားတာပဲကောင်းပါတယ်။ ရှကျင်းရှန်လည်း အဲဒီကိုလာမှာမလား"

"ဟုတ်တယ်။ သူလည်း လာမှာ။ အဲဒီတော့ဘာဖြစ်လဲ။ ပြီးတော့ ဒါက တောင်တန်းဒေသက ကလေးတွေကို လှူဖို့အတွက်ကျင်းပတဲ့ ပရဟိတလေလံပွဲလေ။ နင်က ပရဟိတလုပ်ငန်းကို အရမ်းချစ်တာမဟုတ်ဘူးလား။ ရှကျင်းရှန်က ပြောတယ်။ နင် ပွဲတက်မယ်ဆိုရင် သူက ငါးသန်းတောင်လှူမှာတဲ့"

စုဝမ်ယိမှာမူ အေးစက်စက်ရယ်မောလိုက်မိသည်။

ငါးသန်းဆိုတာ တအားများနေလို့လား…

ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားယဲ့ကမှ ပိုသာသေးသည်။

ညဘက်တွင် ယဲ့ချန်းနှင့် စုဝမ်ယိတို့ ဖုန်းပြောဖြစ်ကြသည်။

စုဝမ်ယိက ပြောလိုက်၏။

"မနက်ဖြန်ညကျရင် ရှေးဟောင်းပစ္စည်းပြပွဲတစ်ခုရှိတယ်။ အစတုန်းကတော့ ကျွန်မလည်းသွားချင်တာ။ ဒါပေမဲ့ ကျွန်မမုန်းတဲ့လူတစ်ယောက် လာမှာဆိုလို့ မသွားတော့ဘူး"

"ဘယ်ရှေးဟောင်းပစ္စည်းပြပွဲလဲ"

"ဝမ်ပေါ်ပြတိုက်လေ။ နိုင်ငံခြားကနေ ဝယ်ထားတဲ့ ရတနာတွေအများကြီးကို ခင်းကျင်းပြသမှာတဲ့။ ပုံမှန်ဆိုရင် အဆင့်တစ်ကနေ သုံးအထိပဲ ဖွင့်ပေးတတ်တာ။ ဒါပေမဲ့ မနက်ဖြန်ကျရင် ထိပ်တန်းအဆင့်ခန်းမတွေကိုပါ ဖွင့်ပေးမယ်ဆိုပဲ"

"ဪ.. မင်း သွားချင်လို့လား"

ယဲ့ချန်းက ရယ်လိုက်သည်။

ဝမ်ပေါ်ပြတိုက်ဆိုသည်မှာ သူ့ပြတိုက်ပင်မဟုတ်လော။

စုဝမ်ယိက ဆိုလာလေသည်။

"အင်း။ ဒါပေမဲ့ ရှကျင်းရှန်လို့ခေါ်တဲ့ လူတစ်ယောက်က ကျွန်မကို လိုက်နေတာ။ ကျွန်မက သူ့ကို လုံးဝမကြိုက်ဘူး။ သူကတော့ ကျွန်မကိုတွေ့တိုင်း လိုက်နှောင့်ယှက်နေလို့ မသွားဖို့ ဆုံးဖြတ်ထားတယ်"

ယဲ့ချန်းမှာမူ ရယ်မောလျက် ပြောလိုက်သည်။

"ကိုယ် မင်းနဲ့အတူလိုက်ပြီး သက်တော်စောင့်အဖြစ် နေပေးမယ်ဆိုရင်ရော။ ကိုယ့်ကောင်မလေးကို လာပိုးတဲ့လူမှန်သမျှ နာချင်နေတာပဲဖြစ်မယ်"

ယဲ့ချန်းက သူ(မ)နှင့်အတူ လိုက်ပေးမည်ဟု ကြားလိုက်ရသောအခါ စုဝမ်ယိ ဝမ်းသာသွားသည်။

"တကယ်ပြောတာလား"

"ဒါပေါ့။ တကယ်ပြောတာ။ စိတ်မပူနဲ့။ ကောင်းကောင်းဆုံးမပေးဖို့ လိုအပ်နေတဲ့ အဲဒီလိုသူဌေးသားတွေအများကြီးကိုတောင် ကိုယ် ဆုံးမလာတာ"

ယဲ့ချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

စုဝမ်ယိကလည်း ရယ်မောလျက် ပြောလိုက်လေသည်။

"ဒါပေမဲ့ ဝမ်ပေါ်ပြတိုက်ရဲ့ ပြပွဲကို အထက်တန်းလွှာတွေကို ဖိတ်ထားတာမို့ ပွဲတက်ဖို့ ခက်တယ်တဲ့။ ကျွန်မမှာလည်း လက်မှတ်နှစ်စောင်ရှိနေတာဆိုတော့ ရှင့်ကို အင်တင်တင်နဲ့ပဲ အတူခေါ်သွားရမှာပေါ့"

ယဲ့ချန်းမှာမူ ရယ်ချင်သွားသည်။

သူ့ပြတိုက်ထဲကို ဝင်ရာတွင် လက်မှတ်လိုဦးမည်လော။

သို့သော် ယဲ့ချန်းကတော့ ပြန်ပြောလိုက်၏။

"ဒါဆို ကိုယ် မင်းကို ကျေးဇူးတင်ရမှာပေါ့"

••••••••••••••••

အပိုင်း ၅၀၀ : ဆုံတွေ့ခြင်း

"သခင်လေးရှ.. ဝမ်ယိက ဒီပရဟိတညစာစားပွဲကို မတက်ချင်တော့ဘူးတဲ့"

စုဝမ်ယိ၏ အချစ်ဆုံးသူငယ်ချင်းက တောင်းပန်စကား ဆိုလိုက်သည်။

"သူ့ကို ငါ့နောက်ခံအကြောင်း မပြောပြလိုက်ဘူးလား"

"ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူက ငြင်းနေတုန်းပဲ"

"သိပြီ"

ရှကျင်းရှန်မှာ ဖုန်းကို ခပ်ကြမ်းကြမ်းချလိုက်သည်။

မိုတုမြို့ရှိ အဆင့်မြင့်လူနေအိမ်ရာတစ်ခုတွင် လူငယ်တစ်ယောက်မှာ ဒေါသထွက်နေဟန်တူ၏။

သူသည် စုဝမ်ယိကို အစည်းအဝေးတစ်ခုတွင် တွေ့ဆုံခဲ့ခြင်းပင်။

စုဝမ်ယိကို မြင်မြင်ချင်းမှာပင် ဤမိန်းကလေးထံမှ ဖမ်းစားခံလိုက်ရသည်။

အစတုန်းက သူသည် ပြတိုက်၏ ပြပွဲ

လက်မှတ်နှစ်စောင်ရရန် အလွန်ကြိုးစားအားထုတ်ခဲ့ရသည်။

ယခုအကြိမ်တွင် ဝမ်ပေါ်ပြတိုက်၏ ပရဟိတလက်မှတ်များမှာ အလွန်ရှားပါးလှပြီး ဟွားနိုင်ငံတစ်ခုလုံးတွင် နေရာတစ်ရာသာ ရရှိနိုင်သည်။

အစကမူ သူသည် စုဝမ်ယိရှေ့တွင် ကြွားဝါချင်ခဲ့သော်လည်း မထင်မှတ်ပါဘဲ သူ(မ)က သူ့ကို မျက်နှာသာမပေးခဲ့ပေ။

သူ ခက်ခက်ခဲခဲရယူထားသော လက်မှတ်နှစ်စောင်လည်း အလဟဿဖြစ်သွားမည်ဖြစ်လေရာ အလွန်နှမြောစရာကောင်းလှသည်။

ထို့ကြောင့် အခြားမိန်းကလေးတစ်ယောက်ကို သတိရလိုက်သည်။

ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် အလကားဖြစ်မယ့်အတူတူ သူ့ကိုပဲ ခေါ်သွားလိုက်တော့မယ်...

ရှကျင်းရှန်လည်း ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟယ်လို ထင်ထင်လား။ ကိုယ် ရှကျင်းရှန်ပါ"

ပိထင်ထင်ခမျာ ရှကျင်းရှန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် အလွန်ပျော်ရွှင်သွားသည်။

ပိထင်ထင်သည် ငွေမက်သူတစ်ယောက်ဖြစ်ပြီး နောက်ဆုံးတွင်မူ ရှကျင်းရှန်းလို လူချမ်းသာတစ်ယောက်ကို အမိဖမ်းနိုင်ခဲ့သည်။

ပိထင်ထင်တွင် ရုပ်ရည်ရမှတ်အနည်းငယ်သာ ရှိသော်လည်း အရေးအကြီးဆုံးအချက်မှာ အလွန်သွက်လက်ပွင့်လင်းသော သူ(မ)၏ စရိုက်ပင်။

အစပိုင်းတွင် ရှကျင်းရှန်က သူ(မ)ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့လာသဖြင့် သူ(မ)ကို သိပ်ဂရုမစိုက်တော့ပေ။

ပိထင်ထင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

"သခင်လေးရှ.. ကျွန်မ နေ့တိုင်း ရှင့်အကြောင်းပဲတွေးနေတာ။ ရှင် ကျွန်မကို မေ့သွားပြီလို့တောင် ထင်နေတာ။ အခုလို ဖုန်းဆက်လာတာ သိပ်ကောင်းတာပဲ"

ရှကျင်းရှန်က အေးစက်ခက်ထန်စွာ ပြန်ဖြေလိုက်သည်။

"မနက်ဖြန်ကျရင် အဝတ်အစားကောင်းကောင်းမွန်မွန် ဝတ်စားခဲ့။ အတိုအပြတ်တွေ ဝတ်မလာနဲ့။ ညစာစားပွဲကို လာမယ့်လူတွေက မိုတုမြို့က နာမည်ကြီးပုဂ္ဂိုလ်တွေချည်းပဲ"

"ဟုတ်ကဲ့ ဟုတ်ကဲ့.. စိတ်ချပါ"

ပိထင်ထင်မှာ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

ဤသည်မှာ သူ(မ) အိပ်မက်မက်ခဲ့ရသည့် အထက်တန်းလွှာ ညစာစားပွဲတစ်ခုပင်။

ပိထင်ထင် ဝမ်ပေါ်ပြတိုက်အကြောင်း အင်တာနက်တွင် ရှာဖွေကြည့်ပြီးနောက် ပိုရင်ခုန်စိတ်လှုပ်ရှားသွားသည်။

ဟွားနိုင်ငံတစ်ခုလုံးတွင် လက်မှတ်အစောင်ရေတစ်ရာသာ ရှိသတဲ့။ စင်စစ်အံ့ဩစရာပင်။

နောက်ဆုံးတော့ ငါ့အိပ်မက်တွေ တကယ်ဖြစ်လာတော့မယ်ထင်တယ်... အထက်တန်းလွှာအသိုင်းအဝိုင်းထဲကို ဝင်ဆံ့တဲ့လူတစ်ယောက် ဖြစ်လာတော့မယ်...

ပိထင်ထင်မှာ သူဌေးကတော်တစ်ယောက်ဖြစ်လာရန်ပင် စိတ်ကူးယဉ်နေချေသည်။

ရှကျင်းရှန်က ဤပွဲကို အဆင့်မြင့်ညစာစားပွဲတစ်ခုဟု ပြောခဲ့သည်။

တက်ရောက်သူများမှာ အထက်တန်းလွှာများသာ ဖြစ်ရပေမည်။ ထို့ကြောင့် သူ(မ)အနေနှင့် သေချာပြင်ဆင်ဝတ်စားရပေမည်။

သေချာအလှပြင်ဆင်ပြီးနောက် ညနေ ခြောက်နာရီတွင် ရှကျင်းရှန်က သူ(မ)ကို ကားဖြင့် လာကြိုလေသည်။

ပိထင်ထင်က ပွဲတက်ဝတ်စုံကို ဒေါက်မြင့်ဖိနပ်နှင့် တွဲဖက်ဝတ်ဆင်ထားပြီး မျက်နှာထက်တွင်လည်း ဂုဏ်ယူဝင့်ကြွားလေဟန် အရိပ်အယောင်များ အပြည့်ပင်။

ဤမိန်းကလေးသည် အထက်တန်းလွှာတစ်ယောက်အနေနှင့် အဆင့်မြင့်ညစာစားပွဲသို့ တက်ရောက်ရမည်ဖြစ်ရာ ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိတော့မည်သာ။

ရှကျင်းရှန်၏ ဘန်ထလေဆီဒင်ကားပေါ်တွင် ထိုင်ရင်း ပိထင်ထင်က ပြောလိုက်သည်။

"အချစ်.. ရှင်က အရမ်းကောင်းတာပဲ။ ကျွန်မကို ဒီလိုအဆင့်မြင့ါညစာစားပွဲမျိုးကို ခေါ်သွားပေးတယ်"

ရှကျင်းရှန်က ကျေနပ်သွားဟန်တူသည်။

"မင်း ငါ့စကားကို နားထောင်သရွေ့ နောင်အနာဂတ်မှာ ဒီလိုအခွင့်အရေးမျိုးတွေ အများကြီး ရှိလာဦးမှာပါ"

ရှကျင်းရှန်၏စကားကို ကြားသောအခါ ပိထင်ထင်၏မျက်နှာကား အနည်းငယ်ရဲတက်သွားသည်။

ပြီးခဲ့သည့်တစ်ခေါက်က ယဲ့ချန်းထံမှ စွန့်ပစ်ခံရပြီးနောက် ပိထင်ထင်သည် အပြစ်ကင်းချင်ဟန်ဆောင်တတ်သော မိန်းကလေးတစ်ယောက်၏ လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းခဲ့ပြီး လူကုံထံဘယ်နှယောက်နှင့် ပတ်သက်ခဲ့ပြီးပြီလဲဆိုသည်ကို သူ(မ)ကိုယ်တိုင်ပင် မသိတော့ချေ။

သို့သော် ကံမကောင်းစွာဖြင့် ထိုအမျိုးသားများအားလုံးမှာ လူလည်များသာဖြစ်၏။ သူ(မ)ကို စိတ်ကြိုက်ကစားပြီးသည်နှင့် ထွက်သွားခဲ့ကြသည်။

ထို့ကြောင့် သူ(မ)အနေနှင့် လူကုံထံမိသားစုထဲသို့ အိမ်ထောင်ပြုမည့် အိပ်မက်မှာ ယခုအချိန်အထိ အကောင်အထည်မပေါ်လာခြင်းပင်။

"စိတ်ချပါ။ ကျွန်မ စကားကို သေချာနားထောင်ပြီး သခင်လေးရှကို ပြုစုစောင့်ရှောက်ပေးမှာပါ"

ရှကျင်းရှန်လည်း ကျေနပ်စွာ ပြုံးလိုက်သည်။

ပိထင်ထင်၏ ရုပ်ရည်မှာ စုဝမ်ယိနှင့် မယှဉ်နိုင်သော်လည်း သူ(မ)က စကားနားထောင်သဖြင့် သူ စိတ်ကြိုက်ကစားနိုင်ပေသည်။

ဝမ်ပေါ်ပြတိုက်၏ ကားပါကင်တွင် ဇိမ်ခံကားများဖြင့် ပြည့်နှက်နေသည်။

အဆင့်မြင့်ကားပြပွဲတစ်ခုလိုပင်။

ဖယ်ရာရီများ၊ ဘန်ထလေများ၊ လမ်ဘော်ဂီနီများ အစရှိသည့် ဇိမ်ခံကားအမျိုးအစားပေါင်းစုံ စုံလင်စွာ ရှိနေချေသည်။

ဝမ်ပေါ်ပြတိုက်၏ ဝင်ပေါက်တွင် ကော်ဇောနီအရှည်ကြီးကို ခင်းကျင်းထားပြီး မီဒီယာသတင်းထောက်များကလည်း အသည်းအသန်ဓာတ်ပုံရိုက်ယူနေကြသည်။

ဤညစာစားပွဲကို အထက်တန်းလွှာများနှင့် နာမည်ကြီးအနုပညာရှင်အချို့ တက်ရောက်ကြသဖြင့် မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိနေလေသည်။

တကယ်တော့ ဤကဲ့သို့သော အထက်တန်းလွှာပရဟိတညစာစားပွဲမျိုးမှာ လူချမ်းသာများနှင့် နာမည်ကြီးကြယ်ပွင့်များအတွက် ကြွားဝါရန် စင်မြင့်တစ်ခုသာ ဖြစ်၏။

ထို့ပြင် ဤကြွားဝါမှုမှာ ပရဟိတအတွက်ဖြစ်သောကြောင့် လူအများကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ လူမှုရေးသြဇာလွှမ်းမိုးမှုကိုပင် တိုးပွားစေသေးသည်။

ထို့ကြောင့် ဤပွဲအတွက် လက်မှတ်များကို အလုအယက် ရှာဖွေနေကြခြင်းသာ။

ပရိသတ်များကလည်း ပွဲခင်းထဲတွင် စောင့်ကြည့်နေကြသည်။

"အမလေး.. အဲဒါ လူကုံထံစာရင်းမှာ နံပါတ်ရှစ်ချိတ်တဲ့ ဝမ်ဆန်းရှီမဟုတ်ဘူးလား"

"အဲဒါက နာမည်ကြီးစတား စွန်းဝေ့ဝေ့မလား"

ပိထင်ထင်သည် ကော်ဇောနီပေါ်တွင် လမ်းလျှောက်ရင်း ပိုစ့်အမျိုးမျိုးပေးကာ မီဒီယာများထံမှ ဓာတ်ပုံရိုက်ခြင်းကို ခံယူနေသည်။

ယခင်က သူ(မ)သည် တီဗီပေါ်တွင် ကော်ဇောနီထက် လမ်းလျှောက်နေသော ကြယ်ပွင့်များကိုမြင်​ပြီး သူတို့လိုဖြစ်လာရန် အိပ်မက်မက်ခဲ့ဖူးသည်။

မထင်မှတ်ထားပါဘဲ သူ(မ)၏အိပ်မက်က ခပ်မြန်မြန် အကောင်အထည်ပေါ်လာခဲ့သည်။

သူ(မ)၏စိတ်ထဲတွင် ပုံရိပ်တစ်ခုက ဖျတ်ခနဲ ရုတ်တရက်ပေါ်လာသည်။

"ယဲ့ချန်း.. ရှင် ကျွန်မကိုပစ်သွားလို့ တော်သေးတာပေါ့။ မဟုတ်ရင် ကျွန်မမှာ ဒီလို တောက်ပတဲ့ အခိုက်အတန့်မျိုး ရှိလာနိုင်မှာမဟုတ်ဘူး"

ထိုအခိုက်ဝယ် အနီးအနားတွင် ပိထင်ထင်၏ အထာပေးနေဟန်မြင်ကွင်းများကို ကြည့်နေသော ရှကျင်းရှန်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။

"တော်တော့။ ငါ့ကို အရှက်မခွဲနဲ့တော့"

"ဟုတ်ကဲ့ပါ"

ပိထင်ထင်လည်း နာခံကျိုးနွံစွာ ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် ထင်ရှားလှသော ကျီလိဆီဒင်ကားတစ်စီးက ကော်ဇောနီဝင်ပေါက်တွင် ထိုးရပ်လိုက်သည်။

ပိထင်ထင်မှာမူ သတင်းထောက်များထံတွင် ဓာတ်ပုံအရိုက်ခံနေစဉ် မီးရောင်တစ်ချက် စူးသွားသဖြင့် ဒေါက်မြင့်ဖိနပ်က ဟန်ချက်ပျက်၍ ကြမ်းပြင်ပေါ်သို့ ပုံခနဲလဲကျသွားလေသည်။

ထိုမြင်ကွင်းမှာ အရှက်ရစရာအကောင်းဆုံးပင်။

ပိထင်ထင်ကို ပိုပြိုလဲသွားစေသည့် အဖြစ်မှာ သတင်းထောက်များက ထိုဖြစ်စဉ်အစအဆုံးကို ဓာတ်ပုံရိုက်ယူထားခြင်းပင်။

ပိထင်ထင်ခမျာ ဒေါသထွက်လွန်း၍ ငိုမိတော့မတတ်ပင်။

သူ(မ)လည်း မတ်တတ်ထရပ်ပြီး ရှကျင်းရှန်ကို ပြောလိုက်၏။

"သခင်လေးရှ.. ဟိုကျီလီကားမောင်းတဲ့လူက ကားမီးဖွင့်ပြီး မျက်စိကျိန်းအောင်လုပ်လို့ ကျွန်မ လဲကျသွားတာ။ ရှင် ကျွန်မဘက်ကနေ ရပ်တည်ပေးရမယ်နော်"

ရှကျင်းရှန်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ ပိထင်ထင်သည် သူခေါ်လာသူဖြစ်ပြီး ယခုလို သူ(မ)အရှက်ကွဲသွားသောအခါ သူ့မျက်နှာကိုပါ အိုးမဲသုတ်လိုက်သလို ခံစားရသည်။

သူ သည်းမခံနိုင်ဆုံးအရာမှာ ထိုကားက စုတ်ချာသော ကျီလီကားလေးတစ်စီး ဖြစ်နေခြင်းပင်။

သေစမ်း.. ဒီလောက်အဆင့်မြင့်တဲ့ ညစာစားပွဲကိုများ ဂျီလီကားလေးနဲ့ လာတက်ရတယ်လို့...

သူ ဘယ်လိုလုပ် ဝင်လာတာလဲ။

ညစာစားပွဲကို တက်ရောက်လာသူအားလုံးမှာ သန်းချီတန်သော ကားများကို မောင်းနှင်ကြသည့် လူ့မလိုင်များချည်းသာ။

ဤကျိလီကားလေးက ယွမ်ခုနစ်သောင်းလောက်သာ တန်ဖိုးရှိပေလိမ့်မည်။

ပိုဆိုးသည်မှာ ထိုလူက အလွန်ဟန်ရေးပြပြီး ရိုင်းစိုင်းစွာ မောင်းနှင်လာသည့်အပြင် မိမိမိုက်မိုက်ပင် ကွေ့ဆွဲလိုက်သေးသည်။

မင်းကိုယ်မင်း ဘယ်လိုကားမျိုး မောင်းနေလဲဆိုတာရော သိရဲ့လား။

ပွဲခင်းထဲရှိ ပရိသတ်များနှင့် သတင်းထောက်များမှာ မှင်တက်သွားကြသည်။

"အလယ်အလတ်အဆင့် ကားလေးကိုများ ဘယ်သူက ရဲရဲဝံ့ဝံ့မောင်းလာရဲတာလဲ"

"ဟားဟား.. အရမ်းထူးခြားတာပဲ။ ဒီလို အဆင့်မြင့်ညစာစားပွဲမှာ သာမန်အရပ်သုံးကားလေးကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး"

"ဘယ်သူကများ ဒီလောက်အထင်ကြီးဖို့ကောင်းနေတာလဲ။ ကားရပ်လိုက်တဲ့ပုံစံက အရမ်းအထာကျတာပဲ"

ကားတံခါး ပွင့်လာပြီးနောက် ချောမောခန့်ညားသော အမျိုးသားတစ်ယောက် ဆင်းလာသည်။

"ဝိုး.. ဒီလူက အရမ်းချောတယ်နော်"

"သူက ရုပ်ရှင်မင်းသားများလား။ သူ့ရုပ်ရည်က ထိပ်တန်းအဆင့်ပဲ"

ယဲ့ချန်းလည်း ကားပေါ်က ဆင်းပြီးနောက် ကားသော့ကို လုံခြုံရေးဝန်ထမ်းထံသို့ ပစ်ပေးလိုက်ပြီး စုဝမ်ယိ ဆင်းလာစေရန်အတွက် တံခါးကို ကိုယ်တိုင်သွားဖွင့်ပေးလိုက်သည်။

လူအုပ်ကြီးမှာမူ စုဝမ်ယိကို မြင်လိုက်ရချိန်ဝယ် ပွက်လောညံသွားတော့သည်။

အလှလေးနှင့် အချောလေး။

သူတို့နှစ်ယောက်ကား လိုက်ဖက်ညီလွန်းလှသည်။

ယဲ့ချန်း၏ဘေးနားရှိ စုဝမ်ယိကို မြင်လိုက်ရချိန်တွင် လူအုပ်ကြီးမှာ အံ့သြမှင်တက်သွားကြသည်။

တစ်ယောက်က ပြိုင်ဘက်ကင်းလောက်အောင် ချောမောနေပြီး နောက်တစ်ယောက်ကလည်း နတ်သမီးလေးတစ်ပါးနှယ် လှပနေပေသည်။

ထိုအခိုက် ယဲ့ချန်းကို မြင်လိုက်ရသဖြင့် ပိထင်ထင်၏မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။

"ယဲ့ချန်း"

အခြားတစ်ဖက်တွင်မူ ရှကျင်းရှန်၏ မျက်နှာထားမှာ ပို၍ပင် ရှုပ်ထွေးသွားသည်။

"ဝမ်ယိ"

နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြောလိုက်မိကြသည်။

ပိထင်ထင်ကို မြင်လိုက်ရသဖြင့် ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်ချေသည်။

"သူက ဒီမှာဘာလာလုပ်တာလဲ"

စုဝမ်ယိလည်း ရှကျင်းရှန်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။

ရှကျင်းရှန်၏ ဘေးနားရှိ မိန်းကလေးကို မြင်လိုက်ရချိန်တွင်မူ သူ(မ)၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

တကယ့်လူယုတ်မာပဲ။ ရည်းစားရှိနေတာတောင် ငါ့ကို လာရှာနေသေးတယ်...

စုဝမ်ယိလာလိမ့်မည်ဟု မထင်ထားသဖြင့် ရှကျင်းရှန်လည်း အနေခက်သွားချေသည်။

ဒုတိယရွေးချယ်ထားသူကို ခေါ်လာပြီးမှ စုဝမ်ယိက မြင်သွားသည်။

ရှကျင်းရှန်မှာမူ ထင်ထင့်ကို ချက်ချင်းလွှတ်လိုက်ပြီး စုဝမ်ယိအား ပြောလိုက်၏။

"ဝမ်ယိ.. မင်းထင်သလို မဟုတ်ပါဘူး။ ကိုယ် ရှင်းပြပါရစေ"

•••••••••••••••

အပိုင်း ၅၀၁ : တက္ကစီဒရိုင်ဘာသူဌေး

ရှကျင်းရှန်က စုဝမ်ယိကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ဘေးနားရှိ ပိထင်ထင်ကို အကဲခတ်လိုက်သည်။

စုဝမ်ယိ၏ရှေ့တွင်မူ ပိထင်ထင်မှာ ဖီးနစ်ငှက်နှင့်ယှဉ်နေရသော ကြက်တစ်ကောင်နှယ် လုံးဝသေးသိမ်သွားတော့သည်။

ရှကျင်းရှန်လည်း သူ့ဘေးရှိ ပိထင်ထင်ကို ချက်ချင်းခွာချလိုက်၏။

"သူနဲ့ကိုယ်က ရိုးရိုးသူငယ်ချင်းတွေပါကွာ။ အစတုန်းက ကိုယ် မင်းကို အပြင်ထွက်ဖို့ ခေါ်မလို့ပဲ။ ဒါပေမဲ့ မင်းက အလုပ်များတယ်ဆိုလို့ ကိုယ်လည်း..."

ပိထင်ထင်မှာမူ ဆွံ့အသွားရသည်။

အစောကမှ သူ(မ)ကိုယ်သူ(မ) ပျားရည်အိုးထဲ ကျနေသည်ဟု ခံစားခဲ့ရသော်လည်း ယခုမူ သူ(မ)သည် အရန်လူသက်သက်သာဖြစ်ကြောင်း သဘောပေါက်သွားခဲ့ချေပြီ။

အသည်းကွဲချင်စရာအကောင်းဆုံးမှာ စုဝမ်ယိကိုမြင်မြင်ချင်း ရှကျင်းရှန်က သူ(မ)ကို ချက်ချင်းပစ်ချခဲ့ပြီး သူတို့နှစ်ယောက်၏ ပတ်သက်မှုကို ရှင်းလင်းပြတ်သားစွာ ငြင်းဆိုလိုက်ခြင်းပင်။ ဤအဖြစ်က သူ(မ)ကို အလွန်နာကျင်စေသည်။

ပိထင်ထင်လည်း ဤကိစ္စကို လက်မခံနိုင်တော့ပေ။

"ကျင်းရှန်.. ဒီမိန်းမက ဘယ်သူလဲ။ ရှင်ပြောတော့ ကျွန်မကိုအချစ်ဆုံးဆို"

ရှကျင်းရှန်ကမူ ပိထင်ထင်ကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

"မင်းက ဝမ်ယိနဲ့ ယှဉ်နိုင်လို့လား။ ငါက မင်းကို ချစ်တယ်ပေါ့ ဟုတ်လား။ အိပ်မက်မက်နေလိုက်"

ထိုလူနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အသေအလဲ ရန်ဖြစ်နေကြတော့သည်။

စုဝမ်ယိမှာမူ ရှကျင်းရှန်၏စရိုက်ကို ပိုနားလည်သွားသည်။

ယခင်က သူတို့သည် ရိုးရိုးသူငယ်ချင်းများ ဖြစ်နိုင်ခဲ့သော်လည်း ရှေ့လျှောက် သူ့လိုလူစားမျိုးနှင့် သူငယ်ချင်းအဖြစ်ပင် ဆက်မနေနိုင်တော့ပေ။

စုဝမ်ယိက အေးစက်မာကျောစွာ ပြောလိုက်သည်။

"မစ္စတာရှ.. ရှင်မြင်တဲ့အတိုင်း အခု ကျွန်မမှာ ရည်းစားရှိနေပြီ။ အဲဒါကြောင့် ကျွန်မဘဝထဲကို ထပ်မနှောင့်ယှက်ပါနဲ့တော့။ ကျွန်မကိုလည်း လာမကပ်တွယ်ပါနဲ့တော့"

"မင်း..."

ရှကျင်းရှန်သည် အဆိပ်ပြင်းလှသော အကြည့်များဖြင့် ဘေးနားရှိ ယဲ့ချန်းကို လှမ်းကြည့်လိုက်၏။

"သူ့ကိုယ်သူ ဘာကောင်မှတ်နေလို့ ငါ ရှကျင်းရှန်ရဲ့မိန်းကလေးကို လုရဲရတာလဲ"

ထို့နောက် သူက ယဲ့ချန်းဘက်သို့ အကြည့်လွှဲလိုက်သည်။

"ဟေ့ကောင်.. မင်းက ဘယ်သူလဲ"

ယဲ့ချန်းကမူ တည်ငြိမ်စွာ ပြန်ဖြေသည်။

"ငါ့နာမည်က ယဲ့ချန်း"

"ယဲ့ချန်း ဟုတ်လား"

ရှကျင်းရှန်၏အကြည့်ကား အေးစက်သွားလေသည်။

သူသဘောကျသော မိန်းကလေးမှာ ရည်းစားရှိနေပြီဖြစ်ရာ ရှကျင်းရှန်းခမျာ သူ့ခေါင်းပေါ်တွင် မြက်ခင်းပြင်ကြီးတစ်ခု ပေါက်လာသလိုပင် ခံစားလိုက်ရသည်။

သူက ဘေးနားရှိ ပိထင်ထင်ကို တစ်ချက်လှည့်ကြည့်လိုက်၏။

"မင်း သူ့ကို သိလား"

ပိထင်ထင်ကလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်။ ဟိုတလောက ကျွန်မ အချိန်နည်းနည်း နောက်ကျသွားတာလေးနဲ့ ဒီလူယုတ်မာက ကျွန်မကို ပစ်သွားခဲ့တာ"

ပိထင်ထင်၏စကားကို ကြားသောအခါ ရှကျင်းရှန်မှာ ပို၍ပင် ကြေကွဲသွားရသည်။

သူချစ်ရသော မိန်းကလေးသည် ယဲ့ချန်း၏ ချစ်သူဖြစ်နေပြီး သူ့ဘေးနားရှိ မိန်းကလေးကမူ ယဲ့ချန်းအလိုမရှိသဖြင့် စွန့်ပစ်ခဲ့သောအမှိုက် ဖြစ်နေပေသည်။

ပိထင်ထင်က သူ(မ)သာလျှင် ယဲ့ချန်းကို မလိုချင်ခဲ့ခြင်းဖြစ်ကြောင်း အမြဲပြောနေသော်လည်း ယဲ့ချန်းဘေးရှိ စုဝမ်ယိကို ကြည့်ခြင်းအားဖြင့် ယဲ့ချန်းကသာ သူ(မ)ကို မလိုချင်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။

ယခုအချိန်တွင် အဝင်ဝ၌ လူအများအပြား စုရုံးရောက်ရှိနေကြပြီး သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

"ဒီမှာ ဘာတွေဖြစ်နေကြတာလဲ"

"ရှင်းနေတာပဲလေ။ ဟိုလူကြိုက်တဲ့ မိန်းကလေးက တခြားတစ်ယောက်ရဲ့ ချစ်သူဖြစ်နေပြီး သူ့ကောင်မလေးကျတော့ သူများပစ်ထားခဲ့တဲ့ အမှိုက်ဖြစ်နေတာလေ"

"ဟားဟား.. အဲဒီလူကိုကြည့်ရတာ သနားစရာတောင် ကောင်းနေပြီ။ အဖြစ်ဆိုးလိုက်တာ"

ထိုဆွေးနွေးပြောဆိုသံများကို ကြားရသောအခါ ရှကျင်းရှန်၏ မျက်နှာထားမှာ ပိုပျက်ယွင်းလာတော့သည်။

သူဌေးလက်သစ်တစ်ယောက်ဖြစ်သော ရှကျင်းရှန်သည် သူ့မိသားစု ကြွယ်ဝချမ်းသာလာပြီးနောက် နေရာတကာတွင် လိုက်ကြွားရခြင်းကို နှစ်သက်ပြီး သူ့အဆင့်အတန်းကို ထုတ်ကြွားကာ သူ့လောက်မချမ်းသာသူများကို အနိုင်ကျင့်တတ်သည်။

သို့သော် ယနေ့ သူသည် နှစ်ထပ်ကွမ်းဖောက်ပြန်ခံရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။

ထို့ပြင် ဤမျှအရေးကြီးသော အခမ်းအနားတွင် လူအများရှေ့ လှောင်ပြောင်သရော်ခြင်းကိုပါ ခံလိုက်ရသည်။

ရှကျင်းရှန်မှာ ဒေါသထွက်လွန်း၍ ရူးတော့မတတ်ပင် ဖြစ်နေချေသည်။

ပိထင်ထင်က ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"သူက သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ ဒီလိုနေရာမျိုးမှာရပ်ဖို့ လုံးဝမထိုက်တန်ဘူး"

ဤစကားကို ကြားသောအခါ ရှကျင်းရှန်၏ မျက်ဝန်းများ အရောင်လက်သွားချေသည်။

နောက်ဆုံးတွင်မူ ယဲ့ချန်းကို လှောင်ပြောင်ရန် အခွင့်အရေးတစ်ခုကို သူ ရှာတွေ့လိုက်လေပြီ။

"ဟားဟား.. မင်းကို ထူးခြားတဲ့လူတစ်ယောက်လို့ ထင်နေခဲ့တာ။ လက်စသတ်တော့ တက္ကစီဒရိုင်ဘာတစ်ယောက်ကိုး။ မင်းရဲ့ကားစုတ်လေးက ယွမ်တစ်သိန်းတောင် တန်လို့လား။ ဒါက ပရဟိတညစာစားပွဲကွ။ တခြားလူတွေကို လှူဒါန်းဖို့ ကျင်းပတာ။ မင်းပုံစံက ဒီလောက်မွဲတေနေတာဆိုတော့ ဒီကို စပွန်ဆာ လာရှာတာများလား"

ရှကျင်းရှန်၏ စကားများမှာ လွန်လွန်ကျူးကျူးဖြစ်လာသည်။

သူ့မျက်နှာထက်တွင် လှောင်ပြောင်လိုဟန် အရိပ်အယောင်များပင် ပေါ်လွင်နေပေသည်။

ဘေးနားရှိ ပိထင်ထင်ကလည်း ယဲ့ချန်းကို ပို၍ပင် မုန်းတီးနေသည်။

"ဟုတ်ပါရဲ့။ ယဲ့ချန်းက ငမွဲကောင်လေ။ သခင်လေးရှနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ"

တကယ်တော့ ပိထင်ထင်သည် ယဲ့ချန်းတွင် စွမ်းဆောင်ရည်တချို့ ရှိကြောင်း သိထားသည်။

သို့သော် သူ(မ)၏အမြင်တွင် ရှကျင်းရှန်က ယဲ့ချန်းထက် ပိုအင်အားကြီးမားပေသည်။

ယဲ့ချန်းကတော့ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"ငါ့ဘာသာ တက္ကစီမောင်းတော့ရော ဘာဖြစ်လဲ။ ငါကတော့ အရမ်းဂုဏ်ယူတယ်"

အစက ယဲ့ချန်း၏အဆင့်အတန်းကို ဖော်ထုတ်လိုက်လျှင် သူ ရှက်ရွံ့သွားမည်။ သို့မဟုတ် မျက်နှာပူသွားမည်ဟု ရှကျင်းရှန် ထင်ထားခဲ့သည်။

သို့သော် ယဲ့ချန်းက ဤမျှတည်ငြိမ်စွာ လက်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုမျှသာမက ယဲ့ချန်းသည် ဂုဏ်ယူနေဟန်ပင် ပေါက်နေသေးသည်။

ယဲ့ချန်းက သူ့အဆင့်အတန်းကို ဝန်ခံလိုက်ကြောင်း မြင်သောအခါ ရှကျင်းရှန်၏ ရယ်မောသံမှာ ပိုမောက်မာလာသည်။

"ဟားဟား.. ကြည့်ရတာ မင်းက ကိုယ့်နေရာကိုယ်သိတဲ့ပုံပဲ"

ပိထင်ထင်ကလည်း ဝင်ပြောသည်။

"ယဲ့ချန်း.. ရှင် ပိုက်ဆံနည်းနည်းပါးပါးရှိတာနဲ့ပဲ ရှင်ကိုယ်ရှင် သိပ်ကြီးကျယ်နေပြီလို့ မထင်နဲ့။ ဒီလောကမှာ သခင်လေးရှလိုမျိုး ရှင်ထက်သာတဲ့လူတွေ ရေတွက်လို့မရလောက်အောင် ရှိတယ်။ ရှင်က ယှဉ်လို့တောင်မရဘူးဆိုတာ နားလည်ထားလိုက်"

ပိထင်ထင်က သူ့ဘက်က ဝင်ပြောပေးနေသည်ကို မြင်သောအခါ ရှကျင်းရှန်မှာ သူ(မ)အပေါ် သံယောဇဉ်အနည်းငယ် ပြန်ပေါက်ဖွားလာပြီး သူတို့နှစ်ယောက်၏လက်များမှာ အလိုအလျောက် တွဲလျက်သား ဖြစ်သွားကြသည်။

ယဲ့ချန်းကမူ ဤလူနှစ်ယောက်နှင့် အချိန်ဖြုန်းရန် စိတ်မပါတော့သဖြင့် ပြတိုက်ထဲသို့ လျှောက်သွားလိုက်သည်။

တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်သဖြင့် ရှကျင်းရှန်လည်း သူ့အိတ်ကပ်ထဲမှ တောက်ပနေသော ဖိတ်စာနှစ်စောင်ကို ဆွဲထုတ်လိုက်သည်။

"ဟေ့ကောင်.. ပရဟိတညစာစားပွဲကို ကြည့်ချင်လို့လား။ မင်းမှာ ဒါ ရှိလို့လား"

ရှကျင်းရှန်းက သူ ခက်ခက်ခဲခဲရယူထားသော ဖိတ်စာကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြလိုက်သည်။

မွဲတေနေသည့် ယဲ့ချန်းလိုလူတွင် ဖိတ်စာရှိမည်မဟုတ်ကြောင်း သူ သေချာပေါက် ယုံကြည်ထားသည်။

ရှကျင်းရှန်က မောက်မာစွာ ဆိုလေသည်။

"မင်းကိုယ်မင်း တက္ကစီဒရိုင်ဘာမှန်း သိနေမှတော့ ကိုယ့်ကိုယ်ကိုယ်လည်း သိသင့်တယ်နော်။ ဒါက မင်းလာလို့ရတဲ့ နေရာမျိုးမို့လို့လား"

ရှကျင်းရှန်၏စကားကို ကြားသောအခါ နာမည်ကြီးပုဂ္ဂိုလ်များနှင့် ကြယ်ပွင့်များအားလုံးလည်း ခေါင်းညိတ်ထောက်ခံကြသည်။

ဤပွဲမှာ အဆင့်မြင့်ပရဟိတညစာစားပွဲတစ်ခု ဖြစ်သည်။

တက်ရောက်လာသူများမှာ အနည်းဆုံး ယွမ်တစ်သန်းခန့် လှူဒါန်းကြရသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်ကရော လှူနိုင်ပါ့မလား။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. ခင်ဗျားက ချောပေမယ့် ဒီနေရာက ခင်ဗျားနဲ့ မသက်ဆိုင်ဘူးလေ"

"ဟုတ်တယ်.. ပြန်သွားလိုက်ပါ။ ရုပ်ရည်ချောပေမယ့် ဒီနေရာမှာ နေဖို့အတွက် နောက်ခံအင်အားလည်း လိုသေးတယ်လေ"

ယဲ့ချန်းက ကျီလိကားကို မောင်းနှင်လာပြီး တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေသောကြောင့် လူအများအပြားက သူ့ကို အထင်အမြင်သေးလေဟန် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ယဲ့ချန်းကမူ လူအုပ်ကြီးကို ဂရုမစိုက်ပါဘဲ စုဝမ်ယိ၏လက်ကိုဆွဲကာ ကော်ဇောနီပေါ်သို့ ဖြတ်လျှောက်သွားသည်။

ဝင်ပေါက်တွင် ဝန်ထမ်းနှစ်ယောက်က ဖိတ်စာများကို စစ်ဆေးနေသည်။

ရှကျင်းရှန်လည်း စိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်းကို လက်ညှိုးထိုး၍ အော်ပြောလိုက်၏။

"လုံခြုံရေးတွေ.. ဒီကောင်လေးကို တားလိုက်စမ်း။ သူ့မှာ ဖိတ်စာမရှိဘူး"

ဝန်ထမ်းများ၏ အကြည့်များအားလုံး ယဲ့ချန်းထံသို့ ကျရောက်သွားသည်။

ယဲ့ချန်းသည် ဤနေရာသို့ ရောက်ဖူးသဖြင့် ဝန်ထမ်းများအားလုံး သူ့ကို မှတ်မိနေကြသည်။

ယဲ့ချန်းကို မြင်သောအခါ သူတို့ တုန်လှုပ်သွားကြပြီး တစ်ပြိုက်နက်တည်း ဦးညွှတ်လိုက်၏။

"မင်္ဂလာပါ သူဌေး"

"သူဌေးလား"

ဝန်ထမ်းများ၏ ခေါ်ဝေါ်ပုံကို ကြားသောအခါ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရှကျင်းရှန်မှာ ပို၍ပင် ဆွံ့အသွားရသည်။

ယဲ့ချန်းက ဝန်ထမ်းများကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ့အနေနှင့် သိပ်ထင်ပေါ်ချင်လှသည် မဟုတ်ပေ။

ဝန်ထမ်းများက သူ့အကြည့်ကို မြင်သောအခါ သူတို့သူဌေးက သိုသိုသိပ်သိပ်နေရခြင်းကို နှစ်သက်ကြောင်း ပြောထားဖူးသည်ကို သတိရမိသဖြင့် သူတို့၏စကားကို အမြန်ပြင်လိုက်ကြသည်။

"သြော်.. တက္ကစီသခင်လေးယဲ့ကိုး။ မင်္ဂလာပါ"

လူအုပ်ကြီးမှာ လန့်ဖျပ်သွားကြသည်။

သို့သော် ဝန်ထမ်းများက သူတို့စကားကို ပြင်ပြောလိုက်ချိန်ဝယ် သူတို့အားလုံး သက်ပြင်းချနိုင်သွားသည်။

"ဪ.. တက္ကစီဒရိုင်ဘာသူဌေးကို ပြောတာကိုး။ ဒီဝန်ထမ်းတွေ စကားပြောတာကလည်း တစ်မျိုးကြီးပဲ"

တက္ကစီဒရိုင်ဘာတစ်ယောက်ကို သူဌေးလို့ ခေါ်ရအောင် ဘာတွေများဖြစ်နေတာလဲ။

ယဲ့ချန်းက ရယ်မောလိုက်၏။

"မင်းတို့သူဌေးက ငါ့ကို ပွဲတက်ဖို့ဖိတ်ထားလို့ပါ။ ငါ ဝင်လို့ရမလား"

ဝန်ထမ်းများမှာ ဆွံ့အသွားကြသည်။

ကောင်းပါပြီ။ ခင်ဗျားက သူဌေးပါ။ အရမ်းအံ့သြဖို့ကောင်းပါတယ်။ ခင်ဗျားသဘောပါပဲ...

ယဲ့ချန်းက သူဌေးဖြစ်နေသဖြင့် သူပြောသည်မှာလည်း မမှားပေ။

သူ့ကိုယ်သူ ပြန်ဖိတ်သည်ဆိုခြင်းမှာ အလွန်သေသပ်လှသော အကွက်ပင်။

ဝန်ထမ်းများကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဝင်လို့ရပါတယ်ဗျ။ ကြွပါ"

ထိုအချိန်ကျမှသာ လူအများက ယဲ့ချန်းသည် သူဌေးနှင့် သိနေသောကြောင့် တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်သည့်တိုင် ဤပွဲသို့ တက်ရောက်နိုင်ခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။

အစောကပင် ရှကျင်းရှန် လန့်သွားခဲ့သော်ငြား ယဲ့ချန်းသည် တက္ကစီဒရိုင်ဘာတစ်ယောက်သာဖြစ်ကြောင်း ကြားလိုက်ရချိန်ဝယ် မျက်ခုံးပင့်လိုက်မိသည်။

ဟေ့ကောင်.. မင်းက ဒီပွဲကိုတောင် လာရဲမှတော့ ငါ မင်းကို ကောင်းကောင်း အရှက်ခွဲပြမယ်...

All Chapters