← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အပိုင်း ၅၀၅ - ဘာလို့ ငါမဟုတ်ရတာလဲ

အကြီးအကဲလုက ရိုရိုသေသေဖြင့် ပြောလိုက်သည်။

"အားလုံးကို မိတ်ဆက်ပေးပါရစေ။ မစ္စတာယဲ့ချန်းက ကျွန်တော်တို့ပြတိုက်ရဲ့ ပိုင်ရှင်ပါ"

အကြီးအကဲလု၏စကားကို ကြားပြီးနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ဤလူငယ်လေးက အစောကမှ သူသည် တက္ကစီဒရိုင်ဘာတစ်ယောက်ဟု ပြောနေခဲ့သည်မဟုတ်လော။

မထင်မှတ်ထားပါဘဲ သူသည် ပြတိုက်၏ သူဌေး ဖြစ်နေခဲ့သည်။

ဤပြတိုက်၏ တန်ဖိုးကို လူတိုင်း သိကြသည်။ အံ့အားသင့်စရာကောင်းလှသော နောက်ကွယ်ရှိ ပိုင်ရှင်က အစောကပင် သူတို့ အထင်သေးခဲ့ကြသည့် တက္ကစီဒရိုင်ဘာဖြစ်နေလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ကြပေ။

ယဲ့ချန်းလည်း လေလံစင်မြင့်ပေါ်သို့ တက်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဆင်မြန်း၍ မိုက်ခရိုဖုန်းကိုကိုင်ကာ ပြောလိုက်သည်။

"တောင်တန်းဒေသက ကလေးတွေကိုယ်စား မစ္စတာရှကျင်းရှန်ရဲ့ ရက်ရောတဲ့လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ တောင်ပေါ်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကူညီဖို့အတွက် ဒီရန်ပုံငွေ၁.၃ဘီလျံထဲက တစ်ပြားမချန်သုံးသွားမှာပါ"

ထိုစကားများကို နားထောင်ရင်း ရှကျင်းရှန်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရသည်။

အစမှအဆုံးထိတိုင် သူ့ကို အရူးတစ်ယောက်နှယ် လှည့်စားသွား​ကြောင်း ရုတ်တရက်ဆိုသလို သူ သဘောပေါက်သွားသည်။

ဤကျောက်စိမ်းဆံထိုးကို ဝယ်ယူနိုင်ရန်အတွက် ရှကျင်းရှန်သည် ယဲ့ချန်းနှင့် အချိန်အတော်ကြာအောင် အပြိုင် လေလံဆွဲခဲ့ရသည်။

လက်စသတ်တော့ ထိုလူသည် အစကတည်းက ပြတိုက်ပိုင်ရှင် ဖြစ်နေခဲ့ပေသည်။

ငတုံးတစ်ယောက်နှယ် အရူးလုပ်ခံလိုက်ရသော်လည်း ရှကျင်းရှန်သည် မိုက်မဲသူတစ်ယောက်တော့ မဟုတ်ပေ။

သူ လှည့်စားခံလိုက်ရကြောင်း လူပုံအလယ်တွင် သူ ဗြောင်မဝန်ခံရဲပေ။

အကယ်၍ ဤကိစ္စသာ သတင်းပေါက်ကြားသွားပါက သူတို့၏အသိုင်းအဝိုင်းထဲတွင် ဟာသတစ်ခု ဖြစ်သွားမည်မှာ သေချာသည်။

ထို့ကြောင့် ရှကျင်းရှန်လည်း ကြိတ်မှိတ်၍သာ ခံလိုက်ရတော့သည်။

သူ့ရင်ထဲတွင်မူ အမှန်တကယ် နာကျင်နေပေသည်။ ဤသည်မှာ ၁.၃ဘီလျံပင်။

ယဲ့ချန်းက ကျောက်စိမ်းဆံထိုးကို ရှကျင်းရှန်ထံသို့ အပြုံးလေးဖြင့် ကမ်းပေးရင်း ပြောလာလေသည်။

"မစ္စတာရှ အားလုံးကို စကားလေးတစ်ခွန်း နှစ်ခွန်းလောက် မပြောချင်ဘူးလား"

ရှကျင်းရှန်၏ အကြည့်တို့က စုဝမ်ယိဆီသို့ ကျရောက်သွားသည်။

ပိုက်ဆံအမြောက်အများ အကုန်အကျခံထားရသည်ဖြစ်ရာ မျက်နှာပန်းလှအောင်တော့ လုပ်ရမည်။

"ပထမဆုံးအနေနဲ့ မျှော်ခင့်ခြင်းပရောဂျက်ကို ထောက်ပံ့ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ တကယ်တော့ ဒီ၁.၃ဘီလျံကို သုံးစွဲရတာ တန်တယ်လို့ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော့်ရဲ့ မေတ္တာစေတနာဖြစ်ပြီး ဆင်းရဲတဲ့ဒီကလေးတွေရဲ့ ဘဝကို တိုးတက်ကောင်းမွန်စေနိုင်တဲ့အတွက် ကျွန်တော့်ကိုလည်း အရမ်းပျော်ရွှင်စေပါတယ်"

ရှကျင်းရှန်က အလွန်ပါးနပ်သည်ဟု ဆိုရပေမည်။

ယဲ့ချန်းထံမှ လှည့်စားခံလိုက်ရသည်မှာ သိသာနေသော်လည်း သူသည် အောင်မြင်ပြီး စေတနာထက်သန်သော ပရဟိတသမားတစ်ဦး၏ အသွင်အပြင်ဖြင့် သူ့ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခဲ့သည်။

ထို့နောက် ရှကျင်းရှန်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စုဝမ်ယိကို ကြည့်လိုက်သည်။

"ဒီနေ့ ကျွန်တော် ဒီကျောက်စိမ်းဆံထိုးကို ဝယ်လိုက်တာက ကျွန်တော် အချစ်ရဆုံး မိန်းကလေးကို လက်ဆောင်ပေးဖို့ပါ"

ရှကျင်းရှန်က သူ(မ)ကို ချစ်မြတ်နိုးစွာ ကြည့်နေကြောင်း စုဝမ်ယိ သိသော်လည်း အကြည့်လွှဲကာ မမြင်ချင်ယောင်ဆောင်နေခဲ့သည်။

သို့သော် ထိုအချိန်တွင် ပိထင်ထင်သည် ရှကျင်းရှန်၏ ဘေးနားသို့ အမြန်ပြေးသွားခဲ့သည်။

သူ(မ)က ဂုဏ်ယူဝင့်ကြွားနေပြီး စိတ်လှုပ်ရှားနေဟန်အမူအရာဖြင့် ခေါင်းမော့ထားသည်။

ရှကျင်းရှန်က ဒီကျောက်စိမ်းဆံထိုးကို ငါ့အတွက် ဝယ်ပေးတာပဲ ဖြစ်ရမယ်။

ပိထင်ထင်က "တွေ့လား။ ငါ့လူကလည်း ချမ်းသာတယ်"ဟု ဆိုလိုချင်သည့်အလား ယဲ့ချန်းကိုပင် လှောင်​သလိုကြည့်လိုက်သေးသည်။

ထိုအချိန်ဝယ် သတင်းထောက်များက ရှကျင်းရှန်ကို ဓာတ်ပုံရိုက်ကြလေတော့သည်။

ပိထင်ထင်ကမူ ဂိုက်ဖမ်းလိုက်သေးသည်။

လက်ရှိအချိန်တွင် ပိထင်ထင်သည် သူ(မ)ကိုယ်သူ(မ) မင်းသမီးလေးတစ်ပါးနှယ် ခံစားနေရသည်။

ဘေးနားတွင် အစွမ်းကုန်ကြွားဝါနေသော ပိထင်ထင်ကိုကြည့်ရင်း ရှကျင်းရှန်မှာ သူ(မ)ကို ကန်ထုတ်ပစ်ချင်စိတ်ပေါက်သွားသည်။

မင်းလို ရုပ်ဆိုးဆိုးအရူးမက ငါ့ဘေးနားလာပြီး ဘာတွေတွန့်လိမ်နေတာလဲ။

ရှကျင်းရှန်သည် ပိထင်ထင်ကို လှည့်ပင်မကြည့်ပါဘဲ ပရိသတ်ထဲရှိ စုဝမ်ယိကို ပြင်းပြသော စိတ်ခံစားချက်ဖြင့် ပြောလိုက်သည်။

"ကျွန်တော်ပြောတဲ့ မိန်းကလေးက မိန်းကလေးစုဝမ်ယိပါ"

ထိုသို့ပြောရင်း ရှကျင်းရှန်သည် စုဝမ်ယိထိုင်နေသော နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

အကြောင်းမှာ လူတိုင်းက ပိထင်ထင်တစ်ယောက် အစွမ်းကုန်ကြွားဝါနေသည်ကို မြင်ခဲ့ရသဖြင့် ရှကျင်းရှန်သည် ထိုကျောက်စိမ်းဆံထိုးကို သူ(မ)အား ပေးလိမ့်မည်ဟု ထင်ခဲ့ကြသောကြောင့်ပင်။

မထင်မှတ်ထားပါဘဲ တခြားတစ်ယောက်ကို ပေးနေခြင်းသာ။

ဒါက ဘယ်လိုအချိုးမျိုးလဲ။ ဝယ်ထားတဲ့ လက်ဝတ်ရတနာက သူ့အမျိုးသမီးအဖော်အတွက် မဟုတ်ဘူးတဲ့လား။

ထိုလူများအားလုံး လုံးဝကြောင်အသွားကြသည်။

အစောကမှ ဂုဏ်ယူဝင့်ကြွားနေခဲ့သော ပိထင်ထင်မှာမူ ရှကျင်းရှန်၏ စကားကို ကြားပြီးနောက် ချက်ချင်းပင မျက်နှာငယ်သွားရှာသည်။

မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ရှကျင်းရှန်ကို မေးခွန်းထုတ်လိုက်သည်။

"ဘာလို့လဲ။ ဘာလို့ သူဖြစ်ရတာလဲ။ ကျွန်မက ရှင့်ကောင်မလေးလေ။ ဒီကျောက်စိမ်းဆံထိုးက ကျွန်မကို ပေးရမှာပေါ့"

ရှကျင်းရှန်က စက်ဆုပ်ရွံရှာလေဟန်ဖြင့် ပြောလိုက်၏။

"မင်းက ဘာမို့လို့လဲ။ မင်းရဲ့ ရုပ်ဆိုးဆိုး မျက်နှာက ဒီကျောက်စိမ်းဆံထိုးနဲ့ တန်တယ်လို့များ ထင်နေတာလား"

ပိထင်ထင်မှာ လုံးဝစိတ်ဓာတ်ကျသွားပြီး ရှကျင်းရှန်ကို လက်ညှိုးထိုးလိုက်သည်။

"ကျွန်မက ရှင့်ကောင်မလေးလေ။ ဘာလို့ ကျွန်မ မဖြစ်နိုင်ရတာလဲ။ ဒီပရဟိတပွဲကို ကျွန်မ ရှင့်နောက်က လိုက်လာပေးတာလေ။ ဒါပေမဲ့ ရှင်က ကျောက်စိမ်းဆံထိုးကို တခြားမိန်းကလေးကို ပေးတယ်ဆိုတော့ ဒါဘာသဘောလဲ"

ရှကျင်းရှန်ကမူ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ကောင်မလေးတဲ့လား။ မင်းက အရန်လူအဆင့်ပဲ ရှိတာ။ ဝမ်ယိနဲ့ယှဉ်ရင် မှန်ကြည့်ဖို့တောင် မတန်ဘူး"

ပိထင်ထင်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ်ပင်။

သို့ဆိုလျှင် ရှကျင်းရှန်၏ရင်ထဲတွင် သူ(မ)က အရန်လူတစ်ယောက်မျှသာ ဖြစ်နေချေသည်။

ယခုအချိန်တွင်မူ ပိထင်ထင်မှာ အကြီးအကျယ် ဒေါသထွက်နေပြီဖြစ်၏။

အစက လူကုံထံမိသားစုမှ ယဲ့ချန်းက သူ(မ)ကို အထင်သေးခဲ့သည်။

နောက်ဆုံးတွင်မူ ရှကျင်းရှန်ကို တွယ်ကပ်နိုင်ခဲ့သော်ငြား အပိုလူတစ်ယောက်သာ ဖြစ်နေခဲ့ပြန်သည်။

"နင်တို့လူယုတ်မာတွေ... ဒီနေ့ ငါနဲ့ နင်တို့ သူသေကိုယ်သေပဲ"

ပိထင်ထင်ခမျာ အလွန်အထိနာသွားပြီး ဒေါသကြီးသော စုန်းမကြီးတစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားတော့သည်။

ထို့နောက် ပိထင်ထင်က ရှကျင်းရှန်အပေါ် ခပ်ကြမ်းကြမ်းခုန်အုပ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက် လုံးထွေးသတ်ပုတ်ကြတော့သည်။

"ဒီအရူးမ...ငါ့ပေါ်က ဆင်းစမ်း"

ရှကျင်းရှန်လည်း ပိထင်ထင်ကို တွန်းဖယ်ရန် ကြိုးစားလိုက်သည်။

သို့သော် အသိစိတ်လွတ်နေပြီဖြစ်သော ပိထင်ထင်က ရှကျင်းရှန်၏လက်မောင်းကို ကိုက်ချလိုက်သည်။

နာကျင်သွားသဖြင့် ရှကျင်းရှန်၏ လက်ထဲရှိ သေတ္တာလည်း ​ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ခွမ်း!

သေတ္တာထဲရှိ ကျောက်စိမ်းဆံထိုးမှာ ပြုတ်ကျလာပြီး အပိုင်းအစများစွာအဖြစ် ကွဲကြေသွားတော့သည်။

ကြမ်းပြင်ပေါ်တွင် ကွဲကြေသွားသော ကျောက်စိမ်းဆံထိုးကို မြင်လိုက်ရသောအခါ ရှကျင်းရှန်ခမျာ ရူးမတတ် ဒေါသ​ထွက်သွားသည်။

ဤသည်မှာ သူ ၁.၃ဘီလျံ အကုန်အကျခံထားရသော ကျောက်စိမ်းဆံထိုးပင်။ ယခုတော့ ကွဲကြေသွားလေပြီ။

ထိုအချိန်တွင် လုံခြုံရေးများက စင်မြင့်ပေါ်သို့ အပြေးအလွှား ရောက်ချလာပြီး သူတို့နှစ်ယောက်ကို ဆွဲခွာလိုက်ကြသည်။

လတ်ရှိအချိန်တွင် ရှကျင်းရှန်သည် ပိထင်ထင်ထံမှ ကုတ်ခြစ်ခံထားရသောကြောင့် တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေပြီး ​ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းဆံထိုးကလည်း အပိုင်းပိုင်းအစစဖြစ်နေခဲ့သည်။

သေလိုက်ပါတော့... ဒါက ၁.၃ဘီလျံတောင် ပေးရတယ်လေ။ အခုတော့အလကားဖြစ်သွားပြီ။

ရှကျင်းရှန်မှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မတတ်ပင်။

သူက စုဝမ်ယိရှိရာသို့ လှမ်းကြည့်လိုက်သော်လည်း ယဲ့ချန်းနှင့် စုဝမ်ယိတို့မှာ သူသတိမထားမိချိန်ကပင် ထွက်သွားကြသည်။

မြွေပါလည်းဆုံး၊ သားလည်းဆုံးရလေပြီ။ ၁.၃ဘီလျံမှာ အလဟဿလွှင့်ပစ်လိုက်ရပြီး နောက်ဆုံးတွင်မူ ဘာတစ်ခုမှ အဖတ်မတင်ခဲ့ပေ။

ယဲ့ချန်းနှင့် စုဝမ်ယိတို့မှာမူ အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်တွင် အတူစားသောက်ဖြစ်ကြသည်။

ထိုအချိန်တွင် အကြီးအကဲလုထံမှ ဖုန်းဝင်လာခဲ့သည်။

ဤလေလံပွဲမှာ ပစ္စည်းပေါင်းလေးဆယ်ကျော် ပါဝင်ခဲ့ပြီး စုစုပေါင်းရန်ပုံငွေ၃.၈ဘီလျံရရှိခဲ့သည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"ရှကျင်းရှန် ပြဿနာမရှာဘူးလား"

အကြီးအကဲလုက သရော်လိုက်၏။

"သူ ခုနကတင် ပိုက်ဆံပြန်အမ်းဖို့ ကျွန်တော်နဲ့ ငြင်းခုံနေသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ သက်သေတွေရှိတယ်လေ။ သူ့ဘာသာ တရားရုံးကိုပဲသွားသွား ကျွန်တော်တို့ကတော့ ဘာမှကြောက်စရာမရှိပါဘူး"

ယဲ့ချန်းလည်း တဟားဟားရယ်မောလိုက်သည်။

"အကြီးအကဲလု... ခင်ဗျား ပင်ပန်းသွားပြီ"

အကြီးအကဲလုက ပြန်ဖြေရှာသည်။

"သူဌေးယဲ့က ပါးနပ်တာပါ။ အရင်တုန်းကဆိုရင် လေလံပွဲတွေမှာ အလှူငွေက အများဆုံး သန်းသုံးဆယ်လေးဆယ်လောက်ပဲ ရခဲ့တာ။ အခုတော့ ကျွန်တော်တို့သမိုင်းတစ်လျှောက် ရန်ပုံငွေအများဆုံးရခဲ့တာပဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ဒီကလေးတွေအတွက် တစ်ခုခုလုပ်ပေးနိုင်တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီပိုက်ဆံတွေကို ကျောင်းဆောင်တွေ များများဆောက်ဖို့နဲ့ အကောင်းဆုံးပစ္စည်းတွေကိုပဲ သုံးရမယ်နော်"

အကြီးအကဲလုက ပြောလိုက်သည်။

"စိတ်ချပါ။ ဒီကိစ္စကို ကျွန်တော် သေချာ ကိုင်တွယ်ဖြေရှင်းပေးပါ့မယ်"

ယဲ့ချန်းနှင့် စုဝမ်ယိတို့ ညစာစားပြီးနောက် သူသည် စုဝမ်ယိအား အိမ်သို့ ကားဖြင့် လိုက်ပို့ပေးခဲ့သည်။

စုဝမ်ယိသည် လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်လေးကိုကိုင်ရင်း အလွန်ပျော်ရွှင်နေပေသည်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက ပြုံးလိုက်၏။

"ဘာတွေ အားနာနေတာလဲ။ ဒီလောက်လှတဲ့ လက်ကောက်လေးကို ပေးတဲ့အတွက် ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ"

စုဝမ်ယိခမျာ မျက်နှာလေး ရဲတက်သွားပြီး ယဲ့ချန်း၏ပါးပြင်ကို ရှက်ရဲရဲဖြင့် နမ်းပြီးနောက် ကားထဲမှ ပြေးထွက်သွားတော့သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းနိုင်တဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ရွှေရောင်လူသစ်ရှာဖွေရေးစနစ်ကို ဆုလာဘ်အဖြစ် ရရှိပါတယ်]

လူသစ်ရှာဖွေရေးဆိုသည်မှာ အရည်အချင်းရှိသူများကို ရှာဖွေခေါ်ယူခြင်းကို ဆိုလိုသည်။

ယဲ့ချန်းသည် စနစ်မှတစ်ဆင့် အရည်အချင်းရှိသူများကို ခေါ်ယူနိုင်ပြီဖြစ်၏။

ဤစနစ်က အံ့မခန်းပင်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဘာလိုအပ်နေသလဲ။

ပါရမီရှင်များပင်။

ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းထဲတွင် သတင်းသတိပေးချက်တစ်ခု တက်လာသည်။

ထိုသတင်းမှာ သုန်းရှောင်ယာ၏ ယခင်အလုပ်ရှင်ထံမှ ထုတ်ပြန်ချက်တစ်ခုပင်။

ထိုထုတ်ပြန်ချက်တွင် အလင်းနှင့်အရိပ် ရုပ်ရှင်နှင့်ရုပ်သံလုပ်ငန်းစုကို ဝန်ထမ်းများခိုးယူခေါ်ဆောင်သည့် နည်းဗျူဟာများနှင့် ယုတ်မာသော ယှဉ်ပြိုင်မှုများ ပြုလုပ်သည်ဟု စွပ်စွဲထားသည်။

တစ်ဖက်လူက အလွယ်တကူလက်လွှတ်မည်မဟုတ်ကြောင်း ယဲ့ချန်း သိထားသော်လည်း လက်တုံ့ပြန်မှုက ဤမျှမြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

•••••••••••••••

အပိုင်း ၅၀၆ : ယဲ့ချန်း၏ တန်ပြန်တိုက်ခိုက်မှု

နောက်တစ်နေ့တွင် ယဲ့ချန်း ရုပ်ရှင်ဆက်လက်ရိုက်ကူးခဲ့သည်။

ဤသည်မှာ အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုပင်။

မွန်းလွဲပိုင်းတစ်လျှောက်လုံး လူတိုင်း အပြင်းအထန် ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးအခန်းတစ်ခန်းသာ ကျန်တော့လေသည်။ ထိုအခန်းကပင် အခက်ခဲဆုံးဖြစ်၏။

ဇာတ်လိုက်မင်းသားသည် သစ်ပင်ပေါ်တွင် တွဲလောင်းခိုပြီး လေထဲတွင် အလွန်မိုက်လှသော ဓားရေးပြကွက်များကို သရုပ်ဆောင်ရမည်ဖြစ်၏။

ရိုက်ကူးရေး စတင်လိုက်ချိန်တွင် ကျိုးဖာ၏ လှုပ်ရှားမှုများက သေသပ်တိကျလှ၏။ သူ့လှုပ်ရှားမှုများက ချောမွေ့သွက်လက်နေသဖြင့် ယဲ့ချန်းမှာ ကြည့်ရင်း အလွန်သဘောကျနေခဲ့သည်။

သို့သော် ထိုအချိန်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။

"ကတ်"

ယဲ့ချန်း ချက်ချင်းဒေါသထွက်သွားသည်။

ဤအခန်းကို တစ်ကြိမ်တည်းနှင့် ရိုက်ကူးပြီးစီးသွားမည်ဆိုလျှင် အကောင်းဆုံးရလဒ် ထွက်ပေါ်လာမည်ဖြစ်၏။ ပြီးတော့မည့်ဆဲဆဲမှာပင် လူတစ်ယောက်က ရပ်ခိုင်းလိုက်သည့်အတွက် ရိုက်ကူးရေးတစ်ခုလုံး ပျက်စီးသွားရသည်။

"ဘယ်သူက ရပ်ခိုင်းလိုက်တာလဲ"

ယဲ့ချန်း ဤလူ့ကို သည်းခံနေခဲ့သည်မှာ ကြာလှလေပြီ။

သုန်းပေါ်က ရှင်းပြလိုက်၏။

"ခုနက သူ့လှုပ်ရှားမှုတွေက နည်းနည်း တောင့်တင်းနေတယ်လို့ ခံစားရလို့ပါ"

"ငါကတော့ လှုပ်ရှားမှုတွေက တော်တော်သဘာဝကျတယ်လို့ ထင်တာပဲ"

"သဘာဝကျတယ်ပေါ့။ ဒါက မင်းအထင်လေ။ ငါက ရုပ်ရှင်ကားပေါင်း ဘယ်လောက်တောင်ရိုက်ခဲ့ပြီးပြီလဲ သိလား"

သုန်းပေါ်က သူ့အတွေ့အကြုံများကို ထုတ်သုံးကာ အနိုင်ယူနေပြန်သည်။

ဤတစ်ကြိမ်တွင်မူ ယဲ့ချန်းလည်း စိတ်မထိန်းထားနိုင်တော့ဘဲ ပြောချလိုက်သည်။

"သုန်းပေါ်... ဘာပဲဖြစ်ဖြစ် ငါက ဒီရုပ်ရှင်ရဲ့ပင်မဒါရိုက်တာလေ။ ဘယ်လိုရိုက်ရမလဲဆိုတာ ငါဆုံးဖြတ်မယ်။ တခြားဘယ်သူမှ ဆရာဝင်လုပ်နေစရာ မလိုဘူး"

သုန်းပေါ်က အေးစက်စက် ရယ်မောလိုက်သည်။

"ကောင်းပြီလေ။ မင်းကိုယ်မင်း သိပ်တော်တယ်လို့ထင်နေမှတော့ ငါ မလုပ်တော့ဘူးကွာ။ ရပြီလား"

ထိုသို့ပြောပြီးနောက် သုန်းပေါ်က မတ်တတ်ထရပ်ကာ သူ့အထုပ်အပိုးများကို ယူ၍ ထွက်သွားလေတော့သည်။

လူတော်တော်များများက သူ့ကို တားချင်ခဲ့သော်လည်း မတားနိုင်ခဲ့ကြပေ။

ယဲ့ချန်းကတော့ သုန်းပေါ်ကိုတားဖို့ လုံးဝ စိတ်ကူးမရှိပေ။

ဤလူ တစ်ခုခုတော့ မှားယွင်းနေသည်ဟု သူ ခံစားမိသည်။

ဤလူက ကူညီဖို့ ရောက်လာခြင်းမဟုတ်ဘဲ ပြဿနာလာရှာခြင်းပင်။

သုန်းပေါ်သည် ရုပ်ရှင်မြို့တော်မှ ကားမောင်း၍ ထွက်သွားခဲ့သည်။

မီနီဗင်ကားထဲတွင် သုန်းပေါ်သည် ဖုန်းထုတ်လိုက်၏။

"ဥက္ကဋ္ဌဝူ... ကျွန်တော် ခုနကတင် ယဲ့ချန်းကို တမင်သက်သက် ပြဿနာရှာပြီး ရိုက်ကူးရေးအဖွဲ့ထဲက ထွက်လာခဲ့ပြီ"

သုန်းပေါ်က သရော်ပြုံး ပြုံးလိုက်သည်။

"ကောင်းတယ်။ နောက်ကျရင် အဲဒီကောင်လေးကို ငါတို့ပေါင်းပြီး သေချာပညာပေးကြတာပေါ့"

သုန်းပေါ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"အဲဒီကောင်လေးက ပိုက်ဆံနည်းနည်းရှိတာနဲ့ သူ့ကိုယ်သူ ဟုတ်လှပြီထင်ပြီး မောက်မာနေတာ။ ဒီတစ်ခါတော့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သူ့ကို ပညာပေးလိုက်မယ်"

ဝူကောက သရော်လိုက်၏။

"ဒီတစ်ခါတော့ မင်းကို သေချာကျေးဇူးဆပ်ရမယ်။ နောက်နှစ်သစ်ကူးရုပ်ရှင်ကားမှာ မင်းကို ပင်မဒါရိုက်တာအဖြစ် ခန့်မယ်ကွာ"

သုန်းပေါ်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌဝူ"

ဝူကောနှင့် သူပြောဆိုနေသော စကားများကို ယဲ့ချန်းက ခိုးနားထောင်ထားပြီဖြစ်ကြောင်း သုန်းပေါ် လုံးဝထင်မထားပေ။

အစောက သုန်းပေါ် ထွက်သွားပြီးနောက် ယဲ့ချန်းသည် ဟက်ကာနည်းပညာများကို အသုံးပြု၍ သုန်းပေါ်၏ဖုန်းကို ကြားဖြတ်နားထောင်ခဲ့သည်။

ထင်ထားသည့်အတိုင်းပင်။ ဤကိစ္စ၏နောက်ကွယ်မှာ လူတစ်ယောက် ရှိနေခဲ့သည်။

ဝူကော။

ပြီးခဲ့သည့်တစ်ခေါက်က သုန်းရှောင်ယာကို ဖြုတ်ချမည့် ဝူကော၏အစီအစဉ်ကို ယဲ့ချန်းက ဟန့်တားခဲ့သည့်အတွက် တစ်ဖက်လူက အငြိုးထားနေခဲ့ခြင်းပင်။

ယခုမူ သူသည် ယဲ့ချန်းကို ပြဿနာရှာရန် သုန်းပေါ်ကို လာဘ်ထိုးထားသည်ဖြစ်ရာ နောက်ထပ်အစီအစဉ်များလည်း သေချာပေါက်ရှိနေဦးမည်ဖြစ်၏။

သုန်းပေါ်သည် "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ပေ။

သုန်းရှောင်ယာမှလွဲ၍ ဤရုပ်ရှင်တွင် နာမည်ကြီး သရုပ်ဆောင်များလည်း တစ်ယောက်မှ မပါဝင်ပေ။

မအောင်မြင်မည့်ရုပ်ရှင်ကို ရိုက်ကူးနေမည့်အစား ဝူကောနှင့် ပူးပေါင်းခြင်းကသာ ပိုကောင်းသည်ဟု သူ ယူဆခဲ့သည်။

ယဲ့ချန်းလည်း မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဝူကောဆီမှာ ဘယ်လိုလှည့်ကွက်များ ရှိနေသေးသလဲဆိုသည်ကို သိချင်သွားသည်။

နောက်တစ်နေ့တွင်မူ လျှို့ဝှက်ချက်က ပေါ်လာခဲ့သည်။

ဖျော်ဖြေရေးအစီအစဉ်အချို့က "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ရိုက်ကူးရေးအဖွဲ့အတွင်းမှ ပဋိပက္ခများကို ဖော်ထုတ်ခဲ့ကြပြီး ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာတို့ ရိုက်ကွင်းတွင် ပြဿနာတက်ကာ လက်ထောက်ဒါရိုက်တာသုန်းပေါ်က မိမိသဘောဖြင့် ထွက်ခွာသွားကြောင်း သတင်းလွှင့်ခဲ့ကြသည်။

ထို့ပြင် သုန်းပေါ်သည် သတင်းထောက်များနှင့် အင်တာဗျူးများကိုလည်း လက်ခံဖြေဆိုခဲ့သည်။

"ယဲ့ချန်းက လုံးဝအပျော်တမ်းသမားပါ။ ကျွန်တော်သာမပါရင် ဒီရုပ်ရှင်က ဒီအဆင့်အထိတောင် ရောက်လာမှာ မဟုတ်ဘူး။ ရုံတင်ရင် ဒီရုပ်ရှင်ကို မကြည့်ကြဖို့ အားလုံးကို အကြံပေးချင်ပါတယ်။ သေချာပေါက် နောင်တရလိမ့်မယ်"

သုန်းပေါ်၏ အင်တာဗျူးကို ကြည့်ပြီးနောက် ယဲ့ချန်း၏ အကြည့်များက အနည်းငယ် အေးစက်သွားသည်။

ငါ့ကို အသရေဖျက်ဖို့ ကြိုးစားနေတာလား။ ယဲ့ချန်းက အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား။

ထိုညတွင် ယဲ့ချန်းသည် အိမ်ပြန်ကာ သုန်းပေါ်၏ ဖုန်းကို ဟက်ခ်လိုက်သည်။

သူ တွေ့လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားခဲ့သည်။

ဖုန်းထဲတွင် မဖွယ်မရာဗီဒီယိုများမှာ ရေတွက်၍မရအောင် ရှိနေချေသည်။

ထိုဗီဒီယိုထဲတွင် ရုပ်ရှင်ကျောင်းမှ ကျောင်းသူများနှင့် မော်ဒယ်ပေါက်စများ ပါဝင်ပြီး ကြည့်ရဆိုးသော မြင်ကွင်းများလည်း ပါဝင်နေပေသည်။

ဒီအဘိုးကြီးက တော်တော်ကဲတာပဲ။

လက်ထောက်ဒါရိုက်တာရာထူးကို အသုံးချပြီး မင်းသမီးများကို အမြတ်ထုတ်နေခဲ့သည်။

အရေးအကြီးဆုံးမှာ ဤအဘိုးကြီးတွင် မိန်းမရှိနေခြင်းပင်။

သုန်းပေါ်က ဆိုရှယ်မီဒီယာပေါ်တွင် သာယာအေးချမ်းသော သူ့အိမ်ထောင်ရေးကို မကြာခဏ ကြွားဝါလေ့ရှိပြီး သူ့ကိုယ်သူလည်း ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ပုံဖော်ထားသည်။

နောက်ကွယ်တွင် ဤမျှညစ်ပတ်စက်ဆုပ်ဖွယ်ကောင်းသည့် လုပ်ရပ်များကို လုပ်လိမ့်မည်ဟု မည်သူမှထင်ထားမည်မဟုတ်ပေ။

ယဲ့ချန်း ဗီဒီယိုများကို ကြည့်နေစဉ် လင်းဝမ်ယိုက အနောက်မှ လျှောက်လာခဲ့သည်။

အသံက အလွန်ဆွဲဆောင်မှုရှိနေသောကြောင့် ယဲ့ချန်းမှာ နားကြပ်တပ်ပြီး ကြည့်နေခဲ့သည်။

ထိုအချိန်တွင် သူ့အနောက်ရှိ လှုပ်ရှားမှုကို ယဲ့ချန်း အာရုံခံမိလိုက်သည်။

လင်းဝမ်ယိုက ယဲ့ချန်း၏ကွန်ပျူတာကို ရှက်ရွံ့စွာ ကြည့်နေချေသည်။

"သခင်လေး.. ရှင် တကယ်ပဲ ဒီလိုမျိုးတွေကို ကြည့်နေတာလား"

ယဲ့ချန်းလည်း အနည်းငယ်ရှက်သွားပြီး အမြန်ရှင်းပြလိုက်သည်။

"မင်းထင်သလို မဟုတ်ပါဘူး။ ဒီနေ့ ကိုယ့်ကို အသရေဖျက်သွားတဲ့ ဒါရိုက်တာကို မင်း သိတယ်မလား။ ဒါတွေက သူ့အကြောင်း ကိုယ်စုဆောင်းထားတဲ့ အရှုပ်တော်ပုံတွေပါ"

လင်းဝမ်ယိုကလည်း တစ်ချက်ကြည့်လိုက်သည်။ သူ(မ)လည်း မနက်တုန်းက သုန်းပေါ်အကြောင်း သတင်းများကို တွေ့ခဲ့သည်။

"ဒီအဘိုးကြီးက တော်တော်ရွံစရာကောင်းတာပဲ။ တလောကမှ တီဗီအစီအစဉ်တွေမှာ သူ့အချစ်တွေကို ထုတ်ကြွားနေတာ ကျွန်မ မြင်လိုက်သေးတယ်"

ယဲ့ချန်း ရယ်မောလိုက်မိသည်။

"သူက ကိုယ့်ကို နာမည်ဖျက်ချင်နေမှတော့ သူ့ကိုလည်း တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရမှာပေါ့"

မြန်ဆန်လှသော လက်ကွက်ရိုက်ချက်များနှင့်အတူ ယဲ့ချန်းသည် သူ့ကွန်ပျူတာပေါ်တွင် ကုတ်အမြောက်အမြားကို ရိုက်ထည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ပေါက်ကွဲအားပြင်းသော သတင်းကြီးတစ်ခု ပျံ့နှံ့သွားခဲ့သည်။

"ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ရုပ်ရှင်ဒါရိုက်တာများ၏ အချင်းများမှုသတင်းက ရေပန်းစားစာရင်းထဲသို့ ဝင်ရောက်လာခါစသာ ရှိသေးသည်။

ယခုမူ သူ့နည်းသူ့ဟန်ဖြင့် နာမည်ရနေသော သုန်းပေါ်က နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲသည့်အလား သတင်းကြီးတစ်ခုဖြင့် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်ပြန်သည်။

သုန်းပေါ်၏ ဆိုရှယ်မီဒီယာတွင် ဖော်ပြ၍မရနိုင်လောက်အောင် ဆိုးဝါးသော ဗီဒီယိုပေါင်းများစွာဖြင့် ပြည့်နှက်သွားခဲ့သည်။

အဓိကဇာတ်ကောင်က သုန်းပေါ်ကိုယ်တိုင်ဖြစ်ပြီး မိန်းကလေးများကတော့ မတူညီကြပေ။

ထိုဗီဒီယိုများမှာ အွန်လိုင်းပေါ်တွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

"သေစမ်း။ အဘိုးကြီးသုန်းက တယ်စွမ်းပါလား"

"ဒီဗီဒီယိုတွေက အရမ်းဟော့လွန်းနေပြီ"

"ဒီလူက တလောကမှ သူ့မိန်းမကိုချစ်ကြောင်းတွေ ကြေညာနေခဲ့တာလေ။ အဘိုးကြီးသုန်းက မိန်းမလိုက်စားတဲ့လူကိုး"

"ငါတော့ သေတော့မှာပဲ။ ဒီလူက အရမ်းညစ်ပတ်လွန်းတယ်။"

...

သုန်းပေါ် သတိထားမိချိန်တွင်မူ ထိုဗီဒီယိုများကို ဖျက်ပစ်ရန် နောက်ကျသွားခဲ့လေပြီ။

သူ့ဗီဒီယိုများမှာ ပင်မကွန်ရက်များအားလုံးတွင် ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။

သုန်းပေါ်အတွက် အစော်ကားခံရဆုံးအပိုင်းမှာ ဤအရာအားလုံးက သူ့ကိုယ်ပိုင်ဖုန်းမှ တင်ထားခြင်းပင်။

သို့သော် ဖုန်းက သူ့အနားတွင် အမြဲရှိနေချေသည်။ သို့ဆိုလျှင် ဤဗီဒီယိုများကို မည်သို့ တင်လိုက်သလဲ။

တစ်ခုတည်းသော ဖြေရှင်းချက်မှာ လက်ချော်သွားခြင်းသာ ဖြစ်မည်။

ဝက်ဘ်ဆိုက်တစ်ခုကပင် ထိုသတင်းကို ခေါင်းကြီးပိုင်းအဖြစ် အသုံးပြုခဲ့သည်။

"သုန်းပေါ် လက်ချော်သွားပြီး သူ့အရှုပ်တော်ပုံကို သူကိုယ်တိုင် ဖော်ကောင်လုပ်မိ"

ဗီဒီယိုများက အလွန်ညစ်ညမ်းလွန်းသောကြောင့် တာဝန်ရှိသူများက အမြန်ဖျက်ပစ်ခဲ့ကြသည်။

သို့သော် ဤဗီဒီယိုများမှာ စကားပြောဂရုများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ပျံ့နှံ့နေခဲ့သည်။

သုန်းပေါ်မှာ ရူးမတတ်ဖြစ်နေတော့သည်။

အစတုန်းက သူသည် ဇနီးသည်ကို ချစ်မြတ်နိုးပြီး အလိုလိုက်တတ်သော ခင်ပွန်းကောင်းတစ်ဦးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားခဲ့လေရာ ဤဗီဒီယိုများက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။

သူ့ဇနီးသည်ကပင် ကွာရှင်းခွင့်တောင်းခဲ့သဖြင့် သူ့အိမ်ထောင်ရေးလည်း ကမောက်ကမဖြစ်သွားရတော့သည်။

ဤအရာအားလုံး၏ နောက်ကွယ်တွင် ယဲ့ချန်း ရှိနေကြောင်း သုန်းပေါ် လုံးဝထင်မထားခဲ့ပေ။

ဤဖြစ်ရပ်အပြီးတွင် သုန်းပေါ်လည်း ဖျော်ဖြေရေးလောကတွင် ရပ်တည်နိုင်ခြင်း မရှိတော့ပေ။

ယဲ့ချန်း၏ နောက်ပစ်မှတ်မှာ ဝူကောဖြစ်သည်။

ပြီးခဲ့သည့်တစ်ခေါက်က ယဲ့ချန်းသည် ဝူကောကို အရေးမစိုက်ခဲ့ပေ။

အကယ်၍ ဝူကောသာ ကောင်းကောင်းနေမည်ဆိုလျှင် ယဲ့ချန်းကလည်း သူ့ကို ပြဿနာရှာမည်မဟုတ်ပေ။

သို့သော် ယခုမူ ထိုလူက ပြဿနာလာရှာနေပြီဖြစ်ရာ ယဲ့ချန်းကိုလည်း ရက်စက်သည်ဟု အပြစ်တင်၍မရနိုင်တော့ပေ။

ယဲ့ချန်းက လင်းဝမ်ယိုကို ဖုန်းခေါ်လိုက်သည်။

"ဝမ်ယို... ကောင်းကင်တေးသီချင်းရုပ်ရှင်နှင့်ရုပ်သံလုပ်ငန်းစုက နာမည်ကြီးအနုပညာရှင်တွေကို စာရင်းပြုစုဖို့ ကိုယ့်ကို ကူညီပါဦး"

လင်းဝမ်ယိုမှာ အံ့အားသင့်သွားလေသည်။

"ဒီစာရင်းကို ဘာလုပ်ဖို့လဲ"

ယဲ့ချန်းက ရယ်မောလိုက်၏။

"သူတို့က ကိုယ့်ကို နောက်ကွယ်ကနေ နာမည်ဖျက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ အွန်လိုင်းပေါ်က လူတွေကို သွေးထိုးပြီး ကိုယ်က သူတို့ဝန်ထမ်းတွေကို ခိုးယူတယ်လို့ အသရေဖျက်ခိုင်းနေတာလေ။ ကောင်းပြီ။ ဒီတစ်ခါတော့ တကယ့်ခိုးယူခံရတယ်ဆိုတာ ဘာမှန်း သူတို့ကို ပြပေးလိုက်မယ်"

လင်းဝမ်ယို မျက်မှောင်ကြုတ်လိုက်မိသည်။

"သခင်လေး.. ဝူကောရဲ့ အနုပညာရှင်တွေအားလုံးက စာချုပ်မှာ လက်မှတ်ထိုးထားကြတာလေ။ တစ်ယောက်နှစ်ယောက်လောက်ကို ခေါ်ယူဖို့တော့ ဖြစ်နိုင်ပေမဲ့ အကုန်လုံးကိုခေါ်ဖို့တော့ ခက်လိမ့်မယ်"

ယဲ့ချန်းက တဟားဟားရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့။ ကိုယ့်မှာ နည်းလမ်းရှိပါတယ်"

လူသစ်ရှာဖွေရေးစနစ်ဖြင့်ဆိုလျှင် အနုပညာရှင်များကို ခေါ်ယူခြင်းမှာ ယဲ့ချန်းအတွက် အလွန်လွယ်ကူရိုးရှင်းလှသော ကိစ္စတစ်ရပ်ပင်။

•••••••••••••••••

အပိုင်း ၅၀၇ : ကျောက်စိမ်းလောက၏ ဆရာတစ်ဆူ

လင်းဝမ်ယို၏ အလုပ်လုပ်နှုန်းမှာ အလွန်မြန်ဆန်လှသည်။

သူ(မ)သည် ယဲ့ချန်းအတွက် လိုအပ်သည့် စာရင်းဇယားများကို အချိန်တိုအတွင်း ပြုစုပေးခဲ့သည်။

ကောင်းကင်တေးသီချင်း ရုပ်ရှင်နှင့်ရုပ်သံလုပ်ငန်းစု၏ ထိပ်တန်းမင်းသားမှာ နိုင်ငံတကာအဆင့်မီ စူပါစတားတစ်ဦးဖြစ်သူ လျိုဟွားပင်။

ထို့ပြင် အလွန်အရည်အချင်းရှိကြသည့် ပထမတန်းစားနှင့် ဒုတိယတန်းစား နာမည်ကြီးသရုပ်ဆောင်များစွာလည်း ရှိနေသေးသည်။

ယဲ့ချန်းလည်း စနစ်၏ လူသစ်စုဆောင်းရေးလုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။

ထို့နောက် လျိုဟွား၏အမည်ကို ရှာဖွေလိုက်သည်။

လျိုဟွား၏ အချက်အလက်များမှာ စနစ်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

သူသည် ဟွားနိုင်ငံ၏ ရုပ်ရှင်ဧကရာဇ်တစ်ဦးဖြစ်ရုံသာမက ဂီတလောကတွင်လည်း အလွန်ခိုင်မာသော နေရာတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်၏။

ယဲ့ချန်းမှာ လျိုဟွားကို ရွေးချယ်ရန် နှိပ်လိုက်သည်။

[တင်! စနစ်က ပိုင်ရှင့်အတွက် ရုပ်ရှင်နှင့် ဂီတပါရမီရှင်လျိုဟွားကို စတင်စည်းရုံးနေပါပြီ။ လျိုဟွားက သုံးရက်အတွင်း ပိုင်ရှင်ရဲ့ကုမ္ပဏီကို လာသတင်းပို့ပါလိမ့်မယ်]

တကယ်ပဲ ဒီလောက်တောင် လွယ်တာလား။

ဤလူသစ်စုဆောင်းရေးဆော့ဖ်ဝဲလ်ကို ကြည့်ရင်း ယဲ့ချန်း အနည်းငယ်အံ့အားသင့်သွားသည်။

တစ်ချက်နှိပ်လိုက်ရုံဖြင့် လျိုဟွားက နောက်သုံးရက်အတွင်း အလင်းနှင့်အရိပ်ရုပ်ရှင်ထုတ်လုပ်ရေးသို့ ရောက်လာမည်ဟု သူ မထင်ထားခဲ့ပေ။

ထိုအချိန်မှာပင် သူ့ဖုန်းထဲသို့ သတိပေးချက်တစ်ခု ဝင်လာသည်။

နာမည်ကြီးမင်းသားလျိုဟွား သရုပ်ဆောင်ထားသည့် "ကောင်းကင်သူခိုး"ရုပ်ရှင်ကားက အကြီးအကျယ် အောင်မြင်နေပြီး ယခုနှစ်ရာသီ၏ ဝင်ငွေအကောင်းဆုံးစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

ယဲ့ချန်း၏နှုတ်ခမ်းများမှာ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်မိသည်။

ဤရုပ်ရှင်၏အောင်မြင်မှုကြောင့် လျိုဟွား၏ ကျော်ကြားမှုမှာ ပိုမိုမြင့်တက်လာမည်ဖြစ်ပြီး သူ့ဈေးကွက်တန်ဖိုးလည်း ပိုကြီးမားလာလိမ့်မည်။

မနက်ခင်းတွင် လင်းဝမ်ယိုသည် ယဲ့ချန်းအတွက် မနက်စာပြင်ဆင်ပေးခဲ့သည်။

"မစ္စတာယဲ့... လူသစ်ခန့်အပ်တဲ့ကိစ္စတွေကို ကျွန်မပဲ စီစဉ်ပေးရမလား"

လင်းဝမ်ယိုက မေးလိုက်လေသည်။

ယဲ့ချန်းကမူ ခေါင်းခါလိုက်၏။

"မလိုပါဘူး။ ကိုယ်ပဲ ဖြေရှင်းလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ"

လင်းဝမ်ယိုက ခေါင်းညိတ်ပြသည်။

"ဗွီအာမျက်မှန်တွေကတော့ ဈေးကွက်ထဲကို စမ်းသပ်ရောင်းချမှု စတင်နေပါပြီ။ ပထမအသုတ် အကြိုမှာယူမှုတွေလည်း လုပ်ပြီးပြီ။ ဗွီအာအလုံးရေတစ်သိန်းလုံး ချက်ချင်းကုန်သွားတယ်"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီ။ ထုတ်လုပ်ရေးကို အရှိန်မြှင့်လိုက်ပါ။ ဒုတိယအသုတ်ကိုလည်း အချိန်မရွေး ဈေးကွက်ထဲဖြန့်နိုင်အောင် ပြင်ထား။ ဂိမ်းဒီဇိုင်းအဖွဲ့ကိုလည်း အလုပ်မြန်မြန်လုပ်ခိုင်းလိုက်ပါ။ နောက်ထွက်မယ့် ဂိမ်းတွေက စက်တွေနဲ့ အမီလိုက်နိုင်ဖို့ လိုတယ်"

"စိတ်ချပါ သခင်လေး"

လင်းဝမ်ယို ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းမှာ တက္ကစီကို နှစ်နာရီခန့်မောင်းနှင်ပြီးနောက် ရိုက်ကွင်းသို့ ထွက်လာခဲ့သည်။

သို့သော် ရိုက်ကွင်းသို့ ရောက်သောအခါ ယဲ့ချန်း သတင်းဆိုးတစ်ခု ကြားလိုက်ရသည်။

လော့ရှောင်ဟူအဖြစ် သရုပ်ဆောင်မည့် ဇာတ်ပို့မင်းသားက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် နှုတ်ထွက်သွားသည်။

လော့ရှောင်ဟူသည် ဤရုပ်ရှင်တွင် ဒုတိယမြောက် အရေးအကြီးဆုံး ဇာတ်ကောင်ဖြစ်၏။

ထိုလူက ဤသို့ ရုတ်တရက်သစ္စာဖောက်သွားလိမ့်မည်ဟု ယဲ့ချန်း မထင်ထားခဲ့ပေ။

သူ့ကို ဝူကောက ကမ်းလှမ်းပြီး ဆွဲခေါ်သွားခြင်းဖြစ်မည်။

ထိုအချိန်တွင် ဖျော်ဖြေရေးသတင်းဌာနများမှာလည်း ဆူညံပွက်လောရိုက်နေကြသည်။

"ဝပ်တွားနေသောကျား၊ ​ပုန်းကွယ်နေသောနဂါးရဲ့ ဇာတ်ပို့မင်းသားဟာ အပျော်တမ်းဒါရိုက်တာကို သည်းမခံနိုင်တော့တဲ့အတွက် ဒေါသတကြီးနဲ့ ထွက်ခွာသွားခဲ့ပါတယ်"

"ဇာတ်ပို့မင်းသားလော့ဂန် ရိုက်ကူးရေးအဖွဲ့က ထွက်သွားခဲ့တာကြောင့် ဝပ်တွားနေသောကျား ပုန်းကွယ်နေသောနဂါးရုပ်ရှင်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်သွားပြန်ပါတယ်"

ယဲ့ချန်းကတော့ အွန်လိုင်းပေါ်မှ ဝေဖန်သံများကို တုံ့ပြန်ခြင်း မပြုခဲ့ပေ။

သူ့တွင် နတ်ဘုရားအဆင့် ဒါရိုက်တာစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူ့ရိုက်ကူးရေးစွမ်းရည်မှာ မည်သည့်နိုင်ငံတကာဒါရိုက်တာထက်မဆို မနိမ့်ကျကြောင်း သူကိုယ်တိုင် သိသည်။

သူ့ကို အပျော်တမ်းသမားဟု ခေါ်နေကြသတဲ့လား။

ရယ်စရာကောင်းလွန်းလှသည်။

ထို့ပြင် ယဲ့ချန်းသည် လော့ရှောင်ဟူနေရာတွင် အစားထိုးရန် လျိုဟွားကို ရွေးချယ်ပြီးသားပင်။

အကယ်၍ ဤရုပ်ရှင်တွင် လျိုဟွားသာ ပါဝင်လာခဲ့လျှင် ရုပ်ရှင်၏ဂုဏ်သတင်းမှာ အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်၏။

ယဲ့ချန်းက ဤရုပ်ရှင်ဖြင့် ဟောလိီးဝုဒ်ဆုများကို ဆွတ်ခူးရန် ရည်မှန်းထားသဖြင့် သရုပ်ဆောင်အဖွဲ့မှာ ပိုမိုတောင့်တင်းလေ သူ့အောင်မြင်နိုင်ခြေကလည်း ပိုမိုမြင့်မားလေလေပင်။

ရိုက်ကူးပြီးနောက် ယဲ့ချန်းလည်း တက္ကစီ ဆက်မောင်းခဲ့သည်။

"ဒီနေ့မှာတော့ မိုတုမြို့မှာရှိတဲ့ နာမည်ကြီး ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ထျန်းပေါင်ဟိုတယ်ဟာ ပိုးဟပ်ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်"

သတင်းကြေညာချက်ကို ကြားလိုက်ရသည့်အခါ ယဲ့ချန်း အံ့သြသွားသည်။

ထျန်းပေါင်ဟိုတယ်ဟူသော အမည်က သူနှင့် အလွန်ရင်းနှီးနေသလိုပင်။

သူ့ယခင်ဘဝတွင်လည်း ထျန်းပေါင်ဟိုတယ်သည် ဤကဲ့သို့သော ပိုးဟပ်ပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း ယဲ့ချန်း မှတ်မိလိုက်သည်။

သို့သော် ထိုပြဿနာမှာ အဆိုးထဲက အကောင်းဖြစ်သွားခဲ့သည်။

စစ်ဆေးမှုများအပြီးတွင် ဟိုတယ်၏ ကောင်းမွန်လှသော ဝန်ဆောင်မှုများကြောင့် မီချယ်လင်းကြယ်သုံးပွင့် အဆင့်သတ်မှတ်ချက်ကို ရရှိခဲ့ပြီး ဟွားနိုင်ငံ၏ ထိပ်တန်းဟိုတယ်သုံးလုံးထဲမှ တစ်လုံးဖြစ်လာခဲ့သည်။

ယဲ့ချန်းလည်း ခရီးသည်တင်လိုက်လေရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကားပေါ်သို့ တက်လာကြသည်။

ထိုအမျိုးသမီးမှာ အလွန်ထိတ်လန့်နေပုံရပြီး အမျိုးသားမှာမူ ကြမ်းတမ်းခက်ထန်သော ပုံစံရှိသည်။

သူတို့ ကားပေါ်တက်လာသည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ယဲ့ချန်း ခံစားမိလိုက်သည်။

ကိုယ်ရေးမှတ်တမ်းစနစ်ကို သုံး၍ ရှာဖွေကြည့်လိုက်လေရာ အခြေအနေကို သဘောပေါက်သွားသည်။

ထိုအမျိုးသမီးသည် အမျိုးသား၏ ပြန်ပေးဆွဲခြင်းကို ခံထားရခြင်းဖြစ်ပြီး ဓားထောက်ထားသောကြောင့် ဘာအသံမှ မထွက်ရဲခြင်းပင်။

ယဲ့ချန်းက တည်ငြိမ်စွာ ကားမောင်းနေရင်း ကျိုးစုစုထံသို့ လျှို့ဝှက်စာတစ်စောင် ပို့လိုက်သည်။

"ကားပေါ်မှာ လူဆိုးတစ်ယောက် ပါလာတယ်။ နောက်မိနစ်နှစ်ဆယ်ကျရင် ပုသုန်းလမ်းက ဟက်ပီးဟိုတယ်ကို ရောက်မယ်"

ရဲများနှင့်အတူ ကင်းလှည့်နေသော ကျိုးစုစုသည် ယဲ့ချန်း၏ ဝီချက်မက်ဆေ့ချ်ကို ရုတ်တရက် လက်ခံရရှိလိုက်သည်။

သူ(မ)၏ မျက်နှာအမူအရာကား ချက်ချင်းပြောင်းလဲသွားပြီး အထူးရဲတပ်ဖွဲ့ကို အမြန်ဆက်သွယ်လိုက်တော့သည်။

မိနစ်နှစ်ဆယ်ကြာသော် ယဲ့ချန်း၏ကားက ဟိုတယ်ရှေ့သို့ ဆိုက်ရောက်လာသည်။

ယဲ့ချန်းက ပြုံးလိုက်၏။

"တက္ကစီအထူးဝန်ဆောင်မှုက ကြိုဆိုပါတယ်။ ကျွန်တော့်ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ပေးပါဦးဗျ"

အမျိုးသမီးက ထိုစကားကို ကြားသောအခါ အမျိုးသားကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုအမျိုးသားက နှာခေါင်းရှုံ့လိုက်၏။

"ဘာကြယ်ငါးပွင့်လဲ။ ငါ့အချိန်တွေကို လာမဖြုန်းနဲ့"

ထိုသို့ပြောပြီးနောက် သူက ထိုအမျိုးသမီးကို ကားပေါ်မှ အတင်းဆွဲချသွားတော့သည်။

ပတ်ပတ်လည်တွင် အရပ်ဝတ်ရဲများ ရှိနေသည်ကို ယဲ့ချန်း ကားထဲက မြင်လိုက်ရသည်။

ဟိုတယ်တံခါးဝတွင် ကြိုဆိုရေးဝန်ထမ်းအဖြစ် ဟန်ဆောင်နေသူမှာ ကျိုးစုစုပင်။

ရဲတပ်ဖွဲ့ဝင်များမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှားလှသည်။

ပြန်ပေးသမားက အမျိုးသမီးကို ကားပေါ်မှ ခေါ်ထုတ်လာခဲ့သည်။

သို့သော် သူ့လက်ထဲရှိ ဓားမှာမူ ထိုအမျိုးသမီး၏ခါးတွင် ထောက်ထားဆဲပင်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရဲများမှာ စွန့်စားပြီး အလောတကြီး မလှုပ်ရှားရဲကြကြောင်း ယဲ့ချန်း နားလည်လိုက်သည်။

သူလည်း ပိုက်ဆံအိတ်တစ်လုံးကို ကောက်ကိုင်ကာ ကားပေါ်ကဆင်းပြီး သူတို့နောက်သို့ လိုက်သွားခဲ့သည်။

ခြေသံကြားရသောအခါ ထိုလူဆိုးမှာ အလွန်သတိကြီးသွားသည်။

သို့သော် ယဲ့ချန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"ဆရာ... ဆရာ့ရဲ့ပိုက်ဆံအိတ် ကားပေါ်မှာ ကျန်ခဲ့လို့ပါ"

"ပိုက်ဆံအိတ်လား"

ထိုလူဆိုးမှာ ခေတ္တမျှကြောင်သွားသည်။

သူသည် ပိုက်ဆံလိုနေသူဖြစ်၏။ ဤအမျိုးသမီးကို ပြန်ပေးဆွဲရခြင်းမှာလည်း သူ(မ)၏ခင်ပွန်းမှာ ကုမ္ပဏီပိုင်ရှင်ဖြစ်ကြောင်း သိထားသောကြောင့်ပင်။

ပိုက်ဆံက သူ့လက်ထဲသို့ အသာလေးရောက်လာတော့မည်ဆိုလျှင် သူကတော့ ယူလိုက်ရုံပင်။

လူဆိုးက ပိုက်ဆံအိတ်ကို လှမ်းယူလိုက်ချိန်မှာပင် ယဲ့ချန်း၏မျက်လုံးများ မှေးကျဉ်းသွားပြီး ထိုလူ၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်ထားလိုက်သည်။

ထိုလူလည်း မျက်နှာပျက်သွားပြီး မခုခံနိုင်ခင်မှာပင် အချိန်နှောင်းသွားခဲ့လေပြီ။

ယဲ့ချန်းမှာ ကျွမ်းကျင်လှသော ဖမ်းချုပ်နည်းဖြင့် ထိုလူကို ​ကြမ်းပြင်ပေါ်သို့ ဖိချလိုက်တော့သည်။

ထိုအချိန်မှာပင် ကျိုးစုစုနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာကြသည်။

လူဆိုးကို လက်ထိပ်ခတ်ပြီးနောက် ကျိုးစုစုက ပြောလာသည်။

"ယဲ့ချန်း... ရှင် ကျွန်မတို့ရဲတပ်ဖွဲ့ထဲကို ဝင်သင့်တယ်နော်"

ယဲ့ချန်း၏ဖမ်းချုပ်ပုံမှာ အလွန်အထင်ကြီးစရာကောင်းလှပြီး အထူးရဲတပ်ဖွဲ့ဝင်များပင် ထိုသို့ခက်ခဲလှသော လှုပ်ရှားမှုကို ပြုလုပ်ရန် ခဲယဉ်းလှသည်။

ယဲ့ချန်းကတော့ ရယ်မောလျက်သာ။

"ရဲတပ်ဖွဲ့ထဲဝင်ဖို့ကတော့ ထားလိုက်ပါဦး။ ကိုယ့်မှာ ဒီထက်ပိုအရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိသေးတယ်"

ကျိုးစုစုမှာ အနည်းငယ်အံ့သြသွားလေသည်။

"ဘာက ပိုအရေးကြီးလို့လဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"တက္ကစီမောင်းရဦးမယ်လေ"

ကျိုးစုစုခမျာ ဆွံ့အသွားလေသည်။

အနားရှိ ရဲများမှာလည်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။

ရဲအရာရှိဆိုသည်မှာ အစိုးရဝန်ထမ်း အလုပ်ဖြစ်ပြီး တက္ကစီမောင်းရခြင်းထက် အများကြီးပိုကောင်းသည် မဟုတ်ပါလော။

ထိုအမျိုးသမီးက ကျေးဇူးတင်စကား ဆိုလာချေသည်။

"ကျွန်မကိုကယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို။ ကျေးဇူးဆပ်တဲ့အနေနဲ့ ဘယ်လောက်လိုချင်သလဲသာ ပြောပါ။ ကျွန်မခင်ပွန်းကို ပေးခိုင်းလိုက်ပါ့မယ်"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။

"ပိုက်ဆံကိစ္စက အသာထားလိုက်ပါ။ ကျွန်တော့်ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်လေးပဲ ပေးပါ"

ထိုစကားကို ကြားသောအခါ အမျိုးသမီးခမျာ ခေတ္တမျှကြောင်အသွားသည်။

သို့သော် သူ(မ) ဖုန်းထုတ်ကာ ယဲ့ချန်းအတွက် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကိုဂုဏ်ပြုပါတယ်။ စတုတ္ထမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် 'ကျောက်စိမ်းလောက၏ ဆရာတစ်ဆူ'စွမ်းရည်ကို ရရှိပါပြီ]

ကျောက်စိမ်းကျောက်ရိုင်းတွေနဲ့ လောင်းကစားလုပ်တာလား။

ကျောက်ရိုင်းတစ်တုံးကို ဖြတ်လိုက်တိုင်း နိဗ္ဗာန်နှင့် ငရဲလို ကွာခြားတတ်ကြောင်း ယဲ့ချန်း ကြားဖူးသည်။

ယခု သူသည် ကျောက်စိမ်းလောက၏ ဆရာတစ်ဆူ ဖြစ်လာပြီဆိုလျှင် စမ်းကြည့်သင့်သည်။

ထိုအချိန်မှာပင် မလှမ်းမကမ်းတွင် ကျောက်စိမ်းမြို့တော် ရှိနေသဖြင့် ယဲ့ချန်း သူ့ကံကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကားပါကင်ထိုးပြီးနောက် ယဲ့ချန်းလည်း ကျောက်စိမ်းမြို့တော်ထဲသို့ လှမ်းဝင်သွားခဲ့သည်။

အထဲတွင် လူများဖြင့် စည်ကားနေသည်။ ပထမထပ်မှာ ကျောက်စိမ်းအရောင်းဆိုင်များဖြစ်ပြီး ဒုတိယထပ်မှာတော့ ကျောက်ရိုင်းများဖြင့် လောင်းကစားလုပ်သည့် နေရာပင်။

တချို့မှာ ပျော်ရွှင်နေကြပြီး အချို့မှာမူ မျှော်လင့်ချက်အပြည့်ရှိနေကြသော်လည်း အများစုမှာမူ စိတ်ပျက်အားငယ်နေသော မျက်နှာများဖြင့်သာ ရှိနေကြသည်။

"ယဲ့ချန်း... ရှင် ဒီကိုဘာလာလုပ်တာလဲ"

အနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ချန်း လှည့်ကြည့်လိုက်လရာ လီရုန်ရုန့်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။

"ရုန်ရုန်... မတွေ့ရတာကြာပြီနော်။ မင်းက ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတာ မဟုတ်ဘူးလား။ ကျောက်စိမ်းမြို့တော်ကို ဘာလာလုပ်တာလဲ"

လီရုန်ရုန်က ပြောလိုက်၏။

"ကျွန်မမောင်နဲ့အတူ လိုက်လာတာပါ"

ထိုအချိန်မှာပင် မလှမ်းမကမ်းမှ မောက်မာလှသော အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"လီရွှိုက်... မင်း လောင်းရဲလား။ မလောင်းရဲဘူးလား"

"လောင်းတာပေါ့။ ငါကလည်း မင်းကို မကြောက်ပါဘူး။ ဒီကျောက်ရိုင်းတုံးကိုပဲ လောင်းကြမယ်။ ရှုံးတဲ့လူက ဆယ်သန်း ပေးရမယ်"

"ကောင်းပြီလေ... သတ္တိရှိသားပဲ"

လီရုန်ရုန်ခမျာ မျက်နှာပျက်သွားပြီး ယဲ့ချန်းကို ကပျာကယာပြောလိုက်သည်။

"ယဲ့ချန်း... ခဏစောင့်ဦးနော်"

သူ(မ)က ချောမောခန့်ညားသော လူငယ်လေးတစ်ဦးထံသို့ ပြေးသွားပြီး ပြောလိုက်သည်။

"လီရွှိုက်... ငါပြောထားတယ်မဟုတ်လား။ ကျောက်စိမ်းလောင်းကစားလုပ်တာက ဆယ်ခါမှာ ကိုးခါရှုံးတတ်တယ်လို့"

All Chapters