အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
အပိုင်း ၅၀၈ : မင်းကိုယ်စား ငါလောင်းပေးမယ်
လီရွှိုက်က နှာမှုတ်လျက် ပြောလိုက်သည်။
"အစ်မ... ကျွန်တော် အဲဒီကောင်ရဲ့ မောက်မာတဲ့အချိုးကို ကြည့်မရလို့ပါဗျာ"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လီရုန်ရုန်ကို လှောင်ပြောင်လေဟန် အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းတို့လီမိသားစုက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပါလား။ ကျောက်စိမ်းလောင်းကစားလုပ်တာကိုတောင် ဒီလောက်အထိ သတိထားနေရတယ်လို့"
"ဝေ့ရှန်း... ခင်ဗျား ဘာပြောလိုက်တာလဲ။ ကျွန်တော် ခင်ဗျားနဲ့ လောင်းထားတယ်မဟုတ်ဘူးလား။ အခုချက်ချင်း ကျောက်ကို ဖြတ်ကြည့်လိုက်"
ယဲ့ချန်း၏အကြည့်ကား ကျောက်ရိုင်းတုံးပေါ်သို့ ကျရောက်သွားပြီးနောက် ရုတ်တရက်ဆိုသလို သူ့မျက်လုံးများမှာ ကျောက်တုံးအတွင်းပိုင်းကို ဖောက်ထွင်းမြင်နိုင်သွားသလို ခံစားလိုက်ရသည်။
လီရွှိုက်၏ ကျောက်တုံးထဲတွင် အစိမ်းရောင်နည်းနည်းမျှသာ ပါရှိပြီး ထိုလူကြီး၏ ကျောက်တုံးထဲတွင်မူ သစ်ကြားသီးအရွယ်အစားခန့်ရှိသော ကျောက်စိမ်းအစိမ်းရောင်အစုအဝေးတစ်ခု ပါဝင်နေသည်။
ဒါက ကျောက်စိမ်းလောကရဲ့ ဆရာတစ်ဆူစွမ်းရည်များလား။
အထင်ကြီးချင်စရာပဲ။
ဤပွဲမှာ လီရွှိုက် သေချာပေါက် ရှုံးတော့မည်ဖြစ်ကြောင်း ယဲ့ချန်း ချက်ချင်းသိလိုက်သည်။
ထိုအချိန်တွင် ထိုနှစ်ယောက်က ကျောက်တုံးကို ဖြတ်ရန် ပြင်ဆင်နေကြလေပြီ။
ယဲ့ချန်းက လီရုန်ရုန်ကို ပြောလိုက်သည်။
"မင်းရဲ့မောင် ရှုံးဖို့များတယ်"
"ရှုံးမှာလား"
လီရုန်ရုန်ခမျာ အံ့အားသင့်သွားချေသည်။
"သူရှုံးမယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ"
လီရုန်ရုန်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
ယဲ့ချန်းက တဟားဟားရယ်လိုက်သည်။
"အလိုလိုသိစိတ်ကြောင့်ပါ"
လီရွှိုက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"လာစမ်းပါ... ခင်ဗျားကို အမြဲရှုံးနေရလောက်အောင်အထိ ကျွန်တော့်ကံက ဆိုးလိမ့်မယ်လို့ မယုံနိုင်ဘူး"
သူတို့နှစ်ယောက်လည်း ကျောက်တုံးကို စတင်ဖြတ်တောက်ကြသည်။
ပထမဆုံးအနေနှင့် ဝေ့ရှန်းက ကျောက်တုံးကို စတင်ဖြတ်တောက်လိုက်သည်။
ကျောက်ဖြတ်စက် အသံမြည်လာသည်နှင့် ကျောက်ရိုင်းတုံးမှာ တစ်စတစ်စ ပွတ်တိုက်ဖြတ်တောက်ခံလိုက်ရသည်။
"ကြည့်စမ်း... အစိမ်းရောင် ထွက်လာပြီဟေ့"
လူတစ်ယောက်က ရုတ်တရက်အော်ပြောလိုက်သည်။
ဝေ့ရှန်း၏ မျက်နှာထက်တွင် ကျေနပ်ဂုဏ်ယူနေဟန် အမူအရာတစ်ခု ပေါ်လာလေသည်။
"လီရွှိုက်... ငါ့ကျောက်ကတော့ အစိမ်းရောင် ထွက်လာပြီကွ"
သူက ကြွားဝါလိုက်သည်။
ကျောက်တုံးကို ဖြတ်ချလိုက်သောအခါ သစ်ကြားသီးအရွယ်ခန့်ရှိသော ကျောက်စိမ်းတစ်တုံး တကယ်ပေါ်ထွက်လာခဲ့သည်။
လီရွှိုက်လည်း မျက်မှောင်ကြုတ်လျက် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဟွန့်... ဒီလောက်သေးတဲ့ ကျောက်တုံးလေးကိုများ အစိမ်းရောင်ထွက်တယ်လို့ ခေါ်ရဲသေးတယ်ပေါ့။ ကျွန်တော့်ကျောက်က အရည်အသွေးပိုကောင်းပြီး ပိုနက်နဲလိမ့်မယ်"
ကျောက်ဖြတ်သမားက စတင်လုပ်ဆောင်လိုက်လေရာ ရလဒ်မှာ ယဲ့ချန်းခန့်မှန်းထားသည့်အတိုင်းပင် လုံးဝရှုံးသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီရုန်ရုန်လည်း အံ့အားသင့်သွားသည်။
ယဲ့ချန်းက မှန်အောင် ခန့်မှန်းနိုင်ခဲ့သည်။
ယဲ့ချန်းက အလိုလိုသိစိတ်ဟု ပြောခဲ့သော်လည်း အမှန်ပင် အလိုလိုသိစိတ်ကြောင့်လေလား။
ယဲ့ချန်း၏ ရှေးဟောင်းပစ္စည်းများကို အကဲဖြတ်နိုင်သည့် စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် သူသည် သာမန်လူများနှင့် လုံးဝကွာခြားနေကြောင်း လီရုန်ရုန် ခံစားမိသည်။
ကျောက်တုံးမှာ ဘာမှသုံးစားမရသဖြင့် လီရွှိုက်၏မျက်နှာမှာ မှုန်ကုပ်သွားတော့သည်။
ဝေ့ရှန်းကမူ ခပ်ဟဟပြုံးလိုက်သည်။
"ကဲ... မင်းရှုံးသွားပြီဆိုတော့ ဆယ်သန်းကို ငါပဲ ယူလိုက်တော့မယ်"
"ခင်ဗျား..."
လီရွှိုက်ခမျာ ဒေါသတကြီး လက်သီးဆုပ်ထားလိုက်မိသည်။
တစ်ကြိမ်တည်းနှင့် ဆယ်သန်းရှုံးသွားသောကြောင့် သူ့ပိုက်ဆံအားလုံး ကုန်သွားပြီဖြစ်ရာ ပြန်အဖတ်ဆယ်နိုင်မည့် အခွင့်အရေးပင် မကျန်တော့ပေ။
ဝေ့ရှန်းက ပိုမောက်မာလာလေသည်။
"ထပ်လောင်းဦးမလား။ မင်းအဖေလို အကုန်ပြုတ်မသွားလောက်ဘူးလို့ မျှော်လင့်ပါတယ်ကွာ"
"ကျွန်မ ရှင်နဲ့လောင်းမယ်"
လီရုန်ရုန်၏အကြည့်များမှာ အေးစက်သွားပြီး ရှေ့သို့ ထွက်လာခဲ့သည်။
အစတုန်းက လီရုန်ရုန်သည် လောင်းကစားလုပ်ခြင်းကို မနှစ်သက်သော်လည်း တစ်ဖက်လူက သူ(မ)၏ ဖခင်အကြောင်း ထည့်ပြောလာသည်။
ဤသည်မှာ လီရုန်ရုန့်အတွက် လုံးဝသည်းမခံနိုင်သော ကိစ္စပင်။
"အစ်မ"
လီရွှိုက် ကြောင်အသွားသည်။
လီရုန်ရုန်က ပြောလိုက်သည်။
"ဒီတစ်ခါ သန်းနှစ်ဆယ်"
ဝေ့ရှန်းက လီရုန်ရုန့်ကို နောက်ပြောင်လေဟန်အပြုံးဖြင့် ကြည့်လိုက်၏။
"ရုန်ရုန်... ဒီလိုလုပ်ရင်ရော။ မင်းရှုံးသွားရင် ငါ ပိုက်ဆံတစ်ပြားမှမယူဘူးလေ။ အဲဒီအစား ငါ့ရည်းစားလုပ်မလား"
"အမှိုက်ကောင်ဝေ့ရှန်း ခင်ဗျား ဘာတွေ တွေးနေတာလဲ"
လီရွှိုက်က ဆဲဆိုလိုက်သည်။
ဝေ့ရှန်းကမူ အေးစက်စက် သရော်လေသည်။
"မင်းလောင်းချင်ရင် သန်းငါးဆယ်ထက်တော့ မနည်းစေနဲ့"
"ရှင်..."
လီရုန်ရုန်ခမျာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
သန်းငါးဆယ်ဆိုသည်မှာ သူ(မ) မတတ်နိုင်သော ပမာဏပင်။
ယဲ့ချန်းက ခပ်ဖွဖွရယ်မောလိုက်သည်။
"ရုန်ရုန်... ဒီပွဲမှာ မင်းကိုယ်စား ကိုယ်ပဲ လောင်းပေးပါရစေ"
လီရုန်ရုန်က ယဲ့ချန်း၏ သူငယ်ချင်းပင်။ သူ့မျက်စိရှေ့တွင် သူ(မ)ကို တစ်ယောက်ယောက်က အနိုင်ကျင့်နေသည်ကို သူ မည်သို့ခွင့်ပြုနိုင်မည်နည်း။
လီရုန်ရုန်က ယဲ့ချန်းကို လှမ်းကြည့်လိုက်၏။
"ယဲ့ချန်း... ရှင်..."
ယဲ့ချန်း ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့...မရှုံးစေရပါဘူး"
"သန်းငါးဆယ်က နည်းနည်းနည်းနေသလားလို့။ သန်းတစ်ရာလောက် လောင်းကြရင်ရော"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားသည်။
ယဲ့ချန်းက တစ်ချီတည်းနှင့် သန်းတစ်ရာကို ချက်ချင်းလောင်းရဲလောက်သည်အထိ သတ္တိရှိလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။
ဝေ့ရှန်းလည်း ယဲ့ချန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"ကောင်လေး... မင်းက တော်တော်အပြောကြီးပါလား။ မင်းမှာ တကယ်ရော သန်းတစ်ရာရှိလို့လား"
ယဲ့ချန်းကလည်း ခပ်ဟဟရယ်မောလိုက်သည်။
"သေချာပေါက် ရှိတာပေါ့"
"ခင်ဗျားသာလောင်းရဲရင် ပိုက်ဆံကို ကြားခံအာမခံတစ်ယောက်ရဲ့ အကောင့်ထဲကို ကြိုလွှဲထားကြတာပေါ့။ ပြီးရင် ရှုံးတဲ့သူက ပေးလိုက်ရုံပဲလေ။ ဘယ်လိုလဲ"
ဝေ့ရှန်း၏အမူအရာကား မရေမရာဖြစ်သွားချေသည်။
သန်းတစ်ရာဆိုသည်မှာ သူ့အတွက် အလွန်များပြားလှသော ပမာဏပင်။
ယဲ့ချန်းက အတော်ကြာအောင် တိတ်ဆိတ်နေသော ဝေ့ရှန်းကိုကြည့်၍ ရယ်မောလိုက်သည်။
"ကြောက်သွားပြီလား"
ဝေ့ရှန်းသည် သူ့ဂုဏ်သိက္ခာကို ငဲ့ကွက်ကာ ယဲ့ချန်း၏ရန်စမှုကို သည်းမခံနိုင်တော့ဘဲ သရော်လိုက်သည်။
"လောင်းတာပေါ့။ ငါက မင်းကို ကြောက်နေစရာလား"
ထိုအချိန်တွင် အသက်ကြီးကြီးလူတစ်ယောက်က ရှေ့သို့ ထွက်လာခဲ့သည်။
"အကြီးအကဲချန်း... အတော်ပဲ။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် ကြားခံအာမခံပေးပါဦး"
ဝေ့ရှန်းက ပြောလိုက်သည်။
အကြီးအကဲချန်းကလည်း ခေါင်းညိတ်ပြသည်။
"ရပါတယ်။ ငါ ကြားခံလုပ်ပေးပါ့မယ်"
ယဲ့ချန်းက သန်းတစ်ရာလောင်းမည်ဟု ကြားလိုက်ရသောအခါ လီရုန်ရုန်၏အမူအရာကား ပြောင်းလဲသွားသည်။
ဤကိစ္စက ယဲ့ချန်းနှင့် မသက်ဆိုင်ပေ။ သူက သူ(မ)အတွက် ဝင်ပါပေးခြင်းသာ။ နိုင်လျှင် ကိစ္စမရှိသော်လည်း အကယ်၍ ရှုံးသွားခဲ့လျှင်...
"ယဲ့ချန်း... ဒီအတိုင်းပဲထားလိုက်ပါလား"
လီရုန်ရုန်က အကြံပြုလိုက်သည်။
ယဲ့ချန်းကမူ ခပ်ဟဟရယ်မောလိုက်သည်။
"ကိုယ်က ဘာလို့လွှတ်ထားရမှာလဲ။ တစ်ယောက်ယောက်က ကိုယ့်ကို ပိုက်ဆံအလကားလာပေးနေတာကို ဘာဖြစ်လို့ ငြင်းရမှာလဲ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဝမ်ယို... ဒီအကောင့်ထဲကို သန်းတစ်ရာ လွှဲပေးလိုက်ပါ"
ယဲ့ချန်းက အကြီးအကဲချန်း၏ ဘဏ်အကောင့်အချက်အလက်များကို လီရုန်ရုန့်အား ပေးလိုက်သည်။
မကြာခင်မှာပင် အကောင့်ထဲသို့ သန်းတစ်ရာဝင်လာသည်။
ဝေ့ရှန်း၏ ငွေများလည်း အကြီးအကဲချန်း၏ အကောင့်ထဲသို့ လွှဲပြီးသွားပြီဖြစ်၏။
ယဲ့ချန်းက ခပ်ဖွဖွရယ်မောလိုက်သည်။
"ကျွန်တော်တို့ အခု ကျောက်ရိုင်းသွားရွေးလို့ ရပြီလား"
အကြီးအကဲချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒီထဲကနေ မင်းတို့ကြိုက်တဲ့ ကျောက်ရိုင်းတုံးကို ရွေးချယ်နိုင်ပါတယ်"
ဝေ့ရှန်းမှာမူ ကျောက်ရွေးချယ်မည့် နေရာသို့ အမြန်လှမ်းဝင်သွားသည်။
သူ့ပစ်မှတ်မှာ အဆင့်အေကျောက်ရိုင်းဇုန် ဖြစ်သည်။
ရွေးချယ်စရာနေရာတွင် အဆင့်အေ၊ အဆင့်ဘီနှင့် အဆင့်စီဟူ၍ နယ်မြေသုံးခု ရှိသည်။
အဆင့်အေတွင် တစ်သန်းမှ သန်းဆယ်ဂဏန်းနှင့်အထက် တန်ဖိုးရှိသော ကျောက်ရိုင်းများရှိပြီး ကျောက်စိမ်းထွက်နိုင်ခြေလည်း တစ်ရာခိုင်နှုန်းရှိသည်။
အဆင့်ဘီတွင် တစ်သိန်းမှ သန်းဂဏန်းအထိ တန်ဖိုးရှိသော ကျောက်ရိုင်းများ ရှိပြီး ကျောက်စိမ်းထွက်နိုင်ခြေမှာ တစ်ထောင်ပုံတစ်ပုံ ရှိသည်။
အဆင့်စီတွင်မူ တစ်သောင်းမှ တစ်သိန်းကြား တန်ဖိုးရှိသော ကျောက်ရိုင်းများ ရှိပြီး ကျောက်စိမ်းထွက်နိုင်ခြေမှာ တစ်သောင်းပုံတစ်ပုံသာ ရှိသည်။
ထို့ကြောင့် ဝေ့ရှန်းက သဘာဝကျကျပင် အဆင့်အေနယ်မြေသို့ သွားခဲ့ခြင်းပင်။
ယဲ့ချန်းကတော့ အလောတကြီးမလုပ်ပါဘဲ အဆင့်စီနယ်မြေကစ၍ ရှာဖွေမှုများပြုလုပ်ခဲ့သည်။
ယဲ့ချန်း အဆင့်စီနယ်မြေထဲသို့ ဝင်သွားသည်ကို မြင်သောအခါ လူအုပ်ကြီးလည်း တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ကြသည်။
ကြည့်ရသည်မှာ ဤလူငယ်လေးက ကျောက်စိမ်းလောင်းကစားအကြောင်း လုံးဝနားမလည်ဟန်ပင်။
အဆင့်စီနယ်မြေရှိ ကျောက်ရိုင်းများမှာ ဈေးပေါသော်လည်း ကျောက်စိမ်းထွက်နိုင်ခြေမှာ အလွန်အမင်းနည်းပါးလှသည်။
ထို့ပြင် ကျောက်စိမ်းထွက်လာခဲ့လျှင်ပင် အကောင်းဆုံးအရည်အသွေးရှိသည့် ဧကရာဇ်ကျောက်စိမ်းမျိုး ဖြစ်ခဲလှသည်။
သို့သော် လုံးဝမတွေ့နိုင်သည်တော့ မဟုတ်ပေ။ ယခင်က ထိုနေရာတွင် သန်းချီတန်သော ကျောက်ရိုင်းများကို တွေ့ခဲ့ဖူးသော်လည်း နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
ယဲ့ချန်းမှာမူ အဆင့်စီနယ်မြေတစ်ဝိုက်ကို အကဲခတ်ကြည့်လိုက်လေရာ ဖရဲသီးအရွယ်ခန့်ရှိသော ကျောက်ရိုင်းတုံးတစ်တုံးရှေ့တွင် သူ့အကြည့်များကို ရပ်တန့်လိုက်သည်။
သူသည် ထိုကျောက်တုံးကို အတိုင်းမသိ ဝမ်းသာရွှင်မြူးနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ကျောက်စိမ်းလောင်းကစားနတ်ဘုရားစွမ်းရည်ဖြင့် ဖရဲသီးအရွယ်ခန့်ရှိသော ဤကျောက်ရိုင်းတုံးမှာ အတွင်းတွင် အစိမ်းရောင်အပြည့်ရှိနေကြောင်း ယဲ့ချန်း သိလိုက်သည်။
ဒါပဲလေ။
ယဲ့ချန်းလည်း ထိုကျောက်ရိုင်းတုံးကို ချက်ချင်းကောက်ယူလိုက်ပြီးနောက် ကျောက်လောင်းကစားကွင်းရှိ အဆင့်ဘီနယ်မြေနှင့် စီနယ်မြေနှစ်ခုလုံးကို လှည့်လည်ကြည့်ရှုခဲ့သည်။
ဤကျောက်တုံးမှာ အကောင်းဆုံးဖြစ်ကြောင်း အတည်ပြုပြီးနောက် ယဲ့ချန်းလည်း သူရွေးချယ်ထားသော ကျောက်ရိုင်းတုံးကို ကြမ်းပြင်ပေါ်သို့ ချထားလိုက်သည်။
"ကျွန်တော်ရွေးပြီးပြီ"
လူအုပ်ကြီးမှာ လုံးဝဆွံ့အသွားကြသည်။
ဒီကောင်လေးက နယ်မြေစီက ကျောက်ရိုင်းတုံးကို ရွေးလိုက်တာလား။
နယ်မြေစီရှန ကျောက်ရိုင်းအများစုမှာ အသုံးမဝင်သော အမှိုက်များသာဖြစ်ကြောင်း လူတိုင်းသိကြသည်။
ကျောက်ရိုင်းတစ်တုံးကို ရွေးချယ်ရာတွင် အရောင်၊ ပုံစံနှင့် အထိအတွေ့တို့ကိုပါ ကြည့်ရှုရသည်။
သို့သော် ယဲ့ချန်း၏ရွေးချယ်မှုမှာ အမြင်သက်သက်အပေါ်သာ မူတည်နေသည်ဟု လူတိုင်း ခံစားလိုက်ရသည်။
သူကြိုက်သည်ကို မြင်သည်နှင့် ချက်ချင်း ကောက်ယူလိုက်ခြင်းဖြစ်လေရာ အလွန်ပေါ့ဆလွန်းလှသည်။
အခြားတစ်ဖက်တွင်မူ ဝေ့ရှန်းသည် နောက်ဆုံးအကြိမ် မရွေးချယ်ခင် မှန်ဘီလူးကိုအသုံးပြု၍ ကျောက်ရိုင်းတုံးအများအပြားကို သေချာစစ်ဆေးနေခဲ့သည်။
ယဲ့ချန်းက နယ်မြေစီရှိ ကျောက်ရိုင်းကို ရွေးလိုက်ကြောင်း ဝေ့ရှန်း သတိထားမိသွားသောအခါ သူ့မျက်နှာကား ဝမ်းသာပျော်ရွှင်မှုများဖြင့် လင်းလက်သွားသည်။
ဤလောင်းကစားမှာ သူ့ဘက်က အသာစီးရနေပြီဖြစ်၏။
"ကောင်လေး... နယ်မြေအေက ကျောက်ရိုင်းကို မဝယ်နိုင်ဘူးလား"
ဝေ့ရှန်းက လှောင်ပြောင်လိုက်သည်။
ယဲ့ချန်းကမူ လုံးဝတုန်လှုပ်ခြင်းမရှိပေ။
"ခင်ဗျားနဲ့ လောင်းဖို့ဆိုရင် နယ်မြေစီထဲက ဘယ်ကျောက်တုံးမဆို ကောက်လိုက်ရုံပဲ"
ဝေ့ရှန်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ဘာမှနားမလည်တဲ့ကောင်... မင်း ဘယ်လောက်ကြာကြာ ရယ်နိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"
•••••••••••••••••
အပိုင်း ၅၀၉ : ငွေထုပ်ပိုက်မိခြင်း
အကြီးအကဲချန်းက ပြောလိုက်၏။
"မင်းတို့နှစ်ယောက်စလုံး ကျောက်ရိုင်းတုံးတွေကို ရွေးချယ်ပြီးပြီဆိုတော့ ကျောက်ဖြတ်တဲ့အဆင့်ကို ဆက်သွားကြတာပေါ့"
ဝေ့ရှန်းက စိတ်မရှည်လေဟန်ဖြင့် ပြောလိုက်သည်။
"ငါ အရင်စမယ်"
သူက သူ့ကျောက်ရိုင်းတုံးကို ကျောက်ဖြတ်ဆရာထံသို့ ကမ်းပေးလိုက်သည်။
ကျောက်ဖြတ်ဆရာက ထိုကျောက်ရိုင်းတုံးကို စက်ထဲသို့ ထည့်လိုက်သည်။
ထိုအချိန်တွင် လူတိုင်း၏ အကြည့်များက စက်ဆီသို့ ရောက်နေကြသည်။
ယခုအချိန်တွင် လူတိုင်းသည် ကျောက်စိမ်း ထွက်မထွက်ကိုသာ စိတ်ဝင်စားနေကြသည်မဟုတ်ပါဘဲ ယဲ့ချန်းနှင့် ဝေ့ရှန်းတို့၏ လောင်းကြေးတွင် မည်သူနိုင်မလဲဆိုသည်ကိုပါ စိတ်ဝင်စားနေကြသည်။
သိထားသည့်အတိုင်းပင် သူတို့နှစ်ယောက်၏ လောင်းကြေးက သန်းတစ်ရာတောင် တန်ဖိုးရှိသည် မဟုတ်ပါလော။
စက်၏ ကျောက်ဖြတ်သံခပ်စူးစူးနှင့်အတူ...
ထိုအချိန်မှာပင် ကျောက်ဖြတ်ဆရာက ရုတ်တရက် ရပ်တန့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"အစိမ်းရောင် ထွက်လာပြီ"
လူအုပ်ကြီးက စက်ကို လှမ်းကြည့်လိုက်သောအခါ တစ်ဝက်ခန့် အဖြတ်ခံထားရသော ကျောက်တုံးတွင် အစိမ်းရောင်ထွက်နေကြောင်း တွေ့လိုက်ရသည်။
"တကယ် အစိမ်းရောင်ထွက်လာတာပဲ"
"အရည်အသွေးကလည်း တော်တော်ကောင်းမယ့်ပုံပဲ"
"ဝေ့ရှန်းပီသပါပေတယ်။ သူ့အမြင်က အမြဲစူးရှနေတာ"
အစိမ်းရောင်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ဝေ့ရှန်း၏မျက်နှာထက်တွင် ကျေနပ်ဂုဏ်ယူနေသော အမူအရာတစ်ခု ပေါ်လာသည်။
ကျောက်ဖြတ်ဆရာက မေးလိုက်သည်။
"မစ္စတာဝေ့... ကျွန်တော်တို့ ဆက်ဖြတ်ကြမလား"
ဝေ့ရှန်းက ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေါ့"
မကြာခင်မှာပင် ကြက်ဥအရွယ်ခန့်ရှိသော ကျောက်စိမ်းတစ်တုံးက လူတိုင်းရှေ့တွင် ပေါ်ထွက်လာချေသည်။
"ဘုရားရေ... တော်တော်ကြီးတာပဲ။ ဒါဆိုရင် သန်းသုံးဆယ်အထက်တော့ တန်လောက်တယ်"
"သန်းသုံးဆယ်တဲ့လား။ ဒီလောက်ကြီးတဲ့ မှန်ရည်မျိုးက သန်းငါးဆယ်လောက်တောင် တန်နိုင်တယ်"
"အံ့သြစရာပဲ။ ဒီနေရာမှာ ဒီလောက်ကြီးတဲ့ မှန်ရည်မထွက်တာ တော်တော်ကြာပြီ"
သူ့ကျောက်တုံးမှ အစိမ်းရောင်ထွက်လာသည်ကို မြင်သောအခါ ဝေ့ရှန်း၏မျက်နှာထက်တွင် မောက်မာလှသော အပြုံးတစ်ပွင့် ပေါ်လာသည်။
ဘေးနားရှိ လီရုန်ရုန်နှင့် လီရွှိုက်တို့၏အမူအရာများမှာမူ ပျက်ယွင်းသွားလေသည်။
သို့သော် ယဲ့ချန်းကတော့ လုံးဝဂရုမစိုက်ပေ။
ဝေ့ရှန်း၏ ကျောက်ရိုင်းတုံးမှာ မဆိုးလှသော်လည်း သူ့ကျောက်တုံးနှင့် ယှဉ်လိုက်ပါက အမှိုက်ဟုသာ ခေါ်ဆိုရပေမည်။
ယဲ့ချန်းက အေးအေးလူလူပြောလိုက်၏။
"ဒီလောက်သေးတဲ့ ကျောက်တုံးလေးကိုများ ခင်ဗျားက တအားတွေပျော်နေတာလား။ အမြင်ကျဉ်းချက်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဝေ့ရှန်း မျက်နှာပျက်သွားသည်။
"ကောင်လေး... မင်း ဘာပြောလိုက်တာလဲ"
ယဲ့ချန်းက သူ့ကျောက်ရိုင်းတုံးကို ကျောက်ဖြတ်ဆရာထံသို့ ကမ်းပေးလိုက်သည်။
"သတိထားနော်။ အပေါ်ယံအခွံတစ်လွှာကိုပဲ ခပ်ဖွဖွလေးပွတ်တိုက်ကြည့်"
ယဲ့ချန်းက ညွှန်ကြားလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောက်ဖြတ်ဆရာ၏ မျက်နှာထက်တွင် အထင်သေးလေဟန် အမူအရာတစ်ခု ပေါ်လာသည်။
သူသည် ကျောက်မျက်ပေါင်းများစွာကို ဖြတ်တောက်ခဲ့ဖူးသော်လည်း အပေါ်ယံ အခွံတစ်လွှာကို ပွတ်တိုက်ရုံဖြင့် အစိမ်းရောင်ပေါ်လာသည့်ကျောက်ကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ပေ။
သို့သော် ယဲ့ချန်းက အတင်းအကျပ်ပြောနေသဖြင့် သူ လိုက်လျောရတော့သည်။
သို့ရာတွင် အပေါ်ယံအခွံတစ်လွှာကို ပွတ်တိုက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ ကြက်သေသေသွားသည်။
"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အပေါ်ယံအခွံတစ်လွှာကို ပွတ်တိုက်ပြီးသည်နှင့် အစိမ်းရောင်က ပေါ်ထွက်လာချေပြီ။
"ကျောက်ဖြတ်ဆရာ... ဘာလို့ရပ်လိုက်တာလဲ"
ဝေ့ရှန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အစိမ်း... အစိမ်းရောင် ထွက်လာလို့..."
ကျောက်ဖြတ်ဆရာက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
သူ ကျောက်ဖြတ်လာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဤမျှမြန်မြန်ဆန်ဆန် အစိမ်းရောင်ပေါ်လာသည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
လူအုပ်ကြီးလည်း အနားတွင် ဝိုင်းအုံလာပြီးနောက် ကျောက်ရိုင်းတုံးကို မြင်လိုက်ရချိန်တွင် အားလုံး ဆွံ့အသွားကြသည်။
"ဘုရားရေ... အစိမ်းရောင်အပြည့်ပဲ"
အခွံအနည်းငယ်ကိုသာ ပွတ်တိုက်ထားသော်ငြား အတွင်းဘက်တွင်မူ ကြည်လင်တောက်ပနေသော အစိမ်းရောင်များဖြင့် ပြည့်နှက်နေသည်။
ယဲ့ချန်းက ခပ်ဟဟပြုံးပြီး ပြောလိုက်၏။
"ဆက်ဖြတ်လိုက်ပါ"
စောင့်ကြည့်နေသူများအားလုံး အသက်ပင် အောင့်ထားမိကြသည်။
လူငယ်ကျောက်ဖြတ်ဆရာ၏ လက်များလည်း တုန်ယင်နေရှာသည်။
ကျောက်တုံးတစ်တုံးလုံးကို ဖြတ်တောက်ပြီးသွားသောအခါ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဖရဲသီးအရွယ်ခန့်ရှိသော ကျောက်ရိုင်းတုံးကြီးမှာ အစိမ်းရောင်အပြည့်ရှိသော ကျောက်စိမ်းတစ်တုံး ဖြစ်နေခဲ့သည်။
ဤသည်မှာ အံ့သြမှင်တက်ဖွယ်ကောင်းလှသည်။
ဝေ့ရှန်းပင် အလွန်အံ့သြသွားသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
လီရုန်ရုန်နှင့် လီရွှိုက်တို့လည်း မယုံကြည်နိုင်လောက်အောင် မျက်လုံးပြူးကျယ်သွားကြသည်။
လူတိုင်းက ထိုကျောက်ရိုင်းတုံးကို အားကျမြတ်နိုးသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ဤမျှကြီးမားသော ဧကရာဇ်အစိမ်းရောင်မှန်ရည်ကျောက်စိမ်းဆိုသည်မှာ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။
ယဲ့ချန်းကမူ ခပ်ဟဟပြုံး၍ ဝေ့ရှန်းကို ကြည့်လိုက်၏။
"ခင်ဗျား ရှုံးပြီ"
ဝေ့ရှန်းခမျာ ထိုကျောက်တုံးပေါ်မှ အကြည့်မခွာနိုင်ပေ။ သူ့မျက်လုံးထဲတွင်လည်း မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။
သူလည်း မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
"မစ္စတာယဲ့... ဒီကျောက်ရိုင်းတုံးကို ရောင်းမှာလား"
ယဲ့ချန်း အံ့အားသင့်သွားလေသည်။
"ခင်ဗျားက ဝယ်ချင်လို့လား"
ဝေ့ရှန်းက သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
"ဟုတ်ပါတယ် မစ္စတာယဲ့... ဈေးသာ ခေါ်လိုက်ပါ"
ဝေ့ရှန်းမှာ မကြာသေးခင်က ပြဿနာတချို့နှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဝေ့မိသားစုခေါင်းဆောင် သူ့အပေါ်ထားရှိသော သဘောထားမှာ အလွန်ကျဆင်းနေခဲ့သည်။
အကယ်၍ သူသာ ဤကျောက်ရိုင်းတုံးကို မိသားစုခေါင်းဆောင်အား လက်ဆောင်ပေးနိုင်ခဲ့လျှင် သူ့ကို သေချာပေါက်သဘောကျသွားမည်ဖြစ်၏။
"ခင်ဗျား ဘယ်လောက်နဲ့ဝယ်ချင်လို့လဲ"
ယဲ့ချန်းက မေးလိုက်သည်။
ဝေ့ရှန်းက လက်နှစ်ချောင်းထောင်ပြသည်။
"သန်းနှစ်ရာ"
ဝေ့ရှန်း၏ သန်းနှစ်ရာဈေးပေးသံကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားပြန်သည်။
သို့သော် ယဲ့ချန်းကမူ အေးစက်စက် ရယ်မောလိုက်၏။
"သန်းနှစ်ရာတဲ့လား မစ္စတာဝေ့... ခင်ဗျား နောက်နေတာမလား"
အနားတွင်ရပ်နေသော အကြီးအကဲချန်းကလည်း လေးလေးနက်နက်ဆိုလာချေသည်။
"ဝေ့ရှန်း... ဒါတော့ မင်း လွန်လွန်းတယ်။ ဒီလိုဧကရာဇ်အစိမ်းရောင်မှန်ရည်ကျောက်စိမ်းမျိုးကို သန်းနှစ်ရာတဲ့လား။ သုညတစ်လုံး ထပ်တိုးလိုက်ဦး။ မစ္စတာယဲ့... တကယ်လို့ မင်း နှစ်ဘီလျံနဲ့ ရောင်းမယ်ဆိုရင် ငါယူမယ်"
နှစ်ဘီလျံတဲ့လား။
လူအုပ်ကြီးမှာ ထပ်မံဆူညံသွားပြန်သည်။
ဝေ့ရှန်း၏အမူအရာပင် အနည်းငယ် ပြောင်းလဲသွားသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"အကြီးအကဲချန်း... ခင်ဗျားက ဒီလောက်တောင် စေတနာစစ်မှန်နေမှတော့..."
"နေဦး။ ငါ ၂.၂ဘီလျံပေးမယ်"
ဝေ့ရှန်းက အံတင်းတင်းကြိတ်၍ ရုတ်တရက်ဝင်ပြောလိုက်သည်။
၂.၂ဘီလျံတဲ့လား။
လူအုပ်ကြီးခမျာ အသက်ရှူမှားသွားကြရပြန်သည်။
ဝေ့ရှန်းမှာ မိသားစုခေါင်းဆောင်ကို ကပ်ဖားရန် လိုအပ်နေသောကြောင့် ဤကျောက်တုံးက သူ့အတွက် အလွန်အရေးကြီးနေပေသည်။
ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သော ဤကျောက်စိမ်းကို သူ မရရအောင် ယူရပေမည်။
ဝေ့ရှန်းက တစ်ချက်တည်းနှင့် ဈေးကို သန်းနှစ်ရာအထိ မြှင့်ပေးလိုက်ခြင်းပင်။
ယဲ့ချန်းကလည်း စီးပွားရေးလုပ်နေခြင်းဖြစ်ရာ ဈေးအများဆုံးပေးသူကသာ ရမည်ဖြစ်၏။
ဝေ့ရှန်း၏ ဈေးခေါ်သံကို ကြားသောအခါ ယဲ့ချန်းက အကြီးအကဲချန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
အကြီးအကဲချန်းကမူ ခါးသက်သက် ပြုံးလိုက်သည်။ နှစ်ဘီလျံဆိုသည်မှာ သူပေးနိုင်သည့် အမြင့်ဆုံးပမာဏပင်။
သူ့အနေနှင့် ဤကျောက်ရိုင်းကို မည်မျှသဘောကျစေကာမူ နှစ်ဘီလျံဆိုသည်မှာ သူတို့၏ လုပ်ငန်းလည်ပတ်ငွေအားလုံးနီးပါး ဖြစ်နေလေပြီ။ သည့်ထက်ပို၍ မပေးနိုင်တော့ပေ။
ယဲ့ချန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ကောင်းပြီလေ။ လက်ငင်းငွေချေစနစ်နော်"
ဝေ့ရှန်းခမျာ အနည်းငယ်နေရခက်သွားသည်။
"ကျွန်တော် ငွေသားအများကြီး မထုတ်နိုင်ဘူး"
ယဲ့ချန်း၏မျက်နှာမှာ ချက်ချင်းဆိုသလို အေးစက်သွားသည်။
"ငွေသားအများကြီး မထုတ်နိုင်ဘူး ဟုတ်လား။ ခင်ဗျား ကျွန်တော့်ကို လာနောက်နေတာလား။ အကြီးအကဲချန်း... ကျွန်တော်တို့ပဲ အရောင်းအဝယ်လုပ်ကြတာပေါ့"
ယဲ့ချန်းက အကြီးအကဲချန်းဘက်သို့ လှည့်၍ ပြောလိုက်သည်။
"နေဦး...ငွေသားတော့ အများကြီးမရှိပေမယ့် ပုံသေပိုင်ဆိုင်မှုတွေတော့ ရှိပါတယ်"
ဝေ့ရှန်းက စိုးရိမ်တကြီးပြောလိုက်လေသည်။
"ဘာပိုင်ဆိုင်မှုတွေလဲ"
ယဲ့ချန်းကလည်း ပြန်မေးလိုက်သည်။
"ကျွန်တော့်မှာ ထျန်းပေါင်စားသောက်ဆိုင်ဆိုတာ ရှိတယ်။ ဖွင့်တာ တစ်နှစ်တောင်မပြည့်သေးဘူး။ ပြင်ဆင်တာတွေ၊ စက်ပစ္စည်းတွေအတွက် ၂၀ဘီလျံကျော် ကုန်ထားတယ်။ မြေတန်ဖိုးပါပေါင်းလိုက်ရင် စုစုပေါင်း၃၀ဘီလီယံလောက် တန်ပါတယ်"
ယဲ့ချန်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ဥက္ကဋ္ဌဝေ့... ကျွန်တော်က သတင်းနားမထောင်ဘူးလို့ ထင်နေတာလား။ ခင်ဗျားရဲ့ စားသောက်ဆိုင်က အခု တိုင်တန်းမှုတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးလား။ အဲဒီကို သွားစားမယ့်လူ ရှိသေးလို့လား"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ဝေ့ရှန်း ရှက်ရွံ့သွားချေသည်။
"တကယ်တော့ ကျွန်တော့်ဟိုတယ်က အခုလောလောဆယ်မှာ ပြဿနာတချို့နဲ့ ရင်ဆိုင်နေရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပိုးဟပ်တွေ့တယ်ဆိုတာ လူယုတ်မာတချို့က သက်သက်စွပ်စွဲတာပါ။ ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ သန့်ရှင်းရေးက ဘာပြဿနာမှ မရှိပါဘူး"
ဝေ့ရှန်းက ရှင်းပြချေသည်။
သို့သော် ယဲ့ချန်းကတော့ သရော်လိုက်သည်။
"ခင်ဗျားက လုပ်ကြံခံရတာလို့ ပြောနေတယ်ဆိုတော့ သက်သေရှိလို့လား"
တကယ်တမ်းတော့ ဝေ့ရှန်းက ဟိုတယ်ကို အပေါင်ထားမည်ဟု ပြောလာသောအခါ ယဲ့ချန်း အမှန်တကယ် စိတ်ဝင်စားသွားသည်။
ယခင်ဘဝတွင် ဤဟိုတယ်သည် ထိုပြဿနာကြောင့်ပင် အကျိုးအမြတ်ရရှိခဲ့ပြီး မီချယ်လင်းကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခုဖြစ်လာကာ ဈေးကွက်တန်ဖိုး နှစ်ဆတက်သွားခဲ့သည် မဟုတ်ပါလော။
သို့သော် ယဲ့ချန်းကတော့ ဤအခွင့်အရေးကို အမိအရယူ၍ ဝေ့ရှန်းထံမှ အမြတ်နည်းနည်း ပိုထုတ်ချင်နေသေးသည်။
ဝေ့ရှန်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
"ကောင်းပြီ... ကျွန်တော့်မှာ ငွေသားငါးဘီလျံလည်း ရှိသေးတယ်။ ဟိုတယ်နဲ့ပါ ပေါင်းလိုက်ရင် လုံလောက်ပြီလား"
"ဥက္ကဋ္ဌဝေ့... ခင်ဗျားက ကျွန်တော့်ကို အကျပ်ရိုက်အောင် လုပ်နေတာပဲ"
ယဲ့ချန်းက သက်ပြင်းတချချဖြင့် ပြောလိုက်လေတော့သည်။
"ညီလေးယဲ့... ကျွန်တော့်စေတနာကို ထောက်ထားပြီး ကျွန်တော့်ကိုပဲ ရောင်းပေးပါ"
ယဲ့ချန်းက မလိုလားလေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ... ကျွန်တော်ပဲ အရှုံးခံလိုက်ပါ့မယ်"
တကယ်တော့ ယဲ့ချန်းဘက်က အကြီးအကျယ် မြတ်သွားခြင်းသာ။
"ဒါပေမဲ့ ဒီနေ့ချက်ချင်း အရောင်းအဝယ်ကို အပြီးသတ်ဖို့ ကျွန်တော် တောင်းဆိုချင်တယ်"
ယဲ့ချန်းက ပြောလိုက်သည်။
အချိန်က ရွှေဖြစ်ပြီး ယဲ့ချန်းကမူ မျှော်လင့်မထားသော အပြောင်းအလဲများ ဖြစ်လာမည်ကို မလိုလားပေ။
"ရတာပေါ့။ ရတာပေါ့... ဒီနေ့ချက်ချင်း စာရွက်စာတမ်းကိစ္စတွေ အပြီးသတ်ကြတာပေါ့"
ဝေ့ရှန်းကလည်း ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
••••••••••••••••
အပိုင်း ၅၁၀ : မောက်မာလွန်းသော ဧည့်ကြိုမန်နေဂျာ
ယဲ့ချန်းက ဝေ့ရှန်းထံမှ အနိုင်ရရှိခဲ့သော နှစ်ဆယ်ဘီလျံထဲမှ ဆယ်သန်းကို ထုတ်ယူပြီး လီရွှိုက်ကို ပေးလိုက်သည်။
လီရွှိုက်ကမူ လုံးဝလက်မခံဘဲ ငြင်းဆန်ခဲ့သည်။
ယဲ့ချန်းက ဆို၏။
"ဒီတစ်ခါ သင်ခန်းစာကို မှတ်ထား။ လောင်းကစားဆိုတာ ဆယ်ကြိမ်မှာ ကိုးကြိမ်က ရှုံးတာပဲ။ နောက်နောင် လုံးဝမလုပ်နဲ့တော့"
လီရွှိုက်ကလည်း ခေါင်းညိတ်ပြ၍ လက်ခံလိုက်သည်။
လီရုန်ရုန်ကမူ အားနာလေဟန်ဖြင့် ပြောလိုက်သည်။
"ယဲ့ချန်း... ဒီနေ့အတွက် တကယ်ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက အေးအေးလူလူ ပြုံးပြလိုက်သည်။
"ကိုယ်ကတောင် ပြန်ကျေးဇူးတင်ရမှာ။ မင်းကြောင့်သာမဟုတ်ရင် ကိုယ် ဒီဟိုတယ်ကို အလကားရပါ့မလား"
လီရုန်ရုန်က ယဲ့ချန်းကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ယဲ့ချန်း... မင်းမှာ ထူးခြားစွမ်းရည်တွေများ ရှိနေတာလား"
ယဲ့ချန်းကမူ ခပ်ဟဟရယ်လိုက်၏။
"မင်း ရိပ်မိသွားတာလား။ ဟုတ်တယ်... ကိုယ်မှာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်တဲ့ ရွှေရောင်မျက်ဝန်းရှိတယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ လီရုန်ရုန် ရယ်မောမိလိုက်သည်။
"တော်စမ်းပါ... နောက်မနေနဲ့တော့။ ဒါပေမဲ့ တကယ်ကျေးဇူးတင်ပါတယ်နော်"
လီရုန်ရုန်က ထက်မြက်သော မိန်းကလေးတစ်ယောက်ပင်။ ယဲ့ချန်း တစ်ခုခုတော့ ထူးခြားနေကြောင်း သူ(မ) သိသော်လည်း ယဲ့ချန်းက ထုတ်မပြောချင်သဖြင့် သူမလည်း ဆက်မမေးတော့ပေ။
ကျောက်စိမ်းကို ဝယ်ယူပြီးနောက် ဝေ့ရှန်းမှာ အလွန်ကျေနပ်နေခဲ့သည်။
"မစ္စတာယဲ့... ကျွန်တော်တို့ အခုချက် ျင်း ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့ကိစ္စတွေကို သွားလုပ်ကြရအောင်"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် နှစ်ယောက်သား ကျောက်ရိုင်းရောင်းဝယ်ရေးခန်းမထဲမှ ထွက်လာခဲ့ကြသည်။
ဝေ့ရှန်းက ဘန်ထလေကားဆီသို့ လျှောက်သွားရင်း ပြုံးပြလိုက်သည်။
"ညီလေးယဲ့... မင်း ကားမောင်းလာသလား"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"အင်း... ကျွန်တော့်ကားက ဟိုဘက်မှာ"
အသံလာရာဘက်သို့ ဝေ့ရှန်း လှမ်းကြည့်လိုက်သောအခါ ရိုးလ်ရွိုက်စ်ကားတစ်စီးကို တွေ့လိုက်ရသည်။
"ဪ... ဒါဆိုရင်လည်း အတူတူပဲ မောင်းသွားကြတာပေါ့"
သို့သော် ဝေ့ရှန်းက သူ့ကားထဲတွင် ဝင်ထိုင်လိုက်ချိန်ဝယ် ယဲ့ချန်းက ကျီလိကားအစုတ်လေးထဲ ဝင်ထိုင်လိုက်ကြောင်း တွေ့လိုက်ရသဖြင့် မှင်တက်သွားသည်။
ဝိုး.. တစ်ဘီလျံကိုတောင် အပျော်သဘောနဲ့ လောင်းကြေးထပ်နိုင်တဲ့လူက ဒီလောက်အထိ ရိုးရိုးကုပ်ကုပ်နေတတ်တာလား။ ကျီလိကားလေးကို မောင်းနေတာတဲ့။
ယဲ့ချန်း၏ကားကို မြင်လိုက်ရချိန်ဝယ် ဝေ့ရှန်းမှာ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
ယဲ့ချန်းက ဝေ့ရှန်း၏ကားဘေးတွင် ရပ်လိုက်ပြီး ပြုံးစစဖြင့် ပြောလေသည်။
"ဥက္ကဋ္ဌဝေ့... ကျွန်တော် အရင်သွားနှင့်ပြီနော်"
စက်သံနှင့်အတူ ယဲ့ချန်း၏ ကျီလိကားလေးမှာ ကားနောက်မီးရောင်သာ ကျန်ရစ်တော့သည်အထိ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဝေ့ရှန်းခမျာ သူ့မျက်လုံးသူ ပြန်ပွတ်ကြည့်လိုက်မိသည်။
အခုခေတ် ပြည်တွင်းဖြစ်ကားများက ဤမျှအထိ စွမ်းဆောင်ရည်ကောင်းပြီး အရှိန်မြန်နေလေပြီလား။
စာရွက်စာတမ်းကိစ္စများ အားလုံးပြီးစီးသွားသောအခါ ဝေ့ရှန်းမှာ အလွန်ဝမ်းသာသွားသည်။
မိသားစုအကြီးအကဲကို ဖားရန် စိတ်စောနေသဖြင့် ယဲ့ချန်းကို ပြောလိုက်၏။
"မစ္စတာယဲ့... ဒီနေ့ပဲ ဟိုတယ်ကို ပိုင်ဆိုင်မှုလွှဲပြောင်းလိုက်ကြရအောင်"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ပြဿနာမရှိပါဘူး"
နှစ်ယောက်သား ထျန်းပေါင်ဟိုတယ်ဆီသို့ အသီးသီး မောင်းလာခဲ့ကြသည်။
ယဲ့ချန်း၏ကားမှာ အရှိန်ပြင်းလွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြန်သည်။
ဝေ့ရှန်းက သူ့ဒရိုင်ဘာကို ဒေါသတကြီးပြောလိုက်သည်။
"မင်း ကားကို ဘယ်လိုမောင်းနေတာလဲ။ ကျီလိကားလေးတစ်စီးကိုတောင် မမီဘူးလား"
ဒရိုင်ဘာကမူ အားနာလေဟန်ဖြင့် ပြန်ဖြေချေသည်။
"ဆရာ... ဟိုလူမောင်းတာ တကယ်ကြမ်းတာ။ ဒီလောက်ကားတွေပိတ်နေတာတောင် မိုင်တစ်ရာနှုန်းနဲ့ မောင်းသွားတာဗျ။ ကျွန်တော်သာ အဲဒီနှုန်းနဲ့မောင်းရင် အခုလောက်ဆိုရင် ကားမှောက်နေလောက်ပြီ"
ဝေ့ရှန်း ရောက်မလာခင်မှာပင် ယဲ့ချန်းက ဟိုတယ်ရှေ့သို့ ကြိုရောက်နှင့်နေလေပြီ။
ထျန်းပေါင်ဟိုတယ်က ကြယ်ငါးပွင့်အဆင့်ဆိုသည့်အတိုင်း စင်စစ်ခန့်ညားလှသည်။
ဝေ့ရှန်းသည် ဤဟိုတယ်အတွက် အမှန်တကယ် အားသွန်ခွန်စိုက် ကြိုးစားထားခဲ့ပေသည်။
ကံဆိုးသည်မှာ မသမာသူတချို့၏ လုပ်ကြံမှုကြောင့် ဗီဒီယိုများမှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့သဖြင့် ဟိုတယ်မှာ ယခုမူ အလွန်ခြောက်ကပ်နေသည်။
ဟိုတယ်ဝင်ပေါက်သို့ ရောက်သောအခါ ယဲ့ချန်း မျက်မှောင်အနည်းငယ်ကြုတ်မိသည်။
ဟိုတယ်၏စီမံခန့်ခွဲမှုက အလွန်ပေါ့လျော့လွန်းသည်။
တံခါးဝတွင် ခရီးဦးကြိုပြုမည့်လူ တစ်ယောက်မှ မရှိပေ။
ယဲ့ချန်းလည်း တံခါးကိုတွန်းဖွင့်၍ ဟိုတယ်ထဲသို့ ဝင်သွားလိုက်သည်။
ဟိုတယ်အတွင်းပိုင်းမှာ နန်းတော်ကြီးတစ်ခုပမာ အလွန်ခမ်းနားထည်ဝါလှသည်။
ပြင်ဆင်ထားသည့် ဒီဇိုင်းကို ကြည့်ရုံမျှဖြင့် ယဲ့ချန်းအနေနှင့် တကယ်အမြတ်ထွက်သွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဟိုတယ်ဧည့်ခန်းမထဲဝယ် ဝန်ထမ်းတစ်ယောက်မှ မရှိဘဲ ကောင်တာတွင်သာ အမျိုးသမီးဝန်ထမ်းတစ်ယောက်က ခေါင်းငုံ့ပြီး ဖုန်းကစားနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ချန်း အနားသို့ လျှောက်သွားကြည့်လိုက်လေရာ သူ(မ)က ဂိမ်းဆော့နေခြင်းပင်။
ထိုအချိန်တွင် ဂိမ်းထဲ၌ တိုက်ပွဲက အရှိန်ရနေပြီး သူ(မ)လည်း ရန်သူများထံမှ အဝိုင်းခံထားရသည်။
ယဲ့ချန်းမှာ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။
အလုပ်လုပ်ရင်း ဖုန်းဆော့နေတယ်ပေါ့လေ။ ဒီဟိုတယ်ရဲ့ စီမံခန့်ခွဲမှုကတော့ အံ့မခန်းပါပဲ။
သူ(မ) ဂိမ်းရှုံးသွားသည်အထိ စောင့်ဆိုင်းပြီးမှ ယဲ့ချန်းက ပြောလိုက်သည်။
"ဟယ်လို... ကျွန်တော် အခန်းအခြေအနေလေးတွေ သိချင်လို့ပါ"
ထိုအမျိုးသမီးက ခေါင်းမော့လာပြီး ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်သည်။
ယဲ့ချန်း အံ့သြသွားရသည်မှာ သူ(မ)က ဘေးနားရှိ ဖန်သားပြင်ကြီးကို လက်ညှိုးထိုးပြပြီး ပြောလာခြင်းပင်။
"ကိုယ့်ဘာသာကိုယ် ကြည့်လိုက်လေ။ ဈေးနှုန်းတွေကို အပေါ်မှာ ပြထားတယ်"
ထို့နောက် သူ(မ)က ခေါင်းပြန်ငုံ့သွားပြီး နောက်ထပ်ဂိမ်းတစ်ပွဲ ဆက်ကစားနေပြန်သည်။
ဝိုး...
ငါက စိတ်ရှည်လက်ရှည်နဲ့ မင်း ဂိမ်းတစ်ပွဲပြီးအောင် စောင့်ပေးတာတောင်မှ ဧည့်သည်ကိုပစ်ထားပြီး နောက်တစ်ပွဲ ထပ်ကစားနေတာလား။
ယဲ့ချန်းလည်း စားပွဲကိုခေါက်ပြီး ပြောလိုက်၏။
"ဖန်သားပြင်ပေါ်မှာ ဗီအိုင်ပီအခန်းတွေရဲ့ ဈေးနှုန်းတွေပဲရှိတာ။ ပုံမှန်အခန်းတွေက ဘယ်လောက်လဲ"
ထိုအမျိုးသမီးက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။
"ပုံမှန်အခန်းက တစ်ညကို တစ်ထောင့်ငါးရာ။ ဒါက ကြယ်ငါးပွင့်ဟိုတယ်နော်။ ရှင့်လိုလူစားမျိုးတွေ လာတည်းတဲ့နေရာ မဟုတ်ဘူး။ ဟိုဘက်က သာမန်တည်းခိုခန်းတွေဆီကိုပဲ သွားလိုက်ပါ"
ယဲ့ချန်းခမျာ ဆွံ့အသွားရသည်။
ဧည့်သည်ကို မောင်းထုတ်နေသော ဝန်ထမ်းမျိုးလည်း ရှိသေးသလား။
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့အပြုအမူက ဘာသဘောလဲ"
ထိုအမျိုးသမီးက ယဲ့ချန်းကို အထင်သေးလေဟန်ဖြင့် ကြည့်လိုက်သည်။
"ကျွန်မအပြုအမူက ဘာဖြစ်နေလို့လဲ။ ရှင့်လိုဆင်းရဲသားကို ဒီလိုဆက်ဆံတာပဲ။ အပိုတွေ လာမေးမနေနဲ့။ တည်းနိုင်တာလည်း မဟုတ်ဘဲနဲ့"
"မင်းတို့ဧည့်ကြိုမန်နေဂျာ ဘယ်မှာလဲ။ ငါ တိုင်ချင်လို့"
ယဲ့ချန်းက ခက်ထန်စွာ ဆိုလေသည်။
ထိုအမျိုးသမီးက ယဲ့ချန်းကို လှောင်ပြုံးပြုံးလျက် ကြည့်လိုက်သည်။
"ဧည့်ကြိုမန်နေဂျာ ဟုတ်လား။ စိတ်မကောင်းပါဘူး။ ကျွန်မက ဧည့်ကြိုမန်နေဂျာပဲ"
ယဲ့ချန်း : "..."
ဤကဲ့သို့သောလူစားမျိုးက ဧည့်ကြိုမန်နေဂျာ ဖြစ်နေသတဲ့လား။
ယဲ့ချန်းမှာ အံ့သြလွန်း၍ ဆွံ့အသွားရသည်။
"ကောင်းပြီ... ကောင်းပြီ..."
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
သူ ဤဟိုတယ်ကို လက်လွှဲယူပြီးလျှင် အရင်ဦးဆုံး အလုပ်ထုတ်မည့်လူက ဤမိန်းမဖြစ်သည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ယဲ့ချန်း ဘာမှမပြောတော့သည်ကို မြင်သောအခါ ထိုအမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်မတို့ဟိုတယ်က ရှင့်လိုအရှုံးသမားမျိုးကို မကြိုဆိုဘူး။ နောက်တစ်ခါ ဟိုတယ်ထဲကို မဝင်ခင် ကိုယ့်ကိုယ်ကိုယ်အရင်ပြန်ကြည့်ဦး။ ကိုယ့်ကိုယ်ကိုယ် ကြယ်ငါးပွင့်ဟိုတယ်မှာ တည်းနိုင်တယ်များ ထင်နေတာလား။ တူလို့လား တန်လို့လား"
သူ(မ)မှာ ဂိမ်းထဲတွင် ဆယ်ပွဲဆက်တိုက် ရှုံးထားသဖြင့် စိတ်တိုနေသည်ဖြစ်ရာ ယဲ့ချန်းကို ဒေါသပုံချလိုက်ခြင်းပင်။
ယဲ့ချန်း၏ဒေါသမှာ ငယ်ထိပ်အထိ ဆောင့်တက်သွားသည်။
ဒီမိန်းမကတော့ တော်တော်လွန်နေပြီ။
"လုံခြုံရေးတွေ... ဒီလူ့ကို မြန်မြန်မောင်းထုတ်လိုက်စမ်း"
လုံခြုံရေးဝန်ထမ်းများကလည်း ချက်ချင်း ရောက်လာပြီး ယဲ့ချန်းကို ဝိုင်းဖမ်းရန် ပြင်လိုက်ကြသည်။
ထိုအချိန်တွင် ဝေ့ရှန်းက ဧည့်ကြိုခန်းမထဲသို့ ဝင်လာချေသည်။
"သိုက်လီလီ... မင်း ဘာတွေလျှောက်ပြောနေတာလဲ"
ဝေ့ရှန်းကို မြင်လိုက်ရသောအခါ သိုက်လီလီခမျာ ဖုန်းကို အမြန်ဝှက်လိုက်ရသည်။
"ဥက္ကဋ္ဌဝေ့... ဒီလိုအရှုံးသမားမျိုးက ကျွန်မတို့ဟိုတယ်မှာ လာတည်းချင်လို့တဲ့။ ဟိုတယ်ပုံရိပ်ကို ထိခိုက်မှာစိုးလို့ ကျွန်မ မောင်းထုတ်နေတာပါ"
"ဘာတွေလျှောက်ပြောနေတာလဲ။ အခုကစပြီး မစ္စတာယဲ့က ဒီဟိုတယ်ရဲ့ပိုင်ရှင် ဖြစ်သွားပြီ"
ဝေ့ရှန်းက အေးစက်စက်ပြောလိုက်သည်။
"ဘာ..."
ဝေ့ရှန်း၏ စကားကို ကြားလိုက်ရချိန်ဝယ် သိုက်လီလီ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့သည်။
ကျန်ဝန်ထမ်းများလည်း မှင်တက်အံ့သြသွားကြသည်။
ဝေ့ရှန်းက ဆို၏။
"ဒီနေ့ ငါ ဒီဟိုတယ်ကို မစ္စတာယဲ့ရဲ့လက်ထဲ လွှဲပေးလိုက်ပြီ။ အခုကစပြီး သူက မင်းတို့ရဲ့ အလုပ်ရှင်ပဲ"
လုံခြုံရေးတုတ်များကိုင်ထားသော လုံခြုံရေးဝန်ထမ်းများမှာ နေရခက်သွားပြီး ချွေးစေးများပင် ထွက်လာတော့သည်။
ကံကောင်းစွာဖြင့် သူတို့ လက်မပါရသေးပေ။ အကယ်၍သာ ယဲ့ချန်းကို တစ်ခုခုလုပ်မိခဲ့လျှင် သူတို့အားလုံး ဘဝပျက်တော့မည်သာ။
ဝန်ထမ်းများအားလုံး ယဲ့ချန်းကို ချက်ချင်းညွှတ်လိုက်သည်။
"မင်္ဂလာပါ သူဌေး"
အစောက မောက်မာနေခဲ့သော သိုက်လီလီမှာမူ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။
သိုက်လီလီက အတုန်တုန်အယင်ယင်ဖြင့် တောင်းပန်လေတော့သည်။
"သူဌေး... ကျွန်မ မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းကမူ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ငါက မင်းရဲ့သူဌေးဖြစ်ဖို့ မထိုက်တန်ပါဘူး။ မင်း အိမ်ပြန်ပြီး ဂိမ်းပဲ အေးအေးဆေးဆေး ကစားနေလိုက်တော့။ မင်းကို အလုပ်ဖြုတ်လိုက်ပြီ"
အလုပ်ထုတ်ခံရသည်ဟု ကြားလိုက်ရသောအခါ သိုက်လီလီ မျက်နှာပျက်သွားချေသည်။
ဝမ်ပေါင်ဟိုတယ်မှာ လစာအကောင်းဆုံး ဟိုတယ်တစ်ခုဖြစ်လေရာ အလုပ်ထုတ်ခံရလျှင် နောက်နောင်တွင်လည်း သူ(မ)အတွက် အလုပ်ရရန် ခက်ခဲသွားပေလိမ့်မည်။
သိုက်လီလီ တစ်ဖန်အသနားခံလိုက်ပြန်သည်။
"သူဌေး... ကျွန်မကို နောက်တစ်ကြိမ်လောက် အခွင့်အရေးပေးပါဦး"
ယဲ့ချန်းကမူ ခေါင်းခါလိုက်၏။
"မင်းလို ဝန်ထမ်းမျိုးကိုတော့ ခွင့်လွှတ်လို့မဖြစ်ဘူး။ ငါ့ဟိုတယ် ဒေဝါလီခံသွားမှာကို မလိုလားဘူး"
သိုက်လီလီခမျာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"ဥက္ကဋ္ဌဝေ့... ကျွန်မအတွက် ကူပြောပေးပါဦး"
ဝေ့ရှန်းမှာမူ ဤပွဲကို အသာစောင့်ကြည့်နေစဉ် သိုက်လီလီ၏စကားကို ကြားသောအခါ အေးစက်စက်ပြုံးလိုက်သည်။
"ညီလေးယဲ့... ဒီမိန်းမကို အလုပ်မထုတ်တာ ကောင်းလိမ့်မယ်။ သူ့မှာ နောက်ခံအရှိန်အဝါရှိတယ်နော်"