အခန်း (၂၀၁-၂၀၂)
Vol. 11 Ch. 201-202
အခန်း (၂၀၁) - ရှီမိသားစု၏ ဆေးညွှန်းနောက်ကွယ်မှ လျှို့ဝှက်ချက်
အိမ်ပြန်ရောက်သောအခါ ချန်ဝမ်လင်းသည် အပြင်ထွက်ရန် ပြင်နေသည့် သမီးဖြစ်သူ ချန်ယွမ်ယွမ်နှင့် တိုးတော့၏။
“အဖေ... ဘာဖြစ်လာတာလဲ”
ချန်ယွမ်ယွမ်က ဖုန်တသောသော ဖြစ်နေသည့် ဖခင်ဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။ ရှုမလှအောင် လဲကျလာသည့် အသွင်ပေါက်နေသော ဖခင်ဖြစ်သူကို ကြည့်ပြီး သူမ အံ့ဩနေမိ၏။
ချန်ယွမ်ယွမ်သည် မကြာသေးမီကပင် စည်းစိမ်ရစ်ကာ အလိုလိုက်ခံထားရသူ ဖြစ်သည်။ ချန်မိသားစု၏ သြဇာမှာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာသဖြင့် သူမ၏ မောက်မာမှုမှာလည်း အရှိန်တက်နေ၏။ မကြာခင်မှာပင် ရှီမိသားစုကို အပြတ်အသတ် ချေမှုန်းပြီး မေပယ်မြို့၏ အကြီးဆုံး မိသားစုကြီး ဖြစ်လာတော့မည်ဟု သူမ ယုံကြည်ထားခဲ့သည်။
ယခုအခါ သူမ၏ စိတ်နေစိတ်ထားမှာလည်း ပြောင်းလဲနေပြီ ဖြစ်၏။
အရင်တုန်းကတော့ သူမသည် ရန်ကျဲကိုသာ စိတ်ဝင်စားခဲ့သော်လည်း၊ နောက်ပိုင်းတွင်တော့ ဝမ်းကွဲအစ်ကိုဖြစ်သူ ချန်ချန်းနှင့် အချိန်ဖြုန်းနေရသည်ကို ပို၍ နှစ်သက်လာခဲ့သည်။ ချန်ချန်းမှာ စကားပြော ချိုသာရုံသာမက အမျိုးသမီးများကို ဖျားယောင်းသည့် နည်းလမ်းမျိုးစုံကိုလည်း တတ်ကျွမ်းသူ ဖြစ်၏။ သူ့အနားတွင် ရှိနေချိန်တိုင်း သူမသည် အလိုလိုက်ခံရသည့် ခံစားချက်ကို ရရှိတတ်သည်။
တကယ်တော့ သူတို့နှစ်ဦးမှာ တိတ်တဆိတ် ဖောက်ပြန်နေကြခြင်း ဖြစ်သော်လည်း ချန်ယွမ်ယွမ်ကတော့ ဂရုမစိုက်ပေ။ သူမက မပြောသလို၊ ချန်ချန်းကလည်း နှုတ်လုံနေသရွေ့ ဘယ်သူမှ သိမှာမဟုတ်ဘူးဟု သူမ တွေးထားသည်။
ချန်ချန်းနှင့် အချိန်အတော်ကြာ တွဲကြည့်ပြီးနောက်တွင်တော့ သူသည် ‘အမှိုက်’ လင်းကျင်းထက် အဆပေါင်းများစွာ သာလွန်သည်ဟု သူမ ယူဆလိုက်မိ၏။
ချန်မိသားစုသာ မြို့တော်၏ နံပါတ်တစ် ဖြစ်လာလျှင် သူမ၏ ဂုဏ်သတင်းမှာလည်း မြင့်တက်လာပေလိမ့်မည်။ အကယ်၍ သူမ၏ ဝမ်းကွဲအစ်ကိုကသာ ကျင့်ကြံခြင်းတွင် ပို၍ အားကောင်းလာလျှင် သူတို့နှစ်ဦး ပေါင်းဖက်ဖို့ရာမှာ ပြဿနာ မဟုတ်ပေ။ တကယ်လို့ အဆင်မပြေခဲ့လျှင်တောင်မှ သူမ၏ အဆင့်အတန်းဖြင့် နောက်ထပ် ယောကျ်ားကောင်းတစ်ယောက်ကို ရှာဖို့ရာ မခက်ခဲလှဘူးဟု သူမက အထင်ကြီးနေမိသည်။
ချန်မိသားစု၏ သမီးတော်လေးမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခြင်းပင်။
သို့သော် ဖခင်ဖြစ်သူ ချန်ဝမ်လင်း၏ ရှေ့တွင်တော့ သူမသည် လိမ္မာယဉ်ကျေးသယောင် ဟန်ဆောင်ထားလိုက်၏။
မျက်နှာတပြင်လုံး ပြာနှမ်းနေသော ချန်ဝမ်လင်းမှာတော့ ဘာကိုမှ စိတ်မဝင်စားနိုင်ဘဲ သမီးဖြစ်သူကိုပင် စကားမပြောဘဲ ကျော်သွားတော့သည်။
သူ၏ ခေါင်းထဲတွင် ရှီမိသားစု၏ ထိုးစစ်ကို ဘယ်လို တန်ပြန်ရမလဲဆိုသည်ကိုသာ အသည်းအသန် စဉ်းစားနေမိ၏။
ရှီမိသားစုကို ချောက်ထဲတွန်းပို့ရန်အတွက် သူတို့မိသားစုသည် ဆေးဝါးဈေးနှုန်းများကို အစွန်းကုန် လျှော့ချခဲ့ကြသည်။ သို့သော် ရှီမိသားစုမှာ သူထင်သလို ပြိုလဲမသွားဘဲ ပြန်လည် နိုးထလာပြီ ဖြစ်ရာ၊ သူ၏ ဗျူဟာကို ချက်ချင်း ပြောင်းလဲရပေမည်။
မဟုတ်လျှင်တော့ ချန်မိသားစုကိုယ်တိုင် အထိနာပေလိမ့်မည်။
လောလောဆယ်တွင် အရေးကြီးဆုံးမှာ အရှုံးကို ရပ်တန့်ရန်နှင့် ဈေးနှုန်းများကို ပြန်လည် မြှင့်တင်ရန်ပင် ဖြစ်၏။ အခုချက်ချင်း ရှီမိသားစုကို မသတ်နိုင်သေးသော်လည်း၊ အနာဂတ်တွင်တော့ အခွင့်အရေး ပြန်ရနိုင်သေးသည် မဟုတ်ပါလား။
ချန်ဝမ်လင်းသည် သူ၏ ဆေးဆိုင်အားလုံးမှ ဆိုင်မန်နေဂျာများကို ခေါ်ယူကာ သူ၏ ဆုံးဖြတ်ချက်ကို ကြေညာလိုက်တော့သည်။
ဆိုင်မန်နေဂျာများမှာတော့ ကြောင်တောင်တောင် ဖြစ်သွားကြ၏။ ဘာပဲဖြစ်ဖြစ် သူတို့၏ ရည်မှန်းချက်မှာ ရှီမိသားစုကို အပြတ်အသတ် ချေမှုန်းရန် ဖြစ်ပြီး၊ အခုမှ အရှိန်ရကာနီးတွင် ရပ်တန့်လိုက်ခြင်းမှာ အရင်က ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားစေမှာ ဖြစ်သည်။
“ဒါပေမဲ့ သခင်ကြီး... အခုလို လုပ်လိုက်ရင် ကျွန်တော်တို့ အကြီးအကျယ် ရှုံးသွားပါလိမ့်မယ်... တစ်နှစ်စာ အမြတ်ငွေတွေကို လွှင့်ပစ်လိုက်သလို ဖြစ်နေမှာပါ”
“တစ်နှစ်စာတင် ဘယ်ကမလဲ... နှစ်နှစ်၊ သုံးနှစ်စာလောက် ရှိလိမ့်မယ်”
ဆိုင်မန်နေဂျာများမှာ ရှီမိသားစု၏ ပြန်လည်နိုးထမှုကို မသိကြသေးပေ။ ချန်ဝမ်လင်းမှာလည်း ရှင်းပြနေရန် စိတ်မပါသဖြင့် ဒေါသတကြီးပင် အမိန့်ပေးလိုက်တော့သည်။
“စကားအများကြီး မပြောနဲ့... ငါခိုင်းတဲ့အတိုင်း အမြန်ဆုံး လုပ်ကြစမ်း”
ထိုအခါမှသာ အားလုံးလည်း ငြိမ်ကျသွားပြီး သူခိုင်းသည့်အတိုင်း လုပ်ကြရတော့၏။
မကြာမီမှာပင် မြို့တော်ဝန်ဂေဟာနှင့် သားရဲအကဲဖြတ်မှူး အသင်းချုပ်တို့က ဆေးဖက်ဝင် ပစ္စည်းများ ဝယ်ယူမည့် ဆိုင်ကို ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းရောက်လာသည်။ ဤသတင်းကို ကြားလိုက်ရချိန်တွင် ချန်ဝမ်လင်းမှာ အားအင်ကုန်ခမ်းသွားကာ ကုလားထိုင်ပေါ်သို့ ပုံကျသွားတော့၏။
သူသည် ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားပြီဖြစ်မှန်း သိလိုက်ပြီ ဖြစ်သည်။
သူတို့သည် ရည်မှန်းချက် အောင်မြင်ရန်အတွက် လွန်ခဲ့သော နှစ်အနည်းငယ်က ရရှိခဲ့သော အမြတ်ငွေများကိုပါ ရင်းနှီးခဲ့ကြသည်။ ဒါဟာ နိဂုံးချုပ်သွားတာ မဟုတ်သေးသော်လည်း၊ အရှုံးများကို ပြန်လည် ကုစားနိုင်ဖို့ရာမှာတော့ နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ယူရပေလိမ့်မည်။
ထိုအချိန်အတွင်း ရှီမိသားစုမှာ ဘယ်လောက်အထိ အားကောင်းလာဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
“ဘာလို့လဲ... သူတို့က အဲဒီ ဆေးညွှန်းတွေကို ဘယ်ကနေ ရတာလဲ”
သူ့အနေဖြင့် ရှုံးနိမ့်သွားရခြင်းမှာ ပြိုင်ဘက်ဖြစ်သူက မထင်မှတ်ဘဲ ဆေးညွှန်းအသစ်များကို ရရှိသွားသောကြောင့် ဖြစ်မှန်း ချန်ဝမ်လင်း သိထားသည်။ သူသည် ဒါကို လက်မခံနိုင်ပေ။ အချိန်အတော်ကြာ ပြင်ဆင်လာခဲ့ပြီးမှ အောင်မြင်ဖို့ လက်တစ်ကမ်းအလိုတွင် အားလုံး ပျက်စီးသွားရခြင်းမှာ ရင်နာစရာ ကောင်းလှ၏။
သူသည် သတင်းစုံစမ်းရန် လူလွှတ်လိုက်ရာ၊ သန်းခေါင်ယံအချိန်တွင် အဖြေတစ်ခု ရောက်လာတော့သည်။
ရှီမိသားစု၏ အံ့ဖွယ်ဆေးညွှန်းများကို သားရဲအကဲဖြတ်မှူး အသင်းချုပ်မှ အကဲဖြတ်မှူးလင်းက ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေခြင်းပင်။ ထို့အပြင် ရှီမိသားစုသည် အကဲဖြတ်မှူးလင်းနှင့် စာချုပ်ချုပ်ဆိုကာ အမြတ်ငွေ၏ တစ်ဝက်ကို ခွဲဝေပေးရန် သဘောတူထားသည်ဟု ဆိုသည်။
အကဲဖြတ်မှူးလင်း ဟုတ်လား။
ချန်ဝမ်လင်းမှာ အစပိုင်းတွင် နားမလည်နိုင်အောင် ဖြစ်နေမိ၏။
သတင်းပေးသူကတော့ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
“သားရဲအကဲဖြတ်မှူး အသင်းချုပ်က လင်းကျင်းပါပဲ ခင်ဗျာ”
အာ...
ချန်ဝမ်လင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဗယက်သန်းသွားတော့သည်။ အခါးသီးဆုံး ခံစားချက်ကြီးက သူ့ကို လွှမ်းမိုးသွားရ၏။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒါကို ငြင်းပယ်ရန်ပင်။
“ဒါ မဖြစ်နိုင်ဘူး... လင်းကျင်းလို ကောင်မျိုးက ဒီလို ဆေးညွှန်းတွေကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ... တစ်ခုခု မှားနေတာ ဖြစ်ရမယ်... သွား... သွားပြီး ထပ်စုံစမ်းချေ”
ချန်ဝန်လင်းက သွားကြိတ်ရင်း အမိန့်ပေးလိုက်သည်။
သို့သော် သတင်းပေးသူက ခေါင်းခါပြလိုက်ကာ အတည်ပြုပေးလိုက်၏။
“သခင်ကြီးချန်... ဒါက အမှန်ပါပဲ... ရှီမိသားစုကို ဆေးညွှန်းတွေ ပေးခဲ့တာက အကဲဖြတ်မှူးလင်း တကယ်ပဲ ဖြစ်ပါတယ်"
ချန်ဝမ်လင်းမှာ စိတ်လှုပ်ရှား တုန်လှုပ်သွားရတော့သည်။ အကယ်၍ လင်းကျင်းသာ ထောက်ပံ့ပေးသူ ဖြစ်နေလျှင် သူ၏ ချန်မိသားစုမှာ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပေ။ အကယ်၍ တခြားသူသာ ဆိုလျှင်တော့ သူသည် ငွေပေး၍ဖြစ်စေ၊ တောင်းပန်၍ဖြစ်စေ နည်းလမ်းရှာနိုင်သေးသည်။ သို့သော် လင်းကျင်းနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ဖို့မှာတော့ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
မိသားစု၏ အနာဂတ်ကို တွေးတောရင်း ချန်ဝမ်လင်းမှာ အသက်ရှူကျပ်လာကာ သတိလစ် မေ့မြောသွားတော့သည်။
တစ်မိသားစုလုံးမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ထိုအချိန်တွင် ချန်ယွမ်ယွမ်မှာတော့ သီးသန့် ဂေဟာတစ်ခု၌ ချန်ချန်းနှင့် ဖောက်ပြန်နေခြင်း ဖြစ်သည်။ သူတို့နှစ်ဦး ကာမစည်းစိမ် ခံစားရန် ပြင်ဆင်နေစဉ်မှာပင် ချန်ယွမ်ယွမ်၏ အစေခံမလေးက တံခါးကို အသည်းအသန် လာရောက် ခေါက်တော့၏။ ထိုအသံကြောင့် ချန်ချန်းမှာလည်း လန့်ဖျပ်သွားရသည်။
ဒေါသထွက်သွားသော ချန်ချန်းသည် အပြင်သို့ ထွက်ကာ ထိုအစေခံမလေးကို ပါးရိုက်၍ ရိုင်းစိုင်းစွာ ဆဲဆိုတော့သည်။ အစေခံမလေးခမျာ စကားပင် မပြောရသေးဘဲ တစ်ကိုယ်လုံး ညိုမဲစွဲအောင် ရိုက်နှက်ခြင်း ခံလိုက်ရ၏။ အကယ်၍ ချန်ယွမ်ယွမ်သာ ထွက်မတားလျှင်တော့ ထိုအစေခံမလေးမှာ သေပင် သေသွားနိုင်ပေသည်။
ဘာဖြစ်တာလဲဟု မေးကြည့်လိုက်သောအခါမှ အိမ်တွင် အရေးကြီးသည့် ကိစ္စ ဖြစ်ပျက်နေမှန်း သိလိုက်ရတော့သည်။
ချန်ယွမ်ယွမ်နှင့် ချန်ချန်းတို့သည် အဝတ်အစားများကို ကတိုက်ကရိုက် ဝတ်လိုက်ကြပြီး ဒဏ်ရာပြင်းထန်စွာ ရနေသော အစေခံမလေးကို ပစ်ထားခဲ့ကာ ပြန်လာခဲ့ကြတော့သည်။ ချန်ချန်းသည် အဆင့် ၃ သွေးကတိကဝတ် ရှိသည့် ပညာရှင် တစ်ဦး ဖြစ်သဖြင့် သူ၏ ဒေါသတကြီး ရိုက်နှက်မှုကြောင့် အစေခံမလေးမှာ သေလုမျောပါး ဖြစ်နေခဲ့ရ၏။ အကယ်၍ သူမသည် အပြင်သို့ အသည်းအသန် တွားသွား၍ ကင်းလှည့်နေသူများနှင့် မတွေ့ခဲ့လျှင်တော့ အသက်ရှင်မှာ မဟုတ်ပေ။
အစေခံမလေး၏ ဒဏ်ရာမှာ ပြင်းထန်လွန်းသဖြင့် တစ်စုံတစ်ဦးက အာဏာပိုင်များကို အကြောင်းကြားလိုက်သည်။ အာဏာပိုင်များ ရောက်လာသောအခါ အစေခံမလေးသည် သူမ၏ သခင်မနှင့် ချန်ချန်းတို့၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း၊ စစ်မေးမှုများပြားလာသောအခါတွင်တော့ သူမ၏ ပါးစပ်မှ အမှန်အတိုင်း ထွက်သွားတော့သည်။ ချန်မိသားစု၏ သမီးတော်လေးနှင့် ချန်ချန်းတို့၏ ဖောက်ပြန်မှု သတင်းမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့၏။
သို့သော် ချန်ယွမ်ယွမ်နှင့် ချန်ချန်းတို့ကတော့ ဒါကို မသိကြသေးပေ။
အိမ်ပြန်ရောက်သောအခါ ချန်ဝမ်လင်းမှာ သတိပြန်ရနေပြီ ဖြစ်သည်။ ချန်ယွမ်ယွမ်သည် ဒါကို မြင်သည်နှင့် အော်ဟစ်ငိုယိုကာ ဘာဖြစ်တာလဲဟု မေးတော့၏။
ချန်ချန်းလည်း ထိတ်လန့်သွားရသည်။
မနက်က မြင်ခဲ့ရသော ချန်ဝမ်လင်းမှာ ကျန်းမာသန်စွမ်းနေသော်လည်း၊ တစ်ရက်ပင် မပြည့်သေးခင်မှာပင် အခုလို အခြေအနေ ဖြစ်သွားရခြင်းမှာ မယုံနိုင်စရာပင်။
အခြေအနေအရပ်ရပ်ကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦးလုံး မှင်တက်သွားကြတော့သည်။
ချန်ယွမ်ယွမ်ကတော့ ဒေါသတကြီးဖြင့် ဆိုလိုက်၏။
“ကျွန်မကြည့်ရသလောက်တော့ အဲဒီ အမှိုက်က ဒါကို တမင်သက်သက် လုပ်တာပဲ... အဖေ... လောလောဆယ် ရှီမိသားစုနဲ့ မပြိုင်ဘဲ နေလိုက်ရအောင်... ကျွန်မတို့က မေပယ်မြို့ရဲ့ အကြီးဆုံး မိသားစုတွေထဲက တစ်ခုအဖြစ် ရှိနေသေးတာပဲလေ”
တစ်သက်လုံး အလိုလိုက်ခံလာရသည့် ချန်ယွမ်ယွမ်မှာတော့ ဤအခြေအနေ၏ စိုးရိမ်ရပုံကို လုံးဝ နားမလည်ပေ။
ဒေါသထွက်နေသော ချန်ဝမ်လင်းသည် သူ၏ စိတ်ပျက်မှုများကို သမီးဖြစ်သူအပေါ်သို့ ပုံချလိုက်တော့သည်။
“မင်းက ဘာသိလို့လဲ... ငါတို့ အခု ဆုတ်ခွာလိုက်ရင် အားလုံး အဆင်ပြေသွားမယ်လို့ မင်း တကယ် ထင်နေတာလား... ရှီမိသားစုက ငါတို့ လဲနေတုန်းမှာ ထပ်နင်းမှာ မဟုတ်ဘူးလို့ မင်း ထင်နေလား... ငါပြောမယ်... အခု လင်းကျင်းရဲ့ အကူအညီနဲ့ သူတို့ ပြန်နိုးထလာပြီဆိုတော့ ငါတို့ အထိနာတော့မှာ... သူတို့ သုံးမယ့် နည်းလမ်းတွေက ငါတို့ သုံးခဲ့တာထက် ပိုပြီး ရက်စက်လိမ့်မယ်... ငါ ချန်ဝမ်လင်း ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အင်ပါယာကြီးတော့ ပျက်စီးတော့မှာပဲ”
ချန်ယွမ်ယွမ်မှာ ဘာမှ နားမလည်ပေ။ သူမ သိသည်မှာ ရုတ်တရက် အဆူခံလိုက်ရသဖြင့် ဝမ်းနည်းပက်လက် ငိုယိုရန်သာ ဖြစ်၏။
ချန်ချန်းကတော့ ပို၍ တည်ငြိမ်လှသည်။
“ဦးလေး... လောလောဆယ်တော့ အရှုံးနည်းအောင်ပဲ ကျွန်တော်တို့ ကြိုးစားရမှာပေါ့... ချန်မိသားစုသာ မပြိုလဲသေးသရွေ့တော့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါသေးတယ်”
ဒါကတော့ မှန်ပေသည်။ သို့သော် ရှီမိသားစုက ထိုအခွင့်အရေးကို ပေးမှာ မဟုတ်မှန်း ချန်ဝမ်လင်း သိထား၏။
သူကိုယ်တိုင် ရှီမိသားစုအပေါ် ပြုမူခဲ့သလိုမျိုး၊ ရှီဝမ်ကျွင်းကဲ့သို့ ပါးနပ်သည့် ခေါင်းဆောင်တစ်ဦးက ချန်မိသားစုကို အပြတ်အသတ် ချေမှုန်းဖို့ ရရှိလာတဲ့ အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံပါမည်နည်း။
ရှီမိသားစုကသာ ကရုဏာသက်လျှင်တော့ တစ်မျိုးပေါ့။
သို့သော် သူတို့က ကရုဏာ သက်ပါ့မလား။
အခန်း (၂၀၂) - လုံးဝ သတိလစ်မေ့မြောသွားခြင်း
ယခုအချိန်တွင် ရှီမိသားစုအနေဖြင့် ကရုဏာသက်ရန် အကြောင်းမရှိပေ။
အရင်တုန်းက ချန်မိသားစုသည်လည်း ရှီမိသားစုကို အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် ကြိုးစားခဲ့သည် မဟုတ်ပါလား။ စီးပွားရေးလောက၏ ပြိုင်ဆိုင်မှုဆိုသည်မှာ ဤသို့ပင် ရက်စက်လွန်းလှပေသည်။
သို့သော် မျှော်လင့်ချက် တစ်ခုတော့ ရှိသေး၏။ အကယ်၍ တစ်စုံတစ်ဦးက ချန်မိသားစုအတွက် ကြားဝင်ဖျန်ဖြေပေးလျှင်တော့ သူတို့ ရှင်သန်ခွင့် ရနိုင်ပေသည်။ ထိုသို့ လုပ်ပေးနိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူမှာ လင်းကျင်းပင် ဖြစ်၏။
သို့သော် ချန်မိသားစုနှင့် လင်းကျင်းမှာ ယခင်ကတည်းက ရန်သူများကဲ့သို့ ဖြစ်ခဲ့ကြရာ၊ လင်းကျင်းက ဘာကြောင့် သူတို့အတွက် စကားပြောပေးရပါမည်နည်း။
ချန်ဝမ်လင်းသည် နည်းလမ်းမျိုးစုံကို စဉ်းစားနေမိသည်။ သူသည် အကွက်ချ ပါးနပ်သူတစ်ဦး ဖြစ်ရာ၊ အတန်ကြာ စဉ်းစားပြီးနောက်တွင်တော့ လင်းကျင်းကို ကိုယ်တိုင် စကားပြောပေးရန်ပင် မလိုကြောင်း သူ သိလိုက်၏။ သူသည် လင်းကျင်း၏ ရှေ့တွင် နှိမ့်ချစွာ တောင်းပန်တိုးလျှိုးပြရုံသာ လိုအပ်သည်။ လင်းကျင်း၏ အေးဆေးစွာ နေတတ်သော စရိုက်အရ သူ့ကို ချက်ချင်း မောင်းထုတ်လိမ့်မည် မဟုတ်ပေ။ ထိုအခါမှ သူသည် အခြေအနေများကို ချဲ့ကားပြောဆိုကာ ရှီမိသားစုက သူ့ကို အပြတ်မရှင်းရဲအောင် ဟန်ဆောင် ဖန်တီးနိုင်ပေလိမ့်မည်။
ဒါဟာ သူ၏ စိတ်ကူးယဉ်မှုသက်သက် ဖြစ်နိုင်သော်လည်း၊ လောလောဆယ်တွင်တော့ ဤနည်းလမ်းကလွဲ၍ အခြားမရှိတော့ပေ။
တကယ်လို့ လင်းကျင်း၏ ခွင့်လွှတ်မှုကိုသာ ရရှိခဲ့လျှင်တော့ အကောင်းဆုံးပေါ့။ ချန်ဝမ်လင်းသည် မည်သည့်အရာကိုမဆို လုပ်ရန် အသင့်ရှိနေသည်။ လိုအပ်လျှင် သူ၏ သမီးဖြစ်သူကိုပင် ထိုလူ၏ မယားငယ်အဖြစ် ထည့်ပေးရန် ဝန်လေးမည့်သူ မဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် လင်းကျင်းသည် သူ၏ နောက်ဆုံး မျှော်လင့်ချက်ပင် ဖြစ်တော့သည်။
ချန်ဝမ်လင်းမှာ အလွန်ပင် ပင်ပန်းနေပြီ ဖြစ်၏။ သူသည် လက်တစ်ချက် ဝေ့ယမ်းကာ အားလုံးကို အခန်းထဲမှ ထွက်ခွာစေပြီး အနားယူလိုက်တော့သည်။ မနက်ဖြန်ကျမှ လင်းကျင်းဆီသို့ သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်၏။
သုံးရက်သုံးည စောင့်ရလျှင်ပင် လင်းကျင်း၏ ခွင့်လွှတ်မှုကို ရအောင် သူ စောင့်ဆိုင်းပေလိမ့်မည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ချန်မိသားစု၏ အိမ်တော်ထိန်းကြီးသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် ရောက်လာတော့သည်။ သူသည် ချန်ဝမ်လင်းအတွက် အစားအသောက်များ လာပို့ပေးရင်း စကားတစ်ခွန်း ပြောချင်သလိုလို၊ မပြောချင်သလိုလိုဖြင့် ဝေခွဲမရ ဖြစ်နေပုံရ၏။
ချန်ဝမ်လင်းက ဒါကို သတိထားမိသဖြင့် ဘာဖြစ်တာလဲဟု မေးမြန်းလိုက်သည်။
အိမ်တော်ထိန်းကြီးက ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသော်လည်း၊ ချန်ဝမ်လင်းက အော်ဟစ် ငေါက်ငန်းလိုက်သောအခါမှ အပြင်လောကတွင် ပျံ့နှံ့နေသည့် ကောလာဟလများအကြောင်းကို ပြောပြလိုက်တော့၏။
ဒါကတော့ ချန်ယွမ်ယွမ်နှင့် ချန်ချန်းတို့၏ ဖောက်ပြန်မှု သတင်းပင် ဖြစ်သည်။
ထိုသတင်းမှာ မေပယ်မြို့တစ်ခွင် တောမီးပမာ ပျံ့နှံ့နေပြီ ဖြစ်၏။
အိမ်တော်ထိန်းကြီးက နှုတ်ပိတ်နေလျှင်ပင် ချန်ဝမ်လင်းအနေဖြင့် မကြာခင် သိသွားမှာပဲ ဖြစ်သည်။
ဤလောကတွင် အမိဘက်က တော်စပ်သည့် ဝမ်းကွဲများ အိမ်ထောင်ပြုခြင်းမှာ ပြဿနာ မရှိသော်လည်း၊ ဖခင်ဘက်က တော်စပ်သည့် မျိုးရိုးတူ ဝမ်းကွဲများ ဖောက်ပြန်ခြင်းမှာတော့ လုံးဝ လက်မခံနိုင်သည့် ကိစ္စပင်။ ဒါဟာ အလွန် ထူးဆန်းပြီး အရုပ်ဆိုး အကျည်းတန်လှသည့် ကိစ္စ ဖြစ်ပေသည်။ အချို့သော မိသားစုကြီးများတွင် ဤသို့ ဖြစ်တတ်သော်လည်း လျှို့ဝှက်ထားလေ့ ရှိကြသည် မဟုတ်ပါလား။
ချန်ဝမ်လင်းသည် ဤစကားကို ကြားလိုက်ရချိန်တွင် ပထမဆုံး တုံ့ပြန်မှုမှာ ဒါကို ငြင်းပယ်ရန်ပင်။ ဒါဟာ ချန်မိသားစုကို အရှက်ခွဲရန် တစ်စုံတစ်ဦးက ဖန်တီးထားသည့် ကောလာဟလဟု သူ ယူဆလိုက်သည်။
သို့သော် သူသည် သေချာစေရန်အတွက် ချန်ယွမ်ယွမ်ကို ခေါ်ယူ စစ်ဆေးလိုက်၏။
ရင်နာစရာ ကောင်းသည်မှာ စိတ်ဓာတ်မခိုင်မာသော ချန်ယွမ်ယွမ်သည် အမေးခံရရုံမျှဖြင့် အမှန်အတိုင်း ဝန်ခံလိုက်ခြင်းပင်။ ချန်ဝမ်လင်းသည် သူမ၏ အဖြေကို ကြားလိုက်ရချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်စိရှေ့တွင် မှောင်အတိ ကျသွားတော့သည်။
နှစ်ရက်ဆက်တိုက် ပြင်းထန်သော ရိုက်နှက်ချက်များကို ခံစားလိုက်ရသဖြင့် ချန်ဝမ်လင်းမှာ ဆက်၍ မတောင့်ခံနိုင်တော့ပေ။ သူသည် ဖျားနာကာ အိပ်ရာထဲသို့ လဲသွားရတော့သည်။
အရေးကြီးသော အချိန်တွင် အိမ်ထောင်ဦးစီး ဖြစ်သူမှာ အခုလို လဲသွားခြင်းမှာ ချန်မိသားစုအတွက်တော့ ကံဆိုးမိုးမှောင် ကျခြင်းပင်။ ထို့အပြင် ချန်မိသားစု၏ ဂုဏ်သိက္ခာမှာလည်း လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ အနည်းငယ် ဉာဏ်ရှိသူတိုင်းကတော့ ဒါဟာ ချန်မိသားစု၏ နိဂုံးပင် ဖြစ်မှန်း သိလိုက်ကြပြီ ဖြစ်၏။
...........
အနောက်ပိုင်းပြည်နယ်၊ မီးလောင်မြီးတောင်တန်း။
ဤနေရာမှာ မည်သည့်နိုင်ငံ၏ ပိုင်နက်အတွင်းမှ မဟုတ်ဘဲ အလွန် အန္တရာယ်များသည့် နယ်မြေအဖြစ် လူသိများလှပေသည်။ ဤနေရာတွင် နေထိုင်သူများမှာ သာမန်လူများ မဟုတ်ကြဘဲ လူသတ်မှုဖြင့် ထွက်ပြေးနေရသူများ သို့မဟုတ် နာမည်ကျော် လူဆိုးလူမိုက်များသာ ဖြစ်ကြ၏။
မီးလောင်မြီးတောင်တန်းအတွင်းရှိ ရှေးဟောင်းမြို့ပျက်ကြီး တစ်ခုတွင်...။
ဤမြို့ပျက်ကြီးမှာ နှစ်ပေါင်း ငါးရာကျော် သက်တမ်းရှိပြီဟု ဆိုကြသည်။ မြို့ထဲရှိ အဆောက်အဦး အများစုမှာ ပြိုပျက်နေပြီ ဖြစ်သော်လည်း၊ အချို့မှာတော့ ကျန်ရှိနေသေးသဖြင့် လူဆိုးလူမိုက်များ စုဝေးရာ နေရာတစ်ခု ဖြစ်နေ၏။
မသိသူများကတော့ လူတွေနှင့် သားရဲတွေ အများကြီး သွားလာနေသဖြင့် ဒါကို စည်ကားသော မြို့တစ်မြို့ဟု ထင်မှတ်နိုင်သော်လည်း၊ သိသူများကတော့ အလုပ်မရှိဘဲ ဤနေရာသို့ ခြေမနင်းရဲကြပေ။
“ဒီလောကက လူတွေကို လူကောင်းနဲ့ လူဆိုးဆိုပြီး ခွဲခြားထားကြတယ်... ဒါပေမဲ့ လူကောင်းဆိုတာ ဘာလဲ.. လူဆိုးဆိုတာကော ဘာလဲ”
မြို့ထဲတွင် ပညာရှိတစ်ဦးနှင့် တူသော လူတစ်ယောက်က ဟောပြောနေ၏။ သူ့ပတ်ဝန်းကျင်တွင် လူဆိုးများ ဝန်းရံနေသော်လည်း သူတို့မှာ ထိုလူ၏ စကားကို စိတ်ဝင်တစား နားထောင်နေကြသည်။
ထိုပညာရှိမှာ သပ်ရပ်သော အသွင်ရှိပြီး လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ထားကာ၊ သူ့ဘေးက စားပွဲပေါ်တွင်တော့ အဖြူရောင် ကြောင်ကြီးတစ်ကောင်က အိပ်စက်နေ၏။
ဒါကတော့ ထိုပညာရှိ၏ သားရဲပင် ဖြစ်ဟန်တူသည်။
ထိုပညာရှိက ဆက်လက်၍ ပြောလိုက်၏။
“တချို့ကတော့ လူတစ်ယောက်ရဲ့ သီလကို သူ့မျက်နှာမှာ ရေးထားတယ်လို့ ပြောကြတယ်... ဒါဆိုရင် ငါ ဒီမှာရှိတဲ့ လူအားလုံးကို မေးချင်တယ်... ငါ့ကိုကြည့်ရင် လူကောင်းလို့ ထင်လား၊ လူဆိုးလို့ ထင်လား”
သူက ထိုသို့ မေးလိုက်သောအခါ ပရိသတ်ကြားမှ သန်မာထွားကျိုင်းသော လူတစ်ယောက်က အော်ပြောလိုက်သည်။ “မင်းက ‘ယုတ်မာသော ပညာရှိ’ ဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ... မင်းက လူဆိုးဆိုတာ သိသာနေတာပဲ မဟုတ်လား ဟေ့လူတို့”
အချို့ကလည်း ထိုလူ၏ စကားကို ထောက်ခံကြ၏။
ယုတ်မာသော ပညာရှိက ရယ်မောလိုက်ရင်း ပြန်ပြောလိုက်သည်။
“မှားတယ်”
“ဘာလို့ မှားတာလဲ”
ထိုသန်မာသော လူက မကျေမနပ်ဖြစ်သွားကာ ဟားတိုက်ရယ်မောလိုက်တော့သည်။
“မနှစ်က မင်း မိသားစုတစ်စုလုံးကို သတ်ပစ်ခဲ့တယ် မဟုတ်လား... အားလုံးပေါင်း ၇၈ ယောက်တောင်.. ဒါက လူဆိုးမဟုတ်ရင် ဘာလဲ.. ဟေ့... ဒါဆိုရင် ငါတောင် လူကောင်း ဖြစ်နိုင်တာပဲ”
“မှန်တယ်... ငါ သူတို့ကို သတ်ခဲ့တာ မှန်တယ်... ဒါပေမဲ့ သူတို့က အဲဒီ ဒေသက လူတွေကို အကြီးအကျယ် နှိပ်စက်နေလို့ပဲ... သူတို့ကြောင့် ဒုက္ခရောက်နေရတဲ့ လူတွေအတွက်တော့ ငါက လူဆိုးမဟုတ်ဘူး... တကယ့် လူကောင်းကြီးပဲ”
ပညာရှိက အတည်အပေါက် ပြောလိုက်၏။
“ဟက်...”
ထိုလူက တံတွေးတစ်ချက် ထွေးလိုက်ကာ ပြောလိုက်၏။
“လူဆိုးက လူဆိုးပါပဲ.. ငါကတော့ ဝါသနာပါလို့ သတ်တာ... မင်းတို့လို ပညာရှိတွေကတော့ စကားတွေ များလွန်းတယ်... လူကောင်း လူဆိုး ဘာတွေ ဂရုစိုက်နေမှာလဲ”
ယုတ်မာသော ပညာရှိက ခေါင်းခါပြလိုက်၏။
“ကျန်းကွမ်ရှုံ... မင်းက ကိုယ့်ကိုယ်ကိုယ် လူဆိုးလို့ ပြောနေပေမဲ့ ဒါက အမှန်မဟုတ်ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ကလေးသူငယ်တွေကို မှောင်ခိုကူးနေတဲ့ အဖွဲ့တစ်ဖွဲ့လုံးကို သတ်ပစ်ခဲ့တယ် မဟုတ်လား... အဲဒီလူတွေက သေသင့်သေထိုက်တဲ့ လူတွေပဲလေ... လွန်ခဲ့တဲ့ နှစ်ငါးရာကျော်က ‘တာအိုကျွင်း' ရဲ့ အဆိုအရဆိုရင် မင်းက သူရဲကောင်းပဲ... လူဆိုး မဟုတ်ဘူး”
“အလကား စကားတွေပါ”
ထိုလူက ပြန်ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ သဘောကျနေပုံရ၏။
ဘာပဲဖြစ်ဖြစ် ဤပညာရှိက သူ့ကို ချီးကျူးနေသည် မဟုတ်ပါလား။ သူကတော့ ဆဲတာနဲ့ ချီးကျူးတာကို ခွဲခြားသိနိုင်စွမ်း ရှိပေသည်။
“နှမြောစရာ ကောင်းတာက တာအိုကျွင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကျော်က လူဖြစ်နေတာပဲ.. ငါ သူ့ကို အလွန် လေးစားမိတယ်... ငါတို့သာ တစ်ခေတ်တည်း မွေးခဲ့ရင် သူ့နောက်ကို လိုက်ခွင့်ရမှာ သေချာတယ်”
ပညာရှိက ညည်းတွားလိုက်၏။
ထိုစဉ် ကျီးကန်းနက် တစ်ကောင် ပျံသန်းလာသည်ကို မြင်သောအခါ ပညာရှိ၏ မျက်နှာမှာ ပျက်သွားရသည်။
သူ့ဘေးက ကြောင်ဖြူကြီးမှာလည်း ချက်ချင်းပင် ထရပ်ကာ ထိုကျီးကန်းနောက်သို့ လိုက်လေတော့သည်။
အဝေးမှ လူတစ်ယောက် လမ်းလျှောက်လာနေ၏။
ထိုလူကို မြင်လိုက်ရသောအခါ လူဆိုးအားလုံးမှာ ငြိမ်ကျသွားကြသည်။
လူဆိုးလောကတွင်လည်း အဆင့်အတန်း ခွဲခြားမှု ရှိရာ၊ ယခု ရောက်လာသူမှာတော့ ထိပ်ဆုံးက နာမည်ကြီး လူဆိုးကြီး တစ်ဦး ဖြစ်ပေသည်။
“ပညာရှိ... ငါ့အတွက် စားစရာ တစ်ခုခု ပေးစမ်း”
ကျီးကန်းနက်က ရောက်လာပြီး ကျောက်ခုံပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို ကန်ထုတ်ကာ နေရာယူလိုက်တော့သည်။
အကန်ခံလိုက်ရသည့် လူမှာလည်း တခြားနေရာသို့ သွားထိုင်ရုံမှတစ်ပါး ဘာမှ မပြောရဲပေ။
“ကျီးကန်းနက်... မင်း မကြာခင်ကပဲ ရတနာတွေ အများကြီး ရထားတယ်လို့ ငါ ကြားတယ်”
ယုတ်မာသော ပညာရှိသည် ကျီးကန်းနက်နှင့် ရင်းနှီးပုံရ၏။ သူသည် လူတစ်ယောက်ကို လွှတ်ကာ မီးဖိုထဲမှ ကြက်ကင်များကို ယူလာခိုင်းလိုက်သည်။
ကျီးကန်းနက်မှာ ဘာမှမပြောဘဲ စားသောက်နေတော့၏။
သူသည် များသောအားဖြင့် ဗိုက်ဝမှသာ စကားပြောတတ်သည့် လူစားမျိုး ဖြစ်သည်။
ဒါကတော့ ကျီးကန်းနက်၏ စရိုက်ပင်။ သူသည် စကားများသော ပညာရှိနှင့် ဆန့်ကျင်ဘက် ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြ၏။
ဗိုက်ဝသွားသောအခါမှ ကျီးကန်းနက်က ပြောလိုက်၏။
“တခြားသူ မေးရင်တော့ ငါ ဖြေမှာ မဟုတ်ဘူး.. ဒါပေမဲ့ မင်းမို့လို့ ငါ ပြောပြမယ်... ငါ ရတနာတွေ အများကြီး ရခဲ့တာ မှန်တယ်... နောက်ထပ် ရက်အနည်းငယ်ဆိုရင် ငါ့ရဲ့ စွန်ရဲနက်က အဆင့် ၅ ကို တက်လှမ်းတော့မှာ”
အားလုံးမှာ အံ့ဩတုန်လှုပ်သွားကြ၏။
ကျီးကန်းနက်က ဘာကြောင့် ဒီလောက် စွမ်းအားကြီးရတာလဲ။
အကြောင်းမှာ သူ၏ သားရဲမှာ အဆင့် ၄ ဖြစ်သောကြောင့်ပင်။ သူသည် နိုင်ငံငယ်လေး တစ်ခုကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိရာ၊ ယခုအခါ အဆင့် ၅ သို့ တက်လှမ်းတော့မည် ဖြစ်သဖြင့် လူတိုင်းမှာ ထိတ်လန့်သွားကြခြင်းပင်။
အကယ်၍ ဒါသာ အမှန်ဆိုလျှင် ကျီးကန်းနက်၏ အမည်မှာ လူဆိုးလောကတွင် ပို၍ပင် ကျော်ကြားလာမှာ ဖြစ်သလို၊ သူသည် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။