← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 11 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 11 Ch. 203-204

အခန်း (၂၀၃) - မြက်ခင်းပြင်တိုက်ကြီးဆီသို့ ချီတက်ကြစို့

ယုတ်မာသော ပညာရှိ၏ မျက်လုံးများမှာ အရောင်တောက်သွား၏။

သူသည် ကျီးကန်းနက်၏ စရိုက်ကို ကောင်းကောင်းသိထားသည်။ ကျီးကန်းနက်က အခုလို ပြောပြနေခြင်းမှာ သူ့ကို ကူညီချင်သည့် ဆန္ဒရှိနေသောကြောင့် ဖြစ်၏။

သူ၏ ကြောင်ဖြူကြီးကို အဆင့် ၄ သို့ တက်လှမ်းရန် သူ အစွမ်းကုန် ကြိုးစားနေသော်လည်း၊ အဆင့် ၃ မှာတင် ရပ်တန့်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

“ကောင်းပြီ... အသေးစိတ်ကိုတော့ နောက်မှ ပြောတာပေါ့... အခုတလော ဘာသတင်းတွေ အသစ်ရှိသေးလဲ... သတင်းစာ ယူခဲ့စမ်း”

ကျီးကန်းနက်က ရုတ်တရက် ဆိုလိုက်သည်။

ယုတ်မာသော ပညာရှိသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် သတင်းစာကို ယူလာခိုင်းလိုက်၏။

“အော်... ဟုတ်သားပဲ... ဒီတစ်ခါ သတင်းစာထဲမှာ မင်းအတွက် တောင်းဆိုချက်တစ်ခု ပါလာတယ်”

ကျီးကန်းနက်မှာ အံ့ဩသွားရသည်။

“ငါ့အတွက်လား... ငါ့နာမည် တိုက်ရိုက်ပါတာလား”

ပညာရှိက ခေါင်းငြိမ့်ပြလိုက်၏။

“မှန်တယ်.. မင်းတင်မကဘူး ‘ဝိညာဉ်ကလေးငယ်မိခင်အတွက်ပါ ပါတာ... အဲဒါ တောင်ပိုင်းတိုက်ကြီးက ကြောက်စရာကောင်းတဲ့ ဝိညာဉ်ကလေးငယ်မိခင်ကို ပြောတာလားတော့ မသိဘူး”

ကျီးကန်းနက်၏ ရင်ခုန်သံမှာ မြန်လာတော့သည်။

“သတင်းစာ ဘယ်မှာလဲ... အခုချက်ချင်း ပြစမ်း”

သူသည် အခုလို အသည်းအသန် ဖြစ်ခဲလှပေသည်။

စောစောက အစားအသောက်များကို အေးဆေးစွာ စားသောက်နေခဲ့သော်လည်း၊ ဝိညာဉ်ကလေးငယ်ဆိုသည့် အမည်ကို ကြားလိုက်ရချိန်တွင်တော့ သူ၏ တည်ငြိမ်မှုများ ပျောက်ဆုံးသွားရ၏။ သူသည် သတင်းစာကို ဆွဲလုလိုက်ကာ အသည်းအသန် ဖတ်ကြည့်တော့သည်။

ယုတ်မာသော ပညာရှိမှာတော့ ဇဝေဇဝါ ဖြစ်နေမိ၏။

“ဒီတောင်းဆိုချက်ကို လုပ်တဲ့လူရဲ့ နာမည်က ပြတိုင်မှူးတဲ့... ထူးဆန်းလိုက်တဲ့ နာမည်ပဲ... မင်းနဲ့ ဝိညာဉ်ကလေးငယ်ကို မြက်ခင်းပြင်တိုက်ကြီးမှာရှိတဲ့ မြွေနိုင်ငံကို သွားပြီး နှိမ်နင်းခိုင်းထားတာ... အဲဒီနိုင်ငံက နိုင်ငံကြီး မဟုတ်ပေမဲ့ အလယ်အလတ်အဆင့်မှာတော့ အတော်လေး အစွမ်းထက်တယ်... အဆင့် ၄ သားရဲတွေ အများကြီး ရှိသလို၊ မြက်ခင်းပြင်တိုက်ကြီးက သတ္တဝါတွေက ရက်စက်ပြီး ကိုင်တွယ်ရခက်တယ်လို့ ကြားဖူးတယ်... ကျီးကန်းနက်... မင်း သွားမှာ မဟုတ်ဘူး မဟုတ်လား... မင်းရဲ့ စရိုက်အရဆိုရင် ဘယ်သူ့အမိန့်ကိုမှ နားထောင်မှာ မဟုတ်ဘူးလေ... ဒါက ဟာသတစ်ခုလိုပဲ...”

သူ့စကားပင် မဆုံးသေးမီမှာပင် ကျီးကန်းနက်က မတ်တပ်ရပ်လိုက်ကာ မေးလိုက်တော့သည်။

“ပညာရှိ... မြွေနိုင်ငံကို ဘယ်လိုသွားရမလဲ”

ယုတ်မာသော ပညာရှိမှာ မှင်တက်သွားရ၏။

ခဏအကြာတွင်တော့ ကျီးကန်းနက်သည် ပညာရှိကို မီးလောင်မြီးတောင်တန်း အပြင်ဘက်သို့ အတင်းဆွဲခေါ်သွားတော့သည်။

“ပညာရှိ... ငါတို့ စွန်ရဲနက်ရဲ့ ကျောပေါ်တက်ပြီး မြွေနိုင်ငံကို အခုချက်ချင်း သွားမယ်... မင်းကို ခေါ်လာရတာက အကြောင်းရင်း နှစ်ခုရှိတယ်... တစ်ခုက ငါ လမ်းမသိလို့၊ နောက်တစ်ခုကတော့ မင်းအတွက် အခွင့်အရေးတစ်ခု ပေးချင်လို့ပဲ.... ငါတို့က သူငယ်ချင်းတွေမို့လို့ မင်းကို ငါ ကြည့်ရှုပေးတာ... ဒီအခွင့်အရေးကို မင်း တန်ဖိုးထားသင့်တယ်”

ကျီးကန်းနက်က သုတ်သီးသုတ်ပျာ ပြောလိုက်သည်။

ပညာရှိမှာတော့ မျက်စိလည်နေဆဲပင်။

“ကျီးကန်းနက်... ဒီ ‘ပြတိုင်မှူး’ ဆိုတာ ဘယ်သူလဲ”

ပညာရှိမှာ ဉာဏ်ကောင်းသူ ဖြစ်ရာ၊ မိုင်ထောင်ချီ ဝေးကွာသော မြက်ခင်းပြင်တိုက်ကြီးသို့ ကျီးကန်းနက်ကို အခုလို အသည်းအသန် သွားခိုင်းနိုင်သူမှာ သာမန်လူ မဟုတ်မှန်း ရိပ်မိလိုက်သည်။

“ငါ အခုချက်ချင်း အကုန်လုံး ရှင်းမပြနိုင်သေးဘူး... ဒါပေမဲ့ သူက သတင်းစာကနေတစ်ဆင့် ငါ့ရဲ့ အကူအညီကို ပထမဆုံးအကြိမ် တောင်းဆိုလာတာပဲ.. ဆိုလိုတာက ပြတိုက်မှူးက နောက်တစ်ကြိမ် ဧည့်ခန်းမ ဖွင့်မယ့်အချိန်အထိ မစောင့်နိုင်တော့တာ ဖြစ်ရမယ်... လမ်းကျမှ အသေးစိတ်ကို ငါပြောပြမယ်”

ကျီးကန်းနက်က အဖြေပေးလိုက်၏။

သူသည် မြွေနိုင်ငံသို့ အမြန်ဆုံး ရောက်ရှိလိုနေခြင်းပင်။

ပညာရှိက အတန်ကြာ စဉ်းစားပြီးနောက် မေးလိုက်သည်။

“မြွေနိုင်ငံက ကိုင်တွယ်ရ မလွယ်ဘူး... ငါတို့ အဆိပ်အိုကြီးကိုပါ ခေါ်သွားသင့်လား”

ကျီးကန်းနက်က ခေါင်းခါပြလိုက်၏။

“နောက်မှပေါ့... အကယ်၍ ဝိညာဉ်ကလေးငယ်သာ အဲဒီမှာ ရှိနေရင် အဲဒီ မြွေနိုင်ငံကို နှိမ်နင်းဖို့ လုံလောက်တာထက်တောင် ပိုနေပါဦးမယ်”

...........

တောင်ပိုင်းတိုက်ကြီး၏ တောရိုင်းနယ်မြေ တစ်နေရာ။

အသေကောင်နံ့များ နံစော်နေပြီး ခြောက်သွေ့နေသော သစ်ပင်များသာ ရှိသည့် ဤနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ အလောင်းများကို စွန့်ပစ်ရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ဒါဟာ လူသေတွင်းကြီးတစ်ခုသဖွယ်ပင်။

မျက်စိတစ်ဆုံးတွင် မြက်ပင်များပင် မပေါက်တော့ဘဲ အသက်ရှိသတ္တဝါတို့၏ အရိပ်အယောင်ပင် မရှိတော့ပေ။

မြေပုံတစ်ခု၏ ဘေးတွင် ဝိညာဉ်ကလေးငယ်မိခင်မှာ ငြိမ်သက်စွာ ရပ်စောင့်နေ၏။

သူမသည် ဤနေရာတွင် သုံးရက်သုံးညတိုင်တိုင် ရပ်နေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သုံးရက်က ပြတိုင်မှူး၏ အကြံပြုချက်အတိုင်း သူမသည် ‘ခေါင်းတလားလူသားကို ဤနေရာသို့ ခေါ်လာခဲ့သည်။ သင့်တော်သော နေရာကို ရှာတွေ့သောအခါ မြေကျင်းတူးပြီး ခေါင်းတလားလူသားကို သူ၏ သားရဲနှင့် ပေါင်းစည်းထားမှုကို ဖြတ်တောက်စေခဲ့၏။ ထို့နောက် ခေါင်းတလားလူသားကို သူ၏ ခေါင်းတလားနှင့်အတူ မြေမြှုပ်ထားခဲ့ခြင်းပင်။

ယခုဆိုလျှင် တတိယမြောက်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဝိညာဉ်ကလေးငယ်မိခင်သည် ပြတိုက်မှူး၏ စကားကို အကြွင်းမဲ့ ယုံကြည်ထား၏။ အကြောင်းမှာ ပြတိုက်မှူးသည် သူမ၏ ကယ်တင်ရှင် ဖြစ်သောကြောင့်ပင်။

ထိုစဉ် သူမသည် ပတ်ဝန်းကျင်မှ လှုပ်ရှားမှုအချို့နှင့် လူရိပ်လူယောင်များကို သတိထားမိလိုက်သည်။ သို့သော် ထိုလူများမှာ သူမနှင့် မီတာ ရာဂဏန်းခန့် အကွာတွင် ရပ်တန့်သွားကြ၏။

ဝိညာဉ်ကလေးငယ်မိခင်သည် သူတို့ကို မျက်လုံးအစွန်းဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီး မြေပုံကြီးကိုသာ ဆက်လက် အာရုံစိုက်နေတော့သည်။

အကွာအဝေး တစ်နေရာတွင် လူအယောက်နှစ်ဆယ်ခန့် ရှိနေပြီး၊ သူတို့၏ ဘေးတွင်လည်း သားရဲမျိုးစုံ ရှိနေကြ၏။

သူတို့မှာ ဆုငွေထုတ်ခံထားရသူများကို လိုက်လံ ဖမ်းဆီးသည့် ဆုကြေးအမဲလိုက်သမားများပင် ဖြစ်သည်။

ဝိညာဉ်ကလေးငယ်မိခင်မှာ တောင်ပိုင်းတိုက်ကြီးရှိ နိုင်ငံအတော်များများတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်၏။ နှစ်ပေါင်းများစွာ စုဆောင်းလာသော သူမ၏ ဦးခေါင်းအတွက် ဆုကြေးငွေမှာလည်း အလွန်ပင် များပြားလှပေသည်။ သူမမှာ အစွမ်းထက်သူ ဖြစ်မှန်း သိကြသော်လည်း၊ ဆုကြေးငွေကို မက်မောသော လူအချို့မှာတော့ သူမကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြဆဲပင်။

လွန်ခဲ့သော တစ်ရက်က ရွာသားအချို့ အလောင်းလာပစ်ရင်း သူမကို တွေ့သွားရာမှ သတင်းပျံ့နှံ့သွားခြင်း ဖြစ်သည်။ ဤဆုကြေးအမဲလိုက်သမားများမှာ အစွမ်းထက်သည့် သားရဲများကို ပိုင်ဆိုင်ထားကြပြီး၊ လူအင်အားဖြင့် သူမကို တိုက်ခိုက်ရန် ပြင်ဆင်လာကြခြင်း ဖြစ်၏။

“နားထောင်စမ်း... အဲဒါ ဝိညာဉ်ကလေးငယ်မိခင်ပဲ... သူ့ကို သတ်နိုင်ရင် ငါတို့ ဆုကြေးငွေ ခွဲဝေယူတာတောင် ဘဝတစ်သက်စာ သုံးမကုန်ဘူး... ဒါကြောင့် အားလုံး အစွမ်းကုန် တိုက်ကြ။ မညှာကြနဲ့”

ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။

“မှန်တယ်... သူက သူ့ရင်ခွင်ထဲက အကောင်ကြောင့်ပဲ စွမ်းတာ... သူ့ဘာသာသူဆိုရင် သိပ်မစွမ်းဘူး... ငါတို့ အဖွဲ့ခွဲပြီး တိုက်မယ်... တချို့က အဲဒီရင်ခွင်ထဲက အကောင်ကို လုယူပြီး ကျန်တဲ့လူတွေက သူ့ကို အပြတ်ရှင်းမယ်... ဒါဆို ငါတို့ နိုင်မှာပဲ”

“ကောင်းပြီ... ဒါပေမဲ့ ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်... အားလုံး အစွမ်းကုန် တိုက်ကြ... သူ ဘယ်လောက် စွမ်းလဲဆိုတာ မင်းတို့ သိပါတယ်... ငါတို့မှာ လူအင်အား သာပေမဲ့ သတိမထားရင် သေသွားနိုင်တယ်... ဒါကြောင့် တတ်သမျှ ပညာတွေ အကုန်သုံး၊ ရှိသမျှ ဆေးတွေ အကုန်သောက်ပြီး တိုက်ကြစို့”

သူတို့ ပြင်ဆင်ပြီးသောအခါ လှုပ်ရှားရန် ပြင်လိုက်ကြ၏။

ထိုအချိန်မှာပင် ကောင်းကင်ယံ၌ တိမ်မည်းများ အုံ့မှိုင်းလာပြီး မိုးကြိုးသံများ ဟိန်းထွက်လာတော့သည်။ မကြာမီမှာပင် မိုးများ သည်းထန်စွာ ရွာချလိုက်တော့၏။

“တိုက်ကြဟေ့...”

သူတို့အဖွဲ့မှာ နှစ်ဖွဲ့ခွဲကာ ဝိညာဉ်ကလေးငယ်မိခင်ကို နှစ်ဖက်ညှပ် တိုက်ခိုက်ကြတော့သည်။

တောင်ပိုင်းတိုက်ကြီးတွင် မိုးမှာ ရုတ်တရက် ရွာသွန်းတတ်ပြီး ခဏအတွင်း ပြန်တိတ်သွားတတ်သည်။ ယခုလည်း ထိုနည်းအတိုင်းပင်။

မိုးပြန်တိတ်သွား၏။

ဝိညာဉ်ကလေးငယ်မိခင်သည် သူမ၏ ရင်ခွင်ထဲက ကလေးထုတ်ကို အသာအယာ ပွတ်သပ်နေကာ မျက်နှာအမူအရာမှာလည်း လုံးဝ ပြောင်းလဲခြင်း မရှိပေ။

သို့သော်လည်း စောစောက ဆုကြေးအမဲလိုက်သမား အဖွဲ့မှာတော့ မြေပြင်ပေါ်တွင် လူးလှိမ့် ငိုယိုနေကြတော့သည်။ အားလုံးမှာ လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက်စီ ပြတ်တောက်နေကြ၏။ ဒါဟာ အလွန် ထိတ်လန့်စရာ ကောင်းသော မြင်ကွင်းပင်။

ဆုကြေးအမဲလိုက်သမား အများစုမှာ စောစောက ဘာဖြစ်သွားမှန်းပင် မသိလိုက်ကြပေ။ သူတို့သည် ဝိညာဉ်ကလေးငယ်မိခင်၏ စွမ်းအားကို အထင်သေးမိခဲ့ကြခြင်းပင်။ အချို့မှာ မြေပြင်ပေါ်ရှိ ခြေလက်အပြတ်များကြားတွင် မိမိ၏ ခြေလက်ကို ပြန်လည် ရှာဖွေနေကြသလို၊ အချို့မှာတော့ နာကျင်လွန်းသဖြင့် သတိလစ်သွားကြပြီ ဖြစ်သည်။

ဒါဟာ ကြောက်စရာကောင်းသော မြင်ကွင်း ဖြစ်သော်လည်း၊ ဝိညာဉ်ကလေးငယ်မိခင်ကတော့ ဘယ်သူ့ကိုမှ အသက်မသေအောင် ထိန်းသိမ်းထားခဲ့၏။

မိုးရေများက သွေးများကို ဆေးကြောကာ တောင်စောင်းအတိုင်း စီးကျသွားတော့သည်။

“ငါ့မျက်စိရှေ့က အခုချက်ချင်း ထွက်သွားကြစမ်း”

ဝိညာဉ်ကလေးငယ်မိခင်က ဟိန်းဟောက်လိုက်သောအခါ ဆုကြေးအမဲလိုက်သမားများမှာ တစ်ဦးကိုတစ်ဦး တွဲကူကာ အလန့်တကြား ထွက်ပြေးသွားကြတော့သည်။

သူတို့သည် ပစ္စည်းအတော်များများကို ထားခဲ့ကြရာ၊ ဝိညာဉ်ကလေးငယ်မိခင်သည် မြေပြင်ပေါ်ရှိ အရာတစ်ခုကို သတိထားမိလိုက်၏။ သူမ လက်လှမ်းလိုက်သောအခါ ထိုအရာမှာ သူမလက်ထဲသို့ ပျံတက်လာတော့သည်။ ဒါကတော့ စာလိပ်တစ်ခုပင်။

“လူဆိုးလောက သတင်းစာ”

ဝိညာဉ်ကလေးငယ်မိခင်သည် ဒါကို ကောင်းကောင်းသိသည်။ တကယ်တော့ ပထမဆုံးသော လူဆိုးလောက သတင်းစာကို ဒဏ္ဍာရီလာ ‘တာအိုကျွင်း’ က ထုတ်ဝေခဲ့ခြင်း ဖြစ်၏။ ဤသတင်းစာမှာ နှစ်ပေါင်း ရာချီ သက်တမ်းရှိပြီ ဖြစ်သည်။

သူမသည် သုံးရက်တိုင်တိုင် စောင့်ဆိုင်းနေရသဖြင့် ပျင်းရိနေသည်နှင့် သတင်းစာကို ဖွင့်ဖတ်ကြည့်လိုက်၏။

သတင်းစာ၏ တစ်ဝက်ခန့်တွင် ပြတိုက်မှူးက သူမထံသို့ ပေးပို့ထားသော သတင်းစကားကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

“ကျီးကန်းနက်... ဝိညာဉ်ကလေးငယ်... မြွေနိုင်ငံကို အခုချက်ချင်း သွားပြီး နှိမ်နင်းကြစမ်း... ပြတိုက်မှူး"

ဖတ်ပြီးနောက်တွင်တော့ သူမသည် မြေပုံကြီးကို ငုံ့ကြည့်လိုက်ကာ အသာအယာ ပုတ်လိုက်ရင်း ခေါ်လိုက်သည်။

“ခေါင်းတလား... နင် မသေသေးရင် အခုချက်ချင်း ထွက်ခဲ့တော့... အရေးကြီးကိစ္စ ရှိတယ်”

မြေအောက်မှ လှုပ်ရှားမှုအချို့ ရှိလာ၏။

တစ်စုံတစ်ခုမှာ အပေါ်သို့ တက်လာနေပုံရသည်။

ဝိညာဉ်ကလေးငယ်မိခင် နောက်သို့ အနည်းငယ် ဆုတ်လိုက်သောအခါ၊ ခေါင်းတလားလူသားသည် မြေကြီးများကို ဖယ်ရှားကာ မြေအောက်မှ တွားထွက်လာတော့သည်။

သူသည် ယခင်ကလို ခေါင်းတလားကြီးကို ထမ်းမထားတော့ပေ။ သူ၏ သားရဲနှင့် ပေါင်းစည်းမှုကို ဖြတ်တောက်လိုက်ပြီ ဖြစ်သောကြောင့်ပင်။ သို့သော် နှစ်ပေါင်းများစွာ ထမ်းလာခဲ့သဖြင့် သူ၏ ကျောမှာတော့ အနည်းငယ် ကုန်းနေဆဲပင် ဖြစ်၏။

သူ့မျက်နှာတွင် မြေကြီးများ ပေကျံနေသော်လည်း၊ သူ၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကိုတော့ ဖုံးကွယ်၍ မရပေ။

“ဝိညာဉ်ကလေးငယ်... မင်းရဲ့ အကြံက အောင်မြင်သွားပြီ”

ဆယ်စုနှစ်ပေါင်းများစွာ ဖုတ်ကောင်တစ်ကောင်လို နေထိုင်လာခဲ့ရသော ခေါင်းတလားလူသားသည် ယခုအခါ လွတ်လပ်မှု၏ အရသာကို ခံစားနေရပြီ ဖြစ်သည်။

ဝိညာဉ်ကလေးငယ်မိခင်က ခေါင်းခါပြလိုက်၏။

“ဒါ ငါ့အကြံ မဟုတ်ဘူး... ပြတိုက်မှူးရဲ့ အကြံပဲ... ပြီးတော့ ခေါင်းတလား... နင် ငါနဲ့အတူ မြက်ခင်းပြင်တိုက်ကြီးကို လိုက်ခဲ့ရမယ်”

အခန်း (၂၀၄) - ပြိုင်ပွဲအကြိုည

တစ်ဖက်တွင်တော့၊ ဇိုရိုကုတောင်၌ ရှောင်ဝူသည် ဒဏ်ရာများမှ အတော်ပင် သက်သာလာပြီ ဖြစ်သည်။ လင်းကျင်း၏ ဂရုစိုက်မှုအောက်တွင် သူမ၏ ပြန်လည်ကျန်းမာလာမှုမှာ ချောမွေ့နေခြင်းသည် ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။

သတိရလာကတည်းက ရှောင်ဝူသည် စကားမပြောသလို၊ လူသားအသွင်သို့လည်း မပြောင်းလဲသေးပေ။ သူမသည် ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ပြင်းထန်စွာ ထိခိုက်ထားပုံရ၏။ ရှန်းအာက စကားပြောလျှင်ပင် သူမက ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။

လင်းကျင်းလည်း ဤကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ မသိဖြစ်နေမိသည်။ ကံကောင်းသည်မှာ အကျပ်အတည်းများ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း၊ မြွေနိုင်ငံ၏ စစ်မက်ခြိမ်းခြောက်မှုကတော့ ကျန်ရှိနေသေး၏။ ထိုနိုင်ငံ၏ နိုင်ငံတော်ဆရာကြီးမှာ သူတို့၏ ခေါင်းဆောင်ကို ကျောက်စိမ်းနဂါးနိုင်ငံအား စစ်ကြေညာရန် မြှောက်ပင့်ပေးနေပုံရသည်။

ဤမျှ ကြီးမားသည့် ပဋိပက္ခမျိုး ဖြစ်ပွားလျှင် မလိုအပ်ဘဲ လူအများအပြား သေကျေပျက်စီးရပေလိမ့်မည်။ လင်းကျင်းအနေဖြင့် ဤသို့ ဖြစ်လာသည်ကို မကြည့်လိုပေ။ ရဲ့ယွီကျိုးက ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်တို့၏ အကူအညီကို တောင်းထားသော်လည်း၊ အကယ်၍ ထိုအစီအစဉ်သာ ပျက်စီးသွားလျှင် မည်သို့လုပ်မည်နည်း။

ဘယ်လိုပဲဖြစ်ဖြစ် လင်းကျင်းသည် အရန်အစီအစဉ်တစ်ခု ပြင်ဆင်ထားရပေမည်။

အကယ်၍ အခြေအနေများ ဆိုးရွားလာလျှင် သူကိုယ်တိုင် မြွေနိုင်ငံကို သွားရောက် နှိမ်နင်းရပေလိမ့်မည်။

ဒါကို သူ ဘယ်လိုလုပ်မလဲ။

အဖြေကတော့ ရှင်းပါသည်။ အစွမ်းဖြင့်သာ နှိမ်နင်းရပေမည်။

မြွေနိုင်ငံက ဘယ်လောက် အစွမ်းထက်လဲဆိုတာ လင်းကျင်း အတိအကျ မသိသော်လည်း၊ ၎င်းမှာ အလယ်အလတ်အဆင့် နိုင်ငံတစ်ခု ဖြစ်သဖြင့် အဆင့် ၅ သားရဲများ ရှိမှာမဟုတ်ကြောင်း သူ ခန့်မှန်းထားသည်။ တစ်ဖက်တွင်တော့ သူ၏ လက်အောက်၌ အဆင့် ၄ သားရဲ နှစ်ကောင် ရှိနေပြီ ဖြစ်၏။

ဒါကတော့ ရှန်းအာနှင့် ရှောင်ဟော့တို့ပင်။

ထို့အပြင် သူတို့နှစ်ဦးမှာ သာမန်အဆင့် ၄ များ မဟုတ်ကြပေ။ ရှန်းအာမှာ အစွမ်းထက်သည့် မန္တန်များစွာကို တတ်ကျွမ်းထားသူ ဖြစ်သဖြင့် မြက်ခင်းပြင်တိုက်ကြီးမှ သာမန်အဆင့် ၄ သားရဲ သုံးကောင်လောက်ကို တစ်ပြိုင်တည်း ယှဉ်နိုင်စွမ်း ရှိသည်။

ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုကို ရရှိထားသည့် ရှောင်ဟော့မှာလည်း အားနည်းသူ မဟုတ်ပေ။ သူသည်လည်း အဆင့် ၄ သားရဲ နှစ်ကောင်ခန့်ကို အသာအယာ ကိုင်တွယ်နိုင်သည်။

ယခုအခါ လင်းကျင်းသည် ရွှေဝါလေးနှင့် မျောက်ဖြူကြီးကိုပါ ဆင့်ကဲပြောင်းလဲနိုင်ရန် ကူညီပေးချင်နေမိသည်။

အကြောင်းမှာ ဤရှားပါးသားရဲများတွင် ကြီးမားသော အလားအလာရှိပြီး၊ အထူးသဖြင့် ရွှေဝါလေး၏ တိုက်ပွဲဝင်လိုစိတ်မှာ လင်းကျင်းကိုပင် အံ့အားသင့်စေခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ ရွှေဝါလေးသာ အဆင့် ၄ သို့ ရောက်သွားလျှင် မြွေနိုင်ငံအနေဖြင့် သူတို့ကို ယှဉ်ဖို့ရာ ခက်ခဲသွားပေလိမ့်မည်။

ကျန်ရှိနေသော သားရဲများအနက် ရှောင်ဝူမှာ ဒဏ်ရာမသက်သာသေးသလို၊ အရိပ်ဝံပုလွေမှာလည်း ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှု ရထားကာစ ဖြစ်သဖြင့် အစွမ်းကို ထိန်းချုပ်ရန် လိုအပ်နေသေးရာ၊ အခုချက်ချင်း နောက်ထပ်တစ်ဆင့် တက်ရန် မသင့်တော်သေးပေ။

နောက်ရက်အနည်းငယ်တွင် လင်းကျင်းသည် ရွှေဝါလေးနှင့် မျောက်ဖြူကြီးတို့၏ ဆင့်ကဲပြောင်းလဲမှုအတွက် အလုပ်ရှုပ်နေခဲ့သည်။

ပြတိုက်ထဲတွင် ထိုသားရဲများအတွက် နည်းလမ်းမျိုးစုံ ရှိသော်လည်း၊ ဘယ်နည်းလမ်းမှ မလွယ်ကူပေ။ အချိန်တိုအတွင်း သားရဲနှစ်ကောင်လုံးကို အဆင့် ၄ ရောက်အောင် လုပ်ဖို့ဆိုသည်မှာ လင်းကျင်းအတွက်ပင် မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်၏။

သို့သော် နည်းလမ်းတစ်ခုကိုသာ သေချာရွေးချယ်ပြီး အာရုံစိုက်လျှင်တော့ အောင်မြင်နိုင်ခြေ ရှိပေသည်။

ထိုသို့ဆိုလျှင် သူ၏ ဘက်တော်သားများ ပို၍ တိုးပွားလာပေလိမ့်မည်။ အကယ်၍ မြွေနိုင်ငံကသာ စစ်တိုက်ဖို့ ဇွတ်ကြိုးစားလာလျှင် သူကိုယ်တိုင် သူတို့၏ တံခါးဝအထိ သွားရောက် စိန်ခေါ်ပေလိမ့်မည်။

သို့သော် ထိုအရာများ မလုပ်ခင် လင်းကျင်း လုပ်စရာ အရေးကြီးသည့် ကိစ္စတစ်ခု ရှိသေး၏။

ဒါကတော့ ကျင့်ကြံသူများအသင်း၏ တပည့်များ ပြိုင်ပွဲပင် ဖြစ်သည်။

ထိုပြိုင်ပွဲ၏ ဆုလာဘ်မှာ ‘နဂါးသွေးဆေးလုံးငယ်'ဖြစ်ပြီး လင်းကျင်းက ဒါကို မဖြစ်မနေ ရယူရပေမည်။ သားရဲများ အဆင့် ၅ သို့ တက်လှမ်းနိုင်ရန်အတွက် ဤဆေးလုံးမှာ အဓိက သော့ချက်ဖြစ်ကြောင်း ပြတိုက်က ညွှန်ကြားထားပြီး ဖြစ်၏။

အထူးသဖြင့် ရှောင်ဟော့အတွက် ပို၍ပင် လိုအပ်လှပေသည်။

ရှောင်ဟော့မှာ သာမန်မီးဝံပုလွေ အမျိုးအစားသာ ဖြစ်သဖြင့် အဆင့် ၄ အထိ ရောက်လာခြင်းမှာပင် အံ့ဖွယ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဒါဟာ ပြတိုက်၏ အကူအညီကြောင့်သာ ဖြစ်ပြီး၊ မဟုတ်လျှင်တော့ ရှောင်ဟော့ကဲ့သို့ မျိုးစိတ်မှာ အဆင့် ၂ တွင်တင် ရပ်တန့်သွားမှာ ဖြစ်၏။

ရှောင်ဟော့မှာ သူ၏ သားရဲဖြစ်သည့်အတွက် သူ၏ အလားအလာကို မြှင့်တင်ပေးချင်သည်မှာ သဘာဝပင်။

ဤနေရာတွင် နဂါးသွေးဆေးလုံးက အသုံးဝင်လာမှာ ဖြစ်သည်။

ပြိုင်ပွဲကျင်းပရန် တစ်ရက်သာ လိုတော့သဖြင့် လင်းကျင်း အိမ်ပြန်ရတော့မည် ဖြစ်သည်။ သူသည် ရှန်းအာကို အမှာစကားများ ထားခဲ့ကာ၊ မြက်ခင်းပြင်တိုက်ကြီးမှ လူများ ခိုးဝင်တိုက်ခိုက်လာခြင်းကို ကာကွယ်ရန်အတွက် ရွှေဝါလေးနှင့် အရိပ်ဝံပုလွေတို့ကို ကျောက်ကုန်းတောင်တွင် ထားခဲ့လိုက်၏။

ရှန်းအာမှာတော့ လင်းကျင်း ပြန်သွားမည်ကို မလိုလားပေ။

သူမသည်လည်း တပည့်များ ပြိုင်ပွဲအကြောင်း သိထားသည်။ အစပိုင်းတွင် သူမသည် မေပယ်မြို့ထဲသို့ လိုက်သွားပြီး ပြိုင်ပွဲကို ကြည့်ရှုချင်သော်လည်း၊ လက်ရှိ အခြေအနေအရ သူမ လိုက်သွားခြင်းမှာ မသင့်တော်မှန်း သိထား၏။

လင်းကျင်းသည် ရှောင်ဟော့၏ ကျောပေါ်တက်ကာ မေပယ်မြို့သို့ အမြန်ပြန်လာခဲ့သည်။ ရေမိုးချိုး အဝတ်အစားလဲပြီးနောက်တွင်တော့ သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ သွားလိုက်၏။

သူသည် တန်လင်းထံသို့ သူပြန်ရောက်ကြောင်း သတင်းပို့ရပေမည်။

သို့သော် တန်လင်း၏ သူ့အပေါ် ကြည့်သည့် အကြည့်မှာ ထူးဆန်းနေသလိုပင်။

“ဥက္ကဋ္ဌတန်... တစ်ခုခု ဖြစ်လို့လား”

လင်းကျင်းက တစ်ကိုယ်လုံး ကြက်သီးထလာသဖြင့် တိုးတိုးလေး မေးလိုက်သည်။

တန်လင်းက ခေါင်းခါပြလိုက်သော်လည်း တစ်စုံတစ်ခုကို သတိထားမိဟန်ဖြင့် ပြန်မေး၏။

“လင်းကျင်း... ရှင် မသိဘူးလား”

လင်းကျင်းမှာ ဇဝေဇဝါ ဖြစ်သွား၏။

“ဘာကို သိရမှာလဲ”

“ရှင် ရတနာပုံကြီး ရတော့မှာဆိုတော့ ကျွန်မကို စားသောက်ပွဲ ကျွေးဖို့ပဲ မှတ်ထားလိုက်”

တန်လင်းက သူ့ကို ဟန်ဆောင်နေသည်ဟု ထင်မှတ်ကာ စိုက်ကြည့်နေတော့သည်။

အပြန်အလှန် မေးမြန်းပြီးနောက်တွင်တော့ လင်းကျင်း တစ်ခုခုကို နားလည်သွား၏။

“ရှင်က ‘ရေကိုးသွယ်တိမ်တိုက်ဆေးညွှန်း’ ကို သိထားတဲ့အထိ နောက်ခံ အင်အားကြီးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ရှီမိသားစုကတော့ အကြီးအကျယ် နာမည်ကြီးလာပြီး ဒီတစ်ခါတော့ အမြတ်တွေ အများကြီး ရတော့မှာပဲ... ရှင်လည်း ချမ်းသာတော့မှာပေါ့”

တန်လင်းသည် လင်းကျင်းကို အလွန်ပင် စိတ်ဝင်စားနေမိသည်။ အရင်က သူ အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲ အောင်မြင်စဉ်က သူမ၏ အမြင် ပြောင်းလဲခဲ့သော်လည်း၊ ယခုအခါတွင်တော့ သူမသည် သူ့ကို ပို၍ပင် လေးစားအားကျနေမိပြီ ဖြစ်၏။

လင်းကျင်း ရှီမိသားစုကို ရောင်းချခိုင်းသည့် ဆေးလုံးတိုင်းမှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။ တန်လင်းကိုယ်တိုင်ပင် အချို့ကို ဝယ်ယူခဲ့သေး၏။ ထို့အပြင် သူမသည် ဤအခွင့်အရေးကို သုံးကာ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ ဆေးဝါးဝယ်ယူမှုများကို ရှီမိသားစုထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်သည်။ မဟုတ်လျှင်တော့ ဆေးလုံးအသစ်များကို သူမ ဝယ်ယူနိုင်မှာ မဟုတ်ပေ။

လင်းကျင်းမှာ မကြာသေးမီက မြို့ထဲမှာ မရှိသဖြင့် ရှီမိသားစုနှင့် ချန်မိသားစုတို့၏ အခြေအနေကို မသိခဲ့ပေ။ သို့သော် ဤသို့ ဖြစ်လာမည်ကို သူ ခန့်မှန်းထားပြီး ဖြစ်သဖြင့် သိပ်တော့ မအံ့ဩမိပေ။

“ဟုတ်သားပဲ... ရှင့်မှာ ရေကိုးသွယ် လွင့်မျောတိမ်တိုက် ဆေးညွှန်း ရှိနေသားနဲ့၊ အဲဒီတုန်းက ကျွန်မရဲ့ သားရဲဝိညာဉ် ကျိန်စာကို ဒီဆေးလုံးနဲ့ မဖြေဘဲ ဘာလို့ အပ်နဲ့ ထိုးခဲ့တာလဲ”

လင်းကျင်းက ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“အပ်နဲ့ ထိုးတာက ပိုမြန်လို့ပါ”

တန်လင်း... “...”

......

သူ၏ ရုံးခန်းသို့ ပြန်ရောက်သောအခါ ကျောက်ရင်း၊ လုရှောင်ယု၊ ဟန်ဒုန်းနှင့် ကျားချန်းတို့က သူ့ကို ချက်ချင်း လာရောက် နှုတ်ဆက်ကြတော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် တပည့်များက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဆေးဆိုင်ကြီး နှစ်ခု၏ တိုက်ပွဲအကြောင်းကို အပြိုင်အဆိုင် ပြောပြကြတော့သည်။ လူလေးယောက်၏ ဖောက်သည်ချမှုမှာ တန်လင်း တစ်ယောက်တည်း ပြောပြသည်ထက် ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းနေ၏။ လင်းကျင်းကိုယ်တိုင် မတွေ့ခဲ့ရသော်လည်း သူတို့ ပြောပြချက်များအရ အခြေအနေကို ကောင်းကောင်း မြင်ယောင်နေမိသည်။

ထိုစဉ် လုရှောင်ယုက ပို၍ ကြီးမားသော သတင်းတစ်ခုကို ထုတ်ပြောလိုက်၏။

ဒါကတော့ ချန်ယွမ်ယွမ်နှင့် ချန်ချန်းတို့၏ ဖောက်ပြန်မှု သတင်းပင် ဖြစ်သည်။

သာမန်လူများမှာ ဤကဲ့သို့ ကောလာဟလများကို အလွန် စိတ်ဝင်စားကြသည် မဟုတ်ပါလား။ တစ်မြို့လုံးမှာလည်း ဤသတင်းဖြင့် ဆူညံနေပြီ ဖြစ်သည်။

ပြန်စဉ်းစားကြည့်လျှင်တော့ ချန်ယွမ်ယွမ်ကဲ့သို့ စရိုက်မျိုးရှိသူက ဤသို့ လုပ်ရပ်မျိုး လုပ်ဆောင်ခြင်းမှာ မဆန်းလှပေ။ ကံကောင်းသည်မှာ သူမနှင့် လင်းကျင်းမှာ ဘာမှ မပတ်သက်တော့သဖြင့် လင်းကျင်းကတော့ ဒါကို ပုံပြင်တစ်ပုဒ်လိုသာ နားထောင်နေလိုက်၏။

ချန်မိသားစုအနေဖြင့်တော့ ပြန်လည် နိုးထဖို့ရာ မလွယ်ကူတော့သလို၊ ချန်ယွမ်ယွမ်၏ ဂုဏ်သိက္ခာမှာလည်း လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။

ချန်ချန်းနှင့် ပတ်သက်၍မူ၊ သူ၏ ဆရာဖြစ်သူသည် ဤကိစ္စကို သိသွားသောအခါ အလွန် အမျက်ထွက်ကာ ချန်ချန်းကို ကျင့်ကြံသူများအသင်းမှ နှင်ထုတ်လိုက်ကြောင်း လုရှောင်ယုက သတင်းပေးလေသည်။

လင်းကျင်းကတော့ ဒါကို ကြားပြီး ခေါင်းခါရုံသာ တတ်နိုင်တော့၏။ ချန်ချန်းမှာ အလားအလာရှိသူ တစ်ဦး ဖြစ်သော်လည်း အမျိုးသမီး တစ်ယောက်ကြောင့် အားလုံး ပျက်စီးသွားရခြင်းပင်။

“ဟုတ်သားပဲ... နောက်ထပ် သတင်းကြီးတစ်ခု ရှိသေးတယ်”

လုရှောင်ယုက တစ်ခုခုကို သတိရသွားကာ တိုးတိုးလေး ပြောလိုက်၏။

“ကျွန်မအစ်ကို ပြောတာတော့... ရန်ကျဲရဲ့ သားရဲက အဆင့် ၄ ကို ရောက်သွားပြီတဲ့”

ရန်ကျဲ၏ သားရဲအကြောင်းမှာ လင်းကျင်းကို အံ့အားသင့်စေခဲ့သည်။

မေပယ်မြို့ တစ်မြို့လုံးတင်မကဘဲ ကျင့်ကြံသူများအသင်းမှ လူတိုင်းမှာ ရန်ကျဲ၏ သားရဲ အဆင့် ၄ ရောက်သွားသည့် သတင်းကို သိနေကြပြီ ဖြစ်သည်။ သူသည် အရင်ကတည်းက နံပါတ်တစ် တပည့် ဖြစ်နေသဖြင့်၊ အခုဆိုလျှင်တော့ သူသည် ဘယ်သူမှ မယှဉ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်၏။

အချို့ကဆိုလျှင် ပြိုင်ပွဲ ကျင်းပနေဖို့ပင် မလိုတော့ဘဲ ရန်ကျဲကိုသာ ဗိုလ်စွဲသူအဖြစ် သတ်မှတ်လိုက်ဖို့ ပြောနေကြသည်။ ဒါကတော့ နောက်ပြောင်ပြောဆိုကြခြင်း ဖြစ်သော်လည်း၊ ရန်ကျဲမှာ ဘယ်လောက်အထိ နာမည်ကြီးလာသည်ကိုတော့ သက်သေပြနေခြင်းပင်။

ဒါဟာ လင်းကျင်းအတွက်တော့ သတင်းကောင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲတွင် လင်းကျင်း၏ အဓိက ပြိုင်ဘက်မှာ ရန်ကျဲ ဖြစ်နေသောကြောင့် ဖြစ်၏။

သို့သော် သူသည် ကြောက်ရွံ့မနေပေ။

ရန်ကျဲ၏ သားရဲ အဆင့် ၄ ဖြစ်သွားလျှင်ကော ဘာဖြစ်သနည်း။

ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှု ရထားသည့် ရှောင်ဟော့မှာ အဆင့် ၄ ၏ ထိပ်ဆုံးတွင် ရှိနေပြီး တခြား အဆင့်တူ သားရဲများထက် သာလွန်နေသည် မဟုတ်ပါလား။ တကယ်လို့ သူတို့နှစ်ဦး ရင်ဆိုင်ရလျှင်တောင်မှ ရန်ကျဲ၏ သားရဲမှာ ရှောင်ဟော့ကို ယှဉ်နိုင်မှာ မဟုတ်ပေ။

All Chapters