← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 11 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 11 Ch. 205-206

အခန်း (၂၀၅) - တပည့်များပြိုင်ပွဲ (၁)

တပည့်များ ပြိုင်ပွဲကျင်းပရန် တစ်ရက်သာ လိုတော့သဖြင့် ကျင့်ကြံသူများအသင်းတစ်ခုလုံးမှာ ပြိုင်ပွဲကြီးအတွက် အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။

တပည့်အတော်များများမှာလည်း မနက်ဖြန် ပြိုင်ပွဲရလဒ်များကို ကြိုတင်ခန့်မှန်းကာ လောင်းကစားပွဲငယ်လေးများ ပြုလုပ်နေကြ၏။ အထူးသဖြင့် ဘယ်သူက ပထမရမလဲဆိုသည့် အချက်မှာ အစိတ်ဝင်စားဆုံး ကိစ္စပင် ဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်ကသာ ဆိုလျှင်တော့ အားလုံး၏ အဖြေမှာ ရန်ကျဲ သာ ဖြစ်ပေလိမ့်မည်။

သို့သော် လင်းကျင်းသည် ကျင့်ကြံသူများအသင်းသို့ ဝင်ရောက်လာပြီး ပြိုင်ပွဲဝင်မည်ဟု ကြေညာလိုက်ကတည်းက ရလဒ်မှာ ခန့်မှန်းရ ခက်ခဲသွားခဲ့သည်။ အထူးသဖြင့် လင်းကျင်းသည် သူ၏ ပထမဆုံး သွေးကတိကဝတ် စစ်ဆေးမှုမှာတင် စတုတ္ထနယ်ပယ်သို့ ရောက်ရှိသွားခြင်းမှာ လူအများကို အံ့အားသင့်စေခဲ့၏။ ထို့ကြောင့် လင်းကျင်းကို ထောက်ခံသည့် တပည့်ဦးရေမှာလည်း နည်းလှသည်တော့ မဟုတ်ပေ။

ဤအုပ်စုကို ဦးဆောင်နေသူမှာတော့ လင်းကျင်းထံမှ အဖိုးတန် ပညာရပ်များ သင်ယူခွင့်ရထားသည့် စုပေါင်အာပင် ဖြစ်သည်။

မကြာသေးမီက ကျင့်ကြံသူများအသင်း၏ တပည့်များကြားတွင် လင်းကျင်း၏ ဂုဏ်သတင်းမှာ ရန်ကျဲနှင့် တန်းတူလုနီးပါး မြင့်တက်လာခဲ့၏။

သို့သော် ရန်ကျဲ၏ သားရဲ အဆင့် ၄ သို့ ဆင့်ကဲပြောင်းလဲသွားသည့် သတင်းကြောင့် လင်းကျင်းအပေါ် ထောက်ခံမှုမှာ အနည်းငယ် တန့်သွားခဲ့ရသည်။

ဒါကို တပည့်များ၏ လောင်းကြေးများတွင် အထင်အရှား မြင်တွေ့နိုင်ပေသည်။ လင်းကျင်း၏ နာမည် အရှိန်တက်နေစဉ်က သူ၏ လောင်းကြေးမှာ ရန်ကျဲနှင့် တန်းတူနီးပါး ရှိခဲ့သော်လည်း၊ အခုတော့ ရန်ကျဲ၏ လောင်းကြေးက အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်တွင်တော့ လင်းကျင်း၏ လောင်းကြေးမှာ လွန်ခဲ့သော နှစ်ရက်အတွင်း နှစ်ဆခန့် မြင့်တက်လာခဲ့၏။ သူ့တွင် အားပေးသူ အများအပြား ရှိနေဆဲ ဖြစ်သော်လည်း ရန်ကျဲနှင့် ယှဉ်လျှင်တော့ နည်းပါးနေသေးသည်ဟု ဆိုရပေမည်။

ဤလောင်းကစားစနစ်မှာ ထိပ်တန်းတပည့်များအပေါ် လူထု၏ အမြင်ကို ထင်ဟပ်နေခြင်းပင်။

နောက်ဆုံးတွင်တော့ ပြိုင်ပွဲကျင်းပမည့် နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကျင့်ကြံသူများအသင်းတွင် မေပယ်မြို့၏ အကြီးဆုံး သားရဲကွင်းရှိ၏။ ဤပြိုင်ပွဲကို မြို့၏ အရေးကြီးသော ပွဲတော်တစ်ခုအဖြစ် သတ်မှတ်ထားကြရာ၊ ပရိသတ်များထဲတွင် ဆရာများနှင့် တပည့်များတင်မကဘဲ မြို့၏အကြီးအကဲများနှင့် အရာရှိကြီးများပါ တက်ရောက်ကြသည်ကို တွေ့ရသည်။

တစ်နေရာလုံးမှာလည်း လူအုပ်ကြီးဖြင့် စည်ကားနေ၏။

အသင်းအတွင်းရှိ မည်သည့်တပည့်မဆို ပြိုင်ပွဲဝင်နိုင်သည်ဟု စည်းမျဉ်းထုတ်ပြန်ထားသော်လည်း၊ အဆင့် ၁၀၀ အတွင်း ဝင်နိုင်လောက်သည့် အစွမ်းမရှိသူများမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိကြပေ။ မဟုတ်လျှင်တော့ လူအုပ်ကြီးရှေ့တွင် အရှက်ကွဲရုံသာ ရှိပေလိမ့်မည်။

တကယ်တမ်း လူအုပ်ကြီးကို စိတ်လှုပ်ရှားစေမည့်သူများမှာ ထိပ်တန်းတပည့် ၁၀ ယောက်သာ ဖြစ်ကြ၏။

ပြိုင်ပွဲ၏ စည်းမျဉ်းများမှာ ရိုးရှင်းလှသည်။ အစွမ်းကသာ အဓိကပင်။ အသင်း၏ ဆရာများက တပည့်များ၏ ကျင့်ကြံမှုအဆင့်နှင့် သားရဲအဆင့်များအပေါ် မူတည်၍ အကြမ်းဖျင်း အဆင့်သတ်မှတ်ချက်တစ်ခုကို အရင်ထုတ်ပြန်ပေးမည် ဖြစ်သည်။

ထိုအဆင့်များ ထွက်လာပြီးနောက်တွင်တော့ တပည့်များက မိမိတို့ထက် အဆင့်မြင့်သူများကို စိန်ခေါ်ယှဉ်ပြိုင်ကာ နောက်ဆုံး အဆင့်သတ်မှတ်ချက်ကို ရယူရခြင်း ဖြစ်၏။

ဤသို့ လုပ်ဆောင်ခြင်းဖြင့် အချိန်နှင့် လူအင်အားကို သက်သာစေပေသည်။ မိမိ၏ လက်ရှိအဆင့်ကို ကျေနပ်သူများမှာ စိန်ခေါ်စရာ မလိုသော်လည်း၊ မိမိက ဒီထက် ပိုမြင့်သည့် အဆင့်ကို ရသင့်သည်ဟု ယူဆသူများကတော့ ကွင်းထဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ထို့အပြင် ထိပ်တန်း ငါးဦးမှာတော့ ပြိုင်ပွဲအတွင်း အနည်းဆုံး တစ်ကြိမ်တော့ ကွင်းထဲသို့ ဝင်ရောက် ယှဉ်ပြိုင်ပြရန် ထုံးစံရှိ၏။

လင်းကျင်းသည် ယနေ့တွင် အတော်စောစော ရောက်လာခဲ့သည်။ သူ ကျင့်ကြံသူများအသင်းသို့ ဝင်လာရခြင်း၏ ရည်ရွယ်ချက်မှာ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ဖြစ်သဖြင့် ဤပွဲကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ပေ။

ရှောင်ဟော့မှာ အဆင့် ၄ ရောက်နေပြီ ဖြစ်ရာ၊ သာမန်အချိန်တွင်ပင် သူ၏ အရှိန်အဝါမှာ ထူးခြားနေ၏။ လမ်းတစ်လျှောက်တွင် တပည့်အများအပြားက လင်းကျင်းကို မြင်သည်နှင့် လာရောက် နှုတ်ဆက်ကြတော့သည်။

ရန်ကျဲက ဗိုလ်စွဲလိမ့်မည်ဟု အားလုံးက ယူဆထားကြသော်လည်း၊ ဆရာများ၏ အကြမ်းဖျင်း အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၂ နေရာကို ရရှိထားသူမှာ လင်းကျင်းပင် ဖြစ်၏။

ဒုတိယနေရာမှာ ရှိနေခြင်းမှာပင် တပည့်များ၏ လေးစားမှုကို ရရှိရန် လုံလောက်လှပေသည်။ ထို့အပြင် လင်းကျင်း၏ ဟောပြောမှုကို သဘောကျသည့် တပည့်အတော်များများမှာ ရန်ကျဲထက် လင်းကျင်းကို ပို၍ ခင်မင်ကြသည်မှာလည်း အမှန်ပင်။

ရှေ့နားတွင်တော့ လုယွန်ဟယ်က စောင့်နေသည်မှာ ကြာပြီ ဖြစ်ဟန်တူသည်။ လင်းကျင်းကို မြင်သည်နှင့် သူက အပြေးအလွှား လာနှုတ်ဆက်တော့၏။

"ညီကိုလင်း... ငါ့ ညီမဆီက ကြားတယ်...”

လုယွန်ဟယ်မှာ စိတ်လှုပ်ရှားနေပုံရရာ၊ လင်းကျင်းက သူစကားမဆုံးခင်မှာပင် လက်ကာပြလိုက်သည်။

လုယွန်ဟယ် ဘာပြောချင်သလဲဆိုတာ လင်းကျင်း သိထား၏။

လုရှောင်ယုတို့အဖွဲ့မှာ လင်းကျင်း၏ သားရဲ အဆင့် ၄ ရောက်နေမှန်း သိထားကြရာ၊ လုယွန်ဟယ်ကလည်း ဒါကို သိနေမှာ သေချာသည်။

လင်းကျင်း၏ အမူအရာကို မြင်သောအခါ လုယွန်ဟယ်က စကားကို ရပ်လိုက်သော်လည်း မျက်နှာတွင်တော့ အောင်နိုင်သူ အပြုံးမျိုး ပြုံးနေမိ၏။

“ညီကိုလင်း... ငါ မင်းအပေါ်မှာ ဝိညာဉ်ကျောက်တုံး တစ်ရာနဲ့ ငွေပြား သုံးရာ လောင်းထားတယ်နော်”

လုယွန်ဟယ်က တိုးတိုးလေး ပြောလိုက်သည်။ လင်းကျင်းက ခေါင်းငြိမ့်ပြလိုက်၏။ သူကိုယ်တိုင်လည်း သူ့အပေါ်မှာ ဒီထက်ပိုများသည့် ပမာဏကို လောင်းထားပြီး ဖြစ်သည်။

အစွမ်းကို ဖုံးကွယ်ထားခြင်းမှာလည်း အကျိုးကျေးဇူး ရှိပေသည်။ ရန်ကျဲမှာတော့ သားရဲ အဆင့် ၄ ရောက်သွားသည့် သတင်းကြောင့် လောင်းကြေးများ နည်းသွားသော်လည်း၊ လင်းကျင်းမှာတော့ ငြိမ်နေခဲ့သဖြင့် လောင်းကြေးများမှာ အဆမတန် မြင့်တက်နေခြင်းပင်။ ဒါဟာ ငွေမြန်မြန်ရမည့် နည်းလမ်း ဖြစ်သဖြင့် လင်းကျင်းကတော့ လက်လွှတ်ခံမှာ မဟုတ်ပေ။

“ညီကိုလင်း... ငါကတော့ မင်းကို ယုံကြည်ပါတယ်... ဒါပေမဲ့ ရန်ကျဲကိုတော့ သတိထားရမယ်နော်... သူက အရင်ကတည်းက အစွမ်းထက်သလို၊ အခုလည်း သူ့သားရဲက အဆင့် ၄ ဖြစ်သွားပြီဆိုတော့ ပိုပြီး ကိုင်တွယ်ရ ခက်လိမ့်မယ်”

လုယွန်ဟယ်က သတိပေးလိုက်သည်။

လင်းကျင်းက ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်၏။

“စိတ်မပူပါနဲ့... ကျုပ် သိပါတယ်”

ထို့နောက် သူတို့နှစ်ဦးလုံး ပြိုင်ပွဲကျင်းပမည့် နေရာသို့ ဝင်လာခဲ့ကြသည်။

တံခါးဝသို့ ရောက်သောအခါ ခေါ်သံတစ်သံကြားလိုက်ရ၏။

“အစ်ကိုလင်း”

လင်းကျင်းသည် အသံကို ကြားရုံနှင့် ဘယ်သူလဲဆိုတာ ချက်ချင်း သိလိုက်သည်။

စုပေါင်အာသည် သူမ၏ မီးဝံပုလွေလေးကို ခေါ်ကာ အပြေးအလွှား ရောက်လာခြင်းပင်။

ကျင့်ကြံသူများအသင်းတွင် လုယွန်ဟယ်ပြီးလျှင် လင်းကျင်းနှင့် အရင်းနှီးဆုံးမှာ စုပေါင်အာ ဖြစ်သည်။ ယခု အဆင့်သတ်မှတ်ချက်တွင် စုပေါင်အာက နံပါတ် ၃ နေရာကို ရရှိထားပြီး၊ လုယွန်ဟယ်မှာတော့ နံပါတ် ၄ သို့ ရောက်သွားခဲ့၏။

ထို့ကြောင့် သူတို့နှစ်ဦးမှာလည်း မကြာခင် ယှဉ်ပြိုင်ကြရပေဦးမည်။

လင်းကျင်းသည် လုယွန်ဟယ်၏ ‘လုဘ’ ကို ကြည့်လိုက်၏။ လုယွန်ဟယ်သည်လည်း သူ့ကဲ့သို့ပင် အစွမ်းကို ဖုံးကွယ်ထားသူ ဖြစ်သည်။ သူသည် လုဘ၏ ဆင့်ကဲပြောင်းလဲမှုကို လျှို့ဝှက်ထားပြီး ပြိုင်ပွဲကျင်းပချိန်မှ ပြိုင်ဘက်ကို အံ့အားသင့်စေရန် ပြင်ဆင်ထားပုံရ၏။

သို့သော် စုပေါင်အာ၏ မီးဝံပုလွေမှာ အဆင့် ၂ သာ ရှိသေးသော်လည်း၊ သူမ၏ သားရဲမှာ ရှောင်ဟော့နှင့် မတူဘဲ ထူးခြားသည့် မျိုးစိတ် ဖြစ်သည်။ သူမ၏ သားရဲမှ ထွက်ပေါ်လာသည့် အစိမ်းရောင် မီးတောက်များမှာ သာမန်ထက် ပို၍ အစွမ်းထက်သလို၊ သူမ၏ မန္တန်စွမ်းရည်များဖြင့် ပေါင်းစပ်လိုက်လျှင် လုယွန်ဟယ်နှင့် ယှဉ်ပြိုင်ရာတွင် ဘယ်သူနိုင်မလဲဆိုတာ မပြောနိုင်ပေ။

သူတို့ သုံးဦးသား ပြိုင်ပွဲကျင်းပမည့် နေရာသို့ အတူတူ ဝင်လာခဲ့ကြသည်။

တစ်နေရာလုံးမှာ လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။ သူတို့ သုံးဦးမှာ သင့်တော်သော နေရာတစ်ခုတွင် ထိုင်ကာ ပြိုင်ပွဲစတင်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်ကြသည်။

ရှောင်ဟော့မှာလည်း အေးအေးဆေးဆေးပင် လိုက်ပါလာသဖြင့် ဘယ်သူ့ကိုမှ သိပ်ပြီး သတိမထားမိစေပေ။

သို့သော်လည်း နောက်ထပ် ဝင်ရောက်လာသည့် ပြိုင်ပွဲဝင်တစ်ဦးမှာတော့ တစ်ကွင်းလုံးကို တုန်ဟိန်းသွားစေတော့သည်။

ဒါကတော့ ရန်ကျဲပင် ဖြစ်၏။

သူသည် သူ၏ အဆင့် ၄ အဖြူရောင် ဒေါင်းကြီးကို စီးကာ ကောင်းကင်ယံမှ ပျံသန်းဝင်ရောက်လာခြင်းပင်။ အဆင့် ၄ သို့ ရောက်သွားသည့် ဒေါင်းဖြူကြီးမှာ အတောင်ပံ ဖြန့်လိုက်လျှင် ပေ ၃၀ ခန့်အထိ ကြီးမားလှပေသည်။ သူသည် ခန့်ညားထည်ဝါစွာဖြင့် ကောင်းကင်မှ ဆင်းသက်လာတော့၏။

တစ်ကွင်းလုံးရှိ တပည့်များမှာလည်း အံ့အားသင့်သွားကြပြီး အော်ဟစ် အားပေးကြတော့သည်။ အထူးသဖြင့် အမျိုးသမီး တပည့်များမှာတော့ ရန်ကျဲကို ကြည့်ကာ အသည်းယားနေကြပုံရ၏။

“ရန်ကျဲ...”

“စီနီယာရန်ကျဲက အရမ်း ခန့်တာပဲ”

ထိုအော်ဟစ်သံများကြောင့် ရန်ကျဲမှာ ပြိုင်ပွဲဝင်တစ်ယောက်ထက် နာမည်ကြီး မင်းသားတစ်ယောက်နှင့် ပို၍ တူနေတော့သည်။

လင်းကျင်းမှာတော့ နားပင် အူသွားရ၏။ လုယွန်ဟယ်ကလည်း မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ညည်းတွားလိုက်သည်။

“ဒီရန်ကျဲကတော့ အလွန် ကြွားတာပဲ... အဆင့် ၄ သားရဲ တစ်ကောင် ရှိတာနဲ့ပဲ ဒီလောက်တောင် ဖြစ်နေရလား”

ဒါဟာ မနာလိုသံ ပေါက်နေသော်လည်း၊ အဆင့် ၄ သားရဲ တစ်ကောင် ရှိခြင်းမှာတော့ တကယ်ပင် ဂုဏ်ယူစရာ ကောင်းလှပေသည်။

ကျောက်စိမ်းနဂါးနိုင်ငံကဲ့သို့ အလယ်အလတ်အဆင့် နိုင်ငံတစ်ခုတွင် အဆင့် ၄ သားရဲ ရှိသူမှာ နန်းတော်တွင်ပင် အစောင့်အရှောက်အဖြစ် ခန့်အပ်ခြင်း ခံရနိုင်သည် မဟုတ်ပါလား။ ရန်ကျဲအနေဖြင့်သာ ပြိုင်ပွဲတွင် နိုင်သွားလျှင် သူ၏ အနာဂတ်မှာ အလွန် တောက်ပနေပြီ ဖြစ်၏။

အဆင့် ၄ သားရဲ ရှိသူများသာ ရရှိနိုင်သည့် ထိုဂုဏ်သတင်းကို ရန်ကျဲကတော့ အခုကတည်းက ရရှိနေပုံရပေသည်။

အခန်း (၂၀၆) - တပည့်များပြိုင်ပွဲ (၂)

စုပေါင်အာသည်လည်း အော်ဟစ်အားပေးနေသူများထဲတွင် ပါဝင်နေ၏။

သို့သော် သူမမှာ ရန်ကျဲ၏ မိန်းကလေးပရိသတ်များကဲ့သို့ စွဲလန်းနေခြင်းကြောင့် မဟုတ်ဘဲ၊ ရန်ကျဲ၏ ခမ်းနားထည်ဝါလှသော ကွင်းထဲသို့ ဝင်ရောက်လာပုံကို ကြည့်ကာ သဘောကျသွားခြင်းကြောင့်သာ ဖြစ်သည်။

ပြိုင်ပွဲဝင်ထိုင်ခုံများကို အဆင့်သတ်မှတ်ချက်အတိုင်း စီစဉ်ထားသဖြင့်၊ ရန်ကျဲသည် နံပါတ် ၁ နေရာတွင် ရှိနေသော လင်းကျင်း၏ ဘေးကပ်လျက်ခုံတွင် ထိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ထိုနေရာသို့ ပျံသန်းဆင်းသက်လိုက်၏။ သူသည် ဝတ်စုံဖြူကို ဆင်မြန်းထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန့်ညားစွာ ရပ်နေသည်။ တစ်ကွင်းလုံးရှိ လူများ၏ အကြည့်မှာ သူ့ထံတွင်သာ ရှိနေတော့၏။

“ဒေါင်းဖြူလေး... မူလပုံစံ ပြန်ပြောင်းစမ်း”

ရန်ကျဲက ခပ်ကြွားကြွား အမိန့်ပေးလိုက်သောအခါ၊ ဒေါင်းဖြူကြီးသည် သာမန်အရွယ်အစားသို့ ပြန်ပြောင်းသွားပြီး သူ့ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေတော့သည်။

သို့သော်လည်း ထိုခန့်ညားမှုမှာ ခဏသာ ခံလိုက်၏။ ဒေါင်းဖြူလေးသည် ဘေးနားတွင် ငိုက်မြည်းနေသည့် ရှောင်ဟော့ကို မြင်လိုက်ရချိန်တွင်တော့ ရန်သူကြီးနှင့် တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားကာ အရှိန်အဝါများ ပျောက်ဆုံးသွားရတော့သည်။

ရန်ကျဲကတော့ ဒါကို သတိမထားမိပေ။ သူသည် လူအုပ်ကြီး၏ အားပေးမှုကို ခံယူရင်း သာယာနေမိသည်။ လူအများ၏ အာရုံစိုက်မှုကို ရရှိခြင်းမှာ သူအနှစ်သက်ဆုံး ခံစားချက် မဟုတ်ပါလား။ သူကိုယ်သူလည်း အထူးချွန်ဆုံးသော လူသားတစ်ဦးအဖြစ် ခံယူထားသူ ဖြစ်၏။

တစ်ဖက်တွင်တော့ လင်းကျင်းသည် ဘေးနားကလူကို လေထုတစ်ခုလို သဘောထားကာ အသာအယာ မျက်နှာလွှဲထားလိုက်သည်။

သူသည် ရန်ကျဲကို လုံးဝ ဂရုမစိုက်ပေ။ ထိုလူသည် အဝတ်အစားသစ်များ ဝတ်ဆင်ထားရုံတင်မကဘဲ ဆံပင်ကိုလည်း သေသေချာချာ ပြင်ဆင်လာသေး၏။ မျက်နှာမှာလည်း အပြစ်ဆိုဖွယ်မရှိအောင် ချောမောနေသဖြင့်၊ လင်းကျင်းကတော့ ထိုလူ ပြိုင်ပွဲမလာခင် မျက်နှာကို ဖောင်ဒေးရှင်းများ လိမ်းလာသလားဟုပင် သံသယဝင်နေမိသည်။

ရန်ကျဲ၏ ကွင်းထဲဝင်လာပုံမှာ တကယ့်ကို စွဲမက်စရာ ကောင်းလှသလို၊ အဆင့် ၄ သားရဲ၏ အရှိန်အဝါမှာလည်း လူအုပ်ကြီးကို မှင်တက်သွားစေခဲ့သည်မှာ အမှန်ပင်။

ထို့နောက်တွင်တော့ ဆရာများရောက်ရှိလာကြတော့သည်။

ဆရာများမှာတော့ ရန်ကျဲကဲ့သို့ ကြွားဝါခြင်း မရှိဘဲ ကွင်းထဲသို့ ရိုးရိုးရှင်းရှင်းပင် လမ်းလျှောက်ဝင်လာကြ၏။

သေသေချာချာ ကြည့်ရှုနေသူများမှာတော့ ဆရာများအားလုံးသည် သူတို့၏ ထိုင်ခုံများသို့ မသွားခင် လင်းကျင်းနှင့် ရန်ကျဲတို့၏ ရှေ့မှ ဖြတ်သွားရသည်ကို သတိထားမိကြလိမ့်မည်။

ဆရာတစ်ဦးစီသည် ဖြတ်သွားစဉ်တွင် တပည့်များကို ခေါင်းငြိမ့်ပြခြင်း သို့မဟုတ် နှုတ်ဆက်ခြင်းများ ပြုလုပ်ကြ၏။

သို့သော် ပထမဆုံး ဖြတ်သွားသည့် ဆရာအချို့မှာတော့ သူတို့၏ အာရုံအားလုံးကို ရန်ကျဲထံမှာသာ ထားရှိကြသည်။ သူတို့မှာ ရန်ကျဲကို ပြုံးပြနှုတ်ဆက်ကြသလို၊ အချို့ဆိုလျှင် အနားသို့သွားကာ စကားပြောပြီး အားပေးစကားပင် ဆိုကြသေး၏။

သူတို့သည် အခြားတပည့်များကိုတော့ သဘာဝအတိုင်းပင် လျစ်လျူရှုထားကြသည်။

ဒါဟာ ရန်ကျဲကို ပို၍ပင် ကျေနပ်သွားစေတော့၏။

သူကိုယ်သူလည်း စကြဝဠာ၏ ဗဟိုချက်မသို့ ရောက်နေသကဲ့သို့ ခံစားနေရသည်။ အမှန်တကယ်လည်း လက်ရှိ အခြေအနေအရ ဒါဟာ အမှန်တရားနှင့် သိပ်မဝေးလှပေ။ အခြားတပည့်များမှာတော့ မနာလိုစွာ ကြည့်နေကြရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။ ရန်ကျဲ၏ အစွမ်းမှာ ဤကဲ့သို့ ဂုဏ်ပြုမှုများနှင့် ထိုက်တန်နေသည် မဟုတ်ပါလား။

သို့သော်လည်း နောက်ဆုံးမှ ဝင်လာသည့် ဆရာအချို့၏ အပြုအမူကတော့ ပြောင်းလဲသွားခဲ့သည်။

ပထမဆုံးတစ်ဦးမှာ ဆရာများထဲတွင် အခံ့ညားဆုံးဟု ဆိုရမည့် ဆရာယီပင် ဖြစ်၏။ သူ၏ အစွမ်းမှာ ဆရာများထဲတွင် ထိပ်ဆုံးသုံးဦးစာရင်းဝင်သော်လည်း၊ လော့ပေဟယ်ကို နေရာပေးလိုသဖြင့် သူကိုယ်တိုင် နံပါတ် ၄ နေရာတွင်သာ နေထိုင်သူ ဖြစ်သည်။

သူသည် ထိုင်ခုံများရှေ့မှ ဖြတ်သွားစဉ်တွင် စုပေါင်အာကို အရင်ပြုံးပြပြီးနောက် ရန်ကျဲကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။ နောက်ဆုံးတွင်တော့ လင်းကျင်း၏ အနားသို့ တိုးကပ်သွားကာ ပြောလိုက်၏။

“လင်းကျင်း... ငါ ဒီပြိုင်ပွဲကို အတော်လေး မျှော်လင့်ထားတယ်နော်.... အစွမ်းကုန် ကြိုးစားစမ်း”

ဆရာယီသည် လင်းကျင်းအပေါ်တွင် ပို၍ မျှော်လင့်ချက် ထားရှိသည်မှာ သိသာလှပေသည်။

ဒါကို မြင်လိုက်ရသောအခါ ရန်ကျဲ၏ မျက်နှာမှာ မကျေမနပ် ဖြစ်သွားကာ မှောင်ကျသွားတော့၏။

သို့သော်လည်း ဆရာတစ်ဦးအနေဖြင့် မိမိနှစ်သက်သူကို အားပေးပိုင်ခွင့် ရှိသဖြင့် သူ ဘာမှမပြောနိုင်ပေ။

နောက်တစ်ဦးမှာ လော့ပေဟယ် ဖြစ်သည်။

သူမသည် စုပေါင်အာ၏ ခေါင်းကို အသာအယာ ပုတ်လိုက်ရင်း ဆိုလိုက်၏။

“ကိုယ့်အစွမ်းနဲ့ကိုယ် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါ”

စုပေါင်အာကလည်း လိမ်မာစွာ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် လော့ပေဟယ်သည် ရန်ကျဲကို လုံးဝ လျစ်လျူရှုကာ လင်းကျင်း၏ အနားသို့ လမ်းလျှောက်သွားပြီး ပြောလိုက်တော့သည်။

“မင်း ပြင်ဆင်ထားတဲ့ ‘မီးဝိညာဉ် ပူးကပ်ခြင်း’ ပညာရပ်က တကယ့်ကို ပြောင်မြောက်ပါတယ်... မင်း အဲဒါကို သုံးပြမှာကို ငါ စောင့်ကြည့်နေမယ်”

ထိုသို့ ပြောပြီးနောက်တွင်တော့ သူမ ထွက်ခွာသွား၏။

လော့ပေဟယ်သည် လင်းကျင်းအပေါ် အေးစက်သလို ရှိသော်လည်း၊ အနည်းဆုံးတော့ သူမသည် ရန်ကျဲကို လျစ်လျူရှုသကဲ့သို့ မလုပ်ဘဲ လင်းကျင်းကို စကားလာပြောခဲ့ခြင်းပင်။

ရန်ကျဲ၏ မျက်နှာမှာ ပို၍ပင် တည်တင်းသွားရတော့သည်။

သို့သော်လည်း လော့ပေဟယ်မှာ အသင်းချုပ်၏ ‘နှင်းဘုရင်မ’ အဖြစ် နာမည်ကျော်သူ ဖြစ်သဖြင့် သူမ၏ အပြုအမူမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

နောက်တွင်တော့ ဟွမ်ဖူမင်ရောက်လာ၏။

ထိုလူကြီးက လုယွန်ဟယ်ကို ဆုံးမစကားဆိုလိုက်သည်။

“မင်း အကဲဖြတ်မှူးလင်းဆီကနေ အများကြီး သင်ယူရမယ်နော်... လေ့ကျင့်ခန်းတွေကိုလည်း ဘယ်တော့မှ ပေါ့ပေါ့တန်တန် မလုပ်နဲ့”

ဒါဟာ ဆရာတစ်ဦး၏ ဆုံးမမှု ဖြစ်သဖြင့် လုယွန်ဟယ်ကလည်း ထရပ်ကာ ခေါင်းငြိမ့် လက်ခံလိုက်၏။

ထို့နောက် အရင်ဆရာများကဲ့သို့ပင် ဟွမ်ဖူမင်သည်လည်း ရန်ကျဲကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ သူသည် လင်းကျင်းကို ယဉ်ကျေးပျူငှာသော လေသံဖြင့် ပြောလိုက်၏။

“အကဲဖြတ်မှူးလင်း... မင်းနဲ့ ယွန်ဟယ်က သူငယ်ချင်းကောင်းတွေပဲ... အခွင့်ကြုံရင် သူ့ကို လမ်းပြပေးပါဦး”

သူသည် အလွန်ပင် ယဉ်ကျေးလှပေသည်။

ဟွမ်ဖူမင်သည် လုယွန်ဟယ်၏ သားရဲကို ဆင့်ကဲပြောင်းလဲပေးခဲ့သည့်အတွက် လင်းကျင်းကို ကျေးဇူးတင်နေခြင်း ဖြစ်မှန်း လင်းကျင်း ရိပ်မိလိုက်သည်။ လုယွန်ဟယ်က သူ့သားရဲအကြောင်းကို လျှို့ဝှက်ထားသော်လည်း၊ သူ့ဆရာ ဖြစ်သူ ဟွမ်ဖူမင်ကိုတော့ ပြောပြထားဟန် တူပေသည်။

လင်းကျင်း ထရပ်ကာ အရိုအသေပေးလိုက်ရင်း ပြန်လည်နှုတ်ဆက်လိုက်၏။

“ဟုတ်ကဲ့ပါ ဆရာကြီးဟွမ်ဖူ”

ဟွမ်ဖူမင်က ခေါင်းငြိမ့်ပြကာ သူ၏ ထိုင်ခုံသို့ ဆက်လက် ထွက်ခွာသွားသည်။

ရန်ကျဲမှာတော့ အခုဆိုလျှင် သွားကြိတ်နေရပြီ ဖြစ်၏။ ဤဆရာများက လင်းကျင်းကို ဘာကြောင့် ဒီလောက်အထိ အလေးထားနေကြသည်ကို သူ နားမလည်နိုင်တော့ပေ။ သူ့ကို လျစ်လျူရှုပြီး လင်းကျင်းကိုသာ စကားပြောသွားကြသည် မဟုတ်ပါလား။

‘ဟင်း... သာမန်ဘဝမှာပဲ ပျော်မွေ့နေကြတဲ့ လူအိုကြီးတွေ...ငါ ရန်ကျဲက တစ်နေ့ကျရင် မင်းတို့အားလုံးကို ကျော်တက်ပြမယ်’

ရန်ကျဲက စိတ်ထဲမှ ကြုံးဝါးနေမိသည်။

ထိုစဉ် သူသည် ရဲ့ယွီကျိုးကို မြင်လိုက်ရ၏။ ရဲ့ယွီကျိုး၏ ဘေးတွင်တော့ အရေးကြီးသော ဧည့်သည်တော် တစ်ဦး ပါလာသည်။

ဒါကတော့ လုဘင်ပင် ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက လုဘင်သည် မေပယ်မြို့တွင် လင်းကျင်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ လင်းကျင်း ပြိုင်ပွဲဝင်မည်ကို သိသောအခါ သူသည် လင်းကျင်း၏ စွမ်းရည်ကို စောင့်ကြည့်ရန်အတွက် ယနေ့တွင် ရောက်ရှိလာခြင်းပင်။

အခြားသူများက လုဘင်၏ အဆင့်အတန်းကို မသိကြသော်လည်း ရန်ကျဲကတော့ သိထား၏။

ရန်ကျဲသည် ချက်ချင်း ထရပ်ကာ ထိုလူများထံသို့ သွားလိုက်သည်။

“ဆရာ... ဦးလေးလု”

ရန်ကျဲသည် စိတ်ကျေနပ်သွားရ၏။ စောစောက ဆရာများနှင့် ယှဉ်လျှင် ဦးလေးလုမှာ အဆပေါင်းများစွာ သာလွန်လှပေသည်။ သူ၏ သားရဲမှာ အဆင့် ၄ ရောက်နေပြီ ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် မေပယ်မြို့အပြင်ဘက်သို့ တက်လှမ်းလိုလျှင် လုဘင်၏ အကူအညီက မရှိမဖြစ် လိုအပ်မည် ဖြစ်မှန်း ရန်ကျဲ သိထားသည်။

ရဲ့ယွီကျိုးမှာ မေပယ်မြို့တွင်သာ အခြေစိုက်သူ ဖြစ်သော်လည်း၊ လုဘင်ကတော့ ကျောက်စိမ်းနဂါးမြို့တော်တွင် ဩဇာရှိသူ မဟုတ်ပါလား။

ထို့ကြောင့် ရန်ကျဲသည် အလွန်ပင် ရိုသေစွာဖြင့် နှုတ်ဆက်လိုက်၏။

“ရန်ကျဲ... မင်း အစွမ်းကုန် ကြိုးစားပါ”

ရဲ့ယွီကျိုးက ဆိုလိုက်သည်။ သူသည် ရန်ကျဲအပေါ် အရင်ကလို မနွေးထွေးတော့ပေ။

ဒါဟာ မတတ်နိုင်သည့် ကိစ္စပင်။ ရန်ကျဲမှာ အစွမ်းရလာသည်နှင့်အမျှ အလွန်အမင်း မာန်တက်လာခဲ့သည်။ သူ၏ သားရဲ ဆင့်ကဲပြောင်းလဲမှု အောင်မြင်ပြီးမှသာ ဆရာဖြစ်သူကို အကြောင်းကြားခဲ့ခြင်းမှာ ရဲ့ယွီကျိုးကို အလေးမထားရာ ရောက်ပေသည်။

ရန်ကျဲသည် သူ့ကို ဆရာအဖြစ်ကော မြင်ပါသေးရဲ့လား။

ရဲ့ယွီကျိုးမှာ စိတ်မကောင်းဖြစ်ရသလို၊ အခြားတပည့်ဖြစ်သူ ချန်ချန်း၏ ရုပ်ပျက်ဆင်းပျက် ကိစ္စကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်နေရ၏။

သို့သော် လင်းကျင်းကို မြင်လိုက်ရချိန်တွင်တော့ ရဲ့ယွီကျိုးသည် ပြုံးလိုက်မိသည်။

လင်းကျင်းမှာ ပြတိုက်မှူး၏ တပည့်ဖြစ်မှန်း အတည်ပြုပြီးပြီ ဖြစ်ရာ၊ သူသည် လင်းကျင်းအပေါ်တွင် ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံရပေမည်။ ထို့အပြင် ပြတိုက်မှူးကိုယ်တိုင်လည်း ဤလူအုပ်ကြားထဲတွင် ပုန်းအောင်းကာ တပည့်ဖြစ်သူ၏ ပြိုင်ပွဲကို စောင့်ကြည့်နေမလားဟု ရဲ့ယွီကျိုး သံသယဝင်နေမိ၏။

ရဲ့ယွီကျိုးက လင်းကျင်းကို ပြုံးပြလိုက်သည်။

ထိုစဉ် လုဘင်က ရှေ့သို့ တိုးလာကာ ပြောလိုက်တော့၏။

“အကဲဖြတ်မှူးလင်း... ကျုပ် မင်းကို စောင့်နေတာ ရက်တော်တော် ကြာသွားပြီ... မင်း ဒီပြိုင်ပွဲကြောင့် အလုပ်ရှုပ်နေတာ သိပါတယ်... ဒါပေမဲ့ ပြိုင်ပွဲပြီးတာနဲ့ မင်း ကျုပ်နဲ့အတူ မြို့တော်ကို လုံးဝ လိုက်ခဲ့ရမယ်နော်”

သူ ထိုသို့ ပြောလိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မှင်တက်သွားကြရသည်။

လုဘင်က ဘယ်သူလဲဆိုတာ မသိသူများအတွက် အေးဆေးသော်လည်း၊ သိသူများအတွက်မူ ဒါဟာ ယုံကြည်နိုင်စရာ မရှိသည့် ကိစ္စပင်။

ရဲ့ယွီကျိုးသည် မျက်တောင်တစ်ချက် ခတ်လိုက်ရင်း မေးလိုက်သည်။

"အစ်ကိုလု... ခင်ဗျားတို့နှစ်ယောက်က တော်တော် ရင်းနှီးကြတာလား”

လုဘင်က ခေါင်းငြိမ့်ပြရုံသာ လုပ်လိုက်၏။

ရဲ့ယွီကျိုးကတော့ စိတ်ထဲမှ တွေးနေမိသည်။

‘ပြတိုက်မှူးရဲ့ တပည့်ဆိုတော့လည်း မထူးဆန်းပါဘူးလေ... လင်းကျင်းကတော့ တကယ့်ကို လူစွမ်းကောင်းပဲ’

ရန်ကျဲမှာလည်း ထပ်တူပင် အံ့ဩသွားရ၏။ သို့သော် သူ၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။

လုဘင်သည် လင်းကျင်းကို စကားပြောရာတွင် အဆင့်အတန်း ခွဲခြားခြင်း မရှိဘဲ အလွန်ပင် ရင်းနှီးစွာ ပြောဆိုနေခြင်းပင်။ လင်းကျင်းက လုဘင်၏ ဖိတ်ခေါ်မှုကို အရင်က ငြင်းပယ်ထားခဲ့ဖူးသည့် ပုံစံမျိုးပင် ပေါက်နေသေးသည်။

ဒါတွေက ဘာတွေလဲ။

လုဘင်သည် သူ့ဆရာဖြစ်သူ ရဲ့ယွီကျိုးကို စကားပြောလျှင်ပင် ဤမျှအထိ ယဉ်ကျေးခြင်း မရှိခဲ့သည် မဟုတ်ပါလား။

လင်းကျင်းသည် လုဘင် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု မထင်ထားသလို၊ ရဲ့ယွီကျိုးနှင့် ရင်းနှီးနေလိမ့်မည်ဟုလည်း မမှတ်ထင်ထားပေ။ သူတို့၏ ဆက်ဆံရေးမှာ သူငယ်ချင်းကောင်းများကဲ့သို့ပင် ဖြစ်နေ၏။ လင်းကျင်းသည် လုဘင်ကို ကတိပေးထားခဲ့သလို၊ ထိုယောက်ျားလျာမလေး၏ ပြဿနာကိုလည်း ကူညီဖြေရှင်းပေးလိုသဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ ပြန်ပြောလိုက်သည်။

“ပြိုင်ပွဲပြီးရင် ဒီက ကိစ္စလေးတွေ စီစဉ်ပြီးတာနဲ့ ကျုပ်လိုက်ခဲ့ပါ့မယ်”

လုဘင်သည် ပွင့်လင်းသော လူတစ်ဦး ဖြစ်ရာ၊ လင်းကျင်း၏ အဖြေကို ကြားသောအခါ ချက်ချင်းပင် တုံ့ပြန်လိုက်၏။

“ကတိနော်... ငါ မင်းကို စောင့်နေမယ်”

ထိုအချိန်မှာပင် ပင်မတံခါးကြီးမှ လူအုပ်စုတစ်စု ဝင်ရောက်လာတော့သည်။ သူတို့သည် လူတစ်ယောက်ကို ခြံရံကာ ခေါ်ဆောင်လာကြခြင်း ဖြစ်၏။ ထိုသူမှာ မေပယ်မြို့၏ အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်မှန်း လူတိုင်း သိလိုက်ကြသည်။

“မြို့တော်ဝန် ပိုင်ပါလား”

“မြို့တော်ဝန်ပိုင် ဒီနေ့ ရောက်လာတာပဲ”

ဒါကတော့ မေပယ်မြို့၏ မြို့တော်ဝန် ပိုင်ကျန့်ခုန်းပင် ဖြစ်ပေတော့သည်။

All Chapters