← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 11 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 11 Ch. 207-208

အခန်း (၂၀၇) - တပည့်များပြိုင်ပွဲ (၃)

ပိုင်ကျန့်ခုန်းသည် မကြာသေးမီကပင် အိပ်မပျော် စားမဝင် ဖြစ်နေခဲ့ရသည်။ အကြောင်းရင်းကတော့ ရှင်းပါသည်။ မြွေနိုင်ငံကြောင့်ပင်။ စစ်မက်ဖြစ်ပွားနိုင်သည့် ခြိမ်းခြောက်မှုမှာ နောက်ပြောင်ရမည့် ကိစ္စမဟုတ်ဘဲ၊ တကယ်သာ ဖြစ်လာခဲ့လျှင် သူ၏ မြို့တော်ဝန် ရာထူးပင်လျှင် ထိခိုက်လာနိုင်ပေသည်။

ဒါဟာ သူ၏ ကံကြမ္မာနှင့် တိုက်ရိုက်ပတ်သက်နေသဖြင့် ပိုင်ကျန့်ခုန်းအနေဖြင့် စိုးရိမ်နေမိသည်မှာ သဘာဝပင်။

သူသည် ဤကိစ္စကို ကျောက်စိမ်းနဂါးမြို့တော်သို့ ချက်ချင်း အစီရင်ခံထားပြီးဖြစ်ရာ အကြောင်းပြန်စာကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ သို့သော်လည်း ရဲ့ယွီကျိုးသည်လည်း နန်းတော်သို့ စာတစ်စောင် ရေးသားခဲ့ကြောင်း ကြားသိထားရသော်လည်း၊ ထိုစာထဲတွင် ဘာတွေပါဝင်သည်ကိုတော့ သူ မသိရှိပေ။

ပိုင်ကျန့်ခုန်းသည် ယနေ့ပြိုင်ပွဲသို့ လာရောက်ရန် အစီအစဉ် မရှိခဲ့သော်လည်း၊ နန်းတော်မှ အမြတ်တနိုး ထားရှိရသည့် လုဘင်တက်ရောက်မည်ဟု ကျောက်ဝမ်ထန်းထံမှ ကြားသိလိုက်ရသဖြင့်၊ ရိုသေမှုပြသည့်အနေဖြင့် မဖြစ်မနေ လာရောက်ခဲ့ရခြင်းပင်။

သူသည် လုဘင်က ဘယ်သူလဲဆိုတာ ကောင်းကောင်းသိသည်။ လုဘင်သည် ကျောက်စိမ်းနဂါးနိုင်ငံတွင် အာဏာရော အဆင့်အတန်းပါ ရှိသူ ဖြစ်၏။ တစ်ချိန်က သူသည် အင်ပါယာအတွက် များစွာ အမှုထမ်းခဲ့သည့် စစ်သူကြီးတစ်ဦး ဖြစ်ခဲ့ဖူးသလို၊ လုမိသားစုမှာလည်း နာမည်ကြီး မျိုးရိုးဖြစ်သဖြင့် လုဘင်နှင့် ရင်းနှီးထားခြင်းက သူ့အတွက် အကျိုးရှိစေမည် ဖြစ်သည်။

ပိုင်ကျန့်ခုန်းသည် ဘေးတွင် ကျောက်ဝမ်ထန်းကို ခေါ်ကာ လုဘင်ရှိရာသို့ ချက်ချင်း သွားလိုက်၏။

“စစ်သူကြီးလု... မေပယ်မြို့ကို ရောက်နေတာကို ကျွန်တော့်ကို ဘာလို့ အသိမပေးရတာလဲ... ကျောက်ဝမ်ထန်းသာ မပြောပြရင် မြို့တော်ဝန်တစ်ယောက်အနေနဲ့ ကျွန်တော် သိမှာတောင် မဟုတ်ဘူး”

ပိုင်ကျန့်ခုန်းသည် လုဘင်၏ ရှေ့တွင်တော့ မည်သည့် မာန်မာနမှ မပြဘဲ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

“မြို့တော်ဝန်ပိုင်... ကျုပ်က ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ လာတာမို့လို့ မလိုအပ်ဘဲ အနှောင့်အယှက် မပေးချင်လို့ပါ”

လုဘင်က ပြန်လည် နှုတ်ဆက်လိုက်၏။

ထိုစဉ် ကျောက်ဝမ်ထန်းသည် မြေပြင်ပေါ်တွင် ငိုက်မြည်းနေသည့် ရှောင်ဟော့ကို သတိထားမိသွားသည်။ သူသည် အံ့ဩသွားကာ သေသေချာချာ ကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားရတော့၏။

လွန်ခဲ့သော ရက်အနည်းငယ်က ဇိုရိုကုတောင်တွင် တွေ့ခဲ့ရသည့် လျှို့ဝှက်ဆန်းပြားသော လူသား ထိန်းချုပ်ထားသည့် မီးဝံပုလွေမှာ သူ့အတွက် အတော်လေး ရင်းနှီးနေသော်လည်း အတိအကျ မပြောနိုင်ခဲ့ပေ။

ယခု လင်းကျင်း၏ သားရဲကို မြင်လိုက်ရချိန်တွင်တော့ သူ ချက်ချင်း မှတ်မိသွားပြီ ဖြစ်သည်။

ရှောင်ဟော့၏ အမွှေးအမျှင်များမှာ အခြား မီးဝံပုလွေများနှင့် မတူဘဲ ထူးခြားနေခြင်းကြောင့်ပင်။ ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှု ရပြီးနောက်တွင် ရှောင်ဟော့၏ အမွှေးများမှာ တောက်လောင်နေသည့် မီးတောက်ကလေးများကို ဖိသိပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် အလွယ်တကူ ခွဲခြားနိုင်ခြင်း ဖြစ်၏။

ကျောက်ဝမ်ထန်းသည် ပိုင်ကျန့်ခုန်းထံသို့ သွားကာ ဤတွေ့ရှိမှုကို ချက်ချင်း အစီရင်ခံလိုက်တော့သည်။

စစ်မက်ကိစ္စကြောင့် စိတ်ရှုပ်နေရသည့် ပိုင်ကျန့်ခုန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်ခုံးများ တွန့်ချိုးသွားကာ မီးဝံပုလွေကို စိုက်ကြည့်လိုက်တော့၏။

“ဒါ ဘယ်သူ့သားရဲလဲ”

ပိုင်ကျန့်ခုန်းက မေးလိုက်သည်။

သူ၏ မေးခွန်းနှင့် လေသံကို ကြားလိုက်ရုံဖြင့် အခြေအနေ မကောင်းမှန်း ရဲ့ယွီကျိုး ရိပ်မိလိုက်သည်။

သူသည် ဤကိစ္စနှင့် ပတ်သက်၍ နန်းတော်သို့ စာရေးကာ ပြတိုက်မှူးအတွက် အချိန်ဆွဲပေးရန် သူကိုယ်တိုင် တာဝန်ယူပါမည်ဟု အာမခံထားသော်လည်း၊ ယခုအခါ ကျောက်ဝမ်ထန်းက ရှောင်ဟော့ကို မှတ်မိသွားပြီ ဖြစ်ရာ ပိုင်ကျန့်ခုန်း အနေဖြင့် လင်းကျင်းကို ဤနေရာမှာတင် ပြဿနာရှာပေတော့မည်။

ပို၍ အရေးကြီးသည်မှာ ပြတိုက်မှူးကိုယ်တိုင်လည်း ဤနေရာတွင် ရှိနေနိုင်ခြင်းပင်။ အကယ်၍ ပိုင်ကျန့်ခုန်းက သူ၏ တပည့်ကို စော်ကားပြီး ပြတိုက်မှူးကို ဒေါသထွက်အောင် လုပ်မိလျှင် အခြေအနေများမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ပိုင်ကျန့်ခုန်းကတော့ သားရဲပိုင်ရှင်မှာ လင်းကျင်းဖြစ်မှန်း သိသွားပြီ ဖြစ်သဖြင့် လင်းကျင်းကို အေးစက်စွာ စိုက်ကြည့်နေတော့၏။

ရဲ့ယွီကျိုးသည် ချက်ချင်းပင် ရှေ့သို့ တိုးထွက်လိုက်သည်။

ပိုင်ကျန့်ခုန်း၏ ရဲ့ယွီကျိုးအပေါ် အမြင်မှာလည်း အတော်လေး ဆိုးရွားနေပြီ ဖြစ်ရာ သူက ရန်လိုသော လေသံဖြင့် ပြောလိုက်တော့သည်။

“ဆရာကြီးရဲ့... ခင်ဗျားက ကျုပ်တို့ရဲ့ အလုပ်တွေကို ခဏခဏ လာနှောင့်ယှက်နေတာပဲ... ခင်ဗျားရဲ့ လုပ်ရပ်တွေကြောင့် မိစ္ဆာတွေကို အကာအကွယ်ပေးထားတဲ့ လူသတ်သမားက အခုထိ လွတ်မြောက်နေတာ... အခု ကျုပ်တို့ သဲလွန်စ တွေ့ပြီမို့လို့ ခင်ဗျား ကျုပ်တို့ အစီအစဉ်ကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့... မဟုတ်ရင်တော့ ခင်ဗျားကို နန်းတော်ရဲ့ ကာကွယ်ရေးဌာနဆီ တိုင်ကြားရလိမ့်မယ်”

ဤသတိပေးမှုကို ရဲ့ယွီကျိုးကတော့ မမှုပေ။

“မြို့တော်ဝန်ပိုင်... အဲဒီလို ဖြစ်ချင်တယ်ဆိုရင်လည်း ဖြစ်ပါစေ... ဖြစ်လာသမျှ အကျိုးဆက်အားလုံးကို ကျုပ် တာဝန်ယူပါ့မယ်”

သူသည် အံ့ဩစရာကောင်းလောက်အောင်ပင် ပြတ်သားနေ၏။

ပိုင်ကျန့်ခုန်းမှာတော့ ဒေါသများ ဟုန်းဟုန်းတောက်သွားရတော့သည်။

လုဘင်သည် ပဋိပက္ခဖြစ်နေသည်ကို သတိထားမိလိုက်ပြီး၊ ပိုင်ကျန့်ခုန်းက လင်းကျင်းကို တစ်ခုခု လုပ်တော့မည်ကို မြင်သောအခါ သူက ကြားဖြတ် ပြောဆိုလိုက်၏။

“အကဲဖြတ်မှူးလင်းက မကြာခင်မှာ မြို့တော်ရဲ့ ဧည့်သည်တော် ဖြစ်လာမှာပါ... မြို့တော်ဝန်ပိုင်... ကျုပ်တို့ရဲ့ တော်ဝင်ဧည့်သည်တော်ကို ဘာလုပ်ဖို့ ကြံစည်နေတာလဲ”

လုဘင်၏ စကားကြောင့် ပိုင်ကျန့်ခုန်းမှာ ချက်ချင်း မှင်တက်သွားရသည်။

သူ့နား ကြားမှားခြင်း မဟုတ်ပေ။ လုဘင်က ‘တော်ဝင်ဧည့်သည်တော်’ ဟု သုံးနှုန်းလိုက်ခြင်း ဖြစ်၏။

ကျောက်ဝမ်ထန်းသည်လည်း ထပ်တူပင် ထိတ်လန့်သွားရသည်။ သူသည် ရဲ့ယွီကျိုး၊ လင်းကျင်းနှင့် လုဘင်တို့ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် နောက်သို့ အသာအယာ ဆုတ်လိုက်တော့၏။

ဒါဟာ သူဝင်ရောက် ပြောဆိုနိုင်သည့် အဆင့်အတန်းမျိုး မဟုတ်တော့ပေ။ သူသည် သူ၏ တာဝန်အရ မီးဝံပုလွေကို မှတ်မိသဖြင့် အစီရင်ခံခဲ့ခြင်းသာ ဖြစ်၏။ အကယ်၍ အခြေအနေများ အခုလို ဖြစ်လာမည်မှန်း သိလျှင် သူ လုံးဝ မမှတ်မိသလိုပင် နေလိုက်ပေလိမ့်မည်။

သူသည် အနည်းငယ်လည်း ကြောက်ရွံ့နေမိသည်။ လင်းကျင်းဆိုသည့် လူက ဘယ်သူမို့လို့လဲ။ ဤကိစ္စတွင် ပတ်သက်နေမှန်း ထင်ရှားနေသော်လည်း ရဲ့ယွီကျိုးနှင့် လုဘင်တို့ကပါ သူ့ကို အကာအကွယ် ပေးနေကြသည် မဟုတ်ပါလား။

ရဲ့ယွီကျိုးကတော့ ထားလိုက်ပါဦး... မြို့တော်ဝန်ပိုင်ပင်လျှင် လုဘင်ကိုတော့ ပြဿနာ မရှာရဲပေ။

မှန်ပါသည်... ပိုင်ကျန့်ခုန်း၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင်တော့ ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည်။

“စစ်သူကြီးလု... ခင်ဗျား ဒီကိစ္စကို မသိသေးလို့ ဖြစ်ရမယ်... ကျုပ်ကို ရှင်းပြခွင့်ပေးပါဦး”

ပိုင်ကျန့်ခုန်းက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သောအခါ လုဘင်၏ မျက်နှာမှာလည်း ပြောင်းလဲသွားပြီး လင်းကျင်းကို တစ်ချက် ကြည့်လိုက်မိ၏။

မိစ္ဆာလား။

မြွေနိုင်ငံ နိုင်ငံတော်ဆရာကြီးရဲ့ သားက သေဆုံးသွားတာလား။

စစ်ပွဲလား။

ဒါတွေက သေးငယ်သည့် ကိစ္စများ မဟုတ်ပေ။

သို့သော်လည်း ဒါဟာ ပိုင်ကျန့်ခုန်းဘက်က ပြောစကားသာ ဖြစ်ရာ လုဘင်ကတော့ လွယ်လွယ်နှင့် စိတ်မပြောင်းပေ။

“မြို့တော်ဝန်ပိုင်... ညီအစ်ကိုရဲ့... ဒီကိစ္စကို ပြိုင်ပွဲပြီးမှ အသေးစိတ် ဆွေးနွေးကြတာပေါ့”

လုဘင်က ဆုံးဖြတ်လိုက်သည်။ သူသည်လည်း အမှန်တရားကို အတိအကျ သိရှိလိုနေခြင်းပင်။

အကယ်၍ ပိုင်ကျန့်ခုန်း ပြောသကဲ့သို့ မြွေနိုင်ငံနှင့် ကျောက်စိမ်းနဂါးနိုင်ငံတို့ စစ်ဖြစ်တော့မည်မှာ အမှန်တကယ်ဆိုလျှင် ဒါဟာ အတော်လေး ကြီးမားသည့် ပြဿနာ ဖြစ်ပေလိမ့်မည်။

ရဲ့ယွီကျိုးက သက်ပြင်းချလိုက်ပြီး အနားသို့ ရောက်လာသည့် အခြားဆရာများကို ညွှန်ကြားလိုက်၏။

“တပည့်များ ပြိုင်ပွဲကို ဆက်လက် ကျင်းပပါ”

ထို့နောက် လင်းကျင်း၏ ဘေးမှ ဖြတ်သွားစဉ် ရဲ့ယွီကျိုးက တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ငါ သူတို့ကို နားဝင်အောင် ပြောလိုက်ပါ့မယ်... ပြတိုက်မှူးကို စိတ်အေးအေးထားဖို့ ပြောပေးပါဦး”

လင်းကျင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်၏။

ပိုင်ကျန့်ခုန်းမှာတော့ မှုန်မှိုင်းသော မျက်နှာဖြင့် ထွက်ခွာသွားပြီး၊ လုဘင်ကလည်း ရဲ့ယွီကျိုးဘက်က အမှန်တရားကို နားထောင်ရန် ပြင်လိုက်သည်။

သူ့အမြင်တွင်တော့ ရဲ့ယွီကျိုးသည် အမှန်တရားကို ပို၍ သိရှိထားပုံရပေသည်။

ဘေးနားရှိ လူအနည်းငယ်သာ ဤပြဿနာလေးကို သတိထားမိကြခြင်း ဖြစ်သည်။ သူတို့ ဘာတွေ ပြောနေကြသည်ကို မကြားရသဖြင့် အားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း၊ အရေးကြီးသည့်အချက်မှာ ရဲ့ယွီကျိုး၊ လုဘင်နှင့် မြို့တော်ဝန်ပိုင်တို့ပင် လင်းကျင်းအကြောင်းကို ပြောဆိုနေကြခြင်းပင်။

ဒါဟာ ရန်ကျဲ၏ မျက်နှာကို မှောင်ကျသွားစေတော့၏။ သူသည် ဒေါသကြောင့် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။

သူသည် တစ်စက္ကန့်လေးတောင်မှ ထပ်မစောင့်ချင်တော့ပေ။

ဤပြိုင်ပွဲသည်သာ သူနှင့် လင်းကျင်းတို့ကြားက ကိစ္စတွေကို အပြတ်ရှင်းရမည့် နေရာပင် ဖြစ်သည်။

တပည့်များ ပြိုင်ပွဲ စတင်ခဲ့ပြီ ဖြစ်သည်။

ဆရာတစ်ဦးက စည်းမျဉ်းများကို ကြေညာလိုက်သောအခါ တပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဟစ်အော်ကြတော့၏။

ပထမဆုံး ပွဲစဉ်မှာလည်း ချက်ချင်းပင် စတင်ခဲ့သည်။

စည်းမျဉ်းများအရ ဤပြိုင်ပွဲတွင် မိမိထက် အဆင့် ၁၀ ဆင့်အထိ ပိုမြင့်သူကိုသာ စိန်ခေါ်ပိုင်ခွင့် ရှိသည်။ ဆိုလိုသည်မှာ အဆင့် ၁၁ မှ စတင်၍ အဆင့် ၁ မှ ၁၀ အတွင်းရှိသူများကို စိန်ခေါ်နိုင်ခြင်း ဖြစ်၏။ အကယ်၍ နိုင်လျှင် ထိုသူ၏ အဆင့်ကို ရရှိမည်ဖြစ်ပြီး ရှုံးလျှင်တော့ မူလအဆင့်မှာပင် နေရပေလိမ့်မည်။

ရိုးရှင်းပြီး ပြတ်သားလှပေသည်။

ပထမဆုံး ပွဲစဉ်မှာ အဆင့် ၂၁ မှ တပည့်က အဆင့် ၁၀ ရှိသူကို စိန်ခေါ်ခြင်းပင်။

တပည့်နှစ်ဦးလုံး သူတို့၏ သားရဲများကို ခေါ်ကာ ကွင်းထဲတွင် တိုက်ခိုက်ကြတော့၏။

သို့သော် လင်းကျင်းအတွက်မူ ထိုတိုက်ပွဲမှာ ကြည့်ရကျိုး မနပ်လှပေ။ တစ်ဖက်က အဆင့် ၁ သားရဲ ဖြစ်ပြီး ကျန်တစ်ဖက်က အဆင့် ၂ သားရဲ ဖြစ်ရာ အဖြေမှာ ထင်ရှားနေသဖြင့်ပင်။

မျှော်လင့်ထားသည့်အတိုင်းပင် အဆင့် ၁၀ ရှိသူမှာ ခဏအတွင်း အနိုင်ရရှိသွားပြီး သူ၏ အဆင့်ကို ကာကွယ်သွားနိုင်ခဲ့သည်။

နောက်ထပ် ပွဲစဉ်အနည်းငယ်မှာလည်း သိပ်ပြီး ထူးခြားမှု မရှိလှပေ။ အဆင့် ၁၇ ရှိသူက အဆင့် ၉ ရှိသူကို အနိုင်ယူကာ အဆင့်ပြောင်းလဲသွားခြင်းမှတစ်ပါး ကျန်စိန်ခေါ်သူများမှာ မအောင်မြင်ကြပေ။

တကယ်တော့ ဆရာများ၏ အဆင့်သတ်မှတ်ချက်မှာ အတော်လေး တိကျလှပေသည်။ အကယ်၍ ဘယ်သူမှ မိမိ၏ အစွမ်းကို ဖုံးကွယ်မထားခဲ့လျှင် ဤအဆင့်များမှာ လက်ရှိ တပည့်များ၏ အစွမ်းကို ကိုယ်စားပြုနေခြင်းပင်။

ထို့နောက်တွင်တော့ တစ်စုံတစ်ယောက်က နံပါတ် ၄ ရှိသူ လုယွန်ဟယ်ကို စိန်ခေါ်လိုက်တော့သည်။

စိန်ခေါ်သူမှာ အဆင့် ၅ ဖြစ်သဖြင့် ထိုတပည့်သည်လည်း အစွမ်းထက်သူ ဖြစ်မှာ သေချာသည်။ လုယွန်ဟယ်သည် လက်ကို ပွတ်သပ်ရင်း လုဘကို ခေါ်ကာ ကွင်းထဲသို့ ဝင်သွား၏။ သူသည်လည်း သူ၏ ဆင့်ကဲပြောင်းလဲထားသည့် သားရဲ၏ အစွမ်းကို လူတိုင်းအား ပြသချင်နေပုံရသည်။

လင်းကျင်းသည် ‘ရစ်ပတ်အပ်နည်းစနစ်’ ကို သုံးကာ ကွင်းထဲသို့ ဝင်လာသည့် သားရဲတိုင်းကို လျှို့ဝှက် စစ်ဆေးနေ၏။ ယခုအခါ သူ၏ ကျွမ်းကျင်မှုမှာ ပိုမိုမြင့်မားလာပြီ ဖြစ်ရာ၊ ပစ်မှတ်ထားခံရသူများမှာ ပုရွက်ဆိတ်ကိုက်သကဲ့သို့သာ ခံစားရသဖြင့် ဘာမှ သတိမထားမိကြပေ။

ပြတိုက်၏ ဖော်ပြချက်များကို ကြည့်ပြီးနောက်တွင်တော့ လင်းကျင်းသည် လုယွန်ဟယ်၏ ပြိုင်ဘက်မှာ ရှုံးနိမ့်တော့မည်ကို သိလိုက်၏။ ထိုတပည့်၏ သားရဲမှာ အဆင့် ၂ သာ ရှိပြီး သာမန်သားရဲ တစ်ကောင်သာ ဖြစ်သောကြောင့်ပင်။

မှန်ပါသည်... ပွဲစတင်ပြီး မကြာမီမှာပင် လုဘသည် ထိုသားရဲကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်တော့သည်။

အရင်က ရှောင်ဟော့သည် လုဘကို အနိုင်ယူခဲ့သကဲ့သို့ပင်။

“အဆင့် ၃ သားရဲပါလား”

လူအများမှာ အံ့အားသင့်သွားကြရသည်။ အားလုံးက လုယွန်ဟယ်၏ သားရဲမှာ အဆင့် ၂ သာ ရှိသေးသည်ဟု ထင်မှတ်ထားကြရာမှ၊ ယခုအခါ အဆင့် ၃ သို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသောကြောင့်ပင်။

အခန်း (၂၀၈) - တပည့်များပြိုင်ပွဲ (၄)

လုယွန်ဟယ်၏ စိန်ခေါ်သူမှာ သက်ပြင်းတစ်ချက်ချကာ အရှုံးပေးလိုက်တော့သည်။

သူ၏ မန္တန်စွမ်းရည်မှာ လုယွန်ဟယ်နှင့် တန်းတူရှိသည်ဟု သူယုံကြည်ထားသဖြင့် သားရဲချင်း အဆင့် ၂ တူလျှင် သူနိုင်ခြေရှိသော်လည်း၊ အဆင့် ၃ နှင့် ယှဉ်ပြိုင်နေခြင်းမှာ အချိန်ဖြုန်းရုံသာ ရှိမည် ဖြစ်သောကြောင့်ပင်။

လုယွန်ဟယ်မှာတော့ သူ့ကိုယ်သူ ကျေနပ်နေမိသည်။ သူသည် ကွင်းထဲမှ ဆင်းမသွားဘဲ စုပေါင်အာကို ဆက်လက် စိန်ခေါ်လိုက်၏။

စုပေါင်အာမှာ နံပါတ် ၃ နေရာတွင် ရှိနေသူဖြစ်ပြီး လုယွန်ဟယ်အနေဖြင့် ယှဉ်ပြိုင်ရဲသည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။ နံပါတ် ၁ နှင့် ၂ နေရာများအတွက်မူ လုယွန်ဟယ်သည် သူ၏ အတိုင်းအတာကို သူကောင်းကောင်း သိထား၏။

နောက်တစ်ပွဲမှာတော့ စုပေါင်အာနှင့် လုယွန်ဟယ်တို့၏ ပွဲစဉ်ပင်။

ဤတိုက်ပွဲတွင် လုယွမ်ဟယ်က သူ၏ သားရဲအဆင့် သာလွန်မှုကို အားကိုးနေပြီး၊ စုပေါင်အာကတော့ သူမ၏ မန္တန်စွမ်းရည်အပေါ် အားကိုးနေရသည်။ အကယ်၍ လုဘသာ အဆင့် ၃ မဖြစ်ခဲ့လျှင် စုပေါင်အာကို သူယှဉ်နိုင်မှာမဟုတ်မှန်း လုယွန်ဟယ် သိထား၏။

အကြောင်းမှာ အရင်က စုပေါင်အာနှင့် ယှဉ်ပြိုင်တိုင်း သူအမြဲ ရှုံးနိမ့်ခဲ့ဖူးသောကြောင့်ပင်။

“လုဘ... သွားစမ်း”

အရင်ပွဲတွင် လုယွန်ဟယ်သည် မန္တန်တစ်ခုမှ မသုံးဘဲ လုဘ၏ အစွမ်းသက်သက်ဖြင့်သာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် စုပေါင်အာနှင့် တွေ့ချိန်တွင်တော့ သားရဲအဆင့်ချင်း သာနေသော်လည်း သူ လုံးဝ ပေါ့ဆ၍ မရမှန်း သိသဖြင့် အားဖြည့်မန္တန်များကို သုံးရန် ဆုံးဖြတ်လိုက်၏။

“ရူးသွပ်ခြင်း... သွေးဆာခြင်း... လေပြင်းလှိုင်း”

သူသည် မန္တန်သုံးမျိုးကို လုဘအပေါ် တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သည်။ ထိုမန္တန်များအတွက် ဝိညာဉ်စွမ်းအင် ၂၁ လုံးစာ ကုန်ဆုံးသွားရာ၊ ဒါဟာ လုယွန်ဟယ်၏ ဝိညာဉ်စွမ်းအင် အားလုံးနီးပါးပင် ဖြစ်၏။

သူသည် ပွဲကို အမြန်အပြတ်ဖြတ်ရန် ကြိုးစားနေခြင်းပင်။

မန္တန်သုံးမျိုး၏ အစွမ်းကြောင့် လုဘ၏ ခန္ဓာကိုယ်မှာ ကြီးမားလာပြီး လေပွေလှိုင်းများ ဝန်းရံကာ ပစ်မှတ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

တစ်ဖက်တွင်တော့ စုပေါင်အာက မန္တန်တစ်ခုတည်းကိုသာ သုံးလိုက်၏။

ဒါကတော့ ‘မီးဝိညာဉ် ပူးကပ်ခြင်း’ ပင် ဖြစ်သည်။

လင်းကျင်း သင်ကြားပေးထားသည့် မွမ်းမံထားသော ဗားရှင်းဖြစ်ရာ၊ သူမ၏ ဆရာဖြစ်သူ လော့ပေဟယ်ပင်လျှင် ဤမန္တန်မှာ စုပေါင်အာ၏ သားရဲအတွက် အစွမ်းထက်ဆုံး အားဖြည့်မန္တန်ဖြစ်ကြောင်း ဝန်ခံထားရသည်။

ထိုမန္တန်၏ အစွမ်းကြောင့် သူမ၏ သားရဲပေါ်ရှိ မီးတောက်များမှာ မြရောင်သန်းသွားတော့၏။

ထိုထူးဆန်းသော အစိမ်းရောင် မီးတောက်များမှာ ပြင်းထန်စွာ တောက်လောင်နေပြီး ပရိသတ်များပင်လျှင် ပူပြင်းသည့် အရှိန်အဝါကို ခံစားနေရသည်။

စုပေါင်အာ၏ ဝံပုလွေမှာ အဆင့် ၂ သာ ရှိသော်လည်း၊ အဆင့် ၃ ရှိသည့် လုဘကို လုံးဝ အောက်ကျမခံဘဲ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေ၏။

သားရဲနှစ်ကောင်မှာ ကွင်းထဲတွင် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။

အရင်ပွဲများနှင့် ယှဉ်လျှင် ဤပွဲမှာ ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းသဖြင့် ပရိသတ်များ၏ အော်ဟစ်အားပေးသံမှာလည်း ပို၍ ကျယ်လောင်လာ၏။

ကွင်းအတွင်းရှိ လုယွန်ဟယ်နှင့် စုပေါင်အာတို့၏ မျက်နှာမှာလည်း တည်တင်းနေကြပြီး သူတို့နှစ်ဦးလုံး အစွမ်းကုန် ကြိုးစားနေကြသည်မှာ သိသာလှပေသည်။

လင်းကျင်းကတော့ ဒါကို ကြည့်ကာ ခေါင်းခါလိုက်မိ၏။

သူ၏ ဗီဇစိတ်အရ ဤအတိုင်း ဆက်သွားလျှင် လုယွန်ဟယ် ရှုံးနိမ့်တော့မည်ကို သူသိနေသည်။

လုယွန်ဟယ်မှာ အလွန် စိတ်လောသွားခဲ့၏။ အဆင့် ၃ လုဘမှာ အစွမ်းထက်သော်လည်း စုပေါင်အာ၏ ထူးခြားသော မီးဝံပုလွေမှာလည်း အားနည်းသူ မဟုတ်ပေ။ အဆင့်ကွာခြားချက် ရှိသော်လည်း ‘မီးဝိညာဉ် ပူးကပ်ခြင်း’ မန္တန်၏ အကူအညီဖြင့် ထိုဝံပုလွေလေးမှာ လုဘကို အချိန်အတန်ကြာအောင် တောင့်ခံထားနိုင်စွမ်း ရှိသည်။

ပြဿနာမှာ လုယွန်ဟယ်သည် သူ၏ ဝိညာဉ်စွမ်းအင်အားလုံးကို တစ်ကြိမ်တည်းဖြင့် သုံးစွဲလိုက်ခြင်းပင်။ အခုဆိုလျှင် သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်ကန်ထဲတွင် ဘာမှ ကျန်တော့မှာ မဟုတ်ပေ။

သူနှင့် ယှဉ်လျှင် စုပေါင်အာက မန္တန်တစ်ခုတည်းကိုသာ သုံးရသေးသည်။

‘မီးဝိညာဉ် ပူးကပ်ခြင်း’ မှာ ဝိညာဉ်စွမ်းအင် ၁၇ လုံးခန့်အထိ ကုန်ဆုံးစေသော်လည်း၊ စုပေါင်အာ၏ ဝိညာဉ်စွမ်းအင် ပမာဏမှာ လုယွန်ဟယ်ထက် ပိုများဟန်တူသဖြင့် သူမတွင် အနည်းဆုံး မန္တန်တစ်ခုစာ ကျန်ရှိနေဦးမည် ဖြစ်၏။

ထိုမန္တန်မှာ အဆင့် ၃ လုပါကို မယှဉ်နိုင်လျှင်တောင်မှ လုယွန်ဟယ်ကို အနိုင်ယူဖို့တော့ လုံလောက်လှပေသည်။

လင်းကျင်း မျှော်လင့်ထားသည့်အတိုင်းပင် စုပေါင်အာသည် နောက်ထပ် မန္တန်တစ်ခုကို ချက်ချင်း ရွတ်ဆိုလိုက်တော့သည်။

“ဝိညာဉ်မီးတောက် လက်သီး”

ထိုမီးတောက်မှာ သူမ၏ သားရဲထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ဤမန္တန်မှာ မီးဓာတ် ကျင့်ကြံသူများအကြား ခေတ်စားလှပြီး၊ ပါရမီရှိသော စုပေါင်အာကတော့ ရှေ့တွင် ဖြစ်ပျက်နေသည်ကို အာရုံစိုက်ရင်းပင် ထိုမန္တန်ကို လွယ်လွယ်ကူကူ ထုတ်ဖော်လိုက်နိုင်သည်။

မီးတောက်လက်သီးကြီးမှာ လုယွန်ဟယ်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့၏။ လုယွန်ဟယ်မှာ ထိတ်လန့်သွားရသလို၊ လုဘမှာလည်း တိုက်ပွဲအရှိန်တက်နေသဖြင့် သခင်ဖြစ်သူကို လာရောက် မကာကွယ်နိုင်ပေ။ ဝိညာဉ်စွမ်းအင် ကုန်ဆုံးနေသည့် လုယွန်ဟယ်မှာလည်း သူ့ကိုယ်သူ ခုခံနိုင်စွမ်း မရှိတော့ပေ။

“ငါ အရှုံးပေးပါတယ်”

လုယွန်ဟယ်က ပြတ်ပြတ်သားသားပင် အရှုံးပေးလိုက်သည်။ ပူပြင်းလှသော လက်သီးချက်နှင့် ရင်ဆိုင်ရချိန်တွင် အရှုံးပေးခြင်းမှာသာ အကောင်းဆုံး နည်းလမ်း ဖြစ်သဖြင့်ပင်။

မီးတောက်လက်သီးမှာ လေထဲတွင် ရပ်တန့်သွားပြီးနောက် ကွယ်ပျောက်သွားတော့၏။

ကွင်းထဲမှ ထွက်လာသောအခါ လုယွန်ဟယ်က လင်းကျင်းကို ပထမဆုံး ပြောလိုက်သည့် စကားမှာ... “ငါ အမှတ်တမဲ့ ဖြစ်သွားတယ်” ဟူ၍ပင်။

“မင်း မာန်တက်သွားတာလို့ ပြောရင် ပိုမှန်လိမ့်မယ်”

လင်းကျင်းက အမှန်အတိုင်း ပြင်ပေးလိုက်၏။

ဤတစ်ကြိမ်တွင် လုယွန်ဟယ်မှာ အဆင့် ၃ ရောက်ရုံနှင့် စုပေါင်အာကို အသာအယာ အနိုင်ယူနိုင်မည်ဟု ထင်မှတ်ကာ အလွန်အမင်း မာန်တက်ခဲ့ခြင်းပင်။ စုပေါင်အာက သူမ၏ သားရဲကို အစွမ်းမြှင့်တင်ပြီး သူ့ကို တိုက်ရိုက်တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တကယ်တော့ လုယွန်ဟယ်သာ မာန်မတက်ခဲ့လျှင် ဤပွဲကို သူနိုင်နိုင်ခြေ ရှိပေသည်။ ဒါဟာ သားရဲချင်း တိုက်ခိုက်သည့် ပြိုင်ပွဲဖြစ်သော်လည်း လုယွန်ဟယ်ကတော့ ဆန်းဆန်းပြားပြား ရှုံးနိမ့်သွားခဲ့ခြင်းပင်။

သူသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ သူ၏ နေရာသို့ ပြန်သွားတော့သည်။ လုဘမှာလည်း နှင်းခါးရိုက်ခံရသည့် ခရမ်းသီးလို ညှိုးငယ်နေ၏။

စုပေါင်အာကတော့ ကွင်းထဲတွင် ကျန်ရှိနေခဲ့သည်။ လုယွန်ဟယ်က နံပါတ် ၁ နှင့် ၂ ကို မစိန်ခေါ်ရဲသော်လည်း သူမကတော့ ရဲဝံ့လှပေသည်။

အရင်ကလည်း စုပေါင်အာသည် ရန်ကျဲကို အမြဲ စိန်ခေါ်လေ့ရှိပြီး အချို့ပွဲများတွင် ရန်ကျဲကိုပင် အကြပ်ရိုက်စေခဲ့ဖူး၏။ သူမ၏ ပြင်းထန်သော စိတ်ဓာတ်ကို အားလုံး သိထားကြသလို၊ သူမမှာ ကျင့်ကြံမှုပိုင်းတွင်လည်း တစ်ဦးတည်းသော ပါရမီရှင် ဖြစ်ပေသည်။

ထို့အပြင် စိတ်ဝင်စားစရာ အချက်တစ်ခုမှာ စုပေါင်အာသည် ဤကဲ့သို့ ပြိုင်ပွဲမျိုးတွင် တစ်ဦးတည်းကိုသာ စိန်ခေါ်လေ့ရှိခြင်းပင်။

ထိုသူမှာ ရန်ကျဲမှတစ်ပါး အခြားသူ မဟုတ်ပေ။

သို့သော်လည်း သူမသည် ရန်ကျဲကိုသာ ရွေးပြီး စိန်ခေါ်ခြင်း မဟုတ်ဘဲ၊ အသင်းချုပ်၏ နံပါတ် ၁ ကိုသာ စိန်ခေါ်ချင်ခြင်း ဖြစ်ကြောင်း ပြောဖူးသည်။ ထို့ကြောင့်ပင် စုပေါင်အာ၏ စိန်ခေါ်မှုကို ခံရခြင်းမှာ ထိုသူ၏ အစွမ်းကို သူမက အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ပြောစမှတ် ရှိကြ၏။

စုပေါင်အာ ကွင်းထဲမှာ ရှိနေဆဲ ဖြစ်သည်ကို မြင်သောအခါ ရန်ကျဲသည် အကျင့်အတိုင်း ကွင်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။

သို့သော် သူသည် ကိုယ်လက်လှုပ်ရှားကာ ထရပ်လိုက်ရုံသာ ရှိသေး၏... စုပေါင်အာ၏ အော်ဟစ်သံကို ကြားလိုက်ရတော့သည်။

“အစ်ကိုလင်း... ကျွန်မ အစ်ကို့ကို စိန်ခေါ်ချင်ပါတယ်”

ရန်ကျဲမှာတော့ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

တစ်ခဏအတွင်း သူသည် ပြန်ထိုင်ရမလား၊ ဆက်ရပ်နေရမလား မသိတော့ပေ။

နောက်ဆုံးတွင်တော့ သူသည် သွားကို တင်းတင်းကြိတ်ကာ မျက်နှာပေါ်မှ ဒေါသနှင့် အရှက်ရမှုကို မဖုံးကွယ်နိုင်ဘဲ ပြန်ထိုင်လိုက်ရတော့သည်။

ရန်ကျဲတင်မကဘဲ လင်းကျင်းကိုယ်တိုင်ပင် ဒါကို ကြည့်ကာ အားနာမိသွား၏။

‘စုပေါင်အာက မင်းကို စိန်ခေါ်မယ်လို့မှ မပြောတာ... ဘာလို့ ထရပ်တာလဲ’ ဟု သူ စိတ်ထဲမှ တွေးနေမိသည်။

လင်းကျင်းသည် အိပ်မောကျနေသည့် ရှောင်ဟော့ကို ပုတ်နှိုးလိုက်ကာ ရှေ့သို့ တိုးထွက်လိုက်၏။

ရှောင်ဟော့မှာတော့ အခုမှ နိုးလာခြင်း ဖြစ်သဖြင့် အနည်းငယ် ထိုင်းမှိုင်းနေဆဲပင်။ ပြီးခဲ့သည့် ဆင့်ကဲပြောင်းလဲမှုမှာ အနည်းငယ် လောခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်ရာ၊ အခွင့်ရတိုင်း အနားယူကာ အင်အားဖြည့်နေခြင်း ဖြစ်၏။

ကွင်းထဲသို့ ရောက်သောအခါ လင်းကျင်းသည် စုပေါင်အာထံသို့ ဆေးပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။

ဒါဟာ လင်းကျင်းကိုယ်တိုင် ဖော်စပ်ထားသည့် ‘ဝိညာဉ်စွမ်းအင် ဆေးလုံး’ ပင် ဖြစ်၏။

ရှူးပေါင်အာက ပြောလိုက်သည်။

“အစ်ကိုလင်း... ကျွန်မမှာ ဆေးလုံးတွေ ရှိပါတယ်”

သို့သော်လည်း လင်းကျင်းက လက်ကာပြကာ ဆိုလိုက်သည်။

“ဒါက တခြားဟာတွေနဲ့ မတူဘူး”

စုပေါင်အာသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ အနံ့ခံကြည့်လိုက်ရာ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် တစ်လုံးကို ဝါးစားလိုက်တော့သည်။ သူမ၏ မျက်နှာမှာလည်း ချက်ချင်းပင် ကြည်လင်ဝင်းပသွားတော့၏။

အသင်းချုပ်မှ ပေးသည့် ဆေးလုံးများနှင့် လင်းကျင်း၏ ဆေးလုံးမှာ နာမည်တူသော်လည်း အာနိသင်မှာတော့ အဆပေါင်းများစွာ ကွာခြားလှပေသည်။

စုပေါင်အာသည် အရင်ပွဲတွင် ဝိညာဉ်စွမ်းအင် အတော်များများ သုံးခဲ့ရသဖြင့် အခုလို အားပြန်ဖြည့်ခွင့်ရခြင်းမှာ စည်းမျဉ်းနှင့်လည်း ကိုက်ညီလှပေသည်။

ဆေးလုံးက ဘယ်လောက်ကောင်းကောင်း အဆက်မပြတ်တော့ သောက်၍ မရသော်လည်း၊ စုပေါင်အာမှာ ၈၀ ရာခိုင်နှုန်းခန့် ဝိညာဉ်စွမ်းအင် ပြန်လည် ရရှိသွားပြီ ဖြစ်သည်။ သူမသည် ဆေးပုလင်းကို ကြည့်နေသဖြင့် လင်းကျင်းက ပြောလိုက်သည်။

“အဲဒါ မင်းအတွက်ပဲ ယူထားလိုက်ပါ”

သူမက ဝမ်းသာအားရ သိမ်းဆည်းလိုက်တော့၏။

“ကဲ... ဒါဆိုရင်တော့ အစ်ကိုလင်း... ကျွန်မတို့ စလိုက်ကြရအောင်”

စုပေါင်အာသည် တိုက်ပွဲအတွက် ပြင်ဆင်လိုက်၏။ သူမသည် လင်းကျင်းနှင့် တရားဝင် ယှဉ်ပြိုင်ချင်နေသည်မှာ ကြာပြီ ဖြစ်မှန်း သိသာလှပေသည်။

သူမက သူ့ကို မယှဉ်နိုင်မှန်း သိနေသော်လည်းပေါ့။

လင်းကျင်းက ပြုံးလိုက်၏။ သူသည် စုပေါင်အာကို ညီမလေးတစ်ယောက်လို သဘောထားသဖြင့် သူမ ဆန္ဒရှိလျှင် အပျော်သဘော ယှဉ်ပြိုင်ပေးရန် ဝန်မလေးပေ။

သို့သော် အမှန်အတိုင်း ပြောရလျှင် စုပေါင်အာက အစွမ်းကုန် ကြိုးစားနိုင်သော်လည်း သူကတော့ လုပ်၍ မရပေ။ အကြောင်းမှာ သူသာ အစွမ်းကုန် ထုတ်သုံးလိုက်လျှင် စုပေါင်အာမှာ တိုက်ခိုက်ခွင့်ပင် ရမှာမဟုတ်သောကြောင့်ပင်။

ထို့ကြောင့် လင်းကျင်းက ပြောလိုက်သည်။

“မင်း အရင် စလိုက်ပါ”

All Chapters