အခန်း (၂၀၉-၂၁၀)
Vol. 11 Ch. 209-210
အခန်း (၂၀၉) - ပြတိုက်မှူး၏ တပည့်
စုပေါင်အာသည် သူမ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာသည်နှင့် ‘မီးဝိညာဉ် ပူးကပ်ခြင်း’ မန္တန်ကို သူမ၏ ထူးခြားသော မီးဝံပုလွေအပေါ် ထပ်မံအသုံးပြုလိုက်ရာ၊ ဝံပုလွေလေးမှာ ဟိန်းဟောက်ရင်း ရှေ့သို့ ပြေးထွက်သွားတော့သည်။
လင်းကျင်းသည် ရှောင်ဟော့၏ ခေါင်းကို အသာအယာ ပုတ်လိုက်ရာ၊ ထိုကောင်လေးသည်လည်း ရှေ့သို့ ပြေးထွက်ကာ ပြိုင်ဘက်ဝံပုလွေနှင့် ရင်ဆိုင်လိုက်၏။
သို့သော်လည်း ရှောင်ဟော့သည် သူ၏ ခန္ဓာကိုယ်ကို ကြီးမားအောင် မလုပ်သလို၊ မည်သည့် ထူးခြားသော စွမ်းအားကိုမှလည်း ထုတ်မပြပေ။ သူသည် သာမန်ပုံစံဖြင့်သာ ပြိုင်ဘက်ကို ရင်ဆိုင်နေခြင်း ဖြစ်သလို၊ လင်းကျင်းကလည်း မည်သည့် အားဖြည့်မန္တန်မှ အသုံးမပြုခဲ့ပေ။
အကြောင်းမှာ တစ်ဖက်လူကို အသာအယာ ကိုင်တွယ်နိုင်ရုံသာမက၊ နောက်မှ ယှဉ်ပြိုင်ရမည့် ရန်ကျဲအတွက် အင်အားချွေတာလိုသောကြောင့် ဖြစ်၏။
အခုဆိုလျှင် တုံးအသော လူတစ်ယောက်ပင်လျှင် လင်းကျင်းသည် ဤတိုက်ပွဲတွင် အစွမ်းကုန် မထုတ်သေးမှန်း သိသာလှပေသည်။ တစ်ဖက်တွင်တော့ စုပေါင်အာသည် သူမ၏ အရင်နည်းဗျူဟာအတိုင်းပင် မီးတောက်လက်သီးဖြင့် လင်းကျင်းကို အလစ်အငိုက် တိုက်ခိုက်ရန် ကြိုးစားလာပြန်သည်။
သို့သော် ရှောင်ဟော့မှာ လုဘ မဟုတ်ပေ။ စုပေါင်အာ၏ ဝံပုလွေသည် ရှောင်ဟော့ကို မတားဆီးနိုင်ခဲ့ဘဲ၊ ရှောင်ဟော့က ရှေ့သို့ ခုန်အုပ်လိုက်ကာ ထိုပြင်းထန်လှသော မီးတောက်လက်သီးကြီးကို ပါးစပ်ဖြင့် ဟပ်ကာ မျိုချပစ်လိုက်တော့၏။
“ကျွန်မ အရှုံးပေးပါတယ်”
ထိုမြင်ကွင်းကို ကြည့်ကာ စုပေါင်အာက ပြတ်ပြတ်သားသားပင် အရှုံးပေးလိုက်တော့သည်။
ပွဲစကတည်းက လင်းကျင်းသည် နေရာမှ တစ်လှမ်းပင် မရွေ့သလို၊ မည်သည့် မန္တန်မှလည်း မသုံးခဲ့ပေ။ သူသည် ရှောင်ဟော့၏ မူလအစွမ်းဖြင့်တင် စုပေါင်အာနှင့် သူမ၏ သားရဲကို အသာအယာ အနိုင်ယူသွားခဲ့ခြင်းပင်။
ဆရာများ ထိုင်သည့် စင်မြင့်ပေါ်တွင်တော့ လော့ပေဟယ်မှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေရ၏။
စုပေါင်အာ အစွမ်းကုန် ထုတ်သုံးလျှင် သူမကိုယ်တိုင်ပင် သေသေချာချာ ရင်ဆိုင်ရမည်ကို သိထားသော်လည်း၊ လင်းကျင်းအတွက်မူ ထိုမိန်းကလေးမှာ ကလေးကစားစရာကဲ့သို့ ဖြစ်နေခဲ့သည်။
ဒါဆိုလျှင် သူမကိုယ်တိုင် လင်းကျင်းနှင့် ယှဉ်ပြိုင်ရလျှင်ပင် ရှုံးနိမ့်သွားနိုင်သည် မဟုတ်ပါလား။
လော့ပေဟယ်မှာ စိတ်ထဲမှ မတင်မကျ ဖြစ်နေစဉ်၊ ဘေးတွင် ထိုင်နေသည့် ဆရာယီက ဖျောင်းဖျလိုက်၏။
“ဆရာမလော့... စိတ်မဆိုးပါနဲ့... ဒါက သဘာဝပဲလေ.. မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ကျော်တက်သွားတာဟာ ကောင်းတဲ့ ကိစ္စပါ”
လော့ပေဟယ်က သူ့ကို မျက်စောင်းထိုးလိုက်ရင်း ပြန်ပြောလိုက်၏။
“စုပေါင်အာရဲ့ မီးဝံပုလွေက လုယွန်ဟယ်ရဲ့ အဆင့် ၃ သားရဲကိုတောင် ယှဉ်နိုင်ခဲ့တာလေ... အခုတော့ လင်းကျင်းကို ဘာမှတောင် မလုပ်နိုင်ဘူး... ဒါကို ရှင် မမြင်ဘူးလား”
ဆရာယီသည် သူမစကားကြောင့် ကြောင်သွားပြီးမှ သေသေချာချာ ပြန်စဉ်းစားကြည့်ကာ မျက်နှာပျက်သွားတော့သည်။
“မင်းပြောတာ မှန်တယ်... ပေါင်အာရဲ့ ‘မီးဝိညာဉ် ပူးကပ်ခြင်း’ က အတော်လေး အစွမ်းထက်တာ... အဲဒီအခြေအနေမှာ သူ့ဝံပုလွေက အဆင့် ၃ သားရဲနဲ့ တန်းတူ ရှိနေသင့်တာလေ... ဒါကိုမှ လင်းကျင်းရဲ့ သားရဲကို ဘာမှ မလုပ်နိုင်ဘူးဆိုရင်တော့... ဒါက ဖြစ်နိုင်ပါ့မလား”
လော့ပေဟယ်က ‘ရှင်လည်း သိပ်တော့ မအပါဘူး’ ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ကာ ဆိုလိုက်တော့သည်။
“စောင့်ကြည့်နေလိုက်ပါ... လင်းကျင်းက နောက်ဆိုရင် ရန်ကျဲကို စိန်ခေါ်တော့မှာ... တကယ်တော့ ကျွန်မ ဒီပြိုင်ပွဲကို သိပ်စိတ်မဝင်စားပေမဲ့၊ အခုတော့ ဒီတိုက်ပွဲ ဘယ်လိုဖြစ်မလဲဆိုတာ တကယ် သိချင်နေပြီ”
သို့သော်လည်း လော့ပေဟယ် မျှော်လင့်သလို ချက်ချင်း ဖြစ်မလာခဲ့ပေ။ လင်းကျင်းက ရန်ကျဲကို စိန်ခေါ်ရန် ပြင်နေစဉ်မှာပင်၊ နံပါတ် ၆ နေရာမှ တပည့်တစ်ဦးက လင်းကျင်းကို အရင်ဦးအောင် စိန်ခေါ်လိုက်သောကြောင့်ပင်။
ထိုလူ ဘာတွေးနေသလဲဆိုတာ လင်းကျင်း မသိသော်လည်း၊ စည်းမျဉ်းအရ စိန်ခေါ်မှုကို လက်ခံရပေမည်။
လင်းကျင်းသည် စုပေါင်အာကိုတော့ သူမ၏ စွမ်းရည်များ စမ်းသပ်ခွင့် ပေးခဲ့သော်လည်း၊ အခြားသူများအတွက်တော့ အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။ စိန်ခေါ်သူက သူ၏ သားရဲအပေါ် အားဖြည့်မန္တန် နှစ်ခု သုံးပြီးနောက် ကွင်းထဲသို့ ခုန်ဝင်လာ၏။ လင်းကျင်းကတော့ ရှောင်ဟော့ကိုတောင် မလွှတ်တော့ဘဲ လက်ကို မြှောက်ကာ ‘သားရဲခြောက်လှန်နိုင်စွမ်း’ကို ထုတ်ဖော်လိုက်တော့သည်။
တစ်ခဏအတွင်းမှာပင် ဒြပ်ငါးပါး ပေါင်းစပ်ထားသည့် ပြင်းထန်သော ဖိအားလှိုင်းကြီးမှာ ကွင်းတစ်ခုလုံးကို ဖြတ်သန်းသွားရာ၊ စိန်ခေါ်သူ၏ သားရဲမှာ ပေ ၃၀ ခန့်အကွာတွင်တင် မြေပြင်ပေါ်သို့ ဝပ်ဆင်းသွားပြီး တုန်တုန်ရင်ရင် ဖြစ်နေတော့၏။
ဘယ်လောက်ပင် အားဖြည့်မန္တန်များ သုံးပါစေ၊ သခင်ဖြစ်သူက ဘယ်လိုပင် ခိုင်းစေပါစေ၊ ထိုသားရဲမှာတော့ ကြောက်ရွံ့လွန်းသဖြင့် ပြန်မထလာရဲတော့ပေ။
စင်မြင့်ပေါ်ရှိ သီးသန့်ခန်းအတွင်းတွင်တော့ ရဲ့ယွီကျိုး၏ မျက်လုံးများမှာ တောက်ပသွား၏။
“ဒါပဲပေါ့။ ပြတိုက်မှူးက တကယ်ကို အံ့ဩစရာကောင်းတဲ့ လူပဲ... သူ့တပည့်ကလည်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ”
ရဲ့ယွီကျိုးသည် မြို့တော်ဝန် ပိုင်ကျန့်ခုန်းနှင့် လုဘင်တို့ကို အခြေအနေများကို ရှင်းပြနေခြင်း ဖြစ်သည်။
အစပိုင်းတွင်တော့ ပြတိုက်မှူး၏ လျှို့ဝှက်ချက်များကို ပိုင်ကျန့်ခုန်းအား မပြောပြလိုသော်လည်း၊ အခုတော့ အမှန်တရားကို ထုတ်ပြောရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။
သူ၏ စကားအပေါ် တုံ့ပြန်မှု နှစ်မျိုး ထွက်ပေါ်လာ၏။
ပိုင်ကျန့်ခုန်းမှာတော့ မယုံကြည်နိုင်သည့် မျက်နှာဖြင့် ကြည့်နေသည်။
“လျှို့ဝှက်ဆန်းပြားတဲ့ နေရာ၊ အစွမ်းထက်တဲ့ ပြတိုက်မှူး၊ သားရဲအားလုံးကို ခြောက်လှန်နိုင်တဲ့ စွမ်းရည်နဲ့ သူက ဘယ်သူ့ကိုမှ မရှုံးဘူး ဟုတ်လား... ရဲ့ယွီကျိုး... ခင်ဗျား ကျုပ်ကို ကလေးများ မှတ်နေသလား... ဘယ်လို ဖြစ်နိုင်မှာလဲ”
ရဲ့ယွီကျိုးလည်း ဒေါသထွက်သွားကာ မေးလိုက်သည်။
“ပိုင်ကျန့်ခုန်း... မင်း မယုံရင်လည်း နေပါ... ဒါပေမဲ့ ပြတိုက်မှူးက ငါ တွေ့ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး လူပဲ... လင်နန်နတ်ဘုရားငါးပါးအကြောင်း မင်း ကြားဖူးလား”
ပိုင်ကျန့်ခုန်းမှာ ဆွံ့အသွား၏။ သူကဲ့သို့ လူကြီးတစ်ယောက်အနေဖြင့် ‘လင်နန်နတ်ဘုရား ငါးပါး’အကြောင်းကို မသိဘဲ မနေပေ။ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က တောင်ဘက်တိုက်ကြီး တစ်ခုလုံးကို စိုးမိုးခဲ့သူများ မဟုတ်ပါလား။
“ကြားဖူးတာပေါ့... အဲဒါ ဘာဖြစ်လဲ”
ပိုင်ကျန့်ခုန်းက မေးလိုက်သည်။
ရဲ့ယွီကျိုးက ပြုံးလိုက်၏။
“ဒါဆိုရင် သူတို့ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ မင်း သိမှာပေါ့... တောင်ဘက်တိုက်ကြီး တစ်ခုလုံးကို မွှေနှောက်ခဲ့တဲ့ ဝိညာဉ်ကလေးငယ်မိခင်ဟာ အဲဒီ ငါးယောက်ထဲက တစ်ယောက်ပဲ... ငါ သူမနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်... အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ ပျံလွှားတိမ်တိုက်ရေနဂါးက သူမရဲ့ သားရဲကို မယှဉ်နိုင်ခဲ့ဘူး... အသေအလဲ တိုက်ပွဲမှာ သူမကို ဒဏ်ရာအပြင်းအထန် ပေးနိုင်မှာ မှန်ပေမဲ့၊ နောက်ဆုံးမှာ ငါပဲ သူမလက်ထဲမှာ သေရမှာ... အဆိုးဆုံးကတော့ အဲဒီ ဝိညာဉ်ကလေးငယ်မိခင်ဟာ ပြတိုက်မှူးရဲ့ ရှေ့မှာတော့ ဘာမှ မလုပ်ရဲသလို၊ သူမရဲ့ သားရဲကလည်း တစ်ချက်တောင် မလှုပ်ရဲခဲ့ဘူး"
ပိုင်ကျန့်ခုန်းမှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရသလို၊ နားထောင်နေသည့် လုဘင်မှာလည်း မျက်နှာ ပျက်သွားတော့သည်။
ဒါဟာ ရဲ့ယွီကျိုးလို လူတစ်ယောက်၏ ပါးစပ်မှ ထွက်လာခြင်း မဟုတ်လျှင် သူတို့ လုံးဝ ယုံကြည်ကြမည် မဟုတ်ပေ။
ရဲ့ယွီကျိုးက ကျောက်ဝမ်ထန်းကို ခေါ်လိုက်၏။
“ဘဏ္ဍာစိုးကျောက်... မင်းလည်း အဲဒီနေ့က ရှိနေတာပဲ... သူတို့ကို ပြောပြလိုက်စမ်းပါဦး... မြက်ခင်းပြင်တိုက်ကြီးက လူတွေ ပြတိုက်မှူးရဲ့ ရှေ့မှာ ဘယ်လို ဖြစ်သွားကြသလဲဆိုတာ”
ကျောက်ဝမ်ထန်းမှာ ကြက်သီးများပင် ထသွားရသော်လည်း၊ သူ မြင်တွေ့ခဲ့သမျှ အမှန်တရားကိုသာ အစီရင်ခံလိုက်သည်။ သူ လုံးဝ မလိမ်ရဲပေ။
ထိုစဉ် လုဘင်က အရေးကြီးသော အချက်တစ်ခုကို သတိထားမိသွား၏။
“မင်းပြောတာက... အဲဒီနေ့က တွေ့ခဲ့တဲ့ အဆင့် ၄ မီးဝံပုလွေဟာ လင်းကျင်းရဲ့ သားရဲ ဟုတ်လား”
လုဘင်က မေးလိုက်ရာ ကျောက်ဝမ်ထန်းက ခေါင်းညိတ်ပြလိုက်သည်။
ရဲ့ယွီကျိုးကတော့ အေးအေးဆေးဆေးပင် ဆိုလိုက်၏။
“ဒါက ပုံမှန်ပါပဲ... လင်းကျင်းက ပြတိုက်မှူးရဲ့ တပည့်ပဲလေ... ဆရာဖြစ်သူက တပည့်ရဲ့ သားရဲကို အဆင့်တက်အောင် ကူညီပေးတာ ဘာဆန်းလို့လဲ”
ပုံမှန် ဟုတ်လား။
ဒါဟာ အဆင့် ၄ အထိ ဆင့်ကဲပြောင်းလဲပေးခြင်း ဖြစ်သည်။ ကျောက်စိမ်းနဂါးနိုင်ငံ တစ်နိုင်ငံလုံးမှာတောင် ဒါကို လွယ်လွယ်ကူကူ လုပ်နိုင်သူ ရှိပါ့မလား။
သို့သော်လည်း ရဲ့ယွီကျိုး၏ ပြောစကားအရ ဆိုလျှင်တော့ ထိုပြတိုက်မှူးမှာ ဤစွမ်းရည် ရှိနေနိုင်ပေသည်။ အဆင့် ၄ မှ ၅ အထိ ပြောင်းလဲမည့် နည်းလမ်းကိုပင် ပေးနိုင်သူ မဟုတ်ပါလား။
ဒါဟာ ကျောက်စိမ်းနဂါးနိုင်ငံ၏ အစွမ်းထက် ပညာရှင်များထက်ပင် ကျော်လွန်နေပြီး၊ အင်အားကြီး နိုင်ငံကြီးများမှ ပညာရှင်တစ်ဦးသာ ဖြစ်နိုင်ပေလိမ့်မည်။
ရဲ့ယွီကျိုးက ဆက်လက်၍ မေးလိုက်တော့သည်။
“ကျုပ်ကို ရွေးခိုင်းရင်တော့ ပြတိုက်မှူးကို ရန်မစဘဲ မြွေနိုင်ငံနဲ့ပဲ ရန်ဖြစ်လိုက်မယ်... ပြတိုက်မှူးရဲ့ ဖျက်ဆီးနိုင်တဲ့ အစွမ်းနဲ့ ယှဉ်ရင် မြွေနိုင်ငံဆိုတာ ဘာမှ မဟုတ်ဘူး... ပြီးတော့ ပြတိုက်မှူးက မြွေနိုင်ငံ ကိစ္စကို သူ ကိုင်တွယ်ပေးမယ်လို့ ကျုပ်ကို ပြောထားတယ်... အဆင့် ၄ သားရဲတွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်တဲ့ လူတစ်ယောက်က သူတို့ကို မနှိမ်နင်းနိုင်ဘူးလို့ ခင်ဗျား ထင်နေလား”
ပိုင်ကျန့်ခုန်းမှာတော့ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏။ သူ တစ်ခုခု ပြောချင်နေပုံရသော်လည်း ဘာမှ ထွက်မလာခဲ့ပေ။
အကယ်၍ ရဲ့ယွီကျိုး၏ စကားသာ အမှန်ဆိုလျှင် သူတို့ ပြတိုက်မှူးကို လုံးဝ ရန်မစသင့်ပေ။ ဒါတင်မကဘဲ ထိုလူက သူတို့ဘက်မှာ ရှိနေအောင် လုပ်ဆောင်ရပေမည်။ သို့သော်လည်း ဤဇာတ်လမ်းကြီးမှာ မယုံနိုင်စရာ ကောင်းလွန်းနေသဖြင့် သူ တစ်ယောက်တည်း မဆုံးဖြတ်ရဲပေ။
“စစ်သူကြီးလု... မင်းကော ဘယ်လို ထင်လဲ”
ပိုင်ကျ့န်ခုန်းက မေးလိုက်ရာ၊ လုပင်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။
“ကျုပ် သူ့ကို ယုံကြည်ပါတယ်”
ထို့နောက် လုဘင်က ခေတ္တ စဉ်းစားကာ ဆိုလိုက်သည်။
“လင်းကျင်းရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက် ရှိနေမယ်လို့ ကျုပ် သံသယဝင်နေတာ ကြာပြီ... အခုတော့ အဲဒါ အမှန်ပဲပေါ့... ဒါကြောင့်လည်း သူက ‘ရေကိုးသွယ်တိမ်တိုက်ဆေးလုံး’ ရဲ့ ဖော်မြူလာကို ပေးနိုင်ခဲ့တာကိုး”
အခုဆိုလျှင်တော့ ပိုင်ကျန့်ခုန်းလည်း ဘာမှ ငြင်းစရာ မရှိတော့ဘဲ ယုံကြည်သွားရတော့သည်။
ထိုအချိန်မှာပင် လင်းကျင်းသည် သူ၏ ခြောက်လှန်နိုင်စွမ်းကို သုံးကာ စိန်ခေါ်သူကို အနိုင်ယူလိုက်သဖြင့်၊ လူကြီးသုံးဦး၏ အာရုံမှာ ကွင်းထဲသို့ ပြန်လည် ရောက်ရှိသွားတော့၏။
တပည့်များအားလုံး လင်းကျင်း နိုင်မည်ဟု ခန့်မှန်းထားသော်လည်း၊ ဤမျှအထိ လွယ်လွယ်ကူကူ နိုင်လိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။
အထူးသဖြင့် စုပေါင်အာမှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ လင်းကျင်းသည် သူမနှင့် တိုက်ခိုက်စဉ်က အတော်လေး လျှော့ပေးထားခဲ့မှန်း သူမ အခုမှ ပို၍ သိလိုက်ရ၏။ မဟုတ်လျှင်တော့ သူမ၏ သားရဲမှာလည်း အခု စိန်ခေါ်သူ၏ သားရဲကဲ့သို့ ထိန်းမနိုင် သိမ်းမရ ဖြစ်ကာ အရှက်တကွဲ ဆုတ်ခွာသွားရပေလိမ့်မည်။
“ကျုပ် ရန်ကျဲကို စိန်ခေါ်ချင်ပါတယ်”
ပွဲပြီးသည်နှင့် လင်းကျင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ သူသည် အချိန်ဖြုန်းရန် ဆန္ဒမရှိဘဲ အရေးကြီးသည့် ကိစ္စကို အမြန်ဆုံး ပြီးမြောက်လိုခြင်းပင်။
ရန်ကျဲကို အနိုင်ယူပြီး ပြိုင်ပွဲတွင် ဗိုလ်စွဲရန်မှာ လင်းကျင်း၏ ပန်းတိုင် ဖြစ်ပေသည်။
မည်သူကမှလည်း သူ့ကို မတားဆီးနိုင်တော့ပေ။
အခန်း (၂၁၀) - လင်းကျင်း နှင့် ရန်ကျဲ
ရန်ကျဲသည်လည်း ဤအချိန်ကို စောင့်ဆိုင်းနေခဲ့ပုံရသည်။ သူသည် နေရာမှ ထရပ်လိုက်ပြီး ပျံသန်းခြင်းမန္တန်တစ်ခုကို ရွတ်ဆိုကာ၊ သူ၏ ဒေါင်းဖြူနှင့်အတူ ကွင်းထဲသို့ ပျံသန်းဝင်ရောက်လိုက်၏။
တပည့်များအားလုံးမှာလည်း အသင်းချုပ်၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်ပွဲကြီး စတင်တော့မည် ဖြစ်သဖြင့် ရင်ခုန်စွာဖြင့် ဟစ်အော်နေကြတော့သည်။
ထို့နောက် တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် လူအများက ရန်ကျဲ၏ နာမည်ကို အော်ဟစ်အားပေးကြတော့၏။ တစ်ခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး ရန်ကျဲအတွက် အားပေးသံများဖြင့် ပြည့်နှက်သွားရာ၊ သူ၏ လူကြိုက်များမှုကို သက်သေပြနေသကဲ့သို့ပင်။
အကြောင်းရင်းကတော့ ရှင်းပါသည်။ ရန်ကျဲတွင် အဆင့် ၄ သားရဲ ရှိနေခြင်းကြောင့်ပင်။
တပည့်အများစုအတွက်တော့ အဆင့် ၄ သားရဲရှိခြင်းမှာ ရန်ကျဲကို ကွင်းထဲတွင် မည်သူမှ မယှဉ်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပြီ ဖြစ်သည်။ ဒါဟာ အလယ်အလတ်အဆင့် ရှိသည့် နိုင်ငံတစ်ခု၏ အဆင့်အတန်း သင်္ကေတပင် မဟုတ်ပါလား။
ရန်ကျဲသည် အချိန်ဆွဲမနေဘဲ သူ၏ ဒေါင်းဖြူကို ခန္ဓာကိုယ် ကြီးမားလာအောင် ချက်ချင်း ခိုင်းစေလိုက်၏။ ထိုသားရဲထံမှ ထွက်ပေါ်လာသည့် အဆင့် ၄ သားရဲတစ်ကောင်၏ ပြင်းထန်လှသော ဖိအားမှာ ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
“လင်းကျင်း... မင်းရဲ့ ဂုဏ်သတင်းဆိုတာ ခဏတာပါပဲ... ငါ့ကို စိန်ခေါ်ချင်တယ် ဟုတ်လား... ငါနဲ့ ယှဉ်ဖို့ဆိုတာ မင်း နောက်ထပ် နှစ်ပေါင်း တစ်ရာလောက် ကြိုးစားရဦးမယ်”
ရန်ကျဲက ပြောဆိုရင်း လေထဲတွင် ပျံဝဲနိုင်သည့် မန္တန်တစ်ခုကို သုံးလိုက်၏။ သူ၏ ဝတ်ရုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး၊ ကောင်းကင်မှ ဆင်းသက်လာသည့် နတ်သားတစ်ပါးကဲ့သို့ပင်။
လင်းကျင်းက ပြုံးလိုက်ပြီး လက်တစ်ဖက်ကို မြှောက်ကာ ဒေါင်းဖြူအပေါ် ‘သားရဲခြောက်လှန်နိုင်စွမ်း’ ကို အသုံးပြုလိုက်ပြန်သည်။
ဒါဟာ အဆင့် ၄ သားရဲ ဖြစ်သော်လည်း အလယ်အလတ်အဆင့် ခြောက်လှန်နိုင်စွမ်း၏ လွှမ်းမိုးမှုကိုတော့ ခံရမှာ သေချာပေသည်။
မှန်ပါသည်... လင်းကျင်း လက်ကို ဆန့်လိုက်သည်နှင့် ဒေါင်းဖြူမှာ မမြင်ရသည့် အားတစ်ခုဖြင့် ရိုက်ချခံလိုက်ရသကဲ့သို့ ကောင်းကင်ပေါ်မှ မြေပြင်သို့ ဘုန်းဘုန်းလဲ ကျသွားတော့၏။
ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေခဲ့သည်။
ခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားရတော့၏။
သီးသန့်ခန်းအတွင်းရှိ ရဲ့ယွီကျိုးကတော့ သက်ပြင်းချလိုက်မိသည်။
“ရန်ကျဲက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ... အခုလို အဆုံးမမခံရရင် သူ သင်ခန်းစာရမှာ မဟုတ်ဘူး”
ရန်ကျဲမှာတော့ သူမြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်နေ၏။ သူ၏ အစွမ်းထက်လှသော အဆင့် ၄ ဒေါင်းဖြူမှာ ဘာကြောင့် အခုလို လေထဲကနေ ပြုတ်ကျသွားရသနည်း။ လင်းကျင်း၏ လက်ဟန်တစ်ခုတည်းကြောင့်လား။ မဖြစ်နိုင်တာ။
ရန်ကျဲမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ သူ၏ အဆင့် ၄ သားရဲမှာ ချုပ်ကိုင်ခံလိုက်ရပြီ မဟုတ်ပါလား။
ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
သို့သော် ဒါဟာ အမှန်တရားပင်။ သူ၏ သားရဲမှာ မလှုပ်နိုင်တော့လျှင် သူ ဘယ်လို တိုက်ခိုက်ရတော့မည်နည်း။
ကြည့်ရှုနေသူတစ်ဦးက သတိပြန်ဝင်လာပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“စီနီယာရန်ကျဲက ဒီအတိုင်းပဲ ရှုံးသွားတာလား”
“မဖြစ်နိုင်တာ... စီနီယာရန်ကျဲပဲဥစ္စာ”
“တစ်ခုခုတော့ မှားနေပြီထင်တယ်”
လူအများမှာ တီးတိုး ပြောဆိုလာကြတော့သည်။
ရန်ကျဲက သူတို့ကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီးနောက် နောက်ထပ် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
“မန္တန်တေးသံ”
ရန်ကျဲသည် မန္တန်စွမ်းရည်တွင်လည်း အမှန်တကယ် ကျွမ်းကျင်သူ ဖြစ်သည်။ ရဲ့ယွီကျိုး၏ အချစ်ဆုံးတပည့်ပီပီ သူသည် ဤအခြေအနေအတွက် အသင့်တော်ဆုံး မန္တန်ကို ရွေးချယ်လိုက်ခြင်းပင်။
ဒေါင်းဖြူမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။
ထိုအသံမှာ နားကွဲမတတ် ပြင်းထန်လွန်းသဖြင့် ကြည့်ရှုနေသူများမှာ ခေါင်းများပင် မူးနောက်သွားရသည်။
လင်းကျင်းလည်း ခေါင်းထဲတွင် ဝေဝါးသွားသဖြင့် သူ၏ ခြောက်လှန်နိုင်စွမ်းမှာ ချက်ချင်း ပြတ်တောက်သွားတော့၏။
ဒေါင်းဖြူမှာ နောက်ဆုံးတွင် ခေါင်းပြန်ထောင်နိုင်သွားပြီ ဖြစ်သည်။ ဤသားရဲမှာ ရန်ကျဲနှင့် စရိုက်တူလှပြီး အလွန် မာန်တက်သူ ဖြစ်ရာ၊ ချုပ်ကိုင်မှုမှ လွတ်သည်နှင့် ချက်ချင်းပင် တိုက်စစ်ဆင်တော့သည်။
၎င်းသည် ပါးစပ်ကို ဟလိုက်ကာ လေဓားပေါင်း တစ်ရာကို လင်းကျင်းထံသို့ ပစ်လွှတ်လိုက်တော့၏။
ထိုစဉ် ရန်ကျဲမှာ သက်ပြင်းချကာ စိတ်အေးသွားရသည်။ လင်းကျင်းက သူ၏ သားရဲကို ဘယ်လိုနည်းနဲ့ ချုပ်ကိုင်လိုက်မှန်း မသိသော်လည်း၊ အခုလိုသာ မန္တန်မသုံးခဲ့လျှင် သူ ချက်ချင်း ရှုံးသွားမှာ သေချာသည်။
အခု သူလုပ်ရမှာက အဆင့် ၄ သားရဲ၏ အစွမ်းဖြင့် တစ်ဖက်လူကို ဖိနှိပ်ရန်သာ ဖြစ်သည်။ ဒါဆိုလျှင် လင်းကျင်းမှာ အနိုင်ရရန် အခွင့်အရေး ရှိမှာမဟုတ်တော့ပေ။
ရန်ကျဲ၏ အမြင်တွင်တော့ လင်းကျင်း၏ သားရဲမှာ ဤ ‘လေဓားပေါင်းတစ်ရာ’ တိုက်ကွက်ကို မည်သို့မှ မခုခံနိုင်ပေ။ ထိုမီးဝံပုလွေမှာ ဤတိုက်ကွက်ကြောင့် သေဆုံးသွားနိုင်သည်အထိ ပြင်းထန်လှပေသည်။
ယှဉ်ပြိုင်ပွဲတစ်ခုတွင် မိမိ၏ သားရဲ သေဆုံးသွားခြင်းမှာ အဆိုးရွားဆုံး ကိစ္စပင် မဟုတ်ပါလား။
သို့သော် နောက်တစ်စက္ကန့်မှာပင် ရှောင်ဟော့၏ ခန္ဓာကိုယ်မှာ ကြီးမားလာပြီး မီးတောက်များဖြင့် ဝန်းရံသွားတော့သည်။ ထို့နောက် သူ၏ အမြီးကို တစ်ချက် ဝေ့ယမ်းလိုက်ရာ၊ ပြင်းထန်လှသော မီးတောက်လေပွေကြီး ထွက်ပေါ်လာပြီး ‘လေဓားပေါင်းတစ်ရာ’ ကို တန်ပြန်တိုက်ခိုက်လိုက်၏။
တိုက်ကွက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိတွေ့ကာ ပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း ပို၍ အံ့ဩစရာကောင်းသည်မှာ ရှောင်ဟော့၏ အရှိန်အဝါမှာ ဒေါင်းဖြူထက် အနည်းငယ်မျှ မနိမ့်ကျသည့်အပြင်၊ ပို၍ပင် ပြင်းထန်နေခြင်းပင်။
အခုဆိုလျှင် အားလုံးက ဘာဖြစ်သွားသည်ကို သိလိုက်ကြပြီ ဖြစ်၏။
“အဆင့် ၄ ပါလား”
“ဒါ အဆင့် ၄ သားရဲကြီးပဲ”
ခန်းမတစ်ခုလုံးမှာ အံ့ဩတုန်လှုပ်သွားကြရတော့သည်။
ဤတွေ့ရှိမှုမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။ ကျောက်စိမ်းနဂါးနိုင်ငံ တစ်နိုင်ငံလုံးတွင် အဆင့် ၄ သားရဲမှာ လက်ချိုးရေတွက်၍ ရသလို၊ အများစုမှာလည်း နန်းတော်၏ အစောင့်အရှောက်များသာ ဖြစ်ကြသည်။ အရင်က မေပယ်မြို့တွင် ရဲ့ယွီကျိုးတစ်ဦးတည်း၌သာ အဆင့် ၄ သားရဲ ရှိခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ပင် ရန်ကျဲ၏ သားရဲ အဆင့်တက်ခြင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရခြင်းပင်။ သို့သော် လင်းကျင်း၏ သားရဲမှာလည်း အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်မှန်း ဘယ်သူက ထင်ထားပါ့မည်နည်း။
ဘယ်အချိန်ကတည်းက အဆင့် ၄ သားရဲအဖြစ် ပြောင်းလဲဖို့က အခုလို လွယ်ကူသွားရတာလဲ။
ဆရာများ စင်မြင့်ပေါ်တွင်လည်း ဆရာအားလုံးမှာ မျက်လုံးအပြူးသား ဖြစ်နေကြ၏။
လော့ပေဟယ်၊ ဆရာယီနှင့် ဟွမ်ဖူမင်တို့ပင် ထပ်တူပင်။ သူတို့မှာ ထိတ်လန့်ရာမှ သတိပြန်ဝင်လာချိန်တွင်တော့ ခါးသီးစွာ ပြုံးလိုက်မိကြတော့သည်။
အသင်းချုပ်၏ ဆရာများ ဖြစ်ကြသော်လည်း သူတို့၏ သားရဲများမှာ တပည့်များ၏ အဆင့်အောက် ရောက်နေပြီ မဟုတ်ပါလား။
“အခုမှပဲ ဒီပြိုင်ပွဲက ကြည့်ရကျိုး နပ်တော့မယ်”
“ဟုတ်တယ်... အဆင့် ၄ သားရဲချင်း တိုက်ခိုက်တာကို မြင်ရဖို့ဆိုတာ တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ”
အချို့ဆရာများကတော့ လင်းကျင်းက ရန်ကျဲ၏ ဒေါင်းဖြူကို ဘယ်လိုနည်းနဲ့ ချုပ်ကိုင်လိုက်သလဲဆိုသည်ကို ပို၍ စိတ်ဝင်စားနေကြ၏။
ကွင်းထဲတွင်တော့ လင်းကျင်းသည် ရှောင်ဟော့မှာ တိုက်ခိုက်ချင်စိတ် ပြင်းပြနေသည်ကို သတိထားမိလိုက်သည်။ ရှောင်ဟော့မှာ အဆင့် ၄ ရောက်ပြီးကတည်းက တကယ့်တိုက်ပွဲနှင့် မကြုံရသေးသဖြင့် စိတ်လှုပ်ရှားနေခြင်း ဖြစ်၏။ ဒါဟာ ရှောင်ဟော့အတွက် သူ၏ စွမ်းအားကို စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးပင်။
ထို့အပြင် ခြောက်လှန်နိုင်စွမ်းကို သုံးခြင်းမှာလည်း အင်အားကုန်ဆုံးစေသဖြင့် ရှောင်ဟော့ကိုသာ တိုက်ခိုက်ခိုင်းရန် သူ ဆုံးဖြတ်လိုက်သည်။
“သွား... ရှောင်ဟော့"
လင်းကျင်း၏ အမိန့်ပေးသံနှင့်အတူ ရှောင်ဟော့သည် ချက်ချင်းပင် တိုက်စစ်ဆင်တော့သည်။
လင်းကျင်း၏ သားရဲမှာ အဆင့် ၄ ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် အံ့ဩဆုံးလူမှာ ရန်ကျဲပင် ဖြစ်၏။
သားရဲတစ်ကောင်ကို အဆင့် ၄ ရောက်အောင် လုပ်ဖို့ ဘယ်လောက်ခက်သလဲဆိုတာ သူ ကောင်းကောင်းသိသည်။ သူသည် ရှေးဟောင်းဆေးလုံး၏ အကူအညီရသော်လည်း၊ သူ၏ ဒေါင်းဖြူ အဆင့်တက်ဖို့အတွက် နှစ်ပေါင်းများစွာ အတွေ့အကြုံများကို စုဆောင်းခဲ့ရခြင်း ဖြစ်၏။
အစပိုင်းတွင်တော့ သူသည် အဆင့်မြင့်သားရဲဖြင့် လင်းကျင်းကို သင်ခန်းစာပေးကာ သူသာလျှင် နံပါတ် ၁ တပည့်ဖြစ်ကြောင်း သက်သေပြချင်ခဲ့သော်လည်း၊ အခုတော့ လင်းကျင်း၏ သားရဲမှာလည်း အဆင့်တူ ဖြစ်နေပြန်သည်။
သို့သော် ရန်ကျဲသည် စိတ်ကို ချက်ချင်း ပြန်ထိန်းလိုက်၏။
အဆင့် ၄ ဖြစ်တော့ကော ဘာဖြစ်လဲ။
သားရဲချင်း အဆင့်တူနေလျှင် အောင်နိုင်မှုမှာ ကျင့်ကြံသူ၏ စွမ်းရည်အပေါ်မှာသာ မူတည်တော့ပေသည်။
ထို့ကြောင့် ရန်ကျဲသည် သူ၏ အစွမ်းထက်ဆုံး မန္တန်ကို ထုတ်ဖော်လိုက်တော့သည်။
လင်းကျင်းကဲ့သို့ ပြိုင်ဘက်မျိုးနှင့် တွေ့ချိန်တွင် သူသည် အစွမ်းကုန် ကြိုးစားရပေမည်။ သူ အထင်သေးခဲ့သည့် ပြိုင်ဘက်မှာ အခုတော့ သူ၏ အပြင်းထန်ဆုံး ရန်သူ ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
“သွေးကတိကဝတ်... သားရဲစွမ်းအင်”
သူ မန္တန်ရွတ်ဆိုလိုက်သည်နှင့် ဒေါင်းဖြူမှာ ကောင်းကင်သို့ ဟစ်အော်လိုက်၏။ ထို့နောက် ၎င်း၏ ပါးစပ်မှ အဆီအနှစ်လှိုင်းများ ထွက်ပေါ်လာကာ ရန်ကျဲ၏ ခန္ဓာကိုယ်ထဲသို့ ပျားအုပ်ကြီးကဲ့သို့ ပြေးဝင်သွားတော့သည်။
ကြည့်ရှုနေသည့် ရဲ့ယွီကျိုးမှာ ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားရ၏။
‘ရန်ကျဲက ဒီမန္တန်ကိုတောင် သုံးလိုက်တာလား... သူ တကယ်ပဲ အပြတ်အသတ် နိုင်ချင်နေတာပဲ’
ထို့နောက် သူက သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ရန်ကျဲ... မင်းက ငါ့တပည့်ဆိုတော့ ငါ မင်းကို နိုင်စေချင်တာပေါ့... ဒါပေမဲ့ ပြတိုက်မှူးရဲ့ တပည့်မှာလည်း တစ်ခုခုတော့ ရှိမှာပဲ... မင်း မျှော်လင့်သလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်... မင်းကို အခုလို မာန်တက်အောင် လုပ်ခဲ့မိတာ ငါ့အမှားပါပဲ... ဒီပွဲကနေ မင်း သင်ခန်းစာတစ်ခု ရသွားဖို့ ငါ မျှော်လင့်တယ်”
သူ၏ စကားကြောင့် လုဘင်နှင့် ပိုင်ကျန့်ခုန်းတို့မှာ အံ့ဩသွားကြသည်။
ရန်ကျဲ၏ စွမ်းအားမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ၎င်းသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ အစွမ်းထက်ဆုံး ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း၊ ရဲ့ယွီကျိုးကတော့ ရန်ကျဲမှာ လင်းကျင်းကို မယှဉ်နိုင်သေးသကဲ့သို့ ပြောနေသောကြောင့်ပင်။
သို့သော် ရဲ့ယွီကျိုး ပြောပြထားသည့် လျှို့ဝှက်ဆန်းပြားသော ‘ပြတိုက်မှူး အကြောင်းကို စဉ်းစားကြည့်လျှင်တော့ ဒါဟာ ဖြစ်နိုင်ခြေ ရှိပေသည်။ ဆရာက ထိုမျှ အစွမ်းထက်လျှင် တပည့်ဖြစ်သူကလည်း အံ့ဩစရာကောင်းနေမှာ သေချာပေသည်။
လူကြီးနှစ်ဦးမှာ စိတ်ဝင်တစားဖြင့် တိုက်ပွဲကို အာရုံစိုက်လိုက်ကြ၏။
ကွင်းထဲတွင်တော့ ရန်ကျဲ၏ ခန္ဓာကိုယ်မှာ ဖြူဖွေးသော အလင်းတန်းများ တောက်ပနေပြီး၊ လေပွေလှိုင်းများ ဝန်းရံလျက် ရှိသည်။ သူသည် မြေပြင်မှ ပေ ၂၀ ခန့်အကွာသို့ ပျံတက်သွားပြီး ကျောပြင်တွင် အတောင်ပံတစ်စုံ ထွက်ပေါ်လာကာ နတ်သားတစ်ပါးကဲ့သို့ ဖြစ်နေတော့၏။
အားလုံးမှာ ဤမြင်ကွင်းကြောင့် မှင်တက်သွားကြရသည်။ ဗဟုသုတ ရှိသူများကတော့ ဒါဟာ အဆင့်မြင့် ‘သွေးကတိကဝတ်’ မန္တန်တစ်ခု ဖြစ်မှန်း ချက်ချင်း သိလိုက်ကြ၏။ ဒါဟာ သခင်ဖြစ်သူက သားရဲ၏ စွမ်းရည်များကို ခေတ္တခဏ ရယူအသုံးပြုခြင်းပင်။ ရှေးဟောင်း နတ်ဘုရားများကဲ့သို့ပင် မိုးတိမ်နှင့် လျှပ်စီးများကို ခေါ်ယူနိုင်စွမ်း ရှိသလို၊ သားရဲအဆင့်နှင့် ကတိကဝတ်အဆင့် မြင့်မားလျှင် တောင်များကို ရွှေ့ကာ ပင်လယ်ကို ခွဲနိုင်စွမ်းအထိ ရှိပေသည်။
ရန်ကျဲမှာတော့ ဤစွမ်းရည်ကို အခြေခံအဆင့်လောက်သာ တတ်မြောက်သေးသော်လည်း၊ သာမန်ကျင့်ကြံသူတစ်ဦး လုံးဝ မယှဉ်နိုင်သည့် စွမ်းအားမျိုး ရှိနေပြီ ဖြစ်၏။
ရန်ကျဲသည် သူ၏ သားရဲဖြင့် လင်းကျင်း၏ သားရဲကို ချုပ်ကိုင်ထားပြီးမှ လင်းကျင်းကို တိုက်ရိုက် တိုက်ခိုက်ရန် ပြင်နေခြင်း ဖြစ်မှန်း အားလုံး သိလိုက်ကြသည်။
ဤအခြေအနေတွင် လင်းကျင်းသည် ရန်ကျဲကို မည်သို့မှ မယှဉ်နိုင်ပေ။
သူသာ ဤ ‘သားရဲစွမ်းအင်’ ကို မတတ်မြောက်ထားလျှင်ပေါ့။
သို့သော် လင်းကျင်းကတော့ ဒါကို မတတ်မှန်း ထင်ရှားလှပေသည်။
ကိုယ်ကာယ တိုက်ခိုက်မှုပိုင်းတွင် လင်းကျင်းသည် ဝိညာဉ်စွမ်းအင် လက်ညှိုးတိုက်ကွက်ကို အနည်းငယ် သိထားခြင်းမှတစ်ပါး အခြား မည်သည့် တိုက်ခိုက်ရေး မန္တန်ကိုမှ မတတ်မြောက်ထားပေ။
ရန်ကျဲသည် သူ၏ အတောင်ပံများကို ခတ်လိုက်ကာ ‘လေဓား’ မန္တန်ကို ထုတ်ဖော်လိုက်၏။
လေဓားများစွာမှာ ကောင်းကင်မှ မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။
ဒါကို မြင်သောအခါ လင်းကျင်းသည် ဘေးသို့ အမြန် လှိမ့်ရှောင်လိုက်ရ၏။ သူ ရပ်နေသည့် နေရာမှာ လေဓားများကြောင့် ပြတ်တောက်သွားပြီး ကျောက်စင်များ လွင့်စင်သွားတော့သည်။
ဘေးတွင် ရှိနေသည့် လုံခြုံရေး တာဝန်ခံ ဆရာများမှာလည်း ချွေးပြန်သွားကြရ၏။ သူတို့၏ တာဝန်မှာ ပြိုင်ပွဲတွင် အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးရန် ဖြစ်သော်လည်း၊ ရန်ကျဲ၏ လေဓားများမှာ သူတို့ တုံ့ပြန်နိုင်သည့် အရှိန်ထက် ပိုမြန်နေသောကြောင့်ပင်။ အခုဆိုလျှင် ကွင်းထဲက လူနှစ်ယောက်လုံးမှာ ဆရာများပင် မထိန်းနိုင်သည့် အစွမ်းမျိုး ရှိနေကြပြီ ဖြစ်ရာ၊ တစ်ခုခု ဖြစ်လာခဲ့လျှင် သူတို့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပေ။
သူတို့သည်လည်း အမှန်တကယ် ကြောက်ရွံ့နေကြသည်။ အဆိုးဆုံး အခြေအနေတွင် အသက်အန္တရာယ်ပင် ထိခိုက်နိုင်သည် မဟုတ်ပါလား။