← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 11 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 11 Ch. 213-214

အခန်း (၂၁၃) - မြွေနိုင်ငံကို ခြိမ်းခြောက်ခြင်း

လင်းကျင်း၏ အိမ်တွင် ကျောက်ရင်း၊ လုရှောင်ယု၊ ဟန်ဒုန်းနှင့် ကျားချန်းတို့မှာ သူတို့ဆရာအပြန်ကို စောင့်ကြိုနေကြသည်။ ဆရာဖြစ်သူ အနိုင်ရရှိသည့် သတင်းကို ကြားရသည်နှင့် သူတို့သည် ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများနှင့် ဝိုင်ကောင်းများကို ယူဆောင်လာကာ ဂုဏ်ပြုရန် ပြင်ဆင်ထားကြခြင်းပင်။ သို့သော် သူတို့ စားသောက်ပွဲ မစတင်မီမှာပင် လုယွန်ဟယ်နှင့် ဇူချန်းတို့ပါ ရောက်ရှိလာကြတော့သည်။

အားလုံးမှာ ရင်းနှီးပြီးသားဖြစ်သဖြင့် တပည့်များမှာလည်း လူပိုလာသည်ကို စိတ်မရှိဘဲ ပျော်ပျော်ပါးပါးပင် အတူတူ ဆင်နွှဲလိုက်ကြ၏။

လင်းကျင်းသည် ပထမဆုံးအကြိမ်အဖြစ် အတင်းတိုက်သဖြင့် မူးမေ့သွားအောင် သောက်လိုက်ရပြီး ပြန်နိုးလာချိန်တွင်တော့ နောက်တစ်နေ့သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

သူ့ကို ပြုစုရန် တာဝန်ယူထားသည့် ဟန်ဒုန်းက ရှီမိသားစု၏ အိမ်တော်သခင်မ ကိုယ်တိုင် ဂုဏ်ပြုလက်ဆောင်များ လာရောက်ပေးအပ်သွားကြောင်း ပြောပြ၏။

လင်းကျင်းမှာ စိတ်ထဲတွင် အားနာသွားရသည်။ ဒါက မင်္ဂလာဆောင်လည်း မဟုတ်သလို၊ နန်းတွင်းစာမေးပွဲ အောင်မြင်တာလည်း မဟုတ်ပါဘဲနှင့် ပြိုင်ပွဲလေး တစ်ခုအတွက် ပေးလိုက်သည့် လက်ဆောင်များမှာ အလွန်ပင် တန်ဖိုးကြီးလွန်းနေသောကြောင့် ဖြစ်၏။

သို့သော် ရှီမိသားစု၏ စေတနာကိုတော့ လင်းကျင်း နားလည်ပါသည်။ သူတို့မိသားစု ပြန်လည် နာလန်ထူလာနိုင်ခြင်းမှာ လင်းကျင်း၏ ဆေးညွှန်းများကြောင့်ပင် မဟုတ်ပါလား။ ထို့ကြောင့် ကျေးဇူးဆပ်ချင်သည့် သူတို့၏ ဆန္ဒမှာ သဘာဝကျလှပေသည်။

လက်ဆောင်တိုင်းမှာ တန်ဖိုးကြီးလှပြီး ထက်ဝက်ကျော်မှာ ရှားပါးဆေးဖက်ဝင် ပစ္စည်းများ ဖြစ်ကြ၏။

ရှီဝမ်ကျွင်းသည် လက်ဆောင်ရွေးချယ်ရာတွင် တကယ်ကို တော်သူဖြစ်မှန်း လင်းကျင်း ရိပ်မိလိုက်သည်။

လင်းကျင်းသည် ဟန်ဒုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလက်ဆောင်ပုံထဲမှ အချို့ကို ရွေးထုတ်ကာ ခွဲဝေလိုက်၏။ ထို့နောက် ထိုပစ္စည်းများကို ကျောက်ရင်း၊ လုရှောင်ယုနှင့် ကျားချန်းတို့ကို သွားရောက်ပေးအပ်ရန် ဟန်ဒုန်းကို ခိုင်းစေလိုက်တော့သည်။

ပစ္စည်းတစ်ခုချင်းစီမှာ ငွေဒင်္ဂါး ရာဂဏန်းခန့် တန်ဖိုးရှိလှပေရာ၊ ဟန်ဒုန်းမှာ အစပိုင်းတွင် မယူရဲသော်လည်း လင်းကျင်းက အတင်းခိုင်းသဖြင့်သာ မတတ်သာဘဲ လက်ခံလိုက်ရရှာသည်။

ဟန်ဒုန်း ထွက်သွားပြီးနောက်မှ လင်းကျင်းမှာ စိတ်အေးသွားရတော့၏။

တတ်နိုင်လျှင်တော့ သူ အသင်းချုပ်ဘက်သို့ မသွားချင်တော့ပေ။ သူ အသင်းချုပ်သို့ ဝင်ခဲ့သည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ‘နဂါးသွေးဆေးလုံး’ အတွက်သာ ဖြစ်ပြီး၊ အခုတော့ ထိုရည်မှန်းချက် ပြည့်ဝသွားပြီ မဟုတ်ပါလား။

အခုဆိုလျှင် သူသည် သားရဲအကဲဖြတ် အသင်းချုပ်ဘက်ကိုသာ ပြန်လည် အာရုံစိုက်ပြီး သူ၏ အတတ်ပညာများကို ပိုမို ဆည်းပူးရန် ဆုံးဖြတ်လိုက်သည်။

ဒါဟာ သူ၏ တကယ့် အလုပ်အကိုင်ပင်။

ရှောင်ဟော့ကို ဆေးကျွေးရန်အတွက်လည်း သူ မလောသေးပေ။ ရှောင်ဟော့မှာ အခုမှ အဆင့်တက်ထားခြင်း ဖြစ်သဖြင့် သူ၏ စွမ်းအားသစ်ကို ကျင့်သားရရန် အချိန်လိုအပ်ပေဦးမည်။ ထို့အပြင် ရှန်းအာနှင့် အခြားသူများ၏ အနာဂတ်ကိုလည်း သူ စဉ်းစားရပေမည်။ သူတို့ကို တောနက်ထဲတွင်သာ အမြဲတမ်း ထားပစ်ခဲ့ဖို့ မဖြစ်နိုင်ပေ။

အကြောင်းရင်းကတော့ ရှင်းပါသည်။

လူသူမနီးသည့် တောနက်ကြီးထဲတွင် လှပသော မိန်းမပျိုလေးတစ်ဦးကို တောလိုက်သမားတစ်ယောက်က တွေ့သွားလျှင် ဒါဟာ ထူးဆန်းနေမှာ သေချာသည် မဟုတ်ပါလား။

ယင်းထက် မြို့ထဲတွင် နေထိုင်ခြင်းက ပို၍ ဘေးကင်းနိုင်ပေသည်။

‘တကယ့် ရသေ့ကြီးတွေဟာ လူစည်ကားတဲ့ ဈေးထဲမှာ ပုန်းအောင်းနေတတ်ကြတယ်’ ဆိုသည့် စကားအတိုင်းပင်။

သို့သော် ရှန်းအာတို့ သူ၏အိမ်တွင် လာနေမည့် အစီအစဉ်ကို တွေးကြည့်မိချိန်တွင်တော့ လင်းကျင်းမှာ ကျောချမ်းသွားရ၏။ မိစ္ဆာအုပ်စုကြီးကို အိမ်ထဲမှာ မွေးထားဖို့ဆိုသည်မှာ မည်သူမှ မလုပ်ရဲသည့် ကိစ္စပင်။

ဒါပေမဲ့ ဒီလိုလုပ်ခြင်းက လင်းကျင်းအတွက် ပို၍ အဆင်ပြေစေမည် ဖြစ်သည်။ သူ ညဘက်ကြီး တောထဲသို့ သွားနေစရာ မလိုတော့သလို၊ သူတို့သာ လူအသွင်ပြောင်းခြင်းကို ကျွမ်းကျင်ပြီး အိမ်ထဲမှာပဲ အနေများမည်ဆိုလျှင် ဖြစ်နိုင်ခြေ ရှိပေသည်။ အပြင်ထွက်လျှင်လည်း လူအသွင်ဖြင့်သာ ထွက်မည် ဖြစ်သဖြင့် ဂရုစိုက်မည်ဆိုလျှင် ဖော်ထုတ်ခံရဖို့ အခွင့်အရေးမှာ နည်းပါးလှပေသည်။

လင်းကျင်းသည် ဤစွန့်စားရမည့် အစီအစဉ်ကို အလေးအနက် စဉ်းစားလာတော့၏။

အန္တရာယ်ရှိနိုင်သော်လည်း သေချာဆန်းစစ်ကြည့်လျှင် မြို့ထဲမှာ ထားခြင်းက တောထဲမှာ ထားခြင်းထက် ပို၍ လုံခြုံနိုင်ပေသည်။

ဟုတ်ပါသည်... လုံခြုံရေး အစီအမံများတော့ လိုအပ်ပေလိမ့်မည်။

လင်းကျင်းသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။

ဒါဟာ ဖြစ်နိုင်ပါတယ်။

မြေခွေးလေးများမှာ အသွင်မပြောင်းနိုင်သော်လည်း အပြင်ကို လျှောက်မသွားလျှင် မည်သူမှ သတိထားမိမှာ မဟုတ်ပေ။ လူအသွင်ပြောင်းနိုင်သည့် ရှန်းအာနှင့် ရှောင်ဝူကတော့ နေ့ဘက်တွင် လူအသွင်ဖြင့် နေထိုင်ကြပေလိမ့်မည်။

မျောက်ဖြူကြီးကတော့ အနည်းငယ် ပြဿနာရှိနိုင်သော်လည်း၊ လင်းကျင်းတွင် ၎င်း၏ အမွှေးအရောင်ကို ပြောင်းလဲပေးနိုင်သည့် နည်းလမ်း ရှိပေသည်။ ၎င်းကို အရွယ်အစား သေးသေးလေးဖြင့်သာ နေခိုင်းထားလျှင် သံသယဖြစ်စရာ ရှိမှာမဟုတ်ပေ။

လင်းကျင်း ပြင်ဆင်စရာတွေ အများကြီး ရှိနေသော်လည်း ဤနည်းလမ်းအတိုင်းသာ သူ လုပ်ဆောင်တော့မည် ဖြစ်သည်။

ထို့နောက် လင်းကျင်းသည် ရှောင်ဟော့ကို ခေါ်ကာ အပြင်သို့ လမ်းလျှောက် ထွက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် မြို့တော်ဝန် အိမ်တော်၌ ပိုင်ကျန့်ခုန်း၊ ရဲ့ယွီကျိုးနှင့် လုဘင်တို့မှာ သတင်းကို စောင့်မျှော်နေကြသည်။

ကျောက်စိမ်းနဂါးနိုင်ငံ၏ မြို့တော်မှာလည်း မြွေနိုင်ငံနှင့် ဖြစ်ပွားမည့် စစ်ပွဲအတွက် စိုးရိမ်နေကြ၏။ သူတို့သည် စစ်တပ်များကို ကြိုတင် ပြင်ဆင်ထားရုံတင်မကဘဲ၊ မြွေနိုင်ငံ၏ အခြေအနေကို စုံစမ်းရန် သူလျှိုများကိုပါ စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။

အဆင်ပြေလျှင်တော့ ဒီနေ့ သတင်းရရပေမည်။

သူတို့ သုံးယောက် စိတ်မရှည် ဖြစ်နေစဉ်မှာပင် နန်းတော်မှ ‘ဆက်သွယ်ရေး သိမ်းငှက်’ ရောက်ရှိလာကြောင်း တစ်စုံတစ်ယောက်က လာရောက် အစီရင်ခံ၏။

ပိုင်ကျန့်ခုန်းသည် သတင်းကို လက်ခံရန် ချက်ချင်း ထရပ်လိုက်သည်။ ထိုသိမ်းငှက်မှာ အထူးလေ့ကျင့်ထားသည့် သားရဲဖြစ်သဖြင့် မြို့တော်မှ မေပယ်မြို့အထိ တစ်နာရီအတွင်း သတင်းပေးပို့နိုင်ခြင်း ဖြစ်၏။

ပိုင်ကျန့်ခုန်းသည် စိတ်လှုပ်ရှားစွာဖြင့် စာကို ဖွင့်ဖတ်လိုက်ရာ၊ စာထဲက အကြောင်းအရာကြောင့် မှင်တက်သွားရတော့သည်။

“မြို့တော်ဝန်ပိုင်... စာထဲမှာ ဘာရေးထားလို့လဲ”

ရဲ့ယွီကျိုးက အနားသို့ တိုးကာ မေးလိုက်၏။

ပိုင်ကျန့်ခုန်းက ရဲ့ယွီကျိုးကို တစ်ချက်ကြည့်ပြီး စာကို ကမ်းပေးလိုက်သည်။ ရဲ့ယွီကျိုး ဖတ်ပြီးသွားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လုဘင်ထံသို့ ထပ်ဆင့် ပေးလိုက်ပြန်၏။

လုဘင်လည်း ဖတ်ပြီးချိန်တွင် အံ့ဩသွားရသည်။

“မြွေနိုင်ငံက စစ်ပြေငြိမ်းဖို့ တောင်းဆိုလာတာလား”

ရဲ့ယွီကျိုးပင်လျှင် ဤရလဒ်ကြောင့် အနည်းငယ် ထိတ်လန့်သွားရ၏။ မြွေနိုင်ငံက စစ်မတိုက်ရဲမှာကို သူ သိသော်လည်း၊ အခုလို သူတို့ဘက်က အရင်ဦးအောင် စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျောက်စိမ်းနဂါးနိုင်ငံဘက်က ဘာမှပင် မလုပ်ရသေးခင်မှာပင် ဖြစ်၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ရဲ့ယွီကျိုးမှာ အကြောင်းရင်းကို ရိပ်မိလိုက်သည်။

“ဒါက ‘ကျီးကန်းနက်’ နဲ့ ‘ဝိညာဉ်ကလေးငယ်မိခင်’ တို့ကြောင့်ပဲ ဖြစ်ရမယ်”

ရဲ့ယွီကျိုး၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။ ဒါဟာ တစ်ခုတည်းသော ဖြစ်နိုင်ခြေပင်။ ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့သည် ‘လူဆိုးလောက သတင်းစာ’ တွင် သူတင်ထားသည့် သတင်းကို တွေ့သွားပြီးနောက်၊ မြွေနိုင်ငံကို သွားရောက် ကိုင်တွယ်လိုက်ကြခြင်း ဖြစ်ရမည်။ မဟုတ်လျှင်တော့ မြွေနိုင်ငံက အကြောင်းမဲ့ အခုလို အလျှော့ပေးလာစရာ အကြောင်းမရှိပေ။

ကျီးကန်းနက်တို့အဖွဲ့ မြွေနိုင်ငံကို ဘယ်လိုနည်းနဲ့ ကိုင်တွယ်လိုက်သလဲဆိုသည်ကိုတော့ ရဲ့ယွီကျိုး အတော်လေး စိတ်ဝင်စားသွားမိသည်။

ထိုအချိန် မြွေနိုင်ငံတွင်တော့...

နိုင်ငံတော်အတိုင်ပင်ခံ ‘ရူဇီရို’မှာတော့ အခြေအနေ အတော်လေး ဆိုးရွားနေသည်။ သူသည် မြွေနိုင်ငံဘုရင်ကို ကျောက်စိမ်းနဂါးနိုင်ငံနှင့် စစ်တိုက်ရန် ဖျောင်းဖျထားပြီး ဖြစ်သလို၊ သူ၏ သားဖြစ်သူ သေဆုံးမှုအတွက်လည်း ကလဲ့စားချေရန် ပြင်ဆင်နေခြင်းပင်။

သို့သော် သူတို့ ပြင်ဆင်နေစဉ်မှာပင် ‘သေမင်း’ များ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ရောက်လာသူမှာ လူလေးယောက်တည်း ဖြစ်၏။

သို့သော် သူတို့ထဲမှ သုံးယောက်တွင် အဆင့် ၄ သားရဲများ ရှိနေသည့်အပြင်၊ ထိုလူများ၏ စွမ်းရည်မှာလည်း အဆင့်တူ ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေကြသည်။

အလယ်အလတ်အဆင့် နိုင်ငံဖြစ်သည့် မြွေနိုင်ငံတွင် အဆင့် ၄ သားရဲ ရှစ်ကောင် ရှိသော်လည်း၊ ငါးကောင်မှာ နယ်စပ်များကို စောင့်ကြပ်နေရသဖြင့် မြို့တော်တွင် အမှန်တကယ် အသုံးပြုနိုင်သည့် အဆင့် ၄ သားရဲမှာ သုံးကောင်သာ ရှိပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ရောက်လာသည့် ထိုလူလေးယောက်မှာ မြွေနိုင်ငံ၏ လက်ရှိ စစ်အင်အားထက်ပင် ပို၍ အစွမ်းထက်နေခြင်းပင်။

မြွေနိုင်ငံတွင် အဆင့် ၃ သားရဲ ရာဂဏန်းနှင့် အဆင့် ၂ သားရဲ အမြောက်အမြား ရှိသဖြင့် လူအင်အားဖြင့် တိုက်ခိုက်နိုင်သော်လည်း၊ ပြိုင်ဘက်များမှာ သာမန်လူများ မဟုတ်ကြပေ။

၎င်းတို့မှာ...

အနောက်ဘက်တိုက်မှ နာမည်ကျော် လူဆိုးပညာရှင် ‘ကျီးကန်းနက်’။ သူ၏ စွန်ရဲနက်မှာ အဆင့် ၄ ဖြစ်ပြီး နိုင်ငံငယ်ပေါင်းများစွာကို တစ်ဦးတည်း ဖျက်ဆီးခဲ့ဖူးသူ ဖြစ်သည်။ သူသည် လူဆိုးလောကတွင် ထိပ်သီး အယောက် ၂၀ စာရင်းဝင်သူ ဖြစ်၏။

ကျီးကန်းနက်နှင့်အတူ ပါလာသည့် ‘ယုတ်မာသော ပညာရှိ’။ သူ၏ ကြောင်ဖြူမှာ အဆင့် ၃ ဖြစ်သော်လည်း အခြားလျှို့ဝှက်ချက်များကို မည်သူမှ မသိကြပေ။

တောင်ဘက်တိုက်မှ ‘ဝိညာဉ်ကလေးငယ်မိခင်’။ သူမ၏ သားရဲကို မည်သူမှ မသိသော်လည်း အနည်းဆုံး အဆင့် ၄ ရှိမှန်း သေချာလှသည်။ သူမသည် လူဆိုးလောကတွင် ထိပ်သီး ၁၀ ယောက် စာရင်းဝင်သူ ဖြစ်၏။

နောက်ဆုံးတစ်ယောက်မှာတော့ ‘ခေါင်းတလားလူသား’။ သူ၏ သားရဲမှာလည်း အဆင့် ၄ ဖြစ်ပြီး အလယ်အလတ်အဆင့် နိုင်ငံတစ်ခု၏ နယ်စားမင်းကို သတ်ဖြတ်ခဲ့ဖူးသဖြင့် လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက ဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။

ဤလူများထဲမှ တစ်ယောက်တည်းနှင့်ပင် ခေါင်းကိုက်ရလောက်ပြီ ဖြစ်သော်လည်း၊ အခုတော့ သူတို့ လေးယောက်မှာ မြွေနိုင်ငံကို ဒုက္ခပေးရန် ပေါင်းစည်းလာကြခြင်းပင်။

ထိုအဖွဲ့သည် မြို့တစ်မြို့ကို သိမ်းပိုက်လိုက်သော်လည်း မည်သူ့ကိုမှ မသတ်သလို၊ ပစ္စည်းများကိုလည်း မခိုးယူကြပေ။ သူတို့၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ မြွေနိုင်ငံအနေဖြင့် ကျောက်စိမ်းနဂါးနိုင်ငံကို စစ်တိုက်မည့် အစီအစဉ်ကို ဖျက်သိမ်းရန်သာ ဖြစ်သည်။

မြွေနိုင်ငံဘုရင်မှာ ထိုလူများကို မယှဉ်ရဲသဖြင့် ၎င်းတို့၏ တောင်းဆိုချက်ကို သဘောတူလိုက်ရတော့သည်။ မြွေနိုင်ငံဘက်က အဆင့် ၄ သားရဲ သုံးကောင်လုံးကို လွှတ်ကာ တိုက်ခိုက်ခဲ့သော်လည်း ထိုလူများကို မယှဉ်နိုင်ခဲ့ပေ။ တိုက်ပွဲမှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး မြို့၏ ထက်ဝက်ကျော်မှာလည်း ပျက်စီးသွားခဲ့ရ၏။

သူတို့ကိုလည်း မနိုင်၊ သူတို့ကလည်း ပြန်မထွက်သဖြင့် မြွေနိုင်ငံဘုရင်မှာ အလျှော့ပေးလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူသည် ကျောက်စိမ်းနဂါးနိုင်ငံသို့ စစ်ပြေငြိမ်းရန် သံတမန်များကို ချက်ချင်း စေလွှတ်လိုက်ရတော့သည်။

ဒါဟာ အလွန်ကို အရှက်ရစရာ ကောင်းလှပေသည်။

သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိပေ။

အဓိက အချက်မှာ ‘ကြောက်ရွံ့မှု’ ပင် ဖြစ်၏။ မြွေနိုင်ငံအနေဖြင့် နယ်စပ်ရှိ အဆင့် ၄ သားရဲ ရှစ်ကောင်လုံးကို ခေါ်ယူပြီး စစ်တပ်နှင့် ပေါင်းကာ ထိုလူများကို မောင်းထုတ်နိုင်သော်လည်း... နောက်ဆက်တွဲက ဘာဖြစ်လာမည်နည်း။ ထိုလူများမှာ လျှို့ဝှက်ဆန်းပြားသူများ ဖြစ်သဖြင့် အချိန်မရွေး ပြန်လာကာ ဒုက္ခပေးနိုင်သလို၊ မြွေနိုင်ငံကတော့ တစ်သက်လုံး သတိထားနေဖို့ မဖြစ်နိုင်ပေ။

ထို့အပြင် ကျောက်စိမ်းနဂါးနိုင်ငံသည်လည်း အဆင့် ၄ သားရဲ ခုနစ်ကောင် ရှိသည့် နိုင်ငံဖြစ်ရာ၊ အကယ်၍ ထိုလူဆိုးများနှင့် ကျောက်စိမ်းနဂါးနိုင်ငံသာ ပေါင်းသွားလျှင် မြွေနိုင်ငံမှာ ပျက်စီးသွားဖို့သာ ရှိတော့သည်။

အနာဂတ်ကို ကြည့်ကာ မြွေနိုင်ငံဘုရင်က ဆုံးဖြတ်လိုက်သော်လည်း၊ နိုင်ငံတော်အတိုင်ပင်ခံ ရူဇီရိုမှာတော့ ရင်ကျိုးမတတ် ခံစားနေရသည်။

သေသွားတာက သူ့သား မဟုတ်ပါလား။

အနောက်ဘက်တိုက်နှင့် တောင်ဘက်တိုက်က လူဆိုးကြီးတွေက ဘာကြောင့် ဒီကျောက်စိမ်းနဂါးနိုင်ငံလေးကို ကူညီဖို့အတွက် အဝေးကြီးကနေ ရောက်လာကြသလဲဆိုတာ သူ လုံးဝ နားမလည်နိုင်ပေ။

စုံစမ်းခိုင်းလိုက်ပြီးနောက် သူ၏ ရှေ့သို့ ‘လူဆိုးလောက သတင်းစာ’ တစ်စောင် ရောက်လာတော့သည်။

“ပြတိုက်မှူး...”

ထိုနာမည်ကို မြင်လိုက်ရချိန်တွင် ရူဇီရိုမှာ အံကြိတ်လိုက်မိ၏။

ထိုလူက ဘယ်သူမှန်း သူ မသိသော်လည်း၊ ဤ ‘ပြတိုက်မှူး’ ဆိုသူသည် ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့ကဲ့သို့ လူဆိုးကြီးများကို စေခိုင်းကာ မြွေနိုင်ငံကို ခြိမ်းခြောက်နိုင်စွမ်း ရှိကြောင်းတော့ သူ သိလိုက်ရပြီ ဖြစ်သည်။

တကယ်တော့ ရူဇီရိုမှာ ကျောက်စိမ်းနဂါးနိုင်ငံနှင့် စစ်တိုက်ချင်နေခြင်း မဟုတ်ဘဲ၊ စစ်ပွဲကို အကြောင်းပြကာ သူ့သားကို သတ်သည့် တရားခံကို ထုတ်ပေးရန် ခြိမ်းခြောက်ချင်နေခြင်းသာ ဖြစ်သည်။

ရူဇီရိုသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်၏။

ကျောက်စိမ်းနဂါးတောင်ပေါ်တွင် တွေ့ခဲ့သည့် မျက်နှာဖုံးစွပ်လူမှာ ဤ ‘ပြတိုက်မှူး’ ဆိုသူများလား။

“ပြတိုက်မှူး ဟုတ်လား... ဟွန့်... မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ငါ ရူဇီရိုကတော့ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

ရူဇီရိုသည် သူ၏သားအတွက် ကလဲ့စားချေရန် ကြုံးဝါးလိုက်ပါတော့သည်။

အခန်း (၂၁၄) - ပြတိုက်မှူး ကျေနပ်သွားခြင်း

မြွေနိုင်ငံ နယ်စပ်ရှိ ပျက်စီးယိုယွင်းနေသော မြို့ပျက်ကြီးတစ်ခုအတွင်း ‘ယုတ်မာသော ပညာရှိ’ သည် သူ၏ ကြောင်ဖြူလေးကို ပွေ့ချီထားရင်း အခြားသူများကို ပြောလိုက်၏။

“ကြည့်ရတာ မြွေနိုင်ငံဘုရင်က အခြေအနေကို ရိပ်မိသွားပုံရတယ်... သူ ကျောက်စိမ်းနဂါးနိုင်ငံဆီကို စစ်ပြေငြိမ်းဖို့ သံတမန် လွှတ်လိုက်ပြီဆိုတော့ ငါတို့ တာဝန် ပြီးဆုံးပြီလို့ ပြောလို့ရတာပေါ့”

သူ၏ ရှေ့တွင်တော့ ‘ကျီးကန်းနက်’ က အစားအစာများကို အငမ်းမရ စားသောက်နေသည်။ ‘ဝိညာဉ်ကလေးငယ်မိခင်’ ကတော့ သူမ၏ အနှီးထုတ်လေးကို ပွေ့ချီကာ ကလေးကစားစရာ အသံပေးသည့် ကိရိယာလေးဖြင့် ချော့မြှူနေ၏။ ‘ခေါင်းတလားလူသား’ ကတော့ သူ၏ ခေါင်းတလားကြီးကို ကျောပိုးလျက်ပင် မတ်တတ်ရပ်ကာ အိပ်မောကျနေလေသည်။

“ဒါဆိုလည်း သွားကြတာပေါ့”

ကျီးကန်းနက်က ကြက်ပေါင်ရိုးကို စားပွဲပေါ် ပစ်တင်လိုက်ကာ ပါးစပ်ကို သုတ်လိုက်သည်။ သူ၏ စွန်ရဲနက်ကြီးမှာလည်း ဝအောင် စားပြီးသွားပြီ ဖြစ်၏။ မနေ့က တိုက်ပွဲမှာ သူ၏ စွမ်းအင်များကို အတော်လေး ကုန်ဆုံးစေခဲ့ခြင်းပင်။

ယုတ်မာသော ပညာရှိက ကျီးကန်းနက်အနားသို့ တိုးသွားကာ တိုးတိုးလေး ကပ်ပြောလိုက်၏။

“ငါတို့ နှစ်ယောက်တည်း အရင် ထွက်သွားရအောင်... အမှန်အတိုင်း ပြောရရင် သူတို့နဲ့ အတူနေရတာ နှစ်ရက်ရှိပြီ၊ ငါ တစ်ညမှ ကောင်းကောင်း အိပ်မပျော်ဘူး... သူတို့က တကယ်ကို ကြောက်စရာကြီးဟ"

မိစ္ဆာပညာရှိမှာ ဝိညာဉ်ကလေးငယ်မိခင်နှင့် ခေါင်းတလားလူသားတို့ကို တကယ်ပင် ကြောက်လန့်နေပုံရသည်။

“ဘာကို ကြောက်နေတာလဲ”

ကျီးကန်းနက်က ဘာမှမဖြစ်သလို ပုံစံဖြင့် ပြန်ပြောလိုက်၏။

“ငါတို့က သူငယ်ချင်းတွေပဲဟာကို... ပြီးတော့ မင်း သတိထားမိလား... ငါတို့တွေ တစ်မြို့လုံးကို သောင်းကျန်းခဲ့ကြပေမဲ့ ဝိညာဉ်ကလေးငယ်မိခင်ရော၊ ခေါင်းတလားလူသားရော ဘယ်သူ့ကိုမှ မသတ်ခဲ့ကြဘူး... ဘာကြောင့်လဲ မင်းသိလား”

ယုတ်မာသော ပညာရှိက ခေါင်းညိတ်ပြလိုက်၏။

“အဲဒါကိုတော့ ငါ သတိထားမိပါတယ်... သူတို့က သေမင်းတွေလို့ နာမည်ကြီးပေမဲ့ တစ်ညတည်းနဲ့ သူတော်စင်တွေ ဖြစ်သွားကြတာလားလို့လည်း ငါ တွေးမိသေးတယ်”

ကျီးကန်းနက်က ပြုံးလိုက်၏။

“ပြတိုက်မှူးက သူတို့ကို သူတော်စင် ဖြစ်စေချင်ရင် သူတို့က မဖြစ်ဘဲ နေရဲပါ့မလား”

ယုတ်မာသော ပညာရှိက တိုးတိုးလေး ထပ်မေးလိုက်၏။

“အဲဒီ ပြတိုက်မှူးဆိုတဲ့လူက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား”

“ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ... ပြတိုက်မှူးက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ... ဝိညာဉ်ကလေးငယ်မိခင်တောင် သူ့ရှေ့ရောက်ရင် မိန်းကလေး အလိမ္မာလေးလို ငြိမ်ကုပ်နေတာ...”

စကားပြောနေရင်း ကျီးကန်းနက်သည် ယုတ်မာသော ပညာရှိ၏ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ ယုတ်မာသော ပညာရှိက ကျီးကန်းနက်၏ နောက်ဘက်ကို စိုက်ကြည့်နေခြင်းပင်။

‘သွားပြီ’

ကျီးကန်းနက်သည် မိမိနောက်ဘက်တွင် လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသဖြင့် ကျောချမ်းသွားရ၏။

သူ လှည့်ကြည့်လိုက်ချိန်တွင် ဝိညာဉ်ကလေးငယ်မိခင်မှာ သူ၏ နောက်တည့်တည့်တွင် ရောက်နေလေပြီ။ လက်တစ်ဖက်တွင် ကလေးချော့ကိရိယာကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ပုခက်စောင်ထုတ်လေးကို ပွေ့ထားကာ ပြုံးလျက် မေးလိုက်၏။

“အစ်ကို ကျီးကန်းနက်... ကျွန်မရဲ့ ကလေးလေးကို ခဏလောက် ကြည့်ပေးပါလား... ဒီည ပြတိုက်မှူးနဲ့ တွေ့ရမှာဆိုတော့ ကျွန်မ အဝတ်အစား သွားလဲလိုက်ဦးမယ်”

‘သောက်ကျိုးနည်းပြီ’

ကျီးကန်းနက်မှာ အစောပိုင်းက သူတို့ ပြောနေသည့် စကားများကို ဝိညာဉ်ကလေးငယ်မိခင် ကြားသွားမှန်း သေချာသွားလေပြီ။ ပြဿနာကတော့ ထိုပုခက်စောင်ထဲက အရာကို မည်သည့် သတ္တိခဲမှ မပွေ့ချီရဲခြင်းပင် ဖြစ်သည်။

ကျီးကန်းနက်သည် ဉာဏ်နီဉာဏ်နက် သုံးကာ ယုတ်မာသော ပညာရှိကို ဆွဲခေါ်လိုက်ပြီး အနှီးထုတ်ကို ယုတ်မာသော ပညာရှိ၏ လက်ထဲသို့ အသာအယာ ထည့်ပေးလိုက်တော့သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျုပ်လည်း အဝတ်အစား သွားလဲဖို့ လုပ်နေတာ... ပညာရှိ... မင်းပဲ ကူညီလိုက်ပါဦး”

“ဒါလေးလည်း ယူထားဦး”

ဝိညာဉ်ကလေးငယ်မိခင်က ကလေးချော့ကိရိယာကိုပါ ကမ်းပေးလိုက်၏။

“အဲဒါလေးကို အမြဲတမ်း လှုပ်ပေးနေနော်... မဟုတ်ရင် ကလေးက စိတ်ဆိုးလိမ့်မယ်”

ထို့နောက် သူမသည် ကျီးကန်းနက်ကို တစ်ချက် စွေကြည့်ကာ အခန်းတစ်ခုထဲသို့ ဝင်သွားပြီး တံခါးပိတ်လိုက်တော့သည်။

ယုတ်မာသော ပညာရှိမှာ တစ်ခုခု ပြောရန် ပြင်သော်လည်း ကျီးကန်းနက်မှာတော့ လစ်ထွက်သွားလေပြီ။

ထိုခဏတွင် ယုတ်မာသော ပညာရှိမှာ ငိုချင်စိတ်ပင် ပေါက်သွားသော်လည်း မျက်ရည်က ထွက်မလာရှာပေ။ ဤအနှီးစောင်ထဲက ကလေးမှာ အကောင်းမဟုတ်မှန်း သူသိနေသဖြင့် ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး တုန်ရီနေသော လက်များဖြင့် ကိရိယာလေးကို လှုပ်ယမ်းပေးနေရတော့၏။

ပုခက်စောင်ထဲမှ သိမ်မွေ့သော အသက်ရှူသံကို သူ ကြားနေရသည်။ အကယ်၍ သူ လှုပ်ပေးတာ နှေးသွားလျှင် အသက်ရှူသံက မြန်လာတတ်၏။ သို့သော် မြန်မြန်လှုပ်ပေးပြန်လျှင်လည်း ကောင်းပုံမရပေ။

ခေတ္တမျှအတွင်းမှာပင် ယုတ်မာသော ပညာရှိ၏ အဝတ်အစားများမှာ ချွေးစေးများဖြင့် ရွှဲနစ်သွားရတော့သည်။

ဝိညာဉ်ကလေးငယ်မိခင် ပြန်ထွက်လာပြီး ကလေးကို ပြန်ယူသွားချိန်တွင်တော့ ယုတ်မာသော ပညာရှိမှာ လဲကျတော့မည့်အတိုင်းပင်။

ကျီးကန်းနက်က အရက်တစ်ပုလင်းကို ကိုင်ကာ ပြန်ရောက်လာပြီး ယုတ်မာသော ပညာရှိကို စိတ်ပြေလက်ပျောက် သောက်ရန် ကမ်းပေးလိုက်၏။

ယုတ်မာသော ပညာရှိမှာ ထိုပုလင်းကို ဆွဲယူကာ ပြင်းရှသော အရက်များကို အငမ်းမရ သောက်ချလိုက်တော့သည်။

ကျီးကန်းနက်က တိုးတိုးလေး ပြောလိုက်၏။

“ပညာရှိ... ငါ မင်းကို တွင်းထဲ တွန်းပို့တာ မဟုတ်ပါဘူး... ငါ့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ... မင်းက သူမကို ပြစ်မှားထားတာ မဟုတ်တော့ သူမက မင်းကို ရန်မမူပါဘူး”

“မင်းနဲ့ သူငယ်ချင်းဖြစ်ရတာ ငါ့အသက်တိုဖို့ပဲ”

ယုတ်မာသော ပညာရှိက ဟိန်းဟောက်လိုက်၏။

ထိုနေ့ ညနေခင်းသို့ ရောက်ရှိလာချိန်...

နေဝင်ရီတရောအချိန်တွင် ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့မှာ တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူတို့၏ သားရဲများနှင့်အတူ ပျောက်ကွယ်သွားကြတော့သည်။

ယုတ်မာသော ပညာရှိမှာ ကျီးကန်းနက် ပြောပြထားသဖြင့် ဒါဟာ ‘ဧည့်ခန်းမ’သို့ ဝင်သွားခြင်းမှန်း သိလိုက်သည်။ ဒီနေ့ဟာ ထိုခန်းမ ပြန်လည်ဖွင့်လှစ်သည့်နေ့ ဖြစ်ကြောင်းလည်း သူ မှတ်မိလိုက်၏။

သူတို့ နှစ်ယောက် ပျောက်ကွယ်မသွားခင်အထိ ယုတ်မာသော ပညာရှိမှာ ဒါကို သံသယ ရှိနေခဲ့ခြင်းပင်။ ပြတိုက်မှူး ရှိနေခြင်းကို သူ မငြင်းသော်လည်း အခုလို ပျောက်ကွယ်သွားခြင်းမှာတော့ သူ၏ အတွေးထက် ကျော်လွန်နေခဲ့သည်။

သို့သော် သူတို့ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင်တော့ သူ၏ သံသယများမှာ လွင့်စင်သွားရတော့၏။

ထို့နောက် သူ တစ်ခုခုကို သတိပြုမိလိုက်သည်။

ပတ်ဝန်းကျင်မှာ မှောင်မည်းကာ တိတ်ဆိတ်နေလေပြီ။ မြို့သူမြို့သားများမှာလည်း ထွက်ပြေးကုန်ကြပြီ ဖြစ်ရာ၊ ဤမြို့ပျက်ကြီးထဲတွင် သူနှင့် ‘ခေါင်းတလားလူသား’ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

‘လင်နန်နတ်ဘုရား ၅ ပါး’ ထဲတွင် အကြောက်ရဆုံးမှာ ဝိညာဉ်ကလေးငယ်မိခင် မဟုတ်ဘဲ ခေါင်းတလားလူသား ဖြစ်ကြောင်း သူ သိထား၏။

‘ငါ့ဘဝက ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ’

ယုတ်မာသော ပညာရှိမှာ ထပ်မံ ကြောက်လန့်လာပြန်သည်။

ဒီညလည်း သူ အိပ်ပျော်မှာ မဟုတ်တော့ပေ။

‘ဧည့်ခန်းမ’ အတွင်း၌...

လင်းကျင်းသည် ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မြွေနိုင်ငံ၏ စစ်ပွဲခြိမ်းခြောက်မှုမှာ ပြေလည်သွားပြီမှန်း သိလိုက်ရသည်။ ရက်အနည်းငယ်အတွင်းမှာပင် ဤမျှ ထိရောက်စွာ ကိုင်တွယ်နိုင်ကြသဖြင့် သူ အတော်လေး အံ့ဩသွားမိ၏။

လင်းကျင်းမှာတော့ အလွန်ပင် ကျေနပ်သွားရသည်။

ကျီးကန်းနက်တို့ ပြောပြသည့် အကူအညီပေးခဲ့သူများကိုလည်း လင်းကျင်းအနေဖြင့် ဆုလာဘ် ပေးရန် ဆုံးဖြတ်လိုက်၏။

ထိုဆုလာဘ်များမှာ သူတို့၏ သားရဲများနှင့် သက်ဆိုင်သည့် အရာများပင် ဖြစ်သည်။

ကျီးကန်းနက်သည် ယုတ်မာသော ပညာရှိ၏ ကြောင်ဖြူမွှေးတစ်ပင်ကို ယူဆောင်လာခဲ့သလို၊ ဝိညာဉ်ကလေးငယ်မိခင်ကလည်း ခေါင်းတလားလူသား၏ အခြေအနေကို ပြောပြခဲ့သည်။

“ပြတိုက်မှူး... ပညာရှိနဲ့ ခေါင်းတလားလူသားတို့ကိုပါ ဒီဧည့်ခန်းမထဲကို ခေါ်လာနိုင်ရင် သိပ်ကောင်းမှာပဲဗျာ”

ကျီးကန်းနက်က ရုတ်တရက် တောင်းဆိုလိုက်၏။

လင်းကျင်းကတော့ နှုတ်ဆိတ်နေလိုက်သည်။

သူလည်း ထိုသို့ ဖြစ်စေချင်သော်လည်း၊ ပြတိုက်မှူး ဖြစ်နေသော်လည်း မည်သူ့ကို ဖိတ်ကြားရမည်ဆိုသည်ကို သူက ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

ပြတိုက်မှူးက ဘာမှပြန်မပြောသဖြင့် ကျီးကန်းနက်လည်း ထပ်မပြောတော့ပေ။ သူ၏ တောင်းဆိုမှုမှာ စောလွန်းနေသည်ဟု သူ ထင်လိုက်ခြင်း ဖြစ်၏။

လင်းကျင်းသည် ကြောင်မွှေးကို ကိုင်လိုက်သည်နှင့် မိစ္ဆာပညာရှိ၏ သားရဲအကြောင်းကို ချက်ချင်း သိလိုက်ရသည်။

“ဝိညာဉ်ဝါးမျိုးစိတ်။ အဆင့် ၃။ ရှားပါးသားရဲ”

“စရိုက်လက္ခဏာ - ဒြပ်ငါးပါး မျှတမှု ရှိခြင်း။ အခြေအနေ - သားပေါက်အရွယ်။ ဆင့်ကဲပြောင်းလဲမည့် လက္ခဏာများ ပြနေခြင်း”

“ဆင့်ကဲပြောင်းလဲနိုင်သည့် နည်းလမ်း ၃ ခုမှာ...”

တကယ်ကို ကောင်းမွန်သည့် သားရဲတစ်ကောင်ပင်။

လင်းကျင်းသည် ထိုသားရဲ၏ အရွယ်ရောက်လာမည့် ပုံစံကို မြင်လိုက်ရချိန်တွင် စိတ်ထဲမှ ချီးကျူးလိုက်မိ၏။ ၎င်းသည် သူ မြင်ဖူးသမျှ သားရဲများထဲတွင် အလားအလာ အရှိဆုံး သတ္တဝါတစ်ကောင်ပင် ဖြစ်သည်။

အကယ်၍ ဤသားရဲကို ကောင်းကောင်း ပြုစုပျိုးထောင်မည်ဆိုလျှင် ဝိညာဉ်ကလေးငယ်မိခင်၏ ‘ရင်သွေးမျက်နှာ ပင့်ကူ’ တောင်မှ ယှဉ်နိုင်မှာ မဟုတ်ပေ။ သို့သော် ဤသားရဲမှာ အရွယ်ရောက်သည့် အဆင့်သို့ ရောက်ရန်အတွက် အနည်းဆုံး အဆင့် ၄ ရှိဖို့ လိုအပ်ပေသည်။

ဆင့်ကဲပြောင်းလဲမည့် နည်းလမ်းကို ကြည့်လိုက်သောအခါတွင်လည်း အတော်လေး ရိုးရှင်းသည်ကို တွေ့ရ၏။

ဤယုတ်မာသော ပညာရှိမှာ စစ်ပွဲကို တားဆီးရာတွင် ပါဝင်ကူညီခဲ့သဖြင့် လင်းကျင်းသည် သူ၏ သားရဲအတွက် အကဲဖြတ်ချက် အစီရင်ခံစာကို ရေးသားပေးလိုက်သည်။ ဆင့်ကဲပြောင်းလဲမည့် နည်းလမ်းများထဲမှ တစ်ခုကိုလည်း ထိုစာထဲတွင် ထည့်သွင်းပေးလိုက်၏။

လင်းကျင်းသည် စာကို ကျီးကန်းနက်ထံသို့ ပေးလိုက်ရာ၊ ကျီးကန်းနက်မှာ စိတ်လှုပ်ရှားစွာဖြင့် ဖတ်ကြည့်လိုက်သည်။ သူသည် ယုတ်မာသော ပညာရှိနှင့် အလွန်ရင်းနှီးသဖြင့် သူ့သူငယ်ချင်းအတွက် ဆုလာဘ် ရလာသည့်အတွက် အတော်လေး ဂုဏ်ယူနေခြင်းပင်။

ထို့အပြင် သူသည် ပြတိုက်မှူးကို ကမ္ဘာ့နံပါတ် ၁ ဆရာကြီးအဖြစ် အကြိမ်ကြိမ် ကြွားဝါထားခဲ့သဖြင့်၊ ဤအစီရင်ခံစာ၏ အရည်အသွေးမှာ ပြတိုက်မှူး၏ ဂုဏ်သိက္ခာကို ပို၍ မြှင့်တင်ပေးနိုင်မှာ သေချာလှပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ကျီးကန်းနက်သည် ဤအစီရင်ခံစာကို ကိုင်ကာ ယုတ်မာသော ပညာရှိထံ ပြန်သွားပြီး သူ၏ ပြတိုက်မှူးမှာ ဘယ်လောက် အစွမ်းထက်သလဲဆိုတာကို ကြွားနိုင်တော့မည် ဖြစ်သည်။ ကြောင်မွှေးတစ်ပင်တည်းနှင့် မည်သည့်နေရာတွင်မှ ဝယ်၍မရသည့် ဤကဲ့သို့ အကဲဖြတ်ချက်မျိုးကို ရရှိနိုင်ခြင်းက အံ့ဩစရာပင် မဟုတ်ပါလား။

ထိုအချိန်မှာပင် ကျီးကန်းနက်သည် သူ၏ အခြားသော သူငယ်ချင်းတစ်ယောက်ကို ရုတ်တရက် သတိရလိုက်မိ၏။

All Chapters