အခန်း (၂၁၅-၂၁၆)
Vol. 11 Ch. 215-216
အခန်း (၂၁၅) - ထျန်းကြီး ဆက်သသည့် ရတနာ
“ပြတိုက်မှူး... တကယ်လို့ တခြားသူတွေကလည်း ဆရာကြီးရဲ့ အကဲဖြတ်မှုကို ရယူချင်တယ်ဆိုရင် သူတို့ရဲ့ သားရဲတွေဆီက အမွှေး ဒါမှမဟုတ် သွေးနမူနာတွေကို ကျွန်တော် ယူလာပေးလို့ ရမလား"
ကျီးကန်းနက်က တောင်းဆိုလိုက်သည်။
လင်းကျင်းအနေဖြင့် ဒါကို ငြင်းပယ်စရာ အကြောင်းမရှိပေ။ သားရဲအမျိုးအစား အစုံအလင်ကို မှတ်တမ်းတင်နိုင်ခြင်းမှာ သူ့အတွက် အကျိုးရှိလှသည်။ သို့သော် မည်သူမဆို တောင်းဆိုသမျှကို အလွယ်တကူ လက်ခံနေလျှင် သူ တည်ဆောက်ထားသည့် ‘မြင့်မြတ်သော ပြတိုက်မှူး’ ဆိုသည့် ဂုဏ်သတင်းမှာ ပျက်ပြားသွားနိုင်ပေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လင်းကျင်းက ဆိုလိုက်၏။
“မင်းနဲ့ ဝိညာဉ်ကလေးငယ်မိခင်တို့ဟာ ဒီတစ်ကြိမ်မှာ ငါ့ကို ကူညီခဲ့ကြတာမို့၊ မင်းတို့ နှစ်ယောက်လုံးအတွက် နောက်ထပ် သားရဲတစ်ကောင်စီကို ဘာကန့်သတ်ချက်မှမရှိဘဲ အခမဲ့ အကဲဖြတ်ပေးမယ်... ဒါပေမဲ့ အဲဒီထက် ပိုတာကိုတော့ နောင်မှာ ငါ့ဘက်က အကူအညီ ထပ်တောင်းမှပဲ လက်ခံတော့မယ်”
ကျီးကန်းနက်က လေးစားစွာဖြင့် ခေါင်းညိတ်လိုက်၏။
ဝိညာဉ်ကလေးငယ်မိခင် အတွက်မူ လင်းကျင်းသည် ‘ခေါင်းတလားလူသား’ အတွက် ဆေးလုံးအချို့ကို ပေးအပ်လိုက်သည်။ ခေါင်းတလားလူသား၏ လက်ရှိပြဿနာမှာ သူ၏ သားရဲမှာ ဒဏ်ရာမပျောက်ကင်းသေးခြင်း ဖြစ်ရာ၊ ဝိညာဉ်ကလေးငယ်မိခင်၏ ပင့်ကူကဲ့သို့ပင် ဒါဟာ အရေးကြီးဆုံး ကိစ္စပင် ဖြစ်၏။
ဝိညာဉ်ကလေးငယ်မိခင်မှာ ပြတိုက်မှူးထံမှ ရရှိသည့်အရာကို အလွန်ပင် ကျေနပ်သွားပုံရကာ နောက်သို့ ဆုတ်သွားတော့သည်။
လင်းကျင်းသည် ရဲ့ယွီကျိုးဘက်သို့ လှည့်ကြည့်လိုက်၏။ ရဲ့ယွီကျိုးသည်လည်း အရေးကြီးသည့် အချိန်တိုင်းတွင် သူ၏ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့သူ ဖြစ်သဖြင့် လင်းကျင်းက သူ့ကိုလည်း ထိုက်တန်သော ဆုလာဘ်များ ပေးအပ်လိုက်သည်။
ဤသို့ဖြင့် မြွေနိုင်ငံနှင့် ပတ်သက်သည့် အရေးကိစ္စမှာ ပြီးဆုံးသွားခဲ့လေပြီ။
အခြား ဧည့်သည်များကတော့ သူတို့ ဘာတွေ ပြောနေကြသည်ကို လုံးဝ နားမလည်ကြပေ။ ကျန်းဇီချီမှာ သူ၏ စရိုက်အတိုင်းပင် ဒါကို ဂရုမစိုက်သလို မည်သည့် မေးခွန်းမှလည်း မမေးပေ။
သို့သော် ဟယ်ချန်းကတော့ ထိုသို့ မဟုတ်ပေ။
ကျောက်စိမ်းနဂါးနိုင်ငံနှင့် ပတ်သက်နေမှန်း သိလိုက်ရကတည်းက သူမသည် နားစွင့်နေခဲ့ခြင်းပင်။ ရိုင်းပျရာ ရောက်မှာ စိုး၍သာ အတင်းဝင်မမေးဘဲ အားတင်းထားရရှာသည်။
အခုတော့ သူမ ထပ်ပြီး အောင့်မထားနိုင်တော့ပေ။
သူမကိုယ်တိုင်မှာလည်း ကျောက်စိမ်းနဂါးနိုင်ငံ တော်ဝင်မိသားစုဝင် တစ်ဦး မဟုတ်ပါလား။
လင်းကျင်းသည် ဟယ်ချန်းထံမှ မေးခွန်းများ လာတော့မည်ကို သိနေသော်လည်း၊ သူမနှင့် တိုက်ရိုက်မသက်ဆိုင်သဖြင့် နှုတ်ပိတ်နေရန်သာ ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူမ၏ မေးခွန်းများကို လင်းကျင်းက လျစ်လျူရှုထားလိုက်သည်။
ဟယ်ချန်းမှာ အားမလိုအားမရ ဖြစ်သွားသော်လည်း ပြတိုက်မှူးက မပြောလျှင် သူ ဘာမှမတတ်နိုင်ပေ။ သို့သော် သူမအနေဖြင့် ဤကိစ္စကို ကိုယ်တိုင် ပြန်လည် စုံစမ်းရန်တော့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမ၏ အစ်မဖြစ်သူအတွက် ကုသမှု အစီအစဉ်ကို မေးမြန်းလိုက်၏။
လင်းကျင်းကတော့ တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။
“နောက်ရက်အနည်းငယ်အတွင်းမှာ တစ်စုံတစ်ယောက်က သွားရောက် ကုသပေးလိမ့်မယ်”
ဟယ်ချန်းမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ပြတိုက်မှူးကို ယုံကြည်သဖြင့် ထပ်မမေးတော့ပေ။
ထိုအချိန်တွင် ‘ထျန်းကြီး’ ဟု ခေါ်သည့် ထျန်းပေါင်သည် ရှေ့သို့ ထွက်လာကာ ဒူးတစ်ဖက် ထောက်လိုက်၏။ သူသည် သစ်သားသေတ္တာလေး တစ်လုံးကို လက်နှစ်ဖက်ဖြင့် မြှောက်၍ ဆက်သလိုက်သည်။
“ပြတိုက်မှူး... ထျန်းကြီးမှာ ဆက်သစရာ ရတနာ ရှိပါတယ်ခင်ဗျာ”
ထျန်းကြီး၏ ရုတ်တရက် ဒူးထောက်လိုက်မှုကြောင့် အားလုံး အံ့ဩသွားကြရသည်။ မာနကြီးပြီး ရိုင်းစိုင်းလှသည့် ထျန်းကြီးမှာ တတိယအကြိမ်မြောက် လာရောက်ချိန်တွင် ဤမျှအထိ ရိုသေပြလာလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။
ဤအမူအရာ ပြောင်းလဲမှုမှာ အလွန်ပင် သိသာလှပေသည်။
အခြားသူများမှာ ထျန်းကြီးနှင့် အကျွမ်းတဝင် မရှိကြသဖြင့် ဘာမှ မပြောကြသော်လည်း၊ ပြတိုက်မှူးသည် ထျန်းကြီးကို သဘောမကျမှန်းတော့ သူတို့ သိထားကြ၏။ ပထမအကြိမ်တွင် စည်းကမ်းမသိ၍ ခွင့်လွှတ်နိုင်သော်လည်း၊ ဒုတိယအကြိမ်မှာပင် ဆက်လက် ရိုင်းစိုင်းနေသဖြင့် ပြတိုက်မှူး၏ စိတ်ပျက်မှုကို အားလုံး ခံစားမိကြခြင်းပင်။ ထို့ကြောင့်လည်း အခြားဧည့်သည်များက သူ့ကို အကွာအဝေးတစ်ခုမှသာ ဆက်ဆံကြခြင်း ဖြစ်သည်။
အခုလို ထျန်းကြီးက ဒူးထောက်ပြီး ရတနာ ဆက်သလာသည့်အပေါ် ပြတိုက်မှူး ဘယ်လို တုံ့ပြန်မလဲဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။
တကယ်တော့ လင်းကျင်းသည် ထျန်းကြီးကို စိတ်မကျေနပ်သေးသဖြင့် သူ၏ လက်ဆောင်ကို လက်ခံရန် အစီအစဉ် မရှိပေ။ သို့သော် ထျန်းကြီးက သေတ္တာကို ဖွင့်လိုက်ချိန်တွင်တော့ လင်းကျင်းမှာ မှင်တက်သွားရတော့သည်။
သေတ္တာထဲတွင် လက်ညှိုးခန့် အထူရှိပြီး ခြောက်လက်မခန့် ရှည်လျားသည့် ဆေးဖက်ဝင် ပစ္စည်းတစ်ခု ရှိနေသည်။ သေချာ ကြည့်လိုက်လျှင် ထိုအရာမှာ ပိုးကောင်တစ်ကောင် ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။
ဒါဟာ ‘ရှီးပဒီး’ပင် ဖြစ်၏။ ( Cordyceps (မြန်မာလို ရှီးပဒီး ဟု လူသိများကြသည်) သည် သဘာဝအလျောက် ပေါက်ရောက်သော ထူးဆန်းသည့် မှိုတစ်မျိုး ဖြစ်ပါသည်။ ၎င်းကို "မြက်လည်းမြက်၊ ပိုးလည်းပိုး" ဟု တင်စားခေါ်ဝေါ်လေ့ ရှိကြသည်။)
အလွန် ထူးခြားသည့် ဆေးဖက်ဝင် ပစ္စည်းတစ်ခု ဖြစ်သည်။
ထူးခြားသည်မှာ ထိုရှီးပဒီးလေးမှာ အေးစိမ့်သော မြူနှင်းများဖြင့် ဝန်းရံခြင်း ခံထားရခြင်းပင်။
ကျန်းဇီချီက ထိုအရာကို မြင်လိုက်သည်နှင့် ရေရွတ်လိုက်၏။ “ဒါက အအေးဓာတ်ရှိတဲ့ ရှီးပဒီးပဲ... သူ့ရဲ့ ကိုယ်ပေါ်က အကွင်းတွေက သူ့ရဲ့ သက်တမ်းကို ဖော်ပြနေတာ... တစ်နှစ်မှာ တစ်ကွင်းပဲ ပေါ်တာ... အခု ဒီအကွင်းတွေကို ကြည့်ရတာ ဒီရှီးပဒီးဟာ အနည်းဆုံး သက်တမ်း နှစ်တစ်ရာ ရှိနေပြီ... ဒါဟာ ရတနာထဲက ရတနာပဲ... ပြတိုက်မှူး... ဒါကို လက်လွှတ်မခံပါနဲ့... ဒီလိုပစ္စည်းမျိုးဟာ ရွှေအပုံလိုက် ပေးရင်တောင် ဝယ်ဖို့ မလွယ်တဲ့ အရာမျိုးပါ”
ကျန်းဇီချီမှာ ဆေးပညာတွင် အတော်လေး နှံ့စပ်သူ ဖြစ်မှန်း သိသာလှပေသည်။ သူသည် ပြတိုက်မှူးကို စေတနာဖြင့် အကြံပြုပေးလိုက်ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် လင်းကျင်းသည်လည်း ၎င်း၏ တန်ဖိုးကို သိရှိနားလည်ပါသည်။
ဤရှီးပဒီးမှာ သူ၏ နောင်လာမည့် ဆေးဖော်စပ်မှု စီမံကိန်းများအတွက် မရှိမဖြစ် လိုအပ်နေသည့် ပစ္စည်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
ဥပမာအားဖြင့် ရှောင်ဟော့အတွက် ‘သားရဲခြင်ဆီသန့်စင်ဆေး’ ဖော်စပ်ရာတွင် သက်တမ်းရင့် ရှီးပဒီး လိုအပ်သလို၊ ရွှေဝါလေး၏ အဆင့် ၄ ဆင့်ကဲပြောင်းလဲမှု အတွက်လည်း ဒါဟာ လိုအပ်လှပေသည်။
သက်တမ်း ရာကျော် ရှီးပဒီးသည် ရှောင်ဟော့အတွက် အရေးကြီးသလို၊ ရွှေဝါလေးအတွက်ဆိုလျှင် ပို၍ပင် အရေးပါလှသေးသည်။ ရွှေကျီးကန်း သွေးမျိုးဆက် ပါဝင်သည့် ရွှေဝါလေးအတွက် ပြီးခဲ့သည့်အကြိမ်က ‘မြရောင်သွေးပိုးကောင်’ ကဲ့သို့သော အပူစွမ်းအင်ပြင်းသည့် အရာများဖြင့် အဆင့်တက်ခဲ့သော်လည်း၊ နောက်တစ်ဆင့်အတွက် ထိုကဲ့သို့ အပူစွမ်းအင်မျိုးကို ရှာဖွေရန် ခက်ခဲလှပေသည်။
သို့သော် ဆန့်ကျင်ဘက် နည်းလမ်းကလည်း အလုပ်ဖြစ်နိုင်ပေသည်။
အလွန်ပြင်းထန်သော အအေးဓာတ်(ယင်စွမ်းအင်)ရှိသည့် ပစ္စည်းကို သုံးကာ ရွှေဝါလေးအတွက် အအေးဓာတ် ဆေးလုံး ဖော်စပ်ပေးနိုင်ပါသည်။
အစွန်းရောက်သော အအေးစွမ်းအင်သည် ရွှေဝါလေး၏ ရွှေကျီးကန်း သွေးမျိုးဆက်ကို နိုးကြားစေနိုင်ပြီး အဆင့် ၄ သို့ ရောက်ရှိရန် ပို၍ လွယ်ကူစေမှာ ဖြစ်၏။
ထိုဆေးလုံး ဖော်စပ်ရန်အတွက် အအေးဓာတ်ရှိသည့် ရှီးပဒီးမှာ အဓိက အစိတ်အပိုင်း ဖြစ်ပြီး အနည်းဆုံး သက်တမ်း နှစ်တစ်ရာ ရှိဖို့ လိုအပ်ပေသည်။
လင်းကျင်းတွင် ဆေးညွှန်းရှိသော်လည်း ဤပစ္စည်းကို ဈေးကွက်တွင် ဝယ်ယူရန် မဖြစ်နိုင်ပေ။ သူသည် ဤတစ်ကြိမ်တွင် ဧည့်သည်များကို ကူညီရှာဖွေခိုင်းရန် စဉ်းစားထားသော်လည်း၊ မထင်မှတ်ဘဲ ထျန်းအိုက သူ အလိုအပ်ဆုံး ပစ္စည်းကို ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
သူ ထျန်းကြီးကို သဘောမကျသော်လည်း ဤမျှ တန်ဖိုးရှိသည့် ပစ္စည်းကို ငြင်းပယ်ရန် အကြောင်းမရှိပေ။
ထို့အပြင် ဤရှီးပဒီးကို မြင်လိုက်ရပြီးနောက် ထျန်းကြီးကို ကြည့်ရသည်မှာ အရင်ကလောက် စိတ်ပျက်ဖို့ မကောင်းတော့သလို ခံစားလိုက်ရသည်။
လင်းကျင်းက လက်ကို ဝေ့ယမ်းလိုက်ရာ သစ်သားသေတ္တာမှာ သူ၏ သိုလှောင်ခန်းထဲသို့ ပျံဝင်သွားတော့၏။
“ငါ ဒါကို အကျိုးရှိရှိ သုံးပါ့မယ်”
တိုတောင်းသော စကားဖြစ်သော်လည်း ထျန်းကြီးမှာ ကျေးဇူးတင်လွန်းသဖြင့် တုန်ရီသွားရသည်။ သူ လုပ်တာ မှန်သွားလေပြီ။ ဤသက်တမ်း ရာကျော် ရှီးပဒီးကို ပေးလိုက်ရသဖြင့် နှမြောသော်လည်း၊ ပြတိုက်မှူး၏ အမြင်ကြည်လင်မှုကို ရရှိလိုက်ခြင်းက ပို၍ အရေးကြီးလှပေသည်။
အရင်က သူသည် ပြတိုက်မှူး၏ စွမ်းအားကို မသိဘဲ မိုက်မဲခဲ့မိခြင်း ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် အခုတော့ သူ သတိဝင်လာခဲ့ပြီ ဖြစ်သည်။
ထျန်းပေါင်သည် အောက်ခြေလူတန်းစားဘဝမှ လာသူဖြစ်ပြီး အရင်က သူခိုး၊ ဓားပြ ဘဝဖြင့် နေထိုင်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် အင်အားတောင့်တင်းလာသဖြင့် တောင်တစ်ခုကို သိမ်းပိုက်ကာ လူဆိုးဂိုဏ်းဖွဲ့ပြီး လွတ်လပ်စွာ နေထိုင်ခဲ့သူ ဖြစ်၏။ ထို့ကြောင့်လည်း ဤခန်းမသို့ ပထမဆုံး ရောက်ရှိလာချိန်တွင် သူက အစွမ်းကုန် မာနထောင်လွှားခဲ့ခြင်းပင်။
သို့သော် နှစ်ကြိမ်တိုင်တိုင် ရောက်လာပြီးနောက် ပြတိုက်မှူး၏ စွမ်းအားကို သူ မြင်တွေ့ခဲ့ရသလို၊ လူဆိုးလောကရှိ သူ၏ သူငယ်ချင်းများထံမှ ဝိညာဉ်ကလေးငယ်မိခင်၏ အကြောင်းကိုလည်း သူ ကြားသိခဲ့ရသည်။
ဝိညာဉ်ကလေးငယ်မိခင်ကဲ့သို့ လူဆိုးကြီးပင် ပြတိုက်မှူးရှေ့တွင် ငြိမ်ကုပ်နေရသည်ဆိုလျှင် ပြတိုက်မှူးမှာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းမည်နည်းဟု သူ တွေးကာ ထိတ်လန့်သွားရခြင်း ဖြစ်၏။
ထို့ကြောင့်လည်း သူ ရတနာအဖြစ် သိမ်းဆည်းထားသည့် ရှီးပဒီးကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သံပူခိုက် နှက်ချင်သည့် စိတ်ဖြင့် သူသည် သူ၏ လက်အောက်ငယ်သားများ၏ သားရဲမွှေးများ ထည့်ထားသည့် အိတ်ကို ထပ်မံ ထုတ်လိုက်ပြန်သည်။ ပြတိုက်မှူးသည် သားရဲမွှေးများကို ဘာကြောင့် စုဆောင်းခိုင်းသလဲ မသိသော်လည်း၊ သားရဲအကဲဖြတ်ရာတွင် အလွန် လွယ်ကူလှသည်ကိုတော့ သူ သတိထားမိသည်။
အကယ်၍ ပြတိုက်မှူး စိတ်ကြည်နေလျှင် သူ၏ သားရဲအကြောင်းကိုပါ မေးမြန်းရန် သူ မျှော်လင့်နေတော့သည်။
အခန်း (၂၁၆) - ရဲ့ယွီကျိုး၏ ခန့်မှန်းချက်
ပြတိုက်မှူးသည် လောလောဆယ်တွင် စိတ်ကြည်လင်နေဟန်ရှိသဖြင့် ထျန်းပေါင်သည် သားရဲမွှေးအိတ်ကို ဆက်သပြီးနောက် ရိုသေစွာဖြင့် လျှောက်တင်လိုက်၏။
“ပြတိုက်မှူး... ဒါတွေက ကျွန်တော့်ရဲ့ မိတ်ဆွေတွေဆီက သားရဲမွှေး နမူနာတွေပါ... ပြတိုက်မှူးအနေနဲ့ အကဲဖြတ်ပေးနိုင်မယ်ဆိုရင် ထျန်းကြီးတစ်ယောက် ကျေးဇူးတင်မဆုံး ဖြစ်ရပါလိမ့်မယ်... နောင်မှာလည်း ပြတိုက်မှူး အလိုရှိတဲ့ ရတနာတွေကို ရအောင် ရှာဖွေပေးပါ့မယ်"
ထိုအဖိုးကြီး၏ လေသံမှာ အလွန်ပင် ရိုသေလွန်းလှသဖြင့် ဟယ်ချန်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ‘ဒီထျန်ကြီးကတော့ တကယ်ကို တတ်နိုင်လွန်းတယ်... အရင်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်သလိုနဲ့ အခုတော့ ဒူးတောင် ထောက်နေပြီ... ဒီလောက်တောင် မျက်နှာပြောင်းတတ်ရသလား’ ဟု သူမ စိတ်ထဲက ကြိတ်၍ တွေးနေမိသည်။
အမှန်တော့ ထျန်းကြီးအတွက် ဤသို့လုပ်ခြင်းမှာ ပုံမှန်ပင် ဖြစ်၏။ သူသာ ဆက်လက်၍ မာနထောင်လွှားနေလျှင် နောက်တစ်ကြိမ်တွင် ဤခန်းမသို့ လာရောက်ခွင့် ပိတ်ပင်ခံရနိုင်သည် မဟုတ်ပါလား။
ဒါကတော့ ဟယ်ချန်း၏ ကိုယ်ပိုင်အတွေးသာ ဖြစ်၏။
သူမ၏ အစွမ်းထက်လှသော ပြတိုက်မှူးကြီးသည်ပင် မည်သူ့ကို ဖိတ်ကြားရမည်၊ မည်သူ့ကို ပယ်ရမည်ဆိုသည်ကို ဆုံးဖြတ်နိုင်စွမ်း မရှိမှန်း သူမ မသိရှာပေ။ အကယ်၍သာ ပြတိုက်မှူး ဆုံးဖြတ်နိုင်မည်ဆိုလျှင် ထျန်းအိုကို နှင်ထုတ်လိုက်သည်မှာ ကြာလှပေပြီ။
လင်းကျင်းသည် သားရဲမွှေးအိတ်ကို ကိုင်တွယ်ကြည့်လိုက်ရာ ‘သားရဲပြတိုက်’ အတွင်းရှိ မှတ်တမ်းများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရ၏။ ထိုအထဲတွင် သူ စိတ်ဝင်စားလောက်သည့် ရှားပါးသားရဲ အချို့လည်း ပါဝင်နေသည်။
သို့သော် အများစုမှာတော့ သာမန်တောရိုင်းသားရဲများသာ ဖြစ်ကြ၏။
လင်းကျင်းသည် ထျန်းကြီးကို တစ်ချက်ကြည့်ကာ ခဏစဉ်းစားပြီးနောက် ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။
ဤဆေးလုံးမှာ ‘အရိပ်ခြောက်ပါး သားရဲဝိညာဉ်ဆေး’ဖြစ်ပြီး အရိပ်ဝံပုလွေ အဆင့်တက်ရာတွင် သုံးသည့် ဆေးပင်။ ဒါက ထျန်းကြီး၏ သားရဲအတွက်တော့ မဟုတ်ပေ။
သူသည် လက်ကို ဝှေ့ယမ်းကာ ထိုဆေးလုံးကို ထျန်းကြီးထံသို့ ပစ်ပေးလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်၏။
“မင်း ယူလာပေးတဲ့ သားရဲမွှေး ၈၉ မျိုးထဲမှာ နန်ကျန်းမျက်စောင်းထိုးကျား တစ်ကောင် ပါတာကို တွေ့ရတယ်... သူ့ရဲ့ရဲ့ အခြေအနေက ကောင်းမွန်ပြီး အရိပ်နဲ့ လေစွမ်းအားတွေ ပါဝင်နေတယ်... ဒီဆေးလုံးကို အဲဒီကျားကို ကျွေးလိုက်ပါ... ဒါက ဒီတစ်ကြိမ်အတွက် မင်းရမယ့် ဆုလာဘ်ပဲ”
ဤဆေးလုံးမှာ လင်းကျင်းကိုယ်တိုင် ဖော်စပ်ထားခြင်း မဟုတ်ဘဲ ရှီမိသားစု၏ ဆေးဆရာများ ဖော်စပ်ထားခြင်း ဖြစ်ရာ၊ အရည်အသွေးမှာ အသင့်အတင့်သာ ရှိပေသည်။ သို့သော် ဆေးလုံးတစ်ခု၏ တန်ဖိုးမှာ သင့်တော်သည့် နေရာတွင် သုံးနိုင်ခြင်းအပေါ်၌သာ မူတည်ပေသည်။
အကယ်၍ သားရဲနှင့် ဆေးလုံး၏ စရိုက်လက္ခဏာမှာ ကွက်တိဖြစ်နေလျှင် ရရှိမည့် အကျိုးကျေးဇူးမှာ အလွန်ပင် ကြီးမားလှပေသည်။
အရိပ်ဝံပုလွေ အဆင့်တက်သွားသကဲ့သို့ပင်။
လင်းကျင်းသည် ထျန်းကြီးအပေါ် စိတ်ထဲ၌ အမြင်မကြည်သေးပေ။ ထို့အပြင် ထျန်းကြီး၏ ‘တိုင်ရန်နိုဆောရပ်' မှာ အဆင့် ၃ ရောက်နေပြီ ဖြစ်သဖြင့် အားမနည်းလှပေ။ ဆင့်ကဲပြောင်းလဲမည့် နည်းလမ်းများ ရှိသော်လည်း လင်းကျင်းက ဘာကြောင့် သူ့ကို ပေးရမည်နည်း။
သူပေးလိုက်လျှင်ပင် ထျန်းကြီးအနေဖြင့် မည်မျှကြာအောင် လုပ်ဆောင်ရဦးမည်နည်း။
သို့သော် အဆင့် ၂ ရှိသော နန်ကျန်းကျားမှာတော့ မတူပေ။ ၎င်း၏ စရိုက်လက္ခဏာမှာ ဤဆေးလုံးနှင့် အလွန်ကို ကိုက်ညီနေသဖြင့်၊ အဆင်ပြေလျှင် ထိုကျားမှာ ဆေးသောက်ပြီးသည်နှင့် ချက်ချင်းပင် အဆင့်တက်သွားနိုင်ပေသည်။
ထျန်းကြီးမှာ ဆေးလုံးကို လက်ခံရရှိသော်လည်း စိတ်ထဲတွင်တော့ ဇဝေဇဝါ ဖြစ်နေဆဲပင်။ အခြားသူများမှာ အကဲဖြတ်ချက် အစီရင်ခံစာများ ရကြသော်လည်း သူကတော့ ဆေးလုံးတစ်လုံးတည်းသာ ရခဲ့သည် မဟုတ်ပါလား။
သို့သော် ထျန်းကြီးတွင် ငြင်းဆန်ရဲသည့် သတ္တိမရှိပေ။ ပြတိုက်မှူးက သူ့ကို ဘာမှမပေးလျှင်တောင် သူကတော့ ပြတိုက်မှူးကို အမြဲတမ်း ချီးမွမ်းနေရတော့မှာ ဖြစ်၏။
ထျန်းကြီး၏ ကိစ္စမှာ ဤမျှနှင့်ပင် ပြီးဆုံးသွားတော့သည်။
လင်းကျင်းသည် အခြားသော နံပါတ် ၁၀ ကျော် တံခါးများကို ကြည့်လိုက်သော်လည်း၊ နှစ်ကြိမ်ဆက်တိုက်ပင် ဧည့်သည်အသစ်များ ရောက်မလာသေးပေ။ သူသည်လည်း အကြောင်းရင်းကို မသိသလို ဘာမှလည်း မတတ်နိုင်ပေ။
လုပ်စရာများ ရှိနေသေးသဖြင့် လင်းကျင်းသည် ဧည့်သည်များကို နှုတ်ဆက်ကာ ခန်းမထဲမှ ထွက်ခွာခဲ့တော့သည်။
ပြတိုက်မှူး ထွက်သွားပြီးနောက် ဧည့်သည်များ စုပေါင်းစကားပြောကြခြင်းမှာ အစဉ်အလာတစ်ခုလို ဖြစ်နေလေပြီ။ ဝိညာဉ်ကလေးငယ်မိခင်နှင့် ကျန်းဇီချီတို့ကဲ့သို့ အေးစက်သူများပင်လျှင် ဆက်နေကြမြဲ ဖြစ်၏။
ယခုတစ်ကြိမ်တွင်တော့ အခြေအနေက အရင်နှင့် မတူတော့ပေ။
ပြီးခဲ့သည့်အကြိမ်က အားလုံးက ထျန်းကြီးကို လျစ်လျူရှုထားခဲ့ကြသော်လည်း၊ အခုတော့ ပြတိုက်မှူးကိုယ်တိုင်က သူ၏ ဆက်သမှုကို လက်ခံကာ ဆုလာဘ်ပါ ပေးလိုက်ပြီ ဖြစ်သဖြင့် ပြတိုက်မှူးက သူ့ကို အသိအမှတ်ပြုလိုက်ပြီဟု အားလုံးက ယူဆလိုက်ကြသည်။
ပြတိုက်မှူး၏ အတည်ပြုချက်ကို ရရှိလိုက်ပြီ ဖြစ်ရာ၊ အခြားဧည့်သည်များကလည်း သူ့ကို ဖယ်ကြဉ်မထားကြတော့ပေ။ ထို့ကြောင့် ထျန်းကြီးမှာ သူတို့၏ အသိုင်းအဝိုင်းငယ်လေးထဲသို့ စတင် ဝင်ရောက်ခွင့် ရရှိသွားတော့သည်။
ဒါဟာ တကယ့်ကို အစွမ်းထက်သည့် အသိုင်းအဝိုင်းငယ်လေးပင်။ ထျန်းကြီးသည် အစောပိုင်းက စကားများကို သေချာနားထောင်ထားသဖြင့် ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့သည် မြွေနိုင်ငံသို့ သွားရောက်ကာ တာဝန်တစ်ခုကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ကြမှန်း သိလိုက်ရ၏။
ထျန်းကြီးမှာ တောင်ဘက်တိုက်နှင့် အလွန်ဝေးကွာလှသည့် မြွေနိုင်ငံအကြောင်းကို မကြားဖူးသော်လည်း၊ အလယ်အလတ်အဆင့် နိုင်ငံတစ်ခု၏ အင်အားကိုတော့ သူ ကောင်းကောင်း သိထားပါသည်။
အဆင့် ၄ သားရဲများ ရှိသည့် နိုင်ငံကိုသာ ‘အလယ်အလတ်အဆင့်’ ဟု ခေါ်ဆိုနိုင်ခြင်း မဟုတ်ပါလား။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ထျန်းကြီးတို့အဖွဲ့မှာ အလယ်အလတ်အဆင့် နိုင်ငံတစ်ခုကို သွားရောက် ပြစ်မှားခဲ့သဖြင့် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။ တစ်ခါကဆိုလျှင် ရန်သူ၏ တိုက်ခိုက်မှုကြောင့် သူတို့အဖွဲ့မှာ ပျက်စီးလုနီးနီးပင် ဖြစ်ခဲ့ရ၏။ ထိုအတွေ့အကြုံမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
ထိုအကြောင်းကြောင့်ပင် သူတို့သည် တောနက်ထဲတွင် ပုန်းအောင်းကာ ရွာသားများကို ဓားပြတိုက်ပြီး အသက်မွေးခဲ့ကြရခြင်းပင်။
တောင်ကို သိမ်းပိုက်ပြီး လွတ်လပ်စွာ နေထိုင်သည်ဆိုခြင်းမှာ တောတွင်း၌ အသက်လုနေရသည့် လူဆိုးဂိုဏ်းလေး ဖြစ်နေခြင်းကို လှပအောင် ပြောဆိုထားခြင်းသာ ဖြစ်၏။
အခုတော့ အလယ်အလတ်အဆင့် နိုင်ငံတစ်ခုကိုပင် ဖိနှိပ်နိုင်စွမ်းရှိသည့် ကျီးကန်းနက်တို့နှင့် စကားပြောခွင့် ရလိုက်သဖြင့် ထျန်းကြီးမှာ မိမိကိုယ်ကို ဂုဏ်မြင့်သွားသလို ခံစားလိုက်ရသည်။
သူတို့သည် နိုင်ငံတစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်သူများ ဖြစ်ကြသည် မဟုတ်ပါလား။
ကျီးကန်းနက်သည် ကျန်းဇီချီအတွက် အရက်အချို့ ယူလာပေးသလို၊ ကျန်းဇီချီကလည်း သူတို့ မမြင်ဖူးသည့် ရှားပါးသစ်သီးများကို အားလုံးအတွက် ဝေမျှပေးလိုက်၏။ ဟယ်ချန်းမှာတော့ အလွန်ပင် ပျော်ရွှင်နေပြီး သူမကလည်း လက်ချည်းသက်သက် မလာဘဲ ထူးခြားသည့် မုန့်ချိုလေးများကို ယူဆောင်လာခဲ့သည်။
ဒါကို မြင်လိုက်ချိန်တွင် ရဲ့ယွီကျိုး၏ မျက်ခုံးများမှာ တွန့်သွားရတော့၏။
ဗဟုသုတ ကြွယ်ဝသူ ရဲ့ယွီကျိုးသည် ထိုမုန့်ချိုလေးများမှာ မည်သည့်နေရာတွင်မှ ဝယ်၍မရနိုင်ဘဲ နန်းတော်ထဲတွင်သာ စားသုံးလေ့ရှိသည့် အရာများမှန်း သိလိုက်သည်။
အထူးသဖြင့် ထိုမုန့်များကို ထုပ်ပိုးထားသည့် စက္ကူမှာ အလွန်ထူးခြားလှပေသည်။ ထိုစက္ကူပေါ်တွင် သေးငယ်လှသော ကျောက်စိမ်းတံဆိပ်ခေါင်းလေးတစ်ခု ပါရှိနေ၏။ အခြားသူများမှာ ဒါကို သတိမထားမိနိုင်သော်လည်း၊ ရဲ့ယွီကျိုးမှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ နိုင်ငံတော်အစောင့်အရှောက်နှင့် အရာရှိတစ်ဦး ဖြစ်သဖြင့် ကျောက်စိမ်းနဂါးနိုင်ငံ၏ ‘တော်ဝင်တံဆိပ်တော်’ ကို ချက်ချင်း မှတ်မိလိုက်ခြင်းပင်။
သူသည် ဟယ်ချန်းကို တစ်ချက် ကြည့်လိုက်၏။ သူ မေးခွန်းအချို့ မေးရန် ပြင်သော်လည်း ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ဤဧည့်ခန်းမ၏ စည်းကမ်းအရ တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါဖြစ်ကြောင်း မမေးမြန်းရပေ။ သူ ခန့်မှန်းထားသော်လည်း တိုက်ရိုက်မေးမြန်းရန်မှာ မသင့်တော်ပေ။
သို့သော် ဤမိန်းကလေးမှာ ကျောက်စိမ်းနဂါးနိုင်ငံ တော်ဝင်မိသားစုဝင် ဖြစ်မှန်းတော့ သူ သေချာသွားလေပြီ။
သူမက မင်းသမီးများထဲမှ တစ်ဦး ဖြစ်နေမလား။
ရဲ့ယွီကျိုး၏ အတွေးများ နယ်ချဲ့နေစဉ်မှာပင်၊ ဟယ်ချန်းက သူမ၏ အစ်မအတွက် ကုသမှု တောင်းဆိုခဲ့သည်ကို သတိရလိုက်၏။ ထိုစဉ်က ပြတိုက်မှူးက တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်မည်ဟု ပြောခဲ့သည်။
ထိုစဉ်က ရဲ့ယွီကျိုးမှာ ဇဝေဇဝါ ဖြစ်ခဲ့သော်လည်း၊ အခုတော့ အဖြေက ရှင်းလင်းသွားလေပြီ။ ပြတိုက်မှူးသည် ဟယ်ချင်း၏ နောက်ခံကို သိနေခဲ့ခြင်းပင်။ ပြတိုက်မှူးမှာ ကျောက်စိမ်းနဂါးနိုင်ငံ အတွင်းမှာ ရှိနေမှန်း ရဲ့ယွီကျိုး သေချာနေပြီ ဖြစ်ရာ...
ရဲ့ယွီကျိုးသည် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် သတိရလိုက်ပြန်၏။
လုပင်သည် လင်းကျင်းကို မြို့တော်သို့ ဖိတ်ကြားရန် ရောက်နေခြင်း ဖြစ်သည်။ အခုတော့ အစအနများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်သွားလေပြီ။
ပြတိုက်မှူးက တစ်စုံတစ်ယောက်ကို စေလွှတ်ကုသပေးမည်ဟု ပြောခြင်းမှာ... လင်းကျင်းကို ဆိုလိုခြင်းပင် ဖြစ်ရမည်။
အားလုံးဟာ ပြတိုက်မှူးရဲ့ တွက်ချက်မှုထဲမှာပဲ ရှိနေခဲ့တာပေါ့။
ဒါကို ရိပ်မိလိုက်ချိန်တွင် ရဲ့ယွီကျိုးမှာ ဘာမှ ထပ်မမေးရဲတော့ပေ။ သို့သော် သူသည်လည်း မြို့တော်သို့ သွားရန် အစီအစဉ် ရှိနေသဖြင့်၊ လင်းကျင်းနှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာရောက်လျှင်တော့ သူ သိချင်သည့် အဖြေအားလုံးကို ရရှိမှာ သေချာလှပေသည်။
ရဲ့ယွီကျိုးမှာ စိတ်ကျေနပ်သွားကာ ဟယ်ချန်း ယူလာသည့် မုန့်များကို အားရပါးရ စားသုံးလိုက်တော့၏။
ဧည့်သည်များမှာ ထုံးစံအတိုင်း စကားလက်ဆုံ ကျနေကြပြီး လိုအပ်သည့် ပစ္စည်းများကို အပြန်အလှန် ဖလှယ်ကြရင်း၊ နောက်တစ်ပတ်တွင် ပြန်လည်ဆုံတွေ့ရန် ကတိပြုကာ လူစုခွဲလိုက်ကြပါတော့သည်။