← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 11 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 11 Ch. 217-218

အခန်း (၂၁၇) - တိုက်ရိုက်ဆင့်ကဲပြောင်းလဲခြင်း

ထျန်းပေါင်သည် ဧည့်ခန်းမရှိ အသိုင်းအဝိုင်းငယ်လေးထဲသို့ ဝင်ခွင့်ရလိုက်သဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ အခြားအရာများကို ထားဦးတော့၊ ဝိညာဉ်ကလေးငယ်မိခင်နှင့် ရင်းနှီးခွင့်ရလိုက်ခြင်းမှာပင် သူ၏ လူဆိုးသူခိုး သူငယ်ချင်းများကြားတွင် ကြွားစရာအကြီးကြီး ဖြစ်နေလေပြီ။ သူမ၏ နာမည်ကို ပြောလိုက်ရုံနှင့်ပင် ထိုလူများမှာ ကြောက်လန့်တကြား ဖြစ်သွားကြမှာ သေချာလှပေသည်။

ဧည့်ခန်းမမှ ပြန်ထွက်လာသည်နှင့် ထျန်းပေါင်သည် သူ၏ ညီအစ်ကိုတစ်ဦးကို ချက်ချင်း ရှာဖွေလိုက်၏။

အဆင့် ၂ ရှိသော နန်ကျန်းမျက်စောင်းထိုးကျားမှာ ထိုညီအစ်ကို၏ သားရဲပင် ဖြစ်သည်။

“ညီလေး ခုနစ်... မင်းရဲ့ သားရဲ ဘယ်မှာလဲ”

ထျန်းပေါင်သည် ပြတိုက်မှူးထံမှ ရလာသည့် ဆေးလုံးကို စမ်းသပ်ကြည့်ချင်နေခြင်းပင်။ အစပိုင်းတွင်တော့ သူသည် ထိုဆေးလုံးကို သူ့ဘာသာ သိမ်းထားပြီး သူ၏ ‘တိုင်ရန်နိုဆောရပ်စ်'ကို ကျွေးရန် စဉ်းစားခဲ့သေးသည်။

သို့သော် ပြန်လည်စဉ်းစားကြည့်ချိန်တွင်တော့ ထိုအကြံကို လက်လွှတ်လိုက်၏။

ပြတိုက်မှူးကိုယ်တိုင်က ဤဆေးကို နန်ကျန်းကျားအား ကျွေးရန် သတ်မှတ်ပေးထားခြင်း ဖြစ်သဖြင့် အကြောင်းရင်း ရှိပေလိမ့်မည်။ အကယ်၍ သူသာ စကားနားမထောင်ဘဲ ပြတိုက်မှူး သိသွားလျှင် ဒုက္ခရောက်ဖို့သာ ရှိပေသည်။

ထို့ကြောင့် ပြတိုက်မှူး၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခြင်းက အကောင်းဆုံးပင်။

ထို့အပြင် ထိုကျား ဤဆေးသောက်ပြီးနောက် ဘာဖြစ်လာမလဲဆိုသည်ကိုလည်း သူ သိချင်နေမိသည်။

ညီလေးခုနစ်မှာ ထွားကျိုင်းကြမ်းတမ်းသော လူတစ်ဦးဖြစ်ပြီး ထျန်းပေါင်၏ စကားကို ကြားသည်နှင့် သူ၏ သားရဲကို ခေါ်လိုက်၏။

နန်ကျန်းမျက်စောင်းထိုးကျားမှာ ၁၀ ပေခန့် ရှည်လျားပြီး ထွားကျိုင်းလှပေရာ၊ အဆင့် ၂ သားရဲများထဲတွင် အားအကောင်းဆုံးစာရင်းဝင် ဖြစ်သည်။

ထျန်းပေါင်သည် ဆေးလုံးကို ထိုကျားအား ကျွေးလိုက်တော့၏။

“အစ်ကိုကြီး... ဘာဆေး ကျွေးလိုက်တာလဲ”

ညီလေးခုနစ်မှာ သူ၏ သားရဲကို အလွန်ချစ်သူ ဖြစ်သဖြင့် ထျန်းပေါင်ကို ယုံကြည်သော်လည်း စိုးရိမ်တကြီး မေးလိုက်မိသည်။

“စကားများမနေနဲ့... ငြိမ်ငြိမ်ကြည့်နေစမ်း”

ထျန်းပေါင်က စိတ်မရှည်စွာဖြင့် ဟန့်လိုက်၏။

ထိုအချိန်မှာပင် သူတို့စခန်း၏ ဂိုဏ်းခေါင်းဆောင် ရောက်ရှိလာသည်။ သူသည် ထျန်းပေါင်ထံမှ သတင်းမေးရန် လာခြင်းဖြစ်သော်လည်း ထျန်းပေါင်တစ်ယောက် ကျားကိုသာ စိုက်ကြည့်နေသဖြင့် ဘာမှမပြောဘဲ စောင့်ကြည့်နေလိုက်တော့၏။

ဆေးသောက်ပြီးသည်နှင့် မျက်စောင်းထိုးကျားမှာ ထူးဆန်းသော လက္ခဏာများ စတင်ပြသလာသည်။

ပထမဦးစွာ ၎င်းသည် ရူးသွပ်သွားသကဲ့သို့ ဟိုဟိုဒီဒီ ခုန်ပေါက်နေပြီးနောက်၊ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာကာ အားလုံး၏ အဝတ်အစားများကို လွင့်စင်မတတ် ဖြစ်သွားစေ၏။

ထို့နောက် လေပြင်းမှာ ပို၍ အားကောင်းလာကာ နားထဲတွင် လေတိုးသံများပင် ဟိန်းထွက်နေတော့သည်။ နံရံပေါ်ရှိ စာတမ်းများမှာလည်း လေပြင်းဒဏ်ကြောင့် ပြုတ်ထွက်ကုန်ကာ အလယ်ဗဟိုသို့ စုပြုံသွားကြ၏။

“ဒါ... ဒါက အစွမ်းထက်တဲ့ အရိပ်လေပြင်းပဲ”

ဂိုဏ်းခေါင်းဆောင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

တည်ငြိမ်အောင် အားတင်းထားသည့် ထျန်းပေါင်မှလွဲ၍ ကျန်သူအားလုံးမှာ ထိတ်လန့်ကုန်ကြ၏။

“ညီအစ်ကိုတို့... စိတ်အေးအေးထားကြစမ်း... ဒါက ပြတိုက်မှူးပေးလိုက်တဲ့ ဆေးလုံးကို ညီလေးခုနစ်ရဲ့ သားရဲကို ကျွေးလိုက်တာပဲ... သူ့ရဲ့ အကျိုးသက်ရောက်မှုကို မင်းတို့ မကြာခင် မြင်ရလိမ့်မယ်”

အမှန်တော့ ထျန်းပေါင်ကိုယ်တိုင်လည်း ဤဆေးက ဘာလုပ်ပေးနိုင်မှန်း သေချာမသိပေ။

ဤစခန်းရှိ လူအများစုမှာ ဆင်းရဲလွန်းသဖြင့် ဓားပြတိုက်နေကြရသူများသာ ဖြစ်ကြသည်။ သူတို့၏ သားရဲများမှာလည်း များသောအားဖြင့် အားနည်းကြ၏။

ထျန်းပေါင်၏ ‘တိုင်ရန်နိုဆောရပ်စ်’ မှာ အားအကောင်းဆုံးဖြစ်ပြီး ကျန်သူများတွင် အဆင့် ၂ သားရဲပင် ရှားပါးလှသည်။ ထို့ကြောင့် အဆင့်တက်ခြင်းကို မြင်ဖူးသူမှာ အလွန်ပင် နည်းပါးလှပေသည်။

ထျန်းပေါင်မှာတော့ ဒါကို မြင်ဖူးသော်လည်း အခုလို ဆေးလုံးတစ်လုံးတည်းနှင့် အဆင့်တက်နိုင်ခြင်းမှာ ဖြစ်နိုင်ပါ့မလားဟု သံသယရှိနေမိသည်။

သူ၏ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်နေပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။

ထိုအချိန်တွင် ကျား၏ အရိုးများ ကျိုးကြေသံကဲ့သို့သော အသံများကို ကြားလာရသည်။ ထိုအသံနှင့်အတူ ကျား၏ ခန္ဓာကိုယ်မှာ ပိုမို ကြီးထွားလာပြီး အမွှေးအသစ်များ ပေါက်လာကာ ခြေသည်းနှင့် သွားများမှာလည်း အရင်ကထက် ပိုမို ချွန်ထက်လာတော့သည်။

၎င်း၏ အရှိန်အဝါမှာလည်း တဟုန်ထိုး မြင့်တက်လာ၏။

နောက်တစ်ခဏတွင်တော့ မျက်စောင်းထိုးကျားသည် ပါးစပ်ကို ဖွင့်ကာ လေပြင်းတိုက်ကွက်တစ်ခုကို မှုတ်ထုတ်လိုက်ရာ၊ လေပြင်းထဲတွင် ဓားသွားများ ပါဝင်နေသကဲ့သို့ ရှေ့ရှိ ကျောက်တုံးကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။

နန်ကျန်းမျက်စောင်းထိုးကျားမှာ အရွယ်အစား ပိုကြီးလာရုံတင်မကဘဲ၊ ၎င်း၏ အရှိန်အဝါမှာ ထျန်းပေါင်၏ သားရဲထက်ပင် ပိုမို အစွမ်းထက်နေပုံရသည်။ အနားရှိ အခြားသူများ၏ သားရဲများမှာလည်း ကြောက်လန့်တကြားဖြင့် ထောင့်တစ်နေရာတွင် ကပ်နေကြရတော့၏။

“အဆင့် ၃ လား”

ထျန်းပေါင်၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားရသည်။

သူ မျှော်လင့်ထားသော်လည်း ဆေးလုံးတစ်လုံးတည်းနှင့် အဆင့် ၃ သို့ တိုက်ရိုက်ရောက်ရှိသွားသည်ကို မြင်လိုက်ရချိန်တွင်တော့ သူ အတော်လေး ထိတ်လန့်သွားမိ၏။

‘ပြတိုက်မှူးက တကယ်ကို နတ်ဘုရားတစ်ပါးလိုပဲ... ဒီလောက်လွယ်လွယ်နဲ့ နိုင်ငံငယ်လေးတွေကို စောင့်ရှောက်နိုင်တဲ့ အဆင့် ၃ သားရဲတစ်ကောင်ကို ဖန်တီးပေးလိုက်တာလား... ဒါ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်’

ထျန်းပေါင်က တွေးနေမိသည်။

အံ့ဩဆုံးလူမှာ ညီလေးခုနစ်ပင် ဖြစ်၏။ သူ၏ သားရဲမှာ မျက်တောင်တစ်ခတ်အတွင်း အဆင့် ၃ သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ လုံးဝ အိမ်မက်မမက်ဖူးပေ။

အဆင့် ၃ ဆိုသည်မှာ သူတို့စခန်းတစ်ခုလုံးတွင် ထျန်းပေါင်၏ သားရဲတစ်ကောင်တည်းသာ ရှိခဲ့ခြင်း ဖြစ်သည်။ အခုတော့ သူသည်လည်း အစ်ကိုကြီးထျန်းပေါင်နှင့် အဆင့်တူ ဖြစ်သွားပြီ မဟုတ်ပါလား။

ကျန်ရှိသော ညီအစ်ကိုများမှာလည်း ညီလေးခုနစ်ကို မနာလိုစွာဖြင့် ကြည့်နေကြတော့သည်။ အချို့ကလည်း အစ်ကိုကြီးထျန်းပေါင်သည် သူတို့၏ သားရဲများကို ဘာကြောင့် မကူညီသလဲဟု စိတ်ထဲက အပြစ်တင်နေကြ၏။

ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်ပင်လျှင် မနာလိုဖြစ်သွားရသည်။ သူ၏ သားရဲသည်လည်း အဆင့် ၂ ပင် ဖြစ်ရာ၊ ဘာကြောင့် ထျန်းပေါင်က ညီလေးခုနစ်ကိုပဲ ကူညီရသလဲဆိုသည်ကို သူ တွေးမရ ဖြစ်နေတော့၏။

သူတို့ကြားတွင် တစ်ဦးနှင့်တစ်ဦး မနာလိုမှုများ စတင်အမြစ်တွယ်လာပါတော့သည်။

မေပယ်မြို့၊ လင်းကျင်း၏ အိမ်တွင်...

လင်းကျင်းသည် မနေ့က တောထဲသို့သွားကာ ရှန်းအာ၊ ရှောင်ဝူ မြေခွေးလေးများနှင့် မျောက်ဖြူကြီးတို့ကို မြို့ထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ဤမိစ္ဆာများကို မြို့ထဲတွင် ထားရန် သူ ဆုံးဖြတ်ခြင်းမှာ စိတ်ကူးပေါက်ရာ လုပ်ခြင်းမဟုတ်ဘဲ သေချာစွာ စဉ်းစားတွက်ချက်ထားခြင်း ဖြစ်၏။

ရှန်းအာနှင့် ရှောင်ဝူ တို့မှာ လူအသွင်ပြောင်းခြင်းကို တတ်မြောက်ထားကြပြီး စာဖတ်ခြင်းနှင့် လူတို့၏ ယဉ်ကျေးမှုကိုလည်း နားလည်ကြသည်။ သို့သော် သူတို့၏ အမူအရာတွင် တောရိုင်းဆန်သည့် အငွေ့အသက် အနည်းငယ် ကျန်ရှိနေသေး၏။

၎င်းတို့မှာ တောထဲတွင်သာ နေထိုင်ခဲ့ကြရသဖြင့် မြို့သူမြို့သားများနှင့် ရောနှောနေထိုင်ခြင်းဖြင့် ထိုအမူအရာများမှာ အချိန်နှင့်အမျှ ပျောက်ကွယ်သွားပေလိမ့်မည်။

ဒါဟာ သူတို့၏ မိစ္ဆာကျင့်စဉ်အတွက်လည်း အကျိုးရှိလှပေသည်။

‘သားရဲပြတိုက်’ ထဲရှိ မိစ္ဆာကျင့်စဉ်ကျမ်းအရ၊ ပထမအဆင့်မှာ လူတို့၏ အမူအရာကို လေ့လာခြင်းနှင့် အတုယူခြင်းပင် ဖြစ်၏။ ယင်းကို ကျွမ်းကျင်သွားလျှင် သာမန်လူများက ခွဲခြားနိုင်မှာ မဟုတ်တော့ပေ။ ထို့ထက်ပို၍ အစွမ်းထက်လာရန်မှာ လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ကာ လူတို့၏ နေထိုင်မှုပုံစံကို သင်ယူရမည် ဖြစ်သည်။

ဒါဟာ လင်းကျင်း သူတို့ကို အိမ်သို့ ခေါ်လာရသည့် အဓိက အကြောင်းရင်းပင်။

မိစ္ဆာများမှာ ရိုင်းစိုင်းပြီး ယဉ်ပါးအောင် လုပ်ရန် ခက်ခဲသည်ဟု လူတို့က ရှေးယခင်ကတည်းက သတ်မှတ်ထားကြသော်လည်း၊ ကမ္ဘာခြားမှ ရောက်လာသူ လင်းကျင်းကတော့ ထိုစကားကို ဂရုမစိုက်ပေ။

ဤကမ္ဘာတွင် ရန်သူဆိုတာ ဒီလောက်လွယ်လွယ်နဲ့ ဖြစ်လာတာမှ မဟုတ်တာ။

ဒါဟာ တစ်ဦးနှင့်တစ်ဦး နားမလည်ကြလို့သာ ဖြစ်သည်။

ရှန်းတို့အဖွဲ့မှာ ကောင်းမွန်သည့် နမူနာများ ဖြစ်ကြ၏။ သူတို့ကို ထိန်းကျောင်းပေးမည့်သူ ရှိလျှင် သူတို့သည် စည်းကမ်းကို လိုက်နာတတ်ကြပြီး အချို့သော လူသားများထက်ပင် ပို၍ ယဉ်ကျေးလာနိုင်ပေသည်။

လူသားတွေထဲမှာတောင် ဆိုးသွမ်းပြီး စကားနားမထောင်တဲ့သူတွေ ရှိနေတာပဲ မဟုတ်လား။

မိစ္ဆာများမှာလည်း လူသားများကဲ့သို့ပင် ပညာပေးခြင်းနှင့် ထိန်းချုပ်မှု လိုအပ်ပေသည်။ လူသားများမှာ ဥပဒေ၏ ထိန်းချုပ်မှုကို ခံရသကဲ့သို့၊ အခုတော့ ဤမိစ္ဆာများကို ထိန်းချုပ်ရန်မှာ လင်းကျင်း၏ တာဝန်သာ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် မြေခွေးများနှင့် မျောက်ဖြူကြီးမှာ လင်းကျင်းကို အလွန်ရိုသေကြသဖြင့် သူ၏ စကားကို နားထောင်ကြပေလိမ့်မည်။

လင်းကျင်းသည် သူတို့ကို အိမ်တွင် နေရာချပေးလိုက်ပြီး မြေခွေးလေးများကိုတော့ ခြံထဲတွင် ဆော့ကစားခွင့် ပေးထား၏။ မျောက်ဖြူကြီးမှာမူ အရွယ်အစားကို သေးသေးလေးဖြစ်အောင် အမြဲတမ်း ထိန်းထားနိုင်ပြီ ဖြစ်သည်။ သို့သော် လင်းကျင်းအနေဖြင့် ဤမျောက်ဖြူကြီးကိုတော့ အစိုးရိမ်ဆုံးပင်။

လင်းကျင်းသည် မကြာသေးမီက ‘သားရဲပြတိုက်’ မှ မိစ္ဆာအရှိန်အဝါကို ဖိနှိပ်ပေးနိုင်သည့် ‘တံဆိပ်ခတ်နှိပ်ခြင်း အတတ်’ ကို သင်ယူထားခဲ့သည်။ အကယ်၍ မျောက်ဖြူကြီးအနေဖြင့် ၎င်း၏ အရွယ်အစားကို မထိန်းနိုင်တော့လျှင် လင်းကျင်းက တံဆိပ်ခတ်ကာ ၎င်း၏ အရှိန်အဝါကို ဖျောက်ပစ်နိုင်မည် ဖြစ်ရာ၊ မူလပုံစံသို့ ပြန်လည်မပြောင်းလဲနိုင်တော့ပေ။

ထို့ကြောင့် လုပင်နှင့်အတူ မြို့တော်သို့ သွားမည့်ခရီးစဉ်တွင် လင်းကျင်းသည် ဤမျောက်ဖြူကြီးကိုပါ ခေါ်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

ရှောင်ဟော့မှာ သူ၏ သားရဲဖြစ်သဖြင့် ခေါ်သွားရမှာ သေချာလှပြီး၊ ကျန်သူများကိုတော့ အိမ်တွင် ရှန်းအာနှင့်အတူ စောင့်ရှောက်ရန် ထားရစ်ခဲ့ပါတော့သည်။

အခန်း (၂၁၈) - မြို့တော်သို့ ချီတက်ခြင်း

အမှန်အတိုင်း ပြောရလျှင် လုဘင်သည် မနေ့ကတည်းက အထုပ်အပိုးပြင်ရန် လာရောက်တိုက်တွန်းနေခဲ့ခြင်း ဖြစ်၏။ သို့သော် လင်းကျင်းသည် အိမ်တွင်းရေးကိစ္စများကို စီစဉ်၍ မပြီးသေးသဖြင့် နှစ်ရက်ခန့် ထပ်မံ အချိန်ဆွဲခဲ့ရသည်။ သူသည် ရှန်းအာကို ပတ်ဝန်းကျင်အခြေအနေများ လိုက်လံပြသပေးရသလို အိမ်နီးနားချင်းများနှင့်လည်း မိတ်ဆက်ပေးခဲ့ရသေးသည်။

ထို့ပြင် ကျောက်ရင်း၊ လုရှောင်ယုနှင့် အခြားသူများကိုလည်း ခေါ်ယူကာ မိတ်ဆက်ပေးခဲ့ရ၏။

ရှန်းအာ၏ အထောက်အထားနှင့် ပတ်သက်၍ လင်းကျင်းသည် သူမကို ညီမအရင်းအဖြစ် မိတ်ဆက်ပေးချင်သော်လည်း အစိုးရမှတ်တမ်းများတွင် လင်းမိသားစု၌ သမီးရှိကြောင်း ဖော်ပြထားခြင်း မရှိသဖြင့် မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။ ထို့ကြောင့် လင်းကျင်းက သူမကို သူ၏ ‘မွေးစားညီမ’ ဟုသာ မိတ်ဆက်ပေးလိုက်တော့၏။ မည်သူမှလည်း အတင်းလိုက်လံ စုံစမ်းနေမည် မဟုတ်ပေ။

အကယ်၍ စုံစမ်းလျှင်ပင် ကြောက်စရာမရှိပေ။

လက်ရှိတွင် လင်းကျင်း၏ ဂုဏ်သတင်းမှာ မေပယ်မြို့၌ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ မြို့တော်ဝန်ရုံးမှစ၍ လမ်းဘေးဝဲယာရှိ လူများအထိ လင်းကျင်းကို ရိုသေလေးစားကြသည်။ ဤမျှ ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်တစ်ဦး၏ စကားကို မည်သူက သံသယဝင်ပြီး နောက်ကြောင်းလိုက်ပါ့မည်နည်း။

သံသယရှိသူ ရှိခဲ့လျှင်ပင် ရှီမိသားစုနှင့် ဇူမိသားစုတို့က လင်းကျင်းဘက်မှ ကျောထောက်နောက်ခံ ပေးထားကြသည် မဟုတ်ပါလား။

ထို့ကြောင့် လင်းကျင်းမှာ ဘာမှ စိုးရိမ်စရာ မရှိတော့ပေ။ သူ မသိလိုက်ဘဲနှင့်ပင် မေပယ်မြို့၌ သူ၏ အဆင့်အတန်းမှာ မည်သူမှ လှုပ်ခါ၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

နောက်ထပ် တစ်ရက် အချိန်ဆွဲပြီးနောက်တွင်တော့ လုဘင်သည် လင်းကျင်း၏ အိမ်ရှေ့တွင် မနက်စောစောကတည်းက လာရောက်စောင့်ဆိုင်းနေတော့သည်။ လင်းကျင်းအနေဖြင့် ဒီနေ့တော့ လုဘင်နှင့်အတူ လိုက်သွားမှ ဖြစ်တော့မည်မှန်း သိလိုက်၏။ ထို့ပြင် သူသည် ဟယ်ချန်းကိုလည်း ကတိပေးထားခဲ့သည် မဟုတ်ပါလား။ မြို့တော်သို့ သွားမည့် ခရီးစဉ်ကို ဖျက်သိမ်း၍ မရနိုင်တော့ပေ။

ရှိပါစေတော့။

မထွက်ခွာမီ လင်းကျင်းသည် အိမ်ထဲသို့ ခဏပြန်ဝင်ကာ သက်တမ်းရာကျော် ရှီးပဒီးကို ထက်ဝက်တိတိ ဖြတ်လိုက်သည်။

တစ်ဝက်ကို ရှောင်ဟော့၏ ဆေးလုံးအတွက် သိမ်းထားပြီး ကျန်တစ်ဝက်ကိုတော့ ရှန်းအာထံ အပ်နှံခဲ့၏။ ရက်ကျော်တိုင်း တစ်စိပ်စီ ဖြတ်ကာ ရွှေဝါလေးကို ကျွေးရန် သူမကို မှာကြားခဲ့သည်။ တစ်ခါတည်း အများကြီး မကျွေးမိရန်လည်း အထပ်ထပ် သတိပေးခဲ့ရ၏။

အခြားသော သားရဲများနှင့်မတူဘဲ ရွှေဝါလေးသည် ကျင့်စဉ်ကို လုံးဝ မလေ့ကျင့်ပေ။ ၎င်းသည် ‘သားရဲစွမ်းအင် ဖော်ဆောင်ခြင်း’ ကို သင်ယူရန် ငြင်းဆန်ထားသည့် တကယ့် သူပုန်ကြီးပင်။

ထို့ကြောင့် ၎င်း၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်မှာ လွယ်ကူသည်ဟု ဆိုနိုင်သော်လည်း၊ အောင်မြင်အောင် လုပ်ဆောင်ရန်မှာတော့ အတော်လေး အားစိုက်ထုတ်ရပေဦးမည်။

လွယ်ကူသည်ဟု ဆိုရခြင်းမှာ ရွှေဝါလေး၏ အံ့ဩဖွယ် ပါရမီနှင့် ရွှေကျီးကန်း သွေးမျိုးဆက်ကြောင့် ဖြစ်၏။ အကယ်၍ ကံကောင်းထောက်မစွာဖြင့် အခွင့်အလမ်းတစ်ခု ကြုံလာလျှင် အဆင့်တက်ဖို့မှာ သေချာသလောက်ပင်။ သို့သော် ခက်ခဲသည့် အချက်မှာ ထိုသို့ အခွင့်အလမ်း ကြုံလာချိန်တွင် ထိန်းကျောင်းပေးမည့်သူ မရှိဘဲ ကံမကောင်းခဲ့လျှင် ရွှေဝါလေးမှာ အသက်ဆုံးရှုံးသွားနိုင်ခြင်းပင် ဖြစ်၏။

ပြီးခဲ့သည့်အကြိမ် ‘မြရောင်သွေးပိုးကောင်’ ကို စားသုံးမိစဉ်ကလည်း လင်းကျင်းသာ အနားမှာ မရှိဘဲ ဆေးကူညီမတိုက်ပေးခဲ့လျှင်၊ ရွှေဝါလေးမှာ အဆင့်တက်ဖို့ မဆိုထားနှင့် ကိုယ်တွင်း အပူရှိန်ကြောင့် သေဆုံးသွားနိုင်ပေသည်။

ဤရှီးပဒီးမှာ ရွှေဝါလေး၏ နောက်တစ်ဆင့်အတွက် အရေးကြီးလှ၏။ သို့သော် တစ်ခါတည်း အကုန်စား၍ မရပေ။ ထိုသို့ စားမိလျှင် အဆင့် ၃ သားရဲ ဖြစ်နေသော်လည်း သေဆုံးသွားနိုင်ပေသည်။

ထို့ကြောင့် ဆယ်ရက်ခန့်အထိ အနည်းငယ်စီ ခွဲကျွေးရန် ရှန်းအာကို တာဝန်ပေးခဲ့ခြင်းပင်။ လင်းကျင်း၏ တွက်ချက်မှုအရ ဆယ်ရက်အတွင်း သူ ပြန်ရောက်လာမှာ သေချာသည်။ ထိုအချိန်ကျမှ ရွှေဝါလေးကို အဆင့် ၄ ရောက်အောင် သူ ကိုယ်တိုင် ကူညီပေးမည် ဖြစ်ရာ၊ သူ၏ အဖွဲ့တွင် နောက်ထပ် အဆင့် ၄ တစ်ကောင် တိုးလာတော့မည် ဖြစ်၏။

တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

“ငါ ရက်အနည်းငယ် ကြာလိမ့်မယ်... အရေးကြီးကိစ္စမရှိရင် အပြင်မထွက်နဲ့ဦး... တစ်ခုခု လိုအပ်ရင် ကျောက်ရင်းတို့၊ လုရှောင်ယုတို့ကို အကူအညီတောင်းလိုက်နော်”

လင်းကျင်းက ရှန်းအာကို မှာကြားလိုက်၏။

မြို့ထဲတွင် ပထမဆုံးအကြိမ် နေထိုင်ရခြင်း ဖြစ်သဖြင့် ရှန်းအာမှာ အနည်းငယ် ရှက်ရွံ့နေသော်လည်း၊ လင်းကျင်း စိတ်အေးစေရန်အတွက် ခေါင်းညိတ် သဘောတူလိုက်ပါသည်။

“ဒါဆို ငါ သွားပြီ”

လင်းကျင်းသည် ရှောင်ဟော့ကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့တော့သည်။ မျောက်ဖြူကြီးမှာလည်း မှော်အတတ်ဖြင့် အမွှေးများကို အနက်ရောင် ပြောင်းထားသဖြင့်၊ ရှောင်ဟော့၏ ကျောပေါ်တွင် လိုက်ပါလာသည့် သာမန်မျောက်လေးတစ်ကောင်နှင့် တူနေ၏။ အပြင်တွင် စောင့်နေသည့် လုဘင်မှာ မျောက်လေးကို မြင်ပြီး အံ့ဩသွားရသည်။

မီးဝံပုလွေအကြောင်းကို သူသိသော်လည်း ဤမျောက်နက်လေးက ဘယ်က ရောက်လာတာလဲ။

သို့သော် ထိုအချက်က သူ့အတွက် အဓိက စိုးရိမ်စရာ မဟုတ်ပေ။

လင်းကျင်း၏ သားရဲမှာ အဆင့် ၄ ဖြစ်ရာ၊ မည်သို့သော အဆင့် ၄ သားရဲက မိမိကျောပေါ်တွင် အခြားသားရဲတစ်ကောင်ကို တင်ထားရန် ခွင့်ပြုမည်နည်း။

သို့သော် ရှောင်ဟော့မှာတော့ ဘာမှမဖြစ်သလို ပုံစံပင်။

လုဘင်မှာ အံ့ဩသော်လည်း အတင်းမမေးတော့ပေ။ လင်းကျင်းသည် သားရဲယဉ်ပါးအောင် လုပ်ရာတွင် တကယ့်ကို ဆရာကြီးပင် ဖြစ်ရမည်ဟုသာ သူ ကောက်ချက်ချလိုက်တော့၏။

ခရီးစတင်ရန် ပြင်ဆင်နေစဉ်မှာပင် သူတို့ကို လိုက်လံပို့ဆောင်သည့် ရှန်းအာကို လုဘင် မြင်လိုက်ရသည်။

လုပင်၏ သက်တမ်းတစ်လျှောက်တွင်ပင် ရှန်းအာ၏ အလှကြောင့် ခေတ္တမျှ မှင်တက်သွားရ၏။

သူသည် မိန်းမလှလေးပေါင်းများစွာကို မြင်ဖူးသော်လည်း ရှန်းအာနှင့် ယှဉ်လျှင်တော့ ထိုသူများမှာ သာမန်မျှသာ ဖြစ်သွားရတော့သည်။ မြို့ပြိုစေလောက်သော အလှမျိုး ပိုင်ဆိုင်သည့် ဤအမျိုးသမီးမှာ သူ မြင်ဖူးသမျှထဲတွင် အလှဆုံး ဖြစ်ပေလိမ့်မည်။

မြို့တော်ရှိ မင်းသမီးများပင်လျှင် သူမနှင့် ယှဉ်နိုင်မှာ မဟုတ်ပေ။

ထိုခဏတွင် လုဘင်သည် လင်းကျင်းကို ကြည့်ကာ ပြုံးစိစိ လုပ်လိုက်တော့၏။

လင်းကျင်းက သူတို့ကို မိတ်ဆက်ပေးရန် ပြင်သော်လည်း လုဘင်၏ အပြုံးကြောင့် စကားစ ရပ်သွားရသည်။ သူ ဇဝေဇဝါ ဖြစ်သွား၏။

“စီနီယာလု... ဒါက ကျုပ်ရဲ့ မွေးစားညီမပါ”

လုဘင် ဘာကြောင့် ပြုံးနေမှန်း မသိသော်လည်း လင်းကျင်းက ရှန်းအာကို မိတ်ဆက်ပေးလိုက်သည်။

မွေးစားညီမလား။

အင်း... အကဲဖြတ်မှူးလင်းက အိမ်မှာ ချစ်သူကို ထားထားတာကို ပြောဖို့ ရှက်နေတာ နေမှာပေါ့။ လုဘင်မှာ အတွေ့အကြုံရှိသူပီပီ လင်းကျင်း၏ အခြေအနေကို နားလည်ပေးသည့်ပုံစံဖြင့် ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီး ပိုလျှံသော မေးခွန်းများ မမေးတော့ပေ။

"အကဲဖြတ်မှူးလင်း... ခရီးစကြမလား”

လုဘင်က မေးလိုက်၏။ အမှန်အတိုင်း ပြောရလျှင် သူ မေပယ်မြို့မှာ နေရတာ အတော်လေး ကြာနေပြီ ဖြစ်သည်။ လင်းကျင်းသာ မဟုတ်လျှင် သူ အတင်းအဓမ္မ ဖမ်းခေါ်သွားသည်မှာ ကြာလှပေပြီ။

အခုတော့ ထိုသို့ လုပ်၍ မရပေ။ လူမှုရေးအရ မဆိုထားနှင့်၊ သူ အတင်းအဓမ္မ လုပ်လျှင်တောင် လင်းကျင်းကို နိုင်မှာ မဟုတ်ပေ။

လင်းကျင်းတွင် အဆင့် ၄ သားရဲ ရှိနေသည် မဟုတ်ပါလား။

စီစဉ်စရာ ရှိသည်များကို လုပ်ဆောင်ပြီးနောက်တွင်တော့ ထွက်ခွာမည့် အချိန် ရောက်လာခဲ့လေပြီ။

သူတို့သည် လုဘင်၏ နောက်သို့ လိုက်ကာ ကွင်းပြင်ကျယ်တစ်ခုသို့ ရောက်ရှိလာကြ၏။ ရှန်းအာနှင့် ရှောင်ဝူတို့ကလည်း သူတို့၏ ဆရာကို မခွဲနိုင်စွာဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

ထိုနေရာသို့ ရောက်ချိန်တွင် လုဘင်က လျှို့ဝှက်အတတ်ဖြင့် လင်းယုန်ကြီး နှစ်ကောင်ကို ဆင့်ခေါ်လိုက်၏။

ဤကဲ့သို့ ခရီးသွားရန် သုံးသည့် လင်းယုန်ကြီးများကို မြင်တိုင်း လင်းကျင်း အမြဲတမ်း အားကျမိသည်။ နောင်တွင် ခရီးသွားချိန် မြန်ဆန်စေရန်နှင့် လူမိုက်ပုံစံ ပေါက်စေရန်အတွက် ဤကဲ့သို့ လင်းယုန်မျိုးကို မည်သို့ရနိုင်မလဲဆိုသည်ကို မေးကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။

လုဘင်က လင်းယုန်တစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ရာ လင်းကျင်းကလည်း လိုက်ပါတက်လိုက်သည်။ ရှောင်ဟော့နှင့် မျောက်ဖြူကြီးတို့လည်း တက်လာကြသော်လည်း သူတို့၏ အလေးချိန်ကြောင့် လင်းယုန်မှာ အတော်လေး ရုန်းကန်နေရ၏။

လင်းကျင်းက လုဘင်ကို အားနာစွာဖြင့် ကြည့်လိုက်သည်။ လုဘင်က သက်ပြင်းချကာ ပြောလိုက်၏။

“ရပါတယ်... ညီအစ်ကို ရဲ့ယွီကျိုးကလည်း လိုက်ပို့ချင်တယ်လို့ ပြောထားတယ်... သူလည်း လင်းယုန်တစ်ကောင် ပါလာတာပဲ၊ အဲဒါကို ခဏ ငှားသုံးလိုက်တာပေါ့”

အဖိုးကြီးရဲ့က လာပို့မလို့လား။

လင်းကျင်း အပေါ်သို့ မော့ကြည့်လိုက်ရာ လင်းယုန်တစ်ကောင် ဝဲပျံနေသည်ကို မြင်လိုက်ရ၏။

လင်းယုန်ကြီး နှစ်ကောင်မှာ အပေါ်သို့ ပျံတက်သွားချိန်တွင် လင်းကျင်းက အောက်ရှိ ရှန်းအာတို့အဖွဲ့ကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။ လေတိုးသံများနှင့်အတူ သူတို့သည် ပေ တစ်ထောင်ကျော် အမြင့်သို့ ရောက်ရှိသွားကြ၏။ အောက်ရှိ အိမ်များမှာ ကစားစရာလေးများကဲ့သို့ ဖြစ်သွားပြီး လူများမှာလည်း ပုရွက်ဆိတ်များကဲ့သို့ပင်။

ရဲ့ယွီကျိုးမှာ အပေါ်ရှိ အခြားလင်းယုန်တစ်ကောင်ပေါ်တွင် အသင့်စောင့်နေခြင်း ဖြစ်၏။ လင်းကျင်းကို မြင်သည်နှင့် သူက အနားသို့ တိုးလာကာ နှုတ်ဆက်လိုက်သည်။

“အကဲဖြတ်မှူးလင်း... မြို့တော်ခရီးစဉ်မှာ အဆင်ပြေပါစေဗျာ”

ရဲ့ယွီကျိုးက အခုလို ရိုရိုသေသေ ဆက်ဆံနေခြင်းမှာ လင်းကျင်းကို ‘ပြတိုက်မှူး’ ၏ တပည့်ဟု ထင်မှတ်နေသောကြောင့် ဖြစ်ကြောင်း လင်းကျင်း သိထားသည်။

ပြီးတော့ ရဲ့ယွီကျိုးဟာ သူ မြို့တော်ကို ဘာသွားလုပ်မလဲဆိုတာကိုလည်း ခန့်မှန်းမိပုံရသည်။

လင်းကျင်းသည် အစပိုင်းတွင် ပြတိုက်မှူး၏ တပည့်အဖြစ် ဟန်ဆောင်ရန် အစီအစဉ် မရှိသော်လည်း၊ ရဲ့ယွီကျိုး၏ အထင်မှားမှုကြောင့် ထိုအတိုင်းပင် ဟန်ဆောင်လိုက်ခြင်း ဖြစ်သည်။ အခုတော့ ဤလိမ်လည်ထားသည့် အထောက်အထားမှာ အတော်လေး အသုံးဝင်နေလေပြီ။ ရဲ့ယွီကျိုးကဲ့သို့သော ပုဂ္ဂိုလ်ကြီးများပင် သူ့စကားကို နားထောင်နေကြသဖြင့်၊ နောင်တွင် အကူအညီတောင်းလျှင်လည်း ရဲ့ယွီကျိုးက ငြင်းမှာ မဟုတ်ပေ။

လုဘင်ကတော့ ပွင့်လင်းသူပီပီ ရဲ့ယွီကျိုး၏ လင်းယုန်ကို ငှားရန် ပြောလိုက်ရာ ရဲ့ယွီကျိုးမှာ မှင်တက်သွားရသည်။

သူသည် နောက်ရက်အနည်းငယ်တွင် မြို့တော်သို့ သွားကာ ပြတိုက်မှူး၏ တပည့်က လူနာကို မည်သို့ ကုသမည်ကို သွားရောက် ကြည့်ရှုရန် စီစဉ်ထားခြင်း ဖြစ်၏။ အခု လင်းယုန်ကို ငှားလိုက်လျှင် သူက လမ်းလျှောက်သွားရတော့မည် မဟုတ်ပါလား။

သို့သော် သူ မငြင်းရဲပေ။

ရဲ့ယွီကျိုးကလည်း ပိုင်ကျန်းခုန်းထံမှ နောက်ထပ် လင်းယုန်တစ်ကောင် ငှားလိုက်မည်ဟု တွေးကာ သဘောတူလိုက်၏။

ရဲ့ယွီကျိုးကို နှုတ်ဆက်ပြီးနောက်၊ လင်းကျင်းက လင်းယုန်တစ်ကောင်ပေါ်တွင် စီးနင်းကာ ရှောင်ဟော့နှင့် မျောက်ဖြူကြီးတို့က အခြားတစ်ကောင်ပေါ်တွင် လိုက်ပါခဲ့ကြသည်။ လုဘင်က ရှေ့မှ ဦးဆောင်လျက်၊ လင်းယုန် သုံးကောင်မှာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ကျောက်စိမ်းနဂါးမြို့တော်ဆီသို့ ဦးတည်ထွက်ခွာသွားကြပါတော့သည်။

All Chapters