← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 11 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 11 Ch. 219-220

အခန်း (၂၁၉) - ဈေးနှုန်းသာ ပြောလိုက်ပါ

စဉ်းစားကြည့်လျှင် ဤခရီးမှာ လင်းကျင်းအတွက် ပထမဆုံးအကြိမ် အိမ်နှင့်အဝေးဆုံးသို့ ခရီးထွက်ဖူးခြင်းပင် ဖြစ်၏။

ယခင်က သူ အဝေးဆုံးရောက်ဖူးသည်မှာ မေပယ်မြို့အစွန်ရှိ ရွာလေးတစ်ရွာအထိသာဖြစ်ပြီး မိုင်နှစ်ရာခန့်သာ ဝေးသည်။ အခု ကျောက်စိမ်းနဂါးမြို့တော်သို့ သွားမည့် ခရီးမှာတော့ အနည်းဆုံး မိုင်ရှစ်ရာခန့် ဝေးကွာလှပေသည်။

လမ်းလျှောက်သွားမည်ဆိုလျှင် မည်မျှကြာမည်ကို မည်သူမှ မသိနိုင်ပေ။ သားရဲစီးသွားလျှင် ပိုမြန်မည်ဖြစ်သော်လည်း ကောင်းကင်ယံမှ ပျံသန်းသွားရသည့် ခရီးစဉ်ကိုတော့ မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍ မရနိုင်ပေ။

သူ ကမ္ဘာခြားမှ မရောက်လာခင်က လေယာဉ်ပျံ စီးဖူးသော်လည်း၊ လေယာဉ်စီးရခြင်းနှင့် လင်းယုန်စီးရခြင်းမှာ နည်းပညာအရ တူညီသော်လည်း ခံစားချက်ချင်းတော့ ကွာခြားလှ၏။

သံသေတ္တာထဲတွင် ပိတ်မိနေခြင်းမျိုး မဟုတ်ဘဲ၊ ခေါင်းပေါ်တွင် တိမ်တိုက်များကို မြင်ရပြီး ခြေဖဝါးအောက်တွင် တစ်ကမ္ဘာလုံး ရှိနေသည့် ခံစားချက်မှာ ပို၍ပင် ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။

မသိလိုက်ဘဲနှင့်ပင် လင်းကျင်း၏ စိတ်အခြေအနေမှာ ပိုမို ကြည်လင်လာခဲ့၏။

ခရီးလမ်းတွင် သူ သိချင်သည့် မေးခွန်းများစွာ ရှိနေသော်လည်း လေတိုးသံမှာ အလွန်ပြင်းထန်လှသဖြင့် စကားပြောရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုမေးခွန်းများကို ခရီးဆုံးရောက်မှသာ မေးရန် သိမ်းဆည်းထားလိုက်တော့သည်။

လွင်ပြင်များ၊ တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော်ပြီး တစ်နာရီခန့်အကြာတွင် လင်းယုန်များမှာ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာကြ၏။ ထိုအခါမှ လင်းကျင်းသည် မြို့တော်၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာပြီမှန်း သိလိုက်ရသည်။

မကြာမီမှာပင် မိုင်ပေါင်းထောင်ချီ ရှည်လျားလှသော မြို့ရိုးကြီးကို မြင်လိုက်ရ၏။ ဤနေရာမှာ မေပယ်မြို့ထက် များစွာ ကြီးမားကျယ်ပြန့်လှပေသည်။

လင်းယုန်များသည် မြို့အပြင်ဘက်တွင် ဆင်းသက်လိုက်ကြပြီး လူနှစ်ယောက်မှာ အောက်သို့ ခုန်ဆင်းလိုက်ကြ၏။

“အကဲဖြတ်မှူးလင်း... ဒါက ကျောက်စိမ်းနဂါးနိုင်ငံရဲ့ မြို့တော်ပဲ... မြို့တွင်းမှာတော့ ပျံသန်းခွင့်ကို တားမြစ်ထားတဲ့ စည်းကမ်းရှိတယ်၊ ဒါကြောင့် ကျန်တဲ့ ခရီးကိုတော့ လမ်းလျှောက်သွားကြရအောင်”

လုဘင်က သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လိုက်ရာ လင်းကျင်းကလည်း ခေါင်းညိတ် သဘောတူလိုက်၏။ လမ်းလျှောက်ခြင်းမှာ သူ့အတွက် ပြဿနာမဟုတ်ပေ။ သို့သော် လင်းကျင်းသည် မနေနိုင်တော့ဘဲ လင်းယုန်များနှင့် ပတ်သက်၍ မေးမြန်းလိုက်တော့သည်။

လုဘင်မှာ ခဏမျှ မှင်တက်သွားပြီးမှ ပြုံးကာ ပြောလိုက်၏။

“ဘာများလဲလို့... အကဲဖြတ်မှူးလင်းသာ အလိုရှိမယ်ဆိုရင် ကျုပ်တို့ အပြန်ကျရင် လက်ဆောင်အဖြစ် တစ်ကောင် ပေးပါ့မယ်”

လင်းကျင်းမှာ ထိုစကားကို ကြားရသဖြင့် အလွန်ပင် ဝမ်းသာသွားရ၏။ သူသည် အနည်းငယ် ဟန်ဆောင်ငြင်းဆန်ပြပြီးမှ စိတ်လှုပ်ရှားစွာဖြင့်ပင် လက်ခံလိုက်တော့သည်။

တကယ်တော့ ‘အပြန်ကျရင်’ ဆိုသည့် စကား၏ အဓိပ္ပာယ်ကို လင်းကျင်း နားလည်ပါသည်။ အကယ်၍သာ သူသည် လူနာ၏ ရောဂါကို မကုသနိုင်လျှင် သို့မဟုတ် ကျိန်စာကို မဖြေရှင်းနိုင်လျှင် ထိုလင်းယုန်ကို ရဖို့မှာ မသေချာပေ။

ကျောက်စိမ်းနဂါးမြို့တော်မှာ တကယ်ပင် စည်ကားလှပေသည်။ မြို့ဝင်ပေါက်သည်ပင်လျှင် မေပယ်မြို့ထက် များစွာ သက်ဝင်လှုပ်ရှားနေ၏။

မြို့ထဲသို့ ဝင်လိုက်သည်နှင့် လမ်းဘေးဝဲယာရှိ ဆိုင်တန်းများကို မြင်ရပြီး ဆိုင်ရှင်များမှာ သူတို့၏ ကုန်ပစ္စည်းများကို ဈေးလျှော့ရောင်းကြောင်း အော်ဟစ်ကာ ဖောက်သည်ခေါ်နေကြသည်။ ထူးခြားသည်မှာ လူတိုင်းတွင် ကိုယ်ပိုင်သားရဲများ ရှိနေကြခြင်းပင်။ လင်းကျင်း တစ်ခါမှ မမြင်ဖူးသည့် သားရဲအမျိုးအစားများစွာ ရှိနေကြ၏။

‘ဒါ တကယ့်ကို ကောင်းမွန်တဲ့ နေရာပဲ’

လင်းကျင်းမှာ အားရကျေနပ်နေမိသည်။ သူသည် လမ်းလျှောက်ရင်းနှင့်ပင် အနားသို့ ရောက်လာသည့် သားရဲများကို ကိုင်တွယ်ကာ အကဲဖြတ်သလို၊ အနည်းငယ်ဝေးသည့် သားရဲများကိုတော့ ရစ်ပတ်အပ်နည်းစနစ်ဖြင့် အကဲဖြတ်နေတော့သည်။

သူတို့ တည်းခိုမည့်နေရာသို့ ရောက်ချိန်တွင် လင်းကျင်း၏ မှတ်တမ်းထဲ၌ သားရဲအသစ် နှစ်ရာကျော် ရောက်ရှိနေလေပြီ။ တကယ့်ကို အကျိုးရှိလှသည့် လမ်းလျှောက်ခြင်းပင်။ အဆင့်မြင့် မျိုးစိတ်များစွာကိုလည်း သူ တွေ့ရှိခဲ့ရသည်။

မြို့တော်ပီပီပင်။

“အကဲဖြတ်မှူးလင်း... ဒါက မြို့တော်မှာ အကောင်းဆုံး တည်းခိုခန်းပဲ... ဒီမှာပဲ ခဏ အနားယူနေပါဦး၊ ကျုပ် သွားရောက် အကြောင်းကြားလိုက်ပါ့မယ်”

လုဘင်က နှုတ်ဆက်ကာ ထွက်ခွာသွား၏။

လင်းကျင်းက ခေါင်းညိတ်ပြလိုက်သည်။ လုဘင်၏ သခင်မှာ မည်သူဖြစ်မည်ကို သူ ခန့်မှန်းမိပါသည်။ အကယ်၍ သူ ခန့်မှန်းတာ မှန်လျှင် သူမမှာ မင်းသမီးတစ်ပါး ဖြစ်သလို၊ ဟယ်ချန်း၏ အစ်မလည်း ဖြစ်ပေလိမ့်မည်။

အမှန်တော့ လုဘင်မှာ တော်ဝင်မိသားစုအတွက် အမှုထမ်းနေသူ ဖြစ်သဖြင့် တော်ဝင်မိသားစုဝင် အားလုံးမှာ သူ၏ သခင်များ ဖြစ်သင့်ပေသည်။

သို့သော် လုဘင်သည် အခြားသော တော်ဝင်မိသားစုဝင်များကို ဂရုမစိုက်ပုံရကြောင်း လင်းကျင်း သတိထားမိ၏။ လုဘင်သည် ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်ကိုပင် စားပွဲကို ထုကာ ဆူပူခဲ့ဖူးသည်ဟူသော ကောလာဟလများကိုပင် သူ ကြားဖူးထားသည်။

ဒါဟာ ထူးဆန်းသည့် အချက်ပင်။ ဘာကြောင့် လုဘင်က အခြားသူများကို လျစ်လျူရှုထားပြီး ထိုအမျိုးသမီးကိုမှ ‘သခင်’ ဟု ခေါ်နေရသနည်း။

လင်းကျင်း စပ်စုချင်နေသော်လည်း အခုက မေးရမည့်အချိန် မဟုတ်ပေ။ ထိုသူနှင့် ဆုံတွေ့ချိန်ကျမှသာ အခြေအနေကို စောင့်ကြည့်ရပေလိမ့်မည်။

ကုသမှုနှင့် ပတ်သက်၍လည်း လင်းကျင်းက အစီအစဉ် ဆွဲထားပြီး ဖြစ်၏။ ပြောရလျှင် မင်းသမီး၏ ကျိန်စာမှာ အတော်လေး အစွမ်းထက်လှပေသည်။

၎င်းတို့အားလုံးမှာ သားရဲဝိညာဉ်ကျိန်စာများ ဖြစ်ကြသော်လည်း၊ တန်လင်း၏ ကျိန်စာမှာ အပ်ဖြင့် တစ်ချက် ထိုးလိုက်ရုံဖြင့် သို့မဟုတ် ‘ရေကိုးသွယ်တိမ်တိုက်ဆေးလုံး’ ကို သောက်လိုက်ရုံဖြင့် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သော်လည်း... မင်းသမီး၏ ကျိန်စာကတော့ လုံးဝ မတူပေ။

၎င်းမှာ အဆင့်အတန်း မြင့်မားလွန်းလှပေသည်။

‘သားရဲပြတိုက်’ အတွင်းရှိ ကုသနည်းမှာပင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်း၊ ထိုကျမ်းထဲ၌ ပါဝင်နေခြင်းကပင်လျှင် ဖြေရှင်းနိုင်မည့် နည်းလမ်းရှိကြောင်း သက်သေပြနေခြင်း ဖြစ်ရာ၊ ၎င်းကသာလျှင် အရေးကြီးဆုံးအချက် ဖြစ်ပေသည်။

လုဘင် ထွက်သွားလေပြီ။

လင်းကျင်းသည် အခန်းထဲတွင် အမြဲအောင်းနေတတ်သူ မဟုတ်သဖြင့် ပတ်ဝန်းကျင်ကို လေ့လာရန် အပြင်သို့ ထွက်လာခဲ့တော့သည်။

ရှောင်ဟော့၏ ကျောပေါ်တွင် စီးနင်းလျက် မျောက်ဖြူကြီးကလည်း ဟိုဟိုဒီဒီကို စပ်စုစွာ ကြည့်နေ၏။

ဘေးကင်းစေရန်အတွက် လင်းကျင်းသည် မျောက်ဖြူကြီးအား ၎င်း၏ အသွင်သဏ္ဌာန်ကို ခိုင်မြဲစေရန် တံဆိပ်ခတ်နှိပ်ပေးထားခဲ့သည်။

တည်းခိုခန်း တည်နေရာကို မှတ်သားပြီးနောက် လင်းကျင်းသည် စည်ကားလှသော မြို့လမ်းမပေါ်တွင် အေးအေးလူလူ လမ်းလျှောက်နေမိသည်။ ရှောင်ဟော့ကလည်း နောက်မှ လိုက်ပါလာပြီး မျောက်ဖြူကြီးမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်မဝ ဖြစ်နေရှာသည်။

ရှေ့တွင် ပန်းချီကားများ ရောင်းသည့် ဆိုင်တစ်ဆိုင် ရှိ၏။

ဆိုင်ထဲသို့ ကြည့်လိုက်လျှင် နံရံများပေါ်တွင် နာမည်ကြီး အနုပညာရှင်များ၏ ပန်းချီကားများစွာ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ လင်းကျင်း၏ အာရုံကို ပထမဆုံး ဖမ်းစားလိုက်သည်မှာ တောင်တန်းနှင့် မြစ်ရေပြင် ပန်းချီကားတစ်ချပ်ပင်။ လက်ရာမှာ အလွန်ပင် ကောင်းမွန်လှပြီး စုတ်ချက်များမှာ သက်ရှိထင်ရှား ရှိနေသကဲ့သို့ ခံစားရစေ၏။ လင်းကျင်း အနားသို့ တိုးကြည့်လိုက်ချိန်တွင်တော့ ပန်းချီဆရာ၏ တံဆိပ်မှာ ‘ဂူမုန်းကျုံး’ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒါဟာ ဆရာကြီးဂူရဲ့ လက်ရာပဲ မဟုတ်လား။

ဆရာကြီးဂူသည် မြို့တော်သားတစ်ဦး ဖြစ်သလို၊ ဤနေရာတွင် နာမည်ကျော် စာရေးဆရာ၊ ပန်းချီဆရာတစ်ဦး ဖြစ်မှန်း လင်းကျင်း သတိရလိုက်သည်။

ဆရာကြီးဂူသည် မေပယ်မြို့မှ ထွက်ခွာပြီး သူ၏ မှင်မိစ္ဆာနှင့်အတူ ခရီးထွက်သွားကတည်းက လင်းကျင်းနှင့် မဆုံဖြစ်တော့ပေ။ သို့သော် ထိုစာပေဆရာကြီးသည် သူ၏ မှင်ဓားကို သုံးကာ လောကရှိ မိစ္ဆာများကို နှိမ်နင်းနေကြောင်း သတင်းများကိုတော့ သူ ကြားနေရမြဲ ဖြစ်၏။

ဆရာကြီးဂူသည် အမြဲတမ်း သူရဲကောင်းဆန်ဆန် စွန့်စားလိုစိတ် ရှိသော်လည်း ယခင်က သင့်တော်သည့် သားရဲ မရှိခဲ့ပေ။ အခုတော့ စိတ်ကြိုက် ပုံစံပြောင်းနိုင်သည့် အဆင့် ၃ မှင်မိစ္ဆာကို ရရှိထားပြီ ဖြစ်ရာ သူ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

‘ဆရာကြီးဂူ ဒီမြို့မှာ ရှိနေမလား မသိဘူး’

လင်းကျင်း စိတ်ထဲက တွေးလိုက်မိသည်။ အကယ်၍ ရှိနေလျှင် သူ သွားရောက် ဂါရဝပြုချင်မိ၏။

ထိုအချိန်တွင် လင်းကျင်းသည် စိတ်ချင်းဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ၊ တစ်စုံတစ်ယောက်က ရှောင်ဟော့၏ ကျောပေါ်ရှိ မျောက်ဖြူကြီးကို စကားပြောနေသည်ကို မြင်လိုက်ရသည်။

လင်းကျင်း လှည့်ကြည့်လိုက်သည်ကို မြင်သည်နှင့် ထိုလူကလည်း လှမ်းကြည့်လိုက်၏။

“နေကောင်းလား... လူငယ်လေး”

သူက လင်းကျင်းကို နှုတ်ဆက်လိုက်သည်။ ထိုလူမှာ ပိန်ပိန်ပါးပါး ဖြစ်သော်လည်း အရှိန်အဝါ တစ်မျိုး ရှိနေ၏။ သာမန်လူကဲ့သို့ ဝတ်ဆင်ထားသော်လည်း မျက်လုံးများမှာ ထက်မြက်လှပေသည်။

သို့သော် သူ၏ အကြည့်ထဲတွင် စေတနာအရိပ်အယောင် လုံးဝ မပါရှိပေ။ လင်းကျင်းသည် ရန်လိုမှုနှင့် မထီမဲ့မြင် ပြုမှုများကိုပင် ခံစားနေရ၏။

ဒါက ထူးဆန်းလှသည်။

ထိုလူသည် မျောက်ဖြူကြီးကို စကားပြောနေခဲ့ခြင်း ဖြစ်ကြောင်း လင်းကျင်း သေချာပါသည်။

ဒါ တကယ့်ကို အံ့ဩစရာပင်။

မျောက်ဖြူကြီးမှာ သာမန်သားရဲ မဟုတ်တော့ပေ။ သွေးကတိကဝတ်နှင့် ချည်နှောင်ထားခြင်း မရှိသလို၊ သားရဲစွမ်းအင် ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် ၎င်းမှာ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

ဒါကို လင်းကျင်း ကောင်းကောင်း သိထား၏။

ဤလူသည် မျောက်ဖြူကြီးကို မသင်္ကာဖွယ် စကားပြောနေခြင်း ဖြစ်ရာ၊ တစ်စုံတစ်ခုကို သတိပြုမိသွားခြင်းများလား။

လင်းကျင်းသည် ထိုလူကို သေချာစွာ စိုက်ကြည့်လိုက်၏။

ထိုလူက မေးလိုက်သည်။

“လူကြီးမင်း... ဒီမျောက်ဖြူလေးက ခင်ဗျားရဲ့ သားရဲလား”

လင်းကျင်းက ခေါင်းညိတ်ပြလိုက်၏။

ပိန်လှီလှသော ထိုလူကို လေ့လာကြည့်ရင်း လင်းကျင်းသည် တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားမိလိုက်သည်။

ထိုလူ၏ ကိုယ်ပေါ်တွင် အားနည်းသော အရှိန်အဝါတစ်ခု ရှိနေသလို ကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာလည်း အတော်လေး ထူထပ်လှသည်။ သူ၏ အမူအရာမှာ ပုံမှန်ဟု ထင်ရသော်လည်း သူ၏ ဝတ်ရုံအောက်တွင် တစ်စုံတစ်ခု လှုပ်ရှားနေသည်ကို လင်းကျင်း မြင်လိုက်ရ၏။

လင်းကျင်း၏ အတွေ့အကြုံနှင့် မြင့်မားလာသော စွမ်းရည်များအရ၊ ဤပိန်လှီသော လူသည် လူသား မဟုတ်မှန်း ရစ်ပတ်အပ်ကိုပင် သုံးစရာမလိုဘဲ သိလိုက်ရတော့သည်။

သူ၏ အရှိန်အဝါမှာ အခြားသူများကို လှည့်စားနိုင်သော်လည်း၊ မိစ္ဆာများနှင့် နေ့စဉ် ထိတွေ့နေရသော လင်းကျင်းကိုတော့ လှည့်စား၍ မရနိုင်ပေ။

ဒါဟာ မိစ္ဆာတစ်ကောင်ပင်။

လူအသွင်ပြောင်းခြင်း အတတ်ကို တတ်မြောက်ထားသည့် မိစ္ဆာတစ်ကောင်။

လင်းကျင်းမှာ ထိတ်လန့်သွားရ၏။ ကျောက်စိမ်းနဂါးမြို့တော်ကြီးတွင် နေ့ခင်းကြောင်တောင်မှာပင် လူအသွင်ပြောင်းထားသည့် မိစ္ဆာတစ်ကောင်နှင့် တိုးလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ဒါဟာ မဖြစ်နိုင်သလောက်ပင်။

တစ်ဖက်လူသည် သူ၏ အသွင်ပြောင်းအတတ်ကို အလွန်ပင် ယုံကြည်မှု ရှိနေပုံရသည်။

ထိုလူက ဆိုလိုက်၏။

“လူကြီးမင်း... ကျုပ် ဒီမျောက်ဖြူလေးကို ဝယ်ချင်ပါတယ်... ခင်ဗျား လိုချင်တဲ့ ဈေးနှုန်းကိုသာ ပြောလိုက်ပါ”

အခန်း (၂၂၀) - ပညာရှင် ရောက်လာပြီ

မျောက်ဖြူကြီးကို ဝယ်မယ်ဟုတ်လား။

လင်းကျင်းသည် ဘာတွေဖြစ်နေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်၏။

လူအသွင်ဆောင်ထားသည့် ဤမိစ္ဆာသည် စောစောကတည်းက မျောက်ဖြူကြီးကို သတိထားမိနေခြင်း ဖြစ်ရမည်။ သူတို့နှစ်ဦးလုံးမှာ မိစ္ဆာများ ဖြစ်ကြသဖြင့် တစ်ဦး၏ အခြေအနေကို တစ်ဦးက အာရုံခံမိကြခြင်းပင်။ မျောက်ဖြူကြီးသည်လည်း မိစ္ဆာတစ်ကောင် ဖြစ်မှန်း သူသိထားသဖြင့် မျောက်ဖြူကြီးကို လျှို့ဝှက်စကားပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် မျောက်ဖြူကြီးမှာ စကားပြောတတ်သည့် အစွမ်းကို မတတ်မြောက်သေးသဖြင့် သူ အံ့ဩသွားပုံရသည်။

ဤလူသည် သူ၏ အမျိုးအနွယ်ကို ကယ်တင်ချင်သည့် ဆန္ဒဖြင့် မျောက်ဖြူကြီးကို ဝယ်ယူရန် ကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ထို့နောက် လင်းကျင်းသည် မသိမသာပင် ရစ်ပတ်အပ်ကို ထုတ်ကာ စမ်းသပ်လိုက်ရာ သူ၏ သံသယမှာ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။

တစ်ဖက်လူသည် အမှန်တကယ်ပင် လူအသွင်ပြောင်းထားသည့် မိစ္ဆာတစ်ကောင် ဖြစ်သလို၊ မျောက်မိစ္ဆာတစ်ကောင်လည်း ဖြစ်နေသည်။

သူ၏ ခန္ဓာကိုယ်မှာ အဘယ်ကြောင့် ပိန်လှီနေပြီး ကိုယ်ပေါ်တွင် အမွှေးအမျှင်များ အလွန်များနေရသနည်းဆိုသည်မှာ အဖြေထွက်သွားလေပြီ။

အသွင်ပြောင်းထားသော်လည်း အချို့သော ဝိသေသလက္ခဏာများမှာ ကျန်ရှိနေဆဲ ဖြစ်၏။

ထို့ပြင် လင်းကျင်း သေချာလေ့လာကြည့်ချိန်တွင် ထိုမိစ္ဆာ၏ ခါးတွင် တစ်စုံတစ်ခုကို ပတ်ထားသည်ကို သတိထားမိလိုက်သည်။ သူ ခန့်မှန်းတာ မှန်လျှင် ထိုအရာမှာ မိစ္ဆာ၏ အမြီးပင် ဖြစ်ရမည်။ ကြည့်ရသည်မှာ ဤမိစ္ဆာ၏ အသွင်ပြောင်းအတတ်မှာ အပြစ်အနာအဆာ ရှိနေသလို၊ သို့မဟုတ်လျှင်လည်း ဤအတတ်ကို အပြည့်အဝ မတတ်မြောက်သေးခြင်း ဖြစ်ပေလိမ့်မည်။

လင်းကျင်းအနေဖြင့် မျောက်ဖြူကြီးကို ရောင်းရန် အစီအစဉ် လုံးဝမရှိသဖြင့် ခေါင်းခါပြလိုက်၏။ လင်းကျင်းက တစ်စုံတစ်ခုကို ထပ်မံ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်၊ ထိုမျောက်မိစ္ဆာသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး လူအုပ်ကြားထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

မကြာမီမှာပင် လုဘင် ရောက်ရှိလာ၏။

“အကဲဖြတ်မှူးလင်း... ကျုပ်ခင်ဗျားကို နေရာအနှံ့ လိုက်ရှာနေတာ”

လင်းကျင်းက ချက်ချင်းပင် တောင်းပန်လိုက်သည်။ သူသည် မျောက်မိစ္ဆာအကြောင်းကို လုဘင်အား မပြောပြဘဲ ဤကိစ္စကို ခေတ္တ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်၏။ သို့သော် မြို့တော်အရာရှိများမှာ ဤမိစ္ဆာများ ရှိနေခြင်းကို သတိမပြုမိကြပုံရပေသည်။ သို့မဟုတ်လျှင် ထိုမျောက်မိစ္ဆာမှာ ဤမျှ မြန်မြန်ဆန်ဆန် ထွက်ပြေးသွားမည် မဟုတ်ပေ။

သူသည် မြို့တော်တွင် ရက်အနည်းငယ် နေရဦးမည် ဖြစ်ရာ၊ ဤကိစ္စကို ဖြည်းဖြည်းချင်း စုံစမ်းရန် အချိန်ရှိပါသေးသည်။

လုဘင်က ဒီနေ့မှာပင် လူနာနှင့် ဆုံတွေ့နိုင်မည်ဖြစ်ကြောင်း အကြောင်းကြားလာ၏။

အခြေအနေများက ဤသို့ ဖြစ်လာပြီ ဖြစ်ရာ လုဘင်သည် လင်းကျင်းကို ဆက်လက် ဖုံးကွယ်မထားတော့ပေ။ သူ၏ သခင်မှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ ဆဋ္ဌမမြောက် မင်းသမီး ‘ဟယ်ယု’ ဖြစ်ကြောင်း ရှင်းပြလိုက်တော့သည်။

လင်းကျင်းက ခေါင်းညိတ်လိုက်၏။

သူ ခန့်မှန်းထားသည့်အတိုင်းပင် သူမ၏ မျိုးရိုးအမည်မှာ ‘ဟယ်’ ဖြစ်နေသည်။

လုဘင်သည် ဟယ်ယု၏ ကျိန်စာနှင့် ပတ်သက်၍ ဗဟုသုတ သိပ်မရှိလှပေ။ ၎င်းမှာ မျိုးရိုးစဉ်ဆက် ဆင်းသက်လာသည့် ကျိန်စာတစ်ခု ဖြစ်ကြောင်းသာ လင်းကျင်းကို ပြောပြနိုင်သည်။

လင်းကျင်းက နားမလည်သဖြင့် လုဘင်က ထပ်မံ ရှင်းပြရ၏။

ဤကျိန်စာမှာ ကျောက်စိမ်းနဂါး တော်ဝင်မိသားစုဝင်များကို မျိနှစ်ငါးဆယ်တိုင်တိုင် ဒုက္ခပေးနေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်ကျော်က တော်ဝင်မိသားစုဝင် အမျိုးသမီးတစ်ဦးတွင် ဤကျိန်စာကို စတင်တွေ့ရှိခဲ့ရပြီး သူမသည် အရွယ်ရောက်သည့် အခမ်းအနားကိုပင် ကျော်လွန်အောင် အသက်မရှင်နိုင်ခဲ့ပေ။ ထို့နောက်တွင်လည်း အခြားသော တော်ဝင်အနွယ်ဝင် မိန်းကလေးများတွင် ဤကျိန်စာ ပေါ်ပေါက်လာခဲ့ပြီး သေဆုံးသည်အထိ နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။

အခုတော့ ဤကျိန်စာမှာ ဟယ်ယုထံတွင် ပေါ်ပေါက်လာခြင်းပင်။

ဤဖော်ပြချက်ကို ကြည့်ရုံနှင့်ပင် ဤကျိန်စာမှာ မည်မျှ လက်ပေါက်ကပ်သည်ကို သိနိုင်ပေသည်။ တော်ဝင်မိသားစုအနေဖြင့် တစ်နိုင်ငံလုံးရှိ သယံဇာတများကို အသုံးပြုနိုင်သဖြင့် ဆေးဝါးများနှင့် ကျွမ်းကျင်သော ဆေးဆရာများကို ရှာဖွေရန် မခက်ခဲပေ။

သို့သော်လည်း မျိုးဆက်များစွာ ကြာသည်အထိ ကျိန်စာသင့်သည့် အမျိုးသမီး တစ်ဦးတစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပေ။ ဒါဟာ တော်ဝင်မိသားစု၏ အင်အားနှင့်ပင် ဤကျိန်စာကို မယှဉ်နိုင်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

လုဘင်၏ ပြောပြချက်ထဲမှ အရေးကြီးသည့် အချက်တစ်ခုကို လင်းကျင်း သတိပြုမိလိုက်သည်။

“မင်းသမီး ဟယ်ယုရဲ့ အရွယ်ရောက်တဲ့ အခမ်းအနားက မကြာခင် ကျင်းပတော့မှာလား”

လင်းကျင်းက မေးလိုက်၏။

လုဘင်က ခေါင်းညိတ်ပြကာ. ပြောလိုက်သည်။

“နောက်ထပ် ဆယ်ရက်နေရင်ပါပဲ”

“အော်...”

လင်းကျင်း ထပ်မမေးတော့ပေ။ လုဘင် ဘာကြောင့် ဤမျှ အလျင်လိုနေရသနည်းဆိုသည်မှာ ရှင်းလင်းသွားလေပြီ။ အချိန်က သိပ်မကျန်တော့ပေ။

လင်းကျင်းက မမေးသော်လည်း လုဘင်က ဆက်ပြောပြ၏။ “အကဲဖြတ်မှူးလင်း ပေးလိုက်တဲ့ ဆေးနည်းကြောင့် ကျုပ်တို့ ကံကောင်းခဲ့တာပါ... 'ရေကိုးသွယ်တိမ်တိုက်ဆေးလုံး’ ရဲ့ အစွမ်းသာ မရှိရင်၊ ကျုပ်ရဲ့ သခင်မလေးက အရင်လူတွေလိုပဲ အိပ်ရာပေါ်မှာ လဲလျောင်းရင်း သေမယ့်ရက်ကို စောင့်နေရမှာပါ”

ထိုဆေးလုံးမှာ တကယ်ပင် အစွမ်းထက်လှသလို ကျိန်စာများကို ဖယ်ရှားရာတွင်လည်း အတုမရှိပေ။ သို့သော် ၎င်းကပင် ဟယ်ယု၏ ကျိန်စာမှာ မည်မျှ ပြင်းထန်သည်ကို သက်သေပြနေခြင်းလည်း ဖြစ်၏။

သို့သော်လည်း ‘သားရဲပြတိုက်’ တွင် အဖြေရှိနေသဖြင့် ကြောက်စရာမရှိပေ။

လင်းကျင်း၏ မျက်နှာမှာ တည်ငြိမ်နေမြဲ ဖြစ်၏။ လုဘင်သည် ဤကျိန်စာအကြောင်း ရှင်းပြနေစဉ် တစ်လျှောက်လုံး လင်းကျင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လင်းကျင်းက ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို မြင်ရသောအခါ၊ လုဘင်က လင်းကျင်းသည် မိမိကိုယ်မိမိ အလွန်ယုံကြည်မှု ရှိနေသည် သို့မဟုတ် ဤကျိန်စာ၏ ကြောက်စရာကောင်းပုံကို မမြင်ဖူးသေးသဖြင့် မကြောက်ခြင်း ဖြစ်ရမည်ဟု တွေးလိုက်မိသည်။

သူကတော့ ပထမအချက် ဖြစ်ရန်သာ မျှော်လင့်နေမိ၏။ လုဘင်သည် လင်းကျင်း၏ အစွမ်းကို မြင်ဖူးထားသလို၊ ရဲ့ယွီကျိုးကလည်း ‘ပြတိုက်မှူး’ ဆိုသူမှာ လောကတွင် မလုပ်နိုင်သည့်အရာ မရှိသကဲ့သို့ ချီးမွမ်းပြောဆိုထားသည် မဟုတ်ပါလား။

ထို့ကြောင့် လင်းကျင်း မတတ်နိုင်လျှင်တောင် သူ၏ ဆရာဖြစ်သူ ပြတိုက်မှူးထံမှ အကူအညီ တောင်းခံနိုင်ပေလိမ့်မည်။

ဟယ်ယုကိုသာ ကယ်တင်နိုင်မည်ဆိုလျှင် လုဘင်အနေဖြင့် မည်သည့်အရာကိုမဆို ပေးဆပ်ရန် အဆင်သင့်ပင်။

အခုတော့ သူတို့သည် နန်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့ကြပြီ။

လွန်ခဲ့သည့် နှစ်ပေါင်း လေးရာကျော်က တည်ဆောက်ခဲ့သည့် ကျောက်စိမ်းနဂါးနန်းတော်မှာ ခန့်ညားထည်ဝါလှသလို အရှိန်အဝါလည်း ကြီးမားလှပေသည်။ မြင့်မားလှသော တံတိုင်းများ၏ အပေါ်တွင် လှပလှသော ပြာသာဒ်ဆောင်များကို ဝေဝေဝါးဝါး မြင်နေရ၏။ ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသည့် စစ်သည်တော်များမှာ လက်နက်များကို ကိုင်ဆောင်ကာ ကင်းစောင့်နေကြရာ၊ ကြောက်တတ်သူများဆိုလျှင် မြင်ရုံနှင့်ပင် ခြေတုန်သွားနိုင်ပေသည်။

သို့သော် ထိုစစ်သည်များမှာ လုဘင်ကို မြင်သည်နှင့် ဘာမှမမေးဘဲ ရိုရိုသေသေ လမ်းဖွင့်ပေးကြ၏။

ထိုအချိန်တွင် လင်းကျင်းမှာတော့ လူကြားထဲတွင် ထင်ရှားနေတော့သည်။

“ဗိုလ်ချုပ်လု... ဒါက...”

နန်းတော်အစောင့်တပ်မှူးသည် လုဘင်က လူတစ်ယောက်ကို ခေါ်လာသည်ကို မြင်သဖြင့် အနားသို့ တိုးလာကာ မေးလိုက်၏။

လုပင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ ပြောလိုက်သည်။

“ဒါက ဆဋ္ဌမမင်းသမီးကို ကုသဖို့အတွက် ငါ ဖိတ်ခေါ်လာတဲ့ ဆရာဝန်ပဲ”

“ဪ... ဆရာဝန်ကိုး... ကျေးဇူးပြုပြီး သူ့ရဲ့ နာမည်ကို ဒီမှာ မှတ်တမ်းတင်ပေးပါ”

တပ်မှူးက မှတ်တမ်းစာအုပ်ကို ကမ်းပေးလိုက်၏။ နန်းတော်ထဲသို့ ဝင်မည့် ဧည့်သည်များမှာ အမည်စာရင်း မှတ်တမ်းတင်ရမည်မှာ စည်းကမ်းပင်။

လုဘင်ကလည်း ဤစည်းကမ်းကို သိထားသဖြင့် လင်းကျင်းကို ကြည့်ကာ ရှင်းပြလိုက်၏။

“ဆရာလင်း... အခုက နန်းတော်ထဲမှာမို့ အလုပ်ရှုပ်မယ်ဆိုပေမဲ့၊ နောင်မှာ အခက်အခဲ မရှိရအောင် နာမည်လေးတော့ မှတ်တမ်းတင်ပေးပါဦး”

လင်းကျင်းက ခေါင်းညိတ်ကာ စုတ်တံကိုယူ၍ သူ၏အမည်ကို ရေးမှတ်လိုက်သည်။

“ရပါတယ်... ရပါတယ်”

ထို့နောက် သူသည် လုဘင်၏ နောက်မှ နန်းတော်အတွင်းသို့ လိုက်ပါသွား၏။

နန်းတော်မှာ မြို့ကြီးတစ်မြို့ကဲ့သို့ပင် ကြီးမားကျယ်ပြန့်လှသဖြင့် အချို့က ‘အတွင်းမြို့’ ဟုပင် ခေါ်ဆိုကြသည်။ အပြင်ဘက်ရှိ စည်ကားသံများနှင့် ယှဉ်လျှင် ဤနေရာမှာ အလွန်ပင် တိတ်ဆိတ်လှ၏။ လမ်းတွင် တွေ့ရသည့် နန်းတွင်းသူများနှင့် အစောင့်များမှာ အရေးတကြီး သွားလာနေကြသော်လည်း အသံမထွက်အောင် သတိထားနေကြသည်ကို တွေ့ရသည်။

ဤအခြေအနေမှာ တကယ့်ကို နန်းတော်နှင့် လိုက်ဖက်လှပေသည်။

ဘုရင်နှင့် အတူနေရခြင်းမှာ ကျားနှင့်အတူ နေရသကဲ့သို့ ဖြစ်ရာ ဤနေရာတွင် စည်းကမ်းများစွာ ရှိနေသည် မဟုတ်ပါလား။

လင်းကျင်းသည် ဟယ်ချန်းကို သတိရသွားမိ၏။ ထိုမိန်းကလေးမှာ အခုလို တင်းကျပ်လှသော နေရာတွင် အမြဲပုန်းအောင်းနေရသဖြင့် အပြင်ရောက်သည့်အခါ အခုလို စကားတွေ တရစပ် ပြောနေခြင်းလား။

ဒါဟာ မဖြစ်နိုင်ပေ။ ယောက်ျားအသွင်ဆောင်ထားသည့် ဟယ်ယုမှာ အေးစက်ပြီး စကားနည်းသူတစ်ဦး မဟုတ်ပါလား။

လင်းကျင်းသည် မိမိနဖူးကို ပြန်ရိုက်ကာ တွေးလိုက်မိ၏။ ‘ဪ... ငါ မေ့သွားတယ်... ဟယ်ယုက သူမ ကျိန်စာသင့်နေမှန်း သိထားတာပဲ... သူမရဲ့ အခြေအနေက ကမ္ဘာဦးက ကင်ဆာဝေဒနာရှင်တစ်ယောက်လို ဖြစ်နေမှာပေါ့... သူတို့ သေမယ့်ရက်ကို ကြိုသိနေတဲ့လူတွေက ဟယ်ချန်းလို ဘယ်လိုလုပ် တက်ကြွနေနိုင်ပါ့မလဲ’

“ဟူး... တကယ် သနားစရာ ကောင်းတာပဲ”

လင်းကျင်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ထိုစဉ် လုဘင်က လှည့်ပြောလိုက်၏။

“ဆရာလင်း... ရောက်ပါပြီ”

ရောက်ပြီပေါ့။

လင်းကျင်း အပေါ်သို့ မော့ကြည့်လိုက်ရာ တံတိုင်းနိမ့်လေးများ ဝန်းရံထားသည့် ခြံဝင်းတစ်ခုနှင့် အဆောက်အဦးကို မြင်လိုက်ရသည်။ ဒါဟာ ဆဋ္ဌမမင်းသမီး ဟယ်ယု၏ စံအိမ်တော် ဖြစ်ပေလိမ့်မည်။

လုဘင်သည် ဤနေရာသို့ မကြာခဏ လာလေ့ရှိသဖြင့် အစောင့်များက သူ့ကို မတားကြပေ။ လမ်းတွင်တွေ့ရသည့် နန်းတွင်းသူလေးများကလည်း ရိုသေစွာဖြင့် ‘ဗိုလ်ချုပ်လု’ ဟု နှုတ်ဆက်ကြ၏။

ခြံဝင်းကို ဖြတ်ကျော်ပြီးနောက် အဆောင်မကြီးအတွင်းသို့ ဝင်လိုက်ကြသည်။ အထဲသို့ ရောက်သည်နှင့် မွှေးပျံ့သော ရနံ့တစ်ခုနှင့်အတူ ရင်းနှီးနေသော အသံတစ်ခုကို လင်းကျင်း ကြားလိုက်ရ၏။

“အစ်မယွီ... ဘာလို့ ကျွန်မကို မယုံရတာလဲ... အစ်မရဲ့ ကျိန်စာကို ကုသပေးမယ့်သူ မကြာခင် ရောက်လာတော့မယ်လို့ ကျွန်မ ပြောနေတာပဲ... အရင်လိုပဲ အေးအေးဆေးဆေး စားသောက်ပြီး နေပါဦး... စိတ်ကို အရမ်း အပင်ပန်းမခံပါနဲ့”

ဒါဟာ ဟယ်ချန်း၏ အသံဖြစ်ကြောင်း လင်းကျင်း ချက်ချင်း မှတ်မိလိုက်သည်။

ထို့နောက် အားနည်းလှသော အမျိုးသမီးအသံတစ်ခုက ပြန်လည် တုံ့ပြန်လိုက်၏။

“ချန်းအာ... နင်ကတော့ စာအုပ်တွေ ပိုဖတ်ပြီး ဗဟုသုတ ရှာထားတာ ပိုကောင်းမယ်... မဟုတ်ရင် ငါ အေးအေးဆေးဆေး အနားယူနိုင်မှာ မဟုတ်ဘူး”

“ဟာ... အစ်မယွီကလည်း ဘာတွေ လျှောက်ပြောနေတာလဲ... အော်... သိပြီ၊ အစ်မက ကျွန်မကို မယုံဘူးပေါ့... ကျွန်မက အလကားတွေ လျှောက်ပြောနေတယ်လို့ ထင်နေတာလား”

“မဟုတ်ပါဘူး ချန်းအာရယ်... နင်ကတော့ အတွေးလွန်နေပြီ... ထားပါတော့လေ... နင်ပြောတဲ့ ပညာရှင်ကြီးကို ငါ စောင့်ကြည့်ပါ့မယ်”

“ဒါမှပေါ့... ဟူး... ဒါနဲ့ ဦးလေးလုကို မမြင်ရတာ ကြာပြီနော်”

“ဦးလေးလုက အလုပ်ကိစ္စနဲ့ အပြင်သွားနေတာ... မကြာခင် ပြန်ရောက်လာမှာပါ”

လုဘင်၏ ခြေသံကို ကြားလိုက်သည်နှင့် သူတို့၏ စကားဝိုင်းမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

လုဘင်သည် လင်းကျင်းကို အဆောင်ရှေ့တွင် ခဏစောင့်ခိုင်းထားပြီး၊ သူတစ်ဦးတည်း အထဲသို့ ဝင်သွားပါတော့သည်။

All Chapters