အခန်း (၆၆၁-၆၆၃)
Vol. 45 Ch. 661-663
အခန်း (၆၆၁) - မိစ္ဆာကျင့်စဉ်
~“ပိုပြီး အစွမ်းထက်တဲ့ မန္တန်တွေ ဟုတ်လား”
မော့လင်အာ မှာ အစွန်းရောက်အောင်ပင် အံ့အားသင့်သွားကာ သူမ၏ မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရ၏။
ထိုအမည်းရောင် အခိုးအငွေ့များအတွင်း ပုန်းကွယ်နေသော ပုဂ္ဂိုလ်က မော့လင်အာကို ပို၍ပင် သိချင်စိတ် ပြင်းပြစေခဲ့တော့သည်။ ဤလောကတွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သည့် ဖြစ်တည်မှုမျိုး ရှိနေနိုင်သည်ကို သူမ လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။
မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း မော့လင်အာအား ကောင်းကင်ဘုံလူသား အဆင့် ပဉ္စမအလွှာ သို့ တစ်ဟုန်ထိုး တိုးတက် သွားအောင် ကူညီပေးနိုင်ခြင်းမှာ မည်သည့် လူသားမျှ မတတ်စွမ်းနိုင်သော အရာပင် ဖြစ်သည်။ ဤအချက်ကပင် သူမအား ယုံမှားဖွယ်မရှိ မှင်သက်သွားစေခဲ့တော့၏။
သူမသည် အမုန်းတရားများ ကိန်းအောင်းနေသူ တစ်ဦး ဖြစ်နေရုံသက်သက်ဖြင့် ထိုသူက မည်သည့် တုံ့ပြန်မှုကိုမျှ မမျှော်လင့်ဘဲ အမှန်တကယ် ကူညီပေးနေခြင်းလော။
'သူက တကယ်ပဲ ဘယ်သူလဲ... အင်မော်တယ် လက်နက် စံအိမ် ကိုတောင် အပ်ဖျားခန့်မျှ ဂရုမစိုက်ရဲဘူး... သူ ပြောနေတာတွေက လိမ်နေတာတော့ မဟုတ်လောက်ဘူး'
မော့လင်အာ သူမ၏ စိတ်ထဲမှ ကြိတ်၍ ကောက်ချက်ချ လိုက်မိသည်။
“မှန်တယ်... မြေကမ္ဘာအဆင့် သိုင်းကွက်တွေထက် ပိုပြီး အစွမ်းထက်တဲ့ သိုင်းပညာတွေအပြင်... မင်း ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း အတိုင်းအဆမဲ့ ငါ ပေးနိုင်တယ်”
ထိုသြရှရှ အသံက အမည်းရောင် အခိုးအငွေ့များကြားမှ ထပ်မံ ထွက်ပေါ်လာပြန်၏။
“ရှင် တကယ်ပဲ ဘာကို လိုချင်နေတာလဲ”
မော့လင်အာက ထိတ်လန့်တကြား မေးမြန်းလိုက်သည်။ သူမအနေဖြင့် ဤကဲ့သို့သော ကံကောင်းသည့် အခွင့်အရေးမျိုးနှင့် ကြုံတွေ့ရသည်ကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်ပေ၏။
ထိုအခါ ဆန်းကြယ်သော ဖြစ်တည်မှုက ပြန်လည် တုံ့ပြန်လိုက်သည်။
“ငါ မင်းကို ပြောပြီးပြီလေ... ငါ့မှာ မင်းလို လူမျိုးတွေ လိုအပ်တယ်... မင်းတို့ ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ... သိုင်းကွက်တွေနဲ့ ကျင့်စဉ်တွေကို ငါက ဘာမှ ပြန်မတောင်းဘဲ ပေးမှာပါ”
“ကျွန်မလို လူမျိုးတွေ လိုအပ်တယ် ဟုတ်လား”
မော့လင်အာမှာ အလွန်တရာ နားမလည်နိုင်အောင် ဖြစ်သွားရကာ ထိုသူ ဆိုလိုသည့် အဓိပ္ပာယ်ကို ခေါင်းခဲမတတ် စဉ်းစား နေမိတော့၏။
“ငါက မင်းအတွက် လုံလောက်တဲ့ ခွန်အားနဲ့ အာဏာကိုပဲ ပေးမှာပါ... မင်း ကျင့်ကြံဖို့ လိုအပ်တဲ့ ကျင့်စဉ်တွေနဲ့ သိုင်းကွက်တွေကိုလည်း ငါ ပံ့ပိုးပေးမယ်... ကျန်တဲ့ ကိစ္စတွေကိုတော့ မင်း မေးနေဖို့ မလိုဘူး... မင်းကိုယ်မင်းပဲ ပြန်မေးကြည့်လိုက်... အဲဒီ အရာတွေကို မင်း တကယ် လိုချင်သလား ဆိုတာကိုပဲ”
သြရှရှ အသံက အမည်းရောင် အခိုးအငွေ့များကြားမှ လွင့်မျော ထွက်ပေါ်လာသည်။
မော့လင်အာ တိတ်ဆိတ်သွားရ၏။ သူမသည် ကြီးမားသော ခွန်အားနှင့် အာဏာကို အမှန်တကယ် လိုအပ်နေသည်။ ဖုန်းဝူချန်ကို ရှုံးနိမ့်ခဲ့ရခြင်းကို သူမ လုံးဝ ခါးစည်းမခံနိုင်ချေ။ သို့မဟုတ်ပါက အရှုံးကို လက်ခံလိုက်ရုံဖြင့် သူမ၏ ဘဝမှာ ယခုကဲ့သို့ အခြေအနေမျိုးသို့ ကျရောက်သွားမည် မဟုတ်ချေ။
“ဘယ်လိုလဲ... သေသေချာချာ စဉ်းစားပါဦး... ငါ မင်းကို အတင်းအကျပ် မတိုက်တွန်းပါဘူး... မင်း လိုအပ်တဲ့ အချိန်တိုင်း ငါကတော့ ပေးဖို့ အဆင်သင့်ပါပဲ... ဒါတွေက ကျူးကော့ မိသားစု က ပေးနိုင်တာတွေထက် အများကြီး ပိုပြီး သာလွန်တယ်ဆိုတာ မင်း သိထားဖို့ လိုမယ်”
ဟု အမည်းရောင် အခိုးအငွေ့များက လှုပ်ရှားသွားရင်း စကားဆိုလိုက်သည်။
“ကျွန်မ သေချာ စဉ်းစားပြီးပြီ... ကျွန်မမှာ အကြီးစား ခွန်အားနဲ့ အာဏာ လိုအပ်တယ်... အခု ရှင်က ကျွန်မကို ခွန်အားတွေ ပေးပြီးပြီဆိုတော့... နောက်ထပ် အာဏာကိုလည်း လိုအပ်တယ်”
စိတ်ဆုံးဖြတ်ချက် ခိုင်မာသွားပြီ ဖြစ်သော မော့လင်အာက ပြတ်သားစွာ ပြောလိုက်သည်။
“ကောင်းပြီ... မင်းရဲ့ ဒီနေ့ ဆုံးဖြတ်ချက်အတွက် နောင်တစ်ချိန်မှာ မင်း သေချာပေါက် ကျေးဇူးတင်မိလိမ့်မယ်”
စကားသံနှင့်အတူ ဆန်းကြယ်သော အမည်းရောင် အခိုးအငွေ့များမှာ တဖြည်းဖြည်း စုစည်းသွားကာ လူပုံသဏ္ဍာန် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့၏။
မော့လင်အာသည် ထိုသူကို အကဲခတ်လိုက်မိသည်။ ထိုသူမှာ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး ဆံပင်များမှာ ဖြူဖွေးနေကာ သွေးရောင် လွှမ်းနေသော မျက်လုံးများက တဖျတ်ဖျတ် လက်နေ၏။ အမည်းရောင် ချပ်ဝတ်ကို ဆင်မြန်းထားကာ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အလွန်တရာမှ ရက်စက်ကြမ်းကြုတ် လှသည်။ ထိုအရှိန်အဝါကို ခံစားမိရုံဖြင့်ပင် လူတစ်ယောက်အား အလိုအလျောက် ထိတ်လန့်တုန်လှုပ် သွားစေနိုင်ပေ၏။
ထိုသူ ထုတ်လွှတ်နေသော အရှိန်အဝါမှာ အလွန်ပင် ယုတ်မာ ရိုင်းစိုင်းလှသည်။
ထိုအမျိုးသားကို မြင်လိုက်ရသည့် အခိုက်အတန့်၌ မော့လင်အာမှာ ကျောက်ရုပ်ကြီးပမာဖြစ် သွားရတော့၏။
“ကြောက်နေဖို့ မလိုပါဘူး... ငါ မင်းကို အန္တရာယ် မပေးပါဘူး... မင်းက ငါကိုယ်တိုင် လက်လှုပ်ရှားပြီး သတ်ဖို့တောင် အရည်အချင်း မပြည့်မီသေးဘူးလေ”
ထိုသူက တည်ငြိမ်စွာ ဆိုလိုက်သော်လည်း သူ၏ အသံမှာ သြရှရှ ဖြစ်နေဆဲပင်။
သူသည် မော့လင်အာကို ကြည့်ကာ ခပ်ပြုံးပြုံး ဖြင့် ဆက်၍ မေးလိုက်၏။
“ဘယ်လိုလဲ... ကောင်းကင်ဘုံလူသား အဆင့် ပဉ္စမအလွှာ ရဲ့ ခွန်အားက မင်းကို စိတ်လှုပ်ရှားစေရဲ့လား”
“ရှင် ကျွန်မကို ခွန်အားတွေတော့ ပေးပြီးပြီ... ဒါပေမဲ့ အာဏာကရော... အဲဒါကိုတော့ ကျွန်မ အခုထိ မမြင်ရသေးဘူး”
မော့လင်အာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမသည် သူမ၏ မျက်စိရှေ့ရှိ လူလတ်ပိုင်း အမျိုးသားကို သံသယ ရှိနေဆဲ ဖြစ်ကြောင်း ထင်ရှားလှပေ၏။
“အဲဒီ ကိစ္စအတွက် စိတ်ချပါ... အခုလောလောဆယ်တော့ ဒီကျင့်စဉ်တွေနဲ့ သိုင်းကွက်တွေကို အရင် ကျင့်ကြံလိုက်ဦး... မင်း ဒါတွေကို တတ်မြောက်သွားတဲ့ အခါကျရင် အာဏာဆိုတာ မင်းဆီကို အလိုလို ရောက်လာလိမ့်မယ်”
ထိုသူက အေးစက်စွာ ပြောလိုက်ပြီး သူ၏ မျက်နှာ အမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိချေ။
“လင်အာ... လင်အာ”
ကျူးကော့လျန်ချန် ၏ အော်ဟစ်သံများ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာတော့သည်။
“အစ်ကိုကြီးကျူးကော့... ကျွန်မ အခု ကျင့်ကြံနေတာမို့လို့... ကျေးဇူးပြုပြီး လာမနှောင့်ယှက်ပါနဲ့ဦး”
မော့လင်အာက အသံကျယ်ကျယ်ဖြင့် ပြန်လည် အော်ဟစ်လိုက်၏။
ကျူးကော့လျန်ချန်သည် မော့လင်အာ၏ အသံကို မကြားရသည်မှာ (၁) လကျော်နေပြီ ဖြစ်သဖြင့် ယခုကဲ့သို့ ကြားလိုက်ရသောအခါ သူသည် အတိုင်းအဆမဲ့ ဝမ်းသာသွားရပြီး ကပျာကယာပင် ပြန်လည် ပြောဆိုလိုက်တော့သည်။
“ကောင်းပြီလေ... အစ်ကိုကြီး လုံးဝ မနှောင့်ယှက်တော့ဘူး... ဘာအသံမှတောင် မထွက်စေရဘူး”
'တကယ့်ကို ကံကောင်းတာပဲ... လင်အာ ဘာမှမဖြစ်တော့ဘူး'
ကျူးကော့လျန်ချန်၏ ရင်ထဲတွင် အပျော်ကြီး ပျော်နေမိတော့၏။
သူသည် မော့လင်အာကို မမြင်တွေ့ရသေးသော်လည်း သူမ၏ အသံကို ကြားလိုက်ရရုံဖြင့်ပင် ကျေနပ် အားရနေပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူမ ဘာမှမဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီ မဟုတ်ပါလော။
လွန်ခဲ့သော (၁) လတာ ကာလအတွင်း ကျူးကော့လျန်ချန်၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ် အပြုံးပန်း တစ်ပွင့် ပွင့်လန်းလာခဲ့ခြင်းပင် ဖြစ်၏။
အခန်းအတွင်း၌မူ မော့လင်အာ၏ အကြည့်များက လူလတ်ပိုင်း အမျိုးသားထံသို့ စူးစိုက် ကျရောက်နေပြီး သူမက မေးလိုက်သည်။
“ရှင် တကယ်ပဲ ဘယ်သူလဲ”
မော့လင်အာသည် ထိုသူ၏ ကျင့်ကြံခြင်း အဆင့် မည်မျှ နက်နဲသည်ကို မဝေခွဲနိုင်သော်လည်း၊ ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာ အရှိန်အဝါများကြောင့် ထိုသူ၏ ကျင့်ကြံခြင်းမှာ အလွန်တရာမှ ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်ကိုမူ သူမ ခံစားသိရှိနေပေ၏။
“အချိန်တန်ရင် မင်း သိလာမှာပါ... ဒီကျင့်စဉ်က လူတိုင်း ကျင့်ကြံနိုင်တဲ့ အရာမျိုး မဟုတ်ဘူး... မင်း ဒါကို အောင်မြင်အောင် ကျင့်ကြံပြီးတာနဲ့ ငါ မင်းကို သိုင်းကွက်တွေ သင်ပေးမယ်”
ထိုသူက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
“ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ”
မော့လင်အာက သိချင်စိတ်ဖြင့် မေးလိုက်၏။
“မိစ္ဆာကျင့်စဉ် ပဲ”
ထိုသူက မောက်မာစွာပင် ပြန်လည် ဖြေကြားလိုက်သည်။
“မိစ္ဆာကျင့်စဉ် ဟုတ်လား”
မော့လင်အာသည် ဤအမည်ကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
“မေးခွန်းတွေ အများကြီး မမေးနဲ့ဦး... မင်းရဲ့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်လိုက်စမ်းပါ”
ထိုသူက ဆက်၍ ဆိုလိုက်၏။
“မင်းရဲ့ အမုန်းတရားက အရမ်းကို သန့်စင်တယ်... တခြားသူတွေရဲ့ မကောင်းမှုတွေထက် ဆယ်ဆလောက် ပိုပြီး ပြင်းထန်တယ်... ဒါတွေက မင်း ကျင့်ကြံဖို့အတွက် ငါ ပေးတဲ့ အရင်းအမြစ်တွေပဲ... ဘယ်သူ့ကိုမှ သိခွင့်မပေးနဲ့ဦး... ဒီရတနာတွေက လူတိုင်း ရနိုင်တဲ့ အရာတွေ မဟုတ်ဘူး... သေသေချာချာ ကျင့်ကြံပါ... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က တစ်ဟုန်ထိုး တိုးတက် လာလိမ့်မယ်”
စကားပြောနေစဉ်မှာပင် ထိုသူ၏ ပုံရိပ်မှာ ဆန်းကြယ်သော အမည်းရောင် အခိုးအငွေ့များ အဖြစ်သို့ ပျော်ဝင်သွားပြီး ရုတ်ချည်း ပျောက်ကွယ် သွားလေတော့သည်။
မော့လင်အာသည် သူမ၏ လက်ထဲမှ ကျမ်းလိပ်ကို ကြည့်ရင်း “မိစ္ဆာကျင့်စဉ်” ဟု မသိမသာ ရေရွတ် လိုက်မိ၏။
သိချင်စိတ်ကြောင့် မော့လင်အာသည် ကျမ်းလိပ်ကို ဖွင့်ဖတ်လိုက်ပြီး မိစ္ဆာကျင့်စဉ် ၏ စွမ်းအားကို စတင် လေ့လာလိုက်သည်။
အစပိုင်းတွင် သူမသည် အမှုမဲ့အမှတ်မဲ့သာ ရှိနေခဲ့သော်လည်း၊ အနုစိတ် ဖတ်ရှုပြီးနောက်တွင်မူ မော့လင်အာမှာ အစွန်းရောက်အောင်ပင် အံ့အားသင့်သွားရလေတော့၏။ မိစ္ဆာကျင့်စဉ် ၏ စွမ်းအားမှာ မည်သည့် မြေကမ္ဘာအဆင့် သိုင်းကွက် ထက်မဆို ပိုမို ကြောက်မက်ဖွယ် ကောင်းနေပြီး၊ မော့လင်အာ၏ စိတ်ကူးမှန်းဆချက်ထက် များစွာ ကျော်လွန်နေတော့သည်။
“ဒီ မိစ္ဆာကျင့်စဉ် က တကယ်ကို အစွမ်းထက်လွန်းတာပဲ”
မော့လင်အာမှာ အလွန်တရာ တုန်လှုပ်သွားရ၏။ ကျမ်းလိပ်အတွင်းရှိ နည်းစနစ်များမှာ သူမ တစ်သက်တွင် မြင်တွေ့ခဲ့ဖူးသမျှ အကြောက်စရာ အကောင်းဆုံးသော အရာများပင် ဖြစ်၏။
ဤမျှ ထိတ်လန့်ဖွယ် ကောင်းလှသော မိစ္ဆာကျင့်စဉ် ကို မြင်တွေ့လိုက်ရသောအခါ မော့လင်အာသည် ထိုလူလတ်ပိုင်း အမျိုးသား၏ နောက်ခံအကြောင်းအရင်းကို ပိုမို၍ သိချင်လာရတော့သည်။
အဘယ်ကြောင့် ဤမျှ အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးက သူမကဲ့သို့သော အညတရ တစ်ဦးအား အထူးတလည် အလေးပေးနေရပါသနည်း။
မော့လင်အာမှာ မည်သို့မျှ တွေးတော၍ မရနိုင်တော့ချေ။ သူမ၏ အမုန်းတရားများကြောင့်ဟု ဆိုခြင်းက တကယ်ပဲ ဟုတ်နိုင်ပါမည်လော။
သို့ဖြစ်သော်ငြားလည်း မော့လင်အာ ဆက်လက်၍ မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။ ယခုအခါ သူမသည် ကြီးမားသော အာဏာနှင့် အစွမ်းထက်လှသော ကျင့်စဉ်များကို ရရှိထားပြီ ဖြစ်ရာ၊ သူမ လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ ထိုဆန်းကြယ်သော ပုဂ္ဂိုလ်အား ကတိပေးထားသည့်အတိုင်း ကြိုးစား ကျင့်ကြံရန်သာ ဖြစ်ပေ၏။ ထိုသို့သာ လုပ်ဆောင်ပါက သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ တစ်ဟုန်ထိုး တိုးတက် လာမည် ဖြစ်ပြီး၊ မကြာမီမှာပင် ကြီးမားသော အာဏာကိုလည်း ပိုင်ဆိုင်နိုင်မည်မှာ ယုံမှားဖွယ် မရှိပေ။
ထျန်းယွမ်ဘုံ ကို မျက်တောင်တစ်ခတ်အတွင်း ကျော်ဖြတ်ကာ ကောင်းကင်ဘုံလူသား အဆင့် ပဉ္စမအလွှာ သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည့် သူမ၏ ကျင့်ကြံခြင်း အဆင့်ကို ပြန်လည် တွေးတောမိသောအခါ၊ မော့လင်အာသည် သူမ၏ ရင်တွင်းမှ အပျော်ကြီး ပျော်နေမှု ကို မထိန်းချုပ်နိုင်တော့ချေ။ ဤအခိုက်အတန့်တွင် သူမသည် မျှော်လင့်ချက် ရောင်ခြည်သစ်ကို အသေအချာ မြင်တွေ့လိုက်ရပြီ မဟုတ်ပါလော။
“ဖုန်းဝူချန်... စောင့်ကြည့်နေလိုက်စမ်း... ငါ မော့လင်အာ ကတော့ နင့်ကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး”
မော့လင်အာက ရက်စက်စွာ ကြိမ်းမောင်းလိုက်သည်။ သူမ၏ ပျောက်ဆုံးနေသော ယုံကြည်မှုများမှာ ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်၏။
ထိုဆန်းကြယ်သော ပုဂ္ဂိုလ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အင်မော်တယ် လက်နက် စံအိမ် ကို မြေလှန်ပစ်နိုင်သည်ဟု ဆိုခဲ့ခြင်းက၊ မော့လင်အာအား နောင်တစ်ချိန်တွင် သူမ ရရှိမည့် အာဏာသည် ဖုန်းဝူချန်ထက် မနည်းနိုင်ကြောင်း ပိုမို၍ အခိုင်အမာ ယုံကြည်သွားစေခဲ့တော့သည်။
ယုံကြည်မှုများ ပြန်လည် ရရှိလာပြီးနောက်၊ မော့လင်အာ၏ အကြည့်များက စားပွဲပေါ်ရှိ ထိုဆန်းကြယ်သော ပုဂ္ဂိုလ် ချန်ထားရစ်ခဲ့သည့် ကျင့်ကြံခြင်း အရင်းအမြစ်များထံသို့ ရောက်ရှိသွား၏။
၎င်းတို့မှာ မည်သို့သော ရတနာများ ဖြစ်ကြောင်း သူမ မသိသော်လည်း၊ အမည်းရောင် ကျောက်စိမ်း တစ်တုံးချင်းစီတိုင်းတွင် ရူးသွပ်စွာ ကြမ်းတမ်းလှသော စွမ်းအင်များ ကိန်းအောင်းနေကြောင်းကိုမူ သူမ ရှင်းလင်းစွာ အာရုံခံနိုင်သည်။
ထိုအမည်းရောင် ကျောက်စိမ်း များထံမှ မိစ္ဆာ အရှိန်အဝါများ ပြည့်နှက် ထွက်ပေါ်နေသော်လည်း၊ မော့လင်အာအတွက်မူ ဤအရှိန်အဝါများက အံ့သြဖွယ် ကောင်းလောက်အောင်ပင် စိတ်ကျေနပ်မှုကို ပေးစွမ်းနေ၏။
မော့လင်အာသည် ဤကဲ့သို့သော မိစ္ဆာ အရှိန်အဝါမျိုးကို နှစ်သက်နေသည်။
“မိစ္ဆာကျင့်စဉ် ကိုသာ ကျင့်ကြံလိုက်ရင် ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မကြာခင်မှာ ဖုန်းဝူချန်ကို ကျော်သွားတော့မှာပဲ... အကယ်၍ သူသာ ငါ့ကို မလိမ်ခဲ့ဘူး ဆိုရင်... အင်မော်တယ် လက်နက် စံအိမ် နဲ့ ကျန်းမိသားစု က သူ့ရဲ့ ကျောထောက်နောက်ခံ ဖြစ်နေရင်တောင် ငါ အပ်ဖျားလောက်တောင် မကြောက်ဘူး”
မော့လင်အာက အငြိုးကြီးစွာ..ကြုံးဝါးလိုက်၏။
သူမ ကြုံတွေ့ခဲ့ရသော အရှုံးများကို ပြန်လည် တွေးတောမိလေလေ၊ သူမ၏ ရင်ထဲတွင် မခံချင်စိတ်များ ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။
မော့လင်အာသည် ချက်ချင်းပင် ထိုင်ချလိုက်ကာ ကျင့်ကြံခြင်းကို စတင်လိုက်တော့၏။
မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်ရာ သူမသည် စိတ်အားထက်သန်မှု အပြည့်ဖြင့် ကျင့်ကြံနေလေတော့သည်။
အခန်း (၆၆၂) - ဆန်းကြယ်သော ပုဂ္ဂိုလ်
~“တကယ့်ကို ဝမ်းသာစရာပဲ... လင်အာက နောက်ဆုံးတော့ ငါ့ကို စကားပြန်ပြောပြီဟေ့”
ကျူးကော့လျန်ချန်သည် ရင်ထဲတွင် အပျော်ကြီး ပျော်နေပြီး မျက်နှာတစ်ခုလုံးလည်း ပြုံးဖြီးနေတော့၏။ သူသည် ခန်းမဆောင်အတွင်းသို့ ကလေးတစ်ယောက်လို ခုန်ပေါက်ပြေးဝင်လာသည်။
“စုစု... လင်အာ စကားပြောပြီဟဲ့... သိလား”
ခန်းမထဲတွင် အလုပ်ရှုပ်နေသော အစေခံမလေး စုစုကို မြင်သည်နှင့် ကျူးကော့လျန်ချန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
သို့သော်ငြားလည်း ကျူးကော့လျန်ချန် ကိုယ်တိုင် မသိရှိသည်မှာ မော့လင်အာသည် သူ၏ ခံစားချက်များကို စိုးစဉ်းမျှပင် ဂရုမစိုက်ခြင်းပင် ဖြစ်၏။ သူမသည် ကျူးကော့လျန်ချန်ကို အမှန်တကယ်လည်း ချစ်မြတ်နိုး မနေပေ။ သူမ အသည်းအသန် လိုလားနေသည်မှာ လောကကို အုပ်စိုး နိုင်မည့် အာဏာနှင့် ခွန်အားသာ ဖြစ်သည်။
ကျူးကော့ မိသားစုသည် ဝင်္ကပါပင်လယ်နယ်မြေတွင် အရှင်သခင် ဖြစ်လာခဲ့သော်လည်း သူတို့၏ အဆင့်အတန်းမှာ ထျန်းရှန်းဇီကဲ့သို့သော ပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျလွန်းလှပေ၏။
ဖုန်းဝူချန်သည် ထျန်းရှန်းဇီနှင့် တွေ့လျှင်ပင် မိမိကိုယ်ကိုယ် တပည့်တစ်ယောက်အဖြစ် နှိမ့်ချပြောဆိုတတ်သည်ဖြစ်ရာ ကျူးကော့ မိသားစုဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
မော့လင်အာ၏ စိတ်အာရုံထဲတွင် ကျူးကော့ မိသားစုအတွက် နေရာမရှိတော့ပေ။
ကျူးကော့လျန်ချန် အပျော်ကြီး ပျော်နေသည်ကို ကြည့်ပြီး ကျူးကော့သခင်မကြီးက အလွန် သဘောကျနေသော်လည်း ကျူးကော့မိသားစု၏ ခေါင်းဆောင်ကမူ ပညာမတတ်သော တပည့်ကို ကြည့်နေသည့် ဆရာတစ်ဦးပမာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းနေ၏။
“ဟင်... ဒါက ဘယ်လို အရှိန်အဝါမျိုးလဲ”
ထိုအခိုက်အတန့်၌ ကျူးကော့ခေါင်းဆောင်သည် တစ်စုံတစ်ခုကို မတော်တဆ အာရုံခံမိလိုက်သည်။ ထိုထူးဆန်းသော အရှိန်အဝါက သူ့ကို အလွန်တရာ နေရထိုင်ရ ခက်ခဲစေသည်။
သူသည် ခန်းမထဲမှ ကပျာကယာ ထွက်လာခဲ့သည်။ သူ၏ အကြည့်များက မော့လင်အာ၏ အခန်းဆီသို့ စူးစိုက်သွားကာ မျက်မှောင်ကြုတ်လိုက်မိ၏။
'ဘာလို့ လင်အာရဲ့ အခန်းထဲကနေ ဒီလောက် ရက်စက်ပြီး ယုတ်မာတဲ့ အရှိန်အဝါတွေ ထွက်နေရတာလဲ...'
ကျူးကော့ခေါင်းဆောင်မှာ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ဤမျှ ယုတ်မာသော အရှိန်အဝါများက မည်သည့်နေရာမှ ရောက်ရှိလာပြီး မော့လင်အာ၏ အခန်းထဲတွင် အဘယ်ကြောင့် ကိန်းအောင်းနေရသနည်း။
“ဘာဖြစ်လို့လဲ ရှင့်”
ကျူးကော့သခင်မကြီးက နားမလည်နိုင်စွာဖြင့် လှမ်းမေးလိုက်၏။
“ဘာမှ မဟုတ်ပါဘူး”
ကျူးကော့ခေါင်းဆောင်က ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
သို့ဖြစ်သော်ငြားလည်း သူ၏ ရင်ထဲတွင်မူ မတင်မကျ ဖြစ်နေဆဲပင်။ ကျူးကော့ခေါင်းဆောင်သည် လျှပ်တစ်ပြက်အတွင်းမှာပင် နေရာတင် ပျောက်ကွယ်သွားတော့၏။ ထိုယုတ်မာသော အရှိန်အဝါက သူ့ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။
“လင်အာ”
သူသည် တံခါးအပြင်ဘက်မှနေ၍ အသာအယာ ခေါ်လိုက်၏။
“ကျူးကော့ ခေါင်းဆောင် ပါလား”
မော့လင်အာမှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် သူမ၏ အရှိန်အဝါများကို ကပျာကယာ ပြန်လည် ထိန်းချုပ်လိုက်၏။ ထို့နောက် မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသော ကျောက်စိမ်းတုံးကိုလည်း သူမ၏ သိုလှောင်လက်စွပ်အတွင်းသို့ အမြန်ထည့်လိုက်သည်။
သူမသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး တံခါးသွားဖွင့်လိုက်တော့၏။
“မိစ္ဆာအရှိန်အဝါတွေ ပျောက်သွားပြီပဲ”
ကျူးကော့ခေါင်းဆောင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။
“ကျွိ...”
မော့လင်အာက တံခါးကို အတွင်းမှ ဖွင့်လိုက်ပြီး ကျူးကော့ခေါင်းဆောင်၏ ရှေ့တွင် ပေါ်လာ၏။
သူသည် အတော်လေးကို မှင်သက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က မည်သူပင်လာလာ မော့လင်အာသည် တံခါးကို တစ်ခါမျှ မဖွင့်ပေးခဲ့ဖူးသောကြောင့်ပင် ဖြစ်၏။ ယခုမူ သူမသည် မမျှော်လင့်ဘဲ တံခါးဖွင့်ပေးလာတော့သည်။
“ဦးလေးကျူးကော့... ခင်ဗျား ဘာကိစ္စရှိလို့လဲ”
မော့လင်အာက ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်၏။
“လင်အာ... အဆင်ပြေရဲ့လား”
ကျူးကော့ခေါင်းဆောင်သည် သတိပြန်ဝင်လာပြီးနောက် ကပျာကယာ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ပျောက်ကွယ်သွားသော မိစ္ဆာအရှိန်အဝါများကို သတိကြီးစွာဖြင့် ထပ်မံ အာရုံခံကြည့်နေမိ၏။
မော့လင်အာက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
“ဦးလေးကျူးကော့ရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်... ကျွန်မ အဆင်ပြေပါတယ်... ဖေဖေ့အတွက် လက်စားချေ မပေးနိုင်လို့ စိတ်မကောင်းဖြစ်နေရရုံတင်ပါ”
“ဖုန်းဝူချန်ရဲ့ နောက်ခံက အရမ်း ကြောက်စရာကောင်းလွန်းတယ်... ဦးလေးတို့အနေနဲ့လည်း မင်းကို မကူညီနိုင်တာကိုတော့ နားလည်ပေးပါကွယ်”
ကျူးကော့ခေါင်းဆောင်က သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ ကျူးကော့မိသားစု၏ အင်အားသည် ဖုန်းဝူချန်ကို ရန်စရန် လုံလောက်မှု မရှိကြောင်း သူ ကောင်းစွာ သိရှိထားပေ၏။
“လင်အာ နားလည်ပါတယ်”
မော့လင်အာက ခေါင်းညိတ်လိုက်သည်။ သူမအနေဖြင့် ကျူးကော့မိသားစုက သူမ၏ လက်စားချေမှုအတွက် ကူညီလိမ့်မည်ဟု အစကတည်းက မျှော်လင့်မထားခဲ့ပေ။
'လင်အာရဲ့ အခန်းထဲက မိစ္ဆာအရှိန်အဝါတွေက လုံးဝ ပျောက်သွားပြီပဲ...'
ကျူးကော့ခေါင်းဆောင်သည် စိတ်ထဲမှ တွေးတောနေမိ၏။ သူသည် မော့လင်အာ၏ အရှိန်အဝါမှအပ အခြား မည်သည့် အရှိန်အဝါကိုမျှ အာရုံမခံနိုင်တော့ချေ။
ကျူးကော့ခေါင်းဆောင်သည် ထိုမိစ္ဆာအရှိန်အဝါမှာ မော့လင်အာဆီက ထွက်လာခြင်း ဖြစ်နိုင်သည်ဟု တစ်ခါမျှ မစဉ်းစားခဲ့မိပေ။ သူသည် မော့လင်အာနှင့် ကြာမြင့်စွာ ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်ရာ ထိုကဲ့သို့သော အရာကို သူမနှင့် လုံးဝ မဆက်စပ်မိခြင်းပင် ဖြစ်တော့သည်။
“ဦးလေးကျူးကော့... တခြား ပြောစရာရှိသေးလို့လားဟင်”
မော့လင်အာက ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
“အာ... အဲဒါကတော့...”
ကျူးကော့ခေါင်းဆောင်မှာ အနည်းငယ် ကြောင်အသွားပြီးမှ ခေါင်းခါပြလိုက်၏။
“ဘာမှ မဟုတ်ပါဘူး... ဦးလေးက မင်းကို စိုးရိမ်လို့ လာကြည့်တာပါ... ကောင်းကောင်း အနားယူလိုက်ပါဦး”
“ကျေးဇူးတင်ပါတယ် ဦးလေးကျူးကော့”
မော့လင်အာက ခေါင်းညိတ်ပြလိုက်သည်။
ကျူးကော့ခေါင်းဆောင်သည် ထွက်ခွာမသွားမီ မော့လင်အာ၏ အခန်းကို နောက်တစ်ကြိမ် အကဲခတ်ကြည့်လိုက်သေး၏။ သူ၏ စိတ်ထဲတွင် သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
ခုနက ခံစားလိုက်ရသော မိစ္ဆာအရှိန်အဝါမှာ အထင်မှားစရာ လုံးဝ မရှိပေ။ သို့သော် ထိုအမည်းရောင် အခိုးအငွေ့များက မည်သည့်နေရာသို့ ရောက်သွားသည်ကိုမူ သူ လုံးဝ ခြေရာခံ၍ မရနိုင်တော့ချေ။
ကျူးကော့ခေါင်းဆောင်သည် ထျန်းကျီဘုံ ပညာရှင် တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းမှာ အလွန်တရာမှ အစွမ်းထက်လှသည်ကို သတိပြုသင့်သည်။
'ဦးလေးကျူးကော့ သတိထားမိသွားပုံရတယ်... ငါ ကျူးကော့မိသားစုမှာ ဆက်ပြီး ကျင့်ကြံလို့ မဖြစ်တော့ဘူး...'
မော့လင်အာသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။
ထိုအမည်းရောင် ကျောက်စိမ်းတုံးများမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သိသာလွန်းလှပေ၏။ သူမသည် ကျင့်ကြံရန်အတွက် လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်လိုက်လေတော့သည်။
ထိုဆန်းကြယ်ပြီး ထူးဆန်းသော အမည်းရောင် အခိုးအငွေ့များ၊ အစွမ်းထက်လှသော ကျင့်စဉ်နှင့် များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များက မော့လင်အာအား သည်းသည်းမည်းမည်း ဆွဲဆောင်နေခဲ့ပြီ ဖြစ်၏
...
နတ်ဘုရား ဘုရင် နန်းတော်။
နန်းတော် ခန်းမဆောင်ကြီးအတွင်း၌ ဆန်းကြယ်ပြီး ခြောက်ခြားဖွယ် ကောင်းသော အမည်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာ၏။
“အားလုံး ထွက်သွားကြစမ်း”
နတ်ဘုရား ဘုရင် နန်းတော်သခင်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကျန်လူများအားလုံးကို ထွက်ခွာသွားရန် အမိန့်ပေးလိုက်သည်။
မကြာမီမှာပင် ထိုထူးဆန်းသော အမည်းရောင် အခိုးအငွေ့များသည် စုစည်းသွားကာ မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားတော့၏။
ဤလူသည်ကား မော့လင်အာ၏ အခန်းထဲတွင် ပေါ်ပေါက်ခဲ့သော ထိုဆန်းကြယ်သော ပုဂ္ဂိုလ်ပင် ဖြစ်သည်။
“နတ်ဘုရား ဘုရင် နန်းတော်သခင်”
ထိုလူလတ်ပိုင်း အမျိုးသားက သြရှရှ အသံဖြင့် ဖြည်းညင်းစွာ စတင် စကားဆိုလိုက်၏။
ထိုအမျိုးသား၏ လေသံတွင် ရိုသေလေးစားမှု အပ်ဖျားခန့်မျှ မပါရှိဘဲ ယုတ်မာမှုနှင့် မောက်မာမှုများသာ ပြည့်နှက်နေသည်။
နတ်ဘုရား ဘုရင် နန်းတော်သခင်သည် သူ၏ ပလ္လင်ပေါ်မှ ချက်ချင်း ဆင်းလာကာ ထိုသူ့အား ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်၏။
“ဆရာသခင်ကြီး”
“ဝင်္ကပါပင်လယ်နယ်မြေက ကျူးကော့မိသားစုမှာ မော့လင်အာ ဆိုတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်... သူက ငါ့ရဲ့ အချစ်ဆုံး တပည့်ပဲ... သူ့ကို သေသေချာချာ စောင့်ရှောက်လိုက်စမ်း”
ဆရာသခင်ကြီး ဟု ခေါ်ဝေါ်ခြင်း ခံရသော အမျိုးသားက အေးစက်စွာ အမိန့်ပေးလိုက်သည်။
“စိတ်ချပါ ဆရာသခင်ကြီး... ဒီလက်အောက်ငယ်သား သူ့ကို တိတ်တဆိတ် စောင့်ရှောက်ဖို့အတွက် လူလွှတ်လိုက်ပါ့မယ်”
နတ်ဘုရား ဘုရင် နန်းတော်သခင်က အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ နာခံလိုက်၏။
စကားပြောပြီးနောက် နတ်ဘုရား ဘုရင် နန်းတော်သခင်က ဆက်လက်၍ ဆိုလိုက်သည်။
“ဆရာသခင်ကြီး... အခုတလော ယင်ယန် မိသားစု၊ ပိုင်လီ မျိုးနွယ်စု နဲ့ နတ်ဆိုးမျိုးနွယ်တွေက သိပ်ပြီး လှုပ်ရှားနေကြတယ်... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ ကိစ္စတွေကိုလည်း အကြိမ်ကြိမ် ဝင်နှောင့်ယှက်နေကြတယ်... ဒီလက်အောက်ငယ်သားတို့ရဲ့ အင်အားက သူတို့ကို မယှဉ်နိုင်သေးလို့ ဆရာသခင်ကြီးဆီကနေ အကူအညီ တောင်းခံချင်ပါတယ် ခင်ဗျာ”
“ဒီကိစ္စကို ငါ သိပြီးသားပါ... မင်းတို့ အားလုံးက ဖုန်းဝူချန် ကြောင့် ဖြစ်နေတာပဲ... နတ်ဘုရား လက်နက်တွေကို လုယူချင်နေကြတာ မဟုတ်လား”
ထိုအမျိုးသားက အေးအေးဆေးဆေးပင် ဆိုလိုက်၏။
“မှန်ပါတယ် ခင်ဗျာ”
နတ်ဘုရား ဘုရင် နန်းတော်သခင်က ရိုသေစွာ ခေါင်းညိတ်လိုက်သည်။
“မင်း လုယူချင်တယ် ဆိုရင်လည်း လုလိုက်ရုံပဲလေ”
ထိုဆန်းကြယ်သော ပုဂ္ဂိုလ်က ပြတ်သားစွာပင် တုံ့ပြန်လိုက်၏။ သူသည် ယင်ယန် မိသားစု၊ ပိုင်လီ မျိုးနွယ်စု နှင့် နတ်ဆိုးမျိုးနွယ်စုများကို အပ်ဖျားခန့်မျှပင် ဂရုမစိုက်သည့်အလား ရှိနေသည်။
“ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီး”
နတ်ဘုရား ဘုရင် နန်းတော်သခင်မှာ အတိုင်းအဆမဲ့ ဝမ်းသာသွားရတော့၏။
“နတ်ဘုရား ဘုရင် နန်းတော်သခင်... မင်းသာ ငါ့အပေါ်မှာ သစ္စာရှိမယ် ဆိုရင်၊ မင်းကို နတ်ဘုရား အသွင်ပြောင်းဘုံ အဋ္ဌမအလွှာ ထိ ရောက်အောင် ငါ သေချာပေါက် ကူညီပေးမယ်... ယင်ယန် မိသားစုကို ကျော်တက်ဖို့ ဆိုတာလည်း ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ဒါတွေ အားလုံးက မင်းရဲ့ သစ္စာရှိမှုအပေါ်မှာပဲ မူတည်လိမ့်မယ်”
ထိုအမျိုးသားက အေးစက်စွာ ပြောလိုက်၏။ သူ့အတွက် နတ်ဘုရား အသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထိ ပို့ဆောင်ပေးရန်မှာ အညတရ ကိစ္စတစ်ခုမျှသာ ဖြစ်သည့်အလားပင်။
“တကယ့်ကို ကောင်းတာပဲဗျာ... ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီး”
နတ်ဘုရား ဘုရင် နန်းတော်သခင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေတော့သည်။
“မင်းရဲ့ မိစ္ဆာကျင့်စဉ် ကို ကျင့်ကြံဖို့ ငါ သဘောတူလိုက်ပြီ”
ထိုအမျိုးသားက ဆက်ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ နတ်ဘုရား ဘုရင် နန်းတော်သခင်၏ မျက်နှာတွင် အစွန်းရောက်သော ပျော်ရွှင်မှုများ ထင်ဟပ်သွားတော့သည်။
“တကယ့်ကို ဝမ်းသာစရာပဲ... ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီး... ကျေးဇူးတင်ပါတယ် မိစ္ဆာဘုရင်ကြီး ခင်ဗျာ”
“အရမ်းကြီး မပျော်နေနဲ့ဦး... မိစ္ဆာဘုရင်ကြီး ပေးအပ်ထားတဲ့ တာဝန်ကို မင်း အခုထိ အောင်မြင်အောင် မလုပ်ရသေးဘူး... နောက်ပြီး ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားတွေကိုတောင် လူငယ်လေး တစ်ယောက်ရဲ့ လက်ထဲ ရောက်သွားအောင် လွှတ်ထားခဲ့သေးတယ်... မင်းရဲ့ ဒီနေ့ ကျင့်ကြံခြင်း အဆင့်တွေ အားလုံးက မိစ္ဆာဘုရင်ကြီး ကြောင့် ရခဲ့တာဆိုတာကို မမေ့နဲ့ဦး”
ထိုအမျိုးသား၏ လေသံမှာ ပိုမို အေးစက် ခက်ထန်လာတော့၏။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... အခု နတ်ဘုရား ဘုရင် နန်းတော်ရဲ့ အင်အားက တကယ်ပဲ မလုံလောက်သေးလို့ပါ... အကယ်၍ ကျူးလွန် ဝင်ရောက်ဖို့ ကြိုးစားရင် နတ်ဘုရား ဘုရင် နန်းတော်ရဲ့ အင်အားတွေ အများကြီး ဆုံးရှုံးသွားမှာ စိုးရိမ်လို့ပါ ခင်ဗျာ”
နတ်ဘုရား ဘုရင် နန်းတော်သခင်က အနည်းငယ် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“မိစ္ဆာဘုရင်ကြီးက မင်းကို ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားတွေကို အမြန်ဆုံး ရှာခိုင်းလိုက်တယ်”
ထိုအမျိုးသားက အေးစက်စွာ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ ခင်ဗျာ”
နတ်ဘုရား ဘုရင် နန်းတော်သခင်သည် ရိုသေစွာပင် ခေါင်းညိတ်လိုက်သည်။ သူသည် နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာ ရှိသော အစွမ်းထက် ပညာရှင်ကြီး တစ်ဦး ဖြစ်သော်ငြားလည်း၊ ဤအမျိုးသား၏ ရှေ့တွင်မူ အနည်းငယ်မျှပင် မရိုမသေ မလုပ်ရဲချေ။
နတ်ဘုရား ဘုရင် နန်းတော်သည် ယနေ့ခေတ် တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး အင်အားစု တစ်ခု ဖြစ်လာခဲ့ခြင်းမှာ ထိုကဲ့သို့သော ကြောက်မက်ဖွယ် နောက်ခံ အင်အားစုများ၏ ကူညီမှုကြောင့်ပင် ဖြစ်ပုံရသည်။
ထိုဆန်းကြယ်သော အမျိုးသား ပြောဆိုနေသည့် မိစ္ဆာဘုရင် ဆိုသည့် ပုဂ္ဂိုလ်ကြီးမှာမူ နတ်ဘုရား ဘုရင် နန်းတော်သခင်ကိုပင် သတိကြီးစွာ ထားရလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေတော့၏။
အခန်း (၆၆၃) - နောင်တ မရစေနဲ့
~အချိန်တွေက တရွေ့ရွေ့.. ကုန်ဆုံးသွားခဲ့တော့၏။ မသိလိုက်ဘာသာနှင့်ပင် (၁) လတာ ကာလက ကုန်လွန်သွားခဲ့သည်။
ကိုးထပ် ချန်ခွင်းမျှော်စင်၏ ပဉ္စမမြောက် အလွှာအတွင်း၌မူကား လျိုချင်းယန်နှင့် အခြားသူများက နဝမအဆင့် နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်၏ သွေးမျိုးဆက်များနှင့် စွမ်းအင်ကိုယ်ထည်များကို အသုံးချကာ မိမိတို့၏ ကျင့်ကြံခြင်းအဆင့်များကို အံ့မခန်း အရှိန်အဟုန်ဖြင့် မြှင့်တင်နေကြလေသည်။ တစ်လတာ ကာလအတွင်းမှာပင် အဆင့်တက်ရန် တာစူနေကြသော စစ်သည်တော် အမြောက်အမြားမှာ အဆင့်ဆင့် တိုးတက်သွားခဲ့ကြတော့၏။
အကြောင်းမူကား နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအဆင့် ပညာရှင်တစ်ဦး၏ သွေးမျိုးဆက် စွမ်းအားဆိုသည်မှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့် ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်မှ လူများ လပေါင်းများစွာ သည်းသည်းမည်းမည်း စုပ်ယူအသုံးချခဲ့ကြသော်ငြား ထိုစွမ်းအားများမှာ လျော့ပါးသွားခြင်း အလျဉ်းမရှိဘဲ တရကြမ်း ပြည့်နှက်နေဆဲပင် ဖြစ်ပေသည်။
ထိုစဉ် သတ္တမမြောက် အလွှာ၌ကား အချိန်စီးဆင်းမှုမှာ နှစ်ဆမျှ ပိုမိုမြန်ဆန်နေလေရာ ဖုန်းဝူချန်အတွက်မူ နှစ်လတာ ကာလနှင့် ညီမျှနေခဲ့လေပြီ။ သူသည်ကား ဝူမီးတောက်ကို မရပ်မနား ဆက်လက် သန့်စင်နေဆဲပင်။
နှစ်လတာ ကာလ ကြာမြင့်သွားပြီးနောက်တွင်မူ ဝူမီးတောက်၏ နာကျင်စွာ အော်ဟစ်သံများ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။ ဖုန်းဝူချန်၏ လက်ဖဝါးရှေ့မှောက်၌မူ အမည်းရောင် မီးတောက် အမျှင်တန်းလေးတစ်ခုက ငြိမ်သက်စွာဖြင့် တဖျတ်ဖျတ် တောက်လောင်နေလေ၏။ ကြည့်ရသည်မှာ လွန်စွာမှ လိမ္မာယဉ်ကျေးနေသည့် အသွင်ပင်။
အပေါ်ယံ၌ နူးညံ့နေသယောင် ထင်ရသော်ငြား အမှန်တကယ်တွင်မူ ထိုမီးတောက်လေးမှာ အစွန်းရောက်သည်အထိ အားနည်းသွားခဲ့ခြင်းသာ ဖြစ်ပေသည်။ ဝူမီးတောက် ဆိုသည်မှာ ရှေးဦး ကမ္ဘာဦးခေတ်၏ အစွမ်းအထက်ဆုံး မီးတောက်များထဲမှ တစ်ခု မဟုတ်ပါလော။ ဖုန်းဝူချန်၏ ယခုလက်ရှိ ကျင့်ကြံခြင်းအဆင့်မျိုးဖြင့် ဝူမီးတောက်ကို သန့်စင်ရန် ဆိုသည်မှာ လုံးဝ မလွယ်ကူသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ အားနည်းနေသည့် အခြေအနေမျိုး၌တောင်မှ လွန်စွာမှ ခက်ခဲကြမ်းတမ်းခဲ့ရလေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဖုန်းဝူချန်ထံ၌ ‘မိစ္ဆာနဂါး နတ်ဘုရားမှတ်တမ်း’ ၏ မှတ်ဉာဏ်များ ရှိနေခဲ့၏။ ထိုမှတ်ဉာဏ်များထဲတွင် ဝူမီးတောက်၏ ဝိညာဉ်ခန္ဓာကိုယ်ကို အားနည်းသွားစေရန် ပြုလုပ်ပြီး သန့်စင်နိုင်မည့် နည်းလမ်းများ ပါဝင်နေသောကြောင့်သာ ယခုကဲ့သို့ အောင်မြင်သွားခဲ့ခြင်း ဖြစ်တော့သည်။
ဤနှစ်လတာ ကာလအတွင်း၌ ဖုန်းဝူချန်သည် ဝူမီးတောက်၏ တစ်ဝက်ခန့်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သလို၊ သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်မှာလည်း ကောင်းကင်ဘုံလူသား အဋ္ဌမအဆင့်သို့ ခြေစုံပစ် ဝင်ရောက်သွားခဲ့လေပြီ။
ဝူမီးတောက်၏ ကြီးမားလှသော စွမ်းအားများကို သန့်စင်ရင်းဖြင့် ကျင့်ကြံခြင်းအတွက်ပါ တစ်ပါတည်း အသုံးချခဲ့လေရာ ယခုကဲ့သို့ အဆင့်တက်သွားခြင်းက အံ့သြဖွယ်ရာတော့ မဟုတ်ပေ။ တစ်ပြိုင်နက်တည်းမှာပင် ဖုန်းဝူချန်သည် ဝူမီးတောက်ကို စိတ်ကြိုက် ဆင့်ခေါ်နိုင်စွမ်းနှင့်တကွ ပြီးပြည့်စုံသော ထိန်းချုပ်နိုင်စွမ်းကိုပါ ရရှိသွားခဲ့လေသည်။
ယခုအခါ ဝူမီးတောက်ကိုပင် ပြန်လည်အသုံးချ၍ ကျန်ရှိနေသော ဝူမီးတောက်များကို ဆက်လက် သန့်စင်ရတော့မည် ဖြစ်ရာ သူ၏ အရှိန်အဟုန်မှာ နှစ်ဆခန့် ပိုမို မြန်ဆန်လာခဲ့တော့၏။
လက်ရှိ အရှိန်အဟုန်အရ ဆိုပါလျှင် နောက်ထပ် တစ်လအတွင်း၌ ဝူမီးတောက် တစ်ခုလုံးကို အပြည့်အဝ သန့်စင်နိုင်တော့မည် ဖြစ်ပြီး၊ ထိုအခါကျလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း နောက်တစ်ကြိမ် တစ်ဟုန်ထိုး တိုးတက်လာဦးမည်မှာ အသေအချာပင်။
ဝူမီးတောက်ကို အပြည့်အဝ ထိန်းချုပ်နိုင်လာသည့် အခါမှသာ ထိုမီးတောက်က မည်မျှတိုင်အောင် ကြောက်မက်ဖွယ် ကောင်းနေသနည်း ဆိုသည်ကို ဖုန်းဝူချန် တစ်ယောက် ကောင်းစွာ သဘောပေါက်သွားတော့သည်။ ဤအရာက ရေခဲနှင့် မီး၏ အစွန်းရောက် ခံစားချက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်စွမ်း ရှိလေသည်။
ဝူမီးတောက်သည် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှသော အအေးဓာတ်ကို ထုတ်လွှတ်နိုင်သလို၊ ကြောက်မက်ဖွယ် ကောင်းသည့် ပူလောင်မှုများကိုလည်း ထုတ်ဖော်နိုင်စွမ်း ရှိ၏။ ဝူမီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားမှာ နဂါးမျိုးနွယ် မီးတောက်ထက်ပင် အဆပေါင်းများစွာ ပိုမို အားကောင်းနေသေးတော့သည်။
ဝူမီးတောက်ကို အောင်မြင်စွာ သန့်စင်ပြီးသွားပြီးနောက်တွင်မူ ဖုန်းဝူချန်၏ နောင်လာမည့် ဆေးဖော်စပ်ခြင်း၊ မှော်လက်နက် ပြုလုပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း ပညာရပ်များမှာ ပို၍ပင် ကြောက်စရာ ကောင်းလာတော့မည်မှာ အမှန်ပင် ဖြစ်၏။
ထိုသို့ သန့်စင်ခြင်း လုပ်ငန်းစဉ်များကို မနားတမ်း ဆက်လက် လုပ်ဆောင်နေရင်းဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်ထပ် တစ်လတာ အချိန်ကာလက ထပ်မံ ကုန်ဆုံးသွားခဲ့ပြန်လေတော့၏။
ကျန်ရှိနေသော ဝူမီးတောက် အားလုံးကို ဖုန်းဝူချန် အောင်မြင်စွာ သန့်စင်လိုက်နိုင်ပြီ ဖြစ်၏။ ထိုမျှမက နဂါးမျိုးနွယ်၏ မီးတောက်ကိုပါ ဝူမီးတောက်ထဲသို့ တစ်ပါတည်း ပေါင်းစပ်ထည့်သွင်းလိုက်လေရာ ထွက်ပေါ်လာသော အရှိန်အဝါမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ကောင်းကင်ဘုံလူသား အဆင့် (၈) အထွတ်အထိပ်သို့ ချင်းနင်း ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အဆင့် (၉) သို့ တက်လှမ်းရန်မှာ လက်တစ်ကမ်း အကွာအဝေး၌သာ ရှိနေတော့၏။
“ဝုန်း...”
ဖုန်းဝူချန်၏ မျက်လုံးအစုံက ပွင့်ဟလာသည်။ စိတ်အာရုံကို အသာအယာ ညွှတ်လိုက်၏။ ရုတ်တရက် သူ၏ လက်ဖဝါးထက်၌ အမည်းရောင် မီးတောက်များက လေဟာနယ်ထဲမှနေ၍ ဝုန်းခနဲ တောက်လောင်လာလေတော့သည်။
ထိုအရာက အပြည့်အဝ သန့်စင်ပြီးသွားပြီ ဖြစ်သော ဝူမီးတောက်ပင် ဖြစ်ပေသည်။
ထိုအခိုက် ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်၌ ကျေနပ်အားရသွားသည့် အပြုံးတစ်ခုက လင်းခနဲ ပေါ်ပေါက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
“အချိန် (၃) လလောက် ယူလိုက်ရပေမယ့် နောက်ဆုံးတော့ သန့်စင်လို့ ပြီးသွားပြီပဲ... တကယ်ကို မလွယ်ကူတဲ့ အလုပ်ပဲ... ရှေးဦး ကမ္ဘာဦးခေတ် ရဲ့ အစွမ်းအထက်ဆုံး မီးတောက် ဆိုတဲ့အတိုင်း နဂါးမျိုးနွယ် မီးတောက် ထက်တောင် အများကြီး ပိုစွမ်းသေးတယ်... တော်သေးတာပေါ့ ငါ့လက်ထဲ ရောက်လာလို့... ဒီ ဝူမီးတောက် ရဲ့ အပူချိန် တစ်ခုတည်းနဲ့တင် ထျန်းကျီဘုံ ပညာရှင်တစ်ယောက်ကို သွေးပျက်သွားစေဖို့ လုံလောက်နေပြီ”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း သူ့ကိုယ်တွင်းမှာ တရဟော စီးဆင်းနေသော လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိသည့် အရှိန်အဝါတွေကို ခံစားလိုက်ရသည်။
“ဝူမီးတောက် ကို သန့်စင်လိုက်တာက ငါ့ကို ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် ထိ ရောက်သွားစေတာပဲ... ထျန်းကျီဘုံ ရောက်ဖို့လည်း သိပ်မဝေးတော့ဘူးပေါ့”
ပြောပြောဆိုဆိုနှင့် ဖုန်းဝူချန် တစ်ကိုယ်လုံးကို ပျင်းရိစွာ အကြောဆန့်လိုက်ရာ အရိုးတွေက တဂျွတ်ဂျွတ် မြည်ဟည်းသွားပြီး တကယ့်ကို နေလို့ထိုင်လို့ ကောင်းသွားရ၏။
စိတ်အာရုံ တစ်ချက် ညွှတ်လိုက်သည်နှင့် ၊ ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွင်း မျှော်စင် ထဲမှ အပြင်ကို ထွက်လာခဲ့တော့သည်။
ဝူမီးတောက် ကို သန့်စင်နိုင်ခဲ့သလို ကျင့်ကြံခြင်းကလည်း (၈) လွှာ အထွတ်အထိပ် ရောက်သွားတာမို့ ဖုန်းဝူချန် ရဲ့ စိတ်အခြေအနေကတော့ တကယ့်ကို ကောင်းမွန်နေတော့၏။
“နန်းတော်သခင်... ကျင့်ကြံခြင်းကနေ ထွက်လာတာကို ဂုဏ်ပြုပါတယ် ခင်ဗျာ”
ဖုန်းဝူချန် ထွက်လာတာနှင့် အဆင့်တက်သွားကြသော နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော် အတော်များများက ရိုသေစွာနှင့်.. ဆီးကြိုနှုတ်ဆက်ကြသည်။
“မင်းတို့ အားလုံး ဘယ်လိုဖြစ်ပြီး အပြင်ထွက်နေကြတာလဲ”
ဖုန်းဝူချန် က ခပ်ပြုံးပြုံးနှင့်… မေးလိုက်၏။
“ဟီးဟီး... နန်းတော်သခင်... ကျွန်တော်က လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာ ကို တက်သွားတာလေ... အဲဒါကြောင့် အပြင်ထွက်ပြီး အကြောအခြင် လျှော့နေတာပါ... ကျင့်ကြံတာလည်း ကျင့်ကြံရမှာပဲ၊ ဒါပေမဲ့ အနားယူဖို့လည်း လိုတယ် မဟုတ်လား”
စစ်သည်တော် တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့်.. ဖြေလိုက်သည်။
“ဆရာကြီး... ကျွန်တော်လည်း (၃) လွှာ ကို ရောက်သွားပြီဗျ... ကျင့်ကြံတဲ့ အရှိန်က တကယ့်ကို ကြောက်စရာကြီး... ကျွန်တော်ကိုယ်ကျွန်တော် ပါရမီရှင်ကြီး ဖြစ်နေပြီလားတောင် ထင်မိတယ်”
“ဟုတ်တယ်... ဟုတ်တယ်... အဲဒီ နဝမအလွှာ ပညာရှင်ရဲ့ သွေးမျိုးဆက် စွမ်းအားက တကယ့်ကို အံ့မခန်းပဲဗျာ”
စစ်သည်တော် ဒါဇင်ပေါင်းများစွာက စကားပြောရင်း ပိုပိုပြီး စိတ်လှုပ်ရှားလာကြ၏။
“နန်းတော်သခင်”
ထိုအချိန်မှာပဲ ဟန်ခွန်း ဟာ ဆေးဖော်စပ်ရေး ဂေဟာ ကနေ လျှောက်လာခဲ့ပြီး ရိုသေစွာနှင့်.. အစီရင်ခံလိုက်သည်။
“သတင်းပို့စရာ ရှိလို့ပါ... လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဝူကျိဘုံ က ကောင်းကင်ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်က အကူအညီ လာတောင်းသွားပါတယ် ခင်ဗျာ”
“အကူအညီ လာတောင်းတယ် ဟုတ်လား... ဘာကိစ္စများလဲ”
ဖုန်းဝူချန် ရဲ့ အကြည့်တွေက ဟန်ခွန်း ဆီကို ရောက်သွား၏။
“ကောင်းကင်ဓားဂိုဏ်း က အဆင့် (၇) ဆေးပညာရှင် တစ်ယောက်ကို သွားစော်ကားမိလို့တဲ့ ခင်ဗျာ... အဲဒါကြောင့် နန်းတော်သခင် အနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ လာပြီး တောင်းပန်သွားတာပါ”
ဟန်ခွန်း က ရိုသေစွာ ပြန်ဖြေလိုက်၏။
“အဆင့် (၇) ဆေးပညာရှင် ဟုတ်လား... အဲဒီလူကို ခင်ဗျား သိလို့လား”
ဖုန်းဝူချန် က ထပ်မေးလိုက်ပြန်သည်။
ဟန်ခွန်း က ခေါင်းခါပြလိုက်ရင်း...
“တိုက်ကြီးပေါ်မှာ အစွမ်းထက်တဲ့ ဆေးပညာရှင်တွေ အများကြီး ရှိတာဆိုတော့ ကျွန်တော်လည်း အကုန်လုံးကို မသိပါဘူး... ကြားရသလောက်တော့ အဲဒီလူက ရှယွင်ရွှမ်း နဲ့လည်း အငြိုးအတေး ရှိနေပုံရတယ်”
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး...
“ဝူကျိဘုံ တဲ့လား...”
“နန်းတော်သခင်... ကောင်းကင်ဓားဂိုဏ်း ကို အကူအညီ ပေးဖို့ စဉ်းစားထားပါသလား ခင်ဗျာ”
ဟန်ခွန်း က မေးမြန်းလိုက်၏။
“ခင်ဗျားက အဲဒီ ကောင်းကင်ဓားဂိုဏ်း နဲ့ အရမ်း ရင်းနှီးလို့လား... နဂါးနတ်ဘုရား နန်းတော် နဲ့ သူတို့ကြားမှာ ဘာပတ်သက်မှုမှလည်း ရှိပုံမရဘူးလေ... မဆိုင်တဲ့ ကိစ္စတွေထဲ ဝင်ပါပြီး အချိန်ဖြုန်းနေဖို့ ဘာအကြောင်းမှ မရှိဘူး”
ဖုန်းဝူချန် က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ သူ့မှာ ကျင့်ကြံဖို့အတွက်တောင် အချိန်က မလောက်မင ဖြစ်နေတာ မဟုတ်ပါလား။ လူစိမ်းတွေကို ကူညီဖို့ဆိုတာ သူ့အတွက်တော့ အပို အလုပ်ပင် ဖြစ်၏။
“ဒါကတော့...”
ဟန်ခွန်း တစ်ယောက် စကားစ ဆွံ့အ သွားရသည်။
“ဒါနဲ့ လျိုချင်းယန် တို့ရော... ကျင့်ကြံရာကနေ မထွက်လာကြသေးဘူးလား”
ဖုန်းဝူချန် က ဆက်မေးလိုက်၏။
“နန်းတော်သခင်... လျိုချင်းယန် နဲ့ မမလေးချင်းချင်း တို့ကတော့ လျိုမိသားစုဆီကို ပြန်သွားကြပါပြီ... လျိုချင်းယန် ပြောတာတော့ သူ့ရဲ့ ဝမ်းကွဲညီမ မင်္ဂလာဆောင် ရှိတယ်တဲ့... နန်းတော်သခင် ကျင့်ကြံရာကနေ ထွက်မလာသေးတာနဲ့ သူတို့လည်း အရင်သွားနှင့်ကြတာပါ... လင်ယူ၊ သခင်လေးကျန်း၊ ဒေါင်ညီအစ်ကိုတွေနဲ့ မမလေးရှောင်ရှောင် တို့လည်း အတူတူ လိုက်သွားကြပါတယ်”
စစ်သည်တော် တစ်ယောက်က ဝင်ပြောလိုက်သည်။
“ဝမ်းကွဲညီမ မင်္ဂလာဆောင် ဟုတ်လား... လျိုမေအာ များလား...”
ထိုအခိုက် ဖုန်းဝူချန်၏ မျက်နှာထက်၌ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ ရုတ်တရက် လွန်စွာ ချစ်စရာကောင်းလှသော မိန်းကလေးတစ်ဦး၏ ပုံရိပ်လေးတစ်ခုက သူ၏ စိတ်အာရုံထဲ၌ ဝင်းလက်ကာ ပေါ်ပေါက်လာတော့၏။
သို့နှင့် သူသည် ယန်ဟော် အင်ပါယာဆီသို့ ပြန်လည် ထွက်ခွာရန်အလို့ငှာ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းရှိရာသို့ ခြေလှမ်းပြင်လိုက်သည်။
“ဖုန်းဝူချန်... မင်း ဘယ်ကို သွားမလို့လဲကွ...”
ရုတ်တရက် လွန်စွာ အေးစက်လှသော အသံကျယ်ကြီး တစ်ခုက လေဟာနယ်ကို ခွဲဖြတ်လျက် ထွက်ပေါ်လာသည်။ ထိုစဉ် နဂါးနတ်ဘုရား နန်းတော်၏ အထက် ကောင်းကင်ယံထက်၌ လူရိပ်တစ်ခုက ဝုန်းခနဲ ကိုယ်ထင်ပြလာလေ၏။
ထိုသူကား အခြားသူမဟုတ်... ထျန်းဟယ် ပင် ဖြစ်ပေသည်။
အကြောင်းမူကား ဖုန်းဝူချန် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထျန်းဟယ်ပါ ရောက်ရှိလာခြင်းက သူသည် နဂါးနတ်ဘုရား နန်းတော်ကို အချိန်ပြည့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြောင်း ထင်ရှားနေ၏။
ဒါက ဖုန်းဝူချန်ကို မျက်ခြေပြတ် မခံဘဲ စောင့်ကြည့်နေမည် ဆိုသည့် သူ၏ စကားကို သက်သေပြလိုက်ခြင်းပင် ဖြစ်တော့သည်။
“ထျန်းဟယ် လား...”
ထိုအသံကို ကြားလိုက်ရသည်နှင့် ဖုန်းဝူချန်၏ မျက်မှောင်အစုံက ခပ်တင်းတင်း ကျုံ့ဝင်သွားသည်။ သူ၏ အေးစက်သော အကြည့်များက ကောင်းကင်ယံဆီသို့ ရုတ်ချည်း စူးစိုက်သွားကာ ခနဲ့တဲ့တဲ့ လှောင်ပြောင်လိုက်လေ၏။
“ထျန်းဟယ်... ခင်ဗျားကတော့ တကယ့်ကို ဇွဲကောင်းတဲ့ လူပဲ... ဘာလဲ... အခုရော အကာအကွယ် အခင်းအကျင်းကို ဖောက်ထွင်းဖို့ ထပ်စမ်းချင်သေးတာလား...”
ထိုအခါ ထျန်းဟယ်က နှုတ်ခမ်းမဲ့ကာ လှောင်ပြုံး ပြုံးလိုက်ရင်း ခပ်ဟဟ ဟားတိုက်လိုက်သည်။
“မင်းပြောတာ မှန်တယ်... ငါ့မှာတော့ အဲဒီ အခင်းအကျင်းကို ဖျက်ဆီးနိုင်တဲ့ အရည်အချင်း မရှိသေးဘူးပေါ့ကွာ... ဒါပေမဲ့... နတ်ဘုရားဘုရင် နန်းတော်မှာ ဘယ်သူမှ မလုပ်နိုင်ဘူးလို့တော့ ငါ မပြောခဲ့မိပါဘူးလေ...”
“ဝှစ်...”
ထျန်းဟယ်၏ စကားသံ အဆုံး၌ နောက်ထပ် လူရိပ်တစ်ခုက လျှပ်တစ်ပြက် ဝင်းလက်ကာ ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။ ထိုသူကား အသားအရေ မည်းနက်နေပြီး မျက်နှာတစ်ပြင်လုံး၌ အရေးအကြောင်းများ ပြည့်နှက်နေ၏။ ကြည့်ရသည်မှာ လွန်စွာ ရုပ်ဆိုး အကျည်းတန်လှသော ခါးကုန်းကုန်း အဘိုးအို တစ်ဦးပင် ဖြစ်တော့သည်။
ထိုအဘိုးအို၏ ကိုယ်မှ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါများက အဆက်မပြတ် ဖြာထွက်နေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာကား ထျန်းဟယ်နှင့် ရင်ပေါင်တန်းနိုင်သည့် ထျန်းကျီဘုံ ပဉ္စမအဆင့်တွင် ရှိနေ၏။ ထိုမျှ မကသေး... ဤအဘိုးအိုသည် အခင်းအကျင်း ပညာရပ်၌လည်း လွန်စွာ ကျွမ်းကျင်လှသော ဆရာတစ်ဆူ ဖြစ်နေပုံ ရသည်။
“အင်း... ကြည့်ရတာ ခင်ဗျားတို့က နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းတွေကို လာစမ်းသပ်တာပေါ့လေ... ပြီးမှ နောင်တတော့ မရစေနဲ့နော်...”
ဖုန်းဝူချန်က ထိုအဘိုးအိုကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စက် ဟားတိုက်လိုက်သည်။ ထိုခဏ၌ သူ၏ ကိုယ်တွင်းမှ ကမ္ဘာပျက် စွမ်းအားများကို အလုံးအရင်းဖြင့် ထုတ်ဖော်လိုက်လေရာ တောက်ပလှသော သွေးရောင် အလင်းတန်းကြီးများက တဖျတ်ဖျတ် ဝင်းလက် တောက်လောင်လာတော့၏။
“ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်း... အသက်ဝင်စေ...”
ဖုန်းဝူချန် လက်ဟန်များ အမြန် ရေးဆွဲလိုက်ပြီး.. ထက်ရှစွာ ဟိန်းဟောက်လိုက်လေတော့သည်။
“ကောင်းကင်ဘုံလူသား အဆင့် (၈) အထွတ်အထိပ် ပါလား...”
ဖုန်းဝူချန်ထံမှ ထွက်ပေါ်လာသော အကြွင်းမဲ့ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသည့် အရှိန်အဝါများကို ခံစားလိုက်ရသည်နှင့် ထျန်းဟယ်၏ မျက်နှာအမူအရာက အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ သူ၏ မျက်လုံးအစုံမှာလည်း အပြင်သို့ ပြူးထွက်မတတ် အံ့အားသင့် ထိတ်လန့်သွားရ၏။
ဤမျှလောက် မြန်ဆန်လွန်းလှသော ကျင့်ကြံခြင်း အရှိန်အဟုန်မျိုး...။
အချိန်ကာလအားဖြင့် တစ်လကျော်ကျော်လေးသာ ရှိသေးသော်ငြား ဖုန်းဝူချန် တစ်ယောက် နောက်ထပ် အဆင့်တက်သွားခဲ့ပြန်ပြီတဲ့လော။
ဒါက ဘယ်လိုတောင် မိစ္ဆာဆန်သည့် ကျင့်ကြံခြင်း အမြန်နှုန်းမျိုး ဖြစ်နေသနည်း။
“နန်းတော်သခင်က ကောင်းကင်ဘုံလူသား အဆင့် (၈) အထွတ်အထိပ်ကို ရောက်သွားပြီဟေ့...”
နန်းတော်အတွင်းမှ ပြေးထွက်လာကြသော စစ်သည်တော်များ အားလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြရင်း အလွန်ပင်.. မှင်သက် အံ့သြသွားကြရတော့သည်။