အခန်း (၆၆၇-၆၆၉)
Vol. 45 Ch. 667-669
အခန်း (၆၆၇) - ကျန်းမိသားစု ၏ ရည်ရွယ်ချက်
~“လျိုမိသားစုခေါင်းဆောင်... ကျုပ်က ခေါင်းဆောင် ရဲ့ သဘောဆန္ဒကို လာပါးရုံ သက်သက်ပါဗျာ... ဘာဖြစ်လို့လဲ ဆိုတာကိုတော့ ကျုပ်လည်း ပြောပိုင်ခွင့် မရှိပါဘူး... ကဲ... ကျုပ် ပြန်လိုက်ပါဦးမယ်”
ကျန်းယွီ က လက်ယှက်၍ နှုတ်ဆက်လိုက်၏။ မည်သည့် ရှင်းပြချက်ကိုမျှ မပေးဘဲ လှည့်ထွက်သွားလေတော့သည်။
ကျန်းယွီ ၏ စကားများမှာ အနည်းငယ် အေးစက်ခက်ထန်နေပြီး လျိုမိသားစု ကို လုံးဝ အထင်အမြင်သေးနေကြောင်း အထင်းသား ပေါ်လွင်နေပေ၏။
“ခွေးမသား”
လျိုချင်းယန် မှာ ဒေါသအမျက် ခြောင်းခြောင်းထွက် လာပြီး ထို ကျန်းယွီ ဆိုသူအား လက်သီးတစ်ချက်တည်းနှင့် ပွဲချင်းပြီး သတ်ပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။
လျိုမိသားစုခေါင်းဆောင် နှင့် အကြီးအကဲကြီး တို့၏ မျက်နှာများမှာ အုံ့မှိုင်းသွားကြ၏။ လျိုမေအာ သည် ခေါင်းဆောင်၏ သမီးအရင်း မဟုတ်သော်ငြားလည်း အကြီးအကဲကြီး၏ မြေးမလေး ဖြစ်ပြီး လျိုမိသားစု ၏ အဖိုးတန် ရတနာလေး တစ်ပါး ဖြစ်သည်။
“အဖေ... ကျန်းမိသားစု က ကျွန်တော်တို့ လျိုမိသားစု ကို ဗြောင်ကျကျ စော်ကားလိုက်တာပဲဗျာ... သတို့သမီး မကြိုဘဲ လက်ထပ်တဲ့ လူဆိုတာ လောကကြီးမှာ ဘယ်ကောင် ရှိလို့လဲ”
လျိုချင်းယန် က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ နဖူးပေါ်ရှိ သွေးကြောများပင် ထောင်ထနေတော့၏။
“ဒါက တကယ့်ကို အရှက်ခွဲလိုက်တာပဲ”
အကြီးအကဲကြီး မှာလည်း ဒေါသကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတော့၏။
“သတို့သမီးလည်း မကြိုဘူး၊ ဧည့်ခံပွဲလည်း မလုပ်ဘူး ဆိုတာ ဘယ်လို ယဉ်ကျေးမှုမျိုးလဲ... လျိုမေအာ... ဒီလို မိသားစုမျိုးကို ငါတို့ သမီးလေး အပေးမခံနိုင်ဘူးကွယ်”
“...”
လျိုမေအာ မှာ ဝမ်းနည်းပက်လက် ငိုကြွေးနေသော်လည်း ဘာမှ မတတ်နိုင်သလို ခံစားနေရရှာသည်။
“ကျန်းမိသားစု က တော်တော်လေး လွန်သွားပြီ... လျိုမိသားစု ကို သူတို့ မျက်စိထဲတောင် မထည့်တော့ဘူးပဲ... သတို့သမီးလည်း မကြိုဘူး၊ ဧည့်ခံပွဲလည်း မလုပ်ဘူးတဲ့... ဒါတောင်မှ လျိုမိသားစု ဘက်ကနေ လျိုမေအာ ကို သူတို့ဆီ သွားပို့ရဦးမယ်တဲ့လား... ငါသာဆိုရင်တော့ လုံးဝ သဘောမတူဘူး”
မိသားစု ခေါင်းဆောင် တစ်ဦးက အံကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
“သတို့သမီး မကြိုဘူး... ဧည့်ခံပွဲ မလုပ်ဘူး ဆိုတာမျိုး တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှကို မကြားဖူးသေးဘူး”
“ကျန်းမိသားစု က အင်ပါယာ ထဲက မိသားစုကြီး တစ်ခု ဖြစ်ပါလျက်နဲ့ ဒီလောက်တောင် အဓိပ္ပာယ်မဲ့တဲ့ အလုပ်ကို လုပ်ရသလားဗျာ... တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ”
“လျိုမိသားစုခေါင်းဆောင်... ခင်ဗျား ဒီမင်္ဂလာပွဲကို လုံးဝ သဘောမတူသင့်ဘူးနော်... ကျန်းမိသားစု က သူတို့ ဂုဏ်သိက္ခာကို ဂရုမစိုက်ပေမယ့် လျိုမိသားစု ရဲ့ အရှက်ကိုတော့ အကွဲမခံနိုင်ဘူးလေ”
“မှန်တယ်... လုံးဝ သဘောမတူနဲ့”
အင်အားကြီး အဖွဲ့အစည်းများမှ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံးမှာ တရားမျှတမှုအတွက် ဒေါသထွက်နေကြ၏။
“ဒီ ကျန်းမိသားစု က တော်တော်လေး မောက်မာတာပဲ... လျိုမိသားစု ကို လုံးဝ အထင်သေးနေတာ အသိသာကြီး... ငါက သူတို့ သတို့သမီး လာကြိုတယ် မှတ်နေတာ”
တုန်ကျန့်ထျန်း က ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
“ဒါက တကယ်ကို အံ့ဩစရာပဲ... ကျန်းမိသားစု ရဲ့ သခင်လေး က လက်ထပ်မှာကို သူတို့ မိသားစုက ဧည့်ခံပွဲ မလုပ်ဘူးတဲ့လား... လူရယ်စရာ ဖြစ်သွားမှာကို သူတို့ မကြောက်ကြဘူးလား မသိဘူး”
ကျန်းကျွင့်လန် ကလည်း လုံးဝ နားမလည်နိုင်စွာဖြင့် ဝင်ရောက် မှတ်ချက်ချလိုက်၏။
“မေအာ... တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ... ပြဿနာ တစ်ခုခုများ ရှိနေလို့လားဟင်”
မြောင်ချင်းချင်း က လျိုမေအာ ဘက်သို့ လှည့်ကာ မေးလိုက်ခြင်းပါ။
ထိုအခါ၊ လျိုမေအာ က မျက်ရည်များကို သုတ်လိုက်ပြီး ရှိုက်ကြီးတငင်ဖြင့် ပြန်ဖြေလိုက်၏။
“ဘာ... ဘာမှ မဖြစ်ပါဘူး... ကျန်းယွင် က သူ့ မိဘတွေ စီစဉ်တဲ့အတိုင်း အမြဲတမ်း လိုက်နာတတ်တဲ့သူပါ... သူက ကျွန်မကို ဒီလိုမျိုး ဘယ်တော့မှ ဆက်ဆံမှာ မဟုတ်ပါဘူး... ဒါပေမဲ့ သူ့ မိဘတွေရဲ့ သဘောဆန္ဒကိုလည်း သူ မလွန်ဆန်ရဲဘူးလေ”
တုန်ကျန့်ထျန်း က မထီမဲ့မြင် လေသံဖြင့်...
“သတ္တိကြောင်လိုက်တဲ့ ကောင်... ယောကျ်ား ပီသမှု တစ်စက်လေးတောင် မရှိဘူး”
“အဲဒါ သူ့ မိဘတွေရဲ့ အမှားပဲလေ... မိဘတွေ ပြောသမျှ အကုန် နားထောင်နေရအောင် သူက ဘယ်လို ယောကျ်ားမျိုးလဲ”
လိန်မူချန် က မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် ဝင်ရောက် ဝေဖန်လိုက်သည်။
“ဒါတွေက ပြောနေစရာတောင် လိုသေးလို့လားဗျာ... ကျန်းမိသားစု က အင်ပါယာ ထဲမှာ အဆင့်အတန်း မြင့်တော့ ကျွန်တော်တို့ လျိုမိသားစု က လူကို လက်ထပ်ရတာ သူတို့အတွက် အရှက်ကွဲတယ်လို့ ထင်နေတာပေါ့... တိုတိုပြောရရင် ကျွန်တော်တို့ မိသားစုကို အထင်သေးနေတာပဲ”
လျိုချင်းယန် ..စကားအဆုံး၌၊ အံကြိတ်လိုက်၏။
ထိုနေရာတွင် ရှိနေသူ အားလုံး၏ ဒေါသများမှာ ကျန်းယွီ ၏ စကားများကြောင့် ပေါက်ကွဲထွက်လာခဲ့တော့၏။ အစပိုင်းက ပျော်ရွှင်နေခဲ့သော အခြေအနေမှသည် ယခုအခါ ဒေါသအမျက် ခြောင်းခြောင်းထွက် သော အခြေအနေသို့ လုံးဝ ပြောင်းလဲသွားခဲ့တော့သည်။
အင်အားကြီး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ အားလုံးက လျိုမိသားစုခေါင်းဆောင် အား ဤမင်္ဂလာပွဲကို ငြင်းပယ်ရန် ဝိုင်းဝန်း အကြံပေးနေကြတော့သည်။
“လျိုမေအာ မှာ ကိုယ်ဝန် ရှိနေပြီလေဗျာ...”
နောက်ဆုံးတွင်တော့ လျိုမိသားစုခေါင်းဆောင် က စိတ်ပျက်လက်ပျက်ဖြင့် ဖွင့်ဟဝန်ခံ လိုက်လေတော့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ တစ်နေရာလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့၏။
လျိုမေအာ တွင် ကိုယ်ဝန် ရှိနေပြီ ဖြစ်ရာ၊ အကယ်၍ သူမသာ မလက်ထပ်ဖြစ်ပါက မည်သူက သူမကို လက်ထပ်ရဲတော့မည်နည်း။
လက်ထပ်မည့်သူ ရှိခဲ့လျှင်တောင်မှ အချိန် မည်မျှကြာအောင် စောင့်ရမည်ကို မသေချာသကဲ့သို့၊ ထွက်ပေါ်လာမည့် အတင်းအဖျင်း စကားများကိုလည်း ဆိုဖွယ်ရာ မရှိတော့ချေ။
ဤသတင်းသာ ရိုက်ခတ်သွားပါက လျိုမိသားစု အရှက်ကွဲရုံမျှမက လျိုမေအာ တစ်ယောက် တစ်သက်လုံး အိမ်ထောင်ပြုနိုင်တော့မည် မဟုတ်ပေ။
လျိုမေအာ တွင် ကိုယ်ဝန် ရှိမနေခဲ့ပါက လျိုမိသားစုခေါင်းဆောင် သည် ဤကိစ္စကို လုံးဝ သဘောတူမည် မဟုတ်ဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့မည်မှာ သေချာလှပေ၏။
“လျိုမိသားစုခေါင်းဆောင်... ကြည့်ရတာ ကျန်းမိသားစု ပြောတဲ့အတိုင်းပဲ လိုက်နာရတော့မယ့် ပုံပဲ... မဟုတ်ရင် လျိုမေအာ လေး ဒုက္ခရောက်သွားလိမ့်မယ်”
အင်အားကြီး အဖွဲ့အစည်း တစ်ခုမှ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးက တည်ကြည်လေးနက်စွာဖြင့် အကြံပြုလိုက်သည်။
“မှန်ပါတယ် လျိုမိသားစုခေါင်းဆောင်”
အားလုံးက မတတ်သာသည့်အဆုံး ခေါင်းညိတ် ထောက်ခံလိုက်ကြရ၏။
“ဘာလို့ ဒီလို ဖြစ်ရတာလဲ... ဘာလို့ မေအာ ကပဲ နစ်နာနေရတာလဲ”
လျိုချင်းယန် က ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။
“ကျန်းမိသားစု က သတို့သမီး လာမကြိုဘူး ဆိုရင်တောင်... ကျွန်တော် သွားပြီး သူတို့ကို ပညာပေးလိုက်မယ်”
“လျိုမိသားစုခေါင်းဆောင်... ခင်ဗျားတို့ ဘက်က လုံးဝ အလျှော့မပေးသင့်ဘူး... ကျန်းမိသားစု ရဲ့ အနိုင်ကျင့်မှုကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး”
ဟု ကျန်းကျွင့်လန် ကလည်း ဝင်ရောက် အားပေးလိုက်၏။
“ဟုတ်တယ်... ငါ လိန်မူချန် ကတော့ လုံးဝ သဘောမတူဘူး... ကျန်းမိသားစု က ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ သွားကြည့်ကြတာပေါ့”
လိန်မူချန် က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ညီလေးလျို... အခုပဲ ကျန်းမိသားစု ဆီ သွားကြစို့”
တုန်ကျန့်ထျန်း က ကပျာကယာ ထောက်ခံလိုက်၏။
“ကောင်းပြီ”
လျိုချင်းယန် ၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေပြီး အသံကုန် အော်ဟစ်လိုက်သည်။ သူတို့ အဖွဲ့လောက်နှင့်တင် ကျန်းမိသားစု ကို အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
“ပေါက်ကရတွေ မလုပ်ကြနဲ့”
လျိုမိသားစုခေါင်းဆောင် က လျိုချင်းယန် ကို စိမ်းစိမ်းကြည့်ကာ ချက်ချင်း ကြိမ်းမောင်းလိုက်၏။
“ဒီကိစ္စကြောင့်သာ ကျန်းမိသားစု နဲ့ ပြဿနာ တက်သွားရင်... မေအာ သူတို့ အိမ်ရောက်တဲ့အခါ ဘယ်လိုလုပ် စိတ်ချမ်းသာတော့မှာလဲ... ငါတို့က ဆွေမျိုးတွေ ဖြစ်နေတုန်းပဲလေ”
လျိုမိသားစုခေါင်းဆောင် က လျိုချင်းယန် ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။
“ချင်းယန်... ပြဿနာ ပိုမကြီးသွားအောင် နေစမ်းပါ... မိသားစု နှစ်ခုကြားမှာ အဆင်မပြေ ဖြစ်သွားရင် မေအာ ပဲ ကြားညပ်ပြီး ဒုက္ခရောက်လိမ့်မယ်... အခုလောလောဆယ်တော့ သူ အနိုင်ကျင့် မခံရအောင် ငါတို့ဘက်က အလျှော့ပေးလိုက်တာ အကောင်းဆုံးပဲ... ဟူး...”
လျိုသခင်မကြီး က လှောင်ပြုံး ပြုံး ကာ သက်ပြင်းချလိုက်ပြီး လျိုချင်းယန် ကို နောက်သို့ ကပျာကယာ ဆွဲခေါ်လိုက်၏။
လိန်မူချန် က ဒေါသတကြီးဖြင့်...
“သူတို့ လုပ်ရဲရင် လုပ်ကြည့်လေ... ကျွန်တော် စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ကောင်းကင်အရိပ် မြင်းတပ် နဲ့ အလံနက် တပ်မတော် က သူတို့ ကျန်းမိသားစု တစ်ခုလုံးကို ပြာချပစ်လိုက်လို့ ရတယ်”
“မူချန်... စိတ်လျှော့စမ်း”
လိန်မြို့စားကြီး က လိန်မူချန် ကို စူးစူးရဲရဲ ကြည့်ကာ ကြိမ်းမောင်းလိုက်ရာ လိန်မူချန် မှာ ချက်ချင်းပင် ငြိမ်ကျသွားတော့၏။
“လျိုမိသားစုခေါင်းဆောင်... ဒီကိစ္စကို အကြမ်းဖက်ပြီး ဖြေရှင်းလို့ မရဘူးဗျ... မဟုတ်ရင် ကျန်းမိသားစု နဲ့ လျိုမိသားစု ကြားမှာ ရန်ငြိုးတွေပဲ ကြီးသွားလိမ့်မယ်”
လိန်မြို့စားကြီး က တည်ကြည်လေးနက် စွာဖြင့် အကြံပြုလိုက်သည်။
လျိုမိသားစုခေါင်းဆောင် က လေးနက်စွာ ခေါင်းညိတ်လိုက်၏။ ထိုအချက်ကို သူ ကောင်းစွာ နားလည် သဘောပေါက်ထားသည်။ သို့မဟုတ်ပါက လျိုချင်းယန် တစ်ယောက်တည်းနှင့်ပင် ကျန်းမိသားစု တစ်ခုလုံးကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပြီ မဟုတ်ပါလော。
“မေအာ... ဘိုးဘိုး တောင်းပန်ပါတယ်ကွယ်”
အကြီးအကဲကြီး ၏ အိုမင်းနေသော မျက်ဝန်းများတွင် မေတ္တာတရားများနှင့်အတူ ဝမ်းနည်းမှု၊ ဒေါသများ ရောယှက်နေပြီး၊ ဘာမှ မတတ်နိုင်သည့် အားကိုးရာမဲ့မှုများကိုလည်း အထင်းသား မြင်တွေ့နေရသည်။
လျိုမိသားစုခေါင်းဆောင် က လျိုမေအာ ဘက်သို့ လှည့်ကာ ဆိုလိုက်၏။
“မေအာ... သမီး ကျန်းမိသားစု ကို ရောက်သွားရင် လျိုမိသားစု မှာ နေရသလိုတော့ ဖြစ်မှာ မဟုတ်ဘူး... ကျန်းမိသားစု က လူတွေအပေါ်မှာ လိမ္မာပါးနပ်စွာ ဆက်ဆံပါကွယ်”
“ဟုတ်ကဲ့... သမီး နားလည်ပါတယ်”
လျိုမေအာ က ဝမ်းနည်းပက်လက် ငိုကြွေးရင်း ခေါင်းညိတ် ပြလိုက်သည်။
ထိုနေရာတွင် ရှိနေသူ အားလုံးမှာ မတတ်နိုင်စွာဖြင့် ခေါင်းခါယမ်း နေကြရုံမှလွဲ၍ ဘာမှ မတတ်နိုင်ကြချေ။ ကျန်းမိသားစု ၏ အဆင့်အတန်းမှာ အင်ပါယာ အတွင်း လုံးဝ ငြင်းဆို၍ မရနိုင်လောက်အောင် မြင့်မားလွန်းလှသည်။
“ဒီလောက် ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေးမှာ... အားလုံးက ဘာလို့ ဒီလောက်တောင် ဝမ်းနည်းပူဆွေး နေကြရတာလဲ... ဦးလေးလျို ကိုတောင် ဘာမှ မတတ်နိုင်အောင် ဖြစ်သွားစေတဲ့ ကိစ္စက ဘာများလဲဗျ”
ထိုအခိုက်အတန့်၌ ခပ်ဟဟ ရယ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။
“အစ်ကိုဖုန်း”
“အစ်ကိုကြီးဖုန်း”
“နန်းတော်သခင်”
အလွန် ရင်းနှီးကျွမ်းဝင်နေသော ထိုအသံကို ကြားလိုက်ရသည်နှင့် လင်ရှောင်ရှောင်၊ လျိုချင်းယန် နှင့် အခြားသူများ အားလုံး အတိုင်းအဆမဲ့ ဝမ်းသာသွားကြတော့၏။
“ဒါက... စစ်သူကြီးချုပ် ရဲ့ အသံပဲ”
လျိုမိသားစုခေါင်းဆောင် နှင့် လိန်မြို့စားကြီး တို့၏ မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာမှုများ အထင်းသား ပေါ်လွင်သွားသည်။
“ဝှစ်...”
လျိုမိသားစု စံအိမ်တော် ၏ အထက် ကောင်းကင်ယံတွင် ဖုန်းဝူချန် နှင့် ကောင်းကင်စံအိမ် မှ လူများ လေဟာနယ်ထဲမှ ရုတ်ချည်း ထွက်ပေါ်လာကြ၏။
“စစ်သူကြီးချုပ် ကို ဂါရဝပြုပါတယ် ခင်ဗျာ”
ဖုန်းဝူချန် ကို မြင်သည်နှင့် လိန်မြို့စားကြီး၊ လျိုမိသားစုခေါင်းဆောင် နှင့် အခြားသော အင်အားကြီး အဖွဲ့အစည်းများမှ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံး ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ကြသည်။
“အဲဒီလောက်လည်း တရားဝင် ဆန်နေစရာ မလိုပါဘူးဗျာ”
ဖုန်းဝူချန် က ခပ်ပြုံးပြုံး ဖြင့် တုံ့ပြန်လိုက်၏။
“တကယ့်ကို အတော်ပဲ... အစ်ကိုဖုန်း... အစ်ကိုဖုန်း အချိန်မီ ရောက်မလာနိုင်တော့ဘူးလို့တောင် ကျွန်တော်တို့ စိုးရိမ်နေကြတာ”
လျိုချင်းယန် က စိတ်လှုပ်ရှားစွာ ဟားတိုက်ရင်း ပြောလိုက်သည်။
“မေအာ လေး.. မင်္ဂလာဆောင်တာကို အစ်ကိုက ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ”
ဖုန်းဝူချန် က ခပ်ပြုံးပြုံး နှင့် ပြန်ပြောလိုက်ပြီး ကောင်းကင်ယံမှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။
“ဘာတွေ ဖြစ်နေကြတာလဲ”
အားလုံး၏ မျက်နှာပေါ်ရှိ ညှိုးနွမ်းနေသော အမူအရာများကို မြင်လိုက်ရသဖြင့် ဖုန်းဝူချန် က ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး ခင်ဗျာ”
လျိုမိသားစုခေါင်းဆောင် က ဖုန်းဝူချန် ကို ဒုက္ခမပေးလိုတော့သဖြင့် ရိုသေစွာ ပြန်ဖြေလိုက်၏။ ဖုန်းဝူချန် သည် လွန်ခဲ့သော နှစ်များစွာ အတွင်း လျိုမိသားစု ကို အများကြီး ကူညီပေးခဲ့ပြီးပြီ မဟုတ်ပါလော။
ဖုန်းဝူချန် က လျိုမေအာ ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“မေအာ... ငါ့ကို ပြောစမ်းပါဦး... ဘာတွေ ဖြစ်ခဲ့တာလဲ”
“အစ်ကိုဖုန်း... အဲဒါက ဒီလိုပါ...”
လျိုချင်းယန် က ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ဖုန်းဝူချန် အား အသေးစိတ် ရှင်းပြလိုက်လေတော့သည်။
“နန်းတော်သခင်... ကျန်းမိသားစု က လျိုမိသားစု ကို ဗြောင်ကျကျ အထင်သေး စော်ကားလိုက်တာပဲ... မဟုတ်ရင် ဘာလို့ သတို့သမီး မကြိုဘဲ နေမှာလဲ... ဧည့်ခံပွဲကော ဘာလို့ မလုပ်ရတာလဲ”
လိန်မူချန် က ဒေါသတကြီး ဝင်ပြောလိုက်၏။
“စစ်သူကြီးချုပ်... ဒီကိစ္စအတွက်နဲ့တော့ ကျန်းမိသားစု နဲ့ ပြဿနာ အကြီးအကျယ် မဖြစ်သင့်ဘူးလို့ ထင်ပါတယ် ခင်ဗျာ”
ဖုန်းဝူချန် က အကြမ်းဖက် နည်းလမ်းဖြင့် ဖြေရှင်းမည်ကို စိုးရိမ်သဖြင့် လျိုမိသားစုခေါင်းဆောင် က ကပျာကယာ ဝင်ရောက် တားမြစ်လိုက်လေတော့၏။
အခန်း (၆၆၈) - ငါ အကုန်လုံး တာဝန်ယူတယ်
~“ဒီ ကျန်းမိသားစု က တော်တော်လေး လွန်သွားပြီပဲ”
လျိုချင်းယန် ၏ စကားကို ကြားပြီးနောက် ဖုန်းဝူချန် မှာ အတော်လေး မှင်သက်သွားရ၏။ ဤမျှ အဓိပ္ပာယ်မဲ့လွန်းသော ကိစ္စမျိုးကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။
“သတို့သမီး လာမကြိုဘဲနဲ့ ဘယ်လိုလုပ် လက်ထပ်မှာလဲ... ဧည့်ခံပွဲလည်း မလုပ်ဘူးဆိုတော့ ကျန်းမိသားစု ရဲ့ တွန့်တိုကပ်စေးနှဲမှုကို တခြားလူတွေ လှောင်ပြောင်မှာ သူတို့ မကြောက်ဘူးလား”
ဖုန်းဝူချန် က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ ရေရွတ်လိုက်သည်။
“စစ်သူကြီးချုပ် ပြောတာ အမှန်ဆုံးပဲ... လျိုမေအာ မှာ ကိုယ်ဝန်သာ မရှိခဲ့ရင် ကျုပ် ဒီမင်္ဂလာပွဲကို လုံးဝ သဘောတူခဲ့မှာ မဟုတ်ဘူး”
အကြီးအကဲကြီး က ဒေါသတကြီးဖြင့် ဝင်ရောက် ထောက်ခံလိုက်၏။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် မကျေနပ်မှုများက အထင်းသား ပေါ်လွင်နေသည်။
ကျန်းယွီ ၏ စကားများက လျိုမိသားစု ၏ ဂုဏ်သိက္ခာကို မြေကြီးပေါ် ဆွဲချပစ်လိုက်ပြီ မဟုတ်ပါလော။
“ကျန်းယွင် ဆိုတဲ့ ကောင်လေးကလည်း တော်တော်လေး သတ္တိကြောင်တာပဲ... ကိုယ်ချစ်တဲ့ မိန်းမအတွက်တောင် သူ ဘာမှ မဆုံးဖြတ်ရဲဘူးလား”
ဖုန်းဝူချန် က ခေါင်းခါယမ်းရင်း မှတ်ချက်ချလိုက်၏။ အားလုံး ဒေါသထွက်နေကြသည်မှာလည်း မဆန်းတော့ချေ။
ကျန်းမိသားစု ၏ လုပ်ရပ်များကို ဖုန်းဝူချန် ကိုယ်တိုင်လည်း အလွန် လွန်ကျူးလွန်းသည်ဟု ခံစားနေရသည်။
“အစ်ကိုဖုန်း... လျိုမေအာ ကို ဒီလို အနှိမ်ခံရဖို့တော့ ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ဘူးဗျာ”
လျိုချင်းယန် က ဒေါသတကြီး ပြောလိုက်၏။
“မှန်တယ်... နန်းတော်သခင်... ကျန်းမိသားစု ဆီကို အခုပဲ သွားပြီး သူတို့ကို ပညာပေးလိုက်ကြရအောင်”
လိန်မူချန် နှင့် အခြားသူများကလည်း တစ်ယောက်တစ်ပေါက် ဝင်ရောက် ထောက်ခံနေကြသည်။
“စစ်သူကြီးချုပ်... ဒီကိစ္စကိုတော့ အကြမ်းဖက်ပြီး မဖြေရှင်းပါနဲ့ ခင်ဗျာ”
လျိုမိသားစုခေါင်းဆောင် က ကပျာကယာ ဝင်ရောက် တောင်းပန်လိုက်၏။
“ကျုပ် သိပါတယ်”
ဖုန်းဝူချန် က ခေါင်းညိတ်ပြုံးပြလိုက်ပြီး...
“ကျွန်တော်တို့ ကိုယ်တိုင်ပဲ လိုက်ပို့ပေးရမှာပေါ့”
“ဘာ... ကျွန်တော်တို့ ကိုယ်တိုင် လိုက်ပို့ရမယ် ဟုတ်လား”
ဖုန်းဝူချန် ၏ စကားကို ကြားလိုက်ရသောအခါ လျိုချင်းယန် နှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြပြီး ဖုန်းဝူချန် ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြ၏။
မြောင်ချင်းချင်း က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“အစ်ကိုကြီးဖုန်း... အဲဒီလို လုပ်လို့ ဖြစ်ပါ့မလား... ကျွန်မတို့ ကိုယ်တိုင် လိုက်ပို့ရင် လျိုမေအာ က ကျန်းမိသားစု ထဲမှာ မျက်နှာငယ်ရတော့မှာပေါ့... အဲဒီအခါကျရင် အစေခံတွေကတောင် သူ့ကို အနိုင်ကျင့်ရဲသွားလိမ့်မယ်”
“ကျန်းယွင် ရှိနေတာပဲလေ... သူက လျိုမေအာ ကို ကာကွယ်ပေးမှာပေါ့... အဲဒီကောင်လေးက နည်းနည်းတော့ သတ္တိကြောင်ပေမယ့်... လျိုမေအာ ကိုတော့ အနိုင်ကျင့်မှာ မဟုတ်လောက်ပါဘူး”
ဖုန်းဝူချန် က ပခုံးကို အသာအယာ တွန့်လိုက်၏။
“ဆရာ... ကျန်းမိသားစု ရဲ့ ဒီလို အနိုင်ကျင့်မှုကို ဆရာက ဒီအတိုင်း သည်းခံနေတော့မလို့လား”
ကျန်းကျွင့်လန် မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ဤအရာသည် ဖုန်းဝူချန် ၏ ထုံးစံနှင့် လုံးဝ ကွဲလွဲနေသည် မဟုတ်ပါလော။
“ဒါက လျိုမိသားစု ရဲ့ ကိစ္စလေ... ဦးလေးလျို ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ သူတို့မှာ အကြောင်းပြချက် ရှိလို့ပေါ့”
ဖုန်းဝူချန် က ပခုံးတွန့်လိုက်ပြီး ဆက်ပြောလိုက်၏။
“ဒါပေမဲ့... ကျွန်တော်တို့ ကိုယ်တိုင် လိုက်ပို့ရမယ် ဆိုရင်တော့... ခမ်းခမ်းနားနားလေးတော့ ဖြစ်မှ ရမယ်လေ... ကျန်းမိသားစု က သူတို့ ဂုဏ်သိက္ခာကို ဂရုမစိုက်ပေမယ့်... လျိုမိသားစု ရဲ့ အရှက်ကိုတော့ အကွဲခံလို့ မဖြစ်ဘူးလေ... ဟုတ်တယ် မဟုတ်လား”
“စစ်သူကြီးချုပ် ပြောတာ တကယ့်ကို အဓိပ္ပာယ် ရှိလှပါတယ်”
အင်အားကြီး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ အားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။
ကျန်းမိသားစု က သတို့သမီး မကြိုဘဲ ဧည့်ခံပွဲ မလုပ်ခြင်းက သူတို့ကိုယ်သူတို့ အရှက်ခွဲနေခြင်းသာ ဖြစ်သည်။
အကယ်၍ လျိုမိသားစု က သတို့သမီးကို ကိုယ်တိုင် လိုက်ပို့မည်ဆိုပါက ခမ်းခမ်းနားနားဖြင့် ပို့ဆောင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက လျိုမိသားစု သည် မိမိကိုယ်ကိုယ် အထင်သေးလွန်းသည်ဟု လည်းကောင်း၊ အဆင့်အတန်း မတူသူနှင့် အတင်းအကျပ် ဆွေမျိုးစပ်လိုသည်ဟု လည်းကောင်း လှောင်ပြောင်ခံရပေလိမ့်မည်။
ဖုန်းဝူချန် ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ လျိုချင်းယန် နှင့် အခြားသူများလည်း အဓိပ္ပာယ် ရှိကြောင်း သဘောပေါက်သွားကြသည်။
“အစ်ကိုဖုန်း... ဒါဆို ဘယ်လို လုပ်ကြမလဲ”
လျိုချင်းယန် က သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဘာလုပ်ရမလဲ ဆိုတော့... မင်းအဖေ ပြောတဲ့အတိုင်းပဲ လုပ်မှာပေါ့... ဒါပေမဲ့ ပိုပြီး ကြီးကျယ်ခမ်းနားအောင် လုပ်ပြလိုက်မယ်လေ”
ဖုန်းဝူချန် က ပခုံးကို အသာအယာ တွန့်လိုက်သည်။
“အစ်ကိုကြီးဖုန်း... အဲဒီလို လုပ်ရင် ကျန်းမိသားစု က ကျွန်မကို မုန်းသွားမှာ စိုးရိမ်တယ်”
လျိုမေအာ က စိုးရိမ်တကြီးဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။
ဖုန်းဝူချန် က ခပ်ပြုံးပြုံး ဖြင့် တုံ့ပြန်လိုက်သည်။
“အဲဒီလို မဖြစ်လောက်ပါဘူး... စိတ်မပူပါနဲ့... ဒီကိစ္စအတွက် ငါ အကုန်လုံး တာဝန်ယူတယ်... ဦးလေးလျို နဲ့ အကြီးအကဲကြီး လည်း သိပ်ပြီး စိုးရိမ်မနေပါနဲ့”
လျိုမိသားစုခေါင်းဆောင် နှင့် အကြီးအကဲကြီး တို့က အနည်းငယ် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင်လည်း အတော်လေး စိတ်အေးသွားကြ၏။
“ဦးလေးလျို... စားစရာ ဘာကျန်သေးလဲဗျ... ကျွန်တော် ဗိုက်အရမ်းဆာနေပြီ”
ဖုန်းဝူချန် က လျိုမိသားစုခေါင်းဆောင် ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ရှိတာပေါ့... ရှိတာပေါ့ဗျာ”
လျိုမိသားစုခေါင်းဆောင် က ဝမ်းသာအားရ ရယ်လိုက်၏။ ဖုန်းဝူချန် ကိုယ်တိုင် ရောက်ရှိလာခြင်းက လျိုမိသားစု အတွက် ကြီးမားသော ဂုဏ်ကျက်သရေ တစ်ခုပင် ဖြစ်၏။
လျိုမိသားစုခေါင်းဆောင် သည် ဧည့်သည်တော်များကို နွေးထွေးစွာ ဆက်လက် ဧည့်ခံနေပြီး မင်္ဂလာ ဧည့်ခံပွဲကို ပြန်လည် စတင်လိုက်လေတော့သည်။
ကျန်းယွီ ၏ စကားများက လျိုမိသားစု ကို အရှက်ကွဲစေခဲ့သော်ငြားလည်း ထိုနေရာတွင် ရှိနေသော ခေါင်းဆောင်များကမူ အခြေအနေကို နားလည်စွာဖြင့် ဘာမှ ဆက်မပြောကြတော့ချေ။
ဧည့်ခံပွဲ ပြန်လည် စတင်သောအခါ ဖုန်းဝူချန် က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး...
“ချင်းယန်... ကောင်းကင်စံအိမ် က ညီအစ်ကိုတွေ အားလုံး ရောက်နေကြတာပဲ... သွမ့်ဟုန်ရှီးတို့ကိုရော မဖိတ်ဘူးလား” ဟု မေးလိုက်၏။
လျိုချင်းယန် က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး...
“မဖိတ်ပါဘူးဗျာ... အဖေနဲ့ အကြီးအကဲကြီး က ဒါက ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်တာ မဟုတ်တော့ အရမ်းကြီး မခမ်းနားချင်ဘူးလို့ ပြောလို့ပါ... ပြီးတော့ သွမ့်ဟုန်ရှီး ကိုလည်း ကျွန်တော် မပြောဖြစ်ဘူး... သူက ကောင်းကင်စံအိမ် မှာလည်း မရှိတာနဲ့ ကွက်တိ ဖြစ်သွားတာပါ”
“လျိုမိသားစု က လွမ်ထျန်းမြို့ နဲ့ အနီးအနားက အင်အားစုတွေကိုပဲ ဖိတ်ထားတာလေ”
ကျန်းကျွင့်လန် ကလည်း ဝင်ပြောလိုက်၏။
“ဒါကြောင့်ကိုး... ကျန်းမိသားစု က လျိုမိသားစု ကို ဂရုမစိုက်ရဲလောက်အောင် မောက်မာနေတာ... လျိုမိသားစု က အရင်ကလို မဟုတ်တော့ဘူး ဆိုတာကို ကျန်းမိသားစု က မသိသေးပုံရတယ်”
ဖုန်းဝူချန် က ခေါင်းညိတ်ရင်း မှတ်ချက်ချလိုက်၏။ အကယ်၍သာ သွမ့်ဟုန်ရှီး သာ ရှိနေမည်ဆိုပါက ကျန်းမိသားစု အနေဖြင့် အသက် တစ်သောင်း ရှိနေလျှင်တောင်မှ ယခုကဲ့သို့ လာရောက် အနိုင်ကျင့်ရဲမည် မဟုတ်ပေ။
ကျန်းမိသားစု သည် လျိုမိသားစု နှင့် ပတ်သက်၍ သတင်းအချက်အလက် အားနည်းနေသကဲ့သို့ လျိုချင်းယန် အကြောင်းကိုလည်း လုံးဝ မသိရှိကြချေ။ လျိုမိသားစု သည် ယွင်ကျိုး၊ လွမ်ထျန်းမြို့ မှ သာမန် မိသားစု တစ်ခုမျှသာ ဖြစ်သည်ဟု သူတို့ ထင်မှတ်ထားကြခြင်း ဖြစ်၏။
အကယ်၍သာ လျိုမိသားစု ၏ သားအကြီးဆုံး လျိုချင်းယန် နှင့် ဖုန်းဝူချန် တို့၏ ဆက်ဆံရေးကို ကျန်းမိသားစု ကသာ သိရှိသွားပါက၊ ကျန်းမိသားစု ၏ ခေါင်းဆောင် ကိုယ်တိုင် ပြာပြာသလဲ လာရောက်ကာ ဤအိမ်ထောင်ရေးကို တောင်းဆိုရမည်မှာ အသေအချာပင် ဖြစ်ပေတော့သည်။
“အစ်ကိုဖုန်း... တကယ်ပဲ အဖေ ပြောတဲ့အတိုင်း လျိုမေအာ ကို ကျန်းမိသားစု ဆီ လိုက်ပို့မလို့လား”
လျိုချင်းယန် က မသင်္ကာစိတ်ဖြင့် ထပ်မေးလိုက်ပြန်၏။ ဤအစီအစဉ်မှာ အဆင်မပြေနိုင်ဟု သူ ခံစားနေရဆဲ ဖြစ်သည်။
“စိတ်မပူပါနဲ့... စားပြီးမှ ဆက်ပြောကြတာပေါ့... ရှောင်ရှောင်... ချင်းချင်း... စားကြလေ”
ဖုန်းဝူချန် က ပြုံးကာ ပြောလိုက်ပြီး အမဲသားများကို သည်းကြီးမည်းကြီး စားသောက်နေတော့၏။
ကျန်းမိသားစု က လျိုမိသားစု ကို ဤမျှ အထင်သေး အမြင်သေး ပြုလုပ်နေသည်ကို ဖုန်းဝူချန် အနေဖြင့် မည်သို့များ ဒီအတိုင်း ရပ်ကြည့်နေနိုင်မည်နည်း။
ဗိုက်ဝသွားပြီးနောက် ဖုန်းဝူချန် သည် လျိုချင်းယန် နှင့် အခြားသူများကို အစီအစဉ်များ အတိအကျ ညွှန်ကြားလိုက်လေတော့သည်။
ဖုန်းဝူချန် ၏ ညွှန်ကြားချက်များကို ကြားပြီးနောက် လျိုချင်းယန် နှင့် လိန်မူချန် တို့မှာ အတိုင်းအဆမဲ့ စိတ်လှုပ်ရှား ဝမ်းသာသွားကြလေတော့၏။
...
မြို့တော်၊ ကျန်းမိသားစု။
“အဖေ... အမေ... ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်ရတာလဲ... မင်္ဂလာပွဲလည်း မလုပ်ဘူး၊ ဧည့်ခံပွဲလည်း မလုပ်ဘူးဆိုရင် ဒါကို လက်ထပ်တယ်လို့ ခေါ်လို့ ရပါဦးမလား...မေအာ ဘယ်လောက်တောင် မျက်နှာငယ်ရမလဲ စဉ်းစားကြည့်ပါဦး”
ကျန်းမိသားစု ၏ ခန်းမဆောင်ကြီး အတွင်း၌ ကျန်းယွင် က အလွန်အမင်း မကျေမနပ်ဖြင့် အော်ဟစ်နေ၏။
“ဟွန်း... ပါးစပ်ပိတ်ထားစမ်း”
ကျန်းမိသားစု ခေါင်းဆောင် က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“သာမန် လျိုမိသားစု လေးကများ ငါတို့ ကျန်းမိသားစု နဲ့ ဆွေမျိုးလာစပ်ချင်နေတာ... လျိုမေအာ က ငါတို့နဲ့ လုံးဝ မတန်ဘူး... မင်းက သေမတတ် လက်ထပ်ချင်နေလို့သာ ခွင့်ပြုလိုက်တာ... မဟုတ်ရင် အဲဒီကောင်မလေးကို ငါတို့ ကျန်းမိသားစု ရဲ့ ခြံဝင်းထဲ ခြေတစ်လှမ်းတောင် အချခံမှာ မဟုတ်ဘူး”
“ယွင်အာ... မင်းလည်း ကလေး မဟုတ်တော့ပါဘူး... ဒါလေးတောင် နားမလည်သေးဘူးလား... အညတရ လျိုမိသားစု က အကြီးအကဲ တစ်ယောက်ရဲ့ မြေးမလေးက မင်းနဲ့ ထိုက်တန်လို့လား”
ကျန်းသခင်မကြီး ကလည်း ဝင်ရောက် ဆူပူလိုက်၏။
သူတို့သည် လျိုမိသားစု ကို လုံးဝ မျက်စိထဲ မထည့်ကြသကဲ့သို့ ရင်တွင်းအနက်ရှိုင်းဆုံးမှနေ၍ အထင်အမြင်သေးနေကြကြောင်း အထင်းသား ပေါ်လွင်နေသည်။
“ကျွန်တော် ဂရုမစိုက်ဘူး... ကျွန်တော်..မေအာ ကိုပဲ ချစ်တာ... အဖေတို့ သွားမကြိုရင် ကျွန်တော် ကိုယ်တိုင် သွားကြိုမယ်”
ကျန်းယွင် က ပြတ်သားစွာ ပြောလိုက်၏။
“မင်း သွားရဲရင် သွားကြည့်လေ”
ကျန်းမိသားစု ခေါင်းဆောင် က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး ကျန်းယွင် မှာ ချက်ချင်းပင် ငြိမ်ကျသွားရတော့သည်။
“လျိုမေအာ ကို လက်ထပ်လိုက်ရတာကတင် ငါတို့ ကျန်းမိသားစု အတွက် အရှက်ကွဲနေပြီ... မင်းက ငါတို့ကို ထပ်ပြီး အရှက်ခွဲချင်နေသေးတာလား”
“အဖေတို့ကသာ အရှက်ကွဲတယ် ထင်နေတာ... ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး”
ကျန်းယွင် က ခေါင်းမာစွာဖြင့် ပြန်လည် ချေပလိုက်၏။
“မင်း...”
ကျန်းမိသားစု ခေါင်းဆောင် မှာ ဒေါသအမျက် ခြောင်းခြောင်းထွက် လာပြီး မျက်နှာတစ်ခုလုံး မှောင်မိုက်သွားသည်။
“ခွေးသား... မင်းရဲ့ ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ် ဆိုတာ ယုံလား”
“ယွင်အာ... မင်း အဖေကို ဘယ်လို စကားမျိုး ပြန်ပြောနေတာလဲ”
ကျန်းသခင်မကြီး က ဝင်ရောက် ကြိမ်းမောင်းလိုက်ပြန်၏။
“အဖေနဲ့ အမေ က လျိုမိသားစု ကို အထင်သေးချင် သေးလို့ ရတယ်... ဒါပေမဲ့ ကျွန်တော်ကတော့ မေအာ ကို ချစ်တယ်... သူ မျက်နှာငယ်ရမယ့် အလုပ်မျိုးကိုတော့ ..လုံးဝ ခွင့်မပြုနိုင်ဘူး”
ကျန်းယွင် က ကြောက်စိတ်ကို မြိုသိပ်ကာ အော်ဟစ်လိုက်ပြီး ခန်းမဆောင် အတွင်းမှ ဒရောသောပါး ပြေးထွက်သွားလေတော့သည်။
“ဒါက တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ”
ကျန်းမိသားစု ခေါင်းဆောင် မှာ ဒေါသကြောင့် အံကြိတ်ကာ ရေရွတ်လိုက်၏။
“ဒီကောင်လေး တော်တော်လေး လွန်လာပြီ...ငါ့ကို သေအောင် လုပ်နေတာပဲ”
“ဒါပေမဲ့... လျိုမေအာ ကလည်း အဲဒီလောက်ကြီး ဆိုးရွားနေတာတော့ မဟုတ်ပါဘူး... လျိုမိသားစု က သာမန် မိသားစုလေး ဆိုပေမယ့် ယွင်အာ က ချစ်နေမှတော့ ပြီးတာပါပဲလေ”
ကျန်းသခင်မကြီး က သက်ပြင်းချရင်း ဆိုလိုက်၏။
“ရှင်ရယ်... သတို့သမီး မကြိုရင်တောင်မှ ဧည့်ခံပွဲလေးတော့ လုပ်ပြီး လူတချို့လောက် ဖိတ်လိုက်တာ ပိုကောင်းမယ် ထင်တယ်နော်... မဟုတ်ရင် နောင်တစ်ချိန် လူတွေက မေးလာတဲ့အခါ ဘယ်လို ပြန်ဖြေကြမလဲ”
ကျန်းသခင်မကြီး က အကြံပြုလိုက်သည်။
ကျန်းမိသားစု ခေါင်းဆောင် မှာ အခက်တွေ့နေသော မျက်နှာဖြင့် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်...
“ကောင်းပြီလေ... ပိုင်မိသားစု... နီမိသားစု နဲ့ တခြား အင်အားကြီး အဖွဲ့အစည်း တချို့ကိုပဲ ဖိတ်လိုက်တော့... တော်ဝင်မိသားစု ကိုတော့ မဖိတ်နဲ့... အဲဒီလောက်ထိတော့ ငါ အရှက်အကွဲ မခံနိုင်ဘူး”
အခန်း (၆၆၉) - ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲ
~ကျန်းယွင် လက်ထပ်မည့်ကိစ္စတွင် ဓလေ့ထုံးတမ်းအရ ကျန်းမိသားစု သည် သတို့သမီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုသင့်သော်ငြားလည်း၊ နောက်ဆုံးတွင်မူ သူတို့ လုံးဝ ရောက်မလာခဲ့ကြချေ။
သတ်မှတ်ထားသော အချိန် နီးကပ်လာသည်အထိ ကျန်းယွင် ၏ အရိပ်အယောင်မျှပင် မတွေ့ရသဖြင့် လျိုမေအာ မှာ နောက်တစ်ကြိမ် ထပ်မံ၍ ကြေကွဲ သွားရပြန်၏။
“စစ်သူကြီးချုပ်... ကြည့်ရတာ ကျန်းမိသားစု က တကယ်ကြီး လာကြိုမယ့် ပုံမပေါ်တော့ဘူး”
“ဟုတ်ပါတယ်... ကျွန်တော်တို့ စောင့်နေတာ တစ်နာရီကျော်တောင် ရှိနေပြီ”
“စစ်သူကြီးချုပ်... လျိုမိသားစု ဘက်ကပဲ ကိုယ်တိုင် သွားပို့မှ ရတော့မယ့် အခြေအနေပဲ”
အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံးမှာ ကျန်းမိသားစု ၏ လုပ်ရပ်များအပေါ် ဒေါသထွက်နေကြသော်လည်း ဘာမှ မတတ်နိုင်သဖြင့် အချင်းချင်း တီးတိုး ဆွေးနွေးနေကြသည်။
“အစ်ကိုဖုန်း... ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ကြမလဲ”
လျိုချင်းယန် က ဖုန်းဝူချန် ကို လှမ်းကြည့်ကာ မေးလိုက်၏။
“ကျန်းမိသားစု က လာမကြိုဘူး ဆိုမှတော့ ငါတို့ ကိုယ်တိုင် သွားပို့တာပေါ့”
ဖုန်းဝူချန် က ခပ်ပြုံးပြုံး နှင့် ပြောလိုက်ပြီး သူ၏ အကြည့်များက ကောင်းကင်ယံဆီသို့ ရွှေ့လျားသွားသည်။
“သွမ့်ဟုန်ရှီး လည်း မကြာခင် ရောက်လာတော့မှာပါ”
ထို့နောက် ဖုန်းဝူချန် က အမိန့်ပေးလိုက်၏။
“ချီဟွမ်... ရွှယ်ဖုန်း... ခွမ်းကျန့်... မင်းတို့ သွားကြတော့”
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ချီဟွမ် အပါအဝင် ရှစ်ယောက်သော သူတို့က ရိုသေစွာ ဖြေကြားလိုက်ပြီး မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် နေရာတင် ပျောက်ကွယ်သွားကြတော့သည်။
သူတို့၏ ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အဆင့်နှင့် ထိတ်လန့်ဖွယ် အမြန်နှုန်းတို့ကြောင့် အင်အားကြီး မိသားစုများမှ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံးမှာ အံ့အားသင့် ထိတ်လန့်သွားကြရ၏။
ထိုသူများ၏ ကျွမ်းကျင်မှု စွမ်းရည်မှာ သူတို့၏ စိတ်ကူးမှန်းဆချက်ထက် အများကြီး သာလွန်နေတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ဖုန်းဝူချန် စကားပြောပြီး၍ သိပ်မကြာခင်မှာပင် ကောင်းကင်ယံမှ လေကို ခွင်းလာသော အသံများ ထွက်ပေါ်လာပြီး၊ မရေမတွက်နိုင်သော လူရိပ်များ အထက်မှနေ၍ တဟုန်ထိုး ဆင်းသက်လာကြသည်။
တစ်ခဏအတွင်းမှာပင် လွမ်ထျန်းမြို့ ၏ အထက် ကောင်းကင်ယံတွင် လူရာပေါင်းများစွာ ထွက်ပေါ်လာတော့၏။
“အင်ပါယာ ရဲ့ ကောင်းကင်အရိပ် မြင်းတပ် နဲ့ အလံနက် တပ်မတော် ပါလား”
ထိုလူရာပေါင်းများစွာကို မြင်လိုက်ရသောအခါ လွမ်ထျန်းမြို့ တွင် စုဝေးရောက်ရှိနေကြသော အင်အားကြီး မိသားစုများမှ ခေါင်းဆောင်များ အားလုံး အံ့အားသင့်တကြီး ဟစ်အော်လိုက်ကြသည်။
“စစ်သူကြီးချုပ် ကို ဂါရဝပြုပါတယ် ခင်ဗျာ”
လူရာပေါင်းများစွာသည် လေဟာနယ် အတွင်း၌ ဒူးတစ်ဖက် ထောက်ကာ အစွန်းရောက်သော ရိုသေလေးစားမှုများဖြင့် နှုတ်ခွန်းဆက်သလိုက်ကြ၏။ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူတို့၏ ကျယ်လောင်သော အသံက လွမ်ထျန်းမြို့ တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
သူတို့သည်ကား ရာထူးတိုးမြှင့်ခံထားရသော ကောင်းကင်အရိပ် မြင်းတပ် နှင့် အလံနက် တပ်မတော် ၏ အဖွဲ့ဝင်သစ်များပင် ဖြစ်၏။
အင်ပါယာ ကြီး (၄) ခု အတွင်း အစွမ်းအထက်ဆုံး ဖြစ်ကာ ဂန္ထဝင်တွင်နေသော အင်ပါယာ ၏ စစ်သူကြီးချုပ် ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ သူတို့၏ ရင်တွင်းမှ အပျော်ကြီး ပျော်နေမှု များကို မထိန်းချုပ်နိုင်အောင် ဖြစ်နေကြတော့သည်။
သူတို့အပြင် ဒုတိယ မင်းသား သွမ့်ဟုန်ရှီး၊ နန်းတွင်း အကြံပေး နှင့် အင်ပါယာ ၏ မင်းသားများ အားလုံးလည်း ပါဝင်လာကြ၏။
“ဆရာ့ကို ဂါရဝပြုပါတယ် ခင်ဗျာ”
အင်ပါယာ ၏ ထိပ်တန်း ပုဂ္ဂိုလ်ကြီး နှစ်ဦးက ရိုသေစွာဖြင့် နှုတ်ခွန်းဆက်သလိုက်ကြသည်။
ဖုန်းဝူချန် က ခပ်ပြုံးပြုံး ဖြင့် တုံ့ပြန်လိုက်၏။
“မတွေ့ရတာ ကြာပြီနော်... ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေလည်း တော်တော်လေး တိုးတက်လာတာပဲ”
စစ်ထူကျန့်ထျန်း က ရိုသေစွာ ပြန်ဖြေလိုက်သည်။
“ဒါတွေ အားလုံးက ဆရာ့ ရဲ့ လမ်းညွှန်ပြသမှုတွေ ကြောင့်ပါ... မဟုတ်ရင် ကျွန်တော်တို့ ဒီနေ့ ဒီအခြေအနေအထိ ရောက်လာမှာ မဟုတ်ပါဘူး ခင်ဗျာ”
“စစ်သူကြီးချုပ်... တော်ဝင် မင်္ဂလာ ဝေါယာဉ် တွေ အဆင်သင့် ဖြစ်နေပါပြီ... အချိန်မရွေး ထွက်ခွာလို့ ရပါတယ် ခင်ဗျာ”
သွမ့်ဟုန်ရှီး က ရိုသေစွာ အစီရင်ခံလိုက်၏။
စစ်သည်တော် ရာပေါင်းများစွာက တော်ဝင် မင်္ဂလာ ဝေါယာဉ် များကို သယ်ဆောင်လာကြသည်။ အစီးပေါင်း (၁၀၀) ကျော် ရှိပြီး တော်ဝင်မိသားစု ၏ အမှတ်တံဆိပ်များ တပ်ဆင်ထားကာ ခမ်းနား ကြီးကျယ်လှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
“တော်ဝင် မင်္ဂလာ ဝေါယာဉ် တွေကို သုံးတာလား... ဒုတိယ မင်းသား က တော်ဝင်မိသားစု အတွက် သီးသန့် ဖယ်ထားတဲ့ ဝေါယာဉ်တွေကို ဒီလောက် အများကြီး ယူလာတယ်ပေါ့”
“တကယ့်ကို ခမ်းနားလိုက်တဲ့ မြင်ကွင်းပဲ... စစ်သူကြီးချုပ် ရဲ့ အရှိန်အဝါနဲ့ တကယ့်ကို လိုက်ဖက်ပါပေတယ်... တော်ဝင် မင်္ဂလာ ဝေါယာဉ် တွေ ဒီလောက် အများကြီး ဆိုတော့... တကယ့်ကို အံ့မခန်းပဲဗျာ”
“ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလိုက်တဲ့ မြင်ကွင်းကြီးလဲ... ဒါတွေ အားလုံးက တော်ဝင်မိသားစု အတွက် သီးသန့် ဝေါယာဉ်တွေကြီးပဲ”
တော်ဝင် မင်္ဂလာ ဝေါယာဉ် များကို မြင်တွေ့လိုက်ရသောအခါ လွမ်ထျန်းမြို့ မှ လူတိုင်း အံ့အားသင့် မှင်သက်သွားကြပြီး ပါးစပ် အဟောင်းသား ဖြစ်နေကြတော့၏။
လွမ်ထျန်းမြို့ မှ မရေမတွက်နိုင်သော မိန်းမပျိုလေးများ အားလုံးမှာလည်း မနာလို အားကျ ဖြစ်နေကြတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လျိုမေအာ ၏ မျက်ဝန်းလေးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားရတော့၏။
“ချင်းချင်း... မေအာ ကို ဝေါယာဉ်ပေါ် တင်ပေးလိုက်”
ဖုန်းဝူချန် က အေးစက်တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ လျိုမေအာ မှာမူ ကြောင်အ နေဆဲပင် ဖြစ်၏။
“မေအာ... သွားကြစို့”
မြောင်ချင်းချင်း က ပြုံးကာ ပြောလိုက်ပြီး လျိုမေအာ ကို ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ တောက်ပသော အနီရောင် မင်္ဂလာ ဝတ်စုံလေးကို ဆင်မြန်းထားသော လျိုမေအာ သည် လွမ်ထျန်းမြို့ တစ်ခုလုံး၏ အာရုံစိုက်မှုကို ယုံမှားဖွယ်မရှိ ဖမ်းစားထားလေတော့၏။
“လျိုမေအာ ကို တကယ်ပဲ မနာလိုဖြစ်မိတယ်ကွာ... တော်ဝင် မင်္ဂလာ ဝေါယာဉ် နဲ့ အပို့ခံရတယ်တဲ့...”
လွမ်ထျန်းမြို့ မှ လူများမှာ အတိုင်းအဆမဲ့ အားကျနေကြသည်။ မိန်းမပျိုလေးများမှာ သူတို့၏ မင်္ဂလာဆောင်တွင်လည်း တော်ဝင် မင်္ဂလာ ဝေါယာဉ် ဖြင့် လိုက်ပို့ခံရမည့် နေ့ရက်ကို အိပ်မက် မက်နေကြတော့၏။
“သွားကြစို့”
ဖုန်းဝူချန် က ဩဇာရှိစွာ.. အမိန့်ပေးလိုက်ရာ စစ်သည်တော် ရာပေါင်းများစွာက စတင် ထွက်ခွာကြလေတော့သည်။
ဖုန်းဝူချန် က ဦးဆောင်၍ လျိုချင်းယန် နှင့် သူ၏ အဖွဲ့ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး၊ လျိုမိသားစု မှ ထိပ်ပိုင်း ခေါင်းဆောင်များလည်း နောက်မှ လိုက်ပါသွားကြသည်။
အားလုံးက မေးရိုးများ ပြုတ်ကျမတတ်.. ငေးကြည့်နေကြ၏။
လျိုမိသားစု မှ အကြီးအကဲများ အားလုံးမှာ ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူများ ဖြစ်ကြရာ သူတို့၏ အရှိန်အဝါမှာ အလွန်တရာ အစွမ်းထက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
မြို့တော် မှ ကျန်းမိသားစု သည် အင်အားအရ ဆိုလျှင် လျိုမိသားစု ထက် အများကြီး အားနည်းနေတော့သည်။
ခမ်းနား ကြီးကျယ်လှသော မင်္ဂလာ ခြံရံတပ်ဖွဲ့ကြီးသည် လူတိုင်း၏ မနာလို အားကျနေသော အကြည့်များ ကြားမှ လွမ်ထျန်းမြို့ ကို စွန့်ခွာကာ မြို့တော် ဆီသို့ ဦးတည် ပျံသန်း သွားကြလေတော့သည်။
...
ရွှေယွဲ့ အင်ပါယာ ၏ နန်းတော်။
“ဝှစ်...”
လူရိပ်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။ ၎င်းမှာ ချီဟွမ် ပင် ဖြစ်တော့သည်။
“ယန်ဟော် အင်ပါယာ ရဲ့ စစ်သူကြီးချုပ် က ဖိတ်ကြားစာ ပို့လိုက်ပါတယ်... ဒီနေ့က ယန်ဟော် အင်ပါယာ က လျိုမိသားစု ရဲ့ သမီးလေး လက်ထပ်မယ့် နေ့ပါ... စစ်သူကြီးချုပ် က ရွှေယွဲ့ အင်ပါယာ ရဲ့ ဘုရင်ကြီး ကို ယန်ဟော် အင်ပါယာ ရဲ့ မြို့တော် မှာရှိတဲ့ ကျန်းမိသားစု က မင်္ဂလာပွဲကို တက်ရောက်ပေးဖို့ အထူး ဖိတ်ကြားလိုက်ပါတယ် ခင်ဗျာ”
ချီဟွမ် က ယဉ်ကျေးစွာဖြင့် ဖိတ်ကြားလိုက်သည်။
“တပ်မှူးချီဟွမ် ပါလား”
ရွှေယွဲ့ အင်ပါယာ ၏ ဘုရင်ကြီး က ချီဟွမ် ကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။ ချီဟွမ် ၏ ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အဆင့်ကြောင့် သူ၏ ရင်ထဲတွင် လျှို့ဝှက်စွာ သတိထား စိုးရိမ် သွားမိသည်။
“အခုချက်ချင်း သွားဖို့ ပြင်ဆင်လိုက်ပါ့မယ်”
ရွှေယွဲ့ အင်ပါယာ ၏ ဘုရင်ကြီး က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ ကပျာကယာ သဘောတူလိုက်လေတော့၏။
...
ထျန်းဝူ အင်ပါယာ ၏ နန်းတော်။
လူရိပ်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ ရွှယ်ဖုန်း ပင် ဖြစ်၏။
“ယန်ဟော် အင်ပါယာ ရဲ့ စစ်သူကြီးချုပ် က ဖိတ်ကြားစာ ပို့လိုက်ပါတယ်... ဒီနေ့က ယန်ဟော် အင်ပါယာ က လျိုမိသားစု ရဲ့ သမီးလေး လက်ထပ်မယ့် နေ့ပါ... စစ်သူကြီးချုပ် က ထျန်းဝူ အင်ပါယာ ရဲ့ ဘုရင်ကြီး ကို ယန်ဟော် အင်ပါယာ ရဲ့ မြို့တော် မှာရှိတဲ့ ကျန်းမိသားစု က မင်္ဂလာပွဲကို တက်ရောက်ပေးဖို့ အထူး ဖိတ်ကြားလိုက်ပါတယ် ခင်ဗျာ”
ရွှယ်ဖုန်း က ဖိတ်ကြားလိုက်သည်။
“ယန်ဟော် အင်ပါယာ ရဲ့ စစ်သူကြီးချုပ် ဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ ထျန်းဝူ အင်ပါယာ ၏ ဘုရင်ကြီး မျက်နှာ ကွက်ခနဲ ပျက် သွားပြီး ဖုန်းဝူချန် ၏ ပုံရိပ်က သူ၏ စိတ်အာရုံထဲတွင် ရုတ်ချည်း ပေါ်လာတော့၏။
“ကောင်းပါပြီ... သေချာပေါက် လာခဲ့ပါ့မယ်”
ထျန်းဝူ အင်ပါယာ ၏ ဘုရင်ကြီး က အမြန်ဆုံး နှုတ်ဆက် သဘောတူလိုက်သည်။
ထျန်းဝူ အင်ပါယာ ၏ ဘုရင်ကြီး စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရွှယ်ဖုန်း ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့တော့၏။ သူ၏ ထိတ်လန့်ဖွယ် အမြန်နှုန်းနှင့် လှုပ်ရှားမှုများကြောင့် ထျန်းဝူ အင်ပါယာ ၏ ဘုရင်ကြီး မှာ အကြီးအကျယ် လန့်ဖျတ်သွားပြီး ချွေးအေးများပင် ပြန်လာတော့၏။
“ဒါ... ဒါက ကောင်းကင်ဘုံလူသား အဆင့် ရဲ့ အရှိန်အဝါများလား”
ထျန်းဝူ အင်ပါယာ ၏ ဘုရင်ကြီး က ကြောက်လန့်တကြား ရေရွတ်လိုက်သည်။
...
လော့ယွင် အင်ပါယာ ၏ နန်းတော်။
လူရိပ်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။ ၎င်းမှာ ခွမ်းကျန့် ပင် ဖြစ်သည်။
“ယန်ဟော် အင်ပါယာ ရဲ့ စစ်သူကြီးချုပ် က ဖိတ်ကြားစာ ပို့လိုက်ပါတယ်... ဒီနေ့က ယန်ဟော် အင်ပါယာ က လျိုမိသားစု ရဲ့ သမီးလေး လက်ထပ်မယ့် နေ့ပါ... စစ်သူကြီးချုပ် က လော့ယွင် အင်ပါယာ ရဲ့ ဘုရင်ကြီး ကို ယန်ဟော် အင်ပါယာ ရဲ့ မြို့တော် မှာရှိတဲ့ ကျန်းမိသားစု က မင်္ဂလာပွဲကို တက်ရောက်ပေးဖို့ အထူး ဖိတ်ကြားလိုက်ပါတယ် ခင်ဗျာ”
ခွမ်းကျန့် က ယဉ်ကျေးစွာဖြင့် ဖိတ်ကြားလိုက်၏။
ရုတ်တရက် ထွက်ပေါ်လာသော ထိုလူရိပ်ကြောင့် နန်းတော် ခန်းမဆောင် အတွင်းရှိ ဘုရင်ကြီး၊ ဆရာသခင်ကြီး၊ စစ်သူကြီး နှင့် အမတ်ကြီးများ အားလုံး အကြီးအကျယ် လန့်ဖျတ်သွားကြသည်။
“ယန်ဟော် အင်ပါယာ ရဲ့ စစ်သူကြီးချုပ် တဲ့လား”
ခန်းမဆောင် အတွင်းရှိ လူတိုင်းမှာ မိစ္ဆာတစ်ကောင် ၏ အမည်ကို ကြားလိုက်ရသည့်အလား အလွန်အမင်း အံ့အားသင့် သွားကြ၏။
ခွမ်းကျန့် က ဆက်လက်၍...
“မှန်ပါတယ်... စစ်သူကြီးချုပ် ကိုယ်တိုင် လော့ယွင် အင်ပါယာ ရဲ့ ဘုရင်ကြီး ကို ဖိတ်ကြားဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ”
“ကောင်းပါပြီ... ကောင်းပါပြီ... အခုချက်ချင်း သွားဖို့ ပြင်ဆင်လိုက်မယ်”
လော့ယွင် အင်ပါယာ ၏ ဘုရင်ကြီး မှာ အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ ကပျာကယာ သဘောတူလိုက်လေတော့သည်။
နန်းတော် ခန်းမဆောင် တစ်ခုလုံး အံ့အားသင့် မှင်သက်သွားကြပြီး တိတ်ဆိတ် ငြိမ်သက်သွားတော့၏။
...
ယန်ဟော် အင်ပါယာ ၏ ယွင်ကျိုး ..ရွှမ်ထျန်း ဂိုဏ်း။
လိန်မူချန် ၏ ပုံရိပ်က ရွှမ်ထျန်း ဂိုဏ်း ၏ အထက် ကောင်းကင်ယံတွင် ပေါ်လာ၏။
“ဂိုဏ်းချုပ်မူ... နန်းတော်သခင် က ဖိတ်ကြားစာ ပို့လိုက်ပါတယ်... လျိုမိသားစု က သမီးလေး လက်ထပ်မှာမို့လို့... အခု မြို့တော် က ကျန်းမိသားစု ဆီကို သွားနေပါပြီ ခင်ဗျာ”
လိန်မူချန် ၏ အသံက ရွှမ်ထျန်း ဂိုဏ်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
“ဆေးဧကရာဇ် ကိုယ်တိုင် ဖိတ်ကြားမှတော့ ငါ အခုချက်ချင်း သွားရမှာပေါ့”
မူယွင်ရှန်း၏ အသံ ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ထျန်းတု လေလံရုံ၊ ဖန်းယွင် ဂိုဏ်း၊ ပိုင်မိသားစု နှင့် အင်ပါယာ အတွင်းရှိ အခြားသော အင်အားကြီး အဖွဲ့အစည်းများ အားလုံး ဖိတ်ကြားခြင်း ခံလိုက်ရသည်။ ဖုန်းဝူချန် ၏ ဖိတ်ကြားချက် ဖြစ်ကြောင်း သိရှိသွားကြသောအခါ မည်သူကမျှ မငြင်းပယ်ရဲကြဘဲ အတိုင်းအဆမဲ့ စိတ်လှုပ်ရှား သွားကြလေတော့သည်။
တစ်ခဏအတွင်းမှာပင် အင်ပါယာ ၏ အင်အားကြီး အဖွဲ့အစည်းများမှ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတော့၏။
ဒါတွေ အားလုံးက ဖုန်းဝူချန် ၏ ဖိတ်ကြားချက် တစ်ခုတည်းကြောင့်ပင် ဖြစ်သည်။
ဧရာမ မင်္ဂလာ ခြံရံတပ်ဖွဲ့ကြီးသည် ကောင်းကင်ယံတွင် မြင့်မားစွာ ပျံသန်းနေပြီး မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဖမ်းစားထား၏။
အထက်သို့ မော့ကြည့်လိုက်သောအခါ အားလုံး လန့်ဖျတ်သွားကြသည်။
“အို…တော်ဝင်မိသားစု အတွက် သီးသန့် မင်္ဂလာ ဝေါယာဉ် တွေပါလား”
“တော်ဝင်မိသားစု က တစ်ယောက်ယောက် လက်ထပ်တာလား... ဒုတိယ မင်းသား များလား”
“ဘယ်သူ လက်ထပ်တာမို့လို့များ အင်ပါယာ ရဲ့ ကောင်းကင်အရိပ် မြင်းတပ် နဲ့ အလံနက် တပ်မတော် ကိုတောင် မင်္ဂလာ ဝေါယာဉ် ခြံရံဖို့ ထုတ်သုံးထားရတာလဲ”
ခမ်းနား ကြီးကျယ်လှသော မင်္ဂလာ ခြံရံတပ်ဖွဲ့ကြီးကို မြင်လိုက်ရသောအခါ မရေမတွက်နိုင်သော လူများက အင်ပါယာ ၏ တော်ဝင်မိသားစု မှ တစ်ဦးဦး လက်ထပ်သည်ဟုသာ ထင်မှတ်နေကြသည်။
သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများနှင့် မနာလို အားကျမှုများ အထင်းသား ပေါ်လွင်နေရ၏။
“ဟေး... ငါတို့ အင်ပါယာ ရဲ့ စစ်သူကြီးချုပ် ကို ငါ မြင်လိုက်သလိုပဲ... ပြီးတော့ ဒုတိယ မင်းသား လည်း ပါသေးတယ်... ငါ အမြင်မှားတာလားတော့ မသိဘူး... အရမ်းမြန်လွန်းတော့ သေချာ မမြင်လိုက်ရဘူး”
“ငါ... ငါလည်း မြင်လိုက်တယ်... စစ်သူကြီးချုပ် နဲ့ တကယ် တူတယ်”
“အင်ပါယာ ရဲ့ စစ်သူကြီးချုပ်... လုံးဝ မမှားနိုင်ဘူး... ဒါ ငါတို့ အင်ပါယာ ရဲ့ စစ်သူကြီးချုပ် ပဲ”