← Chapters

အခန်း (၁၁၈၆-၁၁၈၈)

Vol. 80 Ch. 1186-1188

အခန်း (၁၁၈၆-၁၁၈၈)

Vol. 80 Ch. 1186-1188

အခန်း (၁၁၈၆) - အမြတ်ထွက်မယ့် အပေးအယူ

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်အတွင်းရှိ လူအားလုံး၏ အကြည့်တို့သည် တစ်စုံတစ်ယောက်ထံသို့ စုပြုံကျရောက်သွားကြလေသည်။

ခန့်ညားထည်ဝါလှသော ဟန်ပန်ဖြင့် ကျက်သရေရှိစွာ လျှောက်လှမ်းလာသူမှာ အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ သူမသည် ကောင်းကင်ယံထက်တွင် မားမားမတ်မတ် ရပ်တန့်နေသော ရွှယ်အန်းအား ရိုသေစွာဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။

"ကျွန်မ နယ်စပ်မြို့တော်က ဆွေ့မန်ပါ၊ အရှင့်ကို ဂါရဝပြုပါတယ်"

မှန်ပေသည်။ ယခုလေးတင် ပေါ်လာသူကား အခြားသူမဟုတ်ပဲ ဒုတိယသခင်မ ဆွေ့မန်ပင် ဖြစ်လေသည်။ သူမကို မြင်လိုက်ရသည်နှင့် လူအုပ်ကြီးမှာ ထိန်းမနိုင်သိမ်းမရ ဆူညံသွားကြတော့သည်။

"ဒုတိယသခင်မတောင် ကိုယ်တိုင် ထွက်လာပြီဟေ့၊ သူ ဒီကိစ္စကို ဘယ်လိုများ ကိုင်တွယ်မလဲမသိဘူး"

"စဉ်းစားကြည့်လေ... ချီယုက ကောင်းကင်အရှင်သခင်ရဲ့ လက်ရုံး နတ်စစ်သူကြီးပဲလေ၊ ပြီးတော့ သခင်မ ဆွေ့မန်နဲ့ကလည်း တစ်ဂိုဏ်းတည်းသားတွေပဲဟာကို၊ ချီယု အသတ်ခံလိုက်ရတော့ သူမက ကလဲ့စားပြန်ချေမှာပေါ့"

"ဒါပေါ့... အထူးသဖြင့် ဒီကိစ္စက နယ်စပ်မြို့တော်မှာ ဖြစ်သွားတာဆိုတော့ သခင်မ ဆွေ့မန်က ဒီအတိုင်း ငုံ့ခံနေမှာ မဟုတ်ဘူး"

"ဒါပေမဲ့... သူမရဲ့ အမူအရာက ဘာလို့ ဒီလောက်တောင် အေးဆေးနေရတာလဲ"

"ဘယ်သူသိမလဲကွာ၊ ဆက်ကြည့်ရအောင်"

လူအုပ်ကြီး၏ တီးတိုးဆွေးနွေးသံများကြောင့် အိမ်တော်ထိန်း ယုရန်က အေးစက်သော အကြည့်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏ အကြည့်နှင့် ဆုံမိသူတိုင်းမှာ ကြောက်လန့်တကြား ခေါင်းငုံ့သွားကြပြီး မည်သူမျှ ဟက်ဟက်ပက်ပက် ထပ်မပြောရဲကြတော့ချေ။

ထိုအချိန်တွင် ရွှယ်အန်းသည် မြေပြင်ပေါ်ရှိ ချောမောလှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးအား စကားတစ်ခွန်းမျှ မဆိုဘဲ ငုံ့ကြည့်နေမိသည်။ ဤတိတ်ဆိတ်မှုက သာမန် သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်လောက်အောင် ဖိအားပြင်းထန်လှသည်။

သို့သော်လည်း သခင်မ ဆွေ့မန်မှာမူ အနည်းငယ်မျှ တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ သူမ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးလေးမှာပင် ပျက်ယွင်းမသွားပေ။ ၎င်းကို မြင်သောအခါ ရွှယ်အန်း၏ မျက်ဝန်းအစုံတွင် နားလည်ရခက်သော အရိပ်အယောင်တစ်ခု လက်ကနဲ ဖြတ်ပြေးသွားပြီးနောက် အေးစက်စွာ မေးလိုက်သည်။

"ဘာလဲ... မင်းက ဒီ ချီယုအတွက် ကလဲ့စားချေပေးချင်လို့လား"

ထိုစကားကို ကြားသော် ဆွေ့မန်က ပါးစပ်ကလေးကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ အပြုံးမှတစ်ဆင့် ညို့ဓာတ်ပြင်းသော ဆွဲဆောင်မှုများ လွှမ်းခြုံလာတော့သည်။ သူမက ရွှယ်အန်းအား ရီဝေသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

"အရှင်ကလည်း ကျွန်မကို နောက်နေပြန်ပါပြီ၊ ချီယုလို နတ်စစ်သူကြီးတောင် အရှင့်ကို မယှဉ်နိုင်တာ၊ ကျွန်မလို အားနွဲ့တဲ့ မိန်းမသားတစ်ယောက်က အရှင့်ကို ဘယ်လိုလုပ်ပြီး ဆန့်ကျင်ရဲပါ့မလဲရှင်"

သူမ၏ စကားကြောင့် လူအုပ်ကြီးမှာ ဆွံ့အသွားကြပြီး တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။ တစ်ဖက်လူ၏ မျက်လုံးထဲတွင်လည်း အံ့ဩမှုနှင့် သံသယများက အထင်းသား

ပင်။

သခင်မ ဆွေ့မန်က တကယ်ပဲ ကလဲ့စားချေဖို့ မရည်ရွယ်တာလား၊

ဒါပေမဲ့ ဒီကိစ္စကို ကောင်းကင်အရှင်သခင် သိသွားရင် သူမကို အပြစ်ပေးမှာကို မကြောက်ဘူးလား?

ထိုထူးဆန်းသော လေထုအလယ်တွင် ရွှယ်အန်းက ရုတ်တရက် ရယ်မောလိုက်ပြီး အဓိပ္ပာယ်ပါပါဖြင့် ဆိုလာသည်။

"အားနွဲ့တဲ့ မိန်းမသား ဟုတ်လား၊ မင်းကိုယ်မင်း အားနွဲ့တဲ့ မိန်းမသားလို့ ခေါ်လိုက်တာလား"

ဆွေ့မန်၏ အပြုံးက တစ်ခဏမျှ တောင့်တင်းသွားသော်လည်း အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်ဟန်ဆောင်လိုက်သည်။

"အရှင့်ရဲ့ ရှေ့မှောက်မှာဆိုရင် ကျွန်မက အားနွဲ့တဲ့ မိန်းမသားလေး မဟုတ်လို့ ဘာဖြစ်ရမှာလဲရှင်"

ရွှယ်အန်း၏ အပြုံးက တဖြည်းဖြည်း မှေးမှိန်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ်သို့ ဆင်းသက်လာကာ အေးစက်စက် လေသံဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

"ငါက အဓိပ္ပာယ်မရှိတဲ့ စကားတွေ နားထောင်ရတာကို မကြိုက်ဘူး၊ အထူးသဖြင့် မိန်းမတွေဆီကပေါ့၊ ဒါကြောင့်... လိုရင်းကိုပဲ ပြောစမ်းပါ"

သူ၏ ရင့်သီးသော အပြုအမူကြောင့် သခင်မ ဆွေ့မန်၏ မျက်လုံးအောက်ခြေတွင် ဒေါသရိပ်တစ်ခု ဖြတ်သွားသော်လည်း သူမ၏ စိတ်ထိန်းနိုင်စွမ်းမှာ ချီယုထက် များစွာ သာလွန်ပေသည်။ သူမ မျက်နှာပေါ်ရှိ အပြုံးက မပျက်ယွင်းသွားဘဲ လက်ညှိုးကို ခပ်ဖွဖွ ညွှန်လိုက်သည်။

ထိုအခါ ပါးလွှာသော အလင်းအတားအဆီးတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ရွှယ်အန်းမှလွဲ၍ အခြားလူအားလုံးကို ဖယ်ကြဉ်ပစ်လိုက်လေသည်။ ရွှယ်အန်းက မည်သည့် လှုပ်ရှားမှုမှ မလုပ်ဘဲ ဆွေ့မန်၏ လုပ်ဆောင်ချက်များကို အေးစက်သော မျက်လုံးများဖြင့်သာ အကဲခတ်နေသည်။

အကာအရံ ဖြစ်တည်သွားမှသာ ဆွေ့မန်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

"အရှင်... အခုဆိုရင် အပြင်ကလူတွေ ကျွန်မတို့ စကားပြောတာကို မကြားနိုင်တော့ဘူးဆိုတော့ ကျွန်မတို့ ရင်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရပါပြီ"

ရွှယ်အန်းက မည်သို့မျှ တုံ့ပြန်ခြင်း မပြုပေ။ ဆွေ့မန်က ဆက်ပြောလာသည်။

"အရှင်... ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် အရှင်က လူသားဟွာမျိုးနွယ်စုက ဖြစ်ရမယ်၊ ပြီးတော့ အခု လီဟန် ကောင်းကင်ဘုံကို လာတာကလည်း လီဟန် အရှင်သခင်ကို ရှင်းပစ်ဖို့ မဟုတ်လား"

အကယ်၍ အခြားသူတစ်ယောက်ယောက်သာ ဤစကားကို ကြားလိုက်ရပါက အလွန်အမင်း တုန်လှုပ်သွားကြမည်မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် ဆွေ့မန်က လီဟန် အရှင်သခင် အကြောင်းကို ပြောလိုက်ချိန်တွင် သူမ၏ မျက်နှာ၌ ရွံရှာမုန်းတီးမှုများက အထင်းသား ပေါ်လွင်နေသောကြောင့် ဖြစ်သည်။ ရွှယ်အန်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"မှန်တယ်"

ဆွေ့မန်၏ အပြုံးက ပိုမို တောက်ပလာသည်။

"ဒါဆိုလည်း ပြီးတာပါပဲရှင်၊ ဒီလိုဆိုမှတော့ အရှင်နဲ့ ကျွန်မက ရန်သူတွေ မဟုတ်တော့ဘူးပေါ့၊ ပြောရရင် အခု ကျွန်မတို့က မဟာမိတ်တွေ ဖြစ်သွားပြီ မဟုတ်လား"

"အို... မင်းက ဘာလို့ အဲဒီလို ပြောရတာလဲ"

ရွှယ်အန်းက ခနဲ့တဲ့တဲ့ မေးလိုက်သည်။

ဆွေ့မန်က နာကြည်းလှသော လေသံဖြင့် ပြန်ပြောလာသည်။

"ဘာလို့လဲဆိုတော့ အဲဒီ လီဟန်ဆိုတဲ့ ခွေးအိုကြီးကို သတ်ပစ်ချင်တဲ့စိတ်က အရှင့်ထက်တောင် ကျွန်မက ပိုပြင်းပြနေလို့ပဲ"

ဤသို့ပြောပြီးနောက် သူမက ရွှယ်အန်းအား အကဲခတ်သည့်အနေဖြင့် ခိုးကြည့်လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဆွေ့မန်မှာ တိတ်တဆိတ် အံကြိတ်လိုက်မိပြီး သက်ပြင်းချကာ ဆိုလိုက်သည်။

"အရှင်လည်း သိမှာပါ၊ ကျွန်မက လီဟန် အရှင်သခင်ရဲ့ ဒုတိယသခင်မ ဆိုပေမဲ့ အဲဒီ ခွေးအိုကြီး လီဟန်က ကျွန်မအပေါ် ဘာသံယောဇဉ်မှ မရှိပါဘူး၊ သူက ကျွန်မကို အသုံးချဖို့လောက်ပဲ သိတာ၊ နှစ်ထောင်ပေါင်းများစွာ ကြာလာတော့ ကျွန်မလည်း ဒီဘဝကြီးကို ငြီးငွေ့နေပြီ၊ ကျွန်မ..."

"ခဏနေဦး"

ရွှယ်အန်းက စိတ်မရှည်စွာဖြင့် သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

"ရှင်..."

ဆွေ့မန်မှာ ကြောင်အမ်းသွားလေသည်။

ရွှယ်အန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။

"မင်းနဲ့ သူ့ကြားက ဘာရန်ညှိုးတွေ၊ ဘာရှုပ်ထွေးမှုတွေ ရှိလဲဆိုတာကို ငါ နားထောင်ဖို့ စိတ်မဝင်စားဘူး၊ လိုရင်းကိုပဲ ပြော"

ရွှယ်အန်း၏ စကားကြောင့် ဆွေ့မန်၏ မျက်နှာမှာ စိမ်းလိုက်ဖြူလိုက် ဖြစ်သွားပြီး သိသိသာသာပင် ဟန်ချက်ပျက်သွားလေသည်။ သို့သော်လည်း သူမသည် ဤနယ်စပ်မြို့တော်တွင် နှစ်ပေါင်းတစ်ထောင်ကြာအောင် ရပ်တည်နိုင်ခဲ့သူဖြစ်ရာ မည်သို့လွယ်လွယ်နှင့် အရှုံးပေးမည်နည်း။ သူမက သက်ပြင်းတစ်ချက်ကို အားယူရှိုက်ကာ ဟန်ကိုပြန်ဆယ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"ရိုးရှင်းပါတယ်၊ ကျွန်မ အရှင်နဲ့ ပူးပေါင်းချင်တယ်၊ လီဟန် အရှင်သခင်ကို ရှင်းပစ်ဖို့ နည်းလမ်းကို အတူတူ ရှာကြမယ်လေ"

"ပူးပေါင်းမယ် ဟုတ်လား"

ရွှယ်အန်းက စိတ်ဝင်စားသွားပုံရကာ မေးလိုက်သည်။

"ဟုတ်တယ်... ပူးပေါင်းတာပါ"

ဆွေ့မန်က လေးနက်စွာ အတည်ပြုလိုက်သည်။

"အရှင့်ရဲ့ စွမ်းအားက တကယ်ကို ထူးကဲလှတယ်ဆိုတာ ကျွန်မ ကိုယ်တိုင် မျက်မြင်ပါပဲ၊ ဒါပေမဲ့ လီဟန် အရှင်သခင်က နှစ်ပေါင်း သောင်းနဲ့ချီပြီး ရှင်သန်လာခဲ့တဲ့သူဆိုတာကို အရှင် သတိပြုသင့်တယ်၊ သူက နတ်ဘုရားနယ်ပယ်မှာ မှန်းဆလို့မရတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ တကယ့် ဧရာမ ပုဂ္ဂိုလ်ကြီးလေ၊ ဒါကြောင့်မလို့ အရှင် တစ်ယောက်တည်း သူ့ကို ရှင်းပစ်နိုင်မယ်လို့ ထင်နေရင်တော့ အဲဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲ"

"ဒါပေမဲ့ ကျွန်မသာ ကူညီပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ကျွန်မ လီဟန် အရှင်သခင်ကို မုန်းပေမဲ့လည်း နှစ်ထောင်ပေါင်းများစွာ ကြာအောင် သူ့အပေါ် အမြဲတမ်း အလျှော့ပေး အလိုလိုက်ခဲ့တာဆိုတော့ သူက ကျွန်မကို လုံးဝ သံသယမရှိပါဘူး၊ ကျွန်မတို့သာ လီဟန် အရှင်သခင်အနားကို ကပ်လို့ရမယ့် နည်းလမ်းရှာနိုင်မယ်ဆိုရင် အရှင်နဲ့ ကျွန်မ ပူးပေါင်းလိုက်တာနဲ့ အောင်မြင်မှုက လက်တစ်ကမ်းမှာတင် ရှိမှာပါ"

ဤသို့ပြောပြီးနောက် ဆွေ့မန်က ရွှယ်အန်းကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်ကာ သူ၏ သဘောတူမှုကို စောင့်ဆိုင်းနေလေသည်။ သူမ၏ အမြင်တွင် ဤအစီအစဉ်က သေချာပေါက် အောင်မြင်မည့် အပေးအယူဖြစ်သည်။ မည်သို့ပင်ဆိုစေ ရွှယ်အန်းအတွက် ဆုံးရှုံးစရာမရှိသည့်အပြင် အောင်မြင်နိုင်ခြေကလည်း ပိုမြင့်မားသွားမည် မဟုတ်ပါလား။

ရွှယ်အန်းက မည်သည့်စကားမှ မဆိုဘဲ ဆွေ့မန်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေလေသည်။ အချိန်အတော်ကြာမှသာ သူက အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"နားထောင်လို့တော့ အတော်လေး ကောင်းသား၊ ဒါပေမဲ့ ဆိုးတာက... ငါ စိတ်မဝင်စားဘူး"

ဆွေ့မန်၏ အပြုံးက ချက်ချင်းဆိုသလို အေးခဲသွားပြီး သူမက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"စိတ်... စိတ်မဝင်စားဘူး ဟုတ်လား"

ရွှယ်အန်းပ ငြင်းပယ်လိုက်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ရွှယ်အန်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မှန်တယ်"

"ဘာဖြစ်လို့လဲ"

ရွှယ်အန်းက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

"ဘာဖြစ်လို့လဲ ဆိုတော့... ငါက မင်းကိုသေချာ ရှင်းပြဖို့ လိုသေးလို့လား၊ မင်း ရင်ထဲမှာ ဘာတွေကြံစည်နေလဲဆိုတာ မင်းကိုယ်မင်း အသိဆုံး ဖြစ်ရမှာပေါ့"

ဆွေ့မန်၏ မျက်နှာမှာ ချက်ချင်းပင် အကျည်းတန်သွားပြီး သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားသည်။

"ရှင်... "

ရွှယ်အန်းက တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။

"မင်းရဲ့ တွက်ချက်မှုက တကယ်ကို ပြည့်စုံလွန်းပါတယ်၊ ငါနဲ့ ပူးပေါင်းပြီး တကယ်လို့ လီဟန် အရှင်သခင်ကို ရှင်းပစ်နိုင်ခဲ့မယ်ဆိုရင် မင်းအတွက် အမြတ်ပဲလေ၊ ဒါပေမဲ့ အဲဒီလိုမှ မဟုတ်ဘဲ ကျရှုံးသွားခဲ့မယ်ဆိုရင် မင်းက ချက်ချင်း ဘက်ပြောင်းပြီး ငါ့ကို လီဟန် အရှင်သခင်ဆီ သစ္စာဖောက်အဖြစ် ရောင်းစားပြီး ဆုလာဘ်တောင်းလို့ ရသေးတာပဲ"

"ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့်၊ မင်းအတွက်က လုံးဝ ရှုံးစရာမရှိတဲ့ အခြေအနေပဲလေ"

"ကံမကောင်းတာက..."

ထိုသို့ပြောကာ ရွှယ်အန်းက ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် ခေါင်းမော့လိုက်သည်။

"လီဟန် အရှင်သခင် တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် ငါက မင်းလိုလူဆီက အကူအညီ လိုအပ်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"

အခန်း (၁၁၈၇) - နတ်ဘုရားအာရုံကို သန့်စင်ခြင်းနှင့် ကျိုးနွံသွားသော ဆွေ့မန်

ထိုစကားများမှာ အလွန်တရာ ရိုင်းစိုင်းစော်ကားလွန်းလှသဖြင့် ဆွေ့မန်၏ မျက်နှာမှာ တစ်ခဏချင်းပင် ပြာနှမ်းသွားပြီးနောက် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာလေသည်။

"မိတ်ဆွေလေး... ရှင့်ရဲ့ သိုင်းပညာက အဆင့်အတန်းတစ်ခုမှာ ရှိနေတယ်ဆိုတာကိုတော့ ဝန်ခံပါတယ်၊ ချီယုလို လူမျိုးကိုတောင် သာမန် ခွန်အားသက်သက်နဲ့ ဖိနှိပ်ပြီး အစရှာမရအောင် သုတ်သင်နိုင်ခဲ့တာပဲလေ၊ ဒါပေမဲ့... ဒီလောက် စွမ်းအားလေးနဲ့ လီဟန် အရှင်သခင်ကို ရှင်းလင်းပစ်နိုင်မယ်လို့ ရှင် တကယ်ကြီး ယုံကြည်နေတာလား"

ထိုသို့ပြောနေစဉ်အတွင်း ဆွေ့မန်၏ မျက်နှာတွင် လှောင်ပြောင်ရယ်မောလိုသော အမူအရာတို့က အထင်းသားပေါ်နေသည်။

"လီဟန် အရှင်သခင်ဆိုတာ ဒီနယ်ပယ်တစ်ခုလုံးကို တစ်ဦးတည်း လက်ဝါးကြီးအုပ် ဖိနှိပ်ထားနိုင်တဲ့ အာဏာရှင်ဆန်တဲ့ တည်ရှိမှုမျိုးဆိုတာ ရှင် သိထားသင့်တယ်၊ သူ့ရဲ့ စွမ်းအားက ရှင် ဘယ်လိုမှ မှန်းဆလို့မရနိုင်တဲ့ အရာပဲ၊ ရှင့်ရဲ့ ဒီ အရည်အချင်းလောက်နဲ့ကတော့... အမြောက်စာထက် ပိုမလာနိုင်ဘူး"

ရွှယ်အန်းသည် သူမ စကားပြော၍ ပြီးဆုံးသွားသည်အထိ ဒေါသအရိပ်အယောင် အနည်းငယ်မျှပင် မပြဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ထို့နောက်မှ သူက ခပ်အေးအေးပင် မေးလိုက်သည်။

"မင်း ပြောလို့ ပြီးပြီလား၊ ပြီးပြီဆိုရင်လည်း... မင်း လှုပ်ရှားရမယ့် အချိန်ရောက်ပြီ မဟုတ်ဘူးလား"

"ရှင်..."

ဆွေ့မန်၏ မျက်နှာမှာ ဒေါသကြောင့် ဖြူရော်သွားသော်လည်း အလျင်အမြန်ပင် ဟန်ကိုပြန်ဆယ်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။

"ရှင်က တကယ့်ကို ဘယ်ဟာ ကောင်းတာသိဘဲ အပြစ်ပေးခံရမှ ကျေနပ်မယ့်သူပဲ"

ထိုသို့ပြောပြီးနောက် သူမ၏ မျက်လုံးများမှ စူးရှတောက်ပသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာပြီး ဦးခေါင်းထက်တွင်မူ အစွမ်းထက်လှသော နတ်ဘုရားအာရုံ ဖိအားတစ်ခု စတင်ဖြစ်တည်လာလေသည်။ ထိုဖိအားမှာ အစဉ်မပြတ် ပြောင်းလဲနေပြီး အဆုံးအစမဲ့ ပါးနပ်သိမ်မွေ့လှသဖြင့် စောင့်ကြည့်နေသူများကို အံ့ဩမှင်တက်သွားစေသည်။

ဤအချိန်တွင် ဆွေ့မန်သည် အစောပိုင်းက နှိမ့်ချနေသော အမူအရာမှ မာနထောင်လွှားသော ပုံစံသို့ ချက်ချင်းပြောင်းလဲသွားကာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။

"မိတ်ဆွေလေး... ရှင့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်၊ ရှင်သာ ငါနဲ့ ပူးပေါင်းဖို့ သဘောတူရင် ရှင့်ကို လွှတ်ပေးမယ်၊ မဟုတ်ပဲ ရှင်က ငြင်းနေမယ်ဆိုရင်တော့...ရှင့်ရဲ့ နတ်ဘုရားအာရုံကို ကျွန်မ သတ်ပစ်ရလိမ့်မယ်"

ရွှယ်အန်းက ခေါင်းမော့ကာ ဆွေ့မန်၏ ခေါင်းထက်မှ ကောင်းကင်ယံသို့ ထိုးဖောက်တက်သွားသော နတ်ဘုရားအာရုံ အလင်းတန်းများကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဪ... ဒီတော့ မင်းက နတ်ဘုရားအာရုံ ကျင့်ကြံသူပေါ့"

"မှန်တာပေါ့၊ လူတွေက ငါ့ကို ဆွေ့မန်လို့ ဘာလို့ ခေါ်ကြတယ် ထင်နေလဲ"

ဆွေ့မန်က ခေါင်းမော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"မိတ်ဆွေလေး... ရှင့်လို ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာရှင်တွေက ပြိုင်ဘက်ကင်းတဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ အားနည်းတဲ့ နတ်ဘုရားအာရုံက ရှင့်ရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ၊ ပြီးတော့ အခု ရှင်က ကျွန်မရဲ့ နယ်မြေထဲကို ရောက်နေတာ၊ ရှင့်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းက ကျွန်မ လက်ထဲမှာပဲ ရှိတယ်၊ ကျွန်မသာ ဆန္ဒရှိရင် ရှင့်ကို အခုချက်ချင်း ရှင်လျက်နဲ့ သေနေသလို ဖြစ်သွားအောင် လုပ်ပစ်လို့ရတယ် ဒါကြောင့် ကျွန်မရဲ့ စကားကို သေသေချာချာ စဉ်းစားဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင်တော့... ဟွန့်"

ဆွေ့မန်က စကားကို အဆုံးအထိ မပြောခဲ့သော်လည်း ထို အေးစက်စက် နှာမှုတ်သံမှာ ခြိမ်းခြောက်မှု အပြည့်ပါဝင်နေလေသည်။ သို့သော် ရွှယ်အန်းသည် သူမ၏ ခြိမ်းခြောက်မှုကို လုံးဝ မကြားလိုက်သည့်အလား တည်ငြိမ်နေဆဲပင်။ သူသည် ဆွေ့မန်၏ နတ်ဘုရားအာရုံ ဖိအားကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး အချိန်အတန်ကြာမှ ရုတ်တရက် အသံထွက်ကာ ရယ်မောလိုက်လေတော့သည်။

"ရှင် ဘာရယ်တာလဲ"

ဆွေ့မန်၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ရွှယ်အန်းက အကြည့်များကို အောက်သို့ချလိုက်ပြီး ဆွေ့မန်အား ကျောချမ်းဖွယ်ရာ အပြုံးတစ်ခုဖြင့် စိုက်ကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ရုတ်တရက် ငါ မင်းကို ကျေးဇူးတင်ချင်စိတ် ပေါက်သွားလို့ပါ"

"ကျေးဇူးတင်တယ်?"

ဆွေ့မန်မှာ အနည်းငယ် ဇဝေဇ၀ါဖြစ်သွားလေသည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ သတိပေးလို့ ကျေးဇူးတင်တာပါ"

"ရှင် ဘာကို ဆိုလိုတာလဲ"

ဆွေ့မန်၏ အမူအရာမှာ အေးစက်သွားပြီး ဖိအားပေး မေးမြန်းလိုက်သည်။

"လှည့်ကွက်တွေ သုံးမနေနဲ့၊ အခုချက်ချင်း ပြောစမ်း! မဟုတ်ရင် ငါ သက်ညှာနေမှာ မဟုတ်ဘူးနော်"

ရွှယ်အန်းက တခစ်ခစ် ရယ်လိုက်ပြန်သည်။

"ရုပ်ပိုင်းဆရာ သိုင်းပညာရှင်တစ်ယောက်ရဲ့ အကြီးမားဆုံး အားနည်းချက်က ဘာလို့ ခုနက မင်း ပြောလိုက်တာလဲ"

"သူတို့ရဲ့ အားနည်းတဲ့ နတ်ဘုရားအာရုံပေါ့"

ဆွေ့မန်က မဆိုင်းမတွပင် ဖြေလိုက်သည်။

ကျင့်ကြံခြင်းလမ်းစဉ်တွင် နှစ်ဖက်စလုံးကို ပြည့်စုံရန်မှာ အလွန်တရာ ခက်ခဲလှသည်။ ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပါက နတ်အာရုံစွမ်းအားမှာ အားနည်းနေတတ်သည်မှာ လောကနိယာမကဲ့သို့ပင် ဖြစ်နေချေသည်။

"မင်းပြောတာ လုံးဝ မှန်တယ်"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သော်လည်း ဆွေ့မန် ပြန်ပြောရန် အချိန်မရလိုက်မီမှာပင် သူက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့... ငါက ရုပ်ခန္ဓာသိုင်းပညာရှင်လို့ မင်းကို ဘယ်သူက ပြောလို့လဲ"

"ဟင်?"

ဆွေ့မန်မှာ မှင်တက်သွားလေသည်။ သူ ဘာကို ဆိုလိုတာပါလိမ့်?

ရွှယ်အန်းက ပြုံးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မျက်လုံးများထဲမှ စူးရှသော နတ်ဘုရညးအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာလေသည်။ ရုတ်တရက်ပင် အဆုံးအစမဲ့ ကျယ်ပြောလှသော နတ်ဘုရားအာရုံတစ်ခုက ကောင်းကင်ယံဆီသို့ ထိုးတက်သွားပြီး လောကတစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။

ဆွေ့မန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး ဤနတ်အာရုံ၏ စွမ်းအားကို ထိတ်လန့်တုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်မိသည်။ ဤစွမ်းအားနှင့် နှိုင်းယှဉ်ပါက သူမ၏ ကိုယ်ပိုင် နတ်ဘုရားအာရုံမှာ နေမင်းကြီးအောက်ရှိ ဖယောင်းတိုင်မီးအလင်းရောင်လေးတစ်ခုနှင့်သာ တူတော့သည်။

"ကဲ... ပြောစမ်းပါဦး၊ ငါက ဘာလဲ"

ရွှယ်အန်းက အေးတိအေးစက် လေသံဖြင့် မေးလိုက်သည်။ ဆွေ့မန်မှာ စကားပင် မပြောနိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ ရွှယ်အန်းက ဆက်၍ ပြုံးလိုက်သည်။

"အစကတော့ မြွေကိုမလန့်အောင် ငါ ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားနေတာ၊ ဒါပေမဲ့ မင်းရဲ့ စကားတွေက ငါ့ကို သတိရသွားစေတယ်၊ လီဟန် အရှင်သခင်က မင်းကို သံသယမဝင်ဘူးဆိုတော့ ငါသာ မင်းနဲ့အတူ လိုက်သွားမယ်ဆိုရင် သူ့အနားကို ချောချောမွေ့မွေ့ ချဉ်းကပ်နိုင်မှာပေါ့"

ဆွေ့မန်၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းသွားသည်။

"ရှင်... ရှင် ဘာလုပ်ချင်လို့လဲ"

"စိတ်မပူပါနဲ့၊ ငါ မင်းကို ဒုက္ခမပေးပါဘူး၊ မင်းရဲ့ အဆင့်အတန်းကို ခဏလောက် ငှားသုံးရုံတင်ပါ၊ ဒါပေမဲ့ သတင်းတွေ ပေါက်ကြားမသွားအောင် မင်းရဲ့ နတ်ဘုရားအာရုံကို ကြိုပြီး သန့်စင်ပစ်ဖို့တော့ လိုလိမ့်မယ်"

နတ်ဘုရားအာရုံကို သန့်စင်ခြင်း!

ဤသည်မှာ နတ်ဘုရားအာရုံ ကျင့်ကြံသူများကြားရှိ အချက်အလက်နှင့် စိတ်ဆန္ဒကို လုံးဝ ထိန်းချုပ်ပစ်သော ရက်စက်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သန့်စင်ပြီးနောက်တွင် အခြားတစ်ဖက်လူမှာ လုံးဝ ကျိုးနွံနာခံသူ ဖြစ်သွားတော့သည်။

၎င်းကို သဘောပေါက်သွားသောအခါ ဆွေ့မန်သည် သူမ၏ နတ်ဘုရားအာရုံအားလုံးကို စုစည်းကာ ပုံတူကော်ပီ သန်းပေါင်းများစွာအဖြစ် ခွဲဖြတ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာဖြင့် ရွှယ်အန်း၏ နတ်ဘုရားအာရုံက ရှေ့သို့ လှိုင်းလုံးကြီးအလား ရိုက်ခတ်လာပြီး ဆွေ့မန်အား လုံးဝ ပိတ်လှောင်ဖမ်းဆီးလိုက်လေသည်။

"စိတ်မပူပါနဲ့... ဒါက ခဏလေးနဲ့ ပြီးသွားမှာပါ"

ရွှယ်အန်း၏ စကားအဆုံးတွင် အထွတ်အထိပ် အာဏာစက် ပါဝင်နေသော နတ်ဘုရားအာရုံက ဖိချေချလိုက်တော့သည်။

"မဟုတ်ဘူး"

ဆွေ့မန်၏ အော်ဟစ်သံမှာ နတ်အာရုံများအောက်တွင် နစ်မြုပ်သွားလေသည်။ အလင်းတန်းများ အဆက်မပြတ် တလက်လက် တောက်ပနေပြီး ခဏအကြာတွင် အားလုံး ငြိမ်သက်သွားကာ ရွှယ်အန်း၏ နတ်ဘုရားအာရုံက ဒီရေအလား ပြန်လည် ဆုတ်ခွာသွားလေသည်။

ကျန်ရစ်ခဲ့သည်မှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေသော ဆွေ့မန်သာ ဖြစ်သည်။

သို့သော်လည်း သူမသည် ရွှယ်အန်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများထဲ၌ ရိုသေကိုးကွယ်မှုများ ပြည့်နှက်သွားပြီး ရှေ့သို့ တိုးလာကာ ရိုသေစွာဖြင့် ဦးညွှတ်လိုက်လေသည်။

"ဆွေ့မန်... သခင့်ကို ဂါရဝပြုပါတယ်”

အခန်း (၁၁၈၈) - ဖုံးကွယ်ထားသော အသွင်သဏ္ဌာန်နှင့် ယုရန်၏ အမှန်တရား

ရွှယ်အန်းက ခပ်အေးအေးပင် ခေါင်းညိတ်လိုက်သည်။

"သွားကြစို့"

"ဟုတ်ကဲ့ပါ အရှင်"

ဆွေ့မန်က တိုတိုတုတ်တုတ်ပင် တုံ့ပြန်လိုက်သည်။ ထို့နောက် ရွှယ်အန်းက ရှေ့မှဦးဆောင်ကာ နတ်ဘုရားအာရုံ အတားအဆီးအတွင်းမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာလာခဲ့လေသည်။ အစောက ဆွေ့မန်သည် ရွှယ်အန်းနှင့် စကားပြောဆိုမှုများကို လျှို့ဝှက်ရန်အတွက် နတ်ဘာဂားအာရုံ အတားအဆီးတစ်ခု ဖန်တီးကာ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပြင်ပမှ စောင့်ကြည့်နေသူများသည် အတွင်းဘက်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပျက်နေသည်ကို မသိနိုင်ဘဲ စိုးရိမ်တကြီး ဖြစ်နေကြရသည်။ အထူးသဖြင့် အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားသော်လည်း သူတို့နှစ်ယောက် ပြန်ထွက်လာမည့် အရိပ်အယောင် မတွေ့ရသောအခါ လူအုပ်ကြီးမှာ ဂနာမငြိမ် ဖြစ်လာကြတော့သည်။

"ဒုတိယသခင်မနဲ့ ဒီလူငယ်လေးက အထဲမှာ ဘာတွေများ လုပ်နေကြတာလဲ၊ ဘာလို့ ဒီလောက်ကြာနေရတာလဲ"

တစ်စုံတစ်ယောက်က စိတ်မရှည်စွာ ရေရွတ်လိုက်သည်။

"ဘယ်သိမလဲကွာ၊ ဒါပေမဲ့ ဒီလူငယ်လေးတော့ ဒုက္ခလှလှတွေ့နေပြီလို့ ထင်တာပဲ၊ ငါတို့ရဲ့ ဒုတိယသခင်မက ဘယ်လောက်တောင် ပါးနပ်လဲဆိုတာ မင်းတို့လည်း အသိပဲလေ၊ ဒီလူငယ်လေးရဲ့ အသက်အရွယ်နဲ့ဆိုရင် သူမရဲ့ စကားလုံးတွေကြားမှာ လမ်းပျောက်ပြီး အရှုံးပေး ဒူးထောက်သွားလောက်ပြီ"

ထိုစကားကို ကြားသောအခါ လူအများအပြားက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ နယ်စပ်မြို့တော်သားများပီပီ ဆွေ့မန်၏ လက်ရုံးရည်၊ နှလုံးရည်ကို ကောင်းကောင်းသိကြသဖြင့် ဤခန့်မှန်းချက်မှာ မှန်ကန်နိုင်သည်ဟု အားလုံးက ယူဆထားကြသည်။ သို့သော်လည်း လူတိုင်းက ထိုသို့တွေးနေကြသည်တော့ မဟုတ်ပေ။

"နတ်ဘုရားစစ်သူကြီး ချီယုကိုတောင် အပြတ်ရှင်းနိုင်ခဲ့တာဆိုတော့ ဒီလူငယ်က သာမန်တော့ မဟုတ်ဘူး၊ ဒုတိယသခင်မက သူ့ကို လွယ်လွယ်နဲ့ လှည့်စားနိုင်ပါ့မလား"

"ဟမ်၊ မင်းက ဘာလို့ အဲဒီလို ပြောရတာလဲ"

"ဟီးဟီး... ဒုတိယသခင်မရဲ့ နူးညံ့တဲ့ အသွင်အပြင်ကိုကြည့်ပြီး အားနွဲ့တဲ့ မိန်းမသားတစ်ယောက်လို့ မထင်လိုက်နဲ့၊ နယ်စပ်မြို့တော်ကို နှစ်တစ်ထောင်လောက် ဖိနှိပ်အုပ်စိုးထားနိုင်ဖို့ဆိုတာ ဉာဏ်ကောင်းရုံနဲ့ မရဘူးကွ၊ ငါတို့ ဒုတိယသခင်မရဲ့ နတ်ဘုရားအာရုံကျင့်ကြံမှုက ထိပ်တန်းအဆင့်မှာ ရှိတယ်လို့ ကြားဖူးတယ်"

ထိုစကားကြောင့် လူအုပ်ကြီး၏ ရင်ထဲတွင် တုန်လှုပ်သွားကြပြန်သည်။

"ဒါကြောင့် ငါပြောတာပေါ့... အဲ့လူငယ်က စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်၊ သူ့ရဲ့ ရုပ်ခန္ဓ ကျင့်ကြံမှုက အထွတ်အထိပ်ဆိုပေမဲ့ ရုပ်ခန္ဓာသိုင်းသမားတွေရဲ့ အားနည်းချက်က နတ်ဘုရားအာရုံပဲလေ၊ နတ်ဘုရားအာရုံပိုင်းမှာ ဆရာကျတဲ့သူနဲ့ တွေ့ပြီဆိုရင်တော့ ဘယ်လိုမှ ပြန်မချနိုင်တော့ဘူး၊ ငါ လောင်းရဲတယ်... ဒီလူငယ်လေး အခုလောက်ဆိုရင် အဖမ်းခံလိုက်ရလောက်ပြီ"

ဤယုတ္တိတန်လှသော ကောက်ချက်ကြောင့် လူအများစုက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေသည်။ အိမ်တော်ထိန်း ယုရန် တစ်ယောက်တည်းသာလျှင် နတ်ဘုရားအာရုံ အတားအဆီးကို သံသယအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရသော်လည်း အတိအကျကိုမူ မပြောနိုင်သေးပေ။

ထိုအချိန်တွင် ရုတ်တရက် နတ်ဘုရားအာရုံ အတားအဆီးမှာ တုန်ခါသွားပြီး သခင်မ ဆွေ့မန် ထွက်ပေါ်လာခဲ့လေသည်။ သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံးက အသက်အောင့်လျက် စောင့်ကြည့်လိုက်ကြသည်။

သို့သော်လည်း သူမ၏ အသွင်အပြင်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရထားခြင်း မရှိရုံသာမက မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးပင် ရှိနေသည်ကို မြင်လိုက်ရခြင်းက လူအုပ်ကြီးကို အတွေးများစေသည်။

ထင်ထားတဲ့အတိုင်းပဲ... ထိုလူငယ်လေးတော့ ဒုတိယသခင်မရဲ့ နှိမ်နင်းခြင်းကို ခံလိုက်ရပြီထင်တယ်...

သို့သော် လူအုပ်ကြီး မသေမချာ ဖြစ်နေစဉ်မှာပင် ဆွေ့မန်သည် ရှေ့သို့ ဆက်မတိုးဘဲ လက်နှစ်ဖက်ကို ရိုသေစွာချလျက် ဘေးဘက်သို့ ခပ်ကျို့ကျို့ ရပ်နေပုံမှာ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးကို စောင့်ကြိုနေသည့် အမူအရာမျိုးပင်။ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

"ဘာတွေ ဖြစ်နေတာလဲ၊ ဘယ်သူ လာမှာမလို့လဲ"

ထိုစဉ် အလင်းနှင့် အရိပ်များကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာရာ ၎င်းမှာ ရွှယ်အန်း ဖြစ်နေခဲ့သည်။ သူ့ကို မြင်သောအခါ ဆွေ့မန်က အလျင်အမြန် ကိုယ်ကိုကိုင်းကာ လေးလေးစားစား ဦးညွှတ်လိုက်လေသည်။

သူမ၏ အမူအရာမှာ သခင်ဖြစ်သူ၏ ရှေ့မှောက်တွင် ရပ်နေသော အစေခံတစ်ဦးကဲ့သို့ ရိုသေကျိုးနွံလွန်းနေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားရတော့သည်။ သောက်ကျိုးနည်း... ဘာတွေ ဖြစ်ကုန်တာလဲ၊ ဒီလူငယ်က မသေတဲ့အပြင် ဒုတိယသခင်မ ဆွေ့မန်ကတောင် သူ့ကို ဒီလောက်အထိ ရိုရိုသေသေ ဆက်ဆံနေရတယ် ဟုတ်လား?

လူတိုင်း၏ အကြည့်များက ရွှယ်အန်းထံ စုပြုံရောက်ရှိလာချိန်တွင် သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏ အကြည့်နှင့် ဆုံမိသူတိုင်းမှာ ထိတ်လန့်သွားကြပြီး နောက်သို့ အလိုအလျောက် ဆုတ်မိသွားကြသည်။ ဤလူငယ်လေး၏ အကြည့်များက အလွန်တရာ တည်ငြိမ်လွန်းနေသောကြောင့်ပင်။

ထိုအချိန်တွင် ရွှယ်အန်း၏ အကြည့်က ထောင့်တစ်နေရာတွင် ရပ်နေသော လူတစ်ယောက်ပေါ်သို့ ကျရောက်သွားပြီးနောက် ပြုံးယောင်သန်းကာ ထိုသူ၏ဆီသို့ လျှောက်လှမ်းသွားလေသည်။ ဆွေ့မန်ကလည်း အနောက်မှ ကပ်လျက် လိုက်ပါလာသည်။ သူတို့ ဖြတ်သန်းသွားသော နေရာတိုင်းရှိ လူအားလုံးက လမ်းဖယ်ပေးကြပြီးနောက် အကြည့်အားလုံးက ရွှယ်အန်း ချဉ်းကပ်သွားသော ထိုလူဆီသို့ စုစည်းသွားကြသည်။

ထိုသူမှာ အသွင်အပြင်အားဖြင့် ထူးခြားမှုမရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သို့သော်လည်း နယ်စပ်မြို့တော်တွင် သူ့ကို မည်သူကမျှ လျစ်လျူမရှုရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်မ ဆွေ့မန်၏ အယုံကြည်ရဆုံး လက်ရုံးဖြစ်ပြီး အမှန်တကယ် အာဏာရှိသူ အိမ်တော်ထိန်း ယုရန် ဖြစ်နေသောကြောင့်ပင်။

အမှန်တွင် ရွှယ်အန်း ထွက်လာသည်ကို မြင်လိုက်ရကတည်းက ယုရန်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခဲ့ပြီး ဖြစ်သည်။ ဆွေ့မန်ကပါ ရွှယ်အန်းအပေါ် ရိုသေသမှု ပြနေသည်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားခဲ့သည်။ သို့သော်လည်း သူသည် ကိုယ်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် တည်ငြိမ်မှုကို ပြန်လည် ဆယ်ယူနိုင်ခဲ့သည်။

ရွှယ်အန်းက သူ၏ရှေ့သို့ ရောက်လာချိန်တွင်ပင် သူက တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။ ရွှယ်အန်းက သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ ယုရန်ကမူ အကြောက်တရားမရှိဘဲ လေးနက်စွာ ဦးညွှတ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။

"အရှင်... ဘာများ ညွှန်ကြားလိုပါသလဲ"

ရွှယ်အန်းက လှောင်ပြောင်လိုသော အပြုံးဖြင့် ဆိုလိုက်သည်။

"မင်းရဲ့ ရုပ်ဖျက်ထားမှုက တကယ်ကို ကောင်းတယ်ဆိုတာ ငါ ဝန်ခံရမယ်"

ရုပ်ဖျက်ထားမှု? သူက ဘာကို ဆိုလိုတာလဲ? ယုရန်က ဘာကို ဖုံးကွယ်ထားတာလဲ? လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။ ဆွေ့မန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သို့သော် ယုရန်ကမူ မလှုပ်မယှက်ဘဲ ဖျော့တော့စွာ ပြုံးလျက်သည်။

"ကျွန်တော့်ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးပါ အရှင်၊ အရှင့်ရဲ့ စကားတွေက နက်နဲလွန်းတော့ ကျွန်တော် နားမလည်ပါဘူး"

ရွှယ်အန်းက ထိုစကားကို အရေးမစိုက်ဘဲ အေးစက်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်၊ ငါတို့အားလုံးက ဉာဏ်ရှိတဲ့သူတွေပဲဆိုတော့... ဒီလို ပေါက်ကရ ဆင်ခြေတွေနဲ့ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်၊ နားလည်လား"

ယုရန်၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားသော်လည်း သူက အတင်းအကျပ် ပြုံးနေဆဲဖြစ်သည်။

"အရှင်... ကျွန်တော် တကယ်ပဲ..."

ရွှယ်အန်းက စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ အကြည့်များက ပိုမို စူးရှလာလေသည်။

"လီဟန် အရှင်သခင်က မင်းကို စေလွှတ်လိုက်တုန်းက အသေအချာ မှာလိုက်မှာပေါ့၊ အရာအားလုံးကို ဆွေ့မန်အပေါ်မှာ အခြေခံထားပေမဲ့... မင်းက သူမရဲ့ လုပ်ရပ်တွေကို တိတ်တဆိတ် စောင့်ကြည့်နေရမယ်၊ တစ်ခုခု ပုံမှန်မဟုတ်ရင် ချက်ချင်း တားဆီးရမယ်၊ ဒါမှမဟုတ် သတင်းပို့ရမယ်၊ လိုအပ်ရင် တိုက်ရိုက် သုတ်သင်ပစ်ရမယ်ဆိုပြီးလေ... မဟုတ်ဘူးလား"

ထိုစကားများကြောင့် နေရာတစ်ခုလုံး သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်သွားတော့သည်။ အားလုံးက မှင်တက်သွားကြလေသည်။ အထူးသဖြင့် ဆွေ့မန်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး ယုရန်အား ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်။

သူမသည် ဤအိမ်တော်ထိန်း ယုရန်အပေါ် အလွန်ယုံကြည်မှု ရှိခဲ့သည်။ သူသည် နှစ်ရာပေါင်းများစွာတိုင်အောင် သစ္စာရှိစွာ လိုက်ပါလာခဲ့သူ မဟုတ်ပါလား။

ယုရန်ကို စတင် တာဝန်ပေးအပ်စဉ်က သူသည် သူလျှိုတစ်ယောက် မဟုတ်ကြောင်း သေချာစေရန် ပြည့်စုံစွာ စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့် အမည်းစက်မျှ မတွေ့ခဲ့ရပေ။ သို့သော် ယုရန်သည် သူမကို စောင့်ကြည့်ရန် လီဟန် အရှင်သခင် စေလွှတ်ထားသော လျှို့ဝှက်သူလျှို တစ်ဦးဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

All Chapters