← Chapters

အခန်း (၁၁၉၂-၁၁၉၄)

Vol. 80 Ch. 1192-1194

အခန်း (၁၁၉၂-၁၁၉၄)

Vol. 80 Ch. 1192-1194

အခန်း (၁၁၉၂) - တံဆိပ်ခတ်စာလွှာ တစ်စောင်နှင့် လီဟန်မြို့တော်သို့ ချီတက်ခြင်း

"ဟုတ်ကဲ့ပါရှင်"

မာမားချူက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ထွက်သွားရန် လှည့်လိုက်သည်။

"ပြန်လာခဲ့စမ်း!"

ကျီဟွမ်က ရုတ်တရက် အော်ခေါ်လိုက်သည်။

"သခင်မ... ဘာများ ညွှန်ကြားလိုပါသလဲရှင်"

"ကောင်းကင်အရှင်သခင် မကြာသေးခင်က ဘာတွေ အလုပ်ရှုပ်နေတာလဲ"

ကျီဟွမ်က ဂရုမစိုက်သည့် ဟန်ဖြင့် မေးလိုက်သည်။ မာမားချူက အလျင်အမြန် ပြန်ဖြေလိုက်သည်။

"သခင်မ... ကောင်းကင်အရှင်သခင်က မကြာသေးခင်က ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်ကို လက်ခံတွေ့ဆုံနေပြီး အပြင်ကို လုံးဝ ထွက်မလာပါဘူးရှင်"

"ဂုဏ်သရေရှိ ဧည့်သည်တော် ဟုတ်လား၊ ဘယ်လို ဧည့်သည်မျိုးလဲ၊ ယောက်ျားလား၊ မိန်းမလား"

ကျီဟွမ်က သံသယဖြင့် ဆက်တိုက် မေးလိုက်သည်။ မာမားချူက ခေါင်းခါပြလိုက်သည်။

"ယောက်ျားတစ်ယောက်လို့တော့ ကြားပါတယ်၊ ဒါပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ အတိအကျတော့ ကျွန်မ မသိပါဘူးရှင်"

ကျီဟွမ်က ကုလားထိုင်ပေါ်သို့ ဖြည်းညင်းစွာ နောက်မှီချလိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်စွာ ပြောင်းလဲနေကာ အချိန်အတန်ကြာမှသာ လှောင်ပြောင်သည့်အလား နှာမှုတ်လိုက်လေသည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်တဲ့လား... ဟီးဟီး၊ လီဟန် ကောင်းကင်ဘုံက နတ်ဘုရားနယ်ပယ်မှာ ထိပ်ဆုံးကောင်းကင်ဘုံလေ၊ ဘယ်လို ဧည့်သည်မျိုးကများ သူ့ဆီမှာ အရေးကြီး ဧည့်သည်တော်အဖြစ် ဆက်ဆံခံရမှာလဲ"

မာမားချူမှာ တစ်ခွန်းမျှ မဟရဲချေ။ အမှန်တွင် ဖြစ်နိုင်မည်ဆိုပါက ဤအရာအားလုံးကို သူမ မကြားခဲ့ရပါစေနှင့်ဟုသာ ဆုတောင်းနေမိသည်။

"ကောင်းပြီ၊ နင် သွားလို့ရပြီ"

ကုလားထိုင်ပေါ်မှ ကျီဟွမ်က စိတ်မရှည်သည့်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ စိတ်အေးသွားသော မာမားချူက အလျင်အမြန် လေးလေးစားစား ဦးညွှတ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် တောက်ပသော အလင်းတန်းတစ်ခုက အခန်းထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး ကျီဟွမ်ထံသို့ တည့်မတ်စွာ ပျံသန်းလာလေသည်။ ဤရုတ်တရက် အပြောင်းအလဲကြောင့် မာမားချူမှာ အလိုအလျောက်ပင် အံ့ဩတကြီးဖြစ်သွားသည်။

ကျီဟွမ်ကမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ နတ်ဘုရားအာရုံဖြင့် ချိတ်ပိတ်ထားသော စာလွှာတစ်စောင် ဖြစ်ကြောင်း သိလိုက်သည်။ အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ချိတ်ပိတ်ထားသော စာလွှာက ပေါ်ထွက်လာလေသည်။ စာလွှာပေါ်ရှိ တံဆိပ်ကို မြင်သောအခါ ကျီဟွမ်က မျက်မှောင်ကြုတ်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။

"အဲ့ခွေးမ ဆွေ့မန်ပဲ၊ သူက ငါ့ဆီ ဘာကိစ္စနဲ့ စာပို့ရတာလဲ"

ကျီဟွမ်က လက်ကို မြှောက်လိုက်ရာ စာလွှာမှာ သူမ၏ လက်ထဲသို့ အလိုအလျောက် ကျဆင်းလာသည်။ အပြင်ဘက် ချိတ်ပိတ်မှုကို ဖွင့်လှစ်ပြီး အတွင်းရှိ သတင်းစကားကို မြင်လိုက်ရသောအခါ ကျီဟွမ်မှာ မှင်တက်သွားသည်။ စာလွှာပါ သတင်းစကားမှာ စာကြောင်းတိုလေး အနည်းငယ်သာ ဖြစ်သော်လည်း ကျီဟွမ်အတွက်မူ လုံးဝ နားလည်ရခက်သွားစေသည်။

ဆွေ့မန်က ဘာလိုချင်တာလဲ၊ သူက ဘာလို့ လီဟန် မြို့တော်ကို ရုတ်တရက် ပြန်လာဖို့ လိုအပ်ရတာလဲ၊ ငါနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိတယ်လို့လည်း ပြောထားသေးတယ်၊ သူမှာ ဘာ အရေးကြီးကိစ္စတွေများ ရှိနေမှာမလို့လဲ?

ဤသံသယများက ကျီဟွမ်၏ စိတ်ထဲတွင် လုံးထွေးနေခဲ့ရာ သူမ၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသည်။ မာမားချူမှာမူ ခေါင်းပင် မမော့ရဲဘဲ ထိတ်လန့်တုန်လှုပ်စွာ ရပ်နေခဲ့သည်။ သူမသည် သခင်မ ကျီဟွမ်၏ ခန့်မှန်းရခက်သော စိတ်အပြောင်းအလဲများကို မည်သူ့ထက်မဆို ပို၍ သိရှိထားသောကြောင့်ပင်။ အချိန်အတော်ကြာမှသာ ကျီဟွမ်က အေးစက်စွာ တခစ်ခစ် ရယ်မောလိုက်ပြီး လက်ထဲမှ စာလွှာကို ချေမွပစ်လိုက်လေသည်။

"မာမားချူ!"

"ရှိပါတယ်ရှင်"

"ကျွန်မတို့ရဲ့ ဒုတိယသခင်မ ဆွေ့မန် မကြာခင် ပြန်လာတော့မယ်၊ နင် ဘာလုပ်ရမလဲဆိုတာ သိတယ်မလား"

ကျီဟွမ်က ပြုံးလျက် ပြောလိုက်သည်။ မာမားချူ၏ ရင်ထဲတွင် တင်းကျပ်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ"

"ဒါဆိုလည်း သွားပြီး ပြင်ဆင်တော့၊ မှတ်ထား... အဲဒီ ခွေးမ ဆွေ့မန် ပြန်လာမယ့် သတင်းက လုံးဝ ပေါက်ကြားသွားလို့ မဖြစ်ဘူး၊ အပြင်လူတွေ ဒါမှမဟုတ် ကောင်းကင်အရှင်သခင်သာ ကြားသွားမယ်ဆိုရင်တော့... အကျိုးဆက်ကို နင် သိမှာပါ"

မာမားချူမှာ တုန်ယင်သွားသည်။

"ဟုတ်... ဟုတ်ကဲ့ပါ၊ အခုချက်ချင်း သွားပြင်ဆင်ပါ့မယ်"

ကျီဟွမ်သည် ကုလားထိုင်ပေါ်တွင် နောက်မှီချလိုက်ပြီး ကောင်းပြီ ဟူသော စကားလုံး တစ်လုံးတည်းသာ ပါဝင်သည့် နတ်ဘုရားအာရုံ စာလွှာတံဆိပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ရေးသားကာ ပေးပို့လိုက်လေသည်။ ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် ကျီဟွမ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"အရေးကြီး ကိစ္စတွေတဲ့လား... နင့်ဆီမှာ ဘာ အရေးကြီးကိစ္စတွေ ရှိနေမလဲဆိုတာ ငါ တကယ် ကြည့်ချင်သေးတယ်"

တစ်ချိန်တည်းမှာပင် နယ်စပ်မြို့တော်၌ ဆွေ့မန်က ကျီဟွမ်၏ အကြောင်းပြန်စာကို ရရှိချိန်တွင် ရွှယ်အန်းအား ချက်ချင်း သတင်းပို့လိုက်လေသည်။

"သခင်... ကျီဟွမ်ဆီက အကြောင်းပြန်စာ ရပါပြီ၊ ကျွန်မ ပြန်လာဖို့ သူ သဘောတူလိုက်ပြီ"

ဆွေ့မန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ရွှယ်အန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်"

"ကျွန်တော်တို့ ဘယ်တော့ ထွက်ခွာကြမလဲ"

ယုရန်က ဘေးမှနေ၍ မေးလိုက်သည်။

ရွှယ်အန်းက သူ၏ဘေးရှိ ရှောင်ထျန်းကို လှည့်ကြည့်လိုက်သည်။

"မင်း ဘယ်လိုထင်လဲ"

ရှောင်ထျန်းက ဩရှရှ အသံဖြင့် ပြောလိုက်သည်။

"အချိန်မရွေး အဆင်သင့်ပါပဲ"

"ဒါဆိုလည်း ကောင်းပြီလေ၊ အချိန်ဆွဲမနေနဲ့... မနက်ဖြန် ထွက်ကြမယ်"

ဤအချိန်တွင် ရှောင်ထျန်း၏ ဘေး၌ ရပ်နေသော ကျန်းရွှင်းနန်က ရုတ်တရက် ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် ပြောလာသည်။

အရှင်... ကျွန်... ကျွန်မရော လိုက်ခဲ့လို့ ရမလား"

ရှောင်ထျန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

"ရွှင်းနန်... မင်း ဘာတွေ လာရှုပ်နေတာလဲ၊ ဒါက အပျော်ခရီး ထွက်တာ မဟုတ်ဘူးနော်"

သို့သော် ကျန်းရွှင်းနန်က မတုန်မလှုပ်ဘဲ ရွှယ်အန်းကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ ရွှယ်အန်းက ပြုံးဖျော့ဖျော့ဖြင့် မေးလိုက်သည်။

"မင်းက လိုက်ချင်လို့လား"

ကျန်းရွှင်နန်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြန်ဖြေသည်။

"ဟုတ်ပါတယ်"

"ဒါဆိုရင် သေသေချာချာ စဉ်းစားနော်၊ ဒီကိစ္စက အလွန် အန္တရာယ်များတယ်၊ အချိန်တန်ရင် ငါ မင်းကိုတောင် ဂရုစိုက်နိုင်မှာ မဟုတ်ဘူး"

ကျန်းရွှင်းနန်က စိုးရိမ်နေသော ရှောင်ထျန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"ကျွန်မကို ဘယ်သူမှ ဂရုစိုက်ပေးစရာ မလိုပါဘူး၊ သူ ဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်ယူနိုင်ဖို့ သူ့အနားမှာ အဖော်ပြုပေးချင်ရုံပါ"

ရှောင်ထျန်းမှာ ကျန်းရွှင်းနန်၏ စကားကြောင့် မှင်တက်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ တီးတိုးရေရွတ်လိုက်သည်။

"ရွှင်း... ရွှင်းနန်..."

ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းပြီလေ... ဒီလိုဆိုမှတော့ မင်းလည်း လိုက်ခဲ့တော့"

ရွှယ်အန်းနှင့် ဆွေ့မန်တို့ ထွက်ခွာသွားမည့် သတင်းကို နယ်စပ်မြို့တော်တစ်ခုလုံးက မသိရှိခဲ့ကြချေ။ ရွှယ်အန်း၏ အတင်းအဓမ္မ မှတ်ဉာဏ်ဖျက်ဆီးခြင်းကြောင့် မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိကြတော့ပေ။ ထို့ကြောင့် သူတို့၏ ထွက်ခွာမှုမှာ မည်သည့် လှိုင်းဂယက်ကိုမျှ မဖြစ်ပေါ်စေခဲ့ချေ။

လီဟန် ကောင်းကင်ဘုံသည် နတ်ဘုရားနယ်ပယ်ရှိ အကြီးဆုံး ကောင်းကင်ဘုံ ဖြစ်သည့်အားလျော်စွာ ကျယ်ဝန်းလှသော နယ်မြေမှာ တကယ်ကို ထူးကဲလှပေသည်။ ရွှယ်အန်း၏ အမြန်နှုန်းဖြင့်ပင်လျှင် လီဟန် မြို့တော်သို့ ခရီးသွားရန်မှာ အချိန် အတော်အတန် ကြာမြင့်ခဲ့လေသည်။

လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ် မြောက်မြားစွာမှာ လီဟန် အရှင်သခင် ကိုယ်တိုင် အထူးတလည် ချထားပေးသော ကာကွယ်ရေး စနစ်များ ဖြစ်သည်။ ပြဿနာ တစ်စုံတစ်ရာ ရှိပါက အရှင်သခင်က ချက်ချင်း သိရှိမည် ဖြစ်သည်။ သို့သော် သူ၏ ဇနီးမယားကိုယ်တိုင်က တခြားသူများကို ခိုးသွင်းလာလိမ့်မည်ဟု လီဟန် အရှင်သခင်က လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဆွေ့မန်၏ အရှိန်အဝါကြောင့် မည်သည့် စစ်ဆေးရေးဂိတ်ကမျှ သူတို့ကို မတားဆီးရဲခဲ့ကြချေ။ နောက်ဆုံးတွင် လီဟန် မြို့တော်က မျက်စိရှေ့သို့ ရောက်ရှိလာလေပြီ။ ၎င်းတို့ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး ခမ်းနားကြီးကျယ်လှသော မြို့တော်ကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေကြလေသည်။

ဆွေ့မန်က ကောင်းကင်တွင် လွင့်မျောနေသော ခမ်းနားထည်ဝါလှသည့် အဆောက်အအုံကို လက်ညှိုးထိုးပြလိုက်သည်။

"သခင်... အဲ့ဒါက သခင်မ ကျီဟွမ် နေထိုင်တဲ့ တင်းထျန်း စံအိမ်တော်ပါပဲ"

ရွှယ်အန်းက ခေါင်းမော့ကာ တစ်ခဏမျှ ကြည့်ရှုလိုက်ပြီးနောက် အပြုံးတစ်ခု ပေါ်လာလေသည်။

"သွားကြစို့... အဲ့ သခင်မ ကျီနဲ့ တွေ့ရမယ့် အချိန်ရောက်ပြီ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ဦးဆောင်ကာ တင်းထျန်း စံအိမ်တော်ထံသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။

တစ်ချိန်တည်းမှာပင် အိပ်ချင်ယောင်ဆောင်နေသော ကျီဟွမ်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ဆွဲဆောင်မှုရှိလှသော မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြတ်ပြေးသွားလေသည်။

"သူတို့ ရောက်လာတာ... တော်တော် မြန်တာပဲ”

အခန်း (၁၁၉၃) - ထိပ်တိုက်ရင်ဆိုင်မှုနှင့် လျှို့ဝှက်အကြံအစည်

ဤအရာကို တွေးမိပြီးနောက် ကျီဟွမ်က ခေါ်လိုက်သည်။

"မာမားချူ"

သူမ၏ အမိန့်ကြောင့် မာမားချူက အလျင်အမြန် ပြေးဝင်လာကာ မေးလိုက်၏။

"သခင်မ... ကျွန်မ ဘာလုပ်ပေးရမလဲရှင်"

"အဲဒီခွေးမ ဆွေ့မန် ရောက်နေပြီ၊ ဂိတ်တံခါးအပြင်ဘက်ကိုသွားပြီး သူ့ကို သွားကြိုလိုက်စမ်း"

"ဟုတ်ကဲ့ပါရှင်"

မာမားချူက ထွက်သွားရန် ပြင်လိုက်သည်။

"နေဦး!"

မာမားချူမှာ အံ့အားသင့်သွားပြီး ရပ်တန့်လိုက်သည်။

"သခင်မ... ဘာဖြစ်လို့လဲရှင်"

ကျီဟွမ်၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး အဆုံးတွင် အံ့ကြိတ်လျက် မတ်တပ်ရပ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ထားလိုက်တော့... ငါပဲသွားမယ်၊ လူတိုင်းကို သေသေချာချာ ပြင်ဆင်ဝတ်စားခိုင်းလိုက်၊ တကယ့် သခင်မအစစ်က ဘယ်သူလဲဆိုတာကို ဒီခွေးမ ရှင်းရှင်းလင်းလင်း သိသွားအောင် ငါ လုပ်ပြချင်တယ်၊ နယ်စပ်မြို့တော်ကို ရက်အနည်းငယ်လောက် အုပ်ချုပ်ခွင့်ရသွားတာနဲ့ပဲ လူတိုင်းကို သူက ဆရာလုပ်လို့ရပြီလို့ ထင်မနေစေနဲ့"

"နားလည်ပါပြီရှင်"

ဤအချိန်တွင် ဆွေ့မန်နှင့် သူမ၏အခြွေအရံများမှာလည်း တင်းထျန်းစံအိမ်တော်၏ ဂိတ်တံခါးရှေ့သို့ ရောက်ရှိနေကြပြီဖြစ်သည်။ သို့သော်လည်း ဂိတ်တံခါးမှာ တင်းကျပ်စွာ ပိတ်ထားပြီး တံခါးစောင့်တစ်ယောက်ကိုပင် အရိပ်အယောင်မျှ မမြင်ရချေ။ ယုရန်မှာ အတော်လေး အံ့အားသင့်သွားပြီး တိုးညင်းသောလေသံဖြင့် မေးလိုက်သည်။

"ဒုတိယသခင်မ... ဘာတွေ ဖြစ်နေတာလဲ၊ သခင်မကြီးက ကျွန်တော်တို့ လာမယ်ဆိုတာ မသိလို့များလား"

ဆွေ့မန်က ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်သည်။

"ငါတို့ လာမယ်ဆိုတာကို သူ ဘယ်လိုလုပ် မသိဘဲနေမှာလဲ၊ သူက ငါတို့ကို နေရာသိအောင် လုပ်ပြချင်ရုံ သက်သက်ပဲ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် ကျီဟွမ်က ဘာမဆို လုပ်ရဲတဲ့သူပဲ"

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

ယုရန်မှာ အနည်းငယ် တုန်လှုပ်နေစဉ် ဆွေ့မန်က ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"သခင်... ကျွန်မတို့..."

သူမ စကားမဆုံးမီမှာပင် ရွှယ်အန်းက ဆွေ့မန်အား တိတ်တိတ်နေရန် လက်ဟန်ဖြင့် တားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"သူတို့... ရောက်လာပြီ"

"ရောက်လာပြီလား"

ဆွေ့မန်မှာ တစ်ခဏမျှ မှင်တက်သွားလေသည်။ ထို့နောက် တင်းကျပ်စွာ ပိတ်ထားသော ဂိတ်တံခါးကြီး ပွင့်ထွက်သွားပြီး သေသပ်လှပစွာ ဝတ်ဆင်ထားသော အစေခံမိန်းကလေးများနှင့် အစေခံများ နှစ်တန်းစီ ထွက်ပေါ်လာသည်ကို သူမ မြင်တွေ့လိုက်ရသည်။ ထိုလူများက လက်များကို ခပ်ကျို့ကျို့ချလျက် နှစ်ဖက်နှစ်ချက်စီတွင် နေရာယူလိုက်ကြရာ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့်အလားပင်။

ချက်ချင်းဆိုသလိုပင် ယစ်မူးဖွယ်ကောင်းသော ရနံ့တစ်ခုက လေထုထဲတွင် လွင့်ပျံ့လာသည်။ ထို့နောက် မိန်းမပျိုတစ်ဦး၏ ရယ်မောသံနှင့်အတူ လူတစ်ယောက်ပေါ်လာသည်။

"အို... ဒါက ငါ့ရဲ့ ညီမလေး ဆွေ့မန် မဟုတ်လား"

ထိုအသံနှင့်အတူ ခမ်းနားထည်ဝါလှသော အခြွေအရံများနှင့် ဦးဆောင်လာသူမှာ ကျီဟွမ်ပင် ဖြစ်သည်။ သူမသည် စူးရှတောက်ပစွာ ဝတ်ဆင်ထားပြီး တိုက်ရိုက်ကြည့်ရှုရန်ပင် ခက်ခဲလောက်အောင် လှပလွန်းလှသည်။ သူမက ဆွေ့မန်ထံသို့ ဆွဲဆောင်မှုရှိစွာ ရယ်မောပြလိုက်သည်။

"ကျွတ်... ကျွတ်... ကျွတ်... ညီမလေး ဆွေ့မန်၊ နှစ်တစ်ထောင်တောင် ကြာခဲ့ပြီဆိုတော့ နင်က ဘယ်လိုလုပ် ဒီလောက်တောင် ရင့်ကျက်သွားရတာလဲ၊ အဲဒီနယ်စပ်မြို့တော်က သိပ်ကို ခြောက်သွေ့ခေါင်းပါးလွန်းနေလို့လား"

သူမ၏စကားမှာ ဆွေ့မန် အိုမင်းသွားပြီဖြစ်ကြောင်း ပေါ်တင်ကြီး လှောင်ပြောင်လိုက်ခြင်းပင်ဖြစ်သည်။ ဆွေ့မန်၏ မျက်လုံးထဲတွင် ဒေါသရိပ်တစ်ခု လက်ကနဲ ဖြစ်သွားသော်လည်း အလျင်အမြန်ပင် ပြန်ထိန်းကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

"အစ်မတော် ကျီဟွမ်ကို ဆွေ့မန် ဂါရဝပြုပါတယ်"

ကျီဟွမ်က ကျေနပ်စွာ လှောင်ပြုံးပြုံးလိုက်သည်။ သူမသည် ဤအသာစီးရနေသော ခံစားချက်ကို သာယာကြည်နူးနေလေသည်။ ဆွေ့မန်က သူမအပေါ် မကျေမနပ် ဖြစ်နေမည်ကို သိသော်လည်း ဤသို့ အရှုံးပေး ဦးညွှတ်ခိုင်းရသည်ကို သူမ အနှစ်သက်ဆုံးပင်ဖြစ်သည်။

"အို... တို့‌ ညီအစ်မတွေကြားထဲမှာ ဒီလို တရားဝင် အရိုအသေပေးမှုတွေ လုပ်နေစရာ လိုသေးလို့လား"

ကျီဟွမ်က ပြုံးလျက် ဆိုလိုက်ပြီးနောက် ဆွေ့မန်၏ အနောက်မှ လူများကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ အစတွင် သူမ သိပ်အာရုံမစိုက်ခဲ့သော်လည်း ဘေးတွင် ရပ်နေသော ရွှယ်အန်းအပေါ် အကြည့်ရောက်သွားချိန်တွင် ကျီဟွမ်မှာ နေရာ၌ပင် အေးခဲသွားလေတော့သည်။

ရွှယ်အန်းသည် သူဝတ်လေ့ရှိသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားဆဲပင်ဖြစ်သည်။ နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်ရုံနှင့်အတူ မားမားမတ်မတ် ရပ်နေသော သူ၏ပုံရိပ်မှာ ထူးကဲသော ဟန်ပန်တစ်ခု ရှိနေလေသည်။ ဓားတစ်လက်ကဲ့သို့ စူးရှသော မျက်ခုံးများအောက်တွင် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းတစ်စုံရှိကာ ကျီဟွမ်မှာ ထိုမျက်ဝန်းများထဲတွင် ခဏချင်းပင် နစ်မြောသွားကာ ရုန်းထွက်၍ မရနိုင်တော့သကဲ့သို့ ခံစားလိုက်ရသည်။

ကျီဟွမ်သည် လူငယ်ပါရမီရှင် အများအပြားကို မြင်ဖူးခဲ့သော်လည်း ရွှယ်အန်းနှင့် ယှဉ်လိုက်ပါက ထိုသူများအားလုံးမှာ သာမန်လူများသာ ဖြစ်ကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရသည်။ ဤတုန်လှုပ်မှုကြောင့် သူမ စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ မှင်တက်နေမိသည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။ ဆွေ့မန်က ကျီဟွမ်ကို ခိုးကြည့်လိုက်ပြီး စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိသည်။ ကျီဟွမ်၏အနောက်မှ မာမားချူမှာလည်း သူမသခင်မ၏ ဟန်ချက်ပျက်မှုကို သတိပြုမိသွားကာ အနေခက်စွာ ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။

"သခင်မ... ဒုတိယသခင်မက အဝေးကလာရတာဆိုတော့ ပင်ပန်းနေလောက်ပြီ၊ အထဲဝင်ပြီး အနားယူဖို့ ဖိတ်ခေါ်လိုက်ရမလားရှင်"

ထိုအခါမှ ကျီဟွမ် သတိပြန်ဝင်လာသည်။

"နင်ပြောတာ မှန်တယ်... အထဲကို ကြွကြပါ"

သူမက ရွှယ်အန်းကို စူးစူးရှရှ တစ်ချက်ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ရှေ့မှ ဦးဆောင်ခေါ်သွားလေသည်။ တင်းထျန်းစံအိမ်တော်၏ အတွင်းပိုင်းမှာ ခမ်းနားကြီးကျယ်လှပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခုအလားထင်ရသည်။ သို့သော် ဆွေ့မန်မှာ ရှုခင်းများကို ခံစားကြည့်ရှုရန် စိတ်မပါပေ။ သူမက ရွှယ်အန်းအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သခင်... ဒီကျီဟွမ်က ကိုင်တွယ်ရလွယ်တဲ့လူ မဟုတ်ဘူး၊ သူမက အရမ်းကို လောဘကြီးပြီး ကာမဂုဏ် မက်မောတဲ့သူပဲ၊ ခုနက သူမ အရှင့်ကို ကြည့်သွားတဲ့ပုံအရ သူမက အရှင့်ကို သဘောကျနေတာ သေချာတယ်၊ အဲဒါ အရှင် ဘယ်လိုထင်လဲ..."

ရွှယ်အန်းက ပြုံး၍သာ ပြန်ဖြေလိုက်သည်။

"အဲ့ကျီဟွမ်က တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ"

ထိုသို့ပြောပြီး သူက ရှေ့သို့ ဆက်လျှောက်သွားလေသည်။ ဆွေ့မန်မှာတော့ ကြောင်ရပ်ကျန်ခဲ့တော့သည်။ အဲဒါ ဘာအဓိပ္ပာယ်လဲ၊ သခင်အရှင်ကလည်း ကျီဟွမ်ကို စိတ်ဝင်စားနေတာလား...

ကျီဟွမ်က ယောက်ျားများကို အရိုးတောင် မကျန်အောင် စားသောက်တတ်သည်ဆိုသော နာမည်ဆိုးကို ဆွေ့မန် သိထားသဖြင့် စိုးရိမ်မကင်း ဖြစ်နေမိသည်။ ဧည့်ခံခန်းမအတွင်းသို့ ရောက်ရှိကာ လက်ဖက်ရည် တစ်ငုံခန့် သောက်ပြီးသည်နှင့် ကျီဟွမ်က ဆက်၍ မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ညီမလေး ဆွေ့မန်... ဒီလူငယ်လေးက နည်းနည်း စိမ်းနေသလိုပဲ၊ သူက ဘယ်သူလဲဆိုတာ မေးလို့ရမလား"

ဆွေ့မန်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရွှယ်အန်းက သူ၏လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး ကျီဟွမ်အား အပြုံးဖျော့ဖျော့လေး ပြုံးပြကာ ဆိုလိုက်သည်။

"သူမက... ကျွန်တော့်ရဲ့ သခင်မပါ”

အခန်း (၁၁၉၄) - အချစ်ကို အတင်းလုယူခြင်းနှင့် နီးကပ်လာသော အစီအစဉ်

ဆွေ့မန်မှာ မှင်တက်သွားလေသည်။ ရွှယ်အန်း၏ စကားကြောင့်သာမက သူ၏ အပြုံးထဲတွင် ရှက်သွေးဖြာနေသည့် အရိပ်အယောင် ပါဝင်နေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။

ဤခံစားချက်က ဆွေ့မန်ကို ကျောချမ်းသွားစေသည်။ ရွှယ်အန်း၏ ရက်စက်လှသော လှည့်ကွက်များကို မြင်တွေ့ခဲ့ရသူအနေဖြင့် သူက ဤမျှလောက် နူးညံ့သိမ်မွေ့ဟန် ဆောင်နိုင်လိမ့်မည်ကို သူမ လုံးဝ မယုံကြည်နိုင်ပေ။ သို့သော် သူမမှာ ဘာမှဝင်မပြောရဲဘဲ နားလည်ရခက်နေလေသည်။

ကျီဟွမ်မှာမူ မျက်နှာတစ်ခုလုံး ဝင်းလက်သွားတော့သည်။

သခင်မတဲ့လား... ဒါဆိုရင် ဒီလူငယ်လေးက ဆွေ့မန် လက်ခံထားတဲ့ တပည့်ဖြစ်ရမယ်၊ ကျွတ်... ကျွတ်... စားချင်စရာကောင်းလောက်အောင် ချောမောတဲ့ ဒီလိုလူငယ်လေးကို တပည့်အဖြစ် ထားတယ်ဆိုတော့ ဆွေ့မန်က ကောလာဟလတွေထဲကလောက် ဖြောင့်မတ်တဲ့သူ မဟုတ်ဘူးပဲ...

ထို့အပြင် ရွှယ်အန်း၏ အတွေ့အကြုံနုနယ်သည့်ပုံစံ ပေါက်နေသော အပြုံးက ကျီဟွမ်၏ရင်ကို ပို၍ပင် လှိုင်းထသွားစေသည်။ ဤသည်မှာ သူမ အနှစ်သက်ဆုံး ခံစားချက်ပင်။ အခြားသူတစ်ယောက်၏ ပိုင်ဆိုင်မှုကို လုယူရခြင်းဆိုသည့် စိတ်လှုပ်ရှားမှုကိုပါ ကျီဟွမ်အား ပေးစွမ်းနိုင်ခဲ့လေသည်။ ထို့ကြောင့် သူမ၏ အပြုံးက ပိုမို ကျယ်ပြန့်လာသည်။

"အို... ဒါဆို မင်းက ညီမလေး ဆွေ့မန်ရဲ့ တပည့်ပေါ့၊ အဲဒီလိုဆိုမှတော့ မင်း ငါ့ကိုလည်း ဆရာမကြီးလို့ ခေါ်သင့်တာပေါ့"

ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် အနည်းငယ် ရှက်နေသည့်ဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။ ဆွေ့မန်သာမက ရှောင်ထျန်းနှင့် ယုရန်တို့ပင်လျှင် ဆွံ့အသွားကြလေသည်။ သူတို့၏ စိတ်ထဲတွင် သခင ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ဆိုသည့် မေးခွန်းများဖြင့် ပြည့်နှက်သွားတော့သည်။

ကျီဟွမ်မှာမူ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေး နီမြန်းလာပြီး ဤ အသားစိမ်းလေးကို ယခုချက်ချင်း ခုန်အုပ်ပြီး ဝါးမြိုပစ်လိုက်ချင်စိတ်များ ပေါက်နေလေသည်။

သူမ သည်းမခံနိုင်တော့ဘဲ မာမားချူထံသို့ တိတ်တဆိတ် မျက်ရိပ်ပြလိုက်သည်။

မာမားချူက ချက်ချင်းပင် နားလည်သွားကာ ပြုံးလျက် ရှေ့သို့ တိုးလာသည်။

"ဒုတိယသခင်မ... အဝေးကြီးက ခရီးနှင်လာရတာဆိုတော့ အားလုံး ပင်ပန်းနေလောက်ပြီ၊ ဘာလို့ အရင်ဆုံး သွားပြီး အနားမယူကြတာလဲရှင်"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားပြောတာ မှန်တယ်၊ ကျွန်တော် တော်တော် ပင်ပန်းနေပြီ၊ သွားပြီး အနားယူလိုက်တာ ပိုကောင်းမယ် ထင်တယ်"

မာမားချူက နွေးထွေးစွာ ပြောလိုက်သည်။

"ဒါဆိုရင် သခင်လေး... ကျွန်မနောက်က လိုက်ခဲ့ပါရှင်"

ရွှယ်အန်းက မထွက်ခွာမီ ဆွေ့မန်တို့ကို အေးတိအေးစက် တစ်ချက်ကြည့်ကာ မသိမသာ ခေါင်းညိတ်ပြပြီး ထွက်ခွာသွားလေသည်။ ဆွေ့မန်တို့မှာ ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားကာ အလျင်အမြန်ပင် နှုတ်ဆိတ်နေလိုက်ကြသည်။ ကျီဟွမ်မှာမူ ရွှယ်အန်း ထွက်သွားသည်ကို ကြည့်ပြီး ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။

ခဏအကြာတွင် မာမားချူ ပြန်လာပြီး အချက်ပြသည်ကို မြင်သောအခါ ကျီဟွမ်က အရေးကြီးကိစ္စ ရှိဟန်ဆောင်ကာ ထွက်ခွာသွားလေသည်။ ဆွေ့မန်ကမူ ကျီဟွမ်၏ အကြံကို ရိပ်မိသဖြင့် စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်မိသည်။

မာမားချူက ဆွေ့မန်တို့နှင့် စကားစမြည် ပြောဆိုနေသော်လည်း ထိုသူများ၏ မျက်လုံးထဲရှိ တခြားသူ ဒုက္ခရောက်တာကို ဝမ်းသာနေသည့် အမူအရာကိုမူ သူမ လုံးဝ သတိမထားမိခဲ့ချေ။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် အထူးစီစဉ်ပေးထားသော အခန်းထဲတွင် ထိုင်နေလေသည်။ ထိုအခန်းမှာ လွန်စွာ ခမ်းနားပြီး မျက်စိအဖမ်းစားဆုံးမှာ အခန်းတစ်ဝက်ခန့် ကြီးမားသော ကုတင်ကြီးပင် ဖြစ်သည်။ ထိုကုတင်မှ ထွက်ပေါ်နေသော ရနံ့မှာ စိတ်ဓာတ်ခွန်အား နည်းပါးသူများဆိုလျှင် စိတ်နှလုံးကို ဆုံးရှုံးသွားစေနိုင်ပေသည်။

ရွှယ်အန်းကမူ မည်သည့် ခံစားချက်မျှ မပြဘဲ တစ်စုံတစ်ရာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ အဆုံးတွင် တံခါးပြင်ပမှ ခြေသံများကို ကြားလိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

တံခါးက အသံတိတ် ပွင့်သွားပြီး အဝတ်အစား လဲလှယ်ထားသော ကျီဟွမ် ဝင်လာလေသည်။ ယခုအခါ သူမသည် သေစေနိုင်လောက်သည့် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည့် မြူဆွယ်တတ်သော နတ်ဆိုးမတစ်ကောင်နှင့် တူနေလေသည်။

ပုံမှန်ဆိုလျှင် ဤအခန်းထဲရောက်သူတိုင်းမှာ သူမ ဝင်လာသည်ကိုပင် မစောင့်နိုင်ဘဲ ကုတင်ပေါ်တွင် ကာမဂုဏ်၌ နစ်မြောနေတတ်ကြသော်လည်း ဤဝတ်ရုံဖြူနှင့် လူငယ်လေးမှာမူ လွန်စွာ တည်ငြိမ်နေခဲ့သည်။ ကျီဟွမ်က လောဘတကြီးဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။

"သခင်လေး... ရှင်က ဘယ်လိုလုပ် ကျွန်မအခန်းထဲ ရောက်နေရတာလဲ"

သူမ၏ အသံမှာ အဆုံးအစမဲ့ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။ ရွှယ်အန်းက ခေါင်းမော့ကာ သူမကို တစ်ချက်ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။

"ခင်ဗျား အခန်း... ဟုတ်လား"

သူတို့မှာ အလွန် နီးကပ်နေသဖြင့် ရွှယ်အန်းထံမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့ကိုပင် ကျီဟွမ် ရှူရှိုက်မိနေလေသည်။ ဤသည်က သူမကို စိတ်လှုပ်ရှားသွားစေရာ တခစ်ခစ် ရယ်မောလိုက်လေတော့သည်။

"ဟုတ်တာပေါ့... ဒါက ကျွန်မ အခန်းလေ"

"အို... ကျွန်တော် တကယ် မသိခဲ့ဘူး ခုနက မာမားဆိုတဲ့တစ်ယောက်က ကျွန်တော့်ကို ဒီခေါ်လာတာပဲ သခင်မရဲ့ အခန်း ဖြစ်နေမှတော့... ကျွန်တော် သွားလိုက်ပါဦးမယ်"

ရွှယ်အန်းက မတ်တပ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ကျီဟွမ်က မည်သို့ အလွတ်ခံမည်နည်း။ သူမက ရွှယ်အန်း၏လမ်းကို ပိတ်ရပ်လိုက်သည်။

"ဘာလဲ... ငါ့အခန်းထဲကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဝင်လာပြီးတော့ အခုကျမှ ဒီအတိုင်း လွယ်လွယ်လေး ထွက်သွားမလို့လား"

ကျီဟွမ်၏ မျက်လုံးထဲရှိ လောဘရမ္မက်များက ရွှယ်အန်းကို တစ်လုတ်တည်း ဝါးမြိုပစ်တော့မည့်အလားပင်။ ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

"ဒါဆို သခင်မက ဘယ်လိုထင်လို့လဲ"

"ဒါပေါ့... ရှင် ကျွန်မကို အရှုံးပေးရမှာပေါ့"

ထိုသို့ပြောကာ ကျီဟွမ်က သူ့အပေါ်သို့ ခုန်အုပ်လိုက်လေသည်။ သို့သော် သူမကို ကြိုဆိုလိုက်သည်မှာ နွေးထွေးသော ပွေ့ဖက်မှု မဟုတ်ဘဲ လေဟာနယ်သာ ဖြစ်ခဲ့သည်။ ကျီဟွမ် မှင်တက်သွားစဉ် ရွှယ်အန်း၏ အေးစက်သော အသံက နားထဲသို့ ရောက်လာ၏။

"ဆောရီးပဲ... ကျွန်တော်က ခင်ဗျားကို အရှုံးမပေးနိုင်ဘူး"

သွယ်လျသော လက်တစ်ဖက်က မျက်စိတစ်မှိတ်အတွင်း သူမ၏ နဖူးကို ထိတွေ့လိုက်သည်။ ကျီဟွမ်မှာ လှုပ်ရှား၍ မရတော့ဘဲ ထိုနေရာ၌ပင် အေးခဲသွားလေတော့သည်။ ရွှယ်အန်းက သူမ၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော အဆောင်လက်ဖွဲ့တံဆိပ်တစ်ခုကို တိုက်ရိုက် ဆွဲထုတ်လိုက်လေသည်။

၎င်းမှာ လီဟန် အရှင်သခင် ထည့်ထားသော စောင့်ကြည့်အဆောင်ဖြစ်သည်။ ရွှယ်အန်းက ထိုအရာကို နတ်ဘုရားအာရုံဖြင့် ဖုံးအုပ်ကာ အဆက်အသွယ် ဖြတ်တောက်လိုက်ပြီးမှ သက်ပြင်းချနိုင်ခဲ့လေသည်။

ရွှယ်အန်းက ထိတ်လန့်နေသော ကျီဟွမ်ကို ကြည့်ပြီး ပြုံးဖျော့ဖျော့လေး ပြုံးလိုက်သည်။

"မင်္ဂလာပါ၊ တစ်ခေါက်လောက် ပြန်ပြီး မိတ်ဆက်ကြရအောင်... ငါ့ နာမည်က ရွှယ်အန်း”

All Chapters