အခန်း (၁၁၉၅-၁၁၉၇)
Vol. 80 Ch. 1195-1197
အခန်း (၁၁၉၅) - ထောင်ချောက်ထဲသို့ ကိုယ်တိုင် တိုးဝင်လာခြင်းနှင့် ကျီဟွမ်ကို သန့်စင်ခြင်း
ကျီဟွမ်သည် ခန္ဓာကိုယ်ကို လုံးဝ မလှုပ်ရှားနိုင်သော်လည်း စကားပြောဆိုနိုင်ပြီး အသိစိတ်မှာမူ ရှင်းလင်းနေဆဲပင် ဖြစ်သည်။ သူမသည် ရွှယ်အန်းကို လွန်စွာ ထိတ်လန့်တုန်လှုပ်သော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။ အချိန်အတန်ကြာမှ တည်ငြိမ်မှုကို အနိုင်နိုင် ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ပြာနှမ်းနေသော မျက်နှာနှင့်အတူ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"နင်... နင် ဘာလုပ်ချင်တာလဲ၊ ငါက ဘယ်သူလဲဆိုတာ နင် မသိဘူးလား၊ အခုချက်ချင်း ငါ့ကို လွှတ်ပေးစမ်း! အဲဒီလိုဆိုရင် ပြီးခဲ့တာတွေကို ငါ အသာတကြည် ခွင့်လွှတ်ပေးမယ်၊ မဟုတ်ရင်တော့... နင် သေတဲ့အခါ မြေမြှုပ်စရာ နေရာတောင် မရှိစေရဘူးလို့ ငါ ကျိန်ရဲတယ်"
ရွှယ်အန်းက ခပ်အေးအေးပင် ရယ်မောလိုက်သည်။
"ဟန်ဆောင်နေတာတွေ တော်လိုက်တော့၊ ငါ့ကို လာပြီး ခြိမ်းခြောက်နေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး၊ မင်းကို ဖမ်းထားမှတော့... မင်းက ဘယ်သူလဲဆိုတာ ငသေချာပေါက် သိတာပေါ့"
ကျီဟွမ်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီးနောက် တစ်စုံတစ်ရာကို ရိပ်မိသွားသည့်အလား ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"အဲဒီခွေးမ ဆွေ့မန် မဟုတ်လား၊ ငါ့ကို တိတ်တဆိတ် လုပ်ကြံဖို့ သူ သေချာပေါက် ခိုင်းလိုက်တာပဲ ဖြစ်ရမယ်၊ အဲဒီခွေးမ... ငါသာ ဒီကနေ လွတ်သွားရင် သူ့ကို အပိုင်းပိုင်း အပြတ်သတ်ပစ်မယ်"
ယခုအချိန်အထိ ကျီဟွမ်သည် ရွှယ်အန်းအား ဆွေ့မန်၏ လက်ပါးစေတစ်ယောက်ဟုသာ ထင်မှတ်နေဆဲဖြစ်သည်။ ရွှယ်အန်းကမူ ဤအသေးအဖွဲကိစ္စများကို သူမအား ရှင်းပြနေရန် စိတ်မကူးခဲ့ချေ။ သူက အေးတိအေးစက် လေသံဖြင့်သာ ပြောလိုက်သည်။
"စကားပိုတွေ ရပ်လိုက်တော့၊ ငါ မေးတာကိုပဲ ဖြေ၊ မင်းသာ တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားရဲရင်... နတ်ဘုရားအာရုံ ကျင့်ကြံသူတစ်ယောက်ရဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို မင်း သိလောက်မှာပါ"
ကျီဟွမ်မှာ ဒေါသများ ပေါက်ကွဲမတတ် ဖြစ်နေခဲ့သည်။ အလိုလိုက်ခံရပြီး အခွင့်ထူးခံဖြစ်သော သူမ၏ မြင့်မြတ်သည့် အဆင့်အတန်းအရ မည်သူကမျှ သူမကို ဆန့်ကျင်ပြောဆိုရဲမည် မဟုတ်ဘဲ သူမ၏ မျက်လုံးကိုပင် တည့်တည့်မကြည့်ရဲကြချေ။ သို့သော် ယနေ့ ရွှယ်အန်း၏ လက်ထဲသို့ ကျရောက်သွားချိန်တွင် သူ၏လေသံက သူမအား အကျဉ်းသားတစ်ယောက်ကို ဆူပူကြိမ်းမောင်းနေသည့်အလား ဖြစ်နေသောကြောင့် သူမသည် နာကြည်းမှုများဖြင့် ပြည့်နှက်နေလေသည်။
သို့သော် ရွှယ်အန်းတွင် ကောင်းမွန်သော အလေ့အကျင့်တစ်ခု ရှိသည်။ ထိုအရာမှာ အခြားသူများ၏ ဆိုးရွားသော အပြုအမူများကို မည်သည့်အခါမျှ အလိုမလိုက်ခြင်းပင်။ ထို့ကြောင့် ကျီဟွမ်ထံမှ တုံ့ပြန်မှု မရရှိသောအခါ သူက လက်ကို မြှောက်လိုက်ပြီး သူမ၏ပါးကို အားပါပါ ဖြတ်ရိုက်လိုက်လေသည်။
ဖြန်း!
စူးရှသော အရိုက်ခံရသံကြောင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်များပင် တုန်ခါသွားလေသည်။ ကျီဟွမ်မှာ ပါးရိုက်ခံရမှုကြောင့် မီတာဆယ်ချီခန့် လွင့်စင်သွားပြီး ကုတင်ကြီးပေါ်သို့ ပြုတ်ကျသွားရာ သစ်သားဘောင်များထံမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာလေသည်။
အပြင်ဘက်တွင် အစောင့်အဖြစ် တာဝန်ကျနေသော အစေခံမိန်းကလေးများမှာ ဤအသံများကို ကြားသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နားလည်ကြောင်း အပြုံးများ ပြုံးလိုက်ကြလေသည်။ သူတို့သည် ဤအသံများနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သည်။
သခင်မတော့ အောင်မြင်သွားပြီ ထင်တယ်၊ ဒါပေမဲ့ ဒီနေ့ သခင်မက နည်းနည်း ကြမ်းတမ်းနေသလားပဲ၊ ပုံမှန်ဆိုရင် အဆုံးသတ်လောက်ရောက်မှ ဒုက္ခပေးလေ့ရှိတာ မဟုတ်ဘူးလား၊ ဒီနေ့ကျမှ ဘာလို့ အစကတည်းက ပါးရိုက်သံကို ကြားနေရတာလဲ..
သူတို့က စပ်စုချင်စိတ် ဖြစ်နေကြသော်လည်း မည်သည့်အစေခံကမျှ အသံတစ်ချက်ပင် မထွက်ရဲကြချေ။ ကျီဟွမ်၏ နာမည်ဆိုးဖြင့် ကျော်ကြားလှသော ဒေါသကို ကောင်းစွာ သိရှိထားကြလေသည်။
သို့သော် မြင့်မြတ်လှသော သူတို့၏ သခင်မသည် ယခုအချိန်တွင် ကုတင်ပေါ်၌ ဖြောင့်တန်းစွာ လှဲလျောင်းနေရပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်ကာ ပါးတစ်ဖက်မှာ ဖောင်းအစ်နေလျက် ကုတင်ဘေးသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသော ရွှယ်အန်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေရကြောင်း ဤအစေခံများ လုံးဝ မသိရှိခဲ့ကြချေ။ မည်သို့ပင်ဆိုစေ ရွှယ်အန်းက သူမကို တကယ်ကြီး ထိုမျှလောက် ပြင်းထန်စွာ ရိုက်နှက်လိမ့်မည်ဟု သူမ လုံးဝ တွေးမထားခဲ့ချေ။
ဤပါးရိုက်ချက်က ကျီဟွမ်၏ မာနထောင်လွှားမှုများကို များစွာ လျော့ကျသွားစေခဲ့သည်။ အနည်းဆုံးတော့ ရွှယ်အန်းကို ပြန်ကြည့်ချိန်တွင် ယခင်ကလို ကြီးစိုးလိုသော အမူအရာမျိုး မရှိတော့ချေ။ ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ်၊ ငါတို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ပထမအဆင့်ကို ရောက်သွားပြီနဲ့ တူတယ်၊ ကဲ... အခု ငါ မေးတာကို ဖြေ၊ နားလည်လား"
"ဟုတ်... ဟုတ်ကဲ့ပါ"
ကျီဟွမ်က တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ကာ ပြောလိုက်သည်။
"လီဟန် အရှင်သခင်က မင်းနဲ့ ဘာတော်လဲ"
"သူ... သူက ကျွန်မရဲ့ ယောကျ်ားပါ"
"မင်းယောကျ်ား ဖြစ်နေမှတော့ ဘာလို့ အတူတူ မနေကြတာလဲ"
ရွှယ်အန်းက ရုတ်တရက် မေးလိုက်သည်။
ဤကိစ္စကို ဖော်ပြလိုက်သောအခါ ကျီဟွမ်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
"ကျွန်မ... ကျွန်မ မသိပါဘူး၊ အချိန်တွေ ကြာလာတော့ သူ ကျွန်မကို ငြီးငွေ့သွားတာနေမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ယောကျ်ားတွေက ဒီလိုပါပဲ"
ထိုစကားလုံးများကြားတွင် သူမက အမျိုးသားများအကြောင်း ညည်းတွားလိုက်ပြီး ရွှယ်အန်းကို တိတ်တဆိတ် ခိုးကြည့်လိုက်လေသည်။ ဤဝတ်ရုံဖြူနှင့် လူငယ်လေးက ဤမေးခွန်းများကို မေးခြင်းဖြင့် ဘာလုပ်ရန် ရည်ရွယ်ထားသနည်း ဆိုသည်ကို ကျီဟွမ် နားမလည်ခဲ့ပေ။
သူမသည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှု ခံစားချက်ဖျော့ဖျော့လေး တစ်ခုကိုပင် ခံစားနေရလေသည်။ ဤအရာက ကျီဟွမ်ကို တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်သွားစေပြီး ရွှယ်အန်းအပေါ် သူမ၏ အကြည့်များက မရေမရာ ဖြစ်လာလေသည်။
သို့သော်လည်း ရွှယ်အန်းက ထိုအရာများ အားလုံးကို လုံးဝ သတိမထားမိခဲ့ချေ။ ယခု သူ၏ အဓိက စိုးရိမ်ပူပန်မှုမှာ ဤနေရာတွင် ပိတ်မိနေသော ဟွာမျိုးနွယ်စု၏ နတ်ဘုရားကို လီဟန် အရှင်သခင် မသိစေဘဲ မည်သို့ ကယ်တင်ရမည်နည်း ဆိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် သူက ကျီဟွမ်နှင့် အစပြုရန် ဤမျှလောက် အားထုတ်ခဲ့ရခြင်း ဖြစ်သည်။
သူသည် ကျီဟွမ်အပေါ် နတ်ဘုရားအာရုံ နည်းစနစ်များကိုပင် အသုံးမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် လီဟန် မြို့တော်အတွင်းတွင် လီဟန် အရှင်သခင်၏ တရားဝင် သခင်မ ဖြစ်နေသောကြောင့် သူမ၏ မှတ်ဉာဏ်များကို အတင်းအဓမ္မ ခိုးယူရန် ကြိုးစားပါက အရှင်သခင်ကို အချက်ပေးလိုက်သလို ဖြစ်သွားနိုင်သောကြောင့်ပင်။ ယခု လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကျီဟွမ်၏ ပါးစပ်မှ သတင်းအချက်အလက်များကို ပိုမိုရရှိအောင် မြှူဆွယ်ရယူရန်ပင် ဖြစ်သည်။ ရွှယ်အန်းက အေးတိအေးစက်ဖြင့် မေးလိုက်သည်။
"လီဟန် အရှင်သခင် အခု ဘာလုပ်နေလဲဆိုတာ မင်း သိလား"
ကျီဟွမ်က ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်သည်။
"သူ ဘာတွေ အလုပ်ရှုပ်နေလဲဆိုတာ ကျွန်မက ဘယ်လိုလုပ် သိနိုင်မှာလဲ၊ ကျွန်မက နာမည်ခံအရ သူ့ ဇနီးဖြစ်ပေမဲ့ သူ့မျက်လုံးထဲမှာ ကျွန်မက အစေခံတစ်ယောက်ထက် နည်းနည်းပဲ ပိုကောင်းတဲ့ အဆင့်လောက်ပဲ ရှိမှာပါ၊ ဒါပေမဲ့... မကြာသေးခင်က သူ အဝေးကလာတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်ကို ဧည့်ခံနေပြီး အဲဒီကိစ္စနဲ့ပဲ အချိန်ကုန်နေတယ်လို့တော့ ကျွန်မ ကြားတယ်"
"ဂုဏ်သရေရှိ ဧည့်သည်တော် ဟုတ်လား"
ရွှယ်အန်းမှာ အနည်းငယ် မှင်တက်သွားပြီး မျက်လုံးများထဲတွင် အရောင်တစ်ခု လက်ကနဲ ဖြစ်သွားသည်။
"အဲဒါ ဘယ်သူဖြစ်နိုင်လဲဆိုတာ မင်း သိလား"
"တောင်းပန်ပါတယ်... အဲဒါကိုတော့ ကျွန်မ မသိဘူး၊ အင်း... ဒီလိုကြီး တောင့်တောင့်ကြီး လှဲနေရတာ တကယ်ကို သက်တောင့်သက်သာ မရှိဘူး၊ ကျွန်မတို့ အပေးအယူတစ်ခု လုပ်ကြမလား၊ ကျွန်မ ခန္ဓာကိုယ်ပေါ်က ချုပ်နှောင်တာကို ရှင် ဖြုတ်ပေးလိုက်... ကျွန်မ ထွက်မပြေးပါဘူးလို့ ကတိပေးတယ်၊ ဘယ်လိုလဲ"
ကျီဟွမ်က ချွဲနွဲ့သော အပြုံးဖြင့် ပြောလိုက်သည်။ ဤအချိန်တွင် သူမ၏ မျက်နှာပေါ်ရှိ ဖောင်းအစ်မှုများမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး နှုတ်ခမ်းထောင့်ရှိ သွေးစလေးက သူမအတွက် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေပြန်သည်။ နှမြောစရာမှာ သူမ တွေ့ဆုံခဲ့ရသူမှာ ရွှယ်အန်း ဖြစ်နေလေသည်။
ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မြူဆွယ်မှုတွင် ယိမ်းယိုင်မသွားဘဲ နောက်ထပ် လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်ကာ ပြောလိုက်သည်။
"သိပ်မကောင်းဘူး၊ ငါ အရင်က ပြောခဲ့သလိုပဲ... ငါမေးရင် မင်းဖြေရမယ်၊ ဒါကြောင့် နောက်တစ်ခါ မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေရင် မင်းရဲ့ နောက်ထပ် ပါးတစ်ဖက်ကို သတိထားနေတော့"
ကျီဟွမ်မှာ မှင်တက်သွားလေသည်။ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူမ၏ ဆွဲဆောင်နိုင်စွမ်းအပေါ် သံသယဝင်သွားမိလေသည်။ အတိတ်က သူမ ဘာပဲလုပ်လုပ်၊ မည်သည့် သူရဲကောင်းနှင့် ရင်ဆိုင်ရပါစေ အပြုံးလေးများဖြင့်ပင် သူမ၏ ခြေရင်းသို့ ဒူးထောက်လာစေခဲ့သည်။ လီဟန် အရှင်သခင် ကိုယ်တိုင်ပင်လျှင် သူမ၏ မြူဆွယ်မှုကို ခံခဲ့ရဖူးလေသည်။ သို့သော် သူမ၏ လှည့်ကွက်များမှာ ဤဝတ်ရုံဖြူနှင့် လူငယ်လေးအပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိချေ။
ငါ အိုမင်းလာပြီး ဆွဲဆောင်မှုတွေ ကျဆင်းသွားတာများလား၊ မဟုတ်ဘူး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလူငယ်လေးမှာ တစ်ခုခု ပြဿနာရှိနေတာ သေချာတယ်...
ကျီဟွမ်၏ စိတ်အာရုံများမှာ ယောင်ချာချာ အတွေးများဖြင့် လွင့်မျောသွားလေတော့သည်။ ထိုအချိန်တွင် ရွှယ်အန်းက အေးတိအေးစက်ဖြင့် မေးလိုက်သည်။
"အခု ငါ မင်းကို မေးမယ်၊ လီဟန် အရှင်သခင် ဖမ်းထားတဲ့ ဟွာမျိုးနွယ်စု ရဲ့ နတ်ဘုရားကို ဘယ်မှာ ချုပ်နှောင်ထားလဲဆိုတာ မင်း သိလား”
အခန်း (၁၁၉၆) - အတိတ်က မှတ်ဉာဏ်များ၊ နတ်ဘုရားနယ်ပယ်၏ သော့ချက်
ရွှယ်အန်း၏ စကားများကို ကြားသောအခါ ကျီဟွမ်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဆွံ့အသွားကာ ဤလူငယ် ဘာလုပ်ချင်နေသည်ကို အဆုံးတွင် သဘောပေါက်သွားပြီး ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
"ဟွာမျိုးနွယ်စု... ရှင်က တကယ်ပဲ ဟွာ မျိုးနွယ်စုကလား"
ကျီဟွမ်၏ တုံ့ပြန်မှုကို မြင်သောအခါ ရွှယ်အန်းက အခွင့်အရေးရှိကြောင်း သိလိုက်သည်။ သူမ ဤသို့ တုံ့ပြန်လေလေ၊ ကျီဟွမ်သည် ဟွာမျိုးနွယ်စုအကြောင်းကို သိထားလေလေ ဖြစ်ကြောင်း ထင်ရှားနေသောကြောင့်ဖြစ်သည်။ ဤသည်က ရွှယ်အန်း၏ ယုံကြည်မှုကို မြင့်တက်သွားစေပြီး သူက ခေါင်းညိတ်ကာ ဆိုလိုက်သည်။
"ဟုတ်တယ်... ငါက တကယ်ပဲ ဟွာမျိုးနွယ်စုဝင် တစ်ယောက်ပဲ၊ မင်းက ဟွာမျိုးနွယ်စုအကြောင်း သိနေမှတော့... အဲဒီ နတ်ဘုရားတွေကို ဘယ်မှာ ဖမ်းချုပ်ထားလဲဆိုတာကိုလည်း သိမှာပေါ့၊ ဟုတ်တယ်မလား"
ကျီဟွမ်က ရွှယ်အန်းကို တစ်ခဏမျှ ကြောင်အမ်းအမ်း ကြည့်နေပြီးနောက် ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ဟွာမျိုးနွယ်စုအကြောင်း ကျွန်မ တကယ် သိပါတယ်၊ ပြီးတော့ ဟိုးအရင်တုန်းက အဲဒီ နတ်ဘုရားတွေ အဖမ်းခံရတာကို ကျွန်မကိုယ်တိုင် မြင်ခဲ့ရတယ်ဆိုတာကိုလည်း ရှင်နဲ့ ကျွန်မ မဖုံးကွယ်ပါဘူး"
ရွှယ်အန်း၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားပြီး သိချင်ဇောဖြင့် မေးလိုက်သည်။
"အခု သူတို့ ဘယ်မှာလဲ၊ မင်း သိသမျှ အကုန်လုံးကို ငါ့ကို ပြောစမ်း"
"ဟုတ်... ဟုတ်ကဲ့ပါ"
ကျီဟွမ်က တုံ့ပြန်လိုက်ပြီးနောက် သူမ၏ မျက်လုံးများထဲတွင် လေးစားမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်ကာ ပေါ်ထွက်လာလေသည်။
"ကျွန်မ လီဟန် အရှင်သခင်နဲ့ စပြီး လက်ထပ်ခါစ သူ့ရဲ့ အလိုလိုက်ခံရဆုံး အချိန်တုန်းကပေါ့၊ ကျွန်မ သူ့ကို သုံးရက်ဆက်တိုက် အရက်သောက် အဖော်ပြုပေးခဲ့ဖူးတယ်၊ နောက်ဆုံးတော့ သူက လုံးဝကို မူးရူးပြီး စိတ်လှုပ်ရှားစွာနဲ့ ကျွန်မကို နေရာတစ်ခုဆီ ခေါ်သွားခဲ့တယ်၊ အဲဒီနေရာ နာမည်က... နတ်ဘုရား အကျဉ်းထောင်တဲ့"
"နတ်ဘုရား အကျဉ်းထောင်..."
ရွှယ်အန်းက တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဟုတ်တယ်... အဲဒါက ကျွန်မရဲ့ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့လို့ မရနိုင်တဲ့ မြင်ကွင်းတစ်ခုပဲ"
ကျီဟွမ်က ကြောက်ရွံ့နေသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။
"အဲဒီအချိန်တုန်းက နတ်ဘုရား အကျဉ်းထောင်ရဲ့ မြေပြင်တစ်ခုလုံးမှာ ဧရာမ ကျောက်တုံးကြီးတွေနဲ့ ဖုံးလွှမ်းနေပြီး အဲဒီ ကျောက်တုံးကြီးတွေပေါ်မှာ အရပ်အမောင်းကောင်းတဲ့ နတ်ဘုရား မရေမတွက်နိုင်အောင် အများကြီးကို သံကြိုးတွေနဲ့ ချည်နှောင်ထားတာကို တွေ့ခဲ့ရတယ်"
"အဲဒီ နတ်ဘုရားတွေထဲက တချို့က သေဆုံးနေကြပြီ ဖြစ်ပေမဲ့ တချို့ကတော့ အသက်ရှင်နေကြတုန်းပဲ၊ ဒါပေမဲ့ အသက်ရှင်နေတဲ့ သူတွေတောင် နောက်ဆုံး အသက်ငွေ့ငွေ့လေးပဲ ကျန်တော့တယ်၊ ဘာလို့လဲဆိုတော့..."
"ဘာဖြစ်လို့လဲ"
ရွှယ်အန်းမှာ ဆက်၍ မစောင့်နိုင်တော့ဘဲ ဖြတ်မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲဒီ နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ကို ကိုက်ဖြတ်စားသောက်နေတဲ့ အဆိပ်ပြင်းတဲ့ အင်းဆက်ကောင်တွေ မရေမတွက်နိုင်အောင် ရှိနေလို့ပဲ၊ ဟွာမျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ပါး လဲကျသွားတိုင်း အဲဒီ အင်းဆက်ကောင်တွေက အုံခဲသွားပြီးနောက်မှာ... လီဟန် ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားကြတယ်"
ဤနေရာအရောက်တွင် ကျီဟွမ်က စကားကို ရပ်တန့်လိုက်သည်။ အဘယ့်ကြောင့်ဆိာ သူမ ဆက်၍ မပြောနိုင်တော့သောကြောင့် ဖြစ်သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုက ရွှယ်အန်းထံမှ ပေါက်ကွဲထွက်လာပြီး ကျီဟွမ်၏ ခန္ဓာကိုယ်ကိုပင် အေးခဲသွားစေလေသည်။ ကျီဟွမ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
"သခင်... ကျွန်မရဲ့ အသက်ကို ချမ်းသာပေးပါ"
ယခုအချိန်တွင် သူမသည် ယခင်ကလို နောက်ပြောင်ရန် မဝံ့ရဲတော့ချေ။ လီဟန် အရှင်သခင်နှင့် ဟွာမျိုးနွယ်စုကြားရှိ သွေးရန်စမှာ လုံးဝ ပြေလည်နိုင်စွမ်း မရှိကြောင်း သူမ သိရှိသွားသောကြောင့်ဖြစ်သည်။ ရွှယ်အန်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးမှ သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားကာ အေးတိအေးစက် လေသံဖြင့် ပြောလိုက်သည်။
"ဆက်ပြောစမ်း"
ကျီဟွမ်က အကြောက်တရားကြောင့် တုန်ယင်နေကာ ဆက်ပြောလေသည်။
"ဒါပေမဲ့ အဲဒီလောက် ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာတောင် ဟွာမျိုးနွယ်စုက နတ်ဘုရားတစ်ပါးမှ အရှုံးမပေးခဲ့ကြဘူး၊ တစ်ခါကဆိုရင် လီဟန် အရှင်သခင် ကင်းလှည့်နေတုန်း အရမ်းကို အရပ်ရှည်တဲ့ ဧရာမလူကြီးတစ်ယောက်က မြေကြီးထဲကနေ ရုတ်တရက် ထလာပြီး အရှင်သခင်ကို အသေအလဲ တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ အားလုံးက အချည်းနှီးပါပဲ၊ လီဟန် အရှင်သခင်ရဲ့ ရှေ့မှာတော့ ဒီဧရာမလူကြီးရဲ့ တိုက်ကွက်က ကျရှုံးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရိုးဖြူဖြူတွေပဲ ကျန်တဲ့အထိ လွင့်စင်သွားခဲ့ရတယ်"
"လီဟန် အရှင်သခင်က ရယ်မောပြီး ပြောခဲ့သေးတယ်... အဲ့ဟွာမျိုးနွယ်စုက နတ်ဘုရားတွေက အမြဲတမ်း ခေါင်းမာလွန်းတယ်၊ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး တဲ့"
"ပြီးတော့ရော"
ရွှယ်အန်းက အေးတိအေးစက်ပင် မေးလိုက်သည်။
"ပြီးတော့... ကျွန်မ နတ်ဘုရား အကျဉ်းထောင်ရဲ့ အနက်ရှိုင်းဆုံးအလွှာကို လိုက်သွားခဲ့တယ၊ အဲဒီမှာ မျက်လုံးသုံးလုံးနဲ့ လူငယ်တစ်ယောက်ကို ကျွန်မ တွေ့ခဲ့ရတယ်"
ရွှယ်အန်း၏ မျက်လုံးများ တောက်ပသွားသော်လည်း သူက တိတ်ဆိတ်နေဆဲဖြစ်သည်။ ကျီဟွမ်က အံ့ကြိတ်လျက် ဆက်ပြောလိုက်သည်။
"အဲဒီအချိန်တုန်းက လီဟန် အရှင်သခင်က မျက်လုံးသုံးလုံး နတ်ဘုရားစစ်သူကြီးကို လက်နက်ချဖို့ ဖြောင်းဖျခဲ့တယ်၊ ဒါပေမဲ့ နတ်ဘုရားစစ်သူကြီးက စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး၊ အဲဒီလို တိတ်ဆိတ်စွာ ငြင်းပယ်လိုက်တာက နောက်ဆုံးမှာ လီဟန် အရှင်သခင်ကို အကြီးအကျယ် ဒေါသထွက်သွားစေပြီးတော့... သူက မျက်လုံးသုံးလုံး နတ်စစ်သူကြီးရဲ့ ဒေါင်လိုက် မျက်လုံး ကို အတင်းအဓမ္မ ထုတ်ယူပစ်လိုက်တယ်"
ဘုန်း!
ကျီဟွမ်၏ အောက်ရှိ အလွန်ခိုင်ခံ့လှသော ကုတင်ကြီးမှာ အသံဖျော့ဖျော့လေး တစ်ချက်နှင့်အတူ ဖုန်မှုန့်များအဖြစ် ပြိုကျသွားလေသည်။ ကျီဟွမ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ သို့သော် ရွှယ်အန်း၏ အသံမှာမူ ရေခဲတမျှ အေးစက်နေဆဲဖြစ်သည်။
"ဆက်ပြောစမ်း"
"ဟုတ်... ဟုတ်ကဲ့ပါ၊ အဲဒီအချိန်တုန်းက... လီဟန် အရှင်သခင်က အဲဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို လုပ်နေတုန်း မျက်လုံးသုံးလုံး နတ်ဘုရားစစ်သူကြီးက ခန္ဓာကိုယ်ကိုတောင် မတုန်လှုပ်ဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့တယ်၊ သူ့မျက်နှာပေါ်မှာ လှောင်ပြောင်တဲ့ အပြုံးတစ်ခုတောင် ရှိနေသေးတယ်"
"အဲဒါက လီဟန် အရှင်သခင်ကို အရမ်း ဒေါသထွက်သွားစေခဲ့တယ်၊ နောက်ဆုံးတော့ သူလည်း ဘာမှ မလုပ်နိုင်တော့ဘဲ ကျွန်မကို ခေါ်ပြီး ထွက်လာခဲ့တယ်၊ အဲဒါက နတ်ဘုရား အကျဉ်းထောင်ကို ကျွန်မ လိုက်သွားခဲ့ရတဲ့ တစ်ခုတည်းသော အကြိမ်ပါပဲ၊ နောက်တစ်နေ့ သူ အမူးပြေသွားတဲ့ အချိန်ကျတော့ ကျွန်မ မြင်ခဲ့တာတွေ အကုန်လုံးကို ဘယ်သူ့ကိုမှ မပြောပြဖို့ တင်းတင်းကျပ်ကျပ် အမိန့်ပေးခဲ့တယ်"
ကျီဟွမ်သည် သူမ သိသမျှကို ပြောပြပြီးနောက် ရွှယ်အန်းကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ရွှယ်အန်း၏ မျက်နှာအမူအရာမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး မျက်လုံးများက တောက်ပလင်းလက်နေလေသည်။ အချိန်အတန်ကြာမှ သူက တိုးညင်းစွာ မေးလိုက်သည်။
"မင်း နတ်ဘုရား အကျဉ်းထောင်ကို ရောက်ခဲ့တဲ့ အချိန်ကနေ အခုထိဆိုရင် အချိန် ဘယ်လောက်တောင် ကြာခဲ့ပြီလဲ"
"တစ်ထောင် ရှစ်ရာ သုံးဆယ့်တစ်နှစ် ရှိပါပြီ"
ကျီဟွမ်က တိုးညင်းစွာ ဖြေလိုက်သည်။
ရွှယ်အန်းမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ငါ နားလည်ပြီ၊ မင်းက နတ်ဘုရား အကျဉ်းထောင်ကို ရောက်ဖူးတယ်ဆိုတော့ အဲဒီနေရာ ဘယ်မှာလဲဆိုတာ သဘာဝကျကျပဲ သိမှာပေါ့၊ အဲဒီကို ဘယ်လို ဝင်လို့ရမလဲ"
ကျီဟွမ်က ခါးသီးစွာ ပြုံးလိုက်သည်။
"နတ်ဘုရား အကျဉ်းထောင်ရဲ့ အဝင်ပေါက်က လီဟန်မြို့တော် နတ်ဘုရားကျောင်းတော်ရဲ့ အောက်မှာ ရှိတယ်၊ ဒါပေမဲ့ ပြဿနာက အဲဒီကို ဝင်ဖို့အတွက် လမ်းပြမီးအိမ်တစ်လုံး ရဖို့ လိုတယ်"
"လမ်းပြမီးအိမ် ဟုတ်လား"
ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်ပါတယ်၊ နတ်ဘုရား အကျဉ်းထောင်က နတ်ဘုရားနယ်ပယ်နဲ့ စကြဝဠာ နယ်ပယ်ပေါင်းစုံကြားက လေဟာနယ် အက်ကွဲကြောင်းတစ်ခုလိုပဲ၊ အဲဒီမှာ လေဟာနယ် အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေပြီး အရမ်းကို အန္တရာယ်များတယ်၊ အဲ့ လမ်းပြမီးအိမ်က ရှင်တို့ကို နတ်ဘုရား အကျဉ်းထောင်ဆီ ခေါ်ဆောင်သွားပေးမယ့် အရာပဲ၊ အဲဒါမပါရင် ရှင်တို့က လေဟာနယ် ဝင်္ကပါထဲမှာ လမ်းပျောက်သွားမှာပဲ၊ အခြေခံအားဖြင့် ပြောရရင် အဲဒီ မီးအိမ်က နတ်ဘုရား အကျဉ်းထောင်ရဲ့ '
သော့ချက်လိုပဲ"
"အဲ့မီးအိမ်ကို ဘယ်လို ရနိုင်မှာလဲ"
ကျီဟွမ်က တစ်ဖန် ခါးသီးစွာ ပြုံးလိုက်ပြန်သည်။
"အချည်းနှီးပဲ... လီဟန် အရှင်သခင်က ဘယ်သူ့ကိုမှ မယုံကြည်ဘူး၊ ပြီးတော့ တစ်လုံးတည်းသော လမ်းပြမီးအိမ်ကို အချိန်တိုင်း သူ့ကိုယ်ပေါ်မှာပဲ သယ်ဆောင်ထားတယ်"
ရွှယ်အန်းက ခေါင်းငုံ့ကာ တိတ်ဆိတ်သွားလေသည်။ ကျီဟွမ်မှာ ဤလူငယ်က သူမကို သတ်ပစ်မည်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အချိန်အတန်ကြာပြီးနောက် ရွှယ်အန်းက ရုတ်တရက် ခေါင်းမော့လာပြီး အေးတိအေးစက် မေးလိုက်သည်။
"မီးအိမ်ကိစ္စကိုတော့ ငါ့ဘာသာငါ ကိုင်တွယ်မယ်၊ အခု ငါ မင်းကို မေးမယ်... လီဟန် အရှင်သခင် မသိနိုင်ဘဲ နတ်ဘုရား အကျဉ်းထောင်ထဲကို ဝင်နိုင်မယ်လို့ မင်း ယုံကြည်မှု ရှိလား”
အခန်း (၁၁၉၇) - သုံးရက်အကြာ၊ လှုပ်ရှားရန် ပြင်ဆင်ခြင်း
"ဒါက..."
ကျီဟွမ်က တုံ့ဆိုင်းနေသော အမူအရာကို ပြသလိုက်သည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းက လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်ခု ရုတ်တရက် လက်ကနဲ ထွက်ပေါ်လာပြီး ကျီဟွမ်၏ နဖူးထဲသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။
ကျီဟွမ်သည် နဖူးပေါ်တွင် အေးစက်မှုကို ခံစားလိုက်ရသော်လည်း အခြား ထူးခြားမှု မရှိသဖြင့် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ ရွှယ်အန်းက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
"အခု မင်းရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဓားအလင်းတန်းတစ်ခု ရှိနေပြီ၊ ငါက အမိန့်ပေးလိုက်ရင် ဖြစ်ဖြစ်၊ မင်းဆီမှာ မကောင်းတဲ့ အကြံရှိရင် ဖြစ်ဖြစ်... နောက်တစ်စက္ကန့်မှာပဲ မင်းရဲ့ ဦးခေါင်းနဲ့ ဝိညာဉ်က အတူတူ ပေါက်ကွဲထွက်သွားလိမ့်မယ်၊ နတ်ဘုရားတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် စကားမပြောခင် သေသေချာချာ စဉ်းစားဖို့ မျှော်လင့်ပါတယ်"
ထိုစကားကြောင့် ကျီဟွမ်၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး အခြေအနေကို သဘောပေါက်သွားကာ ရွှယ်အန်းအား အလျင်အမြန် ခေါင်းညိတ်ပြလိုက်လေသည်။
"နားလည်ပါပြီ... နားလည်ပါပြီ၊ ဒီကိစ္စက နည်းနည်း ခက်ခဲပေမဲ့ ကျွန်မ လုပ်နိုင်မယ်လို့ ထင်ပါတယ်"
"အရမ်းကောင်းတယ်"
ရွှယ်အန်း၏ စကားအဆုံးတွင် ကျီဟွမ်သည် ခန္ဓာကိုယ်ပေါ်ရှိ ချုပ်နှောင်မှုများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး မွေ့ရာပေါ်သို့ ပုံခနဲ ပြိုကျကာ အသက်ကို ပြင်းပြင်းရှူနေရတော့သည်။ ရွှယ်အန်းကမူ မျက်နှာအမူအရာ မပြောင်းဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
ကျီဟွမ်သည် အသက်ရှူနှုန်းကို ပြန်ထိန်းနိုင်မှသာ မတ်တပ်ထရပ်ကာ ရွှယ်အန်းအား ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အရှင့်ကို ဂါရဝပြုပါတယ်"
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါတွေ မလိုဘူး၊ နတ်ဘုရား အကျဉ်းထောင်ကို ဘယ်တော့လောက် သွားနိုင်မယ်လို့ မင်း ထင်လဲ"
ကျီဟွမ်က မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးမှ ဖြေသည်။
"အရှင်... ဒီကိစ္စက လောလို့မရပါဘူး၊ ကျွန်မတို့ အရင်ဆုံး သတင်းအချက်အလက် စုဆောင်းဖို့ လိုတယ်၊ အနည်းဆုံး သုံးရက်တော့ အချိန်ယူရမယ်လို့ ထင်တယ်"
"ဒါဆိုရင် ငါ မင်းကို သုံးရက် အချိန်ပေးမယ်၊ ဒါပေမဲ့ မှတ်ထား... မင်းဆီမှာ သစ္စာဖောက်ချင်တဲ့ အတွေးရှိနေရင်တော့..."
ရွှယ်အန်းက ပြုံးလိုက်ရာ သတ်ဖြတ်လိုစိတ်များ အပြည့်ပါဝင်နေသော အေးစက်မှုက ကျီဟွမ်ကို တုန်ရီသွားစေသည်။
"မဝံ့ရဲပါဘူး... အရှင် စိတ်ချပါ၊ ဘာက အရေးကြီးလဲဆိုတာ ကျွန်မ သိပါတယ်"
"ဒါဆိုလည်း ကောင်းပြီ၊ သွားတော့"
ရွှယ်အန်းက ထွက်ခွာရန် လှည့်လိုက်သော်လည်း တံခါးအနီးတွင် ရပ်တန့်ကာ ကျီဟွမ်ကို ဦးစွာသွားရန် ဘေးသို့ ဖယ်ပေးလိုက်သည်။
"မင်း အရင်သွား၊ ပုံမှန်အတိုင်းပဲ ပြုမူဖို့ မှတ်ထား... ဟာကွက်တွေ မပြစေနဲ့"
ကျီဟွမ်က ရွှယ်အန်း၏ အသေးစိတ် ဂရုစိုက်မှုကို တိတ်တဆိတ် အထင်ကြီးသွားမိသည်။ သူမသည် အသက်ကို ပြင်းပြင်းရှူကာ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး မျက်နှာပေါ်တွင် မာနထောင်လွှားသည့် အမူအရာကို အစားထိုးကာ ဩဇာ အပြည့်ဖြင့် လျှောက်ထွက်သွားလေသည်။
တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော အစေခံမိန်းကလေးများက ကျီဟွမ် ထွက်လာသည်ကို မြင်သောအခါ အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
"သခင်မ"
ကျီဟွမ်က မာနထောင်လွှားစွာ လျှောက်သွားပြီးနောက် ရွှယ်အန်းလည်း ထွက်လာခဲ့သည်။ ဝတ်ရုံဖြူနှင့် ရွှယ်အန်းကို မြင်လိုက်ရသောအခါ အစေခံမိန်းကလေးများ၏ အကြည့်မှာ ထူးဆန်းလာလေသည်။ အရှေ့မှ လျှောက်နေသော ကျီဟွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"အခန်းကို သန့်ရှင်းရေးလုပ်ဖို့ မမေ့နဲ့၊ ပြီးတော့... အဲဒီ ကုတင်ကိုလည်း လွှင့်ပစ်လိုက်တော့"
ရှုပ်ထွေးနေသော မျက်နှာထားများဖြင့် အစေခံမိန်းကလေးများမှာ ကြောင်ရပ်ကျန်ခဲ့သည်။ ဘာလို့ ကုတင်ကို လွှင့်ပစ်ရမှာလဲ၊ ပုံမှန်ဆို သခင်မက ဒီကုတင်ကို အရမ်း သဘောကျတာ မဟုတ်ဘူးလား?
သူတို့ အခန်းထဲသို့ ဝင်ရောက်သွားချိန်တွင် အားလုံး မှင်တက်သွားကြလေသည်။ အခန်း၏ တစ်ဝက်ခန့်ကို ယူထားသော ကုတင်ကြီးမှာ ဖုန်မှုန့်ပုံကြီးအဖြစ် ပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ်တွင် မွေ့ရာတစ်ခုသာ ကျန်ရစ်ခဲ့သောကြောင့်ဖြစ်သည်။
"ဘုရားရေ... ဘယ်လောက်တောင် ကြမ်းတမ်းလိုက်လဲ၊ ကုတင်ကြီး ဖုန်မှုန့်ဖြစ်သွားတဲ့အထိ လုပ်ပစ်လိုက်ကြတာလား"
တစ်စုံတစ်ယောက်က ညည်းတွားလိုက်သည်။
"အဲဒီ ဝတ်ရုံဖြူနဲ့ လူငယ်လေးက ကြည့်ရတာ အားနွဲ့မယ့်ပုံပဲ၊ ဒါပေမဲ့ သူက ဒီလောက်တောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ"
နောက်တစ်ဦးက မနာလိုမှု အပြည့်ဖြင့် ဆိုလိုက်သည်။ မကြာခင်မှာပင် အစေခံမိန်းကလေးများ၏ အတင်းအဖျင်း စကားများကြောင့် တင်းထျန်း စံအိမ်တော်တစ်ခုလုံးသို့ ဇာတ်လမ်းက လျင်မြန်စွာ ပြန့်နှံ့သွားလေတော့သည်။
ရွှယ်အန်းကမူ ဤအရာများကို ဂရုမစိုက်ဘဲ နတ်ဘုရား အကျဉ်းထောင်ထဲသို့ မည်သို့ ဝင်ရောက်ရမည်ကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ ဧည့်ခံခန်းမသို့ ပြန်ရောက်သောအခါ သူ့ထံသို့ ရောက်လာသော ထူးဆန်းသည့် အကြည့်များကို သူက လျစ်လျူရှုထားခဲ့လေသည်။
မာမားချူမှာ ကျီဟွမ် ဤမျှ မြန်မြန် ပြန်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဒီနေ့ ဘာဖြစ်သွားတာလဲ၊ သူမ ကျေနပ်မှု မရှိလို့များလား၊ ဒါပေမဲ့ သူမ မျက်နှာက အဲဒီလို မဟုတ်ပါလား...
ဆွေ့မန်နှင့် ယုရန်တို့မှာမူ ရွှယ်အန်း အန္တရာယ်ကင်းကင်း ပြန်လာသည်ကို မြင်မှ သက်ပြင်းချနိုင်ကြသည်။ ကျီဟွမ်က ဆွေ့မန်ကို ပြုံးပြလိုက်သညါ။
"ညီမလေး ဆွေ့မန်... ဒီနေ့ ငါ နည်းနည်း ပင်ပန်းနေတယ်၊ အားလုံးပဲ အနားယူကြရအောင်၊ မနက်ဖြန်ကျမှ ဆက်ပြောကြတာပေါ့"
လူတိုင်း ထွက်သွားပြီးနောက် ဆွေ့မန်က ဆက်၍ မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"သခင်... ဘာတွေဖြစ်ခဲ့တာလဲ၊ အဲ့ကျီဟွမ်က..."
ရွှယ်အန်းက လက်ဖက်ရည်ကို ညင်သာစွာ သောက်လိုက်ပြီးမှ ပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်၏။
"အခု သူမက မနာခံပဲ မနေရဲတော့ဘူး"
ဆွေ့မန်နှင့် ယုရန်တို့မှာ အံ့အားသင့်စွာ မျက်လုံးချင်း ဖလှယ်လိုက်မိကြသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း ရွှယ်အန်းက သခင်မ ကျီဟွမ်ကို မည်သို့ နှိမ်နင်းလိုက်သနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြချေ။ ကျန်းရွှင်းနန်ကလည်း ရုတ်တရက် မေးလာသည်။
"ဒါဆို... ကျွန်မတို့ရဲ့ နောက်တစ်ဆင့်က ဘာလဲ"
ရွှယ်အန်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"သူမကို သုံးရက် အချိန်ပေးထားတယ်၊ သုံးရက်ကြာရင်... အားလုံး ရှင်းလင်းသွားလိမ့်မယ်”