အခန်း (၁၁၉၈-၁၂၀၀)
Vol. 80 Ch. 1198-1200
အခန်း (၁၁၉၈) - မျိုးနွယ်စုကို သုတ်သင်သည့် ရန်ငြိုးနှင့် မျိုးဆက်ဖြတ်သည့် အမုန်းတရား
တစ်ချိန်တည်းမှာပင် ကျီဟွမ်၏ အခန်းထဲတွင် မာမားချူက လက်ယှက်လျက် ရိုသေစွာ ရပ်နေခဲ့သည်။ ကျီဟွမ်မှာ တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ မျက်နှာအမူအရာက ခန့်မှန်းရခက်စွာ ပြောင်းလဲနေကာ အချိန်အတော်ကြာမှသာ မေးလိုက်သည်။
"ကောင်းကင်အရှင်သခင်ဆီက မကြာသေးခင်က ဘာလှုပ်ရှားမှု အသစ်တွေရှိသေးလဲ"
မာမားချူက ခေါင်းခါပြလိုက်သည်။
"သခင်မကို တင်ပြရရင်... ကောင်းကင်အရှင်သခင်က နတ်ဘုရားနိုင်ငံတော်ထဲမှာ အဲဒီ ဧည့်သည်နဲ့ ဒီအချိန်တစ်လျှောက်လုံး လျှို့ဝှက်ဆွေးနွေးနေပြီး အပြင်ကို တစ်ခါမှ ထွက်မလာပါဘူးရှင်"
ကျီဟွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... တစ်ယောက်ယောက်ကို အရှင်သခင်ကို စောင့်ကြည့်ခိုင်းထားလိုက် လှုပ်ရှားမှုအသစ် တစ်ခုခုရှိတာနဲ့ ငါ့ကို ချက်ချင်း လာသတင်းပို့"
"ဟုတ်ကဲ့ပါရှင်"
မာမားချူက အလျင်အမြန် သဘောတူလိုက်သော်လည်း သူမ၏ ရင်ထဲတွင် ရှုပ်ထွေးနေမိသည်။ သခင်မက အဲဒီလူငယ်လေးနဲ့ တစ်ခါလေးတွေ့ပြီးတာနဲ့ ဘာလို့ ဒီလောက်တောင် ထူးဆန်းသွားရတာလဲ...
"ပြီးတော့..."
ကျီဟွမ်က နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
"ဆွေ့မန်တို့ဘက်ကိုလည်း စောင့်ကြည့်တာတွေ တိုးလုပ်ထား၊ ဒါပေမဲ့ အဲဒါကလွဲလို့ ဘယ်သူ့ကိုမှ သူတို့နဲ့ အဆက်အသွယ် မလုပ်ခိုင်းနဲ့၊ အထူးသဖြင့်... အဲဒီ ဝတ်ရုံဖြူနဲ့ လူငယ်လေးကိုပဲ"
"နားလည်ပါပြီရှင်"
"နင် သွားလို့ရပြီ၊ ငါ ပင်ပန်းလို့ နားချင်ပြီ"
ကျီဟွမ်က လက်ကို အားနည်းစွာ ဝှေ့ယမ်းရင်း ပြောလိုက်သည်။ မာမားချူ ဆုတ်ခွာသွားပြီးနောက် ကျီဟွမ်သည် ကုလားထိုင်ပေါ်တွင် ပျော့ခွေစွာ နောက်မှီချလိုက်ပြီး မျက်နှာကြက်ကို မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်နေမိသည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုနှင့် နောင်တတရားများက တစ်လှည့်စီ ဖြတ်ပြေးနေသည်။
ရွှယ်အန်းကို သူမထံသို့ ခေါ်ဆောင်လာခဲ့သည့်အတွက် သူမသည် ဆွေ့မန်ကို အလွန် မုန်းတီးနေမိသည်။ သူမသည် သာယာပျော်ရွှင်ရမည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ မိမိကိုယ်မိမိ ထောင်ချောက်ထဲ ဆွဲသွင်းမိသလို ဖြစ်နေချေသည်။ ဟွာမျိုးနွယ်စုနှင့် လီဟန် အရှင်သခင်တို့ကြားရှိ မျိုးနွယ်စုကို သုတ်သင်သည့် ရန်ငြိုး၊ မျိုးဆက်ဖြတ်သည့် အမုန်းတရား ကြားထဲသို့ ဆွဲသွင်းခံလိုက်ရမည်ကို တွေးမိရုံဖြင့်ပင် ကျီဟွမ်၏ နှလုံးသားမှာ ထိတ်လန့်တုန်ယင်သွားရသည်။
သူမသည် နောက်ဆုံးမျှော်လင့်ချက်ဖြင့် သူမ၏ အသိစိတ်ပင်လယ်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုနေရာ၏ အနက်ရှိုင်းဆုံးနေရာတွင် အလင်းရောင် အနည်းငယ်မျှမရှိသော ဓားရှည်တစ်လက်က တိတ်ဆိတ်စွာ လွင့်မျောနေလေသည်။ သူမသည် စမ်းသပ်သည့်အနေဖြင့် နတ်ဘုရားအာရုံ အမျှင်တန်းလေးတစ်ခုကို စေလွှတ်လိုက်သောအခါ ဓားအလင်းတန်းတစ်ခု လက်ကနဲ ထွက်ပေါ်လာပြီး ထိုနတ်ဘုရားအာရုံကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။
ကျီဟွမ်သည် နာကျင်စွာ ညည်းတွားပြီးနောက် သူမ လုံးဝ စိတ်ပျက်သွားတော့သည်။ ရွှယ်အန်း ပြောခဲ့သည့်အတိုင်းပင် သူမသာ မနာခံပါက ဝိညာဉ်လမ်းစဉ်ပါ ပျက်စီးသွားပေလိမ့်မည်။ သူမသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ မတ်တပ်ထလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ်... သူ့ကတိကို ဖြည့်ဆည်းပေးလိုက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ငါ့အသက်ကို တကယ် အာမခံနိုင်မှာ မဟုတ်ဘူး...
ကျီဟွမ်တစ်ယောက် နတ်ဘုရားအကျဉ်းထောင်ထဲ ဝင်ရောက်ဖို့ အစီအစဉ်ဆွဲနေချိန်တွင် မှော်ရတနာ ပြခန်းအတွင်း၌မူ ရှောင်ထျန်းနှင့် ကျန်းရွှင်းနန်တို့မှာ ထူးဆန်းသော ကမ္ဘာကြီးကို အံ့ဩစွာ ငေးကြည့်နေကြသည်။
"ဒါက ငါနဲ့အတူ အမြဲသယ်သွားလေ့ရှိတဲ့ ကမ္ဘာငယ်လေးပဲ"
ရွှယ်အန်းက ပြုံး၍ ပြောလိုက်စဉ် မိန်းကလေးငယ် နှစ်ဦးက ပျော်ရွှင်စွာ အော်ဟစ်လျက် ပြေးလာပြီး ရွှယ်အန်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ကြကာ သူ၏ ပါးပြင်များကို အဆက်မပြတ် နမ်းရှုံ့ကြတော့သည်။
"ဖေဖေ... ဒီဦးဦးနဲ့ အန်တီက ဘယ်သူတွေလဲဟင်"
ရှန်းရှန်းက အံ့ဩတကြီး မေးလိုက်သည်။
"ဟုတ်တယ်... ဒီဦးဦးနဲ့ အန်တီက လူတွေနဲ့ မတူဘူးနော်"
နျန်နျန်ကလည်း စပ်စုလိုက်သည်။ ထိုစဉ် ကျင်းလီက နျန်နျန်၏ ရင်ခွင်ထဲမှ ထွက်ပေါ်လာပြီး ရှောင်ထျန်း၏ အနီးသို့ ပျံသန်းသွားကာ သူ၏ ပခုံးများကို ချွဲနွဲ့စွာ ခတ်ပေးနေလေသည်။ ရှောင်ထျန်းမှာ အံ့အားသင့်သွားသော်လည်း ကျင်းလီထံမှ ရင်းနှီးကျွမ်းဝင်မှုကို ခံစားရသဖြင့် သူမကို ညင်သာစွာ ပွတ်သပ်ပေးလိုက်မိသည်။
ဤမြင်ကွင်းကို ရောက်ရှိလာသော အန်းယန်နှင့် ဟွီယင်းတို့ မြင်တွေ့လိုက်ရရာ အားလုံး မှင်တက်သွားကြလေသည်။ ပုံမှန်အားဖြင့် မာနကြီးလှသော ကျင်းလီသည် ရှန်းရှန်းတို့ မိသားစုမှလွဲ၍ ဟွီယင်းကိုပင် အသိအမှတ် မပြုတတ်ရာ ယခု ရှောင်ထျန်းအပေါ် ဤမျှ ချစ်ခင်နေခြင်းမှာ အံ့ဩစရာပင်ဖြစ်သည်။
ရွှယ်အန်း တစ်ယောက်တည်းသာ အကြောင်းရင်းကို သိရှိသည်။ ကျင်းလီသည် ကျဆုံးသွားသော ဟွာမျိုးနွယ်စု နတ်ဘုရားများ၏ အရှိန်အဝါများဖြင့် ဖွဲ့စည်းတည်ရှိလာခြင်း ဖြစ်သဖြင့် ရှောင်ထျန်းကို မြင်သည်နှင့် အလိုအလျောက် ရင်းနှီးမှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ ဤအချိန်တွင် ဟွီယင်းက ရှောင်ထျန်းတို့ကို အကဲခတ်ပြီး ရယ်မောလိုက်သည်။
"မန်မျိုးနွယ်စုက နှစ်ယောက် ဖြစ်နေတာကိုး... ဒါက တကယ်ကို ရှားပါးတာပဲ"
"နတ်သမီး မြေခွေးမမ... မန်မျိုးနွယ်စုဆိုတာ ဘာလဲဟင်"
ရှောင်ယွီက နားမလည်စွာ မေးလိုက်သည်။
"နင်က မန် မျိုးနွယ်စုကို မသိဘူးလား၊ အဲ့တာက ခွေး လို့ အဓိပ္ပာယ်ရတယ်၊ အဲဒီ ခွေးနဲ့တူတဲ့ သတ္တဝါတွေက သူတို့ကိုယ်သူတို့ အဲဒီလို ခေါ်ကြတာ"
ဟွီယင်းက ပြုံးပြုံးလေး ပြောလိုက်သည်။ ရှောင်ယွီက ရုတ်တရက် သဘောပေါက်သွားသည်။
"ဪ... ခွေးတွေကို ပြောတာကိုး"
သူမသည် စကားမှားသွားမှန်း သိ၍ ပါးစပ်ကို အလျင်အမြန် အုပ်လိုက်မိသည်။ သို့သော် ကျန်းရွှငနန်က ထိုစကားကို အာရုံမစိုက်ဘဲ ဟွီယင်းကိုသာ အံ့ဩစွာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
"မြေခွေးမ ဟုတ်လား ဒါပေမဲ့ မြေခွေးမတွေက ငါတို့ ခွေးမျိုးနွယ်စုဝင်တွေကို မြင်ရင် ကြောက်ရမှာ မဟုတ်ဘူးလား"
ထိုစကားကြောင့် ဟွီယင်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး ဒေါသတကြီး ပြန်အော်လိုက်သည်။
"နင်ကမှ မြေခွေးမ! နင့်တစ်မိသားစုလုံး မြေခွေးမတွေ! ငါက ဂုဏ်သိက္ခာရှိတဲ့ ကောင်းကင်မြေခွေးမျိုးနွယ်ဝင်ဟဲ့၊ နင်က ရန်ဖြစ်ချင်နေတဲ့ ခွေးပေါက်စလေးလား"
ကျန်းရွှင်းနန်မှာ ဟွီယင်း၏ ဒေါသကြောင့် ကြောက်လန့်တကြား ရှောင်ထျန်း၏ အနောက်သို့ ပုန်းကွယ်သွားတော့သည်။ ရွှယ်အန်း ရယ်မောလိုက်သည်။
"ကဲပါ... တော်ကြပါတော့၊ ယင်းအာ... သူတို့က ငါ့သူငယ်ချင်းတွေမလို့ အရမ်းကြီး မကြမ်းတမ်းပါနဲ့၊ မဟုတ်ရင် နောင်တစ်ချိန်ကျ ယောကျ်ားရဖို့ ခက်နေလိမ့်မယ်"
ဟွီယင်း၏ မျက်နှာမှာ နားရွက်ဖျားများအထိ နီရဲသွားသည်။
"ကျွန်မ ဘယ်သူနဲ့မှ မယူချင်ပါဘူး၊ အစ်ကိုရွှယ်အန်းနောက်ကိုပဲ လိုက်မှာ ကျွန်မကို နှင်ထုတ်လို့ မရဘူးနော်... ဟွန့်"
သူမက ရှောင်ယွီ၏ နားရွက်ကို ဆွဲလိမ်ကာ ထွက်သွားတော့သည်။
"အား... နာတယ်... နတ်သမီး မြေခွေးမ အဖွားကြီးရဲ့ ဖြည်းဖြည်းလုပ်ပါ"
ရှောင်ယွီ၏ အော်ဟစ်သံများက အဝေးတွင် ပျောက်ကွယ်သွားလေသည်။ ရွှယ်အန်းက ခါးသီးစွာ ပြုံးလိုက်မိသည်။ ဟွီယင်းကို ကိုင်တွယ်ဖို့ ခက်ခဲလှသဖြင့် သူမကို သူမ၏ မျိုးနွယ်စုဆီ ပြန်ပို့နိုင်မည့် အချိန်ကိုသာ မျှော်လင့်ရတော့သည်။ ဤအချိန်တွင် အန်းယန်က ရှေ့သို့ ထွက်လာပြီး ရှောင်ထျန်းကို ကြင်နာစွာ ကြည့်လိုက်သည်။ သူမသည် ရွှယ်အန်းထံမှ ဇာတ်ကြောင်းကို သိထားသဖြင့် ရှောင်ထျန်းအပေါ် လေးစားမှုရော သနားမှုပါ ရှိနေခဲ့သည်။
"ကဲ... အထဲဝင်ပြီးမှ စကားပြောကြတာပေါ့၊ အချိန်ရတုန်းလေး သေသေချာချာ အနားယူကြပါဦး”
အခန်း (၁၁၉၉) - နီရဲသော နှုတ်ခမ်းများနှင့် စတင်လာပြီဖြစ်သော တိုက်ပွဲကြီး
ရှောင်ထျန်းသည် သူ၏မှတ်ဉာဏ်များ မရှိသေးသော်လည်း တစ်စုံတစ်ရာကို ရိပ်မိနေပုံရသည်။ သူသည် ရွှယ်အန်းနှင့် အန်းယန်တို့ နှစ်ဦးစလုံးအပေါ် လေးစားစွာဖြင့် ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ပါ"
စားသောက်ပွဲမှာ လွန်စွာ ခမ်းနားကြွယ်ဝလှသည်။ ကမ္ဘာမြေမှ ဟင်းလျာမျိုးစုံသာမက မှော်ရတနာ စံအိမ်တော်အတွင်းမှ လတ်ဆတ်သည့် ဝိညာဉ်သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များလည်း ပါဝင်လေသည်။
နတ်ဘုရားအာရုံ အဆောင်လက်ဖွဲ့ ဘောလုံးလေးကြောင့် စံအိမ်တော်မှာ တစ်နေ့တခြား ပြောင်းလဲတိုးတက်နေပြီး ဝိညာဉ်စွမ်းအင်များလည်း ပိုမို ကြွယ်ဝလာသည်။ ထို့ကြောင့် ဝိညာဉ်ဆေးပင်များမှာလည်း သဘာဝအလျောက် ပေါများစွာ ပေါက်ရောက်နေခြင်း ဖြစ်သည်။
လူတိုင်း အစားအသောက်များကို နှစ်ခြိုက်စွာ စားသောက်ခဲ့ကြသည်။ အထူးသဖြင့် ဟွီယင်းပင် ဖြစ်သည်။ လွန်ခဲ့သော အချိန်လေးကမှ ကျန်းရွှင်းနန်အား နှုတ်ခမ်းထောာ်ကာ စိုက်ကြည့်နေခဲ့သော်လည်း ယခုမူ ငယ်သူငယ်ချင်းများအလား အတူတကွ ရယ်မောနေကြလေသည်။
ဤအရာက ရွှယ်အန်းကို အလိုအလျောက် ပြုံးမိစေသည်။ ဟွီယင်းက မည်မျှပင် ရင့်ကျက်ဟန်ဆောင်ပါစေ၊ သူမ၏ စိတ်ထားမှာ ကလေးတစ်ယောက်နှင့် မခြားလှချေ။ တစ်ခါတစ်ရံ ဆိုးသွမ်းတတ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ ပြောခဲ့သမျှကို မေ့သွားတတ်လေသည်။
ညစာစားပွဲမှာ ထိုသို့ နွေးထွေးသော လေထုထဲတွင် အဆုံးသတ်သွားခဲ့သည်။ အတန်ငယ် အရက်မူးနေကြသော ရှောင်ထျန်းနှင့် ကျန်းရွှင်းနန်တို့မှာ အပြင်သို့ မပြန်ကြတော့ဘဲ ရွှယ်အန်း၏ စီစဉ်ပေးမှုဖြင့် စံအိမ်တော်အတွင်း၌ပင် အတူတကွ တည်းခိုခဲ့ကြလေသည်။
၎င်းတို့ကို နေရာချပေးပြီးနောက် ရွှယ်အန်းသည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဟွီယင်းနှင့် ရှောင်ယွီတို့မှာ ဂိမ်းများကို မမောနိုင်မပန်းနိုင် ကစားနေကြဆဲဖြစ်ကာ မိန်းကလေးငယ် နှစ်ဦးမှာ အိပ်ပျော်သွားကြသည်။
အန်းယန် တစ်ယောက်တည်းသာ ဆိုဖာပေါ်တွင်ထိုင်ကာ ရွှယ်အန်းကို စောင့်နေခဲ့သည်။ ရွှယ်အန်းက ပြုံးလိုက်ပြီး သူမဘေးတွင် ဝင်ထိုင်ကာ အန်းယန်၏ ပုခုံးကို ညင်သာစွာ ဖက်ထားလိုက်သည်။ အန်းယန်က စကားမဆိုဘဲ ခေါင်းကို ရွှယ်အန်း၏ ပုခုံးပေါ်သို့ မှီချလိုက်သည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ အန်းယန်က တိုးညင်းစွာ ခေါ်လိုက်သည်။
"ယောကျ်ား..."
"ဟင်..."
"မကြာခင် လာမယ့် တိုက်ပွဲက... အရမ်း ခက်ခဲမှာလားဟင်"
ရွှယ်အန်းက အန်းယန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာလို့ အဲဒီလို မေးရတာလဲ"
"ဘာလို့လဲဆိုတော့... ရှောင်ထျန်းနဲ့ အဲဒီကောင်မလေးကို ရှင် ဒီခေါ်လာတာက သူတို့နှစ်ယောက်ကို အမြန်ဆုံး အတူတူ ဖြစ်သွားစေချင်လို့ဆိုတာ ကျွန်မ သိနေလို့ပဲ၊ ရှင်သာ ရလဒ်အတွက် မသေမချာ ဖြစ်မနေဘူးဆိုရင် ဘာလို့ ဒီလိုတွေ လုပ်ရမှာလဲ"
အန်းယန်၏ အသံထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ ယခင်က ရွှယ်အန်း ဘာလုပ်လုပ် သူမ စိုးရိမ်တတ်သော်လည်း ယခုကဲ့သို့ ထိတ်လန့်နေခြင်းမျိုး မရှိခဲ့ဖူးပေ။ သို့သော် ဤတစ်ကြိမ်မှာတော့ ကွာခြားသည်။ ပြိုင်ဘက်က နှစ်ပေါင်း သောင်းနှင့်ချီ အသက်ရှင်လာသော နတ်ဘုရားနယ်ပယ်၏ ထိပ်တန်းပုဂ္ဂိုလ်ကြီး မဟုတ်ပါလား၊ ရွှယ်အန်းက ရယ်မောလိုက်ပြီး အန်းယန်၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။
"အရူးမလေး ယန်အာ... မင်းက တကယ်ကို တွေးလွန်းတာပဲ"
"ယောကျ်ား... အဲဒီလိုပဲ မဟုတ်ဘူးလား၊ ကျွန်မပြောတာ မှန်တယ်မလား"
အန်းယန်က ဇွတ်အတည်ပြုခိုင်းနေလေသည်။ ရွှယ်အန်းက သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။
"မှန်သလိုလိုနဲ့ မမှန်ဘူး... မှန်တယ်ဆိုတာက မင်းပြောသလိုပဲ၊ ငါက ဒီကံဆိုးတဲ့ ချစ်သူနှစ်ယောက်ကို ကူညီပေးချင်လို့၊ မမှန်ဘူးဆိုတာက... ငါ့မှာ ယုံကြည်မှုတွေ အပြည့်ရှိနေလို့ပဲ"
ရွှယ်အန်းက အန်းယန်ကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ရှောင်ထျန်းက သူရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတဲ့ အချိန်ကျရင် ဘာလုပ်မယ် ထင်လဲ"
အန်းယန် မှင်တက်သွားမိသည်။ မှန်ပေသည်... မှတ်ဉာဏ်များ ပြန်ရလာပြီးနောက် ဘာဆက်ဖြစ်လာမည်နည်း။ ရွှယ်အန်း၏ မျက်နှာပေါ်တွင် သနားကြင်နာမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"သူ့ဆွေမျိုးတွေကို သတ်ပြီး သူ့ဆရာကိုပါ လုပ်ကြံခဲ့တဲ့ ရန်သူရဲ့ လှည့်စားမှုကို နှစ်ပေါင်း ထောင်ချီ ခံခဲ့ရတာလေ၊ ဒီလို ထိုးနှက်ချက်မျိုးက မှတ်ဉာဏ်တွေ ပြန်ရလာတဲ့ အချိန်မှာ သေလောက်အောင် နာကျင်ရလိမ့်မယ်၊ ဒါကြောင့် သူက အစွန်းရောက်တာတွေ လုပ်မိသွားနိုင်တယ်၊ ငါက ကြိုတင်ပြီး ကူညီပေးနိုင်ရုံပဲ ရှိတယ်၊ ဒါက... ငါ သူ့ကို ပေးနိုင်တဲ့ နောက်ဆုံး နွေးထွေးမှုလေးပါပဲ"
အန်းယန်မှာ ရုတ်တရက် ငိုကြွေးလိုက်မိသည်။
"ဘာလို့လဲ... ဘာလို့ ဟွာမျိုးနွယ်စုက ဒီလောက်အထိ ခံစားနေရတာလဲ၊ နတ်ဘုရားတစ်ပါးကိုတောင် ဒီလောက် ရက်စက်တဲ့ ဘဝမျိုး ပေးရသလား"
ရွှယ်အန်းက သူမ၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ဟွာမျိုးနွယ်စုက ဘယ်တော့မှ ဒူးမထောက်တဲ့ မျိုးနွယ်စု မဟုတ်ခဲ့လို့ပဲ ဒါကြောင့်လည်း အဲဒီဘေးဒုက္ခကြီးကို ကြုံခဲ့ရတာပေါ့ ဒါပေမဲ့ ငါတို့အပေါ် သူတို့ လုပ်ခဲ့သမျှကို အဆတစ်ရာ ပြန်ဆပ်ပေးမယ်ဆိုတာကို အဲဒီလူတွေ အချိန်တန်ရင် သိစေရမယ်"
ရွှယ်အန်း၏ မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု လက်ကနဲ ဖြစ်သွားသည်။ အန်းယန်က ရွှယ်အန်း၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်သည်။
"ယောကျ်ား... အချိန်တန်ရင် ကျွန်မတို့ အတူတူ တိုက်ပွဲဝင်ကြမယ်နော်"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"အရူးမလေး ယန်အာ... ယောကျ်ားတစ်ယောက်က သူ့မိန်းမကို တိုက်ပွဲထဲ ဝင်ခိုင်းမှာ မဟုတ်ဘူး"
"ဒါပေမဲ့..."
"တခြားကိစ္စတွေမှာ မင်းစကားကို ကိုယ် နားထောင်ပေးလို့ ရပေမဲ့ ဒီကိစ္စ တစ်ခုတည်းကတော့ သဘောတူပေးလို့ မရဘူး"
ရွှယ်အန်း၏ လေးနက်သော အမူအရာကြောင့် အန်းယန် ခေါင်းညိတ်လိုက်ရတော့သည်။
"စိတ်မပူပါနဲ့... မင်းယောကျ်ားက ဘယ်တော့မှ အရှုံးမရှိဘူး"
ရွှယ်အန်းက ပြုံးလိုက်သော်လည်း ကျန်ရှိသော စကားများကို ဆက်မပြောနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် မီးတောက်ကဲ့သို့ နီရဲသော နှုတ်ခမ်းများက သူ၏ ပါးစပ်ကို ပိတ်ဆို့လိုက်သောကြောင့်ဖြစ်သည်။
သုံးရက်အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားလေသည်။ သဘောတူထားသော အချိန်သို့ ရောက်သောအခါ စံအိမ်တော်အတွင်းရှိ လေထုမှာ တင်းမာလာလေသည်။
ရွှယ်အန်းက ရှောင်ထျန်းနှင့်အတူ ထွက်ခွာရန် ပြင်ဆင်နေစဉ် မည်သည့် စိတ်လှုပ်ရှားမှုမျှ မပြခဲ့ချေ။ ကျန်းရွှင်နန်မှာလည်း လိုက်ပါရန် ပြင်ဆင်နေသော်လည်း ရှောင်ထျန်းက ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။ အဆုံးတွင် သူမသည် စိုးရိမ်ပူပန်မှုများဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
လေထုမှာ လွန်စွာ ဖိနှိပ်မှုများ ရှိလာသည်။ ဟွီယင်းက ရယ်မောကာ လေထုကို လျှော့ချလိုက်သော်လည်း အန်းယန်၏ မျက်လုံးထဲမှ စိုးရိမ်မှုများကိုမူ မဖယ်ရှားနိုင်ခဲ့ချေ။ ယောကျ်ား... ရှင် သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်...
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ရှောင်ထျန်း၊ ဆွေ့မန်၊ ယုရန်တို့နှင့်အတူ မာမားချူ၏ နောက်သို့ လိုက်ပါလျက် ကျီဟွမ်နှင့် တွေ့ဆုံခဲ့သည်။ ကျီဟွမ်၏ အသွင်အပြင်မှာ ညှိုးနွမ်းနေပြီး သူမ မျက်လုံးအောက်တွင် အမည်းကွင်းများ ရှိနေရာ ဤရက်များအတွင်း လွန်စွာ စိတ်ဆင်းရဲခဲ့ရကြောင်း ပြသနေသည်။
"ငါ့အပေါ် ယုံကြည်ထားတာတွေကို ငါ ဖြည့်ဆည်းပေးပြီးပြီ၊ အရာအားလုံး စီစဉ်ပြီးသွားပြီ အခု လီဟန် အရှင်သခင်က လီဟန် မြို့တော်မှာ မရှိဘူး၊ သူ့ရဲ့ နတ်ဘုရားနိုင်ငံတော်ထဲမှာ ရောက်နေတယ်၊ အခု နတ်ဘုရားကျောင်းတော်ကို သွားမယ်ဆိုရင် နတ်ဘုရား အကျဉ်းထောင်ထဲကို တိုက်ရိုက် ဝင်လို့ရပြီ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဪ... အဲဒီလိုလား"
ကျီဟွမ်က ကျောက်စိမ်း အမိန့်တော်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒီ တိုကင်ပြားလေးပါရင် ရှင်တို့ကို အဲဒီမှာ တစ်ယောက်ယောက်က လာကြိုပါလိမ့်မယ်"
သို့သော် ရွှယ်အန်းက ၎င်းကို လက်မခံဘဲ ကျီဟွမ်အား အေးစက်စွာ ကြည့်လိုက်ပြီးနောက် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီ တိုကင်ပြားကို သူတို့ဆီ မင်းကိုယ်တိုင် သွားပေးသင့်တယ်"
"ရှင်ဘာ ပြောချင်တာလဲ"
ကျီဟွမ် မှင်တက်သွားလေသည်။
"ဘာကိုလဲဆို မင်းလည်း ငါတို့နဲ့ အတူတူ လိုက်ခဲ့ရမယ်လို့ ပြောတာ”
အခန်း (၁၂၀၀) - အနာအဆာကင်းမဲ့သော ကျောက်စိမ်းအမိန့်တော်ပြားနှင့် အရှင်သခင်၏ အမိန့်
ကျီဟွမ်၏ မျက်နှာအမူအရာမှာ တစ်ခဏချင်းပင် ပျက်ယွင်းသွားတော့သည်။
"ဒါက... ကျွန်မ လိုက်သွားစရာ မလိုတော့ဘူး မဟုတ်လား၊ အရာအားလုံးကို ကျွန်မ စီစဉ်ပြီးသွားပြီပဲလေ၊ ရှင်... ရှင်တို့ဘာသာ တိုက်ရိုက် သွားလိုက်လို့ ရနေပြီပဲဟာ"
ကျီဟွမ် စကားပြောလေလေ သူမ၏ အသံက ပို၍ တိုးဝင်သွားလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက သူမကို အေးတိအေးစက် အကြည့်ဖြင့် စိုက်ကြည့်နေသောကြောင့်ဖြစ်သည်။ သူမ စကားပြောပြီးဆုံးသွားမှသာ ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီး ခပ်အေးအေးပင် ဆိုလိုက်သည်။
"ကောင်းပြီလေ... ဒီလိုမှတော့ မင်း လိုက်လာစရာ မလိုတော့ပါဘူး"
ကျီဟွမ်၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားပြီး အသက်ကို ဝဝရှူလိုက်မိသည်။ သို့သော် သူမ၏ ပျော်ရွှင်မှုများ မျက်နှာပေါ်တွင် အပြည့်အဝ မပေါ်လာနိုင်မီမှာပင် တစ်ကိုယ်လုံး အေးခဲသွားလေတော့သည်။ ရွှယ်အန်းက ဆက်၍ ပြောလိုက်သောကြောင့်ဖြစ်သည်။
"ရေမိုးချိုး... အဝတ်အစားသစ် လဲလှယ်ဖို့ မမေ့နဲ့ဦး၊ ပြီးရင် တိတ်တိတ်ဆိတ်ဆိတ် လှဲလျောင်းနေဖို့ နေရာတစ်ခု ရှာထားလိုက်ပေါ့၊ ဒါမှ မင်းရဲ့ ဝိညာဉ်က ငါ့ရဲ့ ဓားဆန္ဒကြောင့် ပျက်စီးသွားတဲ့ အချိန်ကျရင်... နည်းနည်းလေး ပိုပြီး ဂုဏ်သိက္ခာရှိရှိ သေဆုံးနိုင်မှာပေါ့"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ထွက်ခွာရန် လှည့်ထွက်လိုက်သည်။ ဆွေ့မန်က ကြောင်အမ်းအမ်း ဖြစ်နေသော ကျီဟွမ်ကို လှောင်ပြောင်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ရွှယ်အန်းနောက်သို့ လိုက်ပါသွားလေသည်။ ထိုအခိုက်အတန့်တွင် ကျီဟွမ်မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ထိတ်လန့်တကြား သူ၏နောက်သို့ ပြေးလိုက်ကာ ပြောလိုက်တော့သည်။
"အ... အရှင်! ဒီနေ့ ကျွန်မအတွက် သိပ်ပြီး အလုပ်မရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်၊ ဒါကြောင့်မလို့... ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့ပါ့မယ်"
"အဲဒါ အဆင်ပြေလို့လား"
ရွှယ်အန်းက နောက်သို့ လှည့်မကြည့်ဘဲ မေးလိုက်သည်။
"အဆင်ပြေပါတယ်... အရမ်းကို အဆင်ပြေပါတယ်"
ကျီဟွမ်က ကြက်သွန်ဖြူ ထောင်းနေသည့်အလား ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ရတော့သည်။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
လီဟန် မြို့တော်ကြီးမှာ လွန်စွာ ကြီးမားလှပေသည်။ ဧရိယာ အကျယ်အဝန်းအရဆိုလျှင် ထျန်းကျောက် နယ်ပယ်ရှိ မြို့ကြီးများအားလုံး ပေါင်းထားသည်ထက်ပင် ပိုမို ကြီးမားသေးသည်။ ဤနေရာတွင် နေထိုင်ကြသူများမှာ နတ်ဘုရားနယ်ပယ်အတွင်းရှိ တကယ့် လွှမ်းမိုးနိုင်စွမ်းရှိသော ထိပ်တန်း ပုဂ္ဂိုလ်ကြီးများပင် ဖြစ်ကြသည်။
လီဟန် မြို့တော်တွင် ကာကွယ်ရေး အစီအမံများမှာ အလွန်ပင် နည်းပါးလှသည်။ အဘယ်ကြောင့်ဆိုသော် ရူးသွပ်နေသူ တစ်ဦးမှလွဲ၍ မည်သူက ဤကဲ့သို့သော နေရာမျိုးတွင် ပြဿနာရှာရန် ဝံ့ရဲမည်နည်း ဟု ယူဆထားကြသောကြောင့် ဖြစ်သည်။ သို့သော် မြို့တော်အတွင်း လေထဲမှ ပျံသန်းခြင်းကိုမူ တင်းကြပ်စွာ တားမြစ်ထားလေသည်။
သို့သော် ကျီဟွမ်မှာ ဤတားမြစ်ချက်တွင် အကျုံးမဝင်ချေ။ ရှားပါးလှသော မင်္ဂလာသားရဲ နှစ်ကောင် ဆွဲဆောင်လာသည့် ခမ်းနားထည်ဝါသော ရထားယာဉ်ကြီး တစ်စီးသည် တင်းထျန်း စံအိမ်တော်မှ ထွက်ခွာကာ လီဟန် မြို့တော်ဆီသို့ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ကြရသည်။ ယင်းက ဖြတ်သန်းသွားသော နေရာတိုင်းတွင် အလင်းရောင်များ စူးရှတောက်ပနေပြီး ကြည့်ရှုနေသူများကို မျက်စိကျိန်းသွားစေသည်။
လီဟန် မြို့တော်တွင် သခင်မ ကျီဟွမ်၏ နာမည်ကို မသိသူ မည်သူ ရှိမည်နည်း။ ကျီဟွမ်၏ ထူးဆန်းသော စရိုက်များကိုလည်း လူတိုင်းက သိရှိထားကြသည်။ လီဟန် အရှင်သခင်၏ ခေါင်းပေါ်ရှိ အစိမ်းရောင် ဦးထုပ်မှာ ကောင်းကင်သို့ပင် ရောက်လုနီးပါး ဖြစ်နေပြီဟု ဆိုကြသော်လည်း အရှင်သခင်ကမူ ကျီဟွမ်ကို အလွန် အလိုလိုက်ထားခဲ့သည်။
ရထားယာဉ်ကြီးသည် မြို့တော်၏ အလယ်ဗဟို တည့်တည့်ရှိ နတ်ဘုရားကျောင်းတော်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။ လမ်းတစ်လျှောက် မည်သူကမျှ မတားဆီးရဲကြချေ။ ရထားယာဉ်ကြီး နတ်ဘုရားကျောင်းတော်အတွင်း ဆင်းသက်လိုက်သည်နှင့် လူတစ်စု အလျင်အမြန် ပြေးလာကြပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
"သခင်မကို ဂါရဝပြုပါတယ်"
ကျီဟွမ်သည် ရထားယာဉ်ပေါ်မှ ဆင်းလာပြီး မြေပြင်ပေါ်၌ ဒူးထောက်နေသော လူများကို အပေါ်စီးမှ ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
"ကောင်းကင်အရှင်သခင် ရှိလား"
အရှေ့ဆုံးမှ လူက ဖားယားလိုသော မျက်နှာထားဖြင့် ပြောလာသည်။
"သခင်မ... ကောင်းကင်အရှင်သခင်က မကြာသေးခင်က ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေလို့ ကျောင်းတော်ထဲမှာ မရှိပါဘူး၊ ဒါပေမဲ့ သခင်မက သူ့ကို ရှာနေတာဆိုရင်တော့..."
"မလိုဘူး"
ကျီဟွမ်က ထိုလူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"ကောင်းကင်အရှင်သခင်မှာ အရေးကြီးတဲ့ တာဝန်တွေ ရှိနေမှတော့ သူ့ကို သွားအနှောင့်အယှက် ပေးစရာ မလိုဘူး၊ ငါ ဒီကို လာတာက စိတ်ကူးပေါက်လို့ လမ်းလျှောက် ထွက်လာရုံ သက်သက်ပဲ"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါရှင်၊ သခင်မအတွက် နေစရာနဲ့ စားစရာတွေကို အခုချက်ချင်း စီစဉ်ပေးပါ့မယ်..."
သို့သော် ကျီဟွမ်က စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"တော်စမ်းပါ... နင်တို့ ပြင်ဆင်ပေးဖို့ လိုအပ်လောက်အောင် ငါ့ဆီမှာ ဘာများ လိုအပ်နေလို့လဲ"
"တော်တော့... နင်တို့ကို မြင်ရတာကိုက ငါ့အတွက် အလွန် အနှောင့်အယှက် ဖြစ်တယ်၊ အားလုံးပဲ သွားကြတော့၊ ငါ့ကို ဒီမှာ တိတ်တိတ်ဆိတ်ဆိတ် နေစမ်းပါ"
ကျီဟွမ်က အမိန့်ပေးလိုက်သည်။
တာဝန်ရှိသူများက အချင်းချင်း ခိုးကြည့်လိုက်မိကြပြီး ဦးဆောင်သူက သတ္တိမွေးကာ ပြောလိုက်သည်။
"သခင်မ... ဒီနေရာက တားမြစ်နယ်မြေ ဖြစ်ပြီး ဘယ်သူ့ကိုမှ အချိန်ဖြုန်းခွင့် မပြုထားဘူးလို့ အရှင်သခင် ကိုယ်တိုင် ညွှန်ကြားထားပါတယ်၊ သခင်မ..."
သူ စကားမဆုံးမီမှာပင် ကျီဟွမ်က လက်ကို မြှောက်ကာ ပါးဖြတ်ရိုက်လိုက်လေသည်။ ထိုလူမှာ လေထဲသို့ လွင့်ပျံသွားပြီး မြေပြင်ပေါ် လိမ့်ကျသွားတော့သည်။ ကျီဟွမ်က လှောင်ပြုံးပြုံးလိုက်သည်။
"နင့်ကိုယ်နင် ဘာကောင်လို့ ထင်နေလဲ၊ ငါ့ရှေ့မှာ ဒီလို ပြောရဲတယ်ပေါ့လေ၊ ကောင်းကင်အရှင်သခင်က ငါ့ယောကျ်ားပဲ၊ မဟုတ်မှ... ငါတို့ လင်မယားကြားမှာ သွေးခွဲဖို့ နင် ရည်ရွယ်နေတာလား"
ထိုလူမှာ ပြင်းထန်စွာ တုန်ယင်နေပြီး စကားပင် မပြောနိုင်တော့ချေ။ သို့သော် အစောင့်တစ်ယောက်က ရှေ့သို့တိုးကာ ယုတ္တိတန်စွာ ပြောလာသည်။
"သခင်မ... ဒါက ကျွန်တော်တို့ရဲ့ တာဝန်မလို့ပါ၊ ကျွန်တော်တို့သာ ဆုတ်ခွာသွားရင် နောက်ပိုင်း အရှင်သခင် သိသွားတဲ့အခါ ကျွန်တော်တို့ ကံကြမ္မာ ဆိုးရွားပါလိမ့်မယ်"
ကျီဟွမ်က အေးစက်စွာ ရယ်မောလိုက်သည်။
"ကောင်းတယ်... တကယ်ကို ကောင်းကောင်း ပြောတတ်တာပဲ၊ ဒါပေမဲ့ ငါက အကြောင်းပြချက်မရှိ ပြဿနာရှာနေတယ်လို့ နင်တို့ ထင်နေတာလား"
ကျီဟွမ်က အရာတစ်ခုကို ပစ်ပေါက်လိုက်ရာ အစောင့်၏ နဖူးကို သွားမှန်လေသည်။ ယင်းမှာ အနာအဆာကင်းမဲ့သော ကျောက်စိမ်း အမိန့်တော်ပြားတစ်ခု ဖြစ်နေကြောင်း အားလုံး မြင်လိုက်ရသည်။
"နင်တို့ရဲ့ တာဝန်တွေကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ အခု အရှင်သခင်ရဲ့ အမိန့်တော် ဒီမှာ ရှိနေပြီဆိုတော့... နင်တို့ မနာခံဖို့ ဝံ့ရဲသေးလား"
ကျောက်စိမ်း အမိန့်တော်ပြားအတွင်းရှိ အရှိန်အဝါကို အာရုံခံမိပြီးနောက် အစောင့်များမှာ တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
"ဒီလိုဆိုမှတော့ သခင်မ စိတ်ဆန္ဒရှိသလို လွတ်လွတ်လပ်လပ် ပြုမူပါရှင်"
စက္ကန့်ပိုင်းအတွင်းမှာပင် ကျယ်ဝန်းလှသော နတ်ဘုရားကျောင်းတော်ကြီးမှာ တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။ လူတိုင်း ထွက်သွားကြောင်း အတည်ပြုပြီးနောက် ကျီဟွမ်က သက်ပြင်းရှည်ကြီး တစ်ချက် ရှိုက်လိုက်သည်။
"သခင်... ပြီးပါပြီ၊ အားလုံး ထွက်သွားကြပါပြီ"
ပုံရိပ်တစ်ခုက ရထားလုံး၏ အရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာပြီးနောက် မြေပြင်ပေါ်မှ ကျောက်စိမ်း အမိန့်တော်ပြားကို ကုန်းကောက်ကာ ကျီဟွမ်ဘက်သို့ လှည့်ပြီး ပြုံးဖျော့ဖျော့ဖြင့် မေးလိုက်သည်။
"အရာအားလုံး စီစဉ်ပြီးသွားပြီလို့ မင်းပြောတာ... ဒါကို ဆိုလိုတာလား”