← Chapters

အိပ်ရာကို နွေးထွေးစေသူ

Vol. 8 Ch. 78

အိပ်ရာကို နွေးထွေးစေသူ

Vol. 8 Ch. 78

သူ ဧကရာဇ်ဖြစ်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ပင် ရှိနေခဲ့ချေပြီ။ အရှင်မင်းကြီး၏ ရုပ်သွင်က နုနယ်သော်ငြား လုပ်သက်ကမူ အတော်လေး ရင့်ကျက်နေပြီ ဖြစ်သည်။ ညီလာခံထဲက မြေခွေးအိုကြီးများကိုပင် အေးဆေးစွာ ကိုင်တွယ်နိုင်သည့်သူ့အတွက် လင်ဝမ်ယိလို ဟိုခုန်ဒီခုန် လုပ်နေသည့် နှံကောင်လေးလောက်ကတော့ ပြောနေစရာပင် မလိုတော့ချေ။

အချိန်မှာ မသိမသာဖြင့်ပင် ညဉ့်နက်လာခဲ့သည်။ လင်ဝမ်ယိတစ်ယောက် ထိုင်ရတာ အနည်းငယ် ညောင်းညာလာမှ ချိုးအချိန် (ည ၁ နာရီမှ ၃ နာရီ) ပင် ရောက်တော့မည်ဖြစ်ကြောင်း သတိထားမိသွားသည်။ သူမက ချက်ချင်းပင် လန့်ဖျပ်သွားပြီး အရှင်မင်းကြီးကို အားနာစွာဖြင့် ပြောလိုက်သည်။

"ကျွန်တော်မျိုးမ ကစားပွဲထဲ စိတ်ရောက်နေလို့ အရှင်မင်းကြီး အခုထိ အိပ်ရာမဝင်ရသေးဘဲ အချိန်နှောင့်နှေးသွားရတာ ကျွန်တော်မျိုးမအပြစ်ပါ... အရှင်မင်းကြီး စောစောပြန်ပြီး အနားယူပါတော့..."

လင်ဝမ်ယိက အရှင်မင်းကြီး သူမဆီကို အလည်လာသည်ဟုသာ ထင်ထားခဲ့တာပင်။ သို့သော် အရှင်မင်းကြီးက ယခု ညကြီးမိုးချုပ်သည်အထိ ပြန်မသွားသေးသဖြင့် ပြဿနာတစ်ခုခု တက်လာမည်ကို သူမ ကြောက်လန့်နေမိသည်။ သူမ ခက်ခက်ခဲခဲ ရထားသော အေးချမ်းသည့် နေ့ရက်လေးများကို ထပ်ပြီး အဖျက်ဆီးမခံနိုင်။ ထို့ကြောင့် အရှင်မင်းကြီးကို ပြန်လွှတ်ဖို့ စကားစလိုက်ခြင်းပင်။

ယွီဝမ်ဟုန်ကတော့ လင်ဝမ်ယိ ရိုးရိုးသားသား ဦးညွှတ်နေသည့် ပုံစံကို စောင်းငဲ့ကြည့်လိုက်ရင်း တကယ်ကို သင်ပေးလို့မရတဲ့ ငတုံးလေးဟု တွေးလိုက်မိသည်။ အခြား ကိုယ်လုပ်တော်များဆိုလျှင် သူ့ကို ဆက်နေစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြမည်ပင်။ သို့မဟုတ်လျှင်လည်း မလိုချင်သလိုလိုဖြင့် ဆွဲဆောင်ကြပေမည်။ သူမ‌ကတော့ တကယ့်ကို ရိုရိုသေသေပင်။ သည်လို ဘာမှမလိုချင်သည့် ပုံစံမျိုးကို ဘယ်ဆီကများ သင်လာခဲ့သနည်း မသိချေ။ အရှင်မင်းကြီး အမြင်တွင် အနည်းငယ်ပင် ဒေါသထွက်စရာ ကောင်းနေတော့၏။

အရှင်မင်းကြီးက စကားလည်းမပြောသလို နေရာမှလည်း မထသည်ကို မြင်သောအခါ လင်ဝမ်ယိ တွေးရခက်သွားသည်။ သူမက သိချင်စိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်‌ေတာ့ အရှင်မင်းကြီးကလည်း သူမကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအကြည့်များထဲတွင် သူမ နားမလည်နိုင်သော ရှုပ်ထွေးသည့် ခံစားချက်အချို့ ပါဝင်နေသည်။

"လူခေါ်ပြီး ရေယူလာခိုင်းလိုက်... မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးရင် အိပ်ကြတာပေါ့..."

လင်ဝမ်ယိက မယုံနိုင်သည့် အမူအရာဖြင့်...

"အရှင်မင်းကြီးက... ဟွေ့ဖန်းယာခြံဝင်းမှာ အိပ်မလို့လား..."

"အင်း..."

"မဖြစ်ဘူးလေ..."

သူမ လန့်သွားပြီး စိတ်ထဲရှိသည့်အတိုင်း ဗြုန်းခနဲ လွှတ်ခနဲ ပြောလိုက်မိသည်။ အရှင်မင်းကြီးက သူမကို ဒေါသထွက်သလိုလို ရယ်ချင်သလိုလိုဖြင့် ကြည့်လာသည်။

"ဒီနန်းတော်တစ်ခုလုံးက ကိုယ်တော့်ဟာပဲ... ကိုယ်တော်က ဟွေ့ဖန်းယာခြံဝင်းမှာ အိပ်ချင်တာ... ဘာဖြစ်လို့ မရရမှာလဲ..."

လင်ဝမ်ယိ ချက်ချင်း ပါးစပ်ပိတ်သွားပြီး ပြောစရာစကားများ ရှိနေလျှင်တောင် ဘာမျှ ဆက်မပြောနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ အရှင်မင်းကြီး ပြောသည်မှာလည်း အမှန်ပင်မဟုတ်လား။ ဤနန်းတော်တင် မက၊ ကောင်းကင်အောက်ရှိ မြေပြင်အားလုံးဟာ ဧကရာဇ်၏ ပိုင်နက်ချည်းသာ ဖြစ်သည်။ သူမက စကားမှားသွားမှန်း သိ၍ ခေါင်းလေးငုံ့ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

"အရှင်မင်းကြီး ပြောတာ မှန်ပါတယ်..."

သုန်ယွီကျုံးသည် အရှင်မင်းကြီးကို ကိုယ်လက်သန့်စင်ပေးပြီးသည်နှင့် သူ၏လူများကို ခေါ်ကာ ထွက်သွားတော့သည်။ အခန်းထဲမှ မီးများ ငြိမ်းသွားသည်နှင့် အိပ်ဆောင်တစ်ခုလုံး အမှောင်အတိ ကျသွားလေသည်။

လင်ဝမ်ယိ၏ စောင်ထဲတွင် ရေနွေးအိတ်များ အများအပြား ထည့်ထားသဖြင့် ယခုအချိန်၌ အလွန်ပင် နွေးထွေးနေသည်။ သို့သော် အရှင်မင်းကြီးကတော့ လင်ဝမ်ယိလိုမဟုတ်ဘဲ သာမန်သာဖြစ်၍ ဝင်ဝင်ချင်းပင် တစ်ခုခု လွဲမှားနေမှန်း သိလိုက်သည်။ ထို့ပြင် လင်ဝမ်ယိကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ချိန်၌ သူမ၏ ခြေဖျားလက်ဖျားများ အေးစက်နေသည်ကို ခံစားလိုက်ရသဖြင့် သက်ပြင်းတစ်ချက် ထပ်ချလိုက်မိလေသည်။

"အိပ်တော့လေ..."

"အရှင်မင်းကြီး..."

လင်ဝမ်ယိ၏ အတွေးများကို သိနေသလိုပင် အရှင်မင်းကြီးက ခေတ္တ စဉ်းစားပြီး ပြန်ပြောလာသည်။

"မင်း ခေါင်းထဲက စည်းမျဉ်းစည်းကမ်းတွေ အကုန်လုံး လွှင့်ပစ်လိုက်... စိတ်အေးအေးထားပြီး အိပ်လိုက်တော့..."

ထိုစကားကို ကြားသောအခါ လင်ဝမ်ယိသည် သူမ ဆက်တွေးနေလည်း အပိုပင်ဖြစ်ကြောင်း သိသွားလေသည်။ ထို့ကြောင့် မျက်လုံးမှိတ်၍ အိပ်လိုက်တော့သည်။ ဘေးနားရှိ လူ၏ နွေးထွေးသောရင်ခွင်ထဲတွင် သူမသည် တစ်ညလုံး တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

သို့သော် အရှင်မင်းကြီးမှာတော့ ပူလွန်းလှသဖြင့် သေမတတ်ပင် ဖြစ်ရသည်။ နွေခေါင်ခေါင်မှာ စောင်ခြုံနေရသည့်အပြင် စောင်ထဲကို ရေနွေးအိတ်များပါ ထည့်ထားသေးသည်ဖြစ်ရာ မီးဖိုထဲတွင် အိပ်နေရသည်နှင့် ထူးမခြားနားပင်။ သို့သော် ဘယ်လိုပင် ဖက်ဖက် နွေးမလာသည့် ခန္ဓာကိုယ်လေးက လင်ဝမ်ယိ၏ နွေရာသီတွင် ရေခဲတုံးလေး ကိုင်ထားရသကဲ့သို့ သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေသည်။ ထို့ကြောင့် သူ့မှာ တစ်ညလုံး တစ်ခါတစ်ခါပူသွားလိုက်၊ တစ်ခါတစ်ခါအေးသွားလိုက်နှင့် အိပ်မရခဲ့ရာ ဒုတိယနေ့နံနက် အိပ်ရာနိုးလာသောအခါ မျက်ကွင်းများပင် ညိုနေခဲ့လေသည်။

လင်ဝမ်ယိကတော့ အိပ်ရေးဝသွားသဖြင့် သူမ၏ ဖြူဖျော့နေသော မျက်နှာလေးတွင် သွေးရောင်များ ပြန်သမ်းလာခဲ့သည်။

"အရှင်မင်းကြီး ညက ကောင်းကောင်း အိပ်မပျော်ဘူးလား..."

"အင်း..."

"အရှင်မင်းကြီးလည်း တိုင်းပြည်အရေးတွေကြောင့် ညဘက် ကောင်းကောင်း အိပ်မပျော်ရတာ... တကယ့်ကို တိုင်းသူပြည်သားတွေအတွက် စံပြပါပဲ..."

လင်ဝမ်ယိ၏ အလွန်ပင် အလေးအနက်ထား၍ ပြောလိုက်သော စကားကြောင့် အရှင်မင်းကြီးမှာ တစ်ခဏမျှ ဆွံ့အသွားလေသည်။

"ထတော့... ကိုယ်တော် ချီချင်းဆောင် ကို သွားရဦးမယ်..."

ချီချင်းဆောင်... ချင်းရှန်းခန်းမသို့ သွားရမှာ မဟုတ်ဘူးလား။

သို့သော် မနေ့ညက အရှင်မင်းကြီး ပြောခဲ့သည့်စကားကို သူမ ချက်ချင်း ပြန်သတိရသွားသည်။ ချီချင်းဆောင်ကို ပြောင်းလာသည်ဆိုတော့ သူမ၏ သည်ဟွေ့ဖန်းယာခြံဝင်းလေးတော့ ညတွင်းချင်းပင် မည်သူမျှ ဂရုမစိုက်သော နေရာလေးကနေ လူတိုင်း အာရုံကျစရာ နေရာလေး ဖြစ်သွားပြီ မဟုတ်လား။

သူမ အဆိပ်မိသွားရတာ တကယ့်ကို အလကား ဖြစ်သွားခဲ့ရပြီဟု လင်ဝမ်ယိ ချက်ချင်း ခံစားလိုက်ရသည်။ စိတ်ထဲတွင် သည်လို တွေးနေသော်ငြား အပြင်ဘက်တွင်မူ သူမ ဘာမျှ မပြောရဲချေ။

"မင်းကိုယ်ထဲမှာ အဆိပ်ငွေ့တွေ ကျန်နေသေးတယ်... ဆေးပုံမှန်သောက်ဖို့ မမေ့နဲ့... ပြီးတော့ အပိုကိစ္စတွေ လျှောက်မတွေးနဲ့... မသေချာ မရေရာတဲ့ ကိစ္စတွေကြောင့် စိတ်မပင်ပန်းစေနဲ့... တော်ဝင်သမားတော်သို့ ပြောထားတယ်မလား... နေမကောင်းဖြစ်နေချိန် လျှောက်မတွေးရဘူးဆိုတာ... နားလည်လား..."

အရှင်မင်းကြီးက တရစပ်မှာနေသဖြင့် လင်ဝမ်ယိ ခေါင်းရှုပ်သွားရသည်။ သူမက ဘယ်တုန်းကများ လျှောက်တွေးတတ်တ‌‌ဲ့လူ ပုံပေါက်နေလို့လဲ။

သို့သော် သူမ ချိုချိုသာသာလေး ပြန်ဖြေလိုက်သည်။

"ကျွန်တော်မျိုးမ နားလည်ပါပြီ..."

အရှင်မင်းကြီးကို မျက်နှာသစ် ကိုယ်လက်သန့်စင်ပေးပြီးနောက် နံနက်စာကို အတူတူ စားလိုက်ကြသည်။ အရှင်မင်းကြီးက သူမ ဆေးသောက်သည်ကို ကိုယ်တိုင်တွေ့ပြီးမှ ကျေကျေနပ်နပ်ဖြင့် ထွက်သွားတော့သည်။ သူ ထွက်သွားတော့မှသာ ဟွေ့ဖန်းယာခြံဝင်း တစ်ခုလုံးမှာ လွှမ်းမိုးနေသည့် တင်းကျပ်ကျပ် အငွေ့အသက်များလည်း အနည်းငယ် လျော့ကျသွားလေသည်။

ချွမ်ချီက လတ်လတ်ဆတ်ဆတ် သစ်အယ်သီး တစ်ပန်းကန်ကိုင်ကာ ရောက်လာသည်။ သူမ ရင်ဘတ်ကို ပုတ်ရင်း ကြောက်လန့်တကြားဖြင့် ပြောသည်။

"အရှင်မင်းကြီး ရှိနေတုန်းကဆို... ဒီအစေခံမှာလေ သခင်မလေးရဲ့ အခန်းတံခါးဝကိုတောင် မလာရဲဘူး... တစ်ခုခု မှားသွားမှာ အရမ်းကြောက်နေတာ..."

မိစ္တာကြီးလာနေသလို အကြောက်လွန်နေသည့် သူမ၏ ပုံစံကို မြင်တော့ လင်ဝမ်ယိ ပြုံးလိုက်မိသည်။

"နင်က အသတ္တိအရှိဆုံး မဟုတ်ဘူးလား..."

"ဒီအစေခံက သခင်မလေးအတွက် ပြဿနာဖြစ်မှာ ကြောက်လို့ပါနော်..."

သူမ ပြောရင်းဖြင့် နှုတ်ခမ်းလေး ဆူကာ သူမသခင်မအတွက် စိုးရိမ်နေသည့် ပုံစံလေး လုပ်ပြလေသည်။

"ဒီအစေခံက စကားပြော မတတ်ဘူးလေ... မတော်တဆ စကားမှားသွားပြီး သခင်မလေး ဒုက္ခရောက်သွားရင် ဘယ်လိုလုပ်မလဲ... ဒါကြောင့် ဝေးဝေးကနေ ရှောင်နေတာ အကောင်းဆုံးပဲ... နောက်ပြီး သခင်မလေးဘေးမှာ ချိုးကုန်းကုန်း ရှိနေတာပဲ... သူက အလုပ်လုပ်တာ သေသပ်တယ် တည်ငြိမ်တယ်... တစ်ခုခု ခိုင်းစရာရှိရင် ဒီအစေခံက အဲဒီအတိုင်း လုပ်ပေးရုံပဲလေ..."

အခုရက်ပိုင်းအတွင်းမှာ ချွမ်ချီက အရင်ကထက် အများကြီး စည်းကမ်းရှိလာသည်။ သို့သော် ချိုးမင်ကလည်း သူမ၏ မူလအကျင့်စရိုက်ကို အတင်းကြီး ပြောင်းပစ်တာမျိုး မလုပ်ခဲ့ပေ။ အရှင်မင်းကြီးရှေ့ကို သိပ်မသွားဖို့သာ မှာထားသည်။ ၎င်းကလည်း ချွမ်ချီ ဖြစ်ချင်သည်နှင့် ကွက်တိပင်။

ထို့ကြောင့် သူမက သာမန်ရက်များဆိုလျှင် လင်ဝမ်ယိ ရှေ့တွင် ဟိုသွားဒီသွား လုပ်နေသော်ငြား အရှင်မင်းကြီး လာသည်နှင့် မီးဖိုချောင်လေးထဲသို့ ပြေးပုန်းတော့သည်။ အရေးကြီးကိစ္စ မရှိလျှင် အပြင်ကို အလွယ်တကူ ထွက်မလာတော့ပေ။

ချွမ်ချီက စကားပြောရင်းဖြင့် သစ်အယ်သီးတွေ ခွာနေသည်။ သစ်အယ်သီးများသည် ပုံမှန်ဆိုလျှင် ခုနစ်လပိုင်း ရှစ်လပိုင်းလောက်မှ ထွက်ခြင်းဖြစ်သည်။ သို့သော် ယခုနှစ်တွင် နေစောစောထွက်ပြီး အလင်းရောင် အားကောင်းသောကြောင့် သစ်အယ်သီးများက နန်းတော်ဆီသို့ လဝက်ခန့် စော၍ ရောက်လာခဲ့သည်။ ချွမ်ချီက လင်ဝမ်ယိ၏ ခန္ဓာကိုယ် အားနည်းနေသည်ကို တွေးကာ သစ်အယ်သီးနှင့် ကြက်သားကို ဟင်းရည်ကျိုသောက်လျှင် အရသာလည်းရှိသလို ခွန်အားလည်း ဖြစ်စေမည်ဟု တွေးမိလိုက်သည်။

လင်ဝမ်ယိက ခုနလေးတင် ခွာထားသော သစ်အယ်သီးတစ်လုံးကို လှမ်းယူ၍ နမ်းကြည့်လိုက်သည်။ သင်းပျံ့သည့် အနံ့လေးက နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး တောင်ပေါ်ဒေသမှ အငွေ့အသက်များ ပင်ရနေသကဲ့သို့။ ထိုခံစားချက်ကို လင်ဝမ်ယိ အကြိုက်ဆုံးပင် ဖြစ်သည်။

"ဒီသစ်အယ်သီးတွေ ကျန်သေးလား..."

"ရှိသေးတယ် သခင်မလေး... တော်ဝင်စားဖိုဆောင် ကနေ ခြင်းတောင်းအသေးလေး တစ်လုံး ပို့ပေးထားတာ... ဒီအစေခံ ယူလာတာ နည်းနည်းပဲရှိသေးတာ..."

"အင်း... အဲဒါဆို နည်းနည်းယူပြီး နေပူထဲ နှစ်ရက်လောက် လှန်းထားလိုက်... အရည်တွေ ခန်းသွားရင် ဒီအတိုင်း အစိမ်းစားလို့ ရတယ်... အဲဒါက တစ်မျိုးလေး ပိုအရသာရှိတယ်..."

အဲဒီလို စားသည့်နည်းကို သူမ ဘိုးဘိုးအိမ်တွင် နေခဲ့တုန်းက ဒုတိယဦးလေး သင်ပေးထားခြင်း ဖြစ်သည်။ သစ်အယ်သီး အသားက အနည်းငယ်ပျော့သော်လည်း ရိုးရိုးအသီးထက် ပိုချိုသည်။ အတွင်းမှ အမျှင်လေးတွေ ခွာရခက်သည်သာ ရှိသည်။ သို့သော် သူတို့က နွေရာသီအပန်းဖြေနန်းတော်မှာလည်း ဘာမျှ လုပ်စရာမရှိသည်ဖြစ်၍ သစ်အယ်သီးခွာရင်း အချိန်ဖြုန်းဖို့ အတော်ပင်။ ချွမ်ချီက ပြုံး၍ ခေါင်းတဆက်ဆက် ညိတ်ပြသည်။

နှစ်ယောက်သား သစ်အယ်သီး ကြက်သားစွပ်ပြုတ်သောက်ရင်း စကားတွေ ပြောဖြစ်ကြသည်။ ရှအန်းက ရေနွေးတစ်ခွက် ယူလာမှ လင်ဝမ်ယိ ဆေးသောက်လိုက်သည်။ ချွမ်ချီက ထိုအရာများကို နားမလည်သဖြင့် သူမ၏ သခင်မလေး ဆေးများများသောက်၍ အနားများများယူမှ ပြန်ကောင်းမည်ဟုသာ ထင်နေသည်။ ထို့ကြောင့် သူမ မျက်လှည့်ပြသလို သစ်သီးခြောက် တစ်ထုပ်ကို ချက်ချင်း ထုတ်လာလေသည်။

"သခင်မလေး ဒါလေး စားလိုက်... ပါးစပ်ထဲ မခါးတော့ဘူး..."

လင်ဝမ်ယိက တစ်ပြားယူ၍ ပါးစပ်ထဲ ငုံထားလိုက်သည်။ တကယ်ပင် ချဉ်ချဉ်ချိုချိုလေး ဖြစ်နေသည်။

All Chapters