တစ်မြို့လုံးက သတင်းများ
Vol. 8 Ch. 79
သုံးယောက်သား အချင်းချင်း ကြည့်ရင်း ပြုံးလိုက်ကြသည်။ ထို့နောက် စာဖတ်သူက ဖတ်၊ သစ်အယ်သီး ခွာသူက ခွာကြလေသည်။ လင်ဝမ်ယိ၏ ဟွေ့ဖန်းယာခြံဝင်းထဲမှ နေ့ရက်များဟာ သက်တောင့်သက်သာနှင့် လွတ်လပ်နေပေသည်။ ရှန်ယိနန်းဆောင်တွင် နေမကောင်းဖြစ်တုန်းကလို အနှောင့်အယှက် ပေးမည့်သူ တစ်ယောက်မျှ မရှိချေ။
သို့သော် အပြင်ဘက်တွင်မူ သူမ အဆိပ်မိသည့် ကိစ္စကြောင့် သတင်းများ ဆူညံနေလေသည်။ လင်ကွေ့ဖေးက ရက်ပေါင်းများစွာ ရှာဖွေနေသည်တိုင် သဲလွန်စလေးတစ်ခုမျှ မရခဲ့ပေ။ တစ်ချက်မှာ ထိုနေ့က လင်ဝမ်ယိ စားသောက်ခဲ့သော အစားအသောက်များထဲတွင် အဆိပ်ခတ်ခံရသည့် လက္ခဏာ တစ်ခုမျှ ရှာမတွေ့ခြင်း။ ဒုတိယအချက်မှာေတာ့ နန်းတော်တစ်ခုလုံးကို အကြီးအကျယ် ရှာဖွေသည့်တိုင် မည်သည့်သက်သေမျှ ထွက်မလာခြင်းပင် ဖြစ်သည်။ ဤတစ်ခါတော့ သူမ မျက်နှာအနည်းငယ် ပျက်သွားရလေပြီ။
မည်သို့ပင်ဖြစ်စေ အရှင်မင်းကြီးက လူပုံလယ်မှာ သူမကို အနည်းငယ် ဆူသွားသည် မဟုတ်ပါလား။ အခြားသူများ အမြင်တွင် ခဏမျှ ဒေါသထွက်သွားသည်ဟု ထင်ရသော်ငြား လင်ကွေ့ဖေးကမူ သူမ အရင်ကလောက် မျက်နှာသာပေးခံရတော့မည်မဟုတ်ဟု ထင်နေမိသည်။ အထူးသဖြင့် တော်ဝင်သမားတော်သို့ထံမှ လင်ဝမ်ယိ ဆေးသောက်ပြီးနောက်ပိုင်း ကိုယ်ဝန်ရရန် အလွန်ခက်ခဲသွားပြီဆိုသည့် သတင်းကို ကြားရသောအခါ ပို၍ပင် ဒေါသထွက်သွားရသည်။ အဆိပ်ခတ်သူက မြားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင် ပစ်ချသွားတာပဲဟု နောက်ကွယ်မှာ ကျိန်ဆဲနေမိတော့သည်။
ဤရက်ပိုင်း ယောင်ထိုင်စံအိမ်ထဲမှ လူတိုင်း သတိတကြီးဖြင့် ခစားနေကြရသည်။ အသံအနည်းငယ် ထွက်သည်နှင့် ကွေ့ဖေး သဘောမကျဖြစ်ကာ သူတို့ ဒုက္ခရောက်သွားမည်ကို အလွန် ကြောက်ရွံ့နေကြသည်။ နေမွန်းတည့်ေနပြီဖြစ်ရာ အခန်းထဲတွင်ထားထားဩ့် ရေခဲတုံးအကြီးကြီး နှစ်စည်မှာ အမြန် အရည်ပျော်သွားသည်။ ချင်ဟယ့်က လင်ကွေ့ဖေးကို ယပ်ခပ်ပေးရင်း ပြောလိုက်သည်။
"မယ်မယ် အရမ်း စိတ်မပူပါနဲ့... ဒီ အဆိပ်ခတ်တဲ့ ကိစ္စကို အရှင်မင်းကြီးလည်း ထပ်ပြီး စုံစမ်းမနေတော့ဘူး မဟုတ်လား..."
"ဟယ်... နင်က ဘာနားလည်လို့လဲ... ဒီအရှင်မ မောင်းမဆောင်ကိစ္စတွေကို စီမံလာကတည်းက ဘယ်နေ့များ အဆင်မပြေတာ ရှိလို့လဲ... အခု ဒီအပန်းဖြေနန်းတော်ကို ရောက်ခါမှ သွားချော်လဲတော့တာပဲ... ယီဖေး ဝမ်းသာအားရ ဖြစ်နေတဲ့ မျက်နှာကို နင် မမြင်လိုက်ဘူးလား..."
"မယ်မယ်က ကွေ့ဖေးလေ... နန်းတော်ထဲမှာ အမြင့်မြတ်ဆုံး အမျိုးသမီးပဲဟာ... ယီဖေးမယ်မယ် မှာ အကြံအစည်တွေ ရှိနေရင်တောင် အပြင်ပန်းမှာတော့ မယ်မယ့်ကို အလွယ်တကူ ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး..."
လင်ကွေ့ဖေးကတော့ ထိုစကားကို ကြားလိုက်သော်လည်း အနည်းငယ်မျှပင် ပျော်ရွှင်မလာခဲ့ပေ။
"သူ ဒီအရှင်မ ကို တိုက်ရိုက် မဆန့်ကျင်ပေမဲ့... ဒီအရှင်မကြားရသလောက် သူ ဒီရက်ပိုင်း ပိုင်ဖင် နဲ့ ဟယ့်နျန်ဇစ် ကို ခေါ်ပြီး ကြာရေကန်မှာ လှေစီးနေရင်စီး၊ မစီးရင် မက်မွန်တောထဲ သွားလည်နေတာတဲ့... သူ ဘာစဉ်းစားနေလဲဆိုတာ ဒီအရှင်မက မသိဘူးများ မှတ်နေလား..."
ယီဖေးက အတော်လေး ဉာဏ်နီဉာဏ်နက်များသူပင်။ အရှင်မင်းကြီး ချီချင်းဆောင်သို့ ပြောင်းသွားကတည်းက အပန်းဖြေနန်းတော်၏ အရှေ့ဘက်ခြမ်းက အေးစက်နန်းဆောင်လိုပင် ဖြစ်သွားခဲ့ပြီ။ သည်လောက် ပူပြင်းသောရာသီကြီးမှာ အရှင်မင်းကြီးက ဘာကိစ္စမှျမရှိဘဲ သူတို့ခြံဝင်းဆီသို့ လာမယ်တဲ့လား။ အကယ်၍ လာခဲ့လျှင်တောင် နွေရာသီ လာရောက်အနားယူသကဲ့သို့ပင် ဖြစ်နေပေမည်။ သူမက သဘောထားကြီးလျှင်တောင် အကျယ်ချုပ်မှ လွတ်ခါစ ပိုင်ဖင်နှင့် နေရာရရန် လောနေသည့် ဟယ့်နျန်ဇစ်တို့က စိတ်ပူနေကြမည်မှာ အသေအချာပင်။ ထို့ကြောင့်သူမ သည်လိုအကြံအစည်တွေလုပ်နေတာပင်ဖြစ်ရမည်။
ချင်ဟယ့်က ထိုစကားကို ကြားသည်နှင့် လင်ကွေ့ဖေး မည်သည်ကို ဆိုလိုချင်မှန်း ချက်ချင်း သဘောပေါက်သွားပြီး အမြန် ပြောလိုက်သည်။
"မယ်မယ် စိတ်ချပါ... ယီဖေး တို့ ဟိုလျှောက်ဒီလျှောက် လုပ်နေတာ ရက်တော်တော် ကြာနေပြီ... လူတွေတောင် နေပူထဲ မည်းကုန်ပြီ... အခုထိ အရှင်မင်းကြီးနဲ့ မတွေ့ရသေးဘူး မဟုတ်လား..."
ဤစကားကို ကြားလိုက်ချိန်မှ လင်ကွေ့ဖေး ရင်ထဲ၌ အနည်းငယ်တော့ စိတ်သက်သာရာ ရသွားလေသည်။ သို့သော် ၎င်းက ပြဿနာရှင်းနိုင်ဖို့ ဘာမျှ မကူညီနိုင်ကြောင်းကိုလည်း သူမ သိနေပေသည်။
"ဒီလိုဖြစ်မယ်မှန်း ကြိုသိရင်... အဲဒီတုန်းက ပိုင်ဖင် ကို လွှတ်ပေးလိုက်မှာ မဟုတ်ဘူး... သူနဲ့ ယီဖေးက တစ်ဖက်တည်းသားတွေဆိုတော့... အခုဆို နေ့တိုင်း တွဲနေကြပြီ..."
ထို့နောက် သူမက စားပွဲကို ဝုန်းခနဲ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
"ဒီ လင်ဝမ်ယိ ကလည်း တကယ့်ကို အသုံးမကျဘူး... အခွင့်အရေးေကာင်းကို အလကား အဆုံးရှုံးခံလိုက်ရတယ်... သူသာ အသုံးမကျပြီး အပန်းဖြေနန်းတော်ကို ရောက်ရောက်ချင်း အဆိပ်ခတ်မခံရဘူးဆိုရင်... ဒီလို အခြေအနေထိ ရောက်လာစရာ အကြောင်းမရှိဘူး... အခုတော့ ဒီအရှင်မပါ လိုက်ပြီး နာမည်ပျက်ရပြီ... တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ..."
လင်မိသားစုကိစ္စကိုမူ ချင်ဟယ့်က ဘာမျှ ဝင်မပြောရဲချေ။ သူမက လင်ကွေ့ဖေးနှင့် အတူကြီးပြင်းလာသူဆိုသော်ငြား အရှေ့ဆောင်ကိစ္စများကိုမူ လွယ်လွယ်နှင့် ဝင်မပါရဲပေ။ လင်ကွေ့ဖေး ဒေါသထွက်၍ အားရသွားတော့မှသာ သူမက စကားစလိုက်သည်။
"မယ်မယ်... ယီဖေးတို့ လောလောဆယ် အကြံမအောင်သေးပေမဲ့ အရှင်မင်းကြီးရှေ့မှာ ဒီလိုချည်း သွားသွားပတ်သက်နေရင်... ပိုင်ဖင် မျက်နှာသာ ပြန်ရဖို့က အချိန်စောတာနဲ့ နောက်ကျတာပဲ ရှိမယ်... ကျွန်မတို့ စောစောစီးစီး အစီအစဉ်ဆွဲထားမှ ကောင်းလိမ့်မယ်..."
"အင်း... ဒါပေမဲ့ ဒီအရှင်မ အိမ်မှာက သမီးသုံးယောက်ပဲ ရှိတာလေ... လင်ဝမ်ယိ ကို ဖယ်လိုက်ရင် နောက်ထပ် မယားငယ်ဘက်က ညီမတစ်ယောက်ပဲ ရှိတော့တာ... အခုမှ ၉ နှစ်ပဲ ရှိသေးတယ်... နန်းတော်ထဲ ဝင်လာလည်း ဘာမှ အသုံးမကျဘူး..."
လောလောဆယ် သူမအတွက် အရေးအကြီးဆုံးမှာ မင်းသားတစ်ပါးမွေးပေးနိုင်ရန်ပင် ဖြစ်သည်။ လင်ဝမ်ယိက ကိုယ်ဝန် ပြန်ရရန် အခွင့်အရေး ရှိလျှင်တောင် သူမအတွက်မူ အလွန်ပင် ကြာနေခဲ့ပြီ။ ထို့ကြောင့် နောက်ထပ် ပစ်မှတ်တစ်ခု ရှာမှကို ဖြစ်ပေမည်။
"ဒီအစေခံ ပြောတာ နားခါးရင်လည်း ခွင့်လွှတ်ပါ... ဒီတစ်ခေါက် အသစ်ရွေးချယ်ထားတဲ့ ကိုယ်လုပ်တော်တွေထဲမှာ မယ်မယ် စဉ်းစားလို့ရမယ့် သူတချို့ ရှိနေပါတယ်..."
"နင် ဆိုလိုတာက..."
ချင်ဟယ့်က ပြုံးလိုက်ပြီး တစ်ယောက်ချင်းစီ စတင် တွက်ချက်ပြတော့သည်။
"အနောက်မြောက်ဘက်က ပြည်နယ်တရားသူကြီးရဲ့ သမီး မင်ချန်ကျိုက် ရယ်... အနောက်တောင်ဘက်က နာမည်ကြီး မိသားစုက တရားဝင်သမီး ရှန့်ကွမ်းတာရင် ရယ်ပါ..."
လင်ကွေ့ဖေး မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ပထမတစ်ယောက်က အရှင်မင်းကြီးရှေ့တွင် မျက်နှာရနေသော်ငြား ဒုတိယတစ်ယောက်ကမူ လုံးဝ သတင်းမကြားရချေ။ သမုဒ္ဒရာထဲသို့ ကျောက်စရစ်ခဲလေး ပြုတ်ကျသွားသကဲ့သို့ မည်သည့်လှိုင်းလေးမျှတောင် မထပေ။ ဒီလိုလူမျိုးကရော အသုံးဝင်သည့် ကျားရုပ်လေး ဖြစ်လာနိုင်မှာလား။
"မင်ချန်ကျိုက် က အနောက်မြောက်ဘက်က လာတယ်ဆိုပေမဲ့... ဒီအစေခံ စုံစမ်းကြည့်တော့... သူက ငယ်ငယ်ကတည်းက တုန့်ကျိုးက ဘိုးဘိုးအိမ်မှာ ကြီးပြင်းလာတာဆိုတော့ အနောက်မြောက်ဘက်က စစ်သူကြီး မိသားစုတွေနဲ့ အဆက်အသွယ် သိပ်မရှိဘူးလေ... မယ်မယ် ကြည့်လေ နန်းတော်ထဲ ဝင်လာပြီးကတည်းက ယီဖေး ရယ်၊ ချူကွေ့ရန် ရယ်နဲ့ ပူးပေါင်းပြီး ရန်သူလို သဘောထားတာ မတွေ့ရဘူးဆိုတော့... သူတို့နဲ့ တစ်ဖက်တည်း မဟုတ်မှန်း သိသာပါတယ်..."
လင်ကွေ့ဖေး ခေါင်းညိတ်လိုက်သည်။ ချင်ဟယ့် ပြောတာ အတော်လေး အကြောင်းကျိုး ဆီလျော်ပေသည်။
"ရှန့်ကွမ်းတာရင် ကတော့ အခု လောလောဆယ် ခေါင်းမထောင်နိုင်သေးဘူး... ဒါပေမဲ့ ဟယ့်နျန်ဇစ် ကိုပဲ ကြည့်ပါဦး... သူလည်း ယီဖေး ဆိုတဲ့ အပင်မြင့်ကြီးကို တွယ်တက်မှ ဒီအပန်းဖြေနန်းတော်ကို ရောက်လာတာ မဟုတ်လား... မယ်မယ်သာ ရှန့်ကွမ်းတာရင် ကို အကျိုးအမြတ်လေး နည်းနည်း ပေးလိုက်ရင် သူတောင် အပြေးအလွှား လာတွယ်ကပ်ပါလိမ့်မယ်..."
"အင်း... ဆက်ပြော..."
"အရင်ကတော့ ကျွန်မတို့က လင်ချန်ကျိုက် အပေါ်မှာချည်းပဲ ပုံအောထားခဲ့လို့ အခုလိုခံနေရတာ... ပန်းတွေဆိုတာ ရက်တစ်ရာတောင် မပွင့်နိုင်ဘူးဆိုတဲ့ စကားရှိတယ်မလား... လူတွေကရော အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရေရှည် ရနိုင်ပါ့မလား... ဒါကြောင့် မယ်မယ်က သူတို့နှစ်ယောက်စလုံးကို နေရာရအောင် ထောက်ပံ့ပေးလို့ ရပါတယ်... ဘယ်သူက အရင်ကိုယ်ဝန်ရရ... မင်းသားသာဆိုရင် မယ်မယ့်ရဲ့ မင်းသားပဲလေ..."
ချင်ဟယ့်၏ အကြံအစည်က အတော်လေး နက်နဲကြောင်းကိုတော့ ဝန်ခံရမည်။ မောင်းမဆောင်မှ ကိစ္စများကို ရင်ဆိုင်ရသည့်အခါ သည်လိုအပြင်လူက တစ်ခါတရံ လင်ကွေ့ဖေးထက်ပင် ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ထို့ကြောင့်ပင် ဤနှစ်များတစ်လျှောက်လုံး လင်ကွေ့ဖေးက သူမအပေါ် အလွန်အားကိုးခဲ့ရတာပင်။ လင်ကျစ်နန်းဆောင်ထဲတွင် ကျန်းဟယ်ချင့်နှင့် သူမက လင်ကွေ့ဖေး၏ ဘယ်ညာ လက်ရုံးများပင် ဖြစ်သည်။
ဤအထိ ကြားလိုက်ရသောအခါ လင်ကွေ့ဖေး၏ မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
"ပြောတာ မှန်တယ်... ဘယ်သူ့ ဗိုက်ထဲကပဲ ထွက်လာထွက်လာ... မင်းသားသာဆိုရင် ဒီအရှင်မ ရဲ့ သားပဲ..."
ထို့နောက် သူမ ချင်ဟယ့်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ မျက်လုံးထဲတွင်တော့ ကျေနပ်နေသည့် အရိပ်အယောင်များ အထင်းသား။
"ဒီအကြံက အတော်လေး ကောင်းတယ်... မင်း ဆု သွားယူလိုက်..."
"ဒီအစေခံ မယ်မယ့်ကို ကျေးဇူးတင်ပါတယ်..."
ကိစ္စများတွင် လှည့်ကွက်ရှိလာသောအခါ လင်ကွေ့ဖေးလည်း လောလောဆယ်အတွက်တော့ အပူတပြင်းမခံစားရတော့ချေ။ သူမက စိတ်ထဲတွင် မင်ချန်ကျိုက်နှင့် ရှန့်ကွမ်းတာရင်တို့ကို မည်သို့ သိမ်းသွင်းရမည်ဆိုသည်ကိုသာ စဉ်းစားနေတော့သည်။
အခြားတစ်ဖက်တွင်မူ ရက်ပေါင်းများစွာ နေလောင်ဒဏ်ခံနေရသည့် ပိုင်ဖင်တစ်ယောက် ကြာရေကန်ဘေးရှိ ယာရှင်းစံအိမ်ထဲတွင် ထိုင်ကာ စိတ်မွန်းကြပ်နေသည်။
"မယ်မယ်... ကျွန်တော်မျိုးမတို့ ဇယ့်ဖင်ကျွန်း အနီးအနားမှာ လျှောက်သွားနေတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ... အရှင်မင်းကြီး ထွက်လာတာလည်း မတွေ့ဘူး... ကျွန်တော်မျိုးမ နေလောင်လို့ အရေခွံတောင် ကွာတော့မယ်..."
ထို့နောက် သူမ၏ နူးညံ့သည့် လက်မောင်းလေးကို ထုတ်ပြလိုက်ရာ တကယ်ပင် အနည်းငယ် နီရဲနေသည်။ သူမ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဂရုတစိုက်နှင့် ယုယုယယ ပြုစုပျိုးထောင်ခံထားရတာပင်။ သူမ ပုံမှန်ဆိုလျှင် နေအနည်းငယ် ပူလျှင်တောင် အပြင်သို့ လွယ်လွယ်မထွက်တတ်ပေ။ ယခုေတာ့ ယီဖေးနောက်သို့ လိုက်လိုက်မိကာမှ ရက်ပေါင်းများစွာ နေပူဒဏ်ခံေနရပြီ။ သူမ အချုပ်မှ လွတ်ခါစဖြစ်၍ မျက်နှာသာရရန် လိုအပ်နေချိန်မို့သာပင်။ သို့မဟုတ်လျှင် ဤသို့ ဆင်းရဲဒုက္ခခံရမည့် အလုပ်မျိုးကို သူမ ဘယ်သောအခါမျှ လာလုပ်မည် မဟုတ်ချေ။
ယီဖေးက သူမက တစ်ချက်ကြည့်လိုက်ပြီး အထင်သေးသကဲ့သို့ နှာမှုတ်လိုက်သည်။
"နင်တို့ အသားအရေ နူးညံ့တဲ့ ကျန်းနန်သားတွေက တကယ့်ကို ပြဿနာပဲ... ဒီလောက် နေလေးပူတာ နင် အရည်ပျော်ကျသွားမှာကျနေတာပဲ... ငါတို့ အနောက်မြောက်ဘက်က ကင်းစောင့်နေရတဲ့ စစ်သည်တွေကို ပြန်တွေးကြည့်... နေပူမိုးရွာဒဏ်ကို ခံရုံတင်မကဘူး၊ လေပြင်းတွေ၊ လက်နက်တွေရဲ့ ဒဏ်ကိုပါ ခံရတာ... အားလုံးက နင်တို့လိုမျိုးသာဆိုရင်... အရယ်ခံရဖို့ပဲ ရှိတော့မယ်..."