မှိုတက်သွားတော့မည်
Vol. 8 Ch. 80
ပိုင်ဖင်၏ စိတ်ထဲတွင်မူ ယီဖေး၏ ဤသို့ အထက်စီးဆန်သည့် ပုံစံကို အလွန် မုန်းတီးနေမိသည်။ သို့သော် သူမ၏ နောက်ခံက ယီဖေးကို လုံးဝ မယှဉ်နိုင်ကြောင်းကိုလည်း သိနေသဖြင့် ယီဖေးကို မှီခိုနေရုံသာ တတ်နိုင်ပေသည်။ ယီဖေး၏ စိတ်ထဲတွင်လည်း ပိုင်ဖင်၏ ဤသို့ ဟန်လုပ်နေသော ပုံစံကို ကြည့်မရချေ။ သို့သော် လောလောဆယ် သူမ၏ လက်ထဲတွင် လင်ကွေ့ဖေးကို ရင်ဆိုင်နိုင်မည့် အခြားသူ မရှိတော့ပေ။ သူမ မည်မျှပင် မနှစ်မြို့စေကာမူ ပိုင်ဖင်သည် တစ်ချိန်က မောင်းမဆောင် ခြောက်ဆောင်လုံးမှာ မည်သူမျှ မယှဉ်နိုင်လောက်အောင် မျက်နှာသာရခဲ့ဖူးကြောင်းကိုတော့ လက်ခံရမည်သာ။
ဟယ့်နျန်ဇစ်က ဘေးမှနေ၍ သူတို့နှစ်ယောက်၏ မျက်နှာထားကို စောင့်ကြည့်နေသည်။ သူမကဲ့သို့ ကုန်သည်သမီး တစ်ယောက်အနေဖြင့် နန်းတော်ထဲသို့ ဂုဏ်သိက္ခာရှိရှိ ဝင်လာနိုင်ခြင်းကပင် အလွန် ကောင်းမွန်နေပြီဖြစ်ရာ တာရင် အဆင့်ကို မရခဲ့လျှင်တောင် ကျေနပ်နေဆဲပင်။ ယခုတော့ ယီဖေး၏ ပေါင်ကိုဖက်ထားနိုင်မည့် အပန်းဖြေနန်းတော်ကိုလည်း ရောက်လာပြီဖြစ်၍ ဤအခွင့်အရေးကို သူမ အလွတ်ခံမည် မဟုတ်ပေ။
အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရမှသာ သူမအနေဖြင့် အဆင့်တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်မည်။ ဟို လင်ဝမ်ယိက ဥပမာပဲ မဟုတ်လား။ နန်းတော်ထဲ ဝင်လာသည်မှာ နှစ်လမျှသာ ရှိသေးသည်ကို တာရင်က ချန်ကျိုက်အဖြစ် အဆင့်တက်သွားခဲ့ပြီ။ အဆင့်နိမ့် ကိုယ်လုပ်တော် ဆိုသော် အသစ်ရွေးချယ်ခံရသည့် မိန်းမပျိုများထဲတွင်တော့ ထိပ်တန်းစာရင်း ဝင်နေပြီဖြစ်သည်။ မျက်နှာသာရမှုသာ ဆက်လက်တည်မြဲနေမည်ဆိုလျှင် ကွေ့ရန်၊ ဖင်၊ သို့မဟုတ် ဖေး ရာထူးအထိပင် တက်လှမ်းနိုင်ချေ ရှိပေသည်။
ယခုအချိန်တွင် လင်ဝမ်ယိက အဆိပ်မိနေသဖြင့် အရှင်မင်းကြီးအား အလုပ်အကျွေး ပြုနိုင်မှာမဟုတ်။ ထို့ကြောင့် သူတို့အနေဖြင့် ဤအခွင့်အကောင်းကို သေချာစွာ ဆုပ်ကိုင်ထားရမည်။ ထို့ကြောင့် သူမက စကားပြောရင်း အခြေအနေကို ပြေလည်အောင် ဖန်တီးလိုက်သည်။
"မမပိုင် ရဲ့ အသားအရေက နူးညံ့တော့ နေပူခံရမှာကို ကြောက်တာ သဘာဝပါပဲ... ယီဖေးမယ်မယ် က အနောက်မြောက်ဘက်က လာတဲ့ စစ်သူကြီးမိသားစုရဲ့ သမီး ဆိုတော့... အိမ်တွင်းပုန်းရင်းကြီးပြင်းလာတဲ့ ကျွန်တော်မျိုးမတို့လို မိန်းကလေးတွေနဲ့ ယှဉ်ရင်တော့ အများကြီး ပိုပြီး ရဲရင့်ပြတ်သားမှာ သေချာပါတယ်..."
သူမ ဤသို့ ကြားဖြတ်ပြောလိုက်တော့ ယီဖေးနှင့် ပိုင်ဖင်တို့လည်း သူမ၏ စကားလမ်းကြောင်းအတိုင်း အလိုက်သင့်ပါသွားကြတော့သည်။
"ကျွန်တော်မျိုးမတို့ ဒီ ကြာရေကန် ကို လာနေတာ ရက်အတော် ကြာနေပြီ... အရှင်မင်းကြီးကို တစ်ခါမှ မတွေ့ရသေးဘူး... အရှင်မင်းကြီး ဇယ့်ဖင်ကျွန်း မှာ မရှိလို့များလား..."
ဟယ့်နျန်ဇစ်၏ ဤစကားကို တကယ်တော့ ပိုင်ဖင်နှင့် ယီဖေးတို့လည်း စိတ်ထဲမှ တွေးမိနေကြခြင်းပင်။ သို့သော် အရှင်မင်းကြီးက ချီချင်းဆောင်ထဲတွင် မရှိလျှင် ဘယ်နေရာမှာ ရှိနေနိုင်ဦးမည်နည်း။
အနောက်ဘက်တွင် ဟွေ့ဖန်းယာခြံဝင်း တစ်ခုသာ ရှိသည် မဟုတ်လား။ သို့သော် လင်ချန်ကျိုက်က အဆိပ်မိထားပြီး သူမ၏ အခြေအနေကလည်း ဘယ်လိုရှိနေမှန်း မည်သူမျှ မသိကြပေ။ တော်ဝင်သမားတော်သို့၏ မျက်နှာမကောင်းသည်ကို ကြည့်ရုံဖြင့် အခြေအနေမကောင်းကြောင်းကို ခန့်မှန်း၍ ရနိုင်သည်။ ထို့ကြောင့် သူတို့လည်း သိပ်မစဉ်းစားဖြစ်ကြချေ။
ယီဖေးသည်လည်း ဒီသို့ ရောက်လာနိုး ရောက်လာနိုးနှင့် ထိုင်စောင့်နေရသည့် နည်းလမ်းက တော်တော်လေး မိုက်မဲရာကျသည်ဟု တွေးမိလာပြီး စကားဆိုလိုက်သည်။
"ထားလိုက်ပါတော့... ဒီလို ဒုက္ခခံပြီး စောင့်နေတာလည်း အဖြေမဟုတ်ဘူး... ပြန်ကြတာပေါ့... ချီချောင်ပွဲတော် ရောက်တော့မယ်ဆိုတော့... အဲဒီအချိန်ကျရင် အရှင်မင်းကြီး ထွက်လာမှာပဲဟာ..."
"မယ်မယ် ပြောတာ မှန်ပါတယ်... ချီချောင်ပွဲတော် ရောက်ရင် ကျွန်တော်မျိုးမ သေချာပေါက် ကြိုးစားပါ့မယ်..."
ယီဖေးက ပိုင်ဖင်ကို တစ်ချက်ကြည့်လိုက်တော့ သူမ၏ ပါးပြင်တွင် နီရဲရဲလေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ သေချာကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများထဲ၌ သနားစရာကောင်းကာ ဆွဲဆောင်မှုရှိသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သူမ၏ ဤပုံစံကို အရှင်မင်းကြီးသာ မြင်သွားပါက ခုခံနိုင်မှာပင်မဟုတ်။ နှမြောစရာပဲ…။ သို့သော် အရာအားလုံးက ယခုမှ စရုံလေးသာ မဟုတ်လား။
ဘယ်သူကပင် လုပ်ခဲ့သည်ဖြစ်စေ လောလောဆယ် လင်ဝမ်ယိကတော့ ခေါင်းမထောင်နိုင်တော့ပေ။ ထို့ကြောင့် လင်ကွေ့ဖေး၏ စရိုက်အရ နောက်ထပ် လူစားထိုးရန် သေချာပေါက် ရှာလိမ့်မည်။ ဒီနေရာမှာ အလကား ထိုင်စောင့်နေမည့်အစား အိမ်ပြန်ပြီး ရေခဲမုန့်ထိုင်စားနေဖို့ ပိုကောင်းဦးမည်။ စိတ်ကို ငြိမ်ငြိမ်ထားကာ နောက်ထပ် မည်သို့ တုံ့ပြန်ရမည်ဆိုသည်ကို သေချာ စဉ်းစားရပေမည်။
"သွားမယ်... အရင် ပြန်ကြတာပေါ့..."
"ဟုတ်ကဲ့ပါ..."
ယာရှင်းစံအိမ်ထဲမှ ထွက်လာသည်နှင့် နန်းတွင်းသူများက ထီးမိုးပေးရန် ပြေးလာကြသည်။ ဤနေရာမှနေ၍ သူတို့၏ ဝေါယာဉ်များဆီ ရောက်ရန် လမ်းလျှောက်ရဦးမည်။ ကြာရေကန်က ဟွေ့ဖန်းယာခြံဝင်းနှင့် သိပ်မဝေးလှချေ။ ပုံမှန်ဆိုလျှင် ဤအထိပင် ရောက်နေပြီဖြစ်၍ အဆိပ်မိထားသည့် လင်ဝမ်ယိဆီသို့ သွားကြည့်တာက ပုံမှန်ပင်။ သို့သော် သူတို့က ကွေ့ကောက်ကာ ရှောင်သွားကြသည်။ အရှင်မင်းကြီးက မည်သူမျှ လင်ဝမ်ယိ နေမကောင်းဖြစ်နေစဉ် မနှောင့်ယှက်ရဟု အမိန့်ထုတ်ထားသောကြောင့်ပင်။ ထို့ကြောင့် အသုံးမကျသည့် ချန်ကျိုက် တစ်ယောက်အတွက် ယီဖေးနှင့် ပိုင်ဖင်တို့က သူတို့၏ အချိန်ကို အလဟဿ မကုန်ခံချင်ကြပေ။
သို့သော် သူတို့ စိတ်ထဲ၌ အမြဲတမ်း တွေးနေသည့် အရှင်မင်းကြီးတစ်ယောက် ဟွေ့ဖန်းယာခြံဝင်းထဲမှာ လာနေနေတာ ရက်အတော် ကြာနေပြီဖြစ်ကြောင်း သူတို့ မသိကြချေ။ သူက တံခါးအပြင်သို့တောင် သိပ်မထွက်ပေ။ သတင်းများကို သုန်ယွီကျုံးနှင့် ချိုးမင်တို့ နှစ်ယောက်ပေါင်း၍ သေသေချာချာ ပိတ်ထားရသည်။ ထို့ပြင် အပန်းဖြေနန်းတော်၏ အနောက်ဘက်မှာ ချီချင်းဆောင်နှင့် ဟွေ့ဖန်းယာခြံဝင်းသာ ရှိသည်ဖြစ်၍ သတင်းစုံစမ်းဖို့ကလည်း အလွန်ခက်ခဲနေသည်။
အပြင်မှ လူများကမူ ကြယ်ကလေးများကို ကြည့်ရင်း အရှင်မင်းကြီး သူတို့ဆီများ ရောက်လာမည်လားဆိုကာ မျှော်လင့်တကြီး စောင့်နေကြသည်။ သို့သော် လင်ဝမ်ယိကတော့ ယခုအချိန်တွင် အရှင်မင်းကြီးအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပါစေ၊ ညဉ့်နက်သည်အထိ စာများ ဖတ်ပါစေ၊ သို့မဟုတ်လျှင်လည်း အပန်းဖြေနန်းတော် အရှေ့ဘက်သို့ သွား၍ သူ မျက်နှာသာပေးထားသော ကိုယ်လုပ်တော်များဆီသို့များ သွားကြည့်ပါစေဟုသာ မျှော်လင့်နေမိသည်။ တစ်နေ့လုံး ဒီဟွေ့ဖန်းယာခြံဝင်းထဲမှာသာ စောင့်နေတာက သူမ ဆေးသောက်တာပင် မလုံမလဲဖြစ်နေစရေ၏။
တော်ဝင်သမားတော်သို့၏ ဆေးက သောက်လိုက်သည်နှင့် ဗိုက်ထဲတွင် အေးစက်သည့် ခံစားချက်ကို အမြဲတမ်း ရရှိစေသည်။ သူမအတွက် အချိန်တိုင်း ရေနွေးအိတ်က နှစ်လုံး သုံးလုံးခန့် လိုအပ်နေသည်။ လက်ကပ်ဖို့က တစ်ခု၊ ခြေထောက်ကပ်ရန်က တစ်ခု၊ ဗိုက်ပေါ်တင်ရန်က တစ်ခု။ အရှင်မင်းကြီးက စာကြည့်ဆောင်မှ ပြန်လာတိုင်း မျက်မှောင်ကြီး ကြုတ်လျက် သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ သူမ၏ ခါးနှင့် ဗိုက်ကြားကို လက်ဖြင့် နွေးအောင်အုပ်ပေးတတ်သည်။ သူမကတော့ အများကြီး ပို၍ သက်တောင့်သက်သာ ဖြစ်သွားရသော်လည်း အရှင်မင်းကြီးကမူ ပူလွန်း၍ နေ့တိုင်း ရေချိုးကာ အဝတ်အစား လဲနေရလေသည်။ မဟုတ်လျှင် ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ ရွှဲနေပေလိမ့်မည်။
လင်ဝမ်ယိက ဒီလောက်မျှ ဒုက္ခခံရန် မလိုပါဘူးဟု အကြိမ်ကြိမ် ပြောဖူးသော်လည်း အရှင်မင်းကြီးက ဘာမျှ မတုံ့ပြန်ခဲ့ချေ။ နောက်တစ်ခါလည်း သည်အတိုင်းပင် လုပ်ပြန်သည်။ တဖြည်းဖြည်းနှင့် လင်ဝမ်ယိလည်း အကျင့်ပါသွားေတာ့သည်။။ မည်သို့ပင်ဖြစ်စေ ပင်ပန်းရတာ သူမမှ မဟုတ်တာ။
ယနေ့ နေ့လယ်ဘက် အရှင်မင်းကြီး ညောင်စောင်းပေါ်မှာ နေ့လယ်ခင်း တစ်ရေးအိပ်နေစဉ် လင်ဝမ်ယိ ခပ်တိတ်တိတ်လေး အပြင်သို့ ထွက်လာခဲ့သည်။ မီးဖိုချောင်လေးထဲမှာ ယနေ့ စားစရာ ဘာရှိသလဲလို့ သွားကြည့်မယ်ဟု ပြောထားသော်လည်း တကယ်ကတော့ ဆေးသောက်ဖို့ မီးဖိုချောင်လေးထဲ သွားပုန်းတာပင်။
ရှအန်းက သူမကို အလွန်ပင် အပေးအယူတည့်စွာ ကူညီပေးသည်။ ထို့ပြင် ဆေးလုံးလေးများမှာ ယူသွားရတာလွယ်ကူပြီး သောက်ရလည်း လွယ်ကူသည်ဖြစ်ရာ ဤရက်ပိုင်းအတွင်း၌ မည်သူမျှ မသိလိုက်ကြပေ။ ချွမ်ချီက သူမ အမြဲတမ်း မီးဖိုချောင်လေးထဲ ဝင်ပြီး ရေသောက်သည်ကို ကြည့်ရင်း သူမ၏သခင်မလေးမှာ အရှင်မင်းကြီး ရှေ့တွင် အနေခက်သဖြင့် ရေတောင် အလွယ်တကူ မသောက်ရဲဘူးဟု ထင်နေသည်။ ထို့ကြောင့် သူမက အမြဲတမ်း ရေနွေးကြိုထားပေးပြီး လင်ဝမ်ယိ လာသည်နှင့် ချက်ချင်း သောက်လို့ရအောင် လုပ်ပေးထားတတ်သည်။
"သခင်မလေး... အရှင်မင်းကြီးက ကျွန်မတို့ ခြံဝင်းထဲမှာ ဘယ်လောက်ကြာကြာ ဆက်နေမှာလဲ..."
ချွမ်ချီက အပြင်တွင် လူမရှိသည်ကို သေချာတော့မှ သတ္တိမွေးကာ တိုးတိုးလေး မေးလိုက်သည်။
လင်ဝမ်ယိ သက်ပြင်းတစ်ချက် ချလိုက်၏။
"ငါလည်း သေချာမသိဘူး... နိုင်ငံရေးကိစ္စတွေ ရှုပ်နေတယ်ဆို... ဘာလို့ ငါ ဆေးသောက်တာကို နေ့တိုင်း လာစောင့်ကြည့်နေရတာလဲ မသိဘူး..."
သူမ ဆေးသောက်သည်ကို အရှင်မင်းကြီး ကြည့်နေသည့် အကြည့်များကို သူမ မမြင်ယောင်ဘဲ မနေနိုင်ခဲ့ပေ။ ထိုအကြည့်များက သူမ ဆေးမသောက်မှာကို စိတ်ပူနေသကဲ့သို့ပင်။ ဆေး အနည်းငယ် ကျန်ခဲ့လျှင်တောင် အကုန်သောက်ခိုင်းသည်။ ပန်းကန်ထဲ ပြောင်သွားပြီး ဆေးများ အကုန် လင်ဝမ်ယိ ဗိုက်ထဲ ရောက်သွားမှသာ အရှင်မင်းကြီးက ကျေနပ်သည့် မျက်နှာထားဖြင့် အကြည့်လွှဲသွားတတ်သည်။
လင်ဝမ်ယိ၏ အဆိပ်က တကယ်တမ်းကျတော့ တော်တော်လေး ပြယ်နေပြီပင်။ သူမ လက်ထဲတွင် အဆိပ်ဖြေဆေး ရှိနေပြီးသားမို့ တစ်လလောက် အေးအေးဆေးဆေး အနားယူရန်သာ လိုအပ်သည်။ အအေးမိရောဂါ ပြန်ပေါ်လာတာကလည်း အနည်းငယ် ပြဿနာရှိသည် ဆိုရုံလေးသာပင်။ သို့သော် ဤနှစ်များတစ်လျှောက်လုံး အအေးမိရောဂါက သူမအတွက်တော့ နေ့စဉ်ဘဝလို ဖြစ်နေခဲ့ပြီ။ သို့သော် ယခုတော့ အရှင်မင်းကြီး နေ့တိုင်း လာစောင့်နေသဖြင့် သူမ၏ ခန္ဓာကိုယ်က ပိုကောင်းလာသော်ငြား စိတ်ကျဉ်းကျပ်နေရ၏။ ထို့ပြင် တစ်ခုခု အမှားလုပ်မိလျှင် အခြားသူများပါ ဒုက္ခရောက်မည် စိုး၍ အချိန်တိုင်း သတိထားနေရသည်။ ထို့ကြောင့် သည်ရက်ပိုင်းအတွင်း သူမ ကောင်းကောင်း စားနိုင်၊ အိပ်နိုင်သော်လည်း စိတ်ကတော့အတော်လေး ဖိစီးနေရသည်။
"အင်း... အရင်က ဒီအစေခံ အမြဲတမ်း အရှင်မင်းကြီး နေ့တိုင်း လာစေချင်ခဲ့တာ... အခုတော့..."
ချွမ်ချီ စကားဆက်မပြောသော်ငြား သူမ ဘာကို ပြောချင်လဲ လင်ဝမ်ယိ သိသည်။
"အရှင်မင်းကြီး မရှိတုန်းက... ငါက အားတဲ့အချိန် အဝတ်အစား ပန်းထိုးလို့ရတယ်... ပန်းချီဆွဲတယ်... စာရေးကျင့်လို့ရတယ်... မဟုတ်ရင်တောင် စာအုပ်တွေ ဖတ်လို့ရတယ်လေ... အခုတော့... တစ်နေ့လုံး အိပ်လိုက်စားလိုက်ပဲ... နိုးလာရင်တောင် မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေးနေရတာ... ငါတော့..."
ငါတော့ မှိုတက်သွားတော့မှာပဲ…။
ဤစကားကို လင်ဝမ်ယိ ရင်ထဲ၌ မြိုသိပ်ထားရတာ အတော်ကြာပြီပင်။ သူမ စောစောကတည်းက ပြောပစ်လိုက်ချင်သော်ငြား ဤနေရာတွင်က နေရာတိုင်းမှာ အရှင်မင်းကြီး၏ မျက်စိနှင့် နားများ ရှိနေတော့ စကားကို အပြောဆင်ခြင်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
"အစကတော့ သခင်မလေး ကို မက်မွန်သီး သွားခူးဖို့ ခေါ်သွားမလို့... အခု ကြည့်ရတာ... မရတော့ဘူး ထင်တယ်..."
လင်ဝမ်ယိသည်လည်း နှမြောမိသွားပြီး သူမ ဘယ်တော့မှများ ကုတင်ပေါ်မှ ဆင်းပြီး ပုံမှန်ဘဝလေးသို့ ပြန်သွားနိုင်မည်လဲဆိုသည်ကို မသိတော့ချေ။