← Chapters

အသားခြောက် ခိုးစားလိုက်တယ်

Vol. 9 Ch. 81

အသားခြောက် ခိုးစားလိုက်တယ်

Vol. 9 Ch. 81

သူမ ထိုသို့ တွေးနေစဉ်မှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရလေသည်။

သူမရော ချွမ်ချီပါ ချက်ချင်း ပါးစပ်ပိတ်သွားကြပြီး တပွက်ပွက် ဆူပွက်နေသော မီးဖိုဘေးတွင် ရပ်ကာ အထဲမှ ပြုတ်နေသော အရိုးစွပ်ပြုတ်ကိုသာ ကြည့်နေလိုက်ကြ၏။

ဝင်လာသူမှာ ချိုးမင်ပင်။ သူက လင်ဝမ်ယိ အပြင်ထွက်လာတုန်းက ဝတ်ရုံသာ ပါလာပြီး ရေနွေးအိတ် မပါလာသည်ကို မြင်သဖြင့် လာပို့ပေးတာပင်။

"သခင်မလေး... အရှင်မင်းကြီး နိုးနေပါပြီ..."

လင်ဝမ်ယိက ချွမ်ချီ နှင့် ရှအန်း တို့ကို တစ်ချက် ကြည့်လိုက်ပြီး သူမရုပ်မှာ အသေခံဖို့ စစ်မြေပြင်ကိုသွားရတော့မည့် စစ်သည်တစ်ယောက်ရုပ်လိုဖြစ်နေ၏။

ထို့နောက် သူမက သူမ စိတ်အခြေအနေကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်ပြီး ပျော်ရွှင်သွားသည့် ပုံစံလေးဖြင့် ပြုံးလိုက်လေသည်။

"အို... ဒီနေ့ အရှင်မင်းကြီး နိုးတာမြန်သလားပဲ... ဘာကိစ္စများ ရှိလို့လဲ..."

"ဒီအစေခံလည်း မသိပါဘူး... ဆရာက သခင်မလေးကို လာခဲ့ဖို့ ပြောလိုက်ပါတယ်... အရှင်မင်းကြီးက တွေ့ချင်လို့ နေမှာပါ..."

"ကောင်းပြီ... အခုပဲ သွားကြတာပေါ့..."

သူမက ရေနွေးအိတ်ကို လှမ်းယူလိုက်တော့ ထိုအနွေးဓာတ်က လက်ချောင်းထိပ်မှ ခြေဖဝါးအထိ ပျံ့နှံ့သွားသလို ခံစားလိုက်ရသည်။

လင်ဝမ်ယိက အရှေ့မှ လျှောက်သွားပြီး ချိုးမင် နှင့် ရှအန်း တို့က အနောက်မှ လိုက်သွားကြ၏။

ချွမ်ချီ ကတော့ အရင်ကလိုပင် မီးဖိုချောင်လေးထဲမှာပဲ ပုန်းနေခဲ့သည်။

သူမ အိပ်ဆောင်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အထဲမှ စကားသံ အချို့ကို သဲ့သဲ့လေး ကြားလိုက်ရလေသည်။

"... အမတ်မင်းက စောင့်နေပါတယ်..."

"အင်း... ကိုယ်တော် အခုပဲ သွားလိုက်မယ်..."

လင်ဝမ်ယိ သေချာ မကြားလိုက်ရသော်လည်း အခန်းကန့်ကို ကွေ့ဝင်လိုက်သည်နှင့် သုန်ယွီကျုံး က အရှင်မင်းကြီးကို ဝတ်ရုံလဲပေးနေသည်ကို တွေ့လိုက်ရသည်။

ဤနွေရာသီဝတ်ရုံပါးမှာ လင်ဝမ်ယိ ယခင်တစ်ခေါက်က ကိုယ်တိုင် ချုပ်ပေးထားခြင်း ဖြစ်ပြီး ယခု ဝတ်ဆင်ထားရသည်မှာ တကယ်ပင် သက်တောင့်သက်သာ ရှိလှ၏။

အပြင်ဘက်မှ နေပူရှိန် ဘယ်လောက် ပြင်းပြင်း အရင်ကလို အပူဖုများ ထွက်မလာပေ။

"အရှင်မင်းကြီး နိုးနေပြီပဲ... အပြင် ထွက်မလို့ ထင်တယ်..."

"အင်း... ညီလာခံမှာ ကိစ္စရှိလို့ ကိုယ်တော် ချီချင်းဆောင် ကို ပြန်သွားရဦးမယ်..."

သူသုံးလိုက်သည့် စကားက ပြန်သွားရမည် ဆိုတော့... ဟွေ့ဖန်းယာခြံဝင်း ဆီ ပြန်လာဦးမှာလား။

လင်ဝမ်ယိ တစ်ယောက် အရှင်မင်းကြီးကို ချီချင်းဆောင် ထဲမှာပဲ အေးအေးဆေးဆေး နေစေချင်လှပြီ။

အခုမှ လက်ထပ်ခါစ ဇနီးမောင်နှံတွေတောင် တစ်ချိန်လုံး ကပ်နေစရာ မလိုဘူး မဟုတ်လား။

ထို့ပြင် သူမ၏ ဤ 'ခင်ပွန်းသည်' မှာ တစ်လောကလုံးကို အုပ်စိုးနေသည့် ဧကရာဇ် တစ်ပါးလည်းဖြစ်သေးသည်လေ။

ထို့ကြောင့် သူမက ချက်ချင်းပင် ယဉ်ကျေးရည်မွန်သည့်ပုံစံလေးဖြင့် ပြောလိုက်လေသည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးမ ကို စိတ်ပူမနေပါနဲ့... ဒီမှာ အားလုံး အဆင်ပြေပါတယ်... ကျွန်တော်မျိုးမလည်း အစားသေချာစားပြီး ဆေးကို သေချာ သောက်လိုက်ပါ့မယ်..."

ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး လင်ဝမ်ယိ၏ လိမ္မာရေးခြားရှိလှသော ပုံစံလေးကို အတော်လေး သဘောကျနေဟန် တူလေ၏။

"သွားကြစို့..."

"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ..."

"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်..."

ဧကရာဇ်က သုန်ယွီကျုံး ကို ခေါ်ကာ အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့၏။

လင်ဝမ်ယိမှာမူ အနောက်မှနေ၍ အရိုအသေပြုနေရင်း သူမ၏ နှုတ်ခမ်းထောင့်များက နားရွက်အထိပင် ကွေးတက်လုမတတ် ပြုံးနေမိလေသည်။

သူမက အရှင်မင်းကြီး မရှိတော့သော အိပ်ဆောင်ထဲမှ လေကို အငမ်းမရ ရှူရှိုက်လိုက်ရင်း... လင်ဝမ်ယိ ယခုမှသာ တကယ်ကို လွတ်လပ်သွားသလို ခံစားလိုက်ရတော့သည်။

"ရှအန်း..."

"ဒီအစေခံ ရှိပါတယ်..."

"နင် ချွမ်ချီ့ ကို သွားခေါ်လိုက်ပါ... သူက နေ့တိုင်း မီးဖိုချောင်လေးထဲမှာပဲ ပုန်းနေရတာ... ငါ့ထက်တောင် ပိုသနားစရာ ကောင်းသေးတယ်..."

"ဟုတ်ကဲ့... ဒီအစေခံ အခုပဲ သွားခေါ်လိုက်ပါ့မယ်..."

ရှအန်း လည်း အတော်လေး ပျော်ရွှင်နေလေသည်။ သူတို့ သုံးယောက်က နန်းတော်ထဲကို အတူတူ ဝင်လာခဲ့သူများ မဟုတ်လား။

သံယောဇဉ်အရ ပြောရလျှင် သခင်မလေး ဘေးတွင် နေ့တိုင်း ခစားရမည့်သူမှာ ချွမ်ချီ သာ ဖြစ်သင့်သည်။

ကံကောင်း၍ သူမက နားလည်ပေးတတ်၍သာတော်တော့လျှင် မဟုတ်လျှင် အခြားသူတစ်ယောက်သာ ဆိုပါက ရင်ကျိုးပြီး အဆုံးပင်စီရင်သွားလောက်ပြီ။

မကြာမီမှာပင် သူတို့ နှစ်ယောက် မီးဖိုချောင်လေးထဲမှ ခပ်သုတ်သုတ် လျှောက်လာကြလေသည်။

ချွမ်ချီက လက်ထဲတွင် စားစရာထည့်သည့် ခြင်းတစ်လုံးကိုပါ ကိုင်ထားသေး၏။

လင်ဝမ်ယိ ထိုအရာကို မြင်လိုက်သောအခါ အနည်းငယ် သိချင်စိတ် ဖြစ်သွားသည်။

"အဲဒီအထဲမှာ ဘာတွေ ထည့်လာတာလဲ..."

"ဟီးဟီး... သခင်မလေး အရင်တစ်ခေါက်က အသားခြောက် ကင်လေး စားချင်တယ်လို့ ပြောထားလို့... ဒီအစေခံ ဒီရက်ပိုင်းအတွင်း နည်းနည်း လုပ်ထားတာပါ... နှမ်းနဲ့ ငရုတ်သီးလေးပါ နည်းနည်း ဖြူးထားတယ်... သခင်မလေး သေချာပေါက် သဘောကျမှာပါ..."

ထိုစကားကို ကြားသောအခါ လင်ဝမ်ယိ၏ မျက်လုံးများ အရောင်လက်သွားတော့သည်။

သူမ ဒီရက်ပိုင်းအတွင်း အရှင်မင်းကြီးနှင့် အတူတူ ခပ်ပေါ့ပေါ့ဟင်းတွေပဲ စားနေရတာ ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်သလဲ ဆိုတာ နတ်မင်းတွေပင်သိနိုင်မည်မဟုတ်။

"မြန်မြန် မြန်မြန်... ငါ ကြည့်ရအောင် အမြန် ထုတ်ပြပါဦး..."

ချွမ်ချီက ပျော်ရွှင်စွာ ပြုံးရယ်နေပြီး အပြင်ဘက်တွင် လူရှိမရှိကို အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးမှ ထုတ်ပြလာသည်။

အသားခြောက်များမှာ သေချာ ခြောက်သွေ့နေအောင် ကင်ထားပြီး အသားမျှင်များကို ရှင်းလင်းစွာ မြင်နေရကာ နှမ်းစေ့လေးများလည်း တစ်စေ့ချင်း ကပ်နေလေသည်။

ငရုတ်သီးများကိုတော့ သိပ်မတွေ့ရပေ။ လင်ဝမ်ယိမှာ ဆေးသောက်နေရဆဲ ဖြစ်၍ အစပ်များကို လျှော့စားဖို့ လို၍ထင်သည်။

လင်ဝမ်ယိက တစ်ပြားယူပြီး စားလိုက်လေ၏။

ပါးစပ်ထဲတွင် အသား၏ မွှေးကြိုင်သော အရသာ ပြည့်နှက်သွားသဖြင့် သူမမှာ ချက်ချင်း လူအသစ်ပြန်ဝင်စားရသလိုပင်။

"ဆေးတွေ ကြာကြီး သောက်ရတော့ ငါ့လျှာတွေတောင် အရသာ မရှိတော့ဘူး... ချွမ်ချီ ကမှ ငါ့အကြောင်းကို နားလည်တယ်... ငါ သနားစရာ ကောင်းနေတာ သိလို့ နတ်သုဒ္ဓာတွေ အမြန်လာလာပို့ပေးတာပဲ..."

"ဟီးဟီး... သခင်မလေး သဘောကျရင်ကို ရပါပြီ..."

ထို့နောက် သူမက အသားခြောက် အနည်းငယ်ကို ယူ၍ ရှအန်း ထံ ကမ်းပေးလိုက်သည်။

"နင်လည်း မြည်းကြည့်ပါဦး... ဒါက ငါ သေချာ စိတ်နှစ်ပြီး လုပ်ထားတာ... မီးဖိုက မီးက ထိန်းရခက်လို့.. အုတ်ကြွပ်ပြားလေး ခံပြီး ကင်ထားရတာ..."

ရှအန်းက ခေါင်းခါကာ ပြုံးလိုက်သည်။ စားသောက်ဖို့ ကိစ္စဆိုလျှင်တော့ ဘယ်သူမှ ချွမ်ချီ့ ကို ယှဉ်နိုင်မည် မဟုတ်ပေ။

"နင် အရင် သိမ်းထားလိုက်ပါ... ငါ ခဏနေမှ စားမယ်... သခင်မလေးလည်း နည်းနည်းပဲ စားပါ... မဟုတ်ရင် ဆေးအာနိသင်ကို ထိခိုက်လိမ့်မယ်..."

လင်ဝမ်ယိ နှစ်ပြားလောက်စားပြီးသည်နှင့် ချွမ်ချီက ချက်ချင်း ပြန်သိမ်းသွားတော့၏။

"ရှအန်း ပြောတာ မှန်တယ်... သခင်မလေး သေချာ သက်သာသွားတဲ့ အချိန်ကျမှ... ဒီအစေခံ နေ့တိုင်း လုပ်ပေးလို့ ရတယ်လေ... အခုတော့ ကျန်းမာရေးက အရေးကြီးဆုံးပဲ... အာသာပြေရုံလေးပဲ စားလိုက်ပါ..."

တော်သေးသည်မှာ လင်ဝမ်ယိကလည်း အစားမက်သူ မဟုတ်၍ အသားခြောက်တွေက အရသာရှိသော်လည်း ပြန်သိမ်းသွားလည်း သူမအတွက် ပြဿနာမရှိပေ။

အသားခြောက် နှစ်ပြား ဗိုက်ထဲရောက်သွားတော့ သူမ၏ စိတ်အခြေအနေလည်း အများကြီး ကြည်လင်လာသလို ခံစားလိုက်ရသည်။

ထို့ကြောင့် သူမက ရှအန်းကို အပျင်းပြေ ဖတ်ရန် စာအုပ်တစ်အုပ် ယူခိုင်းလိုက်ပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေး ဖတ်နေလိုက်တော့သည်။

ချွမ်ချီက ခြင်းကိုဆွဲရင်း အသာအယာ နောက်ဆုတ် ထွက်သွားလေသည်။

သူမက အသားခြောက်များကို ဖယောင်းစက္ကူဖြင့် ပြန်ထုပ်ဖို့ ပြင်နေစဉ်မှာပင် ချိုးမင်က သူမကို ကွက်တိ လာတားလေ၏။

"သခင်မလေးကို စားစရာတွေ လာပို့ပြန်ပြီလား..."

ချွမ်ချီက ခပ်ကြောင်ကြောင်လေး ပြုံးလိုက်ပြီး ခြင်းတောင်းကို ကျောအနောက်သို့ အမြန် ဝှက်ထားလိုက်တော့၏။

ချိုးမင်က သူမ၏ ပုံစံကို မြင်သည်နှင့် တစ်ခုခု လျှို့ဝှက်ထားမှန်း တန်းသိလိုက်၏။

"မင်း တံခါးအပြင်မှာ စောင့်နေ... အဲဒီ အစေခံမလေး နှစ်ယောက်က လင်ချန်ကျိုက် ဆီကို ခိုးပြီး စားစရာ တစ်ခုခု လာပို့ရင်... အကုန် သိမ်းပြီး ချီချင်းဆောင် ဆီ လူလွှတ် ပို့ခိုင်းလိုက်..."

"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ..."

သူက ဧကရာဇ် ထွက်မသွားခင် မှာခဲ့သည့် စကားကို ပြန်တွေးမိလိုက်ပြီး... တကယ်ကို အရှင်မင်းကြီး ခန့်မှန်းထားသည့်အတိုင်း တစ်စက်လေးမျှပင် လွဲမနေပေ။

"မင်းဖွက်ထားတာကို ငါ့ကို ထုတ်ပေးစမ်း.."

ချွမ်ချီမှာ မတတ်သာတော့ဘဲ ခြင်းတောင်းကို ကိုယ့်လက်ဖြင့်ပင် ထည့်ပေးလိုက်ရတော့သည်။

ချိုးမင်က ဖွင့်ကြည့်လိုက်ပြီးနောက် အနည်းငယ် မျက်နှာထား တင်းမာသွားလေ၏။

ချွမ်ချီကတော့ သူ ဆူမှာကို ကြောက်ပြီး သုတ်ခြေတင်ကာ ထွက်ပြေးသွားတော့သည်။

သူမ၏ ထိုပုံစံလေးက ချိုးမင်ကို အနည်းငယ် ရယ်ချင်သွားစေသည်။ ထို့နောက် သူက မလှမ်းမကမ်းရှိ ရှောင်လုကျစ် ကို လှမ်းခေါ်လိုက်လေသည်။

"ရှောင်လုကျစ်..."

"ဒီအစေခံ ရှိပါတယ်..."

"မင်း သွားပြီး ဒီခြင်းတောင်းကို ချီချင်းဆောင် ကို သွားပို့ပြီး... သုန်ကုန်းကုန်း ကို ပေးလိုက်..."

"ဟုတ်ကဲ့..."

ရှောင်လုကျစ်ကတော့ အခြား ဘာများကို တွေးမိမှာလဲ။ သခင်မလေး အသိဝင်လာပြီး အရှင်မင်းကြီးကို ဂရုစိုက်သည့်အနေဖြင့် စားစရာ လာပို့ပေးသည်ဟုသာ ထင်နေမိတော့၏။

သူက ချက်ချင်းပင် လက်ဆေးပြီး ခြင်းတောင်းကို ဆွဲကာ အပူဒဏ်ကို အံတုရင်း ပြေးထွက်သွားတော့သည်။

ဇယ့်ဖင်ကျွန်း၊ ချီချင်းဆောင် ထဲတွင်တော့။

ဧကရာဇ်က လက်ထဲတွင် မှတ်တမ်းလွှာ တစ်စောင်ကို ကိုင်ထားပြီး အထဲတွင် ဘာတွေ ရေးထားသည်ကိုတော့ ဘယ်သူမှ မသိနိုင်ပေ။

သုန်ယွီကျုံး က အရှင်မင်းကြီး၏ မျက်နှာထားမှာ တဖြည်းဖြည်း ပို၍ တင်းမာအုံ့မှိုင်းလာသည်ကို မြင်နေရသဖြင့် အသက်ကိုပင် အောင့်ထားပြီး ဘေးတွင် သတိထားကာ ခစားနေရလေသည်။

'ဒုန်း' ခနဲ အသံနှင့်အတူ ထိုမှတ်တမ်းလွှာမှာ အရှင်မင်းကြီး၏ လက်ထဲမှ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ခံလိုက်ရတော့သည်။

အရှေ့တွင် ဒူးထောက်နေသူမှာမူ ရက်အတော်ကြာ မတွေ့ရသည့် ကန်ခိုင်းယို ပင် ဖြစ်လေသည်။

"အရှင်မင်းကြီး ဒေါသဖြေတော်မူပါ..."

"ဟွန်း... လျိုမိသားစုက တကယ်ကို မြေးကောင်း တစ်ယောက် မွေးထားနိုင်တာပဲ..."

လျိုမိသားစု ဟုတ်လား...။

အဲဒါက ယီဖေး ရဲ့ မိသားစုဖြစ်တဲ့ ရှီးပေမြို့စားမင်း ရဲ့ မြေး ကို ပြောနေတာ မဟုတ်ဘူးလား...။

ရှီးပေမြို့စားမင်း နှင့် သခင်မ တို့တွင် သားသုံးယောက် ရှိပြီး မိသားစုတိုင်းတွင် သားများ မွေးထားကြရာ... အရှင်မင်းကြီး အခုပြောလိုက်သော မြေးကောင်းဆိုသည်မှာ ဘယ်သူ့ကို ရည်ရွယ်နေတာပါလိမ့်...။

သုန်ယွီကျုံး စိတ်ထဲတွင် ခန့်မှန်းနေစဉ်မှာပင် ကန်ခိုင်းယို က ချက်ချင်း ပြန်လျှောက်တင်လိုက်သည်ကို ကြားလိုက်ရလေသည်။

"တတိယသခင်လေးလျို က မြို့စားကတော် ရဲ့ အငယ်ဆုံးမြေး ဖြစ်ပြီး စစ်တပ်ထဲမှာလည်း မရှိပါဘူး... ငယ်ငယ်ကတည်းက ရှန်းကျင်းမြို့တော် ထဲမှာပဲ ကြီးပြင်းလာရတာမို့ အလိုလိုက်ခံထားရတာကတော့ သဘာဝပါပဲ... ဒါပေမဲ့ ဒီတစ်ခေါက် ကိစ္စကတော့ နည်းနည်းလွန်သွားတာမို့... ကျွန်တော်မျိုးလည်း လာမလျှောက်တင်ဘဲ မနေနိုင်တာပါ..."

ဪ... တတိယသခင်လေးလျို ကိုး...။

ဒါဆိုရင်တော့ မထူးဆန်းတော့ပါဘူး...။

ဒီ တတိယသခင်လေးလျို ဆိုသည်မှာ ရှီးပေမြို့စားမင်း ၏ တတိယသား ဖြစ်သော လျိုချီချွင်း ၏ တစ်ဦးတည်းသော သားဖြစ်ပြီး ယီဖေးမယ်မယ် ၏ မောင်ဝမ်းကွဲ အရင်းလည်း ဖြစ်လေသည်။

သူက ငယ်ငယ်ကတည်းက ပြဿနာရှာရတာ ဝါသနာပါတဲ့ အရှုပ်ကောင် တစ်ယောက်ပင်။

All Chapters