အောက်တန်းစားအစေခံက သခင်ကိုအနိုင်ကျင့်ခြင်း
Vol. 9 Ch. 84
သူမက ပြောရင်းဆိုရင်း မျက်နှာထားမှာလည်း အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည့်ဟန် ပေါ်လွင်နေသည်။
သို့သော် ကံမကောင်းစွာဖြင့် ဤကဲ့သို့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မျက်နှာနှစ်ဖက်နှင့် အပြုအမူမျိုးကို ဒုတိယမင်းသား မြင်တွေ့ခဲ့ရသည်မှာ များလှပြီမို့ ခံစားချက်ပင် မရှိတော့ပေ။ စကားများက သူ့ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားက ပြန်ထွက်သွားေတာ့၏။
သူ ပြောချင်ရာပြောပါစေ၊ သည်လိုသော စကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းမှ မဟုတ်တာ။
ချိုက်မားမားက ဒုတိယမင်းသားတစ်ယောက် ဘာပြောပြောနားမဝင်သည့် ပုံစံမျိုး ဖြစ်နေသည်ကို မြင်သောအခါ ဒေါသပိုထွက်လာတော့သည်။
သို့သော် ဤနေရာမှာ အရှင်မင်းကြီး၏ အနီးနားတွင်ဖြစ်၍ သူမ အနေဖြင့် အပြောအဆိုအပြုအမူ အနည်းငယ် ဆင်ခြင်ရပေသည်။
ထို့ကြောင့် သူမက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်ဆုတ် ထွက်သွားလေသည်။ ထွက်မသွားခင် အရိုအသေပင် မပြုသွားခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ပုံမှန်နေ့ရက်များတွင် ထိုအောက်တန်းစားအစေခံတစ်ယောက် သခင်ကို ဘယ်လောက်တောင် အနိုင်ကျင့်မည်ကို တွေးကြည့်ရုံမျှဖြင့် သိနိုင်ပေသည်။
တံခါး ပိတ်သွားပြီး အပြင်ဘက်မှ လှုပ်ရှားသံများ ငြိမ်သက်သွားမှသာ ဒုတိယမင်းသားလည်း မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။
နှစ်ပေါင်းများစွာ ဆေးကို အဆက်မပြတ် သောက်သုံးနေရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းလှပေသည်။ မျက်နှာလေးမှာလည်း အမြဲတမ်း ဖျော့တော့ဝါကျင်နေပြီး အရပ်အမောင်းမှာလည်း သူ့ထက် တစ်နှစ်ကျော် ငယ်သော တတိယမင်းသားကိုပင် မမီချေ။
နှစ်စဉ် နွေဦးနှင့် ဆောင်းဦး ရာသီများမှာ သူဖြတ်သန်းရ အခက်ခဲဆုံး အချိန်များပင်။ နွေရာသီမှာမှ အနည်းငယ် နေသာထိုင်သာ ရှိလေသည်။
လန်ဖေးက လူမြင်ကွင်းတွင် မျက်နှာရဖို့အတွက် သူ့ကိုပါ နွေရာသီအပန်းဖြေနန်းတော်သို့ အတင်းအကျပ် ခေါ်လာခဲ့ခြင်းဖြစ်သည်။။
ထို့ကြောင့် သူ၏ ရင်ထဲတွင် အမြဲတမ်း ဒေါသထွက်နေရသော်လည်း နန်းတော်ထဲမှာ သူ့ဘက်မှ ရပ်တည်ပေးမည့်သူ တစ်ယောက်မျှ မရှိသဖြင့် ဘာမှ မတတ်နိုင်ခဲ့ချေ။
ထိုလန်ဖေးက စကားပြောလျှင်တော့ နားထောင်ကောင်းပြီး လုပ်ရပ်များကလည်း အလွန် သေသပ်လှပေသည်။ ရှေ့ရောနောက်ပါ မိခင်ကောင်း တစ်ယောက်လို ဟန်ဆောင်ပန်ဆောင် နေတတ်သဖြင့် နန်းတော်တစ်ခုလုံးက သူ့ကို သူမဘယ်လောက်တောင် ကောင်းကောင်း ပြုစုပျိုးထောင်ပေးထားသလဲဟု ထင်မှတ်မှားနေကြသည်။
သို့သော် စေတနာအစစ်နှင့် ဟန်ဆောင်ပန်ဆောင် အချစ်များကြားတွင် ဘယ်လောက်တောင် ကွာခြားသလဲ ဆိုသည်ကိုတော့ ဒုတိယမင်းသား ကိုယ်တိုင်သာ အသိဆုံးပင်။
သူ့တွင် မောင်နှမများ သိပ်မရှိလှပေ။ မိဖုရားခေါင်ကြီးရွှီနှင့် ပထမမင်းသားတို့ သက်ရှိထင်ရှား ရှိစဉ်အခါက သူ့အပေါ် တကယ် ဂရုစိုက်ခဲ့ကြသည်။
သို့သော် ကံမကောင်းစွာဖြင့် ကောင်းကင်ဘုံက သဘောကောင်းသူများကို မစောင့်ရှောက်ခဲ့ဘဲ တစ်ယောက်ပြီးတစ်ယောက် ဖျားနာပြီး ကွယ်လွန်သွားခဲ့ကြသည်။
ထိုအချိန်က သူမှာ အသက် နှစ်နှစ် သုံးနှစ် အရွယ်သာ ရှိသေးပြီး အလွန် သွက်လက်ချက်ချာရမည့် အရွယ်ပင်။ သို့သော် ကံဆိုးစွာဖြင့် ထိုအရွယ်ေလးနှင့်မလိုက်အောင် စောစီးစွာ ရင့်ကျက်ခဲ့ရပြီး သေကွဲကွဲရခြင်း၏ နာကျင်မှုများကို မှတ်မိနေခဲ့သည်။
ထိုအချိန်မှစ၍ သူလည်း ဘယ်သူ့ကိုမှ ထပ်ပြီး ရင်းနှီးအောင် မနေတော့ချေ။
"အဟွတ် အဟွတ် အဟွတ် အဟွတ်"
ရုတ်တရက် အဆက်မပြတ် ချောင်းဆိုးလာသဖြင့် သူ၏ မျက်နှာလေးမှာ နီရဲလာပြီး သွေးကြောများပင် ထောင်တက်လာကာ အသက်ရှူပင် ကြပ်လာတော့သည်။
သူက ရေနွေးတစ်ခွက်လောက် ငှဲ့သောက်ရန် လက်လှမ်းလိုက်သော်လည်း ရေနွေးအိုးထဲတွင် ရေနွေးမဆိုထားနှင့် ရေအေးပင် မရှိချေ။
ထို့ကြောင့် သူသည် ယိမ်းနွဲ့ကုလားထိုင်ပေါ်တွင် ပြန်လှဲလိုက်ရင်း စိတ်ကို တည်ငြိမ်အောင် အတင်း ကြိုးစားနေရသည်။
ဤနှစ်များအတွင်း သည်လို လစ်လျူရှုခံရမှုများဟာလည်း တစ်ကြိမ်နှစ်ကြိမ်သာ မဟုတ်တော့၍ သူလည်း အကျင့်ပါနေလေပြီ။
သူက မလှမ်းမကမ်းရှိ ပင်မနန်းဆောင်ဘက်သို့ လှမ်းကြည့်ရင်း သူ့စိတ်ထဲတွင် တွေးနေမိသည်။
အကယ်၍ သူသာ ခမည်းတော်ထံ သွားရောက် တိုင်လိုက်မည်ဆိုလျှင် သူ့ခမည်းတော်က နူးညံ့သိမ်မွေ့ပြီး သဘောကောင်းသည့် လန်ဖေးကို ယုံမည်လား... သို့မဟုတ် အေးစက်ပြီး စရိုက်ထူးဆန်းသည့် သူ့ကို ယုံမည်လား...။
သူ၏သေးငယ်သော မျက်လုံးလေးများမှာ တဖြည်းဖြည်း နီရဲလာတော့သည်။ သို့သော် သူက ဖျော့တော့နေသော နှုတ်ခမ်းများကို တင်းတင်းကိုက်ထားပြီး အားနည်းသည့် လက္ခဏာ တစ်စက်လေးမျှပင် မပြချေ။
ဤသို့ဖြင့် မင်းသားနှစ်ပါး ဇယ့်ဖင်ကျွန်းသို့ ပြောင်းရွှေ့သွားပြီးနောက် အရှင်မင်းကြီးလည်း ဟွေ့ဖန်းယာခြံဝင်းသို့ လာအနားမယူတော့ပေ။
သုန်ယွီကျုံး ကိုယ်တိုင် လာအကြောင်းကြားသောအခါ လင်ဝမ်ယိမှာ အလွန်ပင် ဝမ်းသာသွားရသည်။ သူမထံတွင် ဝမ်းနည်းသွားသည့် အရိပ်အယောင်လေး တစ်စက်မျှပင် မတွေ့ရချေ။ သူမက သုန်ယွီကျုံးအား ပြုံးရွှင်စွာဖြင့် လေသံချိုချိုလေး ပြောလိုက်လေသည်။
"အရှင်မင်းကြီးက ပုံမှန်ဆိုရင် တိုင်းပြည်အရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေရတာ… အခုလို မင်းသားနှစ်ပါးနဲ့ အတူတူ မိသားစုပျော်ရွှင်မှု အချိန်လေး ရသွားတာက တကယ့်ကို ကောင်းတဲ့ကိစ္စပါပဲ… ကုန်းကုန်း ပြန်သွားရင် အရှင်မင်းကြီးကို ဒီကိစ္စအတွက် စိတ်မပူဖို့နဲ့ ကျွန်တော်မျိုးမဆီမှာလည်း။အားလုံး အေးအေးချမ်းချမ်း ရှိပါတယ်လို့ လျှောက်တင်ပေးပါဦး"
"ကောင်းပါပြီ… ကောင်းပါပြီ… သခင်မလေးက တကယ့်ကို စိတ်သဘောထား ပြည့်ဝတာပဲ… အရှင်မင်းကြီး သိရင်လည်း သေချာပေါက် ဝမ်းသာမှာပါ"
လင်ဝမ်ယိ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ထို့နောက် သူမကရှအန်းဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။
"ရှအန်း အဖေ ငါ့အတွက် လုပ်ပေးထားတဲ့ သစ်သားနွားနဲ့ လျှောတိုက်မြင်း အရုပ်နှစ်ခုကို သုန်ကုန်းကုန်း ကို သွားယူပေးလိုက်ပါဦး"
"ဟုတ်ကဲ့"
သစ်သားနွားနဲ့ လျှောတိုက်မြင်း ဟုတ်လား...။
သုန်ယွီကျုံး ထိုပစ္စည်းများနှင့် ပတ်သက်ပြီး သိချင်သွားမိသည်။ လင်ဝမ်ယိက သူ့အား ရှင်းပြလိုက်သည်။
"ပစ္စည်းတွေက တန်ဖိုးကြီးတာ မဟုတ်ပေမဲ့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ် အဲဒါကြောင့် သုန်ကုန်းကုန်း ပြန်သွားရင် ဒုတိယမင်းသားနဲ့ တတိယမင်းသား ကို ဆော့ဖို့ ယူသွားပေးပါ"
ရှအန်းက ပစ္စည်းများကို ယူလာပြီး ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။ ထိုသစ်သားနွားနှင့် လျှောတိုက်မြင်းတို့မှာ လူက ကိုင်လှုပ်ရှားပေးစရာ မလိုဘဲ အလိုအလျောက် လမ်းလျှောက်သွားနိုင်သည်ကို မြင်သောအခါ သုန်ယွီကျုံး၏ မျက်လုံးများပင် အရောင်လက်သွားတော့သည်။
"တကယ် အံ့ဩစရာပါလား"
လင်ဝမ်ယိကတော့ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ဒီပစ္စည်းများကို ကလိနေသည်ကို မြင်ဖူးသဖြင့် အနည်းငယ်မျှ အံ့ဩခြင်း မရှိချေ။ ယင်းအစား သူမက ပြန်ပြောလိုက်သည်။
"မင်းသားနှစ်ပါးက အသက်ငယ်သေးတော့ ဒီပစ္စည်းတွေကို သေချာပေါက် သဘောကျမှာပါ ဒါပေမဲ့ သူတို့ကို မပေးခင် ကုန်းကုန်း အနေနဲ့ တော်ဝင်သမားတော်ကို အရင် ပြသပြီး စစ်ဆေးခိုင်းလိုက်ပါဦး ဘာလို့လဲဆိုတော့"
လင်ဝမ်ယိက စကားကို အဆုံးမသတ်လိုက်သော်လည်း သုန်ယွီကျုံးက သူမ၏ စိုးရိမ်မှုကို နားလည်လိုက်သည်။
အရှင်မင်းကြီးတွင် သားသမီး သိပ်မရှိလှရာ ဤမင်းသားနှစ်ပါးမှာ အလွန် အဖိုးတန်လှပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမပေးလိုက်သော ပစ္စည်းများတွင် လက်ကွက်ဆင်ကာ သူမကို လုပ်ကြံရန် ကြိုးစားမည်ဆိုပါက ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။
ထို့ကြောင့် ကြိုတင်၍ တော်ဝင်သမားတော်အား စစ်ဆေးခိုင်းခြင်းက အကောင်းဆုံးပင်။
"သခင်မလေး စိတ်ချပါ ခဏနေရင် တော်ဝင်သမားတော်ချန် က ဒုတိယမင်းသားဆီ လာပြီး စစ်ဆေးပေးမှာမို့ သူ့ကို တစ်ခါတည်း စစ်ဆေးခိုင်းလိုက်ပါ့မယ်"
"ဒါဆိုလည်း တော်သေးတာပေါ့ ဒါနဲ့ ဒုတိယမင်းသားရဲ့ ရောဂါက အခုထိ မသက်သာသေးဘူးလား"
လင်ဝမ်ယိမှာ နန်းတွင်းသို့ ရောက်လာသည်မှာ သိပ်မကြာသေးသလို ဤဒုတိယမင်းသားနှင့်လည်း တစ်ခါမျှ မဆုံဖူးသဖြင့် သူ၏ ရောဂါအခြေအနေကို သိပ်မသိချေ။ သူသည် မွေးရာပါ အားနည်းပြီး မိခင်ဝမ်းထဲကတည်းက ရောဂါပါလာသည်ကိုသာ သိထားလေသည်။
သို့သော် နန်းတော်ထဲတွင် တော်ဝင်သမားတော် အတော်ဆုံးတွေ ရှိသလို တန်ဖိုးအကြီးဆုံး ဆေးဝါးတွေလည်း အလွယ်တကူ ရနိုင်ပါလျက် ဘာကြောင့် နှစ်ပေါင်းများစွာ ကုသနေတာတောင် မသက်သာရသနည်း။
သုန်ယွီကျုံးက သူမ၏ မေးခွန်းကို ကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဟူး မတတ်နိုင်ဘူးလေ တော်ဝင်သမားတော်တွေ အထပ်ထပ် ကုသပေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ အခုထိ တန်ဖိုးကြီး ဆေးဝါးတွေနဲ့ အသက်ဆက်နေရတုန်းပဲ သနားစရာ ဒုတိယမင်းသားလေးကတော့ မွေးကတည်းက ဆေးသောက်လာရတာ အခုချိန်ထိ တစ်ရက်မှ မပြတ်ဖူးသေးဘူး"
လင်ဝမ်ယိ၏ ရင်ထဲတွင် ဘဝတူများအပေါ် ကိုယ်ချင်းစာစိတ်များ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ သူမကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ဆေးသောက်လာခဲ့ရသူ မဟုတ်ပါလား။
ထို့ကြောင့် ခံစားချက်အရ ဒုတိယမင်းသားကို အတော်လေး နားလည်ပေးနိုင်မိသည်။
သုန်ယွီကျုံးကို ပြန်သွားပြီးနောက်ထိ လင်ဝမ်ယိမှာ စောစောက စကားဝိုင်းထဲတွင် မျောပါနေဆဲပင်။ ဆေးလာပို့သော ချွမ်ချီက သူမ၏ ပုံစံကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"သခင်မလေး ဘာဖြစ်လို့လဲ"
လင်ဝမ်ယိက ချက်ချင်း မဖြေဘဲ အတန်ကြာမှ ချွမ်ချီအား ဖြည်းညင်းစွာ ပြောလိုက်သည်။
"နောက်တစ်ခါ သစ်သီးခြောက်တွေ လုပ်ရင် နည်းနည်း ပိုလုပ်ထားပေးပါ ဒုတိယမင်းသားလည်း ဆေးတွေ သောက်ရလွန်းလို့ ခံတွင်းတွေတောင် ပျက်နေလောက်ပြီ ငါတို့ နည်းနည်း သွားပို့ပေးလိုက်တာပေါ့"
"ဒါက လွယ်လွယ်လေးပါပဲ ဒီအစေခံ မက်မွန်သီးတွေ မှည့်ရင် ခူးလာခဲ့ပါ့မယ် မက်မွန်သီးကို အခြောက်လှမ်းပြီးရင် ချဉ်ချဉ်ချိုချိုလေး ဖြစ်သွားလို့ ဆေးသောက်ပြီး ခံတွင်းပျက်နေတဲ့ အချိန် စားရင် အကောင်းဆုံးပဲလေ"
"အင်း"
လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်သည်။
ချီချင်းဆောင်တွင်မူ အရှင်မင်းကြီး၏ စားပွဲတော်ပေါ်တွင် မူလက အထပ်လိုက် ရှိနေသော မှတ်တမ်းလွှာများ နေရာတွင် ယခုအခါ စားစရာသေတ္တာ တစ်ခုနှင့် ဟွေ့ဖန်းယာခြံဝင်းမှ ယူလာသည့် သစ်သားနွားနှင့် လျှောတိုက်မြင်း အရုပ်နှစ်ခုသာ ရှိနေတော့သည်။
စားစရာသေတ္တာထဲတွင်မူ ချိုးမင်က ချွမ်ချီ၏ လက်ထဲမှ လုယူလာသော အသားပြားကြော်များ ရှိနေလေသည်။ သုန်ယွီကျုံးက သေချာ သိမ်းဆည်းလာသဖြင့် ပျက်စီးသွားခြင်း မရှိပေ။
အဖုံးကို ဖွင့်လိုက်သည်နှင့် အသားပြားကြော်၏ မွှေးပျံ့သော ရနံ့များက လေထဲတွင် တဖြည်းဖြည်း ပျံ့နှံ့လာတော့သည်။ ဘေးတွင်ရှိသော သစ်သားနွားနှင့် လျှောတိုက်မြင်း အရုပ်များမှာလည်း ကြည့်ရတာ အလွန် ချစ်စရာကောင်းပြီး စိတ်ဝင်စားဖွယ် ကောင်းနေလေသည်။
ဘာကြောင့်မှန်းမသိ၊ အရှင်မင်းကြီး၏ ခေါင်းထဲတွင် လင်ဝမ်ယိနှင့် ပတ်သက်သော ပုံရိပ်များစွာက အလိုလို ပေါ်လာတော့သည်။ သူက ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း နှုတ်ခမ်းထောင့်များက အလိုအလျောက် မြင့်တက်လာလေသည်။
သူက အသားပြားကြော် တစ်ပြားကို ယူ၍ အသေအချာ မြည်းကြည့်လိုက်သည်။ အပေါ်မှ နှမ်းများက အနံ့ကို ပိုမွှေးစေပြီး ငရုတ်သီးက အရသာကို ပိုမို ထင်ရှားစေသည်။ အရှင်မင်းကြီး အနေဖြင့် ဤကဲ့သို့သော အစားအစာမျိုးကို ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်ရာ စားလို့ပင် မရပ်နိုင်အောင် ဖြစ်လာတော့သည်။
သူ၏ စိတ်ထဲတွင် လင်ဝမ်ယိ၏ နှုတ်ခမ်းထောင့်တွင် နှမ်းစေ့လေးများ ကပ်နေမည့် ပုံစံကိုပင် အလိုလို မြင်ယောင်လာမိသည်။ သူမ၏ ချစ်စရာကောင်းသော အမူအရာလေးကို မြင်ယောင်ရင်း မရည်ရွယ်ဘဲ တံတွေးပင် မြိုချလိုက်မိလေသည်။
ဘေးနားရှိ သုန်ယွီကျုံးကတော့ ဘာမှန်းမသိဘဲ အရှင်မင်းကြီးတောင် ဒီလောက် သဘောကျနေတာဆိုတော့ ဒီအသားပြားကြော်က တကယ်ကို အရသာရှိမှာပဲဟု တွေးနေမိသည်။ အခွင့်အရေးရလျှင် သူ၏ တပည့် ချိုးမင်ဆီကနေ နှစ်ပြားလောက် တောင်းစားကြည့်ဦးမှဟုလည်း တွေးလိုက်သေး၏။