← Chapters

သစ်သားနွားနှင့် လျှောတိုက်မြင်း

Vol. 9 Ch. 85

သစ်သားနွားနှင့် လျှောတိုက်မြင်း

Vol. 9 Ch. 85

ချီချင်းဆောင်၏ နောက်ဘက်ဆောင် ဒုတိယမင်းသား နေထိုင်ရာ အခန်းထဲတွင် လူများ ပြည့်နှက်နေသည်။

ချိုက်မားမားက အခန်းထဲတွင် အလွန် ရိုသေကျိုးနွံစွာဖြင့် ပြုစုနေပြီး ယခင်က သဘောကောင်းသည့် ပုံစံမျိုးကို ပြန်လည် ဖမ်းထားလေသည်။

အရှင်မင်းကြီးက လက်ကို နောက်ပစ်ကာ ကုတင်ဘေးတွင် မတ်တပ်ရပ်နေပြီး တော်ဝင်သမားတော်ချန် အသေအချာ စမ်းသပ်စစ်ဆေးနေသည်ကို စောင့်ကြည့်နေ၏။ ခဏအကြာတွင် တော်ဝင်သမားတော်ချန်က စကားစလိုက်သည်။

"ဒုတိယမင်းသားရဲ့ ရောဂါက ဘာမှ ထူးခြားတာ မရှိပါဘူး… ဒါပေမဲ့ စိတ်ကို အေးအေးထားပြီး အနားယူဖို့တော့ လိုပါမယ်"

"ဟုတ်ပါတယ်…ဟုတ်ပါတယ်…ဒီအစေခံတို့လည်း နေ့တိုင်း ဒုတိယမင်းသားကို စိတ်အေးအေးထားဖို့ ဆေးသေချာသောက်ဖို့နဲ့ ကောင်းကောင်း အနားယူဖို့ အမြဲတမ်း တိုက်တွန်းနေပါတယ်… တစ်မိနစ်လေးတောင် မပေါ့ဆရဲပါဘူး"

ချိုက်မားမားက စကားပြောရာတွင် အလွန် ယုံကြည်မှု ရှိနေသည့်ဟန်ဖြင့် ပြောလိုက်သည်။ ဒုတိယမင်းသားက သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးပြန်မှိတ်ကာ အသံတစ်ချက်မျှပင် မထွက်တော့ချေ။

ချိုက်မားမားကလည်း ကျင့်သားရနေပြီမို့ နန်းတော်ထဲမှာ ဒုတိယမင်းသားအတွက် တကယ် ရပ်တည်ပေးမည့်သူ တစ်ယောက်မှ မရှိမှန်း သူမ သိထားလေသည်။ ထို့ကြောင့် သူမ လက်အောက်တွင် အသက်ရှင်ချင်လျှင် ပါးစပ်ပိတ်နေတာက အကောင်းဆုံးပင်။ ဒီအချက်နှင့် ပတ်သက်၍တော့ သူမ အလွန် ယုံကြည်ချက်ရှိသည်။

အရှင်မင်းကြီးက သူ့ရှေ့ရှိ အားနည်းနေသော သားတော်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ငယ်စဉ်က သူကိုယ်တိုင် ဖျားနာခဲ့စဉ်က အချိန်များကို ပြန်တွေးမိပြီး ဘယ်လို နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ချေ။

"မင်းက နေမကောင်းတော့ လူထူထူထဲ သွားရတာ မကြိုက်ဘူးလေ… အဲဒါကြောင့် ခမည်းတော်က ဆော့စရာ အရုပ်လေးတစ်ခု ယူလာပေးတယ် အားနေတဲ့အချိန် ဆော့လို့ရတာပေါ့ မင်းရောဂါက စိတ်ချမ်းသာမှ မြန်မြန် ပျောက်မှာ… တစ်နေ့လုံး မှိုင်မနေနဲ့ သိလား"

အရှင်မင်းကြီးက တမင်တကာပင် သူ၏ လေသံကို လျှော့ချကာ ပြောလိုက်သည်။ ဒုတိယမင်းသားက ကြားသောအခါ မျက်လုံးဖွင့်ပြီး ခေါင်းညိတ်ပြသော်လည်း မျက်နှာပေါ်တွင်မူ ဘာတက်ကြွမှုမှ မရှိချေ။

သူ့ပုံစံကို ကြည့်ပြီး အရှင်မင်းကြီး၏ ရင်ထဲတွင်လည်း သိပ်မကြည်လင်လှပေ။ သူက ငယ်ငယ်ကတည်းက ပလ္လင်ပေါ်သို့ တွန်းတင်ခံခဲ့ရသူ ဖြစ်ရာ စိတ်ဓာတ်မခိုင်မာလျှင် အကြိမ်ပေါင်းများစွာ ဆွဲချခံရပြီးလောက်ပြီ။

ထို့ကြောင့် သူ့စိတ်ထဲတွင် ခွန်အားကြီးမားမှသာ မိမိကိုယ်ကိုယ်ရော ဘေးနားက လူများကိုပါ ကာကွယ်ပေးနိုင်မည်ဟု အမြဲ ယုံကြည်ထားလေသည်။ ဒုတိယမင်းသားကဲ့သို့ လောကကြီးကို ဘာမျှော်လင့်ချက်မှ မရှိတော့သည့် ပုံစံမျိုးကို သူ အမုန်းဆုံးပင်။

သို့သော် ဖျားနာနေသူ ဖြစ်သဖြင့် ပြင်းပြင်းထန်ထန်လည်း မပြောရက်ပေ။ ထို့ကြောင့် စကားအနည်းငယ် ထပ်မှာပြီးနောက် ပြန်ထွက်သွားတော့သည်။

ချိုက်မားမားက အရှင်မင်းကြီးကို စည်းမျဉ်းနှင့်အညီ ပြန်လိုက်ပို့ပြီးနောက် စားပွဲပေါ်ရှိ ပစ္စည်းများကို တစ်ချက် လှမ်းကြည့်လိုက်ရင်း အထင်သေးစွာဖြင့် ပြောလိုက်လေသည်။

"သစ်သားတုံးလေးတွေပဲဟာ… ဒုတိယမင်းသား ဆော့မှာလား… မဆော့ရင်တော့ ဒီအစေခံ သိမ်းထားလိုက်တော့မယ်"

သူမ၏ မောက်မာသော အမူအရာက စောစောကနှင့် လူစားလဲလိုက်သလိုပင် ကွာခြားလှပေသည်။

"ယူခဲ့…"

ဒုတိယမင်းသားလည်း ရှားရှားပါးပါး ဒေါသထွက်သွားပြီး ချိုက်မားမားကို ကြည့်သည့် အကြည့်ကလည်း ဆာလောင်နေသော ဝံပုလွေပေါက်လေး တစ်ကောင်လို မျက်လုံးထဲတွင် အစိမ်းရောင် အလင်းများပင် လက်နေတော့သည်။

ချိုက်မားမားက သူ၏ အကြည့်ကြောင့် လန့်ဖျပ်သွားပြီး လက်တုန်သွားကာ သစ်သားနွားနှင့် လျှောတိုက်မြင်းရုပ်တွေ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

ချက်ချင်းပင် သစ်သားတုံးလေးများ ပြုတ်ထွက်သွားပြီး စောစောကလို အသက်ဝင်လှုပ်ရှားနေသည့် ပုံစံမျိုး မရှိတော့ချေ။

"ဒါက ဒုတိယမင်းသားက ဒီအစေခံကို လန့်အောင် လုပ်လို့ လက်ချော်သွားတာပါနော်"

သူခိုးကလူပြန်ဟစ်ပြနေသဖြင့် ဒုတိယမင်းသားက ဒေါသတကြီးဖြင့် ဘေးရှိ ခေါင်းအုံးကို ကောက်လိုက်ပြီး ပစ်ပေါက်လိုက်တော့သည်။

ခေါင်းအုံးက နူးညံ့သဖြင့် ချိုက်မားမားကို ထိသွားသော်လည်း သိပ်မနာပေ။ ချိုက်မားမားကမူ ရိုင်းပျစွာ ပြန်ပြောလိုက်လေသည်။

"ဟွန်း… ဒုတိယမင်းသားက ဒေါသထွက်ချင်တယ် ဆိုရင်လည်း ကိုယ့်ဘာသာ ထွက်ပါတော့…ဒီအစေခံကတော့ ဆက်ပြီး မပြုစုနိုင်တော့ဘူး"

ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော သစ်သားအပိုင်းအစများကို ကြည့်ရင်း ဒုတိယမင်းသား၏ လည်ချောင်းထဲမှ မထိန်းနိုင်တော့ဘဲ ရှိုက်သံတစ်ခု ထွက်ပေါ်လာတော့၏။

သို့သော် ကံမကောင်းစွာဖြင့် ဤအသံလေးဟာ ကြီးမားကျယ်ဝန်းလှသော နွေရာသီအပန်းဖြေနန်းတော်ကြီးထဲတွင် ဘယ်သူမှ ဂရုမစိုက်မိလောက်အောင် တိုးတိတ်လွန်းလှပေသည်။

မင်းသားနှစ်ပါး ချီချင်းဆောင်သို့ ပြောင်းရွှေ့လာပြီးကတည်းက အရှင်မင်းကြီးက နေ့စဉ် အဖော်ပြုပေးလေသည်။

အထူးသဖြင့် အသက် ငါးနှစ်ပင် မပြည့်သေးသော တတိယမင်းသားတွင် ထူးခြားသော ဉာဏ်ရည်နှင့် ရဲစွမ်းသတ္တိများကို မြင်နေရပြီပင်။ အရှင်မင်းကြီးက သူ့ကို ကြည့်ရင်း မျက်လုံးများထဲတွင် ချီးကျူးမှုနှင့် နှစ်သက်မှုများ အမြဲတမ်း ပြည့်နှက်နေတတ်သည်။

သို့သော် တစ်ခါတစ်ရံတွင်မူ ရှုပ်ထွေးသော ခံစားချက်များ ဝင်လာပြီး သူ့ကို ဒီလောက် မထူးချွန်စေချင်သလိုမျိုးလည်း ရှိနေပြန်သည်။

ဒုတိယမင်းသားကတော့ အချိန်အများစုကို အခန်းထဲတွင်သာ လှဲလျောင်းရင်း ရောဂါကုသနေရသည်။ အချိန်ကြာလာသည်နှင့်အမျှ သဘာဝကျကျပင် ဘယ်သူမှ ဂရုမစိုက်တော့ချေ။

သူက ဤကဲ့သို့ အထီးကျန်ဆန်မှုမျုိးကို ကျင့်သားရနေပြီဖြစ်ကာ လန်ဖေး၏ နန်းဆောင်တွင် ရှိစဉ်ကလည်း သည်လိုပင်။ ယခုလည်း အတူတူပင်။

သူက သူ၏ လက်သေးသေးလေးများဖြင့် ကြမ်းပြင်ပေါ်ရှိ သစ်သားအပိုင်းအစများကို အပြန်ပြန်အလှန်လှန် ဆက်ကြည့်နေပြီး သစ်သားနွားနှင့် လျှောတိုက်မြင်းကို မူလအတိုင်း ပြန်ဖြစ်အောင် ကြိုးစားနေမိသည်။

သို့သော် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာမှအရာမထင်ပေ။ သူ၏ ခန္ဓာကိုယ်လိုပင် အမှိုက်ပုံလို ပျက်စီးဆွေးမြည့်နေလေပြီ။

သူဟာ တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး အခန်းထဲတွင် ဆက်နေရတာလည်း လုံးဝ မလွတ်လပ်သလို ခံစားလာရသည်။ ထို့ကြောင့် ချိုက်မားမား မရှိသည့် အချိန်ကို အခွင့်ကောင်းယူပြီး နန်းဆောင်ပြင်ကို တိတ်တဆိတ် ထွက်လာခဲ့လေသည်။

အရင်တုန်းက တော်ဝင်ဥယျာဉ်ထဲသို့ တစ်ယောက်တည်း လမ်းလျှောက်ထွက်သလိုမျိုးပင်။ သူက မှတ်ဉာဏ်ကောင်းပြီး ခန္ဓာကိုယ်လည်း သေးသဖြင့် ဇယ့်ဖင်ကျွန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဘယ်သူမှ မသိအောင် အပြင်သို့ ထွက်လာနိုင်ခဲ့သည်။

သို့သော် ဇယ့်ဖင်ကျွန်းမှ ထွက်လာပြီးနောက်တွင်တော့ အနည်းငယ် တွေဝေသွားရသည်။ ဒီပတ်ဝန်းကျင်ကို သူ တစ်ခါမှ မရောက်ဖူးသဖြင့် ဘယ်နေရာကို ကြည့်ကြည့် အစိမ်းသက်သက်ချည်းသာ ဖြစ်နေတော့၏။

သူ နောက်ပြန်လှည့်လိုက်ချင်သော်လည်း ယခုအချိန် ပြန်သွားလျှင် အရှက်ကွဲဦးမှာဟု တွေးမိလိုက်သည်။ ထို့ကြောင့် အံကြိတ်ပြီး ရှေ့ဆက် လျှောက်သွားဖို့ ဆုံးဖြတ်လိုက်၏။

နေကလည်း အရမ်းပူပြီး သူ၏ ခန္ဓာကိုယ်ကလည်း အားနည်းနေသော်လည်း သူ အတန်ကြာ လျှောက်လာပြီးတိုင့် လူသူအရိပ်အယောင်လေးပင် မတွေ့ရချေ။

သူက ရုတ်တရက် မျက်လုံးထဲတွင် အမှောင်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျတော့မလို ဖြစ်သွားသည်။ ဒီအတိုင်းသာ လဲကျသွားလျှင် သူ့ မျက်နှာတစ်ခုလုံး ဒဏ်ရာရသွားတော့မှာ အသေအချာပင်။

စိတ်ထဲတွင် တင်းထားလိုက်မိသော်လည်း အားမရှိတော့သဖြင့် ကံကြမ္မာအလိုကျ ခန္ဓာကိုယ်ကို လွှတ်ချလိုက်မိတော့၏။

သို့သော် ကြမ်းပြင်နှင့် မထိခင်လေးမှာပင် မိန်းမစိုးလေး တစ်ယောက်က သူ့ကို ဆွဲထူလိုက်လေသည်။ ထိုသူမှာ ရှောင်လုကျစ်ပင်။

"မင်းက ဘယ်သူလဲ"

ဒုတိယမင်းသားက သူ၏ အသက်သခင်ကျေးဇူးရှင်ကိုပင် မျက်နှာထား တင်းတင်းဖြင့် မေးလိုက်ရာ နန်းတော်ထဲမှ လူများက သူ့ကို ဘာကြောင့် အနားမကပ်ရဲကြသည်မှာလည်း မဆန်းတော့ပေ။

ရှောင်လုကျစ်က ဒုတိယမင်းသားကို နှစ်ကြိမ်သာ မြင်ဖူးသေးသည်။ တစ်ကြိမ်မှာ နန်းတွင်းရေးရာဌာနမှ လန်ဖေး၏ ယုံအန်းနန်းဆောင်သို့ ပစ္စည်းသွားပို့စဉ် အမှတ်တမဲ့ တွေ့ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ကြိမ်မှာ နန်းတွင်းစားပွဲတော်တွင် လက်ဖက်ရည် ကမ်းပေးစဉ်က မြင်ခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ရှောင်လုကျစ်က ချက်ချင်း မှတ်မိသွားသည်။

"ဒီအစေခံက ရှောင်လုကျစ်ပါ… ရီဟွားနန်းဆောင်က ရှန်ယိနန်းဆောင် ရဲ့ မိန်းမစိုးပါ"

"မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"ရှေ့နားလေးမှာ လင်ချန်ကျိုက် နေတဲ့ ဟွေ့ဖန်းယာခြံဝင်း ရှိတယ်လေ…ဒုတိယမင်းသားက ဇယ့်ဖင်ကျွန်းမှာ ရှိနေရမှာ မဟုတ်ဘူးလား ဘယ်လိုလုပ် ထွက်လာတာလဲ"

ဒုတိယမင်းသားလည်း လူမိသွား၍ ရှောင်လုကျစ်ကို ကြည့်ကာ အရင်က အေးစက်စက် ပုံစံမျိုး ပြန်ဖမ်းပြီး လန့်သွားအောင် ကြိုးစားလိုက်သည်။

"သူများကိစ္စ ဝင်မပါနဲ့"

သို့သော် ရှောင်လုကျစ်က ချိုးကုန်းကုန်း၏ အေးစက်သော မျက်နှာထားကိုပင် ခံနိုင်ရည်ရှိသူ ဖြစ်ရာ ကလေးငယ်တစ်ဦး၏ ဟန်ဆောင်မှုလောက်ကိုတော့ ဘယ်လိုလုပ် ကြောက်မည်နည်း။ ထို့ကြောင့် သူက ဘာမှမဖြစ်သလိုပင် နေနေလိုက်သည်။

ရှောင်လုကျစ်က ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ ဒုတိယမင်းသားက နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်ပြီး ရှေ့ဆက် ထွက်သွားလေသည်။

သို့သော် ရှောင်လုကျစ်က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ဘယ်သူမှ ပါမလာသည်ကို မြင်သောအခါ ဒုတိယမင်းသား တစ်ယောက်တည်း ထွက်လာခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်ပြီး၊ အကယ်၍ သူ တစ်ခုခု ဖြစ်သွားလျှင် ပြဿနာ ကြီးသွားနိုင်သဖြင့် အနောက်မှ ကပ်လိုက်သွားလိုက်သည်။

ဆယ်မီတာခန့် လျှောက်လာပြီးနောက်မှာ‌‌ေတာ့ ဒုတိယမင်းသားက သူ့ အနောက်တွင် လူတစ်ယောက် ပါလာမှန်း သတိထားမိသွားသည်။ သူလှည့်ကြည့်လိုက်တော့ ရှောင်လုကျစ် ဖြစ်နေလေသည်။ သူ့မှာ ချက်ချင်းပင် မလွတ်လပ်တော့သလို ခံစားလိုက်ရသည်။

"မင်း သေချင်နေတာလား ဘာလို့ ငါ့နောက် လိုက်လာတာလဲ"

"ဒီအစေခံ မသေချင်ပါဘူး… ဒါပေမဲ့ ဒုတိယမင်းသားနောက်ကို မလိုက်ဘူးဆိုရင်တော့ တကယ် သေရလိမ့်မယ်"

"မင်း"

ဒုတိယမင်းသားမှာ ပထမဆုံးအကြိမ်အဖြစ် စကားတစ်ခွန်းမှပြန်မပြောနိုင်အောင် ဖြစ်သွားရသည်။ ရှောင်လုကျစ်၏ တည်ငြိမ်နေသော မျက်နှာထားကို ကြည့်ရင်း သူ ဘာလုပ်ရမှန်း မသိတော့ပေ။

ယခင်က သူ မျက်နှာထား တင်းလိုက်လျှင် အစေခံများ မဆိုထားနှင့် ချိုက်မားမားလို လူတောင် အနားမကပ်ရဲပေ။ ဒီမိန်းမစိုးလေးကတော့ တကယ့်ကို အရိပ်အကဲ နားမလည်တာပဲ။

ဒုတိယမင်းသားလည်း သူ့ကို ဂရုမစိုက်တော့ဘဲ ရှေ့ဆက် လျှောက်သွားလိုက်သည်။ သို့သော် လျှောက်သွားရင်းနှင့် တောအုပ်ထဲမှ ခြံဝင်းလေးတစ်ခုကို တွေ့လိုက်ရလေသည်။

သူ၏ သေးငယ်သော မျက်နှာလေးပေါ်တွင် ဘာလုပ်ရမှန်းမသိသလို အမူအရာလေး တစ်ခု ပေါ်လာတော့သည်။

All Chapters