← Chapters

သတိထားစောင့်ကြည့်ခြင်း

Vol. 9 Ch. 86

သတိထားစောင့်ကြည့်ခြင်း

Vol. 9 Ch. 86

ဝင်သွားရမလား…။

မဝင်ဘဲ နေရမလား…။

သူ အလွန် ရေဆာနေပြီမို့ ဒီခြံဝင်းထဲ ဝင်ပြီး ရေတစ်ခွက်လောက် သောက်လိုက်လျှင်လည်း ဘာမှမထိခိုက်လောက်ဟု တွေးမိသည်။

ဒါပေမဲ့ အနောက်က မိန်းမစိုးက သူ့ကို အထင်သေးသွားရင် ဘယ်လိုလုပ်မလဲ…။

သူ ထိုသို့ တွေဝေနေစဉ်မှာပင် ခြံဝင်းထဲမှ ထွက်လာသော ချိုးမင်နှင့် ပက်ပင်းတိုးတော့သည်။

ချိုးမင်က မျက်နှာတစ်ခုလုံး နီရဲနေသော ဒုတိယမင်းသားနှင့် သူ့အနောက် မလှမ်းမကမ်းတွင် ကပ်ပါလာသော ရှောင်လုကျစ်ကို တွေ့လိုက်ရသည်။

သူက ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးသွားပြီး မေးလိုက်လေသည်။

"ဒုတိယမင်းသား ဘယ်လိုလုပ် ဒီရောက်လာတာလဲ…"

ဒုတိယမင်းသားက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ ပြန်မဖြေချေ။

ချိုးမင်က ခေါင်းမော့၍ ရှောင်လုကျစ်ကို တစ်ချက် ကြည့်လိုက်ရာ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြပြီး အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြသည်။

ချိုးမင်၏ ရှေ့တွင်တော့ ဒုတိယမင်းသား ဘယ်လောက်ပဲ ခေါင်းမာမာ၊ အေးစက်စက် ပုံစံမျိုး ဆက်ဖမ်းထား၍ မရတော့ပေ။

သို့သော် ဘယ်လို စကားစပြောရမလဲမသိဖြစ်ကာ အခက်တွေ့နေလေသည်။

ထို့ကြောင့် ချိုးမင်ကပင် ကိုယ်တိုင် ရှေ့တိုးကာ ပြောလိုက်၏။

"ဒုတိယမင်းသား ဒီအစေခံနဲ့အတူ အိမ်ထဲ မြန်မြန် ဝင်ကြရအောင်… အပြင်မှာ နေအရမ်းပူတော့ အပူရှပ်သွားပါဦးမယ်…"

ချိုးမင်းက လမ်းဖွင့်ပေးလိုက်ပြီး ဒုတိယမင်းသားကလည်း အခြေအနေကို နားမလည်သူမျိုး မဟုတ်ပေ။

ထို့ကြောင့် သူက ချိုးမင်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

သူတို့ သုံးယောက် ဟွေ့ဖန်းယာခြံဝင်းထဲသို့ ဝင်လာကြသည်။ ဒုတိယမင်းသား၏ ရင်ထဲတွင် သိချင်စိတ်များ ရှိနေသော်ငြား အရှေ့ကိုသာ တည့်တည့်ကြည့်ပြီး ဘေးဘီဝဲယာကို လျှောက်မကြည့်ခဲ့ချေ။

သူ၏ ဤအပြုအမူလေးကြောင့် ချိုးမင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားတော့သည်။

စိတ်တည်ငြိမ်မှု ရှိပေမဲ့… နှမြောစရာကောင်းတာက ခန္ဓာကိုယ်က အားနည်းနေတာပဲ…။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်တွင် လင်ဝမ်ယိက အရှင်မင်းကြီး၏ နေ့စဉ်ဝတ်ရုံကို ချုပ်နေခိုက်ဖြစ်ပြီး ချိုးမင်က ဒုတိယမင်းသားကို ခေါ်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။

"ချိုးကုန်းကုန်း… သူက…"

"သခင်မလေး… သူက ဒုတိယမင်းသားပါ… အပြင်မှာ နေအရမ်းပူလွန်းလို့… ဒီအစေခံက ရဲတင်းစွာနဲ့ပဲ ဒုတိယမင်းသားကို ရေတစ်ခွက်လောက် သောက်ပြီး နေပူဆင်အောင် ကျွန်တော်တို့ ခြံဝင်းထဲ ခေါ်လာခဲ့တာပါ…"

"အဲဒီလို လုပ်ရမှာပေါ့…"

လင်ဝမ်ယိက ပြုံးလိုက်ပြီး သူ့ကိုသာ ကြည့်နေကာ ဘာစကားမှ ဆက်မပြောတော့ပေ။

ချိုးမင် စကားပြောပြီးသည်နှင့် ရှအန်းက ချက်ချင်း ရေသွားငှဲ့ပေးသည်။

လင်ဝမ်ယိ၏ ကျန်းမာရေး အခြေအနေကြောင့် အခန်းထဲတွင် အမြဲတမ်း ရေနွေးများ အသင့် ရှိနေတတ်သည်။

ရှအန်းက ရေနွေးတစ်ခွက်ကို ယူလာပြီး ဒုတိယမင်းသား၏ ရှေ့သို့ ကမ်းပေးကာ ရိုရိုသေသေ ပြောလိုက်သည်။

"ဒုတိယမင်းသား… သုံးဆောင်ပါရှင်…"

သို့သော် ဒုတိယမင်းသားမှာ လူသာ သေးသော်လည်း သတိကတော့ ကြီးလှပေသည်။

သူက ရှအန်း ကမ်းပေးထားသည်ကို ဒီအတိုင်း ကြည့်နေပြီး စကားလည်း မပြောသလို လှမ်းလည်း မယူချေ။

လင်ဝမ်ယိက ခေါင်းငဲ့ကြည့်လိုက်ပြီး အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။

ထို့ကြောင့် သူမ နေရာမှ ထကာ ရေနွေးအိုးဆီသို့ လျှောက်သွားပြီး သူမအတွက်လည်း တစ်ခွက် ငှဲ့လိုက်သည်။ ထို့နောက် တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။

ထို့နောက် ခွက်ကို ပြောင်းပြန်လှန်ပြလိုက်ပြီး ဒုတိယမင်းသားကို မျက်ခုံးပင့်ပြလိုက်သည်။

အဆိပ်မပါဘူး… မြန်မြန် သောက်လိုက်တော့… ဟု ပြောနေသကဲ့သို့။

ဒုတိယမင်းသားလည်း ခဏလောက်စဉ်းစားလိုက်ပြီးမှသာ ခွက်ကို ကိုင်ရင်း တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။

ရေနွေးထဲတွင် ပျားရည် အနည်းငယ် ထည့်ထား၍ သောက်လိုက်လျှင် အနည်းငယ် ချိုမြမြ အရသာလေး ရှိနေ၏။

ရေအပူချိန်ကလည်း ကွက်တိဖြစ်နေသဖြင့် ဒုတိယမင်းသား၏ ခြောက်သွေ့နေသော လည်ချောင်းကို ပြန်လည် စိုစွတ်သွားစေသည်။

သူက တစ်ခွက်သောက်ပြီးသွားကာ မဝသေးသော်လည်း ခွက်ကို ရှအန်းထံ ပြန်ကမ်းပေးလိုက်သည်။ သို့သော် သူ၏ မျက်လုံးများကမူ ရေနွေးအိုးဆီသို့ ရောက်နေဆဲပင်။

လင်ဝမ်ယိက အသာပြုံးလိုက်ပြီး ရှအန်းအား အမိန့်ပေးလိုက်သည်။

"ဒုတိယမင်းသားကို နောက်ထပ် တစ်ခွက်လောက် ထပ်ငှဲ့ပေးလိုက်ပါဦး…"

"ဟုတ်ကဲ့…"

ရေနှစ်ခွက်မျှ သောက်လိုက်ရုံဖြင့် ဒုတိယမင်းသားမှာ စောစောက ခေါင်းမူးမျက်စိပြာနေသည်များ အတော်လေး သက်သာသွားသည်ဟု ခံစားလိုက်ရသည်။

ယခုအချိန်တွင်တော့ သူ့မှာ ထိုင်ရမလို ရပ်ရမလို ဖြစ်နေတော့၏။

သူနှင့် လင်ဝမ်ယိမှာ တစ်ခါမျှ မတွေ့ဖူးကြသဖြင့် ယခု ဘာစကား ပြောရမှန်းပင် မသိတော့ချေ။

ကလေးလေးမှာ အနည်းငယ် အနေရခက်နေသော်ငြား သူ၏ ဂုဏ်သိက္ခာကို ထိန်းသည့်အနေဖြင့် အရင်လည်း စကားမစချင်ပေ။

လင်ဝမ်ယိက အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်ပြီး လေသံချိုချိုလေးဖြင့် မေးလိုက်လေသည်။

"ဒုတိယမင်းသား နေ့လည်စာစားပြီးပြီလား…"

"မစားရသေးဘူး…"

ပြန်ပြောလိုက်ပြီးသည်နှင့် ဒုတိယမင်းသား မျက်မှောင်ကြုတ်သွားရသည်။

မူလက သူများကိစ္စ ဝင်မပါနဲ့ ဟု ပြောချင်ခဲ့တာဖြစ်သော်လည်း လင်ဝမ်ယိ၏ မျက်နှာကို ကြည့်ပြီး ဘာကြောင့် ပြောမထွက်ရသလဲ။

"ဒါဆို အတော်ပဲ… ကျွန်တော်မျိုးမရဲ့ မီးဖိုချောင်လေးထဲမှာ စားစရာတွေ ရှိတယ်… သူတို့ကို အခုပဲ ပို့ခိုင်းလိုက်ပါ့မယ်…"

ထိုစကားကို ကြားသည်နှင့် ရှောင်လုကျစ်က ချက်ချင်းပင် ချွမ်ချီထံ သွားပြောလိုက်သည်။

ဒုတိယမင်းသားကလည်း အစကလောက် နေရခက်မနေတော့ဘဲ ခုံအဝိုင်းလေးတစ်ခုကို ရှာ၍ ထိုင်လိုက်လေ၏။

လင်ဝမ်ယိ သူ့ကို ကြည့်လိုက်သည်။ အသက်အရွယ်နှင့် အရပ်အမောင်းက သေးငယ်သော်လည်း အတွေးအခေါ်ကတော့ ရင့်ကျက်လှသည်။

ရေထဲတွင် အဆိပ်ခတ်ထားမည်ကို သတိထားနေရုံသာမက တံခါးဝ ဝင်လာကတည်းက သူမတို့ရှေ့တွင် အရှိန်အဝါ ကျဆင်းသွားမည်ကို စိုးရိမ်သကဲ့သို့ မင်းသားတစ်ပါး၏ မာနမျိုးကိုလည်း ဖမ်းထားသေးသည်။

လင်ဝမ်ယိ စိတ်ထဲတွင် တွေးမိလိုက်သည်။

အကယ်၍ ဒီဒုတိယမင်းသားသာ ခန္ဓာကိုယ် အားနည်းပြီး ဖျားနာမနေဘူး ဆိုလျှင်… ယီဖေးလည်း ယခုလောက် မောက်မာနိုင်မည် မဟုတ်ချေ။

သို့သော် တော်ဝင်မိသားစုဆိုသည်မှာ ဤသို့ပင်။ ခန္ဓာကိုယ် အားနည်းပြီး ဖျားနာတတ်သည်ဟု နာမည်ထွက်သွားသည်နှင့် ထီးနန်းနှင့် လုံးဝ ဝေးကွာသွားပြီဟု ဆိုရမည်။

သို့သော် အဲဒါလည်း ကောင်းပါတယ်။ အနည်းဆုံးတော့ သူ့အပေါ် လုပ်ကြံတဲ့သူတွေ နည်းသွားတာပေါ့…။

တစ်ယောက်နှင့်တစ်ယောက် စကားမပြောဘဲ တိတ်ဆိတ်နေ၍ လင်ဝမ်ယိက အိမ်တွင်းရေးရာ စကားအချို့ကို စပြောကြည့်သော်လည်း ဒုတိယမင်းသားက သူမကို အဖက်မလုပ်ပေ။

ချိုးမင်နှင့် ရှအန်းတို့က အစေခံများ ဖြစ်ကြသဖြင့် ဘာမှ ဝင်ပြောလို့ မကောင်းပေ။

သို့သော် လင်ဝမ်ယိကတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထင်နေမိသည်။

သူမ ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ရောဂါဝေဒနာများကို ဖြတ်သန်းခဲ့ရသူမို့ သူ့ကို အနည်းငယ် ပိုပြီး နားလည်ပေးနိုင်၍ ဖြစ်မည်။

ဖျားနာနေသူ တစ်ယောက်၏ စိတ်အခြေအနေမှာ နဂိုကတည်းက မကောင်းနိုင်ပေ။

သူမက ကံကောင်းပြီး ဘိုးဘိုးတို့ မိသားစု ပြုစုစောင့်ရှောက်တာကို ငါးနှစ်တိုင်တိုင် ရရှိခဲ့သည်။

ထို့ကြောင့် ရောဂါ သက်သာလာချိန်တွင် ပို၍ အေးချမ်းတည်ငြိမ်နိုင်ခဲ့ခြင်းပေ။

သို့သော် ဤဒုတိယမင်းသားမှာမူ နန်းတော်ထဲတွင် မွေးဖွားလာပြီး မိခင်အရင်းကလည်း စောစီးစွာ ကွယ်လွန်သွားကာ ခမည်းတော်ကလည်း သူ့ကို အချိန်မပေးနိုင်ပေ။

လန်ဖေးက အမြဲတမ်း စိတ်ရောကိုယ်ပါ ပြုစုစောင့်ရှောက်ပေးနေသည်ဟု ဆိုသော်ငြား ယနေ့ သူ တစ်ယောက်တည်း ခိုးထွက်လာနိုင်သည့် ကိစ္စကို ကြည့်ခြင်းအားဖြင့် ထိုအထဲတွင် စေတနာ အစစ်အမှန် ဘယ်လောက်တောင် ပါဝင်မည်ကို ခန့်မှန်းရခက်ပေသည်။

ထို့ကြောင့် သူ့တစ်ကိုယ်လုံး ဆူးတွေ အပြည့်ရှိနေသကဲ့သို့ ဖြစ်နေတာပင်။ ဘယ်သူပဲ အနီးကိုလာလာ အကုန်လုံး စူးမိလိမ့်မည်။

ထို့ကြောင့် လင်ဝမ်ယိက သူ့ကို စိတ်ထဲမထားပေ။

သူ စကားမပြောချင်မှတော့ သူမလည်း အတင်း မမေးတော့ချေ။

ထို့ကြောင့် လက်ထဲမှ အပ်ချုပ်နေသည်ကိုသာ ဆက်၍ ချုပ်နေလိုက်သည်။

ပြတင်းပေါက်မှ နေရောင်ခြည်က ဖြည်းညင်းစွာ ကျဆင်းလာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် နူးညံ့ပြီး နွေးထွေးသော အလင်းရောင်များ ဖြာကျလာသကဲ့သို့ ဖြစ်သွားသည်။။

ထိုမြင်ကွင်းကို ဒုတိယမင်းသားမှာ တစ်ခဏမျှ ငေးမောကြည့်နေမိတော့၏။

ဘာကြောင့်မှန်းမသိ၊ သူ့ နှာခေါင်းထဲတွင် ရုတ်တရက် ချဉ်စူးစူးဖြစ်သွား၍ ချက်ချင်း ခေါင်းငုံ့လိုက်သည်။

သူက ရှိုက်သံများနှင့် ဝမ်းနည်းမှုများ အားလုံးကို တင်းတင်းကျပ်ကျပ် မျိုချပစ်လိုက်သည်။

ခဏအကြာ ခေါင်းပြန်မော့လာချိန်တွင်တော့ ယခင်ကလိုပင် အေးစက်စက်နှင့် တည်ငြိမ်နေသော ပုံစံမျိုးကို ပြန်ဖမ်းထားလိုက်သည်။

ချွမ်ချီနှင့် ရှောင်လုကျစ်တို့က ဟင်းနှစ်ခွက်နှင့် ဟင်းချိုတစ်ခွက် ယူလာကြသည်။

ပမာဏ သိပ်မများဘဲ ပန်းကန်ပြားသေးသေးလေးများဖြင့်သာ ထည့်ထားသည်။

သို့သော် အပြင်အဆင်က သေသပ်လှပပြီး အစားအစာများကလည်း မြင်ရုံနှင့် သွားရည်ကျချင်စရာ ကောင်းနေလေသည်။

"ဒီအစေခံက ဒုတိယမင်းသား ဘာကြိုက်တတ်လဲ ဆိုတာ မသိဘူး… ဒါပေမဲ့ ဒီလို ပူပြင်းတဲ့ ရာသီဥတုမျိုးမှာ ချဉ်ချဉ်စပ်စပ်လေး စားရရင် ခံတွင်းတွေ့မယ်လို့ ထင်ပါတယ်…"

သူမက ပြောပြီးသည်နှင့် လက်ထဲမှ ဝက်အူကြော်သုပ်ကို အနည်းငယ် ယူပြီး သူ့ရှေ့ရှိ ကြွေပန်းကန်ဖြူလေးထဲသို့ ထည့်ပေးလိုက်သည်။

ဘေးတွင် ချထားသည်မှာ ထမင်း မဟုတ်ဘဲ ကြက်ပြုတ်ရည်ခေါက်ဆွဲ တစ်ပန်းကန် ဖြစ်သည်။

ကြည့်ရသည်မှာ ရိုးရိုးရှင်းရှင်းလေးဟု ထင်ရသော်ငြား ဟင်းရည်ကို ချွမ်ချီက ကြက်မဖြင့် သေချာ ပြုတ်ထားခြင်း ဖြစ်သည်။

သွေးတွေကို အဆက်မပြတ် ထုတ်ပြီး ကြိတ်ထားသည့်အသားများ ထည့်ကာ အပြန်ပြန်အလှန်လှန် ဆေးကြောပြီးနောက်မှသာ ရေလို ကြည်လင်နေသည့် ဒီကြက်ပြုတ်ရည်ကို ရလာခြင်းပေ။

ဒါကို ခေါက်ဆွဲပြုတ်ရာတွင် သုံးခြင်းက သိပ်တော့ နေရာမကျပေ။

သို့သော် ချွမ်ချီက ဒုတိယမင်းသားက ခန္ဓာကိုယ် အားနည်းသဖြင့် အားဖြည့်ဖို့ လိုအပ်သည်ဟု တွေးမိ၍ ဤနည်းလမ်းကို စဉ်းစားလိုက်မိခြင်းပင်။

ကျန်တစ်ပန်းကန်မှာမူ ပုစွန်ဆိတ် ကြက်ဥကြော် ဖြစ်လေသည်။

ဒုတိယမင်းသားက ဒီဟင်းပွဲများကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ သေးငယ်သော မျက်လုံးများထဲတွင် အံ့အားသင့်မှု အနည်းငယ် ပေါ်လာသည်။

ထို့နောက်တွင်မူ အဆုံးမရှိသော စိတ်ပျက်အားငယ်မှုများက အစားထိုး ဝင်ရောက်လာတော့၏။

ချိုက်မားမားက သူ ခန္ဓာကိုယ် အားနည်းသည်ဆိုသည်ကို အကြောင်းပြချက်ပြီး အချိန်အများစုတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းရည်သာ တိုက်လေ့ရှိပြီး ပါလာသည့် ဟင်းရံများမှာလည်း ဘာအရသာမှ မရှိချေ။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူ၏ ပါးစပ်ထဲတွင် ဆေး၏ ခါးသက်သက် အရသာသာ ကျန်ရစ်နေတော့သည်။

ဆေးများ အလွန်အကျွံ သောက်ရသဖြင့် မျက်နှာမှာလည်း ပို၍ ဖျော့တော့ဝါကျင်လာရသည်။

အကယ်၍ သူသာ ထုတ်မပြောလျှင် အဆင့်အတန်း မြင့်မားလှသော ဒုတိယမင်းသား တစ်ပါးက အောက်တန်းစားအစေခံ တစ်ယောက်၏ လက်ချက်ဖြင့် ဗိုက်ဆာရသည်ကို အကျင့်ဖြစ်နေမှန်း ဤနန်းတော်ထဲတွင် ဘယ်သူမှ သိလိမ့်မည် မဟုတ်ပေ။

အရသာရှိသော အစားအစာများရှေ့တွင် သူ မနေနိုင်ဘဲ တံတွေး တစ်ချက် မြိုချလိုက်မိသည်။

ထို့နောက် လင်ဝမ်ယိကို တစ်ချက် ကြည့်လိုက်ပြီး ဤတစ်ကြိမ်တွင်တော့ သံသယ မဝင်တော့ဘဲ တူကို ကောက်ကိုင်ကာ အားပါးတရ စားသောက်နေတော့သည်။

All Chapters