အရှင်မင်းကြီးနှင့် အတူ တွေ့ဆုံခြင်း
Vol. 9 Ch. 87
အစားအစာများက သိပ်မများသဖြင့် အားလုံး ဒုတိယမင်းသား၏ ဗိုက်ထဲသို့ ရောက်သွားတော့လေသည်။
ယခုအချိန်က သူ မှတ်မိသလောက် သူဝဝလင်လင် စားဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး ပြောင်ရှင်းနေသော ပန်းကန်များကို ကြည့်ရင်း ရုတ်တရက် သတိဝင်လာတော့၏။
သူ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားသလို ဖြစ်သွားပြီး အနည်းငယ် ဆင်ခြေပေးသည့် လေသံဖြင့် ပြောလိုက်လေသည်။
"ငါ… မနက်စာ မစားရသေးလို့… အဲဒါကြောင့်… နည်းနည်း ပိုစားမိသွားတာ…"
လူတိုင်းက ကလေးငယ်လေး တစ်ယောက် ထမင်းနည်းနည်း ပိုစားမိတာလေးကိုပင် အနေရခက်နေသည့် ပုံစံမျိုးကို ကြည့်ပြီး အလွန် သနားသွားမိကြသည်။
အထူးသဖြင့် ချွမ်ချီပင်… သူမက ကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာများကို သူများတွေ ကုန်စင်အောင် စားသောက်သည်ကို ကြည့်ရတာ အလွန် သဘောကျပြီး ပီတိဖြစ်တတ်သူတစ်ေယာက်ပင်။
ထို့ကြောင့် သူမက ပြုံးလျက် ဒုတိယမင်းသားအား ပြောလိုက်လေသည်။
"ဒုတိယမင်းသား သဘောကျတယ်ဆိုရင် နောက်ဆို ဒီဟွေ့ဖန်းယာခြံဝင်း ကို မကြာခဏ လာလည်လို့ ရပါတယ်… ဒီအစေခံက မင်းသားအတွက် အစားအသောက်တွေကို ပုံစံမျိုးစုံ ပြောင်းပြီး လုပ်ပေးပါ့မယ်…"
"တကယ်လား…"
ဒုတိယမင်းသား၏ မျက်လုံးထဲတွင် အံ့ဩဝမ်းသာမှု အနည်းငယ် ပေါ်လာသော်လည်း ချက်ချင်း ပြန်မှိန်ကျသွားတော့သည်။
ယခု သူ ဇယ့်ဖင်ကျွန်းမှာ နေရသော်လည်း နောက်ရက်အနည်းငယ် အကြာတွင် လန်ဖေးထံ ပြန်သွားရမည်။
ဘယ်နေရာမှာပဲ နေနေ၊ ဒီလို အစားအစာများကို စားချင်သည် ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ချွမ်ချီ မဖြေခင်မှာပင် အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။
"ထားလိုက်ပါတော့… သိပ်ပြီးလည်း စားလို့ကောင်းတာ မဟုတ်ပါဘူး…"
ဤစကားမှာ ဒုတိယမင်းသားက သူ့ကိုယ်သူ လှည့်စားဖို့ ပြောလိုက်တာဖြစ်၍ အခန်းထဲရှိ ဘယ်သူမှ စိတ်ထဲ မထားကြပေ။
လင်ဝမ်ယိက လက်ထဲမှ အပ်ချည်များကို ချထားလိုက်ပြီး အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် လေသံချိုချိုလေးဖြင့် မေးလိုက်လေသည်။
"ဒုတိယမင်းသား… အပြင်ထွက်လာတာလည်း ကြာပြီဆိုတော့… ကျွန်တော်မျိုးမ လူလွှတ်ပြီး ပြန်ပို့ပေးရမလား…"
ထိုစကားကို ကြားသောအခါ ဒုတိယမင်းသား မျက်နှာထား တင်းမာသွားရသည်။
သူ ဒီအတိုင်း ပြန်မသွားချင်ပေ… ချိုက်မားမားက သူ့ကို အကောင်းမြင်ပေးမည် မဟုတ်။
သို့သော် မပြန်ဘဲ နေမည်ဆိုလျှင်လည်း ဘယ်လောက်ကြာကြာ ဆက်နေနိုင်မည်နည်း။
ထို့ကြောင့် မျက်လွှာချကာ အတန်ကြာမှ ပြန်ဖြေလိုက်လေသည်။
"အင်း…"
လင်ဝမ်ယိက ချိုးမင်ကို တစ်ချက် ကြည့်လိုက်ရာ ချိုးမင်က ခေါင်းညိတ်ပြလိုက်သည်။
ဒီကိစ္စလေးေလာက်ကိုေတာ့ သူ ဖြေရှင်းပေးနိုင်၍ ထွက်သွားဖို့ ပြင်လိုက်သည်။
သူ မထွက်သွားခင်မှာပင် လင်ဝမ်ယိက သူ့ကို လှမ်းခေါ်လိုက်လေသည်။
"ချိုးကုန်းကုန်း… ချွမ်ချီကို ဒီနေ့လုပ်ထားတဲ့ ကြက်ပြုတ်ရည်မုန်ညင်းဖြူ ဟင်းတစ်ပွဲလောက် အရှင်မင်းကြီးဆီ သွားပို့ခိုင်းလိုက်ပါဦး… ဒုတိယမင်းသား စားလို့ကောင်းတယ်ဆိုတော့… အရှင်မင်းကြီးလည်း သေချာပေါက် သဘောကျမှာပါလို့ လျှောက်တင်ပေးပါ…"
ချိုးမင်က သူမကို အဓိပ္ပါယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်ပြီး သူမ ဘာဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။
လင်ဝမ်ယိ အတွက်တော့ ဤအရာက သူမ ကူညီပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။
သည်ထက် ပို၍တော့ လုပ်ပေးနိုင်မည် မဟုတ်တော့ချေ။
ဒုတိယမင်းသားက လူသာ သေးသော်လည်း ဉာဏ်ပညာနှင့် အတွေးအခေါ်များက နန်းတော်ထဲတွင် ကြီးပြင်းလာသူပီပီ လျင်မြန်လှပေသည်။
လင်ဝမ်ယိ၏ ရည်ရွယ်ချက်ကို သူလည်း ချက်ချင်း နားလည်သွားသည်။
သူကျေးဇူးမတင်ဘူးဆိုလျှင် လိမ်ညာရာကျလိမ့်မည်… သို့သော် သူ၏ မာနကြောင့် ဘာစကားမှ အပို မပြောခဲ့ပေ။
ထို့နောက် သူက ချိုးမင်နှင့်အတူ ထွက်သွားတော့သည်။
ဇယ့်ဖင်ကျွန်း၊ ချီချင်းဆောင် အတွင်း၌။
သုန်ယွီကျုံးက သူ့ရှေ့ရှိ ဒုတိယမင်းသားနှင့် ချိုးမင် ကိုင်ထားသော စားစရာသေတ္တာကို ကြည့်လိုက်သည်။
သူက ဒုတိယမင်းသားကို ကြင်နာယုယသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဒုတိယမင်းသား မလန့်ပါနဲ့… မင်းသားဘေးက မားမားတွေက ဒီကိစ္စကို အပြင်ကို မပြောပြကြသေးပါဘူး… အဲဒါကြောင့် အရှင်မင်းကြီးက မင်းသား ဇယ့်ဖင်ကျွန်းကနေ ခိုးထွက်သွားတာကို မသိသေးပါဘူး…"
ဒုတိယမင်းသားက ပါးစပ် ဟလိုက်သော်လည်း အနည်းငယ် စဉ်းစားပြီးနောက် ပြန်ပိတ်ထားလိုက်သည်။
သူ၏ ပုံစံကို ကြည့်ပြီး သုန်ယွီကျုံးက ထပ်ပြောလိုက်လေသည်။
"အရှင်မင်းကြီး အခု အားနေတယ်လေ… ဒုတိယမင်းသား အထဲဝင်ပြီး ဂါရဝပြုချင်သေးလား…"
"ရလို့လား…"
"ရတာပေါ့… မင်းသားက အရင်တုန်းက အမြဲတမ်း ဖျားနေလို့လေ… တတိယမင်းသားဆိုရင် အကြိမ်ပေါင်းမနည်း လာပြီးပြီ…"
သုန်ယွီကျုံးက ပြုံးရင်း ပြောလိုက်လေသည်။
တတိယမင်းသားက အလွန် ကြိုးစားသူ ဖြစ်ပြီး နေ့တိုင်း တစ်ခေါက်တော့ လာတတ်သည်။ သူက အရှင်မင်းကြီးနှင့် တွေ့ရသည်ဖြစ်စေ မတွေ့ရသည်ဖြစ်စေ မိုးရွာရွာ နေပူပူ လာလေ့ရှိသည်။
ဒုတိယမင်းသားက ခေတ္တစဉ်းစားပြီးနောက် မသွားတော့တာပဲ ကောင်းပါတယ်ဟု တွေးလိုက်သည်။
သူသည် ခေါင်းခါပြပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် အရှင်မင်းကြီးက အထဲမှ လှမ်းမေးလိုက်လေသည်။
"တတိယမင်းသား ရောက်လာတာလား…"
ဒုတိယမင်းသားက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ ရင်ထဲမှ ဝမ်းနည်းမှုများကို သိမ်းဆည်းထားလိုက်သည်။
သုန်ယွီကျုံးက ချက်ချင်း အထဲသို့ ဝင်သွားပြီး လျှောက်တင်လိုက်လေသည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… တတိယမင်းသား မဟုတ်ပါဘူး… ဒုတိယမင်းသား ပါ… ပြီးတော့ လင်ချန်ကျိုက် ဘေးက ချိုးမင် လည်း ရောက်နေပါတယ်…"
"အာ… သူတို့ ဘယ်လိုလုပ် ရောက်လာကြတာလဲ… ဝင်လာခိုင်းလိုက်ပါ…"
"ဟုတ်ကဲ့ပါ…"
အရှင်မင်းကြီးက သူ၏ မျက်လုံးကို ပွတ်သပ်လိုက်ရာ အနည်းငယ် ညောင်းညာနေသည့် ခံစားချက်က ပြန်ပေါ်လာတော့သည်။
သူ့ကို နှိပ်ပေးခဲ့သည့် လင်ဝမ်ယိကို ပြန်တွေးမိပြီး နှုတ်ခမ်းထောင့်များ မြင့်တက်လာကာ မတွေ့ရတာကြာပြီပဲ ဟု တွေးနေမိသည်။
အပြင်ဘက်တွင်မူ ဒုတိယမင်းသားက အရှင်မင်းကြီး သူ့ကို ဝင်ခွင့်ပြုသည်ဟု ကြားသောအခါ မျက်နှာလေး ချက်ချင်း ရှုံ့မဲ့သွားရသည်။
သုန်ယွီကျုံးက ပြုံးလျက် သူ့အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ဒုတိယမင်းသား မကြောက်ပါနဲ့… အရှင်မင်းကြီးက တကယ်တော့ မင်းသားကို အများကြီး ဂရုစိုက်ပါတယ်…"
ဂရုစိုက်တယ် ဟုတ်လား…။
ဒုတိယမင်းသား ထိုစကားကို ကြားသောအခါ တစ်ခဏလောက်တော့ အလွန် ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။
တကယ်ပဲ ဂရုစိုက်လို့လား…။
တကယ်လို့ ဂရုစိုက်တယ်ဆိုရင်… သူ ဝမ်းနည်းနေတဲ့ အချိန်တွေမှာ သူ့ဘေးနားမှာ ဘာလို့ ဘယ်သူမှ မရှိခဲ့တာလဲ…။
သို့သော် ယခုအချိန်တွင် ကျားကျောပေါ်ရောက်သွားမှတော့ ပြန်ဆင်းလို့မရတော့သဖြင့် သူလည်း အထဲသို့ ဝင်သွားရတော့သည်။
သူက လူသာ သေးသော်လည်း စည်းမျဉ်းများကိုတော့ အတော်လေး သင်ထားပုံရသည်။
သူသည် အရှင်မင်းကြီးကို မြင်သည်နှင့် တစ်ပြိုင်နက် ရိုသေစွာဖြင့် ဒူးထောက် ဂါရဝပြုလိုက်လေသည်။
"သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်… ခမည်းတော် ကျန်းမာပါစေ…"
"ထတော့… မင်းက ခန္ဓာကိုယ် အားနည်းတယ်လေ… နောက်ဆို ဒူးထောက် ဂါရဝပြုစရာ မလိုပါဘူး…"
"ဟုတ်ကဲ့ပါ…"
ထိုသို့ ပြောလိုက်သော်လည်း ဒုတိယမင်းသား၏ ရင်ထဲတွင် အလွန် ဝမ်းနည်းနေမိသည်။
သည်လို ခွဲခြားဆက်ဆံခံရတာကို သူ မကြိုက်ပေ… သူ့ ရောဂါက သူ့ကို တခြားသူများနှင့် မတူအောင် ခွဲခြားထားသကဲ့သို့ ခံစားရသည်။
သို့သော် အရှင်မင်းကြီး၏ ရှေ့တွင်တော့ ဘာစကားမှ အပို မပြောရဲချေ။
"ချိုးမင်…"
"ဒီအစေခံ ရှိပါတယ်…"
"မင်း ဘယ်လိုလုပ် ရောက်လာတာလဲ… မင်းရဲ့ သခင်မလေး နေမကောင်းလို့လား…"
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… သခင်မလေးဆီမှာ အားလုံး အဆင်ပြေပါတယ်…"
"အင်း… ဒါဆိုလည်း တော်သေးတာပေါ့…"
"ဒီအစေခံ ဒီနေ့ လာတာက အရှင်မင်းကြီးကို ပစ္စည်း လာပို့တာပါ… ဒီစားစရာသေတ္တာထဲက မုန်ညင်းဖြူကြက်ပြုတ်ရည်ဟင်းကို… ဒုတိယမင်းသား စားလို့ကောင်းတယ်ဆိုတော့… သခင်မလေးက အရှင်မင်းကြီးကို မြည်းကြည့်ဖို့ ဒီအစေခံကို လာပို့ခိုင်းတာပါ…"
အရှင်မင်းကြီးက ဤစကားကို ကြားသောအခါ ရုတ်တရက် မျက်မှောင်ကြုတ်သွားတော့သည်။
ထို့နောက် ခေါင်းငုံ့ထားသော ဒုတိယမင်းသားကို ကြည့်ပြီး အနည်းငယ် ဒေါသထွက်သွားလေသည်။
"မင်း ခိုးထွက်သွားတာလား…"
ဒုတိယမင်းသားမှာ အသက်ငယ်သေးသဖြင့် ရုတ်တရက် အော်ငေါက်ခံလိုက်ရသောအခါ ဘယ်လောက်ပဲ ခေါင်းမာစေကာမူ ကြောက်သွားရသည်။
သို့သော် အခြား ကလေးများလို ကြောက်လန့်ပြီး လိမ်ညာခြင်းမျိုး မရှိပေ။
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
အရှင်မင်းကြီးက နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာထားမှာလည်း မည်းမှောင်သွားတော့၏။
သို့သော် ဒုတိယမင်းသား၏ ခန္ဓာကိုယ်လေး တုန်ရီနေသည်ကို မြင်သောအခါ ဒေါသကို ထိန်းထားလိုက်ပြီး မေးလိုက်လေသည်။
"အပြင်ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ…"
"လေးနာရီလောက် ရှိပါပြီ…"
လေးနာရီ… ပုံမှန်ဆိုလျှင် သူ့ကို စောင့်ကြည့်နေမည့် မားမားတွေက ဒီလိုပျောက်သွားတာကို တစ်ချက်လေးတောင် သတိမထားမိဘူး ဟုတ်လား…။
အရှင်မင်းကြီး ချက်ချင်း ဒေါသပေါက်ကွဲသွားတော့သည်။
"ကောင်းပြီလေ… ကိုယ်တော်ကတော့ လန်ဖေး ရှာပေးထားတဲ့ မားမားတွေက တကယ့်ကို ဂရုစိုက်တယ်လို့ ထင်နေတာ… ဒုတိယမင်းသား ပျောက်သွားတာ လေးနာရီတောင် ရှိနေပြီကို… တစ်ယောက်မှ လာမပြောကြဘူး… ကိုယ်တော့် သားတော်ကို ဘယ်လိုများ စောင့်ကြည့်နေကြတာလဲ…"
သုန်ယွီကျုံးက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ပြောလိုက်လေသည်။
"အရှင်မင်းကြီး ဒေါသကို ထိန်းပါ… ဒီအစေခံ အခုပဲ နောက်ဘက်ဆောင်ကို သွားပြီး… အဲဒီ ချိုက်မားမား ဘာတွေ လုပ်နေလဲ ဆိုတာ သွားကြည့်လိုက်ပါ့မယ်…"
ပြောပြီးသည်နှင့် ချက်ချင်း ထွက်သွားလေသည်။
ဒုတိယမင်းသားက သူ့ကျောပြင်ကို ကြည့်ရင်း လင်ဝမ်ယိအပေါ် ပို၍ပင် ကျေးဇူးတင်သွားမိသည်။
အကယ်၍သာ သူမက ချိုးမင်ကို ဒီကိုအဖော်မလိုက်ခိုင်းခဲ့လျှင်… အရှင်မင်းကြီးလည်း သည်ကိစ္စကို သိနိုင်မည် မဟုတ်ချေ။
ထိုချိုက်မားမားက ပုံမှန်နေ့ရက်များတွင်လည်း အပျင်းထူတတ်ပြီး… ဇယ့်ဖင်ကျွန်းသို့ ရောက်ပြီးကတည်းက အရှင်မင်းကြီးကို တစ်ခေါက်သာ တွေ့ဖူးသေးသည်။
ထို့ကြောင့် သူမ၏ သတိထားတတ်မှုများက အစောကတည်းက မေ့နေလောက်ပြီ။
မဟုတ်လျှင် ဒုတိယမင်းသား အပြင်ထွက်သွားတာ သည်လောက် ကြာသည်အထိ သူမ ဘယ်လိုလုပ် သတိမထားမိဘဲ နေမည်နည်း။
အရှင်မင်းကြီးက ညီလာခံ တက်လာတာပင် အနှစ်နှစ်ဆယ် ရှိပြီဖြစ်၍ သည်လို လှည့်ကွက်များကို ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
ထို့ကြောင့် ဒုတိယမင်းသားကို ကြည့်သည့် အကြည့်များထဲတွင် ရှုပ်ထွေးမှုများစွာ ပါဝင်နေတော့သည်။
ချိုးမင်က ကြက်ပြုတ်ရည်ကို အလင်းရောင် ကောင်းစွာ ရရှိသော ပြတင်းပေါက်ရှေ့ရှိ ခရမ်းရောင် သစ်သားစားပွဲပေါ်သို့ တင်ပေးပြီးနောက် နောက်ဆုတ် ထွက်သွားလေသည်။
ပင်မနန်းဆောင် အတွင်း၌ အရှင်မင်းကြီးနှင့် ဒုတိယမင်းသားတို့ သားအဖ နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး နှစ်ယောက်စလုံးက မိမိတို့၏ ခံစားချက်များကို ဖော်ပြရာတွင် သိပ်မကျွမ်းကျင်ကြပေ။
နောက်ဆုံးတွင် အရှင်မင်းကြီးကပင် စတင်၍ စကားစလိုက်လေသည်။