← Chapters

အောက်တန်းစားအစေခံ၏ ဉာဏ်ဆင်ဖြေရှင်းချက်

Vol. 9 Ch. 88

အောက်တန်းစားအစေခံ၏ ဉာဏ်ဆင်ဖြေရှင်းချက်

Vol. 9 Ch. 88

"ဘာမှမဖြစ်ဘူးမလား"

ဤမျှ ရုတ်တရက် ဆန်လွန်းသော ဂရုစိုက်မှုကြောင့် ဒုတိယမင်းသား အနည်းငယ် အံ့အားသင့်သွားရသည်။

ခမည်းတော်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

သူ၏ ကျန်းမာရေး အခြေအနေဖြင့် သည်လို ခိုးထွက်လာခြင်းမှာ ရှောင်လုကျစ်နှင့် ချိုးမင်တို့သာ သူ့ကို မတွေ့ခဲ့လျှင် နန်းတော်ထဲတွင် နောက်ထပ် ပြဿနာကြီး တစ်ခု ထပ်ဖြစ်လာနိုင်သည် မဟုတ်လား။

ထို့ကြောင့် အနည်းငယ် အားနာသွားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် လေသံဖြင့် ပြန်ဖြေလိုက်လေသည်။

"သားတော် ဘာမှမဖြစ်ပါဘူး လမ်းမှာ သခင်မလေးလင် ဘေးက ရှောင်လုကျစ်နဲ့ တွေ့လို့ သူ့နောက်ကိုလိုက်ပြီး ဟွေ့ဖန်းယာခြံဝင်းကို ရောက်သွားတာပါ သခင်မလေးလင်က သားတော်အတွက် စားစရာတွေ လုပ်ပေးလိုက်လို့ သားတော် အရမ်း သဘောကျပါတယ်"

ဒုတိယမင်းသားမှာ ပုံမှန်ဆိုလျှင် စကားနည်းသူမို့ ရုတ်တရက် စကားတွေ အများကြီး ပြောလာသဖြင့် အရှင်မင်းကြီးပင် အံ့ဩသွားရသည်။

သို့သော် လင်ဝမ်ယိတွင် သည်လိုလုပ်နိုင်သည့် အစွမ်းရှိသည်ကို ပြန်တွေးမိလိုက်ပြီး ချက်ချင်း သဘောပေါက်သွားတော့သည်။

"နောက်တစ်ခါ သွားချင်တယ်ဆိုရင် သုန်ယွီကျုံးဆီ လူလွှတ်ပြီး အကြောင်းကြားလိုက်… သူ စီစဉ်ပေးလိမ့်မယ် ဒီလို ခိုးကြောင်ခိုးဝှက် ကိစ္စမျိုး နောက်တစ်ခါ ထပ်မလုပ်နဲ့ ကြားလား"

"သားတော် နားလည်ပါပြီ"

ဒုတိယမင်းသားက အရှင်မင်းကြီးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အရှင်မင်းကြီးက သူ့ကို မောင်းမဆောင်မှ ကိုယ်လုပ်တော်များနှင့် အများကြီး အဆက်အသွယ် မလုပ်စေချင်ဘူးဟု သူ ထင်ထားခဲ့တာပင်။

အထူးသဖြင့် ဒီသခင်မလေးလင်ဆိုလျှင် ယခုလက်ရှိ မျက်နှာသာ အပေးခံရဆုံး သူ မဟုတ်လား။

သို့သော် သွားခွင့်ရတာလည်း ကောင်းပါလေသည်။ အခြားအရာများကိုမဆိုနှင့်… ထိုနေရာရှိ အစားအသောက်များက အကောင်းဆုံး ဖြစ်ပြီး ရေကပင် ပို၍ ချိုမြိန်နေသလို ခံစားရသည်။

သူတို့ သားအဖ နှစ်ယောက် စကားပြောနေစဉ်မှာပင် ကြက်ပြုတ်ရည်မုန်ညင်းဖြူ ဟင်း၏ မွှေးပျံ့သော ရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။

စားစရာသေတ္တာထဲတွင် တူနှစ်စုံ ထည့်ထားရာ အရှင်မင်းကြီးက တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး မေးလိုက်လေသည်။

"ဟွေ့ဖန်းယာခြံဝင်းမှာ ဘာတွေ စားခဲ့လဲ"

"ခမည်းတော်ကို လျှောက်တင်ပါတယ်… ကြက်ပြုတ်ရည်ခေါက်ဆွဲ တစ်ပန်းကန်… ပုစွန်ဆိတ်ကြက်ဥကြော် တစ်ပွဲနဲ့ ဝက်အူကြော်သုပ် တစ်ပွဲ စားခဲ့ပါတယ်"

နားထောင်ကြည့်ရတာ မဆိုးဘူးပဲ... သို့သော် သူမ ခြံဝင်းထဲရှိ အစားအစာများက အမြဲတမ်း သည်လိုပင်ဖြစ်သည်။

ရိုးရှင်းသော်လည်း အရသာကတော့ အလွန် ကောင်းမွန်လေသည်။

ထိုအကြောင်းကို တွေးမိရင်း အရှင်မင်းကြီး၏ ဗိုက်ထဲမှ တဂွီဂွီမြည်လာတော့လေသည်။ ညဘက်ကျလျှင် အဲဒီကို တစ်ခေါက်လောက် သွားဦးမှဟု တွေးနေစဉ်မှာပင် ဒုတိယမင်းသားကို ပြုစုစောင့်ရှောက်ရန် တာဝန်ကျသော ချိုက်မားမား ရောက်လာလေသည်။

သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ဝဖြိုးနေပြီး သုန်ယွီကျုံး၏ အနောက်မှ ကပ်ပါလာသည်။

သူမ၏ ပုံစံမှာ အနည်းငယ် စိုးရိမ်နေသည့်ဟန် ရှိပြီး အထူးသဖြင့် ဒုတိယမင်းသား၏ အေးစက်သော မျက်နှာထားကို မြင်သောအခါ ရင်ထဲတွင် ပို၍ပင် မုန်းတီးသွားရသည်။ သို့သော် အပြင်ပန်းတွင်မူ ဘာမှမဖြစ်သလို ဟန်ဆောင်ထားရလေသည်။

"ဒီအစေခံ ချိုက်ပေါင်ဖင်း အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ ဒုတိယမင်းသားကို ဂါရဝပြုပါတယ်… ဒုတိယမင်းသား ကျန်းမာပါစေ…"

သူမက ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်နေပြီး လက်ချောင်းများမှာ အနည်းငယ် တုန်ရီနေသည်။

အရှင်မင်းကြီးလို အကဲခတ်တော်သူ တစ်ယောက်က သူမ ကြောက်လန့်နေသည်ကို တစ်ချက်တည်းနှင့် သိမြင်သွားပြီး ဒေါသတွေ ထောင်းခနဲ ထွက်လာတော့သည်။ ချက်ချင်းပင် အော်ငေါက်လိုက်လေသည်။

"ဒုတိယမင်းသား ပျောက်သွားတာ ဒီလောက်ကြာတာတောင် မင်းတို့ထဲက တစ်ယောက်မှ လာမပြောကြဘူး… တကယ်ပဲ ပေါ့ဆလို့လား ဒါမှမဟုတ် တာဝန်ပျက်ကွက်တာလား"

"အရှင်မင်းကြီး အသက်ချမ်းသာပေးပါ အရှင်မင်းကြီး"

ဒုတိယမင်းသားမှာ ချိုက်မားမား ဤမျှလောက် အရှက်ကွဲနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူ့ ရင်ထဲမှ အကျိတ်အခဲများပင် အတော်လေး ပြေလျော့သွားရသည်။

သုန်ယွီကျုံးကလည်း သူမကို ဆင်ခြေပေးခွင့် မပြုဘဲ ချက်ချင်း လျှောက်တင်လိုက်လေသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ဒီအစေခံ ဒုတိယမင်းသားရဲ့ ခြံဝင်းထဲ ရောက်သွားတော့ အပြင်ဘက်မှာ သန့်ရှင်းရေးလုပ်နေတဲ့ နန်းတွင်းသူ နှစ်ယောက်ပဲ ရှိပါတယ်… ဒုတိယမင်းသားကို အနီးကပ် ပြုစုရမယ့် ဒီချိုက်မားမားကတော့ တကယ့်ကို ဇိမ်ကျနေတာပါ… ဒီအစေခံ တံခါးကို တွန်းဖွင့်လိုက်တော့ သူက အိပ်မောကျနေတာပါ"

ထိုစကားကို ကြားသောအခါ ချိုက်မားမားမှာ ချွေးတွေ သံမဏိလို ကျလာတော့သည်။

သူမ ခဏလေး တစ်ရေးအိပ်လိုက်တဲ့ အချိန်လေးမှာပင် ဒုတိယမင်းသားက အပြင်ကို ခိုးထွက်သွားလိမ့်မည်ဟု ဘယ်သူက သိမည်နည်း။ ထွက်သွားတာကို မဆိုနှင့်… အခု‌ေတာ့ပြန်လာပြီး အရှင်မင်းကြီးဆီမှာ တိုင်တန်းနေသေးသည်။

တကယ်ပဲ သူ့ကို အရမ်း အလိုလိုက်ထားလို့ ဒီဟာလေး ဒီလောက်တောင် အရှက်အကြောက်မရှိ ဖြစ်နေတာပဲ…။

သူမက ချက်ချင်းပင် ငိုယိုပြီး လျှောက်တင်လိုက်လေသည်။

"အရှင်မင်းကြီး ဒီအစေခံ မတရား ခံရတာပါ… သုန်ကုန်းကုန်း ဒီအစေခံ နေ့လယ်ဘက် အိပ်နေတာကို တွေ့တာ မှန်ပါတယ်… ဒါပေမဲ့ အဲဒီလို ဖြစ်ရတာ အကြောင်းပြချက် ရှိလို့ပါ"

ထို့နောက် ဒုတိယမင်းသားကို လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်လေသည်။

"ဒုတိယမင်းသားက အပူဒဏ် မခံနိုင်တော့ ညတိုင်း ဟိုဘက်လှည့်ဒီဘက်လှည့်နဲ့ အိပ်မပျော်ဖြစ်နေတာပါ… ဒီအစေခံက ပြတင်းပေါက် ဖွင့်ထားရင် လေအေးမိပြီး ဒုတိယမင်းသား ဖျားသွားမှာစိုးလို့ ညတိုင်း ဘေးနားမှာ စောင့်ပြီး ယပ်ခတ်ပေးနေရလို့ နေ့လယ်ဘက် အိပ်ငိုက်သွားတာပါ"

"အကယ်၍သာ ဒုတိယမင်းသား ခိုးထွက်သွားမယ်ဆိုတာ ဒီအစေခံ သိခဲ့ရင် လုံးဝ အိပ်ရဲမှာ မဟုတ်ပါဘူး…အရှင်မင်းကြီး သေချာ စစ်ဆေးပေးတော်မူပါ"

ထိုလိမ်ညာလှည့်စားသော စကားများကို ကြားလိုက်ရသောအခါ ဒုတိယမင်းသား အလွန်အမင်း ဒေါသထွက်သွားရသည်။

မူလက ဖျော့တော့ဝါကျင်နေသော မျက်နှာလေးမှာ ဒေါသကြောင့် နီရဲလာတော့သည်။

သူက ချိုက်မားမားကို လက်ညှိုးထိုးရင်း အော်ဟစ်ပြောဆိုလိုက်တော့၏။

"နင် ဘယ်တုန်းက ငါ့ဘေးမှာ စောင့်ပြီး ယပ်ခတ်ပေးဖူးလို့လဲ… အပူဒဏ် မခံနိုင်ဘူး ဟုတ်လား… ဟားဟား… ငါ့မှာ အဲဒီလို ရောဂါမျိုး ရှိမှန်း ငါကိုယ်တိုင်တောင် မသိပါလား…"

ဒုတိယမင်းသားသည် ချိုက်မားမား အပေါ် မကျေနပ်ခဲ့တာကြာပြီဖြစ်၏။ သို့သော် သူ့ဘက်မှ ရပ်တည်ပေးမည့်သူ မရှိသဖြင့် အမြဲတမ်း သည်းခံနေခဲ့ရသည်။

ယခုလို အခွင့်အရေးကောင်း ရချိန်မှာမှ သူမကို အပြီးတိုင် ဆွဲချမပစ်နိုင်လျှင် နောင်တစ်ချိန် သူမလက်အောက်မှာ ဆက်နေရမည်ဆိုလျှင် ပို၍ပင် ဒုက္ခရောက်ရပေလိမ့်မည်။

ထို့ကြောင့် သူ၏ လေသံတွင် အလျှော့ပေးမည့် အရိပ်အယောင် တစ်စက်လေးမျှပင် မပါဝင်ပေ။

ချိုက်မားမားက နန်းတော်ထဲတွင် အမှုထမ်းလာသည်မှာ ကြာပြီဖြစ်၍ လှည့်ကွက်အချို့တော့ ရှိပေသည်။

သူမက ချက်ချင်းပင် မတရား စွပ်စွဲခံရသဖြင့် ချက်ချင်း သေချင်နေသည့် အမူအရာမျိုး လုပ်ပြကာ ငိုယိုအော်ဟစ်ရင်း ပြောလိုက်လေသည်။

"ဒီအစေခံ ဉာဏ်နည်းတာကို သိပါတယ်… ဒုတိယမင်းသားကို ပြုစုတဲ့ နေရာမှာ တခြားလူတွေလောက် မတော်ပေမဲ့ စေတနာကတော့ အစစ်အမှန်ပါ…ဒုတိယမင်းသားက အပူဒဏ် ခံနိုင်တယ်ဆိုရင် နွေရာသီရောက်တိုင်း ဘာလို့ အိပ်မပျော် ဖြစ်နေရတာလဲ… အဲဒီလို အချိန်တိုင်း ဒီအစေခံက မင်းသား အိပ်ရာမဝင်ခင် စိတ်ငြိမ်ဆေးတွေ တိုက်ရတာရော… ဘာလို့လဲ"

"ဘာလို့လဲ ဟုတ်လား… နင်ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ"

ဒုတိယမင်းသားမှာ အသက်ငယ်သော်လည်း စကားပြော ကောင်းလှပြီး အရှင်မင်းကြီး၏ ရှေ့တွင်လည်း ရင်ဆိုင်ရမည်ကို အနည်းငယ်မျှ မကြောက်ရွံ့ချေ။

သူ၏ ခိုင်မာပြတ်သားသော လေသံကို ကြားသောအခါ အရှင်မင်းကြီးလည်း ဤကိစ္စတွင် မရိုးသားမှုများ ရှိနေကြောင်း ချက်ချင်း ရိပ်မိသွားသည်။

သူက ချက်ချင်းပင် တော်ဝင်သမားတော်ချန် ကို သွားခေါ်ခိုင်းလိုက်လေသည်။ ထို့နောက် ဒုတိယမင်းသားကို မေးလိုက်၏။

"မင်း စိတ်ငြိမ်ဆေး သောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ဒုတိယမင်းသား၏ မျက်လုံးများ အနည်းငယ် မှိုင်းသွားပြီး အတန်ကြာမှ ပြန်ဖြေလိုက်လေသည်။

"သားတော် မှတ်မိလောက်ကတည်းက အမြဲတမ်း သောက်နေရတာပါ… ဒါပေမဲ့ လွန်ခဲ့တဲ့ လဝက်လောက်က သားတော်နဲ့ ချိုက်မားမား ပြဿနာ ကြီးကြီးမားမား တက်ပြီးကတည်းက သူ ယူလာတဲ့ စိတ်ငြိမ်ဆေးကို သားတော် ထပ်မသောက်တော့ပါဘူး"

ဤစကားကို ကြားသောအခါ အရှင်မင်းကြီးက ချိုက်မားမားကို ကြည့်သည့် အကြည့်များထဲတွင် ရက်စက်မှုများ ပါဝင်လာတော့သည်။

သူသည် သူ့တွင် သားသမီး သိပ်မရှိသဖြင့် တစ်ယောက်ချင်းစီတိုင်းကို အလွန် ဂရုစိုက် ပြုစုပျိုးထောင်ပေးခဲ့သည်။

မင်းသမီးမင်ရော့က လင်ကွေ့ဖေးထံတွင် ရှိပြီး တတိယမင်းသားက ယီဖေးထံတွင် ရှိပြီး နှစ်‌ယောက်လုံးဟာ အသေအချာ ပြုစုပျိုးထောင်ခံကြရလေ၏။

သို့သော် လန်ဖေးထံတွင် ကြီးပြင်းလာသော ဒုတိယမင်းသားမှာမူ အမြဲတမ်း ဖျားနာနေတတ်သည်။ သူက မိခင်ဝမ်းဗိုက်ထဲကတည်းက အားနည်းလာသူ ဖြစ်သဖြင့် လူတိုင်းက သူ့အတွက် ဆေးသောက်နေရသည်မှာ ပုံမှန်ပဲဟု တွေးထင်ထားကြသည်။

ထို့ကြောင့် ဤမျှ ငယ်ရွယ်သော ကလေးငယ်တစ်ဦး ဆေးဝါးများ အလွန်အကျွံ သောက်သုံးနေရခြင်း၏ နောက်ကွယ်မှ ဆိုးကျိုးများကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြပေ။

ထိုအကြောင်းကို တွေးမိသည်နှင့် အရှင်မင်းကြီး၏ ဒေါသများက ထိန်းမရအောင် ဖြစ်လာတော့သည်။

ဖျော့တော့ဝါကျင်နေသော မျက်နှာလေးနှင့် အမြဲတမ်း ပိန်လှီနေသော ဒုတိယမင်းသား၏ ခန္ဓာကိုယ်လေးကို ကြည့်ရင်း ကလေးကို လန်ဖေးထံ ပို့လိုက်မိတာ မှားသွားတာပဲဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

ထို့နောက် ချိုက်မားမားကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်လေသည်။

"အဲဒီဆေးထဲမှာ ဘာပြဿနာမှ မရှိဖို့ မင်း ဆုတောင်းထားတာ ကောင်းလိမ့်မယ် မဟုတ်ရင် မင်း တစ်မိသားစုလုံးကို အသေခံဖို့သာပြင်ထားပေတော့"

ဤစကားကို ကြားသည်နှင့် ချိုက်မားမားမှာ ကြောက်လန့်တုန်ရီသွားတော့သည်။

အရှင်မင်းကြီးက ရုတ်တရက် သည်ကိစ္စတွေကို စစ်ဆေးလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့သဖြင့် ကြိုပြင်ထားတာ တစ်စက်လေးမျှပင် မရှိချေ။

သူမမှာ သွားများပင် အချင်းချင်း ရိုက်ခတ်နေပြီး စောစောကလို ဆင်ခြေပေးချင်သည့် အရိပ်အယောင်လေးပင် မကျန်တော့ပေ။

တော်ဝင်သမားတော်ချန် ရောက်လာချိန်တွင် သူ့ဘေး၌ တော်ဝင်သမားတော်သို့ ပါ ပါလာသည်။

အရှင်မင်းကြီးက သုန်ယွီကျုံးကို တစ်ချက် ကြည့်လိုက်ရာ သုန်ယွီကျုံးက ချက်ချင်း ဖြေလိုက်လေသည်။

"တိုက်တိုက်ဆိုင်ဆိုင် သမားတော် နှစ်ယောက်စလုံး တာဝန်ကျနေတာနဲ့ အမှားအယွင်းမရှိ သေချာအောင်လို့ နှစ်ယောက်စလုံးကို ခေါ်လာခဲ့တာပါ"

သုန်ယွီကျုံးက အရှင်မင်းကြီး၏ ရှေ့တော်မှောက်တွင် အချိန်အကြာကြီး အမှားအယွင်းမရှိ အမှုထမ်းနိုင်ခဲ့သည်မှာ အကြောင်းပြချက် ရှိပေသည်။

သူ၏ ဤကဲ့သို့ သေချာစေ့စပ်မှုနှင့် ဂရုစိုက်မှုမျိုးကို လူတိုင်း လုပ်နိုင်သည် မဟုတ်ပေ။

ဒုတိယမင်းသားက ထိုစိတ်ငြိမ်ဆေးကို ဘယ်လောက်တောင် မုန်းတီးနေသလဲ ဆိုသည်ကို သုန်ယွီကျုံး အားလုံး မြင်တွေ့ထားပြီးသား ဖြစ်သည်။

All Chapters