← Chapters

ဆေးအကျန်များကို စစ်ဆေးခြင်း

Vol. 9 Ch. 89

ဆေးအကျန်များကို စစ်ဆေးခြင်း

Vol. 9 Ch. 89

အကယ်၍ တော်ဝင်သမားတော်ချန် တစ်ယောက်တည်းကိုသာ ခေါ်လာခဲ့လျှင် အရာရောက်မည် မဟုတ်ပေ။

ထို့ကြောင့် အဆိပ်များကို ရှာဖွေရာတွင် ကျွမ်းကျင်သော တော်ဝင်သမားတော်သို့ ကိုပါ ခေါ်လာမှသာ ရလဒ်တွင် အမှားအယွင်း မရှိအောင် သေချာစေနိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စိတ်ငြိမ်ဆေး၏ ဆေးအကျန်များ၊ ဆေးညွှန်း၊ မပြုတ်ရသေးသော ဆေးရွက်များအပြင် ဆေးပြုတ်ရာတွင် အသုံးပြုသော မီးဖို၊ ဆေးအိုး နှင့် မီးသွေးများကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့သည်။

ရေခပ်သည့် ပစ္စည်းများနှင့် အဖုံးကိုင်ရာတွင် သုံးသော အဝတ်စများကိုပါ မကျန် ယူလာခဲ့လေသည်။

ထိုအခြေအနေကို မြင်သောအခါ ချိုက်မားမားတစ်ယောက် တံတွေးကိုသာ တဂလုဂလု မျိုချနေမိတော့၏။

သူမမှာ တော်ဝင်သမားတော် နှစ်ဦး စစ်ဆေးတာမှားပါစေဟု ကောင်းကင်ဘုံကို ဆုတောင်းရုံမှတစ်ပါး အခြား နည်းလမ်း မရှိတော့ချေ။

မဟုတ်လျှင် သူမ တကယ်ပဲ တစ်မိသားစုလုံးနှင့်အတူ သေရတော့မည်မှာ အသေအချာပင်။

တော်ဝင်သမားတော်ချန် က ဆေးအကျန်များကို စစ်ဆေးရန် တာဝန်ယူပြီး တော်ဝင်သမားတော်သို့ ကမူ ဆေးပြုတ်ရာတွင် အသုံးပြုသော ပစ္စည်းများကို တစ်ခုချင်းစီ အသေအချာ စစ်ဆေးလေသည်။

နှစ်ယောက်စလုံးက နေရာတစ်ခုလေးကိုမျှ လွတ်မသွားစေရန် အသေအချာ စစ်ဆေးကြသည်။

ထို့နောက် အချင်းချင်း နေရာပြောင်းကာ တစ်ဖက်လူ စစ်ဆေးပြီးသားများကို ထပ်မံ စစ်ဆေးကြပြန်သည်။

အချိန်များက အလွန် နှေးကွေးစွာ ကုန်ဆုံးနေသကဲ့သို့ ထင်ရသည်။

အပြင်ဘက်မှ အပူရှိန်ကြောင့် အခန်းထဲရှိ ရေခဲတုံးများပင် အတော်လေး အရည်ပျော်သွားလေပြီ။

ထိုသို့ဖြစ်လင့်ကစား ချိုက်မားမား၏ ကျောပြင်တစ်ခုလုံးမှာတော့ ချွေးများဖြင့် ရွှဲနစ်နေဆဲ။ ချွေးကွက်ကြီးတစ်ခုပင် ထင်ရှားစွာ ပေါ်နေလေသည်။

တော်ဝင်သမားတော်နှစ်ဦးက စစ်ဆေးပြီးနောက် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြသည်။

ထို့နောက် အရှင်မင်းကြီးအား လျှောက်တင်လိုက်လေသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ် ပစ္စည်းတွေ အားလုံးကို ကျွန်တော်မျိုးတို့ စစ်ဆေးပြီးပါပြီ ဘာမှ မသင်္ကာစရာ မတွေ့ရပါဘူး"

"ဒီစိတ်ငြိမ်ဆေးရဲ့ ပမာဏကလည်း ပုံမှန်ပါပဲ အိပ်မပျော်တဲ့ သူတွေအတွက် တကယ် အကျိုးသက်ရောက်မှု ရှိပါတယ်"

ထိုစကားကို ကြားသောအခါ ချိုက်မားမား ရင်တမမ ဖြစ်နေရမှုများ အားလုံး ချက်ချင်း ပြေလျော့သွားတော့သည်။

ဟွန်း ဒုတိယမင်းသားတော့ ဒီတစ်ခေါက် အခွင့်အရေး လက်လွတ်သွားပြီပေါ့။ သူ အခြေအနေ ပြန်ကောင်းလာတဲ့ အချိန်ကျရင် ပြန်ရောက်တာနဲ့ သူ့ကို ဘယ်လို ပြန်နှိပ်ကွပ်ပြမလဲ ကြည့်နေလိုက်...။

ဒုတိယမင်းသားက လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။

သူက ချက်ချင်းပင် အော်ပြောလိုက်လေသည်။

"မဖြစ်နိုင်ဘူး အဲဒီစိတ်ငြိမ်ဆေးကို သောက်ပြီးတိုင်း သားတော် နေ့တိုင်း ခေါင်းမူးပြီး ဘာအားမှ မရှိတော့ဘူး ဒါပေမဲ့ လွန်ခဲ့တဲ့ လဝက်လောက်က ဆေးဖြတ်လိုက်ကတည်းက ရောဂါဝေဒနာတွေ ရှိနေသေးပေမဲ့ အရင်တုန်းကလို မကျန်းမမာနဲ့ အိပ်ရာထဲလဲနေတာမျိုး မရှိတော့ဘူး အဲဒီဆေးထဲမှာ တစ်ခုခု လုပ်မထားဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ"

ချိုက်မားမားကလည်း အလျှော့မပေးဘဲ ချက်ချင်း ပြန်ပြောလိုက်လေသည်။

"မတရားပါဘူး အရှင်မင်းကြီး ဒီအစေခံ မတရား စွပ်စွဲခံရတာပါ ဒုတိယမင်းသားရဲ့ ရောဂါက တစ်ရက်နှစ်ရက် ဖြစ်နေတာမှ မဟုတ်တာ အရင်တုန်းက တော်ဝင်သမားတော်တွေ ကိုယ်တိုင်တောင် အသက်အကြာကြီး မရှင်နိုင်ဘူးလို့ ပြောခဲ့ဖူးတာလေ ဒါပေမဲ့ လန်ဖေးမယ်မယ်က နေ့တိုင်း သေချာ ပြုစုစောင့်ရှောက်ပေးခဲ့လို့သာ ဒုတိယမင်းသား ဒီနေ့အထိ အသက်ရှင်နေနိုင်တာပါ"

ငိုရင်း ပြောရင်းနှင့် ဆက်ပြောလိုက်လေသည်။

"မယ်မယ့်ရဲ့ စေတနာ အစစ်အမှန်တွေက ဒုတိယမင်းသားရဲ့ ပါးစပ်ထဲ ရောက်တော့ အဆိပ်ခတ်သလို ဖြစ်သွားရတယ် မယ်မယ်သာ ဒီကိစ္စကို သိသွားရင် ရင်ထဲမှာ ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ မသိနိုင်တော့ဘူး"

ဒုတိယမင်းသားမှာ ဒေါသကြောင့် လက်များပင် တုန်ရီလာတော့သည်။ ဒီအောက်တန်းစားအစေခံက တကယ်ကို ဖြေရှင်းရခက်တာပဲ။

စကားပြောတိုင်း လန်ဖေးကို အကာအကွယ်အနေဖြင့် အသုံးပြုပြီး လန်ဖေးကိုယ် နောက်တွင် ဝင်ပုန်းနေသည်။

သုန်ယွီကျုံးက ဒုတိယမင်းသား၏ နီရဲနေသော မျက်လုံးများကို ကြည့်လိုက်ပြီး ထိုကိစ္စတွင် တစ်ခုခု လွဲနေကြောင်း ချက်ချင်း သိလိုက်သည်။

သို့သော် တော်ဝင်သမားတော်များပင် စစ်ဆေး၍ မတွေ့ရသဖြင့် ဒုတိယမင်းသားကို နေ့တိုင်း အားကုန်စေသည့် အရာမှာ ဆေးမဟုတ်ဘဲ အခြားတစ်ခုခုများ ဖြစ်နေမလား...။

သူ ဝင်ပြောသင့် မပြောသင့် စဉ်းစားနေစဉ်မှာပင် အရှင်မင်းကြီး၏ အမိန့်ပေးသံကို ကြားလိုက်ရလေသည်။

"သုန်ယွီကျုံး တော်ဝင်သမားတော်တွေကို ခေါ်သွားပြီး ဒုတိယမင်းသားရဲ့ ခြံဝင်းနဲ့ ချိုက်မားမား နေတဲ့ နေရာတွေကို အသေးစိတ် ရှာဖွေစစ်ဆေးခိုင်းလိုက် မသင်္ကာစရာ တစ်ခုခု တွေ့တာနဲ့ ချက်ချင်း လာလျှောက်တင်စေ"

"ဟုတ်ကဲ့ပါ"

ချိုက်မားမားက ထိုကိစ္စ ပြီးသွားပြီဟု ထင်ထားခဲ့သော်လည်း ဆက်စစ်ဆေးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူမက မသင်္ကာစရာ တစ်ခုခု တွေ့သွားမည်ကိုတော့ မကြောက်ပေ၊ အကြောင်းမှာ ထိုအရာက သူမ၏ အခန်းထဲတွင် လုံးဝ မရှိသောကြောင့်ပင်။

သို့သော် သူမအခန်းထဲရှိ ပစ္စည်းအများစုမှာ ဒုတိယမင်းသားအတွက် ပေးထားသည့် ပစ္စည်းများထဲမှ ခိုးထားခြင်းပင်။

အကယ်၍ သုန်ကုန်းကုန်းသာ သွားစစ်ဆေးမည်ဆိုပါက ချက်ချင်း ပေါ်သွားတော့မည် မဟုတ်လား။

ဤအကြောင်းကို သူမ တွေးမိသည်နှင့် စောစောကမှ အေးချမ်းသွားသော စိတ်များ ပြန်လည် ပူပန်လာရပြန်သည်။

သည်တစ်ကြိမ်တွင်‌ေတာ့ လွတ်လမ်း မရှိလောက်တော့ပေ။

သုန်ယွီကျုံး ခေါ်မသွားခင် သူမ ပေးလိုက်သော အချက်ပြမှုကို ပင်းမေ နားလည်ပြီး သူမကို လာကယ်ဖို့ လန်ဖေးမယ်မယ်ထံ အမြန် သွားရောက် အကြောင်းကြားပေးပါစေဟုသာ ဆုတောင်းနေမိတော့သည်။

အချိန်များက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးနေလေသည်။

ချိုက်မားမားမှာ အသက်လည်း အနည်းငယ် ကြီးနေပြီဖြစ်ပြီး ပုံမှန်ဆိုလျှင် အမြဲတမ်း အနားယူနေတတ်သူဖြစ်သည်။

ယခုတော့ သူမမှာ ဒူးထောက်နေရသဖြင့် လက်နှင့်ခြေများပင် ထုံကျဉ်နေပြီ ဖြစ်သော်လည်း အရှင်မင်းကြီးက သူမကို ထခွင့် မပြုခဲ့ပေ။

ပဲစေ့လုံးလောက်ရှိသော ချွေးပေါက်များက သူမ၏ နဖူးပေါ်တွင် အဆက်မပြတ် တွဲခိုနေလေသည်။

နောက်ကျောဘက်ရှိ အဝတ်အစားများမှာလည်း ကြီးမားသော ချွေးကွက်ကြီး ဖြစ်နေလေပြီ။

စိတ်ထဲတွင်တော့ ဘုရားများကို တစာစာ တိုင်တည်ပြီး ဆုတောင်းနေမိသည်။

"လန်ဖေးမယ်မယ် ကြွလာပါပြီ"

ထိုအသံကို ကြားလိုက်ရချိန်တွင်ချိုက်မားမားမှာ နတ်ပြည်က အသံကို ကြားလိုက်ရသကဲ့သို့ပင်။

သူမမှာ ဝမ်းသာလွန်း၍ သွားများပင် အချင်းချင်း ရိုက်ခတ်သွားတော့မတတ် ဖြစ်သွားရသည်။

လန်ဖေး ရောက်လာပြီဆိုမှတော့ သူမအတွက် ရပ်တည်ပေးမည့်သူ ရှိသွားပြီ မဟုတ်လား။

သူမက မျက်ရည်ဝဲဝဲဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

လန်ဖေးက ဗိုက်ကြီးနှင့် ကမန်းကတန်း ရောက်လာပြီး မျက်နှာပေါ်တွင်လည်း အလွန် စိုးရိမ်နေသည့်ဟန် ပေါ်လွင်နေသည်။

တံခါးဝသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒုတိယမင်းသားကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ပေါ်လွင်နေလေ၏။

"ဟောင့်အာ မင်း ဘာမှမဖြစ်ဘူးမလား"

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ဒုတိယမင်းသားမှာ လန်ဖေး သူ့ကို သည်လောက် ဂရုစိုက်ပြသည်ကို တွေ့ရခဲလှပေသည်။

အချိန်အများစုတွင် သူမက သူ့အပေါ် အလွန် ယဉ်ကျေးလွန်းလှပြီး တစ်ခါတစ်ရံတွင် စိမ်းကားနေသလိုပင် ခံစားရသည်။

ယနေ့မှ ဘာကြောင့် ဤမျှလောက် စိုးရိမ်ပြီး သနားကြင်နာနေသည့် အမူအရာမျိုး လုပ်ပြနေသနည်းဟု တွေးမိကာ ဒုတိယမင်းသား၏ ရင်ထဲတွင် ပို၍ပင် လေးလံသွားရသည်။

ထို့ကြောင့် ချောင်းဟန့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

"သားတော် ဘာမှမဖြစ်ပါဘူး"

လန်ဖေး မူလက မိခင်ကောင်း တစ်ယောက်လို ဟန်ဆောင်ချင်ခဲ့သော်လည်း ဒုတိယမင်းသား၏ အေးစက်စက် တုံ့ပြန်မှုကြောင့် စကားရပ်သွားရသည်။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အရှင်မင်းကြီးဘက်သို့ လှည့်ကာ မျက်ရည်ဝဲဝဲဖြင့် လျှောက်တင်လိုက်လေသည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးမ အမူအကျင့် ပျက်ယွင်းသွားတာ ခွင့်လွှတ်ပေးတော်မူပါ ဒုတိယမင်းသား ရုတ်တရက် ဇယ့်ဖင်ကျွန်းကနေ ထွက်သွားတယ်လို့ ကြားလိုက်ရလို့ အရမ်း စိုးရိမ်ပြီး ချက်ချင်း ပြေးလာခဲ့တာပါ ဒုတိယမင်းသား ဘာမှမဖြစ်လို့ တော်သေးတာပေါ့ မဟုတ်ရင် ကျွန်တော်မျိုးမ မိခင်တစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်ရာ ကျသွားမှာပေါ့"

သူမက ပြောရင်းနှင့် မျက်ရည်များ သုတ်နေလေသည်။ နဂိုကတည်းက ကိုယ်ဝန်ရှိနေသူ ဖြစ်သဖြင့် ခံစားချက်လေး နည်းနည်း ဝင်လာသည်နှင့် မျက်ရည်ပေါက်များက ကြိုးပြတ်သွားသလို အဆက်မပြတ် ကျဆင်းလာတော့သည်။

အရှင်မင်းကြီး မူလက အနည်းငယ် စိတ်မရှည်ဖြစ်နေသော်လည်း သူမ၏ ဖောင်းမို့နေသော ဗိုက်ကို မြင်သောအခါ ဒေါသများကို အတင်း ဖိနှိပ်ထားလိုက်ရသည်။

ထို့နောက် ချိုက်မားမားကို ကြည့်ကာ ပြောလိုက်လေသည်။

"မင်းက အနီးကလူကိုကျော်ပြီး အဝေးကလူကိုသွားရှာ တတ်တာပဲ"

စကားကို အဆုံးထိ မပြောသော်လည်း လန်ဖေးက ချက်ချင်း သဘောပေါက်သွားသည်။

ကြည့်ရသည်မှာ သည်ချိုက်မားမားက သူမဆီ တိတ်တဆိတ် သတင်းပို့လိုက်ခြင်း ဖြစ်ပြီး အရှင်မင်းကြီးက သည်ကိစ္စအပေါ် ဘယ်လို သဘောထားမှာကို ခန့်မှန်းရ ခက်နေသေးသည်။

ထို့ကြောင့် သူမက ငိုနေသည်ကို ရပ်လိုက်ပြီး တစ်ဖက်မှာ တိတ်ဆိတ်စွာ ရပ်နေလိုက်လေသည်။

သူမဘေးရှိ ကျွေ့ယွင်က ချက်ချင်း သတိပေးလိုက်လေသည်။

"မယ်မယ် ကိုယ်ဝန်ရှစ်လတောင် ရှိနေပြီ… တော်ဝင်သမားတော်က အကြာကြီး မတ်တပ်ရပ်လို့ မကောင်းဘူးလို့ ပြောထားပါတယ်…"

အရှင်မင်းကြီးက ထိုစကားကို ကြားလိုက်လျှင် လက်ယမ်းပြပြီး လန်ဖေးကို တည်ငြိမ်စွာ ပြောလိုက်လေသည်။

"လန်ဖေး အရင် ထိုင်လိုက်ပါ ကလေးကို ထိခိုက်သွားဦးမယ်"

"ဟုတ်ကဲ့ပါ အမိန့်တော်အတိုင်းပါ"

သူမ က ခါးနာသွားမည်စိုးသဖြင့် ထိုင်သည့်အချိန်တွင် ခါးကို‌မတ်ထားလိုက်ရသည်။

သူမက ထိုင်ပြီးသည်နှင့် ပထမဆုံး အနေဖြင့် ဒုတိယမင်းသားကို လက်ယပ်ခေါ်ကာ ပြောလိုက်လေသည်။

"မြန်မြန်လာပါဦး အမေ့ဘေးမှာ လာထိုင်ပါဦး…အမေတို့မတွေ့ရတာ ရက်နည်းနည်းလောက်ရှိပြီဆိုတော့ သားတော်ကို အရမ်း လွမ်းနေတာ"

ချိုက်မားမား အပေါ်တွင် ဒုတိယမင်းသားက အေးစက်စက်နှင့် ရက်ရက်စက်စက် နေနိုင်သော်လည်း လန်ဖေး အပေါ်တွင်မူ သူ ပြောပြ၍ မရနိုင်သော ရှုပ်ထွေးသည့် ခံစားချက်များ ရှိနေလေသည်။

အကြောင်းမှာ သူ မွေးလာကတည်းက မားမားများနှင့် အစေခံများကို ဖယ်လိုက်လျှင် သူနှင့် အထိအတွေ့ အများဆုံးမှာ လန်ဖေးပင်။

သူ ကိုယ်တိုင်လည်း လန်ဖေးကို မိခင်အရင်း တစ်ယောက်လို သဘောထားချင်ခဲ့ဖူးသည်။ သို့သော် အဖြစ်မှန်ကတော့ အမြဲတမ်း သူ့ကို ဖြတ်ရိုက်လေ့ရှိသည်။

မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်ပြီးနောက် သူ၏ ဘဝက အဆမတန် ကျဆင်းသွားခဲ့သည်ကို မဆိုနှင့်။

သူ ဂါရဝပြုရန် သွားရောက်သည့် အကြိမ်အချို့တွင်ပင် လန်ဖေးက ဘေးနားရှိ လူများနှင့် သူကလေးရချင်ကြောင်း ပြောဆိုနေသည်ကို အမြဲ ကြားခဲ့ရသည်။

သူ့အတွက်တော့ ထိုအရာက သေချာပေါက် ထိုးနှက်ချက် တစ်ခုပင်။

သို့သော် လန်ဖေး၏ ဘက်မှ ကြည့်မည်ဆိုလျှင်လည်း ထိုကိစ္စမှာ သဘာဝကျသည်ပင်။

ဘယ်သူက ကိုယ်ပိုင် ကလေး မလိုချင်ဘဲ နေမည်နည်း။

အကယ်၍သာ သူမတွင် အရင်ကတည်းက ကလေး ရှိခဲ့မည်ဆိုလျှင် အမေမရှိသည့် သူ့လို ဒုတိယမင်းသားကို ပြုစုစောင့်ရှောက်မည် မဟုတ်လောက်ပေ။

All Chapters